“ဖေးလို့မ”(စ/ဆုံး)

“ဖေးလို့မ”(စ/ဆုံး)
———————————–

“သမီး သမီးလေးထတော့နော်
အမေတို့သွားကြရအောင်”

“ဟင်အမေကလည်း
အခုမှအစောကြီးရှိသေးတယ်မလား
သမီးအိပ်ချင်သေးတယ်”

“ထပါသမီးရယ်
အမေတို့နောက်ကျနေလိမ့်မယ်
အမေ့သမီးလေးကလိမ္မာပါတယ်ကွယ်
ထနော်”

“ဟုတ်အမေ
မောင်လေးကနိုးပြီလားဟင်”

“မောင်လေးကမနိုးသေးဘူးသမီးရဲ့
သွားသွားမျက်နှာသစ်ချေသမီး”

ရွှေခိုင်လည်းအိပ်ချင်မူးတူးဖြင့်
အိပ်ရာထဲမှထွက်ကာမျက်နှာသစ်ရန်
အတွက်ဆားအနည်းငယ်ယူပြီး
ရေအိုးရှိရာသို့လာခဲ့သည်။

မျက်နှာသစ်ရန်အတွက်
တည်ထားသည့်မြေအိုးထဲမှ
ရေဖြင့်ရွှေခိုင်လည်းမျက်နှာသစ်လိုက်
သည်။

ထို့နောက်လက်ထဲမှဆားဖြင့်
သွားတိုက်လိုက်သည်။
ရွှေခိုင်၏အသက်ကယခုမှ၅နှစ်ကျော်သာ
ရှိသေးသည်။
မိခင်ဖြစ်သူဒေါ်ခင်ဆွေကအသက်သိပ်
မကြီးသေးပေမယ့်ဘဝရဲ့လောကဓံ
ရိုက်ချက်များကြောင့်အရွယ်မတိုင်ခင်
အိုမင်းရင့်ရော်နေခြင်းဖြစ်သည်။

ရွှေခိုင်မှာ၁နှစ်သားအရွယ်ခန့်
မောင်လေးကူးကူးလည်းရှိသေးသည်။
ဖခင်ဖြစ်သူဦးတင်ထူးက
ကူးကူးလေးမွေးပြီး သိပ်မကြာခင်မှာပင်
ကွယ်လွန်သွားခဲ့သည်။
ခင်ပွန်းဖြစ်သူဦးတင်ထူးကွယ်လွန်
သွားသည့်အတွက်ဇနီးသည်ဒေါ်ခင်ဆွေ
အတွက်ကြီးမားသောဆုံးရှုံးမှုတစ်ခု
ဖြစ်ခဲ့လေသည်။

ခင်ပွန်းသည်မရှိတော့သည့်နောက်ပိုင်း
ဘဝကပိုမိုကြမ်းတမ်းခဲ့သည်။
ဟိုယခင်ကလင်မယားနှစ်ယောက်
ပလပ်စတစ်ဘူးလည်ကောက်လျှင်
မိသားစုလေးယောက်စားလောက်
သောက်လောက်ရုံအထိရခဲ့သည်။

ခင်ပွန်းသည်ဆုံးသွားတော့ ဒေါ်ခင်ဆွေ
တစ်ယောက်တည်းအင်အားဖြင့်သာ
ပလပ်စတစ်ဘူးခွံလိုက်ကောက်ရသည်။
ထို့ကြောင့်ထင်ထားသလောက်
စားဝတ်နေရေးမပြေလည်ခဲ့ပေ
သမီးဖြစ်သူရွှေခိုင်သည်လည်းအရွယ်နှင့်
မလိုက်အောင်ကူညီပါသော်လည်း
ကလေးတစ်ယောက်ဖြစ်သည့်အတွက်
ဘာမျှအရာမထင်ခဲ့ပေ။

ထမင်းတစ်လုပ်စားရဖို့အတွက်
မနက်ဝေလီဝေလင်းထကာ
ဘူးခွံလိုက်ကောက်ရသည်။

ကူးကူးလေးကိုခါးစောင်းချီပြီး
ဘူးခွံလိုက်ကောက်ရသည်။
ရွှေခိုင်ကလည်းဘူးခွံလေးတွေမြင်လျှင်
မိခင်ဖြစ်သူဆီကိုအပြေးအလွှားကောက်ကာယူလာပေးတတ်သည်။

ဘာမျှအရာမထင်ပေမယ့်လည်း
ဤသို့ကူညီပေးသောသမီးလေးကြောင့်
ဒေါ်ခင်ဆွေအတွက်ဘဝအမောပြေ
ခဲ့ရသည်။

ယခုလည်းမည်သူမှ
မနိုးသေးသည့်အချိန်ကူးကူးလေးကို
ခါးစောင်းချီကာလမ်းဘေးတဲလေး
အတွင်းမှသားအမိ၃ယောက်
ထွက်လာခဲ့ကြသည်။

“အမေ သမီးဗိုက်ဆာတယ်”

“ဟုတ်လား သမီး
ခဏတော့သည်းခံပါဦး သမီးရယ်
အမေ့မှာသမီးကိုကျွေးဖို့ ပိုက်ဆံ
မရှိသေးဘူးသမီးရဲ့၊သမီးမောင်လေးကိုလည်းဘာမှမကျွေး
ရသေးဘူးသမီးရယ်”

“အမေ ဒီနေ့ကားဂိတ်သွားမှာမလား”

“အင်းလေ ခါတိုင်းလည်းသွားနေကြတာဟာကို
ဘာဖြစ်လို့လဲသမီးရဲ့”

“ဟိုလေ ကားဂိတ်နားက
မုန့်ဆိုင်အကြီးကြီးကိုအမေသိတယ်မလား’

“သိတယ်လေ သမီးရဲ့
ဘာဖြစ်လို့လဲ ”

“အဲ့ဒီမုန့်ဆိုင်ထဲက
ကိတ်မုန့်လေးသမီးစားချင်လိုက်တာ
အမေရယ်။
မနေ့ကသမီးကြည့်ပြီးစားချင်လိုက်တာ
ပြီးတော့အမေနဲ့မောင်လေးကိုလည်းကျွေးချင်တယ်…”

သမီးဖြစ်သူပြောလိုက်သည့်
စကားကြောင့်ဒေါ်ခင်ဆွေမျက်လုံးထဲမှ
မျက်ရည်များဝဲတက်လာခဲ့သည်။
ညမနက်ထမင်းနပ်မှန်ဖို့ကိုတောင်
အနိုင်နိုင်ကြိုးစားရှာဖွေနေရသည့်ဘဝ
တွင်ကိတ်မုန့်ဆိုတာကြီးက
အိပ်မက်ထဲတောင်ထည့်မမက်ရဲခဲ့ပေ
ယခုသမီးဖြစ်သူကကိတ်မုန့်စားချင်သည်ဟုပြောလိုက်သည့်စကားကြောင့်
ဒေါ်ခင်ဆွေဘာပြောလို့ပြောရမှန်း
မသိအောင်တစ်ဆို့နေခဲ့သည်။

“သြော်…သမီးရယ်
အမေ့မှာသမီးတို့စားချင်တဲ့
ကိတ်မုန့်ဖိုးဘယ်ကရှိမှာလဲကွယ်။
ဖြစ်နိုင်ရင်အမေဝယ်ပြီး
ကျွေးချင်တာပေါ့သမီးရဲ့ နောက်တော့စားရမှာပေါ့ကွယ်”

“ဟုတ်အမေ”

“ဝှိုင်း”

မိမိလက်ကိုဆွဲပြီးဝှိုင်းကနဲ
သန်းလိုက်သည့်သမီးဖြစ်သူကို
ကြည့်ပြီးစိတ်မကောင်း
ဖြစ်လိုက်မိသည်။

ယခုအချိန်ရွှေခိုင်နှင့်ရွယ်တူ
ကလေးငယ်များအိပ်ရာထဲတွင်
နှစ်ခြိုက်စွာအိပ်နေကြတုန်းပင်
ဖြစ်သည်။
မိမိ၏သားသမီးလေးတွေကတော့
မနက်အစောကြီးထကာ
မိမိသွားရာနောက်သို့ လိုက်လာကြရသည်။

လိုက်မလာ၍လည်းမဖြစ်ပေ
ယခုခေတ်ကြီးက ကလေးငယ်များ
အတွက်ပို၍အန္တရာယ်များလေသည်။
သားသမီးချင်းကိုယ်ချင်းစာစိတ်
မရှိသည့်လူများ၏ရန်ကိုကြောက်ရသည့်အတွက်တစ်ပါတည်းခေါ်လာခဲ့
ခြင်းဖြစ်သည်။

===============

“လာသမီးမြန်မြန်
တော်ကြာသူများတွေဦးသွားလိမ့်မယ်”

ဒေါ်ခင်ဆွေလည်းသမီးဖြစ်သူကို
လက်ဆွဲကာခြေလှမ်းအားခပ်သွက်သွက်
လျှောက်လိုက်သည်။
တဖြည်းဖြည်းနှင့်ကားဂိတ်ဆီသို့
နီးကပ်လာခဲ့သည်။

ကားသမားများက
ခရီးသည်များသောက်ပြီးသား
ရေသန့်ဘူးခွံများကို ကားဆိုက်ချိန်၌
ကားဂိတ်အနီးတွင် လွှင့်ပစ်ထားကြလေသည်။
ဤကဲ့သို့ စွန့်ပစ်ထားသည့်
ဘူးခွံများကိုကော်ကောက်သမားများက
အလုအယက်လာ၍ကောက်ကြသည်။

ထို့ကြောင့် သူ့ထက်ငါရောက်အောင်
ကားဂိတ်သို့စောစောထလာကြခြင်း
ဖြစ်သည်။

ဒေါ်ခင်ဆွေနှင့်ရွှေခိုင်၏မျက်လုံးများက
ဘူးခွံလေးများပစ်ထားနေကြ
နေရာလေးသို့ လှမ်းကြည့်နေမိသည်။

“ဟင်…အမေ
ဘူးခွံတွေမရှိတော့ဘူး။
သူများတွေဦးသွားပြီအမေ”

“ဟုတ်ပါရဲ့ သမီးရယ်
အေမတို့လာတာေနာက္က်သြားလို့
ဖြစ်မှာပါ”

“ဒါဆိုဘယ်လိုလုပ်ကြမလဲဟင် အမေ”

“တခြားနေရာတွေလိုက်ရှာကြတာပေါ့
သမီးရယ်”

“ဂွိ ဂွီ”

သမီးဖြစ်သူ ရွှေခိုင်ဗိုက်ထဲမှ
ထွက်ပေါ်လာသည့်အသံကြောင့်
ဒေါ်ခင်ဆွေလည်း ရွှေခိုင်၏
မျက်နှာကိုကြည့်လိုက်သည်။

ဆာလောင်နေသည့်ဝမ်းဗိုက်ကို
လက်ဖြင့်ပွတ်သပ်နေသည့်သမီးကို
စိတ်မကောင်ကြီးစွာဖြင့်
ကြည့်နေမိသည်။

“သမီးဗိုက်ဆာနေပြီလား”

“ဟုတ်တယ်အမေ”

“အေးပါ သမီးရယ်
အမေလည်းဘယ်လိုလုပ်ရမလဲ
မသိပါဘူးကွယ်”

ဒေါ်ခင်ဆွေလည်းစကားပြောရင်း
မျက်လုံးအားကစားကာပတ်ဝန်းကျင်
ကိုကြည့်လိုက်သည်။

ကားဂိတ်နံဘေးတွင်
လမ်းဘေးရေအိုးစင်တစ်ခုအား
တွေ့လိုက်ရသည်။

“သမီးလာဟိုမှာရေအိုးစင်ရှိတယ်
အဆာပြေရေလေးပဲ သောက်ထား
လိုက်နော်သမီး”

“ဟုတ်”

ဒေါ်ခင်ဆွေလည်းရေအိုးစင်မှ
ရေအနည်းငယ်ကိုခပ်ပြီး သမီးဖြစ်သူကို
တိုက်လိုက်သည်။
ထို့နောက်မိမိကိုယ်တိုင်လည်း
ရေတစ်ခွက်အဝသောက်လိုက်သည်။

“အဟင့် အဟင့် ဟဲဟဲ ဟီးဟီး”

“အို…သားလေးနိုးလာပြီလား
တိတ်တိတ် တိတ်ပါသားရယ်
အမေချိုချိုတိုက်မှာပေါ့ သားရယ်”

“အို အို အို ချိုချိုလေးဆို့နော် သား”

“သမီးခဏလေးနော်
မောင်လေးကိုချိုချိုတိုက်ပြီးမှ
သွားကြတာပေါ့”

“ဟုတ်အမေ”

ဒေါ်ခင်ဆွေလည်းသားဖြစ်သူ
ကူးကူးလေးအားနို့ချိုတိုက်ကျွေး
လိုက်သည်။
သားဖြစ်သူလည်းဗိုက်ဝသွားတော့
ထပ်မငိုတော့ပေ။

“လာသမီးလာ သွားရအောင်”

သမီးဖြစ်သူလက်ကိုဆွဲကာ
ကော်ကောက်ရန်အတွက်ခြေဆန့်ရ
ပြန်တော့သည်။

စျေးဆိုင်များရှေ့ ၌ထားရှိသော
အမှိုက်ပုံးများအားလှန်လော၍
ရှာကြသည်။
သိပ်မရပါ ဘူးခွံတစ်ခွံနှစ်ခွံသာ
ရလိုက်သည်။

“သမီး အမှိုက်ပစ်တဲ့ဆီ
သွားကြည့်ရအောင် အဲ့မှာဆိုရင်
ဘူးခွံတွေရှိနေလောက်တယ်”

“ဟုတ်ကဲ့ ”

သားအမိ၃ယောက်အမှိုက်စွန့်ပစ်
သည့်နေရာသို့မျှော်လင့်ချက်ကလေး
ဖြင့်ရောက်လာခဲ့သည်။

အများသူငှာစွန့်ပစ်ထားသည့်
အမှိုက်များကိုတုတ်ချောင်းနှင့်
ထိုးမွှေကာရှာဖွေလိုက်သည်။

အချိန်မည်မျှကြာသွားသည်မသိ
ထင်ထားသလောက်မရခဲ့ပေ။
ဒေါ်ခင်ဆွေလည်းစိတ်ပျက်လက်ပျက်
ဖြစ်ကာအမှိုက်ပုံမှပြန်လာခဲ့တော့သည်။

“သမီးရယ် ဒီကနေ့မှ
ဘယ်လိုဖြစ်ရတာလဲမသိဘူး
ကော်ကလည်းမရဘူးကွယ်
သမီးလည်းဗိုက်ကဆာနေပြီ
အမေတို့မှာရထားတဲ့ဘူးခွံလေးနဲ့
ဘာမှဝယ်လို့မရသေးဘူးသမီးရဲ့”

“ပြန်ကြတာပေါ့ အမေရယ်
ခါတိုင်းလိုပဲရပ်ကွက်ထဲက
ထမင်းအကျန်ဟင်းအကျန်
လေးတွေတောင်းပြီးစားကြတာပေါ့နော်
အေမ”

“အေးပါ အမေ့သမီးလေးရယ်
ဒါဆိုလည်းပြန်ကြတာပေါ့
အိမ်ပြန်ရင်းဘူးခွံလေးတွေရလို့ရငြား
ရှာကြည့်ကြသေးတာပေါ့ နော်”

“ဟုတ်အမေ”

သားအမိ၃ယောက်လှည့်ပြန်
လာခဲ့ကြသည်။
ပြန်လာသည့်လမ်းတစ်လျှောက်
မျက်လုံးအားအငြိမ်မနေနိုင်သေးပေ
ဘူးခွံလေးများတွေ့လို့တွေ့ငြား
လိုက်ပြီးကြည့်နေရသေးသည်။

တဖြည်းဖြည်းနှင့်ကားဂိတ်
အနီးသို့ရောက်လာခဲ့ကြသည်။

“ဟူး.မောလိုက်တာသမီးရယ်
အမေတို့ ဒီထိုင်ခုံမှာခဏအမောဖြေကြ
ရအောင်နော် သမီး”

“အင်း”

သားအမိ၃ယောက်
မုန့်ဆိုင်လေးနံဘေးကထိုင်ခုံလေးပေါ်
ထိုင်ပြီးအမောဖြေနေကြသည်။
ရွှေခိုင်၏မျက်လုံးအစုံကတော့
မုန့်ဆိုင်ထဲမှကိတ်မုန့်ဘူးလေးကိုပဲ
စိုက်ကြည့်နေမိသည်။

“ဟဲ့နင်ဘာဝယ်မှာလဲ အေးသီ”

“ငါအချိုရည်နဲ့ မုန့်တွေဝယ်မှာပေါ့ဟ
အာလူးကြော်တို့ လည်းဝယ်ရဦးမယ်
ပြီးတော့ဒိန်ချဉ်လည်းဝယ်ရမယ်
ဖြူ ဖွေးရဲ့”

“ဒါဖြင့်ဟိုမုန့်ဆိုင်မှာ
ဝင်ဝယ်ကြတာပေါ့”

“အေးလာ”

အေးသီနှင့်ဖြူဖွေးလည်း
ကားဂိတ်နံဘေးမှမုန့်ဆိုင်လေးဆီသို့
လာခဲ့ကြသည်။
အေးသီလည်းရုတ်တရက်ထိုင်ခုံပေါ်၌
ထိုင်ပြီးမုန့်ဆိုင်ထဲသို့ငေးနေသော
ရွှေခိုင်အားမြင်လိုက်သည်။

“ဟိုမှာကြည့်စမ်း ဖြူဖွေး
ကလေးမလေးသနားပါတယ်
မုန့်ဆိုင်ထဲကိုကြည့်နေတာ
သူဘာစားချင်လို့လဲ မသိဘူးဟယ်
သနားပါတယ်”

“အေးနော်
ဟုတ်ပါရဲ့ သနားစရာလေး
လာအေတို့တွေမေးကြည့်ရအောင်
ပြီးရင်သူစားချင်တာလေးဝယ်ကျွေး
ကြတာပေါ့။
ဘေးကသူ့အမေထင်တယ်
ကလေးလေးကိုချီထားတာ”

“ဟုတ်မယ်ဟ”

အေးသီနဲ့ဖြူဖွေးလည်း
ထိုင်ခုံအနီးသို့ရောက်လာကြပြီး
မေးလိုက်သည်။

“သမီးလေး ဒီမှာ ဒီမှာ”

“ရှင် မမ သမီးကိုခေါ်တာလားဟင်”

“ဟုတ်တယ် သမီးရဲ့
သမီးမနက်စာစားပြီးပြီလား”

“ဘာမှမစားရသေးဘူးမမ
သမီးဗိုက်တွေအရမ်းဆာနေတယ်မမ
ပြီးတော့မောင်လေးနဲ့အမေလည်း
ဘာမှမစားရသေးဘူး”

“ဟုတ်လား
သမီးဘာမုန့်စားချင်လဲ
မမ ဝယ်ကျွေးမယ်လေ”

“မမတကယ်ပြောတာလား”

“တကယ်ပေါ့သမီးရဲ့”

“သမီးဟိုပေါ်မှာတင်ထားတဲ့
ကိတ်မုန့်လေးစားချင်တယ် မမ”

“ဟိုဟာလား”

“ဟုတ်တယ်မမ”

“ဒါဖြင့်လာသမီးလေးဆိုင်ထဲလိုက်ခဲ့”

“ဟင့်အင်း ဟင့်အင်း
သမီးမလိုက်ရဲဘူး မမ ဆိုင်ရှင်တွေက
သမီးတို့ဝင္တာမျကိုက္ဘူးမမ
သမီးဒီကနေပဲစောင့်နေပါ့မယ်နော်”

“အေးပါသမီးလေးရယ်
အန်တီခဏလေးစောင့်နော်
ကျွန်မတို့ မုန့်တွေဝယ်လာခဲ့မယ်”

“အေးပါ ညီမတို့ရယ်
ကျေးဇူးတင်ပါတယ်”

“လာဖြူဖွေး”

အေးသီနှင့်ဖြူဖွေးလည်း
မုန့်ဆိုင်ထဲသို့ဝင်သွားကြသည်။
အချိန်အတော်ကြာမှ မုန့်ထုပ်များဖြင့်
ပြန်ရောက်လာကြသည်။

“ဒီမှာသမီးစားချင်တဲ့ ကိတ်မုန့်
ဒါကအန်တီ့အတွက် ပါ”

“ကျေးဇူးတင်ပါတယ်
ညီမလေးတို့ရယ် အားနာလိုက်တာကွယ်
မုန့်တွေကလည်းအများကြီးဆိုတော့”

“မလိုပါဘူး အန်တီရယ်
ကျွန်မတို့က ဖေးမကူညီတာပါ
သြော် ခဏလေးနော်
အန်တီ ပေးစရာရှိသေးတယ်”

အေးသီကပိုက်ဆံအိတ်ကို
ဖွင့်ကာအထဲမှ5000တန်၂ရွက်ကို
ထုတ်ပြီးဒေါ်ခင်ဆွေအားပေးလိုက်
သည်။

“ရော့ဒီမှာ၁၀၀၀၀
အန်တီလိုအပ်တာဝယ်ဖို့
ကျွန်မကကုသိုလ်ပြုတာပါရှင့်”

“ဝမ်း ဝမ်းသာလိုက်တာ
ညီမတို့ရယ် အတိုင်းမသိဝမ်းသာလိုက်တာ
အခုလိုဖေးလို့မတဲ့ ညီမလေးတွေ
ဒီထက်မကကြီးပွားပါစေတော်။
လိုတရတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေကွယ်”

“ပေးတဲ့ဆုနဲ့ ပြည့်ပါစေအန်တီ
ကားထွက်တော့မှာမလို့
သွားတော့မယ်နော် အန်တီ”

“အေးအေး သွားသွား
ဂရုစိုက်ပြီးသွားကြဦးကွယ့်
အသက်ရှည်လို့ကျန်းမာပါစေကွယ်
အခုလိုအန်တီတို့လို မရှိဆင်းရဲသားတွေကိုဖေးမကူညီတဲ့
အတွက်ကျေးဇူးအထူးတင်ပါတယ်ကွယ်”

ဒေါ်ခင်ဆွေလည်းလက်ထဲမှ
၅၀၀၀တန်နှစ်ရွက်ကိုဆုပ်ကိုင်ပြီး
ထွက်သွားသည့်အမျိုးသမီးနှစ်ယောက်
အတွက်ဆုတောင်းပေးနေမိတော့သည်။

စာဖတ်သူများလည်း
ဆင်းရဲနွမ်းပါးသည့်လူတွေအား
ဖေးလို့မနိုင်ကြပါစေ။

ရေးသားသူ-အောင်ဓူဝံ

#crd