ဖြတ်လမ်း

ဖြတ်လမ်း(စ/ဆုံး)

—————–

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်ပါသည်။

တစ်ခါတစ်ရံ လက်တွေ့ကြုံတွေ့ရသော အဖြစ်အပျက်များသည် စိတ်ကူးယဥ် ဝတ္ထု ဇာတ်လမ်းများထက်ပင် ဆန်းကျယ်တတ်လေသည်။

ဦးဝင်း..သည် အညာဒေသ ရှိ မြို့လေး တစ်မြို့တွင် နေထိုင်သူတစ်ဦး ဖြစ်လေသည်။

ဦးဝင်း၏ အသက်အရွယ်ကား ယခု ၂၀၂၁ ခုနှစ်တွင် အသက်လေးဆယ်ခန့် ရှိပြီဖြစ်သည်။

တစ်နေ့တစ်၌ ကျွန်ုပ်စာရေးသူ နန်းကြာညိုသည်
အကြောင်းကိစ္စတစ်ခု ကြောင့် စျေးထဲသို့ လိုအပ်သည်များအား ဝယ်ယူရန် ထွက်လာခဲ့လေသည်။

ကျွန်ုပ်သည် ငယ်စဥ် ကလေးဘဝကတည်းက ပရလောက အကြောင်းနှင့် ပက်သက်လာလျှင် အလွန်စိတ်ဝင်စားကာ စပ်စုတတ်သူဖြစ်ကြောင်း စာဖတ်သူတို့ သိရှိပြီးဖြစ်ပေမည်။

ထိုသို့ စပ်စု လေ့လာတတ်သော ကျွန်ုပ်၏ ဝါသနာသည် စာရေးသူ ဖြစ်လာသော အခါ ဖြစ်ရပ်မှန် ပရစာမူ အဖြစ် စာဖတ်သူတို့အား ဝေမျှ ပေးနိုင်ရန် ကုန်ကြမ်းများ ဖြစ် လာတော့သည်။

ဖြစ်ရပ်မှန်ကို အခြေခံကာ ရေးသားရသော စာမူဖြစ်သောကြောင့် ကျွန်ုပ်စာမူ အတော်များများ၏ ဇာတ်လမ်းများသည်.. ကြေကွဲဖွယ်ရာ များ .. ဇာတ်သိမ်းမလှပ မှုများ ကိုကား စာဖတ်သူတို့ နားလည် လက်ခံ ဖတ်ရှုပေးစေလိုပါသည်။

ဦးဝင်းနှင့် တွေ့ဆုံရသည့် အကြောင်း ဆက်ရေးပါဦးမည်။

ကျွန်ုပ်လည်း လိုအပ်သည်အား ရှာဝယ် ရာ တွင် ကျွန်ုပ် ဝယ်ယူသော ဆိုင်မှ အမျိုးသမီးက

” အစ်မ မေးတဲ့ပစ္စည်း တွေက အိမ်မှာ… ဆိုင်ကို ရောက်မလာသေးဘူး…ကျမလဲ အိမ်ကို ပြန်စရာ ရှိတယ် အိမ်လိုက်ယူပါလား…”

” ဟုတ်ကဲ့ အိမ်က ဝေးလား”

” မဝေးပါဘူး အစ်မ စျေးထိပ်ကနေ နှစ်လမ်းကျော် လောက်ပဲ… ဒါနဲ့ အစ်မက စကားဝဲတယ်နော်… ဘယ်ကလဲ ”

” ကျွန်မက တောင်ကြီးသူ ပါ…ခုဒီမြို့သားနဲ့ အိမ်ထောင်ကျလို့ လိုက်လာတာ ”

” ဩ… အဝေးကြီးပဲ… ဒါနဲ့ အစ်မက ဘာအလုပ်လုပ်တာလဲ”

ထိုအမျိုးသမီးသည် ပိန်ပိန် အသားဖြူဖြူ ရုပ်သန့်သန့်ထဲက ဖြစ်ကာ ကျွန်ုပ်ထက်လဲ အသက်ကြီး ပုံရလေသည်။

” ဟုတ်ကဲ့…ကျမက ကျောင်းဆရာမပါ…”

“ဩ… ဟုတ်ဆရာမ… လာလေ အာ့ဆို ဆရာမလိုချင်တဲ့ ပစ္စည်း အိမ်မှာလိုက်ယူ..စိတ်ကြိုက် ရွေးရတာပေါ့… ”

ကျန်ုပ်လဲ ထိုအမျိုးသမီး အိမ်သို့ သူမနှင့် အတူ ပစ္စည်း ဝယ်ယူရန် လိုက်ပါသွားလေတော့သည်။

အညာ..နွေ…၏ နေကား အရှိန်ပြင်းပြင်းဖြင့် တောက်လောင်လျှက်ရှိလေရာ..နေပူပူတွင် သွားလာရသူများအဖို့ အတော်ပင် ပင်ပန်းလှပေသည်။
ကျွန်ုပ်သည်လည်း မဖြစ်သာ၍သာ လာခဲ့ရသော်လည်း ဖြစ်နိုင်လျှင် အိမ်၌သာ နေရင်း စာရေးစာဖတ်ခြင်းဖြင့်သာ အချိန်ကုန်လွန်စေ လိုလှပေသည်။

သူမ၏ ဆိုင်ကယ် နောက်မှ ကျွန်ုပ်၏ ဆိုင်ကယ်လေးအား ခပ်မှန်မှန်လိုက်ပါ မောင်းနှင်လာရာ ၅မိနစ်ခန့်အကြာ.. မောင်းပြီးနောက် သူမသည် အိမ်တစ်အိမ်ထဲသို့ သူမ၏ ဆိုင်ကယ်အား မောင်းဝင်သွားသည်မို့… ကျွန်ုပ်လည်း ထိုအိမ်ထဲသို့ ဆိုင်ကယ်အား လိုက်ပါ မောင်းဝင်လိုက်လေသည်။

သူမ၏ အိမ်သည် လမ်းမကြီး ဘေး တွင်ရှိကာ တစ်ထပ် ပျဥ် ထောင်အိမ် အမျိုး အစား ဖြစ်သည်။

သူမ၏ အိမ်တွင် သူမ…ရောင်းချသော ပစ္စည်း များကို အခန်းကျယ် တစ်ခုတွင် သိုလှောင်ထားသည်ကို တွေ့ရလေသည်။

အိမ်ရှေ့တွင် အသားညိုညို ခပ်ဝဝ ဖြင့် ကျွန်ုပ်နှင့် အသက် သိပ်မကွာဟု ထင်ရသူ အမျိုးသား တစ်ဦး ထိုင်နေရင်း… ကျွန်ုပ်အား တွေ့သော အခါ ထိုသူမှာ ဖော်ရွေ စွာ ခေါ်လေသည်။

“ဧည့်သည် ထင်တယ်…လာ.. လာ အစ်မ… ထိုင်ပါ”

သူ၏ အိမ်ရှေ့ ဗန်ဒါပင်၏ အရိပ်သည် နေပူပူမှ လာသော ကျွန်ုပ်အတွက် အတော်အတန်ပင် အမောပြေသွားစေလေသည်။

” မောင်ရေ… ဒီအစ်မက ကျောင်းဆရာမတဲ့… တောင်ကြီးသူ လေ… စကားပြောတာ အသံက ဝဲ ပြီး နားထောင်ကောင်းတယ်”

” ဆရာမ… ကျမနာမည်က မအေး… သူက ကျမယောက်ျား..ကိုဝင်းတဲ့..”

မအေး…၏ အသက်အရွယ်ထက်…သူမ၏ အမျိုးသား ကိုဝင်းက အသက်အရွယ်အားဖြင့်ပို၍. ငယ်ရွယ်ပုံ ရလေသည်။

သူမတို့၏အိမ်ထဲတွင် TV ထိုင်ကြည့်နေသော အသက် ၁၂နှစ် အရွယ်ခန့် ကလေးမလေး တစ်ဦးအား တွေ့ရပြီး ထိုကလေး သည် ဦးဝင်းနှင့် ရုပ်ချင်း အတော် ဆင်သည်ကိုလည်း တွေ့ရလေသည်။

ကျွန်ုပ်လည်း သူတို့၏ အိမ်ရှေ့….လွတ်နေသော ခုံပေါ်တွင် …. ထိုင်လိုက်ပြီး
” TV ကြည့်နေတာက သမီးလား.. ဒီက အစ်ကိုနဲ့ တစ်ပုံတည်းပဲ… ဖအေတူ သမီး.. ”

” ဟုတ်ပဗျာ… မအေးက ကျုပ်ကို ဘယ်လောက်ချစ်လဲ တွေ့လား ဆရာမ… ကလေးတောင် ကျွန်တော်နဲ့ မိတ္တူ ဆွဲ ထားလား မှတ်ရ… ဟား..ဟားဟား ”

ပျော်ပျော် နေတတ်ကာ ခင်မင်ဖွယ် ကောင်းသော မိသားစု ဟု ကျွန်ုပ် မှတ်ချက် ပြုမိလေသည်။

” ဆရာမရေ ပစ္စည်း ကပြီးမှ အေးဆေးရွေး… ကိုယ့်ရပ်ဆွေ ရပ်မျိုးလို သဘောထား… နေကလဲ ပူတာ… ကျွန်မတို့ အညာသူတွေ တောင် အပူဒဏ်.. မခံနိုင်တာ… တောင်ပေါ်သူ ဆရာမဆို.. ပိုဆိုးမယ်…
ဆရာမ မျက်နှာ တစ်ခုလုံး နီ ရဲလို့… အပန်းဖြေဦး”

ကျွန်ုပ်လဲ အရှိန်ပြင်းပြင်း ဖြင့် ပူနေသော နေကြောင့် မျက်စိပင် ကောင်းကောင်း မဖွင့်နိုင်တော့ ပေ။
ပေလမ်းမကြီးသည် နေ၏ အရှိန်ကြောင့် ခါတိုင်းထက် အလင်းရောင် ဖြာနေသည်ဟု ပင် ထင်ရလေသည်။

ပေလမ်းမ၏ အပူကြောင့် အခိုးအငွေ့များ တလျှပ်လျှပ် တက်နေသည်မှာ.. မကြာမီ ကတ္တရာစေးများပင် အရည်ပျော်ပေတော့ မည်ဟု ထင်ရ၏။

” ဟုတ်ရပါတယ် အစ်မ… နေကလည်း ပြင်းလိုက်တာ…ခဏတော့ ထိုင်ဦးမယ်”

ကိုဝင်းဆိုသူက ရေတစ်ခွက် ခပ်လာကာ ရေခွက်အား ကျွန်ုပ်အား ကမ်းပေးရင်း…
” ဆရာမ ….ကျောင်းဆရာမ အလုပ်က ခုချိန် ကိုဗစ် တွေနဲ့ နားထားရတော့ အခြားဘာလုပ်ငန်းတွေများ လုပ်သေးလဲ”

ကျွန်ုပ်လည်း ထိုရေခွက်အား ယူကာ ကျွန်ုပ်၏ ရှေ့တွင် ချလိုက်ပြီး

” ကျေးဇူးပါ…. ကျွန်မက စာရေးပါတယ်… online..မှာ ဖြစ်ရပ်မှန် ပရစာမူလေးတွေကို ဝါသနာအရ… ရေးပါတယ်”

” ဟာ… အတော်ပဲ….ဆရာမရေ ဟန်ကျလိုက်သဗျ…. ကျွန်တော် ကြုံဖူးတဲ့ အကြောင်းတွေကို.. ပြောပြမယ်ဗျာ… ဆရာမလဲ ရေးလို့ရတယ်… ကျွန်တော်ကြုံခဲ့တာတွေလဲ ဆရာမရဲ့ စာဖတ်သူတွေ သိရတာပေါ့…. ဆရာမ.. အေးဆေးမှ ပြန်လေ… နီးတယ်မို့လား… ဒီနေ့…အိမ်မှာ.. မအေး..က မုန့်တီသုပ်ထားတယ်… ကျုပ်မိန်းမ လက်ရာလေး မြည်းရင်း ပြောကြတာပေါ့…”

“အေးရေ… ဟောဒီက ဆရာမ အတွက်.. မိန်းမလက်ရာ စပါယ်ရှယ်လေး… လုပ်ဦးဟေ့…”

ကျွန်ုပ်လည်း ပရဇာတ်လမ်းဟု အသံကြားရသည်နှင့် အားရဝမ်းသာ ဖြင့်
” ဟာ…စိတ်ဝင်စားတယ် ကိုဝင်းရေ… အိမ်က နီးတယ်… နေကလဲ အရမ်းပူနေတာဆိုတော့.. ကိုဝင်းပြောတာလေး နားထောင်ပြီးမှ ပြန်မယ်လေ…”

ထိုစဥ်မအေးက မုန့်တီသုပ် ပန်းကန်အား ကိုင်ကာ ထွက်လာပြီးး

” အမလေး ဆရာမရေ… သူက.. သူသရဲခြောက်ခံရတဲ့ အကြောင်း လူတွေ့တိုင်းပြောချင်နေတာ… ခုတော့…စာရေးဆရာမနဲ့ တွေ့တော့ အဆင်ပြေရော…ဆရာမလဲ ကုန်ကြမ်းရ… သူကလဲ.. ဖောက်သည်ချရတာပ… ကျွန်မလဲ ခဏနားရင်း…သူ့ရဲ့ မရိုးနိုင်တဲ့ အတွေ့အကြုံကို ပြန်နား ထောင်ရတာပေါ့…ကဲ ကိုဝင်းရေ ပြောပြလိုက်တော့ဆရာမကို…”

“ဒီလိုဆရာမရဲ့….ကျွန်တော့် အသက် နှစ်ဆယ်ကျော်.. အိမ်ထောင်မကျမီ အချိန်တုန်းကပေါ့ဗျာ….”

ကိုဝင်း၏ မျက်ဝန်းများသည် ရီဝေငေးမောလျှက် လွန်ခဲ့သော အတိတ်ကာလဆီသို့…….

xxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော် နာမည်က မောင်ဝင်း….နေတာက အညာဒေသရှိ မြို့ငယ်လေးတစ်ခုတွင်ဖြစ်သည်။

မောင်ဝင်းသည် မွေးချင်းလေးယောက်အနက် အငယ်ဆုံးသားဖြစ်ကာ နာမည်အပြည့်အစုံမှာ မောင်ဝင်းထွေး ဖြစ်သည်။

မောင်ဝင်းထွေးတွင် အစ်မသုံးယောက်ရှိကာ မွေးချင်းများအနက် သူတစ်ဦးသာ လျှင် ယောက်ျားလေး ပါသည်မို့… မိသားစုများက ဝင်းထွေးအား ဖူးဖူးမှုတ်ချစ်ကြလေသည်။

မောင်ဝင်းထွေး၏ မိဘများက ဝါးထရံ ရက်လုပ်သော လုပ်ငန်းကို လုပ်ကိုင်ကြလေသည်။

မောင်ဝင်းထွေးအား မိသာစုဝင်များက ချစ်စနိုးဖြင့် အဝင်းဟု သာ ခေါ်ဆိုကြလေသည်။

မောင်ဝင်းထွေးက သားအငယ်ဆုံးပေမည့် လိမ္မာရေးခြားရှိကာ အစ်မများနှင့် သာနေရသည်မို့ စိတ်ထားက နူးညံ့သိမ်မွေ့လေသည်။

မောင်ဝင်း အရွယ်ရောက်လာသောအခါ ဆေးလိပ်နှင့် အရက်ဘီယာ အနည်းငယ်သောက်တတ်သည်က လွဲ၍ ကျန်တာ မလုပ်။

အရက်နှင့်ဘီယာကလည်း ပွဲ ရှိမှသာ အပေါင်းအသင်းများနှင့် သောက်သော်လည်း အလွန်အကျွံ မဟုတ်ပေ။

“အဝင်းရေ…အဝင်း…”

” ဗျာမမကြီး….”

“မောင်လေးရေ…နက်ဖြန် ဖွားစောတို့ရွာက အလှူမဏ္ဌာပ် ဆောက်မို့…ဝါးတွေပို့ပေးရမယ်တဲ့….မကြီးတို့ဆီမှာ ဝါးတွေကလဲ ထရံ အော်ဒါအတွက်ပဲကျန်တယ်…..မပို့ပေးလို့ကလည်း လူရင်းတွေဆိုတော့…ငြင်းမကောင်းဘူး
ခုနေ..အချိန်ရှိသေးတယ်…အဝင်း…
အင်တောရွာက ဖိုးပြူးဆီ နက်ဖြန်စောစော ဝါးတွေ အလုံးနှစ်ရာလောက် ပို့ဖို့ သွားမှာ ပါလား…
ခုမှာမှ…နက်ဖြန်အမှီရောက်မှာ….
အိမ်က ဆိုင်ကယ်ယူသွား….ဖြေးဖြေး မောင်း…”

” ရတယ်လေ… မကြီး…ငထွန်းနဲ့ နှစ်ယောက်သွားလိုက်မယ်….”

” အေ…မှာပြီး ချက်ချင်း ပြန်ခဲ့….ညစာ ဒီ ရောက်မှစားကြ…. အာ့လမ်းက မှောင်ရင် သွားမကောင်းဘူး…”

“ဟုတ်ကဲ့”

မောင်ဝင်းလည်း ဆိုင်ကယ် မောင်းကာ သူငယ်ချင်းဖြစ်သူ ငထွန်းထံ ထွက်လာခဲ့လေသည်။

ငထွန်း၏ ချစ်သူက အင်တောရွာကမို့..မောင်ဝင်း…..ဝါးလုံး…များ..သွားရောက်…မှာယူရ ပါက သူ့အား.. ခေါ်ရန်အထပ်ထပ် မှာကြားထားသောကြောင့် .. ငထွန်းကို ခေါ်ရခြင်းဖြစ်သည်။

အင်တောရွာ ရောက်သောအခါ မောင်ဝင်းက..ဖိုးပြူးအိမ်၌ နေခဲ့ကာ ငထွန်းက ဆိုင်ကယ်ဖြင့် ထွက်ခွာသွားလေသည်။

ငထွန်းက ညနေ စောင်းချိန်အထိ ပေါ်မလာသေးပေ။

မောင်ဝင်းလည်း ငထွန်းအား စိတ်ထဲမှ အတော်ပင် ဒေါသထွက်နေလေပြီ။

မိမိအား မိသားစုမှ စိတ်ပူနေမည်ကို တွေးကာ နေမထိ ထိုင်မသာဖြစ်လာလျှက်… ငထွန်းအား …ဤရွာသို့…ခေါ်လာမိသည်မှာ…. မှားပြီဟုပင် နောင်တရမိလေသည်။

ဗိုက်ကလဲ ဆာလာပြီမို့.. ဖိုးပြူးအိမ်၌ပင် ငထွန်းအား စောင့်နေရင်း..မောင်ဝင်းတစ်ယောက်.. ညစာအားစားလိုက်တော့သည်။

ဝက်သားနှင့် မျှစ်အချ်ိုချက်…မန်းကျည်းသီးထောင်း…ဆူးပုတ်ရွက် ဟင်းချိုရည် မို့ စားကောင်းလှသဖြင့် ထမင်းပင် နှစ်ပန်းကန် ကုန်သွားလေသည်။

စားပြီး ဗိုက်လေးသွားသဖြင့် မောင်ဝင်း၏ မျက်လုံးများပင် စင်းလာရာ

ကိုဖိုးပြူးက…”မောင်ဝင်းရေ…အိပ်ချင်ရင် တစ်ရေးအိပ်ပါလား…မဟုတ်လဲ ဒီည ဒီပဲ အိပ်လေ… နက်ဖြန် မှ စောစောထပြန်ပါလား”

“နေပါစေ….မအိပ်တော့ဘူး….အမေတို့ မကြီးတို့.. စိတ်ပူနေမှာ…သူငယ်ချင်း လာတော့မှာ နေမှာ… ”

မှောင်ရီ သန်းချိန်မှ ငထွန်းက ပြုံးဖြဲဖြဲ မျက်နှာဖြင့် ပြန်ရောက်လာကာ

” ငဝင်းရေ…sorry သူငယ်ချင်း… ငါ့ကောင်မလေး အဖေ နေမကောင်းလို့…ဟိုဘက်ရွာက ဆေးဆရာ သွားပင့်ပေးနေရတာ…. ဒီရွာက ဆေးဆရာက မြို့တက်သွားတာ နှစ်ရက်ရှိပြီတဲ့…”

” သိပါဘူးကွာ…ငါက မင်းမိန်းမ ခိုးပြေးပြီ ထင်နေတာ… အချိန်မရှိတော့ဘူး… ပြန်ရအောင်…ကိုဖိုးပြူးရေ ပြန်ပြီဗျို့..”

” အေးဂရုစိုက်ပြန်ကြ… လမ်းမှာ ဘုရားစာလေး ဘာလေးရွတ်…ဘယ်သူတားတား ဆိုင်ကယ်မရပ်ကြနဲ့”

” ဟုတ်ကဲ့.. ပါ..”

မောင်ဝင်းတို့လည်း အင်တောရွာ မှ စတင်ထွက်ခွာလာကြလေတော့သည်။

မောင်ဝင်းက ဆိုင်ကယ်အား.. မောင်းနေရာမှ ရပ်လိုက်ပြီး..
” ငထွန်း မင်းမောင်းကွ… ငါထမင်းစားလာတာ ဗိုက်အရမ်းလေးနေလို့….မောင်းရတာ အဆင်မပြေဘူး… မင်းလမ်းသိတယ်မို့လား….”

“သိပ…. ငါ..က ဖြတ်လမ်းလဲ သိတယ်… ဖြတ်လမ်းက သွားရင် အချိန်ပို စောရောက်မှာ..
ငါ့ကောင်မလေး ဆီ ငါလာနေကျပဲ…”

“ဖြတ်လမ်းက အန္တရယ် ကင်းရဲ့လားကွာ…”

” ကင်းတယ်ကွာ… လမ်းသိပ်မကောင်းတာ တစ်ခုပဲ..အာ့တာကလဲ မိုးတွင်းမှ… ခုချိန်ဆို မြေလမ်းပဲ… ပြောင်ချောလို့ မောင်းလို့ ကောင်းတယ် ”

” ကဲ..ဒါဆိုရင်…ဖြတ်လမ်းက မောင်းကွာ….”

မောင်ဝင်းက ဆိုင်ကယ်မောင်းနေရင်း….

” ငါ…ဒီနေ့..ဟိုဘက်ရွာက ဆေးဆရာ..သွားပင့်ရင်း….ငါ့ချစ်သူနဲ့ ငါနဲ့…ကုန်စုံဆိုင်မှာ… အသဲပုံ သော့တွဲလေး ဆင်တူဝယ်ခဲ့တယ်…. အသဲပုံလေးက… အထဲမှာ ဓာတ်ပုံလေး ထည့်လို့ရတယ်…
ငါ့ချစ်သူက သူ့ပုံလေး ညှပ်ပြီး တစ်ခါတည်း ထည့်ပေးလိုက်တာ… ငါ့ပုံက နောက်တစ်ခါလာမှ…သူ့ကို ပေးရမှာပေါ့ကွာ… ခုက ပုံမှ မပါခဲ့တာ…
သူက ဒီဟာ ပျောက်သွားရင် သူနဲ့ငါ…
အပြတ်ပဲတဲ့….”

” ဩ.. အေအေ…ကြည်နူးနေကြတာ…ငါ့မှာ ကိုဖိုးပြူး အိမ်မှာ အမြစ်ပေါက်မတတ် ထိုင်စောင့်နေရတယ်…”

” အေးပါကွာ မင်းကလဲ… ကျေးဇူး ပါ… ခုက ဆေးဆရာ ခေါ်ပေးလို့..ယောက္ခမ လောင်းလဲ ငါ့ကို ကြည်သွားပြီ…ဟီးး..မင်းကို နက်ဖြန် တစ်ဝိုင်း တိုက်မယ်”

” အေးပါကွာ…ဟာ…ဒါ ဖြတ်လမ်းလား… အပင်ရိပ်တွေနဲ့ မှောင်တာ… ဆိုင်ကယ်မီးက ေကာင်းနေလို့ တော်သေးတယ် ”

ငထွန်းတို့ဆိုင်ကယ်လေးသည်.. သစ်ပင်များ အုံ့မှိုင်း နေသော မြေသားလမ်းကျယ်လေး ထဲတွင် တရိပ်ရိပ် ပြေးလျှက် ရှိသည်…”

“ဟျောင့်… ရှေ့မှာ ရွာပါလား… မီးတွေကို လင်းလို့…”
မောင်ဝင်းစကားကြောင့်

” ငါအရင်က ဒီရွာကို မတွေ့မိသလိုပဲ….ငါလမ်းလဲ မမှားပါဘူး…”

” မင်းကတော့ လုပ်ပြီ… ရွာကလည်း အိမ်ခြေ ဆယ့်ငါးအိမ်လောက် ရှိတာ နေမှာ..ရွာသေးတာ မို့ မင်း သတိမထား မိတာနေမှာ…”
မောင်ဝင်း ရှေ့က မီးလင်းနေသော အိမ်စုတန်းလေးအား ကြည့်ကာပြောလိုက်လေသည်။

” ဟုတ်မှာ…”

မကြာမီ ထိုရွာ အား ဖြတ်ကျော်ပြီး ရွာအထွက်ရှိ ဇရပ်ငယ်လေး အရောက်တွင် နောက်မှ မီးမပါသော ဆိုင်ကယ်တစ်စီး က မောင်ထွန်းတို့ ဆိုင်ကယ်အား ကျော်တက်လိုက်စဥ်….

အသံမကြား မီးမတွေ့ပဲ ရုတ်တရက် ပေါ်လာသောကြောင့် ငထွန်းလဲ… ဆ်ိုင်ကယ် မောင်းနေရာမှ… လန့်ကာ ဆိုင်ကယ်လဲ ဟန်ချက် ​ပျက်ပြီး.. ယိုင်သွားလေသည်။

ထိုမီးမပါသော…ဆိုင်ကယ်..သည်.. သူတို့သွားရာလမ်းရှေ့၌ ငထွန်း၏ ဟန်ချက်ပျက်မှုကို ရှောင်ရင်း…လမ်းဘေး၌ ပစ်လဲ သွားတော့သည်။

” ဟာ ငထွန်းရပ်…ရပ်.. ဟိုဆိုင်ကယ်…လဲပြီ…”

ငထွန်က.. ဆိုင်ကယ်အား ထို …ဆိုင်ကယ်…မှောက် ရာဘက်သို့လှည့်ကာ မီးထိုးလိုက်စဥ်…
ဆိုင်ကယ်လဲနေသူမှာ နှစ်ဦး ဖြစ်ပြီး….
ရှေ့က မောင်းသူမှာ ငထွန်းတို့ အရွယ် နှင့် မတိမ်းမယ်ိမ်း ဖြစ်ကာ ကချင်ပုဆိုးနှင့် တီရှပ် အပြာနုရောင်ကို ဝတ်ဆင်ထားလေသည်။
ဆိုင်ကယ်ပေါ်မှ ဖင်ထိုင်ရက် ကျပြီး ငြီးငြူ နေသူမှာ… အသက်ငါးဆယ်အရွယ်ခန့် ခပ်ဝဝ… ပါတိတ် လိမ္မော်ရောင်ဝတ်ဆင်ထားသော အမျိုးသမီး ကြီး ဖြစ်ကာ….ဆိုင်ကယ်မောင်းသူ၏ မိခင်ဖြစ်သူ ဟု ထင်ရလေသည်။

ငထွန်းနဲ့ မောင်ဝင်း လဲ ထိုသားအမိဆီ ပြေးသွားလိုက်သည်။သူတို့လည်း ထိုသားအမိဆီ.. သို့ ရောက်စဥ်…

” အမေ…ရလား…ရရဲ့လား.. ဘာဖြစ်သွားလဲဟင်….”

ထိုစဥ် ဇရပ်ငယ်ပေါ်မှာ မိန်းမကြီး နှစ်ဦး… ယောက်ျား ကြီး သုံးဦး ပြေးဆင်းလာကာ….

” ဟာ ဘယ်လိုဖြစ်ကြတာလဲ ရလား… ကောင်လေး မင်းအမေ ကို ထူကြည့်စမ်း…”

မောင်ဝင်းတို့လည်း ဇရပ်ပေါ်မှ..မီးအိမ်တစ်လုံးကိုင်ကာ.. ပြေးဆင်းလာသော လူများကို ကြည့်ကာ အံ့ဩ သွားသည်။

အစောတုန်းက ထိုဇရပ်တွင် လူရှိနေသည်ကို သတိမထား မိပါချေ။
ဆိုင်ကယ် ချင်း တိုက်မလို ဖြစ်သွားသော ကြောင့် မတွေ့မိခြင်း လည်းဖြစ်နိုင်လေသည်။

မောင်ဝင်းက ” အန်တီရရဲ့လား…ညီလေး ရလား…အစ်ကိုတို့ဘာကူညီပေးရမလဲ…”

မောင်ဝင်း စကား အား…. ထိုလူအုပ်စု မှ အရေးလုံးဝ မစိုက်ပဲ… စကား တစ်ယောက် တစ်ပေါက် ပြောကာ..ထိုမိန်းမကြီး အား ထူရန် ကြိုးစားနေကြလေသည်….
ထိုနေရာသည်… လမ်းအကွေ့ ထောင့်ချိုး နေရာလဲ ဖြစ်လေသည်။

ငထွန်းက
” ဦးကြီးတို့.. ဒေါ်ကြီးတို့… ညီလေးတို့ အစ်ကိုတို့ ဘာကူညီပေးရမလဲ….”

ထိုသို့ ဆိုသော်လည်း ငထွန်းတို့အား တစ်ယောက်မျှ အဖတ်မလုပ်…ယုတ်ဆွ အဆုံး လှည့်ပင်မကြည့်ကြချေ…။

မောင်ဝင်းနှင့် ငထွန်းလဲ သူတို့အား အဖတ်မလုပ်သော လူအုပ်ကြီးကို ကြည့်ကာ စိတ်တိုလာပြီး ပြန်လှည့်လာကာ.. ဆိုင်ကယ်အား ဆက်လက် မောင်းနှင်လာလေသည်။

ဆယ်မိနစ် ခန့် မောင်းပြီး နောက်.. ငထွန်းက…
” ဟာ…ငါ့ သော့တွဲလေး.. အစောတုန်းက နေရာမှာ ကျနေရစ်ပြီ…ပြန်သွားကောက်ရအောင်… ငါ့ကောင်မလေးက…အဲ့ဒါ မရှိရင် ငါနဲ့ ပြတ်မှာတဲ့…”

” ဟာ…မင်းကလဲ အရေးထဲ…ဒါဆိုလဲ ပြန်လှည့်လေ… အစောတုန်းက ဘွားတော်လဲ ခါးထိသွားတာလား မသိဘူး… အတော်နဲ့ မထနိုင်ဘူး…သူတို့ကို လည်း တောင်းပန်ရတာပေါ့ကွာ…”

မောင်ဝင်း အမှန်တစ်ကယ် စိတ်မကောင်းမိ…
မိမိ၏ မိခင်အရွယ် မိန်းမကြီး တစ်ဦး…ဆိုင်ကယ်လဲ၍ မထနိုင်သည်ကို ကြည့်ရင်း စ်ိတ်မကောင်း ပါချေ…..

အနည်းဆုံး တောင်းပန်ခဲ့သင့်သည်ဟု ထင်မိလေသည်။
မိမိတို့ ဆိုင်ကယ်အား တိမ်းရင်း…ဆိုင်ကယ်လဲ သွားသည် မဟုတ်လား…

ငထွန်းတို့ ဆိုင်ကယ်လေး ထိုအကွေ့ သို့ ပြန်ရောက်သောအခါ… ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျှက် သက်ရှိဟူ၍ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိပါချေ…

မောင်ဝင်းတို့ ဆိုင်ကယ်ရပ်ထားသော နေရာလေး၌ ငထွန်း၏ ရွှေရောင်သော့ချိတ်လေးက. ဆိုင်ကယ်မီး ရောင်ကြောင့် ဝင်းလက်နေသည်။

ငထွန်းလဲ သော့ချိတ်အား အလျှင်အမြန်ကောက်ကာ….
” ဟင် ဟိုလူတွေ ဘယ်ရောက်သွားကြပါလိမ့်….ဆိုင်ကယ်မီး ဖြင့် ဟိုဟိုဒီဒီ …ဆိုင်ကယ် ခေါင်းအား လှည့်ကာ… မီး ထိုးကြည့်ပါသော်လည်း…သက်ရှိသတ္တဝါ ဟူ၍ မည်သည့် အရာမျှ ရှိမနေပေ။

ဇရပ်ပေါ် သို့ မီး ထိုးကြည့်သောအခါ… ဇရပ် ၏ ထောင့်တစ်နေရာ၌ ဖုန်အလိမ်းလိမ်း တက်ကာ ပျက်စီး နေသော မီးအိတ်စုတ် တစ်လုံးကိုသာ တွေ့ကြရလေသည်။

မောင်ဝင်းက…

သူငယ်ချင်း..အစောတုန်းက မီးတွေလင်းနေတဲ့ အိမ်တွေလဲ မတွေ့တော့ဘူး…ခြုံတွေချည်းပဲ…ဟိုလူတွေလဲ မရှိတော့ဘူး….မောင်း…ဆိုင်ကယ်မောင်းတော့ မြန်မြန်သာမောင်းတော့… ပုံမှန်မဟုတ်ဘူး…..

မောင်ဝင်းစကားကြောင့်…ေမာင်ထွန်းလဲ ဆိုင်ကယ်ကို စက်နိုးကာ အသားကုန် မောင်း လေတော့သည်။

မောင်ဝင်းလဲ ရသမျှ ဘုရားစာရွတ်ရင်း… ဆိုင်ကယ်နောက်မှ… ရင်တမမ.. ေဇာ ချွေး တပျံပျံ ဖြင့်..လိုက်ပါလာရင်း…. အိမ်သို့ မည်သို့ ပြန်ရောက် လာခဲ့သည်အား…မသိတော့ ပါချေ…..

အိမ်သို့ ရောက်သောအခါ နှစ်​ယောက်သား မျက်စိမျက်နှာများ ပျက်ကာ စကားပင် မပြောနိုင်ကြသောကြောင့်…မောင်ဝင်း၏ မိခင်က…
မောင်ဝင်းနှင့် ငထွန်းအား ပရိတ်ရေများ တိုက် လိုက်မှသာ နှစ်ဦးသား.. စကား ပြောနိုင် ကြတော့သည်။

မောင်ဝင်း တို့လည်း… သူ၏ မိသားစု အား… သူတို့နှစ်ဦး ကြုံရသည်များ အား ပြောပြ ကြလေရာ…
မောင်းဝင်း ဖခင်က… မိုက်လိုက်တာကွာ… အဲဒီလမ်းက ပြန်လာရတယ်လို့….မင်းတို့ကို ဘာမှ မလုပ်လိုက်တာ ကံကောင်းတယ် မှတ်….

” ဟင်အဖေ… အဲ့ဒီနေရာကို သိသလား….”

” သိတာပေါ့ကွာ….”

“သိရင် ပြောပြပါလား အဖေ”

အေး ဒီလိုကွ….

“အရင်က မင်းတို့ ပြောတဲ့ နေရာမှာ…အရင်က သစ်ထုတ်လုပ်ရေး စခန်းတစ်ခုပေါ့ကွာ “ဟု အစချီကာ အောက်ပါ အဖြစ်အပျက်များအား ပြောပြလေတော့သည်။

လေးပင်စု သစ်ထုတ်လုပ်ရေးစခန်းမှ မန်နေဂျာ အဖြစ်တာဝန်ထမ်းဆောင်သူ တစ်ဦး၏ အမည်မှာ ဦးစိုးကြီး.. ဆိုသူ ဖြစ်သည်။

ဦးစိုးကြီးသည် အသက် ငါးဆယ်ခန့် အရွယ်ဖြစ်ကာ အသားညို ညို အရပ် မြင့်မြင့် .ဖြစ်ကာ သူ၏ မိန်းမဖြစ်သူမှာ မစိန်အေးဖြစ်ပြီး အသားဖြူဖြူ ခပ်ဝဝ ပုံစံ ဖြစ်သည်။

သူတို့တွင် ဘိလပ်တွင် ကျောင်းတက်နေသော သားတစ်ဦး ရှိကာ သူ၏ သားအမည်မှာ..မောင်စိုးအေး ဟု အမည်တွင်လေသည်။

သူတို့၏ သစ်ထုတ်လုပ်ရေး စခန်းသည် အလုပ်သမား များ က ထိုနေရာလေးတွင် ပျံကျ အဆောက်အဦးများ ဆောက်ကာ နေထိုင်ကြလေသည်။

ထိုသူများက ထိုနေရာလေးတွင် ရွာငယ်လေး သဏ္ဍန် စုနေကြကာ ယာယီရွာလေး ထိပ်တွင် ဇရပ်လေး တစ်ခုလဲ ဆောက်ထားလေသည်။

ထိုစဥ် အခါက ထိုအနီးအနား ၌ ယခုကဲ့ သို့ ရွာများ မရှိကြပဲ သစ်တောများ ထူထပ်သော နေရာတစ်ခု ဖြစ်လေသည်။

သစ်ဆွဲ သမား များက အနားယူသောအခါ ထိုဇရပ်လေးတွင် အနားယူကြလေသည်။
ထိုဇရပ်လေးသည် သစ်ကားကြီးများ ဝင်ရာ လမ်း၏ ဘေးတွင် ဖြစ်သည်။

မကြာမီ ဦးစိုးကြီး၏ သားသည် ဘိလပ်မှ ပြန်လာကာ သူ့ဖခင် သစ်စခန်းသို့ ဆိုင်ကယ် ဖြင့် လာရောက် လည်ပတ်လေသည်။

ထိုစဥ်က ဆိုင်ကယ်မှာ အထက်တန်းလွှာများသာ စီးနိုင်ကြလေသည်။

တစ်နေ့ ထိုနေ့သည် ထိုသစ်ထုတ်လုပ်ရေး စခန်း၏ ကံဆိုးသော နေ့တစ်နေ့ဖြစ်သည်။

ဦးစိုးကြီး၏ သား စိန်အေး၏ ဆိုင်ကယ်မှာ ခရီးကြမ်းမောင်းနှင်လာသောကြောင့် လားမသိ… ဆိုင်ကယ်၏ ရှေ့မီးမှာ တစ်ချက်..တစ်ချက် လွတ်နေလေသည်။
စိန်အေးက ဆိုင်ကယ်မီး ရလိုရငြား ကလိကြည့်ခါမှ ရှေ့မီးမှာ လုံးဝ မလင်းတော့ချေ။

နက်ဖြန်မနက် စောစော ပြန်ရမည်မို့ ဆိုင်ကယ်ရှေ့မီး လင်းဖို့အရေး စိန်အေး သောက ပွားလျှက်ရှိသည်။

” သားလေး…ဒီက အလုပ်သမား ဇော်တင်က စက်မှု တက္ကသိုလ် တက်ဖူးတယ်… ဒီမှာ မီးစက်..သစ်ခွဲ လွှစက်တွေ ပျက်ရင် သူပြင်နေကျပဲ… သူခု ဇရပ်မှာ ရှိမှာ… သားရဲ့ မီးသီး မီးမလင်းတာလောက်တော့ သူပြင်တတ်မှာ… ခုလဲ သစ်ဆွဲကား မီး..လွတ်နေတာ တစ်စင်းရှိတာ…သူအဲ့ဒါ ပြင်ပေးမယ် ပြောတယ်….”

” အမေရယ် အစောကတည်း က ပြောရောပေါ့… လာခုတက်…သားဆိုင်ကယ်နဲ့ ကိုဇော်တင်ကို သွားခေါ်ရအောင်…”

“သားရယ် မှောင်နေပြီ… သားဆိုင်ကယ်က မီးလဲ မရဘဲနဲ့…”

” အမေရယ် လာပါ…သားဆိုင်ကယ် ပေါ် တစ်ခေါက်ပဲ လိုက်စီးကြည့်ပါ… တစ်သက်လုံး မှ ဒီတစ်ခေါက်ထဲ…”

” အေး…သား ဖြေးဖြေးမောင်း ”

စိန်အေးတို့ သားအမိသည် ဇရပ် ရှိရာဘက်သို့..ဆိုင်ကယ်လေးနှင့် ထွက်လာရာ… ”

” ဝူးး..ဒုတ်…အမေ့…”
လမ်းဘေးမှ သစ်ငုတ်တို တစ်ခု အား တိုက်မိသဖြင့်… ဆိုင်ကယ်မှာ ဟန်ချက်ပျက်ကာ လဲသွားလေသည်။
စိန်အေးလဲ သူ၏ မိခင်အား ကြည့်ကာ လဲနေရာမှ အပျာကယာ ထလိုက်ပြီး

” အမေ…ရလား…ရရဲ့လား.. ဘာဖြစ်သွားလဲဟင်….”

စိန်အေးတို့ အသံများကြောင့် ဇရပ်ပေါ်တွင် ရှိနေကြသော ဇော်တင်တို့ လည်း မီးအိမ်လေး ကိုင်ကာ ပြေးဆင်းလာကြပြီး

” ဟာ ဘယ်လိုဖြစ်ကြတာလဲ ရလား… ကောင်လေး မင်းအမေ ကို ထူကြည့်စမ်း…”

ထိုစဥ် မီးသီးပျက်နေသော သစ်ဆွဲ ကားကြီးသည်ထိုလမ်းထဲ မောင်းဝင်လာကာ ကွေ့ချလိုက်လေတော့သည်။

ကားကို မောင်းလာသူမှာ ဦးစိုးကြီး ကိုယ်တိုင်ဖြစ်ပြီး သစ်ကားမောင်းဒရိုက်ဘာ ကိုဖြူမှာ ဘေးမှထိုင်လျှက် ဓာတ်ခဲ ဓာတ်မီး နှင့် ထိုးကာ လမ်းပြပေးလျှက် ရှိလေသည်။

သို့သော် ခြောက်ဘီး သစ်ကား ကြီး၏ အပေါ်မှ ဓာတ်ခဲထည့် ဓာတ်မီး၏ အလင်းရောင်သည်… လမ်းထောင့်ချိုးတွင် ဆိုင်ကယ်လဲ၍ ဝိုင်းထူနေကြသော လူအုပ်ကြီးအား မြင်အောင် မီးမပြနိုင်ခဲ့ ရှာပေ။

ဒုန်း…ကျွီ… ဖောင်း…အားးး…သေပါပြီ…
ဟူသော လူများ အသံကြောင့် ဦးစိုးကြီးလည်း ကားရပ်ကာ… ဘဖြူလဲ ဆင်းပြီး ဓာတ်မီး နှင့် ထိုးကြည့် လိုက်ရာ….

“အမလေး…ဦးစိုးကြီး…အီး..ဟီး… သေကုန်ပါပြီ….”
မြင်လိုက်ရာသော မြင်ကွင်းကား လူခုနှစ်ဦးလုံး သည် အထပ်လိုက် ပိပြား ကာ အူများထွက် ဦးခေါင်းများ ပြားလျှက် ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံး နေကြလေတော့သည်။

ဦးစိုးကြီးကား သားနှင့် မိန်းမ ဖြစ်သူ အပါအဝင် အဖြစ်ဆိုးကို ကြည့်ကာ.. ရုတ်တရက် အသိလွတ်ကာ ကားပေါ်မှ သေနတ်ဖြင့် သူ့ဦးခေါင်းကို..ပစ်လိုက်လေသည်။

“ဒိုင်း”

“ဟာ…ဆရာ…ကိုစိုးကြီး…”

ဘဖြူလဲ သွေးပျက်ဖွယ် အာရုံများကို ကြည့်ကာ သွက်သွက်ခါရူးသွားလေတော့သည်။

ထိုသစ်ထုတ်လုပ်ရေးစခန်းလဲ ထို အဖြစ်ဆိုးများကြောင့် ဖျက်သိမ်းသွားသော်လည်း ထိုနေရာ၌ ယခုချိန်ထိ ခြောက်လှန့်မှုများ ​ရှိနေသည်မှာ…မောင်ဝင်းတို့ အဖြစ်က သက်သေ ပြလျှက် ရှိလေသည်။

“ဒါဆို…သူတို့ကို…ကုသိုလ်ပြု အမျှဝေပေးတာတွေ မလုပ်ဘူးလား….”

” လုပ်ပေးတာပေါ့သားရယ်… လုပ်ပေးတာမှ… ခဏခဏ ကိုလုပ်ပေး ပေမဲ့…မကျွတ်ရှာကြသေးဘူး”

” ငထွန်းရေ…ငါတို့.. သူတို့ ဆိုင်ကယ် လဲနေတဲ့ အချိန်ပုံစံမျိုးပဲ..တွေ့လိုက်ရလို့….ငါတို့သာ နောက်ထပ် နဲနဲ အဲ့ဒီနေရာမှာ ဆက်နေရင်… အစုလိုက်အပြုံလိုက် ကားတိုက်ခံရတာတွေ တွေ့ပြီး… နှလုံးရပ် သေလိမ့်မယ်….”

” ဟုတ်ပ မောင်ဝင်းရေ… နောက်များ လူသူမရှိတဲ့ ဖြတ်လမ်းတွေဆို…ဘယ်တော့မှ မသွားတော့ပါဘူးကွာ..”

ဟု ပြောရင်း သူငယ်ချင်းနှစ်ယောက် ကြက်သည်းများပင် ထနေလေတော့သည်။

“အမလေး.. ကြောက်စရာပါလား..ဦးဝင်းရေ…နားထောင်လို့ကလည်း ကောင်းပ…စာဖတ်သူတွေလဲ.. စိတ်ဝင်စားကြမှာအမှန်ပဲ.. အချိန်လဲ အတော်လင့်သွားပြီ… မအေးရဲ့ လက်ရာ မုန့်တီသုပ် ကလဲ ကောင်းမှကောင်း…ပစ္စည်း လေးဝယ်ပြီး ပြန်လိုက်ပါဦးမယ်….ရှင်”

” ရော့…ဆရာမရေ…ဆရာမ ဝယ်တဲ့ ပစ္စည်း.. နောက်တစ်ပတ်ဦးပုဥ်နေ့ စျေးပိတ်တယ်… အိမ်လာလည်ဦး..ဆရာမ…”

“နောက်ထပ် ကိုယ်တွေ့ တွေ ရှိသေးတယ် ဆရာမ… ဆရာမလာလည်မှ…ကြုံတွေ့ ခဲ့ရတာတွေ ထပ်ပြောပြဦးမယ်… ရေးဖို့သာ ပြင်ပေတော့..ဆရာမရေ”

“စိတ်သာချ..ဦးဝင်းနဲ့ မအေးရေ…ကုန်ကြမ်းရဖို့တော့ ထမင်းမေ့ ဟင်းမေ့ပါပဲ.. နောက်စျေးပိတ်ရက်မှထပ်ပြီးလာလည်ပါ့မယ်….”

ကျွန်ုပ်သည် ဦးဝင်းတို့… သူငယ်ချင်း နှစ်ယောက် ကြုံခဲ့ရသော….. ဖြတ်လမ်း အကြောင်းကို တွေးရင်း… လက်ရှိ မိမိမျက်စိရှေ့မှ လမ်းမကြီး၏ အပူရှိန်ကိုပင် မေ့လျော့ နေမိလေတော့သည်။

လေးစားစွာဖြင့်
စာရေးသူ Nan Kyarnyo