*ဗွေဆိုး*📖📖📖📖
*****
********************************
” အမေ….အမေ….ဘွားတော်….ကျုပ်ပြန်လာပြီကွ….အိမ်ထဲထိကျုပ်မလှမ်းနိူင်တော့ဘူး…. ကျုပ်ကိုလာတွဲခေါ်ဦး…အေ့…ဂေ့….”
” အမေ…ဟိုမယ်အမေ့သားကြီးပြန်လာပြီ….သမီးတော့သိပ်စိတ်ညစ်တာဘဲ….အန်ဖတ်ဆို့ပြီးသေကိုမသေနိူင်ဘူး….”
” ဟဲ့သမီး….အဲဒါ နင့်နဲ့တစ်အူတုံဆင်း အစ်ကိုအရင်းနော်….စကားကိုလက်လွတ်စပါယ်မပြောနဲ့….”
” တစ်အူတုံဆင်းမလို့ ကျုပ်ကသည်းခံနေရတာ တခြားလူဆိုကျုပ်ဆေးခပ်သတ်ပစ်မှာ….”
ကျွန်မသို့ပြောပြီး ခြေဆောင့်ကာအိမ်ပေါ်မှဆင်းသွားလိုက်သည်။ အမေကားထုံးစံအတိုင်း ခြံပေါက်ဝမှမူးနေသော သူ့သားကြီးကိုသွား၍တွဲထူနေသည်။
” ဒီလောက်လူမှန်းသူမှန်းမသိအောင် သောက်ရသလားသားရယ်….ထ…ထ….ဒီမှာလူမြင်လို့မကောင်းဘူးအေ့….”
” အဖွားကြီး…ခင်ဗျားကျုပ်ကိုမချစ်ဘူး….ခင်….ခင်ဗျားက ခင်ဗျားသမီးတွေကိုဘဲချစ်တာ….ဖယ်စမ်းကျုပ်ကိုလာမထိနဲ့….”
” ဟဲ့စန်းမောင်….မူးနေရင်လည်းအိမ်ထဲမှာလာပြီးအေးဆေးမူးစမ်းပါအေ….ပတ်ဝန်းကျင်ကလူတွေကိုနင်မရှက်ပေမဲ့ ငါတော့ရှက်တယ်အေ့….”
” ငါ့အိမ်နဲ့ငါ ဘယ်သူ့ကို သောက်ဂရုစိုက်ရမှာလဲ….အေး….စန်းမောင်တဲ့ကွ….ဘယ်ခွေးမှဂရုမစိုက်ဘူး….ဘယ်မှာလဲဟိုကောင်မအိတုံ….လာစမ်းဒီကို….”
ငမူးစန်းမောင်မှာထုံးစံအတိုင်း လူတကာကိုမူးရူးဆဲဆိုနေတော့သည်။ ဒေါ်ကျင်မေကား ထုံးစံအတိုင်းသားဖြစ်သူကို မနိူင်မနင်းတွဲထူပြီးအိမ်ထဲသို့ခေါ်လာခဲ့တော့သည်။
စန်းမောင်ဆိုသည်ကားအသက်၃၀အရွယ်လူပျိုကြီးတစ်ယောက်။ သေရည်သေရက်သောက်စားဖို့သာတွေးပြီး မည်သည့်အလုပ်မှကူဖော်မရသောဗွေဆိုးတစ်ယောက်။ လင်ယောကျာ်းမရှိတော့သည့်နောက်ပိုင်း သားသမီး၄ယောက်ကို ဒေါ်ကျင်မေကဒုက္ခခါးစည်းခံကာ ရှာဖွေကျွေးမွေးခဲ့သည်။ သမီးဖြစ်သူအရွယ်ရောက်လာတော့ ကူဖော်ရသေးသည်။ သားငယ်အမွှာနှစ်ယောက်ကား ကလေးအရွယ်သာရှိသေးသဖြင့် ဘာမှနားမလည်တတ်သေးသော်လည်း အိတုံကားအပျိုဖားဖားပင်ဖြစ်နေပြီဖြစ်သည့်အတွက် ရှက်တတ်နေပြီ။
ကျွန်မကားအိမ်တွင်မနေချင်သည့်အဆုံးသူငယ်ချင်းတစ်ယောက်၏အိမ်သို့လာကာငိုနေမိသည်။
” မငိုနဲ့တော့အိတုံရယ် နင့်အစ်ကိုမူးနေလို့ပါ….မမူးရင်သူကသဘောကောင်းတာနင်သိသားနဲ့….”
” အန်ဖတ်ဆို့ပြီး သေကိုမသေနိုင်ဘူးအေ….ကျုပ်ဖြင့်သူ့ကိုမုန်းလိုက်တာ….သူရှိနေရင်အမေလည်းစိတ်ဆင်းရဲရတယ်….ငါနဲ့အငယ်လေးတွေလည်းအမြဲတမ်းအရိုက်ခံရတယ်….”
” အီးဟီးဟီး….ကြောက်ပါပြီကိုကြီးရယ်….နောက်မဆော့တော့ပါဘူး….”
” အေမ….အေမေရ…အီးဟီးဟီး….”
” ဟဲ့သားကြီး… ကလေးတွေကိုဘာလို့ရိုက်နေရတာလဲ….တော်လိုကစမ်းဟဲ့….”
အိမ်ဖက်မှ အငယ်နှစ်ကောင်၏ငိုသံနှင့်အတူ
အမေ၏တားမြစ်သံကြောင့် ဟိုအကောင်ပြဿနာရှာနေပြီဖြစ်မှန်းကျွန်မသိလိုက်သည်နှင့် တားဆီးရန်အိမ်ဖက်သို့အပြေးလာခဲ့သည်။
” ဟဲ့ဂြိုလ်ဆိုး…ဗွေဆိုးကောင်…ငါ့အမေနဲ့ငါ့မောင်လေးတွေကိုမထိနဲ့….မူးနေရင်လည်းအေးဆေးသေနေပါလား….ဘာလုိ့ပြဿနာရှာနေရတာလဲ….”
” အံမယ်….အေ့…ဂေ့….သူ…ရဲ….ကောင်း….မကြီး ပြန်လာပြီလား….ဒီအချိန်တောင်အိမ်မှာရှိမနေဘဲ ဘယ်လင်နဲ့သွားအိပ်နေတာတုံး….”
အစ်ကိုဖြစ်သူ၏စကားကြောင့် ကျွန်မဒေါသချောင်းချောင်းထွက်သွားရသည်။
” ဟဲ့သေနာရဲ့….နင်ကအကြီးဆိုပြီး ငါ့ကိုလက်လွတ်စပါယ်စကားတွေလာမပြောနဲ့….ငါတို့ကနင့်လိုတနေကုန်တနေခမ်းအားယားမူးရူးနေချိန်မရဘူးဟဲ့….သောက်မယ်ဆိုလည်းတစ်ခါထဲသေအောင်သောက်လိုက်….”
” တောက်! သောက်ကောင်မ နင်ဘာစကားပြောတာလဲ….သေမယ်နင်….ဘွားတော် နင့်သမီးကိုကြည့်ပြောထား ငါသတ်မိလိမ့်မယ်….ဟိုနှစ်ကောင်လည်းမှတ်ထားငါအိပ်နေရင်တိတ်တိတ်နေကြဆူညံဆူညံလုပ်နေရင် လုပ်တဲ့လက်တွေကိုရိုက်ချိုးပစ်မယ်ကြားလား…”
အငယ်နှစ်ယောက်ကား အစ်ကို့ကိုကြောက်သဖြင့် အမေ့ကိုတင်းနေအောင်ဖက်ထားကြ၏။ အမေက
” တော်ပါတော့အေ….တော်ကြပါတော့….ငါဘဲရှိကြီးခိုးပြီးတောင်းပန်ပါတယ်…ကိုမောင်ထွန်းရေ….ရှင်ကရှင့်သားသမီးတွေကို ကျွန်မဆီထားခဲ့ပြီး စိတ်ချလက်ချသွားခဲ့တာပေါ့…..ငါ့မှာတော့တနေ့တနေ့ဒီဒုက္ခကနေမလွတ်နိူင်တော့ဘူးအေ….အဟင့်…အဟင့်….”
ထုံးစံအတိုင်းအမေက မရှိတော့သည့်အဖေ့ကို ငိုယိုကာတမ်းတပြောဆိုနေတော့သည်။
အစ်ကိုကား ဆဲဆို၍ဝပြီထင့်။ သူ့အိပ်ယာမှာ တခူးခူးအိပ်ပျော်နေချေပြီ။
ကျွန်မလည်းတနေ့တနေ့အစ်ကိုနဲ့ရန်ဖြစ်ရလွန်းသဖြင့်အိမ်မှထွက်ပြေးချင်စိတ်ပေါက်ကာ လူမှုကွန်ရက်မှာအလုပ်ရှာမိသည်။ကံအားလျော်စွာ စားသောက်ဆိုင်တစ်ခုတွင်စားပွဲထိုးအလုပ်ရသည်။ အမေကတော့ထုံးစံအတိုင်းမသွားစေချင်။ အမေ့ကိုသနားသော်လည်း အစ်ကိုရှိနေသောအိမ်တွင်မနေချင်တော့သဖြင့် ဆုံးဖြတ်ချက်ချကာ ထွက်လာခဲ့လိုက်သည်။
ဤသို့ဖြင့်တောင်ကြီးမှာ ၆လလောက်ကြာခဲ့သည်။ ရသမျှလစာကိုအမေ့ဆီလွဲလွဲပေးသည်။ တစ်နေ့အမေ့ဆီမှဖုန်းတစ်ကောဝင်လာသည်။
” ဟယ်လိုအမေ….”
” အေးသမီးအိတုံ….အမေပြောစရာရှိလို့….”
အမေ့အသံကတုန်ရီကာငိုသံစွက်နေသည်။
” ဟုတ်ပြောလေအမေ….အမေဘာဖြစ်လို့လဲအသံကတစ်မျိုးကြီးဘဲ….”
” နင့်အစ်ကိုလေ…..နင့်အစ်ကို….”
” အစ်ကို အငယ်လေးတွေကိုရိုက်ပြန်ပြီလားအမေ….အမေ့ကိုစိတ်ဒုက္ခပေးပြန်ပြီလား…..”
ကျွန်မကထင်ရာမေးမိသည်။ အမေက
” မဟုတ်ဘူးသမီး… နင့်အစ်ကို အရိုက်ခံရလို့သေပြီရှင့်……အီးဟီးဟီး…..”
” …….”
အမေ့စကားကြောင့် ကျွန်မအံ့ဩမိသည်မှလွဲ၍ ဝမ်းမနည်းမိချေ။
” သမီး…သမီးအိတုံ….နားထောင်နေသလား….”
အမေ့ခေါ်သံကြောင့် အသိပြန်ဝင်လာပြီး
” ဟုတ်…ဟုတ်ရှိတယ်အမေ…. ဘယ်လိုဖြစ်ရတာလဲ…”
” ထုံးစံအတိုင်းမူးရူးပြီး သူများကိုရန်သွားစလို့ ရိုက်ခံရတာပေါ့သမီးရယ်….နင့်အစ်ကိုက ကံဆိုးလွန်းပါတယ်အေ…အဟင့်….”
အမေက သူ့သားသေသွားသည့်အတွက် ဝမ်းနည်းနေပုံရသည်။ ကျွန်မကား မိသားစုကိုအမြဲတမ်းဒုက္ခပင်လယ်ဝေစေသော ဗွေဆိုးမရှိတော့သည့်အတွက် ဝမ်းသာနေမိသည်ကအမှန်။ ဆက်၍အမေက
” အဲဒါသူ့နောက်ဆုံးခရီးကို လိုက်ပို့ဖို့သမီးပြန်လာမှရမှာနော်….”
” အင်းပါအမေရဲ့…သမီးခွင့်ယူပြီးပြန်လာမှာပေါ့…. ဒါသမီးတို့ရဲ့ ဝဋ်ကြွေးကုန်ခြင်းဘဲ….အားရဝမ်းသာစွာနဲ့ပြန်လာဦးမှာ….”
” ဟဲ့….ဟဲ့…..”
” တူ….တူ…တူ….”
ကျွန်မကထိုသို့ပြောပြီး ဖုန်းချပစ်လိုက်သည်။ တစ်ပါးသူအမြင်မှာ ကျွန်မသည် မောင်နှမအချင်းချင်း သွေးစည်းချစ်ကြည်မှုမရှိဘူးဟုထင်ချင်ထင်လိမ့်မည်။ သို့သော် ကျွန်မအတွက်ကား အစ်ကိုဖြစ်သူသေဆုံးခြင်းသည် ကျွန်မအတွက်နတ်ဆိုးရန်မှလွတ်မြောက်ခြင်းပင်တည်း။ လွန်ခဲ့သောကာလများ၌ ကျွန်မနှင့်အငယ်နှစ်ယောက်သည် ဆဲဆိုခြင်း၊ထောင်းထုရိုက်နက်ခြင်း၊ ပတ်ဝန်းကျင်၏ ထိုးနှက်တိုက်ခိုက်အထင်မြင်သေးသည့် စကားများကို ခါးစည်းခံခဲ့ရသည်။ အမေသည်လည်း သားဆိုးကိုမွေးမိသည့်အတွက် သားပြုသမျှဒဏ်ကိုခံရသည်။ အဆဲအဆိုကိုခံရသည်။ ယခုမူကား ထိုဝဋ်ကြွေးမှ ကျွန်မတို့သားအမိကင်းလွှတ်ချေပြီ။
အစ်ကို၏နာရေး၌ အမေသည်ဝမ်းပမ်းတနည်းငိုကြွေးနေသည်။ အစ်ကို၏အခေါင်းဘေး၌ကား ဆေးလိပ်၊အရက်ပုလင်း ထားထားပေးသည်။ အရိုက်ခံထားရသဖြင့်အလောင်းမှာပုံစံပျက်နေသောကြောင့် အခေါင်းကိုအသေပိတ်ထားသည်။ သူ့နောက်ဆုံးခရီးကား အမေမှလွဲ၍ ဝမ်းနည်းမည့်သူမရှိ။ ကျွန်မ၏အာရုံကား လွန်ခဲ့သည့်အချိန်၌ ရိုက်နက်ဆဲဆိုတိုင်းထွာမှုများသာ ပြန်လည်သတိရနေသည်။ အမေ၏တားမြစ်သံ၊အငယ်နှစ်ယောက်၏ငိုကြွေးသံ၊အစ်ကို၏ဆဲဆိုကြိမ်းမောင်းသံများကိုသာ ပြန်ကြားနေရသဖြင့် ခေါင်းကိုသွင်သွင်ခါယမ်းလိုက်သည်။
” ခွမ်း…….”
အိမ်ရှေ့မှ လူစုလူရုံးသံနှင့်အတူ ရေအိုးခွဲလိုက်သံတို့ကြောင့်ကျွန်မအသိပြန်ဝင်လာသည်။
” ကဲ…ကြေးစည်တီးဟေ့….အလောင်းကိုသုဿာန်ပို့ကြမယ်…..”
ဟူသောအသံနှင့်အတူ အမေ၏
” အမလေးငါ့သားဆိုးသားမိုက်ကြီးရယ်….မင်းရဲ့ညီလေးနှမလေးနဲ့အမေ့ကိုထားရစ်ခဲ့ပြီလားကွယ်….နောင်ဘဝဆိုတာရှိခဲ့ရင်လေ ခုလိုအရက်ကျေးကျွန်ဘဝကနေကင်းဝေးပါစေငါ့သားရယ်….အဟင့်အဟင့်…. ”
ရှိုက်ကြွေးသံများကြားရသည်။ ကျွန်မကား အာရုံဆိုးတို့ကို အစ်ကိုနှင့်အတူအပြီးထည့်လိုက်တော့သည်။ ကျွန်မတို့၏ဘဝသည်ယခုအချိန်မှစပြီး ဆဲဆိုညှဉ်းပမ်းနှိပ်စက်မည့်လူမရှိတော့။ မူးလာတိုင်းရိုက်မည့်လူမရှိတော့။ အငယ်နှစ်ကောင်လည်း မိုးမွှန်အောင်ဆော့ပါစေ ဆူညံ၍ဆိုပြီးရိုက်နှက်မည့်လူမရှိတော့ချေ။
ကျွန်မအတွက်ကား ဤဗွေဆိုးအစ်ကိုဖြစ်သူ၏သေဆုံးခြင်းသည် နတ်ဆိုး၏လက်မှ လွှတ်မြောက်ခြင်းပင်တည်း။………။
( တချို့မိသားစုများတွင် မောင်နှမအရင်းဆိုသော်ငြား သူစိမ်းထက်ဆိုးသွမ်းသော ဗွေဆိုးမောင်နှများပါလာတတ်သည်။)
# ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ
# စာရေးသူ =ခွန်းအားလေးစားလျက်
Like&shareလေးနဲ့အားပေးသွားကြပါအူံး