ဘိုးတော်ပေ နှင့် သဒ္ဓါလွန်

ဘိုးတော်ပေ နှင့် သဒ္ဓါလွန်
(၁၅)
◾အခန်း (၁)
‌‌ပျဉ်းမပင်ရွာလေး၏အပြင်ရှိ တောင်ယာကွက်ထဲတွင် အိမ်တလုံးရှိသည်။တောင်ယာကွက်ထဲပင်ဖြစ်လင့်ကစား တဲထိုးမထားပဲ ခိုင်ခိုင်ခန့်ခန့်အိမ်‌ဆောက်နေထိုင်သူမှာ ပျဉ်းမပင်ရွာ သား လှငွေ ဆိုသူဖြစ်သည်။လှငွေသည် အိမ်ထောင်ကျပြီး‌ နောက် မိန်းမဖြစ်သူနှင့်အတူ တောင်ယာထဲတွင် သင့်တင့်သော အိမ်ကြီးကြီးဆောက်ကာ နေထိုင်ခြင်းဖြစ်သည်။တရွာတည်းနေမိန်းမဖြစ်သူမှာ လှငွေအား ချစ်ကြိုက်ပြီး ယူထားသူဖြစ်၍ လှငွေ၏ ဆုံးဖြတ်ချက်ကို လိုက်နာရသည်။မလိုက်နာ၍လည်း မဖြစ်ပေ။ညားကာစတွင် လှငွေအား ရွာတွင်နေထိုင်သော ယောက္ခမဖြစ်သူ၏အိမ်တွင် နေချင်ကြောင်းပြောဖူးသည်။
“ကိုလှငွေ ကျမတို့ ရွာက ရှင့်မိဘအိမ်မှာ နေကြမလားရှင်”
“ဟာ ရှုပ်ပါတယ် ဒီမှာလည်း အိမ်ကြီးအိမ်ကောင်းဆောက်ထားတာကိုကွာ “
“တော်ကလည်း ရွာထဲကအိမ်မှာ ရှင့်အဖေ နဲ့ ညီပဲရှိတာလေ “
“ညွန့်ညွန့် ငါ ပြောမယ် ငါကို ဒီယာကွက်နဲ့ ဒီအိမ်မှာပဲနေမယ် အဲ့ဒီအိမ်က ငါ့ညီ လှရွှေကို ပေးမှာ အိမ်တင် မဟုတ်ဘူးဟာ ငါ့အဖေပိုင်ဆိုင်သမျှတွေရောပဲ နင်နဲ့ ငါ ရွာထဲကအိမ်မှာ သွားနေတော့ နောက်ဆို နင် လောဘတက်မလာဘူးလို့ မပြောနိုင်ဘူး “
“တော်မို့ ပြောထွက်တယ်နော် “
“ငါ နင့်ကို သူများထက် အောက်မကျအောင်ထားနိုင်တယ် ။ အဲ့တော့ ငါ့အဖေ ပိုင်ဆိုင်မှုထဲက ဒီယာကွက်နဲ့ ဒီအိမ်ပဲ ငါ ယူမယ် နင့်မှာလည်း ဘာပါတာမှတ်လို့ “
ယောကျာ်း‌ဖြစ်သူ၏ တုတ်ထိုးအိုးပေါက်စကားများသည် ရင့်သီးလွန်းလှပေ၏။သို့ပေမဲ့ မတ်ဖြစ်သူနှင့် ယောက္ခမတို့မှာ သူမ အပေါ်ကောင်းကြသူများမို့ ဘာမှဆက်မပြောပဲတော့ပဲ ငြိမ်နေလိုက်ရသည်။လှငွေသည် အပြောဆိုးသလောက် အလွန် စိတ်ရင်းကောင်းသည်။သူမအပေါ်တွင်လည်း တာဝန်ကျေလွန်းလှပေသည်။အလိုလောဘမကြီးသော ညွန့်ညွန့်အဖို့ လှငွေနှင့် အိမ်ထောင်ရေး အဆင်ပြေလှ၏။သူမသည် ငပိရ၍ ဆားတက်ကျယ်သော လူမျိုးမဟုတ်သည်ကလည်း အဆင်ပြေရခြင်းထဲက တခုဖြစ်မည်ထင်၏။သူမတို့သည် လယ်မရှိယာမရှိ ကျောမွဲတယောက်ဖြစ်ပြီး အဒေါ်နှင့် နေသူဖြစ်၏။ယခု လှငွေနှင့် အိမ်ထောင်ကျပြီးနောက် တောင်ယာနှင့် အိမ်ကောင်းကောင်းနှင့် နေရပြီး ငွေရေးကြေးရေးအဆင်ပြေလှသည်။တောင်ယာထဲနေရသည် တခုသာရှိ၏။သို့ပေမဲ့ အေးအေးလူလူနေတတ်သောအကျင့်ကြောင့် များစွာအဆင်ပြေလေသည်။ညွန့်ညွန့်တယောက် မီးဖိုထဲတွင် ထမင်းအိုးတည်နေရင်းမှ အတိတ်ကအကြောင်းများအားတွေးနေစဉ် အိမ်အောက်မှ အသံတသံ ထွက်ပေါ်လာသဖြင့် ပြုံးလိုက်မိသည်။ထိုအသံရှင်သည် လှရွှေဖြစ်၏။
“ဗျို့ အမကြီးနဲ့ အကိုကြီး ဘယ်တွေ သွားနေကြတာလဲ တူမလေးရအောင်လုပ်ပါဆိုတော့လည်း အားကိုးမရ ကျုပ်တို့ လာတယ်ဗျို့ ဧည့်သည်တွေပါ ပါတယ် “
“အေး အေး ရွှေကြီးရေ တန်းလျားမှာ ထိုင်ဦး ငါ ရေနွေးကြမ်းနဲ့ အမြည်း ယူလာမယ် “
“ထမင်း ဒီမှာ စားမှာနော် အကိုကြီးရေ”
“နင့်အကိုကြီး ထယ်သွားထိုးတာ ပြန်မလာသေးဘူး “
အိမ်အောက်တွင်တော့ လှရွှေ ခေါ် ရွှေကြီးနှင့်အတူ ငွေတောင်ရွာမှ ပေတူးနှင့် ဖိုးတောတို့ပါ ပါလာသည်။ဧည့်သည် နှစ်ယောက်မှ အကိုဖြစ်သူ၏အိမ်ကို သွားချင်သည်ဆိုသော ကြောင့် သူလိုက်ပို့ခြင်း ဖြစ်သည်။မကြာသောအချိန်တွင် မရီးဖြစ်သူ ညွန့်ညွန့်မှာ ရေနွေးလင်ပန်းလေးယူလာပြီး စားပွဲပေါ်တွင် တင်လိုက်ကာ
“ကဲ ရွှေကြီးနဲ့ ဧည့်သည်လေးတွေ ရေနွေးကြမ်းသောက်ဦး ဒါနဲ့ ဧည့်သည်တွေက ဘယ်ရွာကလဲ “
“အမကြီး သူတို့က အထက်ရွာကဗျ”
“ဪ ဟုတ်လား “
“ဟုတ်ကဲ့ပါ အမကြီး ဒီဘက်က ပေတူးတဲ့ ဟော ဟိုဘက်က ဖိုးတော ဒီကောင်တွေက ကျုပ်ရဲ့အရေးတကြီးဧည့်သည်တွေပဲ ‌ဗျ အမကြီးသိတယ် မဟုတ်လား “
“သိပါတယ် ငါ့မောင်ရယ် မိစိုးရဲ့ အခြေအနေကရော ဘယ်လို ရှိလဲ “
“အရင်ကထက် ပိုသက်သာလာပါပြီ အမကြီး”
“ဝမ်းသာပါတယ်ဟယ် သူ့အဖိုးအဖွားတွေဆီကိုလည်း ဒီကလေးမ သိပ်မလာတော့ဘူးနော် “
“ကျုပ်ကို ကြောက်လို့နေမှာပေါ့ အမကြီးရာ “
ပေတူးနှင့် ဖိုးတောသည် ရွှေကြီးနှင့် ညွန့်ညွန့်တို့ စကားပြောနေသည်ကို နားထောင်နေကြသည်။ညွန့်ညွန့်သည် သဘော ကောင်းသော အမျိုးသမီးတယောက်ဖြစ်သည်ဆိုတာကို သူတို့သတိထားမိသည်။ထို့‌နောက် လေးယောက်သား ရေနွေးကြမ်းသောက်ရင်း ရပ်ကြောင်းရွာကြောင်းများပြောကာ ခဏအကြာ ညွန့်ညွန့်သည် သူတို့ ထမင်းစားရန်အတွက် ချက်ပြုတ်မည်ဆိုကာ မီးဖိုချောင်ဘက်သို့ ပြန်၀င်သွားလေသည်။များမကြာသောအချိန်တွင် ထယ်ခေါင်းကို နွားနှစ်ကောင် ကောက်ထားသော နွားတံပိုးပေါ်တင်ကာ ‌‌အိမ်သို့ မောင်းလာသော လှငွေအား သူတို့ တွေ့လိုက်ရသည်။လှငွေသည် အိမ်အောက်တွင်ရောက်နေသော ညီဖြစ်သူလှရွှေအား တွေ့သောအခါ အားရဝမ်းသာဖြင့် စကားဆိုလေသည် ။
“ငါညီ ရွှေကြီး မင်းနေကာမျက်မှန်ကြီး မပါဘူးလားကွ “
“အဘက မတတ်ခိုင်းတော့ဘူးဗျ ညဖက်ပါတပ်နေလို့တဲ့ သိမ်းထားတယ် “
“ငါ့ညီကတော့ ဖြစ်ရင်အဆန်းပဲ မင်း နေပူကြီးထဲလာတာ ခမောက်မပါဘူးလားဟ “
“အကိုကြီးရာ မပူပါဘူး “
“ဧည့်သည်တွေ‌ရော ပါတာလား”
“ဟုတ်တယ် အထက်ရွာက ကျုပ်အသိတွေလေ”
“ဟေ အထက်ရွာက ဟုတ်လား”
လှငွေသည် ပေတူးနှင့် ဖိုးတောကို မသိမသာအကဲခတ်ကြည့်လိုက်ရင်း အနည်းငယ်ပျက်သွားသော သူ၏မျက်နှာအား ပြန်ထိန်းလိုက်ကာ
“အေး ငါ့ညီတို့ ထမင်းစားပြီးမှပဲ ပြန်ကြကွာ အကို နွားဖြုတ်ပြီး ရေတခါတည်းတိုက်လိုက်ဦးမယ် “
“ဟုတ်ကဲ့ အကို “
ပေတူးနှင့် ဖိုးတောသည် သူတို့အားပြုံးရယ်ကာ စကားပြောနေသော လှငွေအား ‌ပြန်လည်ပြုံးပြလိုက်ပါလေတော့သည်။
◾အခန်း (၂)
သဘောကောင်းမနောကောင်းသည့် တောသူတောင်သားများ ဖြစ်သည်မို့ ညွန့်ညွန့်သည် လင်တော်မောင်လှငွေအား ဧည့် သည်ဖြစ်ကြသော ပေတူးနှင့် ဖိုးတောအား ဧည့်ခံချက်ပြုတ်ကျွေးမွေးရန် အိမ်တွင်မွေးထားသော ကြက်အား သတ်ရန် ပြောလေသည်။ထိုအခါ မြင်သားကြားသားမစားသော ဖိုးတောမှ
“အကိုကြီးနဲ့အမကြီး ကျုပ်က မြင်သားကြားသား မစားလို့ပါဗျ ရှိတာနဲ့ပဲ ကျွေးပါ ရပါတယ်”
“ဟုတ်ပ ညွန့်ညွန့်ရေ တို့အိမ်လာတဲ့ ဧည့်သည်တွေက အထက်ရွာကဆိုတာ မေ့သွားတယ် ငါ့ညီတို့ ရွာက တရွာလုံး အဲ့လိုပဲလား”
“ဟုတ်ပါတယ် အကိုကြီး”
“အဲ့တာကြောင့် ငါ စိတ်ပူတာ”
“ဗျာ အကိုကြီးလှငွေ ဘာပြောလိုက်တာလဲ “
ရုတ်တရက် လှငွေ၏ နှုတ်မှ ထွက်သွားသောစကားကြောင့် ဖိုးတော အံ့ဩတကြီးမေးလိုက်သည်။သို့ပေမဲ့ သူ၏စကားအမှားကို ပြန်လည်ထိန်းကြောင်းနိုင်စွမ်းရှိသော လှငွေသည်
“မဟုတ်ပါဘူးကွာ စိတ်ပူတယ်ဆိုတာ မင်းတို့အတွက် ရည် ရွယ်ပြီး ကြက်တွေဘာတွေ သတ်ပြီး ချက်ကျွေးနေမှာကို ပြောတာပါ တို့အောက်ရွာသားတွေက မင်းသိတဲ့အတိုင်း ဧည့်သည်လာရင် အိမ်မှာမွေးထားတဲ့ကြက်ကို သတ်ပြီး ချက်ကျွေးကြတာလေ “
“ဪ ဟုတ်ကဲ့ ရပါတယ် ကျုပ်တို့ တရွာလုံးကတော့ မြင်သား၊ကြားသားတွေ မစားကြဘူးဗျ”
“ကောင်းပါတယ်ကွာ “
လှငွေသည် အတော်ဟိတ်ဟန်ကောင်းသူဖြစ်ရာ ပေတူးနှင့် ဖိုးတော အကဲခတ်ကြည့်ရသလောက် မသင်္ကာစရာမတွေ့ရပေ။ သို့ပေမဲ့ အစီအရင်လုပ်သူမှာ သူကလွဲ၍ တခြားသူမဖြစ်နိုင်ပေ ။သူကိုယ်တိုင် မလုပ်နိုင်စွမ်းလျှင်တောင် တခြားသူတယောက်ကို လုပ်ခိုင်းသည်မှာ သေချာလှသည်။ထမင်းစားချိန်ရောက်သောအခါ လှငွေသည် ဧည့်သည်များ ထမင်းစားနိုင်ရန်အတွက် အိမ်အောက်တန်းလျားတွင် ပြင်ဆင်ပေးထားလေသည်။ ထို့‌နောက် လှငွေသည်
“ရွှေကြီးနဲ့ ညီလေးတို့ အကို အဘဆီကို ဟင်းလေးသွားပို့လိုက်ဦးမယ်ကွာ”
“အကိုကြီး အိမ်မှာ ဟင်းကောင်းတယ်ဗျ ဒီကောင်တွေက အကိုကြီးအိမ်သွားချင်တယ်ဆိုလို့သာ လိုက်ပို့တာ “
“အဘက ဖရုံသီးကြော် ကြိုက်တယ်ကွ ငါသွားပို့လိုက်မယ် မင်းတို့ နေအေးမှ အိမ်ပြန်မယ် မဟုတ်လား “
“အိမ်မှာလည်း ဖရုံသီးကြော်ပါတယ် အကိုကြီးရ “
“ရွှေကြီးကလည်းကွာ ငါ အဘဆီသွားချင်လို့ပါ သွားပြီ”
လှငွေသည် သုတ်သီးသုပ်ပျာနှင့် ရွာဘက်သို့ ထွက်သွားလေသည်။မကြာမီ အိမ်နောက်ဖေးမှ ဟင်းတခွက်ကို သယ်လာသော ညွန့်ညွန့်သည်
“ရွေကြီး နင့်အကိုကြီးရော “
“အဘဆီ ဟင်းသွားပို့မလို့ဆိုပြီး ထွက်သွားတာပဲ “
“အယ် ဟင်းက ဒီမှာလေ ကိုလှငွေ ဒီနေ့ အယောင်ယောင်အမှားမှားနဲ့ ဘာတွေဖြစ်နေတာလဲ မသိပါဘူးဟယ် “
ညွန့်ညွန့်သည် ဖရုံသီးဟင်းခွက်ကို စားပွဲပေါ်တင်ပြီး ငြီးငြူ နေလေသည်။ပေတူးသည်က ထိုင်နေရာမှ ထလိုက်ပြီး ညွန့်ညွန့်ယူလာသော ဟင်းခွက်အား ကောက်ယူလိုက်ကာ
“ကိုရွှေကြီးနဲ့ အမကြီး ကျုပ် ကိုကြီးလှငွေကို ဟင်းခွက်လေး လိုက်ပေးလိုက်ဦးမယ် “
ပေတူးသည် ထိုင်နေသော‌ရွှေကြီးတို့၏ ခွန်းတုန့်ပြန်စကားကို မစောင့်ပဲ လှငွေထွက်သွားရာနောက်သို့ ပြေးလိုက်သွားပါလေတော့သည်။
◾အခန်း (၃)
လှငွေတယောက် ဖခင်ကြီး၏အိမ်သို့ ဟင်းသွားပို့မည် အကြောင်းပြကာ ထွက်လာခြင်းဖြစ်ပြီး ဟင်းခွက်မပါသည်ကို ပင် သတိမမူဖြစ်သွားသည်။အထက်ငွေတောင်ရွာမှ ကောင်လေးနှစ်ယောက် ရောက်နေသည်ဆိုကတည်းက သူ မလုံမလဲ ဖြစ်မိသည်။ထိုကောင်လေးနှစ်ယောက်၏သွင်ပြင်မှာ ရွာထဲက ကောင်လေးများကဲ့သို့မဟုတ် အနေအထိုင်တည်ကြည်ပြီး မျက်လုံးစူးရှုသည်။သူတို့နှစ်ယောက် သူ့အား ကြည့်နေသည့် အကြည့်မှာ သာမာန်သဘောရိုးဖြင့် ကြည့်သောအကြည့်မဟုတ်နိုင်ပေ။တခုခုကို သေချာသိထားသောအကြည့်များသာ ဖြစ်၏ ။ ထို့ကြောင့် သူ၏အိမ်ကိုရောက်နေသော အထက်ရွာမှ ကောင်လေးနှစ်ယောက်နှင့် မျက်နှာချင်းမဆိုင်ချင်သည့်အတွက် ဖခင်ကြီး ကြိုက်တတ်သော ဟင်းခပ်ပို့မည်ဟု ပြောကာ ထွက်လာခဲ့ခြင်းသာ ဖြစ်သည်။ထိုစဉ်
“ဗျို့ ကိုကြီးလှငွေ ခဏစောင့်ပါဦးဗျ”
သူ၏ကျောဘက်မှ ခေါ်သံကြား၍ နောက်သို့ လှည့်ကြည့်လိုက်ရာ ဟင်းခွက်ကိုကိုင်ထားပြီး သူ့ဆီလာနေသော ဧည့်သည်ကောင်လေးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ထို့ကြောင့် လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး
“အေး ငါ့ညီ ဘာဖြစ်လို့တုန်းကွ”
“ဘာမှ မဟုတ်ပါဘူးဗျာ ဒီမှာ အကိုကြီးက ဟင်းခွက်မေ့သွားလို့ လိုက်ပို့တာ “
“ဪ ဟုတ်သား “
“ရော့ ကျုပ်ဗိုက်ဆာနေပြီဗျာ ပြန်လိုက်ဦးမယ် ဟိုမှာ ကိုရွှေကြီးတို့က ထမင်း‌စားဖို့ စောင့်နေတာ “
“အေး သွား သွား “
ဧည့်သည်ကောင်လေး လိုက်ပေးသော ဟင်းခွက်လေးကိုကိုင်ကာ လှည့်ပြန်သွားသော ဧည့်သည်ကောင်လေးကို ကြည့်ပြီး ကိုလှငွေတယောက် သက်ပျင်းချလိုက််မိသည်။ထို့‌နောက်သူ တွေးလိုက်သည်မှာ
“တော်သေးတာပေါ့ သူတို့က အထက်ရွာကဆိုတာနဲ့ ဒီကောင်လေးတွေကို သံသယဖြစ်နေတာ “
ထို့နောက် လှငွေသည် ဟင်းခွက်ကလေးကိုကိုင်ပြီးဖခင်ကြီး၏နေအိမ်သို့ သွားသည်။သူမမြင်လိုက် မတွေ့လိုက်သည်က သူ့အားကျောခိုင်းသွားနေသော ပေတူး၏ မျက်နှာမှ သဘောကျဟန်ပြုံးနေသော အပြုံးကိုသာ ဖြစ်ပါလေတော့ သည်။
◾အခန်း (၄)
ညနေစောင်းသောအခါ ဖိုးတောနှင့် ပေတူးသည် လှငွေ၏ အိမ်မှနေ၍ ရွှေကြီးနှင့်အတူ ပြန်လိုက်ကြသည်။ဖခင်ဖြစ်သူထံ ဟင်းသွားပို့သော လှငွေသည်လည်း စောစောပြန်ရောက်လာပြီး သူတို့နှင့်အတူ စကားအကြာကြီးပြောဖြစ်ကြသည်။ညအိပ်ဖို့အထိပြောသော်လည်း ရွာထဲ၌သာ အိပ်မည်ဟုပြောကာ ပြန်လာခဲ့ခြင်းဖြစ်သည်။နေအေးပြီမို့ လမ်းလျှောက်ရသည်မှာ အေး အေးလူလူ ရှိလှပေသည်။ထို့နောက် လမ်းလျှောက်လျှင် မြောက်ကြွမြောက်ကြွလျှောက်တတ်သော ရွှေကြီးအား ပေတူးမှ စကားဆိုလိုက်၏ ။
“ကိုရွှေကြီး မနက်ဖြန်မနက်ကို ကျုပ်တို့ တကယ်ပြန်မှာနော် “
“အေးပါကွာ မင်းတို့ နောက်လည်းလာခဲ့ကြဦး “
“ကိုရွေကြီးက ကျုပ်တို့ကိုပဲခေါ်နေတယ် ခင်ဗျားကရော ကျုပ်တို့ရွာကို လာဖို့ အစီအစဉ်မရှိဘူးလား”
“ဟိုးတုန်းကတော့ အမြဲလာတယ်ကွ ဖိုးတောသိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အထက်ရွာက အခုလိုမဟုတ်ဘူးကွ သူလိုငါလိုရွာပဲ အဲ့တုန်းကတော့ ရောက်ဖြစ်တယ်။နောက်ပိုင်းကြတော့ “
ရွှေကြီးသည် စကားပြောနေရင်းမှ သက်ပျင်းတချက်ကို လေးပင်စွာ ချလိုက်သည်။ထို့နောက် သူ စကားမဆက်ခင် ဖိုးတောမှ ဝင်၍ စကားဆိုလေသည် ။
“နောက်တော့ အမမိစိုး လင်ရသွားတာနဲ့ မလာ‌တော့တာ မဟုတ်လား”
“အဲ့တာက အဓိကပေါ့ ငါ့ကောင်ရာ သူ အပျိုတုန်းက ငါအမြဲတမ်းငေးကြည့်နေလို့ သင့်တယ်လေကွာ။အိမ်ထောင်ကျပြီးတော့ မသင့်တော့ဘူးကွ ငါ့ကြောင့် မိစိုး စိတ်အနှောက် အယှက်ဖြစ်မှာ အကြောက်ဆုံးပေါ့ကွာ “
ဖိုးတောနှင့် ပေတူး ရုပ်နှင့်မလိုက်ဖက်စွာ ခပ်ဆွေးဆွေးစကားဆိုနေသော ရွှေကြီးအား သေချာကြည့်လိုက်မိသည်။ ထို့နောက် ပေတူးသည်
“ကိုရွှေကြီး နောက်လပြည့်နေ့ ကျုပ်တို့ရွာကို လာခဲ့ပါလားဗျ ကျုပ်က ဘုန်းကြီးကျောင်းမှာနေတာ ခင်ဗျားအတွက် အကျိုးရှိစေရမယ် တခုတော့ရှိတယ်နော် ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပေးသိလို့တော့ မဖြစ်ဘူး “
“ဘာဖြစ်လို့လဲကွ “
“အမမိစိုးကိစ္စနဲ့ ပတ်သက်နေလို့ပေါ့ဗျာ ဘယ်သူမှ သိလို့တော့မရဘူး ခင်ဗျားကတိပေးလား”
ရွှေကြီးသည် သူချစ်ရသော မိစိုးအကြောင်းဖြစ်နေ၍ ခေတ္တစဉ်းစားလိုက်ပြီး
“နေပါဦး ကောင်းတာလား ဆိုးတာလား”
“ဆိုးတာဆို ကျုပ်တို့က တကူးတကခေါ်မလားဗျာ “
“အေး အဲ့တာလည်းဟုတ်တာပဲ မင်းတို့ကောင်တွေ မဟုတ်တာတော့ မလုပ်ဘူးဆိုတာ ငါယုံတယ် လာခဲ့မယ်ကွာ”
“လာခဲ့ဗျာ အကြောင်းထူးစေရမယ်လို့ ကျုပ်တို့ ကတိပေးတယ် “
“အေးပါကွာ ငါ မင်းတို့ကို ယုံပါတယ် စိတ်ချ ငါ့အဘနဲ့ ငါ့အကိုကြီးကိုတောင် မပြောဘူးကွာ”
“အခုချက်ချင်း မပြော‌ခိုင်းတာပဲရှိတာပါဗျာ နောက်ဆို သူတို့လည်းသိမှာပါ “
“အေးကွာ သွက်သွက်‌လေးလျှောက် မင်းတို့အတွက်ရယ် မိစိုးတို့အိမ်အတွက်ရယ် ထည့်ပေးဖို့ ပြင်ဆင်ရဦးမှာ “
ဤသို့ဖြင့် ပေတူးတို့သုံးယောက်သည် ရွာထဲသို့ ခပ်သွက် သွက် လမ်းလျှောက်လိုက်ကြပါတော့သည်။
◾အခန်း (၅)
အောက်ရွာမှ ရွှေကြီးပေးသောလက်ဆောင်များကို ယူကာ ပေတူးနှင့် ဖိုးတောတို့နှစ်ယောက် ရွာသို့ပြန်လာခဲ့ကြသည်။ရွာပြန်ရောက်ချိန်သည် နေဝင်လုလုအချိန် ရောက်ပြီ ဖြစ်သည် ။ပေတူးမှာ သူ ကြံစည်ထားသောအကြောင်းကို လမ်းတွင် ဖိုးတောအား ပြောပြပြီးဖြစ်သည်။သူ၏အကြံအစည်ကိုလည်း ဖိုးတောမှ သဘောကျလက်ခံသည်။ထိုအတွက် အကြံအစည်အတိုင်း အလုပ်လုပ်ဖို့ တွေးထားကြ၏။ထို့နောက် ခွဲတောင်းများကို တယောက်တတောင်းစီထမ်းကာ ရွာအပြင်မှ ဦးဝင်းကျော်၏အိမ်ထဲသို့ ဝင်သွားကြလေသည်။အိမ်ထဲရောက်သည် နှင့် ထုံးစံအတိုင်း မနှစ်မြို့မလိုလားသော ဦးဝင်းကျော်၏ စကားသံမှ ဆီးကြိုနေလေသည်။
“မင်းတို့ကောင်တွေ ဘာလာလုပ်ပြန်တာလဲ အိမ်မရှိဘူးလား “
“မဟုတ်ပါဘူးဗျ ကျုပ်တို့အောက်ရွာက ပြန်လာတာ ဦးကြီးကို အောက်ရွာက လူတယောက်က လက်ဆောင်အကြုံ ပေး လိုက်လို့ လာပေးတာပါ”
“မလိုချင်ဘူး ဟေ့ကောင် မင်းတို့ယူလာတဲ့ဟာတွေ မင်းတို့ပြန်ယူသွားကြကွာ “
“ဦးကြီး ခင်ဗျားစိတ်ကို လျှော့စမ်းပါဗျာ ခင်ဗျားသိအောင် ပြောရအုံးမယ် ခင်ဗျားသမီးက သူယောက်ျားသေလို့ ရူးနေတာ မဟုတ်ဘူးဗျ”
“မင်းက ဘာသိလို့ ဒီစကားပြောရတာလဲ “
“ကျုပ် တကယ်ပြောတာ ဦးကြီးသမီး အခုလို ဘာကြောင့်ဖြစ်နေတာလဲဆိုတာ ကျုပ်သိတယ် “
“ပေါက်ကရတွေ မပြောစမ်းနဲ့ကွာ သွား ငါ့ခြံထဲက ထွက်သွားတော့ “
“ဦးကြီး ကျုပ် တခုလောက်မေးချင်တယ် အမမိစိုး သန်း ခေါင်ကျော်အချိန်ကြီး သင်္ချိုင်းထဲကို တယောက်တည်းသွားနေတာ ဦးကြီး သိလား ပြောပါဦး အဲ့တာကို ဦးကြီးက ရိုးရိုးသားသားလို့ပဲ ထင်နေတာလား”
ပေတူး၏စကားကြောင့် ဦးဝင်းကျော် အနည်းငယ်မျက်စိမျက်နှာ ပျက်သွားသည်။သို့သော် ပျက်သွားသောမျက်နှာအား ‌ဒေါသနှင့် ဖုံးလိုက်ကာ
“ဟေ့ကောင်တွေ မင်းတို့ရဲ့ပေါက်ကရစကားတွေကို ဒီမှာတင်ရပ်ပြီး ငါ့ခြံထဲကနေ ပြန်ထွက်တော့”
“ဦးလေး ဒေါသကိုလျှော့စမ်းပါဗျာ ဒေါသကြီးတာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး”
“မင်းတို့ကောင်တွေက ဘာကောင်တွေမို့ ငါ့ကိုဆရာလာလုပ်နေတာလဲ “
ဦးဝင်းကျော်၏ အတ္တဖုံးနေသောစကားများကြောင့် အခြေ အနေမကောင်းနိုင်ဘူးဆိုသည်အား သိသော ဖိုးတောသည် ပေတူး၏ အနားကပ်သွားကာ
“ပေတူး အခြေအနေကမကောင်းဘူး တော်ကြာ အမမိစိုးနဲ့ ဝင်းအောင် ကြားသွားရင်မကောင်းဘူး “
ဖိုးတောစကား၏ အဓိပ္ပါယ်ကိုနားလည်သော ပေတူးသည် ထမ်းထားသောခွဲတောင်းအား မြေပြင်တွင် ချလိုက်ကာ
“ဦးကြီးဝင်းကျော် ဒေါသပြေသွားတဲ့အချိန် ကျုပ်ပြောတဲ့စကားကို သေချာစဉ်စားပါဗျာ တရားသိတဲ့ အမမိစိုးက ယောကျာ်းသေရုံနဲ့ ရူးမယ်လို့ ခင်ဗျားထင်နေလား ပြီးတော့ အမမိစိုး အချိန်မတော် သင်္ချိုင်းကိုသွားနေတာ ဦးကြီးက ဘာလို့မသိရတာလဲဆိုတာ ‌ပြန်စဉ်းစားဗျာ ကျုပ် သွားပြီ ဒါ အောက်ရွာက ကိုရွှေကြီး ဦးကြီးတို့အတွက် ပေးလိုက်တဲ့ လက်ဆောင်တွေ ကျုပ် ထားခဲ့ပြီ”
‌ပေတူးသည် ဦးဝင်းကျော်၏ ခွန်းတုံ့ပြန်စကားကို မစောင့်တော့ပဲ သူ ပြောလိုသည့်စကားများကို တရပ်စပ်ပြောလိုက်ကာ ဖိုးတောနှင့်အတူ ခြံအပြင်သို့ထွက်သွားပါလေတော့သည် ။
◾အခန်း (၆)
ငွေတောင်ရွာအပြင်ရှိ ဥယျဉ်ခြံဝန်းထဲတွင်နေထိုင်သော ဦးဝင်းကျော်သည် အိမ်အောက်တန်းလျားတွင် ထိုင်နေသည်။သူသည် တန်းလျား၏ကျောမှီကို မှီထားပြီး ဆေးပေါ့လိပ်တလိပ်ကိုခဲကာ အတွေးနယ်ချဲ့နေသည်။ညနေကလာသည့် ကောင်လေးနှစ်ယောက်၏စကားတွေကို ပြန်တွေးနေခြင်းလည်း ဖြစ် သည်။ကောင်လေးပြောသည်မှာ ဟုတ်တော့လည်းဟုတ်သည်။မိစိုးသည် စိတ်ဓာတ်ကြံခိုင်သူဖြစ်ပြီး မောင်ဖြစ်သူနှင့် ဖိခင်ဖြစ်သူအား အတော် သံယောဇဉ်ရှိလှပေသည်။ယောကျာ်းဖြစ်သူအား ဆုံးရှုံးရုံနှင့် ရူးသွားသည်အထိဖြစ်ဖို့ရာ ခဲယဉ်းသည်။ထိုအကြောင်းကို ကျောင်းသားကောင်လေးပြောမှသာ သူ တွေးမိ သွားသည်။ငွေတောင်ရွာသားများနှင့် ရွာဦးကျောင်းဘုန်း‌ကြီးအား ဒေါသဖြစ်မိပြီး မုန်းတီးကာ ယခုကဲ့သို့ မတွေးတောနိုင်ပဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။လွန်ခဲ့သောကာလများတွင် ရွာသားများနှင့် ဘုန်းကြီးတို့မှ လာရောက်တောင်းပန်ပြီး ပြောပြခဲ့သော်ငြား မုန်းတီးနေသူများဖြစ်သည့်အလျောက် သူတို့၏စကားကို နားမဝင်ခဲ့ပေ။ယခု ငွေတောင်ရွာသားမဟုတ်သော ဘုန်းကြီး ကျောင်းသားစကားကိုဖြင့် သူ တွေးတောဆင်ခြင်မိနေသည်။ကျောင်းသားလေးပြောသွားသည့် နောက်တချက်မှာ သမီးဖြစ်သူ ရွာသင်္ချိုင်းသို့ အချိန် မတော်သွားသည့်ကိစ္စ ဖြစ်သည်။အချိန်ပြည့် နေ့ရက်တိုင်းတွင် စောင့်ကြည့်နေသော်လည်း တကယ်တမ်း သူမ သွားသောရက်များတွင်တော့ မသိလိုက်ပေ ။အိပ်ပျော်သွားသဖြင့် ပြန်လာမှသာ သိရ၏။ထိုအရာကလည်း ယခု ပြန်တွေးကြည့်တော့မှ ထူးဆန်းလို့နေပေသည်။ဒေါသသည် အမှန်တရားကိုမတွေ့နိုင်ပေ။ထိုအတွက် ဒေါသကိုလျော့ရမည်ဟု စဉ်းစားနေစဉ်
“အဖေကြီး ထမင်းစားတော့မလား”
“ဪ အေး ဝင်းအောင် အဖေ ထမင်းစားတော့မယ်ကွာ မင်းအမရော ဘာလုပ်နေလဲ “
“အမက ထမင်းစားပြီးလို့ အိပ်တောင်အိပ်နေပြီ “
“ဪ အေး အေး ဒါနဲ့ ဘုန်းကြီးကျောင်းသားကို မင်းဘယ်လိုမြင်လဲ “
“အဲ့ဒီလူက လူကောင်းဖြစ်မဲ့ပုံပါ ပြီးတော့ ရွာကလူတွေနဲ့မတူဘဲ သူက တရားသိပ်မလုပ်သလိုပဲ “
“ဒီရွာက လူတွေက ဘယ်သူနဲ့မှကို မတူတာဟေ့ ကဲ ကဲ ထမင်းသွားစားကြအောင် မနက်ဖြန်ကျရင် ကျောင်းသားကို သွားခေါ်ပေးစမ်းကွာ “
“ဗျာ “
ဝင်းအောင်တယောက် ဖခင်ဖြစ်သူထံမှ မထင်မှတ်ထားသော စကားကိုကြားလိုက်ရသည့်အတွက် ထူးဆန်းအံ့ဩ၍ ဗျာ သာတလိုက်မိပါတော့သည် ။
◾အခန်း (၇)
“ဟေ့လူ ကျောင်းသား “
“ဪ ဝင်းအောင် လာလေကွာ ထိုင် “
“မထိုင်တော့ဘူး ကျုပ်အဖေက ခင်ဗျားကိုခေါ်ခိုင်းလိုက်လို့ အားရင်အိမ်လာခဲ့အုံး တယောက်တည်းလာခဲ့”
“ဪ အေး အေး ဘာလို့များ”
“အဲ့တာတော့ ကျုပ်လည်း မသိဘူး ကျုပ် ပြန်ပြီ”
ကျောင်းထဲတွင် တံမြက်စည်းလှည်းနေသော ပေတူးထံ ရောက်ချလာသူမှာ လွယ်အိတ်ကိုစလွယ်သိုင်းထားသည့် ဦးဝင်းကျော်၏သား ဝင်းအောင်ဖြစ်သည်။ဝင်းအောင်သည် သူပြောရမည့်စကားကိုလိုရင်းတိုရှင်းပြောကာ ကျောင်းဝန်းအပြင် သို့ ပြန်လည်ထွက်ခွာသွားလေသည်။ပေတူးသည် တံမြက်စည်းကို ကိုင်ပြီး ဝင်းအောင်၏ကျောပြင်အား ငေးကြည့်နေမိစဉ်
“မောင်ကျောင်းသား”
“ဘုရား “
“ခုနက ဒကာဝင်းကျော်ရဲ့သားလားလို့ ထူးထူးဆန်းဆန်း ကျောင်းကို ဘာလာလုပ်တာလဲကွယ့်”
“ဦးကြီးဝင်းကျော်က တပည့်တော်ကို အခေါ်လွှတ်လိုက်တာပါဘုရား”
“တယ်လည်း ဆန်းပါလား ရွာသားတွေနဲ့ မျက်နှာချင်းတောင် မဆိုင်ချင်တဲ့ ဒကာဝင်းကျော်က မောင်ကျောင်းသားကို ခေါ်တယ်ဆိုတော့ အကြောင်းရှိလို့လား”
ဆရာတော်သည် ပေတူးအား မေးမြန်းနေခြင်း ဖြစ်သည်။ ထို့နောက် ပေတူးသည် သူ သိထားသည့် သင်္ချိုင်းမှအစီအရင်အကြောင်းအား ဆရာတော်ထံ လျှောက်ထားပြီး သူတို့ကြံစည်ထားသောအစီအစဥ်များကိုပါ လျှောက်တင်လေရာ ဆရာတော်သည် နားထောင်နေရင်းမှ ဦးခေါင်းကိုညိတ်၍ ပေတူး၏စကားဆုံးသည်နှင့် မိန့်မှာတော်မူလေသည် ။
“မောင်ကျောင်းသား လောကီအတတ် ဘာတတ်လဲ “
“မှန်တာပြောရရင် တပည့်တော် ဘာတခုမှ မတတ်မြောက်သေးပါဘူး ဘုရား “
“ခက်တော့ ခက်ချေပြီ ဒီကိစ္စမျိုးတွေက လောကီအစီအရင်လိုတယ် အင်း ဒကာကြီးဝင်းကျော် တို့များရွာကို သံသယရှင်းဖို့ အရေးဆိုတော့ ဘုန်းကြီး ပြန်မသုံးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ပညာတွေ ပြန်သုံးရဦးမှာပဲလေ ကဲ ကဲ မောင်ကျောင်းသား ခဏနေရင် ကျောင်းပေါ်တက်ခဲ့ပေတော့ “
“တင်ပါ့ဘုရား တပည့်တော် တက်ခဲ့ပါမယ်ဘုရား”
စင်စစ် ဆရာတော်သည် လူ့ဘ၀တွင် လောကီအတတ်ပညာကို တဖက်ကမ်းခတ်အောင် တတ်မြောက်ထားသောသူတယောက် ဖြစ်သည်။လောကီပညာနှင့် သမထလမ်းစဉ်သည် သံသရာမှ လွတ်ကြောင်းတရားမဟုတ်မှန်း သိသွားသောအချိန်တွင် ဘုန်း‌ကြီးဝတ်ကာ တရားတော်ကို တစိုက်မတ်မတ်ကျင့် ကြံနေသူဖြစ်၏။ အတိတ်က တတ်မြောက်ခဲ့သော လောကီ ပညာရပ်များအား အသုံးမချတော့ဟု ဆုံးဖြတ်ထားသော်လည်း အကြောင်းတရားတခုကြောင့် ထိုပညာအား ပြန်လည်အသုံးပြုရတော့မည်ဖြစ်၏။ပေတူးသည် တံမြက်စည်းအမြန်လှည်းကာ ကျောင်းပေါ်သို့ တက်သွားလိုက်သည်။ကျောင်းပေါ်ရောက်ချိန်တွင်‌တော့ ဆရာတော်သည် သံဃာစင်အောက်တွင်ထိုင်ကာ စာပွဲခုံပုလေးတွင် တခုခုကို ခဲတံဖြင့် ရေးနေသည်။ပေတူး လာသည်ကိုပင် ဂရုမပြုနိုင်ပဲ အလွန်အမင်းအာရုံစိုက်၍ ရေးနေ သည်။ထို့ကြောင့် ပေတူးသည် အလိုက်သိစွာပင် ဆရာတော်ရေးမှတ်နေသည်ကို မြင်နိုင်သည့်အနေထားတွင် ထိုင်နေ၏။ ပေတူးသည် ဆရာတော်ရေးနေသော စာရွက်လေးများပေါ်မှ အကွက်ကျကျဆွဲထားသော မျဉ်းကြောင်းနှင့် အတွင်းထဲမှစာလုံးလေးများကို သေချာကြည့်နေရာ စာလုံးကလေးများ သည် လှုပ်ရှားနေသည်ဟု မြင်လာသည်။မျက်လုံးအား ပွတ်ကြည့်သော်လည်း မြင်ကွင်းမှာ ပြောင်းမသွားဘဲ စာလုံးများမှာ စာရွက်ပေါ်အထိ ရုပ်လုံးကြွလာကာ အမှန်တကယ်ကို လှုပ်ရှားနေခြင်းဖြစ်သည်။သူ ထူးဆန်းအံ့ဩစွာ ကြည့်နေစဉ် ဆရာတော်မှ ချောင်းဟန့်သံတချက်ပြုလိုက်ချိန် ပေတူး၏ မြင်ကွင်းထဲတွင် စာလုံးလေးများသည် အောက်သို့ပြန်ကျပြီး စာရွက်ပေါ်တွင် သာမာန်စာလုံးလေးများသာ ပြန်ဖြစ်သွားသည်။ထို့နောက် ဆရာတော်သည်
“မောင်ကျောင်းသား”
“ဘုရား”
“ရော့ ဒီစာရွက်လေးနှစ်ရွက်ကို ယူထား တရွက်ကို ဒကာကြီးဝင်းကျော်ကို ပေးလိုက် တရွက်ကို မောင်ကျောင်းသား ဆောင်ထားပေတော့ “
“တင်ပါ့ဘုရား ဘယ်လိုအသုံးချရမယ်ဆိုတာ မိန့်ပါဦးဘုရား”
“အသုံးချရတာထက် အဆောင်ဆိုရင် ပိုမှန်မယ် မောင်ကျောင်းသားရဲ့ ဒီအင်းကိုဆောင်ထားရင် တခြားလောကီအတတ်နဲ့ ပြုစားထားတာတွေမှန်သမျှကို ပယ်ဖျက်ပေးလိမ့် မယ်ကွယ့် “
“တင်ပါ့ဘုရား တပည့်တော် နားလည်ပါပြီး”
“ကဲ ကဲ ဒကာကြီးဝင်းကျော်ခေါ်ထားတယ် မဟုတ်လား သွားလိုက်ဦး”
“တင်ပါ့ဘုရား “
‌ပေတူးသည် ဆရာတော်စွန့်သော အင်းနှစ်ချပ်ကို အိပ်ကပ်ထဲထည့်လိုက်ကာ ဆရာတော်အား ရှိခိုးဦးချပြီးနောက် ကျောင်းပေါ်မှ ဆင်း၍ ဦးဝင်းကျော်၏အိမ်သို့ ခြေဦးလှည့်လိုက်ပါလေတော့သည် ။
◾အခန်း (၈)
ရွာအပြင်ရှိ ဦးဝင်းကျော်၏ခြံထဲသို့ ပေတူး ဝင်သွားသည်။ ယခု တခါလာသည်မှာ ခြံရှင်ဦးဝင်းကျော်ကိုယ်တိုင်ဖိတ်ကြားထားသည်မို့ မည်သည့်ပြဿနာမှမတက်နိုင်ဟု သူ တွေးထားသည်။ဦးဝင်းကျော်၏ အိမ်ရှေ့ရောက်ချိန် အိမ်အောက် တန်းလျားတွင်ထိုင်ပြီး ရေနွေးသောက်နေသော ဦးဝင်းကျော်မှာ အရင်နှင့်မတူဘဲ ပြူငှာစွာကြိုဆိုလေသည် ။
“ကဲ ကျောင်းသား လာ ထိုင် မင်းအတွက် ရေနွေးအမြည်းကောင်းကောင်း‌လေး လုပ်ပေးထားတယ် “
“ဟုတ်ကဲ့ ရပါတယ် ဦးကြီး ကျုပ်ကို လာခွင့်ပြုတာကိုပဲဝမ်းသာလှပါပြီ “
“ငါ မင်းပြောတာတွေကို တွေးနေမိတာ မင်းပြောတာ ဟုတ်တယ် ငါ့သမီးက စိတ်သိပ်မာတာ သေခြင်းတရားကိုလည်း သူ ကောင်းကောင်းလက်ခံထားတယ် မမျှော်လင့်ပဲ သူ့ယောက်ျားဆုံးတာကို မြင်လိုက်ရတဲ့အတွက် အတော်ကို စိတ်မသာမယာဖြစ်မှာ ငါ သိပါတယ်။ဒါပေမဲ့ ရူးသွားတဲ့အထိတော့ မဖြစ်နိုင်ဘူး။နောက်တချက် သူက အများအမြင်မှာ ရူးနေတယ်ဆိုပေမဲ့ သူ လုပ်ရမဲ့ ထမင်းဟင်းချက်အိမ်မှု့ကိစ္စတွေကိုတော့ အကုန်လုပ်နိုင်တယ် အချုပ်ပြောရရင် ငါ့သမီးက သူ့ယောကျာ်းသေရုံနဲ့တော့ ရူးသွားမဲ့သူမျိုး မဟုတ်ဘူး “
“ဟုတ်တယ် ဦးလေး ကျုပ်က သေချာသိပြီးလို့ ပြောရတာ အိမ်မှာ အခု အမမိစိုးရှိလား “
“မရှိဘူးကွ သူ့မောင်နဲ့ လယ်ပတူရွက် သွားခူးတယ်”
“ဦးလေး ပြီးခဲ့တဲ့လပြည့်နေ့က အမမိစိုးလာနေကြ ကိုမျိုးကျော်ရဲ့အုတ်ဂူဘေးမှာ ကျုပ် စောင့်ကြည့်ခဲ့တယ်”
“ဟေ ဟုတ်လား “
“ဟုတ်တယ် အမမိစိုးက အုတ်ဂူပေါ်ကနေ ကိုမျိုးကျော် သူ့ကို စကားပြောနေတယ်ပဲ ထင်နေတာ “
“ဘာကြောင့်ပြောနိုင်ရတာလဲ ငါ့တူက”
“ဘာကြောင့်လဲဆိုတော့ အမမိစိုးပြောစကားတွေအရ ရွာထဲက လူတွေနဲ့စကားမပြောဖို့ ပြီးတော့ “
“ပြီးတော့ ဘာဖြစ်လဲပြောစမ်းပါဦး ငါ့တူရ “
ပေတူးသည် သူတွေ့မြင်ခဲ့ကြားခဲ့ရသော အကြောင်းအရာများကိုပြောနေရင်းမှ ကိုလှရွှေအား ယူခိုင်းသည့်အကြောင်းကို ပြောသင့်မပြောသင့် စဉ်းစားနေသည်။သို့ပေမဲ့ ဦးဝင်းကျော်မှ ဆက်ပြောဖို့ရာ တွန်းအားပေးနေသဖြင့် သက်ပျင်းတချက်ကို ချလိုက်ကာ
“အောက်ရွာက ကိုလှရွှေကို ယူခိုင်းနေတာပါ “
“ဘာ ငါနားမလည်ဘူး “
“ဒီလိုပါဦးကြီး အမမိစိုးက အုတ်ဂူပေါ်မှာ ထိုင်ပြီး သူ့ကိုစကားပြောနေတဲ့သူကို ကိုမျိုးကျော်လို့ မြင်နေတာ ကိုမျိုးကျော်က ကိုလှရွှေနဲ့ ယူခိုင်းနေတာပါ “
“ဒါ ဖြစ်နိုင်ပါ့မလားကွာ “
“ကျုပ် အုတ်ဂူကို စစ်ပြီးပြီ ဦးကြီး မီးသွေးခဲနဲ့ အစီအရင်ဆွဲထားတာ တွေ့ခဲ့တယ် “
“ဟုတ်လား ဘယ်သူဆွဲတာလဲ “
“အဲ့တာကို ကျုပ်လည်း သိချင်နေတာ ကျုပ်တို့ အောက်ရွာသွားတယ်ဆိုတာ အဲ့ဒီကိစ္စကို စုံစမ်းဖို့သွားတာ အစက ကိုလှရွှေလို့ ကျုပ်တို့ ထင်လို့ “
“လှရွှေတော့ မဟုတ်ဘူး ဒီကောင့်ကို ငါ ယုံတယ် လှရွှေဆိုတဲ့ကောင်က မိစိုးစိတ်မကောင်းဖြစ်မဲ့အလုပ်ဆို ဘာတခုမှ လုပ်မဲ့ကောင် မဟုတ်ဘူး “
ဦးဝင်းကျော်သည် ရွှေကြီး ခေါ် လှရွှေအား အတော်ယုံကြည်ပုံရသည်။စိတ်ကူးနှင့်တောင် လှရွှေဟု ထင်ပုံမရပေ။တော်သေးသည်ဟု ပေတူး တွေးလိုက်သည်။ထို့နောက် ဆရာတော်စွန့်လိုက်သော အင်းချပ်ကလေးကို ထုတ်လိုက်ကာ ဦးဝင်းကျော်ကိုကမ်းပေးရင်း စကားဆိုလိုက်သည် ။
“ရော့ ဦးလေး ဒါလေး ယူထား ဒီအင်းချပ်က လောကီအစီအရင်တွေကို ပါယ်ဖျက်နိုင်တယ် “
“အေး လိုရမယ်ရ ငါ ယူထားလိုက်မယ် “
“လာမဲ့ လပြည့်နေ့ ကျုပ် စီစဉ်ထားတာတခုရှိတယ် ဦးကြီး သတိဝရိယနဲ့ နေဗျာ “
“စိတ်ချ မင်းလည်း သတိဝရိယနဲ့နေဦး ငါ့သမီးပြန်ကောင်းရင်ကို ငါ ကျေနပ်တယ်ကွာ “
“တခုတော့ရှိတယ်နော် ဦးလေး အမမိစိုး ပြန်ကောင်းလာရင် သူက ရွာသားတွေနဲ့ ဆရာတော်ကို အပြစ်မမြင်ဘူးဆို ဦးလေး လည်း အပြစ်မမြင်တော့နဲ့‌ဗျာ”
“ငါ့သမီး ပြန်ကောင်းလာပါစေဦးကွာ “
တင်းမာမှုတို့မရှိသော ဦးဝင်းကျော်ကို ကြည့်ကာ ပေတူးအားတက်မိသည်။ထို့နောက် သူတို့နှစ်ယောက်သည် ရယ်ရယ် မောမောနှင့် ရောက်တတ်ရာရာစကားများ ပြောနေကြပါလေတော့သည် ။
◾အခန်း (၉)
လပြည့်နေ့ ရောက်ပြီဖြစ်သည်။လပြည့်နေ့ နံနက်ခင်းအချိန်တွင် အောက်ရွာမှ ရွှေကြီးရောက်လာလေသည်။ရွှေကြီး ရောက် လာသည်နှင့် ဖိုးတောနှင့် ပေတူးတို့သည် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် နေရာပေးထားသည်။ဆရာတော်သည် သူတို့ပြုလုပ်မည့် အကြောင်းအရာကို သိရှိနေပြီဖြစ်၍ လွပ်လွပ်လပ်လပ် နေစေသည်။သူတို့သုံးယောက်သည် ကျောင်းဝန်းထဲမှနေ၍ သင်္ချိုင်းထဲရှိအုတ်ဂူကို မျက်ချည်မပြတ်စောင့်ကြည့်နေ သည်။သူတို့သည် ကျောင်းဝန်းထဲရှိ သစ်ပင်များကြားမှကြည့်နေသည်မို့ မည်သူမှ သူတို့အား မမြင်နိုင်ပေ။ဤသို့ဖြင့် ညနေအချိန်သို့ရောက်ချိန်တွင်တော့ လူတယောက် သင်္ချိုင်းထဲသို့ ဝင်လာလေသည်။မကြာမှီ ထိုသူ၏နောက်တွင် နောက်ထပ်လူတယောက်ကိုပါတွေ့ရပြီး နှစ်ယောက်လုံးဝါးဖတ်ဦးထုပ်ကို ဆောင်းထားကြသည်။ပထမလူအုတ်ဂူအနားကပ်လာချိန်တွင် ဒုတိယလူမှာ သင်္ချိုင်းဇရပ်နား ကပ်၍ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာနေသည်။သင်္ချိုင်းဇရပ်နားမှလူသည် သူဆောင်းထားသော ဦးထုပ်ကို ချွတ်လိုက်ပြီး ယပ်ခပ်လိုက်သည့်အခါ ကျောင်းဝန်းထဲမှနေ၍ ‌အခြေအနေကို စောင့်ကြည့်နေကြသော ပေတူး၊ဖိုးတောနှင့် ရွှေကြီးတို့ သုံးယောက်အနက် ရွှေကြီး ၏နှုတ်မှ ခပ်တိုးတိုးအသံထွက်လာသည် ။
“အကိုကြီး သူက ဘာလုပ်နေတာလဲဟ”
“တိုးတိုး ကိုရွှေကြီး ထပ်စောင့်ကြည့် “
ပေတူးမှ အသံမထွက်ရန်ပြောပြီး အခြေအနေကို ထပ်စောင့်ကြည့်နေလေသည်။ထိုအခါ အုတ်ဂူအနားကပ်သွားသူသည် အုတ်ဂူပေါ်တွင် တခုခုကို ရေးခြစ်နေသည်။ထို့နောက် သူ ရေး ခြစ်ထားသည့်နေရာကို လက်ဝါးနှင့်အုပ်ကာ အချိန်အတော်ကြာသည်အထိရပ်ပြီး ပါးစပ်မှာ တတွတ်တွတ်ရွတ်ဖတ်လို့နေ သည်။ထို့နောက် ထိုလူသည် ဇရပ်နား‌တွင် စောင့်နေသော လှငွေ နှင့်အတူ သင်္ချိုင်းထဲမှ ထွက်ခွာသွားပါတော့သည်။သူတို့နှစ်ယောက် ထွက်သွားသောအခါမှ ပေတူးသည် ဘေးနားတွင်ရှိသော ရွှေကြီးကိုကြည့်၍ စကားဆိုလေသည်။
“ကိုရွှေကြီး ခင်ဗျားအကိုက ခင်ဗျားအပေါ် ထားတဲ့ စေတနာတွေ လွန်နေပြီ လုပ်သင့်တာ မလုပ်သင့်တာတွေ မတွေးနိုင်တော့ဘူး သူ့ကို ခင်ဗျား အပြစ်တော့မမြင်နဲ့ဗျာ “
“မဟုတ်ဘူးလေကွာ ငါ့အပေါ် စေတနာထားတာလက်ခံတယ် မိစိုးကို ရူးတဲ့အထိလုပ်တာကတော့ “
“အဲ့တာ ဘာကြောင့်လဲဆိုတာ မကြာခင်သိရမှာပါ စိတ်ရှည်ဗျာ ကျုပ်တို့ ကိုလှငွေတို့နောက်ကို နောက်ယောင်ခံလိုက်ကြတာပေါ့ “
“မင်းတို့ ကောင်းသလိုသာလုပ်ကွာ ငါ့အကိုကြီး ဘာတွေ လျှောက်လုပ်နေတာလဲ မသိပါဘူး “
‌‌ရွှေကြီး စိတ်ညစ်နေလေသည်။သို့ပေမဲ့ ဘာကြောင့် အကိုဖြစ်သူ ယခုလိုတွေလုပ်နေတာကိုလည်း သိချင်မိသည်။ထို့ကြောင့် ပေတူးနှင့် ဖိုးတောတို့၏အစီအစဉ်အတိုင်း လိုက်လုပ်ဖို့ရာဆုံးဖြတ်လိုက်ပါလေတော့သည် ။
◾အခန်း (၁၀)
လပြည့်နေ့တွင် ထွန်းလင်းသော ဝိုင်းစက်စက်လမင်းကြီး၏ အလင်းရောင်က ငွေတောင်ရွာလေးပေါ်သာမက ရွာအပြင်ရှိ ဦးဝင်းကျော်၏ခြံကိုပါ ဖြန့်ကျက်ပေးထားသည်။အိမ်ပေါ်တွင်တော့ ဦးဝင်းကျော်တယောက် မအိပ်‌သေးပဲ အခြေအနေကို စောင့်ဆိုင်းနေသည်။ညသန်းခေါင်ယံလောက် ရှိမည့်အချိန်ကို မှန်းပြီး ဦးဝင်းကျော် အိမ်ထရံပေါက်မှနေ၍ အိမ်ရှေ့ကို ချောင်း ကြည့်နေသည်။သူ ချောင်းကြည့်နေသည့်အချိန်အတွင်းမှာပင် လူနှစ်ယောက် သူ၏အိမ်ရှေ့သို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။လရောင်ထွန်းလင်းနေသောနေရာမို့ ထိုလူနှစ်ယောက် ပြုလုပ်နေသည့် အရာမှန်သမျှကို အတိုင်းသားမြင်နေရသည်။ အခြေအနေကိုသိလိုခြင်းကြောင့် ဦးဝင်းကျော်တယောက် ငြိမ် ၍သာ ချောင်းကြည့်နေသည်။အိမ်ရှေ့လရောင်အောက်တွင် လူနှစ်ယောက်အနက် တယောက်သောသူသည် တုတ်ချောင်းတချောင်းဖြင့် အိမ်ရှေ့မြေပြင်ကို စက်ဝိုင်းသဏ္ဍန်ဖြင့်ရေးခြစ်ကာ သူတို့ မသိနိုင်သော စကားလုံးများကို ရေးနေလေသည်။ထို့နောက် တုတ်ချောင်းဖြင့် မြေပြင်ကို ရေးခြစ်နေသောသူသည် သူရေးထားသော စက်ဝိုင်းထဲမှ ရေးခြစ်ထားသော ထူးဆန်းသော စာလုံးလေးများကို စူးစိုက်ကြည့်ကာ ငြိမ်၍ ရပ်နေသည် ။ထိုအချိန်တွင် ဦးဝင်းကျော်၏ အိပ်ကပ်ထဲမှ ပေတူးပေးခဲ့သော အင်းချပ်လေးသည် ‌အရောင်များသိသိသာသာလင်းလက်လာ၍ လက်နှင့် အုပ်ထားရသည်။ပြီးနောက် ထရံပေါက်မှ ပြန်ပြီး ချောင်းကြည့်ချိန်တွင်တော့ အိမ်ရှေ့တွင် ရပ်နေသော လူနှစ်ယောက်မှာ မရှိတော့သလို သူတို့ဆွဲထားသော စက်ဝိုင်းထဲမှထူးဆန်းသောစာလုံးများကိုလည်း ပြန်ဖျက်သွားပြီဖြစ်သည် ။ထိုစဉ် သမီးဖြစ်သူသည် အိပ်ယာမှထလာကာ အိမ်အောက်သို့ ဆင်းသွားသည်။သမီးဖြစ်သူ အိမ်အောက်ဆင်းသွားသည်နှင့် မရှေးမနှောင်းတွင် ဦးဝင်းကျော်သည်လည်း အနောက်မှ လိုက်ပါသွားပါလေတော့သည်။
◾အခန်း (၁၁)
ဝါးခုတ်သမားများ နားနေသော တဲလေးတွင် လူနှစ်ယောက်ထိုင်နေသည်။သူတို့သည် တဲအတွင်းတွင် မီးအိမ်တခုကိုထွန်းထားသည်။သူတို့နှစ်ယောက်အနက် အသက်ခပ်ကြီးကြီးမုတ်ဆိတ်မွေးများရှိပြီး ခပ်နွမ်းနွမ်းတိုက်ပုံနှင့် အင်္ကျီကို ဝတ်ထားသောလူကြီးသည် သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေသော လူတယောက်အား စကားဆိုလေသည်။
“ကဲ လှငွေ ကလေးမလေးတော့ရောက်လောက်ပြီ မင်းပြောတော့ “
“ဟုတ်ကဲ့ ဆရာသောင်း”
ထိုသူနှစ်ယောက်မှာ လှငွေနှင့် လောကီအတတ်ကို တတ် ကျွမ်းသော ဆရာသောင်းဆိုသော ပုဂ္ဂိုလ်တို့ဖြစ်သည်။ လပြည့်နေ့တိုင်း တလတခါအစီအရင်လုပ်၍ မည်သူ့ကိုမှ စကားမပြောရန်နှင့် လှရွှေကိုယူရန် တဲပေါ်တွင် ပြောနေခြင်းဖြစ်သည်။သင်္ချိုင်းမှ မိစိုးပြောသောစကားများကိုဖြင့် ဆရာသောင်း၏ နှုတ်မှ ပြန်ပြောပြနေသည် ။
“မိစိုး ငါ ပြောတာကိုနားထောင် နင် လှရွှေကိုယူ “
“မယူနိုင်ဘူး ကျမက တော့်ကို သစ္စာမဖောက်နိုင်ဘူး “
“မိစိုး နင်နဲ့လည်း ခက်တယ်ဟာ ငါက ကောင်းစေချင်လို့ ပြောနေတာပါ “
သူတို့တတွေ ထိုသို့ပြောဆိုနေကြစဉ် အမှောင်ရိပ်ထဲမှ အသံတသံက ပေါ်ထွက်လာလေသည် ။
“အကိုကြီး ကျုပ်အတွက် အဲ့လောက်အထိလုပ်ပေးဖို့လိုလို့ လားဗျာ”
“ရွှေ ရွှေကြီး “
“အကိုကြီး ကျုပ် အကြောင်းစုံသိပြီးပြီ ကျုပ်ကို ဘာလို့ အဲ့လောက်တောင် စေတနာတွေရှိနေရတာလဲဗျာ “
“မင်းက ငါ့ရဲ့တဦးတည်းသော ညီလေးမို့ပေါ့ကွာ မင်းခံစားနေတာငါ သိတာပေါ့ မင်း မိစိုးကိုရရင် အပျော်ဆုံးဖြစ်မယ်ဆိုတာ ငါသိတယ် “
“အဲ့တာ ထားပါဦး မိစိုးကို ဘာလို့ ခုလိုဖြစ်တဲ့အထိ ရက်စက်ရတာလဲ “
“‌မိစိုးက တရားသမားကွ သူရွေးရင် ငွေတောင်ရွာကလူကိုပဲ ရွေးမှာစိုးလို့ အဲ့လိုလုပ်လိုက်ရတာ”
ထို့နောက် ရွှေကြီးသည် သူ၏အကိုနှင့် ဆရာသောင်းအား အမှားကိုဝန်ခံရန် တောင်းပန်လေရာ လှငွေနှင့် ဆရာသောင်းမှာ အေးအေးလူလူပင် လက်ခံသည်။ဤသို့ဖြင့် အဖြစ်မှန်ကို ပြောပြရန် သူတို့နှစ်ယောက်အား ရွှေကြီး၊ပေတူးနှင့် ဖိုးတောတို့ သည် ရွာဦးကျောင်းဆီသို့ ခေါ်ဆောင်သွားကြပါလေသည်။
◾အခန်း (၁၂)
ငွေ‌တောင်ရွာဦးဘုန်းကြီးကျောင်းပေါ်၌ ဦးဝင်းကျော်နှင့် မိစိုး တို့အပြင် လှငွေ၊ဆရာသောင်းနှင့် ပေတူးတို့ သုံးယောက်ပါ ရှိလေသည်။လှငွေနှင့် ဆရာသောင်းသည် ဦးဝင်းကျော်အား လက်အုပ်ချီပြီး တောင်းပန်နေလေရာ ဦးဝင်းကျော်မှ တည် ကြည်လေးနက်စွာ စကားဆိုလေသည် ။
“ရပါတယ် လှငွေရာ ငါ မင်းစေတနာကိုနားလည်တယ် ငါ့မိန်းမ မဆုံးခင်က ငါ့ကို ပြောဘူးတယ်ကွ ရွှေကြီးနဲ့ မိစိုးသာ ညားခဲ့ရင် သူက အပျော်ဆုံးဖြစ်မှာတဲ့ မိန်းကလေးရှင်ဘက်ကနေ ဒီလို စကားပြောတယ်ဆိုကတည်းက ရွှေကြီးရဲ့မေတ္တာကို ငါတို့အကုန်နားလည်မယ် ထင်တယ် လှငွေ အမှန်တိုင်းမရှက်တန်းဝန်ခံရရင် ငါလည်း သွားလေသူ ငါ့မိန်းမလိုပဲ ရွှေကြီးနဲ့ပဲ မိစိုးကို ညားစေချင်ခဲ့တာပါကွာ “
လူကောင်းပကတိဖြစ်နေပြီဖြစ်သော မိစိုးသည် ဖခင်ကြီးမျက်ရည်ရစ်ဝဲ၍ စကားဆိုနေကို ကြည့်ကာ တွေးလိုက်မိသည်က သူမ အပျိုဘ၀ကတည်းက သူမအပေါ်အခွင့်အရေးမယူဘဲ မေတ္တာစစ်နှင့်ချစ်သော ရွှေကြီးကို လက်မခံနိုင်စရာအကြောင်း တော့ မရှိပေ။သို့ပေမဲ့ မျိုးကျော်အပေါ် သစ္စာဖောက်သလိုများ ဖြစ်နေမလားဟုတွေးမိ၍ ရွှေကြီးကို လက်မခံနိုင်ခြင်းသာ ဖြစ် သည်။သို့ပေမဲ့ မိဘဆန္ဒကိုလည်း ဖြည်ဆည်းပေးချင်သည်မို့ သူမစိတ်ထဲ မရှင်းသောအရာအား ဆရာတော်ထံ မေးလျှောက်လိုက်လေသည် ။
“အရှင်ဘုရား တပည့်တော်မ မေးလျှောက်စရာတခုရှိပါတယ်ဘုရား”
“မေးပါ ဒကာမလေး”
“တပည့်တော် နောက်အိမ်ထောင်ပြုတာ သစ္စာဖောက်ရာရောက်ပါသလား ဘုရား”
“အင်း ဒီကိစ္စက ဘုန်းကြီးတို့နဲ့ လားလားမှမဆိုင်ပေမဲ့ ဘုန်းကြီးအမြင်ကတော့ သစ္စာဖောက်ရာ မရောက်ပါဘူး တပင်လဲလို့ တပင်ထူတာပဲ သစ္စာဖောက်ရာ မရောက်ပါဘူး”
“တင်ပါ့ ဘုရား အဲ့လိုဆိုရင်ဖြင့် တပည့်တော် ကိုရွှေကြီးကို အိမ်ထောင်ဖက်အဖြစ် လက်ခံပြီး မယားဝတ္တရား ကျေစေရပါ့မယ်ဘုရား”
“ဒကာမလေးနဲ့‌တော့ ခက်ပြီ ဒီကိစ္စက ဘုန်းကြီးကို လျှောက်စရာ မလိုပါဘူး ဒကာကြီးဦးဝင်းကျော်ကို ပြောပေါ့ ဒကာကြီးအ‌နေနဲ့ ဘုန်းကြီးအပေါ်ကို အမျက်ဒေါသ ထွက်သေးလား ရွာကလူတွေကိုရော ခွင့်လွှတ်နိုင်ပြီလား”
“တပည့်တော်ကသာ ‌ တောင်းပန်ရမှာပါ ဘုရား “
ထိုစကားကြောင့် ဆရာတော်သည် ဝမ်းသာပီတိဖြစ်သွား၏။ထို့နောက် ပေတူးဘက်လှည့်ကာ
“ကျောင်းသား နောက်တရက်နှစ်ရက်ဆို ဒကာကြီးကျော်လှိုင်ဆီ ပြန်သွားရမယ် အခုတော့ အပျော်လွန်ပြီး ကျောင်းအောက်ကိုပြေးဆင်းသွားတဲ့ ဒကာရွှေကြီးနောက် ဖိုးတောနဲ့ လိုက်သွားလိုက်ပါဦး”
ဆရာတော်ထိုသို့မိန့်မှ ရွှေကြီး မရှိတော့မှန်း သတိထားမိသွား သည်။ရွှေကြီးသည် မိစိုးနှင့် လက်ထပ်ရမည်ဆိုသောကြောင့် ဝမ်းသာလွန်း၍ ကျောင်းအောက်သို့ ပြေးဆင်းသွားခြင်း ဖြစ်ပါလေသည် ။
◾ဘိုးတော်ပေနှင့် သဒ္ဓါလွန် သည်က ဤမျှသာ။မကြာမီ ဘိုးတော်ပေနှင့် ဘိုးတော်ဘဝအစ အမည်ရသော ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း