“ဘီလူးစောင့်တဲ့ စေတီ”(စ/ဆုံး)
————————————————
( ၁ )
၁၉၃၀ ခန့်၀န်းကျင် / ဧရာ၀တီတိုင်း ကျွန်းစု ရွာကလေး တစ်ရွာ၌ ဖြစ်ပျက်ခဲ့ဖူးသော ဇာတ်လမ်းလေး တစ်ပုဒ်ဟုဆိုရပေမည်။
ထိုရွာကလေးမှာ လူဦးရေ အိမ်ခြေ မများလှသော်လည်း သူ့အလုပ်သူလုပ် ကိုယ့် အလုပ်ကိုယ်လုပ်ကိုင်ကြရင်း သာယာလှပေသည်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများသာမက သစ်တိုက် သစ်ခွဲ အစရှိသဖြင့် စုံလင်လှသော လုပ်ငန်း များကြောင့် ထိုရွာကလေး စည်ပင်ဖွံ့ဖြိုးနေခဲ့သည်မှာတော့ အထူးအထွေမဟုတ်ပေ။
တစ်နေ့ သောမနက်ခင်း တစ်ခုတွင်ဖြစ်သည်။ သူကြီး အိမ်မှ သံချောင်းခေါက်ကာ ရွာသူရွာသားများ အားလုံး လာရောက်ကြရန် ဆင့်ခေါ်လိုက်တော့၏။ ထိုသံချောင်းခေါက် သံကြောင့် ရွာထဲမှ လူများလည်း တစ်အိမ်တစ်ယောက်နှုန်းဖြင့် သူကြီးအိမ်သို့ အသီးသီး ဦးတည်လာကြသည်။
“သူကြီးက …ထူးထူးခြားခြား ခေါ်တယ်ဆိုတော့ … ဧကန္တထူးထူးခြားခြား ကိစ္စတစ်ခုတော့ရှိမယ် ထင်သဟေ့ ”
“ထူးထူးခြားခြား မလုပ်နဲ့ တော်ရေ … ကျုပ်အိမ်မှာ ထမင်းအိုးတည် ခဲ့တာ … သူကြီးလေကြောရှည်ရင်တော့ တူးတူးခါးခါး ဖြစ်နေပါအုံးမလေ”
ထိုအခါ ဆယ်ကျော်သက်ကာလ သားလေး ဂွတို ဆိုသူက
“ဂျီးစိန် တို့များ … ပြောလိုက်ရင် ရှေ့မကြည့်နောက်မကြည့်ဘဲဗျို့ ”
“အမလေး ကြည့်ရအောင် … သူကြီးက ငါ့လင်မှ မဟုတ်တာ … ”
“အာ့ကြောင့်လည်း … ဂျီးစိန် ခုလို ဂေါ်မစွံ အပျိုဟိုင်းကြီး ဖြစ်နေသပေါ့ဗျ … ဟား ဟား … ”
ဂွတိုလည်း စိတ်အလွန်ဆတ်ကာ နှုတ်ကြမ်း အာကြမ်း လှသော ဂျီးစိန် ဆိုသူအမျိုးသမီးကြီး ကို စနောက်ကျီစယ်က ပုဆိုးကွင်းသိုင်းရင်း ပြေးလေပါတော့၏ ။ထိုအခါ ဂျီးစိန် လည်း
“သေနာလေး … ဟဲ့မသာ … နင်မပြေးနဲ့ … ငါကမယူချင်လို့ အပျိုကြီး လုပ်နေတာ … မရလို့ မဟုတ်ဘူးဟေ့ ”
ဟုဆိုကာ ထမိန်ကြီးကို မရင်း မရင်း ဂွတိုကို ဖိနပ်နှင့် လိုက်ပေါက်ပါလေတော့၏။ မြင်ရကြားရသူ အပေါင်းမှာလည်း ဟာဒယ ရွှင်ဆေးတိုက်ကျွေးလိုက်သည့် အလား တသောသော နှင့် ပွဲကျသွားလို့ ။
+++++++++++++
( ၂ )
သူကြီး ဦးမာဃ ခြံ၀န်းကြီးထဲတွင် သုံးဆယ်ကျော်ခန့်ရှိသော ရွာသူရွာသားများစုံလင်စွာ ရောက်လို့နေချေပြီ။ ဖိနပ်ကလေးများကို ကိုယ်စီဖင်ခုထိုင်ကာ အလာပ သလာပ စကားများကို ကျွတ်ကျွတ်ညံအောင်ပြောနေကြသည်။ တစ်အောင့်လောက်ကြာတော ရွာသူရွာသားများ စုရုံးထိုင်နေရာ အရှေ့တည့်တည့် ကျွန်းအိမ်မဲကြီး လှေကားပေါ်မှ လူတစ်ယောက်ဆင်းလာပါတော့သည်။ ခေါင်းပေါင်းပေါင်းထားကာ ပုဆိုးကွက်ကျဲ တိုက်ပုံအင်္ကျီ ဆင်စွယ်ရောင်ကြီးကို ၀တ်ဆင်ထားသော ထိုလူမှာ ရွာသူကြီး ဦးမာဃပင်ဖြစ်လေ၏။ ဦးမာဃ လည်း ရွာသူရွာသားများ အသင့်ရောက်နေပြီ ဖြစ်သောကြောင့် ၎င်း တို့ အရှေ့တွင် နေ့ရာယူလိုက်ရင်း စကားစတင်ပြောဆိုရင် ချောင်းကို တစ်ချက် နှစ်ချက်မျှ ဟန့်လိုက်လေ၏။
သူကြီး ချောင်းဟန့်လိုက်သော အသံကြောင့် စောစောက ဆူညံနေသော ရွာသားများလည်း မီးကို ရေနှင့် ငြိမ်းသတ်လိုက်သည့်အလား ငြိမ်သက်သွားကြတော့သည်။
“အဟမ်း …. အခုလို ရုတ်တရက်ကြီး ခေါ်လိုက်ရတဲ့ အတွက် အားနာမိပါတယ် … ”
သူကြီးက ထိုသို့နိဒါန်းပြုလိုက်တော့ နားထောင်နေကြသူ ရွာသူရွာသားအပေါင်းကလည်းခေါင်းတစ် ညိမ့်ညိမ့်ဖြင့် ထောက်ခံကြလေသည်။
“အခုတစ်ခါ … ခေါ်ရတဲ့ အကြောင်းကလည်း တို့ရွာ အတွက် မင်္ဂလာသတင်းလေးလို့ ပြောလို့ရပါတယ် …. ရွာသစ်တည်ဖို့ မြို့ပိုင်မင်းရဲ့ ခွင့်ပြုချက် ကျလာပီ ဆိုတာပဲ ဖြစ်ပါတယ် ”
ထိုအခါ ထိုင်နေသော ရွာသားတစ်ယောက်က
“ရွာသစ်တည်မယ် … ဟုတ်လားသူကြီး … ဒါဆို ကျုပ် တို့ခုနေတဲ့ ရွာကလေးက ထားခဲ့ရမှာလား ”
“အဲ့လို လည်း ဘယ်ဟုတ်ပါ့မလဲ ချက်ဖောင်းရ … ရွာသစ်တည်တယ်ဆိုတာ … ရွာက လူတွေ နေချင်တဲ့ လူသွားနေရအောင် … ကျယ်ကျယ်ပြန့်ပြန့် နေကြရအောင်ပေါ့ကွ … စောစောက မင်းပြောသလို ရွာကပြောင်းစရာလဲ မလိုဘူး … ရွာကိုထားခဲ့စရာလည်း မလိုဘူး ..”
သူကြီးက ထိုသို့ပြောပြတော့ ချက်ဖောင်းလည်း ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ ပြန်ထိုင်လိုက်တော့သည်။
“ဒါနဲ့ သူကြီး ရွာတည် ဖို့ တည်နေရာကရော ရွေးပီးပီလားဗျ ”
“ရွေးပြီးပကွ … နေရာကတော့ တို့ရွာ တောင်ဖျားက တောအုပ်ကလေးကိုရှင်းပြီး ရွာတည်ရမှာ ”
သူကြီး၏ထိုသို့ပြောလိုက်သော စကားကြောင့် နားထောင်နေကြသူ ရွာသူရွာသားအပေါင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြလေတော့သည်။
“ဗျာ …”
“ရှင် …”
“အို …. အလိုလေး ”
မှန်ပေသည်။ သူကြီးဦးမာဃ တို့ရွာ၏ တောင်ဖျား ပိုင်းက တောအုပ်ကလေးမှာ အင်မတန် ကြမ်းသည်ဟု ရွာသူရွာသားများက အရိုးစွဲနေကြသောကြောင့်ပင်။ အမှန်တွင်လည်း ထိုတောအုပ် ကလေး ကား လျှို့ဝှက်နက်နဲ မှု တို့ နှင့် ပြည့်နှက်လို့ နေလေသည်။
တချို့ကလည်း နတ်ကြီးတယ်ဟုဆိုသည် ။ တချို့ကလည်း ဖုန်းဆိုးမြေဟု ဆိုကြပြန်သည်။ ထိုတောအုပ်ကလေး ထဲသို့ ရောက်သွားပါက လွန်စွာ သတိထားနေတတ်ရန်လိုအပ်ပေသည်။ သို့မဟုတ်ပါက အ၀င်လမ်းတစ်လမ်းသာ ရှိပြီး အထွက်လမ်း ပျောက်ရပေလိမ့်မည်။
ယခုရွာသူရွာသားများ ထိတ်လန့်နေသည်မှာလည်း ထိုတောအုပ်မှာ လူသေတတ်ခြင်း ။ ရံဖန်ရံခါ စုန်းမီးများတောက်စားတတ်ခြင်း စသဖြင့် သဘာ၀နယ် လွန် ဖြစ်ရပ်ဆန်းများကို ကိုယ်တွေ့ မြင်ဖူးကြုံဖူးကြသောကြောင့် လည်းဖြစ်လေသည်။ တယောက် နှစ်ယောက် ဆိုပါက ထိုတောအုပ်ထဲသို့ ထင်းရှာ မျှစ်ချိုး မသွားရဲကြ။ သားကောင်ပစ်ဖို့ဆို ဝေး။ ထို့ကြောင့်လည်း ၎င်း တောအုပ်မှာ ကြောက်စရာ အပေါင်းကို သရဖူဆောင်းထားလေ၏။
“သူကြီးရယ် … တခြားနေရာ ရွေ့လိုက်ပါလား … အဲ့တောက အင်မတန် နတ်ကြီးတယ် မဟုတ်လား”
“ဟုတ်တယ် သူကြီး …. ကျုပ်ကတော့ အဲ့တော ထဲက အပင်ကြီး အပင်ငယ်တွေ ခုတ်ထွင်ရမှာ စိတ်မသန့်ဘူးဗျ ”
“အမှန်ပဲဗျို့ … အပင်တွေဆိုတာ နာနာဘာ၀တွေ ခိုနေတတ်တယ် သူကြီးရ ”
စသဖြင့်ရွာသူရွာသားများက တယောက်တစ်မျိုးဆီ ကန့်ကွက်ကြလေ၏။ ထိုအခါသူကြီးလည်း ခေါင်းကို လေးလေးပင်ပင် ခါယမ်းလိုက်ရင်း
“မြို့ပိုင်မင်းဆီက … အမိန့်ကျလာပီ ဆိုတော့ ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး …. နက်ဖြန်သာ တစ်အိမ် တစ်ယောက်ကျ တောရှင်းဖို့လိုက်ခဲ့ပါ … မလာတဲ့ အိမ်ကတော့ ဒဏ်လည်း ရိုက်ခံရမယ် … ကျုပ်ထိပ်တုံးကလည်း အသင့်စောင့်နေလိမ့်မယ် … ဟုတ်ပလား … ကိုင်းကိုင်း ပြန်ကြတော့ ”
သူကြီးဦးမာဃ လည်းအဆုံးသတ်မှာတော့ သူ၏ သူကြီး အာဏာကို အသုံးချကာ ယနေ့အစည်းအဝေး လေးကို နိဂုံးချုပ်လိုက်ပါတော့သည်။ ရွာသူရွာသားများကတော့ ပွစိပွစိ လုပ်ကာ ၎င်း တို့၏ လုပ်ငန်းခွင် နေအိမ်များသို့ အသီးသီး ပြန်သွားကြပါလေတော့သတည်း။
+++++++++++
(၃ )
မနက်ရောက်တော့ သူကြီးလည်း ကာလသားအချို့ကို အုန်းပွဲ ဌက်ပျောပွဲများပြင်ဆင်စေသည်။ တောရှင်းရန် အသင့်ရောက်နေသော ရွာသားများကလည်း ဓားပေါက်ပြား အစုံအလင်ဖြင့် ။ သူကြီးဦးမာဃ မှာတော့ သူ၏ နှစ်လုံးပြူးသေနတ်ကြီးကို လွယ်ကာ ၎င်းနတ်ကြီးတယ် ကြမ်းတယ် ဆိုသော တောအုပ်ဆီသို့ ချီတက်ခဲ့လိုက်ပါတော့၏။
တောအစပ်ရောက်တော့ သူကြီးလည်း အုန်းပွဲ ဌက်ပျောပွဲများပေါ်တွင် အမွှေးတိုင် ဖယောင်းတိုင်များထွန်းကာ တောပိုင် တောင်ပိုင်များကို ဦးစွာ ပူဇော် တောင်းပန်လေ၏။
“ဤတော ဤတောင်ကို စောင်မကြည့်ရှုနေသော တောပိုင် တောင်ပိုင်ကြီးများကို ကျွန်ုပ်သူကြီး ဖြစ်သူ ဦးမာဃ မှ ရိုသေစွာ ဦးတိုက် တောင်းပန် အပ်ပါသည်။ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် တာ၀န် အလျင်းလျင်းကို အဆင်ပြေချောမွေ့အောင် စောင်မကြည့်ရှုတော်မူပါ … တောင်ပိုင်ဘိုးဘိုးကြီးများ တောပိုင် ဘိုးဘိုးကြီးများ ခင်များ ”
ထိုသို့ လိုအပ်သည်များကို ပြုလုပ်ပြီးနောက်မှတော့ ရွာသူရွာသားများအပါအ၀င် သူကြီး ဦးမာဃ ကိုယ်တိုင် ချုံနွယ်ပိတ်ပေါင်းများကို စတင်ရှင်းလင်း ခုတ်ထွင်ပါတော့သည်။ ထူးဆန်းစွာပင် မည်သည့် အနှောက်အယှက်များ မကြုံတွေ့ရဘဲ တစ်နေ့တာကို အဆင်ပြေချောမွေ့စွာ ကုန်ဆုံးခဲ့လိုက်ကြတော့သည်။
“ကိုင်း … ညနေလည်း စောင်းပြီဆိုသော မင်းတို့လည်း နားကြတော့”
“ဟုတ်ကဲ့ … သူကြီး ”
“ကိုယ့်လူကိုယ်ရော စုံသလား … အသေချာပြန်စစ်ကြဟေ့ ”
“စုံပါတယ် … သူကြီး ”
“အေးအေ … တောထဲမယ် မျက်စိလည်လို့ နေရင် အန္တရာယ်မကင်းဘူး … ကိုင်းသွားကြစို့ ”
ဤသို့ဖြင့် သူကြီးတို့ အဖွဲ့တွေ အေးဆေးစွာပင် ၎င်း တို့၏ရွာကို ပြန်ရောက်ခဲ့ကြတော့သည်။ တောရှင်းပြီးပြန်လာကြသူများ အန္တရာယ်တစ်စုံတစ်ရာ မကြုံခဲ့ရသောကြောင့် ရွာ၌ ကျန်ရစ်ခဲ့သူများက အံ့ဩ၀မ်းသာ ကြရပြန်သည်။ အမှန်တော့ ဘယ်အရာ၌ မဆို စည်းဆိုတာ ရှိသည် မဟုတ်ပါလား။
နောက်တစ်နေ့တွင်လည်း တောရှင်းသည့် အဖွဲ့များ ထိုနည်းအတူပင် မည်သည်အနှောက်အယှက်မျှ မတွေ့ ။ သို့သော် တတိယမြောက်နေ့တွင်တော့
“သူကြီးရေ … လာပါအုံးဗျ ”
ရွာသားတစ်ယောက်၏ အော်သံကြောင့် သူကြီး ဦးမာဃ နှင့်အတူ ရွာသားအချို့က အသံလာရာဆီသို့ ပြေးလာလိုက်ကြတော့သည်။
“ဟေ့ကောင်တွေ … ဂွတို အသံမဟုတ်လား ”
“ဟုတ်တယ် သူကြီး … ဘာဖြစ်နေတယ် မသိဘူး”
“လာလာ … အမြန်သွားကြည့်ရအောင် ”
သူကြီးတို့ ရောက်တော့ ဂွတိုမှာ အကြောင်သားရပ်ရင်း တစ်စုံတစ်ခုကိုကြည့်နေလေ၏။ သူကြည့်နေသော အရာမှာ စေတီငုတ်တိုလေး တစ်ဆူ ။
“ဟာ … စေတီပျက်လေးတစ်ဆူပါလား ”
“ဟုတ်တယ် သူကြီးရေ ..”
“ဒါတို့ ရွာသူရွာသားတွေ နဲ့ထိုက်လို့ တွေ့ရတာ … ထိုက်လို့ ဖူးရသဟေ့ ”
မထင်မှတ်ပဲ ၎င်းတို့ တောရှင်းရင်း တွေ့လာသော စေတီပျက်လေးကို ဝိုင်း၀န်းဖူးမြော်ကြလေတော့သည်။
“အောင်မလေးဗျ ”
ထိုစဉ်မှာပင် ဖိုးနီ၏ ကြောက်လန့်တကြား အော်ဟစ်လိုက်သော အသံကြောင့် သူကြီးတို့လည်း ဖိုးနီရှိရာကို ပြေးကြရပြန်သည်။
“ဖိုးနီ … ဘာဖြစ်တာလဲ”
“ဟိုဟို … ဟိုမှာ သူကြီး ”
ဖိုးနီ လက်ညှိုးထိုးပြရာကို သူကြီးတို့လည်း ကြည့်လိုက်တော့ ကျောက်သားဖြင့်ထုလုပ်ထားသော ဘီလူးရုပ်ကြီး ကိုတွေ့လိုက်ရလေ၏။ ဘီလူးရုပ်ထုကြီးမှ လက်ရာမြောက်လွန်းလှသည်မို့ လွန်စွာ အသက်၀င်လို့နေသည်။ ခြုံနွယ်ရေညှိများ တွယ်တက်နေသည့်တိုင် သံလျက်ထမ်းထားသော ထိုရုပ်တုကြီးမှာ တကယ့် ဘီလူးကြီးသဖွယ် ကြောက်စရာကောင်းလွန်းလှသည်။ မျက်လုံး နှစ်လုံးမှာလည်း ကျောက်အနီရောင်များကို နစ်မြုပ်ထုလုပ်ထားသေးသည်။
“ဟာ … ရုပ်ထုကြီးပါကွာ … မင်းကလည်း အော်လိုက်တာ လွန်ရော ”
“မ … မသိဘူးလေဗျာ … ကျုပ် … ကျုပ်လည်း ရုတ်တရက်ကြီး တွေ့လိုက်ရတော့ ”
ဖိုးနီမှာတော့ အကြောက်ကမပြေချင်သေး ။
“ကဲကဲ … တို့တွေ ဒီနေ့တော့ ဒီစေတီ ၀န်းကျင်လေးကို သန့်ရှင်းရေးအရင်လုပ်ကြတာပေါ့ … ဘုရားရိပ် တရားရိပ်က အင်မတန် အေးချမ်းသကွ ”
“ဟုတ်ကဲ့ သူကြီး ”
“အေး … နောက်ပြီး ဟောဒီက ဘီလူး ရုပ်ထုကြီးကိုလည်း သေချာသုတ်သင်ရှင်းလင်းပြီး … အမွှေးနံ့သာတွေ နဲ့ ပူဇော်လိုက်ပါကွာ … ငါ့အထင် ဧကန္တ ဒီစေတီလေးကို စောင့်ရှောက်နေတယ် ဘီလူးကြီးထင်တယ် ဟေ့ ”
သူကြီးက ထိုသို့ပြောလိုက်တော့ ရွာသားများလည်း စေတီ၀န်းကျင်က ပိတ်ပေါင်းများကို ရှင်းလင်းခုတ်ထွင်ကြတော့သည်။ ထို့တစ်ဖန် ဘီလူးရုပ်ကြီးကိုလည်း သေချာ ရှင်းလင်းလိုက်ကြတော့ စေတီပျက်လေး နှင့်တကွ ဘီလူးရုပ်ကြီးမှာ ရုပ်လုံးပေါ်လာလေတော့သည်။ ထိုအခါမှ ဘီလူးရုပ်ကြီးမှာ တကယ့်ဘီလူး အစစ်ကြီး ရပ်နေသည့်အလား ပိုလို့ပင် ကြည့်ကောင်း လို့နေလေတော့သည်။ တစ်နေလည်း ကုန်သွားပြန်ပြီမို့ သူကြီး တို့လည်း ၎င်းတို့ ရွာသို့ အိမ်အပြန်ခရီးနှင် ခဲ့ကြတော့သည်။
ထိုတောအုပ်လေးထဲမှ စေတီပျက်တစ်ဆူ ပေါ်လာသည် ဆိုသော သတင်းလေးမှာလည်း ဦးမာဃ တို့ရွာတွင်သာ မက အနီးအပါးမှ ရွာများသို့တိုင် တစ်ခဏ ချင်း ပျံ့နှံ့သွားလေပါတော့၏။
++++++++++++
( ၄ )
နောက်တစ်နေ့တွင်လည်း ထိုစေတီလေး ၀န်းကျင် တွင် သန့်ရှင်းရေးလုပ်ရင်းမှ
“အောင်မလေး … မြတ်စွာဘုရား ”
ဘီလူးရုပ်နားတွင် သန့်ရှင်းရေးလုပ်နေသော ဖိုးထောင်က ထအော်ပြန်တော့သည်။
“ဟေ့ကောင် … ဖိုးထောင် … ဘာဖြစ်ပြန်တာလဲ ”
“သူ … သူကြီး … ဘီ … ဘီလူးရုပ်ကြီးက မျက်တောင် ခတ်တယ်ဗျ ”
ဖိုးထောင်၏ စကားကြောင့် ကြားရသူများက ဟင်ကနဲ ဟာကနဲ ဖြစ်ကုန်ကြတော့သည်။ သူကြီးလည်း ဘီလူးရုပ်ကြီးကို သေချာကြည့်လိုက်တော့ ပကတိ ငြိမ်သက်လျက်သား ။
“ဒီကောင် … စောစောစီးစီး သောက်ထားပြန်ပီထင်တယ် … အရုပ်ကြီးက ဘယ်လို မျက်တောင် ခတ်မတုန်းဟ …. ကဲကဲ … ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ချေကြတော့ ”
သူကြီး ထိုသို့ပြောတုန်းရှိသေးသည်။ ဘီလူးရုပ်ကြီးကို ကြည့်နေသော သာလှကပါ
“ဟာ … မျက်တောင် ခတ်တယ်ဟေ့ ”
“ဟေ …”
သူကြီးတို့လည်း ထိုဘီလူးရုပ်ကြီးကို ကြည့်လိုက်ကြတော့ အမှန်ပင် ဘီလူးရုပ်ကြီးမှာ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပြနေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ကြရတော့၏။ ကျောက်သား ဖြင့် ထုဆစ်ထားသော ထိုဘီလူးရုပ်ကြီး မျက်တောင် ခတ်ပြသည်လောက် ထူးဆန်းသော ဖြစ်အင် အဘယ်မှာ ရှိလိမ့်မည်နည်း။
“ကဲ … ဒီစေတီပျက်လေးက … အတော် တန်ခိုးကြီး တယ်ဟေ့ … အဲ့ဒီတော့ မင်းတို့တွေလည်း ဒီအနီးပတ်၀န်းကျင်မှာ … မသင့်တော်တာတွေ မလုပ်ကြရဘူး ကြားလား … အပေါ့အပါးတွေလည်း မဆင်မခြင် မစွန့်ကြနဲ့ … ဆဲရေးတိုင်းထွာတာတွေလည်း မလုပ်မိကြစေနဲ့ ”
“ဟုတ်ကဲ့ပါ … သူကြီး ”
ထိုသို့သော ဖြစ်ရပ်များကြောင့် သူကြီးသာမက ရွာသူရွာသားများကပင် ထိုစေတီလေး နှင့် ဘီလူးရုပ်ကြီးအပေါ် ကြည်ညိုသက်၀င်လာကြတော့၏။ သို့တစ်ဖန် ဘီလူးရုပ်ကြီး မျက်တောင်ခတ်သည်ဟူသော သတင်းကလည်း တစ်စတစ်စ ကြီးထွားလာခဲ့ရပြန်လေတော့သတည်း။
+++++++++++++
သူကြီး ဦးမာဃ တို့ စေတီပျက် လေးနှင့် အတူ ဘီလူး ရုပ်ထုကြီးကို မွမ်းမံနေကြသည့် အကြောင်းကို တစ်ဖက်ရွာမှ သိုက်ဆရာ ဦးဖုန်းမောင်က တစ်ယောက်စကားတစ်ယောက်နားဖြင့် ကြားလိုက်ရပါတော့သည်။ သိုက်ဆရာ ဦးဖုန်းမောင်ကား အသက်ငါးဆယ် ၀န်းကျင်ခန့်ရှိသည့် ဝါရင့် သိုက်ဆရာတစ်ဦးလည်းဖြစ်လေသည်။ ထို့ကြောင့် ဦးဖုန်းမောင်လည်း သူ၏ တပည့်များဖြစ်သူ ဇာမဏီ နှင့် ညိုကြီးကို ခေါ်ကာ
“ကဲ … ဇာမဏီ နဲ့ ညိုကြီးရေ … ငါတို့ အလုပ်တစ်ခု ရထားတယ် ”
“ဘာများလဲ … ဆရာကြီးရဲ့ ”
“ဟိုဖက်ရွာက တောအုပ်ထဲမှာ ဘုရားပျက် သိုက်တစ်ခုရှိတယ် …. အဲ့မှာ သိုက်တူး ဖို့ မင်းတို့ နှစ်ယောက်ရဲ့ အကူအညီငါလိုတယ်”
“စိတ်ချပါ ဆရာကြီး … ကူညီဖို့အသင့်ပါပဲ ဆရာကြီးရဲ့ ကျေးဇူးတွေက ကျုပ်တို့အပေါ် ဆပ်မကုန်အောင်များလွန်းပါတယ် … ”
“အေ … ကြိုက်တယ် …အဲ့ဒါကြောင့်လည်း ငါမင်းတို့ကိုခေါ်တာ … ငါပါတဲ့ ပွဲတိုင်း မင်းတို့ပါရမှာပဲ … လာမယ့် လကွယ်နေ့ညမှာ လုပ်ငန်းစကြမယ် … တခုသတိထားရမှာက …. ဒီတစ်ခါသိုက်က ..
ရှေးဘုရင်တွေ တည်ထားတဲ့ စေတီ ဆိုတော့ မင်းတို့ သတိထားရမယ်…. ပြင်စရာရှိတာ ပြင်ထားကြ တပည့်ကြီးတို့ ”
ဤသို့ဖြင့်ပင် အချိန်က တရွေ့ရွေ့ကုန်သွားတော့ လကွယ်နေ့ ရောက်ဖို့ရာ တစ်ရက်သာ လိုသော အချိန်သို့ရောက်ခဲ့သည်။ ဦးဖုန်းမောင် နှင့် တပည့်နှစ်ယောက်လည်း သူကြီးဦးမာဃ၏ ရွာမှ အသိတစ်ယောက် အိမ်သို့ အကြံရှိသူပီပီ တစ်ရက်တာ လာရောက်တည်းခိုကြသည်။ သူကြီးတို့မှာတော့ ၎င်းတို့၏ တာ၀န်အရ တစ်နေ့တစ်နေ့ တောထဲ၌သာ အချိန်ကုန်နေစေတော့၏။
++++++++++
( ၅ )
ထူးဆန်းစွာပင် ထိုလကွယ်နေ့မတိုင်ခင် တစ်ရက်မှာ ဘီလူးရုပ်ထုကြီး၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျနေသည်ကို သူကြီးတို့ အားလုံးတွေ့လိုက်ကြရသည် ။ ထိုနေ့က တိုက်တိုက် ဆိုင်ဆိုင်ပင် ရွာဦးကျောင်းမှ ဆရာတော်လည်းပါလာသည်မို့
“ဘီလူးမျက်လုံးက … သွေးမျက်ရည်တွေကျနေတယ် ဆိုတာ … မကောင်းတဲ့ နိမိတ်ပဲ ဒကာကြီး တို့ရေ … ဘုန်းကြီးအထင် … ဒီနေရာလေးမှာ တစ်ခုခု ဖြစ်အုံးတော့မယ် ”
ဆရာတော် ထိုသို့ပြောလိုက်တော့ ရွာသားများလည်း ထိတ်လန့်သွားကြရတော့သည်။ ဘာဖြစ်မည်မသိသော်လည်း သူတို့ အန္တရာယ်ကျရောက်တော့မည် အထင်နှင့် ကြောက်လန့်နေကြခြင်းလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း တစ်နေကုန်သည့်အတိုင် သူတို့အားလုံး ဘာအလုပ်မျှ မယ်မယ်ရရမလုပ်နိုင်ဘဲ လက်မှိုင်ကျနေရတော့သည်။ ဆရာတော်ကြီးလည်း စေတီပတ်လည် တွင် မေတ္တာသုတ်တော် များကို ရွတ်ဖတ်ရင်း ရွာကလေး နှင့်တကွ ရွာသူရွာသများ ဘေးမသီရန်မခစေရန် ဆုတောင်းလို့သာနေပါတော့၏။
သူကြီး တို့ရွာပြန်ရောက်တော့ အိမ်သူမယားများကို ထိုအကြောင်းပြောကြပြန်တော့လည်း အလားတူ စိုးရိမ်ထိတ်လန့်ကုန်ကြရသည်။
“မိလုံး … တို့ ရှင်းနေတဲ့ စေတီကိုစောင့်တဲ့ ဘီလူးရုပ်ကြီးက သွေးမျက်ရည်တွေ ကျနေသဟ ”
“အလိုတော် … ကျုပ်မပြောဘူးလား … အဲ့တော အဲ့တောင်က သွား ပတ်သက်လို့ ကောင်းတာ မဟုတ်ဘူး ”
“ငါတို့လည်း သူကြီး အမိန့်ကို မလွန်ဆန် နိုင်လို့ပါဟာ … ဆရာတော်ကြီးကတော့ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်လို့ပြောတယ် ”
“ဘုရား … ဘုရား …. တော်သေလို့ ကတော့ ကျုပ်ဒီ ကလေး နှစ်ယောက်နဲ့ မုဆိုးမ ဖြစ်ကျန်ရစ်တော့မာပဲ …. ထပ်မသွားပါနဲ့တော့လားရှင် ”
“အင်း … ငါလည်း စဉ်းစားပါအုံးမယ် … အခု ငါတို့လုပ်နေတာကလည်း အကုသိုလ် အလုပ်မှ မဟုတ်တာ …. သူတော်ကောင်းကို နတ်ကောင်းစောင်မ မှာပါ …”
အစရှိသဖြင့် မကြုံလာသေးသော အဖြစ်ဆိုးကို အားလုံးထပ်တူ ထပ်မျှ စိုးရိမ်ထိတ်လန့်နေကြရသည်။ သူကြီးကိုယ်တိုင်လည်း ဆရာတော်ကြီး၏ စကားကြောင့် စိတ်ထဲတွင် မတင်မကျ ဖြစ်ကာ ညပင် အိပ်မပျော်နိုင်ခဲ့ ။ တစ်ဖက်တွင်လည်း သိုက်ဆရာ ဦးဖုန်းမောင် တို့ အဖွဲ့ကတော့ ၎င်းတို့၏ အကြံအစည်ကို အကောင်အထည်ဖော်ရန် အတွက် အသင့်အနေအထားသို့ ရောက်လို့နေပါတော့သတည်း ။
+++++++++++++
လကွယ်ညသို့ရောက်ခဲ့ပြီ ။ ထိုသို့သော လပြည့်လကွယ်ည များသည်ကား မကောင်းဆိုးဝါး မိစ္ဆာတို့၏ တန်ခိုးကြီးထွားသော အခါသမယ လည်းဖြစ်လေသည်။ လကွယ်ည ဖြစ်သည်မို့ ပတ်၀န်းကျင်ကား အမှောင်ထုက ကြီးစိုးမင်းမူနေလေသည်။ ထိုအချိန်မှာပင် ဦးမာဃ တို့၏ ရွာတောင်ဖက်ဖျားက တောအုပ်ဆီသို့ ဦးတည်လျှောက်လာသော လူသုံးယောက်က ။ ၎င်းတို့ကိုင်ဆောင်လာသော မီးတုတ်ငယ်လေးမှ အလင်းရောင်ကြောင့် ထိုလူသုံးယောက်မှာ ဦးဖုန်းမောင် တို့ ဆရာတပည့်တွေ ဖြစ်ကြောင်းသာမက သူတို့၏ မျက်နှာထက်မှ လောဘဇော လောဘ အရိပ်အယောင်များကိုပါ ထင်ထင်ရှားရှား မြင်နေရလေ၏။
အမှန်ပင် သူတို့ သုံးယောက်မှာ အကြံအစည်အတိုင်း တောထဲမှ စေတီပျက်ကလေးဆီသို့ လာနေကြခြင်းဖြစ်လေသည်။ တစ်အောင့်လောက် အကြာမှာတော့ သိုက်ဆရာ ဦးဖုန်းမောင် တို့ သုံးယောက် ထိုစေတီပျက်လေး ၏ ပရဝုဒ် အတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေတော့၏။
အချိန်ကား ညဆယ့်တစ်နာရီပင် ကျော်လို့နေချေပြီ။ ဦးဖုန်းမောင်လည်း ကောင်းကင်ကိုကြည့်ကာ
” အခုပဲ ”
ဟုပြောရင်း အသင့်ယူလာသော ကြိုးဖြင့် လေးထောင့် သဏ္ဍာန် စည်းချထားလိုက်တော့သည်။ ပြီးနောက် ကန်တော့ပွဲတစ်ခုပေးကာ အုန်းသီးပေါ်တွင် ဖယောင်းတိုင် တစ်တိုင်ကို ထွန်းလိုက်လေတော့သည်။ ထိုဖယောင်းတိုင်၏ မီးအလင်းရောင်ကြောင့် စေတီ၀န်းကျင်လေးတွင် အတော်ပင် လင်းထိန်သွား၏။
“ကဲ တပည့်ကြီးတို့ … မင်းတို့က အရင်တည်းက ငါနဲ့ လိုက်ဖူးသူတွေမို့ … ထွေထွေထူးထူးတော့ မှာ စရာမရှိဘူး … တစ်စုံတစ်ခုဖြစ်လာရင်လည်း ဟန်မပျက် အလုပ်ဆက်လုပ်ကြ … ငါတစ်ယောက်လုံးရှိတယ် … ဟုတ်ပလား …. အရေးကြီးတာက စည်းမပေါက်ဖို့ဘဲ …. နောက်တစ်ခုက ဒီသိုက်က အရင်သိုက် တွေလို ဥစ္စာစောင့်တွေ တစ္ဆေတွေ စောင့်တာ မဟုတ်ဘူး …. ဘီလူးစောင့်တာ … အဲ့ဒီတော့ မင်းတို့ တွေ သတိကြီးကြီးထားမှ တော်ကာကျမယ် ဟုတ်ပလား”
“စိတ် ချပါ ဆရာကြီး ”
ဇာမဏီ နှင့်ညိုကြီးလည်း ထိုသို့သာ ကတိပေးလိုက်သည်။ သူတို့၏ မျက်နှာတွင်တော့ ချွေးသီးချွေးပေါက်များက တွဲလွဲခိုလို့နေချေပြီ။ ကြောက်လန့်တတ်သော ခံစားချက်ရှိသည့် ပုထုဇဉ် လူသားများပင် မဟုတ်ပါလား။ သူတို့လည်း ပေါက်ပြား တစ်ယောက်တစ်လက်ဆီကိုင်ထားရင်းမှ ဦးဖုန်းမောင်၏ အမိန့်ပေးမည့်အချိန်ကို အသင့်စောင့်နေကြလေ၏။ တစ်အောင့်လောက်ကြာတော့ ဦးဖုန်းမောင်လည်း
“တူးတော့ ”
ဟုအမိန့်ပေးလိုက်သည် နှင့် ညိုကြီး တို့နှစ်ယောက်လည်း စတင်တူးဆွကြလေတော့၏။ သိုက်ဆရာ ဦးဖုန်းမောင်မှာတော့ ကန်တော့ပွဲ အနီးတွင် တင်ပလင် ခွေ ထိုင်ရင်း ဂါထာ တစ်ပုဒ် ကို အဠာန်ကရိုင်း ကျကျရွတ်ဖတ်နေလေ၏။ ဦးဖုန်းမောင် ဂါထာစရွတ်လိုက်သည် နှင့် တစ်ပြိုင်နက် လေပြင်းများကလည်း တဝူးဝူး တိုက်ခတ်လာပါတော့သည်။ သို့တိုင်အောင် ဦးဖုန်းမောင် ထွန်းညှိထားသော ဖယောင်းတိုင်မီးမှာ ညိမ်းမသွားပေ။ လေပြင်းများတိုက်နေသော်လည်း ဇာမဏီ နှင့် ညိုကြီးမှာတော့ ဇောချွေးများ တတောက်တောက် ကျလို့နေသည်။
ညဆယ့်နှစ်နာရီ တိတိ အချိန်အရောက်မှာတော့ မြေကြီးထဲမှ အလင်းရောင်များဖြာထွက်လာကာ ရွှေအိုးကြီး တစ်လုံးပေါ်လာလေပါတော့၏။
“ဟာ … ဆရာကြီး … ပေါ် … ပေါ်လာပြီဗျ ”
“ဆက်တူးထား … ဆက်တူး …. ”
ဦးဖုန်းမောင်လည်း ထိုသို့ပြောရင်း နှုတ်ခမ်းလှုပ်ရုံမျှ ဂါထာများကို တရစပ်ရွတ်ဖတ်နေလေသည်။ တခနအကြာမှာတော့ စောစောက အလင်းရောင်များမှာ တဖြေးဖြေးမှိန်သွားပြီး အုန်းသီးပေါ်၌ ထွန်းထားသော ဖယောင်းတိုင်မှာလည်း ဟုတ်ခနဲ ငြိမ်းသွားလေတော့၏။ သစ်ပင်ကြီးများကလည်း ဘယ်ညာယိမ်းထိုးလာကာ မကောင်းဆိုးဝါးကောင်ကြီးများ ကနေသည့်နှယ်။
“ဟား ….. ဟား …..ဟား ”
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရယ်သံကြီးတစ်ခုမှာ တောပတ်၀န်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။ ညိုကြီးလည်း ပေါက်ပြားကိုင်ထားသော လက်များတဆတ်ဆတ် တုန်ယင်လာကာ
“ဆရာကြီး … ဆရာကြီး ”
ဟုသာ တတွတ်တွတ် အော်နေတော့သည်။ သိုက်ဆရာ ဦးဖုန်းမောင်လည်း မျက်နှာပျက်ယွင်းလျက်။ လေများကလည်း တစ်စ တစ်စ ပြင်းထန်လာကာ ၎င်း တို့၏ လေးထောင့်စည်းအပြင်ဖက်မှ လူရိပ် သဏ္ဍာန် အရာကြီး တစ်ခု ဟိုမှ ဒီ ပြေးလွှားနေသည်ကို ညိုကြီး နှင့် ဇာမဏီ တွေ့လိုက်ရသည်။
“ဟေ့ … ဘယ်သူလဲ ”
“ဟား …. ဟား …. ဟား …. သိုက်ဆရာ ငမိုက်သား တွေ … အသေဆိုးနဲ့ သေရမယ် … သေရမယ် ”
ထိုအသံကြီးကိုကြားလိုက်ရတော့ သူတို့သုံးယောက် ခေါင်းမွှေးများ ထောင်တက်သွားလေတော့သည်။ ဦးဖုန်းမောင်လည်း ဟန်မပျက် ဂါထာကိုရွတ်ရင်း
“စည်းအပြင် တစ်ယောက်မှ မထွက်နဲ့ ”
ညိုကြီးမှာတော့ ကြောက်လွန်းသဖြင့် လူက မူးလဲချင်နေပြီ ။ ထိုစဉ် စည်းဝိုင်းအပြင်ဖက်မှ မဲမဲသဏ္ဍာန်ကြီးက ညိုကြီးနား တရှိန်ထိုးပြေးကပ်လာလေတော့၏။ အနီးနားရောက်မှ ညိုကြီးလည်း
“ဟာ … အာ … အား … ဘီလူးကြီး ”
ဟုဆိုကာ လက်ထဲက ပေါက်ပြားကိုပစ်ချပြီး စည်းအပြင်ဘက်ကို တရှိန်ထိုးပြေးလေတော့သည်။
“ဆ … ဆရာကြီး … စည်းပေါက်သွားပီ”
ဇာမဏီက ကြောက်လန့်တကြား အော်ဟစ်ပစ်လိုက်တော့သည်။ဘီလူးကြီးမှာတော့ နီရဲသော မျက်စိ အစုံဖြင့် သံလျက်ကြီးကို ၀င့်ကာ၀င့်ကာ တဟားဟားရယ်မောနေလေ၏။ပြီးမှ စည်းအပြင်ရောက်လာသော ညိုကြီးကို ၎င်း၏ သံလျက်ကြီးဖြင့် တိခနဲ ပိုင်းချပစ်လိုက်တော့သည်။
“အား …..”
ညိုကြီး၏ ကြောက်မက်ဖွယ်အော်သံကြီးက ပတ်၀န်းကျင်၏ တိတ်ဆိတ်ခြင်းကို ထိုးခွင်းလို့သွားတော့သည်။ ဦးဖုန်းမောင်လည်း အခြေအနေ မကောင်းတော့သည်မို့ နေရာမှ ထ ကာ အရံအတားအဆီးများကို လုပ်မည်ကြံသော်လည်း နောက်ကျသွားချေပြီ ။ ဇာမဏီ နှင့် ဦးဖုန်းမောင်လည်း ကျောက်ဘီလူးကြီး၏ သံလျက် စာမိသွားကာ နေရာမှာပင် အတုံးအရုံးလဲကျငြိမ်သက်သွားလေတော့သည်။
သိုက်ဆရာ လောဘသား ဦးဖုန်းမောင်တို့၏ ဆရာတပည့် ဇာတ်သိမ်းခန်းကား မရှုမလှနှင့် အဆုံးသတ်သွားရပါတော့သည်။ စောစောက ဘီလူးကြီးမှာတော့ ၎င်း၏ မူလနေရာသို့ ပြန်ရောက်သွားကာ ပကတိ ကျောက်ရုပ်သဖွယ် ငြိမ်သက်သွားပါလေတော့သတည်း။
+++++++++++++
( ၆ )
နောက်တစ်နေ့ သူကြီး ဦးမာဃတို့ အဖွဲ့ တောခုတ်ဖို့ ရောက်လာချိန်မှာတော့ စေတီခြေရင်း မြေကြီးပေါ်တွင် အသက်ပျောက်နေသော ဦးဖုန်းမောင် တို့ ဆရာ တပည့်တွေကို တွေ့လိုက်ကြရတော့သည်။
“ဟာ …. ”
“ဘယ်သူ သတ်သွားတာလဲ မသိဘူး ”
“ဟုတ်တယ် သူကြီးရေ … ဒီမှာ အုန်းပွဲ ငှက်ပျောပွဲ တွေကော …. ပေါက်ပြားတွေကောပဲ ”
ထိုအခါ ရွာဦးကျောင်း ဆရာတော်ကြီးလည်း ခေါင်းကို တွင်တွင်ယမ်းရင်း
“အိမ်း … လောဘသားတွေရဲ့ နိဂုံးအဆုံးသတ်က မရှုမလှပါလား … သမ္ဗေ သတ္တာ ကမ္မသက္ကာ ”
ပါးစပ်မှ ထိုသို့ပြောရင်း မေတ္တာသုတ်ကိုသာ ရွတ်ဖတ် သရဇျာယ် နေလိုက်သည်။
“သူကြီးရေ … ဒီမှာ လာကြည့်ပါအုံးဗျ ”
သာလှ ထိုသို့လှမ်းအသံပြုတော့ သူကြီးတို့လည်း အပြေးသွားလိုက်ကြသည်။ ထူးဆန်းစွာပင် ဘီလူးကြီး ထမ်းထားသော သံလျက်ကြီးမှာ သွေးစိမ်းများ ချင်းချင်းနီအောင် စွန်းထင်းနေသည်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ကြရတော့သည်။
ပြီးနောက်မှာတော့ သူကြီးတို့ အဖွဲ့လည်း သိုက်ဆရာ ဦးဖုန်းအောင် တို့၏ အလောင်းများကို ထိုတောတွင်းတစ်နေရာမှာပဲ ကျကျနန မြေမြုပ် သဂြိုလ်ပေးလိုက်ကြတော့သည်။ စေတီပျက်လေးနှင့် ကျောက် ဘီလူးရုပ်တုကြီးမှာတော့ ငြိမ်သက်လို့ ။
++++++++++++
“လူလေး ….”
“ဟင် …. ဘယ်သူလဲ ….”
တစ်စုံတစ်ယောက်၏ ခေါ်သံကြောင့် သူကြီးဦးမာဃ လည်း ထိုင်နေရာမှ ထကာ ပတ်၀န်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်တော့ ၀တ်ဖြူစင်ကြယ် နှင့် အဖိုးအို တစ်ဦးကိုတွေ့လိုက်ရတော့သည်။ ထိုအဖိုးကြီးမှာ ဆံပင်ရှည်ကြီးကို ကျနစွာထုံးတင် ထားပြီး တောင်ဝှေးကြီး တစ်ချောင်းကို ကိုင်ထားလေ၏။ မုတ်ဆိတ်ကျင်စွယ်များကလည်း ရှည်လျားလွန်းသည်မို့ ဗိုက်အထက်နားသို့ပင် ရောက်နေလေသည်။ သူကြီး ဦးမာဃလည်း ထိုအဖိုးအိုကြီးကို မြင်မြင်ချင်းကြည်ညို မိသည်မို့ လက်အုပ်ကလေး ချီကာ
“ပြောပါ … အဘ ”
“တောအုပ်ထဲက စေတီလေးကို ပြုပြင် မွမ်းမံပါ …. ငါ့မြေးတို့ ကောင်းကျိုးချမ်းသာ အ၀၀ ကို ခံစားကြရမယ် ”
“ဟုတ်ကဲ့ပါ အဘ … ”
သူကြီး ထိုသို့ပြောလိုက်တော့ ထိုအဖိုးအိုလည်း ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာ
“အိမ်း … အဘကြားရတာ ၀မ်းသာသကွဲ့ … ငါ့မြေး လည်း ကျန်းကျန်းမာမာ နဲ့ အသက်ရှည်ရှည် နေနိုင်ပါစေ …. အဘ လည်း သွားအုံးမယ် ”
ဟုဆိုကာ သူကြီးဦးမာဃ၏ အရှေ့မှ မျက်စိ တစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။ သူကြီးလည်း ထိုသူတော်စင်ကြီး၏ အမည်နာမ ကိုပင် မသိလိုက်ရသည်မို့ နှုတ်မှ တတွတ်တွတ် အော်ခေါ်ရင်း လန့်နိုးလာလေတော့သည်။
“အလို ငါ အိပ်မက်မက်နေတာပါလား ….”
သူကြီးဦးမာဃ လည်း ထိုသူတော်စင်ကြီး အကြောင်းစဉ်းစားကာ မနက်မိုးစင်စင်လင်းခဲ့လေတော့သည်။ သို့တစ်ဖန် သူ၏ စိတ်ထဲတွင်လည်း ထိုစေတီပျက်လေးကို အပြီးသတ် ပြုပြင် မွမ်းမံမည်ဆိုသော စိတ်ကလည်း ခိုင်မြဲစွာ ကိန်းအောင်းသွားလေတော့သည်။
နောက်တစ်နေ့မှတော့ သူကြီးလည်း ရွာသူရွာသားများနှင့် တိုင်ပင်ကာ ထိုစေတီပျက်လေးကို ငုံပြီး ကိုးတောင်ပြည့်စေတီတော်ကြီး အဖြစ်တည်ထားစေလိုက်တော့သည်။
ထိုစေတီကြီး တည်လိုက်သည့်အချိန်မှ စကာ သူကြီးဦးမာဃ တို့၏ ရွာကလေးသည်လည်း ယခင်ကထက်ပင် အဆများစွာ စည်ပင် ၀ပြောသာယာ လာခဲ့သည်။ သူကြီး ကိုယ်တိုင်လည်း မြို့ပိုင်မင်းထံမှ ဂုဏ်ထူးဆောင် ဆုတံဆိပ်များစွာ ရကာ ဂုဏ်သရေအရှိဆုံး သူကြီးတစ်ဖြစ်လဲ ရွာသူရွာသားများ၏ ချစ်ခင်လေးစားရသော သူကြီးတစ်ယောက် အဖြစ် မိသားစု နှင့် အေးချမ်းစွာ နေထိုင်သွားနိုင်လေပါတော့သတည်း ။
+++++++++++
ယခုအခါမှာ တော့ ထိုဘီလူးစောင့်သည့် စေတီလေး၏ အမည်လေးမှာ ပြည်လုံးချမ်းသာ ကျွန်းဦး ဆုတောင်းပြည့် စေတီတော်ကြီး အဖြစ် ယနေ့ထက်တိုင် သပ္ပါယ်စွာ တည်ရှိနေပါလေတော့ သတည်း ။
( ပြီးပါပြီ )
စာဖတ်သူတို့ အားအစဉ် လေးစားလျက်
ရေးသားသူ-သူရေး