ဘုရားပျံဦးအောင်ရှိန်

*စုန်းထီးကြီး ဦးဘသာနှင့် ဘုရားပျံဦးအောင်ရှိန်*📖📖📖

****************************************

(၁)

ပြသနာကတော့ ရွာမဝင်ခင်ကတည်းက စတော့တာဗျို့၊ ပြောပြရအုံးမယ်ဗျာ၊ တစ်ရက်တော့ ကျုပ်လည်းပျင်းပျင်းရှိတာနဲ့ ဓါးမကလေးတစ်ချောင်းခါးကြားထိုးပြီး လေးခွတစ်လက်ဆွဲလို့ တောအုပ်ထဲထွက်လာခဲ့တယ်ဗျ၊ ဘာရယ်တော့မဟုတ်ပါဘူးဗျာ၊ အိမ်မှာချည်းကုပ်နေရတာဆိုတော့ ကြာတော့ အညောင်းမိလာပြီလေဗျာ၊ အခါတွင်းကို နီးလာပြီဆိုတော့ အပူကလည်း ကမ်းကုန်အောင်ပူတော့တာ၊ ခြံထဲက သစ်ပင်ရိပ်ထဲ ထိုင်နေရင်တောင်မှ အပူကရှိန်နေတာပဲဗျ၊

ဒီလိုအချိန်ဆိုရင်တော့ အိုအေစစ်ကိုရှာရတော့တာပေါ့ဗျာ၊ အဲဒီတုန်းက ကျုပ်တို့ရွာမှာ တောသိပ်မပြုန်းသေးဘူးဗျ၊ ရွာကနေထွက်ပြီး ဆယ့်ငါးမိနစ်လောက်လျှောက်လိုက်တာနဲ့ စိမ်းစိုနေတဲ့ တောတန်းကလေးကိုရောက်သွားရေဗျာ၊ တပေါင်းလမှာ အရွက်တွေလဲထားတဲ့ သစ်ပင်တွေက ရွက်နုတွေစိမ်းဝေနေတာပေါ့ဗျာ၊ သဘာ၀အတိုင်းပေါက်နေတဲ့ သန်းပင်၊ ဒဟတ်ပင်ကြီးတွေကလည်း အရိပ်ရနေပြီပေါ့ဗျာ၊ အဲဒီသစ်ပင်ရိပ်အောက်မှာထိုင်ပြီး မျက်လုံးလေးစင်းပြီးမှေးနေရတာက ဇိမ်တစ်မျိုးပဲဗျ။

ဒီအချိန်တောအုပ်ထဲမှာ လူကိုစုံလို့ဗျ၊ ကျုပ်တို့ရွာကလူငယ်တွေ တော်တော်များများ တောထဲရောက်နေကြတာပေါ့ဗျာ၊ ကျုပ်တောထဲဝင်လာတော့ ထုံးစံအတိုင်း တောစပ်မှာ နွားတစ်အုပ်နဲ့နှပ်နေတဲ့ ဦးဘသာကြီးကိုတွေ့ပါပြီဗျာ။

“ဗျို့ ဦးဘသာကြီး ငြိမ်လို့ပါလားဗျ”

နေက ထန်းတစ်ဖျားမရောက်သေးပေမယ့် တော်တော်ကိုပူနေပြီဗျ၊ ကျုပ်ရောက်သွားတော့ ဦးဘသာကြီးက ရေနွေးအိုးလေးချပေးမယ်။ သူနဲ့ကျုပ်နဲ့ တောစပ်မှာထိုင်ပြီး ကွင်းပြင်ကြီးကို ငေးကြည့်နေတာပေါ့ဗျာ။ ဒီအချိန်တော့ လယ်တွေရော၊ ယာတွေပါ သိမ်းထားပြီဆိုတော့ ကွင်းခေါင်ခေါင်ကြီးပဲကျန်နေတော့တာပေါ့ဗျာ။
“မင်းဘာလာလုပ်တာလဲ”

“ဘာလုပ်ရမလဲဗျ၊ ရွာမှာပျင်းလို့ တောထဲထွက်လာတာပေါ့”

ကျုပ်တို့စကားပြောနေတုန်း ကျုပ်တို့နဲ့ခပ်လှမ်းလှမ်းက စကားပြောသံတွေနဲ့ ရယ်သံမောသံတွေကြားရတယ်၊ နောက်ပြီး ပုလွေမှုတ်သံကိုလည်းကြားရတော့ ကာလသားတစ်အုပ် တောထဲရောက်နေပြီမှန်း သိလိုက်တာပေါ့ဗျာ၊ ကျုပ်လည်း ဦးဘသာကြီးချပေးတဲ့ ရေနွေးအိုးထဲက ရေနွေးတစ်ခွက်ငှဲ့ပြီး မှုတ်သောက်လိုက်တာပေါ့ဗျာ၊ ရေနွေးကလည်းဗျာ လက်ဖက်ခြောက်တွေ ဘယ်လောက်တောင်ခတ်ထားသလဲမသိဘူး၊ ခါးလိုက်တာလွန်ပါရော။

“ဒါနဲ့ ဦးဘသာကြီးကို မေးစရာရှိလို့၊ ဘာလို့စုန်းတွေက မကောင်းတာပဲလုပ်စားကြတာလဲဗျာ”

ဦးဘသာကြီးက ကျုပ်ကိုခပ်တည်တည်ကြည့်ပြီးတော့

“မင်းကိုငါမေးမယ် မင်းသေသေချာချာဖြေစမ်း အလတ်ကောင်”

ကျုပ်လည်းခေါင်းညိတ်လိုက်တာပေါ့ဗျာ။

“တကယ်လို့မင်းသာ ဆေးပညာတွေတတ်ခဲ့ရင် ဘာလုပ်စားမလဲ”

“ဆေးကုတတ်မှတော့ ဆေးဆရာလုပ်စားမှာပေါ့ဗျ”

“ဒါဆို အိမ်ဆောက်တဲ့လက်သမားပညာ တွေတတ်တယ်ဆိုရင်ရောကွာ”

“ဒါဆိုလည်း လက်သမားဆရာကြီးလုပ်မှာပေါ့ဗျာ”

“အေး၊ စုန်းဆိုတာလည်း အဲဒိလိုပညာတစ်ခုပဲကွ၊ ဒီတော့ လက်သမားပညာတတ်ထားတဲ့သူက လက်သမားပညာနဲ့လုပ်စားတာ မဆန်းသလို၊ စုန်းပညာတတ်တဲ့ ပညာသည်တစ်ယောက်ကလည်း စုန်းအတတ်နဲ့လုပ်စားတာ ဆန်းသလားကွ”

“နောက်ပြီး ငါဆက်ပြောရအုံးမယ်၊ ဆေးဆရာဖြစ်ပြီပဲဆိုပါတော့ကွာ လူနာကိုတကယ်ပျောက်စေချင်လို့ ကုသလို့လဲရသလို၊ လူနာကို ရောဂါပိုကျွမ်းအောင်လုပ်ပြီးတော့မှ ကယ်တင်ရှင်ပုံစံနဲ့ ကုသလို့ရောမရဘူးလား၊ လက်သမားဆရာကြီးကရော အိမ်ကို ခိုင်ခိုင်ခံ့ခံ့ဆောက်သလို၊ ကိုယ်မလိုတဲ့လူရဲ့ အိမ်ကိုကျတော့ မခိုင်မခံ့ဖြစ် အောင်၊ မကောင်းတဲ့သစ်တွေနဲ့ ဆောက်လုပ်ပေးလို့ရတယ်မဟုတ်ဘူးလား”
ကျုပ်လည်းခေါင်းညိတ်လိုက်တာပေါ့ဗျာ။

“အေးပေါ့၊ ဒီလိုပဲ ဘယ်ပညာမဆို ကောင်းအောင်လုပ်လို့လည်းရတယ်၊ ဆိုးအောင်လုပ်လို့လဲရတယ်၊ စုန်းကဝေပညာလည်း အဲဒီလိုပဲပေါ့ကွာ”

“ဒါပေမယ့် ကျုပ်ကြားဖူးတာက စုန်းတွေအကုန်လုံးလိုလိုက လူဆိုးတွေချည်းမဟုတ်လား၊ ကောင်းတဲ့စုန်းဆိုတာ ရှိမှမရှိတာ”

“ဒါကတော့ကွာ၊ ရှေးဘုရင်လက်ထက်ကတည်းက စုန်းတွေကိုမှားယွင်းပြီး ယူဆခဲ့ကြတာပေါ့ကွာ၊ မင်းသိအောင်လို့ ပြောပြရအုံးမယ်၊ မင်းတုန်းမင်းကြီးလက်ထက်က မညှာဆိုတဲံ စုန်းမကြီးတစ်ဦးနဲ့ စုန်းတွေကို မင်းကြီးက နန်းတွင်းမှာ တစ်လကိုဆယ့်ငါးကျပ်ပေးပြီးတော့ ခန့်ထားသတဲ့ကွ၊ နောက်ပြီးတော့ အထက်လမ်းဆရာတွေ ဆရာဟိန်း ၊ မြွေဆရာ ဆရာသက်ကြီး တို့ကိုလည်း နန်းတွင်းထဲခန့်ထားသေးတယ်တဲ့ကွ၊ စုန်းတွေ ဆရတွေက နန်းတွင်းဇေတဝန်ဆောင်နားမှ အလှည့်ကျ ခစားရသတဲ့ကွ။ ဒါကိုကြည့်ချင်းအားဖြင့် စုန်းဆိုတာ မကောင်းတာတွေတင်မဟုတ်ဘဲ ကောင်းတာတွေပါ လုပ်လို့ရတဲ့သဘောရှိတာပေါ့ကွ”

“ဒါပေမယ့် အများရဲ့ အမြင်အရ စုန်းတွေဟာ မကောင်းဘူးဆိုပြီး ယူဆကြတာပေါ့၊ သူတို့ယူဆတာလည်း မှန်ပါတယ်၊ မင်းပြောသလို မကောင်းတဲ့စုန်းတွေများတော့ စုန်းတွေမကောင်ဘူးဆိုပြီး ဖြစ်သွားတာပေါ့ကွာ”

“ငါမှန်တာပြောရရင် တစ်သက်နဲ့တစ်ကိုယ် ငါ့ရွာကလူတွေ ထိခိုက်ပါစေဆိုတဲ့ စိတ်နဲ့တစ်ခါမှ မပြုစား၊ဘူး၊ ပညာမသုံးဘူးပေမယ့် ရွာမှာတောင် ငါ့ကိုမကောင်းဘူးလို့ သတ်မှတ်ကြတာ မင်းအဖေထိပ်ဆုံးကပဲမဟုတ်လားကွ”

“အဖေတော့ မပါပါဘူးဗျာ၊ အဖေက ကြားနေသမားဗျ”

စကားတွေပြောရင်း အာတွေညောင်းလာတာနဲ့ရေနွေးတစ်ကျိုက်မော့သောက်ချလိုက်ရတယ်၊ ဦးဘသာကြီးက သူ့လွယ်အိတ်ထဲက ထန်းလျက်လက်ညှိုးတစ်ခုထုတ်ပေးတယ်၊ တခြားသူတွေဆို စားရဲမှာမဟုတ်ပေမယ့် ကျုပ်ကတော့ ကောက်ပြီး ဝါးလိုက်တာပဲဗျာ၊ ထန်းလျက်လက်ညှိုးဆိုတာက ထန်းလျက်ကိုအလုံးလေးတွေမလုပ်ဘဲ လက်ညှိုးပုံစံအရှည်ကလေးတွေလုပ်ထားတဲ့ ထန်းလျက်ကိုပြောတာဗျ။ ဦးဘသာကြီးကလည်း ထန်းလျက်တစ်လုံးကို ကိုက်နေရင်း

“ငါ့အမေဒေါ်ပျင်းက သူမဆုံးခင် ငါ့ကိုဘာမှာခဲ့သလဲသိလား”

ကျုပ်လည်းခေါင်းခါလိုက်တာပေါ့။

“မင်းက ပညာသည်ဖြစ်နေပြီ၊ မင်းသာမန်လူတွေလို ပင်ပင်ပန်းပန်းလုပ်မစားပါနဲ့ငါ့သားရယ်တဲ့၊ မင်းပညာနဲ့တစ်သက်လုံး လုပ်စားစမ်းပါတဲ့ကွ”

ကျုပ်လည်း ဦးဘသာအမေပြောတာကိုတော့ လက်ခံပါတယ်၊ ဦးဘသာကြီးက ကွင်းထဲကို လွမ်းလွမ်းဆွေးဆွေးနဲ့ကြည့်နေရင်း

“ငါကလည်း အမေစကားဆို နားမထောင်တတ်တဲ့သူကွ၊ သူက ပညာနဲ့အသက်မွေးခိုင်းပေမယ့် ငါကတော့ ပင်ပင်ပန်းပန်း နွားတွေနဲ့ဖက်ရုန်းကန်ပြီးတော့ သာမန်လူလိုပဲလုပ်စားချင်တာ၊ သေသွားတဲ့ ငါ့အမေဒေါ်ပျင်းသာ ငါအခုလိုနေထိုင်တာသိရင် ငါ့ကိုကျိန်ဆဲနေမလားပဲကွာ”

ဦးဘသာကြီးက ရယ်ကျဲကျဲပြောပေမယ့် ကျုပ်ကတော့မရယ်နိုင်ပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ ဦးဘသာရဲ့အတွင်းစိတ်ကို ကျုပ်သိနေတယ်၊ သူက ဟန်ဆောင်ပြီးရယ်နေပေမယ့် စိတ်ထဲမှာတစ်ခုခုလွမ်းဆွေးနေသလိုလိုဖြစ်နေတယ်လေဗျာ။

“ဒါနဲ့ စုန်းတွေက ဘယ်လိုမျိုးပညာနဲ့လုပ်စားလို့ရတာလဲ ဦးဘသာ”

“မင်းကလည်းကွာ၊ စုန်းပညာဆိုတာ အစုံရတဲ့ပညာကွ စားချင်တာရှီရင် ကိုယ့်ဖာသာဝယ်စားစရာမလိုဘူး၊ ကံနိမ့်တဲ့ တစ်ယောက်ယောက်ကိုပူးကပ်ပြီး ကိုယ်စားချင်တာ တောင်းစားလိုက်ရုံပဲ၊ နောက်ပြီး ဗေဒင်ဆရာလို လုပ်လို့ရသေးတယ်၊ ဓါတ်ရိုက်ဓါတ်ဆင်ဆိုပြီး စုန်းပညာနဲ့ မလိုသူတွေကို လိုက်ရှင်းပေးလို့ရသေးတယ်လေကွာ၊ ဒီထက်ပိုပြီး ကြွယ်၀ချင်ရင်တော့ စုန်းမှန်းမသိအောင်ဟန်ဆောင်၊ အထက်လမ်းဆရာလိုလိုလုပ်ပြီးတော့ ကိုယ်မွေးထားတဲ့သရဲကို သူများကိုပူးခိုင်းပြီး ကိုယ်က သရဲထုတ်တာပေါ့ကွာ၊ ဒီလိုဆရာတွေ လောကမှာအများကြီးရှိတယ်ကွ၊ တစ်ချို့ဆို ဆရာကြီးတစ်ဆူဖြစ်ပြီး တိုက်တာကြီးတွေနဲ့ နေနိုင်တဲ့အထိပဲ”

ဦးဘသာပြောတော့ ကျုပ်အံ့ဩမိတယ်၊ ဟုတ်လည်းဟုတ်တယ်၊ အောက်လမ်းဘသော်တို့ဆိုရင် ဗေဒင်ဆရာဆိုပြီး ချမ်းသာလိုက်တာမှဗျာ၊ တကယ်က စုန်းတောင်မဟုတ်ဘူး အောက်လမ်းဆရာအဆင့်ပဲရှိတာမဟုတ်လား။

“ငါကိုကလည်း ဆင်းရဲချင်တဲ့ဇာတာပါလို့လားမသိပါဘူးကွာ၊ အဲဒီလိုအလုပ်တွေကို ငါကြည့်မရဘူးကွ၊ ငါက သူများကို ပညာနဲ့လုပ်ပြီး စားရတဲ့ထမင်းထက် ကိုယ့်ဖာသာချွေးနဲ့ရုန်းကန်ပြီး လုပ်စားတဲ့ ထမင်းကို ပိုစားလို့မြိန်တဲ့ကောင်ဆိုတော့ အခုလိုမျိုးဖြစ်နေတာပေါ့ကွာ”

ကျုပ်လည်း မေးခွန်းတစ်ခု ခေါင်းထဲဖြတ်ခနဲပေါ်လာတယ်၊ မေးသင့်မမေးသင့် စဉ်းစားနေပေမယ့်လည်း ဦးဘသာကြီး စိတ်မဆိုးလောက်ဘူးဆိုပြီးတော့ မေးလိုက်တာပေါ့ဗျာ။

“ဒါနဲ့ဦးဘသာကြီးက အိမ်ထောင်ဘာလို့မပြုတာလဲ၊ ချစ်သူရည်းစားရော မရှိဘူးလားဗျ”

ဦးဘသာကြီးက ထိတ်လန့်သွားသလိုဖြစ်သွားတယ်ဗျ၊ နောက်တော့ ဘာစကားမှမပြောဘဲ ကွင်းခေါင်ခေါင်ကြီးကို ငေးကြည့်နေပြန်ရော၊ သူ့ဆီမှာ ပြောစရာစကားတွေ တော်တော်များပုံပဲ၊ ကျုပ်ကိုဘာပြောရမှန်းမသိလို့ စဉ်းစားသလိုလုပ်နေတယ်ဆိုတာ ကျုပ်သိတာပေါ့ဗျာ။

“အချစ်ဆိုတာတော့ ကြုံဖူးတာပေါ့ကွာ၊ ဒါပေမယ့် ငါက အိမ်ထောင်သားမွေးမလုပ်ဘူးလို့ဆုံးဖြတ်ထားတာမဟုတ်လား”

ဦးဘသာရဲ့ မဟုတ်လား ဆိုတဲ့အသံက တိမ်ဝင်သွားတယ်ဗျ၊ ကျုပ်လည်း သိလိုက်ပြီလေ၊ ဦးဘသာလည်း အသွေးနဲ့အသားနဲ့၊ အသည်းနှလုံးနဲ့ တည်ဆောက်ထားတဲ့လူတစ်ယောက်ပဲ မဟုတ်လားဗျာ၊ အင်း၊ နောက်ကြုံတော့မှ ဦးဘသာရဲ့အချစ်ဇာတ်လမ်းကို ခင်ဗျားတို့ကိုပြောပြအုံးမယ်ဗျ။

“ဘာလို့ အိမ်ထောင်သားမွေးမလုပ်တာလဲ ဦးဘသာ”

“အိမ်ထောင်သားမွေးလုပ်ရင် သားသမီးတွေ ထွန်းကားလာမယ်ကွ၊ စုန်းဆိုတာမျိုးက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းရတယ်လေ၊ ငါက ဒီပညာရပ်တွေကို ငါနဲ့ပဲ အဆုံးသတ်လိုက်ချင်ပြီ၊ ဒါကြောင့်လည်း တမင် အိမ်ထောင်မပြုဘဲ နေလိုက်တာပဲကွာ၊ ကဲကွာ တော်ပြီ၊ ငါ့ကိုမဟုတ်တာတွေ မေးမနေနဲ့တော့”

ဦးဘသာကြီး စကားလမ်းကြောင်းလွှဲချင်ပြီလေဗျာ၊ ဆက်ပြောရင် သူ့အကြောင်းတွေ ပေါ်ကုန်တော့မှာကိုး၊ ဒါနဲ့ပဲ ကျုပ်လည်း ရွာဘက်ကိုကြည့်လိုက်တော့ ဆေးဆရာဦးမှတ်ကြီးက အဘိုးကြီးတစ်ယောက်နဲ့အတူတူ ရွာအဝင်လမ်းအတိုင်း လျှောက်လာတာကို မြင်လိုက်ရပါလေရောဗျာ၊ ကျုပ်လည်း သိချင်စိတ်ကိုထိန်းမရတာနဲ့ တောအုပ်ထဲကထွက်ပြီး ရွာအဝင်လမ်းကို ခပ်ဖြည်းဖြည်းချင်းလျှောက်လာခဲ့တာပေါ့ဗျာ၊ ဒါမှ ရွာအဝင်နားမယ် သွားပြီးဆုံမယ်မဟုတ်လား။

(၂)

“ဗျို့ ဦးမှတ်ကြီး၊ ဘယ်ကပြန်လာတာလဲဗျ၊ အနောက်ကရော ဘယ်သူပါလိမ့်”

ကျုပ်က လက်ကလေးအနောက်ပစ်ပြီး မေးလိုက်တော့ ဦးမှတ်ကြီးက ကျုပ်ကိုမျက်စောင်းလှမ်းထိုးတယ်ဗျ၊

“ဟေ့ကောင်၊ မင်းရဲ့ဆရာကို သွားခေါ်လာခဲ့စမ်း”

ကျုပ်လည်း ထူပူသွားတာပေါ့။

“ဘယ်ကဆရာလဲ”

“မင်းကိုပညာသင်ပေးနေတဲ့ မင်းဆရာ စုန်းထီးဘသာကို သွားခေါ်လာခဲ့လို့ပြောနေတာ”

“ဟာဗျာ၊ ပေါက်ပေါက်ရှာရှာ ဦးဘသာက ကျုပ်ရဲ့ဆရာလည်းမဟုတ်ဘူး၊ ကျုပ်ကိုလည်း ဘာမှသင်ပေးနေတာမဟုတ်ပါဘူး”

“မင်းမလိမ်နဲ့ကွ၊ အရပ်ထဲမှာ မင်းနဲ့သူနဲ့ အမြဲတတွဲတွဲပဲမဟုတ်လား၊ ပြီးတော့ မင်းက သူ့ဆီက ပညာလိုချင်လို့ ဟိုတစ်လောကတောင်မှ သူ့အိမ်မှာသွားအိပ်သေးတာမဟုတ်လား”

သူပြောတော့ အနောက်ကလိုက်လာတဲ့ အဘကြီးက ကျုပ်အရှေ့ကိုလာရပ်တယ်ဗျ၊ သူ့လက်ထဲမှာလည်း တောင်ဝှေးကြီးတစ်ချောင်းကိုင်ထားတာ၊ သစ်သားတောင်ဝှေးက နီရဲနေတာပဲ၊ တောင်ဝှေးထိပ်မှာတော့ ရှင်သီ၀လိရုပ်လိုလို၊ ဘုန်းကြီးရုပ်တစ်ရုပ် ထုထားသေးတယ်၊ နောက်တော့ ကျုပ်ကို အဲဒီတောင်ဝှေးကြီးနဲ့ လှမ်းပြီးတို့လိုက်သေးတယ်ဗျ။

“မောင်မှတ်၊ ဒီကောင်လေးက ဘာပညာမှမတတ်ပါဘူး”

ဦးမှတ်ကြီးက အဲဒီတော့မှ တိတ်သွားတာဗျာ။ ဒါပေမယ့် အဘကြီးက ကျုပ်အနားကိုတိုးလာပြီး

“စုန်းနဲ့ပေါင်းသင်းတယ်ဆိုတာ မြွေပွေးခါးပိုက်ပိုက်ထားရသလိုပဲ ငါ့တူ၊ မင်းစုန်းတွေနဲ့ ဝေးဝေးရှောင်နေသင့်တယ်၊ စုန်းဆိုတာ ချစ်ရင်လည်း ပြုစားသလို၊ မုန်းရင်လည်း ပြုစားတတ်တယ်ကွ”

ကျုပ်စိတ်ထဲ မခံချင်ဖြစ်သွားတာပေါ့ဗျာ၊ ဒါနဲ့ကျုပ်လည်း ဆေးဆရာကြီးဘက်ကိုလှည့်ပြီးတော့

“ဦးမှတ်ကြီး၊ ဒီအဘကြီးက ဘယ်သူလဲဆိုတာ ပြောအုံးလေဗျာ၊ အိမ်ရောက်ရင် ကျုပ်လည်း အဖေ့ကိုပြောလို့ရတာပေါ့”

ဆေးဆရာကြီးက တစ်ချက်ပြုံးလိုက်ပြီး

“ဟောဒါက ယောနယ်ဘက်က နာမည်ကြီး ဘုရားပျံဂိုဏ်းက ဒုဂိုဏ်းချုပ် အထက်လမ်းဆရာကြီးပဲကွ၊ သူ့နာမည်ကတော့ ဦးအောင်ရှိန်တဲ့ ဘုရားပျံဦးအောင်ရှိန်ဆိုရင် ယောနယ်တစ်ဝိုက် မသိသူမရှိပဲကွ၊ မင်းအဖေနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးကွာ”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ ဘုရားပျံဂိုဏ်းဆိုတာ ကျုပ်မကြားဖူးပေမယ့် ဦးအောင်ရှိန်ပုံစံနဲ့ ဒုဂိုဏ်းချုပ်ဆိုတာ သိလိုက်လို့ ကျုပ်လည်း ရှိန်သွားတာပေါ့ဗျာ၊ ပြောရအုံးမယ်၊ ကျုပ်တို့ခေတ်က ဂိုဏ်းသိပ်ပေါတဲ့ခေတ်ဗျ၊ အထက်လမ်းတွေလည်း ဂိုဏ်းမျိုးစုံ၊ ကျင့်စဉ်မျိုးစုံရှိသလို၊ အောက်လမ်းမှာလည်း ဂိုဏ်းပေါင်းစုံရှိတယ်၊ ဒါတင်မကသေးဘူး ဘုန်းကြီးဂိုဏ်းတွေလဲ ရှိသေးတယ်၊ လူမိုက်တွေကလည်း ဂိုဏ်းတွေဖွဲ့သလို၊ ကရာတေးတို့၊ သိုင်းပြောင်းပြန်တို့၊ ဗန်တိုဗန်ရှည်ဆရာတွေကလည်း ဂိုဏ်းစုံဖွဲ့တတ်သေးတယ်ဗျ။

“မှတ်ထားလိုက်အုံး၊ ဆရာဦးအောင်ရှိန်က တို့ရွာကိုပတ်မွှေနေတဲ့ စုန်းထီးကြီးဘသာကို နှိမ်နင်းဖို့ရောက်လာခဲ့တာပဲကွ၊ မင်းအဖေက သူကြီးဖြစ်ပြီး သူ့အာဏာစက်နဲ့ နှိမ်နင်းလို့မရရင် ငါတို့ဆရာကြီးကလည်း သူ့ရဲ့ပညာစက်နဲ့ ဘသာကို ရွာကနှင်ထုတ်ပေးမယ်ကွ”

ဦးမှတ်ကြီးက ပြောလည်းပြောပြီးရော ဝမ်းခေါင်းသံကြီးနဲ့ရယ်တယ်ဗျာ၊ သူတော်တော်ကျေနပ်အားရနေပုံရတယ်ဗျ၊ ပြီးတော့ ဆရာတပည့်နှစ်ယောက် ရွာလမ်းအတိုင်း ဆောင့်ကြွားကြွားနဲ့ ဝင်သွားကြပါရောဗျာ၊ ကျုပ်ဖြင့် ဦးမှတ်ကြီးကိုကြည့်ပြီး မျက်ခွက်တွေချည်းရိုက်ချင်တာဗျ၊ ကြည့်မရလို့။ ဒါပေမယ့် သူ့နောက်က ဆရာကြီးအောင်ရှိန်ကိုတော့ ကျုပ်တော်တော်လန့်တယ်၊ သူ့ပုံစံကိုကြည့်လိုက်တာနဲ့ ပညာနဲ့ပြည့်၀တဲ့လူမှန်း တန်းသိသာတယ်ဗျာ၊ ကျုပ်လည်း ရွာထဲကိုမပြေးတော့ဘဲ တောတန်းကလေးထဲကိုပြေးဝင်ခဲ့တယ်။

“ဦးဘသာကြီးရေ၊ ပြသနာတော့တက်ပြီဗျ”

“ဘာဖြစ်လာပြန်တာလည်းကွာ အလန့်တကြားနဲ့”

“ခုနက ဆေးဆရာဦးမှတ်ကြီးက ရွာကို ဘုရားပျံဂိုဏ်းကဆိုလား အထက်လမ်းဆရာကြီး ဦးအောင်ရှိန်လို့ခေါ်တဲ့ အဘကြီးကိုခေါ်လာတယ်ဗျ”

“သူတို့ဖာသာ သူတို့လာတာ ငါနဲ့ဘာဆိုင်လဲကွ”

“ဟာ၊ သူတို့လာတာ ဦးဘသာကို နှိမ်နင်းဖို့တဲ့၊ ကျုပ်ကိုအခုပဲ ဦးမှတ်ကြီးက ပြောလိုက်တာ”

ဦးဘသာကြီးက မျက်နှာကြီးကို မဲ့ရွဲ့လိုက်တယ်ဗျာ။

“အောင်မာ၊ ငါ့ကိုများနှိမ်နင်းချင်သေးတယ်တဲ့၊ ပြောပုံက ငမှတ်တော့ ငါလုပ်ရင်နာတော့မယ်”

“အဲဒါ ဦးဘသာကြီးကို သူတို့စိန်ခေါ်မယ်ထင်တယ်ဗျ”

“ခေါ်စမ်းပါစေကွာ၊ ငါလည်း ပျင်းနေတာနဲ့ အတော်ပေါ့ကွာ”

ကျုပ်လည်း ဦးဘသာကြီးဆီကနေ ပြန်ပြေးပြီးတာ့ ရွာထဲကိုပြေးရတော့တယ်၊ ခြံဝိုင်းထဲကို ကျုပ်ဝင်လိုက်တော့ ချွေးတွေသံတွေကို ရွှဲနေတာပေါ့ဗျာ၊ နေမွန်းတည့်ခါနီး တောင်ပြေးလိုက် မြောက်ပြေးလိုက် လုပ်နေရတာမဟုတ်လား၊ ကျုပ်ခြံထဲဝင်လိုက်တော့ ဆေးဆရာကြီးနဲ့ ဦးအောင်ရှိန်နဲ့က ကျုပ်တို့အိမ်ရှေ့ခုံတန်းမှာ ထိုင်နေတယ်ဗျ၊ ဦးမှတ်ကြီးက အဖေ့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးတော့

“ဒီမှာသူကြီး၊ ဘသာကို ခင်ဗျားနှင်မရရင် ဆရာကြီးက နှင်ပေးလိမ့်မယ်၊ ပညာသည်တွေအချင်းချင်းဖြစ်ကြတဲ့ ကိစမှာ သူကြီးဝင်မပါတာကောင်းလိမ့်မယ်”

အဖေကလည်း ခေါင်းညိတ်တယ်။

“ကောင်းပြီ၊ ခင်ဗျားတို့ပညာသည်ချင်းကြိုက်တာလုပ်၊ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သေအောင်မလုပ်ရဘူး၊ သေအောင်လုပ်တဲ့လူကို ကျုပ်ကလူသတ်မှုနဲ့ ဖမ်းရမယ့်တာဝန်ရှိတယ်၊ ခင်ဗျားတို့ သဘောပေါက်”

ဦးအောင်ရှိန်က ခေါင်းညိတ်သည်။

“စိတ်ချပါ၊ ကျုပ်တို့ ဘုရားပျံဂိုဏ်းကလည်း လူမသတ်ပါဘူး၊ သူရှုံးရင် သူ့ပညာတွေအကုန်လုံးကို ဖျက်လိုက်ရုံပဲ လုပ်မှာပါ”

ဆေးဆရာဦးမှတ်ကြီးတို့နှစ်ယောက် ခြံဝိုင်းထဲကနေထွက်ဖို့လုပ်တော့ ကျုပ်နဲ့တွေ့သွားတာပေါ့ဗျာ၊ ဦးမှတ်ကြီးက ကျုပ်ကိုကြည့်ပြီး

“အောင်မယ်၊ ဟေ့ကောင်လေး၊ မင်းက ဒီကိုအရင်လာမပြောဘဲ မင်းဆရာကို သံတော်ဦးသွားတင်ပြီးပြီပေါ့လေ”

“ဟာဗျာ၊ ကျုပ်ဆရာမဟုတ်ပါဘူးဆိုနေ”

သူတို့နှစ်ယောက်လည်း ကျုပ်ကိုလှောင်ပြောင်ရယ်မောပြီး အိမ်ထဲကနေထွက်သွားတယ်၊ ကျုပ်အိမ်ရှေ့ကိုရောက်တော့ အဖေက အဝေးကိုကြည့်ပြီး ရေရွတ်နေတယ်။

“အင်း၊ ရွာမှာ ပွဲတစ်ပွဲတော့ နွှဲကြအုံးမယ်ထင်ပါ့”

မှန်တာပေါ့ဗျာ၊ အဖေထင်တာ သိပ်မှန်တာပေါ့။

(၃)

ဆရာကြီးဦးအောင်ရှိန်ရောက်နေတော့ ဆေးဆရာဦးမှတ်ကြီးအိမ်မှာ လူတွေစည်ကားနေတာပေါ့ဗျာ၊ ဦးမှတ်ကြီးအိမ်အပေါ်ထပ်က ဘုရားစင်ကြီးအရှေ့မှာ ဘုရားပွဲအုန်းပွဲ ငှက်ပျောပွဲတွေ စုံနေအောင်ထိုးထားတာပေါ့ဗျာ၊ လူတွေကလည်း ဦးအောင်ရှိန်နဲ့ စကားပြောဖို့ရောက်နေကြတာပေါ့၊ ဦးအောင်ရှိန်ကလည်း သူတို့ယောနယ်ဘက်မှာ စုန်းတွေပေါတဲ့အကြောင်း၊ ဟိုစုန်းကို ဟိုလိုအနိုင်ယူခဲ့တဲ့အကြောင်း၊ ဒီစုန်းကို ဒီလိုအနိုင်ယူခဲ့တဲ့အကြောင်းတွေ ပြန်ပြောတော့ ရွာသားတွေခမျာ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြတာပေါ့ဗျာ။

“ဟောဒီတောင်ဝှေးက အရုပ်က မင်းတို့ထင်တဲ့ ရှင်သီ၀လိမဟုတ်ဘူးကွ၊ ရဟန်းဘ၀နဲ့ ထွက်ရပ်လမ်းကိုမြန်းသွားတဲ့ ငါတို့ရဲ့ဆရာကြီး ဘုရားပျံလို့ခေါ်တဲ့ ဆရာကြီးရဲ့ နာမ်ကိန်းနေတဲ့အရုပ်ကွ၊ စုန်းတွေ ကဝေတွေဆို ဒီရုပ်တုကလေးမြင်တာနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြတော့တာ”

တစ်ခါ ရွာသားတွေကလည်း ဦးဘသာကြီးက ဘယ်လိုပြုစားတာ၊ ဘယ်သူ့ကိုဘယ်လိုလုပ်တာ စသည်ဖြင့် ထင်လုံးတွေနဲ့ပြောဆိုကြတာပေါ့၊ ဒီကြားထဲက မျက်နှာရသွားတာကတော့ ဆေးဆရာဦးမှတ်ကြီးပဲဗျ၊ သူက ဘယ်ပယောဂကို ဘယ်လိုကုလွှတ်လိုက်တာ၊ ဘယ်လိုတန်ပြန်လိုက်တာ စသဖြင့် လူကြားထဲ သူ့ကိုယ်သူ ဂုဏ်ဖော်တော့တာပေါ့ဗျာ။

နောက်တော့ ဦးဘသာကြီးနဲ့ လူသိရှင်ကြား ပညာပြိုင်မယ့်ရက်ကိုရွေးတယ်ဗျ၊ ဒါနဲ့ပဲ တန်ခူးလဆန်း(၅) ရက်နေ့၊ နေ့လည်တစ်နာရီတိတိအချိန်မှာ ရွာပြင်က ထိန်ကုန်းအနားမှာ ပညာပြိုင်မယ်ဆိုပြီးတော့ ဦးအောင်ရှိန်က ရွေးလိုက်တယ်ဗျ၊ ဒီတော့ ဦးဘသာကြီးကို အသိပေးဖို့က ကျုပ်တာဝန်ဖြစ်လာတာပေါ့ဗျာ၊ ကျုပ်လည်း သတင်းသိတာနဲ့ ဦးဘသာကြီးအိမ်ကို ပြေးလာခဲ့တယ်ဗျ။

“ဦးဘသာကြီး၊ တန်ခူးလဆန်းငါးရက်နေ့၊ နေ့လည်တစ်နာရီတိတိအချိန်မှာ ထိန်ကုန်းနားမှာ ပညာပြိုင်မယ်တဲ့ဗျ”

“အောင်မာ၊ အထက်လမ်းဆရာကသူ့ဖာသာ မနေဘဲ ငါ့ကိုလာပြီး စိန်ခေါ်သလေး ဘာလေးနဲ့၊ ပြန်ပြောလိုက်စမ်းဟေ့၊ ဘသာတို့က အချိန်မရွေး၊ နေရာမရွေးဘူးလို့”

ကျုပ်လည်း ဦးဘသာမှာတဲ့အတိုင်း ဆေးဆရာဦးမှတ်ကြီးအိမ်ကိုသွားပြီးတော့ ခပ်နာနာလေးပြောထည့်လိုက်တာပေါ့ဗျာ။

“ဦးအောင်ရှိန်၊ ဦးဘသာကြီးကပြောတယ်၊ သူက ခင်ဗျားတို့ အထက်လမ်းဆရာတွေလို မကြောက်တတ်ဘူးတဲ့၊ အချိန်ကောင်း၊ နေ့ကောင်းတွေ ရွေးမနေဘူး၊ သူနဲ့ရှင်းချင်ရင် အချိန်မရွေးနေရာမရွေးပဲတဲ့ဗျာ၊ စိန်ခေါ်ရင် တိမ်ပေါ်အထိလိုက်မယ့် ဘသာတဲ့ဗျ”

ကျုပ်ပြောတော့ ဦးအောင်ရှိန်မျက်နှာကြီးရဲပြီး ဒေါသတွေထွက်နေလိုက်တာများဗျာ၊

“အေးကွာ၊ ငါဆိုတဲ့ကောင်ကလည်း စုန်းပေါင်းတစ်ထောင်ကို အနိုင်ယူလာတဲ့ကောင်ကွ၊ အောင်ရှိန်ကို ဘာမှတ်နေသလဲ၊ ငါနိုင်ရင် ဒင်းရဲ့ပညာစက်တွေအကုန်ဖျက်ဆီးပစ်မယ်”

ဆေးဆရာဦးမှတ်ကြီးကလည်း ဘေးနားကနေပြီး

“နောက်ပြီး ရွာပြင်ကိုပါ ထုတ်မယ်ဗျာ”

“ဟုတ်တယ်ဟေ့၊ ပညာတွေဖျက်ပြီးတော့ ဒင်းကိုရွာကနေ နှင်ထုတ်ကြမယ်၊ ပြောနေကြာပါတယ်ကွာ၊ ဒီနေ့ညနေပဲ ငါနဲ့သူနဲ့ ပြိုင်ကြမယ်ဟေ့ အရင်ချိန်းထားတဲ့နေရာမှာ နွားရိုင်းသွင်းချိန် ပြိုင်ကြမယ်လို့ ပြောလိုက်စမ်းကွာ”

ရွာသူရွာသားတွေလည်း လက်သီးလက်မောင်းတွေတန်းပြီး အားပေးကြတာပေါ့ဗျာ၊ ကျုပ်လည်း ဦးဘသာကြီးကို စိတ်ပူမိတယ်။ ဘုရားပျံဦးအောင်ရှိန်ရဲ့အကြောင်းတွေကြားထားတာ နည်းမှမနည်းတာဗျာ၊ ကျုပ်လည်း ဦးဘသာအိမ်ကိုပြန်ပြီးပြောတာပေါ့။

“အောင်မာ၊ ဒင်းက လာလာချည်သေး၊ ဒင်းရှုံးရင်လည်း ဒင်းရဲ့ဂိုဏ်းပညာတွေစွန့်လွှတ်ရလိမ့်မယ်ကွ”

ဒီလိုနဲ့ ရွာမှာနှစ်ဖွဲ့ကွဲသွားတယ်ဗျ၊ တစ်ဖွဲ့ကတော့ ဦးဘသာဘက်ကပေါ့၊ များသောအားဖြင့် ဦးဘသာနဲ့ခင်မင်တဲ့သူတွေ၊ ကာလသားတွေပေါ့ဗျာ၊ တစ်ဖွဲ့ကတော့ ဦးအောင်ရှိန်ဘက်ကဗျ၊ ရွာကလူကြီးပိုင်းတွေများပါတယ်၊ ဦးဘသာတို့ ညနေရောက်ရင် ပညာပြိုင်မယ့်သတင်းက ကျုပ်တို့ရွာကလေးထဲ ပြန့်သွားတော့တာပေါ့ဗျာ၊ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဟိုလူကနိုင်မယ်၊ ဒီလူကနိုင်မယ်နဲ့ ပြောဆိုနေကြတော့တာပေါ့၊ ဒါတင်မကသေးဘဲ ရွာထိပ်က အရက်ရောင်းတဲ့ ဦးတရုတ်ကြီးဆိုင်မှာဆို ကြိတ်ဝိုင်းတောင်ဖြစ်နေကြတယ်တဲ့ဗျာ၊ ဂျင်ဝိုင်း၊ ဖဲဝိုင်းတော့မဟုတ်ပါဘူး၊ ဦးဘသာနိုင်မလား၊ ဦးအောင်ရှိန်နိုင်မလားဆိုတဲ့ လောင်းကစားဝိုင်းပါ၊ ဦးတရုတ်ကြီးက ဒိုင်လုပ်ပေးမယ်၊ ငွေကိုင်ပေးမယ်ပေါ့ဗျာ၊ ရတဲ့အမြတ်ကို ဆယ်ရာခိုင်နှုန်း သူက စားမယ်တဲ့။

“ဟေ့ကောင်တွေ၊ ဦးအောင်ရှိန်နိုင်မှာကွ၊ ဘုရားပျံဂိုဏ်းဆိုတာ နှယ်နှယ်ရရမဟုတ်ဘူး၊ ငါတော့ ဦးအောင်ရှိန်ဘက်က နွားတစ်စီးထည့်တယ်ကွာ”

“အောင်မာ၊ ကျုပ်တို့ဦးဘသာကလည်း မခေဘူးဗျ၊ သူ့အမေဒေါ်ပျင်းကြီးဆီက ပညာကုန်ရခဲ့တဲ့သူ၊ ဦးဘသာကြီးပဲ နိုင်မှာပါဗျာ၊ ကဲ ကျုပ်လည်း ဦးဘသာဘက်က နွားတစ်ကောင်ထိုးတယ်ဗျ”

နွားတွေထိုးလိုက်၊ စပါးတွေတင်းနဲ့ထိုးလိုက်၊ နောက်ပြီး ပိုက်ဆံတွေထိုးလိုက်နဲ့ ထိုးမဆုံးဘူးဖြစ်နေကြတော့တာပဲဗျာ၊ နောက်တော့ အခြေအနေတွေတင်းမာကုန်ပြီး တစ်ဖက်နဲ့တစ်ဖက် ရိုက်ပွဲဖြစ်တော့မှာစိုးလို့ အဖေကတောင် သွားထိန်းရသေးတယ်ဗျာ၊ ဦးဘသာတို့ ပြိုင်တဲ့လူတွေတော့မသိဘူးဗျ၊ နှစ်ဖက်ပရိသတ်ကတော့ တော်တော်ကိုပွဲဆူနေပြီဗျာ။

ညနေမစောင်းသေးဘူး ထိန်ကုန်းမှာ လူတွေစုံလို့ဗျ၊ ထိန်ကုန်းဆိုတဲ့နေရာက ထိန်ပင်ကြီးနှစ်ပင်ပေါက်နေပြီးတော့ ကုန်းကမူလေးဖြစ်နေတဲ့နေရာပါ၊ အဲဒီနေရာက အရမ်းလည်းသရဲခြောက်တယ်လို့ နာမည်ကြီးလို့ ပုံမှန်အချိန်ဆို တစ်ယောက်တည်းတောင် သွားဝံ့တဲ့နေရာမဟုတ်ပါဘူး၊ ဟော၊ အခုတော့ ထိန်ကုန်းမှာ ပွဲခင်းကြီးလိုကိုဖြစ်နေတာ၊ လူတွေက ဖိနပ်တွေဖင်ခုပြီးတော့ စီတန်းပြီးကိုထိုင်နေကြတာဗျ၊ ပွဲကလည်း ပွဲကြီးပွဲကောင်းကိုဗျ၊ ဒါမျိုးပွဲက မြင်ရခဲလေတော့၊ သက်ကြားအို အသက်ရှစ်ဆယ်အရွက်ကနေစပြီး တစ်နှစ်သား ရင်ခွင်ပိုက်ကလေးတွေကိုပါ ခေါ်ပြီး လာကြည့်ကြတာဗျ။ ကျုပ်တို့တစ်ရွာလုံး လူကုန်ပြီလားလို့တောင်ထင်ရသေးတယ်။

မကြာပါဘူးဗျာ၊ ဆရာမှတ်ကြီးတို့အိမ်ကနေ ဦးအောင်ရှိန်ကြွလာပါပြီ၊ ရေမိုးချိုးပြီးတော့ အထက်အောက် ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ပုတီးကြီးသုံးကုံးကိုလည်း လည်ပင်းမှာဆွဲလို့ဗျ၊ တောင်ဝှေးကြီးတကားကားနဲ့ ခေါင်းပေါ်မှာလည်း ဘိုးဘိုးအောင်တို့ပေါင်းသလို ခေါင်းပေါင်းအုပ်ပေါင်းအဖြူကလေးလည်း ပေါင်းထားသေးတယ်၊ ကြည့်လိုက်တာနဲ့ကို အထက်ဘိုးတော်ကြီး ကြွမြန်းလာသလိုပေါ့ဗျာ၊ သူ့ဘေးနားကလည်း ဝတ်ဖြူစင်ကြယ်နဲ့ ပုတီးတွေကို လည်ပင်းမှာရော၊ လက်တွေမှာပါပတ်ပြီး လိုက်ပါလာသူကတော့ ဆေးဆရာဦးမှတ်ကြီးဗျ၊ သူတို့ထွက်လာတော့ ရွာခံတစ်ချို့က ထီးတွေမိုးပေးကြ၊ လမ်းကိုသဲဖြူးပေး၊ ရောလောင်းပေးရနဲ့ ရှုတ်ယှက်ခတ်နေတော့တာဗျို့၊ ကျုပ်လည်း ဦးဘသာကြီးအိမ်ကိုပြေးခဲ့တာပေါ့ဗျာ၊

ဦးဘသာကြီးကတော့ ချွေးတစ်လုံးလုံးနဲ့၊ ထုံးစံအတိုင်း ခေါင်းပြောင်ပြောင်ကို သဘက်အကွက်ကျဲကြီးတစ်စပတ်ပြီးတော့ ရှပ်အကျီအစုတ်ကြီးနဲ့ ထွက်လာခဲ့တာ၊ ထူးဆန်းတာကတော့ သူခရီးသွားရင် လွယ်နေကျ လွယ်အိတ်အစုတ်ကြီးကို လွယ်ထားတာပါပဲဗျာ။

ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ဦးဘသာကြီးနဲ့ ဦးအောင်ရှိန်ကြီးနဲ့ ထိန်ကုန်းကလေးကို ရောက်လာကြတယ်၊ အားပေးတဲ့သူတွေကလည်း လက်ခုပ်လက်ဝါးတီးလို့ပေါ့ဗျာ၊ ဦးဘသာနဲ့ ဦးအောင်ရှိန်တို့ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့သလို တွေ့ကြပြီပေါ့ဗျာ၊ ဦးဘသာကြီးက ဦးအောင်ရှိန်ကြီးကို သေသေချာချာစိုက်ကြည့်နေတာဗျ၊ အားလုံးကလည်း ငြိမ်ကျသွားတာပေါ့ဗျာ၊ ဦးအောင်ရှိန်ကြီးကလည်း ဦးဘသာကြီးကို သေသေချာချာကို စူးစိုက်ပြီးကြည့်နေတာ၊ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေရင်း အချိန်ငါးမိနစ်လောက်ကြာသွားတယ်ဗျာ၊ ကျုပ်တို့ဆို အသံမထွက်ရဲဘူးဗျ၊ ကျုပ်တို့မသိအောင် ပညာပြိုင်နေတာလားဆိုပြီးတော့ အသံတိတ်ပြီး ပြူးပြဲကြည့်နေရတာ။

ဟော၊ ပွဲကစပြီဗျ၊ ဦးအောင်ရှိန်ကြီးက ဦးဘသာကြီးကိုလက်ညှိုးနဲ့ထိုးတယ်ဗျ။ နောက်တော့ ပါးစပ်ကလည်း တစ်ခုခုပြောမလိုလို ပွစိပွစိနဲ့လုပ်နေပြန်ရော၊ ဦးဘသာကြီးကလည်း ဦးအောင်ရှိန်မျက်နှာကို လက်ညှိုးနဲ့သေသေချာချာထိုးပြီးတော့

“မင်း . . . မင်း”

သူတို့နှစ်ယောက် အရှေ့ကိုတဖြည်းဖြည်းတိုးလာကြတယ်ဗျ၊ ကျုပ်တို့ကတော့ စက်လက်နက်တွေပစ်မလားဆိုပြီး အသေအချာမျက်တောင်မခတ်တမ်းကြည့်နေကြတာပေါ့ဗျာ၊ အနားရောက်တာနဲ့ သူတို့လက်ညှိုးတွေ တုန်ခါလာတယ်ဗျ၊ ပြီးတော့ ဦးအောင်ရှိန်ကြီးက အံ့ဩသွားတဲ့မျက်နှာနဲ့။

“မင်း၊ မင်း ပြောင်ရှင်းမဟုတ်လား”

ဦးဘသာကြီးကလည်း ဦးအောင်ရှိန်ကြီးကို သေသေချာချာကြည့်ပြီး

“ဟာ၊ မင်းက မျောက်ခေါင်းမဟုတ်လား”

တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးတော့ ဟက်ဟက်ပက်ပက်ရယ်လိုက်ကြတယ်ဗျာ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပုခုံးဖက်လိုက်ကြတာပေါ့။

“ဒါနဲ့ ဒီရွာမှာသောင်းကျန်းနေတယ်ဆိုတဲ့ စုန်းက မင်းလားကွ ပြောင်ရှင်းရ”

ဦးအောင်ရှိန်က မေးတယ်ဗျာ၊ ဦးဘသာကလည်း ခေါင်းညိတ်ပြီး

“ဒါဆို မင်းကရော ဘုရားပျံအောင်ရှိန်ဖြစ်နေတာပေါ့၊ ဟုတ်လား မျောက်ခေါင်း”

သူတို့အချင်းချင်း နှုတ်ဆက်ပြီးတော့ ပျော်ရွှင်နေကြတာဗျာ၊ ပညာပြိုင်ပွဲလာကြည့်တဲ့ကျုပ်တို့မှာ ဘာတွေဖြစ်နေမှန်းကိုမသိဘူးပေါ့၊ ဒီအခါ ဆေးဆရာဦးမှတ်ကြီးက ဆရာကြီးအောင်ရှိန်အနားကိုကပ်လာတာပေါ့ဗျာ။

“ဆရာကြီး၊ ဒီလူက ကျုပ်တို့ရွာကို ပတ်မွှေနေတဲ့ စုန်းထီးကြီး ဘသာပဲ”

ဦးအောင်ရှိန်က ရယ်မောလိုက်ပြီး

“မောင်မှတ်ရေ၊ တခြားသူဆိုရင်တော့ မင်းပြောတာငါယုံချင်ယုံမယ်၊ ဒါပေမယ့် ပြောင်ရှင်းဆိုတဲ့ကောင်ရဲ့ စိတ်ကိုငါအသိဆုံး၊ သူဘယ်တော့မှ ဒါမျိုးလုပ်မှာမဟုတ်ဘူးကွ”

ဆေးဆရာဦးမှတ်ကြီးက ဘာလုပ်ရမှန်းကို မသိတော့ဘူး၊ ကျုပ်တို့လည်း ပြူးကြောင်ကြည့်နေတာပေါ့ဗျာ၊ သူတို့နှစ်ယောက်ကတော့ ပုခုံးဖက်ပြီး ရွာထဲကို ရယ်ရယ်မောမောနဲ့ဝင်သွားကြတယ်၊ ဒီလိုဆိုတော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာများလား။

ဒါနဲ့ကျုပ်တို့တစ်ရွာလုံးလည်း သူတို့အနောက်လိုက်ခဲ့တာပေါ့ဗျာ၊ ဦးဘသာကြီးက ဦးအောင်ရှိန်ကို သူ့အိမ်ကိုခေါ်သွားတယ်ဗျ၊ နောက်ပြီး အိမ်ရှေ့ကွပ်ပျစ်မှာ စကားတွေဖောင်ဖွဲ့နေတာပေါ့ဗျာ၊ ဒီတော့ ပညာပြိုင်ပွဲကြီးလည်း ပျက်သွားသလို ရွာသားတွေလည်း ဟတ်ကော့ကြီးဖြစ်ကျန်ခဲ့တာပေါ့။

နောက်တော့ ရွာသားတွေက ဦးတရုတ်ကြီးဆီကို ချီတက်သွားပါရောလားဗျာ၊ ဦးတရုတ်ကြီးက ရတဲ့ထိုးကြေးတွေကို တွက်ချက်ပြီး ဆယ်ရာခိုင်နှုန်းတောင်မှ နှုတ်ထားပြီတဲ့ဗျာ၊ ဘယ်ဖက်ကနိုင်နိုင် သူက ရမယ်မဟုတ်လား၊ ဒီတော့ ရွာသားတွေက ဦးတရုတ်ကြီးဆီကနေငွေတွေပြန်တောင်းပြီး ဆူကြပူကြပေါ့ဗျာ။

ဦးအောင်ရှိန်ကြီးက ဆေးဆရာကြီးအိမ်ကိုတောင် မပြန်တော့ဘဲ ဦးဘသာကြီးအိမ်မှာပဲ အိပ်တယ်ဗျာ၊ ကျုပ်လည်း သူတို့နှစ်ယောက်အကြောင်းကိုသိချင်တာနဲ့ အိမ်မပြန်သေးဘဲ သူတို့အနားမှာထိုင်ပြီး သူတို့ပြောတာတွေကို နားစွင့်နေတာပေါ့။ ဦးဘသာကြီးက နောက်တော့မှကျုပ်ဘက်လှည့်ပြီး

“ဒီလိုကွ၊ အောင်ရှိန်နဲ့ငါနဲ့က တစ်တပ်ထဲ တာဝန်ထမ်းခဲ့ဖူးတဲ့သူတွေ၊ စစ်သင်တန်းလည်း အတူတူတက်ခဲ့၊ အတူတူစစ်တိုက်ခဲ့တဲ့သူတွေကွ၊ အောင်ရှိန်က တစ်ခါတုန်းက တောထဲမှာ မျောက်ကိုသတ်ပြီး မျောက်ခေါင်းကြီးကိုကြည့်ပြီး မျောက်သားမစားနိုင်လို့ သူ့ကိုမျောက်ခေါင်းလို့ခေါ်တာ”

“အောင်မယ် မင်းရောဘာထူးလို့လဲ၊ ဒီကောင်က ငယ်ငယ်ကတည်းက နဖူးပြောင်ပြီး ရှင်းနေလို့၊ တပ်ထဲမှာ ဒီကောင့်ကို ပြောင်ရှင်းလို့ခေါ်ကြတာကွ၊ ဟား၊ ဟား”

“ဒီကောင်နဲ့ငါနဲ့က တပ်ထဲမှာ ရှစ်နှစ်လောက်ပေါင်းလာခဲ့တာဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်သိပြီးသားကွ”

“ဟုတ်တယ်ပြောင်ရှင်းရေ၊ မောင်မှတ်ပြောတော့ ငါကမင်းမှန်းမသိလို့ပါ၊ မင်းဘယ်လိုစိတ်ရှိတယ်ဆိုတာ ငါသိပါတယ်၊ မင်းက မင်းရဲ့ပညာတွေနဲ့ သူတစ်ဖက်သားကို ဒုက္ခရောက်အောင်မလုပ်ဘူးဆိုတာ ငါယုံပါတယ်၊ အခုကလည်း မင်းက စုန်းဆိုတော့ နာမည်ကြီးပြီး ထမင်းငတ်တဲ့သဘောပေါ့ကွာ၊ ဟား၊ ဟား”

“ကဲ ထမင်းငတ်မနေနဲ့တော့၊ အခုငါ့အိမ်မှာပဲစားသွားကာ၊ ငါအိမ်ကြက်တစ်ကောင်ချက်လိုက်မယ်၊ ခြံနောက်ဘူးစင်က ဘူးသီးနုနုကလေးနဲ့ဆို မင်းသိပ်ကြိုက်မှာ”

ဖြစ်ချင်တော့ ဦးဘသာနဲ့ ဦးအောင်ရှိန်က သူငယ်ချင်းတွေဗျ၊ သူငယ်ချင်းတွေတောင်မှာ သာမန်မဟုတ်ဘဲ စစ်ထဲက ရဲဘော်ရဲဘက်တွေဆိုတော့ ဒီလောက်ခင်ကြတာလည်း မဆန်းပါဘူးဗျာ၊ ကျုပ်လည်းသူတို့နှစ်ယောက်ကို အနှောင့်အယှက်မပေးချင်တာနဲ့ အိမ်ကိုပြန်လာခဲ့တယ်၊ ကျုပ်တို့အိမ်နားမှာ ရွာသားတွေက စောင့်နေကြတာပေါ့ဗျာ။

“ဟေ့အလတ်ကောင်၊ သူတို့နှစ်ယောက် ဘယ်တော့ပညာထပ်ပြိုင်မှာလဲကွ”

ကျုပ်လည်း ခေါင်းခါပြလိုက်တယ်။

“ပညာတော့ ပြိုင်မှာမဟုတ်ဘူးဗျ၊ ပြိုင်ချင်းပြိုင် ထမင်းစားတာချင်းပြိုင်ကြတော့မှာ၊ သူတို့နှစ်ယောက်က တော်တော်ခင်တဲ့သူငယ်ချင်းတွေဗျ၊ အခုတောင် သူငယ်ချင်းနှစ်ယောက် ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြောနေကြတာနဲ့ ဒီညတောင်အိပ်ကြပါ့မလားမသိဘူး”

သွားပြီလေဗျာ၊ ရွာသားတွေအကုန်လုံး စိတ်ပျက်ကုန်ကြတယ်၊ အထက်လမ်းနဲ့ အောက်လမ်းတိုက်တဲ့ ပွဲကြိးပွဲကောင်းကို မြင်ရတော့မယ်ဆိုပြီး အားခဲထားကြတာမဟုတ်လား၊ အခုတော့ ဇာတ်လမ်းက ပြီးနေပြီလေ၊ ဒါနဲ့ပဲ ကြိတ်မနိုင်ခဲမရဘဲ ပြန်သွားကြတာပေါ့ဗျာ။

ပိုပြီး အခဲမကျေတဲ့လူရှိတယ်ဗျ၊ အဲဒါကတော့ ဆေးဆရာဦးမှတ်ကြီးပဲ၊ သူကတော့ ဦးဘသာကိုနှင်ဖို့ လမ်းစားရိတ်အကုန်ခံပြီး ပင့်လာခဲ့တာ၊ အခုတော့ ဆရာကြီးက သူငယ်ချင်းနဲ့တွေ့တော့ သူ့အိမ်တောင်မနေတော့ဘဲ သူ့သူငယ်ချင်းအိမ်မှာပဲ နေနေတယ်မဟုတ်လား။

ဆရာကြီးအောင်ရှိန်က ကျုပ်တို့ရွာမှာ သုံးရက်လောက်နေပြီးတော့ ပြန်သွားပါတယ်၊ ဦးဘသာကြီးကလည်း လှည်းတစ်စင်းငှားပြီးတော့ ရွာကထွက်တဲ့လက်ဆောင်တွေ ထည့်ပေးလိုက်တာပေါ့ဗျာ၊ ပြန်ခါနီး သူငယ်ချင်းတွေ နှုတ်ဆက်ကြတော့ မျက်ရည်တွေဘာတွေ ဝဲလို့ဗျ။

“မင်းလည်း ငါတို့ဆီကို တစ်ခါလောက် လာလည်အုံးပေါ့ ပြောင်ရှင်းရာ၊ ငါကတော့ အိမ်ထောင်ရက်သားကျပြီး မြေးတွေတောင်ရနေပြီကွ”

“အေးပါကွာ၊ မင်းလည်း ဒီဘက်ရောက်ရင် တို့ရွာကို လာလည်ပါအုံးကွာ”

ဒါနဲ့ပဲ ဆရာကြီးအောင်ရှိန်ပြန်သွားတာပေါ့ဗျာ၊ ဦးဘသာကြီးက လှည်းနဲ့ တန်းမြင့်ရွာအထိလိုက်ပို့တယ်၊ ကျုပ်လည်း သူ့လှည်းနောက်က ထိုင်လိုက်သွားတာပေါ့ဗျာ၊ ဆရာကြီးအောင်ရှိန်ကို ကားပေါ်တင်ပေးပြီးတော့ ကျုပ်တို့ပြန်လာခဲ့တယ်။

“ဆရာကြီးအောင်ရှိန်နဲ့ သိတာကြာပြီလား ဦးဘသာ”

“အေးပေါ့ကွာ ၊ ငါလူပျိုပေါက် စစ်ထဲလိုက်တော့ သူနဲ့အတူတူပဲပေါ့၊ ပြီးတော့ ငါတို့တွေ ကရင်ပြည်နက်ဘက်မှာ တိုက်ပွဲတွေ အတူတူတိုက်ခဲ့တာ၊ နောက်ငါ တပ်ကထွက်ပြီးတော့ သူလည်း ရှမ်းပြည်ဘက်ကို တာဝန်ကျသွားတာပဲ၊ အဲဒီကတည်းက မတွေ့ဖြစ်ကြတော့တာကွ”

“ဒါဆို ဆရာကြီးအောင်ရှိန်ကရော ဦးဘသာကြီး ပညာတွေတတ်တာ သိတယ်မဟုတ်လား”

“သိတာပေါ့ကွ၊ ဒါကြောင့်မို့ ငါက လူတွေကိုပညာနဲ့ ဒုက္ခပေးမယ်ဆိုတာကို သူကမယုံတာပေါ့ကွာ၊ အင်း ဒီကောင်လည်း ဘာလိုလိုနဲ့ အထက်လမ်းဂိုဏ်းဆရာတောင်ဖြစ်သွားပါလား”

ဦးဘသာကြီးက တစ်လမ်းလုံးစကားမပြောတော့ဘူးဗျ၊ ငေးရင်း တွေးရင်းနဲ့ပဲ လိုက်ပါလာခဲ့တာပေါ့ဗျာ၊ သူငယ်ချင်းကိုတွေ့ပြီး အရင်ကအဖြစ်တွေကို သတိရသွားတယ်ထင်ပါရဲ့ဗျာ၊ ဒီလိုနဲ့ စကားများတဲ့ကျုပ်လည်း ပါးစပ်ပိတ်ပြီးတော့ လှည်းပေါ်ထိုင်လိုက်ခဲ့တာပေါ့ဗျာ၊ အဲဒီနှစ်နွေက တော်တော်ပူတာဗျ။

ပြီးပါပြီ။

အဂ္ဂဇော်