ဘွားမယ်စိန်နဲ့ သင်္ချိုင်းကုန်းမှငွေဒင်္ဂါး

ဘွားမယ်စိန်နဲ့ သင်္ချိုင်းကုန်းမှငွေဒင်္ဂါး(စ/ဆုံး)

—————————————

“အမေ….ဒီနေ့ ကျုပ်ဘာဟင်းချက်ရမလဲ ….။အမေစိတ်ထဲ ဘာဟင်းစားချင်လဲ…”

ဘွားမယ်စိန်၏သမီး အပျိုကြီးဒေါ်ဝင်းက
ဆန်ပြာနေရင်းမှ မေးလေသည်။
ဘွားမယ်စိန်က သူ၏ သွားနှစ်ချောင်းသာ ရှိသော ပါးစပ်ထဲ၌ ကွမ်းအားတစ်မြုံမြုံဝါးနေရင်း…

” နင့်မောင်အလတ်ကောင်တို့ခြံက ဆူးပုတ်ကြီးသွားခူးပြီးကြော်ပေးပါအေ…ငါက အသား၊ငါးတွေမစားချင်ဘူး”

“အင်း…ဒါလည်းကောင်းတာပဲ….ဒါနဲ့
အလတ်ကောင်အိမ်ဆီကိုသွားရင်
အမေကော လိုက်ခဲ့ဦးမလား…”

“မလိုက်တော့ပါဘူးအေ…။ဟိုရောက်ရင်ငါ့မြေး မျောက်မူးလဲတွေနဲ့ပါးစပ်က
အငြိမ်နေရမယ်မထင်ပါဘူး….ညည်းပဲသွားလိုက်တော့…”

“ဟုတ်ကဲ့အမေ…ဒါဆို ကျုပ် ခဏနေသွားလိုက်မယ်နော်”

“အေး…အေး…”

သမီးဖြစ်သူ ဒေါ်ဝင်းအား​ဖြေရင်း ဘွားမယ်စိန် ခြံထဲသို့တလှုပ်လှုပ်သွားလေသည်။
သူ၏ ခြံဝိုင်းထဲ၌ မာလကာပင်လေး များစိုက်ပျိုးထား၏။
အပင်အနည်းငယ်သာဖြစ်သော်လည်း ဘုန်းကြီးကျောင်းကိုလှူဖို့ရန်အတွက် အထောက်အကူဖြစ်၏။
တယုတယစိုက်ပျိုးထားသည်မို့ မာလကာသီးများသည်လည်း
အလုံးအရွယ်အစားကြီးမား ကြလေသည်။

ထိုသို့ဖြင့် ဒေါ်ဝင်းတစ်​ယောက် သူ၏မောင်အလတ်ကောင် တို့အိမ်ရှိရာ ရွာနောက်ပိုင်းသို့ သွားတော့လေသည်။
အိမ်မှာတော့ ဘွားမယ်စိန်သာကျန်ရှိခဲ့၏။

***

“ဘွားမယ်စိန်…..ဗျို့…..ဘွားရှိလား….”

“ဝေ့…ဘယ်သူများလဲ ”

“ကျုပ်ပါ ဘုန်းကြီးကျောင်းသား ငသွင်ပါဗျ….”

“ဝိုင်းထဲဝင်ခဲ့လေကွယ်….ကိုက်မယ့်ခွေးလည်းမရှိပါဘူး မောင်ကျောင်းသားရဲ့”

ဟု ဘွားမယ်စိန်က ခြံဝိုင်းထဲသို့ခေါ်လိုက်လေသည်။

ဘုန်းကြီးကျောင်းသား ငသွင်လည်း ခြံဝိုင်းအတွင်းဝင်လာပြီးနောက် ဘွားမယ်စိန် ထိုင်နေသော ကွပ်ပျစ်၌ ဝင်ထိုင်ရှာသည်။
ကွပ်ပျစ်၌ ထိုင်နေသော ငသွင်အား ဘွားမယ်စိန်က သေချာစွာကြည့်၏။
ကြည့်နေရင်း…

“မောင်ကျောင်းသား…ဒီချိန်က ဆွမ်းခံကျချိန်လည်းမဟုတ်တော့ဘူး….
ဘာကိစ္စများရှိလို့တုန်း”

ဘွားမယ်စိန်၏အမေးအား ဘုန်းကြီးကျောင်းသား ငသွင်က မျက်နှာငယ်လေးဖြင့်…

“ကျုပ် ဘွားကို တိုင်ပင် စရာရှိလို့ပါဘွားရယ်….ကျုပ်လေ…ဒီအကြောင်းကို အခြားလူတွေပြန်ပြော​ပြရင် အားလုံးသိကုန်ပြီး…နောက်ဆုံး ဘုန်းဘုန်းပါ ကြားသိသွားရင် ကျုပ်ကိုကြိမ်လုံးနဲ့ကျောကော့အောင်ဆော်ခံရမှာဗျ….”

“ဟဲ့…အထူးအဆန်းပါလား မောင်ကျောင်းသားရယ်…။ပြောစမ်းပါဦး….ဘာကိစ္စများတုန်း”

“ပြောမယ်ဘွား…။ကျုပ်ပြောချင်လို့ဘွားဆီလာခဲ့တာ….မဟုတ်ရင် ကျုပ်ဘယ်လိုမှ ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူးဗျာ….”

“ဟေ….”

ဘုန်းကြီးကျောင်းသား ငသွင်ပြောမည့်အ​ကြောင်းအား ဘွားမယ်စိန်က အထူးအဆန်းဖြစ်နေ၏။
ဘုန်းကြီးကျောင်းသား ငသွင်သည်လည်း ပြောမည့်
အ​ကြောင်းရာကြောင့် စိတ်ဆင်းရဲနေဟန်တူပေသည်။

“ဒီလိုပါ ဘွားရယ်…………”

###

ထိုနေ့သည်​ ကျောင်းထိုင်ဆရာတော် တစ်ဖက်ရွာသို့ကိစ္စတစ်ခုဖြင့် သွားသောနေ့ဖြစ်၏။
ကျောင်း၌တော့ ကိုရင်သုံးပါးနှင့် ကျောင်းသားလေး နှစ်ယောက်သာကျန်ရှိခဲ့သည်။
ကပ္ပိယကြီးသည်လည်း ကျောင်းထိုင်ဆရာတော်နှင့်အတူ လိုက်ပါသွားသည်မို့ ငသွင်တို့ကျောင်းသားများလွတ်လပ်နေကြလေ သည်။

“ငသွင်…ဒီနေ့ ရွာထဲမှာ အလှူရှိတယ်ကွ….အဲ့အလှူမှာ မြို့ကစျေးသည်တွေစုံနေအောင်လာရောင်းကြတာပဲ”

“ဟုတ်လား…ဒါဆိုလည်း ညကျ အလှူကဆိုင်းဝိုင်းကြည့်ရင်းနဲ့တို့တွေသွားကြတာပေါ့…”

“အေး….သွားကြမယ်လေ….”

ငသွင်နဲ့ အောင်ဘုတို့ အလှူဆိုင်းဝိုင်းသွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြသည်။

****
ညသို့ရောက်ချိန်၌
မြို့မှလာရောင်းသော အရုပ်သည်….မုန့်သည်များအား ငေးမောရင်း ငသွင်တို့နှစ်ယောက် ဆိုင်းဝိုင်း၌ အချိန်ကုန်နေခဲ့ကြ၏။

ပြောရပေဦးမည်။
ငသွင်တို့ နေသော ဘုန်းကြီးကျောင်းသည်”သောင်ထွန်းရွာ” ရွာလမ်းမကြီးမှ သွားလာ၍ ရသကဲ့သို့….ဘုန်ကြီးကျောင်း၏ အနောက်ဘက်ရှိ သင်္ချိုင်းကုန်းမှ တဆင့်လယ်ကွင်းပြင်ကြားမှကွေ့ဝိုက်သွားလျှင်လည်းရ
ပေသည်။
ထိုသင်္ချိုင်းကုန်းဘက်လမ်းသည်ဖြတ်လမ်းဖြစ်၏။
သို့သော်မည်သူမျှမသွားလာကြ။
ထို့ပြင်”သောင်ထွန်းရွာ”သင်္ချိုင်းကုန်း၌မှာလည်း သင်္ချိုင်းစောင့်ကမရှိ။
အသုဘရှိလျှင် ရွာရှိလူများက ဝိုင်းဝန်းကူညီကာ မြုပ်နှံပေးကြရ၏။

ယခု…ငသွင်တို့ဘုန်းကြီးကျောင်းသားနှစ်ယောက် ဆိုင်းဝိုင်းမှပြန်လာခဲ့ကြ၏။
သို့သော် ရွာလယ်လမ်းမဆီမှပြန်လာခြင်းမဟုတ်။
မှောင်နက်မဲမဲထဲ၌ သင်္ချိုင်းကုန်းဘက်လမ်းဆီမှပြန်လာကြခြင်းဖြစ်သည်။
အောင်ဘုကရှေ့မှသွားပြီး…ငသွင်ကနောက်မှလိုက်ပါလာ၏။
ပုဆိုးများကို စလွယ်သိုင်း ခြေလှမ်းကျဲကျဲများဖြင့် သင်္ချိုင်းကုန်းအတွင်းစတင်ဝင်ရောက်လာကြသည်။
သင်္ချိုင်းကုန်း၌ ရွာထဲမှာကဲ့သို့ဆူညံမှုမရှိ၊ တိတ်ဆိတ်ငြိမ်သက်လို့နေ၏။
ထိုတိတ်ဆိတ်မှုသည် ခြောက်ခြားဖွယ်ကောင်းပေသည်။
သို့သော် ဘုန်းကြီးကျောင်းသားများဖြစ်သော ငသွင်နှင့်အောင်ဘုတို့တတွေမှာတော့ကြောက်လန့်စိတ်ပင်
မရှိကြ။
သွားလာနေကြနေရာတစ်ခုကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင်ဆက်သွားကြ၏။
ထိုသို့အောင်ဘု၏နောက်ပါးမှ ငသွင်လိုက်ပါရင်း…

“အ…..”

ခြေဖဝါးအောက်မှ ခိုးလို့ခုလု့အရာတစ်ခုကို နင်းလိုက်မိ၍ ငသွင်​ခြေလှမ်းရပ်တန့်လိုက်သည်။
ပြီးနောက်သူ၏ခြေဖဝါး
အောက်သို့ ငုံ့ကြည်လိုက်မိတော့ ဝင်းလက်လက်အရာလေးတစ်ခုဖြစ်နေသည်ကို သိလိုက်ရသည်။ထိုအရာလေးအား ငသွင် ချက်ချင်းကောက်ယူလိုက်ပြီး အောင်ဘုနောက်မှဆက်လိုက်လာခဲ့တော့၏။

ထိုသို့သူတို့နှစ်ဦးဘုန်းကြီးကျောင်းသို့ပြန်ရောက်လာကြပြီး ​​ခြေလက်ဆေးကာ အိပ်ရာဝင်ကြ၏။
အားလုံးအိပ်ပျော်နေလေမှ ငသွင်ချက်ချင်းထလာပြီး သူကောက်ယူလာမိသော အရာ​လေးအားကြည့်လိုက်သည်။
ငသွင်လက်ဖဝါးထဲ၌ ထုတ်ကြည့်မိသောအရာလေးသည်
ငွေရောင် ဒင်္ဂါးပြားလေးတစ်ပြားဖြစ်နေ၏။
ထို့ကြောင့်သင်္ချိုင်းကုန်းမှာတုန်းက ငသွင်ခြေထောက်အောက်မှအရာသည် ဝင်းလင်ဝင်းလက်အရောင်ထွက်နေခြင်းဖြစ်သည်။

ငသွင်ထိုငွေဒင်္ဂါးပြားလေးအား သူအမြဲလွယ်နေကြ ဖြစ်သော ချည်လွယ်အိတ်​လေးအတွင်းသိမ်းကာ အိပ်ရာဝင်လိုက်တော့လေသည်။

ထိုဒင်္ဂါးပြားကိစ္စသည်ထိုမျှနှင့်မပြီးသေး…ထိုနေ့မှစ၍ ညတစ်နာရီကျော်သည်နှင့်….

“ဖက်…..ဖက်…..ဖက်……….”

“အင်…..”

ငသွင်တစ်ယောက်အိပ်နေရင်း သူ၏ကိုယ်အား ခပ်ဆတ်ဆတ်အရိုက်ခံရ၏။
ထိုသို့ ငသွင်မနိုးမချင်းအရိုက်ခံရသည်။
အစပိုင်း၌ ငသွင်မထဘဲ ပေတေစွာနေ၏။
သို့သော် ထမလာမချင်း ရိုက်နေသောကြောင့် ငသွင်လည်းဆက်မအိပ်နိုင်တော့ ချက်ချင်းထလိုက်ရ၏။
ထိုသို့ထလိုက်လေတော့ သူ့အနီး၌ မည်သူမျှမရှိ။
သို့သော် သူအိပ်သည့်​နေရာနှင့် မဝေးသည့် ကျောင်းအပြင်ဘက်၌ အဖြူရောင် သဏ္ဌာန်တစ်ခုသည်သူ့အားရပ်ကြည့်နေ၏။
ထိုသို့ရပ်ကြည့်နေသော အဖြူရောင် သဏ္ဌာန်အား ငသွင်သူနှင့်တန်းတန်းရှိ ဖွင့်ထားသော ပြတင်းတံခါးမှ တဆင့်မြင်နေရလေသည်။
ငသွင်တို့ကျောင်းသားနှစ်ယောက်နှင့်ကိုရင်သုံးပါးသည်ကကျောင်းဆောင်အောက်ထပ်၌ အိပ်ကြရခြင်းဖြစ်သည်။
ထိုသို့ နေ့စဥ် ရိုက်ပုတ်အနိုးခံရပြီး
နောက်နိုးလာလျှင်လည်း လက်ယက်အခေါ်ခံရတတ်၏။
သို့သော် ငသွင်တစ်​ယောက်ထိုအရာ ခေါ်သည့်နေရာသို့မသွား။ပေတေ၍သာပြန်အိပ်လိုက်လေသည်။
တစ်ပတ်လောက်ကြာသည်အထိ နေ့စဥ်ညတစ်နာရီကျော်တိုင်း ငသွင်တစ်ယောက်ထိုသို့ ကြုံတွေ့နေရပေသည်။
မခံနိုင်တော့သည်အဆုံးမှာတော့ ဘွားမယ်စိန်ထံသို့ ငသွင်ရောက်လာခဲ့တော့၏။

***
ငသွင်ပြောပြသည့်ကိစ္စအား ဘွားမယ်စိန် ခေါင်းတငြိမ့်ငြိမ့်နားထောင်၏။
သို့သော် မည်သည်မှ ခါးသည်ချိုသည်ဝင်မပြောခဲ့။
ငသွင်ပြောလို့ပြီးလေမှသာ….

“အင်း…ဒီမယ် မောင်ကျောင်းသားရဲ…ညရေးညတာ ကောက်ရတဲ့ပစ္စည်းတိုင်း မယူကောင်းဘူးကွယ့်…ဘာမှမဖြစ်တာရှိသလို.. အခြား မကောင်းတဲ့အရာတွေက ဖန်တီးစီမံတာတွေလည်းရှိတတ်တယ်…အခု မောင်ကျောင်းသားက သင်္ချိုင်းကုန်းကကောက်ရတာကိုမှ သိမ်းယူလာခဲ့သကိုး……..”

ဘွားမယ်စိန်ကပြောလေတော့ ငသွင်…

“ကျုပ်လည်း…အဲ့ ဒင်္ဂါးပြားကို ဘယ်လို လုပ်ပစ်ရမလဲမသိဘူး ဘွားရယ်….အစကတော့ ဒီဒင်္ဂါးပြားကြောင့်ဒီလိုတွေဖြစ်နေရတာဆိုပြီး ကျုပ် အဲ့ဒင်္ဂါးပြားကို လွှတ်ပစ်မလို့ပါ…ဒါပေမယ့် ပိုဆိုးလာမှာလည်း ဆိုးတယ်ဘွား….”

“အင်း…မဆိုးဘူး မောင်ကျောင်းသားစဥ်းစားတတ်တာပဲ….။မှန်တယ်ကွဲ့…ဒင်္ဂါးပြားမှာသရဲကခိုကပ်ပါလာတာ…မောင်ကျောင်းသားလွှတ်ပစ်လိုက်ပြန် ရင်လည်း ဒီသရဲကပြန်လာမှာပဲ….အဲ့တော့ ဘွားကို အဲ့ဒင်္ဂါးပြားပြစမ်းပါ…..”

“ဟုတ် ဘွား….”

ဘွားမယ်စိန်သည်ဒင်္ဂါးပြားအား ငသွင်ထံမှတောင်းယူလေသည်။
ငသွင်ကလည်း သူ၏အိတ်အတွင်းထည့်ထားသည့် ဒင်္ဂါးပြားအား ဘွားမယ်စိန်ကိုပေး၏။
ဘွားမယ်စိန်က ငသွင်ပေးသောငွေရောင်ဒင်္ဂါးပြားအားသေချာစွာကြည့်
သည်။
ကြည့်နေရင်းမှ ခေါင်းကိုတစ်ငြိမ့်ငြိမ့်လုပ်၏။
ပြီးလေတော့….

“ဟဲ့…ဒင်္ဂါးပြားမှာခိုကပ်နေတဲ့အကောင်….နင့်အရပ်ကိုနင်ပြန်ရမယ်….”

“ဝီး…..”

“ဝီ….ဝီ….ဝီ…ဝီ……….”

ဘွားမယ်စိန်က ပြောရင်း ဒင်္ဂါးပြားအား အပေါ်သို့ကိုင်မြှောက်ပစ်၏။
သူတို့၏ခေါင်းနှင့် လက်တစ်ကမ်းအပေါ်၌ ဒင်္ဂါးပြားသည် မြေသို့မကျဘဲ တဝီဝီဖြင့် အဝိုင်းလည်နေခဲ့လေသည်။

ဒင်္ဂါးပြား၏ပုံစံကြောင့် ငသွင်အံ့သြတကြီးမော့ကြည့်နေခဲ့သည်။
ဘွားမယ်စိန်ကတော့ ထိုဒင်္ဂါးပြားကို ကြည့်ရင်းပြုံးလေသည်။

“သြော်….ငါကအသာပြောတာကို မနာခံချင်တာလား….ကောင်းပြီလေ….
အမောင်ကျောင်းသား နောက်ကိုဆုတ်နေ….”

ငသွင်အား နောက်ကိုဆုတ်နေခိုင်း၍ ငသွင်ထိုနေရာနှင့်ခပ်လှမ်းလှမ်းမှာ ရပ်ကြည့်နေခဲ့၏။

ဘွားမယ်စိန်ကတော့ လေပေါ်၌တဝီဝီမြည်ကာ လည်ပတ်နေသော ဒင်္ဂါးပြားအား ကြည့်ရင်း သူ၏ ဘယ်လက်အား ဆန့်တန်းလိုက်၏။
ဆန့်တန်းလိုက်ပြီးနောက်….

” ဥုံ……………………………
ငါ့အမိန့်ကိုမနာခံတဲ့ငမိုက်သား နင့်အရပ်ကိုနင်ပြန်ရမယ်…ငါမယ်စိန်တဲ့ဟဲ့……..”

ဘွားမယ်စိန်ဦးစွာဂါထာရွတ်၏။ဂါထာရွတ်ပြီးလေ​မှ သူ၏အမိန့်အားပြောလေသည်။
ထိုသို့ပြောစဥ် ဘွားမယ်စိန်၏အသံသည်ပြတ်သား၏။
ဘွားမယ်စိန် စကားဆုံးလေတော့ တဝီဝီမြည်ကာ လည်ပတ်နေသော ဒင်္ဂါးပြားသည်…

“ဘုတ်…”

မြေပေါ်သို့ “ဘုတ်ခနဲ”ပြုတ်ကျလာလေတော့သည်။
ငသွင်ကတော့ စိတ်ဝင်တစားကြည့်မဆုံးနိုင်ခဲ့။

“မောင်ကျောင်းသား…အဲ့ဒင်္ဂါးပြားကိုကောက်လိုက်….ကောက်ပြီးရင် မင်းယူခဲ့တဲ့ သင်္ချိုင်းကုန်းမှာသွားပစ်…ဒါဆို မင်းဆီမှာနှောက်ယှက်နေတဲ့အရာမရှိတော့ဘူး…..”

“ဟုတ်…ဟုတ်ကဲ့ဘွား….ဒါဆို…ကျုပ်ကိုမနှောက်ယှက်တော့ဘူးပေါ့နော်….”

“အင်း….ဘွားပြောသလိုသလုပ်လိုက်….စိတ်ချလက်ချနေလို့ရတယ်….”

” ကျေးဇူးတင်လိုက်တာဘွားရယ်…ကျုပ်လေ….ဘွားရဲ့
ပညာတွေကိုရော…ဘွားကိုရောလေးစားလိုက်တာဗျာ….ဒါကြောင့်လေ ဖြစ်နိုင်ရင်ကျုပ်ဘွားဆီမှာပညာသင်ပါရစေဘွား…..”

“အလို….မဖြစ်နိုင်တာ ကွယ်…..”

“ကျုပ်တကယ်သင်ချင်လို့ပါဘွားရယ်…..”

“အင်း… ဒီပညာတွေကိုမတတ်ခင်ကတော့ ဘွားအရမ်းလိုချင်ခဲ့တာ….တတ်မြှောက်လာတော့ တကယ်နောင်တရလို့မဆုံးပါဘူးကွယ်….မယူတတ်ရင်ငရဲလားမယ့်ပညာတွေပါမောင်ကျောင်းသားရယ်…..။နောက်ကြုံမှ ဘွားအကြောင်းကိုမောင်ကျောင်းသားကိုပြောပြဦးမယ်…
ခုတော့မင်း ဒင်္ဂါးပြားကိစ္စရှင်းလိုက်ဦး…”

“ဟုတ်ကဲ့ဘွား…”

ငသွင်တစ်ယောက်ကတော့ ဒင်္ဂါးပြားအား သင်္ချိုင်းကုန်း၌ပြန်ထားဖို့၍ သွားလေပြီ။

ဘွားမယ်စိန်ကတော့ သူ၏ ကွမ်းအစ်ကိုယူ၍ ကွမ်းတစ်ယာ ယာကာ ဝါးနေလေတော့သည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)