ဘွားမယ်စိန်နှင့်နုတ်ဆော့သူ

*ဘွားမယ်စိန်နှင့်နှုတ်ဆော့သူ*📖📖📖

********************
“အမေ…”

ကွပ်ပျစ်ခင်း၌ထိုင်နေသော ဘွားမယ်စိန်ကို
ဒေါ်ဝင်းကဆန်ရွေးနေရင်းခေါ်လိုက်သည်။
ဘွားမယ်စိန် ရေနွေးကြမ်းသောက်နေရင်းကနေ
ဒေါ်ဝင်းကိုလှမ်းကြည့်လိုက်ပြီးပြောလေဆိုသော
အကြည့်ဖြင့်ကြည့်နေလေတော့ဒေါ်ဝင်းမှ…

“အင်တိုင်းရွာကအလှူဖိတ်ထားသေးတယ်နော်
မမေ့နဲ့ဦးအမေ…”

“အေး… ဘယ်နေ့တုန်းအေ့…”

“သဘက်ခါလေအမေရယ်…”

“မဝေးတော့ဘူးပဲအေ့…ဒါနဲ့ညည်းတို့သားအမိကော
လိုက်ကြမှာမလား”

“မလိုက်တော့ဘူးအမေ…မတိုးတို့အလှူကလည်း
ရောက်တော့မှာ ကျုပ်တို့သားအမိ ကြက်သွန်သင်…
ဘာသင်ကူပေးလိုက်ဦးမယ်လေ”

“အေး…အေး…အေး…ဒါဆိုရင်လည်းညည်းတို့သဘောပေါ့…
အမေကတော့မောင်တိုးနဲ့မောင်အုန်းကို
အဖော်ခေါ်သွားရတော့မှာပဲ…”

“အမယ်လေး…အမေရယ်…
ဘယ်သွားသွားအမေ့သားတွေပါနေတာကို
ထူးထူးဆန်းဆန်းခေါ်သွားမယ်ပြောနေသေးတယ်တော်…”

“အေ…ညည်းကလည်း စကားအရပြောတာပေါ့အေ့”

“ဟုတ်ပါပြီအမေရယ်…ဒါနဲ့ကျုပ်သမီးကော
မတွေ့မိဘူးလားအမေ…”

“ငါ့မြေးကိုအစောက တောင်ဘက်ဝိုင်းက မိထူးတို့ဆီ
ကွမ်းလေးသွားတောင်းခိုင်းထားတယ်…
ဒီကလေး ဆော့နေတယ်ထင်တယ်အခုထိကိုပေါ်မလာဘူး”

“ဒီလိုဆိုလည်းကျုပ်လိုက်သွားလိုက်မယ်အမေ…
မဟုတ်ရင်ကွမ်းက နေစောင်းမှစားရလိမ့်မယ်…”

“အေး…အေး…လိုက်သွား…လိုက်သွား…”

ဒေါ်ဝင်းက ဆန်ဗန်းကိုချထားခဲ့၍
နန်းကြိုင်လေးအနောက်ဆီသို့လိုက်သွားတော့၏။
ဘွားမယ်စိန်ကတော့ သူ့ရဲ့ဆေးလိပ်ကြီးကို
မီးတို့၍ဖွာရှိုက်လိုက်သည်။
ထိုစဥ် ခြံဝိုင်းထဲသို့ခပ်သုတ်သုတ်ဝင်လာသော
အမျိုးသမီးတစ်ဦး။
ထိုအမျိုးသမီးကဘွားမယ်စိန်ကိုမြင်တော့
ဝမ်းသာသွားဟန်ဖြင့်
ကွပ်ပျစ်ခင်းဆီရောက်လာခဲ့သည်။

“တော်သေးတာပေါ့တော်…ဘွားအိမ်မှာ
မရှိဘူးထင်နေတာ…”

“ဟဲ့…မိတူး ဘာဖြစ်လာတာလဲ”

မိတူးဆိုသောရွာသူအမျိုးသမီးကို
ဘွားမယ်စိန်ကမေးလိုက်သည်။
မိတူးကလည်း ကွပ်ပျစ်ခင်းပေါ်သို့မထိုင်သေးဘဲ
နံဘေး၌ရပ်၍…

“ကျုပ်ဘွားဆီကိုအကူအညီလာတောင်းတာတော့်”

“ဟဲ့…ဘာဖြစ်လို့တုန်း…”

“ကျုပ်လေ…ဗိုက်ထဲကနေထိုင်မကောင်းဖြစ်နေတာဘွားရဲ့…
ကျုပ်ကိုဘယ်သူပြုစားထားသလဲမသိပါဘူးတော်…
အဲ့တာဘွားစစ်ဆေးပေးပါလား”

ဘွားမယ်စိန်ကမိတူးကိုကြည့်သည်။

“ကဲ… ဒီလိုဆိုအဲ့သည်မှာရပ်မနေနဲ့…
ဒီမှာလာထိုင်အေ့…”

“ဟုတ်ကဲ့ဘွား”

“ခြေဆင်းထိုင်…ဆံပင်ထုံးကိုဖြည်ချလိုက်…”

မိတူးကိုဘွားမယ်စိန်ရဲ့နံဘေး၌ခြေဆင်းထိုင်ခိုင်းသည်။
ဒါတင်မကသေး ထုံးထားသောဆံထုံးကိုပါဖြည်ချခိုင်း၏။
ပြီးနောက်ဘွားမယ်စိန်ကမိတူးရဲ့ဆံဖျားမှ​​ခြေဖျားအဆုံး
အထိစစ်ဆေးပေးရှာသည်။
စစ်ဆေးလို့ပြီးချိန်၌…

“ကဲ…မိတူး…”

“ရှင်ဘွား…”

“ညည်း ဘာဖြစ်နေတယ်လို့ထင်သလဲအေ့…”

“ကျွန်မ…ကျွန်မဘာဖြစ်လို့လဲဘွားရယ်…”

မိထူးကကြောင်အမ်းအမ်းလေးဖြင့်ပြန်မေးသည်။

“ညည်းဆံပင်တွေကိုပြန်စည်းလိုက်ပါတော့အေ…”

“ဟုတ်…ဟုတ်ကဲ့…”

မိထူးဆံပင်တွေကိုပြန်စုစည်းလိုက်သည်။
ပြီးနောက်ဘွားမယ်စိန်လာပြောလေမလဲအတွေးဖြင့်
မျှော်နေခဲ့ရှာ၏။

“မိထူး…ညည်း စံပေါဆီကိုသွားအေ့…”

“ရှင်…ကိုစံပေါဆီကို ကျုပ်က
ဘာသွားလုပ်ရမှာလဲဘွားရဲ့”

“အိုအေ…ညည်းအခုဖြစ်နေတာက
အမျိုးသမီးရောဂါအေ့…ဘာပရောဂမှမဟုတ်ဘူး…
ဒါကြောင့်ဆေးဆရာစံပေါဆီမှာ
ဆေးသွားတောင်းဖို့ပြောနေတာ…”

“သြော်…အဲ့သည်လိုလားတော့်…
ဟီး…ကျုပ်ကသိမှမသိဘဲတော်…”

မိတူးကရှက်ရယ်ရယ်လေသည်။
ဘွားမယ်စိန်ကဆေးလိပ်ကြီးကိုဖွာရှိုက်လိုက်တော့
မီးခိုးငွေ့များက လေထဲ၌ပျံ့လွှင့်နေခဲ့သည်။
မိတူးကလည်း…

“ဒီလိုဆိုရင်ဘွားပြောသလိုပဲ ဆေးဆရာကိုစံပေါဆီ
ကျုပ်ဆေးသွားတောင်းလိုက်ဦးမယ်ဘွား…
ကျုပ်ပြန်ဦးမယ်…”

“အေး…အေး…မိတူး….”

မိတူးတစ်ယောက်ခြံဝိုင်းထဲမှထွက်သွားလေပြီ။
မိတူးပြန်သွားပြီးမကြာပါ ဒေါ်ဝင်းနဲ့နန်းကြိုင်တို့အိမ်ပြန်ရောက်လာကြ၏။
ဒေါ်ဝင်းလက်ထဲ၌ပန်းကန်တစ်ချပ်ကိုင်လာသည်ကို
မြင်တော့…

“မိဝင်း…ဘာတွေယူလာပြန်တာတုန်းအေ့…”

“တောင်ဝိုင်းကပေးလိုက်တာအမေ…
ငါး​ခြောက်နဲ့သရက်ချဥ်ကိုရောချက်ထားတာတဲ့အမေရဲ့…
ကျုပ်စားချင်တယ်ပြောလို့ ပန်းကန်နဲ့ထည့်ပေးလိုက်တာ…
ဒီမှာကွမ်းရွက်အမေ”

ဒေါ်ဝင်းက သူများအိမ်မှဟင်းယူလာ၍
ဘွားမယ်စိန်ဆူမည်ဆိုးသောကြောင့် ယူလာသော
ကွမ်းရွက်များကိုကွမ်းအစ်ထဲသို့ထည့်ပေးပြီး
ချက်ချင်းပင်မီးဖိုထဲသို့ဝင်သွားတော့သည်။
နန်းကြိုင်လေးကသာ ကွပ်ပျစ်ခင်း၌ထိုင်နေခဲ့၏။

“ငါ့မြေး…”

“ရှင်ဘွား…”

“နောက်ရက်ကစပြီးဘုန်းကြီးကျောင်းမှာ
စာသွားသင်ရမယ်နော်…ညည်းအခုလိုဆော့နေလည်နေတာကို
ဘွားမကြိုက်ဘူးအေ့…”

“စာသင်ရမယ်…တကယ်လားဘွား”

“တကယ်ပေါ့ငါ့မြေးရယ်…တစ်နေ့ကပဲ
ကပ္ပိယကြီးကိုဘွားပြောထားခဲ့ပြီ…
ငါ့မြေးကသာအချိန်မှန်သွားနော်…”

“ဟီး…ဟုတ်ကဲ့ဘွား”

စာသင်ရမည်ဆို၍နန်းကြိုင်လေးပျော်နေရှာသည်။
ဘွားမယ်စိန်ကလည်းမြေးဖြစ်သူကိုကြည့်ရင်း
ပြုံး၍နေခဲ့၏။

နှစ်ရက်မြှောက်နေ့ရောက်တော့ဘွားမယ်စိန်လည်း
မောင်တိုးနဲ့မောင်အုန်းကိုခေါ်၍ အင်တိုင်းရွာရှိ
အလှူသို့သွားကြတော့သည်။
ထိုအလှူရှင်သည်ဘွားမယ်စိန်ကိုသေချာဖိတ်ထားသည်မလို့
တစ်ညအိပ်ရောက်လာခဲ့ကြခြင်းဖြစ်၏။
ဘွားမယ်စိန်ကလူကြီးများဝိုင်း၌စကားပြောနေခဲ့ပြီး
မောင်တိုးနဲ့မောင်အုန်းသည်က ရွာကာလသားများနဲ့
အဖွဲ့ကျနေခဲ့သည်။
အလှူရှင်ကလည်းရွာလုံးကျွတ်မီးခိုးတိတ်ကျွေးမွေးသလို
ရွာသူ၊ရွာသားတို့မှာလည်း ထင်းလိုလျှင်ထင်းအလျင်မှီအောင်
ဝိုင်းဝန်းကူညီပေးကြ၍အလှူမှာ
အလွန်ပျော်စရာကောင်းလှသည်။
ဘိတ်သိပ်ဆရာကိုလည်းမြို့မှနာမည်ကြီးဆရာကိုငှားရမ်း
ထားပေးရာလူများက မဏ္ဍပ်နဲ့ပင်မဆန့်အောင်
အတော်များပေသည်။

ထမင်းစားရာ၌လည်း…

“ဘွားရေ…အားမနာနဲ့ဗျို့…လိုတာရှိရင်
ကျုပ်တို့ကိုသာပြောဗျာ…”

အင်တိုင်းရွာသူကြီးဦးဖိုးမှန်က ဘွားမယ်စိန်ကိုပြောသည်။

“အမယ်​လေး မောင်ဖိုးမှန် လိုတာထက်ကိုပိုနေပါပြီ…
တခြားဝိုင်းတွေကိုလည်း ချပေးလိုက်ကြဦးကွဲ့”

စားပွဲဝိုင်း၌ဟင်းများကအတော်စုံနေသည်။
မောင်တိုးမောင်အုန်းတို့ကတော့ခေါင်းမဖော်နိုင်အောင်
ပင်အတော်ခံတွင်းတွေ့နေကြ၏။
ထမင်းထည့်ပေးသူများကလည်း​ချွေးများတလုံးလုံးကြားက
အပြုံးမပျက်ကြ။
အလှူရှင်များကလည်းတပြုံးပြုံးပင်။
ထိုနေ့ညက အင်တိုင်းရွာ သူကြီးဦးဖိုးမှန်ရဲ့အိမ်၌သာ
ဘွားမယ်စိန်တို့တည်းခိုကြ၏။
သူကြီးကတော်ရယ် သူကြီးဦးဖိုးမှန်ရယ်က .
အကြမ်းရည်သောက်…လက်ဖက်သုပ်ဝါးရင်းစကားကောင်းနေသလို…သူကြီးဦးဖိုးမှန်ရဲ့သားကလည်းမောင်တိုးနဲ့မောင်အုန်းကိုသိချင်သည်များမေးနေခဲ့၏။
ညသန်းခေါင်ရောက်ခါနီးမှ စကားများရပ်၍
အိပ်ရာဝင်ခဲ့ကြသည်။
ညသန်းခေါင်ကျော်လေတော့…

“လာကြပါဦးဗျို့…ဖိုးသိန်းဘာဖြစ်တယ်မသိဘူး…
လာကြပါဦးဗျ…..”

ဟုသောအော်သံများသည်လမ်းမအထက်မှ
ဆူညံစွာထွက်လာခဲ့၏။
အိပ်ပျော်တာမကြာသေးသောဘွားမယ်စိန်တို့လည်းနိုးလာခဲ့ပြီးအသံကိုနားစွင့်လို့နေခဲ့သည်။

“သူကြီး…သူကြီး…ထပါဦးဗျ”

ဟုသောခေါ်သံကသူကြီးအိမ်အရှေ့မှထွက်ပေါ်လာပြန်ရာ
သူကြီးဦးဖိုးမှန်တို့လည်းတံခါးထဖွင့်ရတော့၏။

“ဟေ့…ဘယ်သူတုန်း…ဘာဖြစ်တာတုန်းကွ…”

“ကျုပ်တို့ပါသူကြီးရာ…မောင်မြပါဗျ…”

“ဟေ…မောင်မြ…အေး…ပြောပြော…
ဘာဖြစ်ကြတာတုန်းကွ…”

ဘွားမယ်စိန်နဲ့မောင်တိုးတို့လည်းအိပ်ရာထဲမှထွက်လာပြီး
သူကြီးဦးဖိုးမှန်တို့နဲ့မနီးမဝေးမှလှမ်းကြည့်နေကြသည်။
အလျင်စလိုဖြစ်နေသော ရွာသားနှစ်ဦးထဲမှ
မောင်မြဆိုသူသည်…

“သူကြီး..ကျုပ်တို့နှစ်ယောက်
ဖိုးသိန်း ကိုဘယ်လိုမှထိန်းလို့မရဘူးဗျ…
ဒီကောင်ကျုပ်တို့ကိုလက်သီးနဲ့ထိုးတယ်…
ပါးကိုလည်းရိုက်တယ်…
အခုလည်းသူ့တဲထဲမှာရှိတဲ့ပစ္စည်းမှန်သမျှ
အကုန်ဖျက်စီးနေတယ်ဗျ…”

“ဟေ…ဖိုးသိန်းနဲ့မင်းတို့ကောင်တွေရန်ဖြစ်ကြတာလား”

“ဟာ…မဟုတ်ပါဘူးဗျာ…
အရက်သောက်နေတုန်းကတောင်
အကောင်းပါဗျ…”

“ဘာအရက်သောက်တယ်…ခွေးမသားတွေ
မူးရူးရန်ဖြစ်နေကြတာပေါ့”

သူကြီးဦးဖိုးမှန်ကမေးတော့ ရွာသားနှစ်ယောက်
ခေါင်းကုပ်နေကြသည်။
သူတို့နံဘေး၌လည်း “ဘာဖြစ်တာလဲ”ဆိုသည့်မေးခွန်းများနဲ့
ရောက်လာကြသောရွာသူ၊ရွာသားများကရှိနေခဲ့၏။

“သူကြီး…လာပါဗျာ…တော်နေ
ဟိုကောင်ပိုဆိုးနေမယ်…
လိုက်တားပေးပါဦးဗျ…”

“အေး…လာ…လာ…အခုသွားကြမယ်…
မင်းတို့ကောလိုက်ခဲ့ကြ”

သူကြီးဦးဖိုးမှန်က ရွာသားနှစ်ယောက်ကိုခေါ်သွားသည်။
စပ်စုသောရွာသူ၊ရွာသားများကလည်းလိုက်သွားကြ၏။
ထိုသူတို့အနောက်မှလိုက်လာသောဘွားမယ်စိန်ကို
မောင်တိုးမှ…

“ဘွား…မိုးချုပ်နေပြီဗျ…ဒီတိုင်းမူးလို့
ရန်ဖြစ်နေတာနေမှာပါဗျာ…
အညောင်းခံပြီးမလိုက်ပါတော့နဲ့…”

ဟုပြောလေတော့ …

“မောင်တိုး…ဘွားစိတ်ထဲကလိုက်သင့်တယ်ထင်ရင်
လိုက်ကြည့်ရမှာပဲမောင်ရင်ရဲ့…
စကားမများနဲ့လိုက်သာလာခဲ့…”

ဟုဘွားမယ်စ်ိန်ကပြောလိုက်သောအခါ
မောင်တိုးတစ်ယောက်တိတ်သွားတော့သည်။
သူကြီးဦးဖိုးမှန်တို့က ခပ်သွက်သွက်သွားနေကြသည်မလို့
ဘွားမယ်စိန်တို့ကနောက်၌ကျန်ရစ်ခဲ့သည်။
ဒါ့အပြင်အိမ်ကမထွက်ခင် ဘွားမယ်စိန်ရဲ့လက်စွဲတော်
တောင်ဝှေးကြီးကိုယူနေသောကြောင့်ပို၍
နောက်ကျကျန်ရစ်ခဲ့ခြင်းဖြစ်၏။

“ဝုန်း…ဒုန်း……”

“ဟေ့…ဖိုးသိန်း…ဘာတွေသောင်းကျန်းနေတာလဲ…
အခုတဲအပြင်ထွက်ခဲ့စမ်းဟေ့ကောင်…”

ဖိုးသိန်းရဲ့တဲရှေ့ဆီကိုရောက်တော့ သူကြီးဦးဖိုးမှန်က
လေသံမာမာဖြင့် တဲအတွင်းရှိဖိုးသိန်း
ကြားစေရန်ပြောလိုက်သည်။
သူကြီးဦးမှန်ရဲ့အသံကြောင့်ထင်သည်
တဲအတွင်းရှိဆူညံသံများက တိတ်ဆိတ်လို့သွား၏။
သို့သော်…တဲအတွင်းဆီမှ ပုဆိုးကြီးကိုခပ်တိုတိုဝတ်ထားပြီး
အပေါ်၌အဝတ်ဗလာဖြင့်ရှိသော ခပ်တောင့်တောင့်အမျိုးသားတစ်ဦးတဲအပြင်ဆီကိုထွက်လာခဲ့သည်။
ထိုသူသည်ဖိုးသိန်းဆိုသူပင်ဖြစ်၏။
ဖိုးသိန်းကခြေထောက်ကိုမြေပေါ်ဆောင့်ချနင်းပြီး
ဒေါသထွက်နေသော အကြည့်ဖြင့် သူကြီးဥိးဖိုးမှန်ကိုကြည့်နေသည်။
ဖိုးသိန်းအကြည့်ကိုမြင်တော့ သူကြီးပင်ကြက်သီးများဖြန်းခနဲထသွားရ၏။
သို့သော် စိတ်ကိုပြန်တင်းပြီး…

“ဟေ့ကောင်ဖိုးသိန်း…မူးရူးပြီးဘာတွေ
သောင်းကျန်းနေတာလဲကွ…ဘယ်အချိန်ရှိပြီလဲ…
မင်းငါ့ထိပ်တုံးနဲ့ညအိပ်ချင်လို့လားကွဟေ…”

ဟုပြောတော့လည်း ဖိုးသိန်းကသူကြီးကိုစိုက်ကြည့်နေသည်။
ပြီးနောက်…

“ဟားး…ဟားးး…ဟားး…ဟားးး
ဟားး…ဟားးး…ဟားးးးးးးးးးး…”

ဟု…အော်ဟစ်ရယ်မောလိုက်သည်။

“ဟင်…”

“ဟယ်…ဖိုးသိန်းမှဟုတ်ရဲ့လား”

“အေးလေ…ဒီကောင်အရင်ကဆိုသူကြီးကိုပြာနေအောင်ကြောက်တာပါ…အခုမှဘာထဖောက်နေတာလဲ”

“ဒင်း သတ္တိတွေကောင်းနေလိုက်တာ…”

သူကြီးတင်မက အားလုံးအံ့သြသွားကြသည်။
သူကြီးကလည်း အများရှေ့၌သူ့ကိုမခန့်လေးစား
လုပ်နေသောဖိုးသိန်းကို ဒေါသထွက်လာခဲ့၏။

“တောက်…ဖိုးသိန်း…ဖိုးသိန်း…
ကဲ…ဒီအကောင့်ကိုဆွဲခေါ်လာခဲ့ကြ…
ဒင်းကိုငါ့ထိပ်တုံးနဲ့နှစ်ရက်တိတိခတ်ထားပစ်မယ်…”

သူကြီးစကားကြောင့်ရွာသားနှစ်ယောက်က ဖိုးသိန်းကို
သွားဆွဲခေါ်ကြသည်။

“ဟင်…..”

“ဟာ…”

ရွာသားနှစ်ယောက်ဆွဲခေါ်ပါသော်လည်းဖိုးသိန်းက
နည်းနည်းမှမလှုပ်…။
နှစ်ယောက်ဆွဲမရ၍ကျန်နှစ်ယောက်ဝိုင်းကူဆွဲပါသော်လည်း
ဖိုးသိန်းကိုမည်သူမှမဆွဲနိုင်အောင်
ဖိုးသိန်းကအလွန်အားသန်နေသည်။
ဝိုင်းဆွဲနေကြသူများမှာလည်းချွေးများပင်ထွက်လာကြပြီး
ဖိုးသိန်းကနေရာမှမရွေ့။
ကြည့်နေကြသူများကော ဖိုးသိန်းကိုဆွဲနေကြသူများမှာလည်း
ဖိုးသိန်းကိုကြောက်လာကြ၏။

“သူကြီး…ဖိုးသိန်းမှဟုတ်ရဲ့လားတော်…
ညကြီးသန်းခေါင်သရဲတွေဘာတွေများပူးနေသလားမသိဘူး”

“ဟုတ်ပါရဲ့…ဒီလောက်ထိဖြစ်နေတာတစ်ခုခုပဲတော့်”

ထိုသို့ဝိုင်းပြောနေကြစဥ်…

“အား…….”

ဖိုးသိန်းက သူ့ကိုဆွဲခေါ်နေသောရွာသားများကို
တွန်းကာဖယ်ပစ်လေတော့ရွာသားများမှာ
ဖိုးသိန်းအားကြောင့် လဲကျကုန်ကြသည်။

“ဟေ့ကောင်ဖိုးသိန်း…မင်းကဘာကောင်တုန်း…
အခုချက်ချင်းအဲ့သည်မှာရပ်လိုက်…”

တဲအတွင်းပြန်ဝင်ဖို့ပြင်နေသော ဖိုးသိန်းကိုသူကြီးက
အော်လိုက်သည်။
သူကြီးစကားကြောင့် ဖိုးသိန်းခြေလှမ်းများရပ်တန့်သွားသည်။
ထိုသို့ရပ်တန့်နေရင်းမှ ချက်ချင်းသူကြီးရှိရာသို့လျှောက်လာခဲ့၏။

“သူကြီး…သူကြီး…..”

ရွာသူ၊ရွာသားတို့မှာဖိုးသိန်းကိုကြောက်လာ၍ ခပ်ခွာခွာနောက်သို့ဆုတ်ကုန်ကြသည်။
သူကြီးကိုလည်းစိတ်ပူ၍အော်နေကြ၏။
သူကြီးကလည်းနောက်သို့တွန့်ဆုတ်တွန့်ဆုတ်လေးရွေ့​
လေသည်။
သို့သော်…ဖိုးသိန်းက သူကြီးအနီးသို့ရောက်လာပြီး
သူကြီးလည်ပင်းကိုသူလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ညှစ်၍
လေပေါ်သို့မထားလေသည်။

“အ….အစ်……”

“ဟာ…ဖိုးသိန်းမလုပ်ပါနဲ့ဟ…”

“တား…တားကြပါဟ”

“အမယ်လေး…သူကြီးတော့သေပါပြီ”

အော်ယုံသာအော်ကြသည်မည်သူမှဖိုးသိန်းကိုမဆွဲရဲကြ။
သူကြီးခမျာလည်းဖိုးသိန်းကြောင့်အသက်ပင်ရှုမရတော့ဘဲ
တအစ်အစ်ဖြင့်အော်ဟစ်ရင်း
ခြေကားယား၊လက်ကားယားဖြင့်ရှိနေခဲ့သည်။
ထိုစဥှ…

“ဘုန်း…”

ဘွားမယ်စိန်ရောက်လာခဲ့ပြီး ဖိုးသိန်းရဲ့နောက်ကျောကို
သူ့ရဲ့တောင်ဝှေးဖြင့်ရိုက်ချလိုက်၏။

“ဘုတ်….”

“သူကြီးကိုခေါ်ထားကြ”

ဘွားမယ်စိန်တောင်ဝှေးကြောင့် ဖိုးသိန်းလက်ထဲမှ
သူကြီးပြုတ်ကျသွားသလို ဖိုးသိန်းလည်း
မြေပေါ်သို့ကုန်းကုန်းကြီးလဲကျသွားသည်။
သူကြီးကိုမောင်တိုးနဲ့မောင်အုန်းကပွေ့ချီခဲ့ကြပြီး…

“အားလုံးဘေးကိုဖယ်ပေးကြပါ…
မဟုတ်ရင်ဘေးလူတွေကိုပါသူကရန်မူလိမ့်မယ်…”

မောင်တိုးကအော်ကာသတိပေးလိုက်သည်။
ဖိုးသိန်းကလဲကျနေရာမှကုန်းထသည်။
ပြီးနောက်သူ့ကိုရိုက်သောဘွားမယ်စိန်ကိုစိုက်ကြည့်၏။

“နင်ဘယ်သူလဲ…ဘယ်ကလာပြီး
သောင်းကျန်းနေတာလဲပြောစမ်း…”

ဘွားမယ်စိန်က​မေးသောအခါ…

“ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့…
ဒါငါ့ကိစ္စ…..နင့်လမ်းနင်သွားပါ….”

ဟု…ဖိုးသိန်းကလေသံမာမာဖြင့်ပြန်ပြောသည်။

“ဟဲ့…နင်ဘာကောင်လဲဆိုတာတော့
ပြောမှပေါ့…
ဘာလို့အားလုံးကိုဒုက္ခပေးနေရတာလဲ”

“တောက်….ဒီအကောင်တင်မကဘူး…
ဝင်ပါတဲ့လူတွေအကုန်လုံးငါ့အဆိုးမဆိုကြနဲ့နော်…
အခု ထွက်သွားကြ….”

“နင်ကငါဘယ်သူဆိုတာမသိတာလား…
ဒါမှမဟုတ်နင်ကငါ့ကို စိန်ခေါ်နေတာလား…”

ဘွားမယ်စိန်နဲ့ဖိုးသိန်းတို့စကားအပြန်အလှန်ပြောနေကြသည်။

“နင်ဘာကောင်မလဲငါသိတယ်…
အေး…ငါကလည်းဘာကောင်ဆိုတာနင်သိစေရမယ်…”

ဟုဆိုကာ ဖိုးသိန်းကသူ့ပါးတွေကို သူ့လက်ဖြင့်
တဖြန်းဖြန်းရိုက်တော့သည်။
ဒါတင်မကသေး တဲကတိုင်ကိုလည်းခေါင်းနဲ့
ပြေးဆောင့်ပြန်သည်။
ဖိုးသိန်းရဲ့ခေါင်းမှလည်းသွေးများက
တစက်စက်ကျလို့နေခဲ့၏။
ကြည့်နေကြသူများကတော့အလွန်ကြောက်နေကြသည်။
ဖိုးသိန်းကလည်းဘီလူးသဘက်ကြီးကဲ့သို့
ကြောက်စရာကောင်းလှ၏။

“ဒုန်း…”

ဘွားမယ်စိန်ကသူ၏တောင်ဝှေးကို
မြေပေါ်ဆောင့်ချလိုက်သည်။
ပြီးနောက် ဖိုးသိန်းဆီကိုလက်ညိုးကြီးထိုးပြီး
ဂါထာများနှုတ်မှရွတ်တော့၏။
တောင်ဝှေးဆောင့်ချလိုက်စဥ်တိုင်ကို
ပြေးဆောင့်ဖို့ပြင်နေသော
ဖိုးသိန်း၏ခြေထောက်များကလုံးဝလှုပ်မရတော့။
နေရာမှရွေ့ဖို့ကြိုးစားသော်လည်းမရပေ။
ဘွားမယ်စိန်ဂါထာများစရွတ်လေတော့
ဖိုးသိန်းမျက်စိမျက်နှာများပျက်သွားသည်။
အစောပိုင်းကမာထန်နေသောဖိုးသိန်းမျက်နှာသည်
ချက်ချင်းပင်ညိုးငယ်သွားပြီး….

“အားးးးနာ…နာလိုက်တာ….အမယ်လေးဗျ…
မရိုက်ပါနဲ့….နာတယ်ဗျ….နာလိုက်တာ….အား….”

ဟုတစ်စုံတစ်ယောက်ကသူ့အားရိုက်နေသည့်အလား
အော်ဟစ်နေတော့သည်။
​နေရာမှထွက်ပြေးရအောင်လည်းခြေထောက်များက
လှုပ်မရ၍ ဖိုးသိန်းမှာ အော်ဟစ်၍ပင်နေခဲ့သည်။

“အမေကြီး…အမေကြီး…ကျုပ်ကိုခွင့်လွှတ်ပါ…
ကျုပ်ကိုမရိုက်ပါနဲ့တော့အမေကြီးရယ်…
ကျုပ်နာလှပါပြီ…….”

ဟု…မခံနိုင်သည့်အဆုံး၌ဘွားမယ်စိန်ကိုပြောတော့သည်။
ထိုအခါမှ ဘွားမယ်စိန်ဂါထာရွတ်တာကိုရပ်လိုက်၏။

“ကဲ…ဒါဆိုရင်နင်ဘယ်သူလဲပြောမှာလား…”

“ပြော…ပြောပါ့မယ်ဗျာ…”

“ဒုန်း….”

“ဘုတ်…”

ဘွားမယ်စိန်တောင်ဝှေးကိုဆောင့်ချလိုက်တော့
ဖိုးသိန်းလည်းမြေပေါ်သို့ထိုင်လျက်လေးလဲကျသွားတော့၏။
ခြေထောက်များလှုပ်ရသွားလေတော့ ဖိုးသိန်းလည်း
သက်ပြင်းချလိုက်ပြီး…

“ဒီလိုပါအမေကြီးရယ်…………..”

*****************************
ညနေပိုင်းတွင် ဖိုးသိန်းတဲအတွင်း၌ ဖိုးသိန်းနဲ့သူ့ရဲ့
သူငယ်ချင်းနှစ်ယောက်ရယ်ကအလုပ်များနေခဲ့ကြသည်။
ဖြစ်ပုံက ဖိုးသိန်းမိန်းမ မလှစိုးကမိဘများရှိရာရွာဆီကို
ခဏမျှပြန်သွားသောကြောင့် ဖိုးသိန်းမှာ
သူငယ်ချင်းများကိုခေါ်၍သောက်စားဖို့
အခွင့်တွေ့သွားခဲ့ခြင်းပင်။
ကြက်တစ်ကောင်ချက်၍အရက်နဲ့မြည်းဖို့ရန်
ဖိုးသိန်းတို့ပြင်ဆင်နေကြသည်။

“ဟားး…ကြက်သားနံ့လေးကသင်းနေတာပဲဟေ့…”

“ခဏနေကျက်ပြီကွ…မင်းတို့စားဖို့ပြင်ထားကြ”

သူငယ်ချင်းနှစ်ယောက်ကတဲအပြင်၌
အရက်ကိုပဲလှော်နဲ့မြည်းရင်းထိုင်နေကြသည်။
ဖိုးသိန်းကတော့တဲအတွင်း၌ကြက်သားအိုးကိုချက်နေခဲ့၏။
ညနေ နေစောင်းချိန်ရောက်တော့ကြက်သားအိုးက
ကျက်လေပြီ။

“ဟေ့…လာကြတော့ကွ…ကြက်သားအိုးကရပြီး
စားကြစို့…မင်းတို့လာကြတော့လေကွာ…”

ဟု…ဖိုးသိန်းကသူငယ်ချင်းများကိုအော်ကာခေါ်လိုက်သည်။

“လာပြီဟေ့…လာပြီဟ”

သူငယ်ချင်းများကလည်းအရက်ပုလင်းများကို
ကိုင်၍တဲအတွင်းဝင်လာကြ၏။

“ဟေ့…ဖိုးသိန်း ဘာတွေလုပ်နေကြတာတုန်းကွ”

“ဟာ…လာကြဟေ့…ဒီမှာတို့ကြက်သားဟင်းနဲ့
အရက်နဲ့မြည်းမလို့ လာဝိုင်းကြကွ”

“နေနေ…ငါတို့မလာတော့ဘူး…
အခုမှအလုပ်သိမ်းလာတာအိမ်ပြန်ဦးမယ်ဟေ့”

ဖိုးသိန်းက သူ့သူငယ်ချင်းတွေကို
လာစားကြဖို့ခေါ်လိုက်ခြင်းပင်။
ဒီလိုနဲ့ဖိုးသိန်းနဲ့သူငယ်ချင်းနှစ်ယောက်သာ
ကြက်သားဟင်းကိုတစ်ပန်းကန်အပြည့်ခပ်ပြီး
အရက်နဲ့မြည်းကြလေသည်။

“အိုးထဲမှာပိုသေးတယ်ကွ…
သောက်ကြ…ပြီးရင်ထမင်းနဲ့စားကြတာပေါ့”

အရက်လေးသောက်လိုက်ကြက်သားဟင်းလေး
မြည်းလိုက်ဖြင့်ဖိုးသိန်းတို့ဇိမ်ကျနေသည်။
အချိန်ကလည်းတဖြေးဖြေးညနက်လာခဲ့၏။
ပန်းကန်ထဲမှကြက်သားဟင်းကုန်တော့ ဖိုးသိန်းက
အိုးထဲ၌ကျန်သေးသောဟင်းများကိုသွားထပ်ခပ်သည်။
ထိုသို့ခပ်ဖို့ရန် ဟင်းအိုးကိုဖွင့်လိုက်တော့…

“ဟာ…ဟင်းတွေဘယ်ရောက်ကုန်တာလဲကွ”

“ဟေ…အိုးထဲရှိမှာပေါ့ကွ…”

“အေးလေ…”

“ဟာ…မင်းတို့ကလည်းအစောကအိုးထဲမှာ
ဟင်းတွေအများကြီးကျန်သေးတယ်လေ…ငါတို့အခုမှ
တစ်ပန်းကန်ပဲခပ်မြည်းရသေးတာကွ…အခုဟင်းတွေလည်းတစ်တုံးမှမကျန်တော့ဘူး”

“ဟေ…ခွေးများဝင်စားသွားသလားကွာ”

“ဟေ့ကောင်ရ..ခွေးစားရအောင်အိုးက
ငါတို့အရှေ့မှာရှိတာလေ…
တောက်…ဘယ်ခွေးမသားဝင်
လက်ကမြင်းသွားလည်းမသိပါဘူးကွာ…”

“ဖိုးသိန်း မင်းထင်ရာဇွတ်အော်မနေနဲ့…
တော်နေ မမြင်အပ်တာတွေများ
ဝင်စားသွားကြသလားမသိဘူးနော်…”

“ဆဲတယ်ကွာဆဲတယ်…
ခွေးမသားတွေ ဒီလောက်ငတ်ကြီးကျနေရအောင်
ကိုယ့်ဘာသာရှာစားကြပေါ့…
ငါချက်ထားတဲ့ဟင်းကိုများအခန့်သားစားရအောင်လို့
ဒင်းတို့ကဘာကောင်တွေမလို့လဲ”

“ဟာကွာ…ဒီကောင်ကတော့…
တော်ပါတော့ဖိုးသိန်းရာ…အလကားနေရင်း
ကိစ္စတွေရှုပ်ကုန်ပါဦးမယ်ကွာ”

“ရှုပ်…ရှုပ်ကွာ…ခွေးမသား….ခွေးသူခိုး…
သတ္တိရှိရင်ငါ့ရှေ့လာခဲ့…နောက်မစားရဲအောင်
စောက်ခွက်ကိုဖြတ်ကန်ပစ်မယ်….”

အရက်လေးကမူးနေ၍ဖိုးသိန်းကိုသူငယ်ချင်းတွေ
ထိန်းမရတော့။
ဖိုးသိန်းတဲကလည်းရွာပြင်ဘက်ကျနေတာမလို့
သူငယ်ချင်းတွေကပို၍ကြောက်နေမိကြသည်။
ထိုသို့တားနေကြရင်း ဖိုးသိန်းကိုယ်ကဆတ်ခနဲတုန်လာခဲ့ပြီး
ခေါင်းကြီးငိုက်စိုက်ဖြစ်သွားကာငြိမ်သွားတော့၏။

“ဖိုးသိန်း….ဘာ….ဘာဖြစ်တာလဲ”

သူငယ်ချင်းများကမေးသော်လည်းဖိုးသိန်းပြန်မဖြေပေ။
ပြန်မဖြေဘဲခေါင်းကြီးကိုငုံ့နေရင်းမှသူ၏လက်နှစ်ဖက်ဖြင့်
သူ့ရဲ့ပါးတွေကို တဖြန်းဖြန်းမြည်အောင်ရိုက်တော့သည်။

“ဟာ…ဖိုးသိန်း…မလုပ်နဲ့လေ…ဟေ့ကောင်…”

“ဆွဲပါဟ….”

ဖိုးသိန်းကိုသူငယ်ချင်းနှစ်ယောက်ကဆွဲထိန်းကြ၏။
သို့သော်ဖိုးသိန်းကရုန်းကန်ပစ်လိုက်သည်။
ရုန်းကန်ပစ်လို့လဲကျကုန်သောသူငယ်ချင်းနှစ်ယောက်ကို
ပါးတွေရိုက်…လက်သီးတွေထိုးလုပ်လေတော့
ဟိုနှစ်ယောက်လည်အကြောက်ကြီးကြောက်ကာ
အော်ဟစ်ပြေးကြတော့၏။

*******************************
ဘွားမယ်စိန်တို့အားလုံးလည်းဖိုးသိန်းပြောပြတာကို
နားထောင်လို့နေခဲ့ကြခြင်းပင်။

“ကျုပ်က….ဟိုနားက မန်ကျည်းပင်မှာနေတဲ့သရဲပဲ…
ဒီကောင်က လာပါစားပါဆိုလို့…လာစားတာ…
ဒါကိုဒီကောင်ကကျုပ်ကိုဆဲဆိုနေလို့ဒေါသထွက်လို့
အခုလိုလုပ်မိတာပါဗျာ…”

“သြော်…အေး…အေး…အေး…
ဒီကလေးက အပြောအဆိုမတတ်လို့အခုလိုတွေဖြစ်ရတာပါ…
ဒီအတွက်လည်း မောင်ရင့်ဘက်က
ခွင့်လွှတ်ပေးလိုက်ပါကွယ်…”

“ကျုပ်လည်းဒီလောက်ဆိုကျေနပ်ပါပြီ…
နောက်ကိုသာဒီလိုထပ်မဖြစ်ပါစေနဲ့ဗျာ….”

“ဟုတ်ပါပြီ…ဘွားသေချာပြောပြပေးပါ့မယ်…
မောင်ရင်လည်းသူ့ကိုယ်ပေါ်က
မောင်ရင်လုပ်ထားတဲ့ဒဏ်ရာတွေကို
တစ်ခါထဲယူသွားပေးပြီးရင် ထွက်သွားလို့ရပါပြီကွယ်…”

ဘွားမယ်စိန်ကပြောတော့ မန်ကျည်းပင်က
သရဲကလည်းသဘောတူလေသည်။
သူ့လုပ်ထားသောဒဏ်ရာများကိုလက်ဖြင့်သပ်ချ၍
သူနှင့်တပါထဲယူဆောင်ကာသွားပြီးနောက်
ဖိုးသိန်းရဲ့ကိုယ်ထဲမှထွက်ခွာသွားတော့သည်။
သရဲထွက်သွားသည်နှင့်ဖိုးသိန်းကိုယ်ကလည်း
လဲကျသွားတော့သည်။

“ကဲ…ဒီကလေးရဲ့သူငယ်ချင်းတွေလာခဲ့ကြ..
သူ့ကိုတဲထဲခေါ်သွား…မနက်ကျမှသူကြီးအိမ်ကို
လာခဲ့ခိုင်းလိုက်တော့ကွဲ့”

ဘွားမယ်စိန်ကဖိုးသိန်းခေါင်းကိုလက်ဖြင့်တစ်ချက်သပ်ပေးလိုက်ပြီးပြောလိုက်သည်။

“ကဲ…အားလုံးလည်းကိုယ့်အိမ်ကိုယ်ပြန်ကြတော့…
မိုးလင်းမှဒီကိစ္စကိုထပ်ရှင်းမယ်…”

သူကြီးဦးဖိုးမှန်ကပြောမှလူအုပ်လည်းကွဲသွားတော့သည်။
ထိုသို့ဖြင့်ဘွားမယ်စိန်နဲ့သူကြီးဦးဖိုးမှန်တို့လည်းအိမ်သို့
ပြန်လာခဲ့ကြတော့၏။

နောက်တစ်ရက်မနက်ရောက်တော့ ဖိုးသိန်းမှာ
သူငယ်ချင်းများနဲ့အတူ သူကြီးအိမ်သို့ရောက်လာခဲ့သည်။
ညကအကြောင်းများကိုသူငယ်ချင်းတွေပြောပြ၍
သိထားသည်မလို့ သူကြီးကိုအတော်ကြောက်နေလေသည်။

“ဟေ့ကောင်ဖိုးသိန်း…”

“ဗျာ…ဗျာ….သူကြီး”

“မင်းငါ့ကိုလည်ပင်းထပ်ညှစ်ဖို့လာတာလားကွ”

“မ…မဟုတ်ပါဘူးသူကြီးရာ…
ကျုပ်ကဘာလို့သူကြီးကိုမခန့်လေးစားလုပ်ရဲရမှာလဲဗျာ…
ညက ကိစ္စကလည်းကျုပ်တကယ်မဟုတ်ပါဘူးဗျာ…
ကျုပ်က သူကြီးကိုပါးစပ်နဲ့တောင်ပြန်မပြောရဲတာကို
သိ…သိရဲ့နဲ့ဗျာ…”

ဖိုးသိန်းက သူကြီးကိုကြောက်ကြောက်လန့်လန့်ဖြင့်
ပြောနေရှာသည်။
ဘွားမယ်စိန်ကတော့အကြမ်းရည်လေးသောက်ရင်း
ကြည့်နေခဲ့၏။

“ဟေ့ကောင်…ညကကိစ္စငါသိပြီးပြီ…
မင်းအတော်နှုတ်ဆော့တဲ့ကောင်…
တော်သေးတာပေါ့ဘွားရှိနေလို့သာငါမသေတာ…
မင်းလည်းဘွားကြောင့်သာဒုက္ခမရောက်တာဟေ့…
မဟုတ်ရင်တို့တစ်ရွာလုံးကိုတောင်မင်းသတ်မလားမသိဘူး”

“ကျုပ်မဟုတ်ပါဘူးဗျာ…ဟို…ဟိုသရဲလုပ်တာပါသူကြီးရာ…
ကျုပ်တောင်းပန်ပါတယ်… ”

“ရတယ်ငါ့ကိုမတောင်းပန်နဲ့…”

“ကျုပ်ထိုင်ကန်တော့မယ်ဗျာ…
ဘွားကိုရောသူကြီးကိုရော ကျုပ်ကျေးဇူးတင်ပါတယ်…
တောင်းလည်းတောင်းပန်ပါတယ်ဗျာ….”

ဖိုးသိန်းကမြေပေါ်ထိုင်ချပြီးလက်အုပ်ချီ၍ကန်တော့ရှာသည်။

“ကဲ…ဒီလောက်ဆိုရင်မောင်ရင်လည်း
အမှတ်ရှိလောက်ပေါ့….
နောက်ကိုစားဖို့သောက်ဖို့ခေါ်ရင်လာကြဟေ့လို့
မခေါ်မိစေနဲ့…ကိုယ့်ပတ်ဝန်းကျင်မှာမမြင်ရတဲ့နာနာဘာဝတွေဆိုတာရှိတယ်…ခေါ်ချင်ရင်ခေါ်မယ့်သူ့နာမည်ကို
ပြောပြီးခေါ်ရတယ်…ဒါကိုမှတ်ထားကွဲ့”

“ဟုတ်ကဲ့ပါဗျာ…ကျုပ်မှတ်ထားပါ့မယ်…”

ဖိုးသိန်းက ဘွားမယ်စိန်ပြောတာကို
ခေါင်းလေးညိတ်ပြီးတရိုတသေပြောရှာသည်။
ထူးထူးဆန်းဆန်းပင်ဖိုးသိန်းခေါင်း၌မည်သည့်ဒဏ်ရာဒဏ်ချက်မှမရှိ ပကတိအကောင်းတိုင်းပင်ရှိနေ၍
သူကြီးဦးဖိုးမှန်ကအံ့သြနေလေသည်။
ဘွားမယ်စိန်လည်းဖိုးသိန်းတို့နဲ့
စကားခဏပြောပြီးနောက်
မောင်တိုးမောင်းသောလှည်းဖြင့်သောင်ထွန်းရွာသို့
ပြန်လာခဲ့တော့သည်။

ထိုသို့ဖြင့်ဘွားမယ်စိန်နှင့် နှုတ်ဆော့သူ စာမူလေး
ပြီးဆုံးသွားပါပြီ။

စာ​ရေးသူ -ယဥ်မင်း(ကန့်ဘလူ)အားလေးစားလျက်

မျှော်နေကြသူများအတွက်တင်ပေးလို့ပါတယ်နော်။