*မကောင်းဆိုးဝါးမွေးတဲ့ ဘုန်းကြီး*📖📖📖
*****************************
💀💀💀💀💀💀💀💀💀💀💀💀💀💀💀
စာရေးသူ = ခွန်စိုင်း(ရာမညမြေ)
🛑🛑🛑🛑🛑🛑🛑🛑🛑🛑
မကောင်းဆိုးဝါးမွေးမိတဲ့ ဘုန်းကြီးတပါးရဲ့အဖြစ်အပျက်က လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ဖြစ်ခဲ့တာပါ။ထိုစဉ်အခါတုန်းက သံဃာတော်အများစုဟာ သာသနာ့ဘောင်ဝင်ပြီးတာနဲ့ တရားအားထုတ်ဖို့တခုတည်းအတွက် ရည်မှန်းချက်နဲ့ ဝေးလံခေါင်သီတဲ့ တောတွင်းနေရာတွေကို အပင်ပန်းခံကြွချီတော်မူကြတဲ့ အလေ့အထရှိကြတယ်။
ဦးဇင်းသုမနနဲ့သူငယ်ချင်းရဟန်းဖြစ်တဲ့ ဦးဇင်းဇောတိက တို့နှစ်ပါးဟာလည်း ကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏိဿရနဲ့ အတူ တောနက်ကြီးတခုထဲက ကျောက်ဂူကြီးလို့အမည်ရတဲ့ လှိုဏ်ဂူကြီးတခုအတွင်းမှာ ဝါတွင်းသုံးလတိတိ တရားအားထုတ်ဖို့အစီအစဉ်နဲ့ ခရီးထွက်လာခဲ့ကြတယ်။
တနေ့သောအခါမှာ ညနေစောင်းပြီဖြစ်လို့ စမ်းချောင်းလေးတခုအနားမှာ နေရာချပြီး တညတာကျိန်းစက်ဖို့်အတွက် စီစဉ်ကြရလေတယ်။တောတွင်းက သားရဲတိရိစ္ဆာန်တွေ မလာရဲစေဖို့ မီးဖိုပြီးတဲ့အချိန်မှာတော့ သစ်ရွက်ခြောက်တွေကို နင်းဖြတ်ပြီး ခပ်သွက်သွက် လျောက်လာတဲ့ ခြေသံကိုကြားလိုက်ကြရတယ်။
အားလုံးဓါတ်မီးတွေဖွင့်ပြီး ရှာကြည့်တဲ့အခါမှာတော့ သင်္ကန်းခပ်နွမ်းနွမ်းကိုခြုံထားတဲ့ ဘုန်းကြီးအိုတပါးကို တွေ့လိုက်ကြရတယ်။အဆိုပါဘုန်းကြီးအိုဟာ အသက်အရွယ်အတော်ရနေပြီး ညိုမှောင်တဲ့အသားအရေရှိပေမယ့် သူ့ပုံစံက အားပြည့်အင်ပြည့်နဲ့ ကြံခိုင်တဲ့ ပုံစံရှိနေတာကို အကဲခတ်လိုက်မိတယ်။ထိုအချိန်မှာပဲကျောင်းထိုင်ဆရာတော်ကြီးဖြစ်တဲ့ ဦးဉာဏိဿရရောက်လာပြီး ဘုန်းကြီးအိုကို ခုလိုမေးလိုက်တယ်။
“အရှင်ဘုရား တပါးတည်း အဖော်မပါ ဘာမပါနဲ့ ဘယ်ကိုကြွချီတော်မူမလို့ပါလဲဘုရာ့”
ဘုန်းကြီးအိုက ပြန်ဖြေတာက
“တင်ပါ့ … တပည့်တော်က နေရာအနှံ့တပါးတည်း လှည့်လည်တရားအားထုတ်နေတာပါ။ခုလည်း ဒီနားကနာမည်ကြီးကျောက်ဂူကြီးလှိုဏ်ဂူဟာ အလွန်ငြိမ်းချမ်းပြီး တရားအားထုတ်တဲ့ကိုယ်တော်တွေအတွက် အထူးသင့်တော်တယ်လို့ ကြားမိလို့ ဒီဖက်ကိုရောက်လာရတာပါပဲ”
“အရှင်ဘုရားတို့ကော ဘယ်ကိုကြွချီကြမှာလဲဘုရာ့”
ဖြေပြီးတာနဲ့ တဆက်တည်းမေးလာတဲ့ ဘုန်းကြီးအိုကို ဦးဉာဏိဿရက ခုလိုပြန်ဖြေလိုက်လေတယ်။
“ဪ … ဒါဖြင့်အဆင်သင့်တာပဲဘုရာ့ တပည့်တော်တိုလည်း ကျောက်ဂူကြီးလှိုဏ်ဂူကိုပဲ ကြွကြမလို့ပါဘုရား။တပည့်တော်တို့နဲ့ အတူတူပဲကြွကြတာပေါ့။ဒီညတော့ ဒီမှာပဲအတူအနားယူကျိန်းစက်ဖို့ဖိတ်ပါတယ်ဘုရား”
အဲ့ဒီအခါမှာ ဘုန်းကြီးအိုကလည်း ဖိတ်ကြားချက်ကို အသာတကြည်ပဲလက်ခံပါတယ်။
ထို့နောက်မှာတော့ ဘုန်းကြီးတွေဟာ အသီးသီးကိုယ်စီ တရားမှတ်ပြီး နေကြတော့တယ်။ဘေးနားကစမ်းချောင်းလေးဆီက ရေစီးသံတွေသာ ပတ်ဝန်းကျင်တခုလုံးမှာ ကြားနေရပြီး အားလုံးငြိမ်သက်တိတ်ဆိတ်နေလို့ပါပဲ။ညနက်ပိုင်းရောက်လာတဲ့အခါမှာတော့ အဝေးတနေရာက နာကျင်စွာအော်ဟစ်နေတဲ့ တိရိစ္ဆာတကောင်ရဲ့ အသံကို ဦးဇင်းသုမနနဲ့ဦးဇင်းဇောတိကတို့ သေချာကြားလိုက်ကြရတယ်။
မနက်လင်းတဲ့အခါမှာတော့ စမ်းချောင်းဘေးတနေရာမှာ တောဝက်တကောင်ကို ဗိုက်ဖောက်ပြီး အူအသဲတွေထုတ်ယူခံထားရတာကို တွေ့ကြရတယ်။ညကနာကျင်စွာအော်နေတဲ့အသံဟာ ဒီတောဝက်ရဲ့အသံဆိုတာ သေချာသိသွားရတယ်။ဒါပေမယ့် … သားကောင်ကိုအခြားနေရာတွေကို မကိုက်စားပဲ အူအသဲတွေကိုပဲဖောက်စားခဲ့တာ ဆိုတော့ ဦးဇင်းနှစ်ပါးလည်း ထိတ်လန့်အံ့ဩနေရတယ်။ပြီးတော့ ကျောင်းထိုင်ဆရာတော်ကြီးဆီအပြေးသွားပြီး လျောက်တင်ကြတော့တယ်။
“အရှင်ဘုရား တောဝက်ကြီးက ဗိုက်ဖောက်ခံရပြီး အူအသဲတွေကို ထုတ်ယူစားသုံးခံရတာပဲ။ညတုန်းကအော်သံကိုတပည့်တော်တို့ သေသေချာချာကြားခဲ့တယ်။ဒါမကောင်းဆိုးဝါးက ဖမ်းပြီးစားခံရတာပဲဖြစ်မှာဘုရာ့။”
“မကောင်းဆိုးဝါးတကောင်သာဆို တပည့်တော်တို့ကိုလည်း မကြာခင်ဖမ်းစားလိုက်မှာ ကြောက်တယ်ဘုရာ့ ကယ်ပါဦး။”
ကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏိဿရက အေးဆေးတဲ့လေသံနဲ့ မိန့်တော်မူတယ်။
“အင်း မကောင်းဆိုးဝါးလား ဘာလားတော့ သေချာမသိနိုင်ဘူးပေါ့။ဒါပေမယ့် တောဝက်ကြီးကတော့ သူ့ဝဋ်ကြွေးသူဆပ်ရတာပဲ… သတ္တဝါတွေအားလုံးဟာ ဝဋ်ဆိုတဲ့အရာကနေ ဘယ်လိုမှပြေးမလွတ်နိုင်ဘူးဆိုတာ နှလုံးသွင်းထားကြပါ ငါ့ရှင်တို့”
ခုလိုကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏိဿရ ရဲ့တရားစကားကို ဘုန်းကြီးအိုလည်းနားထောင်နေခဲ့ပြီး ဘာတခုမှတော့ ဝင်မပြောခဲ့ပါဘူး။
နောက်တရက်မှာလည်း ဦးဇင်းသုမနက ဝမ်းလျှောဝေဒနာခံစားနေရပြန်တာကြောင့် ခရီးမဆက်နိုင်ပဲ ထိုနေရာမှာပဲနောက်ထပ်တညတာ ကျိန်းစက်ကြရပြန်တာပေါ့။တခါမှာတော့ ညပိုင်းဗိုက်နာလာတာကြောင့် အပြင်ဖက်ကခြုံနားဆီကို ထွက်လာခဲ့တယ်။ဒါပေမယ့် ရုတ်တရတ် ခြေလှမ်းတွေတုန့်ခနဲ ဖြစ်သွားရတယ်။ ရှေ့နားမှာ မဲမဲအရိပ်တခု လှုပ်လှုပ်နဲ့ဖြစ်နေတယ်။အနားကိုရောက်မှ အသင့်ပါလာတဲ့ ဓါတ်မီးနဲ့ကြည့်တော့လည်း ဓါတ်ခဲကုန်ခါနီးဓါတ်မီးရောင်က မှိန်ဝါးဝါးဖြစ်နေတာ သေသေချာချာမမြင်ရပြန်ဘူး။ ဒါကြောင့် အသံထွက်ပြီး လှမ်းအော်မေးကြည့်လိုက်တယ်။
“ဘယ်သူလဲ… လူလား.. ဘုန်းကြီးလား..”
မေးလိုက်တဲ့အသံအဆုံးမှာ အရိပ်မည်းကြီးက လှည့်ကြည့်တာကိုမြင်လိုက်ပြီး လိပ်ပြာလွင့်မတတ်ဖြစ်သွားရတယ်။သူမြင်လိုက်ရတာက ဘုန်းကြီးတပါးက သွေးတရဲရဲကြက်သေကောင်ကို ကို်ထားလျက်သားနဲ့။ပြီးတော့လည်း သူ့ပါးစပ်နဲ့ မျက်နှာတွေမှာလဲ သွေးတွေနီရဲတောက်လို့ပဲ။ပြီးတော့ မကြာခင်မှာပဲ တောတွင်းကိုထွက်ပြေးပျောက်ကွယ်သွားလေတော့တယ်။
ဦးဇင်းသုမနက ဦးဇင်းဇောတိကဆီအမြန်သွားပြီးခုလို ပြောပြလိုက်တယ်။
“ဦးဇောတိကရေ … သရဲဗျ ဘုန်းကြီးသရဲ… ကျုပ်သေချာတွေ့ခဲ့တယ်။ကြက်သေကောင်ကို ကိုက်စားနေတာ သွေးတွေရွှဲနေတာပဲ။ကြောက်လွန်းလို့ ဝမ်းလျှောရောဂါတောင်ပျောက်ပြီထင်တယ်ဗျာ”
ဦးဇောတိကလည်း မနက်မိုးလင်းတဲ့အခါမှာ ကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏိဿရကို တဆင့်လျောက်လိုက်တဲ့ အခါမှာတော့ သူတို့အားလုံးဟာ ဘုန်းကြီးအိုကို သံသယဝင်လာကြတော့တယ်။
“အင်း… ဒီအတိုင်းဆို ဘုန်းကြီးအိုက မသင်္ကာစရာပဲ။သူကမကောင်းဆိုးဝါးဖြစ်နေနိုင်တယ်။သူ့ကို သေချာစောင့်ကြည့်ထားကြပေတော့”
ညပိုင်းရောက်ပြန်တဲ့အခါမှာတော့ ဦးဇင်းနှစ်ပါးဟာ ဘုန်းကြီးအိုကိုနောက်လိုက်ချောင်းမြောင်း ကြတော့တာပါပဲ။
နောက်ယောင်ခံလိုက်နေရင်း မကြာခင်မှာပဲ ဘုန်းကြီးအိုဟာ သူတို့မြင်ကွင်းကနေပျောက်သွားတော့တယ်။
“ခုနကပဲ မြင်နေတာ ချက်ခြင်းဘယ်ပျောက်သွားတာလဲ…. ထူးဆန်းလှချည်လား”
“ဟုတ်တယ် ကျုပ်တို့လိုက်နေတာသိလို့ မျက်ခြေဖြတ်သွားတာလားမသိဘူး။”
ဦးဇင်းနှစ်ပါးဟာ တဖြည်းဖြည်းရှေ့ဆက်လာရင်း တနေရာမှာ လှုပ်ရှားမှုတခုကိုတွေ့သွားကြတယ်။
ခြေသံဖွဖွနင်းပြီးအနားရောက်တဲ့အခါမှာတော့ ဘုန်းကြီးတပါး သူတို့ကိုကျောခိုင်းထားပြီး တခုခုကိုအငမ်းမရ ကိုက်စားနေတာကို မြင်လိုက်ကြရတယ်။ဦးဇင်းတွေရဲ့စိတ်ထဲမှာတော့ ဒါဟာ မကောင်းဆိုးဝါးဘုန်းကြီးအိုပဲလို့ အသေအချာထင်မိလိုက်ကြတယ်။
“ဟေ့ ဘယ်သူလဲ … ဘုန်းကြိးအိုမဟုတ်လား ဒီဖက်လှည့်စမ်းပါ။” လို့ ဦးဇောတိက ကလှမ်းအော်လိုက်တဲ့အခါမှာ အဆိုပါဘုန်းကြီးဟာ ပြန်လှည့်တောင်မကြည့်ပဲ တဟုန်ထိုး ထွက်ပြေးလေတော့တယ်။ဦးဇင်းနှစ်ပါးလည်း နောက်ကနေ ထပ်ချပ်မကွာအတင်းပြေးလိုက်ခဲ့ကြတယ်။နောက်ဆုံးဘယ်လိုမှ ပြေးမလွတ်မှန်းသိတဲ့အချိန်မှာတော့ သူတို့ရှေ့က ဘုန်းကြီးဟာသူတို့ဖက်ကို ပြန်လှည့်ပြီး မကောင်းဆိုးဝါးတကောင်လို မာန်ဖီနေတော့တယ်။ဦးဇင်းနှစ်ပါးမြင်လိုက်ရတာက ကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏိဿရပဲဖြစ်ပါတယ်။
ကျောင်းထိုင်ဆရာတော်ကြီးဟာ တကိုယ်လုံးသွေးအလိမ်းလိမ်းနဲ့ ဖြစ်ပြီး တောဝက်တကောင်ရဲ့ အူအသဲတွေကိုလက်ထဲမှာဆုပ်ကိုင်ထားလျက်သားနဲ့ သူတို့ကိုရန်ပြုဖို့ ပြင်ဆင်နေတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလဲ သွေးညှီနံတွေထောင်းထောင်းထအောင် ထွက်နေခဲ့တယ်။
ဦးဇင်းတွေက အံဩ ကြောက်လန့်ပြီး ရုတ်တရတ်ငြိမ်ကျသွားတယ်။သူတို့ရဲ့ ကျောင်းထိုင်ဆရာတော်က ဘယ်လိုမကောင်းဆိုးဝါးကြီးဖြစ်နေရသလဲ ဆိုတာကို မတွေးတတ်သလို မယုံချင်အောင်ပဲဖြစ်နေတယ်။ မကောင်းဆိုးဝါးဖြစ်နေတဲ့ ဦးဉာဏိဿရကတော့ ဦးဇင်းနှစ်ပါးကိုပါ ကိုက်ဖြတ်စားသောက်ဖို့ အနားကိုတဖြည်းဖြည်း တိုးကပ်လာနေတယ်။ထိုအချိန်မှာပဲ ဘုန်းကြီးအိုဟာ နောက်ကနေရုတ်တရတ်ထွက်ပေါ်လာပြီး နမောသုံးချက်ရွတ်ပြီး နဖူးကို သပ်ပေးလိုက်တဲ့အခါမှာဦးဉာဏိဿရက ချက်ခြင်းမေ့လဲကျသွားတော့တယ်။
ဒါပေမယ့် မကြာခင်မှာပဲ သတိပြန်ဝင်လာပြီး ဘုန်းကြီးအိုကိုလည်ပင်းညှစ်ဖို့ကြိုးစားနေခဲ့ပေမယ့် ဘုန်းကြီးအိုက ဂါထာမန္တန်တွေနဲ့ အချိန်ကြာမြင့်စွာရွတ်ဖတ်ပြီး မန်းမှုတ်လိုက်တဲ့အခါမှာတော့ ကျောင်းထိုင်ဆရာတော်ဦးဉာဏိဿရဟာ ချက်ခြင်းပဲ ငြိမ်သက်သွားတော့တယ်။သူ့ရဲ့ ခန္ဓာကိုယ်ကနေ အရိပ်မည်းတွေ ထွက်ခွာလွင့်ပြယ်ပုံကို တွေ့လိုက်ရပြီး အလောင်းဟာလည်း မည်းနက်ခြောက်သွေ့ပြီး အနံဆိုးတွေချက်ခြင်းထွက်လာခဲ့တယ်။
အံဩထိတ်လန့်နေတဲ့ ဦးဇင်းနှစ်ပါးကို ဘုန်းကြီးအိုက ခုလိုရှင်းပြလိုက်တယ်။
“တကယ်တော့ ကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏိဿရဟာ အောက်လမ်းဆရာတယောက်နဲ့ ရင်းနှီးခဲ့ပြီး အောက်လမ်းပညာတွေလေ့လာနေခဲ့တာ။တနေ့တော့ အောက်လမ်းဆရာမွေးထားတဲ့ မကောင်းဆိုးဝါးတကောင်ကို သူကိုယ်တိုင်အပိုင်လိုချင်လို့ တောင်းယူပြီးမွေးထားခဲ့တယ်။
ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါမှာ မကောင်းဆိုးဝါးက သက်တမ်းရင့်လာပြီး ဦးဉာဏိဿရကကောင်းကောင်းထိန်းမနိုင်တော့ဘူး။နောက်ဆုံးတော့ မကောင်းဆိုးဝါးကသူ့ကိုသတ်ပြီး သူ့ကိုယ်ထဲဝင်သွားပြီး ကျောင်းထိုင်ဆရာတော်ပုံစံ ဟန်ဆောင်နေထိုင်ခဲ့တာ။မကောင်းဆိုးဝါးဆိုတာက ဘုန်းကြီးကျောင်းထဲ ရေရှည်နေဖို့အဆင်မပြေဘူးလေ။ဒါကြောင့် ဦးဇင်းတို့နှစ်ပါးကို သတ်စားဖို့ တရားအားထုတ်မယ်ဆိုပြီး တောထဲကိုခေါ်လာခဲ့တာပဲ။ကံကောင်းလို့ ဘုန်းကြီးနဲ့တွေ့လို့ပေါ့။”
ဘုန်းကြီးအို ရှင်းပြတာနားထောင်ပြီး ဦးဇင်းသုမနကလျောက်တင်တယ်။
“ဪ.. ဒီလိုကိုး ကြောက်စရာကြီးပဲဘုရား။ဒါပေမယ့် တပည့်တော်မရှင်းတာတခုရှိတယ်ဘုရာ့။”
“အင်း… သိတယ် …. သိတယ်။မရှင်းတာက ဘုန်းကြီးက ဒီအဖြစ်အပျက်တွေကို ဘယ်လိုသိနေတာလဲလို့ မေးမှာမဟုတ်လား။အင်း….. အစဖော်မိမှတော့ ပြောပြရတော့မှာပေါ့လေ။အဲ့ဒီ ကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏိဿရနဲ့ ရင်းနှီးခဲ့တဲ့အောက်လမ်းဆရာဆိုတာ ဘုန်းကြီးကိုယ်တိုင်ဖြစ်နေလို့ပဲ ဦးဇင်းတို့…. ဟိုးတုန်းကအကုသိုလ်တွေလုပ်မိတဲ့ အောက်လမ်းဆရာဘဝက အပြစ်တွေကို ကြိုးစားဆေးကျောဖို့ ခုလိုသာသနာ့ဘောင်ဝင်ပြီးတရားလှည့်လည်အားထုတ်နေခဲ့တာပဲ။ဒါပေမယ့် …. ကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏိဿရ ကိုဒီလိုအဖြစ်မျိုးနဲ့ကြုံရမယ်လို့ မထင်ခဲ့မိတာကတော့ အမှန်ပါပဲ။”
ဘုန်းကြီးအိုစကားအဆုံးမှာ ဦးဇင်းနှစ်ပါးဟာ တယောက်မျက်နှာတယောက်ကြည့်ပြီး ဘာပြောရမှန်းမသိပဲ ငြိမ်သက်သွားမိကြပါတော့တယ်။
””” ပြီးပါပြီ ‘