” မင်းအောင် နှင့် မှင်စာငတေ “(စ/ဆုံး)
==============================
မင်းအောင်တို့ဆရာတပည့်နှစ်ယောက်လည်း မခင်မာချိုနှင့်ကိုစိုးသန်းအား နှုတ်ဆက်ကာ ဟေဝန်ရွာမှ ထွက်လာခဲ့ကြသည်။ ထို့နောက် တစ်ရွာဝင်တစ်ရွာထွက်ဖြင့် ခရီးဆက်လာရာ လက်ပံကုန်းရွာလေးသို့ပင် ရောက်လာခဲ့၏။
” ဆရာ.. ဒီရွာမှာ နားခိုစရာ ဇရပ်တောင်မရှိဘူးနော် ”
” ရွာက သေးငယ်တော့လည်း ဇရပ်တွေဘာတွေ မဆောက်ထားတာ နေမှာပေါ့ကွာ… ဘုန်းကြီးကျောင်း တစ်ကျောင်းကျောင်း ရှာပြီး တည်းကြတာပေါ့ ”
” ဟုတ်ကဲ့ဆရာ ”
ကျွန်တော်နဲ့ပြည့်ဖြိုးလည်း လက်ပံကုန်းရွာအတွင်း၌ ဘုန်းကြီးကျောင်းတည်ရှိရာ နေရာသို့ စုံစမ်းကာ သွားရလေသည်။ သိပ်၍ပင် မသွားလိုက်ရ။ ခနအကြာတွင် သီတာရုံကျောင်းတိုက် ဟု အင်္ဂတေများဖြင့် ရေးထိုးထားသော ဟောင်းနွမ်းနေသည့် မုခ်ဦးကြီးကို တွေ့လိုက်ရ၏။ ကျွန်တော်တို့လည်း ၎င်းမုခ်ဦးမှဖြတ်ကျော်ကာ ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်လာလိုက်ရာ
” ဖလပ်စ်…ဖလပ်စ်… ” ဆိုသော အသံများနှင့်အတူ သစ်ပင်ကြီးငယ်တို့မှ နားခိုနေသောငှက်များမှာ ထပျံသွားကြ၏။
၎င်းဘုန်းကြီးကျောင်း၏ ပရဝုဏ်ကြီးသည် အတော်အတန်ကျယ်ဝန်းပြီး ပြန့်ပြူး၏။ သစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းကာ အရိပ်အာဝါသ ကောင်းလှ၏။ ထိုကျောင်းပရဝုဏ်ကြီးအတွင်း၌ ကျွန်းတိုင်ကြီးများဖြင့် ဆောက်လုပ်ထားသော ခြေတံရှည် နှစ်ထပ်ကျောင်းဆောင်ကြီးကို ခန့်ညားထည်ဝါစွာ တည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။ ၎င်း သစ်သားကျောင်းဆောင်ကြီး၏ ခေါင်မိုးအား ဘုံခုနှစ်ဆင့်ဖြင့် တည်ဆောက်ထားလေသည်။ ဘုံအဆင့်တိုင်းတွင် မုမ်ပန်း၊ဒေါင့်ပန်း၊ဖောင်းပန်း၊ပန်းဆွဲ စသောအမွှန်းပန်းများအား အပြည့်အစုံတပ်ဆင်၍ ခမ်းနားစွာ ဆောက်လုပ်ထား၏။
” ဆရာ ဒီကျောင်းဆောင်ကြီးက ရှေးဟောင်းကျောင်းဆောင်ကြီးဖြစ်မယ်ဗျ ”
” ဟုတ်တယ်ပြည့်ဖြိုးရ… ဒီကျောင်းဆောင်ကြီးရဲ့ ပန်းဆွဲ၊ပန်းခက် လက်ရာတွေကိုကြည့်ရတာ သီပေါမင်း လက်ထက်တော်လောက်က ဗိသုကာလက်ရာမျိုးတွေကွ ”
” ဒါဆိုရင် ကျောင်းဆောင်ကြီးရဲ့သက်တမ်းက နှစ်ပေါင်းရာကျော်ပြီပေါ့နော် ဆရာ… ”
” ဒါပေါ့ကွ ..”
ကျွန်တော်နှင့်ပြည့်ဖြိုးလည်း ကျောင်းဆောင်ကြီး၏ ဗိသုကာလက်ရာများအား ကြည့်ရှုပြီးနောက် ကျောင်းအတွင်းသို့ ဝင်လာလိုက်ကာကျောင်းထိုင်ဆရာတော်ကို ဖူးမြှော်ကန်တော့လိုက်သည်။ ပြီးနောက် ဆရာတော်အား ဘုန်းကြီးကျောင်း၌ မိမိတို့တည်းခိုရန်အတွက် လျောက်လိုက်လေရာ ဆရာတော်က တည်းခိုရန်ခွင့်ပြုသဖြင့် ကျွန်တော်တို့လည်း ဘုန်းကြီးကျောင်း၌ တည်းခိုလိုက်သည်။
++++++++
အခန်း၂
ညသည် နက်သည်ထက်နက်ကာ မှောင်မိုက်လာ၏။ ဘုန်းကြီးကျောင်း၏ ပရဝုဏ်တစ်ခုလုံး၌ တိတ်ဆိတ်ကာ ငြိမ်သက်လေပြီ။ သို့သော် ဘုန်းကြီးကျောင်းအတွင်းရှိ အခန်းတစ်ခု၌မူ မှိတ်တုတ်တုတ် ဆီမီးခွက်အလင်းရောင်နှင့်အတူ လူနှစ်ဦး၏ စကားသံများဖြင့် သက်ဝင်လှုပ်ရှားနေလေ၏။
” ဆရာ .. ဓာတ်လေးပါးစမရဲ့အချိန်တွေက ဘယ်အချိန်တွေလဲဗျ ”
ဟု ပြည့်ဖြိုးမှ ဆရာဖြစ်သူအား မေးလိုက်ရာ
” ဓာတ်လေးပါး စမအချိန်တွေက ဒီလိုကွ..
စ အက္ခရာရဲ့အချိန်က – သူရဇ္ဇအချိန်
ဓ အက္ခရာရဲ့အချိန်က – ပါပအချိန်
ဗ အက္ခရာရဲ့အချိန်က – အမြိတ္တအချိန်
ဝ အက္ခရာရဲ့အချိန်က – ကောလီအချိန်ပဲ ဖြစ်တယ်ကွ ”
ဟု မင်းအောင်လည်း ပြည့်ဖြိုးကို ရှင်းပြလိုက်သည်။
” ဟုတ်ကဲ့ဆရာ…ဒါနဲ့ ကျွန်တော့်ကို ဓာတ်လေးပါးရဲ့ ရာသီတွေအကြောင်း ပြောပြပါအုံး ”
ဟု ပြည့်ဖြိုးမှ ထပ်မံမေးလေရာ
” အမေးရှိတော့လည်း အဖြေရှိရမှာပေါ့ကွာ၊ ရာသီတွေကို မဟာဘုတ်ဓာတ်ကြီးလေးပါးနှင့် ခွဲဝေ သတ်မှတ်ရင်…
ပထဝီရာသီ – ပြာသို၊ကဆုန်၊တော်သလင်း
တေဇောရာသီ – တန်ခူး၊ဝါခေါင်၊နတ်တော်
အာပေါရာသီ – ဝါဆို၊တန်ဆောင်မုန်း၊တပေါင်း
ဝါယောရာသီ- သီတင်းကျွတ်၊တပို့တွဲ၊နယုန် ..
ရယ်လို့ သတ်မှတ်ထားတယ်ကွ ပြည့်ဖြိုးရ ”
” ဟုတ်ကဲ့ဆရာ.. ကျွန်တော်သေချာ မှတ်သားထားပါ့မယ်၊ ဒါနဲ့.. ကျွန်တော်သိချင်တာလေး နောက်တစ်ခုလောက် မေးပရစေ ဆရာ ”
ဟု ဆိုကာ ပြည့်ဖြိုးတစ်ယောက်လည်း ဆရာဖြစ်သူအား သိလိုစိတ်အပြည့်ပါသော အကြည့်ဖြင့်ကြည့်လိုက်ကာ လှပသောအပြုံးတစ်ခုကို ဖန်တီးလိုက်၏။
ကျွန်တော်လည်း ပြည့်ဖြိုးအမေးအား သဘောကျဟန်ဖြင့် နှစ်လိုဖွယ် အပြုံးတစ်ခုအား ပြုံးပြလိုက်ပြီး…
” မေးလေကွာ….မင်းသိချင်တာမှန်သမျှ အကုန်သာမေး၊ ငါသိသလောက်တော့ ဖြေပေးမယ် ”
ဟု စကားလမ်းကြောင်းအား ဖွင့်ပေးလိုက်၏။
” ဒီလို ဆရာရ… ကျွန်တော်သိချင်တာက ဓာတ်ကြီးလေးပါးရဲ့ ဓာတ်သက်တွေပဲဗျ ”
ဟု ပြည့်ဖြိုးမှ ကျွန်တော့်အား မေးပြန်၏။ ကျွန်တော်လည်း ဆရာတို့၏ဝတ္တရားရှိသည့်အတိုင်း ပြန်လည်ဖြေကြား ရှင်းပြရပြန်၏။
” စမတို့အင်းတို့မှာက… မဟာဘုတ်ဓာတ်ကြီးလေးပါးနဲ့ အခြေတည်လေ့ရှိတယ်ကွ၊ ဓာတ်လေးပါးရဲ့ ဓာတ်သက်တွေကတော့..
အာပေါဓာတ်သက် – ၄၆
တေဇောဓာတ်သက် – ၁၇
ဝါယောဓာတ်သက် – ၃၈
ပထဝီဓာတ်သက် – ၂၅
အဲဒီ..ဓာတ်သက်စုစုပေါင်း ၁၂၆ပါးက ရူပခန္ဓာကို ပြီးမြောက်စေတယ်လို့ ကျမ်းဂန်တွေမှာ ဖော်ပြထားတာကို တွေ့ရတယ်ပြည့်ဖြိုးရ ”
ဟု ကျွန်တော်လည်း ပြည့်ဖြိုးအား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
ဤသို့ဖြင့် ဆရာတပည့်နှစ်ယောက် စကားကောင်းနေစဉ်အချိန်၌…
” အူး…ဝူး…ဝူး.. ”
ဆိုသော ဆွဲငင်သောခွေးအူသံသည် ဘုန်းကြီးကျောင်းနား ဝန်းကျင်လောက်ကနေ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ ခနကြာသော တစ်ကောင်စနှစ်ကောင်စ အူနေသော ခွေးအူသံသည် အုပ်စုလိုက် အူနေသကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ တဖြည်းဖြည်းဖြင့် ခွေးအူသံများသည် ကျွန်တော်တို့နေသော ဘုန်းကြီးကျောင်းနှင့် နီးကပ်လာသလို ပို၍ကျယ်လောင်လာပြီး ဆူညံ့လာ၏။
” ဆရာ… ခွေးတွေ အတော်အူတာပဲနော် ”
” ဟုတ်တယ်ပြည့်ဖြိုး…ခွေးတွေ အူပုံအူနည်းက သဘာဝမကျဘူး၊ အကြောင်း တစ်ခုခုတော့ ရှိမယ်ထင်တယ်ကွ ”
ဟု ကျွန်တော်လည်း ပြည့်ဖြိုးအား ပြောပြနေခိုက်..
” ညောင်… ညောင် ”
ဆိုသော ကြောင်အော်သံသည် ဘုန်းကြီးကျောင်းခေါင်မိုးပေါ်မှ ထွက်ပေါ်လာပြန်သည်။ မရှေးမနှောင်း၌ပင်
” ဘုတ် ”
ဆိုသောအသံမှာ ကျယ်လောင်စွာထွက်ပေါ်လာပြန်၏။
” ဆရာ.. ဒီ အသံကြီးက ကျောင်းခေါင်မိုးပေါ်ကနေ တစ်ယောက်ယောက် ခုန်ချနေတဲ့ အသံမျိုးကြီးဗျ ၊ ကျွန်တော် သွားကြည့်လိုက်ရမလား ဆရာ ”
” ထားလိုက်ပါ ပြည့်ဖြိုးရာ…ငါတို့က ဒီဘုန်းကြီးကျောင်းကို ဧည့်သည်အဖြစ်နဲ့ရောက်နေတာလေ..တစ်ချို့ကိစ္စတွေကို ဝင်မပါတာကောင်းလိမ့်မယ်ကွ ”
ဟု ကျွန်တော်လည်း ပြည့်ဖြိုးကို ဟန့်တားလိုက်သည်။
” ဟုတ်ကဲ့ပါ ဆရာ ”
ဟုပြောကာ ပြည့်ဖြိုးလည်း အချိန်လင့်နေပြီမို့ အိပ်ယာပြင်လိုက်၏။ ပြည့်ဖြိုး၏စိတ်ထဲ၌လည်း ကျောင်းခေါင်မိုးပေါ်မှ ခုန်ချနေသောအရာအား သိချင်စိတ် တဖွားဖွားဖြစ်ပေါ်နေ၏။ သို့သော် ဆရာဖြစ်သူက ဟန့်တားထားသဖြင့် သိလိုစိတ်အားမြိုသိပ်ကာ အိပ်လိုက်တော့သည်။ ထိုည၌ တစ်စုံတစ်ခုသည် ကျောင်းခေါင်မိုးပေါ်ကနေ မြေပြင်ပေါ်သို့ ဘုတ်ခနဲအသံနှင့်အတူ ခနခနခုန်ချနေလေ၏။
+++++++++
အခန်း ၃
” တုံ…တုံ…တုံ ….တုံ…”ဆိုသော
အုန်းမောင်းခေါက်သံကြောင့် ကျွန်တော်တို့လည်း အိပ်ယာမှ နိုးလာ၏။ ထို့နောက် မျက်နှာသစ်သွားတိုက်လိုက်ပြီး ဆရာတော်များအတွက် အာရုံဆွမ်းများအား ဝိုင်း၍ပြင်ပေးလိုက်သည်။ ဆရာတော်များ ဆွမ်းဘုဉ်းပြီးသောအခါ၌ ကျောင်း၌နေထိုင်သော ကပ္ပိယကြီးဦးမှိုင်းနှင့်အတူ ကျန်သော ဆွမ်းဟင်းများအား မနက်စာအဖြစ် စားသောက်နေခိုက်…
” ဒကာလေးတို့ စားရတာအဆင်ပြေရဲ့လား ”
ဆိုသောအသံကြောင့် ကျွန်တော်တို့လည်း မော့ကြည့်လိုက်ရာ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်နေသဖြင့်
” တင်ပါ့ဘုရား အဆင်ပြေပါတယ်ဘုရား… ”
” အိမ်းကွဲ့…. အဆင်ပြေတယ်ဆိုလဲ ပြီးတာပါပဲ ”
ဟု ပြောကာ ဆရာတော်လည်း ကျက်သရေအခန်းထဲသို့ ပြန်ကြွသွား၏။ ကျွန်တော်တို့လည်း စားသောက်လို့ ပြီးစီးသောအခါ၌ ကျောင်းအတွင်းရှိ ဆေးကြောစရာရှိသည်များကို ဆေးကြောပြီး သန့်စင်ခြင်းစသည့် ကျောင်းဝေယျာဝစ္စများအား လုပ်ကိုင်နေစဉ်
” ဒကာကြီးရေ ..ဒကာကြီး…ဒကာကြီးတို့ကို ဘုန်းကြီးခေါ်နေတယ်ဗျ ”
ဟု ကိုရင်လေးတစ်ပါးမှ လာပြောရာ
” တင်ပါ့ဘုရား … တပည့်တော်တို့ အခုပဲလိုက်ခဲ့ပါ့မယ်ဘုရား ” ဟု ပြောလိုက်ကာ
ကျွန်တော်တို့လည်း ကိုရင်လေးနောက်ကနေ လိုက်သွားလိုက်ရာ ခနအကြာ၌ ကျောင်းအပေါ်ထပ်တွင်ထိုင်နေသောဆရာတော်ကိုတွေ့လိုက်ရ၏။ ကျွန်တော်တို့လည်း ဆရာတော်ကိုကန်တော့လိုက်ပြီး
” တပည့်တော်တို့ ရောက်ပါပြီ ဘုရား… အရှင်ဘုရား အခေါ်လွှတ်လိုက်တယ်ဆိုလို့..”
” ဘုန်းကြီးခေါ်လိုက်ရတာက.. တခြားတော့မဟုတ်ပါဘူးကွယ်… ဒကာလေးတို့ ညက ကျောင်းမှာအိပ်ရတာ အဆင်မှပြေရဲ့လားလို့ .. ”
ဟု ဆရာတော်မှ ကျွန်တော်တို့အား အဓိပ္ပါယ်ပါပါ မေးလေရာ
” အဆင်ပြေတယ်ပဲ … ဆိုပါတော့ဘုရား ”
ဟု ကျွန်တော်လည်း အဓိပ္ပါယ်ပါပါ ပြန်ဖြေလိုက်၏။ ထိုအခါ ဆရာတော်မှ ခေါင်းတဆတ်ဆတ် ငြိမ့်ကာ တစ်စုံတစ်ခုအား တွေးတောနေ၏။
” ဆရာတော်ဘုရား… တပည့်တော်ကို တစ်ခုလျောက်တင်ခွင့်ပြုပါဘုရား ” ဟု ပြည့်ဖြိုးမှ စကားစလိုက်သည်။
” မေးစရာရှိရင်… မေးပါဒကာလေး ”
” တင်ပါ့ဘုရား.. တပည့်တော်တို့ မနေ့ညကအိပ်တော့ ကျောင်းခေါင်မိုးပေါ်ကနေ ကြောင်အော်သံတွေ ကြားရပါတယ်ဘုရား၊ နောက်ပြီး ခေါင်မိုးပေါ်ကနေ တစ်စုံတစ်ခု ခုန်ချသံတွေကိုလည်း ကြားနေရပါတယ် ဘုရား ”
ဟု ပြည့်ဖြိုးမှ ဆရာတော်အား လျောက်တင်လိုက်ရာ ဆရာတော်၏မျက်နှာမှာ ဝမ်းနည်းမှုအရိပ်အယောင်များဖြစ်ပေါ်သွားကာ..” ဟူး….. ”
ဆိုသော သက်ပြင်းတစ်ခုအား ချလိုက်ပြီး ..
” ဒကာလေးတို့ ညကကြားနေရတဲ့ အသံတွေကမှင်စာငတေ ဆော့နေတာပဲကွဲ့ ”
ဆရာတော်၏စကားကြောင့် ကျွန်တော်တို့လည်း အံသြသွားကာ
” မှင်စာငတေဟုတ်လား အရှင်ဘုရား… ”
” ဟုတ်တယ် ဒကာလေးရေ ဒီကိစ္စတွေက လွန်ခဲ့တဲ့ သုံးနှစ်လောက်က စခဲ့တာပေါ့ကွယ် ”
ဟု ဆရာတော်မှ ပြောလေရာ ကျွန်တော်လည်း စိတ်ဝင်စားသွားသဖြင့်
” တပည့်တော်တို့ကို ပြောပြလို့ရရင် ပြောပြပါလား အရှင်ဘုရား… ” ဟု လျောက်တင်လိုက်ရာ
” အိမ်းလေ…. ဒကာလေးတို့က သိချင်သပဆိုတော့လဲ ဘုန်းကြီးက ပြောပြရတာပေါ့ကွယ်..၊ ဒီကိစ္စတွေက လွန်ခဲ့တဲ့သုံးနှစ်လောက်က ဖြစ်ခဲ့တာပေါ့… ”
ဟုဆိုကာ ဆရာတော်လည်း ကျွန်တော်တို့အား အောက်ပါအတိုင်းရှင်းပြလေ၏။..
++++++++++++
အခန်း ၄
တစ်နေ့တစ်၌ လက်ပံကုန်းရွာရှိ သီတာရုံဘုန်းကြီးကျောင်းသို့ မိသားစုတစ်စုရောက် ရောက်လာလေသည်။
ထိုသူတို့သည်ကား ကျောင်းထိုင်ဆရာတော် ဦးသုမန၏ တူမ တော်စပ်သူ မရင်ရွှေတို့မိသားစုပင်ဖြစ်သည်။ မရင်ရွှေသည် ဦးမင်းတော်စပ်သူ ဆရာတော်အား သတိရကာ တွေ့ချင်သဖြင့် အလည်သဘောဖြင့် ရောက်လာခြင်းပင်ဖြစ်သည်။
” တူမကြီးတို့က ..ဘုန်းဘုန်းဆီကို အခုမှပဲ ရောက်လာတော့တယ်ကွယ်၊ ဒါနဲ့ ဘုန်းဘုန်းရဲ့ မြေးလေးရော ”
” အရှင်ဘုရားမြေးက ကျောင်းအောက်မှာ ကိုရင်တွေနဲ့ ဆော့နေတယ် ဘုရား၊ တပည့်တော်မလည်း ဘုန်းဘုန်းဆီကို လာလည်ချင်တာကြာပြီ ဘုန်းဘုန်းတူက အလုပ်မအားတာနဲ့ မလာဖြစ်တာ ပါ ဘုရား ”
ဟုပြောကာ မရင်ရွှေလည်း ယောက်ျားဖြစ်သူ ကိုစိန်သောင်းအား မျက်စောင်းလေးထိုးကာ ပြောလိုက်၏။ ကိုစိန်သောင်းလည်း.
” တပည့်တော်လည်း ပဲကိစ္စ၊နှမ်းကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေတာမို့ .. အရှင်ဘုရားတူမကို လိုက်မပို့နိုင်တာပါဘုရား.. အခုတော့ အလုပ်တွေနားထားတုံးလေး အရှင်ဘုရားဆီကို လာခဲ့တာပါဘုရား”
” အိမ်းကွဲ့. …ဒါနဲ့ ပွဲရုံအလုပ်ကရော အဆင်ပြေရဲ့လား ဒကာစိန်သောင်းရဲ့ ”
” ပြေပါတယ်ဘုရား… အခုတစ်လော ပဲတွေဝယ်မရတာရယ်…နောက်ပြီး တပည့်တော်တို့လည်း အရှင်ဘုရားဆီကို လာချင်တာရယ်ကြောင့် ..ပွဲရုံကို ခနပိတ်ထားခဲ့ပြီး လာခဲ့တာပါဘုရား ”
” အိမ်းကွဲ့ … ဘုန်းဘုန်းလည်း မတွေ့ရတာကြာပြီဆိုတော့ ဒကာတို့မိသားစုအလာကို မျှော်နေတာကွဲ့ ”
” တင်ပါ့ ဘုရား ”
ဤသို့ဖြင့် မရင်ရွှေတို့မိသားစုလည်း ဦးမင်းတော်စပ်သူ ဆရာတော်ဦးသုမနကျောင်း၌ တည်းခိုလိုက်သည်။
+++++++++++++++++++
ထိုလသည်ကား ဝါဆိုလဖြစ်သဖြင့် ဝါဆိုဝါခေါင် ရေတစ်ဖောင်ဖောင် ဆိုသကဲ့သို့.. လက်ပံကုန်းရွာ၏ ချောင်းများ၊မြောင်းများ၌ ရေများပြည့်လျှက်ရှိ၏။
တဖွဲဖွဲရွာနေသောမိုးများသည် တဝေါဝေါအော်မည်လာ၍ သဲသဲမည်းမည်း ရွာလာလေသည်။ အဆက်မပြတ် ရွာသွန်းနေသော မိုးရေများအောက်တွင် အသက်ခုနစ်နှစ်အရွယ်ခန့်ရှိ ခလေးတစ်ယောက်သည် ခုန်ပေါက်ကာ ပြေးလွှားဆော့ကစားနေလေသည်။
” သားရေ ကျောင်းဝန်းထဲမှာပဲဆော့နော်..အပြင်ကိုထွက်မဆော့နဲ့ ကြားလား ” ဟု မိုးရေထဲတွင်ဆော့ကစားနေသော သားဖြစ်သူအား မရင်ရွှေတစ်ယောက် ကျောင်းပေါ်ကနေ လှမ်းပြောလိုက်၏။
” ဟုတ်ကဲ့ပါ မေမေရ… သားဒီမှာပဲ ဆော့မှာပါ ”
ဟုပြောကာ ငတေလေးသည်လည်း မိုးရေထဲ၌ တစ်ယောက်ထဲ ဂေါ်လီလှိမ့်ကာ ဆော့ကစားနေ၏။ မြို့တွင် နေရာထိုင်ခင်းမကျယ်သည်က တကြောင်း၊ မိမိအိမ်က ပွဲရုံဖြစ်နေသဖြင့် အလုပ်သမားတွေနဲ့မို့ ငတေတစ်ယောက် လွတ်လွတ်လပ်လပ် မဆော့ရပေ။ ယခုမူ ဘုန်းကြီးကျောင်းဝန်းကြီးသည် ကျယ်ပြန့်ကာ ပြန့်ပြူးသဖြင့် ငတေတစ်ယောက် စိတ်ကြိုက်ပြေးလွှား ဆော့ကစားနေ၏။ ထိုအချိန်၌
” ကတွတ်စ်… ကတွတ်စ်… ဖလက်စ်.. ဖလက်စ် ”
ဆိုသော အသံနှင့်အတူ ရေကြက်တစ်ကောင်သည် ကျောင်းဝန်းထဲသို့ရောက်လာ၏။
” ဟာ… ဘာငှက်ကြီးလဲမသိဘူး ”
ဆိုကာ ငတေတစ်ယောက် ထိုရေကြက်အားလိုက်ဖမ်းလေသည်။
” ကတွတ်စ်…ကတွတ်စ်.. ”
ဖြင့် ရေကြက်လည်း ထွက်ပြေးသွားရာ၊ ထွက်ပြေးသွားသော ရေကြက်နောက်အား ငတေတစ်ယောက် လိုက်ကာဖမ်း၏။ ဤသို့ဖြင့် ရေကြက်က ပြေးလိုက် ငတေက လိုက်ဖမ်းလိုက်ဖြင့် ဘုန်းကြီးကျောင်း၏မလှမ်းမကမ်းရှိ ချောင်းစပ်သို့ပင် ရောက်လာလေသည်။ ထို့နောက်ရေကြက်လည်း ချောင်းအတွင်းသို့ ခုန်ဆင်းသွားရာ ငတေကပါ ” ဝုန်း” ဆိုသော အသံနှင့်အတူ ခုန်ဆင်းသွားလေ၏။
+++++++++++
အခန်း ၅
” သားရေ… သား.. သားလေးငတေရေ ”
ဟု မရင်ရွှေလည်း သားဖြစ်သူကို ကျောင်းဝန်းထဲ၌ မတွေ့တော့သဖြင့် တကြော်ကြော် အော်ခေါ်လိုက်သည်။
” ဒီကောင်လေး ခုနလေးတင် ကျောင်းဝန်းထဲမှာ ဆော့နေတာပါ..ဘယ်များရောက်သွားပါလိမ့် ”
ဟု နှုတ်မှ တီးတိုးစွာပြောလိုက်ပြီး သားဖြစ်သူအား တကြော်ကြော် အော်ခေါ်လေပြန်၏။ သို့သော် သားဖြစ်သူ၏ပြန်ထူးသံအား မကြားရသလို လူကိုလဲ မတွေ့ရ။
” ကိုစိန်သောင်းရေ …ကိုစိန်သောင်း လာပါအုံးတော့ ”
ဟု အော်ခေါ်လိုက်ရာ မိုးအေးအေးဖြင့် ကျောင်းအပေါ်ထပ်တွင်အိပ်နေသော ကိုစိန်းသောင်းတစ်ယောက် နိုးလာကာ ကျောင်းအောက်ထပ်သို့ဆင်းလာပြီး..
” မိန်းမ ဘာဖြစ်လို့လဲ …”
” ဘာဖြစ်ရမှာလည်း.. တော့သား ပျောက်နေလို့ ”
” ဟ… ငါ့သားက ဘယ်လိုဖြစ်ပြီး ပျောက်နေရတာလဲ ”
” ခုနလေးတင် ဒီနားမှာဆော့နေတာ… တအောင့်လောက်ကြာတော့ မတွေ့တော့လို.၊ အော်ခေါ်တာလဲ ပြန်မထူးဘူးတော့…”
မိန်းမဖြစ်သူစကားကြောင့် ကိုစိန်သောင်းလည်းထူပူသွားကာ
” ဟာ…ဒါဆိုအမြန်ရှာမှပဲ ” ဟုပြောကာ
” သားရေ.. သား.. သားလေးငတေရေ ”
ဆိုသော အော်ခေါ်သံများဖြင့်အတူ သီတာရုံဘုန်းကြီးကျောင်းဝန်းကျင်၌ ဆူညံ့သွားလေသည်။ ထိုသို့ဖြင့် ငတေလေးမှာပျောက်ချင်းမလှပျောက်သွားလေ၏။
++++++++++
ဤသို့ဖြင့် သုံးရက်ကြာသော်
ချောင်းအထက်တွင် ပေါလောပေါ်နေသော ရုပ်အလောင်းတစ်ခုအား တွေ့လိုက်ရ၏။ ထိုရုပ်အလောင်းသည်ကား ငတေလေး၏ ရုပ်အလောင်းပင် ဖြစ်သည်။
မရင်ရွှေနှင့် ကိုစိန်သောင်းမှာလည်း အသက်မဲ့နေသော သားဖြစ်သူ၏ရုပ်ကလပ်အား ကြည့်ကာ ရင်ကျိုးမတတ်ဖြစ်ပြီး ငိုကြွေးကြလေ၏။ ထိုသို့ဖြင့် ငတေလေးရဲ့ အသုဘရုပ်ကလပ်အား ချက်ချင်းပင် မြေမြှုပ်သင်္ဂြိုလ်လိုက်၏။ အကြောင်းမှာ အလောင်းသည် ပုပ်ပွနေသောကြောင့်ပင်ဖြစ်၏။
+++++++++++
တိတ်ဆိတ်ငြိမ်သက်နေသော ညတစ်ည၌ လူတစ်ယောက်သည် အမှောင်ထုကိုအားယူကာ သုသာန်အတွင်းသို့ လျှောက်လမ်းလာသည်။ ၎င်းလူသည် နေရာတစ်ခုအရောက် သူ၏လျှောက်လှမ်းနေသော ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး လူသေမြေပုံတစ်ခုပေါ်သို့ သူ၏လက်တွင်း၌ပါလာသော ပစ်တိုင်းထောင်အရုပ်တစ်ခုဖြင့် ခပ်ဖွဖွရိုက်လိုက်ကာ နှုတ်မှ..
” သားရေ.. အဖေမင်းအတွက် ကစားစရာဝယ်လာတယ်… အဖေနဲ့အတူ ကစားရအောင်လိုက်ခဲ့နော် “ဟု ပြောလိုက်လေရာ..
” ဖလက်စ်… ဖလက်စ် ” အသံများနှင့်အတူ သုသာန်အတွင်းရှိ သစ်ပင်ကြီးငယ်တို့မှ ငှက်များသည် ထပျံသွားကာ
” အူး…ဝူး…ဝူး ” ဆိုသော ဆွဲငင်သောခွေးအူသံသည် သုသာန်အတွင်း၌ ခြောက်ခြားဖွယ်ရာ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းလူသည် ပစ်တိုင်းထောင်ရုပ်နှင့်အတူ သုသာန်အပြင်ဘက်သို့ ထွက်သွားလေသည်။
++++++++++++++
မှောင်မိုက်ကာ တိတ်ဆိတ်နေသော ညတစ်ည၌ လူနှစ်ယောက်၏ တီးတိုးစကားသံများသည် ညင်သာစွာပျံလွင်နေလေ၏။
” သားလေး သေရတာလေ…ကျမအသုံးမကျလို့ပါရှင်….ဟီး…ဟီး ….”
” ဘယ်တတ်နိုင်မလည်း မိန်းမရယ်…ငါတို့သားလေးက ငါတို့နဲ့နေရဖို့ ဒီလောက်ပဲကံပါလာတာကို…. တရားနဲ့သာဖြေပါကွာ ”
ဟု မိန်းမဖြစ်သူအား ဖြေသိပ်လိုက်ပေမဲ့ မိမိရင်ထဲ၌တော့ စို့တက်လာကာ မျက်ဝန်းအိမ်မှ မျက်ရည်စလေးများပင် ပါးပြင်ထက်သို့ ယိုစီးကျလာသည်။
” ကိုစိန်သောင်း… ကျမ သားကိုလေ သိပ်သတိရတာပဲ၊ သားကို..တစ်ခါလောက်ဖြစ်ဖြစ် တွေ့လို့ရရင် တွေ့ချင်လိုက်တာ ရှင် ”
” မင်းတကယ်တွေ့ချင်ရင် သားကို ငါခေါ်ပြမယ် ”
” ဟာ မဖြစ်နိုင်တာရှင်… သားလေးက ဒီဘဝမှာမှမရှိတော့တာ ”
” လာစမ်းပါဟာ … ” ဟုပြောလိုက်ပြီး မိန်းမဖြစ်သူ မရင်ရွှေလက်အားဆွဲကာ ကျောင်းအောက်သို့ခေါ်လာလိုက်သည်။ ကျောင်းအောက်သို့ရောက်သောအခါ
” သားလေးငတေရေ… မင်းအမေက မင်းကိုတွေ့ချင်လို့တဲ့ မင်းအမေကို မြင်အောင်ပြလိုက်စမ်းပါကွာ ” ဟု ပြောလိုက်ရာ ကျောင်းခေါင်မိုးပေါ်ရှိအမိုးများပေါ်၌
” ညောင်… ညောင်” ဆိုသော ကြောင်အော်သံနှင့်အတူ မဲနက်နေသော ကြောင်တစ်ကောင်ထွက်ပေါ်လာ၏။
” သားရေ.. အောက်ဆင်းခဲ့ပါအုံး ” ဟု ကိုစိန်သောင်းမှပြောလိုက်ရာ ကျောင်းခေါင်မိုးပေါ်ရှိကြောင်သည် လူစကားနားလည်သည်ပမာ အောက်သို့ငုံကြည့်ကာ
” ဘုတ် ” ဆိုသောအသံနှင့်အတူ မြေပြင်သို့ခုန်ချလာသည်။ မြေပြင်သို့ရောက်သောအခါ၌ ၎င်းကြောင်သည် ကြည့်နေရာမှ တဖြည်းဖြည်းလူအသွင်ဖြစ်လာကာ ၇နှစ်သားအရွယ်ကလေးတစ်ယောက်ပုံစံဖြစ်လာ၏။ ထိုမြင်ကွင်းအား မြင်လိုက်ရသော မရင်ရွှေတစ်ယောက် ရင်ထဲ၌စို့တက်လာကာ
” သားရေ …သာလေးငတေ ” ဟု ပြောကာ ထိုကလေးနားသို့အသွား
” ဝုန်း ” ဆိုသောအသံနှင့်အတူ ၎င်းကလေးပုံစံမှ ဝါးတစ်ပြန်မျှအရွယ်အစားရှိသော အကောင်ကြီးတစ်ကောင်ပုံစံ ဖြစ်သွားရာ၊ မမျှော်လင့်သော မြင်ကွင်းအား မြင်လိုက်ရသဖြင့် မရင်ရွှေတစ်ယောက် ” အမယ်လေး ” ဟုအော်ကာ ထိုနေရာ၌ပင် သတိလစ်သွားသည်။ မရင်ရွှေသည် နှလုံးရောဂါအခံရှိသဖြင့် သတိပြန်မရနိုင်တော့ပေ။ သို့ဖြစ်ပါသောကြောင့် ကိုစိန်းသောင်းလည်း ညတွင်းချင်းပင် မရင်ရွှေကို စောင်ပုခက်ဖြင့်သယ်ကာ ရေလမ်းခရီးဖြင့် မြို့ဆေးရုံသို့ပို့လိုက်ရသည်။ ထိုအချိန်မှစ၍ မရင်ရွှေတို့လည်း ဘုန်းကြီးကျောင်းသို့ ပြန်မလာတော့ပေ။
ဘုန်းကြီးကျောင်း၏ တစ်ဒေါင့်တစ်နေရာတွင် ပစ်တိုင်းထောင်ရုပ်လေးမှာ အထီးကျန်စွာဖြင့် ကျန်ရှိနေခဲ့တော့သည်။
++++++++
ဇာတ်သိမ်းပိုင်း.
” ဖြစ်ပုံကတော့ အဲဒါပါပဲ ဒကာလေးတို့ရယ် ”
ဟု ဆရာတော်ဦးသုမနမှ မင်းအောင်တို့အား မှင်စာငတေလေးရဲ့ အကြောင်းစုံကို ရှင်းပြလိုက်သည်။
” ငတေလေး ဘဝက တယ်လဲသနားစရာကောင်းပါ့လားနော်… ဒါနဲ့နောက်ရော ဘာတွေဆက်ဖြစ်သေးလဲ ဘုရား ” ဟု ကျွန်တော်လည်း မေးလိုက်ရာ
” နောက်ကျတာ့ ငတေလေးကနေ မှင်စာသရဲလေးဖြစ်ပြီး ကျောင်းမှာ ခြောက်တော့တာပဲ ”
” အရှင်ဘုရားတို့က ငတေလေးကို ကျွတ်လွတ်အောင် အလှူအတန်း မလုပ်ပေးဘူးလား ဘုရား ” ဟု ပြည့်ဖြိုးမှ ဝင်မေးလိုက်ရာ
” လုပ်ပေးတာပေါ့ ဒကာလေးရ… လုပ်ပေးတာမှ ခနခနပဲ၊ ဒီကလေးက ဘာကိုစွဲလမ်းမှန်းမသိပါဘူးကွယ် ..သာဓုမခေါ်နိုင်ရှာဘူး ”
ဟု ဆရာတော်မှာ ဝမ်းနည်းဟန်ပါသော လေသံဖျော့ဖျော့လေးဖြင့် ပြောလေသည်။ ကျွန်တော်လည်း
” အရှင်ဘုရား ခွင့်ပြုရင် ငတေကိစ္စကို တပည့်တော်တို့တတ်နိုင်သလောက် ကူညီပေးပါ့မယ် ဘုရား ”
” ဒကာလေးတို့က လောကီဆရာတွေလား ”
” ဟုတ်ပါတယ် ဘုရား… တပည့်တော်တို့က ပဋ္ဌမံပညာနဲ့ မဟာဂန္ဓာရီလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့သူတွေပါ ဘုရား ”
” ဒါဆို ဟန်ကျတာပေါ့ …ဘုန်းကြီးရဲ့မြေး ငတေကိစ္စအဝဝကို ဒကာလေးတို့ထံ အပ်ပါတယ်၊ ဒကာလေးတို့ပဲ ကောင်းသလို ကြည့်စီစဉ်ကြပေါ့ကွယ်.. ဘုန်းကြီးကတော့ လောကီကိစ္စတွေ ဝင်မပါချင်ဘူးကွဲ့ ”
” တင့်ပါဘုရား… တပည့်တော်တို့ ငတေလေးကို ကျွတ်လွတ်သွားအောင် ကူညီကယ်တင်ပေးမှာပါဘုရား ”
ဟု ကျွန်တော်လည်း ဆရာတော်ကို လျှောက်တင်လိုက်ရာ ဆရာတော်လည်း နှစ်လိုဖွယ်ရာကောင်းသော အပြုံးဖြင့်ပြုံးလိုက်ပြီး…
” သာဓု…သာဓု…သာဓု ” ဟု သုံးကြိမ်ခေါ်ကာ ဆရာတော်လည်း ကျက်သရေအခန်းထဲသို့ ပြန်လည်ကြွမြန်းသွားလေသည်။
+++++++++
မှောင်မိုက်ကာ တိတ်ဆိတ်နေသော ညအချိန်၌ လူနှစ်ဦး၏စကားသံသည် ထွက်ပေါ်လာ၏။
” ဆရာ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ”
” ဒီအတိုင်းပဲ ဆင့်ခေါ်လိုက်မယ် ပြည့်ဖြိုး ”
ဟု ကျွန်တော်လည်းပြောလိုက်ပြီး
” ကဲ.. ဒီဘုန်းကြီးကျောင်းမှာ ခြောက်လန့်နေတဲ့ မှင်စာငတေ.. အခုချက်ချင်း နာရီမဆိုင်းမိနစ်မဆိုင်း ကျွန်ုပ်အရှေ့ရောက်စေ …ပဋ္ဌမံဆရာကြီးအဘအောင်နှင့် လက်ယာကိုးသိန်း၊လက်ဝဲကိုးသိန်း ဆရာသခင်များ၏အမိန့်အာဏာ ”
ဟု ကျွန်တော်လည်းအမိန့်ပြန်လိုက်ရာ…
” ညောင်…ညောင် ” ဆိုသော ကြောင်အော်သံမှာ ဘုန်းကြီးကျောင်းခေါင်မိုးကနေ ထွက်ပေါ်လာသည်။ ၎င်းအသံနှင့်အတူ မဲနက်နေသော ကြောင်ကြီးတစ်ကောင်သည် ကျောင်းအမိုးပေါ်မှ ရုတ်တရက်ပေါ်လာ၏။ ၎င်းကြောင်သည် ” ဘုတ် ” ဆိုသောအသံနှင့်အတူ ကျွန်တော်တို့ရှေ့ရှိ မြေပြင်ပေါ်သို့ ခုန်ချလာပြီးနောက်
” ဝုန်း ” ခနဲ ဖြင့် အခိုးအငွေ့များထွက်လာကာ ဝါးတစ်ပြန်မျှ အရပ်ရှိသော မဲမဲအကောင်ကြီး တစ်ကောင်အဖြစ်သို့ ပြောင်းသွား၏။
” ငတေရေ.. မင်းခြောက်လဲ ငါတို့ကကြောက်မှာမဟုတ်ဘူး..မင်းအတ္တဘောဂ အသွင်ကိုဖျောက်ပြီး မူလအသွင်ပြန်ပြောင်းလိုက်ပါကွာ ”
ဟု ကျွန်တော်လည်း ချိုသာအေးမြသော လေသံဖြင့်ပြောလိုက်ရာ ဝါးတစ်ပြန်အရပ်မျှရှိသော အကောင်ကြီးမှ တဖြည်းဖြည်းသေးသွားပြီး အဖြူရောင်ပိတ်စကို ခေါင်းမူးခြုံထားသော မှင်စာငယ်လေး အသွင်ဖြစ်သွား၏။ ထိုမှင်စာငတေလေးမှာ သူ၏မီးတောက်ကဲ့သို့ ရဲရဲတောက်နေသော မျက်လုံးများဖြင့် ကျွန်တော်တို့အား စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး
” ဦးတို့က သားကိုမကြောက်ဘူးလား ” ဟု ပြဲအာနေသော ပါးစပ်ဖြင့်ပြောလေရာ သူ၏ဝါကျင့်ကျင့်အရောင်ရှိ၍ ခွေးဘီလူးသွားနှင့်တူသော သွားများမှာ ပေါ်ထွက်လာ၏။
” မကြောက်ပါဘူး ငတေရာ …ဒါနဲ့မင်းက ဘာလို့ဒီဘုန်းကြီးကျောင်းမှာ ခြောက်လန့်နေရတာတုံး ”
ဟု ကျွန်တော်မှမေးလိုက်ရာ
” သားက ခြောက်လန့်တာမဟုတ်ပါဘူးဗျာ…သူတို့က သားကိုတွေ့တာနဲ့ လန့်ပြီးထွက်ပြေးသွားတာဗျ ” ဟု ငြိုးငယ်စွာဖြင့်ပြောလေ၏။
” ကဲပါ ထားပါတော့…ငတေ မင်းဒီဘဝက မကျွတ်လွတ်ချင်ဘူးလား ”
” သားက အမေနဲ့အဖေပြန်အလာကို စောင့်နေတာဗျ ”
ဟု ပြောကာ ခေါင်းငိုက်စိုက်သွားလေသည်။ ကျွန်တော်လည်း ငတေကို သနားသွားကာ
” ဦးတို့က..မင်းကို မင်းရဲ့ မိဘတွေနဲ့ပြန်တွေ့နိုင်အောင် ကူညီပေးမယ်၊ ဦးတို့ပြောတဲ့အတိုင်းတော့ မင်းလိုက်လုပ်ရမယ် ဘယ်လိုလဲငတေ ” ဟု မေးလိုက်ရာ
” သားရဲ့ မိဘတွေနဲ့သာ ပြန်တွေ့ရမယ်ဆိုရင်… ဘာပဲလုပ်ရလုပ်ရ လုပ်မယ်ဗျာ ”
” ဒါဆိုကောင်းပြီ …ဦးတို့အလှုအတန်းလုပ်ပေးမယ်… မင်းသာဓုခေါ်ပါ ”
ဟု ကျွန်တော်လည်း ပြောလိုက်ရော ငတေတစ်ယောက် ခေါင်းကုတ်ကာ
” သား သာဓုခေါ်ရင် …တကယ်ပဲ အမေနဲ့အဖေကို ပြန်တွေ့ရမှာလားဟင် ”
” ဒါပေါ့ငတေရ… မင်း တကယ်သာဓုခေါ်လို့ရှိရင် မင်းအမေနဲ့မင်းအဖေကို ပြန်တွေ့ရမှာကွ၊ နောက်ပြီး မင်းလွတ်လွတ်လပ်လပ်လဲ သွားလို့ရပြီ ”
ဟု ကျွန်တော်လည်း မှင်စာငတေလေးအား ချော့ပြောလိုက်၏။
” အဲဒါဆိုရင်… သား သာဓုခေါ်မယ်ဗျာ ”
” ကောင်းပြီငတေ… ဒါနဲ့ ဦးတစ်ခုလောက်မေးချင်တယ်၊ မင်းကို ဒီဘုန်းကြီးကျောင်းမှာ နေလို့ရအောင် ဘယ်သူခေါ်လာတာလဲ ”
” သားကို အဖေခေါ်လာတာဗျ ” ဟု ပြန်ဖြေလေသည်။ ကျွန်တော်လည်း
” မင်းကို ဘာနဲ့ခေါ်လာတာလဲ ငတေ ” လို့ ထပ်မံမေးလိုက်ရာ
” သားကို … အဖေက ပစ်တိုင်းတောင်အရုပ်နဲ့ ခေါ်လာတာ ”
” အဲဒီ အရုပ်က … ဘယ်နေရာမှာရှိလဲ ငတေ ”
” အဲဒီအရုပ်က ကျောင်းခေါင်မိုးကြားထဲမှာ ရှိတယ်ဗျ ” ဟု ပြန်ဖြေလေ၏။
ထို့နောက် မှင်စာငတေလည်း ကျွန်တော်တို့မြင်ကွင်းထဲမှ ပျောက်ကွယ်သွား၏။ ကျွန်တော်လည်းပြည့်ဖြိုးအား ကျောင်းခေါင်မိုးအတွင်းပိုင်း၌ ပစ်တိုင်းထောင်အရုပ်ကို ရှာခိုင်းလိုက်သည်။ ခနာအကြာတွင် ကျောင်း၏ခေါင်းရင်းဒေါင့် ခေါင်မိုးနှစ်ထပ်ကြားမှ ပစ်တိုင်းထောင်အရုပ်ကိုတွေ့၏။ ၎င်းအရုပ်မှာ ဆေးရောင်များပင် ပျယ်လွင့်နေလေ၏။ ကျွန်တော်လည်း အရုပ်ကိုမီးရှို့ဖျက်စီးလိုက်သည်။
ဤသို့ဖြင့်နောက်နေ့ရောက်သော ဆရာတော်နှင့်တိုင်ပင်ကာ ငတေအားရည်စူးပြီး ဘုန်းကြီးကျောင်း၌ အလှူတစ်ခုပြုလုပ်လိုက်သည်။ ထိုအလှူ၌ ရေစက်ချအမျှဝေရာ ငတေတစ်ယောက် သာဓုခေါ်ကာ ကျွတ်တမ်းဝင်သွား၏။ ထိုကိစ္စများပြီးစီးသွားသောအခါ၌ ကျွန်တော်တို့လည်း ဆရာတော်ဦးသုမနအား နှုတ်ဆက်ကန်တော့ကာ ထွက်လာခဲ့လိုက်သည်။
+++++++++
ဤသို့ဖြစ်တစ်နှစ်ခန့်ကြာသော မရင်ရွှေတစ်ယောက် ကိုယ်ဝန်ရလာ၏။ ဗိုက်ထဲက ကလေးသည်ကား မည်သူဖြစ်မည်နည်း? ?????
# ပြီး #
သတ္တဝါတစ်ခု ကံတစ်ခု
ပိုင်လေး (မအူပင်မြေ)