မနှင်းဆီ

မနှင်းဆီ(စ/ဆုံး)
—————

အချိန်သည် ည၁၀နာရီခန့် ရှိပြီမို့ ကျူး ရက်ကွက်လေးထဲ အနည်ငယ် ငြိမ်သက်နေပြီဖြစ်၏။ ကျူးရက်ကွက်လေးမို့ အစိုးရ လျှပ်စစ်မီး မရတာလဲပါတယ်။ လူငယ်တစ်စု ဂစ်တာတစ်လက်ကို ပုခုံးပေါ်တင်ထမ်းလျှက် စက်ရုံဆင်းနေသော ကောင်မလေးများ အဆောင်ဘက်သို့ ချီတတ်သွားကြလေသည်။

“ဟေ့ကောင် ဝဏ္ဏ ဟိုရောက်ရင် ငါကြိုက်တဲ့ သီချင်းလေး တီးပေးရမယ်နော် မင်းကိုငါ ညနေက လက်ဖက်ရည်တိုက်ထားပြီးပြီ”

လူငယ်တွေထဲ ဂစ်တာတီးတတ်သူမှာ ဝဏ္ဏ တစ်ယောက်ထဲ ရှိသည်မို့ ကောင်းထက် တစ်ယောက် ညနေကတည်းက လက်ဖက်ရည်တိုက်ပြီး ညအတွက် သီချင်းကြိုတောင်းထားရသည်။

“အေးပါ ကောင်းထက်ရယ် မင်းသာအပီဖြုတ်ဖို့ ပြင်ဆင်ထား ကျန်တာ ငါ့တာဝန်ထား”

လူငယ်လေးများ စကားတစ်ပြောပြောနဲ့ လျှောက်လာကြရင်း ကောင်မလေးများ အဆောင်သို့ မရောက်မီ။

“အူး….ဝူး…..ဝူး…..”

ခွေးများသည် သူတို့ရှိရာသို့ သဲသဲမဲမဲ ထိုးဟောင်ကာ စွဲစွဲငင်ငင် အူနေကြ၏။

“ဟေ့ကောင် ကောင်းထက် ခွေးတွေ တအားအူနေတယ်ကွ…ပြန်လှည့်ရင်ကောင်းမယ် ထင်တယ်”

အတူပါသော သူငယ်ချင်းများထဲမှ ပိန်ပိန်ပါးပါးနဲ့ ကျော်မိုးလွင်က ကောင်းထက်အား ပြန်လှည့်ရန် ပြောနေခြင်းပင်ဖြစ်၏။

“ဟာ….မဟုတ်တာ…ကျော်မိုးလွင်ရယ်…ဒီအထိတောင် ရောက်လာခဲ့ပြီပဲကွ အူရမှာက ခွေးအလုပ် သီချင်းဆိုရမှာ ငါတို့အလုပ်ကွ…”

“ဟား….ဟား…..ဟား…”

ကောင်းထက်စကားကြောင့် သူငယ်ချင်းများ သဘောကြကာ ရယ်မောလိုက်ကြပါတော့သည်။ ဒီလိုနဲ့ သူတို့လျှောက်လာရင်း လမ်းဆုံလေးအနားသို့ အရောက်မှာတော့။

“ပရိတ်သက်လက်ခုပ်သံနဲ့..ကကြိုးသွယ်..ရှူ့မငြီးနိုင်တဲ့…သဘင်သည်မလေး…မနှင်းဆီ… မောပန်းနိုင်ပါဘူးကွယ်…သုခုမရင်ပြင်ထက်… ဖျော်ဖြေနေရင်း..ကနေပါဦးမည်..”

ဆိုင်းသံဗုံသံနဲ့အတူ သီချင်းသံကို သဲသဲကွဲကွဲ ကြားနေကြရသည်။

“ဟာ….ဟိတ်ကောင်တွေ ဟို ဟိုမှာကွ”

ဝဏ္ဏ ညွှန်ပြရာသို့ သူတို့ကြည့်လိုက်တဲ့အခါ လရောင်ရေးရေးအောက် ဇာတ်မင်းသမီး အဝတ်အစားနှင့် အမျိုးသမီးတစ်ယောက် တွန်းလှည်းလေးအနား သီချင်းဆိုရင် ကနေတာကို အားလုံးမြင်လိုက်ကြရသည်။

“ဟာ…ဟေ့ကောင်တွေ….ဒီအချိန်ကြီး…ဒီအမျိုး သမီးက ဘာလို့ ကနေတာလဲ..”

ကျော်မိုးလွင် မေးခွန်းကို ဘယ်သူမှ မဖြေနိုင်သေးခင်မှာပဲ ရုတ်တရက် ထိုအမျိုးသမီး သူတို့အသံကြားသည်နှင့် ပျောက်ကွယ်သွားတော့သည်။

“ဟေ့ ဟေ့ ကောင်တွေ ပြေးဟ သ သရဲခြောက်နေတာကွ”

လူငယ်တစ်စု ခြေဦးတည့်ရာ ပြေးကြရင်း ရက်ကွက်ထဲသို့အဝင် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသော ဦးလှသိန်း ဆိုင်သိမ်းနေသော နေရာသို့ ရောက်လာတော့မှ အပြေးရပ်ခါ အမော​ဖြေကြ၏။

“ဟေ့ကောင်တွေ ဘာဖြစ်လာတာလဲ ဟိုဘက်ရက်ကွက်က ကောင်တွေနဲ့ ရန်ဖြစ်လာတာလား”

ဦးလှသိမ်းအ​မေးကို သူတို့ တော်တော်နှင့် မဖြေနိုင်ကြပဲ ဆိုင်ထဲသို့ ဝင်ထိုင်ကာ ကိုယ်စီ ရေခပ်သောက်လိုက်ကြသည်။ ဒီတော့မှ ကြောက်စိတ်လဲပြေ အမောလဲပြေတော့သည်။

“ဒီ…ဒီလိုပါ ဦးလေးရယ်…”

ဝဏ္ဏသည် ဖြစ်ကြောင်းကုန်စင်အား ပြောပြလိုက်တဲ့အခါမှာတော့။

“အင်း…မင်းတို့တော့ မနှင်းဆီနဲ့ တွေ့ခဲ့ကြပြီ ထင်ပါရဲ့ ”

“ဗျာ…မ…မနှင်းဆီဆိုတာ…. ဘယ်သူလဲဦးလေး ကျွန်တော်တို့ကို ပြောပြပါဦး”

သူတို့အားလုံး မနှင်းဆီဆိုသည့် အမျိုးသမီးအကြောင်းကို စိတ်ဝင်စားလျှက် ဦးလှသိန်း အနားသို့ ​ကပ်ထိုင်လိုက်ကြပါတော့သည်။

“မနှင်းဆီဆိုတာက ဒီရက်ကွက်မှာပဲ နေခဲ့တဲ့ အမျိုးသမီးပါပဲ သူ့အကြောင်းကတော့ ရင်နာဖို့ အတော်ကောင်းပါတယ်ကွာ မင်းတို့သိချင်ရင် ငါပြောပြမယ် မနှင်းဆီအကြောင်းက ဒီလိုကွ”
ဟု အစချီကာ အောက်ပါ ရင်နင့်ဖွယ် အကြောင်းအရာများကို ပြောပြပါတော့သည်။

==========

“ဘာ ညည်းမှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား နှင်းဆီ”

“ဟုတ် ဟုတ်ပါတယ် အမေ အဟင့် ဟင့်”

ဒေါ်မြင့်စန်း ပတ်ဝန်းကျင်ကို အခြေအနေကြည့်ရင်းနဲ့ ကြာလာသော မျက်ရည်များကို ထမီနှုတ်ခမ်းစဖြင့် သုတ်ကာ။

“မိုက်လိုက်တာ နှင်းဆီရယ် အမေတို့ဘဝက လမ်းဘေးမှာ ကျူးကျော်အဖြစ်နဲ့ နေရတဲ့ မပြည့်စုံတဲ့ဘဝပါအေ ညည်း​ကြောင့် ကျုပ်တို့တော့ သူများ တံတွေးခွက်ထဲ ပက်လက်မြောပါကောလားအေ ”

လှိုင်သာယာ မြို့အစွန် ကျူးတဲလေးမှ ဒေါ်မြင့်စန်း၏ ငိုသံသည် ပတ်ဝန်းကျင် ကြားမည်စိုးသောကြောင့် တိုးတိုးတိတ်တိတ် ကျိတ်ငိုရသည်မို့ မည်သူမျှတော့ ကြားမည် မထင်ပါပေ။

“ဟဲ့ နှင်းဆီ ညည်း ဘယ်သူနဲ့ဒီကိုယ်ဝန်ကို ရတာလဲ အမေ့ကို ပြောစမ်းပါအေ”

မနှင်းဆီ တစ်ဖက်လှည့်ကာ ကျလာသော မျက်ရည်များက ဝါးကြမ်းပြင်ပေါ်သို့ တစ်ဖောက်ဖောက်။ အသက်၁၇နှစ်သာ ရှိသေးတဲ့ မိမိအား လိမ်ညာလှည့်ဖျား၍ ဤဘဝသို့ ရောက်စေခဲ့သူ သူမသိပ်ချစ်ရသော ချစ်သူဖြစ်တဲ့ “ကိုမင်းနိုင်”မှာ ပြည်ပသို့ ထွက်ခွာသွားပြီး အဆက်အသွယ်လဲ ယနေ့ထိတိုင် မရတော့ပေ။

“ဟဲ့ နှင်းဆီ ညည်းကို ကျုပ် မေးနေတယ်လေ”

“သူက မြန်မာပြည်မှာ မရှိတော့ဘူး အမေ ပြည်ပကို ထွက်သွားပြီ”

” ဟဲ့ ဒါဆို ဘယ်လိုလုပ်ကြမလဲ နှင်းဆီရယ် ညည်းဗိုက်က ဒီအတိုင်းမနေဘူးဟဲ့ ပတ်ဝန်းကျင်ကို ဘယ်လို မျက်နှာပြမှာလဲ နှငိးဆီ ရယ် ငါသာ သေသွားလိုက်ပါတော့ အီး ဟီး ဟီး”

အမေဖြစ်သူရဲ့ ငိုသံသည် မနှင်းဆီရင်ထဲ စူးရှနာကျင်စေလျှက် ဒီလိုအဖြစ်မျိုးမှာ ထားခဲ့ရက်တဲ့ “ကိုမင်းနိုင်”ကိုလဲ စိတ်အနာကြီး နာနေမိပါတော့ည်။

ကံအကြောင်းမလှလို့ ကလေးအဖေ မရှိပေမဲ့မိမိဘဝ ဝဋ်ကြွေးတွေ ရှိခဲ့လိုပဲ လို့ သတ်မှတ်ကာ ဒီကလေးကို မွေးဖွားဖို့အတွက် မနှင်းဆီ ဆုံးဖြတ်လိုက်သည်။ ကလေးမွေးပြီးတဲ့အခါ တစ်စုံတစ်ယောက်ကို သူမ ပေးလိုက်မည်ဟု တွေးရင်း လောလောဆယ် သူမအလုပ်ဆင်းနေသော အထည်ချုပ် စက်ရုံမှာတော့ မလုပ်လိုတော့ ဒီအတွက် သူမ အလုပ်တစ်ခုကို ရှာရပေတော့မည်။

~~~~~~

“အလုပ်က လူပြည့်သွားပြီ ညီမလေးရဲ့ ”

ရွှေပြည်သာဘက်မှ ပွဲရုံတစ်ခုမှာ လူပြည့်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူက ပြောလိုက်တဲ့အခါ မနှင်းဆီ အပြုံးလေးနှင့်ပဲ ခေါင်းညိတ်လျှက် ထွက်လာခဲ့ပါသည်။ဒီနေ့အဖို့ သူမ အလုပ်လျှောက်နေသည်မှာ ဒီပွဲရုံနဲ့ဆို ၅ခုမြောက် ဖြစ်နေပါပြီ တစ်ခုမှ အဆင်မပြေခဲ့။

“သမီးရယ် ခါတိုင်းဆင်းနေတဲ့ စက်ရုံမှာပဲ ပြန်ဆင်းပါလားကွယ်”

မနှင်းဆီ လျှော်နေသော အဝတ်များကို ဇလုံထဲထည့်ရင်း။

“မလုပ်ချင်တော့ပါဘူး အမေ သမီး အဆင်ပြေတဲ့ အလုပ်တစ်ခုခု ရှာမှာပါ အမေ စိတ်မပူနဲ့နော်”

ဒေါ်မြင့်စန်း သက်ပြင်းချလျှက်။

“ညည်းပင်ပန်းမှာ စိုးလို့ပါကွယ်”

မနှင်းဆီ ပြုံးလျှက်ဖြင့်။

“ရပါတယ် အမေ သမီးထိုက်နဲ့ သမီးကံပေါ့”

မနှင်းဆီတို့ မိသားစုသည် ယခုနေသော လှိုင်သာယာ ဇာတိ မဟုတ်ပဲ ဧရာဝတီတိုင်း ဘိုကလေး ဇာတိပင်ဖြစ်သည်။ မိသားစုဝင် လေးယောက် ရှိခဲ့ပြီး အဖေဖြစ်သူ ဦးခင်မောင်နဲ့ အမေရယ် ညီမလေးတစ်ယောက်ရယ် ပျော်ရွှင်စွာ နေခဲ့ရပြီး အဖေက တံငါကျွမ်းကျင်သူမို့ အခုလောက်ထိ မချို့တဲ့ခဲ့ပါ။ ကံကြမ္မာဆိုးက မိသားစုထဲ တိုးဝင်လာခဲ့သည်က နာဂစ်မုန်တိုင်း တိုက်ခတ်စဥ် အဖေနဲ့ညီမလေး သေဆုံးသွားခဲ့ပြီး မနှင်းဆီတို့ သားအမိသာ ကံကောင်းထောက်မ၍ အသက်ရှင်ခဲ့ကြသည်။ အဖေမရှိတော့ ဘာမှမလုပ်တတ် မကိုင်တတ်တဲ့ အမေက ရွာမှ ​ခြံဝိုင်းလေး ရောင်းပြီး သားအမိနှစ်ယောက်စျေးရောင်းရန် ရန်ကုန်မြို့သို့တတ်လာခဲ့တာ ရှိသမျှငွေ အတော်များများ အလိမ်ခံရပြန်သောကြောင့် လှိုင်သာယာ မြို့အစွန်တစ်ခုမှာ ကျူးတဲလေး ဆောက်ပြီးနေရင်း မနှင်းဆီ အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်ကာ အခြေတကျနေခဲ့တာ ယခုထိပါပဲ။

“သမီး မိုးတွေလာတယ် အိမ်ထဲဝင်တော့လေ မှောင်လဲ မှောင်နေဟဲ့”

အိမ်ပေါ်မှ အမေ့ရဲ့ခေါ်သံကြောင့် မနှင်းဆီ အတွေးစတို့ကို ရုတ်သိမ်းကာ အိမ်ပေါ်သို့ တတ်ခဲ့ပါသည်။

“ပရိတ်သက်လက်ခုပ်သံနဲ့..ကကြိုးသွယ်..ရှူ့မငြီးနိုင်တဲ့…သဘင်သည်မလေး…မနှင်းဆီ… မောပန်းနိုင်ပါဘူးကွယ်…သုခုမရင်ပြင်ထက်… ဖျော်ဖြေနေရင်း..ကနေပါဦးမည်..”

ညသည်မိုးစက်လေးများ တစ်ပေါက်ပေါက်ကြလျှက် ခေါင်းရင်းဘက်အိမ်မှ ဖွင့်ထားသော သီချင်းသံလေးကြောင့် မနှင်းဆီ ဘိုကလေးမှာ နေခဲ့စဥ်က မိမိအား မြန်မာ့ရိုးရာ မင်းသမီးအကကို သင်ပေးခဲ့သော ကြီးတော်ကြီးကို သတိရမိပါသည်။ ကြီးတော်ကြီးသည် သူမအား သိပ်ချစ်ပြီး သူတတ်မြောက်ထားသော မင်းသမီးအကကို အမွေပေးခဲ့သဖြင့် သူမစိတ်ဝင်တစားနဲ့ လေ့လာသင်ယူခဲ့ရပါတယ်။ ယခုတော့ ကြီးတော်ကြီးလဲ သက်ကြီးရောဂါဖြင့် ဆုံးပါးသွားခဲ့လေပြီ။

“သြော် ငါမေ့နေတာပဲ ငါ ငါ မင်းသမီးလို ကတတ်တယ်လေ ရောင်းစရာလေး တစ်ခုခုနဲ့ မင်းသမီးအကနဲ့ တွဲဖက်လိုက်ရင် ငါ့အတွက် ဝင်ငွေကောင်းကောင်း ရနိုင်တာပဲ ဟုတ်ပြီ”

သူမ စိတ်ထဲမှာတွေးလျှက် လက်ထဲမှာလဲ ပိုက်ဆံ အနည်းငယ် ကျန်နေသေးသည်မို့ လိုအပ်သည့် ပစ္စည်းများ ဝယ်ပြီး သူမတွေးထားသည့်အတိုင်း ဝင်ငွေရှာရတော့မည်။

~~~~~~~

“ဟဲ့ သမီး ညည်းဟာက ဟုတ်ပါ့မလားအေ ဗိုက်ကလဲ ရှိနေတာ ကရခုန်ရနဲ့ ဘယ်လို အဆင်မပြေပါဘူးအေ မလုပ်ပါနဲ့လား”

မိုးလင်းတာနဲ့ အမေဖြစ်သူကို ပြောပြတဲ့အခါ စိုးရိမ်စိတ်ဖြင့် တားနေပါသည်။

“ရပါတယ် အမေရဲ့ ဗိုက်ကလဲ အခုမှ သုံးလ လောက်ပဲ ရှိသေးတာဆိုတော့ ဘာမှမဖြစ်ပါဘူး နောက်ပြီးတော့ သမီးက အရမ်းလဲ မကပါဘူးအမေရဲ့ နော်”

ဒေါ်မြင့်စန်းလဲ သမီးစိတ်ချမ်းသာအောင် စမ်းပြီးလုပ်ကြည့်ဖို့ ခွင့်ပြုပေးလိုက်ရပါတော့ သည်။

“ပရိတ်သက်လက်ခုပ်သံနဲ့..ကကြိုးသွယ်..ရှူ့မငြီးနိုင်တဲ့…သဘင်သည်မလေး…မနှင်းဆီ… မောပန်းနိုင်ပါဘူးကွယ်…သုခုမရင်ပြင်ထက်… ဖျော်ဖြေနေရင်း..ကနေပါဦးမည်..”

အသီးအနှံ တွန်းလှည်းလေးအရှေ့ သူမ ပါလာသော ဘောက်လေးကို ဖွင့်ကာ ရှက်ရှက်နှင့် ကပြဖျော်ဖြေပါတော့တယ်။ အစပိုင်းက လူသိပ်ပြီး မလာပေမဲ့ နောက်ပိုင်းကြတော့ မနှင်းဆီ၏ ကနည်းကဟန် အသွယ်သွယ်သည် နာမည်ကြီး မင်းသမီးများအလား လှပသေသပ် နေသည်မို့ တစ်ဖြေးဖြေးနဲ့ လူအများ ဝိုင်းအုံလာသည်။ အစကတော့ မနှင်းဆီ ရှက်ကြောက်နေပေမဲ့ လူများလာတော့ မိမိ၏ အနုပညာအား ယုံကြည်လာသည့် စိတ်ကြောင့် ကျေနပ်နေမိကာ ကြိုးစားကပါတော့သည်။ အသီးအနှံ များကို သာမာန်စျေးသည်ထက် မနှင်းဆီက အနည်းငယ်ပို၍ စတင်ရောင်းချပါသည်။ သို့သော် သူမ ထင်မှတ်မထားအောင် သူသူငါငါ အလု့အယက် အားပေးကြ၍ နေ့တစ်ပိုင်းနဲ့တင် ပါလာသော အသီးအနှံများ ကုန်သွားပါတော့သည်။

“အမေ အမေ့ ”

“ဟဲ့ ဟဲ့ လန့်လိုက်တာ နှင်းဆီရယ် ဘာဖြစ်လာတာတုန်းဟ”

မနှင်းဆီ လွယ်အိတ်ထဲမှ ပိုက်ဆံများကိုထုတ်ကာ အမေဖြစ်သူအရှေ့ စုပုံလိုက်ပြီး။

“ဒီမှာ ဒီမှာကြည့်ဦးအမေရဲ့ သမီးစျေးရောင်းတာ အမြတ်တွေလဲ အများကြီးရတယ် အသီးအနှံတွေလဲ နေ့တစ်ပိုင်းနဲ့ ကုန်သွားတာ အမေရဲ့ လက်တောင်မလည်ဘူး အလုအယက် ဝယ်ကြတာပဲ”

“အေးပါဟယ် အမေလဲ ဝမ်းသာပါတယ် ဒါနဲ့ ငါ့သမီး ညည်းစျေးဗန်းရော”

“စျေးဗန်းနဲ့ မဟုတ်ဘူး အမေရဲ့ လမ်းထိပ် အသုပ်ဆိုင်က ဦးလေးကြီးစီမှာ တွန်းလှည်းကို တစ်နေ့ ၁၅၀၀ ပေးပြီး ငှားသွားတာ အခုတော့ ပြန်အပ်ထားခဲ့တာပေါ့ မနက်ဖြန်စျေးရောင်းမှ ထပ်ငှားရမှာ”

“ဟုတ်ပါပြီ သမီးရယ် ဒါပေမဲ့ ညည်း အရမ်းမကနဲ့နော် ကိုယ်ဝန်လွယ်ထားရတယ် ဆိုတာ မမေ့နဲ့”

“ဟုတ်ကဲ့ပါ အမေ ဒါဆို သမီးရေချိုးတော့မယ်နော် ပိုက်ဆံတွေ အမေပဲ ယူထားလိုက်ဦး”

~~~~~~

“ဒါဆိုရင်…အဲ့ဒီကနေတဲ့…အမျိုးသမီးက…. ဒေါ်နှင်းဆီပေါ့နော်…ဦးလေး…”

ကျော်စိုးလွင် မေးခွန်းကို ဦးလှသိန်း ခေါင်းငြိမ့်ကာ ဆေးပေါ့လိပ်ကို တစ်ချက်ဖွာရှိုက်လိုက်ပြီးနောက် ကျန်ရှိနေသော ဇာတ်လမ်းအား ဆက်၍ပြောပါသည်။

~~~~~

မျက်နှာမှာ မိတ်ကပ်များ လိမ်းချယ်လျှက် မင်းသမီး အဝတ်အစား ဘယ်က ငှားပြီး ဝတ်ထားသော သမီးဖြစ်သူ မနှင်းဆီကိုကြည့်ကာ ဒေါ်မြင့်စန်းတစ်ယောက် မျက်ရည်ကြမိပါသည်။ မင်းသမီးလေးလိုဆိုတော့ နဂိုကတည်းက သမီးဖြစ်သူ မနှင်းဆီက လှပြီးသားမို့ ယခုတော့ အငြိမ့်မင်းသမီးလေး အလား ပို၍ လှလာသည်ကိုကြည့်ရင်း ငိုနေသော မျက်ရည်နှင့် ပြုံးနေသောမျက်နှာ ပေါင်းစပ်မိပါ၏။

မနက်ခင်းသည် မိုးများ အုံ့မှိုင်းရီဝေလျှက်ရှိသည်။ မနက် ၅နာရီလောက် အိပ်ယာထကာ စျေးထဲသို့ တွန်းလှည်းလေးဖြင့် အမြန်သွား ပန်းသီး၊ငှက်​ပျောသီး၊မာလကာသီး၊စပြစ်သီး၊လိမ္မော်သီး၊ စုံလို့ပါပဲ ပါလာသော ပိုက်ဆံလေးနှင့် ရသလောက်ကိုဝယ်ပြီး လှည်းလေးတွန်းကာ အိမ်သို့ အမြန်ပြန်ရ၏။ မှန်အရှေ့၌ မနှင်းဆီ မိတ်ကပ်များ လိမ်းခြယ်နေပြီး စျေးရောင်းသွားရန် ပြင်ဆင်နေခိုက်။

“သမီး နှင်းဆီ”

“ရှင် အမေ…”

“ဒီနေ့ မိုးရွာမယ်ထင်တယ် စျေးရောင်း မသွားပါနဲ့လားကွယ်”

မနှင်းဆီ မင်းသမီး အဝတ်အစားများ လဲနေရင်းက။

“ရပါတယ် အမေရဲ့ အသီးတွေလဲ လမ်းထိပ်က လှည်းထဲမှာ ဝယ်ထားပြီးပြီမို့ စိတ်ချပါ မိုးများရင် သမီး တစ်နေရာရာမှာ မိုးခိုလိုက်ပါ့မယ်”

ဝင်ငွေလေးက အတော်အတန် အဆင်ပြေနေသည့်မို့ မနှင်းဆီ အလုပ်မနားချင်ပါ ဗိုက်ကလဲ တစ်ဖြေးဖြေး လရင့်လာမှာမို့ ယခုချိန်ကတည်း က ကြိုတင်ပြီး ရှာဖွေပါမှ သူမတို့သားအမိ မွေးတဲ့အခါ အဆင်ပြေပြေလေး စားနိုင်ပါလိမ့်မည်။

“ပရိတ်သက်လက်ခုပ်သံနဲ့..ကကြိုးသွယ်..ရှူ့မငြီးနိုင်တဲ့…သဘင်သည်မလေး…မနှင်းဆီ… မောပန်းနိုင်ပါဘူးကွယ်…သုခုမရင်ပြင်ထက်… ဖျော်ဖြေနေရင်း..ရှိနေပါဦးမည်..”

​”ဖြောင်း…ဖြောင်း…ဖြောင်း…ရွှီး…”

မိုးစက်ကလေးများ အနည်းငယ်ကြားမှ ကပြဖျော်ဖြေရင်း သီချင်းလေးပြီးတဲ့အခါ လက်ခုပ်သြဘာ အသံများနဲ့အတူ စျေးဝယ်သူများလဲ ကြလာပါသည်။ လွယ်အိတ်လေး တစ်လုံးနှင့် ပါလာသမျှ လက်မလည်အောင် ရောင်းရသည့်မို့ မနှင်းဆီ ဝမ်းသာကျေနပ်ရပါတော့တယ်။

~~~~~~~~~

အချိန်ကြာလာသည်နှင့်အမျှ မနှင်းဆီလဲ အလုပ်နှင့် ယဥ်ပါးလာပြီး ပုံမှန်ဝင်ငွေလေးလဲ ရလာခဲ့၏။ ဗိုက်ကလဲ လရင့်နေပြီမို့ မနှင်းဆီ
အလုပ်ကို ရပ်နားကာ မီးဖွားဖို့ရာ ပြင်ဆင်ရပါတော့သည်။ ရှာထားတာလေးတွေနဲ့ ကလေးမီးဖွားစရိတ်နဲ့ ကလေးမွေးပြီး စားဖို့အတွက်တော့ မပူပင်ရပါပေ။

ဒီလိုနဲ့ပဲ မနှင်းဆီတစ်ယောက် သမီးလေး တစ်ယောက်ကို အသက် ၁၈နှစ်အရွယ်မှာပဲ မွေးဖွားခဲ့ပါတော့တယ် ဖြူဖြူဖွေးဖွေးနဲ့ ပန်းကလေးလို လှသော သမီးလေးကို “မပန်းဖြူ”လို့ အမည်လိုက်ကြပါတယ်။

မနှင်းဆီ ကလေးမွေးတော့ အမေဖြစ်သူကလဲ တစ်ဖက်တစ်လှမ်းမှ ဝင်ငွေရအောင်လို့ အိမ်ရှေ့၌ အသုပ်စုံဆိုင်လေးဖွင့်ကာ ရောင်းရသည်မို့ သိပ်အခက်အခဲတော့ မရှိခဲ့ပါ။

“သမီးရေ..အမေဆိုင်သွားတော့မယ်..သမီးအတွက် အမေ ဟင်းခါးပန်ကန်လုံးထဲထည့်ပေးထားခဲ့တယ် ငါ့သမီး ပူတုန်းလေး သောက်လိုက်ဦး”

ဟုပြောကာ အမေဖြစ်သူ ဒေါမြင့်စန်း တစ်ယောက် ခြင်းတောင်းလေး ခေါင်းပေါ်ရွက်လို့
သူ့အားကျောခိုင်းကာ ထွက်သွားတာကိုကြည့်ပြီး မနှင်းဆီ အမေ့ကိုကြည့်ရင်း သနားနေမိသည်ကြောင့် အလုပ်တွေ မြန်မြန်ပြန်လုပ်နိုင်ရန် အားမွေးရပေတော့မည်။

“ဟဲ့ နှင်းဆီ ညည်းက အခုမှ သွေးနုသားနုနဲ့ အလုပ်ပြန်မလုပ်ပါနဲ့ဦး ငါ့သမီးရယ် အမေရှာ​ကျွေးနိုင်ပါတယ်”

မနှင်းဆီ ကလေးလဲ တစ်လကျော်ရပြီမို့ သုံးစရိတ်များလဲ ပါးလာပြီဖြစ်၍ အမေဖြစ်သူအား သူမအလုပ်ပြန်ရန် ခွင့်တောင်းနေခြင်းပင် ဖြစ်သည်။

“ရပါတယ် အမေရဲ့ အမေလဲ ဒီရက်ထဲ ကျမ်းမာရေးက မကောင်းဘူးဆိုတာ သမီးသိပါတယ် သမီးလဲ သွားနိုင်လာနိုင်နေပါပြီ အရင်လိုတော့ သိပ်မကတော့ပါဘူး သမီးတို့ ကြာရင် လုံးပါးပါးသွားလိမ့်မယ် အမေ အခြေအနေမပျက်ခင်လေး ကြိုရှာထားရအောင်လို့ပါနော်”

“ငါ့သမီးရယ် ညည်းကလဲ ငယ်ငယ် ကလေးကလဲ တစ်လတောင်မပြည့်သေးတာရယ်….အမေ စိတ်မချပါဘူးကွယ်”

မနှင်းဆီ ဆေးပေါ့လိပ်ဖွာနေသော အမေ့အနား တိုးကပ်သွားကာ။

“အမေ နားပါတော့ ကလေးပဲကြည့်ပေးနော် သမီးလုပ်နိုင်ပါတယ်”

အမေဖြစ်သူဟာ တားမရတော့သည့် အဆုံး မနှင်းဆီ အရင်လို ကပြဖျော်ဖြေရင်း စျေးပြန်ရောင်းဖို့ ခွင့်ပြုလိုက်ရပါတော့သည်။

~~~~~~~

“ပရိတ်သက်လက်ခုပ်သံနဲ့..ကကြိုးသွယ်..ရှူ့မငြီးနိုင်တဲ့…သဘင်သည်မလေး…မနှင်းဆီ… မောပန်းနိုင်ပါဘူးကွယ်…သုခုမရင်ပြင်ထက်… ဖျော်ဖြေနေရင်း..ကနေပါဦးမည်..”

သီချင်းလေးဖွင့်ကာ မနက်ကတည်းက ကပြဖျော်ဖြေလာတာ နေ့လည်ရောက်တဲ့အခါ အသီးအနှံများမှာ အနည်းငယ် ကျန်ပါသော်လဲ မနှင်းဆီ ရင်ဘက်မှ အရမ်းတင်းနေသလို ခံစားရတာကြောင့် သမီးလေး နို့ဆာနေလောက်ပြီ ဆိုတဲ့စိတ်နဲ့ တွန်းလှည်းကလေးတွန်းကာ အိမ်သို့ အပြေးပြန်ခဲ့ပါသည်။

“သမီးရယ် မနက်ပိုင်း တစ်ခေါက်လောက် ပြန်လာလို့ရရင် နို့ပြန်လာတိုက်ပါလားကွယ် ကလေးက နို့ဆာနေတာ ကြာပြီသမီးရဲ့ အမေလဲ ကလေးက တအားငယ်နေသေးတော့ နို့မှုန့်တွေ မတိုက်ရဲသေးဘူး”

မီးဖိုချောင်မှာ ရေနွေးအိုးတည်နေသော အမေဆီက ထိုစကားကြားရတော့ ရင်ခွင်ထဲ၌ မျက်လုံးလေးမှတ်ခါ နို့ကို အငမ်းမရစို့နေသော သမီးလေးအား သနားမိသည်။ မိမိအား ကတိတွေ အကြိမ်ကြိမ်ပေးပြီး ပြန်မလာတော့တဲ့ အမျိုးသားကိုလဲ နာကျည်းမိသော စိတ်ကြောင့် မျက်ရည်များ သမီးလေးအပေါ်သို့ တဖောက်ဖောက် ကြွေကြလျှက်။

~~~~~

ဒီနေ့တော့ နှင်းဆီ အပြန်နောက်ကြနေခဲ့သည်

“အမေ သက်သာရဲ့လား”

အိပ်ယာထဲ လဲနေတာ ကြာပြီဖြစ်တဲ့ အမေဖြစ်သူအား မနှင်းဆီ စျေးရောင်းမှ ပြန်လာတာနဲ့ မေးလိုက်ခြင်းပင်ဖြစ်သည်။

“သက်သာပါတယ် သမီးရယ် အသက်အရွယ်က ရလာတော့ လူကြီးရောဂါတွေပါကွယ် သိပ်ပြီး စိတ်မပူပါနဲ့”

မနှင်းဆီ မှောင်နေပြီဖြစ်သော မီးဖိုချောင်ထဲသို့ ဝင်ကာ ပါလာသော ဆန်ထုပ်လေးအား ချက်ရပါတော့သည်။

“အမေ သမီးလေး ပြန်မလာသေးဘူးလား”

“​မြေးမလေးကို မစန်းကြည်တို့အိမ်မှာ အမေခဏအပ်ထားတယ် သမီးရေ ညည်းသွားခေါ်မှ ရမယ်ထင်တယ်”

အလုပ်ကပြန်လာကတည်းက သမီးလေး မျက်နှာ မမြင်ရသေးသည်မို့ မနှင်းဆီ ထမင်းဟင်းကို အမြန်ချက်ပြီး တစ်ရက်ကွက်ထဲနေ မစန်းကြည်တို့အိမ်မှ သမီးလေး ပန်းဖြူအား သွားခေါ်ပါတော့သည်။ မစန်းကြည်တို့ လင်မယားသည် ဒီကျူးရက်ကွက်မှာတော့ အတော်အသင့် ပြေလည်ကြသောသူများ ဖြစ်ပြီး အိမ်ထောင် သက် ၇နှစ်ကြာသည့်တိုင်အောင် သားသမီး မထွန်းကားကြသည်မို့ ပန်းဖြူလေးအား သမီးရင်းသဖွယ် ပြုစုစောင့်ရှောက်ရင်း အချစ်ပိုနေသောသူများ ဖြစ်သည်မို့ စိတ်ချချနှင့် မနှင်းဆီ စျေးရောင်းနိုင်ခြင်းပင် ဖြစ်၏။

=======

“အမေ ကလေးကို သမီး ဒီနေ့ ခေါ်သွားမယ်နော်”

အိပ်ယာထဲမှ ဒေါမြင့်စန်း အလူးအလဲ ထလိုက်ပြီး။

“ဖြစ်ပါ့မလား သမီးရယ် ကလေးက ငယ်လွန်းပါသေးတယ်ကွယ်”

မနှင်းဆီ လိုအပ်သည့် ပစ္စည်းများ ထည့်နေရင်းက။

“ရပါတယ် အမေရဲ့ ပန်းဖြူလေးလဲ လမ်းကောင်းကောင်း လျှောက်နိုင်နေပြီပဲ သမီးအနားမှာ မထားရတာ ကြာပြီမို့ပါ အမေရယ်..နော်”

တားမရသည့်အဆုံး ဒေါ်မြင့်စန်း ကလေးအားထည့်ပေးလိုက်ရပါတော့သည်။

“ကလေးကို သေခြာကြည့်နော် သမီး”

“စိတ်ချပါ…အမေ…”

မနှင်းဆီ သမီးလေး ပန်းဖြူအား မိုးပျံပူဖောင်း လေးတစ်လုံး ဝယ်ပေးထားပြီး လမ်းမကြီးရဲ့ နံဘေး၌ ထုံးစံအတိုင်း ဘောက်လေးဖွင့်ကာ ကပြ​​ဖျော်ဖြေနေရင်း သမီးအား ခေတ္တ မေ့နေခဲ့သည်။ သတိရလို့ အနောက်သို့ လှမ်းကြည့်လိုက်တဲ့အခါ သမီးလေးလက်ထဲမှ မိုးပျံပူဖောင်းလေးသည် ကားလမ်းမဘက်ဆီသို့ လွင့်ပျံ တတ်သွားပါတော့သည်။

“သမီး….မသွားနဲ့….သမီးလေး…”

သမီးလေး မပန်းဖြူသည် ပူဖောင်းအနောက်သို့ ပြေးလိုက်သွားတာကို မြင်လိုက်ရသည်မို့ မနှင်းဆီ ​အနောက်မှ ပြေးလိုက်ခါ ဟော်ဟစ် သတိပေးပါသော်လဲ ကလေးကတော့ မသိပေ။

“သမီး…သမီးလေး…”

ရုတ်တရက် ကားတစ်စီး မောင်းလာသည်ကို တွေ့လိုက်ရ၍ မနှင်းဆီ သမီးဖြစ်သူအား ဆွဲချိန်မရသောကြောင့် ဆောင့်တွန်းလိုက်ပေမဲ့ မိမိမှာတော့ ကားနှင့် မျက်နှာခြင်းဆိုင်။

“…ဒုန်း….”

“…..အားးး….”

“ဟဲ့….လုပ်ကြပါဦး ဟိုမှာ ကားတိုက်ပြီဟေ့..”

” ဆေးရုံကိုပို့ကြဟ”

လူအုပ်ကြီးရဲ့ တစ်ယောက်တစ်ပေါက် ပြောသံတွေကြား ဇာတ်မင်းသမီး ဝတ်စုံဖြင့် သွေးအိုင်ထဲ လူးလွန့်နေသော မနှင်းဆီတစ်ယောက် ငိုနေရှာသော သမီးလေးရှိရာ မျက်နှာမူလျှက် တစ်ဖြေးဖြေး ငြိမ်သက်သွားပါတော့သည်။

======

“စိတ်မကောင်းလိုက်တာ ဦးလေးရယ် ကလေးလေးတော့ သူ့အဖွားနဲ့ ဒုက္ခရောက်ပြီပေါ့နော်”

ဝဏ္ဏစကားကြောင့် ဦးလှသိန်း ခေါင်းခါလိုက်ပြီး။

“အဖွားဖြစ်တဲ့ ဒေါမြင့်စန်းလဲ အဲ့ဒီစိတ်နဲ့ပဲ အိပ်ယာထဲလဲပြီး သိပ်မကြာပါဘူး ဆုံးသွားတာပါပဲကွာ”

“ဖြစ်မှဖြစ်ရလေ….ဦးလေးရယ်…ဒါနဲ့…ကလေးကို…ဘယ်သူက…စောင့်ရှောက်ထားလဲ…ဦးလေး…”

“အင်း…ကလေးကိုတော့…မစန်းကြည်တို့…လင်မယားကပဲ…တရားဝင်မွေးစားခဲ့တာပေါ့….”

“ကလေးရဲ့အဖေကရော….ပြန်လာသေးလား…”

“အေး…နောက်ပိုင်းမှာ ကလေးရဲ့ အဖေသတင်းကို ကြားရပါတယ် နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတုန်း လူသတ်မှု့ဖြစ်လို့ ထောင်ထဲမှာပဲ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ကြားရတာပဲ”

“သူတို့အဖြစ်ကလဲ…ရင်နာဖို့ကောင်းလိုက်တာဗျာ…”

ဝဏ္ဏတို့အုပ်စု အခုလိုကြားရတော့ ကိုယ်စီ စိတ်မကောင်းဖြစ်ကြရပါသည်။

“ဟုတ်တယ်ကွ….နောက်ပိုင်းမှာ မနှင်းဆီတစ်ယောက် အခုလို လူပြတ်တဲ့ နေရာတွေမှာ မကြာခဏ ကပြဖျော်​ဖြေနေတတ်တယ်လို့ ရက်ကွက်ထဲက ပြောကြတယ် သူတွန်းလှည်းငှားခဲ့တဲ့ အသုပ်ဆိုင်က ဦးလေးကြီးဆိုတာ ငါ့အဖေပေါ့ကွာ”

“သြော်…ဒါကြောင့်…ဦးလေးက.. သိနေတာကိုး”

“ကဲ….ကဲ….ငါတူတို့ အချိန်လဲ လင့်နေပြီ မင်းတို့လဲ အိမ်ပြန်ကြပေတော့ ဦးလေးလဲ ဆိုင်းသိမ်းပြီး ဘုရားဝတ်ပြုရဦးမယ်”

ကျော်စိုးလွင်တို့ လူငယ်တစ်စု ဦးလှသိန်းအား ဆိုင်ဝိုင်းသိမ်းပေးပြီ ဂစ်တာလေးထမ်းကာ ပြန်လာခဲ့ကြပါတော့သည် အပြန်လမ်းမှာပေါ့ စကားမပြောဖြစ်ကြပဲ တိတ်ဆိတ်နေကြပါသည်။

“ပရိတ်သက်လက်ခုပ်သံနဲ့..ကကြိုးသွယ်..ရှူ့မငြီးနိုင်တဲ့…သဘင်သည်မလေး…မနှင်းဆီ… မောပန်းနိုင်ပါဘူးကွယ်…သုခုမရင်ပြင်ထက်… ဖျော်ဖြေနေရင်း..ကနေပါဦးမည်..”

သူတို့နှင့် မလှမ်းမကမ်းမှာရှိတဲ့ ပိတောက်ပင်ကြီးအနား ဇာတ်မင်းသမီး ဝတ်စုံဖြင့် ကနေသော အမျိုးသမီးကိုတော့ မည်သူမှ သတိမထားမိပါတော့ချေ။

ခက်ခဲကြမ်းတမ်း ဒီခရီးဝယ်

ခင်ပွန်းမရှိ ငယ်ပါဘိသနဲ့

သို့သော်မကြောက် ဒူးမထောက်

ပြောင်မြောက်သူ့ဂုဏ် ရှိနေဦးမည်

“မနှင်းဆီ”

 

ပြီးပါပြီ။

စာဖတ်သူ တစ်ယောက်ခြင်းစီတိုင်းအား အထူးပင် ကျေးဇူးတင်လျှက်။
ဆက်လက်ကြိုးစားပါဦးမည်။

စာရေးသူ = လေလွင့်လူ(တွံတေး)
2.2.2024✍️