မရဏကမ်းရယ်သို့လှမ်းခဲ့ရသူ

မရဏကမ်းရယ်သို့လှမ်းခဲ့ရသူ(စ/ဆုံး)

—————————————-

အေးမိ..နင့်ကိုယ်ဝန်က ဘယ်နှလရှိပြီလဲ..? နင့်ဗိုက်ကြီးကလည်း အရင်ကိုယ်ဝန်တွေထက် ပိုကြီးသလိုပဲနော်…ဟု မထွေးက မေးလိုက်သည်။

ဟုတ်တယ်…မမထွေးရဲ့..! ကျွန်မလည်း အဲဒါကိုဘဲ အကဲခတ်နေတာ..။ နေရထိုင်ရ…သွားရ လာရ တာ အတော်ကိုဆိုးတယ်။ (၉)လကျော်လို့ (၁၀)လထဲ ရက်စွန်းစွန်းလေးတော့ရောက်ပြီ.. မမထွေးရဲ့…

အေးပါဟယ်…. ဗိုက်ထဲက ကလေးကိုလည်း ဂရုစိုက်ဦး… နင့်ကိုနင်လည်း ဂရုစိုက်ဦး….ပြောပြောဆိုဆိုဖြင့် အိမ်ရှေ့တံခါးဝဆီသို့ မထွေးတစ်ယောက် ဦးတည်ကာ ထွက်သွားလေသည်။

အေးမိတို့မိသားစုဘဝကား တစ်နေ့လုပ် တစ်နေ့စား ချို့တဲ့နွမ်းပါသော ဘဝမျိုး ဖြစ်သည်။ မောင်အေးသာသည် ကြုံရာ ကျပန်း အလုပ်ကိုလုပ်ကာ မိသားစု စား၊ ဝတ်၊ နေရေးအတွက် ရုန်းကန်ရှာဖွေရသည်။ လက်လုပ် လက်စား ဘဝသမားတွေအတွက် မိုးရာသီဟာ အလုပ်အကိုင်ပေါသည်။ ဝမ်းရေးအတွက် လည်း အဆင်ပြေသည်။ မိုးအကုန် ဆောင်းဝင်လာပြီ ဆိုလျင် အလုပ်အကိုင်တွေက ရှား၍လာသည်။ လက်လုပ်လက်စား ဘဝသမားတွေအတွက် အလုပ်အကိုင်ရှားပါးမှုဟာ ဝမ်းရေးအတွက် ဂယက်ရိုက်သည်။ ကျန်းမာရေးအတွက်ဆိုလျင် ဆိုဖွယ်ပင် ရှိတော့မယ်မဟုတ်ချေ။

ကိုအေးသာရေ. . .ကိုအေးသာ…
ဘာတုံး…အေးမိရဲ့….
မိုးကလည်းချုပ်နေပြီ။ ကျွန်မတို့ ဒီနေ့ည စားဖို့ ဆန်မရှိတော့ဘူး…ပြီးတော့ ဆီကလည်း ကုန်ခါနီးပြီ။ အဲဒါ နည်းနည်းပါးပါး စဥ်းစားပါဦး။ လွယ်ထားတဲ့ ကိုယ်ဝန်ကလည်း မွေးဖို့ ဖွားဖို့ရာ သိပ်လို တော့တာမဟုတ်ဘူး….

အေးပါ အေးမိရယ်… ငါ နားလည်ပါတယ်… အလုပ်အကိုင်တွေကလည်း အရင်လောက် မကောင်းလို့ပါ။ ငါ…. ရွာထဲသွားပြီး ချေးလိုက် ငှားလိုက်ဦးမယ်။ နင့်ကျန်းမာရေးကိုတော့ ဂရုစိုက်။

အစ်မခင်မေရေ…. အစ်မခင်မေ… ကျွန်တော် အေးသာပါဗျ….
ဘာလဲ….အေးသာ…
ကျွန်တော့်ကို ဖြစ်နိုင်ရင်လေ… ဆန်တစ်ပြည်လောက်နဲ့ ဆီနှစ်ဆယ်သားလောက် အကြွေး ရောင်းပေးစမ်းပါဗျ…။
ဒီနေ့ညအတွက် ချက်စရာ ဆန် မရှိလို့ပါ…။
နောက်ရက်တွေကျရင် ကျွန်တော် ပေးဖြစ်အောင် ပေးပါ့မယ်။

အေးပါ…. အေးသာရယ်…..

ဆန်တစ်ပြည်နဲ့ ဆီနှစ်ဆယ်သားကို လက်ကဆွဲလာသော အစ်မခင်မေကို မြင်လိုက်သည်နှင့် အေးသာ..ရင်ထဲဝယ် ဆို့နင့်နင့် ဖြစ်နေသော အပူလုံးကြီးကျသွားသည်။

အစိပ်အကျဲ မညီ​လှသော ခြေလှမ်းများနှင့် အိမ်သို့ ခပ်သွက်သွက် လျှောက်သည်။
အေးမိရေ…ဒီနေ့ညအတွက်တော့…. ချက်စရာ ဆန်နဲ့ ဆီပါလာခဲ့ပြီ။ တော်သေးတာပေါ့…. အစ်မခင်မေက အကြွေးပေးလိုက်သေးလို့….

အထက်ကောင်းကင်ယံဝယ် မြူတိမ်ရှင်းလျက် ကြယ်ကလေးများသည် ဟိုသည်တစု အပြိုင် လင်းလက်စ ပြုလာလေပြီ။ တချို့အိမ်များတွင် ဖယောင်းတိုင်မီး၊ ရေနံဆီမီးခွက္များလည်း ထွန်းနေကြပြီ ဖြစ်သည်။

အေးမိ…နင့်ကျန်းမာရေးအခြေအနေကော ဘယ်လိုနေသေးလဲ…..

ကျွန်မ ဗိုက်နာလာသလို ခံစားရတယ်….။ မွေးချင် ဖွားချင်ပြီနဲ့ တူပါရဲ့တော်…..

ဟ…ဒါဆိုမဖြစ်သေးဘူး… ငါ..ဆေးမှူး သွားခေါ် လိုက်ဦးမယ်။
နေပါစေ….ကိုအေးသာရယ်…..
ကိုယ့်မှာ ပြတ်တလှည့် ငတ်တလှည့်နဲ့….
​ဆေးမှူးခေါ်ဖို့ဆိုတာ ဘယ်က တတ်နိုင်မှာလည်း…
နေပါစေ…ကျွန်မ..မဖြစ်​ ဖြစ်အောင် မွေးမယ်။

အဲဒီလိုမပြောနဲ့ အေးမိ…. ငွေဆိုတာ လူမသေ သေးရင် ရှာလို့ရပါတယ်။ အဓိက,က နင်ကျန်းမာဖို့နဲ့ ကလေးကို လျောလျောလျူလျူ မွေးနိုင်ဖို့က အဓိကပါ။

အမယ်လေး…..ကျွတ်…ကျွတ်…နာလိုက်တာ…
ကိုအေးသာ ကျွန်မ ဗိုက်တွေ အရမ်းနာနေပြီ… မွေးတော့မယ်ထင်တယ်…. ရွာထဲက လက်သည် မတင်အေးနဲ့ မရင်​ထွေးကို သွားခေါ်ချေ…. ကျွန်မ မနေနိုင်တော့ဘူး… မြန်မြန်သာ သွားခေါ်ချေ…

ကိုအေးသာတစ်​ယောက် အရေးကြီးသုတ်ပြာ​ အိမ်ပေါ်မှဆင်းကာ ရွာထဲသို့ အမောတကော ပြေးသွားသည်။

ဗျို့..အစ်မ ရင်ထွေး…
ဗျို့…အစ်မ ရင်ထွေး…
ဘာတုံးဟဲ့…အေးသာ….လန့်တောင် လန့်တယ်…
မှောင်မှောင်မဲမဲဟယ်….
အစ်မညီမ အေးမိ… ဗိုက်အရမ်းနာနေလို့… အဲဒါ လိုက်ခဲ့ပေးပါဦး….
ငါထင်ပါတယ်…. ဒီကလေးမ ဖွားတော့မယ်ဆိုတာ…. အေး..အေး…ငါလာခဲ့မယ်….
အစ်မ. ..အိမ်ကို သွားနှင့်လိုက်..ကျနော် မတင်အေးကို သွားခေါ်လိုက်ဦးမယ်။

အစ်မ တင်အေး….ဗျို့…အစ်မတင်အေး…
အိပ်နေပြီလားဗျ…. ကျနော် အေးသာပါဗျ… အေးမိ ဗိုက်နာနေလို့ အဲဒါလိုက်ကြည့်ပေးဖို့ လာခေါ်တာပါ….အစ်မရင်ထွေးကိုလည်း ခေါ်ခဲ့ပြီးပြီ…
အေးအေး….ငါလိုက်လာခဲ့မယ်…..

**ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်းပုံပျက်** ဆိုသကဲ့သို့ ပြာသိုလ၏ ချမ်းအေးပုံသည် စောင်နှစ်ထပ် သုံးထပ် ခြုံရသည်အထိ ချမ်း​သည်။ အေးသည်။ ယာကွင်းပြင်ကျယ်ကြီးများမှ တိုက်ခတ်ဖြတ်သန်းလာသော လေသည် တုံယင်သည်အထိ ချမ်းသည်။ ကိုအေးသာတို့အိမ်သည် ရွာ၏ အရှေ့တောင်ဘက် စမ်းကြောကျသော​ ကြောင့် ပို၍ အေးသည်။
အအေးဓာတ်လွန်ကဲသည်လောက် အအေးဓာတ်ကို အန်တုလျက် ကိုအေးသာတစ်ယောက် ဇောချွေးတွေ ပြန်နေသည်။ သားဇော၊ သမီးဇော၊ မယားဇော၏ သောကသည် အေးချမ်းလှသော ပြာသိုဆောင်းကို အန်တုနိုင်သည်။ ခြေဗလာဖြင့် စိတ်လှုပ်ရှားနေသော ကိုအေးသာ၏ အသွင်သည် မြင်သူအတွက် ဝမ်းနည်းမှုကို ဖြစ်စေသည်။
အမယ်လေး…..အမေရဲ့…သေပါပြီတော့…
တစ်ချက် တစ်ချက် မီးနေခန်း(အညာဒေသ အိမ်များတွင် ကိုယ်ဝန်ဆောင်သည် မီးဖွားရန် ထားရှိသောအခန်း)ထဲမှ ထွက်ပေါ်လာသော အေးမိ၏ အသံသည် တိတ်ဆိတ်နိုင်လွန်းသော ညဉ့်ရဲ့အလယ်တွင် ပဲ့တင်ထပ်သလိုရှိသည်။ **
ယောကျ္ားဖောင်စီး မိန်းမ မီးနေ ဆိုသကဲ့သို့ ဒီတခါ လွယ်ထားရသော ကိုယ်ဝန်သည် အေးမိ အတွက် အခက်ကြီးခက်လှသည်။နာကျင် ခံခက် လှသော ဝေဒနာသည် ပြင်းထန်လှသည်။ အေးမိ
၏ အပေါ်သွားတို့သည် အောက်နှုတ်ခမ်းအား ကိုက်ထားသည်မှာ သွေးစိမ်းများ ထွက်သည်အထိ ဖြစ်သည်။ လက်သီးဆုပ်ကို ကျစ်ကျစ်
ပါအောင် ဆုပ်ထားသည်။ မျက်လုံးတို့သည် ပြူးကျယ်လာသည်။ မျက်ရည်စတို့သည်လည်း မျက်ဝန်းထောင့်နေရာမှ စီးကျနေသည်။

အားတင်းထား…အေးမိ…အားတင်းထား…
ညီမ ဘာမှမဖြစ်ဘူး… အဆင်ပြေသွားတော့ မှာပါ။ စိတ်ကို အားတင်းထားနော်… လက်သည် မရင်ထွေးက အားပေးစကားဆိုသည်။
အိမ်ရှေ့ မှိန်ပျပျ ဖ​ယောင်းတိုင် မီးရောင်လေး ​အောက်တွင် အမျိုးသမီးကြီး အချို့သည် အေးမိ အသံကို
နားစွင့်နေကြသည်။ တစ်ချို့မှာ အိမ်ရှေ့ ပိတောက်ပင်အောက်တွင် အင်္ဂုလိမာလ
သုတ်တော်ကို ရွတ်ဆိုလျက်ရှိကြသည်။ မေတ္တာပို့ ဆုတောင်းနေကြသူက ဆုတောင်းနေကြသည်။

ညဉ့်ဦးယံဘက္မှသည် သန်းခေါင်းယံ ဘက်သို့ ကူးလာပြီ ဖြစ်သည်။ကောင်းကင်ယံတွင် ခုနစ်စင်ကြယ် ကြယ်အစုသည် လင်းလက်တောက်ပ လျက်ရှိသည်။ အနောက္မြောက်အရပ်ဆီမှ ဓူဝံကြယ်သည်လည်း တစ်လုံးတည်း ဝင့်ကြွားစွာ တောက်ပ လင်းလက်လျက် ရှိသည်။
အောက်…အီး..အီး…အွတ် ဟူသော ကြက်တွန်သံ တို့သည် ဟိုတချက် သည်တချက် ကြားစ ပြုလာသည်။ ရွာ၏ အရှေ့တောင်ဘက်ရှိ ထန်းတောထဲမှ ထန်းရွက်တို့သည် ဆောင်းလေ၏ တိုက်ခတ် မှုကြောင့် တရွှားရွှား တကျွတ်ကျွတ် မြည်လျက် ရှိသည်။

ညဉ့်ဦးယံဘက္မှ အစတည်၍ ဖြစ်ပေါ်လာသော အေးမိ၏ ဝေဒနာသည် ထူးခြားမှုအရိပ်ယောင် မပြသေး။ သန်းခေါင်ယံဘက်သို့ ကူးလာသည့်အလျောက် အေးမိမှာ ဗိုက်နာဆဲ ဗိုက်နာမြဲ…

အမယ်လေး…အဖေရေ…. အမယ်လေး…အမေရေ ကယ်ကြပါဦး….အား…ကျွတ်…ကျွတ်
နာကျင်ခံစားရသော ဝေဒနာသည် ခံစားရသည့် အချိန် ကြာလာသည်နှင့်အမျှ အေးမိ၏ အသံသည်လည်း တဖြည်းဖြည်း တိမ်စပြုလာသည်။ သို့သော် တိတ်ဆိတ်နိုင်လွန်းသော ညဉ့်သန်းခေါင်းယံတွင်တော့ အေးမိ၏ အသံသည် ပဲ့တင်ထပ်သည်ကဲ့သို့ ရှိနေမြဲ..

ဟေ့….အေးသာ….အေးသာရေ ဒီကို ခဏလာဦး..
အိမ်ရဲ့ မီးနေခန်းထဲမှ လက်သည် မရင်ထွေးက လှမ်းခေါ်လိုက်သည်။
ဟုတ်ကဲ့ ..အစ်မရင်ထွေး…
ဘာများလုပ်ပေးရမလဲ..
ဒီမယ်..ငါပြောမယ်…မင်း ရွာအနောက်ဘက်က ကျုံတော်ရွာမှာ ကားငှားသွားချေ….
ငါဖြင့်.. နင့်မိန်းမကို ကြည့်ရတာ သိပ်အားမရဘူး.. နှုတ်ခမ်းတွေလည်း ပြာသလိုလို ဖြစ်လာ တယ်.. ငါလည်း ရွာထဲက ဗိုက်ကြီးသည်တွေကို မွေးပေးခဲ့ပေါင်း များလှပြီ… အခု နင့်မိန်းမ အေးမိလို အဖြစ်မျိုး ငါမတွေးဖူးသေးဘူး…
ဟုတ်ကဲ့..အစ်မ…
ကျွန်တော် အခြားတစ်ယောက်ကို သွားငှားခိုင်းလိုက္မယ်…
မြန်မြန်သွားငှားချေလို့သာ ပြောလိုက်….
ဟုတ်…ဟုတ်.. ဟုတ်ကဲ့…

အေးမိ၏ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်တို့သည် ပျော့တိ ပျော့ဖတ် ဖြစ်လာသည်။အံကိုတင်းလျက် အပေါ်သွားနှင့် အောက်သွားတို့ သည် အလွန်စေးကပ်လှသော ကော်ဖြင့် ပူးကပ်ထားသည့်အလား ပူးကပ်လျက်ရှိသည်။ အေးချမ်းသော ဆောင်းရာသီ ဖြစ်သော်လည်း ဆံပင် ကောင်းလှသော အေးမိ၏ ဦးခေါင်းထက် ဦးရေပြားတို့သည် ချွေးတို့နှင့် စိုရွှဲနစ်လျက်ရှိသည်။

အမယ်လေး…အဖေရေ…အမယ်လေး…အမေရေ..
ကယ်ကြပါဦး….အမယ်လေး…………….
နှုတ်ခမ်းသားတို့ တုန်ယင်စွာဖြင့် အေးမိ အကူ ခေါ်မိသည်။

အေးမိ….အေးမိ…သမီးအားတင်းထားနော်…
အမေ ကားသွားခေါ်ခိုင်းထားတယ်.. ခဏနေရင် ရောက်လာတော့မှာ….

​အမေ..ကားမခေါ်နဲ့တော့…သမီး..ကားမခေါ်ချင်ဘူး…
အေးမိသည် စိတ်ဓာတ်မာကျောသည်။သူမနေရာမှာ အခြားသူသာဆိုလျင် ဤမျှလောက် နာကျင်သည့် ဝေဒနာကို ခံစားနိုင်လိမ့်မည် မဟုတ်… သတိလစ်မသွားဘဲ စကားဆိုနိုင်သည်ကိုက
အံဩစရာပင် ဖြစ်သည်။

အိမ်ရှေ့ဝယ် ရွာရှိ အမျိုးသမီးကြီးများသည် အေးမိ အမြန်မီးဖွားနိုင်ပါစေကြောင်း ဆုမွန် တောင်းနေကြသည်။

သနားပါတယ်အေ…အေးမိ…အတော်ခံစားနေရမှာ…
ငါတို့မှာကား ကိုယ်ချင်းစာ၍ ပူသာလျင် ပူနိုင် တယ်..ခံစားရသည့် ဝေဒနာကိုတော့ ယူငင်ဝေမျှ ခံစားလို့မရတာ အခက်သား…
ဟုတ်ပအေ…..

တစ်ယောက်တစ်မျိုး ဆိုသူကဆို ထောက်ခံသူက ထောက်ခံနေကြသည်။

အဖေ…အမေ…သမီး​မျက်လုံးတွေ ဘာမှ မမြင်ရတော့ဘူး…
အမေရှိတယ်…သမီး…ဘာမှမကြောက်နဲ့..
ညီး(ညည်း)အစ်မတွေလည်း ရှိတယ်… အားတင်းထားနော်….ဆိုမည့်သာ ဆိုရသည်..သမီးဖြစ်သူ မှာ ကိုယ်မမြင်နိုင်သော အခြားတစ်ဖက္မှာ ဘယ်လို လွန်ဆွဲနေရသည် မသိ…
သမီးဖြစ်သူ အေးမိ၏ အခြေအနေမှာ မဟန်တော့ ကြောင်း ဒေါ်စန်းသိသည်။ အချိန်က လွန်နေပြီ။
ဒေါ်စန်း၏ မျက်ဝန်းထောင့်မှ မျက်ရည်စတို့သည် ပါးပြင်ပေါ်သို့ စီးဆင်းလာသည်။ စီးဆင်းလာ မျက်ရည်စတို့ကို ပခုံးပေါ်တွင် တင်ထားသော ပုဆိုးဟောင်းကလေးဖြင့် အသာအယာ သုတ်လိုက်သည်။ အသံထွက်ကာ ငိုလိုက်ချင်သော် လည်း အသံမထွက်ရက်…အေးမိ သိမှာလည်း စိုးရသည်။

အမေ…သမီးဗိုက်ထဲက ဖွားလာမယ့် သမီးလေးကို ဂရုစိုက်ပါနော်…သမီးရဲ့ သမီးလေးကို ဂရုစိုက် ပါနော်..
အေးမိ…နှုတ်မှ အသံသဲ့သဲ့လေးဖြင့် မှာနေသည်။
အေးမိ…သမီး..ဘာတွေ ပြောနေတာလဲ…
သမီး..အားတင်းထားနော်…အားတင်းထား…

သမီး နေရတော့မယ် မထင်ဘူးအမေ…
အားအင်တွေလည်း ကုန်ခမ်းနေပြီ…

နှုတ်ခမ်းတို့သည် ပြာနှမ်းနှမ်း ရှိခဲ့ရာမှ တဖြည်း ဖြည်း ဖြူဖတ် ဖြူရော် ဖြစ်လာသည်။ မျက်ကွင်း တို့သည် ညိုမဲစ ပြုလာသည်။
ရေပေးပါ…ရေ..ရေ….
အသံသဲ့သဲ့လေးဖြင့် အေးမိ ရေတောင်းသည်။
​ဟဲ့…မိဖြူ…ရေတစ်ခွက် ခပ်ခဲ့စမ်း.. မြန်မြန် ခပ်ခဲ့..
ဒီမှာ နင့်အစ်မ ရေတောင်းနေတယ်….
သောက်ရေတစ်ခွက်ကို မိဖြူ ခပ်မြန်မြန် ခပ်ပေး လိုက်သည်။

ဒေါ်စန်းသည် ဇွန်းတစ်ချောင်းဖြင့် ရေကိုခပ်၍ အေးမိ၏ ခံတွင်းထဲသို့ တစ်စက်ခြင်း တစ်စက်ခြင်း ချပေးသည်။ အေးမိ..ရေကို ဖြည်းဖြည်းချင်း မြိုချလိုက်သည်။

အေးမိ…သမီး… အားတင်းထားနော်..ဖွားတော့ မယ်…
ထိုစကားသံတွေသည် အေးမိ နားထဲဝယ် မကြား တစ်ချက် ကြားတစ်ချက္မျှသာ ဖြစ်သည်။ ပတ်ဝန်းကျင် ဖြစ်ပျက်နေသမျှကို အေးမိ ဂရု မစိုက်နိုင်တော့ပြီ…

နှုတ်ခမ်းသားတို့သည် ဖြူဖတ် ဖြူရော် ဖြစ်လာ
ခဲ့ရာမှ ခြောက်သွေ့လာသည်။အားအင်တွေ လည်း မရှိတော့..ဗိုက်ထဲမှ သမီးလေးလည်း အရင်လို လှုပ်လှုပ်ရှားရှား သိပ်မရှိ…

အသံသဲ့သဲ့လေးဖြင့် …အမေ..သမီးကို ခွင့်လွှတ်ပါနော်…
အမေတို့အပေါ် ကာယကံ၊ ဝဇီကံ၊ မနောကံတို့နှင့် ပြောမှား ဆိုမှား ပြစ်မှားမိသည် ရှိသော် သမီးကို ခွင့်လွှတ်ပါနော်….

ခွင့်လွှတ်ပါ​တယ် သမီးရယ်… ခွင့်လွှတ်တယ်…
ခွင့်လွှတ်တယ်…
သမီးသာ စိတ်ကို အေးအေးဆေးဆေးထား.. စိတ်ငြိမ်ငြိမ်ထားနော်…

အေးမိ…မျက်တောင်နှစ်ဖက်ကို စုံခတ်ပြလိုက်သည်။ ဟုတ်ကဲ့ဆိုသည့် သဘော….

အိမ်၏တောင်ဘက် ယာကွင်းထဲရှိ ထန်းပင်ပေါ်မှ ငှက်စုန်းတစ်ကောင်သည် ဂီး…ဂီး..ဂီး…အသံပြုကာနေသည် ( ငှက်စုန်း ထိုးသည်ဟုလည်း ခေါ်သည်)။ ထိုအချင်းအရာသည် အညာဓလေ့အယူရ မကောင်းသော လက္ခဏာပင် ဖြစ်သည်။

ပျော့တိ ပျော့ဖတ် ဖြစ်လာသော လက်တို့သည် ပို၍ ဖြေလျော့လာသည်။ မျက်လုံးထဲမှ သူငယ်အိမ်တို့သည် ဟိုဒီ ရွေ့လျားမှု သိပ်မရှိ တော့။

မီးနေအခန်းထဲမှ ဒေါ်စန်း၊ မရင်ထွေး၊ မတင်အေး၊မိဖြူ၊ အခြား အမျိုးသမီးများသည် အေးမိ အဖြစ်ကို ကြည့်ကာ ငိုနေကြသည်။ သို့သော် အသံကားမထွက်….
အနည်းအငယ်သာ လှုပ်ရှားနေသော သူငယ်အိမ်တို့သည့် လှုပ်ရှားခြင်း အလျဉ်းမရှိ… ရပ်တန့်ကာ သွားလေပြီ..

မရင်ထွေးက အေးမိ၏ နှလုံးခုန်သံကို စမ်းကြည့်သည်။ နှလုံးခုန်ခြင်းကား ရပ်တန့်သွားသည်။ အေးမိ…အေးမိ…ဆုံးပြီဟု ဆို့နင့်ဝမ်းနည်းသော လေသံဖြင့် ပြောလိုက်သည်။

ထိုအသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အိမ် အတွင်း အပြင်ရှိ ဆွေမျိုးသားချင်း၊ ရပ်ဆွေရပ်မျိုးအားလုံးတို့၏ ဆိုနင့် ကြေကွဲ ငိုကြွေးသံသည် တိတ်ဆိတ်နေသော ညဉ့်သန်းခေါင်အား ပဲ့တင်ထပ်ကာ မြည်ဟည်း၍ နေသည်။
ငိုက်ရှိုက်ပူဆွေးသူတို့၏ အလယ်တွင် အေးမိ၏ ရုပ်အလောင်းသည် အခြားသော အသုဘ ရုပ်အလောင်း များနှင့်မတူ တမူထူးခြားလို့နေသည်။ လွင်ပြင်ဒေသတွင်ရှိသော တောင်ကုန်းသည် မြင့်မားမတ်စောက်သည် ရှိသကဲ့သို့ အေးမိ၏ မမွေးဖွားနိုင်ခဲ့သော ဤပဋိသန္ဓေ(ဝါ) ဗိုက်ကြီးသည် ငိုရှိုက်သူတို့ အလယ်တွင် အထင်းသား ပေါ်လွင် နေသည်။ အသစ်စက်စက် မဝတ်ရက်ဘဲ ပွဲသွား ပွဲလာအတွက် သိမ်းဆည်းထားသော ပါတိတ် လုံချည် အပြာနုရောင်လေးအား အထက်စင်စကို ဇောက်ထိုးထားလျက် အေးမိ၏ ကိုယ်ပေါ်​တွင် လွှမ်းခြုံ၍ ထားသည်။ ရွှေရောင်ကြယ်သီးကလေးများဖြင့် တန်ဆာဆင်ထားသော ပန်းနု ရောင် ရင်ဖုံးအင်္ကျီလေးအား အေးမိ၏ ရင်ဘတ် ပေါ်တွင် လွှမ်းခြုံထားပြန်သည်။

အခုတော့ နာကျင်မှု ဝေဒနာကြောင့် ညည်းညူ (ငြီးငြူ)သံတို့သည်လည်း အေးမိ၏ နှုတ်မှ မဆိုနိုင်တော့ပြီ..မျက်ရည်စများနှင့် ငိုကြွေးရှိုက်ငို နေသော ဆွေးမျိုးသားချင်း ရပ်ဆွေရပ်မျိုးတို့ကို လည်း မငိုပါနှင့်လို့ မပြောနိုင်တော့ပြီ။ ချစ်လှပါ သည်ဆိုသော ကိုအေးသာအား သားနှင့်သမီးကို ဂရုစိုက်ရန် မမှာ နိုင်ခဲ့ပြီ။ မလှုပ်မယှက် ငြိမ်သက် လှသော ဤကိုယ်ခန္ဓာကြီး၏ အခြားတစ်ဖက်တွင် အေးမိ၏ သားသမီးအပေါ်တွင် ထားရှိသည့် ဝိညာဉ်စိတ်သည် ရပ်တန့်မနေ လှုပ်ရှား၍ နေမည်သာ။
နေ့ခင်း နာရီပြန် တစ် ချက်တီးချိန်တွင် အေးမိ၏
နာရေးအတွက် ရပ်ရွာက ကုသိုလ်ပြုသော ယပ်တောင်လေး၏ ကျောဘက်၌………

{ နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား အိုမင်း နောက်ဆုံး ရှိချေ၏…..
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်း နောက်ဆုံး ရှိချေ၏…..
ခုံမင်ခယ ချစ်လွန်းကလည်း သောကနောက်ဆုံး ရှိချေ၏….
ဝိညာဉ်ထင်လင်း အသက်ရှင်ခြင်းကား သေခြင်း နောက်ဆုံး ရှိချေ၏…..}

*** မရဏကမ်းရယ်သို့ လှမ်းခဲ့ရသူ***
အပိုင်း (၂)သိမ်း….

အညာဆောင်းသည် ညဘက်တွင် အလွန်ချမ်းအေး သော်လည်း နေ့ခင်းဘက်တွင် ပူပြင်းလှသည်။ ရွာတောင်ဘက်ရှိ ယာခင်းပြင် အစပ်၌ ထမ်းစင်တခုကို ချထားသည်။ ထိုထမ်းစင်သည် သေသူ၏ ရုပ်အလောင်းကို တင်ကာ သင်္ဂြိုလ်ရာ သုဿန်သို့ ပို့ဆောင် ရန် ဖြစ်သည်။ သို့သော်လည်း ယခု အသုဘတွင် ထိုထမ်းစင်သည် သင်္ဂြိုလ်ရာ သုဿန်တွင် သွားရမည်မဟုတ် နယ်ခြားအရပ်သို့ ပို့ဆောင်ရတော့မည် ဖြစ်သည်။ အဘယ်
ကြောင့်ဆိုသော် သေသူသည် တမူထူးကာ နေသော
ကြောင့်တည်း။

အဖြစ်ဆိုးလှချည်လား အေးမိရယ်…… ကံကြမ္မာက နင့့်ကိုမှ ရွေးရသလား……ရွေးချင်းရွေး ငါ့ကိုယ်သာ ရွေးပါလားဟာ…..အခုတော့….အခုတော့….
အဟင့်….အဟင့်…အဟင့်….အေးမိရယ်ကွာ…. နင် ငါ့စကားနားမထောင်ခဲ့ဘူး……ငါ့စကား နားမထောင်ခဲ့ဘူး…နင် သိပ် မာနကြီးပါလား….
ယောကျာ်းတန်မဲ့ ပြောဆို ရှိုက်ငင် ငိုကြွေးနေသော ကိုအေးသာ၏ အဖြစ်သည် ရင်ဝယ်မချိလှ….

အေးမိကတော့ ဘဝသစ်တခုမှာ သမီးလေးကို ထွေးပိုက်လို့ အေး…အို…တေးဆိုကာ မိတ္ထိလာကန်တော်
အောက္မှာ ဖားကောက်ဖို့ မှာနေရော့မလား…..?

သမီး….ဟဲ့….သမီး အေးမိ…..
နင်ပဲ နင့့်သမီးလေးကို ရအောင် မွေးမယ်ဆို…. ဘယ်မလဲ နင့့်သမီးလေး …..ငါ့​မြေးလေးရဲ့ မျက်နှာကို ငါ မြင်ချင်စမ်းပါဘိ….. ငါ့ကိုတောင် မြင်ခွင့် မပေးခဲ့ရှာဘူး….
နင် သိပ်မာနကြီးတယ် အေးမိရယ်….. ဒေါ်စန်း
တယောက် အငိုမျက်ရည်များဖြင့် ပြောဆိုနေသည်။

အိမ်ရှေ့ပိတောက်ပင်အောက်ဝယ် ရပ်ဆွေ ရပ်မျိုးများ၏ မျက်ဝန်းအိမ်ထဲတွင် မျက်ရည်စများ စိုရွှမ်းနေ၏။ အချို့ အမျိုးသမီးများသည် ဖျင်သဘက်စောင်များဖြင့် မျက်ရည်သုတ်လျက် ၊ အချို့သည် ပုဆိုးကြမ်းများဖြင့် မျက်ရည်သုတ်နေကြသည်။ အချို့သည် ဖျင်သဘက်နှင့် ပုဆိုးကြမ်း အနားစလေးများကို ပါးစပ်ဖြင့် ကိုက်ထားကြသည်။

ရပ်ဓလေ့ ရွာဓလေ့အရ နာရေးရှိလျင် ရပ်ရွာတီးဝိုင်း လေးများဖြင့် တီးခတ်ကြသည်။ မြန်မာတူရိယာများဖြစ်သော နှဲ၊ မောင်း၊ လင်းကွင်း၊ ခြောက်လုံးပတ်၊ စသည် အားဖြင့် ရပ်ရွာမှာရှိသော တူရိယာများဖြင့် တီးခတ်ကြသည်။ နှဲဆရာ ဦးသန်း၏ နှဲသံသည် ကြားရသူအဖို့ အငိုမျက်ရည်ကို ဖြိုင်ဖြိုင် စီးစေသည်။ အဆိုသမားမှ လည်း .ဘဝသံသရာ….သီချင်းကို သီဆိုနေသည်…..

*** ဘဝသံသရာ …..ရှည်လျား ထွေပြား … မနေမနား
တသွားတည်း သွားကြတာ……
ခရီးပန်းတိုင် မရောက္မချင်း ….. တယောက်ဆင်း..
တယောက်တက် ဆက်လက် ထွက်ခွါလာ…..
လောဘရယ်….ဒေါသရယ်….မောဟရယ်….အဝိဇ္ဇာပစ္စယာ သခင်္ါရ…….. ပျော်လိုက် ရွှင်လိုက် ရယ်ကာ ငိုကာ ဘယ်ဟာမတည်မြဲ ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကမ္မသကာ……
တွေ့ကြုံ ဆုံကွဲ…..တခရီးထဲ ဝမ်းနည်း ဝမ်းသာ
ဝိပလ္လာ… ဖြစ်ချင်တာတာလည်း မဖြစ်ရပါ…….မဖြစ်ချင်တာလည်း ဖြစ်ရမှာ……….
ဟင်……(၃၁)ဘုံ ဝဋ်အတွင်းရောက်တော့ ကရွတ်ကင်း လျှောက်တဲ့ တေးဘုမ္မာ……….အဲဒါ …….အဲဒါ …. အဲဒါ ….ဘဝသံသရာ……….

အဆိုရှင်၏ အတက် အကျ သီချင်းကို ပိုင်နိုင်စွာ သီဆိုမှုကြောင့် ငိုသံတို့သည် မြိုင်ဆိုင်လာသည် ။
**ဘဝသံသရာ ** သီချင်းသည် အသုဘ ချခါနီးမှသာ
ဆိုလေ့ရှိသောကြောင့် အသုဘသည် ငိုသံများ မြိုင်ဆိုင် သည်ထက် မြိုင်ဆိုင်လာသည်။

ခဏလေး နေကြပါဦး…..ကျုပ်မိန်းမကို တဝကြီး
ကြည့်ပါရစေဦး…. နေကြပါဦး….အဟင်း….အဟင်း…. နှာရည်များသည် နှုတ်ခမ်းသားများကို ဖြတ်ကျော်လျက် စီးကာနေ၏။

ရပ်ရွာမှာ လူကြီးများသည် အေးမိ၏ ရုပ်အလောင်းအား နာရေးချရန် ပြင်ဆင်နေကြသည်။

ဟေ့…..ခင်မောင်….ရွာလူကြီး ရောက်ပြီလား…?
နာရီပြန် တချက်တီးတော့မယ်…..
ရောက်ပါပြီ….အရီးဘထွန်း…….
နယ်နှင်ဖို့ ဘာဖို့ လုပ်ရအောင်လို့……

ဟုတ် ကျနော် ပြောလိုက်ပါမယ့့်……

သူကြီး… အရီးဘထွန်းက နယ်နှင်ဖို့ ပြောနေပြီ…..
သူကြီး အမိန့်ချဖို့ လိုနေတယ်တဲ့……

အေးပါ…ငါလုပ်ဖို့ ပြင်ဆင်ပြီးပါပြီ…..
သူကြီးသည်….. စာရွက်ပေါ်တွင် အသင့့်ရေးထားသော နယ်နှင်စာအား ဖတ်၍ အမိန့်ပေးလိုက်သည်-

****** ရောက်ရာ အရပ် ဘုံဘဝမှ အေးမိ သိစေရန်……
ယခင်လူ့ဘဝတွင် အသင်နှင့် ပတ်သက်ခဲ့သမျှသော အရာတို့သည် ဘဝခြားနားသွားပြီ ဖြစ်သော အသင်နှင့် မည်သို့မျှ ပတ်သက် သက်ဆိုင်ခြင်းမရှိတော့ပါ။
အသင့်အတွက် တအိုး တအိမ်ထောင်စာ အသင်နဲ့အတူ အိမ်ထောင်သုံးပစ္စည်း အစုံအလင် အား တပါတည်း ပေးအပ်လိုက်သည်။ ယခု လူ့ဘဝတွင် ကျန်ရစ်သော မိသားစုအား မည်သို့မျှ အနှောက်အယှက် မပေးရ…..
အသင့့်အား ဤအိမ် ဤနေရာ၊ ဤဒေသမှ အပြီးပိုင် နှင်ထုတ်လိုက်သည်……*******

ရွာလူကြီး၏ အမိန့်ပေးသံ ဆုံးသည်နှင့် သေနတ်ကို မိုးပေါ်ထောင်ကာ ပစ်ဖောက်လိုက်သည်။
နယ်နှင်သည် ဆိုသည့့်သဘော ဖြစ်သည်။

ထို့နောက် အေးမိ ရုပ်အလောင်းအား မ,ယူကာ ရုပ်အလောင်းထည့့်ရန် ပြုလုပ်ထားသည့့် ဝါးစင်ပေါ်တွင် တင်လိုက်သည်။ ဝါးစင်ကို မ, နေသော ယောကျ္ားသား များသည် မည်သို့ပင် နှလုံးခိုင်ပါသည် ပြောပြော
အေးမိ၏ မို့မောက်နေသော ဗိုက်အားကြည့်၍ လည်းကောင်း၊ ရင်ကွဲမတတ် ငိုကြွေးကာ နေရှာသော ကိုအေးသာ၏ အဖြစ်ကိုလည်းကောင်း မြင်ရသည် ဖြစ်ရာ မျက်ဝန်းအိမ်မှ မြစ်ဖျားခံကာ မျက်ရည်တို့ သည် စီးဆင်းနေ၏။ သူတို့ဘဝဝယ် မကြုံစဖူး အတွေ့ထူးသော ဖြစ်ရပ်ပါပေတကား……

အေးမိ၏ ရုပ်အလောင်းအား ချသည်နှင့် တပြိုင်နက် ရပ်ရွာမှာ လူကြီးများက ညာသံပေးကာ ဟစ်အော် ခြောက်လှန့် နှင် ထုတ်ကြရသည်။ ဤ အခြင်းအရာသည် ရပ်ဓလေ့ ရွာဓလေ့၏ ဓလေ့ထုံးတမ်း တရပ်ပါပေ။ ငိုသံတို့သည် မြိုင်သည်ထက် မြိုင်လာသည်။ ကျယ်သည်ထက် ကျယ်လာသည်။ ခွဲခွါရခြင်း၏ နောက်ဆုံးမဟုတ်ပါလော….. ။ ငိုသံတို့သည် မြိုင်သည် ကျယ်သည် ဖြစ်၍လာသော်လည်း ထိုအချင်းအရာကို အေးမိသည်ကား သိနိုင်မည် မဟုတ်။ အကယ်၍များ အေးမိ သိခဲ့သည် ဆိုစေဦး အံ့ဩမှင်သက္မိမှာ အမှန်ပင်။ အဘယ်ကြောင့် ဆိုသော် ရပ်ရွာရှိ လူကြီး၊ လူလတ်၊ လူငယ် အရွယ်သုံးပါး စလုံး၏ နှလုံးသားကို ကြေကွဲစေသည်။ အငိုမျက်ရည်မိုးများ သွန်းစေသည်။ ဤသည်ကား အခြားကြောင့် မဟုတ်။ အေးမိသည် ချို့တဲ့ဆင်းရဲသော်လည်း အများတကာအပေါ် စေတနာထား၏။ ရိုးသား၏။ မဟုတ်လျင် မခံ စိတ် ရှိသည်။ သူမ၏ ရိုးသားမှု၊ စိတ်သဘောထား ပြည့်ဝမှုတို့ကြောင့် ရပ်ရွာက ချစ်ခင်ကြသည်။ အေးမိသည် ငွေမရှိသော်လည်း မာနတရား တော့ ရှိသည်။ ထိုနေ့ညက ရပ်ရွာက ဝိုင်းဝန်း ထောက်ပံ့မည်ဆိုသည်ကိုတောင် သူမက လက္မခံ။ သည်ကလေးအား မရ ရ, အောင် မွေးမည်။ သည်မာန တရားကပဲ သူမအား မရဏခေါ်ဆောင်ရာ လိုက်ပါသွားစေခဲ့ပြီ…..

နာကျင်မှုဝေဒနာကို မတွန်းလှန်နိုင်သည့့် အဆုံး မရဏခေါ်ရာ လိုက်ပါသွားရသော အေးမိသည်ကား ဘယ်ဘုံဘဝ မြန်းနေမည် မသိ။ ကျန်ခဲ့သည့့် ကိုအေးသာခမျာမှာတော့ ရင်တွေကွဲ သေရမတတ်အောင်ပင်။

အေးမိ၏ အလောင်း ရွာအပြင်ဘက် ရောက်သည်
နှင့် ရွာတောင်ဘက်တွင် အသင့့်ချထားသော ထမ်းစင် ပေါ်တွင် တင်လိုက်သည်။ ထို့နောက် ရပ်ရွာမှ
ယောက်ျားလူငယ်များက ပခုံးပေါ်တွင် ထမ်းတင်ကာ မသွားရှာသည်။ ရွာတောင်ဘက် ရွာစည်းနယ်နိမိတ် တလျောက်တွင် သံပုံးများကို တီးခတ်ကာ နယ်နှင်ကြသည်။
အေးမိသည်ကား ထမ်းစင်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်လျက်။ ကိုအေးသာကား အငို််မျက်ရည်များ ဖြင့် ***အေးမိရေ ငါ့နောက်လိုက်ခဲ့….အေးမိရေ ငါ့နောက်လိုက်ခဲ့….ငါရှေ့က သွားနှင့်ပြီ….ဒီရွာနဲ့ နင်နဲ့ ဘာမှ မဆိုင်တော့ဘူး….ပြောပြော ဆိုဆို ပြေးကာ ခေါ်သွား ရသည်။ ယောက်ျားသားတချို့ကမူ ကိုအေးသာအား မထိစေပဲ ကျောက်ခဲများ၊ သဲခဲများဖြင့် စတိသဘော (အနည်းအကျဉ္းမျှ အဖြစ်) ပစ်ကြ ဟစ်ကြရသည်။

မြူတိမ်ကင်းစင်သော အညာနေ့ခင်းသည် အဘယ်မျှ ပူလိမ့်မည်။ ယာကွင်းပြင်တလျောက် အရိပ်ရ ပင်ဆို၍ ဘာမျှ မရှိ။ ယာသိမ်းပြီးချိန်ဖြစ်၍ ထွန်ရေးငင်ထားသော ယာပြင်သည် တံလျှပ်( နေ၏ အပူရှိန်ကြောင့် မြေပေါ်တွင် ရေပြင်ပမာ တလှုပ်လှုပ်ပေါ်နေသော အရိပ်အယောင်)ထနေ၏။ နေ၏ အပူရှိန်ကြောင့် ပူပြင်းလှသော ယာပြင်(သဲပြင်)ပေါ်ဝယ် ဖိနပ်တခါ၊ ခြေဗလာတလှည့်ဖြင့် ပြေးနေရသော ကိုအေးသာ၏ အဖြစ်သည် မျက်ရည် ရွှဲရွှဲ ချွေးရွှဲရွှဲနှင့် ရင်ကွဲသံဖြင့် ငိုကြွေးကာ နောက်ပြန် လှည့်၍ တမျိူး ကျောပေး၍ တဖုံ ပြေးလိုက် နားလိုက် ။ သို့သော် အမောကား မပြေ။

အေးမိ၏ ရုပ်အလောင်းကိုတင်ကာ ထမ်း၍ လာသော ထမ်းစင်သည်ကား တရွေ့ရွေ့ တအိအိနှင့်
ဘယ်ညာ ယိမ်းထိုးကာ ကစား၍ လာသည်။ (အရပ်ခေါ်အရ အလောင်းကစားသည်ဟု ဆိုသည်။) ထမ်းစင်၏ နောက်တွင် ငိုကြွေးကာ လိုက်ပါလာကြသော အမျိုးသမီးများသည် အချို့သည် ဦးခေါင်းထက်တွင် ပုဆိုးကို တင်လျက်၊ အချို့သည် ခမောက်အား ဆောင်းလျက်၊ အချို့သည် ထီးကို ဆောင်းလျက် အသွင်သဏ္ဍန်ကိုယ်စီဖြင့် အပူကို ကာကွယ်၍ လိုက်ပါ ပို့ဆောင်ကြသည်။ ရင်တွင်းမှ အပူသည်ကား ထိုအပူအား ဟားတိုက်နေလိမ့်မည်။

ရွာနှင့် (၇)ဖာလုံခန့့်ဝေးသော ခြောက်တောစပ်ရှိ သဲချောင်းတွင် (မိုးတွင်းအခါမှ ရေစီးသည့့် ချောင်း)အေးမိအား ​မြေမြှုပ်သင်္ဂြိုလ်ရန် လျာထားသည်။ အေးမိ၏ ရုပ်အလောင်းကို ထမ်း၍ လာသော ထမ်းစင်သည် တဖြည်းဖြည်း နီးကပ်လာသည်။ အသင့်တူးထားသော မြေကျင်းအနီးတွင် အချို့သည် ယာယီတဲထိုးကာ စောင်းဆိုင်းနေ၏ ။
ဟေ့……အသာချ….အသာချ…..

ရုပ်အလောင်းအား ထမ်းစင်ပေါ်မှ ကျင်းအနီးသို့ ချထားသည်။ သရဏဂုံတင်ရန်အတွက် ပင့်ဆောင်လာသော သံဃာတော်များသည် ထီးကိုဆောင်းလျက် သရဏဂုံ တင်ပေးကာ၊ ကွယ်လွန်သူအေးမိအတွက် ရေစက်ချ အမျှ ပေးလိုက်သည်။ ထို့နောက် မြေကျင်းထဲသို့ မြှုပ်ရန် ဆိုင်းပြင်ကြတော့သည်။

ခဏလောက် နေပါဦး…..ခဏလောက် နေကြပါဦးဗျာ…ကျနော့ မိန်းမကို တဝကြီး ကြည့်ပါရစေဦး….အေးမိ နင်အပြီးတိုင် ထားသွားခဲ့ပြီနော်….နေသည် ပူ၏။ သို့သော် ကိုအေးသာရင်၌ လောင်မြိုက်သော သောကမီးသည် ပို၍ ပူ၏။ ငိုသံတို့သည် ကွဲအက်နေပြီ….အရွယ်မရောက်သေးတဲ့ သားနဲ့သမီးကိုလည်း ထားသွားခဲ့ပြီ….
အေးမိ ….နင်ပဲ….နင့်သားကြီးကို ရှင်ပြုပေးချင်သေးတယ်ဆို….အလှူကြီးမတတ်နိုင်တောင် ဝါးလုံးထောင် အလှူသေးသေးလေး(ဆိုင်းဝိုင်းမပါ၊ ထမင်းတနပ်​ကျွေး(သို့)မုန့်ဟင်းခါးကျွေး)လုပ်ချင်သေးတယ်ဆို…..
ငါတို့ လုပ်နိုင်အောင် ကြိုးစားမယ်လေ…..
မြေပြင်ကို လက်သီးဆုပ်လျက် ထိုးလိုက် ရိုက်လိုက်ဖြင့် ငိုနေသည်။
အေးသာ….စိတ်ကိုထိန်းပါ….အေးမိ စိတ်မကောင်း ဖြစ်နေပါ့မယ်။ ပြောမယ်သာ ပြောရ ပြောသူမှာ အငိုမျက်ရည်နှင့်။

အောင်ကြီး အေးသာကို ဆွဲခေါ်ထား….ငါတို့ အေးမိကို မြေမြှုပ်တော့မယ်….
ကိုအေးသာခဗျာ အောင်ကြီးတို့ လက်ထဲမှ ရုန်းလိုက်ကန်လိုက်ဖြင့် ငိုကြွေးနေသည်။
အရီးဘထွန်းသည် အေးမိရုပ်အလောင်းအား မြေမြှုပ်ရန် ပြောလိုက်သည်။ အေးမိအလောင်းအား မြေမမြှုပ်မီ ဗိုက်ကိုခွဲ၍ အထဲမှ ကလေးအား အပြင်သို့ထုတ်၍ အေးမိနှင့်အတူ မြေမြှုပ်လိုက်သည်။ အေးမိတို့ အလောင်း မြေကျသည်နှင့် မြေဖို့လိုက်သည်။ ထို့နောက် အေးမိ၏ သဲပုံဂူကလေးပေါ်ဝယ် သစ်သားပြားကို သံဖြင့်ရိုက်လျက် စိုက်ထားလိုက်သည်…..။

သစ်သားပြားအထက်ဝယ် …
***အေးမိ****
အသက် (၃၆) နှစ်
ကိုအေးသာ၏ မျက်လုံးများသည် ထိုဆိုင်းဘုတ် ကလေးအား စူးစူးဆိုက်ဆိုက်ကြည့်လျက်……
အသံတိုးတိုးလေးဖြင့် ရေရွတ်နေသည်…..
အေးမိ…..အေးမိ…. နင် ငါ့ကို ထားသွားခဲ့ပြီ…..
နင် ငါ့ကို ထားသွားခဲ့ပြီ…….****************

သဗ္ဗေ သင်္ခါရာ အနိစ္စာ၊
သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊
သဗ္ဗေ သင်္ခါရာ အနတ္တာ။

မောင်သိန်း(အညာ)

.