“မသန့်တဲ့ မြေပုပ်”📖📖📖
**************************
ရွှေလုံး၏ ယောက္ခမ ဦးအောင်မင်းသည်
ရွှေလုံးကို တဖျစ်တောက်တောက်ဖြင့်
ဆူနေသည်မှာ မနက်အိပ်ရာထမှ ယခု မွန်းလွဲသည်ထိပင်။
နံနက် ထမင်းစားနေစဉ်မှာလည်း ဦးအောင်မင်း၏ဇနီး
ဒေါ်လှကပင် နားငြီးလာသဖြင့် တားယူရသည်။
ဇနီးဖြစ်သူ မညိုက ရွှေလုံး၏ မျက်နှာကိုကြည့်၍
စိတ်မကောင်းဖြစ်နေ၏။
ရွှေလုံးက အိမ်မှာ ထန်းတောကို ထွက်လာရာ
လမ်းတွင် ငတေးနှင့်တွေ့၍ နှစ်ယောက်အတူ
ထန်းတောသို့ ရောက်သွားလေ၏။
ရွှေလုံးက ထန်းရည်တစ်မြူနှင့် အမဲခြောက်ဖုတ်
တစ်ပန်းကန်ကို ထန်းတဲမှယူလာပြီး ခပ်လှမ်းလှမ်းရှိ
ထန်းပင်အောက်၌ ငတေးနှင့်အတူ ထိုင်သောက်နေလေ၏။
ငတေးက …
“ဟေ့ကောင် ငလုံး ။ မျက်နှာလည်း မကောင်းပါလား
မိန်းမနဲ့ ရန်ဖြစ်လာလို့လား” ဟုမေးရာ ရွှေလုံးက…
“မိန်းမနဲ့ မဟုတ်ဘူးကွ ယောက္ခထီးကြီးနဲ့ “
ဟု ပြောရာ…
“ဘယ်လိုဖြစ်ကြတာလဲ အိမ်ပေါ်က နှင်ချလို့လား”
“အေး …နှင်ချလိုက်ရင် တော်သေးတယ်။
ခုတော့ ငါသာထွက်မလာရင် ဘယ်လောက်တောင်
ပြောခံရမလဲ မသိဘူး။ အမြှုပ်တွေတောင်
ထွက်မလား မသိဘူး”
ဟု ပြော၍ အုန်းမှုတ်ခွက်ဖြင့် ခပ်လိုက်သည့်
ပင်ကျရည်အား အကုန်မော့၍ သော့လိုက်ပြီး
အမဲခြောက်ကို ကိုက်စားလိုက်လေ၏။
“ဘယ်လိုဖြစ်ရတာလဲကွာ”
ဟု ငတေးက စိတ်မကောင်းစွာမေးရင်
သူလည်း တစ်ခွက်ခပ်သောက်ပြီး
အမြည်းကို စားလိုက်လေ၏။
“ဖြစ်ပုံက …ဒီလိုကွ”
ဟု ရွှေလုံးက ပြောပြလေတော့၏။
XXXXX
ဦးအောင်မင်းက သားမက်ဖြစ်သူ ရွှေလုံးအား
အိမ်အောက်တွင် သံမံတလင်းခင်းရန် အုတ်ကျိုး
သဲ ဘိလပ်မြေနှင့် ကျောက်စရစ်တို့ကို ဝယ်ခိုင်းလိုက်လေ၏။
ရွှေလုံးသည် ဘိလပ်မြေ ကျောက်စရစ် အုတ်ကျိုးတို့ကို
စျေးမေးပြီး မြစ် သဲ ဝယ်ရန်
အတွက် သဲရောင်းသည့်ဆိုင်များကို
သွားရောက် မေးမြန်းပြန်ရာ သဲကုန်နေသည့်ဆိုင်နှင့်
ကားကြီးဖြစ်၍ သဲ ၂ ကျင်းမှသာပို့နိုင်မည် ဟု
ဆိုသည့် ဆိုင်ကြောင့် ပြန်လှည့်လာစဉ် လက်ဖက်ရည်ဆိုင်မှ
ပြန်လာသည့် ဖိုးထော်နှင့် လမ်းတွင် တွေ့လေ၏။
ဖိုးထော်မှာ ပန်းရံနောက်လိုက်ဖြစ်သဖြင့်
သဲလိုသည့်ကိစ္စပြောဖြစ်ရာ ဖိုးထော်က
သူ့အလုပ်တွင် သဲတစ်ကျင်းလောက်ပိုနေ၍
တစ်ကျင်းခန့်ရနိုင်ကြောင်း ပြောပြီး
မနက်ဖြန် စောစောတွင် ကွန်ဒေါင်းဖြင့်သဲကို
စောစောတင်၍ ကျန်ပစ္စည်းများကို နောက်မှတင်ရန်
ဆောက်လုပ်ရေးဆိုင်တွင် စောင့်နေရန် ရွှေလုံးအား
ညှိနှိုင်း၍ သဲတစ်ကျင်း အပြီး အငြိမ်း ကျပ် ၁၅၀၀၀
ဖြင့် ညှိနှိုင်းခဲ့လေ၏။
နောက်တစ်နေ့ ၈ နာရီလောက်တွင် ဖိုးထော်ပါလာသည့်
သဲတင်ထားသော ကွန်ဒေါင်းသည် အိမ်ဆောက်ပစ္စည်း
ဆိုင်ရှေ့တွင် ရပ်ကာ ရွှေလုံးနှင့်အတူ ဘိလပ်မြေ
အုတ်ကျိုးနှင့် ကျောက်စရစ်တို့ကို ထပ်တင်ကာ
အိမ်သို့ မောင်းလာခဲ့လေ၏။
ဖိုးထော်က ပစ္စည်းများ ကူချပေးပြီး သဲတစ်ကျင်းဖိုး
ငွေကိုယူ၍ ပြန်သွားလေ၏။
ရွှေလုံးကြိုတင်မှာထားသည့် ပန်းရံဆရာနှင့်နေ့စား
၂ဦးတို့က အိမ်အောက်ခြေတွင် သံမံတလင်းခင်းလေ၏။
ပန်းရံဆရာနှင့် အဖွဲ့က ပုတ်ပြတ်လုပ်ပေးခဲ့ရာ
ည ၇ နာရီတွင် ပြီးသွားလေ၏။ ပန်းရံဆရာက
ခင်းထားသည့်သံမံတလင်းအား ရေနည်းနည်း
ဖျန်းပေးရန်ပြောပြီး လုပ်အားခ ရှင်းယူက
ပြန်သွားကြလေ၏။
ည ၉ နာရီလောက်တွင် ရွှေလုံးက ရေလောင်းပြီး
အိမ်ပေါ်တက်လာခဲ့စဉ် ဇနီးမညိုမှာ တီဗီဇာတ်လမ်းတွဲ
ကြည့်ရင်း တရှုံ့ရှုံ့ငိုနေလေရာ မည့်သည်ဇာတ်လမ်းတွဲ
ဖြစ်နေ၍ မျက်ရည်မဆည်နိုင်ဖြစ်ရသည်ကို
သိလို၍ တီဗီကြည့်နေသည့် မညိုဘေးသို့
ရွှေလုံး ဝင်ထိုင်လိုက်လေ၏။
ယောက္ခမကြီးတို့ လင်မယားက အိပ်ရာဝင်ရန်
အခန်းထဲဝင်သွားပြီး (၇)တန်းကျောင်းသူ
အသက် (၁၃)နှစ်ရှိ သမီးလေးမှာလည်း
စာမေးပွဲနီး၍ စာကျက်နေ၏။
မညိုက မျက်ရည်စီးကျနေသဖြင့်
စချင်သည်စိတ်ဖြင့် မညိုအား ဆွဲလှည့်လိုက်ရာ
မညို၏ မျက်လုံးများမှ နီရဲပြီး
မီးဝင်းဝင်းတောက်မတတ်ပြူးပြီး ရွှေလုံးအား
ဆောင့်တွန်းလိုက်ရာ တစ်လံလောက်လွင့်သွားပြီး
“ဒုန်းကနဲ”
အိမ်အလယ်တိုင်နှင့် ဆောင့်မိကာ ရွှေလုံးမှာ
နာလည်းနာ အံ့အားလည်းသင့်နေစဉ်
ယောက္ခမလင်မယားက
“ဟဲ့ …ဘာဖြစ်တာလဲ”
ဟု မေးပြီး ထွက်လာသကဲ့သို့ စာကျက်နေသည့်
သမီးကလည်း အိမ်ခန်းထဲမှ ပြေးထွက်လာလေ၏။
မညိုက ဆံပင်ဖားလျားဖြစ်သွားပြီး လူတွေကို
ပြူးတူပြဲတဲဖြင့် လိုက်ကြည့်ကာ…
“ငါ မြေပုံပေါ်က သဲတွေကို ယူလာတဲ့ အပြင်
သင်္ချိုင်းအဝင်လမ်းမက သဲတွေကိုလည်း
ထည့်လာတယ်။ ငါ့မြေပုံပေါ်က မြေကြီးတွေကိုလည်း
ကျုံးထည့်ပြီး ငါ့ကိုခေါ်လာတဲ့အတွက်
နင်တို့ဆီမှာနေရတော့မယ်။ ငါ အခု အမဲသား
စားချင်တယ် ။ ငါ့ကို ပြန်မပို့မချင်း
နေ့တိုင်းတစ်နေ့ ငါးဆယ်သားကျွေး။
ကျွေးရမယ့်နေရာက နင်တို့အိမ်ထောင့်က
အမှိုက်ကျင်းထဲမှာ လာထားပေး…ငါ့ကို
မနေစေချင်ရင် ငါသဲတွေ ငါ့ မြေကြီးတွေကို
ပြန်ပို့ပေး ။ ကျုံးလာတဲ့ အကောင် သိတယ်
ပြန်မပို့မချင်း အမဲသား မကျွေးလို့ကတော့
တစ်ယောက်ပြီး တစ်ယောက် သင်္ချိုင်းကို
ခေါ်သွားမယ်.…ကြားကြရဲ့လား”
ဟု အသံနက်ကြီးဖြင့် စူးစူးဝါးဝါး
အော်ပြောပြီး မညိုမှာ လဲကျသွားလေတော့၏။
ဦးအောင်မင်းက သဲကိစ္စနှင့် ပတ်သတ်၍
ရွှေလုံးကိုမေးရာ ရွှေလုံးက သဲဝယ်၍ရသော်လည်း
ကားအခက်အခဲ ရှိခြင်း ။ သဲ ၂ ကျင်းမှ
ရောင်းပေးနိုင်မည်ဖြစ်ကြောင်းတို့ကြောင့်
ဖိုးထော်က သူ၏ လုပ်ငန်းခွင်တွင်
ပိုနေသည့် သဲတစ်ကျင်းအား ဝယ်ယူခဲ့ရသဖြင့်
ဖိုးထော်ကို မေးကြည့်ပါဦးမည်ဟု
ပြောကာ သူနှင့် ဖိုးထော် သဲကိစ္စညှိနှိုင်းမှုကို
ပြောပြခဲ့လေ၏။
ဦးအောင်မင်းသည် မကျေနပ်သော်လည်း
သဲကိစ္စကို သရဲမပြောသွားသည့်အတိုင်း
ဟုတ်မဟုတ် ဂဃနဏ သိရန် ရွှေလုံးအား
မနက်ဖြန် ဖိုးထော်အား သွားမေးရန်ပြောကာ
တစ်အိမ်သားလုံး အိပ်ရာဝင်ခဲ့ကြလေ၏။
နောက်တစ်နေ့ စောစောတွင် ရွှေလုံးက
ဖိုးထော်အား သွားတွေ့ပြီး လက်ဖက်ရည်ဆိုင်သို့
ခေါ်လာကာ မညိုအား သရဲမဝင်ပူးပြီး
ပြောသွားကြောင်းကို ပြောပြရာ ဖိုးထော်က…
“ငါတို့လုပ်ငန်းခွင်က ပိုတဲ့သဲက
ကျင်းမတ်လောက်ပဲရှိတယ်
သဲက နည်းနည်းလိုနေတုန်း ပန်းရံသမားမျိုးမြင့်က
သင်္ချိုင်းမှာ အုတ်ဂူလုပ်လို့ ပိုနေတဲ့သဲတွေ ရှိတယ်
ပြောတာနဲ့ အိတ်နဲ့ သွားသယ်ကြတယ်
သဲက မလောက်သေးလို့ သင်္ချိုင်းအဝင်
လမ်းပေါ်ကရော ။ ဂူဘေးက မြေပုံပေါ်ကပါ
ယူလိုက်ရတာ ။ ငါလည်း ပါပါတယ်ကွာ
ဘာမှမဖြစ်လောက်ဘူး ထင်လို့ပေါ့ကွာ”
ဟု တောင်းပန်ရင်း ပြောလျှင် ရွှေလုံးက…
“မင်းတို့ သဲယူတာကို အပြစ်မပြောလိုပါဘူး
မင်းလူတွေက မြေပုံက မြေကြီးတွေကိုပါ
ကျုံးယူလာတာ …အဲဒီမြေပုံက သရဲမက
အိမ်ကိုလိုက်လာတာ အဲဒါက ပြဿနာပဲ
အဘိုးကြီးက ညကရော ။ အခု မနက်ရော
ငါ့ကိုပွမ်လို့မဆုံးဘူး”
ဟု ပြောပြီး အဖြစ်မှန်ကို သိရသဖြင့်
ရွှေလုံးက ပြန်ခဲ့လေ၏။
ရွှေလုံးက ဦးအောင်မင်းအား
အဖြစ်အပျက်ကို ပြောပြသဖြင့်
ချက်ချင်းပင် ပန်းရံအဖွဲ့မှ
အလုပ်သမား ၂ ဦးကိုခေါ်၍
သံမံတလင်းခင်း ခင်ထားသည်များ
ပြန်ဖျက်ကာ ဖျက်ပြီးသား အုတ် သဲ ကျောက်များကို
အိမ်ရှေ့၌ ပုံလိုက်လေ၏။ နေ့လယ် ၁ နာရီခန့်တွင်
အားလုံး ဖျက်ပြီးသွားရာ ကွန်ဒေါင်းတစ်စီးငှားပြီး
မြေစာများကို ပြန်တင်၍ သင်္ချိုင်းကုန်းသို့
သွားပို့ စေ၏။ ရွှေလုံးပါ လိုက်သွားပြီး
မြေပုံနှင့် လမ်းများပေါ်သို့ ပြန်ခင်းပေးခဲ့ရာ
ညနေ( ၅)နာရီထိုးမှ ပြီးသွားလေ၏။
ဒေါ်လှက သရဲမပြောထားသည့်အတိုင်း
အမဲသား ငါးဆယ်သားဝယ်၍
ဟင်းချက်ကာ ထမင်းနှင့်အတူ
ခြံထောင့်က အမှိုက်ကျင်းတွင်
ဖက်နှင့်ပုံပြီး သရဲမအား လာရောက်
စားသောက်ပါရန် ပြောပြီး သဲများ။
မြေကြီးများကိုလည်း ပြန်တူးယူ၍
မြေပုံပေါ်နှင့် လမ်းမပေါ်တွင်
ပြန်ထားလိုက်ပြီးဖြစ်ကြောင်း
တဖွဖွနှင့် ပြောလိုက်လေ၏။
ထိုညက သရဲမသည် ဝင်ပူးခြင်း
နှောင့်ယှက်ခြင်း မရှိတော့ချေ။
တစ်အိမ်သားလုံး ဘုရား ရှိခိုး
အမျှဝေကာ ခပ်လန့်လန့် နှင့်ပင်
အိပ်ကြလေ၏။ ဦးအောင်မင်းက
ရွှေလုံးအား အပြစ်မပြောတော့ဘဲ
ထပ်မံ၍ အုတ် သဲ ကျောက်စရစ်
ဘိလပ်မြေတို့ကို ဝယ်ရန် ထပ်မံ၍
လွှတ်လိုက်သဖြင့် ကားကြီးနှင့်ပင်
ပစ္စည်းအားလုံး ဝယ်လာကာ
ယမန်နေ့က ပန်းရံအဖွဲ့ကိုပင်
သံမံတလင်း ပြန်ခင်းခိုင်းရာ
ညနေ ၆ နာရီတွင် ခင်းကျင်းပြီးလေ၏။
ဦးအောင်မင်းက လိုရမည်ရ သရဲမအတွက်လည်း
မနေ့ကအတိုင်း အမဲသား ငါးဆယ်သားကို
ချက်ပြုတ်၍ သွားကျွေးစေသည်။
ဦးအောင်မင်းနှင့် ဒေါ်လှသည် ဆရာတော်
ကျောင်းသို့ သွား၍ ဖြစ်ပျက်ပုံ အလုံးစုံကို
လျှောက်ထားခဲ့ပြီး ဆရာတော်၏
မိန့်မှာချက်အရ ညနေ ၄ နာရီတွင် အိမ်၌
သံဃာတော် ၅ ပါး ပင့်၍ လှူဒါန်းတရားနာကာ
ပရိတ်တရားများ ရွတ်ဖတ်ပြီး ကမ္မဝါဖတ်ခြင်း။
သရဲမအတွက် အလှူပေးခြင်းများကို
ပြုလုပ်လိုက်သဖြင့် တစ်အိမ်သားလုံး
စိတ်နှလုံး ရှင်းလင်းသွားစေတော့၏။
သရဲမသည်လည်း မည်သို့မျှ မနှောင့်ယှက်တော့ပေ။
မည်သို့ပင် ဖြစ်စေ ရွှေလုံးနှင့် တရားနာသူများအဖို့
သင်ခန်းစာ တစ်ခု ရလိုက်ပေတော့သည်။
မှတ်ချက် – အဖြစ်မှန်ကို ဖော်ပြခြင်းဖြစ်ပါ၍
နာမည်လွှဲပြောင်းထားပါသည်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ တစ်မိုးအောက်