မအိုးစည်

*ဘွားမယ်စိန်နှင့် မအိုးစည်*📖📖📖

 

********************

 

စ…ဆုံး

 

သောင်ထွန်းရွာသားဖြစ်သည့်

ကိုလှထွန်းတစ်ယောက်ဘွားမယ်စိန်၏နေအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာခဲ့သည်။

 

“ဟယ်…လှထွန်း…

ရွာကိုဘယ်တုန်းကရောက်နေတာလဲဟဲ့”

 

ဒေါ်ဝင်းက ဆွေမျိုးမကင်းလှသောကိုလှထွန်းကို

ဝမ်းသာအားရမေးလိုက်သည်။

 

“တစ်နေ့ကပဲရောက်တယ်အစ်မ…

နေကောင်းကြတယ်နော်…”

 

“ကောင်းပါ့…ကောင်းပါ့…”

 

“လာထိုင်ကွဲ့…”

 

“ဟုတ်ကဲ့…”

 

ကိုလှထွန်းက ကွပ်ပျစ်ခင်း၌ဝင်ထိုင်သည်။

 

“ထိုင်ဦး..လှထွန်း…

ငါလက်ဖက်လေးသွားသုပ်လိုက်ဦးမယ်”

 

“ဟာ…နေပါအစ်မရာ…

ကျုပ်ကဧည့်သည်မဟုတ်ပါဘူးဗျ”

 

“အမယ်လေး…ခဏတင်ပါဟယ်…

ထိုင်ဦးနော်…”

 

“ကဲ…ပြောမရလည်းအစ်မသဘောပါပဲဗျာ…”

 

ဒေါ်ဝင်းကမီးဖိုထဲဝင်သွားလေသည်။

ကိုလှထွန်းကိုဘွားမယ်စိန်ကငှဲ့ထားသောအကြမ်းရေခွက်ကို

ကိုင်ကာလှမ်းပေးလေတော့

ကိုလှထွန်းကရိုရိုသေသေလေးယူရှာသည်။

 

“မောင်ရင်ရွာမလာတာကြာပြီမဟုတ်လား…”

 

“ဟုတ်တယ်ဘွား…ကျုပ်လည်းဆရာနောက်လိုက်ရတာနဲ့

ခရီးရှည်သွားတယ်လေ…

အခုတောင် ရွာဘုရားပွဲနီးလို့ဆရာဆီခွင့်တောင်းပြီး

ပြန်လာခဲ့ရတာဗျ”

 

“သြော်…အေး…အဆင်ကောပြောကြရဲ့လား”

 

“ပြေတော့ပြေပါတယ်ဘွားရယ်…”

 

ကိုလှထွန်းရဲ့လေသံက ပျော့သွားလေတော့

ဘွားမယ်စ်ိန်က…

 

“ပြေတယ်သာဆိုတာ

မောင်ရင့်အသံကပျော့လှပါလားကွဲ့”

 

“ပြေတယ်ဆို…တလောကမှ ကျုပ်မိန်းမ

မအိုးစည်လည်းဆုံးသွားရှာတာဘွားရဲ့..

ကျုပ်မှာသူဆုံးတာတောင်မမီလိုက်ရပါဘူးဗျာ…”

 

“အလို…ဖြစ်မှဖြစ်ရပါ့ကွယ်…”

 

ကိုလှထွန်းကသူ့ဆရာဦးကျော်သန်းနဲ့အတူတူ

ရွာစဥ်လှည့်ကာ မြွေအလိမ္မာပြစားကြသူများဖြစ်သည်။

သူတို့တစ်ခါတစ်ခါခရီးထွက်လျှင်လနဲ့ချီကာကြာတတ်၏။

ယခုလည်းကိုလှထွန်းမိန်းမမှာ သူ၏ရွာ၌ကျန်ရစ်ခဲ့ရပြီး

ဆုံးသွားချိန်၌ကိုလှထွန်းခရီးသွားနေသောကြောင့်

မမီလိုက်ခြင်းပင်။

 

“ဘယ်တတ်နိုင်မလဲဘွားရယ်…

ကျုပ်လည်းဖြေနိုင်အောင်ဖြေနေရပါတယ်…

ကျုပ်မိန်းမကိုတော့လွမ်းတော့လွမ်းတာပေါ့ဗျာ…

ကံကြမ္မာကဒီလိုဆိုတော့လည်းဘယ်တတ်နိုင်တော့မလဲ”

 

“အေးပေါ့ကွယ်…”

 

ဘွာမယ်စိန်က မည်သည့်စကားမှဆက်မပြောတော့။

ကိုလှထွန်းကလည်းရေနွေးများကိုသာငုံ့သောက်လို့နေခဲ့၏။

 

“လက်ဖက်သုပ်ရပြီလှထွန်းရေ…

စားကြည့်ဦး…”

 

ဒေါ်ဝင်းကလက်ဖက်သုပ်ပန်းကန်ကြီးကိုင်ကာ

ကွပ်ပျစ်ဆီရောက်လာခဲ့သည်။

ကိုလှထွန်းက ဒေါ်ဝင်းလက်ဖက်သုပ်ကို

တစ်ဇွန်းခပ်စားလိုက်ပြီး…

 

“အစ်မလက်ရာကတော့အရင်အတိုင်းပဲ

စားလို့သိပ်ကောင်းတုန်းပဲဗျ…”

 

ဟုချီးမွှန်းလေတော့ဒေါ်ဝင်းကပြုံးလို့နေသည်။

 

“စားပါ…စားပါ…ငါကလေဘယ်လောက်ပင်ပန်းပန်း

ငါ့လက်ရာကြိုက်တဲ့သူဆိုရင် အခုလိုသုပ်ကျွေး…

ချက်ကျွေးရရင်ကိုကျေနပ်နေတာဟဲ့…”

 

“ဟုတ်မှာပေါ့ဗျာ…

အဲ့သည်လိုဆိုယောကျာ်းယူရင်

အစ်မတော်တော်အချစ်ခံရမှာဗျ…”

 

“ဟယ်…ဒီကောင်ကတော့

ငါ့အသက်ကကြီးနေပြီဟဲ့…

နောက်ပြီးယူချင်စိတ်ရှိရင် နင်တို့တောင်ငါ့ကလေးတွေ

ထိန်းနေရလောက်ပြီ…

မယူချင်လို့သာဒီလိုနေတာပေါ့ဟဲ့…”

 

“ဟားး…ဟားး…ဟားး…ဟား….

ဟုတ်ပါပြီအစ်မရာ…”

 

ဒီလိုနဲ့ကိုလှထွန်းနဲ့ဒေါ်ဝင်းတို့လည်း

စကြ…နောက်ကြရင်း ငယ်စဥ်ကအကြောင်းအရာများကို

​ပြော၍ တဟားဟားရယ်မောနေကြသည်။

ဘွားမယ်စိန်ကတော့ ခဏမျှသာ ထိုင်ပြီးနောက်

ရွာထဲသို့အလည်ထွက်သွားတော့၏။

 

**********************************

နောက်တစ်ရက်ညနေခင်းပိုင်း၌…

 

“ဘွားရေ…ဘွား…ဘွားရှိလားဗျို့…”

 

ပုဆိုးကိုပင်မဝတ်နိုင်…လက်ကကိုင်ဆွဲ၍

ပြေးလာသော မောင်တိုးကြောင့် ဘွားမယ်စိန်တင်မက

ဒေါ်ဝင်းပါအထိတ်တလန့်ဖြစ်ကုန်ရသည်။

 

“ဘာဖြစ်လာတာတုန်းဟဲ့…”

 

ဟု…ဒေါ်ဝင်းကအထိတ်တလန့်ဖြင့်အော်ကာမေးတော့

မောင်တိုးက အမော့ဆို့နေရင်းမှ…

 

“ရွာလယ်ပိုင်းက ကိုပေါက်စ…

ကိုပေါက်စသောင်းကျန်းနေလို့ဗျ…”

 

“ဘယ်ပေါက်စတုန်းဟဲ့…

လှကြည်သားလား…မိရွှေသားလား…”

 

“ဒေါ်ရွှေရဲ့သားကိုပေါက်စအရီးရဲ့…”

 

“ဟဲ့…အဲ့ပေါက်စက ဘာတွေသောင်းကျန်းတာလဲ…

ရန်ဖြစ်တာလား…ဒါဆိုသူကြီးအိမ်သွားလေဟယ်…”

 

“ဟာ…အရီးကလည်းထင်ရာတွေဇွတ်ပြောနေတာပဲဗျ…

နေပါဦးကျူပ်ပြောပါရစေ…”

 

“အေးလေမိဝင်းရယ်…ညည်းထင်ရာပြောနေတာနဲ့

အခုထိဘာဖြစ်တယ်မသိရသေးဘူး

ဒီကလေးပြောတာကိုအရင်စောင့်ဦးမှာပေါ့…”

 

ဘွားမယ်စိန်က စိတ်မရှည်စွာဝင်ပြောလေမှ

ဒေါ်ဝင်းငြိမ်သွားသည်။

မောင်တိုးကလည်း…

 

“ညနေပိုင်းကျုပ်တို့ခြင်းဝိုင်းမှာခြင်းခတ်နေတာ

ကိုပေါက်စက မောလို့ဆိုပြီးခဏထိုင်နေခဲ့တာဗျ…

ထိုင်နေရင်းက တဟီးဟီးနဲ့ခန္ဓာကိုယ်ကြီးကတုန်နေလို့

ဘေးမှာထိုင်နေတဲ့ကလေးတွေက သူ့ကိုကြည့်ပြီး

ဝိုင်းစကြတော့

သူက ကလေးတွေကိုတွန်းဖယ်ပြီးရန်ပြုတယ်ဗျ…

ဒါနဲ့ကျုပ်လည်းကိုပေါက်စခင်ဗျားဘာဖြစ်တာလဲဆိုပြီး

သူ့ပုခုံးကိုကိုင်လှုပ်မေးတော့ကျုပ်ကိုမျက်တောင့်နီကြီးနဲ့

စိုက်ကြည့်ပြီး လည်ပင်းကိုထညှစ်လို့…

ကျုပ်လည်းအတင်းတွန်းဖယ်ပြေးပြီး

ဘွားကိုလာပြောရတာပဲ…

ဘွားလိုက်ကြည့်ပေးပါဦးဗျာ…”

 

“အေး…အေး…ဒါဖြင့်သွားကြတာပေါ့”

 

ဘွားမယ်စိန်ကအိမ်အပေါ်ထပ်ရှိသူ၏တောင်ဝှေးကို

သွားကာယူပြီးနောက် ရွာလယ်ပိုင်း ခြင်းဝိုင်းရှိရာသို့

ထွက်လာခဲ့ကြသည်။

ခြင်းဝိုင်း၌က ရွာကာလသားများ…

ရွာသူများ၊ကလေးများပါမကျန်ဝိုင်းကာကြည့်လို့နေခဲ့သည်။

 

“ဘွားရောက်လာပြီပဲ”

 

သူကြီးဦးနောင်ချိုနဲ့မောင်အုန်းတို့လည်း

ဘွားမယ်စိန်အနီးသို့ရောက်လာကြသည်။

 

“ကဲ…အားလုံးဖယ်ကြတော့…

ဘွားမယ်စိန်ရောက်လာပြီ…ဖယ်ကြ…ဖယ်ကြ…

ဟိုကလေး…ဘေးကိုဖယ်လေ…”

 

မောင်အုန်းတို့ကာလသားတွေကလူများအား

ဘေးကိုဖယ်ခိုင်းကြသည်။

လူများဘေးဖယ်ကြလေမှ မြေပေါ်၌

တင်ပုလ္လင်ခွေအနေအထားဖြင့်

ခေါင်းကြီးကိုငုံ့ပြီးတစ်ကိုယ်လုံးတုန်ရီနေသော

ကိုပေါက်စကိုဘွားမယ်စိန်မြင်လိုက်ရ၏။

တောင်ဝှေးကြီးကိုထောက်ကာ

ကိုပေါက်စအနီးသို့လည်းမသွားဘဲ

မလှမ်းမကမ်းနေရာမှ ကြည့်နေရင်း…

 

“ဘယ်သူတုန်းဟဲ့……..”

 

ဟုမေးလိုက်သည်။

 

“ကျုပ်…”

 

“ဘယ်က ကျုပ်လဲ…”

 

” ကျုပ် အိုးစည်…”

 

“ဘယ်လိုအိုးစည်…ဟုတ်သလား…”

 

“ဟုတ်တယ်…ကျုပ် အိုးစည်ပဲ…”

 

ကိုပေါက်စနှုတ်မှထွက်သည့်အသံမှာ

မိန်းမသံပီပီသသကြီးပင်။

ဒါတင်မကသေးနာမည်ကိုကြားလိုက်ရတော့

နံဘေးမှလူများအံ့သြသွားကြ၏။

 

“ဒါဖြင့်…ညည်းကလှထွန်းမိန်းမ…အိုးစည်ပေါ့”

 

“ဟုတ်တယ်…”

 

“အေး…လှထွန်းမိန်းမဆိုရင်…

ညည်းဆုံးပြီးပြီမဟုတ်ဘူးလား…

ဘဝချင်းခြားနေတာကိုညည်းက

ဒီကိုဘာလိုက်လုပ်ရတာလဲ…”

 

ဟုဘွားမယ်စိန်ကမေးသောအခါသူ၏ခေါင်းကြီးကို

ငဲ့စောင်းကာကြည့်ပြီး…

 

“ကျုပ်…မကျေနပ်ဘူး…မကျေနပ်ဘူးတော့်…….”

 

ဟုအသံကုန်ဟစ်ကာအော်လေတော့

နံဘေးကလူများပင်လန့်ဖျပ်ကုန်ကြသည်။

 

“ညည်းကဘာမကျေနပ်တာလဲ…

ဘယ်သူ့ကိုမကျေနပ်နေတာလဲအေ့…”

 

“လှထွန်း…လှထွန်းဆိုတဲ့ မသာကိုမကျေနပ်ဘူး”

 

“ဟဲ့…လှထွန်းကညည်းအပေါ်မှာ

ဘာအမှားတွေများလုပ်မိထားတာတုန်းအေ့…”

 

ဘွားမယ်စိန်ကမေးတော့ ကိုပေါက်စ

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောလက်ဖြင့်

မြေပေါ်ကိုအကြိမ်များစွာ ထုချရင်း…

 

“ကျုပ်ကိုဒင်းသတ်တာ…

ကျုပ်ကိုဒင်းသတ်တာ….”

 

“ဟာ…”

 

“ဟယ်…”

 

ကိုပေါက်စနှုတ်မှထွက်သောစကားကြောင့်

အသံများက ဆူညံစွာထွက်လာခဲ့သည်။

 

“တိတ်တိတ်နေကြစမ်း…”

 

ဘွားမယ်စိန်သည်နံဘေးမှလူများကို

ပြောလိုက်ပြီးမှ ကိုပေါက်စကိုကြည့်၍…

 

“ကဲပြော…ညည်းကိုသူသတ်တယ်ဆိုတာ

သေချာလား…သေချာရင်ညည်းကို

သူကဘာကြောင့်သတ်ရတာလဲ…”

 

“ဒင်းမှာနောက်မယားရှိတယ်လေ…

ဒင်းနောက်မယားက ကျုပ်ထက်ငယ်တယ်…

ဒင်းနဲ့ဒင်းမယားပျော်ရွှင်နေတာမြင်ရတာ…

ကျုပ်ရင်နာတယ်….ဒင်းကိုကျုပ်သတ်ချင်တယ်…”

 

ကိုပေါက်စနှုတ်မှထွက်လာသော

စကားများသည် ကိုလှထွန်းအပေါ်၌

အတော်နာကျည်းမုန်းတီးနေသောစကားများပင်။

 

“လှထွန်းကိုသွားခေါ်ကြစမ်း…”

 

ဘွားမယ်စိန်ပြောသောစကားအတိုင်း

ရွာသားနှစ်ယောက်အပြေးထွက်သွားပြီး

ကိုလှထွန်းကိုသွားခေါ်ကြသည်။

 

“ညည်းကိုလှထွန်းကသတ်တယ်လို့ညည်းပြောတယ်နော်…

ပြောစမ်း…ညည်းကိုလှထွန်းဘယ်လိုသတ်သလဲ”

 

“ဒင်းကနယ်စုံလှည့်တဲ့သူဆိုတော့

ဆေးဆရာတွေကိုသိခဲ့မှာပေါ့…

ကျုပ်မသေခင်ကတော့ဒီအကြောင်းတွေမသိပါဘူး…

ကျုပ်မှာရောဂါအမည်မဖော်နိုင်ပဲ…

တပိန်ပိန်တလိမ်လိမ် နေခဲ့ရတာ…

ကျုပ်သေပြီးဒင်းနောက်ကိုလိုက်မိမှ

ဒင်းမှာမယားငယ်ရှိတာကော…

ဒင်းကျုပ်ကိုသတ်တာကော ကျုပ်သိခဲ့ရတယ်…”

 

“အင်း…ညည်းပြောတာဟုတ်မဟုတ်…

လှထွန်းလာရင်ငါသေချာစစ်မေးပေးမယ်…”

 

ဘွားမယ်စိန်သည်ကိုပေါက်စဆီ၌အကြည့်မခွာဘဲ

ကိုလှထွန်းအလာကိုစောင့်နေ၏။

နံဘေးရှိရွာသူ၊ရွာသားတို့မှာတော့

စကားများတွတ်ထိုး၍ ကိုလှထွန်းအလာကို

လှမ်းမျှော်နေကြသည်။

 

“လှထွန်းလာပြီ…”

 

“ကိုလှထွန်းလိုက်လာပြီဟ…”

 

ရွာသားနှစ်ယောက်နဲ့အတူကိုလှထွန်းလိိုက်လာခဲ့သည်။

ကိုလှထွန်းကိုမြင်တော့ရွာသူ၊ရွာသားတို့ကအားရဝမ်းသာစွာပြောကြ၏။

ကိုလှထွန်းကတော့လူအုပ်ကိုကြည့်၍

နားမလည်သယောင်ဖြင့်…

 

“ဘာဖြစ်လို့လဲဗျ…”

 

ဟု…မေးလေတော့…

 

“ဒီလိုလာခဲ့ မောင်လှထွန်း…”

 

ဘွားမယ်စိန်ကခေါ်လိုက်လေမှ ကိုလှထွန်းလည်း

ဘွားမယ်စိန်အနီးရောက်လာခဲ့သည်။

ထိုင်နေသော ကိုပေါက်စက ကိုလှထွန်းကိုမြင်တော့

အသားများတဆတ်ဆတ်တုန်ရီပြီး…ချက်ချင်းပင်

ကိုလှထွန်းဆီအပြေးသွား၍လည်ပင်းသွားညှစ်တော့၏။

 

“ဟာ…”

 

“ဟယ်…”

 

အားလုံးကမျက်လုံးအပြူးသားဖြစ်သွားချိန်

ဘွားမယ်စိန်ကတောင်ဝှေးတစ်ချက်ဆောင့်ချလိုက်လေတော့

ကိုလှထွန်းအနီးမှ ကိုပေါက်စမှာလွှင့်စင်ထွက်သွားခဲ့၏။

 

“ဟူးး…ဟင်း….ဘွား…ဘာ…ဘာဖြစ်တာလဲဗျ”

 

သူ့အားဒေါသတကြီးစိုက်ကြည့်နေသောကိုပေါက်စကို

ကြောက်ကြောက်လန့်လန့်လှမ်းကာကြည့်ရင်း

ကိုလှထွန်းမေးလိုက်သည်။

လည်ပင်းညှစ်ခံရ၍ လူကလည်းမောလို့နေခဲ့သည်။

 

“ပေါက်စကိုယ်ထဲမှာ

မင်းမိန်းမ အိုးစည်ပူးကပ်ထားတယ်…”

 

“ဗျာ…”

 

ဘွားမယ်စိန်စကားကြောင့်ကိုလှထွန်းမျက်လုံးများ

ပို၍ပြူးကျယ်သွားသည်။

ဘွားမယ်စိန်က ကိုလှထွန်းကိုစိုက်ကာကြည့်၍…

 

“အိုးစည်ပြောတာ…မင်းကသူ့ကိုသတ်ခဲ့တာဆို…

အဲ့တာဟုတ်သလားလှထွန်း…”

 

ထပ်မံကာပြောလိုက်သောဘွားမယ်စိန်စကားကြောင့်

ကိုလှထွန်းမှာဘေးဘီကို ဝေ့ကာဝိုက်ကာကြည့်ရင်း

ခေါင်းကိုတွင်တွင်ခါရမ်း၍…

 

“မ…မဟုတ်တာဗျာ…ကျုပ်ကဘာလို့

ကျုပ်မိန်းမကိုသတ်ရမှာလဲဘွားရဲ့…

ကျုပ်ကဘာကြောင့်သတ်ရမှာလဲဗျာ…”

 

“ဟဲ့…လှထွန်း သေချင်းဆိုး…

နင့်မယားငယ်က အုတ်ဖိုရွာက အုန်းကြည်လေ…

သေချင်းဆိုးငါမသေခင်ကတည်းကနင်တို့ဖောက်ပြန်နေကြတယ်ဆိုတာ ငါဒီနားနဲ့သေချာကြားသလို…

နင်တို့ဖောက်ပြန်တာကိုလည်း ဒီမျက်စိနဲ့သေချာမြင်ခဲ့ရတယ်

အကောင်ရဲ့………”

 

“ဟာ…မဟုတ်တာတွေ…

နင်…နင်ဘယ်သူလဲ…နင်ကငါ့မိန်းမအိုးစည်မဟုတ်ဘူး…

နင်ဘယ်သူလဲ”

 

“ဟားးး…ဟားးး…ဟားးး…ဟားး…ဟားး…ဟားး…

အခုမှဘာတွေတုန်လှုပ်နေတာလဲဟမ်…

နင့်ကြောင့်ငါသေခဲ့ရသလို…

အခုနင့်ကိုငါပြန်လာသတ်တာ…

နင်သေရမယ်လှထွန်း…နင်သေကိုသေရမယ်ဟဲ့…”

 

“ဘွား…ကျုပ်ကိုကူညီပါဦးဗျာ…

သူပြောတာတွေကျူပ်မသိပါဘူး…

ကျုပ်ကိုအပုပ်ချချင်လို့တစ်ယောက်ယောက်လုပ်ကြံထားတာ

ထင်ပါရဲ့…ကျုပ်ကိုပစ်မထားပါနဲ့ဗျာ…

ကျုပ်ကိုကူညီပေးပါ…”

 

ကိုလှထွန်းကမြေပေါ်ထိုင်ချ၍

ဘွားမယ်စိန်ကိုလက်အုပ်ကြီးချီကာပြောလေသည်။

 

“အမယ်လေး..အခုမှတယ်​ကြောက်နေသကိုး…

ဒီမှာ…ကျုပ်ဝိညာဥ်ကဒင်းကိုသတ်ချင်နေတာကြာပြီ…

အခုမှအခွင့်အရေးရတယ်…

ကျုပ်ကိစ္စမှာဝင်မပါကြပါနဲ့…

ကျုပ်ရဲ့အသက်အတွက် ဒင်းကိုလက်စားချေမှရမယ်…”

 

ကိုပေါက်စသည် ကိုလှထွန်းကို

သတ်တော့ဖြတ်တော့မည့်ကဲ့သို့

ဒေါသတကြီးဖြင့်ကြည့်ကာပြောနေ၏။

 

“နင်ကငါ့မိန်းမ မဟုတ်ဘူး…

သူပြောနေတာမယုံကြပါနဲ့ဗျာ…

ကျုပ်သူ့ကိုတကယ်မသတ်ပါဘူး…

သူညာနေတာပါ…သူကျုပ်ကိုသိက္ခာချနေတာပါ…”

 

ကိုလှထွန်းကလည်း ငြင်းဆန်နေသည်။

ရွာသူ၊ရွာသားတို့မှာ ကိုလှထွန်းကိုယုံရမည်လား…

ကိုပေါက်စ ကိုယ်ထဲမှသရဲမကို

ယုံရမည်လားမသည်းကွဲကြသော်လည်း

ဘွားမယ်စိန်မည်သို့ဆက်လုပ်လေမလဲကိုတော့

စိတ်ဝင်စားကြ၏။

 

“လှထွန်း…မောင်ရင့်ဘက်ကပြောတာတွေက

အမှန်ပဲလား…”

 

“ဟုတ်…ဟုတ်ကဲ့…မှန်ပါတယ်ဘွား…

ကျုပ်ကိုကူညီပေးပါဗျာ…”

 

ကိုလှထွန်းကခေါင်းကိုညိတ်၍သူမှန်ကြောင်းပြောသည်။

ထိုအခါဘွားမယ်စိန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး…

 

“မောင်ရင်နဲ့ဘွားနဲ့က ဘွားယောကျာ်းနဲ့စပ်မိမှ

ဆွေမျိုးတော်တာပါ…

ဒါပေမယ့် အခုကိစ္စကဆွေမျိုးဖြစ်ပါစေ…

တစိမ်းဖြစ်ပါစေ…မှန်တဲ့ဘက်ကဘွားရပ်တည်ပေးမှာပါ…”

 

“ဟုတ်ကဲ့ဘွား…အားကိုးပါတယ်ဗျာ…”

 

“ဒါပေမယ့်…အခုကိစ္စမှာမောင်ရင်မှားနေတဲ့အတွက်

ကိုယ့်အပြစ်ကို ကိုယ်တိုင်ပဲဝန်ခံလိုက်ပါ…”

 

“ဗျာ…ဘွားက…ဘွားကဟိုမိန်းမစကားကို

အမှန်ထင်နေတာလား…သူက ကျုပ်မိန်းမ မဟုတ်ဘူးဗျ…

သူပြောတာမယုံပါနဲ့ဗျာ…ကျုပ်အမှန်ပြောတာပါ…”

 

ကိုလှထွန်းကိုဘွားမယ်စိန်စိုက်ကာကြည့်နေရင်း…

 

“ပေါက်စကိုယ်ထဲမှာရှိနေတာက

မောင်ရင့်မိန်းမအိုးစည်ဆိုတာအမှန်ပဲ…

သူ့ဝိညာဥ်ကိုဘွားမြင်တယ်…

ဒီတော့မောင်ရင် ဝန်ခံမလား…

ဒါမှမဟုတ်အိုးစည်နဲ့ပဲဲဖြေရှင်းမလားဆိုတာ…

ကြိုက်တာသာရွေးပေတော့…”

 

“ဗျာ…”

 

ကိုလှထွန်းမှာဘွားမယ်စိန်ကိုကြည့်လိုက်

သူ့အားဒေါသတကြီးကြည့်နေသောကိုပေါက်စကို

ကြည့်လိုက်ဖြင့် ဗျာများနေခဲ့သည်။

အချိန်အတော်ကြာသည်အထိ ကိုလှထွန်းဘက်မှ

မည်သည့်စကားမှမပြောသောကြောင့်…

 

“ကဲ…အိုးစည်ညည်းပဲဖြေရှင်းပေတော့…”

 

ဟု…ဘွားမယ်စိန်ကပြောလိုက်သောအခါ

ကိုလှထွန်းမှာထိတ်လန့်သွားခဲ့၏။

ထိုသို့ထိတ်လန့်နေစဥ်မှာပင် ကိုပေါက်စသည်

ကိုလှထွန်းထံအပြေးဝင်လာကာ

ကိုလှထွန်းကိုမြေပေါ်သို့ဆောင့်တွန်းချလိုက်ပြီး

ရင်ဘက်ပေါ်ခွထိုင်၍လည်ပင်းကိုညှစ်တော့သည်။

ကိုလှထွန်းခမျာခြေကားယားလက်ကားယားဖြင့်

ကယ်ပါ…ကယ်ပါအော်ဟစ်နေသော်လည်း

ရွာသူ၊ရွာသားတို့မှာဘွားမယ်စိန်ကို

ကြောက်၍နောက်သို့သာဆုတ်ခွာသွားကြသည်။

 

“ဘွား……ကျုပ်….ကျုပ်…ဝန်….ဝန်ခံပါ့မယ်…”

 

ကိုလှထွန်းသည် လည်ပင်းညှစ်ခံနေရသည့်ကြားမှ

ဘွားမယ်စိန်ကိုပြောလိုက်၏။

 

“ကဲ…အိုးစည်…ညည်းဘေးကိုဖယ်တော့…

ငါရှင်းပေးမယ်…”

 

ဟု…ပြောသောအခါ ကိုပေါက်စက

ချက်ချင်းဘေးကိုဖယ်ပေးရှာသည်။

 

“ကျုပ်ဒင်းကိုသတ်ချင်တယ်….

ကျုပ်ကိုသတ်ခွင့်ပေးပါ…”

 

ကိုပေါက်စက ဘွားမယ်စိန်ကိုပြောသည်။

ဘွားမယ်စိန်ကခေါင်းကိုအသာရမ်း၍…

 

“လက်စားချေလိုက်ရင်ညည်းဒီထက်ဆိုးတဲ့

ဘုံကိုရောက်သွားလိမ့်မယ်…အိုးစည်…

ညည်းအသာနေလိုက်တော့…ဘွားသေချာရှင်းပေးမယ်”

 

ဘွားမယ်စိန်စကားကို ကိုပေါက်စ

မကျေနပ်ဟန်ပြသော်လည်း

မည်သည့်စကားမှထပ်မပြောတော့ဘဲ

ရပ်လို့သာကြည့်နေခဲ့၏။

 

“ကဲ…လှထွန်း…ပြော…”

 

“ဘွား…ကျုပ်ဝန်ခံရင် ကျုပ်ကို

ခွင့်လွှတ်ပေးမှာလား…

ကျုပ်ကိုအပြစ်တွေဘာတွေများပေးဦးမှာလားဟင်…”

 

“မောင်လှထွန်း…”

 

“ဗျာ…”

 

“မောင်ရင်အိုးစည်ကိုသတ်ခဲ့သလား…”

 

“ဟုတ်…ဟုတ်ကဲ့ ကျုပ်သတ်ခဲ့မိပါတယ်…”

 

“အိုးစည်ကိုဘာလို့သတ်ရတာလဲ”

 

“ကျုပ်…ကျုပ်မှားပါတယ်ဗျာ…

ကျုပ်ကိုခွင့်လွှတ်ပေးပါ……..”

 

ကိုလှထွန်းကမြေပေါ်သို့ထိုင်ချကာ

ငိုကြွေး နေတော့သည်။

 

“ဘွားမေးတာကိုပဲဖြေ…

အခုလိုငိုနေလို့လဲမောင်ရင့်ကို

ဘယ်သူမှသနားမိမှာမဟုတ်ဘူး…

ဒီတော့ကွယ်…

မောင်ရင်အိုးစည်ရဲ့လက်ချက်နဲ့မသေချင်ရင်သာ

မှန်ရာကိုပြောပေတော့…”

 

ဘွားမယ်စိန်ပြောသောစကားကို

ရွာသူ၊ရွာသားများကဝိုင်းဝန်းထောက်ခံကြသည်။

ထိုအခါမှကိုလှထွန်းလည်းမငိုနိုင်တော့ဘဲ…

 

“ကျုပ်…ကျုပ်မိန်းမ အိုးစည်ကိုသတ်မိပါတယ်ဗျာ…

ကျုပ်လိုချင်နေတဲ့ မိန်းမက ကျုပ်ကိုအိုးစည်နဲ့ကင်းရှင်းမှ

ယူမယ်ပြောလို့ ကျုပ်ကြံမိကြံရာကြံခဲ့မိတာပါ…”

 

“အမယ်လေး…ယုတ်မာလိုက်တာဟယ်…”

 

“ဟုတ်ပကွာ…တို့ရွာသားလို့ပြောရမှာတောင်

ရွံမိပါရဲ့…”

 

ကိုလှထွန်းကိုဝိုင်း၍ပြောကြသည်။

 

“မောင်ရင်…အိုးစည်ကိုဘယ်လိုတွေများ

လုပ်ကြံခဲ့သလဲ”

 

“ကျုပ်…ကျုပ်ခရီးသွားတုန်းကဆုံမိတဲ့ဆေးဆရာဆီက

အဆိပ်ဝယ်ခဲ့မိပါတယ်…

အဲ့အဆိပ်ကိုအစာထဲနေ့စဥ်အနည်းငယ်လေးခတ်ရင်

အဆိပ်စားမိသူက ရောဂါမသိ…ဆေးမသိဘဲ

တပိန်ပိန်တလိမ်လိမ်နဲ့နောက်ဆုံး

အစာမစားနိုင်ဘဲသေသွားတာပါ…

ကျုပ်အဲ့အဆိပ်ကိုကျွေးမိပါတယ်ဗျာ…”

 

“အလို…ဖြစ်မှဖြစ်ရပါပေတယ်…”

 

“တောက်…ဒီလိုကောင်မျိုးအရှင်မထားသင့်ဘူး”

 

“ဟုတ်တယ်…အသေသတ်ပစ်ရမှာ…”

 

ရွာသားများကသွေးဆူနေကြသည်။

ကိုလှထွန်းကိုဒေါသထွက်လွန်းနေကြ၏။

သူကြီးဦးနောင်ချိုတို့…မောင်တိုးတို့မှာလည်း

ကိုယ့်ရွာသားများကို ထိန်းနေကြရသည်။

 

“အင်း…ဒီမောင်လှထွန်းဟာ…

မယားငယ်ကိုယူချင်လို့ ကိုယ့်မယားဖြစ်တဲ့အိုးစည်ကို

အဆိပ်ကျွေးပြီး သတ်ခဲ့တဲ့သူဆိုတာ

အားလုံးကြားပြီးကြပြီနော်…

အဲ့သည်တော့ မောင်နောင်ချိုရေ…

မောင်ရင်လုပ်သင့်တာကိုဆက်လုပ်ပေတော့ကွဲ့”

 

“ဟုတ်ကဲ့ဘွား…ကျုပ်ဒီကောင့်ကိုမြို့ဂတ်အပ်မယ်…

သူ့အပြစ်ကိုသူခံယူရမယ်…ကဲ…ဖမ်းခဲ့ကြကွာ…”

 

သူကြီးကရွာကာလသားများအား

ကိုလှထွန်းကိုခေါ်စေသည်။

နံဘေးက ကိုလှထွန်းကိုရိုက်ချင်…သတ်ချင်နေသော

လူစုကိုတော့မောင်တိုးတို့က ထိန်းထားရ၏။

 

“မောင်ရင်တို့အားလုံးက သေသွားတဲ့အိုးစည်ရဲ့

အစ်ကိုလည်းမဟုတ်…မောင်လည်းမဟုတ်ပေမယ့်..

ဒီကလေးမအတွက်ဒေါသဖြစ်ကြရတာကိုတော့

ဘွားနားလည်ပါတယ်…

ဒါပေမယ့်ဘွားတို့လူကြီးတွေကသူ့အပြစ်ကိုသူပေးဆပ်ဖို့

စီစဥ်နေချိန်မှာတော့ ဒီဒေါသကိုချုပ်ထိန်းကြပါ…

ကိုယ့်ဒေါသကြောင့် အပြစ်ပေးခံရမယ့်သူကို

အပြစ်ပေးဖို့ကြန့်ကြာနေရင်ပိုပြီး အချိန်ကုန်လိမ့်မယ်ကွဲ့”

 

ဘွားမယ်စိန်စကားကြောင့်ထိန်းရခက်နေသော

ရွာသားများငြိမ်သွားကြတော့သည်။

 

“ကဲ…သမီးအိုးစည်…ညည်းကျေနပ်ရဲ့လား…”

 

ဘွားမယ်စိန်က ကိုပေါက်စကိုကြည့်ကာပြောလေတော့

ကိုပေါက်စက ခေါင်းကိုညိတ်၍…

 

“ကျုပ်သေတာအတွက်

ဒင်းအပြစ်ပေးခံရမယ်ဆိုရင်

ကျုပ်ကျေနပ်ပါတယ်…”

 

“အပြစ်ကတော့အပေးခံရမှာပါ…

ဒီအတွက်ညည်းစိတ်ပူစရာလည်းမလိုဘူး…

ဒါ…ဟောသည်ကအဘွားကြီးပြောတဲ့စကားပါအေ့…”

 

ဟု…ဘွားမယ်စိန်ကဆိုခါမှ ကိုပေါက်စလည်း

စိတ်ကိုလျော့ပစ်လိုက်ဟန်ရသည်။

 

“ဒါဆိုရင်လည်းကျုပ်စိတ်ချပါပြီဘွားရယ်…

ကျုပ်ရွာကမိဘများကိုလည်းပြောပေးပါဦး…

ကျုပ်အတွက်ကုသိုလ်ပြုပေးတုန်းက

ဒင်းကိုမုန်းတဲ့စိတ်နဲ့ သာဓုမခေါ်ခဲ့ရဘူးလေ…

အဲ့တာကြောင့်…အခုထပ်ပြီး

အလှူအတန်းလေးလုပ်ပေးပါဦးလို့

ပြောပေးပါတော်…”

 

“ကောင်းပြီ ငါ့သမီး…ဘွားပြောပေးပါ့မယ်…”

 

“ကျေးဇူးတင်ပါတယ်ရှင်…”

 

ကိုပေါက်စသည်ဘွားမယ်စိန်ကို

ကျေးဇူးတင်စကားဆိုပြီးနောက်နေရာ၌

ခွေကာလဲကျသွားတော့၏။

ကိုပေါက်စကိုဘွားမယ်စိန်ကိုယ်တိုင်ရေကိုမန်းပေးပြီး

တိုက်လေမှသတိပြန်ရလာခဲ့လေသည်။

ကိုလှထွန်းကိုတော့သူကြီးဦးနောင်ချိုကသူ့အိမ်၌

ဖမ်းချုပ်လို့ထား၏။

နောက်ရက်မိုးလင်းမှမြို့ဂတ်ကိုလိုက်ပို့ပေးမည်ဟုလည်း

ရွာသူ၊ရွာသားများကိုပြောထားရှာသည်။

ကိုလှထွန်း၏မိဘမောင်ဘွားများကတော့

သူကြီးအိမ်၌ငိုကြယိုကြ ကိုလှထွန်းကိုဆဲဆိုပြောဆိုကြဖြင့်

ဆူညံလို့နေခဲ့သည်။

ထိုနေ့ညနေက ဒေါ်ဝင်းခမျာလည်း

ကိုလှထွန်းအတွက်စိတ်မကောင်းဖြစ်လိုက်…

သေဆုံးသွားသည့်မအိုးစည်ကိုသနားလိုက်ဖြင့်

စိတ်တို့ရှုပ်ထွေးကာနေလေသည်။

နောက်ရက်မနက်ရောက်သည်နှင့်ကိုလှထွန်းကို

သူကြီးဦးနောင်ချိုတို့ကမြို့ဂတ်ကိုပို့သကဲ့သို့

ဘွားမယ်စိန်နဲ့မောင်တိုးတို့ကလည်းမအိုးစည်၏

မိဘများရှိရာရွာဆီသို့သွား၍

အကျိုးအကြောင်း​ပြောလေတော့သည်။

 

ထိုသို့ဖြင့် မအိုးစည်၏ဇာတ်လမ်းလေးလည်း

ပြီးဆုံးလို့သွားခဲ့ပါသည်။

 

ပြီးပါပြီ။

 

ယဥ်မင်း(ကန့်ဘလူ)

 

like and shareလေးတစ်ချက်လောက်နိပ့်ပေးပါရှင်