မိစ္ဆာနှင်ပွဲ

အောင်မြတ်သာနှင့်မိစ္ဆာနှင်ပွဲ

 

“ကျလိ ကျလိ ကျလိ”

ချိုသာအေးမြတဲ့ ငှက်မောင်နှံရဲ့ အော်မြည်သံကြောင့် သပြေပင်အောက်မှာ တရားထိုင်နေတဲ့ အောင်မြတ်သာရဲ့မျက်လုံးတွေ တစ်ဖြေးဖြေး ပွင့်ထွက်လာခဲ့တယ်။ စက္ကုအလင်းဖွင့်လိုက်တယ် ဆိုရင်ပဲ စိမ်းလန်းစိုပြေနေတဲ့ ရှုခင်းတွေကို စိတ်အေးချမ်းသာစွာ ဦးစွာမြင်တွေ့လိုက်ရတယ်။

“ငါ ဘယ်လောက်ကြာကြာ တရားထိုင်နေမိပါလိမ့်”

တစ်ကိုယ်ထဲတွေးတောရေရွတ်နေစဉ်အချိန်မှာပဲ မလှမ်းမကမ်းမှာ ဒူးထောင်ပေါင်ကားပြီး ထိုင်နေတဲ့ ဆာဒူးတစ်ပါးက အောင်မြတ်သာကို သွားဖြဲကာလှမ်းရီပြရင်း

“ ကောင်ကလေး မင်းတရားထိုင်နေတာ ငါးရက်တောင်ရှိသွားပြီကွဲ့…အခုတရားဖြုတ်ပြီးပြီး တော့ မင်းရဲ့ဝမ်းဗိုက်ထဲမှာ ပိုးပေါင်းများစွာ သောင်းကျန်နေကြတယ်မဟုတ်လား”

“ ဟုတ်တယ် ဆာဒူးကြီးရေ ကျုပ်ဝမ်းမီးက မအေးတာတော့အမှန်”

“ ဒါဖြင့် ဒီ သစ်သီးလေးစားလိုက်ဦး”

ဆာဒူးကြီးက ပြောရင်းဆိုရင်း လက်ထဲမှာကိုင်ထားတဲ့ သြဇာသီးတစ်လုံးကို အောင်မြတ်သာ ရှိရာဘက်ကိုပစ်ပေးလိုက်တယ်။ အောင်မြတ်သာလဲ သူ့ဆီပစ်ပေးလိုက်တဲ့ သြဇာသီးကို ဖမ်းယူ စားသောက်ပြီးချိန်မှာတော့ ရင်ဘတ်တစ်ခုလုံး အေးမြပြီး ခွန်အားတွေတိုးလာတာကို ခံစားမိလိုက် တယ်။

အောင်မြတ်သာ စားသောက်ပြီးချိန်မှာတော့ မလှမ်းမကမ်းမှာထိုင်နေတဲ့ ဆာဒူးကြီးက ရုတ်ချည်းပျောက်ကွယ်သွားခဲ့တယ်။ အောင်မြတ်သာလဲ ထိုင်နေရာမှ ထလိုက်ပြီး ထူးခြားအံ့သြဖွယ်ရာတွေနဲ့ပြည့်နှက်နေတဲ့ မဟာမြိုင်တောကြီးအတွင်း လှည့်ပတ်ကာ ကြည့်ရှု နေတဲ့အချိန် လူခါးစောင်းနီးပါးလောက်မြင့်တက်နေတဲ့ ညောင်ပင်နှစ်ပင်ကို မြင်တွေ့လိုက်တယ်။

ညောင်ပင်ကိုမြင်တော့ သူ့တပည့်နှစ်ယောက်ဖြစ်တဲ့ သက်ခိုင်နဲ့တောက်ရကို သတိရမိတဲ့ အချိန် ညောင်ပင်နှစ်ပင်က အသက်ဝင်လာတဲ့အလား ယိမ်းထိုးလှုပ်ရှားလာပါရော။(ဒီညောင်ပင် နှစ်ပင်က ဘယ်သူ့ကိုရည်စူးတယ်ဆိုတာ စာဖတ်သူတွေသိလောက်မယ်ထင်ပါတယ်)

အောင်မြတ်သာလဲ သက်ရှိတစ်ကောင်ပမာလှုပ်ရှားနေတဲ့ ညောင်နှစ်ပင်ကို လက်နှစ်ဖက်နဲ့ ထိတွေ့ကိုင်တွယ်လိုက်တော့မှ အကိုင်းအခက်တွေက အိမ်မွေးကြောင်လေးတစ်ကောင်လို အောင်မြတ်သာရဲ့ရင်ဘတ်ထဲတိုးဝင်လာခဲ့တဲ့အချိန် အောင်မြတ်သာက

“အိမ်း ငါပြည်တော်ပြန်ဝင်ဖို့ လိုလာပြီထင်တယ်” လို့ရေရွတ်လိုက်ပါတော့တယ်။

“ ဟေ့ ဟေ့ နေစောင်းတော့မယ် မြန်မြန်လုပ်ကြ ဆရာကြီးက ငါတို့ကို နေမဝင်ခင် ရွာအရောက်ပြန်ကြရမယ်လို့မှာထားတာ မမေ့ကြနဲ့ဦး”

ဦးခေါင်းမှာ လုံချည်တစ်ထည်ကိုပတ်ထားတဲ့ လူကြီးရဲ့စကားကြောင့် ကောက်စိုက်၊ ပျိုးနှုတ် နေကြတဲ့ တောင်သူလယ်သမားတွေအားလုံး လုပ်လက်စအလုပ်တွေကို လက်စသတ်ကာ အိမ်ပြန် ကြဖို့ ပြင်ဆင်ကြပါလေရော။

ကန်သင်းရိုးတစ်လျောက် အချင်းချင်းစနောက်သံ၊ လှောင်ပြောင်အော်ဟစ်သံတွေနဲ့အတူ ညနေခင်းအချိန်က အဓိပ္ပါယ်ပြည့်စုံနေခဲ့တယ်။ ရွာအဝင်နားကိုရောက်တော့ အသက်လေးဆယ် ဝန်းကျင်လူကြီးတစ်ယောက်က တိုက်ပုံရင်ဘတ်ဟပြဲကိုဝတ်ပြီး ရွာထိပ်မှာမတ်တပ်ရပ်နေတာ မြင်တော့ အိမ်ပြန်လာကြတဲ့သူတွေက

“ ဆရာကြီး ဘယ်လိုဖြစ်လို့ ရွာပြင်ထိ ထွက်စောင့်နေရတာလဲ”

“ အခုတစ်လော မင်းတို့ကိုစောစောပြန်ခိုင်းတဲ့အကြောင်းအရင်းကိုရော သိကြလား”

“ မသိဘူးဆရာကြီး ဘာဖြစ်လို့လဲ”

“ အေး ငါပညာအသိအရ မင်းတို့ရွာပတ်ဝန်းကျင်မှာ မ‌ကောင်းတဲ့အငွေ့အသက်တွေကို မြင်နေရတယ် ဒါကြောင့် နေမဝင်ခင်ရွာထဲကို အရောက်ဝင်လာဖို့မှာခဲ့တာ”

“ ဗျာ …..”

“ဟုတ်တယ် မဗျာနဲ့ အိမ်ပြန်ရောက်ပြီးတာနဲ့ ရေမိုးချိုးပြီး ကာလသားတွေကို စုထားလိုက်ဦး”

တစ်ရွာလုံးအားထားရတဲ့ ဆရာဖြစ်သူရဲ့စကားကို ရွာသားတွေမလွန်ဆန်ရဲတော့ပဲ ခပ်သုတ်သုတ်ထွက်သွားခဲ့တယ်။

ညနေမှောင်စပျိုးချိန်ရောက်တော့ ရွာအလယ်မှာဆောက်ထားတဲ့ ဆွမ်းလောင်းဓမ္မာရုံမှာ ကာလသားတွေစုရုံးရောက်ရှိနေခဲ့တယ်။

“ ဦးလွန်း …. ဆရာကြီးကို ခုထိမတွေ့သေးပါလား”

“အေး ငါလဲ လိုက်ရှာနေတာ … ဘယ်တွေများရောက်နေတာလဲမသိဘူး”

ဆရာကြီးပျောက်နေတယ်ဆိုတဲ့စကားကြောင့် ကာလသားတွေအကုန် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြတယ်။ အဲဒီအချိန်

“ ဘကြီးလွန်း ဘကြီးလွန်း….”

ဓမ္မာရုံအောက်ကနေ အမောတကော အော်ခေါ်နေတဲ့အသံကြောင့် အပေါ်မှာရှိနေတဲ့သူတွေ အားလုံး ပြေးဆင်းလာပြီး

“ဟေ့ ငကြွက် ဘာဖြစ်တာလဲ”

“ဆရာကြီး… ဆရာကြီး ရွာအပြင်မှာ သွေးအလူးလူးနဲ့ လူးလှိမ့်နေတယ်တဲ့”

“ ဟေ…..”

ငကြွက်စကားအဆုံးမှာ ကာလသားတွေအားလုံး ရွာအပြင်ကိုပြေးထွက်လာပြီး ကြည့်လိုက်တော့ ရွာဝင်အစပ်မှာ ဒဏ်ရာဗရပွနဲ့လူးလိမ့်နေတဲ့ ဆရာကြီးကိုတွေ့လိုက်ရတယ်။

“ဟေ့ အရမ်းမသွားနဲ့ဦး…”

မှောင်ကလဲမှောင်…လရောင်ကလဲ မသဲကွဲဖြစ်နေတဲ့အချိန်မို့ ဦးလွန်းက ကာလသားတွေကို ဟန့်တားလိုက်ပြီး သေချာကြည့်လိုက်တော့ ဆရာကြီးရဲ့ဘေးမှာ ကုန်းကုန်းကွကွနဲ့ လှုပ်ရှှားနေတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

“ ဟေ့ မလှုပ်နဲ့ ရပ်လိုက်စမ်း….”

ဦးလွန်းရဲ့ အော်ဟစ်သံကြောင့် ကာလသားတွေအားလုံး လက်ထဲမှာပါလာတဲ့ တုတ်၊ ဓါး တွေကိုအသင့်ပြင်ပြီး အနားကပ်ဖို့အလုပ်

“ လခွမ်းထဲမှပဲ….. လူနာက သေတော့မယ် မင်းတို့က အဝေးကနေ ဟန်တစ်ပြင်ပြင် လုပ်နေကြတယ် ဒီနားလာကြပါဟ”

ဆရာကြီးဘေးမှာ လှုပ်ရှားနေတဲ့ အရိပ်ဆီကနေ ထွက်လာတဲ့အသံကြောင့် ကာလသားတွေ အားလုံးသတိကြီးစွာထားပြီး အနားကိုတိုးကပ်လာခဲ့ကြတယ်။ အနားရောက်တော့ ဆရာကြီး ခန္ဓာကိုယ်မှာထွက်နေတဲ့ သွေးတွေကို လုံချည်စုတ်နဲ့သုတ်ပေးနေတဲ့ လူလတ်ပိုင်းယောင်္ကျား တစ်ယောက်ကိုတွေ့လိုက်ရတယ်။

“ ဟေ့ကောင်တွေ ကြောင်ပြီး မကြည့်နေနဲ့ သွေးတိတ်အောင်အရင်လုပ်ရမယ် လူနာကို ရွာထဲကိုခေါ်သွား”

ရွာသားတွေလဲ ဘယ်က‌ရောက်လာမှန်းမသိတဲ့ လူတစ်ယောက်ရဲ့စကားကို မလွန်ဆန်နိုင်ပဲ ညဉ်းညူအော်ဟစ်နေတဲ့ဆရာကြီးကိုထမ်းပိုးကာ ရွာထဲကိုခေါ်လာခဲ့လိုက်တယ်။ တစ်ကိုယ်လုံး ဓါးနဲ့မွှန်းထားသလို ဒဏ်ရာဗရပွဖြစ်နေတဲ့ဆရာကြီးကို သွေးတိတ်အောင်လုပ်ပြီးတဲ့ အချိန်မှာတော့ ဓမ္မာရုံထောင့်မှာ ထိုင်နေတဲ့လူက ထလာပြီး

“မင်းတို့ဆရာကြီးကို ဒုက္ခပေးသွားတဲ့သူတွေက မင်းတို့ကိုလဲ မကြာခင်ဒုက္ခရောက်အောင် လုပ်ကြဦးမယ်ထင်တယ်” လို့ပြောလိုက်တော့ ရွာသားတွေက

“ ကျုပ်တို့ဆရာကြီးကို ဘယ်သူက အခုလိုဖြစ်အောင်လုပ်လိုက်တာလဲ ခင်ဗျားကရော အခုမှ ဘယ်ကနေရုတ်တရက်‌ရောက်လာတာလဲ”

“ကျုပ်က ကိုယ့်လမ်းကိုယ်သွားနေရင်း ခင်ဗျားတို့ဆရာကြီး လဲကျနေတာတွေ့လို့ ဝင်ကူညီ လိုက်တာပဲရှိတယ် စေတနာကိုမစော်ကားကြနဲ့”

အရပ်ခပ်မြင့်မြင့် နှုတ်ခမ်းမွှေးစစရှိတဲ့လူရဲ့စကားကြောင့် ဦးလွန်းက ရွာသားတွေကို လက်ကာပြပြီး

“စိတ်မဆိုးပါနဲ့ဗျာ ကျုပ်တို့ဆီကလူတွေက စကားပြောမတတ်ကြတာပါ…မောင်ရင်ကိုလဲ တကယ်ကျေးဇူးတင်ပါတယ်”

“ အဲလိုပြောလိုက်ရင်ပြီးနေတာကို လူကိုများမယုံသလိုနဲ့…ကျုပ်အမြင်အရပြောရမယ်ဆိုရင် ခင်ဗျားတို့ရွာတော့ မကြာခင်ဒုက္ခရောက်တော့မယ်”

“ဟုတ်ပါတယ်ဆရာ အခုဒဏ်ရာရသွားတဲ့ ဆရာကလဲ အခုလိုပဲပြောပါတယ်…ကျုပ်တို့ရွာ လောက်အေးချမ်းတာ ကျုပ်တို့ရွာပဲရှိတယ်။ ဘယ်လိုကြောင့် ဒုက္ခတွေလာပေးနေကြလဲ မသိတော့ ပါဘူးဗျာ”

“အခု ဒုက္ခပေးနေတဲ့သူတွေက အတော်ကြောက်ဖို့ကောင်းတယ်ဗျ… ကျုပ်အမြင်ပြောရရင်..”

နှုတ်ခမ်းမွှေးစစနဲ့လူရဲ့စကားမဆုံးခင်မှာ ဆရာကြီး သတိပြန်လည်လာပြီး

“ အား… ကျွတ် ကျွတ် ကျုပ်ပညာတွေကို အဆင့်မြင့်လှပီထင်နေတာ ဒီမိစ္ဆာတွေနဲ့တွေ့မှ အများကြီးလိုအပ်နေသေးပါလားဆိုတာသိလိုက်ရတယ်”

“ မဟုတ်ဘူးဆရာကြီး…. ဆရာကြီးပညာက မနိမ့်ဘူးဗျ။ ဒါပေမယ့်… အမှားတစ်ခုခုကြောင့် သူတို့တွေရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတာ။ ဘာကြောင့်ဆိုတာ ကာယကံရှင်ကပိုသိမှာပေါ့ဗျာ”

နှုတ်ခမ်းမွှေးစစနဲ့လူရဲ့စကားအဆုံးမှာ ဆရာကြီးမျက်နှာကွက်ခနဲပျက်သွားပြီးမှ ဟန်မပျက် ပြန်နေရင်း….

“အင်း ကျုပ်လဲ အခုမထနိုင်သေးဘူးဆိုတော့ ဒီရွာလုံခြုံရေးကို ဧည့်သည်ကပဲ တာဝန်ယူပေး စေချင်ပါတယ်”

“ဟာ မဟုတ်တာဗျာ ကျုပ်လို ပညာစွမ်းသိပ်မရှိတဲ့လူက ဘယ်လိုကာကွယ်နိုင်မှာလဲ”

“ကိုယ့်ကိုကိုယ် မနှိမ့်ချပါနဲ့လူငယ်လေး… ငါမလဲကျခင် မင်းသုံးလိုက်တဲ့ ပညာက ငါ့မျက်နှာ ထိတိုင်အောင် လာရိုက်ခတ်တာကို ခံစားမိခဲ့တယ်။ ငါ့အထင်မမှားဘူးဆိုရင် မင်းက အထက်လမ်း ပညာတစ်ရပ်ရပ်ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားတယ်ဆိုတာပဲ”

“ အင်း ဒီလောက်ထိ ကျုပ်အကြောင်းသိနေတော့လဲ စွမ်းသလောက်ကူညီပေးရတော့မှာ ပေါ့ဗျာ။ ဒါနဲ့ ခင်ဗျားကို ဒီလောက်ထိဖြစ်အောင်လုပ်ခဲ့တဲ့သူတွေအကြောင်းကိုလဲ ကျုပ်သိအောင် ပြောပြပါဦး”

“ သူတို့အကြောင်းကို မနက်ကျရင် ကျုပ်ပြောပြပါ့မယ် ဒီညတော့ ကျုပ်နားချင်ပြီဗျာ”

“ ဟုတ်သားပဲ ခင်ဗျားလဲ ဒဏ်ရာတွေနဲ့ဆိုတော့ သက်သာသလိုနားပါ… ကျုပ်လဲ အခြေအနေကို အကဲခတ်ပြီး စောင့်ကြည့်နေပေးပါ့မယ်”

ရွာသားတွေလဲ ဆရာကြီးကို တွဲထူပြီး နေတဲ့အိမ်ကိုပြန်လိုက်ပို့တဲ့အချိန် ဧည့်သည်က ဓမ္မာရုံပေါ်ကနေဆင်းပြီး ရွာထိပ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ရွာအပြင်ကိုရောက်တော့ အကိုင်းအခက်တွေထူထပ်စွာပေါက်နေတဲ့ သရက်ပင်အောက်ကိုသွားပြီး ပင်စည်ကို လက်နဲ့ပုတ်ကာ

“ကဲ ကဲ ဒီအပင်မှာနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဝါအရင့်ဆုံးသူ ကျုပ်ဆီလာခဲ့ပါဦး” လို့ပြောလိုက် တော့ သရက်ပင်ပေါ်ကနေ ဘုတ်ခနဲခုန်ဆင်းလာတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

တစ်ကိုယ်လုံး ဝက်မွှေးတွေလိုအမွှေးကြမ်းတွေပေါက်နေပြီး လူသုံးဖက်စာလောက်ရှိတဲ့ ကိုယ်လုံးနဲ့ အကောင်က ကျောပေးရပ်နေရင်း

“ငါ့ကိုခေါ်တာဘာလုပ်ဖို့လဲ….”

“ အေး အေး သင်က ဒီမှာ ဝါအရင့်ဆုံးပုဂ္ဂိုလ်ထင်တယ်…. ဒီမှာနေတာ ဘယ်လောက်ကြာပီလဲ”

“ ငါ ဒီမှာနေတာ နှစ်သုံးဆယ်ရှိပြီ…”

“ဒါဆို ညနေက ဖြစ်သွားတဲ့အဖြစ်အပျက်တွေကို သင်တို့မြင်တွေ့ကြမှာပေါ့”

“အင်း ငါတို့အကုန်လုံးမြင်ကြတယ်….”

“ကောင်းပြီ ဒီရွာက ဆရာကို ဒဏ်ရာရတဲ့ထိ လုပ်ခဲ့ကြတဲ့သူတွေက ဘယ်သူတွေလဲ…. ဘာအတွက်ကြောင့်လုပ်ရတာလဲဆိုတာ အမှန်တိုင်းပြောပါ”

“ ငါသိတာက ဒီရွာကဆရာမှာ သီလပိုင်းနဲ့ပတ်သက်ပြီး အားနည်းချက်ရှိနေတယ်။ ဒီလို အားနည်းအောင်လဲ တမင်တကာလုပ်ထားတာ”

“ ပြောပါဦး ဘယ်လိုတမင်တကာလုပ်တာလဲ…ဇာတ်လမ်းက စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ”

“ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်လောက်က ဒီနေရာမှာပဲ ဆရာဝိုင်းနဲ့ ဆရာစိမ်းတို့ ပညာပြိုင်ခဲ့ ကြတယ်။ အဲဒီတုန်းက အခုဒီရွာမှာနေတဲ့ဆရာက အနိုင်ရခဲ့တယ်။ ဒါကိုမကျေနပ်တဲ့ ဆရာစိမ်းက လူမြင်ကွင်းကနေ နှစ်ပေါင်းအတော်ကြာပျောက်သွားပြီး လွန်ခဲ့တဲ့လကမှ အလွန်ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့အတူ ဒီရွာအနီးတစ်ဝိုက်မှာပြန်ပေါ်လာခဲ့တယ်”

“အဲဒီတော့ ဘာတွေဆက်ဖြစ်လဲ”

“ဆရာစိမ်းနဲ့ပါလာတဲ့ မိန်းကလေးက တစ်ခါတစ်လေ ရွာထဲကို မုန့်လာရောင်းသလိုလို၊ အထည်လာရောင်းသလိုလိုနဲ့ မအူမလည်လာရောက်တတ်တယ်။ တစ်ရက်မှာတော့ ဆရာဝိုင်းနဲ့ အထည်ရောင်းတဲ့မိန်းမကို ရယ်ရယ်မောမောစကားပြောနေတာကို တွေ့ခဲ့တယ်”

“ဒါကြောင့် သင်က ဆရာရဲ့သီလပိုင်းပျက်နေတယ်ဆိုပြီးပြောချင်တာလား”

“ဟုတ်တယ် ဘာကြောင့်ဆိုတော့ အရင်ကဆိုရင် ဆရာဝိုင်းလာပြီးဆိုရင် ကျုပ်တို့အားလုံး အနားမှာနေလို့မရအောင်ပူလောင်မှုကိုခံစားရတယ်။ ဒီနေ့မှာတော့ ကျုပ်တို့အဲလိုခံစားမှုကို မရရှိခဲ့ ကြဘူး”

“ဒီညဖြစ်စဉ်မှာ ဆရာဝိုင်းကို တိုက်ခိုက်ခဲ့တဲ့သူတွေက သာမန်လူတွေလား၊ ပညာသည်တွေ လား”

“မဟုတ်ဘူး…..တစ်ခုမှမဟုတ်ဘူး။ ဒီညတွေ့လိုက်တဲ့သူတွေက တစ်ကိုယ်လုံး မြေကြီးတွေ၊ ရွှံဗွက်တွေပေကျံနေပြီး အသားတွေကလဲ ဝါထိန်နေကြတယ်။ သူတို့က မျက်တောင်လဲ မခတ်ကြ သလို၊ ကြောက်လန့်မှုလဲမရှိကြဘူး”

“ သင်ပြောတာကို ကျုပ်ပြန်စဉ်းစားလိုက်ပါဦးမယ်….အခုတော့သင်ပြန်လို့ရပါပြီ”

နှုတ်ခမ်းမွှေးစစနဲ့လူရဲ့စကားအဆုံးမှာ ကျောပေးထားတဲ့ ပုဂ္ဂိုလ်က သရက်ပင်ပေါ်ကို ကုတ်တွယ်ကာ ပြန်တက်သွားခဲ့တယ်။

နောက်တစ်နေ့မနက်ရောက်တော့ ဓမ္မာရုံပေါ်ကို ဦးလွန်းရောက်လာပြီး

“ မောင်ရင်ရေ ဆရာကြီးကတော့ ညကဖြစ်တဲ့အရှိန်ကြောင့် မထနိုင်ဘူးဖြစ်နေတယ် ဒီညတော့ တို့တွေဘယ်လိုဆက်လုပ်ကြမလဲမသိပါဘူးကွယ်”

“ အခုဖြစ်တဲ့ပြဿနာရဲ့အကြောင်းရင်းကိုသေချာမသိတဲ့အတွက် ဒီတစ်ညတော့ သတိ ဝိရိယနဲ့နေကြရဦးမှာပဲ…ဦးကြီးတို့အနေနဲ့ ကျုပ်ခွင့်ပြုချက်မရပဲ ညဘက်အပြင်ကိုမထွက်ကြပါနဲ့လို့ မှာချင်ပါတယ်”

“အော် ဒါနဲ့ မောင်ရင်က ကျုပ်တို့ရွာကိုရောက်နေတာ တစ်ရက်တောင်ပြည့်တော့မယ် အခုထိ နာမည်မမေးရသေးဘူး….. ဦးကြီးနာမည်က ဦးလွန်းလို့ခေါ်တယ်…. မောင်ရင်နာမည်ကရော…”

“ ကျုပ်နာမည်က သက်ခိုင်ပါ….နာမည်မခေါ်ချင်လဲ ဦးကြီးတို့အဆင်ပြေသလိုခေါ်လို့ရ ပါတယ်”

“ အေးပါ အေးပါ ကျုပ်လဲရွာသားတွေကို နေမဝင်ခင် ရွာထဲအရောက်ပြန်ဖို့ သတိပေးထားပါတယ် မောင်ရင်အနေနဲ့ လိုအပ်တာရှိ အချိန်မရွေးပြောပါ..အခုက ဘာဖြစ်လို့ ဖြစ်မှန်း မသိတဲ့အခြေအနေဖြစ်နေတာမို့ ဦးကြီးတို့လဲ တတ်နိုင်တဲ့ဘက်က ကူညီပေးပါရစေ”

ဦးလွန်းလဲ သက်ခိုင်ကို စကားစမြည်ပြောပြီး လယ်လုပ်ငန်းဝင်ရန် ရွာအပြင်ကို ထွက်သွား ခဲ့တယ်။ ညနေစောင်းတော့ အလုပ်ဆင်းကြတဲ့သူတွေအကုန်ပြန်ရောက်လာတဲ့အချိန် သက်ခိုင် ကတော့ ရွာအပြင်နယ်နိမိတ်အစပ်မှာ မိုင်းကိုင်စက္ကူအချို့နဲ့အလုပ်ရှုပ်နေခဲ့တယ်။

ညဘက်ရောက်တော့ တစ်ရွာလုံး အပ်ကျသံမျှပင်မကြားလောက်အောင် တိတ်ဆိတ် ခြောက်ကပ်နေခဲ့ပေမယ့် သက်ခိုင်ကတော့ ရွာအဝင်ဝထိပ်အမှောင်ထုထဲမှာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေခဲ့တယ်။ ညသန်းခေါင်အချိန်ရောက်တော့ တောခွေးအချို့ရဲ့အူသံနဲ့အတူ ရွာအနီးနားကို အရိပ်မဲမဲတစ်ချို့ ချဉ်းကပ်လာခဲ့တယ်။

သက်ခိုင်လဲ အမှောင်ထုထဲကနေ အခြေအနေကိုစောင့်ကြည့်နေခဲ့ရာ အရိပ်မဲမဲတွေက ရွာခြံစည်းရိုးအစပ်နားလဲရောက်ရော အရှေ့ကိုဆက်မတိုးလာတော့ပဲ လာရာလမ်းအတိုင်း ပြန်လှည့် ပြန်သွားတာကိုမြင်လိုက်ရတယ်။ မကြာခင် ရွာအပြင်အမှောင်ထုထဲကနေ ခပ်သုတ်သုတ် လျောက်လာတဲ့ လူတစ်ယောက်ကိုမြင်တော့ ရွာထဲကိုပြန်ဖို့လုပ်နေတဲ့ သက်ခိုင်တစ်ယောက် အမှောင်ထုထဲကိုပြန်ဝင်လိုက်ပြီး ကြည့်လိုက်တော့ အသက် ငါးဆယ်အရွယ် လူကြီးတစ်ယောက်ကို လရောင်အောက်မှာမြင်လိုက်ရတယ်။

ဖျင်ကြမ်းအင်္ကျီရှည်ကိုဝတ်ထားပြီး လွယ်အိတ်တစ်လုံးလွယ်ထားတဲ့ လူကြီးက ရွာခြံစည်းရိုး အနားကိုရောက်တော့ မုဆိုးထိုင်ထိုင်လိုက်ပြီး သက်ခိုင်မြုပ်ထားတဲ့ အင်းစမတွေကို ဖယ်ရှားဖို့ ကြိုးစားနေတဲ့အချိန်

“ ဟေ့လူ ခင်ဗျားက အတင့်ရဲလှချည်လား”

အမှောင်ထုထဲကနေ ထွက်လာတဲ့သက်ခိုင်စကားကြောင့် ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့ လူကြီးက ဘေးဘီကိုလှည့်ကြည့်လိုက်ပြီး

“ လက်စသတ်တော့ မင်းလုပ်ထားတာကိုး…”

“ဟုတ်တယ် ဒီအစီရင်တွေက ကျုပ်လုပ်ထားတာ…ဒါနဲ့နေပါဦး ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ ဒီရွာကိုဒုက္ခပေးချင်နေတာလဲ”

စကားပြောရင်း အပြင်ကိုထွက်လာတဲ့ သက်ခိုင်ကိုမြင်တော့ ဖျင်ကြမ်းအင်္ကျီဝတ်ထားတဲ့ လူကြီးက မတ်တပ်ထရပ်လိုက်ပြီး

“ ဒီရွာက ငါ့တို့မိသားစုကို ဒုက္ခရောက်အောင်လုပ်ခဲ့ကြတယ်….ဒါကြောင့် တစ်ရွာလုံး သေချင်းဆိုးနဲ့သေအောင် ငါလုပ်မလို့ဟေ့”

“ ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲ…..ခင်ဗျားကို ဒုက္ခရောက်တယ်လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်ကို ကျုပ်ကိုပြောပါဦး”

“ ငါက အထက်လမ်းပညာကိုလိုက်စားရင်း လမ်းလွှဲပြီး အောက်လမ်းပညာရော အထက်လမ်း ပညာကိုပါ သုံးနိုင်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါကို မောင်ဝိုင်းကသိတော့ ငါ့ကို လူတွေအလယ်မှာ မျက်နှာမဖော်နိုင်အောင် လုပ်ပစ်ခဲ့တယ်လေ။ သူ့ကြောင့် ငါတို့မိသားစု ရွာကနေ နှင်ထုတ်ခံထိခဲ့တာ။ ငါတို့ကို မတူသလို မတန်သလိုဆက်ဆံခဲ့တဲ့ ဒီရွာကလူတွေအကုန် ငါ့အကြောင်းသိစေရမယ်”

“ဒီလိုတော့လဲဘယ်ဟုတ်မလဲ ဦးကြီးရာ… ဘယ်သူဖြစ်ဖြစ် အောက်လမ်းပညာရပ်ကို တတ်ကျွမ်းတယ်ဆိုထဲက စိတ်ထဲစိုးရိမ်မှုတွေဖြစ်လာမှာပဲ… ဒီအတွက်ကြောင့် တစ်ရွာလုံးကို ဒုက္ခ ရောက်အောင်လုပ်မယ်ဆိုတာ မဟုတ်သေးပါဘူးဗျာ”

“ဟေ့ မင်းမသိရင် ပါးစပ်ပိတ်ထား…. ငါလုပ်ချင်တာ ဒီရွာကလူတွေကိုပဲ…. မင်းက ဘေးကနေအသာနေစမ်းပါ”

“ အို ကျုပ်နေလို့ဘယ်ဖြစ်မလဲ…. ကျုပ်တို့ဒီပညာကိုသင်ယူထဲက ခုနှစ်ရက်သားသမီး ဒုက္ခ ရောက်စေမယ့် မည်သည့်ကိစ္စကိုမဆို ကူညီပေးမယ်လို့ ကတိသစ္စာပြုထားပြီးသား… ဒါကြောင့် ကျုပ်အသာမနေနိုင်ဘူး”

 

“ အဟက်ဟက် စကားကတော့ အရမ်းကြီးကျယ်လွန်းတယ် မောင်ရင်ရာ….. ဒါဖြင့်လဲ ငါ့ကို အနိုင်တိုက်ပြီး ဒီရွာကိုကယ်တင်လိုက်ပေါ့။ မင်းထက်ပညာရည်မြင့်တဲ့သူတောင် ဘယ်လိုဖြစ် သွားတယ်ဆိုတာ မြင်တယ်မဟုတ်လား”

ဖျင်ကြမ်းအင်္ကျီဝတ်လူကြီးရဲ့စကားအဆုံးမှာ သက်ခိုင်က ပခုံးနှစ်ဖက်ကိုတွန့်လိုက်ပြီး

“ ဒါဖြင့်လဲ ကျုပ်ကိုအနိုင်တိုက်ပြီးမှ ရွာကို ဒုက္ခပေးပါဗျာ”

သက်ခိုင်စကားအဆုံးမှာ လူကြီးက မျက်မှောင်ကျုံ့လိုက်ပြီး ကိုယ်မှာလွယ်ထားတဲ့ လွယ်အိတ်ထဲကနေ လက်တစ်ဆစ်အရွယ်ရှိတဲ့ ဘူးကိုထုတ်ယူကာ မြေကြီးပေါ်ကို ဖြန်းချလိုက်တယ်။

“ ငါ့ကောင်တွေက ဒီသွေးနံ့ကို အရမ်းကြိုက်ကြတာ….မင်းသူတို့ကို အရင်ထိန်းကြည့်ပါဦး” လို့ပြောပြီး ဘေးမှာရပ်နေခဲ့တယ်။

မကြာခင် အမှောင်ထုထဲကနေ ခြေကားယား လက်ကားယားနဲ့ ပြေးထွက်လာကြတဲ့ အရိပ် အချို့ကိုမြင်တွေ့လိုက်ရတယ်။

“ဟင် …. အလောင်းကောင်တွေပါလား”

သက်ခိုင်ရဲ့ အာမေဋိတ်အသံကြောင့် ဖျင်ကြမ်းအင်္ကျီဝတ်ထားတဲ့လူကြီးက ဟက်ဟက် ပက်ပက််ရယ်လိုက်ပြီး

“ သိပ်သေချာတာပေါ့ ဒီပညာရပ်က ငါအနှစ်နှစ်အလလ လေ့ကျင့်ခဲ့တဲ့ ဖုတ်သွင်းခြင်းပညာပဲ..”

သက်ခိုင်လဲ အပုတ်ရည်တွေ တစ်တောက်တောက်ကျပြီး အသားရည်တွေ ဖောသွပ်နေတဲ့ အလောင်းကောင်တွေအနားမရောက်ခင်မှာပဲ အသင့်ရှိနေတဲ့ တန်ပြန်စမအင်းကွက်ကိုထုတ်ကာ အရှေ့တစ်လံအကွာကို ပစ်ချလိုက်တယ်ဆိုရင်ပဲ ရွှေရောင်တစ်လက်လက်ထနေတဲ့ အကာအကွယ် တစ်ခုက မြေကြီးထဲကနေ ထွက်ပေါ်လာခဲ့တယ်။

“ မင်းလဲ ခေသူမဟုတ်ပေဘူးပဲ…..”

ဖျင်ကြမ်းအင်္ကျီဝတ်လူကြီးရဲ့ချီးကျူးသံကြောင့် သက်ခိုင်က ခေါင်းညွှတ်ကာ ခနဲ့တဲ့တဲ့ ပြုံး လိုက်ပြီး

“ ဒီတန်ပြန်စမကို ခင်ဗျား ဖုတ်ကောင်တွေက ဖြတ်နိုင်ပါ့မလား”

သက်ခိုင်စကားကို လူကြီးက ဘာမှမပြောပဲ လွယ်အိတ်ထဲကိုလက်ထည့်ပြီး နီညိုရောင် ရွှံ့နဲ့ ထုလုပ်ထားတဲ့ အရုပ်နှစ်ခုကို တန်ပြန်စမအရှေ့ကို ပစ်ချကာ မန္တာန်တစ်ခုကိုရွတ်ဖတ်လိုက်တယ် ဆိုရင်ပဲ ရွှံ့ရုပ်ထုကနေ ဝါကျင်ကျင်အစွယ်နှစ်ခုနဲ့အလွန်အကျဉ်းတန်တဲ့ နာနာဘာဝနှစ်ကောင် ဖြစ်သွားခဲ့တယ်။

သဏ္ဍာန်ပြောင်းနာနာဘာဝတွေက ဖုတ်ကောင်တွေ ပြေးဝင်လာမယ့်တန်ပြန်စမကွက် ရှိတဲ့ နေရာကို ဝမ်းလျားထိုးမှောက်ကာ ခံလိုက်တယ်ဆိုရင်ပဲ “ဖြောင်း….ဖြောင်း…. ဝုန်း”ဆိုတဲ အသံနဲ့ အတူ အနောက်ကိုဆယ်ပေခန့်လွှင့်ထွက်သွားခဲ့ပြီး တစ်စစီဖြစ်သွားခဲ့တယ်။

သက်ခိုင်လဲ ရုတ်တရက်ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် တန်ပြန်စမကိုကြည့်လိုက်ရာ အကာအကွယ်လုပ်ထားတဲ့နေရာမှာ လူတစ်ကိုယ်စာဝင်လို့ရတဲ့ အပေါက်တစ်ခု ပေါက်ထွက် သွားတာကိုမြင်လိုက်ရတယ်။

အဲဒီအချိန် အလောင်းကောင်တွေက လျင်မြန်တဲ့အရှိန်နဲ့ ပေါက်ထွက်သွားတဲ့ နေရာကနေ သက်ခိုင်ရှိတဲ့ဘက်ကို ပြေးဝင်လာတဲ့အချိန် လေချွန်သံလိုအသံတစ်ခုနဲ့အတူ အလောင်းကောင်တွေ အရုပ်ကြိုးပြတ်သလိုလဲကျသွားခဲ့တယ်။

ဖျင်ကြမ်းဝတ်လူကြီးကလဲ ရုတ်တရက်အသက်မဲ့သွားတဲ့ အလောင်းကောင်တွေကို ကြည့်ပြီး အခြားတစ်ယောက်ဝင်နှောက်ယှက်မှန်းသိတာနဲ့ အမှောင်ထုထဲကို ဝင်ပြေးဖို့ကြိုးစားခဲ့ပေမယ့် ခြေထောက်နှစ်ဖက်က လှုပ်မရအောင်ဖြစ်နေခဲ့တယ်။

သက်ခိုင်လဲ သူ့ကိုစောင့်ကြပ်နေတဲ့ အင်းစောင့်ပုဂ္ဂိုလ်တွေ အကူအညီပေးမှန်းသိတော့ အားတက်သွားပြီး အပေါ်ကိုမော့ကြည့်လိုက်တော့ အင်းစမကွက်တွေရေးဆွဲထားတဲ့ ယပ်တောင်ကို ကိုင်ကာ မတ်တပ်ရပ်နေတဲ့ ကိုယ်စောင့်ပုဂ္ဂိုလ်နှစ်ပါးကိုမြင်လိုက်ရတယ်။ လက်ဦးဆရာသခင်ဖြစ်တဲ့ အောင်မြတ်သာထွက်သွားပြီးနောက်ပိုင်း ပျောက်ကွယ်သွားတဲ့ ကိုယ်စောင့်ပုဂ္ဂိုလ်နှစ်ပါးကို မြင်လိုက်ရတော့ သက်ခိုင်အားတက်သွားပြီး မိမိကိုယ်တိုင်ရေးဆွဲတီထွင်ထားတဲ့ ခရုခွေအင်းကို ထုတ်ယူကာ ဖျင်ကြမ်းအင်္ကျီဝတ်ထားတဲ့လူရှိရာဘက်ကိုပစ်လွှတ်လိုက်တယ်။

အကြိမ်ကြိမ်အခါခါစမ်းသပ်သမျှ မအောင်မြင်တဲ့ ခရုခွေအင်းက ဖျင်ကြမ်းအင်္ကျီဝတ်ထားတဲ့ လူရဲ့ခေါင်းပေါ်မှာ လက်ယာရစ်သုံးကြိမ်တိတိ ပျံဝဲပြီးတဲ့အချိန် လူတစ်ကိုယ်လုံး လေပေါ်ကို မြောက်တက်လာတာမြင်လိုက်ရတယ်။

“ မင်း မင်း ငါ့ကိုဘာလုပ်လိုက်တာလဲ…..”

ဖျင်ကြမ်းဝတ်လူကြီးက ကြောက်လန့်တစ်ကြားအော်ဟစ်နေတဲ့အချိန် ခရုခွေအင်းက တစ်ဖြေးဖြေးစတင်ရစ်ပတ်ပါလေရော။

“ ဟေ့ ဟေ့ ငါ့ကိုလွှတ်စမ်း….သတ္တိရှိရင် ငါ့ကိုလွှတ်ပေးစမ်း”

ရုန်းကန်အော်ဟစ်ရင်း လေပွေလိုရစ်ပတ်ခံထိနေတဲ့လူကြီးရဲ့ ကိုယ်ထဲကနေ နီညိုရောင် အလင်းတန်းတွေအပြင် အနက်ရောင်အလင်းတန်းတွေထွက်ပေါ်လာခဲ့တယ်။ ထွက်ပေါ်လာတဲ့ အလင်းတန်းတွေက ခရုခွေပတ်ရဲ့အပြင်ဘက်ကိုမထွက်ပဲ အတွင်းထဲမှာဝေ့ဝိုက်ကာ ခေါင်းတည့်တည့်မှာရှိနေတဲ့ စမကွက်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တာကို မြင်လိုက်ရတယ်။ ဆယ်မိနစ်ခန့် ရစ်ပတ်ပြီးတဲ့အချိန်မှာတော့ လေပေါ်မှာလှည့်ခံထိနေတဲ့ လူကြီးက အရုပ်ကြိုးပြတ် ဆိုသလို မြေပေါ်ပြုတ်ကျလာခဲ့တယ်။

ခရုခွေအင်းကတော့ ပိတုန်းတစ်ကောင်လို ဖျင်ကြမ်းဝတ်လူကြီးရဲ့ တစ်ကိုယ်လုံးအပေါ်ကို လှည့်ပတ်ပျံသန်းရင်း ကျန်ရှိနေတဲ့ အငွေ့အသက်တွေကို စုတ်ယူနေခဲ့ရာကနေ အားလုံးကုန်စင်ပြီ ဆိုတော့မှ သက်ခိုင်လက်ပေါ်ကိုပြန်လည်ရောက်ရှိခဲ့တယ်။

“ အတော်ကိုဆိုးရွားတဲ့ အပုတ်နံ့တွေပါလား”

သရက်ပင်အနောက်ကနေထွက်လာတဲ့အသံကြောင့် သက်ခိုင်ဝမ်းသာအားရ လှည့်ကြည့် လိုက်ရာ ယောဂီဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားတဲ့ ဆရာဖြစ်သူကိုမြင်လိုက်ရတယ်။

“ ဟာ…. ဆရာ…. ဘယ်လို….ဘယ်လိုဖြစ်..”

“ မေးချင်တာရှိနောက်မှမေး…. ဒီအလောင်းကောင်တွေကို အရင်ရှင်းဖို့လုပ်ပါဦး သူတို့ကိုယ်ကထွက်တဲ့အပုတ်နံ့က အတော်ကိုဆိုးသဟေ့”

သက်ခိုင်လဲ အောင်မြတ်သာစကားကြောင့် မြေပေါ်မှာလဲကျနေတဲ့ လူကြီးကိုဆွဲထူလိုက်ပြီး

“ ခင်ဗျားကို အခု ရွာသားတွေလက်ထဲ အပ်လိုက်မယ်ဆိုရင် ဘာဖြစ်သွားမယ်ထင်လဲ”

“ ကျုပ်ပညာတွေမှမရှိတော့တာ သူတို့လုပ်တာခံရုံပဲရှိတာပေါ့”

“ဟုတ်တယ် သူတို့က ခင်ဗျားကို တစ်စစီလုပ်ပစ်ကြလိမ့်မယ်..ဒါကြောင့် အခုချက်ချင်း ဒီကနေထွက်သွားပါ… ခင်ဗျားကိုပညာသိမ်းလိုက်လို့ မကျေနပ်တဲ့သူရှိရင်လဲ ကျုပ်ဆီအချိန်မရွေး လာခဲ့ပါလို့ စကားပါးလိုက်ပါတယ်”

သက်ခိုင်စကားအဆုံးမှာ လဲကျနေတဲ့လူကြီးက ယိုင်တိယိုင်တိုင်မတ်တပ်ထရပ်လိုက်ပြီး အမှောင်ထုထဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

“ဆရာ ဒီအလောင်းကောင်တွေကို ရှင်းဖို့ ရွာသားတွေကို အကူအညီတောင်းရတော့မယ် ထင်ပါတယ်ဗျာ”

“ နေ..နေ သက်ခိုင် ရွာသားတွေကို ဒုက္ခမပေးပါနဲ့…. သူတို့လာတုန်းကလို ဖုတ်ပြန်သွင်းပြီး မူလနေရာကိုပြန်ပို့လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်”

“ ဟို.. အဲလိုလုပ်ဖို့ ကျွန်တော်မှ အဆင်မပြေတာ”

သက်ခိုင်စကားကို အောင်မြတ်သာက မကြားချင်ယောင်ဆောင်ပြီး လဲကျနေတဲ့ အလောင်း ကောင်တွေရဲ့ကိုယ်ပေါ်ကို ရွာထိပ်မှာပေါက်နေတဲ့ ညမွှေးပန်းကိုခူးယူကာ တင်ပေးလိုက်ပြီး

“ကဲ… ဒီအနီးတစ်ဝိုက်မှာ ကျင်လည်ကျက်စားနေကြတဲ့ နာနာဘာဝ ဝိနာဘာဝအပေါင်းတို့ အခုကျုပ်တို့အရှေ့မှာရှိနေတဲ့အလောင်းကောင်တွေရဲ့ကိုယ်ထဲကို ခေတ္တဝင်ရောက်ပြီး လာရာ လမ်းအတိုင်းပြန်သွားနိုင်ဖို့ ကူညီကြပါဦး” လို့ပြောလိုက်တယ်ဆိုရင်ပဲ ပုတ်ပွနေတဲ့ အလောင်းကောင်တွေက ချက်ချင်းမတ်တပ်ထရပ်ကာ လာရာလမ်းအတိုင်း လှည့်ပြန် သွားခဲ့ကြတယ်။

အားလုံးပြီးစီးသွားတော့မှ အောင်မြတ်သာက

“မင်းရဲ့စိတ်ကူးအတွေးနဲ့ ဖန်တီးထားတဲ့ ခရုခွေအင်းက မဆိုးဘူး…. မကောင်းတဲ့ပညာရပ်တွေကို စုပ်ယူတဲ့စမအက္ခရာတွေကိုထည့်သွင်းရေးဆွဲထားတဲ့အတွက် ပိုပြီး သင့်တော်သွားတာ… တော်ပါပေတယ်”

“ ကျွန်တော်လဲဆရာမရှိတဲ့နောက်ပိုင်း ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ စိတ်ကူးပေါ်ရာ လုပ်ကြည့်လိုက်တာပါ…”

“ မင်းခုနက ပညာနှုတ်လိုက်တဲ့သူမှာ အရမ်းအားကိုးရတဲ့ မယ်ညှာဆိုတဲ့သမီးတစ်ယောက်ရှိ တယ်….သူက မွေးရာပါပညာပါတဲ့သူ… သူ့ရဲ့ထူးခြားချက်က ပညာကိုထုတ်ချင်တဲ့အချိန်ထုတ်လို့ ရတာပဲ…ဒါကြောင့် ဒီရွာက ဆရာ ဒုက္ခရောက်ရတာပဲ”

“ဟုတ်မယ်ဆရာ… ဒီအကြောင်းတွေကို သူလဲဖွင့်ပြောရမှာရှက်လို့နဲ့တူတယ် ကျွန်တော်ကို တောင်မျက်နှာချင်းမဆိုင်တော့ဘူး”

“ကဲ … မင်းကအခု အဖေဖြစ်သူကို ပညာသိမ်းနိုင်ပေမယ့် တောက်ရကတော့ သမီးဖြစ်သူကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ မသိချင်ဘူးလား”

“ ဗျာ…. တောက်ရက ခုနကလူကြီးရဲ့ သမီးဖြစ်သူနဲ့ ဟုတ်လား”

“အေး ဟုတ်တယ် … မယ်ညှာက အသက်၁၆နှစ်မှာတင် ၁၂ကြိုးကိုစီးပြီး သွားနိုင်တဲ့ ပညာသည်တစ်ယောက်ဖြစ်နေခဲ့တာ..”

“ဒါဆို…. ကျွန်တော်တို့ သူ့ကိုသွားကူညီရမှာလား”

“ ဟအင်း ငါတို့မကူညီဘူး သူဘယ်လိုရင်ဆိုင်မလဲဆိုတာပဲ စောင့်ကြည့်မယ်”

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်အတွေးထဲ တောက်ရရဲ့ရုပ်ပုံသဏ္ဍာန် ပေါ်လာခဲ့တယ်။ နောက်ဝတ္တုမှာတော့ တောက်ရနဲ့မယ်ညှာ ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ကိုတော့ အောင်မြတ်သာနှင့်ဆယ်နှစ်ကြိုးမယ်ညှာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

 

#ညမဖတ်ရ