မိန်းမကြာကူလီနှင့်လည်းကြိုးထမ်းသောနွားများ

*မိန်းမကြာကူလီနှင့်လှည်းကျိုးထမ်းသောနွားများ*📖📖📖

*********************************

   ညနေ၆နာရီ ခွဲပြီ။
လူတစ်ယောက်ကို ကိုမောင်မောင်မျှော်နေမိ
သည်။ ကလပ်တွေပါတီတွေနဲ့ ညတိုင်းအလုပ်
ရှုပ်နေတဲ့ သူ့ဇနီးကိုတောင် ဒီည မိတ်ဆွေ
တစ်ယောက်ဖ်ိတ်ထားတဲ့အတွက် ဘယ်မှ
မသွားဖို့ ပြောထားရသည်။
ခဏကြာတော့ ခြံစောင့် ဖိုးထူးက လူတစ်ယောက် နဲ့ ဧည့်ခန်းထဲရောက်လာသည်။
ထိုလူကိုမြင်လိုက်သည်နှင့် ကိုမောင်မောင်
အားရဝမ်းသာ ဖြစ်သွား၏။

“လာဗျို့ ကိုဇော်ဟိတ် လာမှလာပါ့မလားလို့ဗျာ”

“ပေးထားတဲ့ ကတိကို ကျနော် လွယ်လွယ်
မဖျက်တက်ပါဘူးဗျာ။

အနောက်တိုင်းဝတ်စုံကို သေသပ်ကျနစွာ
ဝတ်ဆင်ထားသောလူငယ်က ပြော၏။

“ကဲ  ခဏထိုင်ပါအုံးဗျာ ကျနော့် အမျိုးသမီး
တက်ခေါ်လိုက်အုံးမယ်၊ပြီးမှ သောက်ရင်း
စားရင်း စကားပြောကျတာပေါ့”

ကိုမောင်မောင် က ထို့သို့ ပြော၍ အိမ်ကြီး၏
အပေါ်ထပ်သို့ တက်သွား၏။
ဇော်ဟိတ်သည် ဧည့်ခန်းထဲ၌ ချိတ်ဆွဲ ထားသော
ပန်းချီကား များအား လိုက်၍ကြည့်နေ၏၊
လူတရပ်စာနီးပါးရှ်ိသော ပုံတူ ပန်းချီကား
တစ်ချပ်ရှေ့၌ သူ့အကြည့်တွေ က တန့်သွား၏။
ပန်းချီကား ကိုမြင်လိုက်သည့်နှင့် သူ၏
ဘယ်ဘက်ရင်ဘတ်က ဒုန်းခနဲ့ တစ်ချက်
မြည်သွား၏။တဆက်ဆက်လှုပ်နေတဲ့
ဘယ်ဘက်ရင်ဘတ်ကို လက်တဖက်ဖြင့်
ဖိထားရင်း ဇော်ဟိတ် မျက်စိကို အသာမှိတ်
နေလိုက်၏။

“ကိုဇော်ဟိတ် ဒါကျနော့် အမျိုးသမီး  ခင်မူယာ
တဲ့ ဗျာ ဘယ်နဲ့လည်း လှတယ်မို့လား”

အတွေးလွန်နေတဲ့ ဇော်ဟိတ် နောက်ဖက်က
ကိုမောင်မောင် ၏အသံကြားမှ သတိပြန်ဝင်လာသည်။ သူ၏ ခန္ဓာကိုယ် ကို
ချာခနဲ့လှည့်ပြီး ကိုမောင်မောင် ဇနီး အား

“ကျနော် ဇော်ဟိတ် ပါ တွေ့ရတာ အများကြီး
ဝမ်းသာပါတယ်ဗျာ “

“ခင်မူယာ ပါ ကျွန်မလည်း ကိုဇော်ဟိတ်
လိုပါပဲ”

သိပ်ပြီး မနှစ်မြို့လေဟန်ဖြင့် ခင်မူယာ က
ဇော်ဟိတ် အားလက်ဆွဲ နုတ်ဆက်သည်။
စားသောက်ရန်ပြင်ဆင်ထားသော အခန်း
ဆီသို့ ကိုမောင်မောင် က ဦးဆောင်၍
ခေါ်သွား ၏။နိူင်ငံခြားဖြစ် အရက်မျိုးစုံအပြင်
စားစရာ အလျံပယ်စီစဉ်ထား၏။
စားပွဲ ဝိုင်းသို့ သုံးယောက်စလုံးထိုင်မိတာနှင့်
ကိုမောင်မောင်က

“ကဲ ကိုဇော်ဟိတ် ရေ ခင်ဗျား စိတ်ကြိုက်
သာသုံးဆောင်ဗျာ။အပြင်မှာ ဧည့်ခံလို့ရပေမဲ့
ကျနော့် အိမ်ကို ရောက်ဖူးအောင်  ကိုဇော်ဟိတ်
ကို အိမ်မှာ ဖိတ်လိုက်ရတာပါပဲဗျာ”

ထိုအခါ ဇော်ဟိတ် ကတချက်ပြုံး၍

“ခဗျား မှာ မိန်းမလှလှလေး ရှိတာ ကြွားချင်
လို့ ဖိတ်မှန်း အစကတည်းက ကျနော်
သိပါတယ် ကိုမောင်မောင် “

“ဟုတ်လား ခဗျးဘယ်လိုလုပ်သိလဲ ကိုဇော်ဟိတ် “

“ဒါကဘာများခက်လို့လည်းဗျာ ယောက်ျား တွေ
ဟာသူတို့ မိတ်ဆွေ အပေါင်းသင်းတွေကုိ
အိမ်မှာဖိတ်တဲ့အခါ ကျနော့် မိန်းမလက်ရာ
ဘယ်လောက်ကောင်းတယ်ဆိုတာ
ခဗျားသိအောင် တစ်ရက်လောက်တော့
ကျနော့်အိမ်ကို ခဗျားကိုဖိတ်အုံးမယ်ဗျာ
ဆိုတဲ့လူဟာ သူလိုကိုယ်လို မိန်းမမျိုး ရထား
တဲ့သူဗျ။ဘာလို့လည်းဆိုတော့ သူ့မိန်းမရဲ့
ရုပ်ရည်က ညွှန်းလောက်အောင်မဟုတ်လေတော့
အချက်အပြုတ်ကောင်းတာကို ဂုဏ်ယူပြီး
အပေါင်းအသင်း မိတ်ဆွေတွေကို ခေါ်ကြွား
လေ့ရှိတယ်ဗျ။ကိုမောင်မောင်ကျတော့
ကျနော့်ကို ဖိတ်ကတည်းက ကျနော့်မိန်းမနဲ့
တွေ့ဖူးအောင် ကိုဇော်ဟိတ် ကျနော့်အိမ်ကို
ကြွခဲ့ပါအုံးဆိုကတည်းက ကိုမောင်မောင် မှာ
သိပ်လှတဲ့ မိန်းမရှိမှန်း ကျနော် တွက်မိပါ
တယ်ဗျာ။”

“ခဗျား ပြောတော့လဲ ဟုတ်နေတာပဲဗျို့”

ဆိုပြီး ကိုမောင်မောင် ကအားပါးတရ ရယ်တယ်။
ဒါကိုကြည့်ပြီး ခင်မူယာ ကတချက်မဲ့၍

“ကိုဇော်ဟိတ် ဒီလောက်တော်နေရင်လည်း
မောင့်လက်အောက်ကိုခေါ်သွင်းပြီး
အလုပ်ပေးလိုက်ပေါ့ မောင်ရယ်”

ထိုအခါ ကိုမောင်မောင် က အလွန်အားနာ
လေဟန်ဖြင့်

“ဘယ်လိုပြောလိုက်တာလဲ ခင်ရယ်
ကိုဇော်ဟိတ် အားနာစရာကောင်းလိုက်တာကွာ”

ထိုအခါ ဇော်ဟိတ် က ခင်မူယာ အား
မျက်လုံးချင်းဆုံအောင်ကြည့်၍

“အားနာစရာမလိုပါဘူး ကိုမောင်မောင်
ဝန်ထမ်း ဆိုတာ အင်မတန် ယဉ်ကျေးတဲ့
လူ့အသိုင်းဝိုင်းက သုံးနှုံးတဲ့ စကားဗျ။
မှန်တဲ့အတိုင်းပြောရရင် သူ့လက်အောက်က
သူ့ကျွန်ပါပဲလေ။ ကျနော် ကျွန် လုပ်ရတာ
သဘောမကျဘူး မခင်မူယာ”

ထိုစကားကိုကြားတော့ ခင်မူယာက
ထေ့ပြုံးတချက်ပြုံးသည်။

“ကဲထားပါ ဗျာ ကိုဇော်ဟိတ် ရေ အမှန်တိုင်း
ပြောရရင် ကျနော့် ကုမ္ပဏီ မှာ ကိုဇော်ဟိတ် လို
လူမျိုး ရှိစေချင်တယ်ဗျာ၊”

လက်ထဲက သောက်လက်စ အရက်  ဖန်ခွက် ကို စားပွဲပေါ် ဇော်ဟိတ်
ကပြန်ချလိုက်ပြီး

“အားမနာလို့တော့မဟုတ်ဖူး ကိုမောင်မောင်
ဝန်ထမ်း ဆိုတဲ့ လူတွေဟာ ၊ကျနော့်အမြင်
ပြောတာနော် ၊ကိုယ်ရဲ့ ရွှေထက်အဖိုးတန်တဲ့
အချိန်တွေကို စျေးပေါပေါနဲ့ ရောင်းစားလိုက်
ကျတဲ့သူတွေပဲဗျ၊သူ့လက်အောက်မှာ သူ့ဝန်ထမ်း
ဖြစ်ပြီဆိုကတည်းက ဘောင်တွေစည်းတွေ
အခက်ခံလိုက်ရပြီဗျ ၊၈နာရီ မှာ ရုံးတက်ရမဲ့
ဝန်ထမ်း ဟာ ၈နာရီ မှာ ရုံးချိန်မှီဖို့ နေ့တိုင်း
လုံလစိုက်ရတယ်ဗျ။၁၂နာရီမှာ နေ့လည်စာစား
၆နာရီကျ ရုံးဆင်း၊နောက်ရက်၈နာရီ ပြန်တက်
အင်မတန်ပျင်းစရာကောင်းတဲ့ သံပတ်ပေး
ထားတဲ့ အရုပ်တွေလိုပဲဗျ။ဒီကြားထဲ
Over. Time ဆိုပြီး မလုပ်ချင်ပဲ ဆက်လုပ်
နေရတာမျိုးတွေလည်းရှိတာပဲလေ။
ကျနော်ကတော့ လုပ်ချင်ရင်အကန့်သက်မရှိ
လုက်ချင်သလောက်လုပ်မယ်။မလုပ်ချင်တော့
ရင်လည်း အဲ့ဒီ နေရာတင်ရပ်လိုက်မယ်။
မလုပ်ချင်တာကြီး ဆက်လုပ်ပါဆိုတာမျိုးနဲ့
လုပ်လို့ စိတ်ပါနေတာကြီးကို အချိန်ကျလို့
ရပ်လိုက်ရတယ်ဆိုတာကြီးကို ကျနော်တော့
သဘောမတွေ့ဘူးဗျ။အဆိုးဝါးဆုံးအချက်က
ဝန်ထမ်းတွေဟာ သူတို့နယ်ပယ်မှာ သူတို့
လုပ်နေတဲ့ အလုပ်ကလွဲရင် ကျန်တဲ့နေရာ
တွေမှာ လုံးဝ သုံးစားလို့ မရသလောက်ကို
ဖြစ်ကုန်တာဗျ။ဘာလို့လဲဆိုတော့၊
သူတို့ အတွေးအခေါ်နဲ့ သူတို့ ဥာဏ်ရည်ဥာဏ်သွေးက နှစ်ပေါင်းများစွာ
လုပ်လာတဲ့ အလုပ်ထဲမှာ ပုံသေနည်းနဲ့
ဂိတ်ဆုံးကုန်ကျတာဗျ။တခြားနယ်ပယ်မှာ
သိပ်အသုံးမဝင်တော့ဘူး။ကျနော်ကတော့
ဘောင်တွေစည်းတွေ ခတ်မထားတဲ့
ပေါ်ပင် ကိုပိုကြိုက်တယ်။”

ဇော်ဟိတ် ပြောတာကို ကိုမောင်မောင် က
ခေါင်းတဆက်ဆက်ငြိမ့်ရင်း

“ခုမှ ကိုဇော်ဟိတ် ပြောလို့ ကိုယ့်ကိုယ်ကို
ပြန်ကြည့်မိတယ်။ဟုတ်တယ်ဗျ ကျနော် ပုံစံကလည်း  ပုံသေနည်းကျ
ဖြစ်လွန်းတယ်။သံပတ်ပေးထားတဲ့အရုပ်တွေ
နဲ့ တနေ့တခြား ပိုပြီးတူလာတယ်။ ကိုဇော်ဟိတ်
ပြောတာကို ကျနော် လက်ခံပါတယ်ဗျာ “

“မောင်ရယ် တချို့လူတွေက ကစွန်းပင်လို
အစားတွေမောင်ရဲ့၊ကန်စွန်းပင်ဟာလေ
ကြည့်လိုက်ရင် အမောက်တထောင်ထောင်
အညွန့်တလူလူနဲ့ မိုးပေါ်အထိ တက်မဲ့ပုံမျိုး၊
သူ့ကို အထင်ကြီးပြီး စင်ခံပေးကြည်ပါ့လား၊
ကန်စွန်းပင်ဆိုတဲ့ အပင်မျိုးဟာ စင်ခံပေမဲ့
နွယ်မတက်ဘူး ၊မောယုံပဲ ရှိမယ်မောင်၊
ဒါကြောင့် လူတစ်ယောက်ကို အပြင်ပုံပန်း
ကြည့်ပြီး အထင်မရောက်ပါနဲ့မောင်၊
ဟင်း ဟင်းးးးဟင်းး “

ခနဲ့တဲ့တဲ့နဲ့ ခင်မူယာက ဝင်ပြောသည်။
ကိုဇော်ဟိတ် နဲ့ သူ့မိန်းမ ခင်မူယာ တို့
တစ်ယောက်ကိုတစ်ယောက် စကားနာထိုး
နေရော့သလားလို့တောင် ကိုမောင်မောင်
ထင်မိ၏။စကားပြောနေပုံတွေက ဘယ်လိုမှ
အဆင်မပြေ။ မချောမွေ့။
ထို့ကြောင့် ကိုမောင်မောင်က စကား
လမ်းကြောင်း လွှဲဖို့ ကြိုးစားရသည်။

“စပ်စု တယ်လည်း မထင်နဲ့ဗျာ ခု ကိုဇော်ဟိတ် ဘာတွေလုပ်နေလဲ”

“ကျနော် စာရေးနေတာဗျ၊ပိုပြီးတိတိကျ
ကျပြောရရင် အင်မတန် လွမ်းစရာ
ကောင်းတဲ့ story လေး တစ်ခုရေး
နေတယ်ပေါ့ဗျာ”

ထိုအခါ ကိုမောင်မောင်က အလွန်
အံဩလေဟန်ဖြင့်

“ဟာ..ကိုဇော်ဟိတ် တို့ကတော့
တကယ့်စွယ့်စုံပါပဲဗျာ။ပထမ ကျနော်
ကိုဇော်ဟိတ်ကို စတွေ့ တော့
ကျောက်ပွဲစား ကျောက်ကုန်သည်၊
ဒုတိယ တစ်ကြိမ် တွေ့တော့ အာမခံ
ပစ္စည်းပို့ဆောင်ရေးက အဖွှဲ့ခေါင်းဆောင်၊
ခုစာရေးဆရာ ၊ဟားးးးဟား း း
လိုက်လို့မမှီတော့ဘူးဗျို့။”

“ဒီလိုပါဗျာ စာရေးတယ်ဆိုတာက
တကယ့်စာရးဆရာ စာပေသမားစစ်စစ်ကြီးမဟုတ်ပါဘူး။
ဝါသနာအရရေးနေတဲ့ သဘောပါဗျာ ။

ဇော်ဟိတ် ကထိုသို့ အကျိုးအကြောင်း
ရှင်းပြသည်။

“ဟုတ်တယ်နော် စာရေးပြီးသာ စားမယ်ဆို
ရင် ထမင်းအိုးမှောက်ထားရမှာ။
စာမူခလေးက တစ်ပဲခြောက်ပြား
ဆိုတော့လေ”

ခင်မူယာက ဝင်ငေါ့ပြန်သည်။

“ကျနော် တို့နိုင်ငံမှာတော့ စာရေးပြီး
ချမ်းသာတဲ့ စာရေးဆရာ မရှိသလောက်
ပါပဲ၊ရှိရင်တောင် လက်ချိုးရေလို့ရတဲ့
အနည်းစုလောက်ပေါ့။နိူင်ငံခြားမှာတော့
စာအုပ်တစ်အုပ် စာဖတ်သူ ကကြိုက်လို့
ထုတ်ဝေရရင် အုပ်ရေအများကြီးထုတ်ရ
တော့ စာရေးဆရာလည်း စာအုပ်
အပေါ်ကဝင်ငွေတွေ သန်းနဲ့ချီပြီးရကြ
တာကလား။ဒီမှာတော့ နာမည်ကြီး
ပါတယ်ဆိုတဲ့ စာအုပ် အလွန်ထုတ်ရ
အုပ်ရေ နှစ်ထောင်ကျော်ပေါ့။
ဒီထက်ပိုပြီး လည်းထုတ်မရဘူးလေ။
စာဖတ်အားက ဒီနိူင်မှာတော်တော်
နည်းတာ။စာရေးတယ်ဆိုတာ လူတစ်ထောင်မှာ တစ်ယောက်မရေး
နိူင်ဘူးဗျ။ပါရမီရှိမှရေးတက်တာမျိုး။
အဲ့ဒါ လေးကိုပဲ ဂုဏ်ယူပြီး နေရတာပါပဲ
မခင်မူယာ”

ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ခင်မူယာကိုကြည့်ပြီး
ဇော်ဟိတ် ကပြောသည်။

“ဒီလိုဆိုလည်း ကိုဇော်ဟိတ် ခုရေးနေတဲ့
Story ဆိုတာလေး ကျနော် နဲ့ ခင် နားထောင်ရအောင် အဆင်ပြေ တယ်ဆို
ရင်ပြောပြပါလား”

“ရတာပေါ့ဗျာ သဘင်သည်တွေက၊ ကဖို့၊
ဆိုဖို့ နေရာမရွေးကျသလို စာရေးတဲ့သူ
တွေကလည်း စာကြောင်းပေကြောင်းဆို
အမြဲပြောချင်နေကြတာမျိုးဗျ။ကျနော်
ခုရေးလို့ ရောက်နေတဲ့အထိ ပြောပြမယ်။
ဇာက်တော့ မသိမ်းရသေးဘူးဗျ”

ကိုမောင်မောင် ကတော့ ဇော်ဟိတ်
ပြောလာမဲ့ Storyကိုစိတ်ဝင်တစား
နားထောင်ဖို့ ငံ့လင့်နေသလောက်၊
ခင်မူယာက ဘဝင်မကျလေဟန်နဲ့
ဝိုင်တွေကိုသာ တစ်ခွက် ပြီး တစ်ခွက်
ဆင့်သောက်နေသည်။ဇော်ဟိတ်က
သူ့ဖန်ခွက်ထဲကို ဝီစကီတော်တော်
များများထည့်လိုက်ပြီး၊ရေခဲတုံးလေး
တွေပင်မရောပဲ တကျိုက်ထဲ မော့သောက်
လိုက်သည်။နောက်တော့ ခံစားချက်
အပြည့်နဲ့ သူ့stroryကို
ပြောပြလေတော့သည်။
°°°°°°°°°°°°•°°°°°°°°°°°°°°°°°°°°°°°°°°

နိဒါန်း
ရတနာပုံတက္ကသိုလ်ရဲ့နယ်မြေ ပတ်ဝန်း
ကျင်မှာ ထိုက်တန် ဆိုရင် တက္ကသိုလ်
ကျောင်းသူတွေ မသ်ိသူ ခပ်ရှားရှား။
မောင်းလေးကို တနောင်နောင်ထုပြီး
တွန်းလှည်းလေးနဲ့ သီးစုံအချဉ်ပေါင်း
ရောင်းတဲ့ ထိုက်တန်ဆိုတဲ့ကောင်လေးက
သူ့အလုပ်နဲ့မလိုက်အောင်ကို ချောမော
တဲ့ကောင်လေးတစ်ယောက်။
တက္ကသိုလ် ကျောင်းသူတော်တော်များများ
ထိုက်တန်ကို ငေးခဲ့ဖူးတယ်။သူတို့စိတ်ကူးတွေထဲ
ထဲ ထိုက်တန်က မင်းသားဖြစ်ခဲ့ဘူးတယ်။
အဲဒီလောက်ကို ထိုက်တန်က ပေါ်ပြူလာ
ဖြစ်ခဲ့တာ။ဒါပေမဲ့ ထိုက်တန်က ရိုးသားတယ်။အနေအေးတယ်။
ပြီတီတီ ရိသဲ့သဲ့ လုပ်တဲ့ ဘယ်မိန်းကလေး
မှ အရောမဝင်သလို စေ့စေ့တောင်မကြည့်ဘူး။
သူ့လို ဘဝသမားကို ဘယ်တက္ကသိုလ်
ကျောင်းသူကမှ တည်တည်တန့်တန့် ချစ်မှာ
မဟုတ်ဖူးဆိုတာ သူသိပြီးသား။
အချဉ်ပေါင်းရောင်းနေတဲ့ သူ့လိုကောင်ကို
ပရောပရီလုပ်ယုံကလွဲလို့ တရားဝင်
ဘယ်မိန်းမမှ တွဲမှာမဟုတ်ဘူးဆိုတာ
သိနေတော့ ဘယ်မိန်းမကိုမှ အလုပ်
သဘောဆက်ဆံရေးကလွဲလို့ ပိုပြီး
မဆက်ဆံ။တခါတလေ ထိုက်တန်ကို
“မောင်လေးမှာ ရည်းစား ရှိလား”
“မမကို အစပ်တွေအရမ်းမထည့်နဲ့
စပ်သွားလို့ မျက်ရည် ကျရင် မင်းသုတ်
ပေးရမှာနော်”
“နင် အချဉ် ပေါင်းမရောင်းပဲ မင်းသား
လုပ်ပါ့လား ၊နင့်ရူပါက မိုက်တယ်”
ဆိုတာမျိုးတွေနဲ့ သူတိ့ုတွေ [မိန်းမတွေ]
ကလိတိုင်း ဘာမှပြန်မပြောပဲု ထိုက်တန်
ကပြုံးနေခဲု့တာ။ဒီတော့ တချို့တချို့
မိန်းမတွေက.[အထူးသဖြင့် တက္ကသိုလ်
ကျောင်းသူတွေ]ထိုက်တန်ကို လူကသာ
ချဉ်ပေါင်းသည် ရုပ်ကလေးကလန်းတော့
မာနကြီးတယ်ဆိုပြီးပြောကျပြန်တယ်။
ထိုက်တန်ကတော့ ဘာမှ ဂရုမစိုက်ပဲ
သူ့အလုပ်သူပဲ လုပ်မြဲလုပ်တယ်။

“နင်တို့ညွှန်းသလောက်ကြီးတော့
မဟုတ်လောက်ပါဘူးဟယ်”

“ဒီမယ် တင်မေမ နင်မယုံရင် ငါလိုက်ပြ
မယ် ။သွားမလား”

“သမိုင်းဘက်က ကိုအောင်လောက်
ချောလား”

“သွားစမ်းပါ နင့်ကိုအောင်က သေချာကြည့်
ရင် နှာခေါင်းကြီးကပွတယ်။ဟိုကောင်လေး
နဲ့ယှဉ်ရင် နတ်သုဓ္ဓာ နဲ့ ချီးပဲ”

“ကောင်မ ညစ်ပတ်လိုက်တာ”

တက္ကသိုလ် ကျောင်းသူ တသိုက်
ထိုက်တန်အကြောင်း ပြောနေကြတာပါ။
တင်မေဝင်းဆိုတာက တက္ကသိုလ် မှာ
[Queen] အလှဘုရင်မ  သိပ်ချောတဲ့ကောင်လေးတစ်ယောက်
တက္ကသိုလ် နယ်မြေမှာရှိတယ်ဆိုတော့
တင်မေဝင်း စိတ်ဝင်စားမိသည်။

“ကောင်လေး တစ်ယောက်ကို မိန်းကလေး
ဖြစ်တဲ့ ငါတို့က သွားငမ်းတာ သင့်တော်ပါ့မလား”

ဆိုပြီးတင်မေဝင်းကပြောသည်။ထိုအခါ
စမ်းစမ်းအေး ဆိုသော ကျောင်းသူက

“ယောက်ျား ရယ် မိန်းမရယ်ဆိုတာ
လိင်ကွဲ ပြားသွားတာပဲရှိတယ်။ အားလုံး
ဟာ ပုထုဇဉ် တဏှာရူး တွေချည့်ပဲ။
တခြားနိုင်ငံတွေမှာဆို ချစ်တယ်ဆိုတဲ့
စကားကို မိန်းကလေးတွေက စ ပြောနေ
ကျပြီ။ကျားမ တန်းတူအခွင့်ရေးပဲ။
ငမ်းစရာရှိရင်တော့ ငမ်းရမှာပဲ”

ရေးးးးး ဟုတ်တယ်ဟေ့ ကိုယ်တော်ချော
ဆီ ချီတက်ကြစို့”

ဤသို့ဖြင့် တက္ကသိုလ် ကျောင်းသူ တသိုက်
ထိုက်တန် ရှိရာ သို့ လာကြလေတော့သည်။
ထိုအထဲမှ အကဲပိုသော ဟေမာန်ဆိုသော
ကျောင်းသူက

“မောင်လေး ဂွေးသီး ပေးပါနော်”

ဆိုပြီးပြောတော့။ဗျာ ဆိုပြီး ထိုက်တန်
က အလန့်တကြားနဲ့ ကျောင်းသူတွေကို
ကြည့်လိုက်သည်။

“ဆောရီး ဆောရီး ခွေးချိုသီးပေါင်းကို
ပြောတာ”
ဟင်းးးဟင်းး
ခစ်..ခစ် ခစ်
ဟဲ ဟဲဟဲ
ဟေမာန်ပြောတာကို သဘောကျပြီး
ကျောင်းသူ တွေက ဝိုင်းရယ်ကျသည်။

“အားပါးပါး ချောလှချည်လား”

တင်မေဝင်း က ထိုက်တန်ကို အသေချာကြည့်ပြီး စိတ်ထဲက အားပါးတရ
ချီးကျူး မိတယ်။နောက်တော့ တင်မေဝင်း
ကပြုံးလိုက်တယ်။

“သံပုရာသီး စိပ်ကလေးတွေ လှီးကြည့်
ချင်တယ်”

ပြောပြောဆိုဆို တင်မေဝင်း က သံပုရာသီး
တစ်လုံးယူလိုက်ပြီး တွန်းလှည်းခုံလေးပေါ်
က စတီးဓားလေးကို ယူပြီး ဒေါက်ကနဲ့ ဒေါက်ကနဲ့ သံပုရာသီး လေးကို လှီးချ
လိုက်တယ်။ထိုက်တန်ဘာမှတားချိန်
မရလိုက်ဘူး။

“အားး သေပါပြီ လက်ထိသွားပြီ”

တင်မေဝင်းလက်ချောင်းလေးမှာ ဓားထိပြီ
သွေးတွေ ကရဲနေတယ်။

“ဒုက္ခ ပါပဲဗျာ ဘယ်လိုလုပ်ရမလဲ”

သူ့ဓားနဲ့ထိမိသွားတဲ့အတွက် ထိုက်တန်
ပျာယာခတ်သွားမိသည်။ထိုအခါ တင်မေဝင်း က မျက်နှာကိုရှုံ့မဲ့၍

“လက်ချောင်းကို သွေးတိတ်အောင်
ပါးစပ်ထဲ ငုံပေးလေ”

ဆိုပြီး အော်တော့ ထိုက်တန်လည်း
အယောင်ယောင် အမှားမှားနဲ့
တင်မေဝင်းလက်ကလေးကို ဆွဲကိုင်ပြီး
သူ့ပါးစပ်ထဲ ငုံထားလိုက်တယ်။
ခဏကြာတော့ တင်မေဝင်း က

“ရပြီရပြီ”

ဆိုပြီး ရှက်သွေးဖြန်းပြီးခေါင်းလေးငုံ
နေတယ်။ထိုက်တန်ကလည်း ကတုန်ကယင် နဲ့ အချဉ် ပေါင်းထုပ်ထဲ
ငရုပ်သီးမှုန့်တွေချည့် လှိမ့်ထည့်နေမိသည်၊

“ဟဲ့ဟဲ့ ဘာလို့ ငရုပ်သီးမှုန့်တွေချည့်
ထည့်နေတာလဲ ။ဖင်တွေရင်တွေ
တော့ ပူကုန်တော့မှာပဲ၊ဟီးး းဟီးး

ဘေးက စမ်းစမ်းအေးက စတော့
ထိုက်တန် လည်းရှက်ပြီး တွန်းလှည်း
လေးကို အမြန်တွန်းပြီး ကျောင်းသူ တွေ
ရှေ့က ထွက်လာခဲ့သည်၊။ထိုနောက်
ဟေမာန်ဆိုသော ကျောင်းသူ က

“တင်မေမ နင်တမင်လုပ်တာမလား”

“အင်းဆိုပါတော့ ကောင်လေး ကချောတော့
အဲလိုလုပ်ချင်စိတ်ဖြစ်သွားလို့။သူ့ကို
ဒိန်းတလိန်းနတ် ပူးအောင်လုပ်လိုက်တာ
တဒိန်းဒိန်း နဲ့ သူ့ရင်တွေခုန်နေတာ
နင်တို့သာမကြားတာ ငါကကြားတယ်
သိလား”

“အမလေး အသားနာခံပြီးတော့ ဗူးထ
တယ် ကြည့်စမ်း”

“နင်ပဲ ကျားမတန်းတူ တဏှာရူး ခွင့်ရှိ
တယ်ဆို”

ခစ်ခစ်
ခစ်ခစ်

တက္ကသိုလ် ကျောင်းသူတသိုက် အားပါးတရ ရယ်မောလိုက်ကြသည်။

  ထိုက်တန် ဘဝ တဆစ်ချိုး
………………….

  ထိုနေ့က ထုံးစံ အတိုင်း ထိုက်တန်
တက္ကသိုလ် ကျောင်းနယ်မြေမှာ ခါတိုင်းလို
တွန်းလှည်း လေးတွန်းပြီး အချဉ် ပေါင်း
ရောင်းဖို့ရောက်လာခဲ့သည်။စျေးဝယ်သူ
မလာသေး၍ ခုံလေးချကာ အောင်ဇင်
ရဲ့ [မရောက်မပြန် ဘမှန်] ဆိုသော
စုံထောက်ဝတ္ထုအား ဖတ်နေ၏။

“ထိုက်တန်က စုံထောက်ဝတ္ထုတွေ
ကြိုက်တာလား”

စာထဲ စိတ်ရောက်နေ၍ အနားလူရောက်လာတာကိုပင် သူမသိ
လိုက်။ အသံပေးမှ လူရောက်နေမှန်း
ထိုက်တန် သိလိုက်ရ၏။

“ဗျာ. ေဩာ်. ဟုတ်ကဲ့ “

မနေ့က ဓားထိပြီး သူလက်စုပ်ပေးခဲ့တဲ့
ကောင်မလေး ။

“တို့ကတော့ အချစ် ဝတ္ထုတွေပဲကြိုက်တယ်
ဒါနဲ့ ကိုထိုတန် ဒါတွေအားလုံးရောင်း
ရရင် ပိုက်ဆံဘယ်လောက်ရလဲ”

“ကိုးရာ တစ်ထောင်ပေါ့၊လိုတစ်ရာပိုတစ်ရာ
ပါပဲ။ဘာလို့မေးတာလဲဗျ”

“အဲတာဆို ကျမ ၁၅၀၀ပေးမယ် ကျမနဲ့
အဖော်လိုက်ခဲ့ပေး လိုက်မယ်မို့လား”

“ဗျာ ကျနော်က ဘယ်ကိုလိုက်ရမှာလဲ
စျေးရောင်းနေတယ်လေ မဖြစ်ပါဘူးဗျာ”

“ရှင်စျေးရောင်းစရာမလိုဘူးလေ ရှင်ရတဲ့
စျေးရောင်းငွေထက် ကျမပိုပေးထားတာပဲ
ဟေ့ ဟေ့ ဖျောင်း ဖျောင်း”

စိတ်မြန်လက်မြန်ရှိလွန်းတဲ့ တင်မေဝင်း က
ထိုက်တန်၏ အဖြေကိုပင်မစောင့်တော့ပဲ
လက္ဘက်ရည် ဆိုင်က စားပွဲထိုးကောင်လေး
ကို လက်ခုပ်တီး၍လှမ်းခေါ်လိုက်သည်။

“ဒီတွန်းလှည်းလေး နင့်တို့ဆိုင်နား တွန်း
သွားပြီး ကြည့်ထားပေး”

စားပွဲထိုးကောင်းလေးက ခေါင်းကိုကုတ်၍

“ကျွန်တော် အလုပ် လုပ်ရအုံးမယ် အစ်မ”

ကျွတ်.. . နင်ကလည်းရော့ လှည်းပေါ်က
စားစရာ တွေ နင်ကြိုက်တာယူစား”

တင်မေဝင်းက ကောင်လေးလက်ထဲသို့
လေးဆယ့်ငါးကျပ်တန်တစ်ရွက် ထည့်ပေး
လိုက်သည်။

“စိတ်ချသွားအစ်မအချဉ်ပေါင်းဝယ်လာရင်
ကျွန်တော် ရောင်းထားပေးမယ်”

ကောင်လေးက တွန်းလှည်းလေးကို
လက္ဘက်ရည် ဆိုင်နားသို့ အပြေးလေး
တွန်းသွားသည်။
ဒီကောင်မလေး ဘာတွေလုပ်နေပါလိမ့်
ဆိုပြီး ထိုက်တန်က ကြောင်စီစီဖြင့်
ကြည့်နေမိသည်။

“လာသွားမယ် ဘာကြောင်နေတာလဲ”

ဆိုပြီး တင်မေဝင်းက ထိုက်တန် လက်ကို
ဆွဲခေါ်သည်။ဘာမှန်းမသိပဲ တင်မေဝင်း
ခေါ်ရာ ထိုက်တန် လိုက်သွားရသည်။

“ရုပ်ရှင်ကြည့်မလို့ ဟိုဟာမတွေအဖော်
စပ်တော့ အတန်းပျက်မှာကြောက်တယ်လေး
ဘာလေးနဲ့ အဲဒါကြောင့် ကိုထိုက်တန်
ကိုအဖော်ခေါ်လာတာ”

ဒီလောက်လှပြီး ခေတ်မီ ချောမောတဲ့
တက္ကသိုလ် ကျောင်းသူ ကောင်မလေး
တစ်ယောက်က သူနဲ့ သိတာလည်းမဟုတ်
ပဲ၊ခုလို တရင်းတနှီးကြီးလုပ်နေတာတွေ
ကြည့်ပြီး ထိုက်တန် အံ့ဩနေမိသည်။
ရုပ်ရှင်ရုံထဲရောက်လို့ ရုပ်ရှင်စပြတော့
မီးတွေပိတ်ပြီးအမှောင်ချလိုက်သည်။

“ရော့ အခွံခွာပေး “

ဆိုပြီး နေကြာစိလှော်ထုပ်ကြီး ထိုက်တန်
ဆီ တင်မေဝင်းက ထိုးပေးလိုက်သည်။
နေကြာစိလှော်တွေကို ထိုက်တန်ကလည်း ယောင်နန ဖြင့်
အခွံခွာပေးသည်။အခွံခွာလို့[အခွံလွှာ]
ရတဲ့ နေကြာစိအဆံလေးတွေကို လက်
ထဲထည့်ပြီး တင်မေဝင်းကို ပေးတော့

“ခွံ့”
ဆိုပြီး သူမ နူတ်ခမ်းကို ဟပေးသည်။
ထိုက်တန်လည်း တင်မေဝင်း ဆိုသည့်
အတိုင်း ခွံ့ကျွေးလိုက်သည်။
တော်တော်လေးကြာတော့ အိပ်ချင်တယ်
ဆိုပြီး ထိုက်တန် ပခုံးကိုမှီပြီး တင်မေဝင်းက
အိပ်သည်။ဘေးကကြည့်ရင် တကယ့်
ချစ်သူစုံတွဲ။မိန်းမတွေနဲ့ပတ်သက်ရင်
အတွေ့အကြုံမရှိတဲ့ ထိုက်တန်က
ရင်တွေတလှပ်လှပ် ခုန်ရလွန်းလို့
ရေဗူးထဲက ရေတွေချည့်ဖိသောက်နေ
မိသည်။မှောင်ချထားတဲ့ ရုပ်ရှင်ရုံထဲုမှာ
သွေးမတော် သားမစပ် မိန်းမငယ်
တစ်ယောက်က သူ့ပခုံးပေါ်မှီ၍
ထိတွေ့နေတဲ့ စိတ်ခံစားချက်က
ထိုက်တန်၏ စိတ်တွေကို ပို၍ လှုပ်ရှား
စေသည်။ပိတ်ကားပေါ်မှာ ဘာတွေလာ
လို့ ဘာတွေပြောနေမှန်း ထိုက်တန်မသ်ိ
တော့။ရင်တွေခုန်ရလွန်းလို့ ရူးချင်
သလိုတောင်ဖြစ်လာ၏။ ရုပ်ရှင်ဇာက်ကား
နာမည်က အမှောင်။ရုပ်ရှင်ပြီးလို့
မီးတွေဖျက်ကနဲ့ပွင့်လာမှ ထိုက်တန်ကို
မျှီထားတဲ့ တင်မေဝင်းက ကိုယ်ကိုမက်ပြီး
မက်တပ်ရပ်လိုက်သည်။အဲဒီအခါကျမှ
ဟူးးး ဆိုပြီး သက်ပြင်းမောကို ထိုက်တန်
မှုတ်လိုက်နိူင်တော့သည်။
ရုံပြင်ရောက်တာနဲ့ ဝုန်းဆို မိုးက ဆိုင်းမဆင့်
ဗုန်မဆင့် ရွာချလိုက်သည်။မိုးတွေအရမ်းသည်းနေ
တော့ ကားအသွားလာတွေကျဲကုန်သည်။

“လိုင်းကားတွေလဲ မလာတော့ဘူး
ဒုက်ခပါပဲ”

တင်မေဝင်းက စိတ်ပျက်လက်ပျက် ငြီးငြူ
သည်။

“ဟုတ်ပါ့ဗျာ ကျနော်တို့ခြေလျင်လျှောက်
ပြန်ကျမလား”

ထိုအခါ တင်မေဝင်းက နုတ်ခမ်းစူ၍

“ခြေလျင်လျှောက်ပြန်မယ်ဟုတ်လား
မနက်မိုးလင်းတောင်ရောက်မှာမဟုတ်ဘူး
ဒီလောက် အဝေးကြီးဟာကို စဉ်းစဉ်း
စားစား လည်းပြော”

ထိုက်တန်လည်း ဘာလုပ်ရမှန်းမသိ၍
ခေါင်းကိုသာ တဗျင်းဗျင်းကုတ်ပြီး နေမိသည်။ခဏကြာတော့ တင်မေဝင်း က

“အာ..ဟုတ်ပြီ လာ ထိုက်တန်”

ထိုက်တန် လက်ကိုဆွဲပြီး တင်မေဝင်း က
မိုးရေတွေထဲထွက်လိုက်သည်။

“ဟာ ခင်ဗျား ဘာလုပ်တာလဲဗျ
ဒီမှာ အကုန်စိုကုန်ပြီ”

ထိုခါ တင်မေဝင်းက နုတ်ခမ်းလေးကိုချွန်၍ မျက်စိတဖက်မှိတ်ပြလိုက်ပြီး

“ထိုက်တန် နဲ့ မိုးရွာထဲအတူလျှောက်
ဖူးချင်လို့”

အရှိန် ပြင်းပြင်း ကျနေတဲ့မိုးစက်တွေက
ကတ္တရာလမ်းမထက် တဖွားဖွားနဲ့လွင့်စင်ပြီး
ကခုန်နေကြသည်။လျှပ်ပန်းလျှက်နွယ်
တွေက တဖျက်ဖျက်နဲ့ကောင်းကင်ထက်
မီးဆလိုက်တွေလို ပျော်မြူးနေကျသည်။
ထိုစဉ်
ဂျိမ်းးး
တုန်ဟီးသွားအောင် မိုးချိမ်းသံကြီးက
ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ငါကြောက်တယ် ထိုက်တန်”

ယှဉ်တွဲလျှောက်နေရင်း တင်မေဝင်းက
ထိုက်တန် ရင်ခွင်ထဲတိုးပြီး ခါးကုိ
တင်းကျပ်နေအောင်ဖတ်တွယ်ထားသည်။
ထိုက်တန် ရဲ့ ရင်ခုန်သံတွေက မိုးချိန်း
သံထက် အဆပေါင်းများစွာပြင်းနေသည်။
မိုးကသည်းလွန်းအားကြီးတော့ မန္တလေး
ရဲ့လမ်းမတွေထက် ရေတွေက ဒူးဆစ်
လောက်အထိ ဖွေးဖွေးလှုပ်၍ ပြေးနေ
သည်။အဆောက်ဦးတစ်ခုရှေ့ရောက်တော့
တင်မေဝင်းက ထိုက်တန် လက်ကိုဆွဲပြီး
ဝင်သွားလိုက်သည်။ချိတ်ဆွဲထားတဲ့
အဆောက်ဦးက ဆိုင်းဘုတ် ကိုကြည့်ပြီး
ထိုက်တန် မျက်လုံးပြူးသွားသည်။
[ချစ်ကွန်းခို ဧည့်ရိပ်သာ]
ကောင်တာမှာထိုင်နေတဲ့ လူကြီးရှေ့
ရောက်တော့ တင်မေဝင်းက

“အခန်းလိုချင်လို့ အန်ကယ်”

“တစ်ယောက်အိပ် ခန်းလား နှစ်ယောက်
အိပ်ခန်းလား တူမကြီး”

“တစ်ယောက်အိပ်၂ခန်း
ပေးပါဦးလေး”

“နှစ်ယောက်အိပ်တစ်ခန်းပဲပေး”

တင်မေဝင်းက ပြောပြောဆိုဆို
နှစ်ယောက်အိပ်အခန်းသော့ကိုယူပြီး
ရှေ့ကနေ အဆောက်ဦးထဲသို့
ဝင်သွားသည်။
ထိုအခါ ကောင်တာမှာထိုင်နေတဲ့
လူကြီးက

‘”ကောင်လေး မင်းကယောက်ျားလေးဖြစ်ပြီး
ရှက်နေတယ်ပေါ့လေ ။ ဟိုမှာကောင်မလေး
က ဦးဆောင်သွားပြီ။လိုက်သွားပေတော့
ငါနဲ့များ လဲ ထားချင်တယ်ကွာ။ဒီလောက်တစ်တစ်ရစ်
ဖွေးဖွေးဆွတ်နေတာလေးကို ရှီး••••••”

ထိုလူကြီးကိုကြည့်ပြီး ထိုက်တန်
ခေါင်းရမ်းမိသည်။ တကယ်ဆို တင်မေဝင်းက. သူ့သမီးအရွယ်လေး။
ဒါကြောင့်လည်း မိန်းမတွေက ပြောတာ
နေမှာ [ဖွဲတစ်ဆုပ်ကို “မ” နိူင်သေးသမျှ
ယောက်ျား တွေက နှာသက်မကုန်ဘူးတဲ့] ဆိုပြီး အူကြောင်ကြောင် အတွေး
တွေးလိုက်မိသည်။
ထိုက်တန် အခန်းထဲရောက်တော့
တင်မေဝင်းက ရေစိုနေတဲ့ဆံပင်တွေကို
လက်ချောင်းလေးတွေနှင့် ချောက်သွေ့
အောင်ခါထုတ်သည်။ရေစိုနေတဲ့အင်္ကျီ
ခြောက်စေရန် ချွတ်၍ ရေညှစ်ပြီး
ထိုက်တန်က ကုတင်ဘောင်ပေါ်
လွားထားလိုက်သည်။
မိုးက အပြင်မှာ သဲသဲမဲမဲ ရွာနေဆဲ။
အခန်းထဲမှာ မိန်းကလေး တစ်ယောက်နဲ့
နှစ်ယောက်ထဲ နေရတာ စိတ်ကျဉ်းကျပ်၍
ပြတင်းပေါက် နားသွားရပ်နေလိုက်၏။
ထိုစဉ် ထိုက်တန်၏နောက်ဖက်မှ နုညံ့
သည့်လက်တစ်စုံက ခါးကိုသိုင်းဖက်၍လာ
သည်။ထို့နောက် ထိုက်တန် ၏ ကျောပြင်
ကို တင်မေဝင်းက သူ့မ၏မျက်နှာနှင့်ကပ်၍

“ခုချိန်ဆို အဆောင်က သူငယ်ချင်း တွေက
ထိုက်တန်နဲ့ကျွန်မကိုတမျိုးထင်နေလောက်
ပြီနော်”

ထိုအခါ ထိုက်တန်က တင်မေဝင်း ၏
လက်နှစ်ကို အသာဖယ်၍ နောက်သို့
လှည့်၍ မျက်နှာချင်းဆိုင်လိုက်ပြီး

“တမျိုးထင်ရအောင် ကျနော်တို့က
ဘာမှမဟုတ်ဘူးလေ မတင်မေဝင်း
စိတ်မပူပါနဲ့ ဗျာ ။ ကျနော်သာဆို ဖြစ်အောင်အိမ်ပြန်တယ် မတင်မေဝင်းကြောင့်သာ”

“ဘာမှမဟုတ်ဘူး ဟုတ်လား ထိုက်တန်
တစ်ညလုံး ယောကျာ်းတစ်ယောက်နဲ့
တစ်ခန်းထဲအတူနေမဲ့ မိန်းကလေး
တစ်ယောက်က ဘာမှပူစရာမလိုဘူးတဲ့လား
နောက်ပြီး ကျွန်မကြောင့် ဒီမှာနေရတာ
ဟုတ်လား။ထားခဲ့လိုက်ပါ ထိုက်တန်
မနက်လင်းတာနဲ့ ကျွန်မသတင်းရှင်နား
ထောင်နေပေါ့”

ထိုသို့ ပြောဆို၍ တင်မေဝင်းက နှစ်ယောက်အိပ် ကုတင်ကြီးပေါ်
တင်ပလွှဲထိုင်၍ ထိုက်တန်ကိုကျောပေး
ကာ မျက်နှာကိုအုပ်၍ တသိမ့်သိမ့် ငို
ကြွေးလေ၏။ထိုအခါကျမှ မိန်းကလေး
တစ်ယောက်ကို သူပြောတာလွန်သွား
မှန်းသိလိုက်၏။ထိုက်တန်သည်
တင်မေဝင်း၏ပခုံးလေးအား မဝံ့မရဲ
ကိုင်၍

“ကျနော် ပြောတာလွန်သွားပါတယ်
မတင်မေဝင်း၊ မတင်မေဝင်း အဆင်ပြေ
အောင် ကျနော်ဘာလုပ်ပေးရမလဲဗျာ”

ထိုစကားကိုကြားသောအခါ တင်မေဝင်းက တဖက်သို့လှည့်၍ ပြုံးလိုက်သည်။
ဒီယုန်ကိုမြင်လို့ ဒီခြုံကိုထွင်လိုက်တာ။
ကြည့်ပါအုံး[ အ ]လိုက်တဲ့ကောင်လေး
ကျနော် ဘာလုပ်ပေးရမလဲတဲ့။တကယ့်
အရိုင်းတုံးလေး။တင်မေဝင်းသည်
ထိုင်နေရာမှ ထိုက်တန်နှင့် မျက်နှာခြင်း
ဆိုင်ရပ်၍ ထိုက်တန်၏လည်ပင်းအား
သူမ၏လက်နှစ်ဖက်ဖြင့် သိုင်းဖက်၍
မျက်နှာကိုထိမတက် ကပ်ခါ တဆက်ဆက်
တုန်နေတဲ့ နုတ်ခမ်း နှစ်လွှာက တိုးညင်း
စွာဖြင့်

“ကျွန်မကို သိမ်းပိုက်ပါထိုက်တန်”

မျှော်လင့်မထားတဲ့စကားကြောင့်
ထိုက်တန် ပါးစပ် အဟောင်းသား
ဖြစ်သွား၏။ခပ်ဟဟဖြစ်သွားတဲ့
ထိုက်တန် ၏ နုတ်ခမ်းအား တင်မေဝင်းကသူမ၏
နုတ်ခမ်းဖြင့် ခပ်ဖွဖွလေး နမ်းလိုက်၏။
ဤသို့ဖြင့်ချစ်ဆရာမကြီး တင်မေဝင်းသည်
ထိုက်တန်ဆိုသော လူပျိုရိုင်းလေးအားအချစ် Lesson [သင်ခန်းစာ ]များကို
တခန်းပြီးတခန်း မရိုးရအောင်
တညလုံး ပို့ချလေတော့သည်။
💕💕💕💕💕💕💕💕💕
နေခြည်နွေးနွေးက ပြတင်းတံခါး မှတဆင့်
ထိုက်တန် ၏ မျက်နှာပေါ်သို့ ကျရောက်
နေသောကြောင့် ခပ်စူးစူး အလင်းရောင် က
သူ့ကို နှိုးလိုက်သလိုဖြစ်သွား၏။
အိပ်ရာ ကနိုးတာနဲ့ သူအသိစိတ်တွေ
ပြန်စုစည်းမိတဲ့နောက် ညက တင်မေဝင်း
နှင့်ဖြစ်ပျက်ခဲ့သည်များကို သူပြန်တွေး
ကြည့်မိ၏။သူ့အိပ်ရာဘေးမှာ တင်မေဝင်းကသူ့ကိုသိုင်းဖက်ထားရင်း
မိမွေးတိုင်းဖမွေးတိုင်း ခန္ဓာကိုယ် ဖြင့်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
ဖြူတဲ့အပြင် အနီဘက်ပါသမ်းနေတဲ့
အသားရေနဲ့ နီထွေးထွေး နုတ်ခမ်းလေး
ကိုကြည့်ပြီး ထိုက်တန် သက်ပြင်းမောကို
ခမြိ၏။

“ဟင်း.. ..

“ဘာလို့သက်ပြင်းချတာလဲမောင်”

တင်မေဝင်းက ထိုက်တန်၏ ရင်ဘတ်ကြီး
အားလက်ဖြင့်ညင်သာစွာပွတ်ရင်း
မေး၏။ထိုအခါထိုက်တန်က

“ဟင် ..မတင်မေဝင်း နိုးနေတယ်”

“ဘာ မတင်မေဝင်း လည်း ဒီက သူ့ကို
မောင်လို့ခေါ်နေတာကို ၊ ခုကစပြီး
မေလို့ခေါ်ရမယ် နော်မောင်။”

ထိုက်တန် ၏ ရင်ဘတ်အား သူမ၏
လက်သီးဆုပ် လေးဖြင့် ဖွဖွလေးထုရင်း
ပြော၏။ထိုအခါ ထိုက်တန်က တင်မေဝင်း အား

“ကျွန်တော် စဉ်းစားနေတာမေရဲ့”

“လုပ်ပြီ ဘာကျွန်တော်လဲ”

မျက်စောင်းလေးထိုးပြီး တင်မေဝင်းက
ထိုက်တန်၏ ပါးကို  သူမ၏လက်ကလေးဖြင့် လိမ်၍ပြော၏။
ထိုက်တန်က ပြုံး၍

“ကျွန်…အဲ..မောင်စဉ်းစားနေတာက
မေက ရွှေဘုံထက်ကရွှေမင်းသမီး
နောက်တက္ကသိုလ်ကျောင်းရဲ့
အလှဘုရင်မ အဲ့ဒါ  မောင်လို
မိဘမဲ့ တစ်ကောင်ကြွက်၊လမ်းဘေး
မှာစျေးရောင်နေတဲ့အညတြကောင်နဲ့ဖြစ်ပါ့မလား
ဆိုပြီး…

ထိုက်တန် ၏ နုတ်ခမ်း ကို တင်မေဝင်းက
သူမ၏လက်ဝါးလေးဖြင့်ပိတ်လိုက်၏။
အချစ်ရည်လဲ့ပြီး  ဂရုဏာသက်သော
မျက်ဝန်းကြီးများဖြင့် ကြည့်လိုက်ကာ

“အဲတာတွေ ဘာမှတွေးမနေနဲ့မောင်
မေနဲ့မောင်ချစ်နေကြရရင်ပြီ​းတာပဲလေ..
နော်မောင်”

ဆိုပြီး ထိုက်တန်အားနှစ်သိမ့်လေ၏။ဤသို့ဖြင့်
ထိုက်တန်ဟူသော လမ်းဘေးက
စျေးသည်ကောင်လေးသည်
တင်မေဝင်း မည်သော တက္ကသိုလ် ကျောင်း
သူရွှေမင်းသမီးနှင့် ငှက်ပျောတစ်ဖီး၊
အုန်းတစ်လုံး၊လက္ဘက်တစ်ရိုးမျှပင်မကုန်ပဲ၊
ကောင်းကင် မည်းမည်း
မိုးသည်းသည်း ည၌
ချစ်ကွန်းခို ရဲ့ မှိန်လဲ့လဲ့မီးရောင်အခန်းလေး
ထဲမှာ ဘဝကြင်ဖော်အဖြစ်လက်တွဲခွင့်
ရခဲ့လေတော့သည်[အချစ်ကြီး၍ အမျက်ကြီးလေသလား.]

ထိုက်တန် နဲ့ တင်မေဝင်း အကြင်လင်
မယားဖြစ်ခဲ့တာ တစ်လကျော်လောက်ကြာ
တော့ တင်မေဝင်း ဘက်က စ၍
ဗွေဖောက်လာခဲ့သည်။
တနေ့ ျစျေးရောင်းဖို့ပြင်နေတဲ့ ထိုက်တန်
အနားကို တင်မေဝင်းက လာပြီး

“မောင် ခုလို စျေးမရောင်းပဲ အလုပ်ပြောင်း
လုပ်ပါ့လား”

ထိုအခါ သရက်သီးစိမ်းများကိုရေဆေးနေတဲ့ ထိုက်တန် က

“ဘာလို့လဲ မေ ၊ မေတို့ကျောင်းနား
မောင်စျေးလာရောင်းတာ မေကရှက်
လို့လား၊အဲတာဆိုရင် မောင်နေရာပြောင်း
စျေးရောင်းမယ်လေ”

ထိုက်တန် စကားကြောင့် တင်မေဝင်းက
မျက်နှာပျက်သွားပြီး

“အို…မဟုတ်ပါဘူးမောင်ရယ်
မေပြောတဲ့သဘောက စျေးရောင်းတယ်
ဆိုတာ ဘာပညာမှ မရဘူးလေ။
ဆိုပါစို့မောင်ရယ် မောင်သာ ကားဝပ်ရှော့
တခုခုမှာ အလုပ်ဝင်လုပ်တယ်ဆိုရင်
မောင်စျေးရောင်းနေတဲ့ သက်တမ်းလောက်
ဆို မောင်ဟာ ကားပြင်တဲ့ပညာကို
ကျွမ်းကျွမ်းကျင်ကျင် တက်နေပြီ။
မေကမောင့်ကို အသက်မွေး၀မ်းကျောင်း
မှု့ပညာ တခုလောက် တက်စေချင်လို့
ပြောတာပါ မောင်ရယ်”

ထိုအခါ ထိုက်တန်က တွေဝေသွားပြီး

“မေပြောတာ ဟုတ်တယ်နော်၊မောင်စျေး
ရောင်းနေတာ ဘာပညာမှ တက်မလာဘူး
မောင့်မှာ မေပြောတဲု့ ကားဝပ်ရှော့ တော့
အဆက်အသွယ် မရှိဘူး။ သူငယ်ချင်း
တစ်ယောက်တော့ရှိတယ်။သူက
ဆောက်လုပ်ရေးထဲမှာ ပန်းရန်ဆရာ
ဖြစ်နေပြီ။သူအလုပ်ထဲကို ခေါ်နေတာကြာပြီ။ပင်တော့ပင်ပန်းတယ်။
ဝင်ငွေကောင်းတယ်တဲ့ မောင်လိုက်
ရမလားမေ”

“ကောင်းတာပေါ့မောင်ရယ် အခု ကန်ထရိုက် ယူဆောက်နေတဲ့
ဆောက်လုပ်ရေး က ဆရာကြီးတွေလည်း
မောင့်လို အောက်ခြေသိမ်း အလုပ်သမား
ဘဝကနေစခဲ့တာပဲလေ။”

ဤသို့ဖြင့် ထိုက်တန်သည် တင်မေဝင်း
ကြိုးဆွဲရာကသော ရုပ်သေးရုပ်တစ်ရုပ်
အဖြစ်သို့ ရောက်မှန်းမသ်ိရောက်ခဲ့
လေတော့သည်။တင်မေဝင်းက လည်သည်။ ထိုက်တန်သာ ကျောင်းနား
စျေးရောင်းနေလျှင် သူမ၏လုပ်ရပ်များ
ကို တနေ့ ထိုက်တန်သိသွားလိမ့်မည်။
ထို့ကြောင့် ထိုက်တန် ၏ အမြင်အကြား
နားမျက်စိများ ပိတ်နေစေရန် ခပ်ဝေးဝေး
သို့ လှလှပပ ကန်ထုတ်လိုက်ခြင်းသာ
ဖြစ်လေ၏။
တနေ့ ထိုက်တန် အလုပ်ကအပြန်
လမ်း၌ တက္ကသိုလ် ကျောင်းတက် နေသော
ကိုရဲလွင်ဆိုသူနှင့်တွေ့၏။
ကိုရဲလွင်က ထိုက်တန် အား

“ထိုက်တန် မင်းမိန်းမ ကျောင်းမှာ
ခင်ဝမ်းဆိုတဲ့ကောင်နဲ့တွဲနေတယ်။
နေ့တိုင်း လိုပဲ ကျောင်းမှာ အတန်းတက်နေတယ်ကိုမရှိဘူး။”

ထိုအခါ ထိုက်တန်က

“သ ူ့သူငယ်ချင်းတစ်ယောက် ဖြစ်မှာပါ
ကိုရဲလွင်ရာ ဒါနဲ့ အတန်းမတက်ပဲ
သူက ဘာလုပ်နေလို့လဲ ”

ကိုရဲလွင်က ခေါင်းကိုရမ်း၍

“သူငယ်ချင်း လား ဘာလားတော့
ငါလဲမသိဘူးကွာ။ဘာလို့အတန်းမတက်
လဲဆိုတာတော့ မင့်မိန်းမ မေးကြည့်ပေါ့
ငါသူများလင်မယားကြားထဲ ဝင်မပါ
ချင်ပါဘူးကွာ။မင်းကို တရပ်ကွက်ထဲ
သားချင်းမို့ပြောပြတာ။”

ကိုရဲလွင် ပြောလိုက်သည်များကို ပြန်ကြား
ရင်း ထိုက်တန် အိမ်သို့ပြန်လာခဲ့သည်။

“မေ ယောက်ျားတစ်ယောက်နဲ့အတူ
တွဲနေတယ်ဆိုပါလား”

ထိုအကြောင်းကို စဉ်းစားမိတိုင်း
ထိုက်တန် ရင်တွေမောပြီး ပူလောင်ရ
သည်။ထိုနေ့ညက တင်မေဝင်း အိမ်သို့
ပြန်မအိမ်ပဲ ထိုက်တန်သာ ပြန်လာနိုးဖြင့်
အိမ်ရှေ့ ၌ ငုတ်တုတ်ထိုင်၍ သူ့၏
ဇနီး ချောလေး တင်မေဝင်းအား
စောင့်နေရှာ၏။ လက်မှာပတ်ထားတဲ့ စီကို နာရီလေးရဲ့ လက်တံတွေက
ည၁၂နာရီ ကို ညွှန်ပြနေ၏။
အိမ်ထရံ၌ ချိတ်ထားတဲ့ ကိုကျင်ဟုတ်
ရဲ့ ဆိုင်က ဝယ်ယူခဲ့တဲ့ ခေါက်ဆွဲကြော်
ထုတ်လေးကိုကြည့်ပြီး ထိုက်တန်
စိတ်မကောင်းဖြစ်မိ၏။

“မောင် ၊ မေ ခေါက်ဆွဲကြော် စားချင်တယ် ”
ဆိုတဲ့ တင်မေဝင်း ပြောတာလေးကို
သတိရ၍ ရတဲု့ လုပ်အားခလေးထဲက
ဝယ်လာခဲ့ခြင်းဖြစ်၏။

“မေ ခုချိန်မှာ ကိုခင်ဝမ်းဆိုတဲ့လူနဲ့များ
အတူတူ ရှိနေတာလား”

လကြီးကသာနေသည်။ကောင်းကင်မှာ
ဘာတိမ်ရိပ်မှမရှိပဲ ကင်းစင်နေသည်။
ထိုက်တန် လမင်းကြီးကို မော့ကြည့်မိသည်။
သူ့မျက်လုံးထဲမှာ ထိန်ထိန်လင်းနေတဲ့
လမင်းက ဝိုးဝါးဖြစ်နေသည်။
ဒီတော့မှ သူ့မျက်လုံးထဲမှာ မျက်ရည် တွေ
ပြည့်ပြီး ငိုနေမိမှန်း ထိုက်တန် သိလိုက်သည်။

“မောင့်ကို မေက ရူးနေအောင်ကို
ချစ်တာပါမောင်ရယ်”

တင်မေဝင်းက သူ့ကိုပြောခဲ့ဘူးတဲ့စကား။
ညဉ့် ၂ နာရီ ထိုးတော့ ထိုက်တန် ထိုင်နေ
ရာကထလိုက်သည်။ ထို့နောက် လမ်းဘက်ကိုထွက်ပြီး တင်မေဝင်း များ
ပြန်လာမလားဆိုပြီး မျှော်ရင်း ကြည့်
မိသည်။ လမ်းလေးက တိတ်ဆိတ်ပြီး
သူလည်း အခြားသက်ရှိတွေလို အိပ်နေ
ဟန်တူသည်။
ဒေါင် ဒေါင် ဒေါင်
ညကင်းစောင့်တဲ့ ရပ်ကွက်ထဲ မီးကင့်စောင့်
အဖိုးကြီးက တညလုံး အရက်သောက်
၍အိပ်ပျော်နေပြီး မနက် ၃ နာရီ ကျမှ
ကပျာကယာ သံချောင်း ထခေါက်သည်။
ထိုက်တန် နာရီလေးကို ကြည့်လိုက်သည်။
၃နာရီ။

“ပြန်လာပါတော့ မေရယ်”

ဝမ်းနည်း လွန်းလို့ ကလေးငယ် တစ်ယောက်လို အော်ပြီး ငိုလိုက်ချင်
သည်။ထို့နောက် သူသည် တိတ်ဆိတ်
နေသော လမ်းလေးပေါ်မှ အိမ်လေး
ဆီသို့ လေးကန်သောခြေလှမ်းများဖြင့်
ပြန်လာခဲ့သည်။ထိုညက မိုးစင်စင်သာ
လင်းသွားခဲ့သည်။ တင်မေဝင်းက
ပြန်မလာခဲ့။နောက်တနေ့မနက် ညက
အိပ်ရေးပျက်တဲ့ဒဏ်ကြောင့် ထိုက်တန်
ခေါင်းတွေက အုံခဲနေ၏။ထိုကြောင့် အိပ်ယာထဲ အသာ မှိန်းနေမိ၏။
ထိုစဥ် အိမ်အပြင်မှ လူတစ်ယောက်
ခေါ်နေသံ သူကြားရ၏။

“ထိုက်တန်. ထိုက်တန် ”

သူ့သူငယ်ချင်း ပန်းရန်ဆရာ တိုးမောင်
၏အသံ၊အိပ်ယာထဲက လူးလဲ ပြီးသူထ
လိုက်သည်။သူ့ပုံစံကိုကြည့်၍ တိုးမောင် က

“မင်းနေမကောင်းဘူးလား ထိုက်တန်”

“ဟုတ်တယ်ကွာ ငါခေါင်းတွေကို ဆယ်ပေါင်တူနဲ့ ထုနေသလိုမျိုးကြီးကွာ
အုံခဲနေတာ၊ခေါင်းကိုမထောင်ချင်ဘူးကွာ။'”

ထိုအခါ တိုးမောင်က ထိုက်တန်၏ နဖူး
ကိုသူ၏လက်ဖြင့် စမ်း၍

“ဟာ..ကိုယ်တွေလည်းပူခြစ်နေတာ၊
မင်းဆေးခန်းပြမှရမှာပေါ့ဟ၊လာကွာ
လမ်းထိပ်က ဆေးခန်းငါလိုက်ပို့မယ်။”

“နေပါ တိုးကြီးရာ မင်းလည်းအလုပ်သွား
ရမှာလေကွာ။

တိုးမောင်ကို အားနာ၍ ထိုက်တန်က
ငြင်းသည်။

“မင်းကလည်းကွာ၊ဒါဆို ဒီနားက ကွမ်းယာ
ဆိုင်က စပ်ဆေးဝယ်ပေးခဲ့မယ် ၊မင်းသောက်မလား”

“ကျေးဇူးပါ ကွာ”

ထိုက်တန်က တိုးကြီးဝယ်လာတဲ့ စပ်ဆေး
ကို သောက်လိုက်သည်။
[အညောင်း၊အကိုက်ပျောက်ဆေး၊
အဖျားပျောက်တဲ့ ပါရာစီတမောလ် အစရှိ
သည့် ဆေးများကို နားလည်တက်ကျွမ်းတဲ့
ဆရာဝန်က ပေးတာမဟုတ် ရောင်းချ
သူက စနစ်တကျမဟုတ်ပဲ လမ်းဘေး
ကွမ်းယာ ဆိုင်၊ စျေးဆိုင်ကလေးများ၌
ရောင်းချသောဆေး၊အခြေခံလူတန်းစား
များအတွက် စပ်ထားတဲ့ စပ်ဆေး ။
စာရေးသူ ]

“မင်း မိန်းမ တင်မေဝင်း ရော”

တိုးမောင်ကမေးတော့ ။ထိုက်တန်က
ဝေ့လည်ကြောင်ပက်ဖြင့်

ဟို..ဟို..ကျောင်း..

“တော်စမ်းပါကွာ မင်းက ဘာဖားအုံးမလို့
လဲ။မင်းမိန်မ ညက အိမ်ပြန် မလာဘူး
မဟုတ်လား”

“မင်းဘယ်လိုသိလဲ”

အံ့သြဟန်ဖြင့် ထိုက်တန်က မေး၏။

“အစတော့ မင်းကို သနားလို့ မပြောဘူး
လို့ပဲု၊မင့်မိန်းမ တော်တော် လွန်နေပြီ
ထိုက်တန်၊မနေ့က ညနေပိုင်း ယောက်ျား
တစ်ယောက်နဲ့ တည်းခိုခန်း ထဲဝင်သွား
တာ ငါကိုယ်တိုင်မြင်လိုက်တာ ထိုက်တန်၊
မင်းဘာလို့ ဒီလောက် သည်းခံ နေတာ
လဲထိုက်တန်၊ ငါတို့က ဘေးကနေမခံ
နိူင်တော့ဘူးကွာ။အရပ်ထဲမှာ ဘာပြော
နေကျလဲ မင်းသိလား။”

အသက်မဲ့နေတဲ့ ကျောက်ရုပ်တစ်ရုပ်လို
ပုံစံ ဖြင့် ထိုက်တန်က ခေါင်းရမ်းပြသည်။
ထိုအခါ တိုးမောင်က ကရုဏာ ဒေါသဖြင့်

“အေး..အရပ်ထဲက ဘာပြောနေလဲဆို
တော့ ထိုက်တန်မိန်းမက ဖာသည်မတဲ့”

“မင်းဘာပြောလိုက်တာလဲ ဟေ့ကောင်”

အသံကုန်အော်၍ ထိုက်တန်က တိုးမောင်
၏လည်ပင်းကို သူ့လက်ဖြင့်ညှစ်ထား၏။
ထိုက်တန်သည်
အသားတွေတဆက်ဆက်တုန်ပြီး
တကျစ်ကျစ်မြည်အောင် အံကိုကျိတ်
ထား၏။ ထိုအခါ တိုးမောင်က ထိုက်တန်
၏လက်ကို ဖယ်ထုတ်လိုက်ပြီး

“မင်းက မိန်းမဆိပ်တက်ပြီး ငါ့ကိုတောင်
ရိုက်နှက်မလို့ပေါ့လေ။တကယ့်ကောင်
ပါကွာ၊မင်းမိန်းမ တင်မေဝင်း အကြောင်း
မင်းကသာ ဘာမှမသိတာ၊ တက္ကသိုလ်
တက်နေတဲ့ ကုန်စုံဆိုင် ပိုင်ရှင် မငွေလှ
သမီး ခင်မေဦး တို့၊ကျောင်းဆရာကြီး
သမီး မြမြဝင်းတို့ပြောလို့ မင်းမိန်းမ
အညှီနံ့တွေက တရပ်ကွက်လုံး
ထောင်းထနေပြီ သိလား ဟေ့ကောင်၊
မှန်းစမ်း မင့် ခေါင်း”

တိုးမောင်က ထိုက်တန်၏ ခေါင်းမှ ဆံပင်
များကြားသို့ သူ၏လက်ကုိထိုးဖွလိုက်၏။

“မင့်ခေါင်းမှာ ချို [ဂျို]များ ပေါက်နေပြီ
လားလို့ စမ်းကြည့်တာ”

ထိုအခါ ထိုက်တန်သည် ဝမ်းနည်းလွန်း၍
မျက်ရည် များကျလာပြီး

“ငါ့ကို မင်းတို့ နွားလို့ပြောလည်း ငါခံ
နိူင်ပါတယ်ကွာ၊မေ့ ကိုတော့ ပက်ပက်စက်စက် မပြောကျပါနဲ့ကွာ
ငါတောင်းပန်ပါတယ် တိုးကြီးရာ ”

“မင်း ပျက်သားသင့်ပြီ ထိုက်တန်
ကြာရင် မင်းပဲ လှိမ့်နေအောင် ခံစား ရမှာ၊
ယောက်ျားပဲကွာ မပျော့ညံ့စမ်းပါနဲ့။
ငါသွားပြီ ထိုက်တန်”

တိုးမောင်ပြန်သွားတော့ ထိုက်တန်
တင်မေဝင်း နဲ့ တွေ့စတုန်းက အချိန်တွေ
ပြန်တွေးကြည့်မိသည်။တင်မေဝင်း
ပြောတဲ့စကားတွေကိုလည်းပြန်ကြား
ယောင်မိပြန်သည်။

“မောင်သာ မေ့ကိုထားခဲ့လို့ကတော့
မေကတော့ ရူးရင်ရူး မရူးရင် သေမှာ၊
မောင့်ကို ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့
အချစ်မျိုးနဲ့ကို ချစ်တာပါ မောင်ရယ်”

ထိုက်တန် ခေါင်းကိုရမ်းလိုက်သည်။

“ဟုတ်ပါတယ် မေက ငါ့ကို သိပ်ချစ်တာ
လူတွေက မနာလိုပြီးပြောနေတာပါ”

ထိုသို့ တွေးနေရင်း အိပ်ရာ ပေါ်သို့
အသာပြန်လှဲနေလိုက်၏။
မကြာမီ စပ်ဆေး၏အစွမ်းဖြင့် မျက်လုံးများ
ငိုက်မြည်းလာပြီး ထိုက်တန်
အိပ်ပျော်သွားလေ၏။ဘယ်လောက်
ကြာကြာ အိပ်ပျော်သွားတယ်တော့မသိ။
လူတစ်ယောက်က မာန်မဲ၍ သူ့ကို နှိုးနေမှ
အိပ်မှုန်စုံမွှားဖြင့် ထိုက်တန်နိုးလာ၏။

“မောင် .
“မောင် ..ထစမ်းပါအုံး နေ့ခင်းကြောင်
တောင်ကြီး အလုပ်မသွားပဲ ဒီလောက်
အိပ်နေရအောင်”

“မောင် နေမကောင်းလို့ပါ မေ”

“အော်..ဟုတ်လား”

တင်မေဝင်းက သူ့မ၏ လက်ဖဝါးလေး
ဖြင့် ထိုက်တန်၏ ကိုယ်ကို စမ်းကြည့်
သည်။

“ကိုယ်တော့ သိပ်မပူတော့ပါဘူး၊ဆေးခန်း
သွားပြလေမောင်၊ပိုက်ဆံရောရှိလား။”

တင်မေဝင်းက သူမ၏ ပိုက်ဆံအိတ်
ထဲမှ ပိုက်ဆံအချို့ကို ထုတ်ပေးဖို့ပြင်၏။
ထိုအခါထိုက်တန်က ပြုံးရွှင်သော
မျက်နှာဖြင့်

“နေပါစေမေ မောင် စပ်ဆေးသောက်လိုက်လို့ သက်သာသွားပြီ

“အင်းပါ အဲတာဆိုလဲ ပြီးတာပဲ၊ထရံမှာ
ချိတ်ထားတာ ဘာထုပ်ကြီးလဲမောင်”

မနေ့ညနေက ထိုက်တန်ဝယ်လာတဲ့
ခေါက်ဆွဲကြော် ထုပ်ကိုမြင်၍ တင်မေဝင်းက မေးသည်။

“အော်..အဲတာ မေစားချင်တယ်ဆိုလို့
မနေ့ကအလုပ်ပြန် ကိုကျင်ဟုတ်
ဆိုင်က ခေါက်ဆွဲကြော် ဝယ်လာတာ။
မေကပြန်မလာလို့”

ထိုအခါ တင်မေဝင်းက နှစ်နှစ်ကာကာ
ပြုံး၍

“ဟင်း..ဟင်းးးဟင်းး
မောင်ရယ် မေစားချင်တာ မြို့ထဲက
စားသောက်ဆိုင်ကြီးတွေက ခေါက်ဆွဲကြော် ကိုပြောတာပါ၊
လမ်းဘေးဆိုင်က ခေါက်ဆွဲကြော် ကို
ပြောတာမဟုတ်ဖူး၊နောက်မဝယ်နဲ့နော်
မောင်၊ အဲဒီ ခေါက်ဆွဲကြော်တွေ
ခွေးကြွေးပစ်လိုက်”

“မသိပါဘူး မေရယ် မောင်က ကိုကျင်ဟုတ်
ဆိုင်က. ခေါက်ဆွဲကြော် ဆိုကောင်းလှ
ပြီထင်နေတာ”

ထိုက်တန် ထိုသို့ပြောဆို၍ ချဉ်စုတ်စုတ်နံံ့့
ထွက်နေပြီဖြစ်တဲ့ ခေါက်ဆွဲကြော် ထုပ်
ကလေးကို အမှိုက် ခြင်းထဲသို့ထည့်
လိုက်လေ၏။
တင်မေဝင်း သည် ခဏမျှကြာသော်
အဝတ်အစား များလဲကာ အလှအပများ
ပြုပြင် ၍

“မောင်ရေ မေဒီည သူငယ်ချင်း က
ပါတီပေးတာဖိတ်ထားလို့သွားလိုက်
အုံးမယ်နော်။တကယ်လို့ အပြန်နောက်
ကျရင် မေ ဟိုမှာပဲ အိပ်လိုက်တော့မယ်
နော် မောင်”

တင်မေဝင်းက ထိုကဲ့သို့ပြောဆို၍
ထိုက်တန် ၏ဘေးမှ သွားဖို့ပြင်သည်။
ထိုအခါ ထိုက်တန်က တင်မေဝင်း၏
လက်တစ်ဖက်ကိုဆွဲ၍

“ခုမှပြန်လာတယ် ပြန်ထွက်အုံးမလို့လား
မသွားပါနဲ့ မေ ၊မောင်လည်းနေသိပ်ကောင်း
တာမဟုတ်ဘူး”

ထိုအခါ တင်မေဝင်းက ထိုက်တန်
ဆွဲထားသောလက်ကို ဆောင့်ရုန်း၍

“စည်းတွေ ဘောင်တွေခက်တာ
မေမကြိုက်ဘူးနော်၊ဒါက သူငယ်ချင်း
အရင်းကြီးရဲ့ပါတီမို့သွားရမှာ”

တင်မေဝင်း အပြောကြောင့် ထိုက်တန်က
ထေ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

“ဘာလဲ ပါတီက ယောက်ျားတစ်ယောက်နဲ့
ရမ္မက်ဇောတွေအထွတ်အထိတ်တက်၊
အသာငမ်းငမ်းနဲ့ အရှက်မရှိ တညလုံး
တဏှာရူးပြီး ခွေးဇက်ခင်းမဲ့ပါတီလား”

ထိုက်တန် စိတ်ထဲက ခံပြင်းပြီးပြောလိုက်
တဲ့စကားတွေပါ။တကယ်တမ်းအပြင်
ထွက်လာတဲ့စကားတွေက

“သွားမယ်ဆိုလဲ စောစောလေးပြန်ခဲ့ပေါ့
မေရယ်”

တင်မေဝင်းသည် ထိုက်တန်စကားကိုကြားသောအခါ
များစွာ စိတ်ဆိုးသွားပြီး

“ထိုက်တန် ရှင့်ဆီခု ကျွန်မပြန်လာတာ
သိပ်လာချင်နေတယ်လို့ ထင်နေတာလား
စုတ်ပြက်သတ်နေတဲ့ ပတ်ဝန်းကျင် နဲ့
အော်ဂလီဆန် ချင်စရာ ရှင့်ဘဝကို
ကျွန်မစိတ်ကုန်နေတာကြာပြီ”

“မင်းဘယ်လိုပြောလိုက်တာလဲမေ ၊
ငါ့ဘဝထဲကို မင်းကိုယ်တိုင်ဝင်ခဲ့တာလေ”

ထိုက်တန်က ထိုသို့ပြောသည်ကို
တင်မေဝင်းက

“ဟုတ်တယ်သာယာမယ်ထင်လို့ မသိလို့
ဝင်ခဲ့တာ၊ခုတော့ ဘာမှ လုပ်မပေးနိူင်တဲ့
ယောက်ျားဆီမှာ ဘာမျှော်လင့်ချက်မှ
မရှိတဲ့အတွက် ထွက်သွားတော့မယ်”

အပြောင်းလဲမြန်လွန်းတဲ့ တင်မေဝင်းကို
ကြည့်ပြီး ထိုက်တန် ဝမ်းနည်းနေမိသည်။

“ငါမင်းအတွက် ရည်ရွယ်ချက် တွေရှိတာ
ပေါ့မေ”

အင်အားမရှိသလို တိုးတိမ်သော အသံဖြင့်
ပြောလာတဲ့ ထိုက်တန်စကားကို
တင်မေဝင်းက တချက်မဲ့၍

“ဘာလဲ မြေကွက် ကျဉ်းကျဉ်းလေး
တစ်ကွက်နဲ့ အိမ်သေးသေးလေး
တစ်လုံးလား။အဲလောက်အဆင့်တန်းနဲ့
တင်မေဝင်းလို မိန်းမကိုဆွဲထားဖို့
မကြိုးစားနဲ့ထိုက်တန်”

အစကတည်းက ဖြစ်နိုင်ပါ့မလား၊
ထိုက်တန်ကတွေးပူခဲ့တယ်။
ဒါကိုတင်မေဝင်းက ချစ်နေကျရင်ပြီးတာပဲဆိုပြီး
ဇွတ်အတင်းလေထဲအိမ်
ဆောက်ပြီး ထိုက်တန်ဘဝထဲ
ဝင်ခဲ့တယ်။အစကတည်းက သူခေါ်ခဲ့
တာမှမဟုတ်တာ၊သူကိုယ်တိုင်
ဇွတ်တရွတ်နဲ့ ဝင်လာခဲ့တာခုမှ
ထွက်သွား တော့မယ် ဆွဲမထားပါနဲ့တဲ့။
ဘယ်လိုနှလုံးသားနဲ့များပြောလိုက်ပါလိမ့်။
အသက်လောက်ချစ်ရတဲ့မိန်းမက
ချိုးချိုးဖဲ့ဖဲ့ပြောတာခံလိုက်ရ၍ ထိုက်တန်
ရင်နာမိသည်။ပြင်ပခန္ဓာမှာ ဒဏ်ရာရရင်
သွေးတွေယိုစီးကျလာသလို၊
နာကျင်လွန်းတဲ့ရင်ထဲက ဒဏ်ရာကြောင့်
ထိုက်တန် မျက်ဝန်းက မျက်ရည် တွေ၊
ကျလာခဲ့တယ်။

“ခုမှလာပြီး ကျနော့်ကို ရွှေစကား
ငွေစကားတွေပြောပြီး အဆင့်တန်း
မခွဲပါနဲ့မေ။ဒီထက်တော့ မစော်ကားပါနဲ့။
ထွက်သွားပါ။ကျနော်မတားတော့ပါဘူး”

“သေချာတယ်နော်။တစ်ဘဝလုံးစာအတွက်
ရှင်နဲု့ ကျွန်မဒါနောက်ဆုံးပဲ၊ဘယ်တော့မှ
ကျွန်မရှေ့ပေါ်မလာပါနဲ့”

ထိုနေ့မှစ၍ တင်မေဝင်းသည် ထိုက်တန်ရှ်ိ
ရာအိမ်လေးသို့ လုံးဝမလာပဲ၊ထိုက်တန်သည်သာ
တနေ့ တင်မေဝင်း ပြန်လာလေမလား
ဆိုပြီး မျှော်ရင်း နေရှာလေသည်။
တင်မေဝင်း ထွက်သွား ကတည်းက
ထိုက်တန်စိတ်တွေ လေပြီး အလုပ်လဲ
မသွားချင်၊အစားလည်းမစားချင်၊ဘာဆို
ဘာမှ စိတ်ထဲထည့်လို့မရပဲ၊ တင်မေဝင်း
ကိုသာ သတိရ လွမ်းဆွတ် နေမ်ိသည်။

“ကိုထိုက်တန်”
“ကိုထိုက်တန်”

မိန်းကလေးတစ်ယောက်က သူ့နာမည်ကို
ခေါ်နေ၍ ထိုက်တန် အိပ်ရာ ထဲလှဲနေရာ
ကထလိုက်သည်။ ဘယ်မှမသွားပဲ
အိပ်ရာ ထဲခွေနေတာကိုက ၁၅ ရက်ခန့်
ရှိပြီ။

“အော်..မဟေမာန်တို့ပါလား လာဗျာ”

အိမ်လေးပေါ်မှာ ထိုက်တန်က သင်ဖြူးဖျာ
လေးခင်းလိုက်သည်။တင်မေဝင်း သူငယ်ချင်း ဟေမာန်ကို သိပေမဲ့
နောက်မိန်းကလေးကိုတော့ သူမသိ။

“ကိုထိုက်တန် သူ့နာမည်က ယု တဲ့။
တင်မေမ သူငယ်ချင်းပဲ။ ကိုထိုက်တန် နဲ့
မဆုံဘူးလို့။”

ယုဆိုတဲ့ အမျိုးသမီး က ထိုက်တန်ကို
ပြုံးပြ၍

“ကိုထိုက်တန် အကြောင်းသိရတော့
ယု သနားနေတာ။တင်မေမ ဒီလိုလုပ်ဖို့
တော့မကောင်းပါဘူး။”

“ရပါတယ်ဗျာ။ အကြောင်း ရှိလို့ ကျနော့်
ဆီလာခဲ့က္တာလား”

ထိုက်တန်က စကားလမ်းကြောင်းလွှဲ
လိုက်သည်။အနာကိုပြန်ဆွသလို
ခံစားရလို့ ဒီအကြောင်းတွေ သူမကြား
ချင်တော့။ဒီတော့မှ ယုက အားနာ
သလိုမျိုး ဖြင့်

“ဟုတ်သားပဲ လာရင်းကိစ္စပြောဖို့မေ့နေ
တယ်။ဒီပါလိုပါ ကိုထိုက်တန်
ခုကျွန်မတို့အဆောင်ကို ဖုန်းနဲ့ တင်မေဝင်း
အမေက ဆက်သွယ်လာလို့။သူ့အဖေ
အသည်းအသန် ဖြစ်လို့ နောက်ဆုံး
အခြေနေရောက်နေပြီ အသက်မှီအောင်
တောင်ကြီး ကိုအမြန်ပြန်လာဆိုပြီး ပြော
နေတယ်။ခက်တာက တင်မေဝင်း ကလည်း
အဆောင် မှာမရှိ။ဒါကိုလည်း တင်မေဝင်း
အမေကို ကျွန်မတို့က မပြောရက်ဘူး။
ကိုထိုက်တန် များ တင်မေဝင်းနဲ့ အဆက်အသွယ် ရှိမလားဆိုပြီး လိုက်လာခဲ့ ကြတာပါရှင်”

ထိုအခါ ထိုက်တန်က

“သူထွက်သွားကတည်းက ကျနော့် ဆီ
ပြန်မလာဘူးဗျာ။စိတ်ချပါ ဒီမြို့မှာ ရှိနေ
သေးရင် ကျနော် ရအောင်ရှာပြီးပြော
ပေးမယ်။မေ သူ့အဖေရဲ့ နောက်ဆုံး
အချိန်လေးကိုတော့ သွားချင်ရှာမှာ”

တင်မေဝင်း အပေါ်ထားတဲ့ ထိုက်တန်၏
စေတနာ ကိုမြင်ရတော့ ဟေမာန်ရော
ယုပါ စိတ်မကောင်းဖြစ်ကြသည်။
ထို့နောက် ထိုက်တန်ကို နုတ်ဆက်၍
ပြန်ခဲ့ကျလေသည်။ ယုတို့့ပြန်တာနှင့်
ထိုက်တန်ရေချိူးအဝတ်စားလဲပြီး
စက်ဘီး လေစီးးကာ တမြို့လုံး
တင်မေဝင်းကိုလိုက်ရှာသည်။
နေရာတော်တော်များများလည်းစုံနေပြီ။
နောက်ဆုံး စိတ်ကို ဘုန်းဘုန်းချ
လိုက်တော့မှ စားသောက်ဆိုင်ကြီး
တစ်ဆိုင်ထဲကထွက်လာတဲ့
တင်မေဝင်းနဲ့ ယောကျာ်းတစ်ယောက်၊
တင်မေဝင်းက ထိုလူ၏လက်ကို ဖက်တွယ်
၍ ပြုံးပျော်ရွှင်ပျနေကျ၏။ထိုက်တန်ကို
မမြင်ပဲကားလေးပေါ်တက်ရန်ပြင်နေသော
တင်မေဝင်းအား ထိုက်တန်က ငေးကြည့်
နေရာမှ သတိပြန်ဝင်လာပြီး

“မေ..
“မေ..

တင်မေဝင်းတို့ အနားကို အပြေးလေး
ထိုက်တန် သွားလိုက်သည်။
ထိုက်တန်ကိုမြင်တာနှင့် တင်မေဝင်း က
မျက်နှာပျက်သွားသည်။
သူမနှင့် အတူရှ်ိနေတဲ့ လူကလည်း
ထိုက်တန်ကို မလိုလားလေဟန်၊ရှု့တင်း
တင်းမျက်နှာဖြင့်ကြည့်နေ၏။ထိုက်တန်
သူတို့ အနားကိုရောက်တော့ ထိုလူက

“မင်းတုိ့ ဇယား တွေကမရှင်းသေးတာ
လား သဲ”

ထိုအခါတင်မေဝင်းက

“မဟုတ်ဘူး ကိုကို သူ့ဖာသာ လာရစ်နေ
တာ၊သဲကြည့်ရှင်းလိုက်မယ်။”

“မေ”

ထိုက်တန် က သတင်းစကားပြောရန်
ခေါ်လိုက်သည်။ဒီတင်၊ တင်မေဝင်းက
စိတ်အလွန်ဆိုးသွားပြီး

“ငါရှေ့ကို ဘယ်တော့မှ ပေါ်မလာနဲ့ဆိုတာ
နင့်ကိုပြောထားတယ်နော်”

တွေ့တွေ့ခြင်း ဆောက်နဲ့ထွင်းဆိုသလို
တင်မေဝင်း စကားကြောင့် ထိုက်တန်
ဘာပြောရမှန်းမသိဖြစ်သွားသည်။

ဟို…ဟို…

ယောင်နနဖြစ်နေတဲ့ ထိုက်တန်ကို
တင်မေဝင်းဘေးကလူက

“ဘာလဲဟေ့ကောင်မင်းငွေလိုချင်လို့လား”

ထိုက်တန် ထောင်းကနဲ့ဒေါသဖြစ်သွား
သည်။ထိုလူ၏ အကျီင်္ီ ရင်ဘက်အား
သူ့လက်ဖြင့် ဆုပ်ကိုင်၍

“ဘာစကားပြောတာလဲ ဟေ့လူ
ခင်ဗျား သာ သူများမယားကြောင်တောင်
နှိုက်နေတာ သိလား”

“ဘာကွ မင်းလိုကောင်ကများ ခွေးးသား
သေစမ်း”

ခွပ်…

ထိုလူက ထိုက်တန်၏ မျက်နှာကို လက်သီး
ဖြင့်ထိုးချလိုက်သည်။ထိုက်တန်ကလည်း
ပြန်ထိုးသည်။ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့
သူတို့အနေထားကို လူတွေက ဝိုင်းအုံ
ကြည့်ရှု့ကြသည်။

“တော်စမ်း ထိုက်တန် နင်ကငါ့ကို
လူကြားထဲ လာပြီး မစားရတဲ့အမဲသဲနဲ့
လာပတ်ပြီးအရှက်ခွဲတာပေါ့လေ ”

လူချင်းပူးနေတဲ့ သူတို့နှစ်ယောက်ထဲက
ထိုက်တန်ကိုတင်မေဝင်းက ရင်ဘတ်
ကိုဆောင့်တွန်း၍ ပြောလိုက်ခြင်းဖြစ်၏။
တင်မေဝင်းသည် ဝိုင်းအုံ ကြည့်နေသော
လူများကို ကြည့်၍ ရှက်လဲ ရှက်၊ဒေါသ
လည်းဖြစ်ပြီး ထိုက်တန်၏ ပါးကို
လက်ဖြင့် တဖျောင်းဖျောင်းမြည်အောင်
ရိုက်နှက်လေသည်။
ဖျောင်း
ဖျောင်း..
ဖျောင်းးးးးး
ဒေါသကြောင့် ထိုက်တန်၏ပါးကို
စိတ်ရှိလက်ရှိ တင်မေဝင်း ရိုက်ခဲ့တာ
ဘယ်နှစ်ချက်မှန်းပင်မသိ။သူ့လက်တွေ
ထုံကျင်လာမှ ရိုက်တာကိုရပ်လိုက်၏။
ကျောက်ရုပ်တစ်ရုပ်လို ရပ်နေပြီး
နာကျင်မုန်းတီးနေတဲ့ ထိုက်တန် အကြည့်
တွေကို တင်မေဝင်း ကြောက်သလို
ဖြစ်သွား၏။ နုတ်ခမ်း ထောင့်ကယိုစီး
ကျလာတဲ့ သွေးစတွေကို ထိုက်တန်က
သူ့လက်ဖမိုးဖြင့်သုတ်လိုက်၏။
ထိုနောက် နာကျင်ဝမ်းနည်း တုန်အက်
နေတဲ့ အသံ ဖြင့်

“မင်းအဖေ အသည်းအသန် ဖြစ်နေလို့
နောက်ဆုံး အခြေနေကို ရောက်နေပြီ
တွေ့ချင်ရင် အမြန်ပြန်လာပါတဲ့”

ထိုသို့ ပြော၍ လူအုပ်ကြားထဲက စက်ဘီး
လေးကိုတွန်း၍ ထိုက်တန် ထွက်ခဲ့သည်။
ထိုအခါကျမှ တင်မေဝင်း သူမှားမှန်းသိလိုက်၏။

ထိုက်တန် ”

တင်မေဝင်းက ထိုက်တန် နောက်သို့
အပြေးလိုက်၏။သို့သော်သူ့ဘေးကလူက
တင်မေဝင်း ၏လက်ကိုဆွဲထား၏။
စက်ဘီး လေးကို ငုံ့ပြီးတွန်းထွက်လာခဲ့တဲ့
ထိုက်တန်၏ ခြေဖမိုးပေါ်သို့
ပူနွေးစိုစွတ်တဲ့ မျက်ရည် တစ်စက်က
တောက်ကနဲ့ နာကျင်ဝမ်းနည်း စွာ
ခုန်ချ လာ၏။

“သွားစမ်းပါ ဒီမျက်ရည်တွေ ငါ့ဘဝမှာ
ဒီမိန်းမ အတွက် ဒီမျက်ရည်ဟာ
နောက်ဆုံး ကျခြင်းပဲဖြစ်ရမယ်။”

[ နိဂုံး ]

ဇော်ဟိတ်သည် စားသောက်ဖွယ်ရာ တွေထဲက အသားကင်
တစ်ခုကို အသားလှီးသောဓားလေးဖြင့်
ကျွမ်းကျင်စွာ လှီးဖြတ်လိုက်သည်။
ထို့နောက် ဇွန်းခရင်းဖြင့် ထိုးစိုက်၍
မစားသေးပဲ ကိုမောင်မောင်အား

“တကယ်လို့ ကိုမောင်မောင်သာ ထိုက်တန် နေရာမှာဆို ဘာလုပ်မလဲ။ကျနော်ပြော
ချင်တာက တင်မေဝင်းလို မိန်းမမျိုး
ကိုမောင်မောင် တွေ့ရင် ဘာလုပ်မလဲ”

ကိုမောင်မောင်က တချက်ပြုံး၍

“ကျနော်က လူတစ်မျိုးဗျ ကိုယ်ကတစ်ကျပ်
ပေးထားရင် တစ်ကျပ်ပြန်ရမှကြိုက်တယ်။
ထိုက်တန်နေရာမှာ ကျနော်သာဆိုရင်
သေချာတယ်ဗျ အဲ့ဒီ မိန်းမကို ကျနော်
သတ်ပစ်မိမှာ-”

ကိုမောင်မောင် အဖြေကို ဇော်ဟိတ်က
သဘောကျ၍ အားပါးတရ ရယ်လိုက်သည်။

“ဟားဟား း…ဒါပေမဲ့ ထိုက်တန်က
ကိုမောင်မောင် မဟုတ်ဘူးလေဗျာ၊

ထိုသို့ သူတို့ပြောနေစဉ် ဧည့်ခန်းထဲသို့
လူတစ်ယောက်ဝင်လာ၏

“မမလေး”

ခေါ်လိုက်သူကို ခင်မူယာက မျက်လုံးပြူး
ပြလိုက်သည်။

“အပြင်ကစောင့် ငါလာမယ်”

ခင်မူယာကထိုသို့ပြောတော့ ထိုလူက
ဧည့်ခန်းထဲကထွက်သွားသည်။

“မောင်၊ ကိုဇော်ဟိတ် ခဏလေးပါနော်၊”

ခင်မူယာက ခွင့်တောင်း၍ စောစောကလူ
နောက်လိုက်သွားသည်။

“ဟဲ့အရူး သူတို့ရှေ့မှာ လာပြောရလား”

ခင်မူယာက စောင့်နေတဲ့လူကို တမ်းဟောက်သည်။ခင်မူယာ အပြစ်တင်
တာခံလိုက်ရ၍ စိုးပိုင် ခေါင်းငိုက်သွားသည်။စိုးပိုင်က ခင်မူယာ
စီးတဲ့ကားကို မောင်းရတဲ့ ကားဒရိုင်ဘာ၊
တနည်းအားဖြင့်ဆိုရျသော်
ခင်မူယာ ၏လူယုံတော်။

“သူပြန်မလာတာ တစ်ပါတ်လောက်
ရှိပြီ၊တဲ့ မမလေး ။ ”

“နင် အဲ့ဒီ တိုက်ခန်းရောက်ခဲ့တယ်ပေါ့”

“ဟုတ် ရောက်ခဲ့ပါတယ်။ ခြံနီးနားချင်း
တွေမေးကြည့်လို့ ကျွန်တော် သိလာ
ရတာပါ”

စိုးပိုင် အဖြေကြားတော့ ခင်မူယာ
သက်ပြင်းမောကို ချမိသည်။

“သူဘယ်ထွက်သွားတာပါလိမ့်၊
ကဲ ..ငါမခေါ်ပဲ ဝင်မလာခဲ့နဲ့ သွားတော့”

ခင်မူယာ ဧည့်ခန်းထဲသို့ ဟန်မပျက်
ပြန်ဝင်သွားလိုက်သည်။

“စိုးပိုင်က ဘာတဲ့လဲ ခင်”

ကိုမောင်မောင်က မေးသည်။

“အော်..ခင် ခိုင်းထားတာလေး လာပြော
တာပါ မောင်”

သူ့ဇနီး အဖြေကို ကိုမောင်မောင်က ခေါင်း
ငြိမ့်၍ ဇော်ဟိတ်ဘက်သို့လှည့်ကာ

“ကဲ ကိုဇော်ဟိတ် ရဲ့ Storyလေးဆက်ပါအုံးဗျာ၊ ကျွန်တော် တော့
စိတ်ဝင်စားနေပြီ၊တင်မေဝင်း ဆိုတဲ့
မိန်းမ ဟာ အတော်ဆိုးတာပဲဗျ၊
ခင်ရော ကိုဇော်ဟိတ် ဇာက်လမ်းကို
စိတ်ဝင်စားရဲ့လား”

“ခင် စိတ်ဝင်စားပါတယ်”

ချောက်ကပ်ကပ် အသံဖြင့် ခင်မူယာက
ဖြေသည်။

“ပြောစရာ သိပ်မကျန်တော့ပါဘူးဗျာ။
ထိုက်တန်ဆိုတဲ့ကောင်လေးဟာ
တင်မေဝင်းကို နာကျည်းပြီး မန္တလေး က
နေ တရုတ်နယ်စပ်ဘက်ကို ထွက်ခဲ့သည်။
သူဟာ နယ်စပ်မှာ ရှောင်မိန်းဆိုတဲ့
တရုတ် အဖိုးကြီးဆီမှာ အလုပ်လုပ်ခဲ့
တယ်။ရှောင်မိန်းဟာ အိမ်ထောင်မရှိတဲ့
သူဋ္ဌေးကြီးတစ်ယောက်ပဲ။ထိုက်တန်က
ရှောင်းမိန်း အလုပ်တွေကို ရိုးရိုးသားသား
နဲ့ ကြိုးစားပြီးလုပ်ကိုင်ခဲ့တယ်။ ဒီလိုနဲ့
ရှောင်မိန်း အားကိုးရတဲ့ လူယုံတော်
ဖြစ်လာခဲ့တယ်။အသက်အရွယ် ကြီးရင့်
လာတဲ့ ရှောင်မိန်းဟာ အလွန်ပြင်းထန်
တဲ့ ရောဂါတစ်ခု စွဲကပ်လို့ ဆေးရုံ ဆေးခန်း
တွေမှာ ငွေကို ပုံအောပြီး ကုသခဲ့တယ်။
တရုတ်ပြည်မကြီးထဲက ဘေကျင်းထိ
သွားပြီး သူ့ရောဂါကို ကုသခဲ့တယ်။
သူပိုင်ဆိုင်တဲ့ ငွေတွေက သူ့ဝေဒနာတွေ
လျော့ပါး အောင် မစွမ်းဆောင်ပေးနိူင်
တော့ဘူး။အားလုံးက ရှောင်မိန်းရဲ့
ရောဂါကို လက်လျှော့လိုက်ကြတယ်။
ရှောင်မိန်းလည်း နယ်စပ်က သူ့အိမ်ကြီး
မှာပဲ နေပြီး ဝေဒနာကို အလူးအလဲ ခံစားရင်း သေရမဲ့ရက်ကို စောင့်နေရတော့
တယ်။ထိုက်တန်ဟာ ရှောင်မိန်းကို
ဖခင်တစ်ယောက်လို စိတ်ရောကိုယ်ပါ
နှစ်ပြီး ပြုစုတယ်။ သားသမီးမရှိပေမဲ့
သားတစ်ယောက်လို ပြုစုပေးတဲ့ ထိုက်တန်
ကို ကြည့်ပြီး ရှောင်မိန်းဟာ မျက်ရည်
ကျမိတယ်။သူဟာ ဝမ်းသာလို့ မျက်ရည်
ကျတာဖြစ်တယ်။သူ့ရဲ့ နောက်ဆုံး အချိန်
မှာ ခုလို ပြုစုယုယ ပေးတဲ့ ထိုက်တန်ကို
လည်း ကျေးဇူးတင်နေမိတယ်။တနေ့
တော့ ရှောင်မိန်း ဟာ သူ့ရဲ့ရှေ့နေကို
ဖုန်းဆက်ပြီး အိမ်ကိုခေါ်လိုက်တယ်။
ရှေ့နေရောက်တာနဲ့ သူပိုင်ဆိုင်တဲ့
ကြွယ်ဝမှု့ရဲ့ တချို့ကို နေရာတော်တော်
များများ မှာ ခွဲဝေလှုဒါန်းတယ်။နောက်
သူတို့ အနားကို ထိုက်တန်ကိုခေါ်ယူပြီး
“သား ဒါမင်းအတွက်”ဆိုပြီး စာချုပ်စာတမ်း
တစ်ခုကို ထိုက်တန်လက်ထဲ ထည့်ခဲ့တယ်။
သူလုပ်စရာတွေ လုပ်ပြီးတာနဲ့ ရှောင်မိန်း
ဟာ အမောဖောက်လာခဲ့ပြီး နောက်ဆုံး
ထိုက်တန် လက်ထဲမှာတင် သေဆုံး
သွားခဲ့တယ်။ထိုက်တန်ဟာ ဖခင်လို
ခင်တွယ်ရတဲ့ ရှောင်မိန်း ကွယ်လွန်သွား
လို့ ပူဆွေး ဝမ်းနည်း ခဲ့ရတယ်။ရှောင်မိန်း
ပေးခဲ့တဲ့ ပိုင်ဆိုင်မှု့ တစိတ်တဒေသဟာ
အလွန်များပြားတဲ့ ပမာဏ တစ်ခုဖြစ်မှန်း
နောက်မှ ထိုက်တန်သိလိုက်ရတယ်။
ဒီလိုနဲ့ ထိုက်တန်ဟာ အလွန်ကြွယ်ဝချမ်း
သာတဲ့ သဌေးကြီးဖြစ်သွားခဲ့တယ်။
အဲဒီနေ့ကစပြီး ထိုက်တန်ကို အိပ်မက်
တစ်ခုက ညတိုင်းနှိပ်စက်တော့တယ်။
အိပ်မက် ထဲကမှာ တင်မေဝင်းက
သူ့ပါးကို လူတွေရှေ့ တဖျန်းဖျမ်း
ရိုက်နှက်နေပြီး
“ဘာမှ လုပ်မပေးနိူင်တဲ့ ကောင်ကို
ဘာမှ ပြောမနေချင်ဘူး”

ဆိုတဲ့စကားကို ထပ်ခါထပ်ခါ ကြားနေ
ရတယ်။တကယ်က ထိုက်တန်ရဲ့
နာကျည်းနေတဲ့စိတ်က ငုပ်လျိုးနေရာနေရာ
ကနေ အခြေနေပေးတာနဲ့ ပြန်ပေါ်လာပြီး
အိပ်မက်အဖြစ် မက်နေတာဖြစ်တယ်။
ဒီတင် ထိုက်တန်ဆုံးဖြတ်လိုက်တယ်။
တင်မေဝင်းကို ရှာပြီး လက်စားချေမယ်။
သူဟာ မြန်မာပြည်အနှံ့အလုပ်ကိစ္စနဲ့
ခရီးသွားရင်း တင်မေဝင်း အကြောင်းစုံစမ်း
တယ်။ရွှေဘိုဘက်မှာ သစ်သဌေးတစ်ယောက်နဲ့ ညားနေတယ်
ဆိုလို့ သူရွှေဘိုကိုလိုက်သွားတယ်၊
သတင်းကမှန်တယ်။ဒါပေမဲ့ တင်မေဝင်းက
မရှိတော့ဘူး။အဲဒီလူကိုထားပြီး လွန်ခဲ့တဲ့
တစ်နှစ်လောက်က ထွက်သွား ခဲ့ပြီ။
နောက်ထပ် သတင်းတစ်ခုရပြန်တယ်။
တောင်ကြီး မှာ ဆရာဝန် တစ်ယောက်ရဲ့
ဇနီး အဖြစ် နေထိုင်နေတယ်ဆိုတာပဲ။
ဒီသတင်းလည်း မှန်တယ်။ဆရာဝန်ကို
ထားပြီး တင်မေဝင်းက ထွက်သွားလို့ပဲ။
ဆရာဝန် ဟာ ဝမ်းနည်းလွန်းလို့ ထိုက်တန်
ကိုတောင် သူ့ချစ်ဇနီးလေး တင်မေဝင်းကို
တွေ့ရင် ပြန်လာခဲ့ဖို့ မှာလိုက်သေးတယ်။
အံ့ဩဖို့ကောင်းတာက တင်မေဝင်း
ထားခဲ့တဲ့ယောက်ျားတိုင်းဟာ တင်မေဝင်း
ကို စိတ်မနာကျပဲ တင်မေဝင်း ပြန်လာမဲ့
ရက်ကိုမျှော်ရင်း လွမ်းတသသ ဖြစ်ကျန်
ခဲ့ကြတယ်။သူသာ တင်မေဝင်းကို
လက်စားချေဖို့ ရှာပုံတော်ဖွင့်နေခဲ့တာ။
ထိုက်တန်ရဲ့ အဆက်အသွယ် တွေဆီက
ခုနောက်ဆုံး ရတဲ့ သတင်းက
တင်မေဝင်း ဟာ ရန်ကုန်မြို က
ကုမ္ပဏီ ပိုင်ရှင် သဋ္ဌေးတစ်ယောက်ရဲ့
မိန်းမ ဖြစ်နေတယ်ဆိုတာပဲ။
ပိုက်ဆံရှိသူရဲ့ ခြေတံလက်တံဟာ
အင်အတန် ရှည်လျားမှန်း ကိုယ်တိုင်
ပိုက်ဆံရှိမှ ထိုက်တန် နားလည်လာတယ်။ တကယ်တမ်း ကျတော့
[ချစ်ခြင်း မေတ္တာ တွေဟာ ငွေစက္ကူ
အကြွေတစ်ရွက် လောက်တောင်
တန်ဖိုးထားခြင်းမခံရဘူး]
ခုကြည့်လေ ။သူထိုင်နေပေမဲ့ သူလိုချင်
တဲ့ တင်မေဝင်း နဲ့ ပတ်သက်တဲ့
အချက်လက်တွေကို သူ့အဆက်သွယ်တွေ
က ရှာပေးနေကျရတယ်။
ဒီလိုနဲ့ သစ်စိမ်းချိုး ချိုးသွားခဲ့တဲ့
တချိန်က ချစ်လှစွာသော ဇနီးဟောင်း
တင်မေဝင်း ရှိရာ ရန်ကုန်မြို ကြီးကို
ထိုက်တန် လိုက်ချလာခဲ့တော့တယ်။”

ဇော်ဟိတ် က ဖန်ခွက် ထဲကို ဝီစကီ
များများထည့်ပြီး တကျိုက်ထဲ သောက်လိုက်သည်။

“ဒါဆို ထိုက်တန်က တင်မေဝင်းကို
တွေ့ရဲ့လား ကိုဇော်ဟိတ် ”

ကိုမောင်မောင်က စိတ်လှုပ်ရှား စွာဖြင့်
မေးသည်။ခင်မူယာကတော့ သူ့ရှေ့က
ပြင်သစ် နိူင်ငံထုတ် ဝိုင်ပုလင်းကြီးကို
ငေးစိုက်ကြည့်နေသည်။

“ကျနော် ခုပြောတဲ့အထိပဲ ရေးရသေးတယ်
ဗျာ၊”

ထိုအခါ ကိုမောင်မောင်က အားမလိုအားမရ ဖြစ်လေဟန်ဖြင့်

“ဒါဆို ဇာက်လမ်းက ဇာက်သိမ်း မပါ
သေးဘူးပေါ့ ကိုဇော်ဟိတ် ၊ဘယ်လို
ဇာက်သိမ်း မလဲဆိုတာ ကျွန်တော်
အင်မတန် သိချင်လိုက်တာဗျာ”

“ဒီကို မလာခင်အထိ ကျနော် ကိုယ်တိုင်
ဒီ Story. ကို ဘယ်လို ဇာက်သိမ်း ရမလဲ
မသိသေသးဘူးဗျ။ကိုမောင်မောင်ရဲ့
ဧည့်ခန်းက ဟောဟို ပုံတူပန်းချီကားကြီး
ကိုမြင်မှ ဘယ်လိုဇာက်သိမ်းရမယ် ဆိုတာ
ကျနော် သိသွားတာ”

ဇော်ဟိတ်က သူ့ရှေ့တည့်တည့်မှာ ချိတ်
ဆွဲထားတဲ့ ပန်းချီကားချပ်ကြီးကို
အရက် ဖန်ခွက် ကိုကိုင်ရင်း ညွန်ပြ
လိုက်သည်။ကိုမောင်မောင်နဲ့ ခင်မူ
ယာတို့က ကျောပေးထိုင်နေရာက
ဧည့်ခန်းက ပန်းချီကား ကို ပြိုင်တူ လှည့်
ကြည့်လိုက်ကြသည်။
ထိုအခါ ကိုမောင်မောင်က

“ဒါ ကျွန်တော်တို့ လင်မယားနှစ်ယောက်
ရဲ့ ပုံတူ ပန်းချီကားပဲ၊ ကိုဇော်ဟိတ် story
ဇာက်သိမ်း နဲ့ ဘယ်လိုများ ပတ်သတ်နေ
လို့လဲဗျ”

“ပတ်သတ်ပါပြီကောဗျာ တကယ်တော့.. .

“ခဏ..ကိုဇော်ဟိတ်ရေ ကျနော် တွိုင်းလက်
ဝင်လိုက်အုံးမယ်ဗျာ၊ခင်ရေ ကိုဇော်ဟိတ်ကို
ဧည့်ခံထားလိုက်ပါကွာ”

ကိုမောင်မောင်က သန့်စင်ခန်းရှိရာသို့
စားသောက်ခန်းထဲမှ ကမန်းကတမ်း
ထထွက်သွား၏။
ခင်မူယာကထိုင်နေရာမှ မက်တပ်ရပ် ၍
ဇော်ဟိတ် ၏ ပါးကို ရိုက်ချလိုက်သည်။
ဇော်ဟိတ်က ခင်မူယာ၏ လက်ကို
ဖမ်းထားပြီး ပြုံး၍ ကြည့်နေလိုက်၏။
ထိုအခါ ခင်မူယာက အသံကိုနှိမ့်၍

“နင့်ရဲ့ နွားဇာက်လမ်းကို ရပ်တန်းက
ရပ်လိုက် ထိုက်တန်”

ထိုအခါ ထိုက်တန် တဖြစ်လဲ ဇော်ဟိတ်က

“ဟားဟား းးး ဘာတဲ့နွား ဟုတ်လား၊
အေး..နင်ပြောသလို ငါဟာ နွားတစ်ကောင်
ဖြစ်ခဲ့တယ်ဆိုရင်တောင် နင့်ရင်ဝကို
ထိုးသတ်ဖို့ နေတိုင်း ချို[ဂျို ] သွေးနေတဲ့
နွားပဲ တင်မေဝင်း ”

ထိုက်တန်က တင်မေဝင်း ရဲ့လက်ကို
ဖျစ်ညစ်လိုက်၏ တင်မေဝင်းက အတင်းဆောင့်ရုန်းပြီး

“နောက်ထပ် တခါ နင်က မစားရတဲ့ အမဲ
သဲနဲ့ လိုက်ပက်တာပေါ့လေ”

ထိုအခါ ထိုက်တန်သည် တချိန်က တင်မေဝင်းပြောဆိုခဲ့တာတွေ ပြန်အမှတ်ရပြီး

“သဲနဲ့ လိုက်ပတ်တာမဟုတ်ဘူး မူယာမာယာ
များတဲ့ မင်း မျက်နှာနဲ့ အသွေးအသားတွေကိုကျွေးပြီး
ယောက်ျား တွေကို နွားလိုသဘောထား
တဲ့ မင်းလို မိန်းမကို အပိုင်းပိုင်း ထစ်ပစ်
ဖို့ ငါလိုက်လာတာ၊ သေစမ်း စောက်ကောင်မ”
ဖျန်း ••

“အား..အေမ့”

ထိုက်တန်၏ရိုက်ချက်ကြောင့် တင်မေဝင်း
ကြမ်းပြင်ပေါ်ပုံကျသွားသည်။

“တင်မေဝင်း မင်းက ငါ့ကိုခေါ်တယ်။
နောက်တော့ ကန်ထုတ်တယ်။
အကြိုက်တွေ့လို့မင်းလိုက်သွားခဲ့ပေမဲ့
ငါက အရှိုက်ထိအောင် ခံစားနေခဲ့ရတာကွ”

ဖျောင်း…
ဖျောင်း…
ဖျောင်း…

“ကောင်းလိုက်တဲ့ ဇာက်သိမ်းခန်းဗျာ၊
နောက်ဆုံးတော့ ကိုဇော်ဟိတ်ခေါ်
ထိုက်တန်က ခင်မူယာ ခေါ် တင်မေဝင်းကို
တွေ့သွားပြီပေါ့။ကောင်းတယ်ဗျို့”

လက်ခုပ် တဖျောင်းဖျောင်းတီးရင်း
ကိုမောင်မောင်ကပြောလိုက်ခြင်းဖြစ်၏။

“ခဗျား တို့နှစ်ယောက်ကို သံသယဖြစ်လို့
ကျွန်တော် တမင်ရှောင်ထွက်သွားလိုက်တာ
ထင်တဲ့အတိုင်း ကွက်တိပါပဲလား။
ဒီမယ် ကိုဇော်ဟိတ်၊ခင်ဗျားပြောပြမှ
ကျွန်တော်ဟာ စီနီယာအတော်နောက်ကျ
နေတဲ့ နွားလုံးလုံးဖြစ်နေပါလား၊ဟားဟားးဟားးး

ကိုမောင်မောင်က အရူးတစ်ယောက်လို
ရယ်နေသည်။ထိုနောက် သူနှင့် ခင်မူယာ
လက်ထပ်ပြီး ကျတုန်းက ပုံတူဆွဲခဲ့တဲ့
ပန်းချီကားချပ်ကြီးကို သေချာကြည့်၍
ချောက်ကပ်စွာ တချက်ပြုံးလိုက်သည်။

“ကိုဇော်ဟိတ်ရေ ၊ခင်ဗျားကတော့ ကျွန်တော့် ဧည့်ခန်းထဲဝင်လာကတည်းက
ဒီပန်းချီကားကိုကြည့်ပြီး ဘယ်လောက်များ
ရယ်ချင်နေလိုက်မလဲ။ခဗျားစိတ်ထဲမှာ
ပန်းချီကား ထဲက ကျွန်တော့်ကို ချိုကားကား
နဲ့ မာန်ထနေတဲ့ နွားကြီးတစ်ကောင်လို့
မြင်မိမှာ အမှန်ပဲဗျ၊သိပ်ရှက်ဖို့ကောင်းတယ်။
ခင်..မူ…ယာ ငါသေချင်လောက်အောင်
ရှက်နေပြီ။”

ဇော်ဟိတ် နဲ့ ကိုမောင်မောင် ကြားမှာ
ခင်မူယာ အသားတွေတဆက်ဆက်
တုန်တဲ့အထိ ကြောက်ရွံ့နေသည်။
နှစ်ယောက်လုံးက သူ့ကို နာကြည်း နေတဲ့
သူတွေ၊။ကြမ်းပြင်ပေါ် လဲကျနေတဲ့ ခင်မူယာ အနားသို့ ကိုမောင်မောင် က
လာပြီး ခင်မူယာ၏ မေးစေ့ လေးကို
သူ၏လက်ဖြင့်ပင့်တင်၍

“မင်းငါ့ကို ဘာလို့လိမ်ခဲ့တာလဲ ခင်
ငါမှာတော့ အရမ်းလှတဲ့မိန်းမကို မဟေသီ
အဖြစ်တင်မြှောက်နိူင်လို့ ဂုဏ်ယူပြီး
နေလိုက်ရတာ။တကယ်တမ်း ငါရလိုက်တဲ့
မိန်းမက လူတကာနဲ့ ထောင်းနမောင်း
ထအောင်နေပြီး ဗွက်ကြမ်းနေတဲ့ မိန်းမ၊
ပြော ..မင်းငါ့ကို ဘာလုပ်ပေးမလဲ”

ထို့နောက် ကိုမောင်မောင်က ဇော်ဟိတ်
အားကြည့်၍

“ခင်ဗျားထက် ကျွန်တော့်အဖြစ်က ပိုဆိုးနေ
ပါလား ကိုဇော်ဟိတ်ရေ ၊နွားဖြစ်ကျတာ
ချင်းအတူတူ ကျွန်တော်ကတော့ လှည်းကျိုးထမ်းရတဲ့ နွားပဲဗျာ။စောစောက
ခင်ဗျား ကျွန်တော့်ကို မေးတယ်နော်။
တင်မေဝင်း လိုမိန်းမမျိုး ရထားခဲ့ရင် ဘာလုပ်မလဲ ဆိုပြီးလေ၊ဟင်းးးးဟင်းးးး
ကျွန်တော် ဖြေပြီးသားနော် ဒီတော့….

ကိုမောင်မောင်က စားပွဲပေါ်က အသားကင်ကို လှီးဖြတ်တဲ့ ဓားလေးကို
ယူလိုက်သည်။ထို့နောက် ခင်မူယာထံ
သို့ တလှမ်းခြင်း သွားလိုက်၏။

“မလုပ်ပါနဲ့ မောင်ရယ် ခင်တောင်းပန်ပါတယ်၊မောင့်ကိုချစ်လို့
ဒီအကြောင်းတွေ ခင်ဖွင့်ပြောရင် မောင်နဲ့
ဝေးရမှာစိုးလို့ မပြောခဲ့တာပါ။
မောင့်ကိုတော့ ခင် တကယ်ချစ်တာပါ”

ခင်မူယာက လက်အုပ်ချီ ၍ ကိုမောင်မောင်
ကိုတောင်းပန်သည်။ကိုမောင်မောင်က
တော့ အသိစိတ်မဲ့သွားတဲ့လူလို ခင်မူယာ
ကိုဘဲ၊ မျက်တောင်မခတ်စိုက်ကြည့်နေသည်။
ခင်မူယာ၏ အနားရောက်သည်နှင့်
ဖြူဖွေးဝင်းမွှတ်နေတဲ့ ခင်မူယာ၏ လည်တိုင်လေးကို ဓားဖြင့် ထိုးချလိုက်၏။
သို့သော် ဇော်ဟိတ် က ကိုမောင်မောင်၏
လက်အားဖမ်း၍ ဓားကို ဝင်လု၏။

“ကိုမောင်မောင် ခဗျား မေ့ကိုသတ်လို့
မဖြစ်ဘူး”

ဇော်ဟိတ် သည် ရင်ထဲမှာ တင်မေဝင်းကို
သေလောက်အောင် နာကျင် မုန်းတီး
နေပေမဲ့ တကယ်တမ်း သူ့ရှေ့မှာ
ရက်ရက်စက်စက် အသတ်ခံရမှာကိုတော့
မကြည့်ရက်။ငုပ်လျိူးနေတဲ့ တင်မေဝင်း
အပေါ်ထားတဲ့ သူ့မေတ္တာက ပေါ်လာပြီး
ခုလို ကိုမောင်မောင် ဆီကဓားကို
ဝင်လုလိုက်ခြင်းဖြစ်၏။ထိုအခါ ကိုမောင်မောင်က ဒေါသတကြီးဖြင့်

“ဒါဘာလုပ်တာလဲ ကိုဇော်ဟိတ်”

“မေ့ကို လက်ဖျားနဲ့တောင်ထိခွင့်မရှိဘူး”

ဤသို့ဖြင့် နှစ်ယောက်သား လုံးထွေး
သတ်ပုတ်ကျ၏။ကိုမောင်မောင်၏လက်ထဲ
ကဓားသည် ကြမ်းပြင်ပေါ် လွတ်ကျသွား
၏။ဇော်ဟိတ်သည် ကိုမောင်မောင်၏
ရင်ဘတ်ပေါ်ခွ၍ စိတ်ရှိလက်ရှိ ထိုးကျိတ်လေတော့သည်။

“ခင်ဗျားလား ကျုပ်ချစ်တဲ့ မိန်းမကို သတ်ချင်
တာ ကဲကွာ..ကဲကွာ

ခွပ်.. ခွပ်…

ဇော်ဟိတ်သည် ကိုမောင်မောင်အား
လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးကျိတ်
နေ၏။

“ဒီမယ်ဟေ့လူ မေ့ကို ကျုပ်က သေလောက်
အောင်၊.အ….

ချွန်ထက်တဲ့ အရာတခုက ဇော်ဟိတ်
ကျောပြင်ထဲသို့ ထိုးစိုက်ဝင်ရောက်သွား
သည်။နောက်ကို ဇော်ဟိတ် လှည့်ကြည့်လိုက်တော့၊ တင်မေဝင်းက
သူ့နောက်ကျောကို ဓားနဲ့ထိုးလိုက်တာ။

“နောက်ကျောကို ဓားနဲ့ အထိုးခံရရင်
နောက်ကိုလှည့်မကြည့်နဲ့တဲ့၊
ဓားနဲ့ထိုးတာခံလိုက်ရတဲ့ဒဏ်ရာက
နာကျင်မှု့ထက် ထိုးလိုက်တဲ့သူရဲ့ မျက်နှာ
ကို မြင်လိုက်ရင် အဆပေါင်းများစွာပိုပြီး
နာကျင်ရလိမ့်မယ်။ဘာလို့လည်းဆိုတော့
နောက်ကျောကို ဓားနဲ့ထိုးတဲ့ လူတိုင်းက
ကိုယ်ချစ်ခင်ကြင်နာရတဲ့သူတွေ ဖြစ်နေ​ကြ
လို့ပဲ၊ကိုယ့်ကို ဘာလို့ ဒီလိုလုပ်တာလဲမေ”

“နင်ကလီကမာတွေပြောလုိ့ ငါနဲ့မောင်
ခုလိုစိတ်ဝမ်းကွဲရတာ နင်သေလိုက်စမ်း နွားမျိုး”

ကျောထဲစိုက်ဝင်နေတဲ့ဓားကို ခင်မူယာက ဖိချလိုက်သည်။ဒီတင်
ကိုမောင်မောင် ရင်ဘတ်ပေါ်က ထိုက်တန်
ကိုယ်လုံးကြီးက ဖွဲအိတ်တစ်အိတ်လို
ဘုန်းကနဲ့ ကျသွားသည်။
ထို့နောက် လဲကျနေသာ ကိုမောင်မောင်
ကို ခင်မူယာက ဖေးထူလိုက်သည်။

“ရရဲ့လားမောင် ”

“အား ..ကျွတ်.. .ကျွတ်.. .
ခင်ပြောသလိုဆို ဇော်ဟိတ်က သု့ကိုယ်သူ
ထိုက်တန်ဆိုပြီး ကလီကမာတွေပြောပြီး
လုပ်ဇာက်ခင်းသွားတာပေါ့နော် ခင်”

ကိုမောင်မောင် ၏ ဖူးယောင်ညိုမဲနေတဲ့
မျက်နှာအား ခင်မူယာက သူမ၏
လက်ချောင်းလေးများဖြင့် ပွတ်သပ်၍

“ဒါပေါ့မောင်ရယ် ခင်နဲ့မောင် ကွဲအောင်
ဒီလူ တမင်ရည်ရွယ်ပြီး ချောက်တွန်း
ခဲ့တာ တော်သေးလို့ပေါ့မောင်ရယ်။”

“ဒါဆို သီဟ ဆိုတဲ့ ကောင်ကရော”

“ရှင်…

ကိုမောင်မောင်စကားကြောင့် ခင်မူယာ
အံ့ဩတုန်လှုပ်သွားသည်။

“ဟင်းးးဟင်းးကိုဇော်ဟိတ်ပြောတာ
ယုံတမ်းစကားဆိုရင် မင်းနဲ့ ဖောက်ပြန်
နေတဲ့ သီဟကိုရော မင်းဘာငြင်းချင်လဲ၊
မင်းကတော်တော်ကြောက်စရာကောင်း
တဲ့ မိန်းမပဲ၊ဟိုသီဟဆိုတဲ့ကောင်ကလဲ
ငါပေးကျွေးပြီး မြှောက်စားထားတာကိုမှ
မထောက် ငါ့မယားကို ဝင်ပြီးကြောင်တောင်နှိုက်တယ်။
အဲဒီကောင်ကခွေး ၊ခွေးမှ [ချေးလည်း
စားသေး ဖင်လည်းကိုက်သေး] ဆိုတဲ့
ခွေးမျိုး ၊မင်းက အဲဒီခွေးနဲ့ မိတ်လိုက်ပြီး
ခွေးဇက်ခင်းတဲ့မိန်းမ ၊အဲတာတွေသိလို့ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကတည်းက ဒီကာင် ကိုငါရှင်းပစ်လိုက်တာမင်းဟာ တကယ့်
ခွေးမပဲ ခင်မူယာ ဟားဟား….
ကိုမောင်မောင်က စိတ်လွတ်နေတဲ့
အရူးလို အော်ရယ်သည်။ထိုနောက်
ဒူးထောက်ချလိုက်ပြီး

“သနားစရာ ထိုက်တန်လေး.

ဇော်ဟိတ်အလောင်းကပွင့်နေ့တဲ့
မျက်လုံး ကို သူ့လက်ဖြင့် သပ်ချပြီး
ပိတ်ပေးလိုက်သည်။ ထိုအချိန်တွင်
ခင်မူယာကဝိုင်ပုလင်းကြီးဖြင့် ကိုမောင်မောင် ၏ ခေါင်းကို ရိုက်ချလိုက်၏။

ဒုတ်..

အားးး

ကိုမောင်မောင်က နာကျင်စွာအော်လိုက်
သည်။လက်နှစ်သစ်လောက် ရှိတဲ့
အကွဲကြောင်းက သူ့ခေါင်းက ချိုစောင်း
မှာ ဟတ်တက်ကြီးကွဲပြီး ဖြာကနဲ့
သွေးတွေက ကျလာသည်။.မူးဝေသွားတဲ့
ကြားက နောက်တချက်ရိုက်ဖို့ပြင်နေတဲ့
ခင်မူယာ၏ လက်ကိုဖမ်းဆွဲပြီး ဝိုင်ပုလင်းကြီးကို လုယူလိုက်သည်။
ထို့နောက် ခင်မူယာ၏ ခေါင်းအား
ဝိုင်ပုလင်းကြီးဖြင့် အဆက်မပြက်
ထုရိုက်လေတော့သည်။

“ခွေးမ သေစမ်း..
ဒုတ် ဒုတ် ဒုတ်…
နင်မှတ်သွားစမ်း ငါက နွားဖြစ်ခဲ့ပေမဲ့
နွားထုံ၊နွားအ မဟုတ်ဘူး ၊
တိုက်နွားကွသိလား ဟားဟား း

သွေးရူးသွေးတမ်းပြောဆိုရင်း နောက်ဆုံး
ကိုမောင်မောင်လည်း လဲကျသွားသည်။
ညကတစစနက်လာသည်။
ခန်းနားကြီးကျယ်တဲ့ တိုက်ကြီးရဲ့
ထယ်ဝါလှတဲ့ ဧည့်ခန်းထဲကြီးထဲ
ပြန့်ကျဲနေတဲ့ သွေးစတွေနဲ့
အချစ်နွံ
ရမ္မက် နွံထဲက ရုန်းမထွက်နိုင်တဲ့
လူသားသုံးယောက်ရဲ့ အလောင်းတွေ••••

ဒီတင် ကျနော်ရေးသားနေသော
[မိန်းမ ကြာကူလီ နှင့် လှည်းကျိုးထမ်းသော
နွားများ] ပြီးပါကြောင်း…………..
အချစ်နွံ ၊ ရမ္မက် နွံ ထဲကရုန်းထွက်
နိူင်ကြပါစေ။

#ပီယ_ရွှေညာမြေ

✍၆.၇.၂၀၂၂ မှ ၂၀.၇.၂၀၂၂တွင်ပြီးပါသည်။