မိုးညိုရွာမှဘီလူးမွေးတဲ့လင်မယား

မိုးညိုရွာမှဘီလူးမွေးတဲ့လင်မယား(စ/ဆုံး)

——————————————-

“ကိုသာပေါ ကျွန်မမှာကိုယ်ဝန်ရှိနေပြီရှင့် “ဟေ,တကယ်လား မစန်း”
“တကယ်ပေါ့ ကိုသာပေါရဲ့ ဒါကျွန်မတို့အတွက်ပထမဦးဆုံးရတဲ့ ရင်သွေးလေးလေ။

“ငါသိပ်ဝမ်းသာတာပဲ မစန်းရာ အထီးကျန်နေတဲ့ငါတို့လင်မယား ဘဝထဲကိုပထမဆုံးရင်သွေးလေး ရောက်လာပြီဆိုတော့ ငါသိပ်ဝမ်းသာတယ်မစန်း ငါသိပ်ပျော်တယ်။

“ကျွန်မလည်းရှင့်လိုပါပဲ ကဲကဲလှန်းစရာရှိတာလေး ဆက်လှန်းကြတာပေါ့”

“အေးပါဟာ”

ကိုသာပေါနဲ့မစန်းလည်း ကျန်ရှိနေသေးသည့် အမဲသားများကို နေလှန်းလိုက်ကြသည်။ ကိုသာပေါနဲ့မစန်းတို့လင်မယား အိမ်ထောင်စကျကတည်းက အမဲခြောက်ရောင်းသည့်အလုပ်ကို လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုမိမိတို့ဇနီးမောင်နှံနှစ်ယောက်တည်း ရှိခဲ့ရာမှ ပထမဦးဆုံးရင်သွေးလေး စတင်ရောက်ရှိလာပြီဖြစ်သည်။ ကိုသာပေါလည်းအရင်ကထက် မစန်းကိုအထူးဂရုစိုက်ခဲ့လေသည်။
ကိုယ်ဝန်စရသည့်နေ့မှစ၍မစန်းအား အလေးအပင်မမခိုင်းတော့။
ပင်ပန်းသည့်အလုပ်များကို ကိုသာပေါကဒိုင်ခံပြီးလုပ်ကိုင်တော့ သည်။
===================

“ကိုသာပေါ ကျွန်မလေအခုတလော အမဲသားသိပ်စားချင်တာပဲရှင်”

“အင်း,ကိုယ်ဝန်ကြောင့်စားချင်စိတ် ဖြစ်လာတာနေမှာပေါ့ကွာ၊ဒါကမခက် ပါဘူး။ အိမ်မှာအပေါဆုံးကအမဲသားမလား မစန်းကြိုက်တဲ့အချိန်စားလို့ရတာပဲ လေ။

“စားတာကစားလို့ရမှန်းသိတာပေါ့ရှင် ဒါပေမယ့် ကျွန်မတို့ရမယ့်အမြတ်ထဲက မမြတ်ပဲနေမှာစိုးလို့”

“ဟာ,မစန်းကလည်းကွာ မဟုတ်တာကိုကြံဖန်ပူနေပြန်ပြီ မင်းစားချင်တာကိုစား ဘာမှတွေးမနေနဲ့ အဓိကကမင်းနဲ့ဗိုက်ထဲက ကလေး ကျန်းမာနေဖို့ပဲ။ ငါတို့မှာစုထားဆောင်းထားတာတွေ ကျန်ပါသေးတယ် မစန်းရာ စားချင်တဲ့အမဲသားကိုစားစမ်းပါ”

“ကောင်းပါပြီရှင် စားပါ့မယ် စားပါ့မယ် နောက်မှမင်းစားလွန်းလို့ ငါတို့အမြတ်မရတာလို့ မပြောနဲ့နော်”

“မပြောပါဘူးဗျာ မပြောပါဘူး စိတ်ချ စိတ်ချ”

“ဟင်းဟင်း”
မစန်းလည်းခင်ပွန်းဖြစ်သူရဲ့ စကားကြောင့်သဘောကျကာ ရယ်မိလိုက်သည်။
ထိုနေ့မှစပြီး မစန်းတစ်ယောက် ထမင်းပင်သိပ်မစားတော့ပဲ အမဲသားကိုသာအချိန်ပြည့်နီးပါး စားသောက်နေတတ်သည်။
ကိုသာပေါလည်းဇနီးသည်စားတာကို ကြည့်ပြီးပီတိဖြစ်နေမိတော့သည်။

ကိုးလလွယ်၍ဆယ်လပြည့်သောအခါ မစန်းတစ်ယောက်သားဦးလေးကို ဖွားမြင်ခဲ့လေသည်။
ပထမဦးဆုံးသားရတနာလေးမို့ လင်မယားနှစ်ယောက်လုံးဝမ်းသာမဆုံး တပြုံးပြုံးဖြစ်နေကြသည်။
ကိုသာပေါလည်းသားလေးရဲ့ မျက်နှာကိုကြည့်ပြီးဖခင်တစ်ဦး၏ အကြင်နာမေတ္တာအားပြသနေတော့ သည်။

“ကိုသာပေါ သားလေးက ရှင်နဲ့ပိုတူနေသလိုပဲနော်”

“ဒါပေါ့ကွာ ငါ့သွေးနဲ့ပေါင်းစပ်ပြီးရလာတဲ့ကလေးဆိုတော့ငါနဲ့တူမှာပေါ့ကွာ”

“ကြည့်ပါဦးအိပ်နေတာလေးကိုက ချစ်စရာလေး”

ဇနီးမောင်နှံ၂ယောက်သားဦးလေးကို ကြည့်ကာအပြုံးကိုယ်စီဖြင့်ရှိနေကြ လေသည်။

====================

“မနေ့ကငါမှတ်ထားတာ၁၀တွဲတိတိ ရှိပါသေးတယ်၊ အခု၆တွဲပဲကျန်တော့တယ်။ မစန်းလည်းယူမစားပါဘူး ကြောင်တွေဘာတွေလည်းမလာပါဘူး ဘယ်လိုဖြစ်ပါ
လိမ့်”

ကြပ်စင်၌ချိတ်ထားသောအမဲခြောက်တွဲများပျောက်ဆုံးနေသဖြင့် ကိုသာပေါ တစ်ယောက်တရားခံအားစဥ်းစားနေ ခြင်းဖြစ်သည်။

“ကိုသာပေါ ရှင်ဘာဖြစ်နေတာလဲ”

“အေးကွာ ငါမနေ့ညကချိတ်ထားတဲ့ အမဲခြောက်တွဲ၁၀တွဲချိတ်ထားတာ အခု၆တွဲပဲကျန်တော့တယ်မစန်းရဲ့ မင်းလည်းယူမစားဘူးမလား။

“အင်းကျွန်မယူမစားပါဘူး ကျွန်မစားရင်ရှင်လည်းစားရမှာပေါ့ ပြီးတော့အမဲခြောက်တွဲ၄တွဲကို ကျွန်မကုန်အောင်မစားနိုင်ပါဘူးတော်”

“အေးငါလည်းအဲဒါကိုပဲစဥ်းစားနေတာ”

“ကြောင်တွေဘာတွေများစားသွား သလားမှမသိတာ ထားလိုက်ပါရှင် နောက်ရက်ကြသေချာဂရုစိုက်ပေါ့။ သူခိုးလားကြောင်လားသိရအောင်”

“အေးအေး”

ကိုသာပေါလည်းမစန်းပြောသလိုပဲ စိတ်ကူးလိုက်သည်။
နောက်တစ်နေ့ရောက်ပြန်တော့လည်း အမဲခြောက်တွဲများထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြန်သည်။
ကိုသာပေါလည်းမိမိစီးပွားရေးအား ထိပါးလာသဖြင့်သည်းမခံနိုင်ပဲ နေတော့သည်။

“တောက်,တော်တော့်ကိုလွန်သွားပြီ

“ဘာလဲကိုသာပေါ အမဲခြောက်တွဲတွေ ထပ်ပျောက်ပြန်ပြီလား”

“အေးကွာ,ဒါနဲ့ဆို၃ညရှိပြီ ကြောင်တော့မဖြစ်နိုင်ဘူးမစန်း ဒါသူခိုးလက်ချက်ပဲဖြစ်မယ်။ ဒီနေ့ညတော့အဲဒီသူခိုးကိုမိအောင်ကို စောင့်ဖမ်းပစ်မယ်”

“ဟုတ်တယ်ကြာလာရင် ကျွန်မတို့အတွက်အရင်းပါပြုတ်သွား နိုင်တယ်။ ဒီသူခိုးကိုမအိပ်ပဲစောင့်ဖမ်းရမယ်”

ကိုသာပေါနဲ့မစန်းလည်း အမဲခြောက်တွဲများအားခိုးယူသည့် တရားခံအားညမအိပ်ပဲစောင့်ဖမ်းရန် ဆုံးဖြတ်လိုက်ကြသည်။
ညရောက်ပြီဆိုသည်နှင့်လင်မယား နှစ်ယောက်မအိပ်ငိုက်အောင်ကြိုးစားပြီး သူခိုးအလာအားစောင့်နေကြသည်။
ဘယ်လိုပင်ကြိုးစားပါစေ အချိန်တန်လာသည်နှင့်မျက်လုံးက စင်းလာသည်။

ကိုသာပေါနဲ့မစန်းလည်းသူခိုးကို မစောင့်ဖမ်းနိုင်တော့ပဲအိပ်ပျော်သွားကြ သည်။ ကိုသာပေါနဲ့မစန်းအိပ်ပျော်သွား သည်နှင့်မစန်းနံဘေး၌အိပ်နေသော ကလေးငယ်မှာနိုးလာကာ မိခင်နှင့် ဖခင်အားမျက်တောင်မခက်ပဲ စိုက်ကြည့်နေသည်။ အတန်ငယ်ကြာသည်နှင့်ရက်သား ကလေးငယ်မှာမိခင်ဖြစ်သူမစန်း နံဘေးမှထ၍လမ်းလျှောက်လာလေ တော့သည်။ ရက်သားကလေးငယ်မှာ ထူးထူးဆန်းဆန်းဆိုသလိုလမ်းလျှောက် လာရင်းခြေလှမ်းများက အမဲခြောက်များလှမ်းထားသည့် ကြပ်စင်အနီးသို့ရောက်လာပြီး ချိတ်ဆွဲထားသည့်အမဲသားများကို တစ်တွဲပြီးတစ်တွဲဖြုတ်စားပစ်တော့ သည်။ အမှောင်ထဲ၌မစိုမခြောက်သေးသည့် အမဲသားများကိုယူစားနေသည့် ရက်သားကလေးငယ်မှာဘီလူး ပေါက်လေးတစ်ကောင်နှင့်အလားတူ နေတော့သည်။ ရက်သားကလေးငယ်မှာအမဲသားများကိုစိတ်တိုင်းကျစားသောက်ပြီး မိခင်နံဘေးသို့ဟန်မပျက်ဝင်အိပ်နေ လိုက်သည်။ ==================

“၅တွဲတိတိပျောက်သွားတာပဲမစန်းရေ”

“ဖြစ်မှဖြစ်ရလေရှင် ကျွန်မလည်းမအိပ်ငိုက်အောင် ကြိုးစားပြီးနေတာပဲ ဒါပေမယ့် ဘာဖြစ်သလဲမသိဘူးတော် ခါတိုင်းနဲ့မတူပဲ မျက်လုံးက တအားမှေးစင်းလာတာ၊အဲ့နောက်ပိုင်း ကျွန်မလည်းဘာမှမသိဘာမှမကြားရ တော့ဘူး”

“ငါလည်းမင်းလိုပဲပါမစန်းရာ ကြည့်ရတာဒီသူခိုးမှာ အိပ်ငွေ့ချတဲ့ ဆေးများပါသလားမသိဘူး။

“ရှင်ပြောတာဖြစ်နိုင်တယ် ညကြရင်အိပ်ချင်ယောင်ဆောင်ပြီး အဲဒီသူခိုးကိုစောင့်ကြည့်ကြတာပေါ့”

“အေး မင်းပြောတဲ့အကြံမဆိုးဘူး ဒီညငါတို့လင်မယားအိပ်ချင်ယောင် ဆောင်ပြီး သူခိုးကိုစောင့်ဖမ်းကြမယ်”

ကိုသာပေါနဲ့မစန်းလည်း ညရောက်သည်နှင့်အစောကြီး အိပ်ရာဝင်ကာအိပ်ချင်ယောင်ဆောင် နေလိုက်ကြသည်။
မကြာမီ မစန်းနံဘေး၌အိပ်နေသော ရက်သားကလေးငယ်မှာငုတ်တုပ် ထထိုင်ပြီးမိခင်နှင့်ဖခင်အားအသေ အချာကြည့်နေသည်။

ပြီးနောက်အမဲခြောက်များချိတ်ဆွဲထား သည့်ကြပ်စင်အနီးသို့ရောက်ရှိသွားပြီး အမဲခြောက်များကိုအရွယ်နဲ့မလိုက် အောင်အားပါးတရစားသောက်နေ သည်။ မစန်းနဲ့ကိုသာပေါလည်း အလုံးစုံကိုမြင်လိုက်ရသည်မို့ အံ့သြထိတ်လန့်နေကြသည်။

မိမိတို့အမြတ်တနိုးတန်ဖိုးထားပြီး မွေးထားသည့်သားဦးလေးမှာ လူစင်စစ်မဟုတ်ပဲဘီလူးပေါက်လေး တစ်ကောင်ဖြစ်နေတော့သည်။
မစန်းလည်းချောင်းဟန့်သံပေးလိုက် သည်။

“အဟမ်း”

ချောင်းဟန့်သံကြားသည်နှင့် ရက်သားကလေးငယ်မှာမိခင်အနီးသို့ ရောက်လာပြီးလှဲအိပ်နေလိုက်သည်။

မစန်းလည်းမျက်လုံးကိုအသာဖွင့်ကြည့်လိုက်ရာကလေးငယ်၏ပါးစပ်တဝှိုက် တွင်နနွင်းမှုန့်များ၊သွေးစများပေကျံ နေလေသည်။

မခြောက်သေးသည့်အမဲခြောက်များကို စားထားသည့်အတွက်ကလေး၏ပါးစပ် ၌ပေကျံနေခြင်းဖြစ်သည်။
မစန်းလည်းတွေးတောနေစဥ် ကလေးကထငိုနေလေသည်။

“ဝါး ဝါး ဝါး”

ကလေးမှာအရွယ်နှင့်မလိုက်အောင် မူယာများသည့်အတွက်မစန်းလည်း အမြင်ကပ်လာတော့သည်။

မိမိမွေးထားသည့်သားမှာဘီလူးပေါက် တစ်ကောင်ဖြစ်နေသည်ကိုသိလိုက်ရ
သည့်အတွက်မိခင်စိတ်ပင်မရှိတော့ပေ။

ခင်ပွန်းသည်ကိုသာပေါက မျက်ရိပ်ပြသည့်အတွက်နို့မတိုက်ချင်ပဲ တိုက်လိုက်သည်။

နောက်တစ်နေ့ရောက်သည်နှင့် လင်မယားနှစ်ယောက်အိမ်အပြင် ထွက်ပြီးတိုင်ပင်ကြလေသည်။

“ကိုသာပေါ ဒီကလေးကိုကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”

“ငါကတော့ဘယ်လိုပဲပြောပြော ဒီကလေးကိုလုံးဝသံယောဇဥ် မရှိတော့ဘူး။ ကြာလာရင်ငါတို့အသက်ကိုပါရန်ရှာလာ နိုင်တယ်မစန်းရဲ့”

“အဲဒါကြောင့်ဘယ်လိုလုပ်ကြမလဲလို့ ရှင့်ကိုမေးနေတာပေါ့”

“နေပါဦး ငါကြံပါအုံးမယ်ဟာ”

ကိုသာပေါလည်းအတန်ငယ် စဥ်းစားလိုက်သည်။

“ဟာဟုတ်ပြီ ဒီလိုလုပ်ကြတာပေါ့”

ကိုသာပေါလည်းအကြံအစဥ်ကို ပြောပြပြီး လင်မယားနှစ်ယောက် အိမ်ထဲပြန်ဝင်လာကြသည်။

အိမ်ထဲရောက်သည်နှင့်ကုတင်ပေါ်၌ အိပ်နေသောရက်သားကလေးအား ခေါင်းအုံးဖြင့်ဖိသတ်တော့သည်။

မစန်းလည်းကလေးငယ်၏ ခြေထောက်နှစ်ဖက်အားမရုန်းနိုင်အောင် ချုပ်ထားလေသည်။
ကိုသာပေါလည်းရှိသမျှအားသုံးပြီး ကလေးရဲ့မျက်နှာပေါ်သို့ခေါင်းအုံးဖြင့်
ဖိထားသည်။

အံသြဖို့သိပ်ကောင်းသည်မှာ ရက်သားကလေးငယ်မှာအရွယ်နဲ့ မလိုက်အောင်ရုန်းကန်နေသည်မှာ ကြောက်ဖို့ပင်ကောင်းလှသည်။

အတန်ငယ်ကြာမှ ကလေးငယ်လည်း မရုန်းနိုင်တော့ပဲ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားတော့သည်။

ထိုအခါမှ မစန်းလည်းဇာတ်တိုက်ထားသည့် အတိုင်းလူကြားကောင်းအောင်
ထငိုတော့သည်။

“အောင်မယ်လေး သားလေးရဲ့ အဖြစ်ဆိုးလှချေလား သားလေးရဲ့ အီးဟီးဟီး”

“သားလေးရာ ဖြစ်မှဖြစ်ရလေကွာ”

လင်မယားနှစ်ယောက်၏ ငိုသံကြောင့်အိမ်နီးချင်းများအပြေး အလွှားရောက်လာကြပြီး မေးကြမြန်းကြလေသည်။

မစန်းနဲ့ကိုသာပေါလည်း မိမိတို့၏သားလေးမှာလွန်ခဲ့သည့် ရက်များကတည်းက အတက်ရောဂါ ပါလာကြောင်းအားပြောပြလေသည်။

ယခုလည်းမွေးရာပါအတက်ရောဂါ ကြောင့်အသက်သေဆုံးသွားခြင်း ဖြစ်ကြောင်းရှင်းပြလိုက်ကြသည်။

လင်မယားနှစ်ယောက်၏ ပြောစကားအားယုံကြည်နေ​သော အိမ်နီးချင်းများလည်း ကိုသာပေါနဲ့ မစန်းကိုသနားမိကြသလို သေဆုံးသွားသည့်ကလေးအတွက် လည်းစိတ်မကောင်းဖြစ်မိကြသည်။

နေ့တွင်းချင်းပင်ကလေးငယ်အား မြေချရန်လုပ်ကြလေသည်။
သင်္ချိုင်းသို့ရောက်တော့ ကိုသာပေါလည်းလူရှင်းသည့်အချိန်အားစောင့်နေသည်။ အသုဘလိုက်ပို့သည့်လူများ ပြန်သွားတော့မှ ပါလာသည့် ဓားဖြင့်ကလေးငယ်၏နှလုံးတည့်တည့် အားဓားဖြင့်ထိုးစိုက်လိုက်သည်။

ပြီးနောက်ကလေးငယ်ရဲ့ခေါင်းအား ဖြတ်ပစ်လိုက်တော့သည်။
ထို့နောက်တူးထားသည့်ကျင်းနံဘေး၌ နောက်ထပ်တစ်ကျင်းထပ်တူးသည်။ ကျင်းနှစ်ကျင်းကြား၌ ချောင်းပုံစံ ဖြစ်အောင်လက်ဖြင့်တူးလိုက်သည်။

ပြီးသွားသည်နှင့်ချောင်းအသွင် ပုံစံပြုလုပ်ထားသည့်ရေမြောင်းထဲသို့ ရေများသွန်ချလိုက်သည်။
အားလုံးပြီးသွားသည်နှင့် ကလေးငယ်၏ခေါင်းအားကျင်းတစ် ကျင်းထဲသို့ထည့်မြှုပ်လိုက်သည်။

ကလေးငယ်ရဲ့ခန္ဓာကိုယ်အား နံဘေးကပ်လျက်ကျင်းထဲ၌ ထည့်ပြီး မြှုပ်လိုက်သည်။

ကိစ္စအားလုံးပြီးသွားမှကိုသာပေါ လည်းမိမိအိမ်သို့ပြန်လာခဲ့တော့ သည်။
ကလေးသေဆုံးပြီးနောက်တစ်နေ့ည၌ ကိုသာပေါနဲ့မစန်းတို့လင်မယားမှာ ထူးဆန်းပြီးကြောက်စရာကောင်းသော အိပ်မက်တစ်ခုအားမက်ကြလေသည်။

အိပ်မက်ထဲ၌အရုပ်ဆိုးပြီး ကြောက်စရာကောင်းသောဘီလူးကြီး တစ်ကောင်မှာမစန်းနဲ့ကိုသာပေါအား အငြိုးတကြီးကြည့်ပြီးပြောလေသည်။

“မင်းတို့လင်မယားသိပ်လည်ကြတယ် ငါ့ကိုသတ်တာစောသွားလို့ပေါ့ကွာ မဟုတ်ရင်မင်းတို့လင်မယားကိုပါ အရှင်မထားဘူး။ မင်းလည်းသိပ်လူလည်ကြတယ် ငါ့ကိုပြန်ဝင်စားလို့မရအောင် ချောင်းချားပြီးမြှုပ်ခဲ့တယ် ငါညံ့လို့ငါခံလိုက်ရတယ်လို့ မှတ်ယူတယ်။

ထိုသို့ပြောပြီးဘီလူးကြီးမှာ ပျောက်ကွယ်သွားလေတော့သည်။

မနက်လင်းသည်နှင့်ကိုသာပေါနဲ့ မစန်းလည်းမိမိတို့မက်ခဲ့သည့် အိပ်မက်အကြောင်းအားပြန်ပြောပြရင်း အံ့သြထိတ်လန့်နေမိကြသည်။

ယခုတင်ပြထားသည့် မိုးညိုရွာမှဘီလူးမွေးသည့်လင်မယား ဇာတ်လမ်းအားပြောပြပေးပါသော အန်တီအေးမာကိုလည်း စာရေးသူအောင်ဓူဝံမှအထူးပင် ကျေးဇူးတင်ရပါကြောင်းပြောကြားပါရစေ။ စာဖတ်သူအားလုံးရွှင်လန်းကြပါစေဗျာ။

#အောင်ဓူဝံ