မိုးရေထဲက လက်ရှည်ကြီး

မိုးရေထဲက လက်ရှည်ကြီး(စ/ဆုံး)

——————————

မေသော်တို့မိသားစုမှာ နယ်မှ ရန်ကုန်သို့
အလုပ်လုပ် နေထိုင်ရန် ပြောင်းရွှေ့လာကြသူများဖြစ်သည်။

ရန်ကုန်ရောက်သောအခါ ဆွေမျိုးနားနီးရာ လှိုင်သာယာမြို့နယ်
ရက်ကွက်တခု၌ အိမ်လေးတလုံးငှားရမ်းကာနေထိုင်ဖြစ်ခဲ့ကြလေသည်။

မေသော်ကအထည်ချုပ်စက်ရုံတခုမှာအလုပ်လုပ်ပြီး
မေသော့်အစ်ကိုက ဆိုင်ကယ်ဘေးတွဲမောင်းကာ
ယောင်းမလုပ်သူက အိမ်ဆောက်ပစည်း ဆိုင်တခုတွင်အလုပ်ရလေသည်။

မေသော့်အစ်ကိုမှာ ၈နှစ်အရွယ်သားလေးတယောက်နှင့်
၄နှစ်အရွယ်သမီးလေးတယောက်ရှိပြီး တီတီတာတာ
ပြောတတ်သည့်အရွယ်များပေမို့ မေသော့်မှာ တူနှင့်တူမလေးကို
အသည်းစွဲချစ်နေရသည်။

အမေ ညနေဟင်းချက်မနေနဲ့နော် ဒီနေ့ခေါက်ဆွဲကြော်ဝယ်လာမယ်…

မေသော်က ပြောပြောဆို အလုပ်သွားရန်ပြင်သည်။

အေးအေး ဂရုစိုက်ဦး….။

ဟဲ့ အောင်ဖြိုး ဒီထဲက အမဲသည်းတွေ နင်စားလိုက်တာလား

ဗျာ…မစားပါဘူးအမေရာ ခုမှ အိမ်ပြန်ရောက်တာကို

ဟင်…ဒါဆို ငါမနက်က အမဲသည်းတွေခပ်ထားတာ
တပန်းကန်ကြီး ဘယ်နှယ့်ကြောင့်လျော့နေတာတုန်း….

ဒေါ်မြဝေက မျက်မှောင်ကြုံ့ရင်းစဥ်းစားကာပြောသည်။

အမေ့မြေးတွေစားတာနေမှာပေါ့ မေးကြည့်ဦး…

အောင်ဖြိုးက ကွမ်းကိုပလုတ်ပလောင်းဝါးရင်း
အာလုတ်သံဖြင့်ပြောသည်။

ဟင့်အင်း…ဒီကလေးတွေက ငါခူးခပ်ကျွေးမှစားတာ
ကြောင်များနှိုက်သလားမသိပါဘူးဟယ်
နင်တို့အဖေကြီးအတွက် ချန်ထားတာမို့…နေပါစေတော့

ဖွားဖွားကြီး ဘာပျောက်လို့လဲဟင်

အောင်ဖြိုးသမီးလေးက နားစွန်နားဖျားကြားသဖြင့် မေးသည်။

သမီးတို့ဟင်းတွေယူစားသေးလား…
ဖွားဖွားကြီးက ဖတ်ဖတ်တွေပျောက်လို့တဲ့…

ဟင် မီးတို့မစားပါဘူး…ဒါဆို နောက်ဖေးကမျက်လုံးနီနီ
ကောင်ကြီးစားတာနေမှာ….

ဟဲ့ဘယ်လို….

ဒေါ်မြဝေက ရင်ဘတ်ကိုဖိရင်း မေးသည်။ကလေးတွေ မမြင်အပ်တာတွေနဲ့တွေ့နေကြတာများလား….

ဟုတ်တယ်နော့ကိုကို…မီးတို့အိမ်သာသွားရင်
သစ်ပင်ပေါ်ပြေးတက်သွားနေကျ…

ဟဲ့ဟဲ့ တော်ပြီ တော်ပြီ
သမီးတို့လူကြီးမပါရင် အိမ်သာဘက်မသွားနဲ့တော့နော်….

အောင်ဖြိုး…ကလေးတွေကို အောက်မဆင်းစေနဲ့တော့…

ဟုတ်အမေ…
ဟင်းပျောက်တာကရော ညနေစာလောက်ရဲ့လား…

မင့်ညီမ ခေါက်ဆွဲကြော်ဝယ်လာဦးမယ်တဲ့…

ထိုည၌ဒေါ်မြဝေအတွေးပေါင်းစုံ…ကိုယ်တိုင်တော့ထူးဆန်းတာမျိုး
မတွေ့ကြုံရသေး…ကလေးတွေမို့ ပေါက်ကရပြောတာပဲနေမှာပါ။

နေ့ခင်းက အသုပ်စုံတွေ အဝစားမိသည့်တန်ခိုးက ည၁၂နာရီခန့်တွင် ဗိုက်ထဲမှ မခံနိုင်အောင်ရစ်၍ နာလေသည်။

ဘေးမှတူမလေးကို အသာဖယ်ပြီး မေသော် ခြေဖော့နင်းကာ
အိမ်သာဆီခပ်သုတ်သုတ်ထွက်ခဲ့သည်….။

လေအဝှေ့မှာဝါးရုံပင်တို့က တရှဲရှဲမြည်လျှက်…

အိမ်သာထဲကို အလျှင်အမြန်ဝင်လိုက်ပြီး
ကိစ ရှင်းလိုက်သည်။

ဒေါက်…ဒေါက်…

ဟော…ဘယ်သူပါလိမ့်

အမေ့…အမေလား

………..

တုံ့ပြန်သံမကြားရ…

အစ်ကိုကြီးလား….

……….

မတင်မိုးလား…

…….

ဒေါက်….ဒေါက်…..

ဟော ပြန်မဖြေဘဲ တံခါးကိုဆက်ခေါက်နေတယ်
နောက်စရာမှမဟုတ်ဘဲ….
တခုခုနဲ့တံခါးကိုထိမိနေတာဖြစ်မည်ဟုတွေးလိုက်သည်။

ထိုစဥ်…ရွှီး…. ဝေါ….ဝေါ….

တချိန်လုံးရေအားသန်လေ့မရှိသော
​အိမ်သာထဲရေဘားက အလိုအလျှောက်ပွင့်လာပြီး
ရေများအဆက်အပြတ်ထွက်လာတော့သည်။

ဟော်တော်…ညနက်မှရေအားကောင်းတယ်ထင်တယ်

မေသော်စိတ်ထဲကတွေးရင်း ရေဘားကိုပိတ်သည်။

ဟင်….

ရေဘားက တော်တော်နဲ့လှည့်မရ…ကျပ်နေသည်။
အားကုန်သုံး၍ လှည့်မှ ပိတ်သွားသည်။
လူလည်းချွေးများပင်ပြန်လာ၍ မြန်မြန် ကိစရှင်းပြီး
ထွက်လိုက်သည်…။

အိမ်သာကိုဖွင့်တော့ အပြင်မှာလူတယောက်မှရှိမနေ…
တခုခုနဲ့ ထိမိလို့ အသံမြည်တာလား တွေးရင်း
ဘေးဘီကို ကြည့်သည်…

ထိမိခတ်မိစရာ ဘာမှမရှိ….

လေအေးတချက်အဝှေ့မှာ ကျောထဲစိမ့်ကနဲဖြစ်လာ၍
အိမ်ပေါ်သို့ခပ်သွက်သွက်တက်ခဲ့သည်။

တအိမ်လုံး အပ်ကျသံပင်ကြားရလောက်အောင်
တိတ်ဆိတ်နေပြီးအစ်ကိုကြီး၏ ဆွဲဆွဲငင်ငင်ဟောက်နေသံကိုသာ အတိုင်းသားကြားရသည်။ဒါဆို တံခါးခေါက်သံက ဘယ်သူလဲ….

တွေးနေရင်းမှပင် နေ့ခင်းက စက်ရုံမှာလည်းပင်ပန်းထားသည်မို့ ခေါင်းချလိုက်သည်နှင့်ချက်ချင်းဆိုသလို အိပ်ပျော်သွားခဲ့လေတော့သည်။

ညက ငါသေချာမှတ်မိပါတယ်….။ကြောင်အိမ်ထဲထည့်ထားတာပဲကို….

အမေ…ဘာဖြစ်ပြန်ပြီလဲ….

အောင်ဖြိုးကမေးတော့…

မနက်ကို တင်မိုးတို့အတွက်ထမင်းချိုင့်ထည့်ပေးဖို့
ငါးကြော်နှပ်၅ကွင်းထားတာ ၂ကွင်းပဲကျန်တော့လို့လေ…

အာ အမေ့ဟာက ဘယ်သူမှမစားတဲ့ဟာကို…
သေရောသေချာလို့လား…

သေချာပါတယ် အောင်ဖြိုးရယ်…ငါ့အထင်
ကလေးတွေ ပြောတာ တကယ်များဖြစ်နေမလားဟယ်…

ဟာဗျာ အမေကလဲ ငါးကြော်လေးပျောက်တာနဲ့
မဟုတ်တာတွေးနေပြီ…ဒီလောက်လူနေထူတဲ့မြို့မှာ
ဘယ်သရဲမှ မနေဘူး…
အမေ့ငါး ကျုပ်ပြန်ဝယ်ပေးမယ် လျှောက်တွေးမနေနဲ့….

အောင်ဖြိုးကပြောပြောဆိုဆို မျက်နှာသစ်ရန်
ကျောက်စည်ရှိရာသို့ ခပ်သွက်သွက်ထွက်သွားသည်။

အမေ ဘာတွေ ဖြစ်နေတာလဲ….

မေသော်က အိပ်မှုံစုံမွှားဖြင့်မေးတော့…

အင်း…အိမ်မှာဟင်းတွေပျောက်နေတာ ခဏခဏဖြစ်နေလို့
ပြီးတော့ ကလေးတွေကလည်း…

အင်း အမေရယ် ကလေးတွေကတော့ ဒီလိုပဲပြောတာထားတော့
ညကလည်း….

နင်ကလည်းပေါက်ကရပြောမနေနဲ့…ဘာသရဲမှမရှိဘူး
ကလေးစကားတွေကို အလုပ်လုပ်နေကြတာ
ငါဖြင့်တခါမှ မမြင် မကြားဘူး….

အောင်ဖြိုးကဝင်ဟန့်တော့…

မေသော်လည်းစကားနည်းရန်စဲသဘောဖြင့်
အသာလှည့်ထွက်ခဲ့ရာ ယောင်းမဖြစ်သူက
အသံတိုးတိုးဖြင့်

မေသော် အမ တမြန်မနေ့တုန်းက
အိမ်ပြန်လာတော့ အမွှေးတွေနဲ့ မဲမဲအကောင်ကြီး
နောက်ဖေးမှာဟင်းတွေစားနေတာတွေ့တယ်။

အမလည်းကလေးတွေကြောက်မှာစိုးတာကြောင့်ရော
အမေလည်းကြောက်နေမှာစိုးလို့မပြောတာ…

ဟင်….

ညီးအစ်ကိုက အဲ့ဒါတွေအယုံအကြည်ရှိတာမဟုတ်ဘူး…
အမတို့ပရိတ်တရား​ရွတ်တာမျိုးဖြစ်ဖြစ်လုပ်ကြရအောင်…

ဟုတ်ကဲ့ပါအမရယ်….။

အလွန်အမင်းကြောက်တတ်သူမဟုတ်ပေမယ့်
မေသော်စိတ်ထဲတော့ အနည်းငယ်နောက်ကျိသွားသည်။
ထိုညက တူလေးနှင့်တူမလေးကိုသာ ကျစ်ကျစ်ပါအောင်ဖက်၍
စိတ်ကို ဒုန်းဒုန်းချကာ အိပ်စက်ခဲ့လေတော့သည်။

ကိုအောင်ဖြိုး ရှေ့တပတ်ထဲ ကိုယ့်သမီးမွေးနေ့ကို
အိမ်မှာဘုန်းကြီးပင့် ဆွမ်းကပ်ပြီး ပရိတ်တရားလေး
နာကြရအောင်တော်…..

ဘာလဲ နင်ကပါ သရဲရှိတယ်ထင်နေပြန်ပြီလား

မဟုတ်ပါဘူးတော်…ကလေးလည်း အနရာယ်ကင်းအောင်
ကျုပ်တို့လည်း ကုသိုလ်ကောင်းမှုလုပ်ဖြစ်တာပေါ့…
မင်းသဘောပဲ….။

ထိုစဥ်…….

ဟဲ့ အောင်ဖြိုး နင်ဆေးလိပ်တွေသောက်နေပြန်ပြီလား

ပြောပြောဆိုဆိုဒေါ်မြဝေက အောင်ဖြိုးပါးစပ်နားကပ်၍
အနံ့ခံကြည့်သည်။

ဘယ်ဆေးလိပ်မှ မသောက်ဘူး တင်မိုးနဲ့စကားပြောနေတာ

ဒါဆို ဆေးလိပ်နံ့ကဘယ်ကရနေတာလဲ….

ဟုတ်တယ် စီးကရက်နံ့ ထောင်းထောင်းကိုထလို့။

ပြောပြောဆိုဆို မေသော်လည်းအခန်းထဲကထွက်လာတော့

ခြံပြင်ကသူများသောက်တာနေမှာပေါ့ဟ…
အောင်ဖြိုးက မကြည်သလိုပြောတော့….

ခြံပြင်မှာဘယ်သူမှမရှိဘူးအဖေကြီး…သရဲလားမသိဘူး
အီးဟီး…..

ဟဲ့..အို မဟုတ်တာ လာလာ အမေကြီးဆီလာ

ဒေါ်မြဝေက ကလေးတွေကို ဘုရားစင်အောက်ခေါ်၍
မေတာ သုတ်ကို တွင်တွင်ရွတ်သည်။

ဆေးလိပ်နံ့ရလည်းသရဲပဲ အမေတို့ဟာက
ဒီလောက်ကြောက်နေ…ဘာသရဲမှမရှိဘူး
အောင်ဖြိုးတို့တခါမှ မတွေ့ဘူး….

မေသော်နဲ့တင်မိုးတို့လည်း တယောက်မျက်နှာတယောက်ကြည့်ပြီး
အသာငြိမ်နေလိုက်ကြသည်။အောင်ဖြိုးက ဇွတ်တရွတ်သမား…
သူ့ကိုတုဖက်မနေလို…

ဂျိန်း….ဒလိန်း…..ဝေါ….ဝေါ….

မိုးကခဏခြင်းပင်သည်းထန်စွာရွာသွန်းလာလေသည်။

ကျုပ် ရေခံလိုက်ဦးမယ်…အဝတ်လျှော်ရအောင်…

ဒေါ်မြဝေဘာမှပြန်မပြော….။

မိုးနှင့်အတူလေအေးအေးက ထိခတ်ကျီစယ်သဖြင့်
အပူတွေပင် ခဏတာ ငြိမ်းအေးသွားသလို
ခံစားရလေသည်….။

အောင်ဖြိုးက တံစက်မြိတ်အောက်မှာရပ်ရင်း
ရေပုံး​များကိုဆွဲကာ ဆွဲကာ အုတ်ကန်ထဲသို့ထည့်နေလေသည်။

ထိုစဥြ…

အဖေကြီး…အဖေကြီး နောက်မှာ…

သားကြီး၏အသံနှင့်အတူ လက်ကို တစုံတခုကလာကိုင်သည်ကို
ခံစားလိုက်မိသည်။ဖျတ်ကနဲလှည့်အကြည့်မှာ

လက်အရှည်ကြီးတခု….

တိတိကျကျပြောရလျှင် အမွှေးအမျှင်များထူထပ်နေသော
လက်ရှည်ကြီးတခုက အောင်ဖြိုး၏ လက်ကို တင်းတင်းဆုပ်ကိုင်လျှက်….
ထို့နောက် အပေါ်ကို မော့ကြည့်လိုက်စဥ်

အမွှေးအမျှင်များကြားမှဖြူဖွေးနေသော အစွယ်နှစ်ချောင်းကငေါထွက်နေပြီး နီရဲနေသောမျက်လုံးအစုံနှင့်
မျက်နှာကြီးကိုတွေ့လိုက်ရသောအခါ….

အောင်မလေးဗျ….

အမေကြီးရေ…အမေကြီးရေ….

အိမ်ထဲသို့ဒရောသောပါးဝင်လာသော အောင်ဖြိုးကို
ဒေါ်မြဝေက ပရိတ်ရေနှင်​့ဆီး၍ ပက်သည်။

မေတာ သုတ်ကို အဆက်မပြတ်ရွတ်ရင်း
ထိုအမွှေးအမျှင်များနှင့် အကောင်ကြီးကို မေတာ ပို့သည်။

ကလေးများကတော့ ဘုရားကျောင်းဆောင်အောက်ဝယ်
ကျုံ့ကျုံ့ထိုင်လျှက်….။

ဘုန်းကြီးပင့်၍ ဆွမ်းကပ်သောနေ့၌
ဘေးပတ်ဝန်းကျင်မှ ရှေ့မှီနောက်မှီတို့က ထိုအိမ်တွင် မကျွတ်မလွတ်တာကြာပြီဖြစ်သောသရဲတကောင်ရှိကြောင်း…

အမြဲမခြောက်လှန့်တတ်သော်လည်း ရံဖန်ရံခါ အလုံးအထည်ပါပြတတ်သောကြောင့် ထိုအိမ်လေးကို တော်ရုံလူတွေ မနေရဲကြဘဲ စျေးသက်သက်သာနှင့်ငှားနိုင်ခြင်းဖြစ်ကြောင်းစီကာပတ်ကုံးပြောပြကြတော့သည်။

မေသော်တို့မိသားစုလည်း ကလေးငယ်များနှင့်နေရသဖြင့်
ရေရှည်ကိုတွေးကာ လအနည်းငယ်အကြာတွင်
အိမ်ပြောင်းဖြစ်ခဲ့ကြတော့လေသည်။

ထိုနေ့မှ စ၍ အောင်ဖြိုးတယောက်လည်း သရဲတကယ်မရှိဟု
လုံးဝမပြောတော့ပေ။

ပြီးပါပြီ။

ပညာရှင်အဆင့်မဟုတ်ဘဲ ဝါသနာအရရေးတာဖြစ်လို့
အမှားအယွင်းလေးများပါလျှင် သည်းခံ ပြင်ဆင်
ဖတ်ရှုပေးကြပါရှင်…။

#နုနေရည် #သရဲ
#ပရလောက