မိုးသည်းနေ့များလွန်ပါစေ

မိုးသည်းနေ့များလွန်ပါစေ(စ/ဆုံး)

——————————–

ခင်ထွေးရီဆိုသော ထိုမိန်းခလေးကို လွန်ခဲ့သောနှစ်များစွာက ကျွန်မ စတင်ပြီးသိရှိခဲ့သည်။ထိုစဉ်က ကျွန်မအသက်မှာ နှစ်ဆယ်ကျော်နေခဲ့ပြီဖြစ်၍ ခင်ထွေးရီမှာ ဆယ့်ခြောက်နှစ်အရွယ် ဆယ်တန်းကျောင်းသူတစ်ယောက် ဖြစ်သည်။ခင်ထွေးရီတို့အိမ်နှင့် ကျွန်မတို့အိမ်မှာ အတန်ငယ်မျှတော့ လှမ်းသည်။ခင်ထွေးရီတို့မိသားစုမှာ ချမ်းသာသော မျိုးရိုးအသိုင်းအဝိုင်းမဟုတ်သော်လည်း အလယ်အလတ်တန်းစား လူတန်းစားများဖြစ်ကြသည်၊၊ မွေးချင်း နှစ်ယောက်မှာ ခင်ထွေးရီသည် အငယ်ဆုံး။အကြီးဆုံးမှာလည်း သမီးပင်ဖြစ်လေသည်။

မှတ်မှတ်ရရဟုပင် ဆိုလေမည်လား ။ ထိုမိန်ခလေးခင်ထွေးရီ ဆယ်တန်းတစ်နှစ်ကျပြီးနောက် နှစ်တွင် တစ်မြို့လုံး မထင်မှတ်ထားခဲ့သူနှင့် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လက်ထပ်ခဲ့လေသည်။ခင်ထွေးရီလက်ထပ်ခဲ့သူမှာ ကျွန်မတို့ မြို့၏ ဇာတိဖွားများဖြစ်ပြီး ရန်ကုန်မြို့ကြီးတွင် ကြီးပွားချမ်းသာ နေကြသော မိသားစုမှ တစ်ဦးတည်းသောသားနှင့်ဖြစ်လေသည်။နှစ်ဦးသား ချစ်ကြိုက်၍ လက်ထပ်ခဲ့ကြဟန်တော့ မတူ။အဘယ်ကြောင့်ဆိုသော် နှစ်ယောက်သားတွေ့စရာ အကြောင်းလည်းမရှိခဲ့။သည့်ထက်ပို၍ ခင်ထွေးရီသည် အသက်အရွယ်နှင့်မလိုက်အောင် ရိုးရိုးအေးအေးတည်တည်ငြိမ်ငြိမ် နေထိုင်တတ်သော မိန်းခလေးမျိုးဖြစ်ခဲ့သည်လေ။နှစ်ဖက်လူကြီးမိဘများ၏ သဘောတူညီမှုဖြင့် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။လူငယ်များ၏ ဆန္ဒထက်လူကြီးများ၏ ဆန္ဒအရ လက်ထပ်ခဲ့ကြသည်ဆိုသော်လည်း သူတို့၏မင်္ဂလာပွဲကဲ့သို့ ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲမျိုး ကျွန်မတို့မြို့မှာယနေ့ချိန်အထိ ထပ်ပြီး မရှိခဲ့သည်မှာ သေချာသည်။။ထိုသို့.ခင်ထွေးရီ ၏မင်္ဂလာပွဲအတွက် မုဒိတာပွားပြီး သဘောကျကျေနပ်ကြသူများလည်း ရှိကြသလို ၊မနာလိုဝန်တိုစိတ်ဖြင့် နောက်ကွယ်တွင် ကဲ့ရဲ့ပြစ်တင် ပြောဆိုသူများလည်းရှိခဲ့ ကြသည်။သို့သော် မည်သို့ပင်ဖြစ်စေ မင်္ဂလာပွဲသည် ကြီးကျယ်ခမ်းနားစွာပြီးဆုံးခဲ့လေသည်။

မင်္ဂလာပွဲပြီးသော နောက်ရက်တွင် သျှောင်နောက်ဆံထုံးပါ ဆိုသည်ကဲ့သို့ပင် ခင်ထွေးရီသည် ရန်ကုန်မြို့သို့ လိုက်ပါသွားခဲ့ရလေသည်။ခင်ထွေးရီ၏ ယောက္ခမများသည် မြို့သို့မပြန်မီ ကျွန်မတို့ မြို့တွင် ယခင်ကျန်ရှိခဲ့သော ခြံမြေများနှင့် အိမ်အပါအဝင် ပိုင်ဆိုင်မှုများကို မင်္ဂလာလက်ဖွဲ့အဖြစ် သက်မှတ်ပေးခဲ့လေသည်။
ထိုသို့ ကံကောင်းလှသော ခင်ထွေးရီအတွက် ကျွန်မသည် ဘာမဆိုင်ညာမဆိုင် ဝမ်းမြောက်ခဲ့မိသည်။ သူ့အစား ကြည်နူးခဲ့မိသည်။

~~~~~~~~~~~~~~~~~~~~

နွေမိုးဆောင်းရာသီတွေ အလီလီပြောင်းခဲ့ပြီးနောက် တစ်နှစ်တွင် ခင်ထွေးရီသည် ခြောက်နှစ်ကျော် အရွယ်သားနှင့်သုံးလသားအရွယ် သားငယ်လေးနှင့် သားအမိသုံးယောက် မြို့သို့ပြန်လာခဲ့ကြလေသည်။ထိုစဉ်က ကျွန်မအပါအဝင် မြို့နယ်လေးရှိလူများ၏ အထင်မှာ ခင်ထွေးရီ ၏ ဖခင်ဖြစ်သူ ကျန်းမာရေးမကောင်းသောကြောင့် ဖခင်ကြီးကို ပြုစုနိုင်ရန်အတွက် အလည်ပြန်လာသည်ဟုသာ ထင်ခဲ့မိကြပါလေသည်။တစ်ပတ်မှ တစ်လကြာလာသည့်တိုင် ရန်ကုန်ရှိ ယောက္ခများလည်း မရှိရှာကြတော့ပြီးမို့ လာခွင့်ရသည့်အခိုက် နေသည်ဟုသာ ထင်မှတ်ခဲ့ကြလေသည်။ထိုသို့ထင်ရအောင်လည်း ခင်ထွေးရီသည် တည်ငြိမ်၏။တည်ကြည်၏။

သို့သော်ကျွန်မတို့၏ ထင်မြင်ချက်များ မှားယွင်းနေခဲ့သည်ကို နောင်အခါ သိရှိခဲ့ရလေ သည်။

~~~~~~~~~~~~~~~~~~~
ထိုနေ့က မြို့လေး၏ ကောင်းကင်ယံထက်တွင် တိမ်ညိုတိမ်မည်းများဖြင့်အုံ့ဆိုင်းညို.မှိုင်း၍ နေခဲ့လေသည်။အုံ့အုံ့ဆိုင်းဆိုင်းနှင့် လွမ်းမောစရာကောင်းလှသော ကောင်းကင်ကြီး၏ အောက်တွင် ကျွန်မသည် ထုံးစံအတိုင်း အလုပ်ခွင်ရှိရာ တရားရုံးသို့ ရောက်ရှိလာခဲ့လေသည်။

ထို့နေ့က တရားရုံးသို့ရောက်ပြီး မကြာမီတွင် ခင်ထွေးရီတို့ညီအစ်မနှစ်ယောက်ကို တရားရုံးတွင် တွေ့လိုက်ရသဖြင့် ကျွန်မ သွားရောက်နှုတ်ဆက်ခဲ့လေသည်။ကျွန်မကို မြင်သောအခါ ခင်ထွေးရီတို့ ညီအစ်မနှစ်ယောက်၏ မျက်နှာများသည် ညှိုးလျ၍ သွားကြလေသည်။

“ညီမတို့ ဘာကိစ္စ ရှိကြလို့လဲ ကွယ် “ထိုသို့ကျွန်မမေးလိုက်သောအခါ ခင်ထွေးရီသည် ခေါင်းကို အောက်သို့မသိမသာ ငုံ့ချလိုက်လေသည်။ ကျွန်မနှင့်အသက်သိပ်မကွာလှသော ခင်ထွေးရီ၏ အစ်မဖြစ်သူသည် ကျွန်မ၏လက်ကို အားကိုး တကြီးဆွဲကိုင်လိုက်ပြီးလျှင် ” ကူညီပေးပါအုံး မမမူရယ်…ထွေးထွေးရဲ့ခင်ပွန်းက ကွာရှင်းခွင့် တောင်းထားလို့ လေ … အဲ့ဒါ ဒီနေ့လာမယ်ဆိုလို့ လာစောင့်နေတာ”

“ဘယ် … ဘယ်လို ” အစ်မဖြစ်သူ၏ စကားကြောင့် ကျွန်မသည် ခင်ထွေးရီ၏ မျက်နှာကို အလန့်တကြားနဲ့ ကြည့်လိုက်မိပါည်။ထိုအခါ ခင်ထွေးရီသည် မျက်နှာငယ်လေးနှင့် တစ်ချက်မျှ မော့ကြည့်လာပြီးလျှင် ခပ်ဝေးဝေးသို့ ငေး၍ ကြည့်နေလေသည်။ခင်ထွေးရီ၏ မျက်နှာသည် မျက်နှာလေးညှိုးလျနေသော်လည်း တည်ငြိမ်လေ၏။

“ဘယ်လိုဖြစ်ကြတာလဲကွယ် ..အငယ်လေးက ခုမှ သုံးလပဲရှိသေးတာလေကွယ် … တစ်ယောက်နဲ့တစ်ယောက် ညှိကြည့်ကြပါအုံးလားကွယ် ” ထိုစကားကို ကျွန်မ မရဲတရဲနှင့်ဆိုလိုက်မိသောအခါ ခင်ထွေးရီသည် ခေါင်းကို အသာခါယမ်းလိုက်ပြီးလျှင် ခပ်တိုးတိုးပြန်၍ပြောလေသည်။
“အတူတူဆက်နေနေရင် … ကလေးတွေပါ စိတ်ထိခိုက်စရာတွေကို တွေ့ကြုံရလိမ့်မယ် ထင်တယ် မမမူ …ကလေးတွေအတွက်ပဲ ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ ”

ခင်ထွေးရီ၏ စကားဆုံးသောအခါ ကျွန်မသည်လည်း သူတို့ညီအစ်မကဲ့သို့ပင် တိတ်ဆိတ်စွာ သက်ပြင်းချလျက် ခင်ထွေးရီ၏ ခင်ပွန်းအလာကို စောင့်မျှော်နေခဲ့ကြလေသည်။

~~~~~~~~~~~~~~~~~~~
ထိုသို့ စောင့်မျှော်နေစဉ်မှာပင် ခင်ထွေးရီ၏ ခင်ပွန်းသည် အကောင်းစားကားတစ်စီးနှင့် ရောက်ရှိလာခဲ့လေသည်။ တစ်ယောက်တည်း ရောက်လာခဲ့ခြင်းတော့ မဟုတ်ပါချေ။သူနှင့်အတူ တောင့်တောင့်ဖြောင့်ဖြောင့် ချောချောလှလှ အမျိုးသမီးတစ်ယောက်ပါ ပါလာခဲ့လေသည်။အမျိုးသမီးမျက်နှာသည် ပြိုင်ပွဲတစ်ခုတွင် အနိုင်ရထားသူကဲ့သို့ မာန်ဝင့်၍နေလေသည်။ထိုအမျိုးသမီးကို ကြည့်၍ ကာယကံရှင် ခင်ထွေးရီသည် မည်သို့ ခံစားနေရမည်ကို မသိသော်လည်း ကျွန်မစိတ်ထဲ၌ ဒေါသအလွန်ထွက်နေမိသည်။မျက်နှာပြောင်တိုက်လှသော ထိုအမျိုးသမီးကို ကုတ်ဖဲ့ရှိုက်ပုတ်ပြီး ပြောဆိုပစ်ချင်စိတ်များ ဖြစ်ပေါ်လာမိလေသည်။သို့သော်လည်း ခင်ထွေးရီသည် တည်ငြိမ်လွန်းလှသည်။သူ၏ ခင်ပွန်း မျက်နှာကိုလည်း မကြည့်သလို အမျိုးသမီး၏ မျက်နှာကိုလည်း မကြည့်ခဲ့ပါလေ။ရှေ့နေနှင့်သာစကားပြော၍ ခေါင်းလေးကို အောက်သို့ ငုံ့ချ၍ ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးပေးခဲ့လေသည်။ ချမ်းသာကြွယ်ဝသော သူ့ခင်ပွန်းကို မည်သည့် တောင်းဆိုမှုမျှ လည်းမလုပ်ခဲ့ ။ ကလေးစရိတ်အကြောင်းကိုလည်း ထည့်မပြောခဲ့။ တစ်လျှောက်လုံး ရှေ့နေပြောသမျှကိုသာ နားထောင်ပြီး နှုတ်ဆိတ်၍ နေခဲ့လေသည် ။ သူ့ခင်ပွန်းက ကျွန်မတို့ မြို့မှာ ရှိသော မိဘများလက်ဖွဲ့ပေးခဲ့သည့် ပိုင်ဆိုင်မှုများကို ခင်ထွေးရီကို ပေးပါသည်ဟု ပြောသောအခါ၌ ခင်ထွေးရီသည် ခေါင်းလည်း မခါခဲ့သလို ခေါင်းလည်းမငြိမ့်ခဲ့ပါ။အမှန်တကယ် ဆိုရလျှင်မူ ခင်ထွေးရီ၏ ခင်ပွန်းသည် မြို့ကြီးတွင်ကုမ္ပဏီပိုင်ရှင်သူဋ္ဌေးဖြစ်သောကြောင့် ကလေးနှစ်ယောက်နှင့်ကျန်ခဲ့ရှာသော ခင်ထွေးရီမှာ သည် မျှမက ပို၍ရသင့်ပေသည်။ သို့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ခင်ထွေးရီသည် ဘာဆိုဘာမျှမပြောခဲ့။ယုတ်စွအဆုံး သူ၏ခင်ပွန်း ရှေ့၌ စကားတစ်ခွန်းတစ်လေမျှပင် မဟခဲ့ပေ။

~~~~~~~~~~~~~~~~~

အားလုံးပြီးစီး၍ ခင်ထွေးရီတို့ ပြန်ကြမည်ဆိုသောအခါ ကျွန်မသည် တရားရုံးရှေ့သို့ လိုက်ပို့ခဲ့လေသည်။
တရားရုံရှေ့သို့ရောက်သောအခါ တစ်မနက်လုံး အုံးဆိုင်းနေခဲ့သော ကောင်းကင်ကြီးသည် အညှိုးတကြီးနှင့့်ရွာချလိုက်လေည်။ကျွန်မနှင့် ခင်ထွေးရီ၏ အစ်မကြီးသည် နီးစပ်ရာအမိုးအောက်သို့ မိုးဝင်ခိုလိုက်သော်လည်း ခင်ထွေးရီသည် မိုးစက်မိုးပေါက်များအောက်တွင် မတ်မတ်ရပ်လျက်မှ သုံးဘီးအငှါးကားများ လာရာလမ်းဆီသို့ မျှော်၍ ကြည့်နေလေသည်။ထိုစဉ်မှာပင် ခင်ထွေးရီ၏ ခင်ပွန်းနှင့် အတူပါလာသောအမျိုးတို့သည် သူတို့၏ ကားအကောင်းစားကြီးပေါ်သို့တက်ကာ မောင်းထွက်သွားကြလေသည်။
ထိုမြင်ကွင်းကို ကြည့်၍ ကျွန်မရင်ထဲဆို့နင့်တက်လာပြီး မျက်ရည်ကျခဲ့မိသည်။မိုးရေထဲတွင် ရပ်လျက်နေသော ခင်ထွေးရီ၏ ပါးပြင်ထက်၌ ရွဲရွဲစိုနေသည်မှာ မိုးရေစက်များလား။မျက်ရည်စတွေများလားဆိုသည်ကို ကျွန်မရင်နာစွာနဲ့ တွေးကြည့်ခဲ့မိပါသည်။
အသက်နှစ်ဆယ်ကျော်ကျော် ထိုမိန်းခလေးသည် အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ်ခဲ့ပါသည်။မဆီမဆိုင် ကျွန်မ၏ ရင်ထဲမှာပင် ဗလောင်ဆူနေခဲ့သော်လည်း ထိုမိန်းခလေးသည် လောကဓံကို ကြံ့ကြံ့ခံခဲ့ပါလေသည်။

~~~~~~~~~~~~~~~~~~~~

“အလုပ်လုပ်ရင် ခင်ထွေးရီ ပွဲရုံနဲ့ပဲ လုပ်တယ် … တိကျတယ်….မှန်ကန်တယ် စိတ်ချရတယ် …မိန်းမသားမပီပီ ကိုယ်ချင်းစာနာစိတ်လည်းရှိတယ်”

ကုန်သည်ပွဲစားများ၏ နှုတ်ဖျား၌ ထိုစကားစုများ ကြားရဖို့အတွက် ခင်ထွေးရီဆိုသောထိုမိန်းခလေး ကြိုးစားနိုင်ခဲ့ပါသည်။မြို့လုံးကျွတ် ခြိမ့်ခြိမ့်သဲကျင်းပခဲ့သောမင်္ဂလာပွဲမှ အိမ်ထောင်ရေးသည် မိုးကြီးသည်းထန်စွာရွာသော နေ့တစ်နေ့တွင် လူမသိသူမသိ ဇာတ်သိမ်းခဲ့သည်။ခင်ထွေးရီ တစ်ခုလပ်ဖြစ်သွားသောအခါ မြို့ရှိလူတော်များများက ကရုဏာသက်ခဲ့ကြသလို အချို့သူများသည် ရှေ့တွင် သနားဟန်ပြု၍ နောက်ကွယ်၌မူ “ဒီလိုပဲ ဖြစ်မယ်ဆိုတာ သိပြီးသား … ငွေမက်တာကို …”ဟူ၍ ကဲ့ရဲ့ပြစ်တင်ကြလေသည်။မြို့ငယ်လေးရှိ လူများသည် အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောဆိုခဲ့ကြသော်လည်း ခင်ထွေး ဆိုသော ထိုမိန်းခလေးသည် မည်သူ့ကိုမျှ မည်သို့မျှ မတုန့်ပြန်ခဲ့ဘဲ စိတ်ဓါတ်ကျဆင်းခြင်းမရှိဘဲ ကြိုးစားခဲ့သည်။ခင်ပွန်းဖြစ်သူ က ပေးထားခဲ့သော မြို့လေးရှိ အိမ် နှင့် ခြံများကို ရောင်းချကာ ငွေအရင်းအနှီးလုပ်ပြီး အလုပ်တွေကြိုးစားလုပ်ခဲ့သည်။ မိဘနှစ်ပါးနှင့် အစ်မကြီးကိုလည်း စောင့်ရှောက်ပေးသည်။သားနှစ်ယောက်ကိုလည်းမျက်နှာ မငယ်စေရအောင် ထားခဲ့သည်။ထိုသို့ ခင်ထွေးရီ၏ ကြီးစားမှုသည် ဆယ်စုနှစ်အတွင်းမှာပင် “ခင်ထွေးရီ ” ဆိုသော ပွဲရုံကြီးတစ်ရုံကိုပါ ပိုင်ဆိုင်လာခဲ့လေသည်။ကျွန်မတို့ မြို့နယ် အနီးတဝိုက်ရှိ ကျေးရွာများမှ ထွက်ကုန်များသည် ခင်ထွေးရီပွဲရုံသို့ အကုန်ရောက်ရှိလာခဲ့ကြသလို မြို့ကြီးများရှိကုန်သည်များသည်လည်း ခင်ထွေးရီပွဲရုံမှကုန်ပစွည်းများကိုသာ စိတ်ချလက်ချ ဝယ်ယူခဲ့ကြသည်။

~~~~~~~~~~~~~~~~~~
မှတ်မှတ်ရရ ဆိုရမည်ဆိုလျှင် ထိုသို့ ခင်ထွေးရီတစ်ယောက် အောင်မြင် ကြီးပွားလာချိန်တွင် ကျွန်မသည်လည်း မိသားစုနှင့်အတူ ကျွန်မတို့ မြို့နှင့် ဝေးကွာလုသော မြို့ကြီးတစ်မြို့သို့ ပြောင်းရွေ့ခဲ့ကြလေသည်။ထိုအချိန်မှစ၍ ကျွန်မသည် မြို့ငယ်လေးနှင့် အလှမ်းဝေးခဲ့ရုံမျှမက ခင်ထွေးရီတို့မိသားစုနှင့်ပါ အဆက်ပြတ်ခဲ့လေသည်။

~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မသည်မြို့ငယ်လေးမှ ပြောင်းလာခဲ့ပြီးသည့်နောက် ဆယ်စုနှစ်နီးပါးကြာပြီးသည့်နောက် ( ၂၀၁၉)ခုနှစ်တွင် မြို့ငယ်လေးသို့ အလည်ရောက်ရှိခဲ့လေသည်။မြို့သို့ရောက်သည်နှင့်တစ်ပြိုင်နက် ကျွန်မအရင်ဆုံး အလည်သွားမိသည်မှာ မည်သည့်အရပ်ဖြစ်မည်ထင်ပါသနည်း ။ အားလုံး ထင်ကြသည့်အတိုင်း “ခင်ထွေးရီ ပွဲရုံသို့သာ ဖြစ်ပါလေသည်။

~~~~~~~~~~~~~~~~~~~~~
“ခင်ထွေးရီ ” ပွဲရုံရှေ့တွင် ကျွန်မ ခြေစုံရပ်နေမိခဲ့ပါသည်။ယခင်က အလွန်ပင်စည်ကားခဲ့သော ပွဲရုံသည် ယခုအခါ တွေ့မြင်ရသည်မှာ သော့ခလောက်တန်းလန်းနှင့် ကျီးနှင့် ဖုတ်ဖုတ်ဖြစ်နေလေသည်။ကျွန်မ နားမလည်နိုင်စွာပင် အနီးပါးမှ လူအချို့ကို မေးကြည့်မိရာ အံ့ဩ မယုံကြည်နိုင်ဖွယ် သတင်းကို ကြားသိလိုက်ရလေသည်။

” ခင်ထွေးရီပွဲရုံက မနှစ်ကပဲ ပိုင်ရှင်ပြောင်းသွားပြီလေ … မခင်ထွေးရီ ထောင်ကျသွားတော့ … ပွဲရုံလဲ ရောင်းသွားတယ် … သားနှစ်ယောက်နဲ့ သူ့အစ်မ အပျိုကြီးလည်း ဘယ်ပြောင်းသွားမှန်းမသိပါဘူး ”

“ရှင် ဘယ်လို …ခင်ထွေးရီက ထောင်ကျသွားတယ်ဟုတ်လား …ဘယ်လိုဖြစ်တာလဲ …ဘာအမှုဖြစ်တာလဲ ” ကျွန်မ အထိတ်တလန်းနှင့် မေးလိုက်မိသောအခါ

“မယားရှိတဲ့ ယောက်ကျားနဲ့ ဖောက်ပြန်လို့လေ … မြို့ပေါ်က သူ့မယားကြီးလိုက်လာပြီး တရားစွဲတော့ ထောင်ကျသွားတာပဲ ”
ထိုစကားလုံးများကို ကျွန်မ မယုံကြည်နိုင်စွာပင် ကြားခဲ့ရပါသည်။ထိုစကားများကို ကြားကြားခြင်း၌ ကျွန်မနှုတ်မှ အဆက်မပြတ် ရွတ်နေမိသည်မှာ “ခင်ထွေးရီလိုမိန်းမမျိုးက သူများယောကျားနဲ့ ဖောက်ပြန်တယ် ဟုတ်လား…ခင်ထွေးရီကလေ … မဖြစ်နိုင်ဘူး …” …။

~~~~~~~~~~~~~~~~~~

ခင်ထွေးရီနှင့်ပတ်သက်၍ မယုံကြည်နိုင်စွာ တနုံ့နုံ့ခံစားနေရသော ကျွန်မသည် ခင်ထွေးရီတို့၏ ဆွေမျိုးနီးစပ်များရှိရာသို့ သွားရောက်ပြီး ခင်ထွေးရီအကြောင်းကို စုံစမ်းခဲ့ပါလေသည်။ထိုအခါ၌ ခင်ထွေးရီ၏ ဇာတ်ကြောင်းကုန်စင်ကို သိရှိခဲ့ရပါလေသည်။

“သူ့သားအကြီးကောင်ကြောင့်ပေါ့ရှင်… ခင်ထွေးရီက သူ့ဘာသာ အေးအေးဆေးဆေးနေနေတာပါ ..အဲ့ဒါကြောင့်လဲ အကြီးကောင်လေးခမျာ… သူ့အမေကို လာဖမ်းတဲ့နေ့မှာ လမ်းမကြီးလယ်မှာ တစ် နေကုန်ချုံးပွဲချငိုရှာတာ ဆိုတာများ ခုချိန်ထိမျက်စိထဲကမထွက်ပါဘူး … သူ့ကြောင့် သူ့အမေ ထောင်ကျရတယ်ဆိုပြီး ပြောပြောပြီး ငိုတာများ လာကြည့်တဲ့လူတိုင်း မျက်ရည်မကျတဲ့သူကို မရှိဘူး ”
ကျွန်မသည် အဖြစ်အပျက်များကို သိချင်လွန်း၍ ဖြစ်ကြောင်းကုန်စင်ကို ပြောပြနေသော အမျိုးသမီးကို မျက်တောင်မခတ်တမ်း ကြည့်နေမိလေသည်။

“ဖြစ်ပုံက ဒီလို …အကြီးကောင်လေးက ဘွဲ့ရပြီးတော့ ရန်ကုန်မှာ အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားတယ်လေ …ခင်ထွေးရီတို့လဲ တားမရတော့ လွှတ်လိုက်တာပေါ့ …တကယ်ဆို အဲ့ဒီတုန်းကတည်း ကောင်လေးကို မလွှတ်ဘဲ ထားလိုက်ရမှာ…”
အမျိုးသမီးက အတိတ်ကို ပြန်တွေးပြီး မကျေမနပ်နှင့် ပြောလေသည်။ကျွန်မမှာ တုတ်တုတ်မျှမလှုပ်မိဘဲ အမျိုးသမီး ဆက်ပြောမည့်စကားများကို ငံ့လင့်နေမိလေ၏။

“ကိုယ်တော်လေးက မြို့သွားပြီး ဘယ်မှာ အလုပ်လုပ်တယ်ထင်လဲ ..သူ့အဖေကုမ္မဏီမှာလုပ်တာတဲ့လေ … သူ့ဘာသာလုပ်ချင်လဲလုပ်ပေါ့ ခုတော့ …သူက အဲ့ဒီလို မဟုတ်ဘူးလေ ”

အမျိုးသမီးက ပြောရင်းနှင့် စိတ်တို ဒေါသထွက် ပြန်လေသည်။

“ဖြစ်ချင်တော့ သူ့အဖေသူဌေးက ကားအက်ဆီဒင့်ဖြစ်ပြီး …အာရုံကြောတွေထိခိုက်သွားတယ်ဆိုလား .. လူ့အသိစိတ်ပဲ ရှိပြီး စကားတောင် မပြောနိုင်ဘူးတဲ့လေ … အဲ့ဒါကို သူက မိထွေးမသိအောင် ပြုစုပေးနေသတဲ့လေ …..ကျေးဇူးကြီးမားခဲ့တဲ့ ဖအေဆိုတော့ ကျေးဇူးဆပ်တဲ့သားလိမ္မာကြီးပေါ့ …အိမ်က ဟာတွေနဲ့ များတော့ ကွာပတော် ဖအေကြီးက မဖောက်မပြားဘဲ ရှာဖွေကျွေးနေတာတောင် ဖအေကို စကားဟဟမပြောချင်ကြဘူး ”

အမျိုးသမီးမှာ ခင်ထွေးရီ၏ သားအကြောင်းကို ပြောနေရင်းမှ မကျေမနပ်ရေရွတ်ပြန်လေသည်။ကျွန်မမှာမူ ရင်တထိတ်ထိတ်နှင့်ငံ့လင့်နေမိဆဲ။

” သူ့ဘာသာ သားလိမ္မာလုပ်ပြီး ပြုစုရင် တော်သေးတာပေါ့ရှင် … ခုတော့ ခင်ထွေးရီခမျာ ကြားထဲက သနားစရာပါ … သူတို့အဖေ အဲ့လိုဖြစ်သွားတော့ မိထွေးဖြစ်သူက ဖြစ်စကတော့ နိုင်ငံခြားထိ သွားကုပေးခဲ့တယ်တဲ့ … ကြာတော့ လူမမာကအခြေအနေလဲ မထူးတော့ ဂရုမစိုက်နိုင်တော့ဘဲ အိမ်ဖော်တွေနဲ့ ပစ်ထားသတဲ့လေ….မိထွေးလုပ်သူက သူ့သားသမီးတွေပညာရေးအတွက် ဆိုပြီး နိုင်ငံခြားမှာ သွားနေသတဲ့… ဒင်းတို့ အဖေကိုတော့ တိုက်ကြီးထဲမှာ အိမ်ဖော်တွေနဲ့ ထားပစ်ခဲ့တာပေါ့ …ဒါကို ကိုယ်တော်လေးက သူသွားပြုစုပေးနေတာကို အားမရဘဲ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သိပ်တော်တဲ့သူ့တို့အဖေ ဒုက္ခတကြီးကို မအေဆီကို ခေါ်ချလာတာလေ”

ပြောနေရင်းမှ အမျိုးသမီးမှာ အံကိုကြိတ်၍နေလေသည်။ကျွန်မမှာမူ အသက်ရှုဖို့ရန်ပင်မေ့လျော့သလို ဖြစ်နေမိလေသည်။

” လူမမာကြီးကို ခေါ်ချလာတော့မှ တော့ ဘယ်လိုလုပ်မတုန်း … မေတ္တာရှင်မကြီး မိခင်ထွေးရီက ပွဲရုံကိုပါ ပစ်ထားပြီး လူမမာကြီးကို ချီးကလူသေးကလူပြုစုရတာပေါ့ … ကိုယ့်ကို ပစ်ပစ်ခါခါထားခဲ့တဲ့ ယောကျာ်းပါတော် ခင်ထွေးရီ နေရာမှာ ကျုပ်တို့သာဆို ဘယ်လုပ်နိုင်မလဲ … လူအမကြီး … မေတ္တာရှင်မကြီးလေ… ”

အမျိုးသမီးသည် ပြောရင်းမှပင် ရေးနွေးကြမ်းခွက်ကို ကောက်ယူလိုက်ပြီး ဂွပ်ခနဲ မော့သောက်လိုက်ပြန်သည်။ပြီးနောက် ဒေါသ ဟန်နှင့် အောက်သို့ ဆောင့်ခနဲချလိုက်လေသည်။

“သူ့အသက်က လေးဆယ်ကျော်စ လေးပါတော် … သူ့ရုပ် သူ့ရည် သူ့ချမ်းသာမှုနဲ့ ကြိုက်တဲ့ ယောကျာ်းကို ခေါင်းခေါက်ယူလို့ရပါတယ် …သားတွေကို သနားလို့လား …သူ ယောကျာ်းဟောင်း အကောင်းစားကြီးကို သနားလို့ ပဲလား …ဒါမှမဟုတ် သံယောဇဉ်မကုန်လို့ပဲလားမသိပါဘူးတော် … အဲ့ဒီဒုက္ခိတကြီးကို တနှစ်ကျော်ကျော် ပြုစုစောင့်ရှောက်ခဲ့တယ်လေ… သူ အပြုအစုကောင်းလို့ နေ့လားညလားလူမမာကြီးကနေ မပြောနိုင်မဆိုနိုင် လမ်းမလျှောက်နိုင်သေးတာကလွဲလို့ အတော်ကြီး ပြန်ကျန်းမာလာတယ်လေ … ဒါပေမဲ့ ဘာကြာမလဲအေ…ဟိုမယားငယ်မ တစ်ဖြစ်လဲ မယားကြီး ရောက်လာပြီး တရားစွဲတော့တာပဲလေ …ဘာတဲ့ အသိစိတ်ပျောက်နေတဲ့သူကို ခိုးယူပေါင်းသင်းမှုတဲ့ ….ဖြားယောင်းသွေးဆောင်မှုတဲ့… မယားရှိသူနဲ့ ဖောက်ပြန်မှုဆိုလား …သူခိုးသွားတုန်းကတော့ အဲ့ဒီဥပဒေတွေမရှိခဲ့တာ နာတာပေါ့အေ…ခုတော့ မေတ္တာရှင်မကြီးခမျာ ကယ်သူမဲ့နေပြီလေ … အကြီးကောင်လဲ သူ့ကြောင့် ဖြစ်တာဆိုပြီး တရားရုံးရှေ့မှာ ချုံးပွဲချ ငိုရှာတာပါပဲ …ဒါပေမဲ့ ဘယ်သူကယ်နိုင်မလဲ ..”

အမျိုးသမီးသည် ပြောရင်းနှင့် အမှန်တကယ်ပင် စိတ်မကောင်းဟန်ပေါက်၍နေလေသည်။

~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~

အမျိုးသမီးအိမ်မှ အပြန်တွင် ကျွန်မ၏ ရင်တစ်ခုလုံး မွန်းကြပ် ဆို့နင့်နေသည်။တရားရုံးရှေ့သို့ ရောက်သောအခါ တစ်ခါက မိုးသည်းထန်ခဲ့သောနေ့ကို သတိရလိုက်မိပြန်သည်။ထိုအခါစိတ်ထဲမှ နာနာကျင်ကျင်နှင့် ကျွန်မဆုတောင်းလိုက်မိသည်မှာ “ခင်ထွေးရီဆိုသောသူမအတွက် မိုးသည်းနေ့များ အမြန် ကုန်လွန်ပါစေ ” ဟုသာ …..”

**********************************

မခင်ထွေးရီ ခေါ် ဒေါ်ခင်ထွေးရီတစ်ယောက် တရားခွင်မှာ ရှုံးသွားခဲ့ပေမဲ့ သံသရာအဆက်ဆက် အတွက် နိုင်သွားခဲ့သူလို့ ကျွန်တော်ထင်မိပါတယ်။

#ဧကြည်ဖြူ