“မုန်တိုင်ငွေသိုက်”(စ/ဆုံး)
———————————-
(ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်)
(က)
အချိန်ကာလအားဖြင့် မြန်မာသက္ကရာဇ် ၁၁၀၉ ခုနစ်ခန့်ဖြစ်သည်၊ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သော မဟာဓမ္မရာဇာဓိပတိမင်းကြီးသည် အင်းဝမြို့တွင်ထီးနန်းစိုက်ကာ အထက်မြန်မာပြည်တစ်ဝှမ်း အုပ်ချုပ်စိုးစံနေသည့်ကာလလည်းဖြစ်ပေသည်။ မြန်မာပြည်အလယ်ပိုင်း မိတ္တီလာမြို့အနီးတွင် မုန်တိုင်ရွာကြီးတည်ရှိသည်၊ ရွာကြီးဟူသည့်အတိုင်း မုန်တိုင်ရွာမှာ အိမ်ခြေရာနှင့်ချီကာတည်ရှိပြီး စည်ကားသည့်ရွာတစ်ရွာဖြစ်သည်။ ရွာသူရွာသားများမှာ တောင်သူလယ်သမားများဖြစ်သည့်အတိုင်း လယ်များဖွဲ့ကာ စပါးစိုက်ခြင်း၊ ယာခင်းများခင်းကာ မြေပဲ၊ နှမ်း၊ ဝါ၊ ပဲစင်းငုံစသည့် သီးနှံများကိုစိုက်ပျိုးကြကာ အသက်မွေးမြူကြသူများဖြစ်လေသည်။
ရွာသူရွာသားများမှာ ဗုဒ္ဓဘာသာကို အထူးကိုးကွယ်ယုံကြည်သူများဖြစ်သည့်အလျှောက် လယ်ယာသီးနှံများထွက်ပေါ်သည့်အခါ အလှူအတန်းများပေးခြင်း၊ ရွာအနီးတစ်ဝိုက်တွင် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများကိုလှူဒါန်းခြင်းများကို အစဉ်ပြုလုပ်လေ့ရှိကြသည်။
ထိုမုန်တိုင်ရွာ၏ တောင်ဘက် ရွာစွန်အစပ်အဖျားတွင်တော့ ဦးပန်းရနှင့် ဒေါ်စိန်သာအမည်ရ ဆင်းရဲသားလင်မယားနှစ်ယောက်နေထိုင်ကြသည်။ ဦးပန်းရတို့မှာ ငွေကြေးမတတ်နိုင်သူများဖြစ်သည့်အတွက် ရွာအနီးမှ ယာခင်းများကို ဝယ်ယူမလုပ်ကိုင်နိုင်ဘဲ ရွာနှင့်ခပ်လှမ်းလှမ်း တောစပ်ရှိကွင်းများကို ရှင်းလင်းကာ ဓါးမဦးချစနစ်ဖြင့် ယာထွက်သီးနှံများကို စိုက်ပျိုးကြသူများဖြစ်သည်။ မုန်တိုင်ရွာအဆင်းရဲဆုံးလူများဟုဆိုလိုက်လျှင် ဦးပန်းရနှင့် ဒေါ်စိန်သာတို့လင်မယားမှာ နံပါတ်တစ်ပထမနေရာရှိမည်ဖြစ်သည်။
ဦးပန်းရမှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးဖြစ်ပြီး ဒေါ်စိန်သာမှာလည်း ဦးပန်းရနှင့် အသက်သိပ်မကွာလှပေ၊ သူတို့လင်မယားနှစ်ဦးမှာ ငယ်လင်ငယ်မယားများဖြစ်သော်လည်း ရှေးဘဝကုသိုလ်ကံအကျိုးပေးမကောင်းသည့်အတွက် သားသမီးမဖွံ့ဖြိုးခဲ့ပေ၊ မုန်တိုင်ရွာအပြင်တွင် ဦးပန်းရတို့မှာ တဲကုပ်ကလေးတစ်လုံးထိုးကာ နေထိုင်လေသည်။ အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက်တည်းသာ နေထိုင်သည့်တဲဖြစ်သဖြင့် မြေစိုက်တဲကုပ်သေးသေးကလေးဖြစ်ကာ ကျောချရုံခန့်သာ ကျယ်ဝန်းသည်။ ထို့ကြောင့် ရွာမှ ရွာသူရွာသားများက ဦးပန်းရတို့လင်မယားအား “အိမ်ကြီးရှင်” ဟူ၍ နောက်ပြောင်ကျီစယ်ကာ ခေါ်ဝေါ်ကြလေသည်။
“မယ်စိန်ရေ၊ တို့မနက်ဖြန် ယာခင်းကိုထွန်ရအောင်ဟေ့၊ အဲဒါ ရွာထဲသွားပြီး နွားတစ်ကောင်လောက် ငှားခဲ့စမ်းပါကွာ”
“အင်းပါတော်၊ ကျုပ်ဒီညနေပဲ ရွာထဲဆင်းပြီး နွားတစ်ကောင်လောက် လိုက်ငှားကြည့်ပါမယ်”
“အေးကွာ၊ အခုက မိုးဦးကျဆိုတော့ လယ်လုပ်တဲ့လူက လယ်ထွန်၊ ယာလုပ်တဲ့လူကလည်း ယာထွန်နဲ့ဆိုတော့ ရွာထဲကနွားတွေလည်း သိပ်အားကြမှာမဟုတ်ဘူးကွ၊ ပြီးတော့ ငါတို့ကလည်း သူများတွေလို ငွေကြေးအသပြာမပေးနိုင်ဘူးဆိုတော့ ငှားရမှာ ခက်မယ်ထင်ပါတယ်ကွာ”
“ဒါပေါ့ရှင်၊ ကိုယ်ကလိုချင်တဲ့သူပဲ၊ ဒီလိုပဲ မျက်နှာအောက်ချပြီးတော့ ငှားရမှာပေါ့တော်၊ သြော်၊ ဒါနဲ့ ဒီနှစ် ကျုပ်တို့ဘယ်နားမှာ ယာလုပ်မလဲတော့”
ဦးပန်းရက သူသောက်နေသည့် မြေဆေးတံကြီးကို တစ်ချက်ဖွာရှိုက်လိုက်ရင်း
“အေးကွ၊ တို့လုပ်နေကျယာက မြေဆီမကောင်းတော့ ဒီနှစ် ဟောဟိုအနောက်ဘက်က မန်ကျည်းအိုင်ဘက်က ကွင်းမှာစိုက်မယ်လို့စိတ်ကူးထားတယ်၊ အဲဒီမြေတောင်မှ ငါတစ်ယောက်တည်း ရှင်းလင်းပြီးနေပြီဟ”
မိုးတစ်ပြိုက်နှစ်ပြိုက်ရွာလိုက်ပြီမို့ မိုးဦးကျယာထွန်ယက်ရတော့မည့်အချိန်ဖြစ်နေပြီဖြစ်သည်၊ ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ ဆင်းရဲလွန်းသဖြင့် နွားတစ်ရှဉ်းပင်မရှိပေ၊ နွားပြာအိုကြီးတစ်ကောင်သာ အိမ်တွင်ရှိသည့်အတွက် ထွန်ယက်မည့်အချိန်မျိုးဆိုလျှင် ရွာထဲလှည့်ကာ နွားတစ်ကောင်ချေးငှားရစမြဲဖြစ်သည်။ ရွာသူရွာသားများမှာ တောင်သူလယ်သမားများဖြစ်သည်မို့ မိုးဦးကျအချိန် နွားများအလုပ်မအားတတ်ဖြစ်ရာ တော်ရုံတန်ရုံနွားချေးငှားသူရှားလေသည်။ ယခုလည်း ဒေါ်စိန်သာတစ်ယောက် ညစာစားပြီးသောအခါ မုန်တိုင်ရွာဘက်သို့လှည့်ထွက်လာခဲ့သည်။
“ကိုကြီးသောင်းရေ၊ ညီမတို့ယာကလေးထွန်ချင်လို့ နွားတစ်ကောင်လောက် တစ်နေကုန်လောက် ငှားစမ်းပါတော့”
“အိုဟာ၊ ငါလည်း ငါ့လယ်တွေကို ထွန်နေရသေးတယ်ဟ၊ ညည်းကိုငါ ငှားချင်ပါတယ်”
“ကိုကြီးသောင်းရယ်၊ ကိုကြီးသောင်းဆီမှာက နွားက အကောင်အစိတ်တောင်ရှိတာမဟုတ်လား၊ တစ်ကောင်တစ်လေလောက်ရရင် အဆင်ပြေပါတယ်ရှင်”
“ခက်တာပဲ မစိန်သာရာ၊ ငါ့မှာနွားများပေမယ့် ခိုင်းနွားကနည်းသဟ၊ ပြီးတော့ နင်ငှားမှာက တစ်နေကုန်တောင်မဟုတ်လား၊ ငါ့လယ်တွေတောင်မှ ထွန်မပြီးသေးတာ နင့်ကိုဘယ်လိုငှားမလဲ”
“ကျုပ်တို့လည်း ဒီနှစ်ယာသိမ်းရင်တော့ နွားလေးတစ်ကောင်လောက်ရအောင် စုပြီးဝယ်မှာပါ ကိုကြီးသောင်းရယ်၊ နွားနှစ်ကောင်ရှိရင် အခုလိုငှားစရာမလိုတော့ပါဘူး၊ ကိုကြီးသောင်းသာ မကူညီရင် ကျုပ်တို့ဒီနှစ် ယာအချိန်မီမကျဲနိုင်ပဲနေတော့မှာပေါ့”
ဘကြီးသောင်းလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်
“အေးလေ၊ ငါလည်းတောင်သူ၊ နင်လည်းတောင်သူဆိုတော့ တောင်သူအချင်းချင်း ငါကိုယ်ချင်းစာပါတယ်၊ ဒီလိုလုပ်ဟာ၊ နင့်ကိုငါ နေ့ခင်းဘက်တော့မငှားနိုင်ဘူး၊ ငါ့ခိုင်းနွားတွေထွန်ယက်ပြီး ပြန်လာတဲ့ ညပိုင်းတော့ နင့်ကိုငါ ငှားနိုင်ပါတယ်၊ ဘယ်လိုလဲ အဆင်ပြေရဲ့လား၊ ငှားတဲ့အဖိုးအခကတော့ ညည်းတို့ယာထွက်တဲ့အခါ ကြည့်ပေးပေါ့ဟာ”
ဒေါ်စိန်သာလည်း ရွေးချယ်စရာမရှိတော့ပေ၊ ညဘက်ပေးငှားသည်ကိုကပင် ကျေးဇူးတင်စရာကောင်းနေသဖြင့် ခေါင်းညိတ်ကာ ပြန်လာခဲ့တော့သည်။ အိမ်ပြန်ရောက်သည့်အခါ ခင်ပွန်းဖြစ်သူ ဦးပန်းရအား အကျိုးအကြောင်းပြောပြသည့်အခါ ဦးပန်းရမှာ ဒေါသထွက်တော့သည်။
“ကြံကြီးစည်ရာကွာ၊ ယာကိုညဘက်မှ ထွန်ရမှာတဲ့လားကွ၊ ဒီကောင်ငသောင်း ဒါသက်သက်ငါတို့ကို နှိမ်တာပဲ”
“ဒီလိုမပြောပါနဲ့ ကိုပန်းရရယ်၊ ကျုပ်တို့ကိုငှားပေးတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီ၊ မုန်တိုင်မှာ နွားကောင်ရေ အများကြီးရှိတာ ဘယ်သူကများကျုပ်တို့ကို အရေးတယူလုပ်ပြီး ငှားဖူးလို့လဲတော့”
ဦးပန်းရမှာ ဒေါသထွက်ထွက်နှင့် ရွာဘက်သို့ကြည့်ကာ
“လုပ်ထားစမ်းပါကွာ၊ မြေနိမ့်ရာလှံစိုက်တတ်တဲ့လူတွေ၊ မျက်နှာကြီးမှ ပေါင်းတတ်သင်းတတ်တဲ့လူတွေ လုပ်ထားအုံးပေါ့၊ ငါချမ်းသာတဲ့တစ်နေ့ မင်းတို့ကို ငွေထုတ်ကြီးနဲ့ ပေါက်ပြမယ်ကွ”
ဦးပန်းရက ခါးထောက်ကာ ကြိမ်းဝါးလိုက်လေသည်။ ဒေါ်စိန်သာကတော့ ပြုံးလျှက်
“ကိုပန်းရရယ်၊ ရှင့်မှာလည်း အကြံကြီးလိုက်တာ၊ လူကဖြင့် အသက်ငါးဆယ်ကျော်ပြီး သေခါနီးနေပြီ၊ ရှင့်လိုလူက ဒီတစ်သက်ချမ်းသာပါအုံးမလား”
ဦးပန်းရမှာ ဒေါ်စိန်သာ၏စကားကို ပြန်မတုံ့ပြန်နိုင်သဖြင့် နှုတ်ဆိတ်ကာနေလိုက်မိသည်။
(ခ)
ဦးပန်းရတို့လင်မယားမှာ ဆင်းရဲလှသော်လည်း ဘာသာတရားအလွန်ကိုင်းရှိုင်းသူများဖြစ်ကြလေသည်။ မနက်စောစောစီးစီးအိပ်ရာထပြီးသည်နှင့် ဒေါ်စိန်သာတစ်ယောက် ဆွမ်းချက်ရလေသည်။ ဆွမ်းဆိုသော်လည်း ထမင်းကောင်းမစားနိုင်ပေ၊ ဆန်နှင့်အတူ လူးဆန်ကိုရောနှောချက်ပြုတ်ထားသည့် ဆင်းရဲသားဆန်ကြမ်းထမင်းဖြစ်လေသည်။ ဟင်းမှာလည်း မယ်မယ်ရရသိပ်မရှိပေ၊ ငါးပိကောင်၊ ငါးခြောက်သာ ဟင်းကောင်းလုပ်၍စားသောက်ရသည်။ အသီးအနှံအတွက်မူ အိမ်ခြံအနောက်ဘက်တွင် စိုက်ပျိုးထားသည့် ဖရုံ၊ သခွား၊ ငရုတ်၊ ချဉ်ပေါင်ကိုသာ ဟင်းလုပ်၍ချက်ရသည်။
မနက်နေထွက်သည့်အချိန်တွင် မုန်တိုင်ကျောင်းမှ သံဃာတော်များက ဆွမ်းခံကြွလေသည်။ ထိုနေ့တော့ ဒေါ်စိန်သာတစ်ယောက် ဆွမ်းလောင်းရန် ဆွမ်းပန်းကန်ယူကာထွက်လိုက်စဉ် ဦးပန်းရက ဒေါ်စိန်သာထံမှ ဆွမ်းပန်းကန်ကို လှမ်းယူလိုက်လေသည်။
“အလို၊ ကျားသားမိုးကြိုး၊ ဒီနေ့ရှင်ဆွမ်းလောင်းမလို့လား”
“အေးကွာ၊ တို့တွေအခုလိုဆင်းရဲနေတယ်ဆိုတာ အတိတ်ဘဝက ကုသိုလ်ကောင်းမှုလုပ်တာ အားနည်းခဲ့လို့မဟုတ်လား၊ ငါကတော့ ဒီဘဝပဲအဆင်းရဲခံမယ်၊ နောက်ဘဝတော့ မဆင်းရဲစေရတော့ဘူးဟေ့၊ ရသလောက်ကုသိုလ်ကောင်းမှု ဒါနတွေကို ကိုယ်တတ်နိုင်သလောက် များများလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ”
ဦးပန်းရပြောသည့်အခါ ဒေါ်စိန်သာက မျက်နှာကိုတစ်ချက်မဲ့လိုက်ပြီး
“အောင်မယ်လေး၊ ဒါတွေက ကျုပ်နေ့တိုင်းလုပ်နေတာပါတော်၊ ဆွမ်းလောင်းလို့ချမ်းသာကြေးဆိုရင် ကျုပ်အနှစ်နှစ်ဆယ်လောက် တစ်ရက်မပြတ်ဆွမ်းလောင်းလာတာနဲ့တင် သူဌေးမကြီးဖြစ်နေပါပြီတော့”
မနက်ခင်းဆွမ်းလောင်းပြီးသည့်အခါ ဦးပန်းရမှာ နံနက်စာ စားသောက်ပြီး ယာခင်းထဲသို့ဆင်းရန်ပြင်တော့သည်။ တောခုတ်ဓါးရှည်တစ်လက်နှင့် တောင်းကြီးတစ်လုံးကိုဆွဲယူလိုက်လေသည်။
“ကဲ စိန်သာရေ၊ ငါမန်ကျည်းအိုင်ဘက်ကွင်းကို ဆင်းလိုက်အုံးမယ်ဟေ့၊ ညနေ ယာထွန်မှာဆိုတော့ ကျန်နေတဲ့အပင်လေးဘာလေး ရှင်းဖို့ပေါ့ကွာ၊ မင်း နေ့လည်ကျရင် ထမင်းလာပို့နော်ကွ”
“စိတ်ချစမ်းပါတော်၊ ဒါနဲ့ တော်လည်း သတိထားအုံးနော်၊ မန်ကျည်းအိုင်ဘက်က သရဲကြမ်းတယ်ဆိုပြီး လူတွေပြောပြောနေတယ်မဟုတ်လား၊ ပြီးတော့ ဥစ္စာစောင့်ဆိုလား၊ သိုက်နန်းရှင်ဆိုလား အဲဒါတွေလည်း ခဏခဏတွေ့တတ်တယ်ဆို”
“တွေ့ပါစေကွာ၊ တွေ့ပါစေ၊ ဥစ္စာစောင့်တွေ၊ သိုက်နန်းရှင်တွေလာလို့ကတော့ ဒင်းတို့ကိုဖမ်းပြီး ရွှေတွေ၊ ငွေတွေတောင်းပစ်လိုက်စမ်းမယ်””
ဦးပန်းရက ခပ်ရွဲ့ရွဲ့ပြောလိုက်ပြီး အိမ်မှထွက်သွားလေတော့သည်။ ဒေါ်စိန်သာလည်း နေ့ခင်းစာအတွက် ချက်ပြုတ်ပြင်ဆင်ရင်း အိမ်မှုကိစ္စများနှင့် အချိန်ကုန်နေလေတော့သည်။ ချက်ပြုတ်ပြင်ဆင်ပြီး နေ့ဆွမ်းခံပြန်ဝင်ချိန်ခန့်တွင် ဒေါ်စိန်သာတစ်ယောက် ခံတောင်းကလေးရွက်ကာ အိမ်မှထွက်လာခဲ့တော့သည်။ ခံတောင်းထဲတွင်တော့ သူတို့လင်မယားစားသောက်ဖို့ရန်အတွက် ထမင်းနှင့်ဟင်းများကိုသယ်ဆောင်လာခဲ့သည်။
မန်ကျည်းအိုင်ကွင်းမှာ ရွာနှင့်အတော်လှမ်းလှမ်းဝေးကွာသည်ဖြစ်ရာ ဒေါ်စိန်သာတစ်ယောက် အတော်ကလေးသွားယူရလေသည်။ ယာခင်းသို့ရောက်သည့်အချိန် ဦးပန်းရမှာ ယာခင်းမြောက်ဘက်ရှိ နှစ်ချို့မန်ကျည်းပင်ကြီးအောက်တွင်ထိုင်ကာ အနားယူနေသည်ကိုတွေ့ရသည်၊ ထိုမန်ကျည်းပင်ကြီးအနီးတွင်တော့ စိမ်းစိုနေသည့် သဘာဝရေကြည်အိုင်ကလေးတစ်အိုင်ရှိသည့်အတွက် ထိုယာခင်အား မန်ကျည်းအိုင်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ဒေါ်စိန်သာမှာ မန်ကျည်းပင်ကြီးအောက်သို့ဝင်ကာ ဦးပန်းရအနီးတွင်ထိုင်လိုက်သည်။
“ရှင် နေရာရွေးတာ မဆိုးဘူးကိုပန်းရ၊ ရေအိုင်ကလေးလည်းရှိတော့ သုံးဖို့ပြုဖို့ ပူစရာမလိုတော့ဘူးပေါ့ရှင်”
“အဲဒါတွေ အသာထားစမ်းပါ၊ နေမွန်းတည့်တော့မယ်ကွ၊ ငါဗိုက်ဆာလှပြီ၊ ဒါနဲ့ ဘာဟင်းချက်သလဲ”
“ထုံးစံအတိုင်း လူးဆန်ထမင်းပေါ့တော်၊ ဟင်းကတော့ ငါးခြောက်ကလေး လက်ညှိုးလောက် လေးငါးဆယ်ကောင်ကင်လာတယ်၊ ပြီးတော့ ငရုတ်သီးဆားထောင်းပေါ့၊ ဖရုံရွက်ပြုတ်၊ သခွားသီးနဲ့ တို့ပေါ့တော်”
ခံတောင်းအတွင်းမှ ဒေါင်းလန်းအသေးကလေးထုတ်ကာ လင်မယားနှစ်ယောက် လက်ဆုံစားရန်ပြင်ဆင်လိုက်ကြသည်။ ထိုစဉ် ယာခင်းကိုဖြတ်၍ ကိုရင်လေးတစ်ပါး သပိတ်ပိုက်ပြီးသွားလာနေသည်ကိုမြင်တွေ့လိုက်ရသည်မို့ လင်မယားနှစ်ယောက် တအံ့တသြနှင့်ကြည့်နေမိသည်။
“ကိုရင်နှယ်၊ ဒီလောက်ခေါင်တဲ့နေရာကို ဘာလာလုပ်တာပါလိမ့်”
ဦးပန်းရက ရေရွတ်လိုက်သည်။
“လက်ထဲသပိတ်ပိုက်ထားတာပဲတော်၊ ဆွမ်းခံထွက်လာတာနေမှာပေါ့”
“ဟ၊ စိန်သာရ၊ ဒီလိုခေါင်တဲ့နေရာ၊ ချောင်ကျတဲ့နေရာမှာ ဘယ်သူက ကိုရင်ကိုဆွမ်းလှူမလဲကွ၊ သွားကွာ ကိုရင်ဆွမ်းတွေဘာတွေ အဆင်ပြေရဲ့လား မေးလာခဲ့စမ်း”
ဦးပန်းရအမိန့်ဖြင့် ဒေါ်စိန်သာလည်း ကိုရင်ကလေးဆီသို့လာခဲ့လိုက်သည်။
“ရပ်တော်မူပါအုံးဘုရား”
ကိုရင်ကလေးမှာ အသက်ဆယ့်ငါးနှစ်အရွယ်ခန့်ဖြစ်ပြီး ဥပဓိရုပ်အလွန်ကောင်းလေသည်။ သင်္ကန်းကို သေသေသပ်သပ်ဝတ်ရုံထားပြီး မျက်လုံးမျက်ဖန်ကောင်းကောင်း နှာတံပေါ်ပေါ်နှင့်ဖြစ်သည်။ ဒေါ်စိန်သာအော်လိုက်သဖြင့် ကိုရင်ကလေးက ရပ်တန့်သွားသည်။
“အရှင်ဘုရား ဆွမ်းရခဲ့ရဲ့လားဘုရား”
ကိုရင်ကလေးက ခေါင်းခါပြလေသည်။ ဒေါ်စိန်သာလည်း ကိုရင်ကိုကြည့်ရင်း ကြည်ညိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်မို့ ကိုရင်အား မန်ကျည်းပင်ကြီးအောက်သို့ ပင့်လာခဲ့တော့သည်။
“ကိုပန်းရရေ၊ ကိုရင်သပိတ်က ပြောင်နေတာပဲတော့၊ ဆွမ်းလည်းမစားရသေးဘူးပြောတယ်”
“ဟေ၊ ဟုတ်လား၊ ဒါဖြင့်ရင်ငါတို့စားမယ့် ထမင်းကို ကိုရင့်ကိုလှူလိုက်စို့ကွာ”
“တကယ်လားတော်၊ ကျုပ်လည်း ကိုရင်ကိုထမင်းလှူမယ်ဆိုပြီး ပင့်လာခဲ့တာပဲ၊ ရှင်စားချင်ရင် တစ်ဝက်ချန်ထား၊ ကျွန်မစားမယ့်တစ်ဝက်ကို ကိုရင်ကိုလှူလိုက်မယ်”
“အိုကွာ၊ လှူချင်းလှူ အကုန်လှူမှာပေါ့ကွာ၊ ငါမဆာပါဘူးကွာ”
သို့နှင့် ကိုရင်မန်ကျည်းပင်အောက်ရောက်သည့်အခါ ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ သူတို့စားသောက်မည့် ထမင်းဟင်းများအားလုံးကို ကိုရင်၏သပိတ်အတွင်းသို့ လှူဒါန်းလိုက်တော့သည်။ နေမွန်းတည့်တော့မည်ဖြစ်သဖြင့် ကိုရင်လည်း ထိုနေရာမှာပင် ဆွမ်းဘုန်းပေးလေသည်။ ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ ကိုရင်အားပါးတရဆွမ်းဘုန်းပေးသည်ကိုကြည့်ကာ ဝမ်းသာပီတိဖြစ်နေကြသည်။ ကိုရင်မှာ ဦးပန်းရတို့လှူဒါန်းသည့် ဆွမ်းများကို တစ်စေ့မကျန်ပြောင်စင်အောင်ဘုန်းပေးသုံးဆောင်လေသည်။
“ဒါနဲ့ ကိုရင်ဘယ်ကျောင်းမှာ သီတင်းသုံးပါသလဲ”
“ကိုရင်က အာဂန္တုပါဒကာကြီး၊ ခရီးသွားရင်း ဒီကိုရောက်လာတာပါ”
ဦးပန်းရက ကိုရင်နှင့် စကားပြောရန်ကြံစည်နေစဉ်မှာပင် ကိုရင်မှာမန်ကျည်းပင်အောက်မှ ထသွားလေသည်။
“ကိုရင် ခရီးဆက်ရအုံးမှာမို့ သွားရတော့မယ်ဒကာကြီး၊ ဒါနဲ့ ဒကာကြီး ယာခင်းထဲကို ခဏလိုက်ခဲ့ပါ”
ဦးပန်းရလည်း ကိုရင်အနောက်သို့လိုက်သွားမိသည်။ ကိုရင်မှာ ယာခင်းကြိးကိုဖြတ်သန်းသွားလာနေရင်း တစ်နေရာအရောက်တွင်ရပ်တန့်လိုက်ကာ မြေကြီးအားဖနောင့်နှင့် သုံးချက်ခန့်အသာပေါက်လိုက်လေသည်။ ထို့နောက် ဦးပန်းရဘက်သို့လှည့်လိုက်ကာ
“ဒကာကြီးတို့ လင်မယားရဲ့စေတနာတွေ အကျိုးပေးပါစေဒကာကြီး”
“တင်ပါ့ဘုရား”
ဦးပန်းရမှာ ကိုရင်အားလက်အုပ်ချီလျှက် တစ်ချက်ရှိခိုးလိုက်ပြီး ခေါင်းပြန်အထောင်တွင် ကိုရင်မှာ ပျောက်ခြင်းမလှပျောက်ကွယ်သွားလေသည်။ အနီးအပါးသို့ကြည့်ပြန်သည့်အခါတွင်လည်း လူတစ်ယောက်ပုန်းကွယ်နေနိုင်သည့် ချုံပုတ်၊ သစ်ပင်မရှိဘဲ ယာခင်းအတွင်း ကွင်းခေါင်ခေါင်ကြီးဖြစ်နေသည်က ပိုမိုထူးဆန်းနေလေသည်။ ဦးပန်းရလည်း သရဲအခြောက်ခံရပြီဟု သိလိုက်ကာ ထိုနေရာမှ တဟုန်ထိုးပြေးထွက်လာခဲ့သည်။
(ဂ)
ဦးပန်းရမှာ ကိုရင်သရဲခြောက်လှန့်လိုက်သည်ကို သိပြီး တစ်နေ့လုံးကြောက်ရွံ့နေမိသည်။ ညနေစောင်းခါနီးတွင် ဒေါ်စိန်သာတစ်ယောက် ပြန်ရန်ပြင်ဆင်နေလေချေပြီ။
“စိန်သာ၊ မင်းညနေလာရင် ငသောင်းဆီက နွားဆွဲလာခဲ့အုံးနော်၊ ပြီးတော့ ငါတစ်ယောက်တည်း ညကြီးမင်းကြီး ယာမထွန်ချင်ဘူးကွာ၊ ဒီတော့ မင်းလည်းငါနဲ့အတူတူယာထွန်စမ်းပါကွာ”
“အိုတော်၊ အရင်တုန်းကလည်း ရှင်တစ်ယောက်တည်း ထွန်တာမဟုတ်လား”
“အရင်တုန်းက နေ့ဘက်ကွ၊ အခုကျတော့ ညဘက်ကြီးကွ၊ ညရေးညတာကျတော့ မြွေပါးကင်းပါးကလည်း ရှိသေးတယ်မဟုတ်လား”
ဒေါ်စိန်သာက ပြုံးလိုက်ပြီး
“ဟုတ်ပါပြီတော်၊ ရှင်သရဲကြောက်လို့ ကျုပ်ကိုပါ အပါခေါ်နေတာမဟုတ်လား”
“ဟာကွာ၊ ငါက ဘယ်ကသရဲကိုကြောက်ရမှာလဲကွ”
“ရှင်အပိုလုပ်မနေပါနဲ့ ကိုပန်းရရယ်၊ ရှင်နဲ့ကျုပ်ပေါင်းလာတာ အနှစ်သုံးဆယ်ကျော်ပါပြီတော့၊ နေ့လည်က ကိုရင်သရဲကိုတွေ့ပြီးတော့ ရှင်လန့်နေတယ်မဟုတ်လား”
“ဟင်၊ မင်း၊ မင်းက အဲဒီကိုရင်က သရဲဆိုတာကို ဘယ်လိုသိသလဲကွ”
“စဉ်းစားတာပေါ့ရှင်၊ ဒီလောက်လူသူမနီးတဲ့နေရာကြီးမှာ ဆွမ်းခံကြွဖို့ထွက်လာတယ်ဆိုကတည်းက ကျုပ်ကတစ်ခုခုပဲလို့ သိပြီးသား၊ ပြီးတော့ ဒီမန်ကျည်းအိုင်ဆိုတာကလည်း အရင်ကတည်း အခြောက်အလှန့်ကြမ်းတယ်ဆိုပြီး ရွာကလူတွေ မလာဝံ့တဲ့နေရာမဟုတ်လား”
“မင်းက သိတာတောင် ငါ့ကိုမပြောဘူးကွာ၊ သရဲမှန်းသိရင် တို့စားမယ့်ထမင်းကို ကျွေးပါ့မလားကွ”
“ရှင်ကတော့ မဟုတ်တာပဲရှင်၊ ဘာပဲပြောပြော သူ့ဖာသာ သရဲဖြစ်ဖြစ်ဘာဖြစ်ဖြစ် အရေးမကြိးပါဘူးတော်၊ ကျုပ်တို့က သံဃာတော်တစ်ပါးကို လှူလိုက်ရတယ်ဆိုပြီး လှူလိုက်တာမဟုတ်လား၊ အဲဒါလည်း ကုသိုလ်တစ်မျိုးပေါ့တော်”
ထိုညနေတော့ ဒေါ်စိန်သာတစ်ယောက် ထမင်းဟင်းချက်ကာ ဘကြီးသောင်းဆီမှာ နွားတစ်ကောင်ဆွဲရင်း ရွာပြင်သို့ထွက်ခဲ့သည်။ အချိန်မှာ နေဝင်ပြီး နွားရိုင်းသွင်းချိန်ရောက်နေပြီဖြစ်သည်။
ညနေစာ စားသောက်ပြီးသောအခါ လင်မယားနှစ်ယောက်လုပ်ငန်းစကြတော့သည်။ လပြည့််နီးပြီမို့ လမင်းကြီးက ထိန်ထိန်သာနေရာ ယာကွင်းတစ်ခွင်လုံး လရောင်ကြောင့် နေ့ခင်းတမျှ လင်းချင်းနေလေသည်။ ဦးပန်းရမှာ နွားတစ်ရှဉ်းကိုထွန်တုံးတပ်ပြီး အရှေ့ကထွန်သွားရာ ဒေါ်စိန်သာက အနောက်မှနေ၍ အဖော်အဖြစ်လိုက်ပေးရသည်။
“ကိုပန်းရရေ၊ နွားလေးရတုန်း ယာကိုသေချာညက်အောင် ထွန်နော်ရှင့်”
“စိတ်ချစမ်းပါကွာ၊ ငါကမင်းထက်ပိုသိပါတယ်ကွ၊ ညဘက်ဆိုတော့လည်း တစ်ခုကောင်းတယ်ကွ၊ နွားတွေနေမပူတော့ သိပ်မပန်းဘူးပေါ့ကွာ”
လင်မယားနှစ်ယောက် စကားတပြောပြောနှင့် ယာထွန်လာရင်း တစ်နေရာအရောက်တွင် ထွန်တုံးမှာတစ်ခုခုနှင့် ငြိသွားသည့်အသံကိုကြားလိုက်ရသည်။
“ဟာ၊ သွားပါပြီကွာ၊ ထွန်တော့ကျိုးတော့မှာပဲ”
“ဘာလဲတော့၊ အောက်မှာကျောက်တုံးများလား”
ဦးပန်းရလည်း ထိုနေရာသို့ဆင်းကာ မြေအောက်ကိုဓါးဖြင့်အသာတူးဖော်လိုက်လေသည်။ ထိုအခါ ကျောက်တုံးအပိုင်းအစတစ်ခုကိုတွေ့ရသည်။
“ဟုတ်တယ်၊ ကျောက်တုံးကြီးဟ”
“မြန်မြန်တူးပြီး လွင့်ပစ်လိုက်စမ်းပါရှင်”
ဦးပန်းရလည်း ကျောက်တုံးအားဖော်ပြီးလွင့်ပစ်မည်ဟု စိတ်ကူးဖြင့် လိုက်လံတူးဖော်တော့သည်။ သို့သော်လည်း ကျောက်တုံးမှာ ကုန်ဆုံးသွားသည်မရှိဘဲ တူးလေလေ၊ ပေါ်လေလေဖြစ်နေကာ အချိန်နာရီဝက်ခန့် တူးဖော်ပြီးသည့်အခါတွင်တော့ လှည်းဘီးဝိုင်းခန့်ရှိသည့် ကျောက်ဖျာကြီးတစ်ချပ် ဖြစ်နေမှန်းသိလိုက်ရသည်။
“အလို၊ ကျောက်ဖျာကြီးပါလားတော့”
ဦးပန်းရ အလွန်စိတ်ပျက်သွားမိသည်။
“ကျောက်ဖျာကြီးခံနေတော့ တို့ဘယ်လိုစိုက်ကြပျိုးကြမလဲကွ”
ထိုအချိန် ကောင်းကင်တွင် အလင်းရောင်များတစ်ချက်တစ်ချက်လက်သွားတော့သည်။ ဦးပန်းရတို့လင်မယားလည်း အံ့သြကာကြည့်နေစဉ်တွင် နေလုံးကဲ့သို့ဝင်းထိန်နေသည့် အလုံးတစ်လုံးက တဖြည်းဖြည်းဆင်းသက်လာကာ သူတို့လင်မယားနှင့် ဝါးတစ်ရိုက်အကွာခန့်အမြင့်တွင် ပျံဝဲနေလေတော့သည်။
“သရဲ၊ သရဲ”
ဦးပန်းရက ကြောက်လန့်တကြားထအော်လေသည်။
“ကျုပ်က သရဲမဟုတ်ပါဘူး၊ ကျုပ်က နတ်ကောင်းနတ်မြတ်တစ်ပါးပါ၊ မောင်မင်းတို့လင်မယားရဲ့ သဒ္ဒါတရားနဲ့ ရက်ရောမှုကို ကျုပ်မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ပြီးပါပြီ”
“ဒါ ဒါဆို နေ့လည်က ကိုရင်က”
“ဟုတ်ပါတယ်၊ အဲဒါကျုပ်ပါပဲ၊ အခုကျုပ်လာတာက မောင်မင်းတို့ရဲ့စေတနာကို ပြန်ပြီးအသိအမှတ်ပြုချင်လို့ပါ၊ အဲဒီကျောက်ဖျာအောက်မှာ ငွေအိုးတွေရှိတယ်၊ ငွေအိုးတွေရဲ့အောက်မှာ ကျောက်ဖျာတွေတစ်ထပ်ပြီးတစ်ထပ်ရှိတယ်၊ တကယ်လို့ မောင်မင်းတို့နဲ့ အဲဒီငွေအိုးတွေနဲ့ ထိုက်တန်တယ်ဆိုရင်တော့ ဟောဒီကျောက်ဖျာကြီးတွေက ဖော့ဖယောင်းလိုပေါ့ပါးပြီးတော့ အလွယ်တကူ မတင်လို့ရနိုင်လိမ့်မယ်၊ မထိုက်တန်ဘူးဆိုရင်တော့ ဘယ်လိုမှ မရနိုင်ဘူး”
ထိုသို့ပြောပြီးနောက် အလင်းလုံးကြီးမှာ မိုးပေါ်သို့ပျံတက်ပျောက်ကွယ်သွားလေသည်။ ဦးပန်းရတို့လည်း သူတို့တွေ့ကြုံခဲ့သည့်အဖြစ်ကို မယုံနိုင်အောင်ဖြစ်နေမိသည်။ လှည်းဘီးဝိုင်းခန့်ရှိပြီး တစ်မိုက်ခန့်ထုထည်ရှိသည့် ကျောက်ဖျာကြီးကို လူတစ်ယောက်တည်း မယူနိုင်သည်ဆိုသည်မှာ မဖြစ်နိုင်ပေ၊ အနည်းဆုံး လူလေးငါးဆယ်ယောက်ခန့် ဝိုင်းမယူရမည်ဖြစ်သည်။ သို့သော်လည်း ဦးပန်းရမှာ စမ်းသပ်ကြည့်ချင်သည်။
“ကဲ စိန်သာရေ၊ ငါတော့ ဒီကျောက်ဖျာကြီးကို မကြည့်မယ်ဟေ့၊ တို့နဲ့ထိုက်သလောက် ယူကြတာပေါ့ကွယ်”
ဦးပန်းရမှာ ကိုင်းခုတ်ဓါးရှည်၏ ဓါးဦးချွန်နှင့် ကျောက်ဖျာကြီး၏ အစွန်းတစ်နေရာသို့ အသာထိုးကလော်လိုက်လေသည်။ အလွန်ထူးဆန်းစွာပင် ကျောက်ဖျာကြီးမှာ ဖော့ချပ်ကြီးတစ်ခုကို မယူရသည့်အလား ပေါ့ပါးစွာမြောက်တက်သွားလေသည်။ ဦးပန်းရလည်း ကျောက်ဖျာကြီးကို အသာဖယ်ကြည့်သည့်အခါ ကျောက်ဖျာအောက် မြေကျင်းကြီးအတွင်းတွင် စဉ့်အိုးကြီး ခုနစ်အိုးကိုတွေ့ရလေသည်။ ဦးပန်းရနှင့်် ဒေါ်စိန်သာတို့မှာ မြေကျင်းကြီးအတွင်းသို့ ခုန်ဆင်းလိုက်ပြီးနောက် စဉ့်အိုးကြီးများကို ဖုံးအုပ်ထားသည့် အဖုံးများကိုလှန်ကြည့်လိုက်ရာ အတွင်းတွင် ပြောင်လက်ဝင်းပနေသည့် ငွေပြားများအပြည့်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ဘော်ငွေရောင်ဖြူဝင်းနေသည့် ငွေပြားများမှာ လရောင်အောက်တွင်ဝင်းလက်နေလေတော့သည်။ ဦးပန်းရမှာ ထိုငွေပြားများကိုလက်တစ်ဆုပ်နှိုက်ယူလိုက်ပြီးနောက် ဒေါ်စိန်သာကိုကြည့်လိုက်ပြီး
“စိန်သာရေ၊ ငါတို့တော့ ဌေးပြီ၊ ဌေးပြီဟေ့”
ဒေါ်စိန်သာမှာလည်း ငွေပြားများကိုကြည့်ရင်း အလွန်ပျော်ရွှင်နေကြသည်။ သို့နှင့် လင်မယားနှစ်ယောက် ထိုစဉ့်အိုးကြီးခုနစ်အိုးကို ညတွင်းချင်းပင် အိမ်သို့သယ်ယူကြလေသည်။ စဉ့်အိုးကြီးများ သယ်ပြီးသည့်အခါ အောက်တွင် ကျောက်ဖျာကြီးတစ်ထပ်ကိုထပ်မံတွေ့ရပြန်သေးသည်။ ထိုအဖြစ်ကို ရွာသားများအားမပြောသေးဘဲ သိုသိုသိပ်သိပ်နေကာ နောက်ညများတွင် ကျောက်ဖျာများကို တစ်ထပ်ပြီးတစ်ထပ် ဆက်တူးကြည့်ကြရာ ခုနစ်ခုမြောက်ကျောက်ဖျာအား တူးဖောက်ပြီးသည့်အခါတွင်တော့ အောက်မှကျောက်ဖျာကို ဆက်လက်တူး၍မရတော့ဘဲ အလွန်လေးလံနေလေသည်။ ဦးပန်းရတို့လင်မယားလည်း ထိုက်သည့်ကံကုန်ပြီဟု သတ်မှတ်ကာ ထိုကျောက်ဖျာတွင်းကြီးကို မြေသားများဖြင့် ဖုံးအုပ်လိုက်လေတော့သည်။
(ဃ)
ငွေအိုး လေးဆယ့်ကိုးလုံး ရသဖြင့် ဦးပန်းရတို့လင်မယားမှာ နေ့ချင်းညချင်း သူဌေးသူကြွယ်များဖြစ်သွားကြလေတော့သည်။ မုန်တိုင်ရွာတစ်ခွင်သာမက အနီးအပါးမြို့ရွာများမှပါ ဦးပန်းရတို့ငွေအိုးများကို လာရောက်ကြည့်ရှုကြလေသည်။ ဦးပန်းရတို့လင်မယားမှာ မုန်တိုင်ရွာအတွင်းတွင် အလွန်ကြီးကျယ်ခမ်းနားလှသည့် အိမ်ကြီးတစ်အိမ်ကိုတည်ဆောက်ကာ နေထိုင်ကြသည်။ အိမ်ကြီးမှာ အလွန်ကြီးမားလှပြီး တိုင်ပေါင်းရာချီရှိကာ တစ်ရွာလုံး၊ တစ်နယ်လုံးတွင်အကြီးဆုံးအိမ်ကြီးဖြစ်သည်မို့ ဦးပန်းရတို့လင်မယားအား ယခင်က ခေါ်ဝေါ်ခဲ့သည့်အတိုင်း အိမ်ကြီးရှင်များဟု ခေါ်ဝေါ်သမုတ်ကြလေသည်။
ဦးပန်းရတို့ ငွေအိုးရသည့်သတင်းမှာ မင်းနေပြည်တော် အင်းဝအထိသတင်းမွှေးခဲ့ပြီး အင်းဝပြည့်ရှင် မဟာဓမ္မရာဇာဓိပတိမင်းကြီးကိုယ်တိုင် ဦးပန်းရကို ခေါ်ယူတွေ့ဆုံခဲ့လေသည်။ ဦးပန်းရမှာ ကြွယ်ဝချမ်းသာသွားသည်မို့ သူ့အား သူဌေးဘွဲ့ချီးမြှင့်ပါရန် မင်းကြီးအားလျှောက်တင်ခဲ့သည်။ မဟာဓမ္မရာဇာဓိပတိမင်းကြီးက ဦးပန်းရအား မည်မျှချမ်းသာသနည်းဟု မေးသည့်အခါ ဦးပန်းရမှာ သူရရှိထားသည့် ငွေပြားများဖြင့် မုန်တိုင်ရွာမှ အင်းဝနေပြည်တော်အထိ ငွေပြားချင်းထပ်ကာ ငွေလမ်းဖောက်နိုင်သည်အထိ ချမ်းသာပါသည်ဟု တင်လျှောက်ခဲ့လေသည်။ သို့သော်လည်း မင်းကြီးက ဦးပန်းရတို့မှာ သူဌေးမျိုးရိုးမဟုတ်သဖြင့် သူဌေးဘွဲ့မပေးဘဲ သူကြွယ်ဘွဲ့သာ ချီးမြှင့်ခဲ့လေတော့သည်။
ဦးပန်းရနှင့် ဒေါ်စိန်သာတို့မှာ ဘာသာတရားကိုင်းရှိုင်းသူများဖြစ်ကြသည့်အတိုင်း မြန်မာသက္ကရာဇ် ၁၁၁၁ ခုနှစ်တွင် မုန်တိုင်ရွာမြောက်ဘက်တွင် ကြီးကျယ်ခမ်းနားလှသည့် အုတ်ကျောင်းကြီးတစ်ဆောင်ကိုဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအုတ်ကျောင်းတော်ကြီးမှာ ထုထည်ကြီးမားခိုင်ခန့်လှပြီး အလျား (၁၁၆) ပေ၊ အနံ (၈၅)ပေ၊ အမြင့် ပေ(၈၀)ရှိလေသည်။ အုတ်ကျောင်းအောက်ခြေတွင် လှိုဏ်မုခ် လေးဆယ့်ကိုးခုပါဝင်ပြီး၊ ဒုတိယထပ်တွင်တော့ မုခ်ဦးဆယ့်နှစ်ခုပါဝင်ကာ အပေါ်ဆုံးအထပ်သို့ လှေကားဖြင့်တက်သွားရပြီး အပေါ်ဆုံးတွင် ပေနှစ်ဆယ်၊ ဆယ်ပေပတ်လည်ရှိသည့် ဘုရားခန်းတစ်ခုပါဝင်လေသည်။ အုတ်ကျောင်းကြီးတစ်ခုလုံးကို အင်းဝခေတ် ပန်းတမော့ဗိသုကာလက်ရာများဖြင့် တန်ဆာဆင်ထားပြီး ထိုအုတ်ကျောင်းကြီး၏ ပုံစံမှာ အင်းဝတွင်တည်ရှိသည့်် မယ်နုအုတ်ကျောင်းနှင့် တစ်ပုံစံတည်းတူညီလေသည်။ မုန်တိုင်အုတ်ကျောင်းမှာ မယ်နုအုတ်ကျောင်းထက် အနည်းငယ် သေးငယ်သည်ကလွဲ၍ တည်ဆောက်ပုံ ဗိသုကာပုံစံများမှာ တပုံစံတည်းဖြစ်သည်။ မယ်နုအုတ်ကျောင်းရောက်ဖူးသူများဆိုလျှင် မျက်စိထဲမြင်ယောင်နိုင်မည်ဖြစ်သည်။ အုတ်ကျောင်းတည်ဆောက်ခဲ့သည့် ၁၁၁၁ ခုနှစ်ကိုအစွဲပြု၍ “ဥသြအော်အစ် အုတ်ကျောင်းသက္ကရာဇ်” ဟု အများက မှတ်ယူခဲ့ကြလေသည်။
ဦးပန်းရနှင့် ဒေါ်စိန်သာတို့ တူးဖော်ရရှိခဲ့သည့် ကျောက်ဖျာကြီးခုနစ်ချပ်မှာလည်း မုန်တိုင်အုတ်ကျောင်းတော်ကြီး၏ အရှေ့မြောက်ဘက်တွင် အများပြည်သူကြည့်ရှုနိုင်စေရန်ချပြထားရာ ယနေ့ထက်တိုင်တွေ့မြင်နိုင်သေးသည်။ ထို့အတူ ဦးပန်းရနှင့် ဒေါ်စိန်သာတို့ ငွေအိုးများရခဲ့သည့်နေရာအား “ငွေအိုးရကွင်း”ဟု ခေါ်ဆိုကြကာ မြေတိုင်းမြေပုံထဲတွင်ပင် ထိုအမည်ဖြင့်မှတ်သားထားပါသည်။ မုန်တိုင်နှင့် မိတ္တီလာမြို့အနီးတွင်တော့ ဦးပန်းရနှင့် ဒေါ်စိန်သာတို့၏ ဇာတ်လမ်းမှာ ယနေ့ထက်တိုင်ပြောစမှတ်တွင်ကျန်နေသေးသည်။ ဦးပန်းရတို့နေထိုင်ခဲ့သည့်အိမ်ကြီးများ သစ်များဖြင့်ဆောက်လုပ်ခဲ့သဖြင့် ယနေ့အထိ မကျန်ရစ်ခဲ့တော့သော်လည်း တစ်ချိန်က ဆင်းရဲလွန်းလှသည့် ဆင်းရဲသားလင်မယားနှစ်ယောက် စေတနာသဒ္ဒါတရားကြောင့် ချက်ချင်းလက်ငင်းချမ်းသာခဲ့ရသည့် ဇာတ်လမ်း၏ သမိုင်းအဖြစ် မုန်တိုင်အုတ်ကျောင်းတော်ကြီးမှာ ယနေ့ထက်တိုင်တည်ရှိနေပါသေးသည်။
သို့ဖြစ်ပါ၍ စာရှုသူများအနေဖြင့် ဦးပန်းရနှင့် ဒေါ်စိန်သာတို့လှူဒါန်းခဲ့သည့် မုန်တိုင်အုတ်ကျောင်းတော်ကြီးဆီသို့ သွားရောက်လည်ပတ်လေ့လာချင်ပါလျှင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာပြီး (၂၈၅) မိုင် သီးကုန်းယဉ်ရပ်နားစခန်းမှ ကျောက်ပန်းတောင်း-မိတ္တီလာလမ်းသို့ ချိုးကွေ့ပြီး ဆယ်မိနစ်ခန့်မောင်းနှင်လိုက်ပါလျှင် မုန်တိုင်ရွာသို့ရောက်နိုင်ပေသည်။ ထိုကားလမ်းနံဘေးမှာပင် ဖြူဖြူလွှလွှနှင့် မားမားမတ်မတ်တည်ရှိနေသည့် မုန်တိုင်အုတ်ကျောင်းတော်ကြီးကို တွေ့မြင်ကာ လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာနီးပါးခန့်က ဦးပန်းရနှင့် ဒေါ်စိန်သာတို့၏ ဇာတ်ကြောင်းများကို ပြန်ပြောင်းသတိရ အောက်မေ့နိုင်မည်ဖြစ်ပါကြောင်း။
ပြီးပါပြီ၊
ရေးသားသူ-အဂ္ဂဇော်
#crd