“မုန်းသူ့ရန်ငြိုး”(စ/ဆုံး)
———————————-
မရမ်းသီးတွေ လှိုင်လှိုင်ပေါ်တဲ့ အချိန်ဗျ။
ကျုပ်အမေက ဝက်သားကို မရမ်းသီးနဲ့
ချက်လို့။ချဉ်ဖြုန်းဖြုန်းလေး စားလို့ကောင်း
ချက်ဗျာ။ ဝက်သားဟင်းပန်ကန်မှာ ကျုပ်
လက်ချည်းပဲ။အဘနဲ့ အမေမှာ သားသမီး
ကလည်း ကျုပ်တစ်ယောက်ပဲ ရှိတာလေ
ဗျာ။ ကျုပ်မို့လို့ ခေါင်းမဖော်တမ်းစားပြီး ဆို
ရင် လင်မယားနှစ်ယောက် တစ်ယောက်ကို
တစ်ယောက် လက်တို့ပြီး ပြုံးလို့ဗျ ။ ဝမ်းသာ
နေလိုက်ကြတာ။သြော် မိဘ မေတ္တာများဗျာ
ဘယ်မှတုလို့ မီလိမ့်မတုံး။
ကျုပ်အတွက်တော့ အဘနဲ့ အမေ ဝမ်း
သားရမှာဗျာ။ တာတေဆိုတဲ့ ကျုပ်ကလည်း
ဟင်းမကောင်းရင် သုံးပန်းကန် ဟင်းကောင်း
ရင် လေးပန်းကန်တော့ အသာလေးဗျ။
“ဟာ …ကိုညွန့်ကြီး လာဗျာ၊ လာ၊ ကျုပ်ရှိပါ
တယ်”
သံပြာကိုညွန့်က အိမ်ပေါ်တက်လာပြီး…
“ဟာ ထမင်းဝိုင်းနဲ့ တန်းတိုးနေပေါ့၊ ဘာ
ဟင်းကောင်းချက်တုံး အရီး”
အသံပြာပြာကြီးနဲ့ အမေ့ကို မေးတာဗျ။
“ငညွန့်ရေ ၊ အနောက်ပိုင်းက ငပိန်တို့ ဝက်
ပေါ်လို့ တစ်ပိဿာ သွားဆုံလာတာလေ”
“ဟာ အရီး တစ်ပိဿာတောင်
မများဘူးလားဗျ”
“ဟဲ့ ငညွန့်၊ နင်က မသိဘဲကိုး၊ နင့်ညီ တာ
တေတစ်ယောက်တည်းက ငါးဆယ်သား
လောက်စားတာဟဲ့ ”
“ဟား၊ ဟား၊ ဟား၊ ဟား ဟုတ်လား တာ
တေ၊တိုးတိုးပြောပါ၊ အရီးရာ၊ ရွာထဲက အ
ပျိုတွေ ကြားသွားလို့ တာတေ အစားကြီး
တာ သိသွားပြီး နောက်ပိုး ပိုးလို့မရဘဲ ရှိ
နေပါဦးမယ်ဗျာ၊ ဟား၊ ဟား၊ ဟား”
ကျုပ်တို့ အညာသားတွေက အဲဒါတွေ ခင်
ဖို့ ကောင်းတာဗျ။ တစ်ယောက်နဲ့ တစ်
ယောက်တွေ့တာနဲ့ ရယ်စရာတွေ ပြော
တော့တာဗျ။
“ဟဲ့ ငညွန့်ရဲ့ မနက်က နင့်မယား ပြား
ကြည်တောင် တစ်တွဲ လာဆွဲလို့လေ၊ နင်
အခု ထမင်းစားတာ ဝက်သားဟင်းနဲ့ စား
ခဲ့တာ မဟုတ်လား”
“ဟုတ်လား အရီး၊ ကျုပ်ဖြင့် ထမင်းလည်း
မစားရသေးပါဘူးဗျာ၊ အိမ်လည်း ပြန်မ
ရောက်သေးဘူး၊မနက် အိပ်ရာနိုးကတည်း
က ဘထွေးထွန်းကြည်တို့ အိမ်ရောက်နေ
တာဗ်”
“ဟေ …ဘယ်တုံး ထွန်းကြည်တုံး၊ မယား
ပြိုင်လား၊ ဘိုးပုထွန်းကြည်လား”
“ကျုပ်တို့ တောင်ပိုင်းက ဘထွေးထွန်းကြည်
လေ၊ အဲ အရီးပြောတဲ့ မယားပြိုင်ထွန်းကြည်
ပေါ့ဗျာ”
ကျုပ်တို့ ရွာမှာက ဦးထွန်းကြည် နှစ်ယောက်
ရှိသဗျ။ တစ်ယောက်က ကျုပ် မကြာ မကြာ
ပြောတဲ့ ဘိုးပုကြီးရဲ့သားလေဗျာ။ သူ့ကို ကျုပ်
တို့ရွာသားတွေက ဘိုးပုထွန်းကြည်လို့ ခေါ်ကြ
တာ။ နောက် ဦးထွန်းကြည်တစ်ယောက်က
မိန်းမနှစ်ယောက်ယူထားတဲ့ ဦးထွန်းကြည်ဗျ။
သူ့ကိုတော့ သူ့ကွယ်ရာမှာ မယားပြိုင်ထွန်း
ကြည်လို့ ခေါ်ကြတယ်။ ဘထွေးထွန်းကြည်
က လူချမ်းသာဗျ။ ယာတွေ၊ ထန်းတောတွေ
မနည်းမနောကို ပိုင်တာဗျ။
သူ့အဘိုးလက်ထက်ကတည်းက အမွေတွေ
ရတာ။ ဘထွေးထွန်းကြည်က သုံးမွေခံရတဲ့
လူလေဗျာ။လွှတ်ချမ်းသာတာပေါ့ဗျာ။တောင်
ပိုင်းမှာ တိုက်ဆောက်ပြီးနေတဲ့ လူပေါ့ဗျာ။ဒါ
ပေမဲ့ မယားနှစ်ယောက်နဲ့ဗျ။ ပြီးတော့ ပြောရ
ဦးမယ်။ မယားနှစ်ယောက်ကို တစ်နေရာစီ
ထားပြီး ပေါင်းတာမဟုတ်ဘူး။ တစ်အိမ်တည်း
မှာ ထားပြီး ပေါင်းတာဗျ။အရီးမလှရီက ပထမ
မယားဗျ။ ဒုတိယ မယားကလည်း တိုက်ဆိုင်
မှုလားတော့ မပြောတတ်ပါဘူးဗျာ။
မလှရီပဲဗျို့။ ကျုပ်တို့ရွာက မဟုတ်ဘူးဗျ။ ဘ
ထွေးထွန်းကြည် တခြားက ယူလာတာ။ သူ့မျိုး
ရိုးလည်း ဘယ်သူမှ မသိကြဘူး။ အဲဒါကို ကျုပ်
တို့ရွာသားတွေက စကားပြောရင် ဘယ်လှရီတုံး
ဟဲ့။ ထွန်းကြည်မယားလေ။ ထွန်းကြည်မယား
လှရီတော့ ဟုတ်တယ်လေ၊ မယားကြီးလား၊ မ
ယားငယ် လှရီလားလို့ မေးကြတာဗျ။ တစ်ရက်
တော့ ကျုပ်တို့ရွာအိမ်မှာ မိန်းမဝိုင်းကြီးဖွဲ့ပြီး အ
မေတို့ စကားပြောနေကြတာဗျ။အဲဒီမှာတင် ခုန
က မယားကြီး လှရီတို့ မယား ငယ်လှရီတို့လုပ်
နေကြတော့တာပေါ့ဗျာ။
ကျုပ်ကလည်း အနားမှာ ရှိနေတော့ …
“အမေတို့ကလည်းဗျာ၊ မယားကြီး လှရီတို့
မယားငယ် လှရီတို့နဲ့ ရှုပ်ပါတယ်၊ ကျုပ်တို့
ကျောင်းတွေလို နံပါတ်နဲ့ ခွဲပေါ့ဗျ။ ပထမ မ
ယား မလှရီကို လှရီတစ်၊ ဒုတိယမယား မလှ
ရီကို လှရီနှစ်။ တကယ်လို့ ဘထွေးထွန်းကြည်
က နောက်ထပ် မလှရီတစ်နဲ့ တွေ့လို့ ထပ်ယူ
လာရင် လှရီသုံးပေါ့ဗျာ”
“ဟား၊ ဟား၊ ဟား၊ ဟား”
ကျုပ်စကားလည်း ကြားရော အမေတို့ စ
ကားဝိုင်းက အမေ့အသိတွေဆိုတာ ရယ်
လိုက်ကြတာဗျာ
“ခွပ်၊ ခွပ်၊ ခွပ်၊ ကဲဟယ် ပေါက်ကရတော်
တော်ပြော၊ ပေါက်ကရ တော်တော်လုပ်တဲ့
အကောင်”
အမေကတော့ ကျုပ်ခေါင်းကို တုံးမောင်း
သုံးချက် ခေါက်ရောဗျို့။
“ဟဲ့ ထွန်းကြည် ဘာဖြစ်လို့တုံး”
အမေ မေးလိုက်တော့ သံပြာကိုညွန့်က
ပြန်ဖြေလိုက်တယ်။
“ဘထွေးထွန်းကြည် ဘာမှမဖြစ်ဘူးဗျ။
သူ့မိန်းမ ဆုံးလို့ ”
“ဟေ …ဟုတ်လား၊ ဘယ်မိန်းမတုံး၊ မယား
ကြီးလှရီလား၊ မယားငယ်လှရီလားဟဲ့ ငညွန့်
ရဲ့”
“မယားကြီးဆုံးတာ အရီးရဲ့”
“ဟာ လှရီ ဘာဖြစ်လို့တုံး၊ နေထိုင်မကောင်း
ဘူးလို့လည်း မကြားပါလား၊ ဗြုန်းစားကြီးဆုံး
တာ ဘယ်လိုကြောင့်တုံး”
ကျုပ်တို့လည်း ကိုညွန့်ကို ထမင်းစားတောင်
မခေါ်မိသေးဘူးဗျ။ စကားက အရေးကြီးတဲ့
အကြောင်းကို ရောက်သွားပြန်ရောဗျို့။
“ဘာဖြစ်ပြီး ဆုံးတာတုံး ကိုညွန့်ရဲ့”
ကျုပ်အဘက ဝင်မေးတာဗျ။ အမေရော အ
ဘရော ကျုပ်ရော တော်တော်အံ့သြသွားကြ
တာ၊ အရီးလှရီက အသက်ငါးဆယ်လောက်
တော့ ရှိပြီဗျ။
“ဘာဖြစ်တာတုံး မသိပါဘူး ဘိုးဥာဏ်ရာ၊ မ
နက် ဝေလီဝေလင်းက အရီး လှရီက ဝိုင်း
ထောင့်က အိမ်သာကို ထသွားတာတဲ့ဗျာ၊ငယ်
သံပါအောင် အော်တဲ့ အသံကြားလို့ ဘထွေး
က အတင်းပြေးဆင်းပြီး လိုက်သွားတော့ မျက်
ဖြူကြီး လန်ပြီး သေနေတာ ဆိုပဲ။ ကျုပ်လည်း
အိပ်ရာနိုးနိုးချင်း သွားတာပဲဗျ။ဟိုရောက်တော့
လူတော်တော်စုံနေပြီ”
“အလောင်းကို ကိုညွန့် သေသေချာချာ
ကြည့်ခဲ့လားဗျ”
ကျုပ်က ဝင်မေးတာဗျို့။ ကိုညွန့်က ကျုပ်
တည်ထားတဲ့ နဂါးဆေးပေါ့လိပ်ကို ဖွာနေ
ရင်းကနေခေါင်းညိတ်ပြတယ်။
“ကြည့်တာပေါ့ တာတေရ၊ အရီးလှရီ အ
လောင်းက ကြောက်စရာကြီးပါဗျာ၊ မျက်
ဖြူကြီးက အပေါ်ကိုလန်နေလို့ကွ၊ ပါးစပ်
ကလည်း အံကြီးကြိတ်လို့ဟေ့၊ သွားတွေ
တောင် မြင်နေရတာ၊ ဝေဒနာ တစ်ခုကို
မချိမဆန့်ခံပြီး သေသွားတဲ့ပုံပဲကွ တာတေ
ရ၊ ငါသေသေချာချာ ကြည့်တော့ အရီးလှ
ရီအလောင်းမှာ ဗိုက်ကြီးက ချပ်ပြီး ပြားကပ်
နေတယ်ကွ။ လှန်တော့ မလှန်ကြည့်ရဘူး၊
အညာစောင်အကွက်ကလေး လွှမ်းထားတာ
လေကွာ။ဒါနဲ့ ဆယ်အိမ်ခေါင်း ကိုကံကို ကပ်
ပြီး တိုးတိုး မေးကြည့်တော့ ကိုကံက ငါ့ကို
ပြောတယ်၊ ‘ဟေ့ကောင် ငညွန့်၊ မင်း ဘယ်
သူ့မှ လျှောက်မပြောနဲ့၊ အရီးလှရီအလောင်း
မှာ အူတွေ အသည်းတွေ ဘာမှမရှိတော့ဘူး’
တဲ့ တာတေရ”
“ဗျာ…အူတွေ အသည်းတွေ မရှိတော့ဘူး
ဟုတ်လား၊ ဒါဆိုရင် အရီးလှရီအလောင်း
မှာ ဗိုက်ကြီးဟောင်းလောင်း ဖြစ်နေပြီလို့
လား ကိုကြီးညွန့်ရဲ့”
“ဟာ…တာတေကလည်း ဘယ်က လာပြီး
ဟောင်းလောင်းဖြစ်ရမှာတုံး၊ မကောင်းဆိုး
ဆိုးဝါးဆိုတာ ဗိုက်မဖောက်ဘဲ အထဲက အူ
တွေ အသည်းတွေ နှုတ်စားနိုင်တာကွ၊ မင်း
က မေ့သွားပြန်ပြီထင်တယ်၊ အိမ်ကြီးအပေါ်
မြောက်နေတဲ့ အာလူးသေတုန်းကလည်း ဒီ
လိုပဲ မဟုတ်ဘူးလား”
“သြော် …ဟုတ်သားပဲ ကိုကြီးညွန့်ရဲ့၊နေဦး
ဗျ။ အဲဒီ တုန်းက ဆယ်အိမ်ခေါင်းတွေက
တိတ်တိတ်ကလေး ဗိုက်ခွဲကြည့်ကြတာဗျ၊
အခုရော အဲဒီလို ကြည့်သေးလား”
“ဒါတော့ ငါမသိဘူးကွ၊ ငါရောက်တော့ အ
လောင်းက ပြင်ပြီးပြီ၊ စောင်တွေ ဘာတွေ
လွှမ်းထားတော့ ဘယ်သူက လှန်ကြည့်
တော့မှာတုံးကွာ”
“အင်း…ဒါလည်း ဟုတ်တာပေါ့ ”
“ငါ့ကို ဆယ်အိမ်ခေါင်း ကိုကံပြောလို့ သိတာ
ကွ၊ ဒါနဲ့ ငါလည်း မင်းကို တိတ်တိတ်လာပြော
တာကွ၊ ဒါ ဘယ်ဖြစ်တယ်လို့ မင်း ထင်တုံး၊
မင်းက ဗဟုသုတရှိလို့ မေးတာပါကွာ”
ကျုပ်တို့ ထမင်းဝိုင်းလည်း ပြီးသွားပါပြီဗျာ။အ
မေကတော့ မီးဖိုချောင်မှာ ပန်းကန်တွေ ဆေး
ကြောပြီး သိမ်းလို့။ ကျုပ်နဲ့ အဘကတော့ ကို
ညွန့်နဲ့ စကားပြောနေကြတာပေါ့ဗျာ။
“ကျုပ်လည်း မပြောတတ်ပါဘူး ကိုညွန့်ရာ၊
သူတို့ အိမ်ထောင်ရေးက ရှုပ်တော့ ရှုပ်သား
လားဗျာ ”
“ရှုပ်ဆို တစ်အိမ်တည်းမှာ မယားနှစ်ယောက်
ထားပြီး ဘထွေးက ပေါင်းနေတာလေကွာ”
“နို့ နေပါဦး ကိုကြီးညွန့်ရဲ့၊ဘထွေးထွန်းကြည်
ရဲ့ မိန်းမနှစ်ယောက်က နာမည်ကလည်း တူ
နေတော့ ဘထွေး ဘယ့်နှယ်များ ခေါ်တုံးဗျ”
“ဟာ တာတေကလည်း အရီးမလှရီကို ဘ
ထွေးက မလှရီပဲ ခေါ်တာကွ၊ စကားပြောရင်
လည်း ခင်ဗျားနဲ့ ကျုပ်နဲ့ပဲ ပြောတာ။ နောက်
မိန်းမ မလှရီကိုတော့ အလှလို့ ခေါ်တာ။ ဟို
ကလည်း သူ့ကို အစ်ကိုထွန်းလို့ ခေါ်တာကွ၊
အရီးလှရီကတော့ ဘထွေးကို ကိုထွန်းကြည်
လို့ပဲ ခေါ်တယ်”
“အင်း…အရီးမလှရီ သေတာ ရိုးရိုးသေတာ
တော့ မဟုတ်ဘူးပေါ့ဗျာ”
“ဟုတ်တယ် တာတေ၊ ဒါကြောင့် မင်းကိုလာ
ပြောတာပေါ့၊ အခု ဒီလာတဲ့ လမ်းမှာ ဆယ်
အိမ်ခေါင်း ကိုကံက ငါနဲ့ ပါလာတယ်။ သူ့အိမ်
ကို ခဏပြန်မလို့ပြောတာပဲ၊လမ်းမှာ ငါ့ကိုကပ်
ပြီး တိုးတိုး ပြောသေးတယ်ကွ၊ ဘထွေးထွန်း
ကြည်ရဲ့ မယားငယ် လှရီက အရီးမလှရီနဲ့စာ
ရင် ငယ်လည်း ငယ်၊ ချောလည်းချောတယ်
မို့လား။ ဒီတော့ ဘထွေးကလည်း အရေးပေး
တာပေါ့ကွာ၊ အခုလည်း ဘထွေးနဲ့ သူ့မယား
ငယ်ပေါင်းပြီး အောက်လမ်းတွေ ဘာတွေမွေး
ပြီး အရီးမလှရီကို အူတွေ၊ အသည်းတွေ နှုတ်
ပြီး သတ်ခိုင်းပုံရတယ်လို့ ကိုကံက ပြောတယ်
တာတေရ”
“ဟာ…ဒါဆိုရင်တော့ တော်တော်ကို ယုတ်
မာရက်စက်ကြတာပေါ့ဗျာ”
ကျုပ်ရောက်သွားတော့ အရီးမလှရီအလောင်း
က ခေါင်းတောင် သွင်းပြီးသွားပြီဗျ။ အသုဘ
ကို ရက်မထားတော့ဘူး။ ညနေ ချမယ်ဆိုလို့
ကျုပ်ဖြင့် အိမ်တောင်မပြန်လိုက်ရဘူး၊ တစ်ခါ
တည်း အသုဘချဖို့ ပြင်ကြဆင်ကြရတော့တာ
ပေါ့ဗျာ။ ရပ်ရေးရွာရေး ရှိတယ်။
ကျုပ်တို့ကာလသားတွေကပဲ သွက်သွက်
လက်လက်နဲ့ ဦးဆောင်ကြရတာပေါ့ဗျာ။
သင်္ချိုင်းမှာ ကျင်းတူးတဲ့ အဖွဲ့ကတူးကြပေါ့
ဗျာ။ လူကြီးပိုင်းကတော့ လိုက်ပြီး ပြောပြ
ကြရတာပေါ့ဗျာ။ဘယ်နားမှာတူး၊ ဘယ်လို
တူးပေါ့ဗျာ။ နေချိုတာနဲ့ ပုဗ္ဗာရုံက ကျုပ်ဆ
ရာတော် ဦးဂုဏနဲ့ သံဃာတော်တွေ ကြွ
လာပြီး သရဏဂုံ တင်ကြတယ်။ ပြီးတာနဲ့
အသုဘချရတော့တာပေါ့ဗျာ။
ကျုပ်တို့ကာလသားတွေကတော့ မယား
ကြီး သေတာကို ရက်တောင်မထားဘဲ ချက်
ချင်းသင်္ဂြိုဟ်ရမလားဆိုပြီး ဘထွေးထွန်ကြည်
ကို အပြစ်ပြောကြတာပေါ့ဗျာ။ဒါပေမဲ့ လူ့လော
ကရဲ့ ဓမ္မတာမှာ ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်
ရက်ဆိုတဲ့ စကားရှိတာပဲလေဗျာ၊ရက်လောက်
ကြာတော့လည်း တိတ်သွားကြတာပါပဲလေ။
ဘာဖြစ်လို့တုံးဆိုတော့ လူ့လောကမှာက
နောက်ထပ် စိတ်ဝင်စားစရာ၊ ပြောစရာအ
ကြောင်းတွေက ရှိလာပြန်တာလေဗျာ။ အ
သစ်ပေါ်လာတဲ့အကြောင်းတွေကို ပြောကြ
ရတော့တာပေါ့ဗျာ။ ဘထွေးထွန်းကြည်က
တော့ သူ့ရဲ့ဒုတိယဇနီး မလှရီရယ်၊ မလှရီနဲ့
ရတဲ့ သမီးကလေး တစ်ယောက်ရယ်နဲ့ သူ့
အိမ်ထောင်က သာသာယာယာပါပဲ။ အရီး
မလှရီရဲ့ ပေါင်းလာတာ သားသမီးမရဘူးဗျ။
ဒုတိယ မလှရီနဲ့ကျမှ သားသမီးရတာ။ ဘ
ထွေးကလည်း အသက်ကြီးမှရတဲ့ သမီးလေး
ဆိုတော့ တုန်နေအောင်ကို ချစ်တာပေါ့ဗျာ။
ကလေးက အခုဆိုရင် ရှစ်နှစ် ကိုးနှစ်လောက်
တောင် ရှိပြီဗျ။နာမည်လေးကလည်း ချစ်စရာ
လေးပါ။ ခင်လဲ့ရီထွန်းတဲ့ဗျ။ မျက်နှာကလည်း
ချောချောလေးဗျ။ သူ့အမေ မလှရီကလည်း
မိန်းမချောလေဗျာ။
“အေးလေ၊ဝဋ်ဆိုတာ အမြဲတဲ့၊ငရဲဆိုတာ
အပတဲ့၊ သူလုပ်ရင် သူခံရမှာပေါ့ဟယ်၊
အောက်လမ်းနဲ့ ပေါင်းပြီး အရီးလှရီးကို
သတ်ရင် သူတို့လည်း အရီးလှရီလို ပြန်
ကြုံရမှာပါပဲ၊ ဒီဘဝမကြုံရင် နောက်ဘဝ
တွေ ကြုံမှာပေါ့ ”
ဆိုတဲ့ စကားနဲ့ ဘလေးထွန်းကြည်တို့အ
ကြောင်းကို ကျုပ်တို့ရွာသားတွေ အဆုံး
သတ်လိုက်ကြတယ်ဗျို့။ ဒါပေမဲ့ အရီး မ
လှရီ ဆုံးပြီး တစ်နှစ်ကြာတဲ့ အချိန်မှာ ဒီ
ကိစ္စ ပေါ်လာတော့တာပဲဗျာ။
“ကိုကြီး တာတေ၊ ကိုကြီးတာတေ”
ကျုပ်ဝိုင်းထဲက မန်ကျည်းပင်ကြီး အောက်
မှာ အိပ်မလို့ လုပ်နေတုန်း ဒီကောင် ရောက်
လာတာဗျ။ တောကျော်လေဗျာ။ဆရာတော့်
ကျောင်းသားလေးလေ။
“ဟေ့ကောင် တောကျော်၊ နေပူကြီးထဲ
ဘယ်သွားမလို့တုံး”
“ဘယ်မှာမသွားဘူး၊ ကိုကြီးတာတေဆီကို
လာတာဗျ။ ဆရာတော် လွှတ်လိုက်လို့၊ ဆ
ရာတော်က မှာလိုက်တယ်၊ အခု ချက်ချင်း
လိုကၡဲ့ပါတဲ့ ”
“ဟေ ဟုတ်လား၊ အေး အေး၊ငါလာခဲ့မယ်”
ကျုပ်က အိမ်ပေါ်တက်ပြီး အင်္ကျီလေးပု
ဆိုးလေး လဲလိုက်တယ်။ပြီးတော့ အဘနဲ့
အမေကို အကျိုးအကြောင်းပြောပြီး တော
ကျော်နဲ့အတူတူပဲ ဆရာတော့်ကျောင်းကို
ရောက်လာခဲ့တယ်ဗျ။ ဆရာတော့်ကျောင်း
ရှေ့မှာထိုင်နေတာ ဘထွေးထွန်းကြည်ဗျ။
ကျုပ်ကိုတွေ့တော့ ဘထွေးထွန်းကြည်က
ပြုံးပြီး နှုတ်ဆက်တယ်။ ကျုပ်တို့ရွာထဲက
လူငယ်တွေကတော့ ဘထွေးကို ခင်ကြပါ
တယ်ဗျာ။လူကြီးပိုင်းကသာ ဘထွေးကို အ
ပြစ်တင်ကြတာပါ။လူငယ်တွေကတော့ ဘာ
မှမပြောကြပါဘူး။ ပြီးတော့ ဘထွေးက ဆ
ရာတော်ရဲ့ ဒကာရင်းဗျ။ပစ္စည်း လေးပါးလှူ
တဲ့ ဒါယကာလေဗျာ။ကျုပ်က ဆရာတော်ကို
ဝတ်ဖြည့်ပြီး ဘထွေးကို နှုတ်ဆက်တယ်။
“ဘထွေး ပိန်သွားပါလားဗျ”
“ဟာ ပိန်ဆို စိတ်ဆင်းရဲတာကိုး တာတေ
ရဲ့၊ ညလည်း ကောင်းကောင်း အိပ်မပျော်
တာ ကြာပြီကွ”
“ဟင် ဟုတ်လား ဘလေး၊ ဘာရောဂါဖြစ်
လို့တုံး”
“ဟာ တာတေ၊ ဒကာကြီးမှာ ကိုယ်တွင်း
ရောဂါ မရှိပါဘူး၊ ပြင်ပရောဂါ ဖြစ်နေတာ
ပါ၊ ပြင်ပက နှောင့်ယှက်တဲ့ ပယောဂကို
ပြောတာပေါ့ကွာ”
ဆရာတော် ဦးဂုဏက ကျုပ်ကို ပြောတယ်။
ဆရာတော်ပြောတာကို ကျုပ်နားမလည်ဘူး
ဗျ။ ဆရာတော် ဘာကိုပြောချင်မှန်းကို ကျုပ်
မသိတာ။
“ဘုန်းဘုန်းပြောတာ မောင်တာတေ နား
လည်သလားကွဲ့”
“တပည့်တော် နားမလည်ဘူးဘုရာ့”
“အေး အေး၊ ဒါဆိုလည်း ဒကာကြီးပဲ မောင်
တာတေကို ပြောပြလိုက်ပါ”
ဆရာတော်က ဘထွေးထွန်းကြည်ကို ပြော
ခိုင်းလိုက်တယ်။
“ဒီလို မောင်တာတေရဲ့၊ ဘထွေးရဲ့ဇနီး
မလှရီ ဆုံးပါးသွားတာ ကိုးဆယ့်ခြောက်
ပါးရောဂါနဲ့ မဟုတ်ဘူးကွဲ့၊ ဘေးပယောဂ
တစ်ခုနဲ့ သေရတာ၊ သေတော့ ဗိုက်ကြီးက
ချပ်နေတယ်ကွ၊ ဒါနဲ့ ဘထွေးက မသင်္ကာ
လို့ သူကြီးကို တိတ်တိတ်အကြောင်း ကြား
ပြီး လူမသိအောင် တိတ်တိတ်ဗိုက်ခွဲကြည့်
တော့ မလှရီ ဗိုက်ထဲမှာ အူတွေ အသည်း
တွေ ဘာမှကို မရှိတော့ဘူးကွ၊ ဒါနဲ့ ဘထွေး
တို့ ချက်ချင်းပြန်ချုပ်ပြီး နေ့ချင်းသင်္ဂြုဟ်ပစ်
ခဲ့တာ။ မင်းတို့လူငယ်တွေပဲ အသုဘချပေး
ကြတာမို့လား။ မလှရီဆုံးတာ အခုဆိုရင်
တစ်နှစ်ရှိပြီ၊ဘထွေးတို့ လတိုင်း ဆရာတော်
ကိုပင့်ပြီး ဆွမ်းကပ်ပေးတယ်။မလှရီအတွက်
အလှူအတန်းလည်း အမြဲလုပ်ပြီး အမျှဝေပါ
တယ်။ တစ်နှစ်လုံးလုံးလည်း ချိုးကနဲ ချွတ်
ကနဲတောင် မကြားခဲ့ရပါဘူးကွယ်၊အခု တစ်
နှစ်ပြည့်တော့မှ အိမ်မှာ ဘာတွေ ဖြစ်တယ်
မသိပါဘူး မောင်တာတေရယ်၊ညဆိုရင် အိမ်
ထဲမှာ’ဒုန်း ဒုန်း’နဲ့ လမ်းလျှောက်သံတွေ ကြား
တဲ့အခါ ကြားရတယ်။ ပစ္စည်းတွေ တွန်းချလို
တွန်းချနဲ့ ဖြစ်နေတာ တစ်လလောက် ရှိပြီ
ပေါ့ကွယ်၊ပြီးခဲ့တဲ့ ညကတော့ ဘထွေးအိမ်
သာသွားတာ ဘထွေးမန်ကျည်းပင်အောက်
ရောက်တော့ ကျောကုန်းကို ဘုန်းကနဲရိုက်
တာ ခံလိုက်ရတယ် မောင်တာတေရဲ့”
“ဟာ၊ ဘထွေးရေ၊ အခြေအနေ တော်
တော်ဆိုးနေပြီပဲဗျာ”
“ဟုတ်တယ် မောင်တာတေ၊ ဒါကြောင့်ဘ
ထွေး ဆရာတော်ကို လာပြီးလျှောက်တာ
ပါကွာ၊ ဆရာတော်က ဒီလောက်ဆိုးလာ
ရင်တော့ မောင်တာတေကို ခေါ်ပြီး တိုင်
ပင်မှဖြစ်မယ်ဆိုပြီး ခေါ်ခိုင်းလိုက်တာကွ”
ကျုပ်တို့လူငယ်တွေက ဘထွေးကို ခင်ကြ
တယ်ဗျ။ ရပ်ရေးရွာရေးရှိလို့ ငွေလိုရင် ဘ
ထွေးကိုပဲ အားကိုးကြရတာဗျ။ ဘထွေးက
လည်း ကျုပ်တို့ လူငယ်တွေကို လွှတ်အား
ပေးတဲ့ လူဗျ။ ရပ်ရေးရွာရေးရှိရင် ရှေ့ဆုံး
ကနေ ငွေလာထည့်တဲ့လူပေါ့ဗျာ။
“ဘထွေးစိတ်ထဲမှာ ဘယ်လိုထင်တုံးဗျ”
“ဘထွေးစိတ်ထဲမှာတော့ အိမ်သာနားက
မန်ကျည်းပင်ကို တယ်ပြီး မသင်္ကာဘူး
ကွယ်၊ မလှရီ သေတုန်းကလည်း အဲဒီ မန်
ကျည်းပင်အောက်မှာ လန့်အော်ပြီး သေ
သွားတာ မောင်တာတေရဲ့၊ ဘထွေး ထင်
တာတော့ ဘထွေးကို ရိုက်လိုက်တာ အဲဒီ
မန်ကျည်းပင်ပေါ်က အကောင်တစ်ကောင်
က ရိုက်လိုက်တယ်လို့ ထင်တာပဲကွယ်”
“အဲဒါပဲ မောင်တာတေရေ၊ ဒကာကြီးတို့
မှာလည်း ဟိုအသံကြား ဒီအသံကြားနဲ့
ကောင်းကောင်းကို မအိပ်ကြရဘူးတဲ့ဟေ့၊
ဒီကြားထဲ လူကို ကိုယ်ထိလက်ရောက်
လုပ်လာပြီ ဆိုတော့ စိုးရိမ်စရာ ဖြစ်လာပြီ
ပေါ့ကွယ်၊ ဒကာမကြီး မလှရီကို လုပ်သ
လို လုပ်လိုက်မှာကို ဆရာတော်လည်း စိုး
ရိမ်တယ် မောင်တာတေ”
“ရွာထဲလူတွေ ထင်တာနဲ့ တခြားစီ ဖြစ်နေ
ပါလား”
“ဟေ…ဟုတ်လား၊ ရွာထဲကလူတွေက
ဘယ်လိုထင်ကြလို့တုံး မောင်တာတေရဲ့”
ဆရာတော်က ကျုပ်ကို မေးတာဗျ။ ဆရာ
တော် မေးတော့ ကျုပ်လည်း ဘယ်လိမ်ဝံ့
မှာတုံးဗျာ။ ပြောရတော့တာပေါ့။
“ဒီလိုပါဘုရား၊ ရွာထဲမှာ ပြောနေကြတာက
ဘထွေးနဲ့ ဒုတိယဇနီးက အောက်လမ်းနဲ့
ပေါင်းပြီး အရီးမလှရီကို လုပ်ကြံတယ်လို့
ထင်ကြ ပြောကြတာဘုရား”
ကျုပ်စကားကို ကြားတော့ ဘထွေးကို
ခေါင်းညိတ်ပြတယ်။ ပြီးတော့ ဆရာ
တော်ကို လျှောက်တယ်
“မောင်တာတေ ပြောတာ အမှန်ပါဘုရား၊
ဒီစကားတွေကို တပည့်တော်အားလုံးကြား
ပြီပါပြီဘုရား၊ ဒီအကြောင်းတွေကို တပည့်
တော် ဘယ်သူ့ကိုမှ ရှင်းမပြခဲ့ပါဘူးဘုရား၊
ဘယ်သူ့ကိုမှလည်း စိတ်မဆိုးပါဘူးဘုရား။
ဘာဖြစ်လို့တုံးဆိုတော့ တပည့်တော်ရဲ့ အ
ခြေအနေကလည်း ရွာထဲကလူတွေ တစ်မျိုး
တွေးချင်စရာ ဖြစ်နေတာကိုးဘုရား၊ ဒါပေမဲ့
တပည့်တော်ရဲ့ ဒုတိယဇနီးဟာ အင်မတန်
မှ စိတ်ထားကောင်းတဲ့ မိန်းမတစ်ယောက်
ပါဘုရား၊ ဒီလိုယုတ်မာတဲ့ အကျင့်အကြံမျိုး
ယောင်လို့တောင် မတွေးတတ်တဲ့သူပါဘု
ရား၊တပည့်တော်ကိုယ်တိုင်လည်း ကုသိုလ်၊
အကုသိုလ်ကို နားလည်တဲ့လူပါဘုရား၊ ပြီး
တော့ မလှရီအပေါ်မှာလည်း မေတ္တာ စေတ
နာ မပျက်ခဲ့ပါဘူးဘုရား၊ မလှရီကို အပေါ်
ကို နေနေသာသာ အနာတရ ဖြစ်အောင်
တောင် တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူးဘုရား”
“ကျုပ် ယုံကြည်ပါတယ် ဒကာကြီး၊ ကဲ
ဒီတော့ မောင်တာတေက မင်းဘထွေး
ထွန်းကြည်တို့ကိစ္စအတွက် သင့်တော်တဲ့
ဆရာသမား ရှာပေတော့ကွယ်၊ ခရီးထွက်
ဖို့ လိုတယ်ဆိုရင်လည်း ခရီးထွက်ပါ၊ အ
ဖော်တစ်ယောက် ခေါ်သွားပေါ့ကွယ်၊ လို
အပ်တဲ့ စရိတ်စကကို ဒကာကြီး ကိုထွန်း
ကြည်က ပေးပါလိမ့်မယ်”
“လိုတာအားလုံး မောင်တာတေပဲ ကြည့်စီ
ရင်ပါကွယ်၊ ဘထွေး မောင်တာတေကို အ
ကုန်အပ်ပါတယ်၊ လိုအပ်တဲ့ ငွေကြေး အ
တွက် ဘထွေး အားလုံး အကုန်အကျခံပါ
မယ် မောင်တာတေ”
ဆရာတော့်ကျောင်းက ပြန်လာတဲ့ အချိန်
ကတည်းက ကျုပ်လည်း မန်ကျည်းပင်
အောက်က ကွပ်ပျစ်မှာထိုင်ပြီး နဂါးဆေး
ပေါ့လိပ်ကလေးဖွာရင်း စဉ်းစားရတော့တာ
ပေါ့ဗျာ။ ဘထွေးထွန်းကြည်တို့ ဝိုင်းထဲက
အိမ်သာနားမှာ မန်ကျည်းပင်ကြီး တစ်ပင်
ရှိတယ်ဗျ။ဘထွေးကတော့ အဲဒီမန်ကျည်း
ပင်ကြီးကို သူ မသင်္ကာဘူးလို့ ပြောတာပဲ။
အဲဒီအပင်ပေါ်မှာ အကောင်တစ်ကောင်
ရောက်နေတယ်လို့ ထင်တယ်။ အရီးလှရီ
သေတာလည်း အဲဒီမန်ကျည်းပင်က အ
ကောင်သတ်ပြီး အူတွေ အသည်းတွေနှုတ်
စားသွားတယ်လို့ ထင်တယ်ဗျို့။
အခုလည်း တစ်နှစ်လောက်ရှိမှ တစ်စခန်းထ
လာပြန်တာ ဆိုတော့ နောက်တစ်ယောက်
များ စားချင်ပြန်သလားလို့ ကျုပ်တွေးကြည့်
မိရင်း တော်တော်စိတ်ပူသွားရောဗျာ။ဘထွေး
မှာက ချစ်စရာ သမီးလေးတစ်ယောက် ရှိနေ
တယ်လေဗျာ။မတော်လို့ ကလေးကိုများ လုပ်
လိုက်ရင် ဒုက္ခလို့ တွေးမိပြီး ကျုပ်တော်တော်
ကို စိတ်ပူသွားတာဗျ။ ကျုပ်ဆရာကြီးတွေကို
လိုက်ပင့်ရအောင်ကလည်း ဘယ်ရောက်လို့
ဘယ်ပေါက်နေမှန်းကို မသိတာ။
သူတို့မှာလည်း သူတို့အကြောင်းနဲ့ သူတို့ရှိ
နေကြတာလေဗျာ။ နောက်ဆုံးတော့ မဖဲဝါ
ကိုပင့်ဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။ ကျုပ်
တောင်ပိုင်းကိုသွားပြီး ဘထွေးထွန်းကြည်
ကို အကျိုးအကြောင်း ပြောပြတယ်။ က
လေးကို ဘထွေး သံသယရှိတဲ့ မန်ကျည်း
ပင်အောက်ကို တစ်ယောက်တည်း မသွား
စေဖို့လည်း ကျုပ်သတိပေးလိုက်တယ်ဗျ။
ပြီးတော့ ဆရာကြီးတွေ ပင့်ဖို့ မလွယ်တဲ့အ
ကြောင်း ပြောပြီး လောလောဆယ် မဖဲဝါကို
ပင့်ပြီး မေးမယ်လို့ ပြောတော့ ဘထွေးက
ကျုပ်ကို ကြက်ဝယ်ဖို့ ထမင်း ဟင်းချက်ဖို့
ငွေထုတ်ပေးတယ်။ ကျုပ်လည်း ဘထွေး
အိမ်က ပြန်တာနဲ့ ကျောက်ခဲနဲ့ သံမဏိကို
တစ်ခါတည်း ဝင်ခေါ်လာခဲ့တယ်။ ဒီကောင်
တွေ ကြက်သွားဝယ်ပြီး ဝိုင်းထဲမှာ ထမင်း
ဟင်း ချက်ကြတယ်၊ ညနေစောင်းတော့
ထမင်းတောင်း အဆင်သင့်ဖြစ်ပြီ။ ညရှစ်
နာရီလောက်ရောက်တော့ ကျုပ်ရယ်၊
ကျောက်ခဲရယ်၊ သံမဏိရယ် ထနောင်း
ကုန်းသင်္ချိုင်းထဲကို ရောက်လာကြတယ်။
ကျုပ်က မျက်ကွင်းဆေးကွင်း၊ နားနှစ်
ဖက်ကိုပါ လိမ်းပြီး ဒိဗ္ဗသောတဂါထာကို
ရွတ်ထားလိုက်တယ်။ ဒါဆိုရင် အသံကိုပါ
ကြားရတာဗျ။ ဂူပေါ်မှာ ထမင်းပွဲပြင်ဆင်ပြီး
ဖယောင်းတိုင် မီးထွန်းလိုက်တယ်။ပြီးတာ
နဲ့ ကျုပ် မဖဲဝါကို ပင့်လိုက်တာပေါ့ဗျာ။
“အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်
တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း၊ ရောက်ရာအ
ရပ်၊ ရောက်ရာနေရာကနေ သင်္ချိုင်းရှင်မ မ
ဖဲဝါ ကြွရောက်ခဲ့ပါဗျာ၊ ကျုပ်တာတေက ထ
နောင်းကုန်း သင်္ချိုင်းထဲကနေ မဖဲဝါကို ပင့်
ဖိတ်ပါတယ်၊ စားပွဲသောက်ပွဲနဲ့ ကြိုလို့ပေါ့ဗျာ
အခုချက်ချင်း ကြွခဲ့ပါ၊ သင်္ချိုင်းရှင်မကြီးဗျာ”
“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”
ဟော နက်ကျော်ကြီး အသံဗျို့။ မဖဲဝါက ဒီ
နီးနီးနားနားမှာကို ရှိနေတာပဲ။ဒါကြောင့် နက်
ကျော်ကြီး အသံကို ကျုပ် ချက်ချင်း ကြားရ
တာဗျ။ ကျောက်ခဲနဲ့ သံမဏိကတော့ ကျုပ်
နောက်က လိုက်နေကျကောင်တွေဆိုတော့
ဒါတွေ ရိုးနေပြီပေါ့ဗျာ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟာ …နီးလာပြီဗျို့၊ နီးလာပြီ။ဟော ဂူတွေ
ပေါ်ကနေ ရွေ့လာတာဗျ။ လေထဲမှာ ရွေ့
လာတာ၊ ရိပ်ကနဲ ရိပ်ကနဲပါပဲဗျာ၊ ဒီတစ်ခါ
တွေ့တော့ မဖဲဝါထမီအနက်ကြီးတစ်ထည်
ရင်လျားလို့ဗျ။ ဆံပင်ကြီး ဖားလျားချထား
တယ်။ မျက်လုံးနီနီကြီးတွေက အကြမ်းပန်
ကန်လုံးကြီးတွေလောက် ရှိတယ်ဗျို့။အရပ်
ကြီး ဆယ်ပေလောက်ကျော်လောက် ရှိမယ်
ဗျ။ဂူကြီးပေါ်မှာ ဒူးကြီးတွေထောင်ပြီး ထမင်း
ပွဲကို ငုံ့ကြည့်တယ်ဗျ။ပြီးတော့ ခေါင်းကို သုံး
လေးချက် ညိတ်လိုက်တယ်။ ပြီးတာနဲ့ စပြီး
စားတော့တာပဲဗျာ။ မဖဲဝါစားရင် အမြဲတမ်း
ကျုပ် သတိထားမိတယ်။
အရိုးတွေ ဘယ်တော့မှ ထွေးမထုတ်ဘူး
ဗျ။အရိုးတွေပါ ဝါးပြီး စားပစ်တာဗျ။ မဖဲဝါ
စားသောက်နေတာကို ကျုပ်ကတော့ တွေ့
ရတာပေါ့။ကျောက်ခဲတို့ သံမဏိတို့ကတော့
ဘယ်မြင်မှာတုံးဗျာ။နက်ကျော်ကြီးက မဖဲဝါ
စားနေတဲ့ ဂူဘေးမှာ ငုတ်တုတ်ကြီးထိုင်လို့
ဗျ။ နည်းတဲ့အကောင်ကြီး မဟုတ်ပါဘူးဗျာ။
မဖဲဝါကလည်း ထမင်းစားရင်း ဟင်းတုံးတွေ
ကို နက်ကျော်ကြီးဆီ ပစ်ပစ်ကျွေးသေးတာ
ဗျ။ မဖဲဝါ ပစ်ကျွေးတဲ့ ဟင်းတုံးတွေကို နက်
ကျော်က အငမ်းမရ ကောက်စားတာဗျို့။
ကျုပ်ကလည်း ဘထွေးထွန်းကြည် ပေး
လိုက်တဲ့ ငွေပေါပေါနဲ့ ကြက်သုံးပိဿာကို
ချက်ထားတာ၊ ကြက်သုံးကောင်ဗျ။ အမေ့
ဆီက အကြီးဆုံးအိုးကြီးနဲ့ကို ချက်ရတာ။
မဖဲဝါရော နက်ကျော်ရော စားလိုက်ကြတာ
ဗျာ။ ဟော ပြီးသွားပြီဗျို့။ ထမင်းရော ဟင်း
ရော ကုန်ကိုသွားတာဗျာ၊ ဟော လက်ဆေး
ပြီး ရေသောက်ပြီဗျို့။ ကျုပ်ကို လှမ်းကြည့်
ပြီး မေးဆတ်ပြတယ်။မေးတာလေဗျာ၊ကျုပ်
ကိစ္စကို မေးတာဗျ။
“မဖဲဝါ ကျုပ်တို့ ထနောင်းကုန်းတောင်ပိုင်း
မှာနေတဲ့ ဘထွေးထွန်းကြည်တို့ဝိုင်းထဲမှာ…”
ကျုပ်က စကားစရုံရှိသေးတယ်၊ မဖဲဝါက
လက်နှစ်ချောင်း ထောင်ပြတယ်။
“ဟုတ် ဟုတ်ပါတယ် မဖဲဝါ၊ မယားနှစ်
ယောက်နဲ့ပါ၊ အဲဒါ ပထမ မယားက အူ
တွေ အသည်းတွေ မရှိတော့ဘဲ သေ
သွားတာ တစ်နှစ် ရှိပြီဗျ”
ကျုပ်ပြောတာကို မဖဲဝါက ခေါင်းညိတ်
ပြတယ်။
“အဲဒါ အခု ဘထွေးအိမ်မှာ ဝုန်းဒိုင်းကျဲပြီး
ဟိုနေ့က ဘထွေးကိုလည်း ကျောကုန်းကို
အုန်းကနဲ ရိုက်လိုက်တယ်ဗျ မဖဲဝါရဲ့၊ အဲ
ဒါ နောက်ထပ် လူထပ်သတ်မှာ စိုးရိမ်လို့
ပါဗျာ”
“ဟဲ့ တာတေ၊ အဲဒါ လှရီ သရဲမဟဲ့”
“ဗျာ…အရီးလှရီ ဟုတ်လား မဖဲဝါ၊ ဖြစ်မှ
ဖြစ်ရလေဗျာ”
“နင်တို့က လှရီကို အကောင်းထင်နေကြ
တာကိုး၊ လှရီက အောက်လမ်း ဆရာကို
ငွေပေးပြီး သရဲတစ်ကောင်မွေးတာဟဲ့။
ထွန်းကြည် မယားငယ်ကို သတ်ဖို့ကြံတာ၊
သရဲကို အစာကျွေးတာ ရက်မမှန်လို့ သူ
မွေးတဲ့သရဲက သူ့ကို ပြန်သတ်ပြီး သူ့အူ
တွေ အသည်းတွေကို ထုတ်စားသွားတာ
တာတေရဲ့”
“ဟာ …ကျုပ်ဖြင့် ထင်ကို မထင်တာပါဗျာ”
“အဲဒီအကောင်ကြီးနေရာမှာ လှရီက ဝင်
နေရတာ၊ ဟိုသရဲက မရှိတော့ဘူး ထွက်
သွားပြီ၊ မန်ကျည်းပင်မှာ လှရီက သရဲမ
ကြီးဖြစ်ပြီး ကျန်ခဲ့တာဟေ့၊ အခု သူကိုယ်
တိုင် သရဲမဖြစ်တော့ ထွန်းကြည်ကိုရော
မယားငယ်ကိုပါ သတ်ဖို့ ကြံနေတာဟေ့
သိပြီလား၊ သူ့ရဲ့လက်ဝတ်လက်စားတွေ
ကို ထွန်းကြည်က သူ့မယားငယ်ကို ဆင်
ထားတော့ လှရီသရဲမက ပိုပြီးစိတ်နာလာ
လို့ အိမ်ထဲမှာ ဝိုင်းဒိုင်းကျဲနေတာဟေ့
တာတေရဲ့”
“အဲဒါ ဘယ်လိုရှင်းရမှာတုံးဗျာ”
“နင် မပူနဲ့ တာတေ၊ သန်ဘက်ခါဆိုရင်
နင့်ဆရာ ဘိုးလူပေ ရောက်လာလိမ့်မယ်”
“ဗျာ၊ ဟုတ်လား မဖဲဝါ၊ ဘိုးလူပေ လာမယ်
ဟုတ်လား”
မဖဲဝါက ကျုပ်မေးတာကို ဘာမှပြန်မပြော
တော့ဘူးဗျ။ ဒီမှာတင် ကျုပ်က မဖဲဝါကို
မေးလိုက်တယ်။
“မဖဲဝါ ကျုပ် တစ်ခုမေးပါရစေဗျာ၊ အရီးလှ
ရီကို ဘိုးလူပေ မပါဘဲ မဖဲဝါအမိန့်နဲ့ ခေါ်
ထုတ်သွားရင် မရဘူးလား”
“တာတေ၊ လှရီသရဲမက အစွဲတွေရော၊ရန်
ငြိုးတွေရော အင်မတန်ကြီးတာဟဲ့၊ သူက
ထွန်းကြည်ကို မပြောသာလို့ မပြောခဲ့ပေမဲ့
စိတ်ထဲက နည်းနည်းမှကို မကျေနပ်တာ
မဟုတ်ဘူး။ ဒီလင်မယားကို သေကြောင်း
ကြံဖို့ အမြဲစိတ်ကူးနေတာ၊ ကလေးရော
လင်မယားနှစ်ယောက်စလုံးရော သတ်ပစ်
ပြီး ပစ္စည်းတွေ အကုန်လုံး အပိုင်စီးဖို့ အ
ကြံနဲ့ သရဲကြီးတစ်ကောင်ကို မန်ကျည်း
ပင်မှာ နေခိုင်းပြီး တိတ်တိတ်ကလေး အ
မဲသားအစိမ်းတွေ ကျွေးနေတာ။ သရဲကို
သူတော်တော်ပိုင်လာပြီ။ အဲဒီအချိန်မှာ
သူကျွေးရမယ့်ရက်ကို သတိမေ့ပြီး တစ်
ရက်ပဲ ကျော်သွားတာ၊ သူမွေးတဲ့ သရဲက
ဒေါသပုန်ထပြီး လှရီကို အူနှုတ်စားပစ်တာ
ဟဲ့။ဒီကောင်မလှရီသရဲမက ပစ္စည်းစွဲရော၊
ရန်ငြိုးတွေ၊ ဒေါသတွေရောနဲ့ကို မိသားစု
ကို သတ်ဖို့ ကြိုးစားနေတာ၊ နိုင်နင်းတဲ့ ဆ
ရာနဲ့မှ အဲဒီနေရာကနေ ဆွဲထုတ်လို့ရမှာ၊ဒီ
အတိုင်းကတော့ ရမှာမဟုတ်ဘူး တာတေ”
“သြော်…ဒီကိုကိုး၊ ကျုပ် သိပြီ မဖဲဝါ၊
ဘိုးလူပေအလာကို ကျုပ်စောင့်ပါမယ်”
မဖဲဝါလည်း ပြန်သွားရော ကျုပ်တို့လည်း
ပြန်ခဲ့ကြတာပေါ့ဗျာ။နောက်တစ်နေ့ရောက်
တော့ ဘထွေးထွန်းကြည်ကို ဆရာတော့်
ကျောင်းလာခဲ့ဖို့ လူလွှတ်ခေါ်ခိုင်းပြီး ဆရာ
တော့်ရှေ့မှာတင် အကျိုးအကြောင်း ပြော
ပြလိုက်ရတယ်။ ကျုပ်ပြောတာ ကြားတော့
ဘထွေးက အံ့သြလွန်းလို့ ပါးစပ်ဟောင်း
လောင်းတောင် ဖြစ်သွားတယ်ဗျို့။
“ဟုတ်ရဲ့လား မောင်တာတေရယ်၊ ကျုပ်
မိန်းမ မလှရီ ဆိုတာ ဟုတ်ရဲ့လားကွ”
“ဟုတ်ရဲ့လား မောင်တာတေရယ်၊ ကျုပ်
မိန်းမ လှရီဆိုတာ ဟုတ်ရဲ့လားကွ”
လို့ ကျုပ်ကို ပြန်မေးတယ်ဗျ။
“ဘထွေး ကျုပ် မဖဲဝါကို ပင့်ပြီး မေးခဲ့မယ်၊
မဖဲဝါပြောတာ လွဲစရာမရှိပါဘူး ဘထွေးရာ”
ဘထွေး ငြိမ်သွားရောဗျို့။ဆရာတော်ကိုယ်
တိုင်လည်း အံ့သြလွန်းလို့ ဘာပြောရမှန်း
တောင် မသိသလို ဖြစ်သွားတာပေါ့ဗျာ။
“ဒါဆို ဒကာကြီး၊ ကျုပ် တစ်ခု လုပ်ကြည့်
ချင်သေးတယ်”
“မှန်လှပါ၊ မိန့်ပါဘုရား၊ တပည့်တော်
တော့ ခေါင်းတွေ ပူထူပြီး ဘာလုပ်ရမှန်း
မသိတော့ပါဘူးဘုရား”
“မနက်ဖြန် အရုဏ်ဆွမ်းကပ် ဒကာကြီး
ရာ၊ ကျုပ်နဲ့ သံဃာလေးပါး ပေါင်း ငါးပါး
ပင့်ပေါ့၊ ဒကာမကြီး မလှရီကို ရည်စူးပြီး
ကပ်ပါ၊ ကျုပ်က ဒကာမကြီးကို ခေါ်ပြီး
တရားဟောပါ့မယ်၊ ဒကာမကြီးက ကျုပ်
ဟောတဲ့ တရားကို နာရတာ ရင်ထဲအေး
လိုက်တာလို့ ကျုပ်ကို လျှောက်ဖူးတယ်ဗျ”
“ကောင်းပါပြီဘုရား၊ဒါဆိုရင် တပည့်တော်
အခုပဲ ပြန်ပြီး အိမ်မှာ ဆွမ်းချက်ဖို့ စီစဉ်
လိုက်ပါမယ်၊သင်္ကန်းလည်း ဝယ်ခိုင်းလိုက်
မယ်ဘုရား”
“အေး ကောင်းတယ် ဒကာကြီး၊ ပြန် ပြန်”
လို့ ဆရာတော်က မိန့်လိုက်တော့ ဘထွေး
ထွန်းကြည် ပြန်သွားတယ်ဗျ။
“တာတေ၊ မင်း ဘယ်လိုလုပ်မယ် စိတ်ကူး
ထားတုံး”
“ဆရာတော်ဘုရား၊ သန်ဘက်ခါလောက်
ဆိုရင် ဆရာကြီး ဘိုးလူပေ ကြွလာမယ်
လို့ မဖဲဝါ ပြောလိုက်ပါတယ်ဘုရား၊ အဲဒီ
တော့မှ ဆရာကြီးကို အကျိုးအကြောင်း
ပြောမယ်လို့ တပည့်တော် စိတ်ကူးထား
ပါတယ်ဘုရား”
“အေးလေ၊ ဆရာဆိုတာကတော့ သူ့ပညာ
နဲ့ ကြိမ်းမောင်းနှင်ထုတ်မှာပေါ့လေ၊ ခဏ
နေပါဦး တာတေရာ၊ ဒကာမကြီး မလှရီက
ဆရာတော့် ဆွမ်းဒကာမကြီးပါ၊ဒကာမကြီး
ဒီဘဝ ရောက်တာကို ဆရာတော် တော်
တော်ကို စိတ်မကောင်း ဖြစ်မိတယ်ကွယ်၊
ဆရာတော် ကြိုးစားပြီး ကျွတ်လွတ်အောင်
လုပ်ကြည့်ချင်သေးတယ်”
“မှန်လှပါဘုရား”
ကျုပ်လည်း အိမ်ပြန်လာခဲ့တယ်။ အဲဒီည
က ကျုပ်နဲ့ ကာလသားတစ်ချို့ ဘထွေး
ထွန်းကြည်အိမ်မှာ ဝိုင်းပြီး ချက်ကြပြုတ်
ကြနဲ့ ကူလုပ်ရင်း အိပ်လိုက်တယ်။
“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား”
ရယ်သံကြီးဗျ၊ ညသန်းခေါင်ကျော်လောက်
မှာ ကြားရတာ။ ကျုပ်တို့အားလုံး တုံးလုံး
လှဲပြီး မှေးနေရာကနေ ချက်ချင်း ထထိုင်
လိုက်ကြတယ်
“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား”
ဟော ရယ်သံကြီး ထပ်ပေါ်လာပြန်ပြီဗျို့။
အိမ်နောက်ဘက်ကဗျ။
“တာတေ၊ ဒါ မီးဖိုချောင်ထဲက အသံလား”
ပုရစ်က မေးတာဗျ။ ဒီကောင်က နဂိုက
တည်းကမှ မျက်လုံးက ပြူးပြူးလေဗျာ။
အခု ကြောက်နေတော့ မျက်လုံးကြီးတွေ
က ပိုပြီးပြူးနေသလိုပါပဲဗျာ။
“ဟေ့ကောင် ပုရစ်၊ မင်းမျက်လုံးကြီးတွေ
နည်းနည်းမှေးထားစမ်းကွာ၊ အရေးထဲမှာ
မင်းမျက်လုံးတွေ တွေ့ရတာ ပိုပြီး
ကြောက်လာပြီကွ”
ဟန်တင့်က ပုရစ်ကို ပြောတာဗျ။အားလုံး
က နားတွေစွင့်နေကြတာ။ ဘထွေးတို့ မိ
သားစုလည်း နားထောင်နေကြတာပေါ့ဗျာ
ချက်တဲ့ပြုတ်တဲ့ လူတွေလည်း အားလုံး
တွေပြီး နားထောင်နေကြတာဗျို့။
“ဟား၊ ဟား၊ ဟား ၊ ဟား၊ ဟား”
ရယ်သံကြီး ထပ်ပေါ်လာပြန်ပြီဗျို့။ ဒီတစ်
ခါတော့ ကျုပ်မှန်းမိသွားပြီဗျ။ ဒါ အိမ်သာ
နားက မန်ကျည်းပင်ကြီးပေါ်က အသံပဲ။
“ဟား၊ ဟား၊ ဟား၊ အကုန်လုံး သတ်မယ်”
အို…ဘယ်လိုအသံကြီးပါလိမ့်ဗျာ။ ယော
က်ျားသံလား၊ မိန်းမသံလား ဆိုတာတောင်
ခွဲလို့မရဘူးဗျ။ နောက်ထပ်တော့ မကြား
တော့ဘူးဗျ။ ကျုပ်က လူတွေ အိမ်နောက်
ဘက်ကို မသွားဖို့ သတိပေးလိုက်တယ်။
မန်ကျည်းပင်ကြီးနားကို လုံးဝမကပ်ဖို့
လည်း ထပ်ပြောလိုက်တယ်။
ကျုပ် မနက်စောစော သံဃာတွေ မကြွ
ခင်အိမ်ပြန်ပြီး မျက်ကွင်းဆေး ကွင်းလိုက်
တယ်။ကျုပ် ပြန်ရောက်တော့ ဆရာတော်
နဲ့ သံဃာတွေတောင် ဆွမ်းဘုဉ်းနေကြပြီ
ဗျ။ ဘထွေးက ညက ကြားတဲ့ အသံကြီး
အကြောင်း ဆရာတော်ကို ခပ်တိုးတိုး
လျှောက်နေတယ်ဗျ။
ဆရာတော်ကတော့ ဘာမှမပြောဘဲ ခေါင်း
ပဲ ညိတ်ပြတယ်။ မျက်နှာတော့ တော်တော်
ကို မကောင်းတာဗျ။ဆရာတော်က အလွတ်
လာတာတော့ မဟုတ်ဘူးဗျို့။ ဆရာတော်
ထိုင်တဲ့ နောက်တည့်တည့်က ဘုရားခန်း
မှန်မှာ သစ်စုန်းတောင်ဝှေး ထောင်ထား
တယ်ဗျ။ ဆရာတော် သစ်စုန်းတောင်ဝှေး
ယူလာတာပဲ။ ခင်ဗျား မှတ်မိသေးလား။
ဆရာစိုင်းနွံဖက ကျုပ် နှုတ်ပေးခဲ့တဲ့ သစ်
စုန်းပင်ကနေ ဆရာတော်အတွက် တောင်
ဝှေးတစ်ချောင်းနဲ့ ကျုပ်အတွက် သစ်စုန်း
ဆေးတောင့်တစ်တောင့် ပေးခဲ့တာလေဗျာ
(ကိုယ်တွေ့မဖဲဝါ စာအုပ်ထဲက မျက်ကွင်း
ဆေးဝတ္ထုမှာ ပြန်ဖတ်ကြည့်ဗျာ)ဆွမ်းတွေ
ဘာတွေ ဘုဉ်းပြီးတော့ ဆရာတော်ကို သ
င်္ကန်းလှူတယ်။
“ကဲ ဒကာတို့၊ ဒကာမတို့ နောက်ကို နည်း
နည်းဆုတ်ထိုင်ကြ၊ ကျုပ် ဒကာမကြီး
မလှရီကို တရားနာဖို့ ခေါ်မလို့ ”
လူတွေအားလုံးက နောက်ကို ဆုတ်သွား
ကြတယ်။ ဘထွေးထွန်းကြည်နဲ့ သူ့မိန်းမ
မလှရီက ရှေ့မှာ ထိုင်နေကြတယ်။ ရေ
စက်ချဖို့ပေါ့ဗျာ။
“ဒကာမကြီး ဒေါ်လှရီ ရောက်ရာ နေရာဌာ
န၊ ဘုံဘဝကနေ ဒီနေရာ ဒီဌာနကို အခု
ချက်ချင်း လာပါ၊ ဆရာတော် ဟောတဲ့ တ
ရားကို နာယူပြီး သာဓုအနုမောဒနာခေါ်ဆို
ဖို့ လာခဲ့ပါ၊ ဒီနေ့ လှူဒါန်းတဲ့ အလှူဟာ ဒ
ကာမကြီးကို ရည်စူးပြီး ဒကာမကြီးရဲ့ ခင်
ပွန်းဟောင်းက လှူဒါန်းတဲ့ အလှူဖြစ်ပါ
တယ်၊ အလှူရှင်ဖြစ်တဲ့ ဒကာမကြီး ကြွ
ရောက်ဖို့ လိုပါတယ်”
“ဝုန်း”
“ဟဲ့ သောက်ခွေး” “ဟဲ့ ကလမကြွ”
ဟာ ဘထွေးရဲ့ ဒုတိယဇနီး မလှရီကို ဝင်
ပူးတာဗျို့။ မလှရီက အသားတွေ တဆတ်
ဆတ်တုန်ပြီး ကြမ်းပြင်ကို လက်ဝါးနဲ့ ‘ဝုန်း’
ကနဲ ရိုက်ချလိုက်တာဗျ။ လူတွေဆိုတာဗျာ
လန့်ပြီး အော်လိုက်ကြတာ မပြောပါနဲ့တော့
ဗျာ။ အိမ်ထဲမှာ ဆူညံသွားရောဗျို့။
“အခု ရောက်လာတာ ဘယ်သူတုံး၊ ဒကာ
မကြီး ဒေါ်လှရီ ဟုတ်ရဲ့လား”
ကျုပ် ဆတ်ကနဲ လှည့်ကြည့်လိုက်ကတည်း
က မြင်နေပြီးသားဗျ။ ခေါင်းက ဆံပင်ကြီးက
ဖားလျားကြီးဗျ။မျက်နှာကြီးပေါ်မှာ အက်ကွဲ
နေတဲ့ အရာကြီးတွေနဲ့ပါဗျာ။ မျက်လုံးကြီး
တွေက အပြင်ကို ကျွတ်ထွက်တော့မလိုကို
ပြူးနေတာဗျ။ လက်မှာလည်း လက်သည်း
ရှည်ကြီးတွေက တိရစ္ဆာန်လက်သည်းတွေ
လိုပဲဗျာ။ အရွယ်အစားက လူထက် နှစ်ဆ
လောက် ရှိဆလောက် ရှိတယ်။
ပါးစပ်ကြီးကလည်း လူပါးစပ်ထက် အများ
ကြီး ပိုကျယ်တယ်။ ပါးစပ်ထဲက လျှာနီနီရဲ
ရဲကြီးက အထဲဝင်သွားလိုက်၊ တွဲလောင်း
ကြီး ကျနေလိုက်နဲ့ ကျုပ်တောင် လန့်ပြီး
နောက်ကို မသိမသာ ဆုတ်လိုက်မိတယ်။
ကျုပ်က ဆရာတော့်အနားမှာ ထိုင်နေရ
တာဗျာ။ ဆရာတော် ထိုင်ခိုင်းထားတာဗျ။
တခြားလူတွေကတော့ သရဲမ ဒေါ်လှရီကို မတွေ့ရဘူးပေါ့ဗျာ။သူတို့ကတော့ အသား
တဆတ်ဆတ် တုန်နေတဲ့ မလှရီကိုမြင်ကြ
တာပေါ့၊ ဆရာတော်ကိုယ်တိုင်လည်း မလှ
ရီကိုပဲမြင်မှာပဲပေါ့၊ကျုပ်ကတော့ မျက်ကွင်း
ဆေး ကွင်းထားတာကိုးဗျ။
“ဒကာမကြီး ဒေါ်လှရီဆိုရင် ဆရာတော့်
စကားကို နားထောင်ပါ”
“လှရီ ဟုတ်တယ်၊ နားမထောင်ဘူး၊ ဒင်း
တို့ အကုန်လုံးကို သတ်တော့မှာ၊ဒီအချိန်
ထိ စောင့်နေရတာ၊ ဒီအကောင် လှူတဲ့
အလှူကိုလည်း သာဓုမခေါ်ချင်ဘူး၊ ဒီအ
ကောင်ကို အရင်သတ်မယ်၊ ပြီးရင် ဟော
ဒီကောင်မကို ဟောဒီလို ဟောဒီလို”
“ဒုန်း” “ဒုန်း” “ဟာ” “ဆွဲကြပါဦး”
မလှရီက သူ့နဖူးကို ကြမ်းပြင်နဲ့ ‘ဒုန်း’ကနဲ
‘ဒုန်း’ကနဲ မြည်အောင် ကုန်းပြီး ဆောင့်
တာဗျ။တကယ်တော့ မလှရီ ဆောင့်တာ
ဘယ်ဟုတ်မှာတုံးဗျာ။ သရဲမကြီး ဒေါ်လှ
ရီက ဆောင့်နေတာပေါ့။
“ပြီးတော့ ဟောဒီလို ဆံပင်ဆွဲပြီး ပါးကို
ဟောဒီလို ဟောဒီလို ချမယ်”
“ဖျန်း၊ ဖျန်း၊ ဖျန်း”
“အောင်မယ်လေး ဆွဲကြပါတော့၊ လှရီ
လေး သေသွားပါတော့မယ်၊ ဟဲ့ တာ
တေ၊ နင် ဘာလုပ်နေတာတုံး ဆွဲလေ”
မလှရီက သူ့ဆံပင်သူဆွဲပြီး သူ့ပါးကို သူ့
လက်နဲ့ တဖျန်းဖျန်း ရိုက်နေတာဗျို့။ ဘ
ထွေးက ချက်ချင်းထပြီး မလှရီကို ချုပ်
ထားတယ်
“ဟဲ့ အလှ၊ အလှ၊ သတိထားလေ၊
သတိထားလေ”
“ဘာအလှတုံး၊ ကဲဟာ၊ ခွေးကြီး နင် အရင်
သေရမယ် ကဲဟာ”
မလှရီကို ချုပ်ထားတဲ့ ဘထွေးကို ဆောင့်
တွန်းပစ်လိုက်တာ ဘထွေးဆိုတာ နောက်
ကို လန်ကျသွားရောဗျို့။ဘထွေးက လူလုံး
လူထည်ကြီးကြီး ထွားထွားကျိုင်းကျိုင်းလူ
ဗျ။ဒါကိုတောင် လွင့်ထွက်သွားအောင်တွန်း
ပစ်နိုင်တဲ့အားက နည်းတာ မှတ်လို့ဗျာ။ အ
ရီးမလှရီ သေတာ တစ်နှစ်ရှိပြီဗျ။ တစ်နှစ်
အတွင်းမှာ ဒီလောက် အကောင်ကြီး ကြီးပြီး
အားတွေ တအားသန်သွားတာပဲကိုး။
“တာတေ၊ ရော့ သစ်စုန်းတောင်ဝှေးနဲ့
ထိန်းတော့ မရတော့ဘူး”
ဆရာတော်က ဘုရားခန်းမှာ မှီထားတဲ့ သစ်စုန်းဆေးတောင်ဝှေးကို ယူပြီး ကျုပ်
လက်ထဲကို ထည့်လိုက်တယ်။ဆရာတော်
ဆရာတော်က ရဟန်းဝိနည်းရှိတော့ ဘာမှ
မလုပ်ဘူးပေါ့ဗျာ။ ကျုပ်က သစ်စုန်းတောင်
ဝှေးကိုယူပြီး သရဲမကြီးရဲ့ခေါင်းပေါ်မှာ ဝှေ့
ရမ်းလိုက်ရောဗျို့။
“အောင်မယ်လေး၊ ကြောက်ပါပြီဘုရား၊
ကြောက်ပါပြီ”
ချက်ချင်းကို ထပြီးအော်တော့တာဗျို့။အော်
တဲ့အသံကြီးကလည်း ကြောက်စရာကြီးပါ
ဗျာ။ အသံကွဲကွဲကြီးနဲ့ လူသံနဲ့လည်း မတူ
ဘူးဗျ။ တိရစ္ဆာန်တစ်ကောင်ရဲ့ အသံလိုမျိုး
ကြီးပေါ့ဗျာ။သစ်စုန်းတောင်ဝှေးကိုင်ပြီး ရပ်
နေတဲ့ ကျုပ်ကို မျက်လုံးပြူးပြူးကြီးနဲ့ တစ်
ချက်လှန်ကြည့်ပြီး…
“တာတေ အရီးပါဟဲ့၊ အရီးပါ၊ အဲဒီဟာကြီး
ဘေးကို ဖယ်လိုက်ပါ၊ အရီး အနေခက်လွန်း
လို့ပါ၊ နင် မသိဘူးနော် တာတေ၊ဒီအကောင်
ထွန်းကြည် ငါ့အပေါ်မှာ ဘယ်လောက်ရက်
စက်တယ်ဆိုတာ နင် မသိဘူးဟဲ့၊ ဟီး၊ ဟီး”
ဟာ သရဲမကြီး ငိုပြီဗျို့။
“ငါ့မှာ ကြိတ်မှိတ်ခံခဲ့ရတာ၊ မယားငယ်လေး
ကို အိမ်ပေါ်ခေါ်တင်လာပြီး ငါရှေ့မှာ ပလူး
ပလဲလုပ်နေတာ၊ ငါ့အသည်းတွေ နှလုံးတွေ
ကို ဓါးနဲ့ မွှန်းနေသလိုကို ငါခံရတာ၊ နောက်
ဆုံး မခံနိုင်တော့ အစွမ်းထက်တဲ့ ဆရာတစ်
ယောက်ကို ကြိတ်ရှာပြီး ငွေပုံပေး၊ သရဲ အ
ကောင်ကြီးတစ်ကောင် ရှာခိုင်း၊ မန်ကျည်း
ပင်ပေါ် တင်ထားပြီး အစာမှန်မှန်ကျွေးထား
တယ်။ဒင်းတို့သုံးယောက်စလုံးကို သတ်ပြီး
အပြတ်ရှင်းဖို့ ငါကြံခဲ့တာ၊ဒါပေမဲ့ ငါမွေးတဲ့
သရဲက သူ့ကိုအစာကျွေးဖို့ တစ်ရက်က
လေး ကျော်သွားတာနဲ့ ငါ့ကို အူတွေ အ
သည်းတွေ နှုတ်ပြီး စားသွားတယ်။သူ့နေ
ရာကို ငါဝင်ရတယ်။ ဒါကြောင့် ငါ့မှာ ချက်
ချင်း ဒီလိုသရဲမကြီး ဖြစ်ခဲ့ရတာလေ၊ ဒါပေ
မဲ့ ငါ ဝမ်းမနည်းဘူး၊ ဒင်းတို့ကို ငါ့လက်နဲ့
ကိုယ်တိုင်ကိုယ်ကျ သတ်ရမှာဆိုလို့ ဝမ်း
တောင်သာသေးတယ်၊ အခု ငါသတ်နိုင်
တဲ့ အချိန်ရောက်ပြီ၊ ငါ့ကိုလည်း အလှည့်
ပေးကြပါဦး တာတေရယ်၊ အရီး ခံခဲ့ရတာ
တွေကို တွေးကြည့်ပါဦး သတ်မယ် သတ်
မယ်”
ဟာ ပြောရင်းကနေ သရဲမကြီး ဒေါသ
တွေ ပေါက်ကွဲပြီး ထအော်ပြန်ရောဗျို့။
“တာတေ၊ သူ့နေရာ ပြန်ခိုင်းလိုက်တော့”
ကျုပ်က သရဲမကြီးရဲ့ခေါင်းကို သစ်စုန်း
ဆေးတောင်ဝှေးနဲ့ ခပ်ဖြည်းဖြည်း ခေါက်
လိုက်တယ်
“အောင်မလေး၊ မလုပ်ပါနဲ့ တာတေရယ်၊
အရီးခေါင်းတွေ ကွဲထွက်ပါတော့မယ်”
“ကဲ အရီး၊ အရီးနေတဲ့ နေရာကိုပြန်တော့၊
အဲဒီက ဆရာတော့်တရားကို နာပါ၊ သာဓု
ခေါ်လိုက်ပါတော့ အရီးရယ်”
ကျုပ်က ပြောပြောဆိုဆိုနဲ့ သစ်စုန်းတောင်
ဝှေးကို ပြန်သိမ်းလိုက်တယ်။
“ဝုန်း”
ဟော သရဲမကြီး ထွက်သွားပြီဗျို့။ မလှရီ
‘ဝုန်း’ဆို လဲကျသွားတာဗျို့။ ဘထွေးက
သူ့မိန်းမကို ပြေးပွေ့တယ်။ ကျုပ်က ရေ
တစ်ခွက် မြန်မြန်ခပ်ပြီး သစ်စုန်းတောင်
ဝှေးနဲ့မွှေတယ်။
အဲဒီရေနဲ့ မလှရီကိုတောက်လိုက်တော့
မလှရီ ချက်ချင်းသတိရပြီး ထထိုင်တယ်
သူ ဘာကိုမှ မသိလိုက်ဘူးဗျ။ကျန်တဲ့ရေ
ကို ကျုပ်က မလှရီဆီ ကမ်းပေးလိုက်ပြီး
သောက်ခိုင်းလိုက်တယ်။ ကိုယ်ပေါ်မှ မ
ကောင်းတာတွေ ကပ်မနေအောင်ပေါ့ဗျာ
လူတွေကတော့ တွတ်တွတ် တိုးတိုးနဲ့
ပြောနေကြတာပေါ့ဗျာ။
“ထွန်းကြည် မကောင်းတာ၊
ဒင်း မကောင်းလို့ မလှရီ ဒီဘဝ
ရောက်ရတာ၊ ဒင်း တရားခံ”
တချို့ဘွားတော်ကြီးတွေက ပြောရင်း
မျက်ရည်ကျကြတယ်။ ဆရာတော်က
တရားကို ခပ်တိုတိုပဲဟောပြီး ရေစက်ချ
အမျှဝေတယ်။ သာဓု ခေါ်ကြတယ်။ သ
ရဲမကြီးဒေါ်လှရီကတော့ သာဓု ဘယ်ခေါ်
မှာတုံးဗျာ။သူက ဘထွေးတို့ကို သတ်ကို
သတ်မှာဗျ။ အခုပုံစံဆိုရင် ဘထွေးတို့ထဲ
က ကံအနိမ့်ဆုံးလူကို စပြီးသတ်မှာပဲဗျို့။
“တာတေ ဒီကို လာဦး”
ဆရာတော်က ကျုပ်ကို သူ့အနားခေါ်
တယ်။ကျုပ်က ဆရာတော့်ဆေးတောင်
ဝှေးကို ပြန်အပ်လိုက်တယ်။
“အခြေအနေက မကောင်းဘူး တာတေ၊
မကြာခင်မှာ ဒကာကြီးတို့ မိသားစုကို
ဒုက္ခပေးတော့မှာ သေချာတယ်၊ ဆရာ
တော် ပြောလို့လည်း မရတော့ဘူး၊ ဒီ
တော့ မနက်ဖြန် ဘိုးလူပေလာရင် လုပ်
စရာရှိတာ လုပ်ကြပေတော့ ”
ဆရာတော်က တော်တော်ကို မျက်နှာမ
ကောင်းတာဗျ။ ကျုပ်ကို ပြောပြီးတာနဲ့
ကျောင်းကို ပြန်ကြွသွားတယ်။သိလိုက်
တဲ့ မဖဲဝါဗျာ။ သူပြောတဲ့အတိုင်းပဲ၊
နောက်တစ်နေ့မှာ ဘန့်ဘွေးကုန်းကို
ဘိုးလူပေ ရောက်လာတယ်။ ကျုပ်
ရောက်သွားတော့ ဘိုးလူပေက ပြုံးပြီး
နှုတ်ဆက်တယ်။ဘိုးလူပေကတော့ အ
ရင်ပုံစံအတိုင်းပဲဗျ။ဘာမှကို မပြောင်း
လဲဘူး။ အိုလည်း အိုမသွားဘူး။
“အထက်က ခိုင်းတဲ့ကိစ္စတစ်ခု ဆောင်
ရွက်ပြီး ပြန်လာတာကွဲ့ မောင်တာတေရဲ့၊
မင်းကို သတိရတာနဲ့ ဒီဘက်ကို လှည့်ဝင်
လာ၊ တခြားအကြောင်းကိစ္စ မရှိပါဘူး”
“ဒီမှာတော့ အကြောင်းကိစ္စ ရှိနေတယ်
ဆရာကြီး”
“သြော် ဟုတ်လား၊ ဘာများတုံး မောင်
တာတေ”
ကျုပ်က ဘထွေးထွန်းကြည်အကြောင်း
ကို အစကနေ အဆုံးအထိ ပြောပြလိုက်
တယ်
“အင်း…ကျုပ်တို့ ဒီည လုပ်မှဖြစ်မှာ
မောင်တာတေ၊ ကျုပ်ရောက်လာတာ
အံကိုက်ဖြစ်သွားတယ်၊ မနက်ဖြန်ဆိုရင်
သရဲမကြီးက သူတို့တစ်အိမ်လုံးကို
သတ်တော့မှာ”
“ဟာ ဟုတ်လား ဆရာကြီး”
“ကဲ ညကျတော့ လုပ်ကြတာပေါ့ကွယ်”
ကျုပ်က ထနောင်းကုန်းကို ပြန်ပြေးပြီး
ဘထွေးကို တိုးတိုးပြောရတယ်။ဒီညလာ
မယ့် အကြောင်း၊ အားလုံး သတိနဲ့နေဖို့
အကြောင်းပေါ့ဗျာ။ ညရောက်တော့ ဘိုး
လူပေကို ပင့်ပြီး ကျုပ် ထနောင်းကုန်းကို
လာခဲ့တယ်။
“မလုပ်နဲ့ ဆရာ၊ ကျုပ်ကို ဘာမှမလုပ်ပါနဲ့၊
ကျုပ် ဒီအကောင်နဲ့ ဒီကောင်မကို သတ်
စမ်းပါရစေ ဆရာရယ်၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး
ကျုပ်က ခံခဲ့ရတဲ့သူပါ ဆရာရဲ့”
ဘိုးလူပေနဲ့ ကျုပ်နဲ့ ဘထွေးထွန်းကြည်ရဲ့
ဝိုင်းထဲကို ဝင်လိုက်တာနဲ့ အသံကြီးထွက်
လာတာဗျို့။ကျုပ်က မျက်ကွင်းဆေး ကွင်း
ထားလို့ ကြားတာလားလို့ ဘိုးလူပေကို
အကဲခတ်ကြည့်လိုက်တော့ ဘိုးလူပေက
တုံ့ကနဲ ရပ်လိုက်ပြီး…
“မောင်တာတေ၊ အကောင်တော်တော်
ကြီးပြီး အစွမ်းတွေလည်း တော်တော်ရှိ
နေတာပဲကွဲ့၊ ဒီလူတွေ ခုထိ မသေသေး
တာကိုက အံ့သြစရာ ဖြစ်နေတာပဲကွယ်”
ကျုပ်တို့ အိမ်ပေါ်ရောက်တော့ အိမ်ပေါ်
မှာ ကာလာသားတွေရော လူကြီးတွေ
ရော ရောက်လို့ဗျ။ မိန်းမတွေ မလာရ
ဘူး။ အိမ်ပေါ်ရောက်တာနဲ့ ဘိုးလူပေက
အချိန်မဆိုင်းဘူးဗျ။ သရဲမကြီးကို အမိန့်
နဲ့ ချက်ချင်းခေါ်တယ်။
“ဝုန်း”
မလှရီကို ဝင်ပြီးပူးပြန်ပြီဗျို့။ကျုပ်ကတော့
မျက်ကွင်းဆေး ကွင်းထားတော့ သရဲမကြီး
ကို မြင်နေရတာပေါ့ဗျာ။
“ကဲ ဒေါ်လှရီ၊ ဆရာ တိုတိုနဲ့ လိုရင်းပဲ
ပြောမယ်၊ ဒီမိသားစုကိုရော ဟောဒီရွာ
သူရွာသားတွေကိုရော ဘာအနှောင့်အ
ယှက်မှ မပေးဘူးဆိုရင် အခု နင်နေတဲ့
နေရာမှာပဲ ဆက်နေခွင့်ပြုမယ်၊ ဒီလိုမှ
ကတိမပေးနိုင်ရင်တော့ အခုချက်ချင်းပဲ
ဒီရွာထဲကနေ ထွက်သွားရလိမ့်မယ်၊ ဆ
ရာတို့ကို ပေးထားတဲ့ ကတိကိုဖျက်ရင်
ဘယ်လိုဖြစ်မယ်ဆိုတာတော့ သိမှာပေါ့
လေ။ကဲ ဘယ်လိုတုံး၊ မနှောင့်ယှက်ပါ
ဘူးလို့ ကတိပေးမလား”
“မပေးဘူး ဆရာ၊ ကျုပ် ကတိမပေးဘူး၊
အခု မသတ်ရရင်တောင် နောင်သတ်မယ်၊
ကျုပ်အခြေအနေပေးတဲ့အထိ စောင့်ပြီး
သတ်ကို သတ်မှာ၊ ဒင်းတို့ အူတွေ အ
သည်းတွေကို ကျုပ်နှုတ်ပြီး စားကို
စားမှာ”
ဟာ ကျုပ်တောင် အံ့သြသွားတာဗျို့။ဘိုး
လူပေလို ပုဂ္ဂိုလ်ကိုတောင် မလျှော့ဘူး
ဗျာ။ အရီးမလှရီရဲ့ ရန်ငြိုး ဘယ်လောက်
ကြီးတယ်၊အမုန်း ဘယ်လောက်ကြီးတယ်
ဆိုတာ ကျုပ်ဖြင့် တွေးတောင်မတွေးတတ်
တော့ပါဘူးဗျာ။ သရဲမကြီး ပူးနေတဲ့ မလှ
ရီကတော့ အသားတွေ တဆတ်ဆတ်တုန်
လို့ပေါ့ဗျာ။ ဘိုးလူပေက မတ်တတ်ထရပ်
ပြီး အမိန့်ပြန်တယ်။
“သင်္ချိုင်းစောင့် မဖဲဝါ၊ ဒီအမိန့်ကို ကြား
သိစေရမယ်၊ သင်ပိုင်တဲ့ သင်္ချိုင်းမှာ မြှုပ်
နှံသင်္ဂြိုဟ်တဲ့ သေသူတို့ရဲ့ ဝိညာဉ်ဟာ
သင်နဲ့ဆိုင်တယ်၊ လှရီရဲ့ ဝိညာဉ်ကို အ
ခုချက်ချင်းခေါ်ပြီး သင့်လျော်ရာ နေရာ
တစ်ခုမှာ ထားလိုက်ပါ၊ ဒီရွာအတွင်း၊
ဒီအိမ်အတွင်းကို ဘယ်သောအခါမှ
မလာစေရ၊ ဘိုးလူပေ အမိန့်”
“နေနှင့်ကြဦးပေါ့ဟယ်၊ တစ်နေ့တော့
တွေ့ကြရမှာပေါ့၊ ဟင်း ဟင်း ဟင်း”
“ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ”
ဟာ ဘိုးလူပေရဲ့ အမိန့်ပြင်းချက်တော့ဗျာ
မဖဲဝါ ချက်ချင်း လာနေပြီဗျို့။ မဖဲဝါရဲ့ခွေး
နက်ကြီး အသံကို ကျုပ် ကြားနေရပြီ။
“အီး၊ အီး၊ အီး၊ အား၊ အီး”
ဟော မဖဲဝါ ဝိုင်းရှေ့မှာ ရောက်နေပြီဗျို့။
ဘိုးလူပေက ကျုပ်ကို လှည့်ကြည့်တယ်။
ကျုပ်က ခေါင်းညိတ်ပြလိုက်တော့ …
“ကဲ လှရီ၊ နင့်ကို ခေါ်မယ့်သူ ရောက်ပြီ၊
အခုချက်ချင်း လိုက်သွားပေတော့”
” ဘုန်း”
ဟာ မလှရီ လဲကျသွားပြီဗျို့။ ဘိုးလူပေ
က အသင့်လုပ်ထားရေနဲ့ မလှရီမျက်နှာ
ကို တောက်လိုက်တယ်။ ချက်ချင်းကို
ထထိုင်တော့ပါပဲဗျာ။
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ အီ”
မဖဲဝါရဲ့ ခွေးနက်ကြီး အူသံက တဖြည်း
ဖြည်းနဲ့ အနောက်ဘက်ကို ရောက်သွား
ပြီဗျို့။
“ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး”
ဟော တဖြည်းဖြည်းနဲ့ ရွာအပြင်ကို
ရောက်သွားတဲ့အသံဗျ။
“ကဲ အန္တရာယ်အားလုံးက ကင်းရှင်းသွား
ပါပြီ၊ ကျန်းကျန်းမာမာချမ်းချမ်းသာသာ
နေကြပေတော့ဗျာ၊ သာသနာတော်ကြီး အဓွန့်ရှည်ဖို့ကိုလည်း ဝိုင်းဝန်ဆောင်
ရွက်နိုင်ကြပါစေ”
ဘထွေးထွန်းကြည်က ဘိုးလူပေကို စက္ကူ
နဲ့ ပတ်ထားတဲ့ ငွေစက္ကူတစ်ထပ် ယူပြီး
ဘိုးလူပေကို လှူတယ်ဗျ။ပြီးတော့ သူတို့
မိသားစုသုံးယောက် ဘိုးလူပေကို ကန်
တော့တယ်။ လာကြည့်နေကြတဲ့ ကျုပ်
တို့ ရွာသားတွေလည်း ဘိုးလူပေကို
ကန်တော့ကြတယ်။
ဘိုးလူပေကို ဘန့်ဘွေးကုန်း လိုက်
ပို့တော့ ရွာက ကာလသား လေးငါး
ယောက်ပါ လိုက်လာပြီး ကျုပ်နဲ့အ
တူတူ လိုက်ပို့ကြတယ်။
ဘန့်ဘွေးကုန်းက ဘိုးညိုအိမ်မှာ ဘိုး
လူပေနဲ့ စကားပြောကြသေးတယ်ဗျ။
ကျုပ် အိမ်ပြန်ရောက်တော့ လုလင်
ပြန် ကြက်တောင် တွန်ပေါ့။
ကောင်းကင်မှာလည်း ခုနှစ်စဉ်ကြယ်
က အမြီးလေးထောင်လို့။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေအားလေးစားလျက်
မဖဲဝါကို မုန်းတဲ့စုန်း စာအုပ်မှ ကောက်နုတ်
တင်ပြထားသည်
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ