” မောင့်ကိုလွမ်းတော့ ” (စ/ဆုံး)

” မောင့်ကိုလွမ်းတော့ ” (စ/ဆုံး)

==========================

ထွေးသည် အမေ့ကိုလွမ်း၍ ကြည့်၏ ။
ခုချိန်ရောက်လျှင် အမေသည် သူ့ကျောင်းရှိရာ ရွာအပြင်သို့သွားပေလိမ့်မယ်။ ကျောင်းပရိဝုဏ် အတွင်း၀ယ် ရွက်ဆွေးရွက်မြည့်တို့ကို ရှင်းလင်း သုတ်သင်၍ မြေဆွေးတွင်းဟောင်းတွင် ဖြည့်၍ထားပေမည်။ မိုးမကျခင် အဖေပျိုးထားသော သရက်နှစ်ပင်နှင့် ဒန့်သလွန်ပျိုး ငါးပင်လောက်ကိုလည်း ကျောင်းတောင်ဘက်တွင် အဖေနဲ့အတူ စိုက်ပေးဦးတော့မည်။

သူအပျိုဖော်၀င်စ အဖေစိုက်ခဲ့သော ကျောင်းနောက်မှ ပိန္နဲပင်သည်လည်း ယခု မိုးဦးတွင် ဖြိုင်ဖြိုင်သီး၍ တစ်ကျောင်းလုံး လှိုင်လှိုင်စားရပေတော့မည်။

လေတိုက်လိုက်တိုင်း မိုးရေပေါက်တို့တဖြောက်ဖြောက် ကြွေကျလာသော ခရေပင်အောက်တွင် အမေသည် ခရေပန်းလေးတို့ကို ကောက်၍များနေလေမည်လား။ ယခင်က ခုလိုအချိန်ဆိုလျှင် အမေနှင့် ခရေကုံးကို လှပစွာ သီကြသည်။ ရေကန်နားတွင် ပွင့်နေကြသော ငွေပန်းတို့ကိုလည်း ဗန်းခုံးကလေးထဲသို့ ခူး၍ ထည့်ကြ၏။ ကျောင်း၏ အရှေ့တောင်ဘက်တွင်ရှိသော မြေစိုက်စေတီတွင် ခရေပန်းနှင့် ငွေပန်းတို့ကို ကပ်လှူပြီးမှ ကျောင်းက ပြန်ခဲ့ကြသည်။

ကျောင်းမှ ရွာတွင်းသို့ အ၀င်လမ်းသည် ကွေ့ဝိုက်နေပေမယ့် ကုက္ကိုပင်များ လမ်းဘေးတွင် စီ၍ စိုက်ထားသောကြောင့် သာယာလှပေသည်။ ကျနေသည် ရွှေဝါရောင်တောက်၍ ရွာလမ်းလေးပေါ်တွင် သဲဝါ ခင်းထားသလို လှပနေပေလိမ့်မည်။
အမေသည် ရွှေဝါရောင် နေရောင်ခြည်အောက်တွင် ပဝါဖြူကို လောဘက်ထိုး၍ နှုတ်မှလည်း မြတ်ဗုဒ္ဓဘုရားသခင်၏ နှုတ်ကပါဌ်တော်များကို တတွတ်တွတ် ရွတ်ဆိုကာ အိမ်သို့ပြန်နေကြဖြစ်ပေသည်။

ညဉ့်သို့တိုင်လျှင် အပျိုဖားဖား ဖြစ်နေသော သမီးကိုပင် ကိုယ်တိုင်စောင်ခြုံပေးပြီးမှ အမေက အိပ်၏။
အမေ၏ နေပုံ၊ ထိုင်ပုံ၊ အေးချမ်းပုံများသည် ယခုလို ခွဲခွာနေရချိန်တွင်သော်မှ တစိမ့်စိမ့်တွေး၍ တမြည့်မြည့် ကြည်နူးဖွယ် ဖြစ်သည်။
ညဉ့်ဦးလေသည် ပန်းရနံ့ကို သယ်ယူ၍ အေးမြမြ တိုက်ခတ်သလို အမေ မေတ္တာရှိုန်က အနားတွင် ရစ်ဝိုင်း၍ သာသောင့်သာယာ ရှိလှပါတကား။
ယခုအချိန်တွင် အမေသည် ကျန်းမှ ကျန်းမာပါလေစ။ ရောင်ခြည်ပျိုးစတွင် ဆွမ်းမှ ချက်နိုင်ပါလေစ။ မြတ်ဗုဒ္ဓဘုရားသခင်၏ နှုတ်ကပါဌ်တော်များကို ယခင်ကလို ရှည်ရှည်လျားလျား ရွတ်ဖတ်နိုင်ပါဦးမည်လား။

ညနေသို့တိုင်လျှင် ကျောင်းအရန်တွင်း၀ယ် အမှိုက်ရှင်း၍ ပန်းတို့ကိုမှ ကောက်နိုင်ပါသေး၏လော။ စေတီတော်ရှေ့တွင် ဆီမီးတို့ကို ထွန်းညှိ၍ သဗ္ဗေသတ္တာ ဝေနေယျာတို့အား မေတ္တာမှ ပို့နိုင်ပါလေစ။
အမေ့ကို လွမ်း၍ လွမ်း၍ လာသည်။ ချိန်တန်ရွယ်ရောက်တော့လည်း အမေ့ကို ခွဲခွာ၍ မောင့်ရင်ခွင်သို့ ၀င်ခဲ့ရသည်မှာ ဓမ္မတာပေပဲ။

လက်ထက်ပြီးမှ အမေ့ကို ချစ်ရခြင်းနှင့် မောင့်ကို ချစ်ရခြင်းတို့၏ ခံစားမှုကို တဖြည်းဖြည်း တွေး၍ လာသည်။
နံနက်သို့တိုင်လျှင် အမေနှင့်အတူ ပြုခဲ့သည့် ဆွမ်းတော်၊ ရေချမ်းတို့ကို မြတ်ဗုဒ္ဓဘုရားသခင်ထံတွင် ကပ်လှူ၍ အမေ့ကို မေတ္တာပို့ရသည်။ အမေ ကျန်းမာပါစေကြောင်း၊ ယခင်ကလို ကောင်းမှုကုသိုလ်အစုစု ပြု၍ အမေသည် သက်သောင့်သာယာ ချမ်းချမ်းမြေ့မြေ့ နေနိုင်ပါစေကြောင်း ဆုတောင်းရ၏။

ညသို့တိုင်တော့လည်း ပရိတ်ဒေသနာတော်တို့ကို ရွတ်ဖတ်သရဇ္စျာယ်ရင်း အမေနှင့် သည်လိုပင် ကုသိုလ်ပြုခဲ့သည်ဟု စိတ်ကို ဖြေရသည်။ သည်တော့လည်း အမေ့ကို လွမ်းသောစိတ်မှာ ပြေသလို ဖြစ်ရပြန်သည်။
ထွေးသည် အမေ့ကို လွမ်းရဘိသကဲ့သို့ မောင့်ကိုလည်း လွမ်းရပါပြီတကား။
ခုချိန်တိုင်လျှင် အဝေးရောက်မောင်သည် သူ့ကိုများ လွမ်း၍နေမည်လား။ သို့တည်းမဟုတ် မေ့၍ များနေမည်လား။ အမေ့ကို ရွာမှာ ထားရစ်၍ မောင့်နောက်သို့ လိုက်လာချိန်များကို ထွေးက တစိမ့်စိမ့် ပြန်လည်တွေးလာသည်။
လင်၏နောက်သို့လိုက်ရခြင်းသည် အာဝေနိကဒုက္ခငါးပါးတွင် တစ်ပါးပါသည့်အဖြစ်ကို ဗိုလ်ကတော်ထွေးက နားမလည်နိုင်ပေ။
ကိုယ့်လင်သားနှင့် အတူနေရသည်ကို
ဘာဖြစ်၍များ ဒုက္ခဟူ၍ ဆိုပါသနည်း။
ထွေးသည် အညာကို ပြောင်းရွေ့ရကတည်းက ပျော်ပျော်ရွှင်ရွှင် ဖျတ်ဖျတ်လတ်လတ် ဖြစ်လာပေသည်။ အမေနှင့်နေစဉ်က မီးဖိုမ၀င်ခဲ့သော်လည်း ယခုတော့ မောင်ကြိုက်တတ်သောဟင်းလေးများကို ကြိုးစား၍ ချက်ကြည့်ရသည်။ အမေထည့်လိုက်သော ထမင်းချက် ဟန်ကျပန်ကျ ချက်သည်ကို သူက သဘောမကျနိုင်ပေ။
မောင်သည် မနက် ရုံးမသွားခင်ကပင် ငါးမြင်းရင်းငါးပိကို မကျည်းသီးစိမ်းတောင့်နှင့် ဆီပြန်ချက်၍ စားချင်သည်ဟု ပြောခဲ့သည်။ မောင်က အညာသားမို့ အညာလက်ရာမှ စားချင်သည်ဆို၍ အညာငါးပိချက်ဟန်ကို မောင့်ထံက မေး၍ ထားလိုက်ရသေးသည်။

ထမင်းချက် မနန်းခါက အညာငါးပိကောင်းကောင်းချက်တတ်သည် ဆိုသည်ကိုပင် သူက ချက်ခွင့်မပေးခဲ့။
” မောင်ကမှာခဲ့တယ်။ မကျည်းသီးအစိမ်းကိုအရင်ပြုတ်ရမတဲ့ ” ပါးစပ်ကလည်း ပြောသေး၏။ သူကိုယ်တိုင် မကျည်းသီး အစိမ်းကိုပြုတ်၏။ မနန်းခါ ငရုတ်သီးထောင်းနေဆဲ ငါးမြင်းရင်းငါးပိကို သူကတစ်၏။ ရေစင်စင်ဆေးပြီးမှ တစ်ရမည်ကို ရုတ်တရက်မေ့သွားသောကြောင့် တစ်ပြီးမှ ငါးပိကိုရေဆေးမိသည်။ ရေများ၀င်သွားသောကြောင့် ငါးပိအရသာများ ပျက်သွားလေမလား၊ စိတ်ကလည်း စိုးရိမ်မိသေးသည်။
ငါးပိချက်အိုး ဆီပြန်တော့မှ ငရုတ်သီးအစိမ်းတောင့်ကို အညှာခြွေ၍ ထည့်လိုက်သည်။ ချခါနီးတွင် နံနံပင်ကိုလည်း အုပ်လိုက်ရသေးသည်။ မနန်းခါမှာ မီးသွေးတစ်ဖိုနှင့် ဟင်းချို၊ ကြက်သားဟင်း ၊ ငါးဖယ်သုပ် အတွက် ကြက်သွန်ဆီသတ်များ လုပ်နေစဉ်အတောအတွင်း ထွေးသည် ငါးပိချက်တစ်အိုးနှင့် အချိန်ကုန်တော့သည်။

“၁၁ နာရီထိုးဖို့ ၅ မိနစ်အလိုကျရင် အဲဒီအိုးတွေ အကုန်ပြန်နွေးနော်၊ မမ ရေချိုးဦးမယ် ”
မနန်းခါကို မှာခဲ့၍ ရေချိုးခန်းသို့ ပြေးခဲ့သည်။ မောင် ဟင်းအထူးမှာသောနေ့တွင် ဟင်းချက်ရသည်ကို ထွေးကပို၍ ပျော်သည်။ မောင့် ဟင်းအထူးဆိုသည်မှာလည်း အညာငါးပိချက် ၊ ကြာဇံချက် ၊ မကျည်းရွက်ကြော်နှင့် မှိုဟင်းများသာ ဖြစ်လေ့ဖြစ်ထ ရှိပေသည်။

ဗိုလ်ကတော်အချင်းချင်း တွေ့ဆုံလျှင် ဟင်းချက်နည်းနှင့် ဟင်းစပ်ကို ထွေးက ကောက်ကာငင်ကာ မေးတတ်၏။ အိမ်ပြန်ရောက်လျှင် ချက်၍ ကြည့်ရသေးသည်။
နေ့လည်ထမင်းစားပွဲတွင် မောင်က မန်ကျည်းသီးစိမ်းနှင့် ငါးမြင်းရင်းငါးပိချက်ကို ချီးမွမ်းမဆုံး ဖြစ်နေသောအခါ ထွေးသည် မျက်နှာမထားတတ်အောင် ပျော်ရွှင်၍ သွားတော့သည်။
အမေနှင့်နေစဉ်က မှိုချက်သောနေ့တွင် မှိုထဲသို့ ကန်စွန်းရွက် နည်းနည်းဖဲ့ထည့်၍ ချက်သည်ကို တွေ့ခဲ့ရသည်။ မောင်ကတော့ မှိုဟင်းတွင် ငရုတ်သီးစိမ်း လေးငါးတောင့် ထည့်ချက်မှ ကြိုက်ပေသည်။ ထွေးသည် ငရုတ်သီးဆိုလျှင် ဘာငရုတ်သီးမှ မကြိုက်သော်လည်း မောင်စားမည်ဆိုတော့ အတူလိုက်၍ စားခဲ့သည်။
ညနေ တင်းနစ်ရိုက်သွားမည်ဆိုလျှင် ဖိနပ်ဖြူ၊ ဘောင်းဘီတိုနှင့် ချွေးစုပ်မည့် အင်္ကျီလက်တိုတို့ကို အဆင်သင့် ထုတ်ထားရသေးသည်။ မနေ့က တင်းနစ်ရိုက်နေစဉ်တွင် မောင်စီးသွားသော ခြေအိတ်မှာ ‘နောက်ပိုး’ ခေါ် မြက်မွှားလေးများကပ်နေ၍ တစ်ခုစီ ဖြုတ်နေရသည်။ ထွေးကသာ စိတ်ရှည်လက်ရှည် ဖြုတ်မပေးလျှင် နန်းခါသည် ဒီအတိုင်းပင် လျှော်ပစ်လိုက်မည် ဖြစ်သည်။ ရေနှင့်ထိသွားသော်လည်း နောက်ပိုးများက ကပ်မြဲကပ်နေ၍ မောင့်ခြေထောက်ကို စူးမှာကို စိုးရိမ်ရသေးသည်။

မောင် တင်းနစ်ရိုက် ထွက်သွားပြန်လျှင် မနက်ရုံးတက် စီးရန်အတွက် ဖိနပ်အညိုကို ပြောင်အောင် တိုက်ရသေးသည်။ ဂွမ်းဖတ်ကို ရေနှင့်ထိလိုက် ၊ ဖိနပ်ဦးကို ပွတ်လိုက် ၊ ဆေးနှင့် တစ်လှည့်တို့၍ တစ်ဖန်ပြန်တိုက်နှင့် ဖိနပ်ဦးမှာ ၀င်း၀င်းလက်လက် စိုလာမှ လက်ကချတော့သည်။
နန်းခါတိုက်လျှင် ဆေးနည်းသောကြောင့် ဖိနပ်သည် အက်၍ အက်၍ လာတတ်သည်။
အမေနှင့် နေစဉ်က ခပ်အေးအေးနေသော မမကို နန်းခါက အံ့သြ၍ နေပေသည်။

ဟိုတုန်းကဆိုလျှင် တစ်လမှာ ရက်ပေါင်း (၃၀)လောက် ထွေးသည် အိပ်ရာပေါ်တွင် မူးချင်လည်း မူးနေမည်။ ဖျားချင်လည်း ဖျားနေမည် ဖြစ်သည်။
ယခုတော့ ထွေးသည် သီချင်းလေးတအေးအေးနှင့် ဖြစ်သည်။ ညဘက် မောင်စာကြည့်ချိန်တွင် မနန်းခါသည် အိပ်ရာများကို လှည်းကာ ပြင်ဆင်ရ၏။ ထွေးက အိပ်ရာ၀င်ခါနီး မောင်သောက်တတ်သော ကော်ဖီကျကျကို ကိုယ်တိုင်ဖျော်သည် ။
ယခုလို ခွဲခွာ၍နေသော အချိန်တွင်မူ စားချိန်တိုင်လည်း ထွေးလို ဖွယ်ဖွယ်ရာရာ ဘယ်သူကများ မောင့်ကို ချက်ပြုတ်ကျွေးမွေးပါလိမ့်။

“မိုးကြောင့် အေးသည်ဖြစ်စေ ၊ ဆောင်းဒဏ်ကြောင့်ပင် အေးသည်ဖြစ်စေ မောင်ရေချိုးချိန်တွင် ဘယ်သူကများ မောင့်အတွက် ရေနွေးတည်ပေးပါလိမ့်။ ”
ထွေးသည် ငြိမ်ငြိမ်ထိုင်တွေး၍မရ။ နှုတ်မှမထွက်သော်လည်း သူ့ရင်ခွင်ထဲမှစကားများ ဗြောင်းဆန်အောင် ပြောလာကြသည်။
”မောင်က အိပ်ခါနီးရင် ကော်ဖီပူပူသောက်ရမှ၊ သူ့ကိုဘယ်သူလုပ်ပေးမလဲ၊ ရုံးဆင်းချိန်နဲ့ အိပ်ချိန်ကြားမှာ သူ ဘာတွေများ လုပ်နေမလဲ၊ အရင်က အရက်မသောက်၊ ဖဲမရိုက်တတ်ပေမယ့် ခုအားလပ်ချိန်တွေကို ဖြုန်းရအောင် အရက်တွေများ သောက်နေမှဖြင့်…၊ ပြီးတော့ နေရတော့ကလည်း မက်(Mass )မှာ…”

ထွေးသည် ထိုင်ရာမှာ ငေါက်ခနဲထကာ အိပ်ရာဘေး စားပွဲပေါ်ရှိ ယပ်တောင်တစ်ခုကို ကောက်၍ ယူလိုက်သည်။ ၀မ်းတွင်းအပူကြောင့် စို့လာသော နဖူးမှ ချွေးများကို ခြောက်လိုခြောက်ငြား ယပ်တောင်နှင့် တဖျတ်ဖျတ်ခတ်လိုက်၏။ ရင်ထဲမှာ တစ်ဆို့ဆို့ ဝေဒနာက ဖြစ်လာလိုက်သေးသည်။

”အစားအသောက်ကို ဂရုတစိုက် လုပ်ပေးသူမရှိ၍ ၀မ်းမှကောင်းပါ့မလား၊ ညအိပ်ချိန်တွင် ခြုံစောင်က အမြဲအလိုလို ကွာတတ်သည်။ ထွေးက ညတိုင်းလိုလို စောင်ကို ထွေးထွေးနွေးနွေး လုပ်ပေးရ၏။ ခုနေ ရင်ဘတ်များ အအေးမိမှဖြင့် မိုးဦးတွင်း ဖျားနေမည်လား”
”ဖျားနေရင်တော့ သူ ဆေးရုံတက်ရမှာပဲ၊ ဆေးရုံးမတက်လို့ ဘယ်သူက သူ့ကို ပြုစုမလဲ၊ ဆေးရုံရောက်တော့ သူနာပြုဆရာမလေးတွေက အပြုစုကကောင်းသနဲ့၊ ပြီးတော့ သူတို့က ငယ်ငယ်ကလေးတွေ၊ ဟင်း …ယောက်ျားဆိုတာက ပြုစုယုယကောင်းတာကို သာယာတတ်တာ၊ အမယ်လေး … ဆရာမတစ်ယောက်ယောက်နဲ့များ မတော်တဆ ညားမှဖြင့် ဘုရား…ဘုရား ”
ထွေးသည် ထိုင်ရာမှ ဘုန်းဆိုအိပ်ရာပေါ် ပစ်လှဲလိုက်ပြန်သည်။ ယပ်တောင်သည် စက္ကူများ ကွာထွက်မတတ် ပြင်းပြင်းထန်ထန် လှုပ်ရှားလာသည်။ ချွေးများသည် စို့ရာမှ နဖူးပြင်သို့ စီးကျသည်။ ရင်ထဲက ဆို့နစ်နစ်ဖြစ်နေခြင်းမှာ မပျောက်တော့ဘဲ ကျပ်သလို ဖြစ်လာသည်။ အပြင်တွင် မိုးစိမ့်စိမ့် ရွာနေပါလျက်နှင့် ဘာကြောင့်များ သူ့တွင် ချွေးပြန်နေပါလိမ့်။
ထွေးသည် ခေါင်းအုံးအောက်မှ လက်ကိုင်ပဝါကို ဆွဲယူကာ ချွေးများကို သုတ်လိုက်သည်။ ယပ်တောင်ကို အသာချ၍ အိပ်ရာမှ ထလိုက်ပြန်သည်။ ဘုရားခန်းရှိရာသို့ ခပ်မြန်မြန်ပင် လျှောက်သွားကာ ပဝါဖြူကို စုံချ၍ ဘုရားရှိခိုး၏။ စိတ်က တည်တည်ငြိမ်ငြိမ် မဖြစ်နိုင်သေးပေ။ မောင့်အတွက် မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်ရာတွင် အသံမှာ ကတုန်ကယင်နှင့် တစ်ခါတစ်ခါဆိုရင်းက နောက်အပိုဒ်ကို မေ့၍ သွားပြန်သည်။
ဘုရားရှစ်ခိုးကို အရှည်ကြီး ရွတ်ဖတ်၍ မရတော့ပြီ။ ဘုရားခန်းမှခွာ၍ ၀ရန်တာသို့ ထွက်လာခဲ့သည်။ မိုးသားများအောက်တွင် လရောင်သည် မြေပြင်ပေါ်သို့ ကျ၍ နေလေသည်။
မိုးဦးလေသည် တစိမ့်စိမ့် တိုက်ခတ်ရာမှ ပုန်းညက်ပန်းရနံ့ကို သယ်ယူ၍ လာခဲ့၏။ အမှန်တော့ ညဉ့်အခင်းသည် သာသောင့်သာယာပင် ရှိ၏။ ထွေး၏ မျက်လုံးတွင် လရောင်ခြည်၏ အလှအပကို မမြင်၊ ပန်းရနံ့တို့သည်လည်း မမွှေးတော့ပါလားတကား။ မောင့်ထံမှ စာလာချိန်များလည်း တဖြည်းဖြည်း ဝေးဝေးလာခဲ့သည်မှာ ရိုးမှ ရိုးပါ့မလား။
အညာက အဘွားကလည်း သတိပေးဖူးသည်။ စစ်ဗိုလ်ငယ်ငယ်ရွယ်ရွယ်ဆိုရင် မောင်သွားသော အရပ်က စျေးကောင်းပေးသည် ဆိုသည်။ မောင်ကလည်း စစ်ဗိုလ်ဖြစ်စ ငယ်ငယ်ရွယ်ရွယ်၊ တစ်ခုခုတော့ တစ်ခုခုပေပဲ။
မောင့်စာထဲတွင် မောင်နှင့်တစ်ခါက အလွန်ရင်းနှီးခဲ့သည် ဆိုသော ခင်မမ သူ့ထံသို့ လာရောက်လည်ပတ်ကြောင်းလည်း ပါခဲ့သေးသည်။

”ကဲ … မောင်က နေ့လယ်စာ စားချိန် ခင်မမက ပေါင်မုန့်ကို ထောပတ်တွေ ဘာတွေသုတ်၊ ကြက်ဥကြော်တွေ ဘာတွေနဲ့ နေ့လယ်စာစားဖို့ လာပို့ပါပြီတဲ့ ဘယ့်နှယ်လုပ်ပါ့၊ သူကလည်း စားချင်မှာပေါ့၊ ယောကျာ်းတစ်ယောက်ကို နှစ်သက်စွဲလမ်းစေချင်ရင် အစားကောင်းကောင်း ချက်ပြုတ်ကျွေးရမတဲ့၊ စကားလည်းရှိသားပဲ၊ ဒီလိုနဲ့ တဖြည်းဖြည်း သာယာလာရော၊ ညနေတိုင်းဆို တင်းနစ်သွားရိုက်ချင်ရိုက် ၊ မရိုက်ချင်ရင် လမ်းတွဲလျှောက်မှာ၊ ကြာတော့ ခင်မမက အပိုင်စီးလိုက်ရင် …”

ထွေးသည် ငိုချင်သလိုလို ဖြစ်လာသည်။ သူက ကြားဖူးသည့် ပုံပြင်များမှာ များနေ၍ စိုးရိမ်စိတ်က များလှသည်။ သူတို့နှစ်ယောက်မှာ ငယ်ရွယ်သူများသာတည်း။ လက်ထပ်ထားသည်မှာလည်း (၃)နှစ်မျှပင် မပြည့်တတ်သေး။
သားသမီးများ တွဲတည့်တွဲပိုးနှင့် ဗိုလ်ကြီးကျော့မောင်ပင် ခုလို ခေတ္တခွဲခွာနေရင်းက မိန်းကလေးတစ်ယောက်နောက်ကို ပါ၍သွားသေးသည်။ ဗိုလ်ကျော့မောင်၏ ဇနီးရှိုက်ကြီးတငင် ငိုစဉ်ကများ ထွေးက ရော၍ ငိုရသေးသည်။
ခုတော့ ဗိုလ်ကြီးမှာ စစ်တပ်ထဲကပင် ထွက်၍ သွားပေပြီ။ ဒီလို အဖြစ်တွေက သူ့တွင်ရော ဖြစ်မလာနိုင်ပေဘူးလား။
သားသမီးသံယောဇဉ် ရှိလျက်နှင့်တောင် မငဲ့ကွက်ပါလျှင် သူ့လိုလုံးချင်းကို မောင်တွယ်တာသော သံယောဇဉ်သည် မည်မျှခိုင်မာပါမည်နည်း။ စိတ်မှာ ပို၍ပို၍ ရှုပ်လာသည်။ ဘယ်တော့ ပြန်လာမည်ကိုလည်း မသိ။ ဘာကြောင့် ကြာသည်ကိုလည်း မတွေးတတ်။
အမေ့ကို လွမ်းတုန်းက လွမ်းသည်ဆိုပေမယ့် စိတ်မှာ လှုပ်လှုပ်ရှားရှား မဖြစ်လှပေ။
စိတ်ငြိမ်အောင် အိပ်ခန်းတွင်းသို့ ပြန်၀င်ခဲ့၏။ စားပွဲပေါ်မှ စာအုပ်ကို လှမ်းဆွဲယူကာ ခုတင်ရှိရာသို့ လျှောက်လာသည်။ ခုတင်ပေါ်လှဲကာ စာအုပ်ကို အလယ်မှာ ဖွင့်၍ဖတ်လိုက်သောအခါ သူ့မျက်လုံးတို့သည် မမျှော်လင့်သော စာကြာင်းလေးများပေါ်သို့ ကျရောက်သွားသည်။

”ကဲ… ဆဂုဏ်ဝေ၊ ပြန့်ပွားချေ၍၊ ကြာလေသလော၊ သဘောအင်တူ၊ နောက်ပေါ်လူနှင့် ၊ မူယူဖောက်ပြန်၊ ရှိလိမ့်ဟန်ကို၊ ဖန်ဖန်လွမ်းဆွတ်၊ ယိုယွင်းချွတ်ခဲ့၊ နူးညွတ်ဖွယ်ရာ၊ ခုသန်ဝါကား၊ ခတ္တာဖြူဖွေး၊ မစဲသေးလျက်၊ ရောထွေးယှက်ကာ၊ ဘယ်ခြင်းရာကြောင့် ယင်းမာရွှေပန်း၊ ပွင့်စုံလန်းသည်၊ နေနိုင်သိဟ်နှင့် ကန်မှာသော်…”

ထွေးသည် စာအုပ်ကို အဝေးသို့ လွှင့်ချပစ်လိုက်၏။အမှန်တော့ ကဗျာစာပိုဒ်လေးသည် လှပ၍ သိမ်မွေ့သော စာပိုဒ်များသာတည်း။ ချစ်သောသူ၏ မသေချာလှသော အချစ်ကို ပန်းကလေးများနှင့် လည်းကောင်း ၊ နေမင်းနှင့်လည်းကောင်း နှိုင်းယှဉ်၍ ဖော်ပြထား၏။
ခုချိန်တွင် ခတ္တာပန်းတို့ မကျသေး၊ မတုံးသေးပါပဲလျက် ယင်းမာပန်းသည် ရောထွေးယှက်တင်၍ ဘာကြောင့်များ ၀င်ရောက်ပွင့်လာကြပါသနည်း။
ခေတ်စကားနှင့်ဆိုလျှင် ဇွတ်ထိုးဖောက်၀င်ရောက်လာသော အချစ်သစ်ကို ယင်းမာပန်းနှင့် တင်းစား၍ ဆိုလိုက်သည်။ ချစ်ဦးသူ ငုတ်တုတ်ရှိပါလျက်နှင့် အသစ်၀င်ရောက်လာပုံကို ပန်းပွင့်သလို ဖွဲ့နွဲ့လိုက်သည်။
နေမင်းသည်လည်း သိဟ်ရာသီတွင်ဖြစ်စေ၊ ကန်ရာသီတွင်ဖြစ်စေ ရှိသင့်ပါလျက် သိဟ်မှာလိုလို၊ ကန်လိုလိုနှင့် မပြတ်မသားဖြစ်နေဟန်ကို ချစ်သူ၏ စိတ်နှင့် နှိုင်းယှဉ်ထားခဲ့၏။ ကျောင်းတုန်းကဆိုလျှင် လက်ဝဲသုန္ဒရ ရတုများတွင် ထိုစာပိုဒ်ကို အကြိုက်နှစ်သက်ဆုံးသော ထွေးသည် ယခုတော့ စာအုပ်ကိုပင် အဝေးသို့ လွှင့်ပစ်လိုက်သည်တကား။

သူငယ်ချင်းငယ်ကောင်း၊ ယောင်းမတို့ရှင်၊ မိကိုလွမ်းလည်း သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့် သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့် ပြေဘူးငယ်ရှင့်၊ ဘကိုလွမ်းသည်၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့် ၊ ပြေဘူးငယ်ရှင့်။
မောင်ကလေး မောင့်ကိုလွမ်းတော့ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ မပြေပါလို၊ သောက်တော်ရေအိုး၊ ကျွမ်းထိုးကောက်နှယ်၊ အပျိုဖြူငယ် နှမမှာလေ၊ ကြုံရတယ်ရှင်။
ထိုအိုင်ချင်းကို သက္ကရာဇ် ၇၄၅ ခုနှစ်လောက်တွင် ရာဇာဓိရာဇ် ဒဂုံသို့ချီရာတွင် ရာဇာဓိရာဇ်ကြင်ရာတော် ရေးသည်ဟုဆိုသည်။ နှစ်ပေါင်းကား(၅၀၀) ကျော်ကြာမြင့်ခဲ့ပြီ။ ခေတ်သည်လည်း အင်း၀မှသည် ဟံသာ၀တီကို ဖြတ်ကျော်၍ ကုန်းဘောင်ဆက်ကိုပင် လွန်ခဲ့ပြီ။ ကျွန်သက် တစ်ရာကျော်ကိုလည်း ဖြတ်သန်း၍ လွတ်လပ်ရေးသက်ပင်(၁၀)နှစ်ကျော်ခဲ့ပြီတကား။
စစ်၏ အရှိန်ကြောင့် ရာဇာဓိရာဇ်ကြင်ရာတော်နှင့် ထွေးတို့၏ ခံစားရချက်ကား ဘာမျှခြားနားမှု မရှိပေ။ ။

#ခင်နှင်းယု
#crd