မောင်ရေခဲနှင့် အငှားခန္ဓာရှာသူ

မောင်ရေခဲနှင့် အငှားခန္ဓာရှာသူ(စ/ဆုံး)
———————————–
ညသည်ပိန်းပိတ်အောင်မှောင်မည်းနေပြီးလေနီကြမ်း၊မိုးကြမ်းတို့ကလည်း ကြမ်းတမ်းစွာတိုက်ခိုက်ရွာသွန်းနေသည်။ တန်ခူးလအကုန် ကဆုန်လအကူးမိုးဦးရာသီဖြစ်သောကြောင့် မိုးရွာတိုင်း မိုးကြိုးလျှပ်စီးတို့ကအုန်းခနဲဂျိမ်းခနဲဖြင့် ထင်တိုင်းကြဲနေတော့သည်။ ပိန်းပိတ်နေသောအမှောင်ထုမှာ လျှပ်စီးအရောင်တို့ကြောင့် တချက်တချက်ဝင်းခနဲဝင်းခနဲဖြစ်သွား၏။

ထိုအဖြစ်ကြောင့်လူသားတို့ကလည်းအိမ်တံခါးကိုတင်းကြပ်စွာပိတ်ကြကာ ဆီမီးအိမ်ကိုမှိတ်ပြီး အိပ်ယာဝင်ကြ၏။ လျှပ်စီးမိုးကြိုးသံကြောင့် ကလေးတို့လန့်ဖျတ်သွားကြပြီး တချက်တချက်ငိုယိုနေကြသည်။ ထိုကဲ့သို့မိုးသည်းလေသည်း သည့်ညတစ်ည၌ လူနှစ်ယောက်သည်မှိန်ပျပျလင်းနေသော မီးအိမ်ကိုလက်၌ဆွဲယူကာ ထိုမီးအိမ်၏အလင်းရောင်ကိုအားပြုပြီး မိုးသည်းလေသည်းထဲ၌သွားလာလှုပ်ရှားနေကြသည်။
ထိုကဲ့သို့သောည၌တခြားလူများအဖို့ အသည်းခိုက်အောင်ချမ်းနေသော်လည်း ထိုလူနှစ်ယောက်၌မူရင်ထဲရှိအပူလုံးကြီးကြောင့် အအေးဒဏ်ကိုမမှုနိူင်ချေ။ ခရီးပန်းတိုင်ရောက်ဖို့သာ စိတ်လောနေကြသည်။

” ဝေါ….ဝေါ…ဝေါ…”

” ဂျိန်း….ဒလိန်း…. ဂျိန်း…”

” ဟာ…ဒီမိုးကြမ်းလေကြမ်းကတမျိုးကွာ…ဒီမှာအမေ့ကိုစိတ်ပူနေရတဲ့ကြားထဲ…”

” မီးအိမ်ကိုရေမစိုစေနဲ့သာလှ….လာ..တို့တွေခပ်သွက်သွက်သွားကြရအောင်….ဒါမှအမေ့အသက်ကိုကယ်နိူင်မှာ….”

မိုးရေထဲ၌လူနှစ်ယောက်သည် မိုးသံလေသံကြား၌ထိုသို့စကားဆိုရင်း ခပ်သွက်သွက်လျှောက်လာခဲ့ကြသည်။ မိုးထဲရေထဲလမ်းလျှောက်ပြီးနောက်တစ်နာရီအကြာ၌ တဖက်ရွာထိပ်သို့ရောက်လာခဲ့သည်။

” ကိုကြီး…ဒီအချိန်ကြီးဆရာကြီးအိပ်ယာဝင်နေလောက်ပြီနော်….အဲလို့ဆိုဘယ်လိုလုပ်ကြမလဲ….”

” အချိန်ကအစောပိုင်းဘဲရှိလောက်ပါသေးတယ်…မိုးတွေလေတွေသည်းနေလို့သာ ပိုမှောင်တယ်ထင်ရတာ….”

စကားပြောဆိုကြရင်း ရွာထဲသို့ဝင်လာခဲ့ကြပြီး နှစ်ထပ်ခြေတံရှည်အိမ်ရှေ့သို့ရောက်လာလျှင်ရပ်လိုက်ကြသည်။

” ဒီအိမ်ဘဲ….အဘကသေချာမှာလိုက်တယ်ဆရာကိုရအောင်ပင့်ခေါ်ခဲ့တဲ့….”

” အေးပါကွာ…. လာငါတို့ခြံထဲဝင်ပြီးဆရာ့ကိုခေါ်နိူးကြမယ်….”

ထို့နောက်နှစ်ယောက်သား ခြံဝန်းကျယ်ကြီးထဲသို့ဝင်ပြီး အိမ်ရှင်ကိုခေါ်နိူးကြ၏။ မိုးသံလေသံတဝေါဝေါကြောင့် သူတို့၏ခေါ်နိူးသံမှာလေသံတို့နှင့်ရောယောင်၍ပျောက်သွားကုန်၏။

” ဗျို့…ဆရာထူး…ဆရာထူး….အိမ်ပြီလားခင်ဗျ….ကျွန်တော်တို့ဆရာ့ကိုလာပင့်ကြတာပါ….”

” ဗျို့…ဆရာထူးရေ…ဆရာထူး….ထပါဦးဗျ….”

” ဝုန်း….ဝေါ…ဝေါ….”

” ဂလုန်း…ဂလွမ်း….”

” ဂျိန်း….ဂျိန်း….ဂျိန်း… ”

လေနီကြမ်းကြီးတချက်အတိုက်တွင် အိမ်နံဘေးရှိရေတွင်းပေါ်မှ သောက်ရေခွက်သည် လေကြောင့်ဂလုန်းဂလွမ်းအသံမြည်ကာလွှင့်ထွက်သွား၏။ လျှပ်စီးမိုးကြိုးတို့ကလည်းတအုန်းအုန်းတဒိုင်းဒိုင်းဖြင့် မြည်နေတော့၏။

” ဗျို့…ဆရာထူးရေ…ဆရာထူး…ကျွန်တော်တို့ဆရာအပင့်လာတာပါဗျ….ထပါဦးဗျ….”

အတော်အတန်ကြာသည်အထိ ခေါ်နိူးမှအိမ်ထဲ၌ စကားပြောသံကြားရပြီး တဆက်တည်းမီးရောင်ဖျော့ဖျော့ကိုပါမြင်လိုက်ရသဖြင့် အိမ်ရှင်နိူးပြီဖြစ်မှန်းသိလိုက်၏။ ခဏ၌အိမ်အပေါ်ထပ်မှတံခါးပွင့်သွားပြီး မီးအိမ်ကိုင်ထားသောလူကြီးတစ်ယောက်ဆင်းလာခဲ့သည်။

” ညကြီးမင်းကြီး ကိစ္စရှိလို့လားငါ့တူတို့….”

” ကျွန်တော်တို့မိခင်ကြီးနေမကောင်းလို့ဆရာလာပင့်တာပါဗျ….”

” ဪအေးအေး….နှစ်ယောက်စလုံးမိုးရေတွေစိုရွှဲနေလို့ပါလား အထဲဝင်ပြီးအဝတ်ခြောက်အောင်လုပ်ကြအုံးပေါ့….”

” ရတယ်ဆရာမဝင်တော့ဘူး….အိမ်မှာမိခင်ကြီးအသည်းအသန်ဖြစ်နေလို့ဗျ….”

” အေးအေး…အဲဆိုခဏစောင့်ဆရာလိုအပ်တာသွားယူလိုက်ဦးမယ်….”

ဆရာဦးသာထူးကထိုသို့ပြောပြီး အိမ်အပေါ်ထပ်သို့ပြန်တက်သွားပြီး ခဏ၌လွယ်အိတ်တစ်လုံးနှင့်တောင်ဝှေးတစ်ချောင်းပါလာ၏။

” သွားရအောင်တူကြီးတို့….”

” ရှေ့ကကြွပါဆရာ….”

မိုးထဲလေထဲ၌သူတို့သုံးယောက်ရွာအပြန်ခရီးဆက်ကြပြန်သည်။ အချိန်အတော်ကြာသွားပြီးသည့်နောက်နေအိမ်သို့ပြန်လည်ရောက်ရှိလာ၏။ မိခင်ကြီးမှာအိပ်ယာထက်မှငြိမ်သက်စွာလှဲလျောင်းနေရာ ခဏ၌ထလာပြီး

” ကျုပ်အိမ်ကိုဘာလာလုပ်တာလဲအဖိုးကြီး….”

” ဟင်….”

” အမေ…ဆရာ့ကိုဘယ်လိုပြောလိုက်တာလဲဗျာ…အားနာစရာကြီး….”

ခရီးရောက်မဆိုက်ဒေါ်လှတင်၏စကားကြောင့် သားနှစ်ယောက်မှာဆရာထူးအား အားတုံ့အားနာဖြစ်သွားရသည်။ သို့သော်ဆရာကား အိဒြေ္နမပျက်ဘဲ အိမ်ထဲသို့တည်ငြိမ်စွာဝင်သွား၏။

” ဆရာ…ဒီဘက်ကြွပါဗျာ….ဒီအချိန်ကြီးနှောင့်ယှက်မိလို့အားနာပါရဲ့ဗျာ….”

လူနာ၏ခင်ပွန်းကဆရာထူးအား နေရာချပေး၏။ ဆရာထူးလည်းအိမ်ထဲသို့ဝင်သွားလိုင်၏။ လူနာကား ဆရာထူးကိုကြည့်ပြီး ရှူးရှူးရှဲရှဲဖြစ်နေ၏။ ဆရာထူးကအရှေ့ဘက်ကိုပြန်လှည့်လာရင်း

” ကိစ္စမရှိပါဘူးဗျာ….အရေးကြုံလို့လာပင့်တာဘဲ….”

” ကျေးဇူးတင်ပါတယ်ဗျာ….ကျုပ်ဇနီးကိုကုပေးပါဦး….တစ်ညလုံးဗိုက်အောင့်တယ်ဆိုပြီး လူးလွန့်နေတာဗျ…ကျုပ်လည်းတတ်သမျှမှတ်သမျှဆေးတွေတိုက်နေတာ သက်သာမလာဘူးဗျ….အဲဒါနဲ့ဘဲသားကြီးနှစ်ယောက်ကိုလွှတ်ပြီးဆရာ့ကိုပင့်ခိုင်းရတာပါဘဲ….”

” ဆရာ…ဆရာနဲ့.. ဘာဆရာလဲ…ဟားဟားဟား….ပညာလေးမတောက်တခေါက်နဲ့များ….”

” ဟင်…လှတင်….ဆရာ့ကိုမင်းဘယ်လိုပြောလိုက်တာလဲ…အားနာစရာဖြစ်နေပြီ….”

” ဘာမှအားနာစရာမလိုဘူး…သူ့ပညာအဆင့်လောက်နဲ့ငါ့ကိုနိုင်မယ်များထင်နေတာလား….”

” ဟာ….မင်း…မင်း….တောင်းပန်ပါတယ်ဆရာရယ်….တစ်ညလုံးဗိုက်အောင့်တယ်ပြောပြီးလူးလွန့်နေတာ…စောစောကမှအိပ်ပျော်သွားတာ….ခုမှနိုးလာတာဗျ….”

” ထားလိုက်တော့ကိုမုန်း… ဒါခင်ဗျားဇနီးပြောနေတာမဟုတ်ဘူးဗျ….တခြားတစ်ယောက်ကကျူပ်ကိုစိန်ခေါ်နေတာဗျ….မင်း….ပညာတွေအရမ်းထက်နေတယ်ဆိုရင် ငါ့ရှေ့မှာလာထိုင်ပြီးငါနဲ့ရင်ဆိုင်လိုက်စမ်း….”

” ဟားဟားဟား….ဟားဟားဟား…..နင်ခေါ်တိုင်းလာရအောင်ငါကနင့်မယားမဟုတ်ဘူးဟဲ့….”

ဒေါ်လှတင်ကထိုသို့ပြောပြီး ဆရာထူးကိုမျက်ထောင့်နီကြီးဖြင့်လှမ်းကြည့်နေ၏။

” ရတယ်လေ…နင်အဲဒီမှာဆက်ပြီးနေနိူင်သေးလားဆိုတာ ကြည့်ရသေးတာပေါ့….”

ဟုပြောပြီးဆရာထူးက နဂါးခေါင်းတောင်ဝှေးကိုဂါထာမန်းမုတ်ပြီး ကြမ်းပြင်အားသုံးချက်ရိုက်လိုက်၏။

” ဘုန်း…ဘုန်း….ဘုန်း….”

” ဟာ…နဂါးတွေ….နဂါးတွေ…သွားစမ်း….သွားကြစမ်းဟဲ့….”

ဆရာထူးကကြမ်းပြင်ကိုတောင်ဝှေးဖြင့်ရိုက်လိုက်သည်နှင့် အိမ်ယာထက်မှထိုင်နေသောဒေါ်လှတင်သည် အိမ်ယာခင်းနှင့်စောင်တို့အားတခြားနေရာသို့လွှင့်ပစ်လိုက်၏။

” ဒီနေရာကိုလာမှာလားမလာဘူးလားပြော….မလာရင်နဂါးမီးနှင့် မီးလောင်တိုက်သွင်းပစ်လို့နေရာမှာဘဲပြာကျသွားမယ်မှတ်….”

” လုပ်ရဲရင်လုပ်ကြည့်လေ…နင့်နဂါးလောက်တော့ငါကမမှုဘူးဟေ့….ဟားဟားဟား….”

” ရတယ်လေ…သေစမ်း….ငါ့ကိုအာခံတဲ့ကောင်မ….”

ဆရာထူးကထိုသို့ပြောပြီး တောင်ဝှေးကိုကိုင်ကာ မန္တာန်တစ်ပုဒ်ထပ်မံရွတ်ဆိုပြန်၏။

” အား…ပူတယ်…ပူတယ်….”

” လာစမ်းဒီကို…ဒီထက်မနာချင်ရင်ဒီကိုလာခဲ့စမ်း….”

” ဟင်း….ဟင်း…ငါနင့်ကိုပါသတ်မယ်ဟဲ့အကောင်ရဲ့….”

” ဝုန်း…..”

ဒေါ်လှတင်ကပြောပြောဆိုဆိုဝုန်းခနဲ ထရပ်လိုက်၏။ သူမ၏ပုံစံမှာ အဝတ်အစားဖရိုဖရဲရှိလှပြီး ဆံပင်မှာလည်းဖားလျားဖြန့်ချထား၏။ ထို့နောက်ဆရာထူး၏ရှေ့သို့လာထိုင်ရန် ခြေကိုတဒုန်းဒုန်းဆောင့်လျက်နှေးကွေးစွာလာနေ၏။

” လာလေ….ဘာလုပ်နေတာလဲ…လာစမ်းအရှေ့ကို….”

” လာနေတယ်လေ…နင်မတွေ့ဘူးလား….”

” ဝုန်း….”

ဆရာထူး၏အရှေ့သို့မရောက်မှီလေးငါးလျမ်းအလိုတွင်ဝုန်းခနဲထိုင်ချလိုက်ပြန်၏။

” အဲဒီမှာထိုင်ခိုင်းတာမဟုတ်ဘူး….ရှေ့တိုးထိုင်စမ်း….”

” ငါ့ကိုခေါ်နိူင်တယ်ဆိုပြီး ဘဝင်မြင့်မနေနဲ့….ငါကြိုက်တဲ့နေရာငါထိုင်မယ်…ဘာဖြစ်လဲ…ဟင်းဟင်း….”

” ခေါင်းမာနေတယ်ပေါ့….တိုးထိုင်စမ်းအရှေ့ကို….”

” မထိုင်ဘူး….ငါကြိုက်တဲ့နေရာငါထိုင်မယ်….နင်ကြိုက်သလိုခေါ်စမ်း….”

” ကောင်မ… ငါ့ကိုများအာခံရဲရတယ်လို့…ကဲကွာ….ကဲကွာ….”

ဆိုပြီးဆရာထူးက သောက်တော်ရေခွက်ထဲမှရေစင်ဖြင့် ဒေါ်လှတင်အားတောက်လိုက်၏။

” အား….ပူတယ်အကောင်ရဲ့….နင့်ကိုယ်နင်ဟုတ်လှပြီထင်နေတာလား….ဆယ်နှစ်ကြိုးမယ်ခတဲ့ဟေ့… ”

” ဝုန်း….”

ဒေါ်လှတင်ကထိုသို့ပြောပြီးထခုန်လိုက်ရာ
ထဘီအမဲရောင်ကိုရင်လျားဝတ်ထားသောမိန်းမကြီးတစ်ယောက်ဖြစ်သွား၏။ ထိုမိန်းမကြီးသည်ခါးထောက်လျှက်

” ဘယ်လိုလဲမောင်ထူး….ငါ့နာမည်ငါ့ဂုဏ်သတင်းကိုနင်မကြားဖူးဘူးလားအေ့….နင့်အဆင့်လောက်နဲ့ငါ့ကိုလာမစိန်ခေါ်နဲ့ဟဲ့….နင့်ခန္ဓာနဲ့အသက်အိုးစားကွဲသွားမယ်….”

” ဒီမှာအဖွားကြီး…နင့်ဟာနင်ဘာကြီးဘဲဖြစ်နေဖြစ်နေ….လူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ဖို့ငါ့မှာတာဝန်ရှိတယ်….ခုချက်ချင်း နင်ပြုစားထားတဲ့လူနာကိုအကောင်းအတိုင်းပြန်လုပ်ပေးလိုက်စမ်း….”

” ဟင်း…ဟားဟားဟား….ငါ့အသက်တစ်ရာကျော်နေပြီ…. နင့်လိုပညာမတောက်တစ်ခေါက်နဲ့ငါ့ကိုအာခံရဲတာ ခုမှငါတွေ့ဖူးတော့တယ်….ကြိုက်တယ်ဟေ့…ဒီနယ်တကြောမှာမယ်ခကိုပြိုင်ရဲတဲ့ဆရာပေါ်လာပြီပေါ့… ”

ဆရာထူးမှာကြမ်းတမ်းသောပရောဂများကိုကုသဖူးသော်လည်း အောက်ခြေအဆင့်စုန်းများကိုသာတွေ့ဖူး၏။ ယခုပရောဂမူကား စုန်းတို့ထက်များစွာအဆင့်မြင့်သော ဆယ့်နှစ်ကြိုးကဝေဖြစ်နေသဖြင့် စိတ်ထဲ၌အနည်းငယ်လန့်မိ၏။ သို့သော်မိမိ၏ဂုဏ်သိက္ခာကိုလည်းအစော်ကားမခံနိူင်သဖြင့် ပညာကုန်သုံးရန်အားခဲထားလိုက်၏။

” ဒီမှာအဖွားကြီး …ကျုပ်အသာတကြည်ပြောနေတာလက်ခံလိုက်စမ်း….မဟုတ်လို့ကတော့နဂါးအာခံတွင်းမီးနဲ့မြိုက်ခိုင်းလိုက်လို့ပြာကျသွားမယ်….”

” ဟားဟားဟား….လုပ်လေ…လုပ်လိုက်စမ်းပါ…”

ထိုမိန်းမကြီးမှာခေါင်းမော့ရင်ကော့ပြီး တဟားဟားအော်ဟစ်ရယ်မောနေ၏။ ဆရာထူး၏စိတ်ထဲ၌လည်း တွေ့ကြသေးတာပေါ့ဟု တွေးကာ နဂါးတောင်ဝှေးကို ဂါထာဖြင့်ထပ်မံမန်းမှုတ်လိုက်ပြန်၏။ အဖွားကြီးလည်းမန္တာန်တစ်ပုဒ်ကိုတီးတိုးရွတ်ဆိုလိုက်၏။ ခဏ၌ ဆရာထူးနှင့် ကဝေမယ်ခတို့အပြင်းအထန်ရင်ဆိုင်ကြလေ၏။ သာမာန်လူတို့အမြင်မှာဆရာထူးသည် တောင်ဝှေးကြီးအားကိုင်ပြီး ဂါထာရွတ်နေသကဲ့သို့ ဒေါ်လှတင်မှာလည်း ခါးထောက်ပြီး ပါးစပ်၌လှုပ်စိလှုပ်စိ ဖြစ်နေသည်ကိုသာမြင်တွေ့ရ၏။

ဆရာထူးကနဂါးတောင်ဝှေးကိုကိုင်ပြီးဂါထာဖြင့်မန်းမှုတ်လိုက်ရာနဂါးတောင်ဝှေးထဲမှမီးတောက်မီးလျှံကြီးသည်ထွက်လာခဲ့၏။ ထိုမီးတောက်မီးလျှံတို့သည် ထဘီရက်လျားထားသောမိန်းမကြီးအနားသို့အရှိန်အဟုန်ဖြင့်ရောက်လာခဲ့၏။ ထိုမိန်းမကြီးလည်း လက်ကိုဆန့်တန်းလိုက်ရာ တံတိုင်းသဖွယ်ရှိသောအရာသည်မီးတောက်ကြီးကိုကာထားလိုက်၏။

” သင်အာခံမနေနဲ့ ခုချက်ချင်းလူနာရဲ့ခန္ဓာထဲကနေထွက်သွားစမ်း….”

” ငါ့ကိုနိူင်အောင်တိုက်စမ်းပါ….မင်းလိုအောက်လမ်းဆရာကောင်က မဖြစ်စလောက်ပညာလေးနဲ့ငါ့ကိုအာခံရတယ်လို့…နင့်အသက်ကိုတကယ်မနှမြောတတ်ဘူးဘဲ…ခုချက်ချင်းငါ့ကိုတောင်းပန်ရင်နင့်အသက်ကိုငါကယ်ပေးမယ်….”

” ဒီမှာအဖွားကြီး….ငါကအောက်လမ်းပညာသည်ဆိုပေမဲ့ငါ့ပညာကိုကောင်းတဲ့ဘက်မှာဘဲသုံးတာ….ခင်ဗျားလိုမျိုးလူတွေကိုမတရားမနှိပ်စက်ဘူးနားလည်လား….”

” ငါကပညာသည်အချင်းချင်းမို့စာနာထောက်ထားပေးပေမဲ့လည်း မင်းကငါ့ကိုအန်တုချင်တယ်ဆိုတော့လည်း နင့်ပညာကိုငါဖျက်ဆီးပစ်ရတာပေါ့ငထူးရာ….နင့်ပညာတွေအကုန်ပေးစမ်း….”

ဒေါ်ခကထိုသို့ပြောပြီး လက်တစ်ဖက်ဖြင့်ရမ်းလိုက်ရာ ဆရာထူး၏လက်မှကိုင်ထားသောနဂါးတောင်ဝှေးသည် ထက်ပိုင်းကျိုးသွားတော့၏။

” အော့….ဝေါ့….”

တောင်ဝှေးကျိုးသွားပြီးဆရာထူးမှာ ဒူးထောက်ထိုင်ချလျက် ရင်ဘတ်ကိုဖိကာ သွေးများတဝေါ့ဝေါ့ထိုးအန်နေ၏။

” ဆရာထူး….ဆရာထူး….သတိထားပါဦးဗျ….”

” ကို…ကိုမုန်း….ခင်…ခင်ဗျား…မိန်း….မိန်းမကို….ကျုပ်မကယ်ပေးနိူင်တာခွင့်လွှတ်ပါဗျာ….”

” ဟာ….မဟုတ်တာဆရာရယ်….ဆရာလည်းတတ်နိူင်သလောက်ကယ်ခဲ့တာဘဲ….”

” ခုချိန်ထိဒီအိမ်ထဲကနေထွက်မသွားသေးဘူးလား…အကောင်ရဲ့…ထွက်သွားစမ်း….”

ဒေါ်လှတင်က ခါးထောက်ပြီးပြောလိုက်ရာ ဆရာထူးမှာ ဆေးလွယ်အိတ်ကိုပင်မယူတော့ဘဲ အိမ်ပေါ်မှအမြန်ဆင်းလာခဲ့၏။ မိုးကြီးလေကြီးမှာအငြိုးဖြင့် တိုက်ခတ်ရွာသွန်းနေဆဲပင်။ ဆရာထူးဆင်းသွားပြီးနောက်ဒေါ်လှတင်သည် ခင်ပွန်းဖြစ်သူဘက်သို့လှည့်ပြီး

” ဒီမှာမောင်မုန်း….ငါ့ကိုနှင်ဖို့ဆိုပြီး ဆရာတွေခေါ်မလာခဲ့နဲ့….ဒီနယ်တကြောမှာငါကခေါင်ဘဲ….အေးနင့်မိန်းမကငါ့အပေါ်မတရားလုပ်လို့ငါဒဏ်ခတ်တာ…မသေချင်ရင်ဝင်မပါနဲ့….”

ထိုသို့ပြောပြီး ဒေါ်လှတင်မှာခြေဆောင့်ကာ အိပ်ယာထဲပြန်ဝင်သွား၏။
ဒေါ်လှတင်နေမကောင်းဖြစ်နေသည်မှာတစ်လပင်ကျော်ခဲ့ပေပြီ။ နာလန်ထူခြင်းမရှိသေးချေ။ ဗိုက်အောင့်သည်ပြောပြီး အမြဲလိုလိုညည်းညူနေရ၏။ ထို့အတူခေါင်းမှဆံပင်တို့မှာလည်းအထွေးလိုက်ကျွတ်နေ၏။

” အမေ….အမေ့ရောဂါကိုဆေးရုံခေါ်ပြကြည့်ရင်ကောင်းမယ်ထင်တယ်နော်….”

” နေပါစေသမီးရယ်….အမေဘာမှမဖြစ်ပါဘူး….အပိုငွေတွေကုန်ကျခံမနေပါနဲ့အေ….”

” ငွေကပြန်ရှာလို့ရတယ်အမေရဲ့…အသက်တစ်ချောင်းကပြန်ရှာလို့မရဘူးလေ…”

” အမေနေလို့ထိုင်လို့မကောင်းဘူးအေ…ရင်မှာတစ်ခုခုခံနေသလိုဘဲ….”

” အန်ချလိုက်ပါလားအမေ…သက်သာလိုသက်သာငြားပေါ့….”

” မထူးပါဘူးအေ….အမေ့ကိုခေါင်းတုံးပေးစမ်းပါ….ဒီဆံပင်ကလည်းကျွတ်နေလိုက်တာကျန်တောင်မကျန်တော့ဘူး…”

” နောက်တော့ပြန်ပေါက်လာမှာပါအမေရဲ့….လာ…အမေ့ကိုသမီးဆန်ပြုတ်တိုက်မယ်….”

” မစားချင်ပါဘူးအေ….ဘာမှကိုမစားချင်ဘူး…အမေ့မျက်စိထဲအစားအသောက်တွေက မသတီစရာတွေချည်းဖြစ်နေတယ်…”

” ဟင်….”

ဒေါ်လှတင်၏စကားကြောင့်သမီးဖြစ်သူ၏လက်မှကိုင်ထားသောဆန်ပြုတ်ပန်းကန်မှာ လွှတ်ကျသွားတော့သည်။

” အမေရယ်….အမေပြောမှသမီးတောင်အန်ချင်လာပြီ….”

” အမေတကယ်ပြောတာသမီးရဲ့….အမေဘာမှကိုမစားချင်ဘူး….ညညအိပ်ရက်လည်းအမေ့ဘေးမှာမဲမဲအကောင်တွေချည်းဘဲမြင်နေရတယ်…အမေဒီလိုတွေမမြင်ချင်တော့ဘူးကွယ်…အမေသေသာသေလိုက်ချင်တော့တယ်သမီးရယ်…”

” အမေ့ရောဂါကိုသမီးပျောက်အောင်ကုပေးမယ်အမေ….ဆရာတွေတစ်ယောက်ပြီးတစ်ယောက်ပင့်ပြီးအမေပြန်မကောင်းမချင်းကုပေးမယ်….”

” ဖျန်း…..”

” အာ့….အေမ….”

မေဖြူကဆရာပင့်မည်ပြောလိုက်သည်နှင့်ဒေါ်လှတင်၏လက်ဝါးသည် သူမ၏ပါးပြင်ပေါ်သို့ရောက်ချလာ၏။

” ညည်းတို့ကိုငါဘယ်လိုပြောထားလဲ…အသားမနာချင်ရင် ကိုယ့်ဘာသာကိုအေးဆေးနေကြစမ်း….”

” ဟင်…အမေ…အမေဘာတွေဖြစ်နေတာလဲ…အမေ့ကိုကောင်းစေချင်လို့သမီးပြောတာလေ….”

” မပြောနဲ့….ဘာမှမပြောနဲ့…ဒီကောင်မကသေလူဖြစ်နေပြီ….ဒီကောင်မကိုမှတ်လောက်သားလောက်အောင်ဆုံးမမှရမယ်….”

ဒေါ်လှတင်၏အမူအရာသည် စိတ်ဆိုးဒေါသထွက်နေသည့်အသွင်ပြောင်းသွား၏။
မေဖြူလည်း မထင်မှတ်ဘဲပါးရိုက်ခံလိုက်ရသောကြောင့်စိတ်ဆိုးကာ မိခင်၏အပါးမှထွက်သွားလိုက်၏။

” ဒေါ်ကြီးလှတင်ဆုံးသွားပြီတဲ့ဟေ့…”

” ဟေ…ဟုတ်လို့လားသာဒိုးရာ….မနေ့ညကတောင်ကျုပ်ဒေါ်ကြီးလှတင်အိမ်ကိုရောက်ခဲ့ပါသေးတယ်…”

” တကယ်ပြောတာကွ.. မနက်ကသူ့သားအကြီးကောင်ပြောတာကွ…”

” ဒေါ်ကြီးလှတင်သေတာမရိုးဘူးကွ…တစ်ခါကသူ့ကိုလာကုပေးတဲ့ပရောဂဆရာကသွေးအန်ပြီးပြန်ပြေးရတယ်ဆိုဘဲကွ…”

” အေးဟ…ဒေါ်ကြီးလှတင်တော့အပြုစားခံရပြီးသေသွားတာနေမယ်…”

ရွာထဲ၌ဒေါ်လှတင်သေဆုံးခြင်းကြောင့်တစ်ယောက်တစ်မျိုးထင်ကြေးပေးနေကြ၏။
ဒေါ်လှတင်သေဆုံးသည့်ည၌ ကျီးကန်းတစ်အုပ်သည်ဒေါ်လှတင်အိမ်အပေါ်၌ အသံပြုကာဟိုဟိုသည်သည်ဝဲပျံနေကြ၏။ အိပ်ယာထဲ၌အိပ်နေသောဒေါ်လှတင်မှာ ကျီးကန်းအသံကြားသည်နှင့်ကြောက်အားလန့်အားဖြင့် အော်ဟစ်ညည်းညူရင်း အသက်ပါသွားတော့၏။

ဒေါ်လှတင်သေဆုံးသွားပြီးနောက် မေဖြူမှာရင်ထဲ၌တစ်ခုခုခံသလိုဖြစ်ကာနေမထိထိုင်မသာဖြစ်လာသည်။

” ငါဘာဖြစ်နေတာလဲ….ရင်ထဲတစ်ခုခုခံနေသလိုဘဲနေလို့ထိုင်လို့မကောင်းဘူး…”

ထိုသို့ပြောရင်းအိပ်ယာထက်၌လှဲလျောင်းနေ၏။ မိခင်ကြီးကိုလည်းလွမ်းဆွတ်နေမိ၏။

” အင်း…ခုလောက်ဆိုအမေက ဘယ်ဘုံဘဝရောက်နေပြီလဲ….ငါတို့ကိုမေ့သွားလောက်ပြီထင်တယ်….”

ထိုသို့တွေးရင်းမျက်ရည်များဝဲတက်လာ၏။

” သမီး…မေဖြူ…ထမင်းစားမယ်ဟေ့…”

ဖခင်အော်သံကြားမှ မျက်ရည်ကိုသုတ်လိုက်ပြီး

” ဟုတ်…ဟုတ်အဖေရေ…လာပြီ…လာပြီ…”

ထိုသို့ပြန်ထူးလိုက်ရင်းအိပ်ယာမှထကာ ရှုပ်ပွနေသောဆံပင်ကိုစည်းနှောင်ရန်စုစည်းလိုက်၏။

” အို….ဘုရားဘုရား….ငါ…ငါ…ဘာဖြစ်နေတာလဲ…”

မေဖြူကသူ့လက်ထဲအထွေးလိုက်ပါလာသောဆံပင်ကျွတ်ကိုကြည့်ရင်း ဘုရားတမိ၏။

” ငါ…ငါ…အမေ့လိုဖြစ်နေတာလား…”

ထိုသို့တွေးပြီး မှန်ရှေ့၌ငေးငိုင်နေမိ၏။

” မေဖြူ…ညီမလေး….ထမင်းစားမယ်ဆင်းခဲ့လို့….”

အစ်ကိုဖြစ်သူ၏နောက်ထပ်ခေါ်သံကြားမှသတိဝင်လာပြီး ဆံပင်ကိုသိမ်းကာပြေးဆင်းလာခဲ့၏။

” ဘာတွေလုပ်နေတာလဲသမီးရဲ့…အကြာကြီးဘဲ….”

” ဟို…ဟို…ဘာမှလုပ်ပါဘူးအဖေရ….အိပ်ယာသိမ်းနေလို့ပါ…”

” မေဖြူ….နေမကောင်းဘူးလား….မျက်လုံးတွေနီရဲနေတာဘဲ….”

” နေကောင်းပါတယ်အစ်ကိုရ….”

ထိုသို့ပြန်ဖြေလိုက်ရင်း ထမင်းစားပွဲ၌ဝင်ထိုင်လိုက်၏။ အစ်ကိုဖြစ်သူက မေဖြူအတွက်အမဲသားဟင်းခပ်ထည့်ပေး၏။

” ဟင်…ကြွက်သေ…ကြွက်သေကြီးပါလား….”

” ဂလွမ်း…..”

မေဖြူကအစ်ကိုဖြစ်သူခပ်ထည့်ပေးသည့်အသားတုံးကိုကြည့်ပြီး ထိုသို့အော်ကာ ထမင်းပန်းကန်ကိုပုတ်ထုတ်လိုက်၏။

” ညီမလေး….ဘာတွေပြောနေတာလဲ…ဒါညီမလေးကြိုက်တဲ့အမဲသားကြော်ဆီပြန်ချက်လေ… ”

” ဟင့်အင်း…မဟုတ်ဘူး…မဟုတ်ဘူး…ကြွက်သေကြီး….”

” အော့…ဝေါ့….”

မေဖြူကထိုသို့ပြောရင်း ထိုးအန်၏။

” သမီးဘာဖြစ်နေတာလဲ….အဖေ့ကိုပြောစမ်း….”

” အဖေ…အဖေ…အဲဒါတွေမစားနဲ့ကြွက်သေပုပ်တွေချည်းဘဲ….”

” ဟာ…ဘာတွေပြောနေတာလဲသမီးရဲ့….ဒါသမီးကြိုက်တဲ့ဟင်းတွေလေ….ဘယ်ကလာကြွက်သေပုပ်ရမှာလည်း….”

” အဖေညာတယ်….အဖေညာတယ်….”

” ဝုန်း….”

” ဂလုန်း…ဂလွမ်း….”

ထိုသို့ပြောပြီး ထမင်းစားပွဲခုံကိုလှန်လှောပစ်လိုက်၏။

” ဟာ….မေဖြူ….မင်းဘာဖြစ်နေတာလဲပြောစမ်း….”

အစ်ကိုဖြစ်သူက စိတ်တိုတိုဖြင့်အော်ပြောလိုက်၏။ မေဖြူလည်း ထိုနေရာမှပြေးထွက်လာခဲ့ပြီး အိပ်ယာခန်းထဲသို့ဝင်သွားခဲ့၏။

” သားကြီး….မင်းညီမလေးကိုသွားကြည့်စမ်းဘာဖြစ်နေတာလဲလို့…”

” ဟုတ်အဖေ…”

ဦးမုန်းက ကြမ်းပြင်၌ပေပွနေသောထမင်းဟင်းပန်းကန်များကိုသိမ်းဆည်းရင်းသားအကြီးကိုပြောလိုက်၏။ သာအောင်လည်း ညီမရှိရာအခန်းသို့လာရင်း

” ညီမလေး….ညီမလေး…တံခါးဖွင့်စမ်း….နင်ဘာဖြစ်နေတာလဲ… ”

” မလာနဲ့….မလာနဲ့…သွား….ထွက်သွားကြ….”

” အား….မလာခဲ့နဲ့….ကြောက်ပါပြီ…ကြောက်ပါပြီ…အား….”

” ခွမ်း….”

မေဖြူတစ်ယောက်ထင်ယောင်ထင်မှားဖြစ်ပြီး ကြည့်မှန်ကိုသနပ်ခါးတုံးဖြင့် ပစ်ပေါက်ခွဲပစ်လိုက်၏။ မှန်ထဲကအဖွားကြီးသည်ကား ရက်စက်စွာပြုံးနေသည်ကို မေဖြူတစ်ယောက်မမြင်လိုက်ချေ။

” အား…သေပါပြီ…ဗိုက်အောင့်တယ်…ဗိုက်အောင့်တယ်….အဖေရေကယ်ပါဦး….”

” ညီမလေး….တံခါးဖွင့်စမ်း…နင်ဘာဖြစ်နေတာလဲ….”

သာအောင်ကညီမဖြစ်သူကို စိတ်ပူသွား၏။ အခန်းတံခါးကလည်း အထဲမှကန့်လန့်ထိုးထားသဖြင့် ဖွင့်မရ။ တံခါးဖွင့်မရသည့်အဆုံး တံခါးကိုဖျက်ပြီးအခန်းထဲသို့ဝင်လာခဲ့၏။

” မေဖြူ…ညီမလေး….ညီမလေး…ထပါအုံး….ညီမလေး….”

တံခါးဖျက်ပြီးဝင်လိုက်သည်နှင့် အိပ်ယာထက်၌အသားအရေမဲပြာကာ သတိလစ်နေသောမေဖြူကိုတွေ့လိုက်ရ၏။ ထို့နောက်ညီမငယ်ကိုပွေ့ချီပြီး ဖခင်တို့နှင့်အတူဆေးခန်းသို့ပြေးလာကြ၏။

” လူနာက သွေးအားနည်းပြီးထင်ယောင်ထင်မှားပုံရိပ်တွေမြင်နေတာပါ…လူနာသက်သာလာရင် အစားအသောက်တွေပုံမှန်စားခိုင်းပြီးရင်ဆရာမပေးလိုက်တဲ့ဆေးကို ဆေးပတ်လည်အောင်တိုက်ပေးပါရှင့်….”

” ဟုတ်ကဲ့ပါဆရာမ…ဒါနဲ့ကျွန်တော့်သမီးလေးရဲ့အခြေအနေကမစိုးရိမ်ရပါဘူးနော်….”

” စိုးရိမ်စရာမရှိတော့ပါဘူး….စိတ်ဖိစီးတာရယ်…သွေးအားနည်းနေတာရယ်ကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်နေတာပါရှင့်….”

” ဟုတ်ကဲ့ပါဆရာမ…ကျေးဇူးလည်းတင်ပါတယ်ဗျာ….”

မကြာသေးခင်ကမ ဇနီးဖြစ်သူကိုဆုံးရှုံးထားရသဖြင့် သမီးလေးကိုနောက်ထပ်မဆုံးရှုံးခြင်တော့ပေ။

တပတ်လောက်အကြာ၌မေဖြူနေပြန်ကောင်းလာခဲ့သည်။ သို့သော် အရင်လိုလန်းဆန်းတက်ကြွမနေတော့ဘဲ မှိုင်တွေငေးမောနေသည်။ ဖခင်ဖြစ်သူဦးမုန်းကသမီးငယ်ကိုကြည့်ရင်း စိတ်မသက်မသာဖြစ်နေရှာသည်။

” သားတို့ရေ….အဖေတို့မိသားစုကိုအမှောင့်ပရောဂ ကဝင်ရောက်ဖျက်ဆီးနေပြီကွယ်….ဒီတိုင်းဆက်သွားရင် မင်းတို့အမေကိုဆုံးရှုံးရသလို မင်းတို့ညီမလေးကိုလည်းဆုံးရှုံးခံရတော့မယ်ထင်တယ်…”

” ဟာ…ဒီလိုတော့သားတို့အဖြစ်မခံနိူင်ဘူးအဖေ….ညီမလေးကိုရအောင်ကုမယ်….”

” ဆေးခန်းပြကြည့်တော့လည်းညီမလေးမှာ ဘာရောဂါမှမဖြစ်ဘူး….ဒီအတိုင်းဆိုညီမလေးကအမေ့လိုမျိုးဖြစ်နေပြီလားမသိဘူးနော်အဖေ. ..အထက်ဆရာတွေခေါ်ပြီးပြကြည့်ရင်မကောင်းဘူးလားဗျ….”

” ယုံလို့ရပါ့မလားငါ့သားရာ….မင်းတို့အမေတုန်းကလည်းကြည့်လေ….ပြုစားကုစားအသပြာဆရာတွေပါ…”

” ဆရာတိုင်းသူ့အစွမ်းနဲ့သူရှိကြမှာဘဲအဖေရ…ငွေကပြန်ရှာလို့ရတယ်….လူ့အသက်တစ်ချောင်းကပြန်ရှာလို့မရဘူးဗျ….”

” သားတို့ပြောတာလည်းမှန်တယ်…ဒါဆိုအဖေတို့ဘယ်ကဆရာကိုသွားပင့်ကြမလဲ….”

” ညောင်သဖန်းရွာမှာ ဘိုးတော်လိုလိုလူနှစ်ယောက် ရောက်နေတယ်ပြောတယ်အဖေ….ခုနှစ်ရက်သားသမီးတွေကိုအခမဲ့ကယ်တင်ပေးနေတယ်လို့လဲသိရတယ်….သားတို့သွားပင့်ကြည့်ရင်ကောင်းမလား….”

” မင်းကိုဘယ်သူပြောတာလဲသားငယ်ရ….တော်ကြာအယောင်ဆောင်ဘိုးတော်တွေဖြစ်နေမှဟုတ်ပေ့ဖြစ်နေမယ်….”

” ငွေကြေးကုန်ကျတာမှမဟုတ်ဘဲဗျာ….ကျွန်တော်တို့အတွက်အရှုံးမရှိပါဘူးလေ….”

” သားတို့သဘောဘဲလေ…ရေနစ်နေသူကမြက်ပင်လေးတစ်ပင်တောင်သူ့အတွက်အားကိုးရာဘဲမလား….”

သားအဖသုံးယောက်တိတ်တဆိတ်တိုင်ပင်ပြီး သာလှကိုညောင်သဖန်းရွာသို့ မြင်းလှည်းဖြင့်လွှတ်လိုက်၏။ ညောင်သဖန်းရွာသို့ရောက်သည်နှင့် လူစိမ်းနှစ်ယောက်တည်းသည့် သူကြီးအိမ်ကိုလာခဲ့၏။

” ဗျို့…ဦးကြီးရေ…ဦးကြီး….”

” ဟေ….ဘယ်သူတုံးကွဲ့…ဝင်ခဲ့ဟေ့….”

ခြံဝရှိအသံကိုကြားလျှင်သူကြီးဦးသာမှိုင်းသည် ဖတ်လက်စစာအုပ်ထူကြီးကိုပိတ်လိုက်ပြီး မျက်မှန်ကြီးကိုပင့်တင်ကာ ခြံဝသို့လှမ်းကြည့်ရင်းအသံပြုလိုက်၏။ ထို့နောက် မြင်းလှည်းတစ်စီးသည် ခြံထဲသို့ဝင်လာခဲ့၏။

မြင်းလှည်းပေါ်မှလူတစ်ယောက်ဆင်းလာပြီး ကွပ်ပျစ်ရှိရာသို့လာထိုင်၏။

” ဘာကိစ္စရှိလို့လဲတူကြီး….”

” ကျွန်တော်ကဟိုဘက်ရွာကပါ….ဦးကြီးတို့အိမ်မှာဘိုးတော်လိုလို…ဘာလိုလို လူနှစ်ယောက်တည်းနေတယ်ဆိုလို့ ကျွန်တော်လာတွေ့တာဗျ….”

” ဪ….ငါ့တူကဝတ်ဖြူဝင်ကြယ်ဝတ်တဲ့လူငယ်လေးနှစ်ယောက်ကိုပြောတာထင်တယ်…ဟုတ်သလားကွဲ့… ”

” ဟုတ်…ဟုတ်ပါတယ်ဦးကြီးရယ်….သူတို့ကောဟင်…သူတို့ကော….”

” သူတို့ကဒီမနက်ကဘဲ ခုနှစ်ရက်သားသမီးကိုကယ်တင်ပေးဖို့ဆိုပြီး ထွက်သွားကြပြီငါ့တူကြီးရ….”

” ဟာဗျာ….”

သူကြီး၏စကားကြောင့် သာလှကစိတ်ပျက်စွာ ညည်းညူလိုက်မိ၏။

” ငါ့တူကြီးကသူတို့ကိုသိလို့လားကွဲ့….”

” မသိပါဘူးဦးကြီးရာ….သူတို့ရဲ့ပညာဂုဏ်သတင်းကြားလို့ အကူအညီတောင်းဖို့ရောက်လာခဲ့တာပါဗျာ…ခုတော့လွဲသွားပြီလေ….ဒါနဲ့သူတို့ဘယ်ကိုသွားမယ်လို့များ ပြောသွားသေးလားဗျ….”

” ဘာတဲ့သူတို့ပြောတာက ဝိဇ္ဇာတို့မည်သည် ဦးတည်ရာမရှိတဲ့ငါ့တူကြီးရ….”

” သွားပါပြီဗျာ….ခဲလေသမျှသဲရေကျပြီပေါ့….”

” အရှေ့ဖက်ရွာတကြောမှာလိုက်ရှာကြည့်ပါလားငါ့တူရ….ကံစပ်ရင်တော့သူတို့နဲ့တွေ့နိူင်ကောင်းပါရဲ့… ”

” အဲဆိုရင်လည်းကျွန်တော်လိုက်ရှာကြည့်ဦးမယ်ဗျာ….ကျွန်တော့ကိုခွင့်ပြုပါဦးဗျ…”

” အေးအေးငါ့တူကြီး…”

ကိုသာလှလည်းညောင်သဖန်းရွာသူကြီးကိုနူတ်ဆက်ပြီး အရှေ့ဖက်ရွာတစ်ကြောကိုသွားကာ ဘိုးတော်နှစ်ယောက်အားလိုက်ရှာနေမိသည်။ ကိုယ်တိုင်မမြင်ဖူးသောလူကိုရှာရသည်မှာ အမှိုက်ပုံကြီးထဲ အပ်တစ်ချောင်းရှာနေရသည်နှင့်ပင်တူနေပေတော့သည်။ ညောင်သဖန်းရွာသူကြီးပြောပြသော လူစိမ်းနှစ်ယောက်၏ပုံစံကို အရှေ့ဘက်တကြောရှိရွာသားများအား မေးကြည့်သော်လည်း မတွေ့မိကြောင်းသာတွင်တွက်ပြောဆိုနေကြသဖြင့် ကိုသာလှစိတ်ပျက်အားလျှော့ကာ မြင်းလှည်းကိုနှင်ပြီး မိမိ၏ရွာသို့သာ ပြန်လာခဲ့တော့သည်။

” ဂြီ…ဂြီ…ဂြီ….”

” ဟ….ဗိုက်တောင်အော်နေပြီဘဲ…မနက်အိမ်ကထွက်ခါရင်းငါဘာမှမစားလာခဲ့မိဘဲကိုး….ခုဆိုညနေ၃နာရီတောင်ကျော်နေပြီဘဲ…အဖေတို့ငါ့ကိုစိတ်ပူနေလောက်ပြီ…အမြန်ပြန်မှဖြစ်မယ်…..”

ထိုသို့တွေးပြီးမြင်းကိုအသော့နှင်၏။ မိုးစက်မိုးပေါက်တို့မှာ လှည်းပေါင်းမိုးပေါ်သို့တဖွဲဖွဲကျလာခဲ့သည်။

” နောင်ကြီး….ဗျို့…နောက်ကြီးရေ….လှည်းလမ်းကြုံလိုက်ချင်လို့ဗျ….”

ဟူသောအသံကြားမှ လူနှစ်ယောက်ကသူ၏မြင်းလှည်းကိုတားနေမှန်းသိလိုက်ရသဖြင့် ဇက်ကြိုးကိုဆွဲကာရပ်လိုက်ပြီး

” မိတ်ဆွေတို့ကဘယ်ကိုသွားကြမလို့လဲဗျ…”

” အနောက်ရွာတကြောကိုသွားမလို့ဗျ…ဒါနဲ့နောင်ကြီးကရောအဲဒီဘက်ကိုသွားမှာမလားဗျ….”

” ဟုတ်တယ်ဗျို့….ဒါဆိုလမ်းသင့်တာဘဲ…တက်ဗျ…မကြာခင်မိုးရွာတော့မယ်…”

လူငယ်နှစ်ယောက်လည်း မြင်းလှည်းပေါ်သို့တက်လာခဲ့ကြပြီး စကားတခွန်းမှမဆိုဘဲတိတ်တဆိတ်လိုက်လာခဲ့ကြ၏။ ကိုသာလှလည်း မိမိ၏လှည်းပေါ်ပါလာသောလူနှစ်ယောက်ကိုသတိမထားမိချေ။

ခရီးဆက်ပြီးအတော်အတန်ကြာမှကိုသာလှ၏အတွေးထဲ၌ညောင်သဖန်းရွာသူကြီးပြောသည့် ဝတ်ဖြူစင်ကြယ်ဝတ် လူငယ်နှစ်ယောက်ဟူသောအသံကိုပြန်ကြားယောင်မိသည်။

” ဟင်…ဒါ…ဒါဆို…ဒီလူနှစ်ယောက်က ငါတွေ့ချင်လို့အသည်းအသန်လိုက်ရှာနေတဲ့လူတွေပေါ့….”

သာလှထိုသို့တွေးပြီး အနောက်သို့ပြန်လှည့်ကြည့်ရာ လူငယ်နှစ်ယောက်မှာ တိတ်ဆိတ်စွာလိုက်ပါနေဆဲဖြစ်သည်ကိုတွေ့လိုက်ရသဖြင့် ဝမ်းသာသွား၏။

သို့ကြောင့် လှည်းကိုရပ်လိုက်ပြီး

” ဒီကမိတ်ဆွေတွေက….ခုနှစ်ရက်သားသမီးတွေကိုလိုက်ပြီးကယ်တင်ပေးတဲ့ဘိုးတော်တွေဆိုတာလားဗျ….”

ကိုသာလှ၏အမေးကြောင့် မောင်ရေခဲတို့ဆရာတပည့်နှစ်ယာက်ပြုံးမိသွားသည်။ တဆက်တည်းမှာပင် ကိုသာလှက

” သူများတွေက ဘိုးတော်ဘိုးတော်ဆိုလို့ အသက်ကြီးကြီး ဆံပင်ဖြူဖြူနှင့် တောင်ဝှေးကိုအားပြုနေရပြီလို့မှတ်နေတာ လက်စသတ်တော့ ငယ်ရွယ်နုပျိုနေတဲ့လူငယ်လေးနှစ်ယောက်ပါလားဗျ….”

” လူတစ်ယောက်နှင့်တစ်ယောက်အမြင်မတူကြလို့နေမှာပါဗျ…”

” ကျွန်တော်ကံကောင်းတယ်လို့ပြောရမလားဘဲ….ဒီကမိတ်ဆွေနှစ်ယောက်ကို ကျွန်တော်မနက်ကရင်းတစ်ရွာဝင်တစ်ရွာထွက်လိုက်ရှာနေတာဗျ….မတွေ့လို့စိတ်ပျက်ပြီးပြန်လာတာ…”

” တွေ့ရမဲ့ကံပါလာတော့လည်းတွေ့ချိန်တန်တွေ့ရတာပေါ့ဗျာ….ကဲဆိုစမ်းပါဦး… နောင်ကြီးရဲ့အကြောင်းကိစ္စ….”

ကိုသာလှကလှည်းကိုဆက်မောင်းလိုက်ပြီး
မိခင်၏အဖြစ်အပျက်နှင့်ညီမဖြစ်သူကြုံတွေ့ရသည့်အဖြစ်ကိုအကုန်ပြောပြလိုက်၏။

” ဒါဆိုရင်တော့ တစ်ခုခုအမှားလုပ်မိပြီထင်တယ်….”

” ကျွန်တော်လည်းမပြောတတ်ဘူးမိတ်ဆွေတို့ရာ…ညီမလေးကနေရင်းထိုင်ရင်းအဲလို့ကိုဖြစ်သွားတာဗျာ….”

စကားပြောဆိုလာကြရင်း ညောင်ညိုရွာထိပ်သို့ရောက်လာခဲ့ကြ၏။

” အာ့…အာ့….အာ့….”

” အာ့…အာ့….အာ့….”

ရွာထိပ်ရောက်လာသည်နှင့် ရွာထိပ်ညောင်ပင်ပေါ်မှကျီးကန်းမဲမဲကြီးနှစ်ကောင်သည်
တောင်ပံတဖျတ်ဖျတ်ခတ်ပြီး အသံပြုကာထပျံသွား၏။

” သတိထားထင်ပေါ်….ငါတို့လာတာကိုအစောင့်တွေသိသွားပြီး သတင်းပေးလိုက်ကြပြီ….”

” ဟုတ်ကဲ့ဆရာ….”

ထိုစကားကိုမောင်ရေခဲက မနောဖြင့်သာပြောလိုက်ခြင်းဖြစ်၍ ကိုသာလှမကြားလိုက်ချေ။ မြင်းလှည်းကိုသာအသော့နှင်ကာ အိမ်ရောက်ဖို့အရေးစိတ်လောနေရှာလေသည်။ ကွမ်းတစ်ယာညှက်ခန့်ကြာသည့်နောက် မြင်းလှည်းသည် အိမ်တစ်အိမ်ရှေ့၌ရပ်လိုက်၏။

” ကျုပ်အိမ်ရောက်ပြီမိတ်ဆွေတို့….အထဲကိုကြွကြပါဗျ….အဖေရေအဖေ….ကျုပ်ပြန်ရောက်ပြီဗျ….”

သာလှကထိုသို့ပြောပြီးမြင်းလှည်းကိုခြံရှေ့၌ရပ်လိုက်၏။ မောင်ရေခဲ ကြည့်လိုက်သော်ခြံပတ်ပတ်လည်၌ စက်ကြိုးအထပ်ထပ်ချထားသည်ကိုတွေ့လိုက်ရ၏။ သို့ကြောင့် ခြံပေါက်ဝ၌ရပ်ကာ

” စက်ကြိုးတွေအကုန်ပြတ်စေ….”

ဟုပြောပြီးမှခြံထဲသို့ဝင်လာခဲ့ကြ၏။

” အာ့….အာ့….အာ့….”

” အာ့…အာ့….အာ့….”

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက် ခြံထဲဝင်လာသည်နှင့်ကျီးကန်းနှစ်ကောင်သည် အလစ်တိုက်ဝင်လာပြီး မောင်ရေခဲတို့အားရန်ပြု၏။ သို့သော်အနားမရောက်မှီမှာပင် တစ်ခုခုကို ဝင်တိုက်မိပြီး မြေပေါ်သို့ကျကုန်၏။

” တောက်!….ဒင်းတို့ကငါ့စက်တွေအကုန်လုံးကိုဖြတ်ပစ်ကြတယ်ပေါ့….”

အိပ်ခန်းထဲရှိနေသောမေဖြူသည် ပြတင်းပေါက်မှန်၌ချောင်းကြည့်ပြီး ဒေါသထွက်နေ၏။ အိမ်ရှင်ဦးမုန်းမှာ ပျာပျာသလဲဖြင့်မောင်ရေခဲတို့အား

” လာကြဆရာလေးတို့လာကြ….မနက်ကရင်းဆရာလေးတို့ကိုမျှော်နေတာ….”

မောင်ရေခဲတို့လည်းအပေါ်ထပ်သို့တက်သွားပြီး ဘုရားကိုဝတ်ပြုကြ၏။ ညနေမှောင်နေပြီဖြစ်သဖြင့် ထမင်းစားသောက်ပြီး တရားထိုင်နေလိုက်၏။ ထိုညတစ်ညလုံးမေဖြူမှာတစက်မှမအိပ်ဘဲ ဝုန်းဒိုင်းကျဲနေ၏။ မောင်ရေခဲကထိုသူအား အာရုံပင်မထားဘဲစိတ်တည်ငြိမ်စွာတရားထိုင်နေ၏။
မောင်ထင်ပေါ်က အိမ်ပတ်ပတ်လည်ကိုစည်းအထပ်ထပ်တားထားလိုက်၏။ ကျီးကန်းများမှာတစ်ညလုံးအိမ်ပတ်ပတ်လည်၌ ဝဲပျံနေကြပြီး အိမ်ထဲသို့အတင်းတိုးဝင်လာကြ၏။ သို့သော်အကြောင်းမလှဘဲ မြေပေါ်သို့တဘုတ်ဘုတ်ကျကာသေဆုံးကုန်၏။

” တုန်….. တုန်…တုန်….တုန်တုန်တုန်….”

” အောက်အီးအီးအွတ်….အောက်အီးအီးအွတ်….”

မနက်အာရုဏ်တက်ချိန်၌ ရွာဦးကျောင်းမှကုလားတက်ခေါက်သံနှင့် ရွာထဲမှကြက်တွန်သံတို့မှာ လိုက်လျောညီထွေစွာထွက်ပေါ်လာကြ၏။ မောင်ရေခဲလည်းထပြီး ကိုယ်လက်သန့်စင်ကာ ဘုရားဝတ်ပြုခြင်းအမှုကိုပြု၏။ အိမ်ရှင်လည်း ဆွမ်းထချက်၏။

ချက်ပြုတ်ပြီးစီးသည်နှင့်ဘုရားဆွမ်းကပ်၊ဆွမ်းလောင်းပြီးသော် မနက်စာစားရန်လုပ်ကြ၏။ ထိုအခါအပေါ်ထပ်မှ မေဖြူမှာ မြန်မာဝတ်စုံဝမ်းဆက်ကိုလှပကျော့ရှင်းစွာဝတ်ဆင်လာပြီး မီးဖိုဆောင်သို့ဝင်သွား၏။

” ဟာညီမလေး….ဒီကိုဘာလာလုပ်တာလဲ…နေသိပ်ကောင်းတာမဟုတ်ဘူး….”

” နေကောင်းပါပြီအစ်ကိုရဲ့…အိမ်မှာဧည့်သည်တွေရောက်နေတော့ ညီမကအိပ်နေပြီး အစ်ကိုတို့ကချက်ပြုတ်နေရတာ မသင့်တော်ဘူးလေ….”

မေဖြူကထိုသို့ပြောပြီး ဝင်ရောက်ကူညီပေး၏။ သာအောင်မှာသဘောရိုးထင်ပြီး ငါ့ညီမတယ်သိတတ်ပါလား ဟူ၍တွေးမိပြီးဝမ်းသာကျေနပ်နေ၏။ ထမင်းပွဲပြင်ဆင်ပြီးသည့်နောက် မောင်ရေခဲတို့ဆရာတပည့်ကိုထမင်းစားရန်ခေါ်လိုက်၏။ မောင်ရေခဲတို့လည်းအပေါ်ထပ်မှဆင်းလာပြီး ထမင်းစားပွဲ၌အကျအနထိုင်ကာ ထမင်းစားသောက်ရန်ပြင်၏။ ထမင်စားပွဲ၌အသားဟင်း၊ငါးဟင်း၊ပဲဟင်းအစုံရှိသော်လည်း သက်သတ်လွှတ်စားကြသူများဖြစ်သဖြင့် အသားဟင်းပန်းကန်ကိုယောင်မျှပင်မနှိုက်မိကြ။

မေဖြူကယပ်တောင်တစ်ချောင်းဖြင့် မောင်ရေခဲတို့ကိုယပ်ခပ်ပေးနေ၏။ ထိုစဉ်ငါးဟင်းပန်းကန်ထဲမှ ငါးတစ်ကောင်သည်အသက်ဝင်လာပြီး အိုင်ထွန်းနေသောဆီများကိုတဖျတ်ဖျတ်ကူးခတ်နေ၏။

” အဟွတ်….အဟွတ်….အဟွတ်….”

ထိုမြင်ကွင်းကြောင့် မောင်ထင်ပေါ်မှာစားလျက်စထမင်းပင်သီးသွားရ၏။ မေဖြူကပြုံးလိုက်ပြီး

” အဟင်း….ကောင်းကောင်းစားလေဆရာလေးရဲ့….”

ဟုမထိတထိပြောလိုက်၏။ မောင်ရေခဲကစားလျက်စထမင်းကိုရပ်လိုက်ပြီးစိတ်ထဲမှနေ၍ ငါးဟင်းပန်းကန်အားစိုက်ကြည့်ကာ

” မူလပြန်စမ်း…. ”

ဟုအမိန့်ပေးလိုက်ရာ လွန့်လူးနေသောငါးကလေးတို့မှာ မူလငါးဟင်းအတိုင်းပြန်ဖြစ်သွားတော့၏။ ထိုအခါ မေဖြူ၏မျက်နှာမျာ ပျက်ယွင်းသွားပြီး မောင်ရေခဲကိုစူးစိုက်ကြည့်လိုက်၏။ ကိုသာအောင်က ထမင်းကိုခူးယူပြီး မောင်ရေခဲ၏ပန်းကန်ထဲသို့ထည့်မည်အပြု

” တော်ပြီနောင်ကြီး….ကျုပ်ဒီလောက်ဘဲစားနိူင်တယ်ဗျ….နောင်ကြီးလက်ရာကအရမ်းစားကောင်းတာဘဲ”

” ညီတော့လုပ်ပြီ…စားကောင်းတယ်လည်းပြောသေး….အသားငါးဟင်းပန်းကန်ကိုယောင်လို့တောင်မနှိုက်ကြတော့ ဒီကစားစေချင်လို့ချက်ထားတဲ့လူက အားငယ်တာပေါ့ဗျ….”

” အားမငယ်ပါနဲ့ဗျာ….ကျုပ်တို့ကသက်သတ်လွှတ်စားသမားမို့ပါဗျ….”

” ကျုပ်ကကြိုမမေးဘဲ ချက်လိုက်မိတော့အားနာစရာတွေဖြစ်ကုန်ပြီဗျာ….”

” ဘာမှမဖြစ်ပါဘူး…ကျုပ်တို့သာနောင်ကြီးကိုအားနာရမှာဗျ….ဒါနဲ့ဒီနေ့ကိုးနာရိထိုးရင် ပွဲစကုမှာမို့လိုအပ်တာတွေကြိုဝယ်ထားပေးဗျ….”

” ဟုတ်ညီ…လိုအပ်တာတွေစာရွက်လေးနဲ့ရေးပေးဗျ…ကျုပ်ခုဘဲအမြန်သွားဝယ်လိုက်မယ်….”

မောင်ရေခဲလည်း လိုအပ်သည်များကိုရေးပေးလိုက်ပြီးသွားဝယ်ခိုင်းလိုက်၏။ မေဖြူကားတမနက်လုံး နေမထိထိုင်မသာဖြစ်နေပြီး အလွန်ပူသည်ဆိုကာ နာရီဝက်ခန့်ရေချိုးနေ၏။ အမှန်မှာသူမကအိမ်မှထွက်ပြေးချင်နေသည်။ သို့သော် အိမ်ပတ်ပတ်လည်တွင်မောင်ထင်ပေါ်တားထားသောစည်းကို ထိုးမဖောက်နိူင်သဖြင့် ငြိမ်နေရခြင်းဖြစ်၏။

သတ်မှတ်ထားသောအချိန်ရောက်သည်နှင့် ကန်တော့ပွဲကိုပိတ်ဖြူပိတ်နီခံပြီး ပြင်ဆင်လိုက်၏။ ထိုအတောအတွင်းမေဖြူမှာ အိပ်ခန်းထဲမှအပြင်ကိုထွက်မလာတော့ချေ။ တံခါးကိုလည်းကန့်လန့်ထိုးထားသေးသည်။ အားလုံးပြင်ဆင်ပြီးသွားသည်နှင့်မောင်ရေခဲက မြတ်စွာဘုရားကိုအလင်းတိုင်ပူဇော်ပြီး ဦးစွာရှိခိုးလိုက်၏။ ဘုရားရှိခိုးပြီးသည်နှင့် အထက်ဝိဇ္ဇာဆရာကြီးများ၊ဆရာသခင်များကိုရှိခိုးတိုင်တည်ပြီး စတင်ကုသရန်ပြင်ဆင်လိုက်၏။

” ကြာသပတေးသမီးကို ကျုပ်အရှေ့ခေါ်လာခဲ့ပါနောင်ကြီး….”

” ဟုတ်ပြီညီ….”

ကိုသာအောင်က မေဖြူ၏အခန်းရှေ့သွားပြီး ညီမဖြစ်သူကိုခေါ်၏။ သို့သော် အချိန်ကုန်ရုံသာအဖတ်တင်သည်။ မေဖြူကားထွက်မလာ။ ပညာသည်ကမောင်ရေခဲကိုတမင်စိန်ခေါ်နေခြင်းပင်။ ခေါ်မရသည့်အဆုံး ကိုသာအောင်လည်းမျက်နှာငယ်လေးဖြင့် ဖခင်၏ဘေးသို့ပြန်လာထိုင်၏။

” မင်းညီမကောသားကြီး….”

” ထွက်မလာဘူးအဖေ….ဘယ်လိုမှခေါ်မရဘူး….”

” တယ်….ဒီကောင်မလေး….ဘာလို့ခေါင်းမာနေရတာလဲ…ငါကိုယ်တိုင်သွားခေါ်လာခဲ့မယ်….”

ထိုစဉ်မောင်ရေခဲက ဦးမုန်းကိုလက်ကာပြလိုက်ပြီး

” နေနေဦးလေး….ကျုပ်ကိုယ်တိုင်ခေါ်လိုက်မယ်….”

ထိုသို့ပြောပြီး မျက်လုံးကိုစုံမှိတ်ကာ

” သွား…အသင်နတ်မင်း….ခေါင်းမာနေတဲ့မိစ္ဆာကိုဆံပင်ကနေဆွဲထွက်လာခဲ့ချေ….”

ထိုသို့ပြောလိုက်သည်နှင့်ချင်ချင်းပင် မေဖြူ၏အခန်းတံခါးသည် တစ်ယောက်ယောက်ကအားဖြင့်တွန်းဖွင့်လိုက်သည့်နှယ် ဝုန်းခနဲမြည်သွားပြီးတဆက်တည်းပင် မိန်းကလေးတစ်ယောက်၏မချိမဆန့်အော်သံကိုပါကြားလိုက်ရ၏။

” အား….နာတယ်ဟဲ့…လွှတ်….ငါ့ကိုလွှတ်လိုက်စမ်း….”

ထိုအသံနှင့်အတူ မေဖြူမှာ မမြင်ရသောပုဂ္ဂိုလ်၏ဒရွတ်တိုက်ဆွဲထွက်လာခြင်းကိုခံလိုက်ရပြီး မကြာမီပင် မောင်ရေခဲရှေ့သို့ထိုးကျသွား၏။ ဦးမုန်းကသမီးကိုကြည့်ပြီး မောင်ရေခဲဘက်လှည့်ကာ

” ဆရာ…လူကလေး….အကြမ်းပတမ်းနည်းနဲ့မဟုတ်ဘဲညင်ညင်သာသာကုလို့ရလားဟင်….သမီးလေးကိုသနားလွန်းလို့ပါ….”

” ဦးလေး….ခုဦးလေးတို့သာမန်မျက်စိနဲ့မြင်နေရတဲ့အရာတွေက ဦးလေးသမီးမဟုတ်ဘူး….ဦးလေးသမီးကိုစွမ်းအားထက်တဲ့ပညာသည်က မှောင်ပိုင်စီးထားလိုက်ပြီ….”

” အလို!…”

မောင်ရေခဲ၏စကားကြောင့် ဦးမုန်းမှာ အံ့ဩထိတ်လန့်သွား၏။ မောင်ရေခဲလည်း မေဖြူဘက်ပြန်လှည့်လာပြီး

” ပုံစံပြောင်းထိုင်စမ်း….ဒါဇရပ်မဟုတ်ဘူးအိမ်….အိမ်မှာဘုရားကျောင်းဆောင်ရှိတယ်….ယဉ်ယဉ်ကျေးကျေးထိုင်ပြီး ဘုရားကိုဦးချလိုက်….”

ထိုသို့ပြောရာ မေဖြူက ခေါင်းငိုက်စိုက် ချနေရာမှမျက်ထောင့်နီကြီးဖြင့် ခေါင်းထောင်ထလာပြီး

” တောက်! ကလေးကလားကောင်ကများကျုပ်ကို အမိန့်လာပေးရတယ်လို့အေ…ကြားမကြားဖူးပေါင်တော်….”

” ကျုပ်ပြောနေတာမကြားဘူးလား…ကျုပ်အကြမ်းနည်းမသုံးချင်ဘူး….”

” ညည်းဘယ်လောက်ထိစွမ်းနေနိူင်မှာမို့လဲအေ့….ကျုပ်ဘာသာထိုင်ချင်သလိုထိုင်မယ်…”

” ရတယ်လေ…နဂ္ဃဘီလူးမင်း…ဒီမိစ္ဆာမကိုပုံစံပြောင်းထိုင်ခိုင်းလိုက်စမ်း….”

” အား…အမလေး….ဆိုးလိုက်တဲ့ရုပ်ကြီး…အစွယ်တစ်ချောင်းကိုငှက်ပျောဖူးလောက်ရှိတယ်….”

မေဖြူကထိုသို့ပြောပြီး မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ထားလိုက်၏။ နံဘေးမှကြည့်နေသူများမှာ ဘာမှန်းမသိကြသဖြင့် မျက်လုံးပေကလယ်ဖြင့်သာကြည့်နေကြရ၏။

” နေရာပြောင်းထိုင်လိုက်စမ်း….မဟုတ်ရင်ဒီဘီလူးကြီးရဲ့နောက်ထပ်အစာက သင်ဖြစ်သွားလိုက်မယ်….”

” ကြောက်ပါတယ်ရှင့်…ကြောက်ပါတယ်…. ပြောင်းထိုင်ဆို ထိုင်ပါ့မယ်ရှင့်…”

ထိုသို့ပြောပြီး မျက်နှာကို လက်နှစ်ဖက်အုက်လျှက်သားဖြင့်ပင် ဒူးပဆစ်တုတ်ထိုင်လိုက်၏။

” မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရည်မှန်းပြီး ဦးချကန်တော့လိုက်….”

” မလုပ်ပါနဲ့….ဒီလက်တွေဖယ်လိုက်ရင်ကြောက်စရာကောင်းတဲ့ဘီလူးကြီးက ကျုပ်မျက်နှာရှေ့မှာပေါ်လာပြီး ကျုပ်ကိုစားမတတ်ဝါးမတတ်ကြည့်နေမှာ…ကျုပ်ကြောက်တယ်တော့…”

” သင့်တာဝန်ကျေပြီနတ်ဘီလူးမင်းကြီး…”

” သင်လည်းမျက်နှာကိုအုပ်ထားတဲ့လက်ကိုဖယ်ပြီးဘုရားရှိခိုးလို့ရပြီ….”

မောင်ရေခဲကထိုသို့ပြောလိုက်မှ မေဖြူလည်းမျက်နှာကိုအုပ်ထားသောလက်ကိုဖြည်းညင်းစွာဖွင့်ကြည့်လိုက်ပြီး ဘေးဘီယာကိုအသေအချာကြည့်လိုက်၏။ ပြီးမှ ဘုရားကိုဦးချလိုက်၏။ ဘုရားကိုရှိခိုးပြီးသည်နှင့်မောင်ရေခဲကမေဖြူကိုစိုက်ကြည့်ပြီး

” သင်က သင့်ဝိဥာဉ်နှင့်ဒီကောင်မလေးရဲ့ခန္ဓာကိုယ်ကိုတသားတည်းကျအောင်လုပ်နေတာဘဲ….”

” ညည်းရဲ့ပညာကလည်းအထင်သေးလို့မရဘူးကိုး….အေးလေ…ငါကလည်းငါနဲ့ပညာချင်းတူတဲ့သူကိုလိုက်ရှာနေတာ…ငါကအာယုကိုလိုသလိုဆွဲဆန့်လို့ရပေမဲ့ဇရာကိုတော့ ဆွဲဆန့်လို့မရဘူးလေ…ဒီတော့အိုမင်းနေတဲ့ရုပ်ခန္ဓာကိုပစ်ပြီး နုငယ်ပျိုမျှစ်တဲ့ရုပ်ခန္ဓာကိုရှာရတာပေါ့….ငါရှာထားတဲ့ခန္ဓာကိုယ်ကိုသူတို့ကဖျက်ဆီးပစ်ကြတာလေ….ဒီတော့သူတို့ပြန်ပေးဆပ်ရတာပေါ့…”

” အင်မတန်ယုတ်ညံ့လှတဲ့အလုပ်ဘဲ…ကျုပ်တော့ဒါကိုခွင့်မပြုနိူင်ဘူး….ဘာလို့ဒီလိုလုပ်ရတာလဲ….”

” ဟင်း….ဟင်း…သူတို့ကငါ့လမ်းစဉ်ကိုဖျက်ဆီးနှောင့်ယှက်ကြတာလေ…ငါ့ဘာသာငါအဖွားကြီးရုပ်နဲ့ဝမ်းရေးရှာနေတာ သူတို့ကငါ့ပစ္စည်းကို စျေးနှိမ်ဝယ်ကြတာ…ဒီတော့ငါလည်းမကျေနပ်လို့အပင်းထည့်လိုက်တာပေါ့….ဟားဟားဟား….”

” ဒီလိုလုပ်လို့မရဘူး….မကျေနပ်ရင်ပြန်တောင်းပန်ခိုင်းလို့ရတယ်…ဒီအထိလုပ်စရာမလိုဘူးလေ….”

” တောင်းပန်လို့မရဘူး…ငါရောင်းတဲ့သရက်သီးကသူများတွေထက်လည်းစျေးချိုတယ်…ဒါကိုသူတို့သားအမိကလာပြီး အမြတ်မပြောနဲ့အရင်းတောင်မရှိတဲ့စျေးနဲ့လာဝယ်ကြတာ….ကျုပ်ကမရနိူင်လို့ပါတူမကြီးရယ် ဒီသရက်သီးတွေရောင်းရတဲ့ငွေနဲ့မြေးအဖွားနှစ်ယောက်အသက်ဆက်ကြရမှာလို့ပြောတာတောင်သူက အလကားရတဲ့သရက်သီးကိုများဒီလောက်ထိစျေးတင်ထားရလားတဲ့….ဒါနဲ့ကျုပ်လည်းအေးဒါဆိုလည်းယူသွားပြီးပျော်ပျော်စားကြလေလို့ပြောလိုက်တာ…ခုတော့အဲကောင်မက ဘယ်ဘုံဘယ်ဘဝရောက်နေမှန်းတောင်မသိတော့ဘူး….ဟားဟားဟား….”

” ဖြစ်ခဲ့တာလည်းဖြစ်ပြီးပြီ…အသက်တစ်ချောင်းလည်းဆုံးရှုံးရပြီ…သင်ကျေနပ်လိုက်တော့….ခုဒီကြာသပတေးသမီးကိုပြုစားထားတာတွေအကုန်ပြန်ယူသွား….”

” ကျုပ်ကသူတို့တစ်မိသားစုလုံးကိုသတ်မှာအေ့….သူတို့တွေကံမြင့်နေသေးလို့အသက်ရှင်ခွင့်ပေးထားတာ…ဟင်းဟင်း…. ”

” ကျုပ်ရှိနေသ၍တော့ သင့်ရဲ့အကြံအောင်မြင်မြင်မှာမဟုတ်ဘူး….သင်လုပ်ထားတာတွေပြန်ယူစမ်း….”

” မယူတော့ဘာဖြစ်လဲ….ညည်းကျုပ်ကိုသတ်ချင်သတ်…ကြိုက်သလိုလုပ်… ကျုပ်တော့ဒီမိသားစုကိုသတ်ရမှကျေနပ်မယ်အေ့….သူတို့ကြောင့်ကျုပ်ရှာထားတဲ့ခန္ဓာကအာဟာရမပြည့်ဘဲသေဆုံးခဲ့ရတာ…ဒီအတွက်ဒီကောင်မလေးပြန်ပေးဆပ်ရမယ်….”

” ကျုပ်အကြမ်းနည်းမသုံးချင်ဘူး….သင်လုပ်ထားတာတွေခုချက်ချင်းပြန်ထုတ်စမ်း….”

” မထုတ်ဘူး….လုံးဝဘဲ…”

” ရတယ်လေ…ကဲဆိုင်ရာတွေ…သူ့ပညာတွေပြန်ယူချင်အောင်လုပ်လိုက်ကြစမ်း….”

” ဘုန်း….”

” ဝေါ့…”

မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ဘုန်းဟူသောအသံတချက်ကြားလိုက်ရပြီး မေဖြူမှာအရှေ့သို့ယိမ်းထိုးသွားပြီး သွေးများထိုးအန်လိုက်၏။

” ကဲ…ဒါကအစဘဲရှိသေးတယ်….ပြောကိုယ်လုပ်ထားတာတွေပြန်ယူမှာလားပြန်မယူဘူးလား….”

” ငါပြောထားတယ်ငါ့ကိုသတ်ချင်ရင်သတ်လိုက်….ငါဘယ်တော့မှပြန်မယူနိူင်ဘူး….မယ်ခတဲ့ဟေ့…ပြောပြီးရင်ပြန်မပြင်တတ်ဘူး….”

” ဒီလောက်အာခံနေပုံထောက်ရင် သင့်ကသင့်ရဲ့အသက်ဗူးကိုတနေရာမှာဝှက်ထားခဲ့ပုံရတယ်…သွားယူလာခဲ့ကြစမ်းဆိုင်ရာတွေ…”

” ဘာအသက်ဗူးလဲ….ငါ့မှာဘာအသက်ဗူးမှမရှိဘူး….”

မောင်ရေခဲ၏စကားကြောင့် မေဖြူမှာပျာပျာသလဲဖြစ်သွားပြီးထိုသို့ပြန်ပြော၏။

ထိုစဉ်နတ်မင်းတစ်ပါးသည် မောင်ရေခဲရှေ့ဘွားခနဲပေါ်လာပြီး သူ့လက်ထဲမှဝင်းဖန့်သောအရာတစ်ခုကို မောင်ရေခဲအားကမ်းပေးလိုက်၏။

” ရွှေအပ်လေးပါလား….သင်ကသင့်ရဲ့အသက်ကိုဒီရွှေအပ်ထဲထည့်ထားတာဘဲ…ဒါကြောင့် ကျုပ်ကိုအာခံရဲတာပေါ့….ကဲပြော…လုပ်ထားတာတွေပြန်ယူမလား….အသက်ဗူးကိုဖျက်ဆီးပစ်လိုက်ရမလား….”

” မလုပ်ပါနဲ့ရှင်…မလုပ်ပါနဲ့….ပြန်ယူဆိုပန်ယူပါ့မယ်….အသက်ဗူးကိုတော့မဖျက်ဆီးပစ်လိုက်ပါနဲ့….”

” ဒါဆို ခုချက်ချင်းသွင်းထားတဲ့အပင်းပြန်ထုတ်စမ်း….”

” ဟုတ်….ဟုတ်….”

” အော့…ဝေါ့….”

” ဟာ….”

” ဟင်….”

မေဖြူကပြောပြောဆိုဆိုလက်ချောင်းဖြင့် လည်ချောင်းထဲကိုထိုးပြီးအန်လိုက်ရာ သရက်သီးအလုံးလိုက်လေးငါးလုံးခန့်ထွက်ကျလာ၏။ ထိုအဖြစ်ကြောင့် ဖခင်နှင့် အစ်ကိုဖြစ်သူတို့မှာအံ့ဩတုန်လှုပ်သွားကြ၏။

သရက်သီးလေးငါးလုံးခန့်အန်ချပြီးနောက် ရပ်လိုက်၏။ နဖူးမှလည်းချွေးဒီးဒီးကျနေလေ၏။

” ကုန်ပြီလား….သင်အပင်းသွင်းထားတာတွေ…”

” ကုန်…ကုန်ပါပြီ….ကျုပ်အသက်ဗူးပြန်ပေးပါ….”

” ကျုပ်ကိုမညာနဲ့….ကြာသပတေးသမီးရဲ့အူမကြီးထဲမှာအပင်းတွေကျန်နေသေးတာကျုပ်သိတယ်…ထုတ်စမ်း…အကုန်ထုတ်….”

” ဟင်း…နည်းနည်းလေးမှလိမ်ညာလို့မရပါလားအေ….ထုတ်မယ်ဟေ့ထုတ်မယ်….”

” အော့….ဝေါ့….”

ထမ်မံထိုးအန်လိုက်ရာ မဲညိုညစ်နေသောချွဲကျိကျိအရည်နှင့်သရက်သီးနှစ်လုံးကိုထပ်မံအန်ချပြန်၏။

” ကဲ…ကုန်ပြီဟဲ့…ပေးစမ်းငါ့အသက်ဗူး….”

” ဒီတိုင်းပေးလို့တော့မရဘူး…သင့်ကိုကျုပ်မယုံဘူးဒီတော့ ဒီပညာတွေနဲ့လူသားတွေကိုဒုက္ခမပေးတော့ပါဘူးလို့ သစ္စာဆိုဂတိပေးပြီးမှ သင့်အသက်ဗူးကိုကျုပ်ပြန်ပေးမယ်…”

မောင်ရေခဲကထိုသို့ဆိုလိုက်ရာမေဖြူမှာ ခဏမျှငြိမ်သက်သွား၏။ အတန်ငယ်စဉ်းစားပြီးမှ

” အေးကျုပ်သဘောတူတယ်အေ့….”

” ဒါဆိုလည်း ကျုပ်အနောက်လိုက်ဆိုချေ…”

ဟုပြောပြီး မောင်ရေခဲကသစ္စာတိုင်ပေးလိုက်ပြီး သစ္စာရေတစ်ခွက်တိုက်လိုက်၏။

” သစ္စာလည်းလိုက်ဆိုပြီးပြီ…သစ္စာရေလည်းသောက်ပြီးပြီဆိုတော့ ကျုပ်ရဲ့အသက်ဗူးကိုပြန်ပေးတော့လေ….ကျုပ်အကြာကြီးလူလုပ်ရဦးမှာအေ့….”

” ဟုတ်ပြီကျုပ်ဂတိအတိုင်းပြန်ပေးတယ်…သင်လည်းကြာသပတေးသမီးရဲ့ခန္ဓာပေါ်က ဒဏ်ရာအနာတရတွေအကုန်ယူပြီးဘုရားဦးချ ပြီးရင်ထွက်သွားတော့….”

” ဟုတ်ပါပြီအေ….”

ဒေါ်မယ်ခကထိုသို့ပြောပြီးဘုရားကိုဦးချကာ မေဖြူ၏ခန္ဓာထဲမှထွက်သွားတော့၏။ မေဖြူမှာဘေးသို့ပုံပုံလေးလဲကျသွားတော့၏။

” ဟာ….ကျွန်တော်သမီးဘာဖြစ်သွားတာလဲဆရာ….”

” ဘာမှမဖြစ်တော့ဘူးဗျ….သူပင်ပန်းလို့သတိလစ်သွားတာပါ….ခဏဆိုသတိပြန်လည်လာလိမ့်မယ်…”

ထိုသို့ပြောပြီးမောင်ရေခဲက ရေစင်ဖြင့်မေဖြူ၏ခေါင်းကိုတောက်ပေးလိုက်၏။

” ပြောမယုံကြုံဖူးမှသိဆိုသလိုဘဲညီရေ….ကျုပ်တော့ညီကုတာကိုကြည့်ပြီး လန့်တောင်လန့်တယ်ဗျာ….ဒါနဲ့ကျုပ်ညီမလေးကဘာဖြစ်တာတုန်းဗျ….”

” သူတစ်ပါးစျေးရောင်းတာကိုမတန်တဆစျေးဆစ်မိလို့ဟိုကမကျေနပ်တော့ပြန်လုပ်တာဗျ….ဒီလိုဘဲလူ့ဘောင်လောကမှာလူအမျိုးမျိုးစိတ်အထွေထွေတဲ့….ကိုယ်ကဘာမှမဖြစ်စလောက်လေးဘဲစျေးဆစ်လိုက်တယ်ဆိုပေမဲ့ ဟိုဘက်ကလည်းဝမ်းရေးအခက်ခဲရှိတယ်လေ…ဒါကိုနားလည်ပေးနိူင်ရမယ်ဗျ….”

” ကျုပ်တော့သင်ခန်းစာတစ်ခုရလိုက်ပြီဗျာ…ဘာမှအဖိုးမတန်တဲ့သရက်သီးကြောင့် အသက်တွေပေးဆပ်လိုက်ရတာအင်မတန်နှမြောဖို့ကောင်းတယ်ဗျာ….”

” အဟွတ်…အဟွတ်…ရေ…ရေပေးပါ…”

” ဟော…သမီးလေးသတိရလာပြီ…သားငယ်…ညီမလေးကိုရေခပ်ပေးလိုက်ကွ…”

မေဖြူမှာဖြစ်ပျက်ခဲ့သမျှဘာမှမမှတ်မိသည့်ပုံစံဖြင့်အူတူတူကြည့်နေရှာသည်။ ဦးမုန်းက

” ကျုပ်သမီးလေးအသက်ကိုကယ်ပေးခဲ့လို့တကယ်ကိုကျေးဇူးတင်ပါတယ်ဆရာရယ်….ပြောပြမတတ်အောင်ကျေးဇူးတင်ပါတယ်ဗျာ…ဒါလေးကနည်းသည်များသည်မဆိုဘဲ ဆေးကုသငွေကန်တော့တာလေးကိုလက်ခံပေးပါဗျာ…”

” မလိုပါဘူးဦးလေးရယ်….ငွေဆိုတာကျွန်တော်တို့အတွက်မလိုအပ်ပါဘူး…ဒီငွေတွေကို ကွယ်လွန်လေသူဦးလေးရဲ့ဇနီးအတွက် ရည်စူးကုသိုလ်တွေပြုလုပ်ပေးလိုက်ပါဗျာ…”

ဘယ်လိုမှပြော၍မရတော့သည့်အဆုံး ဦးမုန်းက သမီးဖြစ်သူအား မောင်ရေခဲကိုကန်တော့ခိုင်းလိုက်၏။

” မှတ်ထားညီမငယ်….တပါးသူရဲ့ပစ္စည်းကိုဘာတစ်ခုမှအလကားမလိုချင်ပါနဲ့ ….ခုဖြစ်သွားတာကိုသင်ခန်းစာယူပါ…”

” ဟုတ်ကဲ့ပါရှင်…ညီမမှတ်သွားပါပြီ….နောက်ထပ်သူများပစ္စည်းကိုအချောင်မလိုချင်တော့ဘူး….”

” ဟုတ်ပါပြီဗျာ…ကဲ…ဘေးကင်းသွားကြပြီဆိုတော့ ကျွန်တော်တို့လည်းခရီးဆက်တော့မယ်….ခွင့်ပြုကြပါဦးဗျ…”

” ဟာ…ချက်ချင်းကြီးပါလားဆရာတို့ရာ…ဒီမှာတစ်ရက်နှစ်ရက်လောက်နေပါဦးလားဗျ….”

” နေချင်တာပေါ့ဗျာ…ဒါပေမဲ့ကျွန်တော်တို့ကတစ်နေရာထဲအကြာကြီးနေလို့မရဘူးဗျ…”

” ဟုတ်ပါပြီဗျာ…လမ်းခရီးသာယာပါစေနော်….”

ဦးမုန်းကမြင်းလှည်းဖြင့်သူကိုယ်တိုင်ရွာထိပ်ထိလိုက်ပို့ပေးလိုက်၏။ မောင်ရေခဲတို့လည်း ထိုရွာမှထွက်လာခဲ့ကြပြီး ဦးတည်ရာမရှိဆက်လက်ခရီးဆက်ခဲ့ကြတော့သည်။….။

( အားပေးဖတ်ရှုသူအပေါင်း ဘေးရန်ကင်းကွာပြီး စီးပွားလာဘ်လာဘများ ကြီးပွားတိုးတက်ကြပါစေသောဝ်)
# ပြီး
# ခွန်း