မေ့မရတဲ့ဆောင်းတစ်ည

မေ့မရတဲ့ဆောင်းတစ်ည (စဆုံး)
(ဖြစ်ရပ်မှန်)
(၁)
အချိန်ကာလအားဖြင့် ၂၀၀၀ပြည့်လွန်နှစ်များခန့်ကဖြစ်သည်။ မေမြို့ဆောင်းတွင်းမှာ အလွန်ချမ်းအေးလှသည်ဖြစ်ရာ ညနေစောင်းသည်နှင့် ဥဒဟိုသွားလာနေသည့် ကားလမ်းမကြီးမှာတဖြည်းဖြည်းလူသူကျဲပါးသွားတော့သည်။ ကားလမ်းမကြီးနံဘေး ရွာကလေးတစ်ရွာတွင် သူရိန်နေထိုင်သည်။ သူရိန်မှာထိုစဉ်က ခုနစ်တန်းကျောင်းသားအရွယ်သာဖြစ်သည်။ ညနေစာ စားသောက်ပြီးသည်နှင့် သူရိန်နှင့်သူငယ်ချင်းတစ်စုမှာ ရွာထိပ်သို့ထွက်ခဲ့ကြလေသည်။ သူရိန်နှင့်အတူ တစ်တန်းတန်းကျောင်းတက်ဖော်ဖြစ်သည့် အောင်ကြီးနှင့် ရွာထိပ်ဘက်မှရှစ်တန်းကျောင်းသား တိုးကြီးဆိုသူလည်းပါဝင်သည်။ တိုးကြီးမှာသူတို့ထက် တစ်တန်းကြီးသော်လည်း အားလုံးတန်းတူပေါင်းသင်းကြခြင်းဖြစ်သည်။ သူငယ်ချင်းသုံးယောက် ရွာထိပ်တွင်ဆုံတွေ့ပြီးသကာလ ရွာထိပ်ကားလမ်းတစ်ဖက်ခြမ်းရှိ စခန်းကလေးဆီသို့ဦးတည်လျှောက်လာခဲ့ကြသည်။
“ဟေ့ကောင်သူရိန် ကိုမိုးကြီးမှာလိုက်တဲ့အတိုင်း ဆီယူခဲ့ရဲ့လား”
သူရိန်က သူလွယ်လာသည့်လွယ်အိတ်အတွင်းမှ ဆီပုလင်းကိုထုတ်ပြလိုက်လေရာ ကျန်သည့်နှစ်ယောက်က ခေါင်းညိတ်လိုက်ကြသည်။
“တိုးကြီး မင်းရောဒယ်အိုးပါခဲ့ရဲ့လား”
တိုးကြီးက လွယ်အိတ်ကိုလက်နှင့်ထုနှက်လိုက်လေရာ သံသားကိုထုနှက်မိသည့်အသံ တဒေါင်ဒေါင်ကြားလိုက်ရသဖြင့် လွယ်အိတ်အတွင်း သံဒယ်အိုးတစ်လုံးကို ခိုးဝှက်ယူလာခဲ့ပုံရလေသည်။
“သူများမေးနေနဲ့အောင်ကြီး မင်းဆီမှာရော ကြက်သွန်ဖြူဥတွေဘာတွေပါလို့လား”
အောင်ကြီးက လွယ်အိတ်ထဲမှ ကြက်သွန်ဥကြီးကြီးဖြူဖြူလုံးလုံးကြီးများကို နှိုက်ပြလိုက်သည်။ သို့နှင့်သူငယ်ချင်းသုံးယောက် ကားလမ်းကိုဖြတ်ကူးခဲ့ကြစဉ် လမ်းမီးတိုင်ဝါဝါကြီးများက ထိန်ထိန်လင်းနေပြီဖြစ်သည်။ ကားလမ်းတစ်ဖက်ခြမ်း အောက်ဘက်သို့ဆင်းလိုက်သည့်အခါတွင် စိန်နားပန်ဟုခေါ်သည့် ချုံကြီးများက ဟီးထနေလေသည်။ လူတစ်ရပ်မကမြင့်မားလှပြီး ချုံပင်အခက်အလက်များမှာ ခိုင်မာလှကာ သစ်ရွက်များလည်းထူသဖြင့် ထိုချုံကြီးများအောက်ခြေကို ရှင်းလင်းကာ သစ်ခက်များကို ဘေးသို့ကပ်ပြီး လူတိုးနိုင်သည့်အပေါက်တစ်ပေါက်ပြုလုပ်ထားလိုက်လျှင် သဘာဝအိမ်ကြီးတစ်လုံးအလား အတွင်းတွင်ခိုအောင်းကာ နေထိုင်နိုင်သည်။
ထိုအရာကို သူရိန်တို့က စခန်းဟုခေါ်သည်။ တစ်ဖက်ကားလမ်းမနံဘေးတွင် သူတို့စတည်းချလေ့ရှိသည့် ချုံကြီးတစ်ခုရှိကာ အတွင်းတွင်အတော်အတန်ရှင်းလင်းထားသဖြင့် လူလေးငါးယောက် ကျယ်ကျယ်ဝန်းဝန်းနေနိုင်ပေသည်။ စခန်းအတွင်းသို့လှမ်းဝင်လိုက်သည့်အခါတွင် ကိုမိုးကြီးနှင့် မြင့်မောင်တို့က ရောက်နေကြပြီဖြစ်သည်။ ကိုမိုးကြီးဆိုသူမှာ ဆယ်တန်းနှစ်ကျတစ်ဦးဖြစ်ကာ သူတို့ထက်အသက်အများကြီး ကြီးသည်။ မြင့်မောင်မှာလည်း ကိုမိုးကြီးနှင့် အသက်အရွယ်တူခန့်ဖြစ်မည်ထင်သည်။ ကာလသားကြီးများဖြစ်သည့် ကိုမိုးကြီးနှင့်မြင့်မောင်က ကာလသားပေါက်စများဖြစ်ကြသည့် သူရိန်တို့နှင့်ပေါင်းမိကာ သူရိန်တို့အပေါ် သြဇာညောင်းသည်ဟု ပြောလျှင်လည်းမမှားပေ။
“ခွေးကောင်တွေ မင်းတို့ဘယ်တွေလျှောက်သွားနေလို့လဲကွ ဒီမှာ နောက်တောင်ကျနေပြီ”
ကိုမိုးကြီးပိတ်ဟောက်သည့်အခါ သူရိန်တို့တွေ ဘာပြောရမှန်းမသိပေ။
“မင်းတို့ကို ငါမှာလိုက်တဲ့ပစ္စည်းတွေရော ပါတယ်မဟုတ်လား”
သုံးယောက်သား လွယ်အိတ်အတွင်းမှ ပစ္စည်းများကိုထုတ်ပေးလိုက်ကြသည်။
“အေး၊ အတော်ပဲ ဒီနေ့တော့ မင်းတို့ မိုးကြီးလက်ရာ ပုရစ်ကြော် တဝကြီးစားရပြီပေါ့ကွာ”
မိုးကြီးက ပြောဆိုလျှက်ရယ်မောလိုက်လေတော့သည်။
(၂)
သူတို့လူတစ်သိုက် ညနက်သည့်အခါမှ စုစည်းမိကြခြင်းမှာ အခြားအကြောင်းအရာကြောင့်မဟုတ်ဘဲ ပုရစ်ကြော် ကြော်စားရန်အတွက် စုစည်းမိကြခြင်းဖြစ်သည်။ ယခုလိုဆောင်းညမျိုးတွင် ပုရစ်များကျသဖြင့် ပုရစ်ကောက်ကာ ပုရစ်ကြော် ကြော်စားနိုင်ပေသည်။ သို့သော် လူသိရှင်ကြားအိမ်တွင်ကြော်စားရသည်ထက် ယခုကဲ့သို့ သူငယ်ချင်းများ သိုသိုသိပ်သိပ်လုပ်ကိုင်စားသောက်ရသည်ကပင် အရသာတစ်မျိုးထူးသည်ဟု ခံစားရသည်။
သူရိန်တို့မှာ သူငယ်ချင်းတစ်ယောက်အိမ်တွင် စုစုကျက်ကြမည်ဟု လူကြီးများကိုလိမ်လည်ကာ ထွက်လာခဲ့ကြခြင်းဖြစ်သည်။ ညရှစ်နာရီခန့်အချိန်တွင် ကားလမ်းမကြီးတစ်လျှောက် ကားအသွားအလာကျဲပါးသွားသည်။ ကားလမ်းမတစ်လျှောက်ရှိ လမ်းမီးတိုင်ဝါဝါကြီးများတွင်တော့ ပုရစ်ကောင်များမှာ အုံခဲကာပျံဝဲနေကြပြီဖြစ်သည်။ အုံခဲနေသည့်ပုရစ်များမှာ ပျံသန်းရင်းအတောင်ညောင်းလာသည့်အခါ ဓါတ်တိုင်အောက်ဘက် မြေပြင်ပေါ်သို့ပြုတ်ကျလာကြသည်။ ထိုသို့ပြုတ်ကျလာသည့် ပုရစ်များကို သူရိန်တို့ကဖမ်းဆီးကြခြင်းဖြစ်သည်။ ပုရစ်ကောက်သည်ဟုလည်းခေါ်သည်။ အမှန်တကယ်စီးပွားဖြစ်ဖမ်းဆီးကြသူများကမူ ထိုသို့လမ်းမီးတိုင်များတွင် လိုက်မကောက်ပေ၊ တစ်နေရာတွင် ပုရစ်များကိုအလင်းရောင်နှင့်ထောင်ကာ ဖမ်းဆီးကြသည်။ ဖမ်းဆီးကြသည်က ပုရစ်လိုက်ကောက်သည်ထက် အရများသဖြင့် တော်ရုံလူမည်သူမျှ ပုရစ်မကောက်ကြပေ။
ဓါတ်တိုင်အပေါ်ဘက်တွင် အုံခဲနေသည့် ပုရစ်များကို ညဘက်ကျက်စားသည့် ဇီးကွက်ကဲ့သို့ ညငှက်များကလည်း ထိုးဆိတ်စားသောက်တတ်ကြသည်။ ထိုမျှမက အောက်ဘက်သို့ပျံကျလာသည့် ပုရစ်များကိုလည်း မြွေ၊ ကြွက်ကဲ့သို့အကောင်များက ဖမ်းယူစားသောက်ကြပြန်သည်။ အထူးသဖြင့် မြွေဆိုးများမှာ ပုရစ်ကြိုက်သဖြင့် မြွေနှင့်မတွေ့အောင်သတိထားရသည်။ ဓါတ်တိုင်တစ်တိုင်နှင့်တစ်တိုင် ခပ်လှမ်းလှမ်းရှိနေသဖြင့် နှစ်ဖွဲ့ခွဲကာ ပုရစ်ကောက်ကြသည်။ သူရိန်တို့သူငယ်ချင်းသုံးယောက်မှာ ညရှစ်နာရီခန့်အချိန်မှစ၍ ပုရစ်ကောက်ကြရာ ညဆယ်နာရီခန့်ရောက်သောအခါ ပုရစ်ကောင်များ အတော်များများရနေပြီဖြစ်သည်။
“ဒီလောက်ဆိုရလောက်ပြီကွ၊ ကိုမိုးကြီးတို့ရထားတာနဲ့ဆို ငါတို့ဗိုက်ကားအောင်စားလို့ရပြီ”
သို့နှင့် စခန်းကလေးဆီသို့ပြန်လာခဲ့သည်။ စခန်းထဲတွင် မြင့်မောင်က ဘယ်ကယူလာမှန်းမသိသည့် ငရုတ်ဆုံကလေးတစ်ခုနှင့် ကြက်သွန်ဖြူများကို ထောင်းနေကာ ကိုမိုးကြီးကတော့ ပုရစ်များကိုဗိုက်ဖောက်ပြီး ဗိုက်အတွင်းသို့ ထောင်းထားသည့်ကြက်သွန်ဖြူများကို တုတ်တစ်ချောင်းနှင့်ထိုင်ထည့်နေလေသည်။ သူတို့လည်း ရရှိလာသည့် ပုရစ်အကောင်ကြီးများကို ကိုမိုးကြီးလုပ်သည့်အတိုင်းလုပ်ကိုင်ရင်း စကားစမြည်ပြောဆိုကြသည်။ ပုရစ်များကိုလုပ်ကိုင်ပြီးသည့်အခါ ညဆယ့်တစ်နာရီခန့်ရှိပြီဖြစ်သည်။
“ကဲ ပုရစ်တွေမကြော်ခင် မင်းတို့ကောင်တွေလဲ ဗိုက်ဆာရောပေါ့၊ ငါ့အိမ်က ထမင်းနဲ့ဟင်းယူလာတယ်၊ အဲဒါကို အဆာပြေဝိုင်းစားထားကြမယ်”
ကိုမိုးကြီးကပြောပြောဆိုဆိုနှင့် စတီးချိုင့်အားဖွင့်ပြသည်။ လေးဆင့်စတီးချိုင့်ကြီးထဲတွင် သုံးချိုင့်မှာထမင်းများဖြစ်ကာ တစ်ချိုင့်မှာတော့ အမဲသားဟင်းများချက်ထားခြင်းဖြစ်သည်။ ထမင်းများနှင့်ဟင်းများကို ခွဲဝေစားသောက်ရသည်မှာ အရသာတစ်မျိုးပင်ဖြစ်သည်။ ထမင်းစားရင်း စကားပြောကြစဉ် ကိုမိုးကြီးနှင့် မြင့်မောင်မှာ စကားအခြေအတင်ဖြစ်လေသည်။ ဖြစ်သည့်အကြောင်းမှာလည်း အခြားအကြောင်းအရာမဟုတ်ပေ။
“ဟေ့ကောင် မြင့်မောင်၊ မင်းက သရဲဆိုတာကိုမယုံဘူးလားကွ”
“အို မင်းတို့သာ တွေးပြီးကြောက်နေကြတာပါကွာ၊ တို့ဘာသာမှာတော့ သရဲဆိုတာ ရှိလည်းမရှိဘူး ယုံလည်းမယုံဘူး”
“ဟ၊ တဇောက်ကန်းမြင့်မောင်နဲ့ လာတွေ့နေတာပဲ၊ မင်းမယုံရင်ယုံသွားအောင်လို့ သရဲငါခေါ်ပြမယ်”
“လုပ်စမ်းပါ၊ သရဲဆိုတာ ဂျိုနဲ့လားလို့ကြည့်ရသေးတာပေါ့”
သူရိန်တို့ကလေးသုံးယောက်မှာ ကြောက်လန့်နေပြီဖြစ်သည်။ တိုးကြီးကပင် အရဲကိုးပြီး
“သရဲမယုံဘူးဆိုပြီး သရဲတော့မခေါ်ပါနဲ့ကိုမိုးကြီးရာ၊ ဒီနေရာက သချိုင်းကုန်းနဲ့နီးတယ်ဗျ၊ မတော်လို့ သရဲရောက်လာမှ အခက်”
“ဟိုကောင် မြင့်မောင်က ယုံမှမယုံတာကိုးကွ၊ ဒီကောင်ယုံအောင်ပြရသေးတာပေါ့”
“မလုပ်ပါနဲ့ဗျာ၊ ကျုပ်တို့ ကြောက်တယ်ဗျ”
“စိတ်ချပါ မင်းတို့ကောင်တွေ ဘာမှမဖြစ်စေရဘူး၊ ဒါနဲ့ မင်းတို့တွေ ငါ့ကို အုန်းမှုတ်ခွက်တစ်လုံးကူရှာပေးကြစမ်း”
ကိုမိုးကြီးပြောသဖြင့် အနီးအပါးကားလမ်းနံဘေးတွင်လိုက်ရှာကြရာ မကြာခင် အုန်းမှုတ်ခွက်အဟောင်းတစ်ခုကိုတွေ့လိုက်ရလေသည်။ ကိုမိုးကြီးကိုပေးလိုက်သည့်အခါ ကိုမိုးကြီးက ဟင်းခွက်အတွင်းကျန်နေသည့် အမဲသားတစ်တုံးကိုယူလိုက်ကာ မြေပေါ်တွင်ချလိုက်ပြီး အုန်းမှုတ်ခွက်ဖြင့်အုပ်လိုက်သည်။ ထို့နောက် ဖယောင်းတိုင်ခပ်တိုတိုတစ်တိုင်ကို အုန်းမှုတ်ခွက်ပေါ်သို့တင်ထွန်းလိုက်ပြီး ပါးစပ်မှတခုခုကိုရွတ်ဆိုလိုက်လေသည်။ တစ်တောင်ခန့်ရှိသည့် တုတ်တစ်ချောင်းနှင့် အုန်းမှုတ်ခွက်အား တဒေါက်ဒေါက်ခေါက်နေပြန်သေးသည်။
သူရိန်တို့သုံးယောက်မှာ အလွန်ကြောက်ရွံ့ထိတ်လန့်နေကြသော်လည်း မြင့်မောင်မှာတော့ ပြီတီတီနှင့်ရယ်မောနေလေသည်။ ကိုမိုးကြီးလုပ်ပြီးအတန်ကြာသည့်အခါ အနီးပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ကာ
“ဘယ်မလဲကွ မင်းတို့သရဲ၊ ငါအခုထိ မမြင်ရသေးပါလားကွ”
ကိုမိုးကြီးမှာ စိတ်ဆိုးနေသည့်မျက်နှာနှင့်
“ဟေ့ကောင်မြင့်မောင် သရဲက ဘယ်မှာမှမဟုတ်ဘူး၊ ဟောဒီ အုန်းမှုတ်ခွက်ထဲမှာ”
ကိုမိုးကြီးက ပြောပြောဆိုဆိုနှင့် အုန်းမှုတ်ခွက်ပေါ်တင်ထွန်းထားသည့် ဖယောင်းတိုင်အားမှုတ်လိုက်သောအခါ အုန်းမှုတ်ခွက်မှာ မြေပြင်ပေါ်တွင် တလှုပ်လှုပ်နှင့်ဖြစ်လာသည်။ ပြီးသည့်နောက် မည်သူမှမကိုင်တွယ်ဘဲ မြေပေါ်တွင် တခွပ်ခွပ်နှင့်ခုန်ပေါက်နေလေသည်။ ကိုမိုးကြီးက တစ်ခုခုပြောလိုက်သည့်အခါ အုန်းမှုတ်ခွက်မှာ မြင့်မောင်အနောက်သို့လိုက်တော့သည်။
မြင့်မောင်မှာလည်း ထိုတော့မှ ကြောက်ကြောက်လန့်လန့်ဖြင့်ထပြေးသည်။ စခန်းလုပ်ထားရာအနီးတွင် မြက်တောကွင်းကြီးတစ်ခုရှိကာ ရွာသားများဘောလုံးကန်ကြသည့်ကွင်းဖြစ်သည်။ မြင့်မောင်မှာထိုကွင်းကြီးအတိုင်းလှည့်ပတ်ပြေးရာ အနောက်မှ အုန်းမှုတ်ခွက်ကြီးက တဂွတ်ဂွတ်နှင့်ခုန်ပေါက်ကာ လိုက်နေသည်။ မြင့်မောင်မှာ မောပန်းသွားသည့်အခါ တစ်နေရာတွင်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ထိုအခါ အုန်းမှုတ်ခွက်က မြေပြင်ပေါ်မှနေ၍ မြင့်မောင်၏ ဦးခေါင်းပေါ်သို့ခုန်တက်သွားကာ ဦးခေါင်းပေါ်တွင် တဂွတ်ဂွတ်နှင့်ခုန်နေပြန်သည်။ မြင့်မောင်မှာ ခေါင်းနာလှသဖြင့် ကြာကြာမနားတော့ဘဲ အုန်းမှုတ်ခွက်ကိုလက်နှင့်ဆွဲယူလွင့်ပစ်ကာ ကွင်းကိုပတ်ပြေးပြန်သည်။ အုန်းမှုတ်ခွက်က အနောက်ကလိုက်ပြန်သည်။
ထိုအဖြစ်ကို ကိုမိုးကြီးက လက်ညှိုးထိုးကြည့်ကာ ခွက်ထိုးခွက်လန်ရယ်မောသော်လည်း သူရိန်တို့သုံးယောက်ကမူ ရယ်မောရန်နေနေသာသာပင် မည်သူမှမပါဘဲ ခုန်ပေါက်နေသည့် အုန်းမှုတ်ခွက်ကိုကြည့်ကာ ကြက်သီးထနေမိသည်။ နောက်ဆုံး မြင့်မောင်မှာ ကိုမိုးကြီးထံသို့ပြေးလာသည်။
“ဟေ့ကောင်မိုးကြီး၊ ယုံပါပြီကွာ၊ တော်ပါပြီ၊ မင်းအုန်းမှုတ်ခွက်ကြီးရပ်ခိုင်းပါတော့”
မြင့်မောင်ရပ်လိုက်သည်နှင့် အုန်းမှုတ်ခွက်မှာ ခေါင်းပေါ်တက်၍ ခုန်လေသည်။
“အေး မင်းအခုတော့ယုံပြီမဟုတ်လား”
မြင့်မောင်က အကြိမ်ကြိမ်တောင်းပန်သည့်အခါမှ နောက်ဆုံး ကိုမိုးကြီးက တစ်ခုခုပြောလိုက်သည့်အခါ အုန်းမုတ်ခွက်မှာ လေပေါ်သို့တစ်ချက်ခုန်တက်သွားပြီး မြေပြင်ခပ်လှမ်းလှမ်းသို့ကျသွားသည်။ ထိုနောက်ပိုင်း အုန်းမှုတ်ခွက်မှာ တုတ်တုတ်မျှပင်မလှုပ်တော့ပေ။
(၃)
ညဆယ့်နှစ်နာရီနီးလာသည့်အချိန် လေအေးများက တဝေ့ဝေ့တိုက်ခတ်လာသည်။ ဆောင်းလယ်မို့ ချမ်းကလည်းချမ်းအေးလွန်းလှသည်။ မြင့်ဆောင်သာ ပြေးလွှားထားသဖြင့် ချွေးစေးများပြန်နေသည်။ လူများအားလုံး ချုံကြီးအောက်စခန်းဆီသို့ပြန်ရောက်နေပြီဖြစ်သည်။ စခန်းလုပ်ထားသည့်ချုံကြီးမှာ အကာအကွယ်ကောင်းလှသဖြင့် ဆောင်းလေအေးကို အန်တုနိုင်ပေသည်။
စခန်းမြေပြင်တွင် အုတ်နီခဲချလိုက်ပြီး ထင်းခြောက်များကောက်ကာ မီးမွှေးလိုက်သည်။ ထိုအပေါ်တွင်တော့ သံဒယ်အိုးကိုယူလိုက်ပြီး ဆီများထည့်ချလိုက်သည်။ ကိုမိုးကြီးက ဦးဆောင်ကာ ပုရစ်များကိုကြော်လေတော့သည်။ ပုရစ်ကြော်နှင့် ကြက်သွန်ဖြူထိတွေ့သဖြင့် ရနံ့မှာအလွန်မွှေးပျံ့လှပေသည်။ သူရိန်တို့မှာ ဆီပူပူထဲရှိ ပုရစ်ကောင်ကလေးများကိုကြည့်ကာ သွားရည်ကျနေမိသည်။ ကိုမိုးကြီးက ဇွန်းတစ်ချောင်းဖြင့် ပုရစ်တစ်ကောင်ကိုဆယ်ယူလိုက်ကာ
“ရော့ သူရိန်မြည်းကြည့်စမ်း”
သူရိန်လည်း ပုရစ်ကောင်ကိုလှမ်းယူပြီး ပူပူနွေးနွေးပင်ကောက်ဝါးလိုက်သည်။
“ကောင်းတယ်ကိုမိုးကြီး၊ ဒါပေမယ့်သိပ်တော့မကျွပ်သေးဘူး”
“မကျွပ်သေးရင်လည်း နည်းနည်းထပ်စောင့်တာပေါ့ဟေ့”
ထိုသို့ပြောဆိုနေကြစဉ် ကားလမ်းမကြီးအတိုင်း နွားခြူသံသဲ့သဲ့ကိုကြားရသည်။ နွားတစ်ကောင်ကောင်မှာ ကားလမ်းမကြီးအတိုင်း လမ်းလျှောက်လာပုံရသည်။ နွားခြူသံကို သူတို့ငါးဦးစလုံးလည်းကြားရသည်။ တဖြည်းဖြည်းနှင့် နွားခြူသံမှာ ပိုမိုနီးကပ်လာပြီး သူတို့စခန်းနှင့်နီးလာလေသည်။ အားလုံးမှာ အံ့သြသင့်စွာဖြင့် ကြည့်နေကြစဉ် စခန်းဝင်ပေါက်လုပ်ထားသည့် အပေါက်ဆီသို့ နွားခေါင်းကြီးက ဝင်လာလေသည်။ နွားကြီးမှာ မျက်တောင်ခတ်လျက်ရှိပြီး ပါးစပ်မှာလည်း မြက်တို့ကိုကိုက်ဝါးနေလေသည်။
ထိုနွားခေါင်းမှာ စခန်းအတွင်းသို့ဆက်ဝင်လာရာ နွားဂုတ်သားအနောက်တွင် နွားလည်ပင်းလိုက်ပါလာရမည့်အစား မည်သည့်အသားတစ်စုံတစ်ရာမှမရှိတော့ဘဲ နွားဦးခေါင်းပြတ်ကြီးသာဖြစ်နေလေသည်။ နွားခေါင်းပြတ်ကြီးမှာ လေတွင်ဝဲနေသလိုဖြစ်ကာ လည်ကုပ်နေရာမှာလည်း သွေးသံရဲရဲနှင့် ယခုမှခုတ်ဖြတ်ထားသည့်ဟန်ဖြစ်နေသည်။ သို့သော်လည်း ပါးစပ်က မြက်ကိုဝါးရင်း သူတို့ငါးယောက်ကိုလှည့်ပတ်ကြည့်နေလေရာ ငါးယောက်သား မတိုင်ပင်ထားဘဲ စိန်နားပန်ချုံကြီးကို တိုးဖြဲကြလျှက် ဖဝါးနှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးကြတော့သည်။
ထိုအဖြစ်ကို လူကြီးများသိမည်စိုး၍ ဖုံးကွယ်ထားသော်လည်း မြင့်မောင်နှင့် တိုးကြီးတို့မှာ နောက်ရက်များတွင်တော့ ကြောက်ဖျားဖျားလေတော့သည်။ နောက်တစ်နေ့မနက် သိချင်လှ၍ သွားကြည့်ကြသည့်အခါ အလဲလဲအပြိုပြိုဖြစ်နေသည့် ချုံကြီးအတွင်း တူးခြစ်နေသည့် ပုရစ်ကြော်များနှင့် ဒယ်အိုးကို အကောင်းပကတိအတိုင်းတွေ့ရလေသည်။ ထိုနောက်ပိုင်းတွင်တော့ သူရိန်တစ်ယောက် ပုရစ်ကောက်မထွက်ရဲတော့၊ ညမိုးချုပ်လျှင်ပင် ကားလမ်းဘက်ခြမ်းသို့ မကြည့်ရဲတော့ပေ။
နွားသရဲအကြောင်းပြောပြသော်လည်း မယုံသည့်သူကများသည်။ သို့သော် မိမိတို့ငါးဦးထိုညက ကြုံတွေ့ခဲ့ရသည်မှာ လိမ်လည်လှည့်ဖျားပြောဆိုသည့်စကားမဟုတ်ဘဲ တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်များသာဖြစ်သည်။ ယခုဆိုလျှင် အဖြစ်အပျက်များမှာ ကြာမြင့်သွားခဲ့ပြီ၊ အဖြစ်အပျက်တွင်ပါဝင်ခဲ့သူများလည်း တစ်နယ်တစ်ကျေးရောက်သူရောက်၊ အလုပ်အကိုင်အမျိုးမျိုးနှင့် အခြေကျသူ ကျခဲ့ပြီဖြစ်သည်။ သို့သော်လည်း တိုးကြီးတစ်ယောက်မှာ ယနေ့ထက်တိုင် နွားများမြင်လျှင် လန့်တတ်ကာ နွားခေါင်း၊ နွားမျက်နှာကို စေ့စေ့မကြည့်ဝံ့ဟု ဆိုကြလေသည်။
ပြီးပါပြီ။