မျှဝေမပေးသာ

မျှဝေမပေးသာ – မိုးမိုး(အင်းလျား)
ငယ်စဉ်ကတော့ ဒေါ်ခင်သန့်စင်သည် ဟန်ဆောင်မှုကို အတော်လေးပဲ မုန်းတီးခဲ့၏။ မုသားမပါ လင်္ကာမချော ဟူသော စကားကိုလည်း လက်မခံနိုင်ပေ။ အမှန်တရားကို ဖုံးကွယ်ခြင်းသည် ပြစ်မှုတစ်ခုဟု နားလည်သည်။ ဒေါ်ခင်သန့်စင်၏အမေ ဒေါ်မြကြည် သည် စိတ်ရင်းအားဖြင့် ရိုး‌ဖြောင့်သူတစ်ဦးဖြစ်သည်။ သူတစ်ပါးကို ကူညီလိုစိတ် အမြဲရှိသည်။ မိခင်၏အရိပ်အောက်မှာ ဗိုင်းကောင်း ကျောက်ဖိနေခဲ့ရသော ခင်သန့်စင်သည် အမေ၏ ရိုးဖြောင့်မှု၊ ရက်ရောမှုကို အားကျ အထင်ကြီးခဲ့သည်။ တစ်ခုပဲ ရှိသည်။ အမေ ဒေါ် မြကြည်သည် သူတစ်ပါး အပေါ် ကောက်ကျစ် စဉ်းလဲခြင်း မရှိလင့်ကစား စကားအရာမှာ ချိုချိုသာသာဖြင့် အမြဲတမ်း တကွက်ချန်၍ ပြောတတ်ခြင်းပင်ဖြစ်၏။ အမေနဲ့ နီးနီးကပ်ကပ်နေရသော ခင်သန့်စင်အဖို့ တစ်ခါတစ်ရံ အမေ့ကို အံ့သြရသည်။ တခါတရံတော့လည်း အမှန်တရားကို မြတ်နိုးသော ခင်သန့်စင်နှင့် အမေ ဒေါ် မြကြည်တို့ ပဋိပက္ခဖြစ်ရ သည်။
“လက်ကောက်လေးက လှ လိုက်တာနော်၊ လက်ရာကလည်း ကောင်း၊ အရည်ကလည်း ကောင်း တော်တော် ပေးရမယ် ထင်တယ်”
မှတ်မှတ်ရရ အဖေ့မွေးနေ့၊ တခမ်းတနား မဟုတ်သော်လည်း ဘုန်းကြီး ဆွမ်းကျွေး၍ တစ်ရုံးထဲမှ အရာရှိများ၊ သူတို့၏ဇနီး များကို ဖိတ်၍ ဧည့်ခံကျွေးမွေးသည်။ ဒီနေ့မှာပင် အမေက ခင်သန့်ဇင်ကိုပါ ပန်းလက်ကောက်တစ်ရံ ဆင်ပေးသည်။ သို့သော် ဒီ လက်ကောက်အကြောင်းကို ခင်သန့်ဇင်က အစမှ အဆုံး သိထားသူဖြစ်၍ ….
“ဒီလက်ကောက်က ….”
လက်ဖက်ပန်းကန်ကို ချရင်း ခင်သန့်စင်က တစ်စုံတစ်ရာ ဝင်ပြောမည် အပြု အမေက အတင်း ကြားဖြတ်၍ ပြောလိုက် သည်။
“သွား သမီး၊ ဟိုဘက်မှာ ရေနွေးအိုး လိုတယ်၊ သွားယူ‌ချေဦး”
“လက်ကောက်က လှ ဆို ခင်ခင်ရယ်… သမီးက ဝတ်ချင်တယ်ပူဆာတာနဲ့ မနေ့ ကပဲ တိုက်စိမ်းမှာ ချက်ချင်း သွားဝယ်ရတာ၊ ရှိလို့တော့ မဟုတ်ဘူးလေ။ အရင်တလောကပဲ မြတို့ အဖေ အမေ ထားခဲ့တဲ့ ရှေးရိုး ဒင်္ဂါးပြား ရောင်းပြီး သုံးလိုက်တာ၊ ကျန်တာ တွေ အဖတ်တင်တယ် ဆို ပြီးတော့”
“ဟယ်… မြကတော့ လုပ်မယ်၊ မိဘအမွေတွေ ကျန်ရင်လည်း ထိန်းသိမ်းထား ဦးလေ၊ တော်ကြာ ပျောက်ပျက်ကုန်မယ်။ ဦး စိန်ကြယ် လခလည်း မနည်းပါဘူး၊ မြတို့မိသားစု ပိုမှာပေါ့”
“ကွယ် ခင်ကလည်း သိသားနဲ့၊ သူ့လခက အိမ် စရိတ်ရယ် ဧည့်ခံစရိတ်ရယ်၊ ဘယ်မှာ အကွက်‌စေ့လို့လဲ၊ ကိုယ့်မှာ အခံ‌လေးရှိလို့သာပေါ့ကွယ်”
တစ်ဘက်ဝိုင်းမှာ ရေနွေးအိုး ချရင်း အမေ ပြောနေတဲ့စကားသံကို ကြားရသည်။ အမေ သည်မျှ ဟန်ဆောင်ကောင်းပါကလားဟု အံ့သြမိကာ ဘာကြောင့် ဟန်ဆောင်ပြီး မဆိုင်တာတွေ ပြောနေတာလဲဟု အံ့သြမိရလေသည်။ အဲဒီတုန်းက မည်သည့် မိဘအမွေပစ္စည်းမျှ အားကိုးစရာမရှိသော အမေသည် အဖေ့လစာကို စစ်စစ်စီစီ သုံး၊ ကျစ်ကျစ်ပါအောင် စုပြီး တစ်ဖက်က အဖေ မသိအောင် မည်သူမျှလည်း မသိအောင် ငွေတိုးလေးများ ပေးသည်။ ယခု လက်ကောက်သည်လည်း အပေါင်ခံပစ္စည်းများထဲမှ လာမရွေးနိုင်တော့သော အပေါင်ဆုံး ပစ္စည်းတစ်ခုမျှသာဖြစ်ပြီး မနေ့တနေ့ ကမှ ရွှေဆိုင်မှာ သွားပြီး အရောင်တင်ခဲ့ခြင်းဖြစ်ကြောင်း ခင်သန့်စင်ကလည်း သိနေသည်။ အမေသည် မလိုအပ်ဘဲနှင့် ဘာကြောင့် ဟန်ဆောင် ပြောရတာလဲဟု စဉ်းစားမရအောင် ဖြစ်ရသည်။ ခင်သန့်စင်တို့မှာ ဒင်္ဂါးပြား မဆိုထားနဲ့၊ တူတာလည်း မရှိ။
***
“မေမေကလည်း မမခင်က ရင်းနှီးတဲ့သူအချင်းချင်းပဲ၊ မေမေ ဘာတွေ လျှောက်ပြောနေတာလဲ”
အမေက ဣန္ဒြေရရ ပြုံးသည်။ ခင်သဇင်ကတော့ အမေ့ကို အထင်ကြီး လေးစားစိတ်တွေပင် ပျောက်ကွယ်လုလုဖြစ်ရသည်။
“ဘယ်လောက်ပဲ ရင်းနှီးတယ် ဆိုပေမယ့် သမီး ရယ်… လူ ဆိုတာ ကိုယ့်ရဲ့ အတွင်းရေးကို အကုန် ပြောလို့ ဘယ်ဖြစ်ပါ့မလဲ၊ မေမေတို့မှာ ဥစ္စာပစ္စည်း ပြည့်ပြည့်စုံစုံ ဖြစ်နေရင်ပဲ သူတို့က သမီးဖေဖေရဲ့ ဂုဏ်သိက္ခာကို တနည်းတဖုံ ပုတ်ခတ်ကြလိမ့်မယ်လေ”
လူမှုဆက်ဆံရေး နယ်ပယ်၏ ပရိယာယ်ကို ခင်သန့်စင် ပထမဆုံး မှတ်သားရသည်။
“ဒါကတော့ မေမေရယ်၊ ဖေဖေ့လခကြောင့်မှ မဟုတ်တာ၊ မေမေ ကြံလို့ ဖန်လို့ ရတာလို့ ပြောလိုက်ပေါ့”
အမေက ဒုတိယအကြိမ် ပြုံးပြန်သည်။
“အဲဒီလို ပြောလို့ မဖြစ်ဘူးလေ သမီးရဲ့၊ သူတို့က မေမေ့ကို အလေးစား အခင်မင်ဆုံး နေရာမှာ ထားကြ တယ် မဟုတ်လား”
အမေကတောင် ငွေတိုး ပေးစားတာကိုလည်း လူသိ မခံချင်ဘဲကိုးဟု သဘောပေါက်ရပြန်သည်။ ဒီနောက်တော့ လူ့အလွှာ တစ်ခုအတွင်းမှာ ထိန်းသိမ်းထားရသည့် ဂုဏ်သိက္ခာနှင့် အထင်ကြီး လေးစားခံရမှုအတွက် အဆင်သင့်သလို ဟန်ဆောင် သိုသိပ်စွာ နေရ ပြောရသောအဖြစ်မျိုးတွေကို ခင်သန့်စင် မကြာမကြာ ကြုံတွေ့ ကြားသိခဲ့ရလေ သည်။ ဘာပဲဖြစ်ဖြစ် ငယ်ရွယ်တက်ကြွစဉ် လူ့ ဘဝသည် တိုက်ခိုက် ရုန်းကန်၍ကောင်းဆဲ အချိန်မှာတော့ ခင်သန့်စင်အဖို့ ဟန်ဆောင်မှုအရေခွံတွေကို တတ်နိုင်သမျှ ခွာချနိုင်ခဲ့သည်။ စိတ်သဘော မနောကောင်းခြင်းအပြင် ပွင့်လင်း စင်ကြယ်ခြင်းသည်လည်း ဂုဏ်တစ်ပါးဟု ခံယူ ကျင့်သုံးခဲ့လေသည်။
***
အသက် လေးဆယ်ကျော် စအရွယ် ဒေါ်ခင်သန့်စင် ဘဝမှာတော့ အတွေ့အကြုံတွေက အတော်လေး စုံလင်ခဲ့ပြီဖြစ်၏။ အခြေချ စပြုသော ဘဝကို မည်သို့ ထိန်းသိမ်း မတ်တည်ထားရမည် ဆိုတာကိုလည်း တမင်တကာ မဟုတ်ဘဲ အလိုအလျောက် တတ်ကျွမ်းခဲ့ပြီးဖြစ်၏။ လူဆိုသည်မှာ ရုန်းကန် လှုပ်ရှားရသည့် အရွယ်ကို လွန်မြောက်လျှင် တည်ငြိမ် ရင့်ကျက်ရမည်မဟုတ်လား။ ဘဝကို အစမှ ပြန်စ ဖို့ ဆိုသည်မှာ လက်တွေ့ တွင် မလွယ်။ ရှိနေဆဲ အခြေအနေမှ ပျက်စီး ယိုယွင်းသွားခြင်းမရှိအောင် ထိန်းထားဖို့မှာ လွန်စွာမှ အရေးကြီးလေသည်။ ယခုဆို ဒေါ်ခင်သန့်စင်မှာ ကိုယ်တိုင်က အများ ကြည်ညို လေးစားရသော အရာရှိတစ်ယောက်၊ ခင်ပွန်းမှာလည်း အတန်အသင့် ဩဇာရှိသော အကြီးအကဲတစ်ယောက်၊ ပညာရေးအားဖြင့် အများနှင့် တန်းတူ လိုက်နိုင်သော သားသမီး သုံးယောက်လည်း ရှိနေပြီ။ နေပျော် ထိုင်ပျော်သော အိမ်ခန်း တစ်ခန်း၊ သင့်တင့်လျောက်ပတ်သော အသုံးအဆောင်များလည်း ရှိနေပြီ။ ဒိတ်ဒိတ်ကြဲ လူ့အလွှာများ ဖယ်လိုက်လျှင် မိမိ ရောက်နေသော အနေအထားသည် ကျေနပ်စရာအပြည့်ပင်။ တစ်ခု တော့ ရှိသည်၊ ဒီလို အခြေရောက်အောင် တစ်စုံတစ်ရာ နေ့ချင်းညချင်း ပို့ဆောင်ပေးခဲ့သည်မဟုတ်။ တဆင့်ပြီးတဆင့် ကြိုးစား မတည်လာခဲ့ရသည်။ တနည်းအားဖြင့်တော့ ပိုပြီး တန်ဖိုးထားရသည် ဆိုပါတော့။ ယခုဆိုလျှင် တည်ငြိမ်သော အိမ်ထောင် တစ်ခုအဖြစ် သူတို့ ကျင်လည်ရာ အသိုင်းအဝန်းမှာ ဂုဏ်ယူစွာ ရပ်တည်နေထိုင်ပြီး ဒေါ်ခင်သန့်ဇင်ကိုလည်း ဘဝတူ အမျိုးသမီးတွေက မမ အန်တီအန်တီနှင့် တလေးတစား ရှိနေကြရပြီ။ သူ့ခင်ပွန်း ဦးကျော်စိုးကို ဆိုလျှင်လည်း ဂုဏ်သရေရှိ လူကြီးတစ်ယောက်၊ အေးဆေး၍ အရည်အချင်းရှိပြီး အိမ်ထောင်ကို နိုင်နင်းသော ဇနီးတစ်ယောက်၏ လင်ယောက်ျားအဖြစ် အများက အားကျ ချီးကျူးခြင်း ပြုနေကြရလေသည်။ ဘာလိုသေးသနည်း။
***
လူအများရှေ့မှာ ဣန္ဒြေရရ ပြုံးပြုံးပြတတ်သော ဒေါ်ခင်သန့်စင်တစ်ယောက် တခါတခါတော့လည်း တစ်ယောက်တည်း ပြုံး၍ နေတတ်လေ၏။
“အဲဒါပဲကြည့်တော့ မမရယ်၊ ဒီလိုလုပ်နေတာ ဘယ်မိန်းမက ဘယ်ခံနိုင် မှာလဲ၊ သိရဲ့သားနဲ့ ခံနေရတာ မဟုတ်လား၊ တစ်ရုံးလုံးကလည်း သူတို့အကြောင်း သိနေကြတော့ ကျမဖြင့် သိပ်ရှက်တာပဲ”
သော်သောာ် ပြောသမျှကို ဒေါ်ခင်သန့်ဇင်က တည်တည်ငြိမ်ငြိမ် နားထောင်နေသည်။ ငယ်ရွယ် နုပျို စဉ် အချစ်စိတ်၊ သဝန်တိုစိတ်၊ မာနစိတ်လေးများဖြင့် ကြိတ်မနိုင်ခဲမရဖြစ်နေသော သော်သော့်ကို ဒေါ်ခင်သန့်စင် အပြည့်အဝ နားလည်လိုက်ပါ၏။
“ရုံးသူရုံးသား အချင်းချင်းဆိုတော့ ရင်းရင်းနှီးနှီး ပြောကြ ဆိုကြ နောက်ကြ ပြောင်ကြတာ ရှိတတ်ပါတယ် ညီမရဲ့”
အလွတ်ရထားပြီးဖြစ်နေသော နှစ်သိမ့်စကားများအနက် အသင့်တော်ဆုံး ဖြစ်မည် ထင်ရသော စကားတစ်ခွန်းကို ဦးစွာ ပြောလိုက်ရသည်။ တစ်ခါတည်း အကုန်ပြောလိုက်၍မဖြစ်သေး၊ နောက်ထပ် ပြောစရာမရှိ ဖြစ်မှာစိုး၍ ချန်ထားရသည်။
“သော်သော်လည်း ဒီလောက်တော့ နားလည်ပါ တယ် မမရယ်၊ အခုဟာက လွန်ကိုလွန်လွန်းပါတယ်။ ရုံးဆင်းရင်လည်း ကားနဲ့ အိမ်ပြန်လိုက်ပို့ပေးရသေးတယ်လေ၊ အဲဒါကရော.. ကဲ….”
“လမ်းကြုံလို့ ဖြစ်မှာပါကွယ်”
ဒါကိုတော့ ကမန်းကတန်း ပြောဖြစ်သည်။
“မမကလည်းလေ စမ်းချောင်းနဲ့ တာမွေ ဘယ်လိုလုပ် လမ်းကြုံမှာလဲ၊ ဘာလဲ မမက တခါတလေ နောက်ကျလို့ လိုက်ပို့တာနေမှာပေါ့လို့ ပြောမလို့လား၊ မဟုတ်ဘူး မမရဲ့၊ တရက်ခြားလောက် လိုက်ပို့နေတာ၊ အခုတော့ တစ်ရုံးလုံးကလည်း ပြော ကုန်ကြပြီ၊ ကျွန်မ ဘယ်လို လုပ်ရမလဲ”
ဒေါ်ခင်သန့်စင် မျှော်လင့်ထားသည့်အတိုင်း နောက်ဆုံးတော့ သော်သော် ငိုလေပြီ။ မိန်းမတို့ရဲ့ နောက်ဆုံး ထွက်ပေါက်က ငိုခြင်းပဲမဟုတ်လား။ ခဏ‌လေးတော့ စောင့်ကြည့်နေလိုက်သေးသည်။ သူ ထင်သည့်အတိုင်း သော်သော် ဆိုသည့် မိန်းကလေးသည် သူ့မျက်ရည်ကို သူ့ဘာသာသူ သုတ်နေလေသည်။
“သိပ်ပြီး နားပူနားဆာ သွား မလုပ်နဲ့ဦး ညီမရေ၊ တော်ကြာ အရွဲ့တိုက်နေဦးမယ်။ ယောက်ျားဆိုတာ နားပူရင်မကြိုက်ဘူး မဟုတ်လား၊ ချိုချိုသာသာ ပြောကြည့်၊ မမကလည်း ကိုကို့ကို ပြောပြထားမယ်၊ တခါတခါ မမတို့မိန်းမတွေ ပြောတာ ဂရုမစိုက်ပေမဲ့ သူတို့ယောက်ျားချင်း ပြောရင် တစ်ခွန်းပဲကွယ့်”
သော်သော်သည် သားရေအိတ်တွင်းမှ ခရင်ဖတ်ဘူးကို ထုတ်ကာ သူ့ မျက်နှာကို ပြန်၍ပြုပြင်၏။
“အားကိုးပါတယ် မမရယ်… ဒါပေမဲ့ ကျွန်မ ဒီကို လာတိုင်တယ်လို့တော့ ပြန်မပြောပါနဲ့နော်၊ တော်ကြာ သူ့အထက်အရာရှိကို တိုင်ရမလား ဆိုပြီး စိတ်ဆိုးဦးမယ်၊ အစ်ကိုကြီးကိုလည်း ကျွန်မ ပြောလို့ သိတာမျိုး မဖြစ်ပါစေနဲ့နော် မမ”
ဒေါ်ခင်သန့်စင် ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိ၏။ အင်းလေ နောက်ဆုံးတော့ ဒီလိုပဲ ဖြစ်မှာပေါ့၊ အိမ်ထောင် မပြိုကွဲချင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစား ကြရတာ သနားစရာပဲ၊ အချစ်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်က မှီခိုနေရလို့ပဲဖြစ်ဖြစ် လက်လွတ်မခံနိုင်သူက တစ်ထစ် လျှော့ရစမြဲပင်။
“စိတ်ချ စိတ်ချ၊ အဲဒီ မိန်းကလေးကိုလည်း တနည်းနည်းနဲ့ သတိပေးရင် ရပါတယ်ကွယ်၊ ညီမက ရန်တွေ ဘာတွေ သွားမတွေ့နဲ့နော်၊ မသိချင်ယောင်ဆောင်နေ”
“ဟုတ်ကဲ့ပါ မမရယ်”
သော်သော် ပြန်သွားတော့ ဒေါ်ခင်သန့်စင် သက်ပြင်း ကို ခိုး၍ရှိုက်မိလေသည်။ ဒီအကြောင်း ခင်ပွန်းသည်ကို ပြောပြန်ရင် မိန်းမတွေ၏မာနဘက်မှ တစ်မှတ်‌လျော့ဦးမည်။ ဒါပေမဲ့လေ သူများကိစ္စပဲ၊ ပြီးတော့ ရုံးမှာ ဆိုတော့ သူ တာဝန်ရှိသည့်အကြောင်း ပြောပြရင် သူ့သိက္ခာကို တင်ပေးသလိုမို့ သဘောကျလိမ့်မည်။ ဒေါ်ခင်သန့်စင်တို့လင်မယားမှာ စကားကို အတင်စီးမခံတတ်တာ သော်သော်တို့မှ မသိသေးပဲကွယ်။
***
“ည ည ဆိုရင် ဆယ့်နှစ်နာရီ တစ်ချက်မှ ပြန်ပြန်လာတယ် မမ၊ ယောကျ်ား ပြန်မလာမချင်း ဘယ်မိန်းမက အိပ်ပျော်ပါ့မလဲ မမရယ်၊ အိမ်နီးနားချင်းတွေကလည်း မေးလှပြီ။ ပြန်လာပြန်တော့လည်း မူးမူးရူးရူးနဲ့ သူများအိပ်ချိန်ရောက်မှ ဆူညံ ဆူညံလုပ်တော့တာပဲ”
ဒေါ်ခင်သန့်စင်က အပြုံးမပျက် နားထောင်နေလိုက်သည်။ သူတို့ရင်ထဲ ရှိသမျှ ပြောလိုက်ရလျှင် ကျေနပ် သွားကြမှာပါပဲ။ ဒေါ်ခင် သန့်ဇင်ကို သူတို့ ယုံကြသည်လေ။ ပြီးတော့ လေးစား အားထားကြသည်။ ပြဿနာအချို့ကိုလည်း မားမားမတ်မတ် ဖြေရှင်းပေးနိုင်ခဲ့သည်ကိုး။ အမျိုးသမီးများ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့ရင်တောင်မှ ဒေါ်ခင်သန့်စင်ကို ဥက္ကဋ္ဌ ခန့်ကြမည်လားမသိ။
“သူမူးပြီးပြန်လာတဲ့အခါမှာတော့ သွားပြီး မဆူလိုက်လေနဲ့ ညီမရေ၊ အသာလေးသာ ငြိမ်နေ လိုက်၊ ခွန်းတုံ့ပြန်နေလို့ကတော့ ကိုယ်ချည်းဘဲ အရှုံးဖြစ်နေမှာ”
ဒေါ်ခင်သန့်စင်က ဝါရင့် ဆရာမကြီး လေသံအပြည့် ဖြင့် ပြောလိုက်သည်။
“အမလေး ဟုတ်လိုက်လေ မမရယ်၊ မနက်ကျတော့လည်း ပြုံးပြုံး ပြုံးပြုံးနဲ့”
“အဲဒါကြောင့် ပြောတာပေါ့ ညီမရယ်၊ အဲဒီလို ကြည်ကြည်လင်လင်ရှိတဲ့အခါကျမှ ကိုယ်လိုရာတွေကို ပြောပေတော့၊ သူတို့ မူး လာရင် ဘာမှပြောမနေနဲ့။ ကောင်းကောင်းမွန်မွန်သာ ပြုစုပေးလိုက်၊ နောက်မှ သူတို့ ဘာဖြစ်လာတယ်ဆိုတာကိုသာ ပြော၊ တဖြည်းဖြည်း သိမ်းသွင်း ယူပေါ့။ ဇွတ်ပြောလို့လည်း ဒါမျိုးက ကိုယ်တိုင်ပြုပြင်မှ ရတာမဟုတ်လား”
“ဟုတ်မှာပါ မမရယ်၊ အခု ဆို ပြောလေ ပိုဆိုးလေ ဖြစ်နေတာ”
“စိတ်ရှည်ရမှာပဲ ညီမ၊ ဒါပေမယ့် ဒီလိုနဲ့ပဲ တစ်သက် လုံး သောက်သွားတဲ့သူတွေလည်း ရှိတယ်နော်”
ရဲရဲ အာမ မခံဝံ့သည်မို့ မတင်မကျ ပြန်ပြောရသည်။
“အင်းလေ… အရက်သောက်တယ် အရက်ဖြတ်တယ်ဆိုတာ ကိုယ်တိုင်ပြုပြင်မှ ရတာမျိုး မဟုတ်လား။ အရေးကြီးတာက ကိုယ့်အိမ်ထောင်ရေးမှာ စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ပဲ”
“ဟုတ်ပါတယ် မမရယ်၊ မမပြောသလိုပဲ သူ့ဘာသာ မူးချင် မူးပါစေ၊ ဆူဆူပူပူ မဖြစ်ချင်ပါဘူး၊ ရှက်လည်း ရှက်ပါတယ်”
“ကိုယ့်ဘက်က စစ်အေးတိုက်ပွဲနဲ့ အောင်မြင်ရတာလဲ ရှိပါတယ်၊ မိန်းမကို ချစ်တဲ့သူပဲကွယ်၊ ငါ့အပေါ် အနွံအတာခံရှာတယ် ဆိုပြီး ဆင်ခြင်လာမှာပါ။ မမလည်း ပြောပါဦးမယ်”
ဒေါ်ခင်သန့်စင်သည် အတွေ့အကြုံ ရင့်ကျက်သော ဟန်ပန်အပြည့်ဖြင့် ပြောလိုက်သည်။ သူ့ရှေ့ မှာ လာထိုင်သော မိန်းကလေးက သူ့ရုံးမှ ဝန်ထမ်းတစ်ယောက်၏မိန်းမ။ ဒီတော့ ကိုယ့်တပည့်ငယ်သားမို့ ကိုယ်တိုင် ပြောကြည့်လို့လည်း ရမည်ဟု နည်းနည်းတော့ မျှော်လင့်နိုင်သေးသည်။
“ဟုတ်ပါတယ် မမရယ်၊ မမကျေးဇူးလည်းရှိတော့ သူ မမပြောရင် နားထောင်မှာပါ၊ ပြောပေးပါဦးနော် မမ”
” အေးပါကွယ်”
ကောင်မလေးလောလောဆယ်ဆယ် စိတ်အေးသွားပုံရသည်။ ရိုရိုသေသေနှင့် အိမ်အလုပ်လေးများပင် လုပ်ပေးသွားလိုက်သေးသည်။ ကောင်မလေး ပြန်သွားတော့ ဒေါ်ခင်သန့်စင် ကိုယ့်ဘာသာ ကျေနပ်စွာ ပြုံးနေမိပြန်သည်။
***
“ကိုယ့်ယောက်ျား လုပ်စာ ကိုယ်စားချင်တာပေါ့ မမ ရယ်၊ မဟုတ်ဘူးလား။ မပေးရဘူးလို့ မပြောပါဘူး။ တစ်လကို တစ်ရာမျိုး နှစ်ရာမျိုး ထောက်ပံ့ပါ၊ ရပါတယ်။ နွယ်နီတို့က ဒီလောက် မရိုင်းပါဘူး။ အခုတော့ သူက လွန်လွန်းတယ်။ သူ့မိဘမှ သူ့မိဘ ဖြစ်နေတယ် မမရေ၊ နွယ်နီတို့မိဘတွေကျတော့ ပါးစပ် မပါတာ ကျနေတာပဲ”
ဒေါနဲ့ မောနှင့်၊ ပြီးတော့ တစ်ဖန် ဝမ်းနည်း ပက်လက်နှင့် ပြောနေသော နွယ်နီ့ကို ကြည့်ကာ ဒေါ်ခင် သန့်စင် မျက်စိထဲမှာ ခင်ပွန်းဖြစ်သူ မိဘဆွေမျိုး များ မျက်နှာကို ကွက်ခနဲ မြင်ယောင်မိသည်။ သို့သော် အချိန်မီ ဣန္ဒြေရရပင် ပြုံးပြလိုက်နိုင်သည်။
“ကိုယ့်အချင်းချင်း ချစ်လို့ယူကြတာပဲ၊ ဆွေရေးမျိုးရေးကိစ္စဆိုတာ မပြောကောင်းဘူး ညီမရယ်၊ နာ စရာတွေ ဖြစ်လာတတ်တယ်။ သူလည်း ကိုယ့်အိမ် အခြေအနေ သိမှာပေါ့။ ဘာပဲဖြစ်ဖြစ် နွယ်နီတို့မှာ လောက်ငတယ် မဟုတ်လား”
စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်နိုင်၏။ အိမ်ထောင်သက်ကြီးရင့်ပြီဖြစ်သော ဒေါ်ခင်သန့်ဇင်က ဒီမျှတော့ ရင့်ကျက်ရမယ်လေ။
“လောက်တော့ လောက်င တာပေါ့ မမရဲ့၊ ခုမှ အိမ်ထောင်ကျစရှိသေးတာကို။ ဒါပေမဲ့ နွယ်နီတို့မှာ ဘာမှ အခြေတကျ မရှိသေးဘူး။ စုရ ဆောင်းရ ဖြည့်ရဦးမယ်လေ။ သားသမီးတွေ ရလာတော့ ဘယ်လိုနေကြမလဲ”
“ဆန္ဒမစောပါနဲ့ ညီမရယ်၊ အဲဒီအချိန်ကျတော့လည်း အလိုလို ကိုယ့်ဖို့ဖြစ်လာပါလိမ့်မယ်၊ အခုအချိန်မှာ ကိုယ့်ဘက်က စကားလွန်သွားရင် ကိုယ့်အဆိုးဖြစ် ပြီး အမြင်လွဲသွားနိုင်တယ်။ ကိုယ်က လိုက်လျောထားရင် ကိုယ့်အပေါ် ညှာလာမှာ”
လှေနံ ဓားထစ် မပြောရဲသော်လည်း အဆင်ပြေဆုံး ဖြစ်မည် ထင်ရသော အကြံဉာဏ်ကိုသာ ပေးရ သည်။ နှစ်ယောက်လုံးကို ခင်မင်သည်မို့ သူတို့ အိမ်ထောင်ရေးမှာ ကစဉ့်ကလျားဖြစ်မှာကိုလည်း မလိုလားတာ အမှန်ပင်။ မယူခင်က ချစ်ကြတာတခြား၊ ယူပြီးမှ မမျှော်မှန်းခဲ့သော ပြဿနာတွေ ဖြင့် သဘောမကျစရာတွေ ကြုံလာရတာ တခြားပင်။ သည်လူနှင့် ယူ၍ ဒီပြဿနာနဲ့ ကြုံရသည်ဟု ထင်စရာဖြစ်သော်လည်း တခြားလူနှင့်ကော တခြား ပြဿနာတွေ မရှိဘူးဟု ပြောနိုင်လိမ့်မည်လား။ ယဉ်ကျေးမှုဓလေ့ဖြင့် တင်းကြပ်စွာ ထိန်းချုပ် ထားခြင်း မရှိသော နိုင်ငံများပင် အိမ်ထောင်ရေးကို စိတ်ထင်တိုင်း ပြောင်းလဲ၍ရသော်လည်း ဒီလိုပဲ ပြဿနာအထွေထွေနှင့် ကွဲကြ လွဲကြရပြန်သေးသည်။
“ဟုတ်ပါ့မလား မမရယ်၊ နွယ်နီဖြင့် မိဘစကား နားမထောင်ဘဲ သူ့ကို ယူမိတာ၊ ခုတော့ ကိုယ့်မိဘကလည်း ပြောစရာဖြစ်နေတာပေါ့ မမရယ်။ မိဘကို ပြန်ပြီး မျက်နှာလုပ်ချင်တာတောင် မလုပ်ရဘဲ ဟိုတစ်လောကဆိုရင် အိမ်မှာ ဘာမှလည်း မရှိပါလား ဆိုပြီး အမေကတောင် ပန်းကန်အဟောင်း တစ်စုံ လာပေးသွားသေးတယ် မမရဲ့”
“အိမ်ထောင်ပြုစ ဆိုတာ ဒီလိုပါပဲ ညီမရယ်၊ မမတို့လည်း အစက ဘာမှမရှိဘူး။ ဟော အခုတော့ ကိုကိုကိုယ်တိုင်က သူ့အိမ်ထောင် သူ စိတ်ဝင်စားလာပြီလေ။ သားသမီးတွေလည်း ရလာတော့ လိုအပ်တာတွေကို သူကိုယ်တိုင်ပဲ ဝယ်ခြမ်းပေးတာ၊၊ တချိန် က ကိုယ်က လိုက်လျောခဲ့တော့ ဘယ်သူကမှလည်း ဘာမှမပြောတော့ဘူး။ အချိန်တန်တော့ ကိုယ့်လက်ကိုယ့်‌ခြေပဲကွယ်။ မမကိုယ်တိုင်ကလည်း အလုပ်အကိုင်ရှိတာကိုး။ နွယ်နီလည်း အလုပ် လျှောက်ထားတယ် မဟုတ်လား၊ ရမှာပေါ့ကွယ်။ အဲဒီကျတော့ ကိုယ့်လခနဲ့ ကိုယ့် မိဘပြန်ကန်တော့ရင် သူကလည်း ကြည်ဖြူမှာ။ ခုချိန်မှာ ဘာမှ သွားမပြောနဲ့။ တော်ကြာ အပြန်အလှန် လက်ညှိုးထိုးစရာတွေ ဖြစ်နေမယ်”
ငယ်ရွယ်သူတွေ၏ မခံချင်စိတ်၊ တွေဝေစိတ်ကလေးများသည် ခေတ္တမျှတော့ ငြိမ်ဝပ်သွားသည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူတို့လင်မယား ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားလိမ့်မည်ဟု ဒေါ်ခင်သန့်စင်က ယုံကြည်သည်။ ပြဿနာဖြစ်၍ ရင်လာဖွင့်တိုင်းသာ မြှောက်ထိုးပင့်ကော် စကားတွေဖြင့် ဖြေရှင်းပေးလိုက်လျှင် တချိန်မှာ လင်မယားကြား ဝင်မိသော မိမိကိုသာ အပြစ်ဖို့ကြမည်ကို ဒေါ်ခင်သန့်ဇင်က သိနေသည်။ မြန်မာစကားပုံက အိမ်ထောင်မှု ဘုရားတည် ဟု ဆိုသည်မဟုတ်လား။
“နွယ်နီ ပြန်တော့မယ် မမ၊ ရုံးက ပြန်ရောက်ရောက်ချင်း နွယ်နီ့ကိုမမြင်ရင် ဘယ်သွားနေသလဲလို့ ဆူနေဦးမယ်”
“ဟုတ်တာပေါ့ကွယ်၊ ပြန်… ပြန်”
နွယ်နီတစ်ယောက် မကျေမနပ်ဖြစ်နေသည့် အမူအရာလေးတွေ ပျောက်ပြီး အိမ်ပေါ်က ခပ်သုတ်သုတ် ဆင်းသွားသည်ကို ဒေါ်ခင်သန့်စင်က ပြုံး၍ ကြည့်နေလိုက်မိသည်။ ဪ တိုက်တိုက်ဆိုင်ဆိုင် ဒီကနေ့ ခွင့်ယူပြီး အိမ်မှာ နားနားနေနေ နေ မည်ဟု စိတ်ကူးကာမှ ဘယ်လိုက ဘယ်လို အိမ်ထောင်ရေး အတိုင်ပင်ခံ မိန်းမကြီး အဖြစ် ဆောင်ရွက်နေရပါလိမ့်။
မကြာမီ ခင်ပွန်းသည်နှင့် သားသမီးများ ပြန်ရောက်လာသည်။ တိတ်ဆိတ် ငြိမ်သက်နေသော အိမ်လေးမှာ အသက်ဝင် လှုပ်ရှားလာသည်။ သားသမီးတွေက ရယ်ကြ၊ စားကြ၊ သောက်ကြ၊ ဂစ်တာတီးကြ၊ တီဗီ ကြည့်ကြ၊ စာကျက်ကြနှင့် ပျော်စရာပါပဲ။ ဒီလို အခြေအနေရောက်အောင် ဖန်တီးလာရတာ အနှစ် နှစ်ဆယ်ရှိပြီပဲလေ။ ဒေါ်ခင် သန့်စင်က ဝတ္တရားမပျက် သားသမီးများအတွက် ထမင်းပွဲပြင်ပေးရင်း ကိုကို့အတွက် အမြည်းနှင့် ရေခဲခွက်ကို ချပေးရင်း ပြုံးနေမိသည်။ နွယ်နီတို့ သော်သော်တို့က ဒီလို အေးချမ်းသာယာသော ဒေါ်ခင်သန့်စင်၏ အိမ်ထောင်ရေးကို အထင်ကြီးကြသည်။ တခြားလူတွေကလဲ လေးစားကြသည်။ သားသမီးတွေကလည်း ကြည်နူးကြသည်။ အင်း လေ ဘယ်သူသိတာမှတ်လို့။ အထီးကျန်လှစွာ ကုန်ဆုံးခဲ့ရသော ညတွေ၊ စိမ်းကား မောက်မာသော စကားလုံးတွေကြားမှာ ချုပ်တည်း သိမ်းဆည်းခဲ့ရသော မာနတွေ၊ ပြင်းထန် ပေါက်ကွဲသော ရန်ပွဲတွေ၊ အံကို တင်းတင်းကြိတ်ရင်း မှ ကျဆင်းခဲ့ရသော မျက်ရည်တွေ…. အခုတော့ တယောက်မျက်နှာကို တစ်ယောက် မတွေ့ချင်၊ မြင်ပါလျက် တစ်အိမ်တည်းမှာ အတူနေရင်း မျက်နှာချင်း မဆိုင်မိအောင် ရှောင်တိမ်း နေရသည့်အဖြစ်၊ သားရေးသမီးရေး ဆွေရေး မျိုးရေးကို မပြောမဖြစ်ရုံလေး ဣန္ဒြေရရ ဖြေရှင်းဆောင်ရွက်နေရသည့် အခြေအနေ၊ စကားနည်း ရန်စဲ လမ်းစဉ်ဖြင့် သားသမီးတွေ စိတ်ဓာတ် မတိမ်းပါးအောင် စံပြ အိမ်ထောင်ကြီးကို ဟန်ဆောင်ကာ ကျားကန် ထားရသည့် အဖြစ်မှန်ကို ဘယ်သူသိနိုင်တာမှတ်လို့။ ဒေါ်ခင်သန့်စင်ကတော့ ပြုံးပြီးရင်း ပြုံးနေမိလေသည်။ ———-
#မိုးမိုး(အင်းလျား)
ရုပ်ရှင်အမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၁၉၈၄။