” မြတ်လေးလမ်းကမိန်းကလေး “(စ-ဆုံး)
—————————————-
သော်တာလမင်းစန္ဒာ
“” ကျွန်မကိုသတ်ပေးပါ… သတ်ပေးကြပါရှင်… “”
မှောင်ရီဝိုးတဝါးညအချိန်ရောက်လာရင် ‘ မြတ်လေးလမ်း ‘ ဖက်မှာ
အမျိုးသမီးငယ်တစ်ယောက် သွေးသံရဲရဲနဲ့ လမ်းပေါ်ထွက်ထွက်လာ
ရင်း ဖြတ်သွားတဲ့ကားတွေကို တားပြီးပြောတတ်တယ်။ သိနေတဲ့
သူတွေကတော့ လီဗာကုန်နင်းပြီးမောင်းပြေးကြပေမယ့် အကြောင်း
မသိတဲ့သူတွေက ကား ၊ ဆိုင်ကယ် ရပ်ပေးတတ်ကြတယ်။
ရပ်ပေးလိုက်ပြီဆို အမျိုးသမီးငယ်ဟာ လက်ကိုဆွဲကိုင်ပြီး…
“” ကျွန်မကိုသတ်ပါ…သတ်ပေးပါရှင်… “”
လို့ပြောလိုက်တာနဲ့ လက်အကိုင်ခံရသူဟာ လက်မှာ သွေးစုသွား
သလို အညိုရောင်လေးကျန်ရစ်စမြဲ။ အချိန် ၂မိနစ်လောက်အတွင်း
အမျိုးသမီးငယ်က ပျောက်ပျောက်သွားတတ်ပါသေးတယ်။ လိုက်ရှာ
ပေမယ့် ရှာမတွေ့ကြပါဘူး။
သူကိုင်သွားတဲ့ လက်မှာအညိုအမည်းအရာကြီး မပျောက်မချင်း ည ည
ဆို အိပ်မက်ဆိုးကြီး မက်ကြတော့တာပဲ။ အမှန်တကယ်တော့ အမျိုး
သမီးငယ်လေးဟာ ကူကယ်ရာမဲ့အခြေအနေဆိုးကြီးကြုံတွေ့ခဲ့ရတာ
ကို သိစေချင်ခဲ့လို့ အိပ်မက်ကတစ်ဆင့် ဆက်သွယ်တယ်ဆိုပြီး
တချို့ကြုံခဲ့ရသူတွေကပြောကြပါတယ်။ တချို့ကလည်း သရဲခြောက်
တယ်လို့ဆိုကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြတ်လေးပန်းပင်ဟိုတစ်စ ဒီတစ်စ ပေါက်နေပြီး
လမ်းနံဘေးကခြုံထူထူတွေ ရစ်ဝိုင်းနေတဲ့ ပေ ၂၀ လမ်းလေးကို လေ့လာကြည့်ဖို့ ကျွန်တော်တို့သူငယ်ချင်းသုံးယောက် သဘောတူလိုက်
ကြပါတော့တယ်။ ကျွန်တော်တို့အစီအစဉ်ကတော့ မြတ်လေးလမ်း
ထဲကို တစ်ယောက်တစ်လှည့် သွားဖို့ပါ။ ကျွန်တော်က ဆိုင်ကယ်နဲ့
ကျွန်တော့သူငယ်ချင်း ဝေလင်းက ရွှေငါး Mark II လေးနဲ့ပေါ့။
နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ လှိုင်ဘွားကလည်း ဆိုင်ကယ်
နဲ့ပဲ။
ကျွန်တော်တို့က ည ၈ နာရီခွဲမှာ လှိုင်ဘွားက ဆိုင်ကယ်နဲ့ အရင်ဦး
ဆုံး မောင်းပြီး မြတ်လေးလမ်းအကျော်က ခေတ္တာလမ်းမပေါ်မှာရှိတဲ့
” ဒီရေတိုး ” လက်ဖက်ရည်ဆိုင်မှာ စောင့်နေဖို့ပါ။ သူတွေ့ခဲ့တယ်၊
မတွေ့ဘူး ဆိုတာကို ကျွန်တော်တို့ကိုဖုန်းဆက်ပြောရပါမယ်။ တွေ့
တွေ့၊ မတွေ့တွေ့ ကျွန်တော်တို့ကျန်တဲ့နှစ်ယောက်က မြတ်လေးလမ်း
ကို တစ်ယောက်တစ်လှည့် မောင်းကြမှာပါပဲ။
လှိုင်ဘွား ပြီးရင် ဝေလင်း အလှည့်ဖြစ်ပြီးတော့ ကျွန်တော်ကနောက်
ဆုံးမှ မောင်းရမှာပါ။ ကျွန်တော်တို့အစီအစဉ်ထဲမှာ မြတ်လေးလမ်းကို
မောင်းနေတဲ့တလျှောက်လုံး ဖုန်းနဲ့ video ရိုက်ထားဖို့လည်းပါပါ
တယ်။ အစီအစဉ်အတိုင်း စကြပါတော့တယ်။
လှိုင်ဘွားက ဦးဆုံး ဆိုင်ကယ်နဲ့မောင်းသွားပါတယ်။ မြတ်လေးလမ်း
က သေချာတွက်ကြည့်ရင် လမ်းကြောနဲနဲရှည်ပါတယ်။ လူသွားလူ
လာလည်းပြတ်ပြီး လမ်းနံဘေးမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း
ရဲ့ အုတ်တံတိုင်းအရှည်ကြီးတစ်ခုကလွဲလို့ ခြုံတောတွေချည်းပါပဲ။
ဘုန်းကြီးကျောင်းရဲ့ အုတ်တံတိုင်းကလည်း ကျောင်းနဲ့ဝေးတဲ့ အစွန်
ဖက်အပိုင်းပဲဖြစ်ပါတယ်။
လမ်းမီးလည်းမရှိပါဘူး။ မြို့စွန်ဖက်ခေါင်တဲ့နေရာလည်းဖြစ်တယ်။
မြတ်လေးလမ်းကနေ ကျွန်တော်တို့ဆုံဖို့ချိန်းထားတဲ့ ခေတ္တာလမ်း
ကိုရောက်ဖို့ ၅မိနစ်ကျော်ကျော်လောက်မောင်းရမှာပါ။ ဒါအမြန်နှုန်း
ပါ။ ပုံမှန်မောင်းမယ်ဆိုရင် ၈မိနစ်ကျော်လောက်မောင်းရမယ်ထင်
ပါတယ်။
လှိုင်ဘွားဆီကဖုန်းဝင်လာတော့ အခြေအနေကောင်းတယ်။ သူ
မတွေ့ခဲ့ဘူးလို့ဆိုပါတယ်။ ဝေကြီးကလည်း ဖုန်းရတာနဲ့ စထွက်
ပါပြီ။ ကျွန်တော်တစ်ယောက်ထဲ မြတ်လေးလမ်းထိပ်မှာ ကျန်ခဲ့ပြီး
ဆိုင်ကယ်ပေါ်မှာထိုင်ရင်း ဖုန်းစောင့်နေလိုက်ပါတယ်။ ကျွန်တော်
စောင့်နေတုန်း ၃ မိနစ်လောက်ကြာတော့ ဝေလင်းဆီကဖုန်းလာ
တယ်။ ကားတားတဲ့အမျိုးသမီးကိုတွေ့တယ်တဲ့။ ဒါပေမယ့် မျက်နှာ
မှာသွေးတွေစီးကျနေပြီး ရုပ်ပျက်ဆင်းပျက်ကြောက်စရာပုံနဲ့ ကား
လှမ်းတားလာတော့ သူလည်းကြောက်ပြီး ကားမရပ်ပေးဘဲ အမြန်
မောင်းလိုက်တယ်လို့ပြောတယ်။
လှိုင်ဘွားရှိတဲ့ ဒီရေတိုး ဆိုင်ကိုရောက်ပါပြီတဲ့။ ဖုန်း ကင်မရာနဲ့ ရိုက်
ခဲ့ပေမယ့် သူရိုက်ခဲ့တာပြန်ကြည့်တဲ့အခါ ကင်မရာထဲဘာမှမပေါ်နေ
ဘူးတဲ့။ သူတို့ပြောနေတာတွေနားထောင်ရတဲ့အခါ ကျွန်တော်နဲနဲ
တော့လန့်လာမိတယ်။ ဝေလင်းက ကားမောင်းရင်းတွေ့တာတောင်
သူတော်တော်လေးတုန်လှုပ်နေတာ။ ဝေလင်း ဆိုတာက ကျွန်တော်
တို့ဘော်ဒါတွေထဲမှာ အကြောက်အလန့်သိပ်မရှိတဲ့သူ။
သူတောင် စကားတွေထစ်ပြီးပြောနေပုံထောက်ရင် ထိတ်လန့်စရာ
ကောင်းမယ်ဆိုတာ သေချာတယ်လို့တွေးမိလိုက်တယ်။ ကျွန်တော်
မြတ်လေးလမ်းကို မမောင်းဘဲ တခြားလမ်းကမောင်းပြီး ဒီရေတိုး
ဆိုင်ကိုသွားရင်ကောင်းမလားလို့တောင်စဉ်းစားပါသေးတယ်။ ဒါပေ
မယ့် ဖုန်းကင်မရာဖွင့်ရမယ်ဆိုတဲ့အချက်နဲ့ ကျွန်တော် မမောင်းခဲ့
တာ သိသွားရင် အပြောခံရမှာသေချာသလောက်ပဲ။
ကျွန်တော်လည်း မထူးပါဘူးဆိုပြီး မြတ်လေးလမ်းပေါ်မောင်းလာခဲ့
တော့တယ်။ လက်တစ်ဖက်က ကင်မရာဖွင့်ပြီးလမ်းပေါ်ချိန်ထားတာ
ပေါ့ဗျာ။ ဆိုင်ကယ်ကိုလက်တစ်ဖက်ထဲနဲ့ ထိန်းပြီးမောင်းလာခဲ့ပါ
တယ်။ ၂မိနစ်ကျော်ကျော်လောက်မောင်းပြီးတဲ့အချိန်မှာ ကျောရိုးထဲ
စိမ့်လာသလိုလိုခံစားလာရတယ်ဗျ။
လမ်းနံဘေးကခြုံတွေထဲကအသံတွေကြားနေရသလိုလိုကြားရတယ်။
သေချာနားစွင့်ကြည့်ရင်မဟုတ်ပြန်ဘူး။ တစ်ဖက်မှာတော့ ဘုန်းကြီး
ကျောင်းအုတ်တံတိုင်းပေါ်ကထိုးထွက်နေတဲ့သစ်ကိုင်းတွေက လှုပ်
ရမ်းနေသလိုလိုနဲ့ ကျွန်တော်ပဲအမြင်မှားသလားမသိတော့ပါဘူး။
အဲ့ဒီအချိန်မှာပဲ ကျွန်တော့ဆိုင်ကယ်ရှေ့ဝါးတစ်ပြန်လောက်အကျော်
က ခြုံတောထဲကနေ အဲ့ဒီမိန်းကလေးပြေးထွက်လာတာတွေ့လိုက်
ရတယ်။
အနီးကပ်မမြင်ရသေးပေမယ့် ခေါင်းနဘန်းကြီးပြီး ကျွန်တော့ဆံပင်
တွေ ထောင်သွားသလိုတောင်ခံစားရတယ်ဗျ။ ရင်ထဲလည်းကတုန်
ကယင်ဖြစ်ပြီး ဆိုင်ကယ်ကိုမရပ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
သူ့ကိုမမြင်ချင်ဟန်ဆောင်ပြီး ခပ်တည်တည်နဲ့ဆက်မောင်းလာပေ
မယ့် ဒီမိန်းကလေးကဘယ်လိုအစွမ်းတွေများရှိသလဲမပြောတတ်ဘူး
ဗ်။
သူ့ရှေ့ရောက်တာနဲ့ ဆိုင်ကယ်က စက်သေသွားပြီးထိုးရပ်သွားတော့
တာပဲ။ ဇောချွေးပျံတယ်ဆိုတာ နဖူးတွေ့ဒူးတွေ့ပဲ။ video ကင်မရာ
နဲ့လည်းမရိုက်နိုင်တော့ဘူး။ ဆိုင်ကယ်စက်နိုးဖို့ပဲခေါင်းထဲရောက်လာ
တော့တယ်။ သူက ကျွန်တော့နားတစ်လှမ်းချင်းလျှောက်လာနေတာ
ဗျ။ အနီးရောက်လာလေ သူ့မျက်နှာကြီးကိုထင်ထင်ရှားရှားတွေ့ရလေ
ပဲ။
ဘယ်ဖက်မျက်လုံးနဲ့ နှာတံကြားမှာ ဟက်တက်ကြီးကွဲပြီးသွေးတွေစီး
ကျနေတယ်။ အပေါ်နှုတ်ခမ်းလည်းရောင်ကိုင်းနေပါတယ်။ ပါးပြင်
နှစ်ဖက်လုံးမှာအညိုအမည်းတွေနဲ့ သူ့မျက်လုံးကတော့ ကြောက်စ
ရာအကောင်းဆုံးပါပဲ။ သူငယ်အိမ်ဟာ သာမာန်ရှိရမယ့်အရွယ်အစား
ထက် ပိုကြီးပြီးမည်းနက်နေတာတွေ့ရတယ်။ သူပြောနေတာ ကျွန်
တော်ကြားနေရတယ်။
“” ကျွန်မကိုသတ်ပေးပါ… “” ဆိုတာကို ဆက်တိုက်ပြောနေခဲ့တာ
ကျွန်တော့လက်ဖျားခြေဖျားတွေအေးစက်ပြီးတုန်နေပြီ။ ကျွန်တော့
နံဘေးရုတ်တရက်ရောက်လာပြီးတော့ ကျွန်တော့ညာဖက်လက်ကို
ဆုပ်ကိုင်လိုက်တယ်ဗျ။ ရေခဲတုံးလိုအေးစက်နေတဲ့အထိအတွေ့နဲ့
ကျွန်တော့ခေါင်းပေါ်ကဆံပင်တွေထောင်ပြီး ကြက်သီးတွေထလာ
ခဲ့တယ်။
ကျွန်တော်မရှက်တမ်းဝန်ခံရရင် အဲ့ဒီအချိန်မှာ ငယ်သံပါအောင်
အော်မိခဲ့တယ်ဆိုတာဝန်ခံပါတယ်။ ကျွန်တော်မျက်လုံးနှစ်ဖက်ကို
စုံမှိတ်ပြီး အော်ဟစ်ပစ်လိုက်မိတယ်။ လက်ထဲကဖုန်းကဖုန်းလာ
တဲ့အခါမှ မျက်လုံးဖွင့်ကြည့်လိုက်တော့ အဲ့ဒီမိန်းကလေးမရှိတော့
ပါဘူး။ ဖုန်းဆက်လာတာကျွန်တော့သူငယ်ချင်းတွေပါ။
ကျွန်တော်မြတ်လေးလမ်းကိုမောင်းလာတာ ၅မိနစ်ကျော်ကြာသွား
လို့စိတ်ပူပြီးဆက်လာကြတာ။ ကျွန်တော်လည်းဆိုင်ကယ်စက်နိုးလို့
မရတော့ဘူးလို့ပြန်ဖြေရင်း ဆိုင်ကယ်ပြန်နိုးကြည့်တော့ စက်ပြန်နိုး
လာတယ်။ အဲ့ဒီနေရာကနေ ကြောက်ကြောက်လန့်လန့်နဲ့ အမြန်
မောင်းထွက်ပစ်လိုက်တာပေါ့။ ဒီရေတိုးဆိုင်ကို ဘယ်လိုရောက်သွား
မှန်းတောင် မသိတော့ဘူး။
ဆိုင်ထဲရောက်ပြီးတဲ့အထိ လူကတုန်နေဆဲပဲ။ ဝေလင်းက ပုံမှန်
တစ်ခွက်ကို ကမ်းပေးပြီး မေးခွန်းတွေတရစပ်မေးနေတာ။ ကျွန်တော်
ကတော့ပြန်မဖြေနိုင်သေးဘူး။ ညာဖက်လက်ပေါ်က လက်ချောင်း
ရာထင်းကျန်နေတဲ့ အပြာကွက်လေးကို ကြည့်ပြီး တစ်ကိုယ်လုံးအေး
စက်နေတာဗျ။ ဝေလင်းနဲ့ လှိုင်ဘွားက ကျွန်တော့လက်ကို ဆွဲယူ
ပြီးကြည့်ကြတယ်။ ဓါတ်ပုံတွေရိုက်ထားကြတယ်။
“” မင်း ဒီညအိပ်မက်မက်တော့မှာ “” တဲ့။ ကျွန်တော် အိပ်မက်မက်
ရမှာကို ကြောက်တယ်။ အိပ်မက်ထဲလည်းမဆုံချင်တော့ဘူး။
သူတို့ ဖုန်းထဲက video ကိုဖွင့်ကြည့်ကြတော့ video ထဲမှာ မြတ်
လေးလမ်းကလွှဲလို့ အဲ့ဒီမိန်းကလေးပုံမပါဘူးဗျာ။ ကျွန်တော့အော်သံ
တောင်ပါသေးတယ်။ ကျွန်တော်အော်တဲ့အသံကိုသူတို့က ရယ်ကြ
တာပေါ့။ ကျွန်တော်လည်းရှက်မိပေမယ့် အော်တဲ့အချိန်တုန်းက
တကယ်ပဲသွေးပျက်နေခဲ့တာ။
ဝေလင်းကလည်းသူမြင်ခဲ့ရတော့ သူလည်းလန့်နေတဲ့ပုံရတယ်။ ဒါ
ပေမယ့်သူက လက်အကိုင်မခံခဲ့ရဘူးလေဗျာ။ ကျွန်တော်တို့သုံး
ယောက် အိမ်ပြန်လာခဲ့ကြတော့တယ်။ ဝေလင်းကတော့ ကားနဲ့
သူ့အိမ်သူတန်းပြန်သွားပြီး ကျွန်တော့ကိုတော့လှိုင်ဘွားကအိမ်ထိ
နံဘေးကနေလိုက်မောင်းပြီးပို့ပေးခဲ့ပါတယ်။ အိမ်ရောက်ပြီး ဘုရား
စင်ရှေ့အရင်ဦးဆုံးရောက်တော့တာပဲ။
အမေကပ်လှူထားတဲ့ ဘုရားသောက်တော်ရေ ကိုစွန့်ပြီး ရေခွက်ထဲ
လှယ်ထည့်၊ တစ်ဝက်ကို ခေါင်းနဲ့ မျက်နှာတွေ လက်ကအညိုရာတွေ
ကို လောင်းပက်၊ တစ်ဝက်ကိုသောက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။ အိပ်
ရာထဲရောက်လည်း စိတ်ကမနွေးဘူးဗျ။ ကျောချမ်းနေတုန်းပဲ။ အခန်း
မီးကို ဖွင့်ထားမိတယ်။ အခန်းတံခါးကိုလည်း ကြည့်ကြည့်မိနေတာဗျ။
တံခါးများသူ့အလိုလိုပွင့်လာလေမလားလို့တွေးမိရင် ကြက်သီးထ ထ
လာတယ်။ ကြောက်စိတ်ကြောင့်တော်တော်နဲ့အိပ်မပျော်ခဲ့ဘူး။ ကျွန်
တော်နာရီကြည့်လိုက်တော့ မနက် ၂နာရီကျော်နေပြီ။ အိပ်မရသေးဘူး။ ဘယ်အချိန်အိပ်ပျော်သွားလဲတော့မမှတ်မိဘူးဗျ။ ဒါပေမယ့်
အဲ့ဒီမိန်းကလေးက အိပ်မက်ထဲတကယ်လာခဲ့ပါတယ်။
“” ငါ့ယောကျာ်းဘယ်မှာလဲ “”
ရွှေတွေနင့်နေအောင်ဝတ်ထားတဲ့ အသားညိုညို ဝဖိန့်ဖိန့်နဲ့ လည်ပင်း
က အဆီရစ်တွေကြားထဲ ချွေးတွေစီးကျနေတဲ့မိန်းမက မေးတယ်။
မြတ်လေးလမ်းကမိန်းကလေးက မျက်ရည်တွေစီးကျနေရင်း ခေါင်း
ကို တွင်တွင်ခါယမ်းနေတယ်ဗျ။
“” ကျွန်မ မသိပါဘူးအစ်မရယ်… ကျွန်မဆီမလာပါဘူး… “”
“” ငါ့ကိုလိမ်မပြောနဲ့… နင်တို့ခိုးယူနေကြတာငါမသိဘူးထင်နေတာ
လား… ဟမ်… “”
“” အဲ့လိုမဟုတ်ပါဘူးအစ်မ… ကိုကို ကကွာရှင်းထားပြီလို့ပြောလို့
ညီမလက္ခံခဲ့တာပါ… “”
” ကွာရှင်းထားပြီပြောရင်…ကွာရှင်းစာချုပ်တောင်းမကြည့်တတ်
ဘူးလား… နင်ဒီလောက်တော့ဥာဏ်နည်းလိမ့်မယ်မထင်ပါဘူး…
မယားငယ်ပီပီ… မူယာမာယာသိပ်များပြမနေနဲ့… “”
မိန်းကလေးက ငိုယိုပြီး…
“” တောင်းပါတယ်… ညီမစာချုပ်လည်းတွေ့ပြီးပါပြီ.. အစ်မတို့
ကွာရှင်းထားပြီးသားပဲလေ…””
“” စာချုပ်လာပြတယ်ပေါ့… နင်သိထားဖို့က ငါနဲ့ ကိုစိုးဝင်း နဲ့ခုချိန်
ထိမကွာရှင်းရသေးသလို ငါ့ကိုကွာဖို့လည်းတစ်ခါမှမပြောဖူးသေးဘူး
နင့်ကိုပြတယ်ဆိုတာလည်း နင်လိမ်တာမလား… “”
အဲ့ဒီစကားကြားတော့ မြတ်လေးလမ်းကမိန်းကလေးဟာ အံ့သြပြီး
ပါးစပ်အဟောင်းသားနဲ့ကြည့်နေတယ်။ မယားကြီးလို့ဆိုတဲ့မိန်းမက
သူခေါ်လာတဲ့လူနှစ်ယောက်ကို လက်ဟန်နဲ့ပြလိုက်တော့ တစ်ယောက်က မိန်းကလေးကိုချုပ်ထားပြီး နောက်တစ်ယောက်က ပါးပြင်ကို
လက်သီးနဲ့ထိုးပစ်တော့တယ်။
မျက်နှာကချက်ချင်းယောင်ထလာတာဗျ။ မိန်းကလေးက အော်ပြီး
ပတ်ဝန်းကျင်ကိုအကူအညီတောင်းပေမယ့် သူရောက်နေတဲ့နေရာက
မြတ်လေးလမ်းဘေးက ခြုံတောကြီးထဲမှာ။ လူလူသူသူမရှိတဲ့နေရာ။
ဘယ်လောက်အော်အော် ကြားတဲ့သူမရှိ၊ ကူညီမယ့်သူမရှိဘူး။
လက်သီးနဲ့ထိုးနေတဲ့သူက မိန်းကလေးရဲ့ပါးကိုဘယ်ပြန်ညာပြန်ဆင့်
ရိုက်ပစ်တယ်။ မိန်းကလေးကအော်ဟစ်ရင်း ပါးပြင်ပေါ်မျက်ရည်တွေ
စီးကျလို့။
“” ကျွန်မတကယ်မသိလို့ပါအစ်မရယ်… မကွာရှင်းရသေးမှန်းသိရင်
ကျွန်မလက်မခံပါဘူး… ကွာရှင်းစာချုပ်ပြလို့ လက်ခံမိတာပါ…
စာချုပ်ကိုလည်းကျွန်မကိုပေးထားပါတယ်… အိမ်ထဲမှာရှိတယ်…
ယူပြဆိုပြပါ့မယ်… “”
“” ကျော်တင့်… သူ့အိမ်မှာစာချုပ်သွားရှာလာခဲ့… “”
မိန်းကလေးကိုရိုက်နှက်နေတဲ့လူက ဆက်မရိုက်တော့ပဲ နေရာကနေ
ထွက်သွားပါတယ်။ ကျွန်တော့အထင်စာချုပ်သွားယူတယ်လို့ထင်
တာပဲ။ ချုပ်ထားတဲ့လူဆီကို မယားကြီးက ကြိုးခွေပစ်ပေးလိုက်တယ်။
အဲ့ဒီလူကမိန်းကလေးကို ကြိုးနဲ့တင်းနေအောင်ချည်လိုက်ပြီး မြေပေါ်
တွန်းချပစ်တော့ ကြိုးအထပ်ထပ်နဲ့မိန်းကလေးက မှောက်ရက်လဲကျ
လို့ ပြန်မထနိုင်ရှာပါဘူး။
မယားကြီးဆိုတဲ့မိန်းမက အဲ့ဒီလူနဲ့တိုးတိုး တိုးတိုးပြောနေတယ်ဗျ။
သူတို့ကိုကြည့်ရတာ တခုခုကိုစောင့်နေသလိုပါပဲ။ မကြာပါဘူး အဲ့ဒီ
နေရာကိုလူတစ်ယောက် ပြာယာပြာယာနဲ့ပြေးလာတယ်။ သူ့ကိုကြည့်
ရတာ တော်တော်လေးထိတ်လန့်နေတဲ့ပုံရတယ်ဗျ။
“” နင့် မယားငယ်ကို ထူပေးလိုက်ဦး… “”
အဲ့ဒီလူဟာ ကိုစိုးဝင်းဖြစ်မယ်လို့ကျွန်တော်တွေးနေတုန်းမှာပဲ…မိန်း
ကလေးက ငိုယိုပြီးပြောတယ်။
“” ကိုကို… ဆုလေး ကိုကယ်ပါဦး… ဟင့်…ဟင့်… “”
ဒါပေမယ့် ကိုစိုးဝင်းဟာ တွေတွေကြီးရပ်ကြည့်နေပါတယ်။ သူ့မိန်းမ
ကိုလွန်ဆန်နိုင်တဲ့ပုံမရဘူးဗျ။ မယားကြီးကိုမလွန်ဆန်နိုင်ပေမယ့်
ဆုလေးဆိုတဲ့ မိန်းကလေးအတွက် ဝမ်းနည်းနေပုံတော့ရပါတယ်။
ဝမ်းနည်းနေရုံ၊ စိတ်မကောင်းဖြစ်နေရုံက မိန်းကလေးကိုကယ်တင်
နိုင်မှာမှမဟုတ်ဘဲဗျာ။ ခဏကြာတော့ စာချုပ်သွားရှာတဲ့လူပြန်ရောက်
လာပြီး စာချုပ်ကိုပြတယ်။ မယားကြီးကစာချုပ်ကိုကြည့်ပြီး…
“” ဒီစာချုပ်မှာ ငါကလက်မှတ်ထိုးခဲ့တယ်ပေါ့..ဟုတ်လား…ပြော
စမ်းပါဦး ကိုစိုးဝင်း… ကျွန်မကရှင်နဲ့ကွာရှင်းပါမယ်ဆိုပြီး ဒီမှာလက်
မှတ်ထိုးခဲ့သလား… “”
ကိုစိုးဝင်းက တုန်လှုပ်ပြီးပြန်ဖြေတယ်။
“” ငါ…ငါ… လိမ်ခဲ့မိတယ်… စာချုပ်အတုလုပ်မိတယ်… တောင်းပန်
ပါတယ်မိန်းမရယ်… “”
“” တောင်းပန်ရုံနဲ့ပြီးသွားရမှာပေါ့…အဲ့လိုလား… “”
“” ငါ…မင်းကို ဘယ်တော့မှ မကွာဘူးဆိုတာလည်း မင်းသိပါတယ်
မိန်းမရာ…ဒီကောင်မလေးကို ငါ တကယ်ယူမယ်လို့ထင်လို့လား “”
“” ရှင့်ကိုကျွန်မ ခွင့်လွှတ်ခဲ့တာ များပြီ ကိုစိုးဝင်း… ကျွန်မကိုမိန်းမ
ကြမ်းဇာတ်သွင်းရင်လည်း ခံဖို့အသင့်ပဲ… ဘယ်မိန်းမ မဆို ဒီလိုကိစ္စ
မျိုးမှာ ဘယ်သူမှခွင့်လွတ်ချင်ကြမှာမဟုတ်ဘူး… ကိုယ့်ယောကျာ်း
က တခြားမိန်းမနဲ့ ပျော်ပါးနေတာ ရင်ထဲကိုဓါးနဲ့မွှန်းနေသလိုပဲ…””
“” ငါတောင်းပန်ပါတယ်မိန်းမရာ… တောင်းပန်ပါတယ်.. သူ့ကို
လည်းပြန်လွှတ်ပေးလိုက်ပါ… ငါမင်းမကြိုက်တာဘာမှမလုပ်တော့
ပါဘူး… ကတိပေးပါတယ်… “”
မယားကြီးကမျက်နှာတည်သွားပြီးတော့…
“” ကျွန်မခွင့်လွှတ်ပေးဖို့စိတ်ကူးမရှိဘူး… “”
လို့ပြောအပြီးမှာပဲ ကိုစိုးဝင်းကိုပါ သူခေါ်လာတဲ့လူနှစ်ယောက်ကကြိုး
နဲ့ချည်လိုက်ပါတယ်။ ကိုစိုးဝင်းက ကြောက်လန့်တကြားအော်ပေ
မယ့် မယားကြီးက ဂရုစိုက်ဟန်မပြပါဘူး။
“” နင့်ကို သူကလိမ်လည်ပြီးတော့ ပေါင်းသင်းတယ်… နင်မသိတဲ့
အတွက် အပြစ်တော့မရှိဘူး… ဒါပေမယ့် သေချာမစုံစမ်းတဲ့အပြစ်..
အဲ့ဒီအပြစ်ငါပေးမယ်… “”
မယားကြီးက လူနှစ်ယောက်ကို လက်ဟန်ပြတဲ့အခါ မိန်းကလေးကို
အဲ့ဒီလူတွေက ဝိုင်းရိုက်ကြပါတော့တယ်။
“” သေအောင်တော့မသတ်ဘူး… မသေမရှင်ဖြစ်အောင်ထားမယ်..””
မယားကြီးရဲ့ပုံစံက သွေးအေးလွန်းတယ်။ သူ့ကိုကြည့်ရတာ တော်
တော်လေး နာကျည်းနေတဲ့ပုံပေါ်နေတယ်။ သူ့ခန္ဓာကိုယ် ဝဖိုင့်ဖိုင့်က
စိတ်သွားတိုင်းကိုယ်မပါသလိုပဲ။ ကြာကြာရပ်နိုင်ပုံမရပါဘူး။ မြေပေါ်
ဘုံးကနဲ ထိုင်ချပစ်ပြီး မိန်းကလေးကိုရိုက်နှက်နေတာကို ဇိမ်ပြေနပြေ
ထိုင်ကြည့်နေတယ်ဗျ။ ဟိုလူနှစ်ယောက်က မိန်းကလေးရဲ့ဗိုက်ကို
ခြေထောက်နဲ့ တဘုန်းဘုန်းကန်ကျောက်နေတာ မိန်းကလေးက
အသံတောင်မထွက်လာနိုင်တော့ပါဘူး။
ကြိုးတုပ်ခံထားရတဲ့ ကိုစိုးဝင်းကတော့ ကြောက်ကြောက်လန့်လန့်
နဲ့ သူ့မိန်းမ မယားကြီးကို အော်အော်ပြီးတောင်းပန်နေတယ်။ မယား
ကြီးကတော့ တစ်ချက်ကလေးမှ ဂရုစိုက်ပုံမပေါ်ခဲ့ဘူး။ အရိုက်နှက်ခံ
ရတဲ့မိန်းကလေးက မျော့မျော့လေးသာကျန်ပါတော့တယ်။ အဲ့ဒီအခါ
မှ မယားကြီးကထရပ်လိုက်ပြီးတော့…
“” သူ့ကိုအဲ့ဒီအတိုင်းပစ်ထားခဲ့… အသက်ရှင်တာမရှင်တာ နင့်ကံပဲ…
နင်တို့နှစ်ယောက် ဒီအကောင်ကိုခေါ်လာခဲ့… ” ငွေဖြူချောင်း ” ထဲ
နစ်သတ်မယ်… “”
ဆိုပြီး အဲ့ဒီနေရာကနေထွက်သွားပါတယ်။ ကိုစိုးဝင်းက ရုန်း
ကန်ပြီး အတင်းကုန်းအော်တော့.. သူ့ပါးစပ်ကိုအဝတ်နဲ့စည်းပစ်ပြီး
ခေါ်သွားတယ်ဗျ။ သူတို့နောက်ပြေးလိုက်ကြည့်ပေမယ့် ကျွန်တော်
ဆက်သွားလို့မရတော့ဘူး။ မျော့မျော့လေးလဲကျနေတဲ့ မိန်းကလေး
က ကျွန်တော့ကိုကြည့်ပြီး ပြောနေတယ်။
“” ကျွန်မကိုသတ်ပေးပါ… သတ်ပေးပါရှင်… “”
ကျွန်တော်သူ့ကိုထူဖို့ အနားကိုကပ်သွားခဲ့တယ်။ တစ်ကိုယ်လုံးကြိုး
တွေနဲ့ချည်ထားတာ ဖြည်ဖို့တောင်မလွယ်ပါဘူး။ သူဘယ်လိုလွတ်
နိုင်ပါ့မလဲ။ ကျွန်တော်ကြိုးစားပြီး ဖြည်ပေးတဲ့အခါ အဲ့ဒီမိန်းကလေးက
ကျွန်တော့မျက်နှာနားတိုးလာတော့တယ်။ သူ့ကိုကြည့်လိုက်မိတဲ့အခါ
မျက်လုံးသူငယ်အိမ်မည်းနက်နက်နဲ့ သွေးမရှိတဲ့မျက်နှာအပြင် ပြော
ပြလို့မရအောင်ကြောက်ဖို့ကောင်းတဲ့ခံစားချက်ကတစ်ခါတည်းဖြစ်
လာတယ်။ သူကပြောနေတယ်။
“” ငါ့ကိုသတ်ပေးပါတော့… “”
အေးစက်စက်အသံနက်ကြီးက ရင်တစ်ခုလုံးဗြောင်းဆန်သွားပြီး
ကျွန်တော် အော်ဟစ်ပစ်လိုက်မိတော့တယ်။ အခန်းတံခါးဖွင့်သံကြား
လို့ မျက်လုံးဖွင့်ကြည့်တော့ ကျွန်တော့အမေက စိုးရိမ်တကြီးပြေးဝင်
လာတာတွေ့လိုက်ရတာပါပဲ။ အမေ့က ဘာဖြစ်တာလဲ မေးလို့
ကျွန်တော် မကွယ်ဝှက်ဘဲ ပြောပြလိုက်တော့တယ်။ ကျွန်တော့ကို
ဆူတာ ဆူတာ။ အမေက အဲ့ဒီအကြောင်းရဲ့အဆက်ကိုပြန်ပြောပြ
ပါတယ်။
မြတ်လေးလမ်းကလူသတ်မှု ဟာ ၁၉၉၀ လောက်ကဖြစ်ပွားခဲ့တာပါ။
ကိုစိုးဝင်းရဲ့ မယားကြီးဖြစ်သူနာမည်က မယုမွန် လို့သိရတယ်။ ဖောက်
ပြန်တဲ့ခင်ပွန်းကို တစ်ကိုယ်လုံးကြိုးတုပ်ပြီး အသက်ရှင်ရက်နဲ့ ရေ
ချောင်းထဲနစ်သတ်ခဲ့တာလို့ဆိုတယ်။ နောက်ဆုံးတော့ မယုမွန်နဲ့
ကြံရာပါ နှစ်ယောက်လည်း အဖမ်းခံသွားရတယ်။ သူတို့သတင်းတွေ
တော့ နောက်ဆက်တွဲဘယ်သူမှသေချာမသိကြတော့ပါဘူး။
တချို့ကလည်းထောင်ကလွတ်လာပြီး သီလရှင်ဝတ်သွားပြီလို့ဆိုကြ
သလို၊ တချို့ကလည်းထောင်ထဲမှပဲဆုံးသွားပြီလို့ပြောကြတယ်ဗျ။
သေချာတာကတော့ မြတ်လေးလမ်းကမိန်းကလေးဟာ လမ်းသွား
လမ်းလာတွေကို တားပြီး ဒီအကြောင်းတွေကို အိပ်မက်ပေးနေဦး
မှာပါပဲ။
ကျွန်တော့လက်ပေါ်က လက်ချောင်းရာအကွက်ကြီးဟာ အိပ်မက်ဆိုး
မက်ပြီးတာနဲ့ တဖြည်းဖြည်းပျောက်သွားခဲ့ပါတယ်။ တစ်နှစ်လောက်
ကြာပြီးတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကိုမေ့မေ့ပျောက်ပျောက်
ဖြစ်သွားခဲ့ပေမယ့် ကျွန်တော်တို့မြို့မှာတော့ မြတ်လေးလမ်းက
မိန်းကလေး ဆိုပြီး ပြောနေကြဆဲ၊ တွေ့နေကြဆဲပေါ့။ ကျွန်တော်
ကတော့ သူအမြန်ဆုံးကျွတ်လွတ်သွားပါစေလို့ တွေးမိတိုင်းဆု
တောင်းပေးနေရုံကလွဲပြီး…….။
သော်တာလမင်းစန္ဒာ