မြို့အဝင်လမ်း

မြို့အဝင်လမ်း(စ/ဆုံး)
———————
နှစ်တွေတော့ ကြာခဲ့ပါပြီ။
ဒါပေမယ့် နှလုံးသားထဲက စွဲစွဲမြဲမြဲ နဲ့ မနေ့တစ်နေ့ကလို အမှတ်ရနေဆဲပါပဲ။
ဦးနှောက်ထဲက ထုတ်ပစ်နိုင်ခဲ့ပေမဲ့ နှလုံးသားထဲက ထုတ်မရတော့ ခတ်သားလားဗျာ။

ဆောင်းဟေမာန် ရောက်လေတိုင်း အရင်လိုပဲပြန် အမှတ်ရနေတုန်းပါပဲ။
သြော် … အတိတ် အတိတ် မဖမ်းဆုပ်ထားသင့်မှန်းသိပေမဲ့ လွှင့်ပစ်ဖို့ကလည်းခတ်တော့
နာကျင်စရာတွေနဲ့ပဲ ဖက်တွယ်ရင်း ဒီမနက်လည်း
ကျွန်တော် သူ့ကို
လွမ်းမိနေတုန်းပါပဲ။
************** ****** ****** ******* **

လွန်ခဲ့သော နှစ်အနည်းငယ်ခန့် ကာလ………

ဒီဇင်ဘာရဲ့ ချမ်းအေးမှု့ကို အန်တုကာ ကျောပိုး အိတ်
ကလေး တစ်လုံး ကို လွယ်ပြီး
မြို့ အဝင်လမ်းက ကားဂိတ်ဆီသို့ ကျွန်တော်ပြေးလွှားနေ
ခဲ့၏။

စိတ်ထဲကတော့
” ကားမှီပါစေ၊ ကားမှီပါစေ ” လို့ ဆုတောင်းရင်းပေါ့။

ပြေးလွှားနေရခြင်း အကြောင်းအရင်းက
ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဘုရားဖူးသွားမလို့ပါ။

ကားက မနက် ငါးနာရီ ချိန်းထားတာ။

ကျွန်တော် နိုးလာတော့ ငါးနာရီ ထိုးနေပြီဖြစ်တာနဲ့ မျက်နှာကို
အလျင်အမြန်သစ်ပြီး မနေ့ကတည်းက ထုပ်ပိုးထားတဲ့
ကျောပိုးအိတ်ကို လွယ်ကာ
အပြေးကလေးထွက်လာရခြင်းပင်ဖြစ်၏။

ပြေးရင်းလွှားရင်း ကျွန်တော်တစ်ခု သတိထားမိတာက
လမ်းမှာ ကျွန်တော်ကလွဲလို့ လူရယ်လို့
တစ်ယောက်မှ မတွေ့ရခြင်းပါပဲ။

စိတ်ထဲတော့ နည်းနည်းကသိကအောက်ဖြစ်တာပေါ့။

မနက်ငါးနာရီဆို နိုးထနေပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့
မြို့ကလေးက
ဒီနေ့မှ ထူးထူးဆန်းဆန်း အိပ်မောကျလို့………

အဲဒီအချိန်မှာပဲ မြို့လယ်က နာရီစင်နား ကျွန်တော်
ရောက်လာတော့
” တိန် တိန် တိန် ” ဆိုပြီး နာရီသံ သုံးချက်မြည်လာ
ပါလေရော။

ကျွန်တော်လည်း အံ့သြနဘမ်းဖြစ်ကာ ကြည့်လိုက်တော့ တကယ်ပင်
မနက်သုံးနာရီပဲရှိပါသေးတယ်ဟရို့။

ကျွန်တော် ခေါင်းကုတ်မိတာပေါ့။
ကျောပိုးအိတ်ကိုချပြီး နာရီကိုထုတ်ကာကြည့်တော့လည်း သုံးနာရီ။

” ဟာ၊ ဘာဖြစ်သွားတာပါလိမ့်၊ ငါ အိမ်တုန်းက
ကြည့်တော့ ငါးနာရီပါ၊ ခုမှ …. ဟာ ……..

ဒါ့ကြောင်း လူတစ်ယောက်မှမတွေ့ပဲ တိတ်ဆိတ်နေတာကိုး ”

ကျွန်တော် တစ်ယောက်တည်း ပွစိပွစိပြောကာ
နာရီစင်ရှေ့မှာ ရပ်နေမိတော့၏။

အိမ်ကိုပြန်ဖို့ကလည်း လမ်းတဝက်တောင်ကျော်နေပြီ။
ပြန်သွားပြန်ရင်လည်း အမေ က သွားခွင့်ပြုတော့မှမဟုတ်။

” ခတ်တာပဲ၊ ဘာပဲဖြစ်ဖြစ် မထူးတော့ဘူးကွာ၊
ကားဂိတ်မှာပဲ ထိုင်စောင့်နေတော့မယ်”
ကျွန်တော်လည်း နာရီကို လက်မှာ ဝတ်ကာ
ကြောက်ကြောက်နဲ့
ကားဂိတ်ဆီကိုပဲ ဦးတည်ခဲ့ပါတော့တယ်။

****** ****** ****** **********

မနက် သုံးနာရီ ခွဲအချိန် ……
ရောက်ပါပြီ၊ ကားဂိတ်သို့။

နှင်းတဖွေးဖွေးကြားမှာ ကားဂိတ်က တိတ်ဆိတ်ငြိမ်
သက်လျက်။
ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြန်တော့လည်း ဘယ်သူမှမရှိ။

ထိုအချိန်မှာပဲ
” ဝုန်း ” ဆို တစ်စုံတစ်ခုက ကျွန်တော့် နောက်ကျောကိုလာထိ၏။

ရုတ်တရက် ဆိုတော့ ကျွန်တော်လည်း ဟန်ပျက်ကာ ရှေ့သို့ အနည်း
ငယ်ယိုင်သွားခဲ့တယ်လေ။

” အောင်မလေး သေပါပြီ၊ တောင်းပန်ပါတယ်ရှင့်၊
တောင်းပန်ပါတယ်”

ကျွန်တော် ရပ်နေတာကို ဝင်တိုက်တာက
မိန်းကလေးတစ်ယောက်။
ကားဂိတ်မှာ ထွန်းထားတဲ့ မှိန်ပျပျမီးရောင်လေးနဲ့အတူ
မြင်ရတာက

” ပင်းပွင့်ကလေးတွေနဲ့အလှဆင်ခြယ်သထားတဲ့
အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားတဲ့
မိန်းမချောလေးတစ်ယောက်ကိုပင်”

သူမရဲ့ ရှည်လျားဖြောင့်စင်းနေတဲ့ ဆံနွယ်လေးတွေက
ဒီဇင်ဘာ
လေအေးထဲ ဝဲပျံလျက်။
မျက်နှာကလည်း ဝိုင်းစက်နေပြီး၊ တစ်ခါမြင် တစ်သက်မမေ့နိုင်တဲ့မျက်နှာမျိုး။

ဒါပေမဲ့ ဒီလောက်အေးတဲ့အချိန်မှာ သူမ
ဘာအနွေးအထည်မှ
မဝတ်ထားပေ။

” အော်၊ ကိစ္စမရှိပါဘူး၊ ရပါတယ်ဗျ၊ ရပါတယ် ”
ကျွန်တော်လည်း ငေးနေရင်းကာနေ သတိပြန်ကပ်ကာ သူမရဲ့ ပြန့်ကြဲသွားတဲ့ ပစ္စည်းတွေကို
အလိုက်သိစွာ ကူ ကောက်ပေးနေမိတော့
တယ်။
” မေငုဝါ၊ နင်ငါတို့ကို မစောင့်ပဲ တစ်ယောက်
တည်း ထွက် သွားတယ်ပေါ့လေ ”
ရုတ်တရက်နောက်ထပ် ထွက်ပေါ်လာသော မိန်းကလေးတစ်ယောက်၏ အသံ။

ကျွန်တော်လည်း အသံလာရာကို ကြည့်မိတော့
နောက်ထပ်
မိန်းကလေးသုံးယောက်ပင်ဖြစ်နေ၏။

သို့ပေမဲ့ သူတို့ကို ကျွန်တော့်စိတ်ထဲ ကျေးဇူးတင်နေမိ၏။
သူတို့ကြောင်း မေငုဝါ ဆိုတဲ့ နာမည်လေးကို သိခဲ့ရတာမဟုတ်ပါလား။

“အို….နာမည်လေးက မေငုဝါ တဲ့လား၊ လှလိုက်တဲ့
နာမည်လေး၊
နာမည်နဲ့လူနဲ့ လိုက်ဖက်ပါပေရဲ့ကွယ် ”
ကျွန်တော့်မသိစိတ်ထဲ တိုးတိုးလေးပြောနေမိပြန်၏။

” အားနာလိုက်တာရှင့်၊ အားနာလိုက်တာ၊
ကားမမှီမှာစိုးလို့ ပြေးလာရင်းကနေ
အရှိန်မထိန်းနိုင်ဖြစ်သွားတာ၊ တောင်းပန်ပါတယ်ရှင့်”

သူမ၏ အပြော သူမ၏အပြုံး သူမ၏ ဟန်အမူအရာ တွေက ဒီဇင်ဘာ ရဲ့ ချမ်းအေးမှု
ကို တောင် ကျွန်တော်မေ့သွားခဲ့၏။

သူမ ကိုယ်မှ သင်းနေတဲ့ နှင်းဆီရနံ့လေးက
ကျွန်တော့်ရင်ကို လှိုင်းတံ
ပိုးတစ်ခုလို လာ လာပြီးရိုက်ခတ်နေပြန်၏။

” အော်၊ ရပါတယ်ဗျ၊ ရပါတယ်၊ ကိစ္စမရှိပါဘူး ”

ထိုအခိုက် ကြက်သွန်နီတွေ တင်တဲ့ကားကြီး တစ်စီး
ကျွန်တော်တို့ဘေးမှ ဖြတ်သွား၏။

ကားက ကျွန်တော်တို့ ဘေးနားမှ ဖြတ်သွားချိန်
ကားမောင်းတဲ့သူက
ကျွန်တော့်ကို ထူးဆန်းနေသလိုမျိုးကြည့်သွားခဲ့၏။

ကျွန်တော်ကတော့ စိတ်ထဲမထားပါ။

” မေငုဝါ၊ ဒီလောက်အစောကြီး ထွက်လာစရာလိုလို့လားဟာ၊ ငါ အိပ်ချင်သေးတယ်”

” ဟေ့၊ နင်တို့ကလည်း အိပ်မယ်ဆိုတာပဲ၊
မနက်အစောကြီးရောက်မှ ကားမှီမှာပေါ့၊
မတော်လို့ ကားမမှီလိုက်ရင် ဘယ့်နှယ်လုပ်မလဲ၊ အိပ်ချင် ကားပေါ်ရောက်မှ အိပ် ”

သူမ တို့ သူငယ်ချင်းတစ်စုစကားပြောနေရင်းကနေ
ကောင်မလေးတစ်ယောက်မှ

” ငုဝါ၊ အဲဒါ ဘယ်သူလဲ ” ဆိုပြီး ကျွန်တော့ကို
ကြည့်ကာမေး၏။

” ခုနက ငါ ငါ သူနဲ့ တိုက်မိ သွားတာဟ”
ငုဝါ ရှက်ရှက်နှင့် ခေါင်းငုံ့ကာပြော၏။

” ငုဝါ ငုဝါ၊ နင်တော့လေ အမြဲနမော်နမဲ့၊ အယ် ဒါပေမယ့် ချောသားပဲဟ၊
နာမည်လေးဘာလေး မေးကြည့်ရအောင် ”

” လှနွယ်၊ နင့်ဘာသာ နင်သွားမေး၊ ငါတော့ ရှက်တယ် ”
သူမတို့ပြောနေတာကို ကြား၍ ကျွန်တော်ပြုံးမိနေ၏။

ထိုအချိန်၌ ကျွန်တော်တို့နှင့် မနီးမဝေးမှ ကုလားမကြီး
တစ်ယောက်
ကျွန်တော့်ကိုကြည့်နေတာကို သတိထားမိလိုက်၏။

ကျွန်တော် ကားဂိတ်ရောက်တုန်းက တော့ မတွေ့မိ။
ကြည့်ရတာ အဲကုလားမကြီးက မုန့်ရောင်းတာထင်တယ်။

လှနွယ် ဆိုတဲ့ မိန်းကလေးက ကျွန်တော့်အနားသို့အလာမှာ

” တီ တီ တီ ” ” တီ တီ တီ ” ဟု ကား ဟွန်းသံ ထွက်ပေါ်လာပါတော့၏။

” ဟာကွာ၊ အရေးထဲ ”
ကျွန်တော်စိတ်ထဲ ဟွန်းကိုဇွတ်တီးနေတဲ့ကားသမားကို
စိတ်တိုနေမိ၏။

” ဟယ်၊ ကား တောင် ရောက်လာပြီ၊ နာမည်လေးတောင်
မမေးလိုက်ရဘူးတော့် ”
လှနွယ် ပွစိပွစိမြည်ကာ ကား ကို ကြည့်နေ၏။

ဟွန်းသံနှင့်အတူ ရောက်လာသည်က အပြာရောင် ဗန်ကားတစ်စီး။
ကားပေါ်မှာ မောင်းသူရယ်၊ အသက်ခပ်ကြီးကြီး မိန်းမတစ်
ယောက်ရယ်၊
အဖွားအိုလင်မယားရယ်ပဲပါရှိ၏။

အဲကားက ငုဝါ တို့ စီးရမယ့်ကားမှန်း ကျွန်တော် သိလည်းသိရောကျွန်တော့ရင်ထဲ ထူးဆန်းသော
ဝေဒနာတစ်မျိုး ဝင်ရောက်လာ၏။

စိတ်ဆိုးသလိုလို၊ ဝမ်းနည်းသလိုလိုနဲ့ ဖော်ပြရန်ခတ်ခဲလှ၏။

သူမ နဲ့ အသေအချာလည်း မိတ်မဆက်လိုက်ရခြင်းကိုပင် ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံး နောင်တရမဆုံး။

” ကိုလူချော၊ ကျွန်မတို့သွားတော့မယ်၊ တာ့တာ ”

သွပ်လက်တတ်ကြွနေသော လှနွယ် မှ ကားပေါ်တတ်ကာနီး ကျွန်တော့်ကို ပြုံးပြကာ တာ့တာပြ၏။

တခြားမိန်းကလေး နှစ်ယောက်ကတော့
ပြုံးပြရုံသာပြုံးပြကြ၏။

ကျွန်တော်လည်း အသက်မဲ့တဲ့ဟန်ဆောင်အပြုံးလေးနဲ့
ပြန်လည်ပြုံးပြရင်း ငေးနေမိပါတော့၏။

ကားပေါ် နောက်ဆုံးတတ်တာက မေငုဝါ။
သူမက ကားပေါ်တတ်ကာနီး ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးစိစိနှင့်ကားပေါ်တတ်သွား၏။

ကျွန်တော့်မှာတော့ ဝေဒနာတွေကို ရင်ဝယ်ပိုက်လျက်
နှုတ်မဆက်ချင်ပဲ နှုတ်ဆက်နေရ၏။

” တာ့တာ၊ ငုဝါရေ၊ ကံကြမ္မာသာ အကြောင်းဖန်ခဲ့ရင်၊ သံသရာတကွေ့ကွေ့
မှာ ခဏတာလေးပဲ ဖြစ်ဖြစ် ပြန်ဆုံချင်ပါသေးတယ် ”

သူမတို့ရဲ့ အပြာရောင်ကားကလေးက တရွေ့ရွေ့
ကျွန်တော့ အရှေ့မှထွက်သွားတော့၏။

သူမ က တော့ နောက်ထပ် တစ်ချက်ကလေးမှ
လှည့်မကြည့်ခဲ့တော့ပါ။

သူမတို့ရဲ့ ကားလေး ကျွန်တော့ မြင်ကွင်းရှေ့မှ
ပျောက်ကွယ်သွားတော့ ကျွန်တော်လည်း
ငေးငေးငိုင်ငိုင်ဖြစ်နေတုန်း သူမ ရပ်ခဲ့တဲ့
နေရာကလေးမှာ အနက်ရောင် နှင်းဆီပန်းတပွင့်ကို
ထူးဆန်းစွာတွေ့လိုက်ရပါတော့၏။

ကျွန်တော်လည်း သူမ ရဲ့ အမှတ်တရလေးအဖြစ်
နှင်းဆီပန်းကလေးကိုကောက်ကာ ကြည့်နေမိ၏။
နှင်းဆီနက် ဆိုတာ ရှားပါးတဲ့ ပန်းတစ်မျိုးပဲလေ။

” ဟေ့ကောင်လေး၊ စောနက ဘယ်သူနဲ့ စကားပြောနေတာလည်း ”
ရုတ်တရက် မေးလိုက်တာက တစ်ချိန်လုံး ကျွန်တော့ကို
စိုက်ကြည့်နေသော ကုလားမကြီးပင်။

ရုတ်တရက်မို့ ကျွန်တော် အနည်းငယ်လန့်သွားခဲ့ရ၏။

” အော်၊ စောနကလား၊ ကျွန်တော် ကောင်မလေး
တွေနဲ့ စကားပြောနေတာပါ ”

ဒေါ်ကုလားမကြီးက ဟိုဟိုသည်သည်ကြည့်လိုက်၏။
ပြီးမှ

” ဟယ်၊ ဟုတ်လို့လား၊ ငါတော့ နင်ကလွဲပြီးဘယ်သူ့ကိုမှလည်း မမြင်၊
နင်တစ်ယောက်တည်းပဲ ပျာယီးပျာယာနဲ့ လက်ပြလိုက်၊
စကားပြောလိုက်
နဲ့ မျက်စိကို နောက်နေတာပဲ” ဟု ပြော၏။

ကျွန်တော်လည်း နည်းနည်း စိတ်တိုသွား၏။

” ကျွန်တော့်ကို လာနောက်နေတာလား၊ စောနက
ကားတစ်စီးထွက်သွားတယ်လေ၊
အဒေါ်မမြင်လိုက်ဘူးလား၊

ပြီးတော့ ဒီမှာကြည့် သူမဆီက ကျကျန်ရစ်ခဲ့တဲ့
အနက်ရောင်နှင်းဆီပွင့် ”

ကျွန်တော့် လက်ထဲ ကိုင်ထားသော နှင်းဆီပွင့်ကို
ပြလိုက်တော့နှင်းဆီ မဟုတ်တော့ပဲ
သစ်ကိုင်းခြောက်တစ်ခုပဲ ဖြစ်နေပါတော့၏။

” အောင်မလေးဗျာ”
ကျွန်တော်လန့်သွား၍ သစ်ကိုင်းခြောက်ကို လွှတ်ချပစ်
လိုက်၏။

” ဟာ၊ ဒါ ဘယ်လို ဖြစ်တာလည်း၊ စောနက နှင်းဆီပွင့်ပါ၊
နှင်းဆီမှ နှင်းဆီနက်၊ ငါကိုယ်တိုင် ကောက်ယူထား
လိုက္တာပါ”

ကျွန်တော် ဇဝေဇဝါ ဖြစ်သွား၏။

ဒေါ်ကုလားမကြီးက ကျွန်တော့ကိုကြည့်ကာ
” ကောင်လေး၊ နင်တော့ သရဲခြောက်ခံလိုက်ရပြီ၊ အဲဒါ သရဲမတွေလူမဟုတ်ဘူးဟေ့ ” တဲ့လေ။

ကျွန်တော်ငြင်သေးးပေမဲ့ ဒေါ်ကုလားမကြီးပြောတာက ပို၍ ခိုင်မာနေတော့ ဆက်မငြင်းတော့ပေ။
သို့သော် ကျွန်တော့် စိတ်ထဲကတော့

” အဲလောက်လှတဲ့ မိန်းကလေး ဘယ်လိုမှ သရဲမ
မဖြစ်နိုင်ဘူး ”
ဟူ၍ သာတွေးနေမိတော့၏။

ဒေါ်ကုလားမကြီးကား ကျွန်တော့ကို ကြည့်ပြီး
ခေါင်းလှုပ်ကာ ပြန်သွားတော့၏။

ဒေါ်ကုလားမကြီး ထွက်သွားတော့ ကျွန်တော်
သစ်ကိုင်းခြောက်ကို ပြန်ကောက်လိုက်တယ်။

ဒေါ်ကုလားမကြီးက သူပြောချင်ရာပြောပြီး ထွက်သွားပေမဲ့

ကျွန်တော့မှာတော့ အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ ထိုနေရာမှာပဲ သစ်ကိုင်းခြောက်ကလေးကို ကိုင်ကာ
ရပ်နေမိတော့၏။

ခဏနေတော့ ကျွန်တော်တို့ စီးရမဲ့ ကား ရောက်လာ၏။

ကားဆရာက ကျွန်တော် အစောကြီးရောက်နေတာကို တွေ့၍ အံ့သြစွာမေး၏။

ကျွန်တော်က နာရီမှားပြီးထလာတဲ့ အကြောင်းကိုပြောပြီး
ငုဝါ တို့ရဲ့ ကားပုံစံကို ပြောပြကာ အဲကားကို တွေ့မိ မြင်မိခဲ့သေးလားမေးတော့

ကားဆရာက
” ဘယ်ကားမှ မတွေ့ခဲ့ပါဘူးကွာ၊ ငါတို့လာတာ သိပ်စောလွန်းနေတာလားမသိဘူး ” တဲ့။

ကျွန်တော်လည်း ဘာပြောရမယ်မှန်း မသိတာနဲ့ ဒီအတိုင်း
ဟိုတွေးသည်တွေး နဲ့ပဲ ကားပေါ်မှာ ထိုင်နေပါတော့တယ်။

******* ****** ******* ****** ********

ခရီးစဉ် တစ်လျှောက်လုံး ကျွန်တော် နည်းနည်းလေးမှ
မပျော်ရွှင်ပါ။

မေငုဝါ ကို နှလုံးသားထဲကရော ဦးနှောက်ထဲကပါ
ထုတ်မရပေ။

သူမရဲ့ အလှ သူမရဲ့အပြုံး သူမရဲ့ ဟန်အမူအရာတွေက
သရဲမလေးဆိုတာ
ကျွန်တော့အဖို့ယုံနိုင်စရာ တစ်စက်ကလေးမျှမရှိခဲ့။

သူငယ်ချင်းတွေက မပျော်မရွှင်ဖြစ်နေတဲ့ ကျွန်တော့်ကို
ကြည့်ပြီး၊

” ဘာတွေများ စိတ်ညစ်နေတာလည်း၊
ပျော်ပျော်နေစမ်းပါကွာ” လို့ပြောကြပေမယ့်
ကျွန်တော်ကတော့ မေငုဝါ မှ မေငုဝါ ဖြစ်နေခဲ့၏။

***** ****** ****** *****

ဤ သို့နှင့် ခရီးစဉ်ပြီးဆုံး၍ အိမ်ပြန်လာခဲ့ကြတာပေါ့။

သို့ပေမဲ့ မေငုဝါ က ကျွန်တော့ နှလုံးသားမှာ နေရာယူနေဆဲပင်။

တစ်နေ့

ရပ်ကွက်ထဲက အဖိုးကြီး တစ်ယောက်ဆုံးပါးသွားတာ
ကြောင်း အသုဘ လိုက်ပို့ရဖို့ အကြောင်းဖန်လာခဲ့၏။

အဖိုးကြီးက ကျွန်တော်တို့ရပ်ကွက်ထောင့်က အပါတ်စဉ် တနင်္ဂနွေ နေ့တိုင်း ဆွမ်းလောင်းလှူတဲ့
ဇရပ်ပေါ်မှာဆုံးသွားတဲ့ အိမ်ယာမဲ့တစ်ဦးပါ။

ပိုင်ရှင်မဲ့ အသုဘတွေဆိုရင် ” အာယုဝုဍ္ဎဏ ပုညကာရီ ” လို့ခေါ်တဲ့ လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဥက္ကဋ္ဌ ဒေါ်လှလှ
ဦးစီးသော ကျွန်တော်တို့ ရဲ့ အသင်းအဖွဲ့
အစည်းက အမြဲကူညီဆောင် ရွတ်ပေးနေကျပါ။

” မသာတစ်ခါ ကျောင်းဆယ်ခါ ” ဆိုတဲ့ စကားပုံလေး
ရှိသမို့ ကျွန်တော်လည်း အသုဘ လိုက်ပို့တဲ့
ကားပေါ်ငြိမ်ငြိမ်ကလေးထိုင်
ပြီး သုဿာန်သို့ ရောက်ခဲ့၏။

သီလယူတာ၊ သရဏာဂုံတင်တာတွေ ပြီးတော့ အသုဘကိုမြေချ၏။

ပြီးတာနဲ့ ကျွန်တော်ပြန်တော့ မလို့ လုပ်တော့
လူရှုပ်နေသေးတာ နဲ့ အစိမ်းသေတွေကို
မြှပ်နံတဲ့ ဘက်ကပဲ ပက်ပြီးလာခဲ့လိုက်၏။

တစ်နေရာ အရောက်မှာတော့ ကျွန်တော့် ခြေလှမ်းတွေ
ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။

ကျွန်တော့် မသိစိတ်ထဲက အလိုလို ဝမ်းနည်းလာ၏။
မျက်ရည်မကျပေမယ့် နှလုံးသားထဲကတော့ ငိုမဲ့မဲ့နှင့်။

ကျွန်တော်တွေ့နေရသည်က ဆေးတွေပြယ်ပြီး
ခပ်မှိန်မှိန်ဖြစ်နေတဲ့ အုတ်ဂူလေးတစ်ခု။

အဲဒီ အုတ်ဂူလေးမှာ ရေးထားတာက
” မ မေငုဝါ ၊ အသက် ၁၉ နှစ် ” တဲ့လေ။

ကျွန်တော့်ရင်တွေ ဟက်တတ်ကွဲရပါပြီ။

ပထမတော့ နာမည်တူ မရှားလူတူမရှားမို့
ကိုယ့်ကိုကိုယ်ဖြေသိမ့်ပေမဲ့ စာလုံးတွေရဲ့ အပေါ်မှ
သူမရဲ့ ပုံလေးကို မြင်လိုက်ရတော့
ကျွန်တော် ဆက်ပြီးမထိန်းနိုင်တော့ပါ။

ကျွန်တော့်မျက်လုံးအိမ်မှ မျက်ရည်ဥများ
ကြွေဆင်းလာတော့၏။

ခဏတာ ဆုံတွေ့ခဲ့ရတာ ဆိုပေမယ့် မမေ့နိုင်တော့
ခတ်သား ငုဝါရယ်။
ဆုံစည်းခွင့်ဆိုတာ ခွဲခွာခြင်းသပ်သပ်ပဲလားကွယ်။

အချိန်မှား နေရာမှားပြီးရောက်လာခဲ့တဲ့ ကိုယ်တို့ရဲ့ တွေ့ဆုံခွင့်လေး က ခု ကိုယ့်ရဲ့ရင်ကို ဓားနဲ့ မွှမ်းနေသလိုပဲ ငုဝါ ရယ်။

ကျွန်တော် သူမရဲ့ အုတ်ဂူနဘေးမှာ လက်မှိုင်ချထိုင်ကာ ငိုကြွေးနေ မ၏။
ခုတော့လည်း ကံကြမ္မာကို အပြစ်ဖို့ရုံကလွဲပြီး ဘာမှ မတတ်နိုင်။

” တောက်! ဒီအကောင်တွေကွာ၊ ဒါ သက်သက် ကလိမ်ကကျစ်ကျတာ၊ နေနှင့်ဦးပေါ့ကွာ ၊
တစ်နေ့ ဘညို အကြောင်း မင်းတို့ သိစေရမယ် ”

ရုတ်တရက် ကျွန်တော့ နဘေးမှ ဖြတ်သွားသော
လူတစ်ယောက်မှ မကျေမနပ် မြည်သံတစ်သံ
ကျွန်တော့ နားထဲ ဝင်ရောက်လာ၏။

သို့သော်လည်း ကျွန်တော် မကြည့်မိပါ။

သူမရဲ့ အုတ်ဂူလေး နဘေးမှာ ပေါက်နေတဲ့
မြတ်တစ်ချို့ကိုဆွဲ နှုတ်ပြီး၊
ဖုန်မှုန့်တွေကို အပေါ်ရုံဂျာကင် အင်္ကျီနှင့်သုတ်ပေးနေမိ၏။

” ဟေ့၊ ညီလေး၊ မင်း မင်း၊ ဟိုတစ်နေ့က ကားဂိတ်မှာ
မနက်အစော
ကြီးတွေ့ခဲ့တဲ့ တစ်ယောက် မဟုတ်လား ”

ရုတ်တရက် မေးလိုက်သော စကားသံကြောင်း
မျက်ရည်တွေကိုသုတ်ကာ ကြည့်လိုက်တော့
ကျွန်တော်မသိသော သူစိမ်းတစ် ယောက်ဖြစ်နေ၏။

” ဟုတ်တယ်အကို၊ ဒါနဲ့ ကျွန်တော့်ကို ဘယ်လို
သိတာလည်း၊
အကို့ကို တစ်ခါမှ မတွေ့ဖူးပါဘူး ”

” လာလာ၊ ဒီဘက်လာ ” လူစိမ်းက ကျွန်တော့ကို
အုတ်ဂူတွေရဲ့
အပြင်ဘက်သို့ ခေါ်လာခဲ့၏။

ဘာ့ကြောင်းရယ်မသိ ကျွန်တော်လဲ သူခေါ်ရာသို့
လိုကျလာမိ၏။

လူစိမ်းက ပတ်ဝန်းကျင်ကို အသေချာစေ့ငုကြည့်ရူ့ပြီး၊

” အေး၊ ညီလေး၊ အဲဒီနေ့က မင်း မေငုဝါတို့ကို တွေ့ခဲ့တာမလား ”
ဆိုပြီးမေးပါလေရော။

ကျွန်တော် အံ့သြရပြန်၏။

” ဗျာ၊ အကို၊ အကိုငုဝါ ကို သိလို့လား ”

” သိပ်သိတာပေါ့ ငါ့ညီရ၊ ဒါပေမယ့် ငုဝါ ဆုံးသွားတာ
ခြောက်နှစ်နီးပါး ရှိပြီကွ ”

” ဗျာ ”

” ဟုတ်တယ် ငါ့ညီ၊ ငုဝါ ဆုံးသွားတာ ခြောက်နှစ်နီးပါးရှိပြီ၊
ကားမတော်တဆ မှု့နဲ့ဆုံးသွားတာ ”

ကျွန်တော့်ရင်တွေ ထပ်ကွဲရပြန်၏။

” လွန်ခဲ့တဲ့ ခြောက်နှစ်နီးပါးက၊ ငုဝါနဲ့သူ့သူငယ်ချင်း
သုံးယောက် မင်္ဂလာဆောင်တစ်ခု သွားရင်း
ကားမတော်တဆမှု့နဲ့ ငုဝါရော
သူ့သူငယ်ချင်းတွေရော၊
ကားပေါ်ပါလာတဲ့သူ အကုန်လုံးရော သေသွားခဲ့တာ၊
အပြာရောင်ဗန်ကားလေး တွေ့လိုက်သေးတယ်မလား ”

ကျွန်တော် ထိုသူစိမ်းကို လန့်သွားခဲ့၏။
သူက ဘာလို့ ဒီလောက်ထိ သိနေရတာလည်း ဟု စိတ်ထဲ မေးခွန်းထုတ်နေမိ၏။

” အကို၊ အကိုက ဒါတွေ ဒါတွေ အကုန်လုံးကို ဘယ်လို သိနေတာလည်း၊ အကိုက ဘယ်သူလည်းဗျာ ”

” ဟုတ်တယ် ငါ့ညီ၊ အကိုက ဒါတွေ အကုန်လုံးကို
သိတယ်၊ ဘ့ာကြောင်းလည်းဆိုတော့ ငုဝါ က အကို့ရဲ့
ညီမ ဝမ်းကွဲမို့လို့ပေါ့၊
ပြီးတော့ ညီလေး၊ ကို အကိုသိတာက

အဲဒီနေ့က ဖြတ်သွားတဲ့ကားကို မောင်းတာ အကိုပဲ၊
အကို အဲဒီနေ့မှာပဲ စကားပြောချင်ခဲ့ပေမဲ့ အရေးပေါ်
ကိစ္စတစ်ခုကြောင်း အကို စကားမပြောနိုင်ခဲ့တာပါကွာ”

ထိုအခါမှ ငုဝါနဲ့ဆုံတဲ့နေ့က ကြက်သွန်နီတွေတင်တဲ့ ကားတစ်စီး
ကျွန်တော့ဘေးမှ ဖြတ်သွားတာကို သတိရလာ၏။

” ငုဝါ မှာ ဘယ်လို ဝဋ်ကြွေးတွေ ရှိနေသေးလည်း အကိုမသိဘူး၊ ဒါပေမယ့် ငုဝါ အတွက် ကုသိုလ်တွေ
ဘယ်လောက်ပဲ လုပ်လုပ်
အကိုရော တစ်ချို့ကားသမားတွေ ငုဝါ တို့ကို
တွေ့ တွေ့နေရတယ် ငါ့ညီ၊
ဟိုနေ့က ငါ့ညီ တွေ့ခဲ့သလိုပေါ့ ”

အဲအကို ရဲ့ စောနက ဒေါသဖြစ်နေတဲ့မျက်နှာက ချက်ချင်း ဆိုသလို
ဝမ်းနည်းလာသလို ဖြစ်သွား၏။

” အဲဒီ အပြာရောင်ဗန် ကား နဲ့ ညီမလေး ငုဝါ တို့ကို တစ်ချို့လူတွေက တွေ့နေရတယ်တဲ့။
ပထမတော့ အကိုလည်း မယုံပါဘူး၊
ဒါပေမယ့် တစ်ခါ အကို ကိုယ်တိုင်တွေ့ရမှ ယုံသွားတာ၊
သို့ပေမယ့်လည်း ငုဝါ က အကို့ကို မမှတ်မိဘူးကွ ၊

ငုဝါ ဆုံးသွားတဲ့ နေ့ရောက်တိုင်း ရောက်တိုင်း
မိသားစုဝင်တွေက
ငုဝါ အတွက် ကုသိုလ် လုပ်ပေးကြတယ်။

နောက် ၆ ရက်ဆိုရင် သူဆုံးတဲ့နေ့ကို ရောက်ပြီလေ၊
ငါ့ညီလည်း လာချင်လာခဲ့ပေါ့ ”

ထိုသူစိမ်းမှ ကျွန်တော့်ကို လိပ်စာကဒ် ထုတ်ပေးပြီး
ထွက်သွားခဲ့၏။

ကျွန်တော့ခမျာ ဘာစကားမှ မပြောနိုင်ခဲ့ပါ။
အကယ်၍ သူက ကျွန်တော်နဲ့ ငုဝါ ဘယ်လို ပက်သပ်နေတာလည်း
မေးခဲ့ရင်လည်း ကျွန်တော့မှာ
ဖြေစရာ အဖြေ မရှိပါ။

” အော်၊ ငုဝါ ငုဝါ၊ ဘဝတစ်ကွေ့မှာ ခဏလေး တွေ့ခဲ့ရတဲ့
ငုဝါရယ်၊
မင်းလေး မရှိတော့ဘူးဆိုတဲ့ အမှန်တရားက ကိုယ့်အတွက် အရမ်းခါးသီးလှတယ်ကွယ်။

အချိန်လွဲမှားစွာတွေ့ဆုံခဲ့ရတဲ့အတွက် ကံတရားကိုပဲ
အပြစ်တင် ရမလား ငုဝါရယ်။

ခဏတာလေးပဲ တွေ့ဆုံခဲ့ရပေမယ့် မင်းရဲ့အပြုံး မင်းရဲ့
အမူအရာ မင်းရဲ့ စကားသံလေးက ကိုယ့်နှလုံးသားမှာ
ထာဝရ ရှင်သန်နေမှာပါ ငုဝါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကံတရားက ကိုယ့်ဘက်မှာ ရှိခဲ့လို့
ဆုံခွင့်ရခဲ့မယ်ဆိုရင် မင်း နဲ့ ကိုယ် ” မြို့အဝင်လမ်း ” လေးမှာပဲ
တစ်ခါလောက်တော့ ပြန်ဆုံချင်ပါသေးတယ် ငုဝါရယ်”

ကျွန်တော် လိပ်စာ ကဒ်ကလေးကို ကြည့်ရင်း စီးကျလာတဲ့မျက် ရည်တွေကို သုတ်ကာ ၊

ထိုနေရာမှ ထွက်လာခဲ့ပါတော့၏။။

ငုဝါ ကောင်းရာမွန်ရာ ရောက်ပါစေ …… ဟု
ဆုတောင်းရင်းပေါ့ …….။ ။

*** *** *** *** *** *** *** ***
**** ***** ***** ****** ***** ***** ******