မြုံးထဲကငါးနှစ်ကောင်

မြုံးထဲက ငါးနှစ်ကောင်(စ-ဆုံး)

မိုးမိုး(အင်းလျား)

 

(၁)

မရေရာသည့် အဖြစ်များကို ပြောရမည် ဆိုလျှင် မောင်နှင့် ချစ်ချစ်တို့ ဇာတ်လမ်းလောက် ဖြစ်ကတတ်ဆန်း နိုင်လှသည့် ချစ်ကိုယ်တွေ့မျိုးတော့ ရှိမည်မထင်။ ကာတွန်းဇာတ်လမ်း တစ်ပုဒ်လောက်မျှပင် စိတ်ဝင်စားဖွယ် ကောင်းမည်မဟုတ်။ သို့သော် အရိုးဆုံး အဖြစ်အပျက် တစ်ခုသည် တစ်သက်တာတွင် အစွဲလမ်းရဆုံး၊ တမ်းတရဆုံး၊ လွမ်းမောရဆုံး ရှိတတ်သည် ကိုတော့ မောင် လက်ခံနိုင်လိမ့်မည် ထင်၏။

 

ချစ်ချစ်တို့ ဘဝကိုက မရေရာလှသည့် ဘဝမျိုး၊ လေလွင့်တတ်သော၊ ပျက်စီးတတ်သော၊ ဆုပ်ကိုင် ဖမ်းယူ ဖမ်းယူခြင်းငှါ မစွမ်းနိုင်သော တွယ်ရာမဲ့ ဘဝမျိုးကို လေထဲတွင် လွင့်ပါးပျံဝဲ နေတတ်သည့် ဒြပ်ဝတ္ထုများနှင့် နှိုင်းယှဉ် တတ်ကြမြဲ ဆိုပါလျှင် ချစ်ချစ်တို့ သည်လည်း တေလေငှက်များ ပမာတည်း။ အဘယ်ကြောင့် ဆိုသော် ချစ်ချစ်တို့ ဘဝသည် မြေပြင် ပေါ်မှာပင် လေထုထဲတွင် လှုပ်ရှားသွားလာ နေရသည်က များသောကြောင့်ပင် ဖြစ်လေ၏။ မောင့်ကို ချစ်ချစ် စတွေ့ရသည်ကပင် လေထုထဲတွင် မဟုတ်လား။ ထို့ကြောင့် မောင်က ချစ်ချစ်ကို “လေယာဉ်ပေါ်က အရုပ်ကလေး” ဟု တင်စားခေါ်ဝေါ် ခဲ့ရသေးသည်။

 

မောင်နှင့် တွေ့ခဲ့ရသော ထိုတစ်နေ့ ကိုတော့ ချစ်ချစ် မေ့နိုင်တော့မည် မဟုတ်။ ၁၉၇၆ ခုနှစ်၊ ဧပြီလ ၂၄ရက် စနေနေ့။ စနေနေ့ ဆိုတော့ မောင်တို့ အယူအဆနှင့် ဆိုလျှင် မကောင်းဘူး ထင်ပါရဲ့။ ပြီးတော့ ချစ်ချစ်က စနေသမီး၊ မောင့်ဘဝကို စနေဂြိုဟ် ဝင်ပြီ ထင်၏။

 

တကယ်တော့ ထိုနေ့က ချစ်ချစ် သိပ်ပင်ပန်း နေခဲ့သည်။ မနက်ပိုင်း ရေနံချာတာ တစ်ခေါက် သွားရသည်။ အပြန်တွင် ညောင်ဦး၊ မန္တလေး စပယ်ရှယ် တစ်ခေါက် လိုက်ရပြန်သည်။ သည်အခေါက်တွင် မောင့်ကို တွေ့ရခြင်း ဖြစ်၏။ ခရီးသည်တွေက များသည်။ လူနာ နှစ်ယောက်ကလည်း ပါသေးသည်။ မောင်သည် ကားမှောက်၍ ဒဏ်ရာရ လာသော လူနာ အဒေါ်ကြီး၏ ရှေ့တွင် ထိုင်နေလေသည်။ ရဲရဲနီသော စပို့ရှပ် အင်္ကျီလေးကို ဝတ်ထားသည်။ မောင့်အသားသည် ဖြူ၏။

 

လေယာဉ် မထွက်မီမှာပင် မောင့်ကို ချစ်ချစ် သတိထားမိသည်။ မောင့်ရုပ်သည် မြန်မာမှန်း သိသာသည့်တိုင် ဥရောပဘက်ကိုလည်း နွယ်ချင်ချင်။ မောင့်ဆံပင်များသည် ရှည်လျားသော်လည်း ပျော့ပျောင်း ပိရိသဖြင့် အမြင် မရှုပ်ထွေးလှ။ မျက်ခုံးထူထူ အောက်တွင် မျက်လုံးများက နီနေလေသည်။ တန်တော့ မောင် အဖျော်ယမကာ တစ်ခုခုကို သုံးဆောင်ခဲ့ဟန် တူသည်။

 

မောင့်အပါးသို့ ချစ်ချစ် လျှောက်လာစဉ် မောင်က ရီဝေသော မျက်လုံးများဖြင့် စူးစိုက်ကြည့် နေသည်ကို သတိထားမိသည်။ ချစ်ချစ်တို့ အတွက်တော့ ရိုးနေချေပြီ။ ခရီးသည်များ အားလုံးကို ဂရုစိုက် ရသည်မို့ ခရီးသည်များ ကလည်း ဂရုတစိုက် ရှိသည်ကို ခံယူရတတ်မြဲ။ အားလုံးကို အဆင်ပြေအောင် ဆက်ဆံဖို့က ချစ်ချစ်တို့ တာဝန်ဖြစ်၏။ ချစ်ချစ်သည် မျက်နှာကို အချိုဆုံး ပြုံးထားမိ လေသည်။

 

“ပလိစ် စိတ်မရှိနဲ့နော်၊ အခြားတစ်နေရာ ရွှေ့ပေးပါလား ရှင်၊ နောက်က လူနာကို ထိမှာစိုးလို့ပါ”

 

မောင်များ ငြိုငြင်သွား မလားဟု ပူပန်မိသော်လည်း စေတနာမှန်နှင့်မို့ ဖွင့်ပြော လိုက်ရသည်။ မောင်သည် ရီဝေမှေးစင်း နေသော မျက်လုံးများကို အားယူ၍ ဖွင့်လိုက်ပြန်သည်။ ပြီးတော့ နေရာမှ အေးအေးဆေးဆေး ထသွားသည်။ ရှေ့ပိုင်းကို လျှောက်သွားပြီးမှ မောင် ပြန်လှည့်လာ၏။

 

“အခြား ပြတင်းဘေး ထိုင်ခုံလဲ မရှိလို့ ဒီမှာပဲ ထိုင်ပါရစေလားဗျာ၊ ကျွန်တော် အပြင်ကို ကြည့်ချင်လို့ပါ”

 

ကလေးလေး ကျနေတာပဲဟု စိတ်တွင်းမှ တွေးမိသော်လည်း “ဒီလိုဆိုလဲ ထိုင်ပါ၊ ရပါတယ်” ဟု ယဉ်ကျေးစွာ ပြောလိုက်ရသည်။ သူ့ ခုံကြားမှ လက်တန်းကလေး ကိုလည်း သူ သက်သက်သာသာ ရှိစေရန် ဖြုတ်ပေးခဲ့သည်။ ပြီးတော့ ချစ်ချစ် နောက်ဖက် အခန်းလေးထဲသို့ ဝင်လာခဲ့၏။ လေယာဉ် ထွက်ခွါမည့် အကြောင်း ကြေညာရန် ခွက်ကလေးကို ကိုင်လိုက်ရသည်။

 

“ကျေးဇူးပြု၍ နားဆင်ပါရှင်၊ ယနေ့ စီးနင်းလိုက်ပါ လာကြတဲ့ ခရီးသည်များ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေ၊ အချိန် အနည်းငယ် အတွင်းမှာ ကျွန်မတို့ လေယာဉ်သည် ညောင်ဦးမြို့မှ ရန်ကုန်မြို့သို့ ပျံသန်း ပါလိမ့်မယ်။ အမြင့်ပေ တစ်သောင်း သုံးထောင်မှ ပျံသန်းပြီး ပျံသန်းချိန် တစ်နာရီနဲ့ မိနစ်နှစ်ဆယ်ခန့် ကြာရှိ ပါလိမ့်မယ်ရှင်၊ ခု လေယာဉ် စတင် ထွက်ခွါတော့မှာမို့ ခရီးသည်များ အားလုံး ထိုင်ခုံရှိ ခါးပတ်များကို ပတ်ထားကြပြီး ရှေ့ပိုင်းမှ အချက်ပြမီးနီ မငြိမ်းမီ ဆေးလိပ်များ မသောက်ကြပါရန် အထူး မေတ္တာ ရပ်ခံပါတယ်၊ ကျေးဇူးတင် ပါတယ်ရှင်”

 

ပြီးတော့ အင်္ဂလိပ်လို တစ်ခေါက် ပြောရသေးသည်။ လေယာဉ် စက်သံသည် ဆူညံစွာ ပေါ်ထွက်လာ လေသည်။ လေယာဉ်ဘီးများသည် ပြေးလမ်းပေါ်တွင် ရွေ့လျားစ ပြု၏။ အနည်းငယ် သိမ့်ခါသွားပြီး လေယာဉ် ကြွတက် သွားသည်။ လေထုထဲ ရောက်ခဲ့ပြန် လေသည်။

 

ချစ်ချစ်သည် သကြားလုံး ဗန်းကလေးကို ကိုင်ကာ ထွက်ခဲ့သည်။ ရှေ့ဆုံးမှ စ၍ဝေ၏။ မောင့်နေရာ ရောက်တော့ ကြိုတင် စိတ်ကူးထားသည့် အတိုင်း မောင့်မျက်နှာကို တစ်ချက် မော့ကြည့် ဖြစ်သည်။ မောင်က သကြားလုံး တစ်လုံးကို လှမ်းယူသည်။ “ကျေးဇူးတင်ပါတယ်” ဟုလည်း ပြောလိုက်သေးသည်။ ခေတ်မီ ယဉ်ကျေးတဲ့ မောင်ပါပဲ။

 

“ကျွန်တော့်ကို ရေတစ်ခွက်လောက် ပေးပါလား ခင်ဗျာ”

 

မောင်သည် ဂျီကျသော ကလေးတစ်ယောက် သဖွယ်တည်း။ ချစ်ချစ်တို့ တာဝန်သည်ကား ခရီးသည်များ အားလုံး စိတ် ချမ်းချမ်းသာသာဖြင့် လိုရာခရီးကို ရောက်ရှိစေရေး ဖြစ်သည်။ “ရမယ်” ချိုသော အေးငြိမ့်သော အသံလေးဖြင့် ပြောလိုက်ရသည်။ ပြီးတော့ ပြာလဲ့သော လုံချည်ကလေးကို ခြေဖျား မတုပ်အောင် ခပ်သွက်သွက် လျှောက်ကာ မောင့်ဆီသို့ ရေတစ်ခွက် ပို့ပေးရ ပြန်သည်။

 

“ရေက ရေခဲရေတော့ မဟုတ်ဘူးရှင်”

 

မောင်က ဘာမျှမပြော။ ရေကို တစ်ခွက်လုံး ကုန်အောင် မော့ချ လိုက်သည်။ ရင်သိပ်ပူ နေတယ် ထင်ပါရဲ့။

 

ရေခွက်ကို ပြန်ထားပြီး သတင်းစာ ဝေရပြန်သည်။ ကမ္ဘာလှည့် ခရီးသည် နှစ်ဦးသည် မြေပြင်ကို ငုံ့ကြည့်ကာ မြန်မာပြည် မြေပုံကို မှန်းဆ နေကြဟန် ရှိလေသည်။ မောင်သည် ခေါင်းကို နောက်သို့မှီကာ မျက်လုံးများကို ပိတ်၍ ထားသည်။ ချစ်ချစ်က စေတနာပိုကာ မောင့်ဘေးမှ လေပေါက် ကလေးကို ဖွင့်ပေးလိုက်သည်။ မောင်က ကျေးဇူးတင်ဟန် ပြုံးပြသည်။

 

ပဏာမ တာဝန်များ ပြီးဆုံးပြီ ဖြစ်၍ ချစ်ချစ်က လူနာ အဒေါ်ကြီး အနားတွင် ထိုင်ကာ ပြုစု နေလိုက်သည်။ မျက်နှာကို ပြုံးပြထား၍ စကားစမြည် ဆိုရ၏။ လူတိုင်းအပေါ် မေတ္တာထား၍ ကြင်နာ ပြုစုခြင်းသည် တာဝန်အရချည်း သက်သက် မဟုတ်တော့ ဘုရားသခင်ကလည်း နှစ်ခြိုက်တော် မူပေလိမ့်မည်။

 

ချစ်ချစ် အလုပ်က မပြီးသေး။ ခရီးသည်များကို ကော်ဖီ ဝေရဦးမည်။ နောက်ဘက်ခန်းလေးသို့ ဝင်ခဲ့ရပြန်သည်။ ကော်ဖီခွက်များကို ဗန်းတွင် ထည့်ကာ မဖိတ်မစဉ် ရအောင် ညင်သာစွာ လျှောက်လာခဲ့သည်။ သည်တစ်ခါ မောင့်အနား ရောက်တော့ မောင်က မျက်စိကိုဖွင့်၍ ကြည့်၏။ ပိုမို ရင်းနှီးလာဟန်ဖြင့်လည်း ပြုံး၍ပြသည်။ ချစ်ချစ် လှမ်းပေးသော ကော်ဖီခွက်ကို မယူဘဲ ခေါင်းကို ခါပြသည်။

 

“ကျွန်တော် ရေပဲ သောက်ချင်တယ်ဗျာ၊ ဆင်းခါနီး မိနစ် နှစ်ဆယ်လောက် ကျရင် ရေတစ်ခွက် ထပ်ပေးပါနော်”

 

ချစ်ချစ်က ခေါင်းညိတ်ပြမိ၏။

 

အလုပ်အားလုံး ပြီးစီးပြီ ဆိုတော့လည်း ချစ်ချစ် နားနေဖို့ အချိန်ရသည်။ ထိုအခါ မောင့်ဘေးမှ နေရာလပ်ကလေးကို မျက်စိက ရောက်သွားသည်။ မောင်ကလည်း ချစ်ချစ်ကို ဖိတ်ခေါ်ဟန်ဖြင့် ပြုံး၍ကြည့်နေ လေသည်။

 

“အိတ်စ်ကျုစ် နော်”

 

ချစ်ချစ်က မောင့်ဘေးတွင် ဝင်ထိုင်သည်။ သည်တုန်းက မောင့် အနားမှာ မထိုင်မိရင် အကောင်းသားကွယ်၊ ချစ်ချစ်တို့ ဘာကြောင့်များ တွေ့ခဲ့ကြရသလဲ၊ ပြီးတော့ မောင်သည် ရီဝေတိမ်းမူးသော အကြည့်ဖြင့် ချစ်ချစ်ကို ကြည့်ကာ ချစ်ချစ် လက်ကလေးများကို လှမ်း၍ ဆုပ်ကိုင် လေသည်။ “လက်ကလေးတွေက လှလွန်းလို့ ကိုင်ကြည့်မိတာ” ဟုလည်း ပြောသေး၏။ သိပ်ဆိုးတဲ့ မောင်ပဲ။ ချစ်ချစ်ကလည်း အတင့်ရဲလှသည်ဟု မထင်မိဘဲ ပြုံး၍သာ နေခဲ့မိသည်။ ချစ်ချစ်တို့ ဘဝတွင် ပြုံးခြင်းသည်လည်း အလုပ်တစ်ခုပဲမို့ ထင်သည်။

 

မောင်က ချစ်ချစ်ကို “နာမည် ဘယ်လိုခေါ်လဲ” ဟု တိုးတိုး မေးလေသည်။

 

“လွင်လွင်ချစ် တဲ့”

 

ချစ်ချစ်က ထုံးစံအတိုင်း ပြုံး၍ပင် ဖြေ၏။

 

“သိပ်လှတဲ့ နာမည်ပဲ”

 

မောင့် အပြောကလဲ သိပ်ချို၏။ အတွေ့အကြုံ နုနယ်သေးသော ကလေးတစ်ယောက် ပမာ ချစ်ချစ် သာယာ ကြည်နူးမိ လေသည်။

 

“အိမ်ကို လာလည်လို့ ရမလားဟင်”

 

ချစ်ချစ်ကို အထင်သေး သည်လားဟုပင် မထင်လိုက်မိ။ “နောက်တော့ လာတာပေါ့” ဟု လွယ်လွယ်ပင် ဖြေလိုက်သည်။

 

“ကျွန်တော့် နာမည်က မြင့်ဦးတဲ့၊ ဖုန်းနံပါတ် ယူထားနော်၊ ငွေစာရင်း ရုံးမှာ လုပ်တယ်လေ”

 

“အခု ခွင့်နဲ့ လာတာပေါ့”

 

မောင်က ခေါင်းညိတ်သည်။ ပြီးတော့ သူ့ ဖုန်းနံပါတ်ကို နှစ်လက်မခန့် ရှိသော စာရွက်ပိုင်းကလေး တစ်ခုတွင် ရေး၍ ပေး၏။ အိတ်တွင်းမှ မှတ်စုစာအုပ်လေး တစ်အုပ်ကို ထုတ်၍လည်း ချစ်ချစ်ကို ပေးသည်။ ချစ်ချစ်က ဖုန်းနံပါတ်လေး တစ်ခု ပြန်ရေးပေး လိုက်သည်။ ရီဝေသော မောင့် မျက်လုံးတို့သည် ရွှမ်းလဲ့လာစ ပြုလေသည်။

 

“သူ တစ်ယောက်တည်းလား”

 

ချစ်ချစ်က ပြတ်ပြတ်သားသား မမေးဝံ့ဘဲ ခပ်ဝေ့ဝေ့လေး စူးစမ်း လိုက်သည်။

 

“တစ်ယောက်တည်းပဲပေါ့”

 

မောင်ကလည်း ခပ်ဝါးဝါးပင် ဖြေ၏။

 

တကယ်တော့ သည်တုန်း ကတည်းက ချစ်ချစ် သိဖို့ ကောင်း၏။ နားလည်ဖို့ သင့်၏။ ခရီးသွားရင်း ဟန်လွှဲတတ်သည့် သဘောကို ခရီးသည်ပေါင်း သောင်းခြောက်ထောင်နှင့် ဆက်ဆံရသော ချစ်ချစ်တို့ မသိသည်လည်း မဟုတ်၊ သိသည်သာ။ သို့သော်လည်း ချစ်ချစ်ဘဝကိုက ကြမ္မာငင်၍ပဲ ထင်၏။ ဖြစ်လာသမျှသည် မောင့်အပြစ်၊ မောင့်ကြောင့်ဟု ချစ်ချစ် လွှဲမချလို။ ချစ်ချစ်ကိုယ်က ပိုက်ဖြစ်လျက် “ယုန်” ကို တိုးမိလေသည်။

 

“ညကျရင် ဖုန်းဆက်မယ်နော်”

 

ဘာကြောင့်မှန်း မသိ။ ချစ်ချစ်ရင်သည် နွေးသွားပြန် လေသည်။

 

ချစ်ချစ်က နာရီကို ကြည့်သည်။ လေယာဉ် ဆင်းခါနီးပြီ။ ပေါင်ဒါ ရိုက်ရန် ပိုက်ဆံအိတ် ကလေးကို ဖွင့်၏။ မင်နီဖြင့် ရေးထားသော စာရွက်ကလေး တစ်ရွက်ကို မောင်က တွေ့သွားလေသည်။ “အဲဒါ ဘာစာရွက်လေးလဲ” ဟုဆိုကာ မောင်က ယူကြည့်သည်။ ချစ်ချစ်က အမှတ်မထင် လှမ်းလုတော့ မောင်က ချစ်ချစ်လက်ကို ဖယ်ကာ ဖြန့်၍ ဖတ်နေလေသည်။ မောင့် အပြုအမူသည် ရင်းနှီးကျွမ်းဝင် လွန်းလှသည်။

 

“ဘာမှ မဟုတ်ပါဘူး၊ မေရှင်ဆိုတဲ့ သီချင်း တစ်ပုဒ်ပါ”

 

ချစ်ချစ်က မောင် ဖတ်နေသည်ကို ကြည့်ပြီး ဘေးမှ ဝင်ပြောမိ၏။

 

“ချစ်ချစ်က မေရှင့်သီချင်းလဲ ဆိုတတ်တယ်လား”

 

“ဘာလဲ ချစ်ချစ်တို့ကို မြန်မာသီချင်း မဆိုတတ်ဘူး ထင်လို့လား”

 

“ဟုတ်ပါဘူး၊ ခေတ်ဟောင်းသီချင်း တစ်ပုဒ်မို့လို့ပါ”

 

“ခေတ်ဟောင်း သီချင်းလဲ ရေဒီယိုက ခဏခဏ လာနေတာပဲ”

 

မောင်က ချစ်ချစ်ကို ကြည့်ကာ ကျေနပ်စွာ ရယ်လေသည်။

 

“ချစ်ချစ် စကားပြောတာ သိပ်နားထောင်လို့ ကောင်းတယ်၊ သီချင်း ဆိုရင်လဲ နားထောင်လို့ ကောင်းမှာ ဆိုပြပါလားဟင်”

 

“ဟင့်အင်း မဆိုချင်ဘူး”

 

“မဆိုရင် ဒီနေရာက မသွားရဘူး”

 

ချစ်ချစ်သည် ရှက်စနိုးဖြင့် ရယ်နေ၏။ ပြီးတော့ သီချင်းကို တစ်ဝက်တစ်ပျက်မှ ကြားဖြတ်၍ ညည်းပြလိုက်သည်။

 

“ချစ်သူပန်း ပွင့်လန်းဖို့ရာ၊ ကိုရွှေမိုးကို မျှော်ကိုးမိတာပါ၊ ဪ ပင်နန်း ခင်မှန်း ပွင့်လန်းဖို့ရာလေ၊ ကိုရွှေမိုးရယ် မိုးရယ်၊ မေတ္တာရေ သွန်းဖြိုးပါ”

 

“အိုး ဘယ်ဆိုးလို့လဲ”

 

“ကဲ သွားတော့မယ်၊ ဪ ဒါနဲ့ ဘာလို့ တို့ကို ချစ်ချစ်လို့ ခေါ်တာလဲ”

 

မောင်က ချစ်ချစ် ပိုက်ဆံအိတ်လေးကို လက်ညှိုးထိုး ပြသည်။ ချစ်ချစ် ပိုက်ဆံအိတ်မှာ ချစ်ချစ်ဟု နာမည် ထိုးထားသည်ပဲ။

 

ချစ်ချစ်က လေယာဉ် ဆင်းတော့မည့်အကြောင်း ကြေညာရန် အခန်းငယ်ထဲသို့ ဝင်ခဲ့ရပြန်သည်။ မောင်တော့ ချစ်ချစ် အသံကို နားထောင် နေမှာပဲဟု တွေးကာ အသံအနည်းငယ် တုန်နေလေသည်။

 

“ကျေးဇူးပြု၍ နားဆင်ပါရှင်၊ အချိန် အနည်းငယ် အတွင်းမှာ ကျွန်မတို့ လေယာဉ်သည် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ဆင်းသက် ပါတော့မယ်။ ခရီးသည်များ အားလုံး ထိုင်ခုံရှိ ခါးပတ်များကို ပတ်ထားကြပြီး ဆေးလိပ်မီးများ ငြိမ်းသတ်ကြရန် အထူး မေတ္တာရပ်ခံအပ် ပါတယ်။ ကျေးဇူးတင် ပါတယ်ရှင်”

 

* * *

 

တကယ်တော့လည်း ဇာတ်လမ်းသည် ဆုံးဖို့ သင့်လေပြီ။ သို့သော် မောင်သည် မနိုင်ဇာတ်ကို ဆက်၍ ကချေ၏။ သည်မျှနှင့် ရပ်တန်းက ရပ်လျှင် ကြည်နူးစရာလည်း ကောင်းသည်။ စိတ်လည်း ချမ်းသာမည် ဖြစ်ပါလျက် မောင်သည် ချစ်ချစ် ဘဝတွင်းသို့ သောကကို ပို့ဖြစ်အောင် ပို့ပေးနေ၏။ တဒင်္ဂ၏ သာယာ ချမ်းမြေ့မှုကို ချစ်ချစ် ကိုယ်တိုင်ကလည်း ရှိုက်မက်ခုံမင် ခဲ့မိသည်။ ထိုညက မောင် ဖုန်းဆက်တော့ ချစ်ချစ် အမှန်ပင် ဝမ်းသာ ခဲ့မိသည်။ “သတိရလို့ ဆက်တာ” ဟု မောင်က အစပျိုး၏။ ချစ်ချစ်တို့ကို လေထဲမှာ တွေ့ဆုံရင်းနှီး သူတိုင်းက မြေပြင်ပေါ် ရောက်လျှင်မေ့သွားတတ် ကြမြဲ။ မည်သူသည် ခရီးသွားရင်း ဆာလောင် မွတ်သိပ်စဉ်က သောက်ခဲ့ရသော ရေတစ်ခွက်၏ ကျေးဇူးကို ပြန်လည် တသတတ် ပါသလဲ။

 

“သူ ဘယ်က ဆက်တာလဲ”

 

“အိမ်ကပေါ့”

 

“ဘယ်သူမှ မရှိဘူးလား”

 

ချစ်ချစ်က မေးခွန်းတစ်ခုကို ပရိယာယ်ဆင်၍ မေးမိပြန်သည်။

 

“မရှိဘူး၊ အိပ်ကုန်ကြပြီ”

 

သူကလည်း ပါးနပ်စွာပင် ဖြေလေ၏။ သို့သော် ဘာကြောင့်မှန်း မသိ ချစ်ချစ်စိတ်က အလိုလို သိနေသည်။ မောင်သည် ချစ်ချစ် ဘဝကို တစ်နည်းတစ်ဖုံ ပြောင်းလဲ စေတော့မည် ဟူ၍။ ပြီးတော့လည်း သည်ပွဲတွင် ချစ်ချစ် အငိုနှင့် ဆုံးရမည်ဟု ကြိုတင် လွမ်းထားနှင့်သည်။ မောင့်ကို ကြည့်ရတာ တစ်မျိုးပါပဲ။

 

နောက်နေ့ မနက် အစောကြီး မောင့်ကို လေယာဉ်ကွင်းမှာ တွေ့ရတော့ ချစ်ချစ် အမှန်ပင် အံ့ဩရပြန်သည်။ ခုနစ်နာရီခွဲ ထွက်မည့် လေယာဉ်အတွက် ခုနစ်နာရီ အရောက် လေယာဉ်ကွင်းကို လာရသည်။ သည်မျှ စောလှသည့် အချိန်တွင် မောင်တစ်ယောက် ကြိုးကြိုးစားစား ရောက်အောင် လာခဲ့သည် ဆိုတော့ မောင့်ကိုပင် သနားမိသေး၏။ ချစ်ချစ်တို့က တာဝန်နှင့်မို့သာ လာရသည်။ အိပ်ရာထ ပျင်းတတ်သော ယောက်ျားတို့၏ အကျင့်ကို သိ၍လည်း မောင့်ကို အမှတ် ပိုပေးမိ၏။ ချစ်ချစ်ဘဝတွင် ချစ်ချစ်အပေါ် သည်မျှ ဂရုစိုက်သော ယောက်ျားမျိုးကို မတွေ့ဖူးသေးပေ။ ချစ်ချစ်ရင်မှာ ကြည်နူး လှုပ်ရှားရ ပြန်လေသည်။

 

“သိပ်ကို ကျေးဇူးတင်ပါတယ်” ဟု အထပ်ထပ် ပြောလိုက်မိ လေ၏။ တကူးတကန့် လာနှုတ်ဆက်မိသော မောင့် အပြုအမူသည် ရိုးသားသည်ဟု မဆိုနိုင်သော်လည်း နှစ်သက် ကြည်နူးဖွယ်ပင် ဖြစ်သည်။ ကာလ ရှည်ကြာစွာက ရင်းနှီးကျွမ်းဝင် ခဲ့ရသော ချစ်သူများသဖွယ် လွမ်းလွမ်းတတလည်း ဖြစ်ပေသည်။

 

ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ် ခရီးစဉ်ကို ထွက်ခဲ့ရသည်။ မောင့်ကို မြေပြင်ပေါ်မှာ ထားခဲ့ရလေသည်။ လေယာဉ်သည် အပြောကျယ်သော ကောင်းကင်ပေါ် ထိုးတက် ပျံဝဲလာသည်။ တိမ်ဆိုင်(စိုင်!)တိမ်ခဲ တို့သည် နောက်ဖက်တွင် ရွေ့လျားကျန်ရစ် ခဲ့ကြလေ၏။

 

* * *

ယခုတော့ မောင့်ဘဝမှန်ကို ချစ်ချစ် သိရှိနားလည်ခွင့် ရပေပြီ။ မောင့်ကို ရိုးသားသူ တစ်ယောက်လို့ မဆိုနိုင်ပေမည့် ပွင့်လင်းသူ တစ်ဦးဟု ချစ်ချစ်က မလျော့သော မေတ္တာဖြင့် ခွင့်လွှတ်မိ၏။ မောင်နှင့် ချစ်ချစ်တို့ နှစ်ယောက်လုံး ဆယ်ကျော်သက်များသာ ကျက်စားတတ်သော တိရစ္ဆာန်ရုံ အတွင်းသို့ ဝင်ရောက် ပုန်းလျှိုးကာ တွေ့ဆုံမိကြသည်။ ချစ်ချစ်တို့ နှစ်ယောက်လုံး မရိုးသားလို့ပါပဲ။ ပြီးတော့ မောင်သည် အေးဆေး တည်ငြိမ်စွာဖြင့် ဓာတ်ပုံ တစ်ပုံကို ထုတ်ပြလေသည်။ သွားလေရာမှာ ပါတတ်တဲ့ ပုံလေးပါတဲ့။ ဓာတ်ပုံထဲတွင် ချစ်စဖွယ် ကလေးငယ် နှစ်ဦးသည် ခိုများကို အစာကျွေး နေလေသည်။ ရွှေတိဂုံဘုရား ရင်ပြင်ပေါ်မှာ ထင်ပါရဲ့။

 

“မောင့် သားလေးတွေလားဟင်”

 

သတ္တိကို မွေးမြူကာ ချစ်ချစ်ကပင် စတင် မေးမိလေသည်။ မောင်က ချစ်ချစ်ကို မကြည့်ဘဲ ခေါင်းညိတ်ပြ လေသည်။

 

ထိုနေ့က မောင်နှင့် ချစ်ချစ်တို့ တတိယ အကြိမ်မြောက် တွေ့ဆုံမိခြင်း ဖြစ်၏။ သမ္မတရုံမှာ ရုပ်ရှင်တစ်ခါ ကြည့်ဖြစ်ကြသည်။ ကရဝိတ်မှာ ရေခဲမုန့် အတူတူ တစ်ခါစားခဲ့ ကြသည်။ နှစ်ခေါက်စလုံးဟာ ပျော်စရာ ကောင်းခဲ့ပါသည်။ ပြီးတော့ မောင့်စကား လှလှကလေးများကို တယ်လီဖုန်းတွင်းမှ နားထောင် ရသည်မှာလည်း ချိုမြိန်လှသည်။ သည်တုန်းကတော့ လှပမြတ်နိုးဖွယ် ကောင်းသည့် သည်ဓာတ်ပုံလေး အကြောင်းကို ဘာကြောင့်များ ခြွင်းချန်ထားခဲ့ ရသလဲ။ ချစ်ချစ် ကိုယ်တိုင်ကလည်း အရေးတယူ ရှိဟန် မတူ၍ ဖြစ်သည်။ ချစ်ချစ် သတ္တိနည်းခဲ့မိ ချေသည်။

 

ယခုတော့ ချစ်ချစ်သည် အချစ် သူရဲကောင်းမကြီး လုပ်ကာ ဓာတ်ပုံလေးကို သေချာစွာ ကြည့်သည်။

 

“အကြီး ကောင်လေးက မောင်နဲ့ သိပ်တူတယ်နော်”

မောင်ကလည်း ချောမောစွာပင် ခေါင်းကို ညိတ်ပြပြန် လေ၏။ ဘာမျှ မထူးခြားသည့်ပုံ။

 

ချစ်ချစ်က ဓာတ်ပုံလေးကို တလေးတစား ကိုင်ကာ ပြန်ပေး လိုက်သည်။ မောင်ကလည်း တရိုတသေ သိမ်းဆည်းလိုက်သည်။

 

ချစ်ချစ်တို့ ရှေ့တွင် ခရေပွင့်ကလေးများ ကြွေနေ၏။ ကလေးငယ်များ ပြေးလွှား ဆော့ကစား နေကြသည်။ ကြက်တူရွေးငယ်က အစာ ရလိုရငြား အော်ဟစ်မြည်တမ်း လိုက်၏။ လှောင်ချိုင့်သည် သူ့အတွက် ကြီးမားလွန်း နေသည်။ အချုပ်အနှောင် ခံနေရသည့် ဘဝကို မေ့လျော့နေဟန် တူလေသည်။

 

* * *

ကံတရား၏ အလိုတော် အတိုင်း ချစ်ချစ်သည် လောကတွင် တစ်ယောက်တည်း ကြီးပြင်း လာခဲ့ရသည်။ ချစ်ချစ် ငါးနှစ်သမီး အရွယ်တွင် မာမီက အမိမြေသို့ ပြန်သွားသည်။ ဖေဖေသည် တစ်ပြည်သူ၏ ရင်သွေးကို ပိုက်ကာ ပိတောက်နံ့ သင်းသော မြန်မာပြည်တွင် ကျန်ရစ်ခဲ့၏။ ချစ်ချစ်သည် ဖေဖေ ပညာတော်သင် သွားရာမှ ရလာသော အမွေအနှစ်တည်း။ အိမ်ထောင်ရေးသည် ဖေဖေတို့ မာမီတို့အတွက် အဓိပ္ပါယ် လေးနက်မှုမှ ရှိပါလေစ။ သို့တည်းမဟုတ် လောက၏ ဆန်းကြယ် ထွေပြားသော အဖြစ်များသည် ချစ်ချစ်တို့ မိသားစုကို တို့ထိ ကျီစယ်သွားဟန် တူလေသည်။ ချစ်ချစ်အတွက် လောကကြီးသည် အနှစ်သာရ ကင်းမဲ့သော အခွံဗလာချည်း သက်သက်ပင် ဖြစ်၏။

 

ချစ်ချစ် ၁၀ နှစ်သမီး အရွယ်တွင် ဖေဖေ နောက်အိမ်ထောင် ပြုလေသည်။ ချစ်ချစ်သည် အဘွားများ၊ အဒေါ်များ လက်တွင် ကြီးပြင်း လာခဲ့ရသည်။ ဖေဖေသည် သမီးဖြစ်သူကို မျက်ခြည်မပြတ် လှမ်း၍ ကြည့်ရှု ဆုံးမသည် မှန်သော်လည်း ချစ်ချစ်သည် ဖေဖေ လိုချင်သော ပုံစံ မဝင်ခဲ့တော့ပါချေ။ အဘွားနှင့် အဒေါ်တို့သာလျှင် ချစ်ချစ်ကို အလိုလိုက်သည် ဆိုကာ အဆူခံခဲ့ရ သော်လည်း ချစ်ချစ်တစ်ယောက် လေယာဉ်မယ် အလုပ်ကို လျှောက်ခဲ့သည် အထိ ဖေဖေသည် ချစ်ချစ်ကို အရှုံးပေးခဲ့ရ၏။

 

ချစ်ချစ်သည် စွန့်စား သွားလာမှုကို နှစ်သက် ခုံမင်၏။ ကမ္ဘာမြေထုမှ မိုင်ပေါင်း မည်မျှပင် ဝေးလံအောင် သွားရမည် ဖြစ်စေ ချစ်ချစ် ပျော်မွေ့၏။ ဖြစ်နိုင်လျှင် ဒုက္ခ ဆင်းရဲတို့၏ ရှုပ်ထွေး ရောပြွမ်းရာ ဤကမ္ဘာမှသည် ဝေးရာသို့သာ ပျံလွှား လွင့်မျော နေချင်လေသည်။

 

မောင်နှင့် တွေ့ဆုံရခြင်းသည် စိတ်နှလုံး ကြည်နူးချမ်းမြေ့ ရသည်နှင့်အမျှ မရေရာသော လူ့ဘဝ အတွင်းဝယ် တုပ်နှောင် ချည်နှောင်တဲခြင်း ကိုလည်း ခံရပြန် လေသည်။ သို့သော်လည်း ချစ်ချစ် နှလုံးသားသည် မောင့်ကို မငြင်းဆိုရက်ခဲ့။ မောင်နှင့်အတူ သွားလာ နေသမျှသည် ချစ်ချစ် အတွက် နိဗ္ဗာန်ဘုံသာတည်း။

 

အဘွားနှင့် ဖေဖေတို့ စည်းရုံး ခေါ်ဆောင်၍ မရသော စေတီ ရင်ပြင်တော်များ သို့ပင် ယှဉ်တွဲ၍ ရောက်ခဲ့ရသည်။

 

“ချစ်ချစ်က စနေသမီး၊ မောင်ကလဲ စနေသားပဲ၊ ဒီထောင့်မှာ ရှိခိုးရမယ်”

 

မောင်က ပန်းနှင့် ဆီမီးများကို မျှဝေကာ အတူယှဉ်တွဲ၍ ကန်တော့ စေသည်။ စိုစွတ် ပေကျံသော တလင်းပြင် ပေါ်တွင် ပုဆစ်တုပ် ထိုင်ကာ အာရုံပြုရ၏။ ပုံးထဲမှရေကို တဗွမ်းဗွမ်း မြည်အောင် ခပ်လောင်းကာ နှုတ်မှဘာတွေ ရွတ်ဆိုနေမှန်း မသိသော ရေသည်လူကြီးကို ကြည့်၍လည်း ပန်းကို ကွယ်ကာ ပြုံးမိသေး၏။ “မောင်တို့ နှစ်ယောက်အတွက် ဆုတောင်းပေး နေတာ” ဟု မောင်က ဆိုလေသည်။

ချစ်ချစ် အလုပ်အားသည့် ရက်တိုင်း မောင်က လာခေါ်ကာ ဘုရား ပို့ပေးသည်။ ရုပ်ရှင် ကြည့်သည်။ မုန့်အတူတူ စားကြသည်။ ဘုရားပေါ် ရောက်လျှင် ချစ်ချစ်သည် မောင်က မပြောရဘဲနှင့် ပန်းအစုံကို ဝယ်တတ်ပြီ။ “ကြာပန်းလေး ထည့်ပါဦး၊ ဇလပ်ပန်း မပါသေးဘူး” ဟုလည်း စုံစေ့အောင် ပြောတတ်သည်။ ပြီးတော့ စနေထောင့်ကို ဦးဆောင်သွားသည်။ မမှတ်မိ နိုင်စရာမရှိ၊ မောင်က ကြံကြံဖန်ဖန် “အချစ်ထောင့်” လို့ နာမည် ပေးထားသည်လေ။

 

ဘုရားပေါ်မှ ဆင်းတော့ ရုပ်ရှင်ရုံဘက် ခြေဦးလှည့်မိကြ ပြန်သည်။ မှတ်မှတ်ရရ ဂုဏ်ရုံတွင် ‘The Dove’ ဆိုသည့် ရုပ်ရှင်ကားကို ကြည့်ရသည်မှာ ရင်ထဲတွင် အထိခိုက်မိဆုံး ဖြစ်၏။ ဇာတ်လိုက် အမျိုးသားလေး၏ ဘဝနှင့် ချစ်ချစ် ဘဝသည် တူ၏။ ကောင်လေးနှင့် ကောင်မလေးက သိပ်ချစ်ကြသည်။ ချစ်ချစ်တို့လို ပါပဲ။ ပြီးတော ကောင်လေးသည် အဏ္ဏဝါတွင် ရွက်လွှင့်ကာ တစ်ယောက်တည်း ခရီးနှင်ရ၏။ ချစ်ချစ်ကတော့ လေထုထဲတွင် လွင့်ပါး ကျက်စားရသည်။ ကောင်လေးက ကောင်မလေး ကို “မင်းကို ငါချစ်တယ် အချစ်ရယ်၊ မင်းကို ငါ သိပ်ချစ်တာပဲ” ဟုအော်ဟစ် နှုတ်ဆက်သည်ကို ကြည့်ကာ ချစ်ချစ် မျက်ရည်ဝဲ ရသည်။ ချစ်ချစ်တို့ကတော့ သည့်နှယ် လူသိရှင်ကြား ဖွင့်ဟ နှုတ်မဆက်ဝံ့သည့် ဘဝ။

 

ထိုနေ့က မောင်က ထူးထူးခြားခြား ချစ်ချစ် အလိုကို သိပ်လိုက် နေခဲ့သည်။ ရုပ်ရှင်မှ အပြန် ကရဝိတ်ကို သွားကြသည်။ ထုံးစံအတိုင်း မောင်က ဘီယာ သောက်သည်။ ချစ်ချစ်က ရေခဲမုန့် စားသည်။ ချစ်ချစ်က မောင့် ဘီယာခွက်ထဲကို ဘီယာ ဖြည့်၍ ဖြည့်၍ ပေးနေမိသည်။ မောင်သည် ချစ်ချစ်ကို ငေးမော ကြည့်ရှု၍ နေလေသည်။ ချစ်ချစ်စိတ်ကလည်း မရွှင်ပျလှ။ နှစ်ယောက်လုံး ငိုင်နေမိကြသည်။

 

“ချစ်ချစ် မောင်နဲ့ခုလို နေရတာ ပျော်လားဟင်”

 

မောင့်နှုတ်က ထွက်လာသော စကားများသည် တစ်စုံတစ်ခုသော အဓိပ္ပါယ်ကို ဆောင်နေလေသည်။ ချစ်ချစ်တို့ သတိလက်လွတ် ပျော်နေခဲ့ မိသည်ပဲ။ လက်မခံချင်သော အသိတရားသည် ချစ်ချစ် နှလုံးသားကို လာရောက် ပုတ်ခတ်နေချေသည်။

 

“မောင်ကော”

 

မောင်သည် ဘီယာခွက်ကို လှမ်းကိုင်သော ချစ်ချစ်၏ လက်ကလေးကို အုပ်၍ ဆုပ်ကိုင်လိုက်သည်။

 

“မောင် ချစ်ချစ်နဲ့ နေရတာ စိတ်ချမ်းသာတယ်၊ ပြီးတော့ ချစ်ချစ်က ခုလို ပြုစု ယုယတာလေးတွေကို မောင် သိပ်ချစ်တာပဲ”

 

“မောင့်အိမ်မှာ နေရတာ မပျော်ဘူးလား၊ ပြီးတော့ မောင့်ဇနီးက”

 

ချစ်ချစ် ရင်ထဲတွင် နာကျင်လာ လေသည်။ မျက်လုံးအိမ်တွင်ပင် မျက်ရည် ဥလေးများ တွဲခိုလာသည်။ မျက်တောင်ကို နှစ်ချက်မျှ ခတ်လိုက်မိ၏။ အချစ်ဆုံး လူတစ်ယောက်ကို ရှေ့မှာထားပြီး ကိုယ် မပိုင်ဆိုင်သည့် ဘဝကို ထုတ်ဖော် ဆွေးနွေးရသည့် ဘဝ။ အို ဘယ်လိုကြောင့်များလဲ မောင်ရယ်။

 

“မောင့် ဇနီးက မောင့်ကို ဂရုမစိုက်ဘူးလား”

 

ချစ်ချစ် အသံသည် သတိထားနေသည့် ကြားမှ အဖျားခတ်၍ တုန်သွားလေသည်။

 

“ဂရုတော့ စိုက်ပါတယ်၊ ဒါပေမယ့် မောင် မပျော်ဘူး”

 

မောင်က ချစ်ချစ် လက်ကလေးကို လွှတ်ပေးလိုက်သည်။ ပြီးတော့ ဘီယာကို မော့သောက် လိုက်သည်။ မောင်နှင့် ချစ်ချစ်တို့ ပထမဆုံးအကြိမ် အလေးအနက် ဆွေးနွေးမိကြခြင်း ဖြစ်၏။

 

“မောင့် အိမ်ထောင်ရေး အဆင်မပြေတာ ချစ်ချစ်ကြောင့် များလား”

မောင်က ခေါင်းကို ညင်ညင်သာသာ ခါယမ်း၏။

 

“ကြာပါပြီ”

 

“ချစ်ချစ်နဲ့ မတွေ့ခင်ကလား”

 

လိုချင်သည့် အဖြေကိုပင် မေးမိရက်သား ဖြစ်သွားလေသည်။ လူဆိုတာ ကိုယ်လိုရာ ဆွဲတတ်သူချည်း ပါပဲ။

 

“ဆိုပါတော့”

 

မောင့် အသံသည် တိုးတိတ်လွန်းလှ၏။

 

“မောင့် သားလေးတွေက သိပ်ချစ်စရာ ကောင်းတယ်နော်၊ ကျောင်း နေကြပြီလား ဟင်”

 

မောင့် မျက်လုံးများ ဝင်းလက်လာကြ လေသည်။ သားသမီးကို ချစ်သည့်ဇောပဲ ထင်ပါရဲ့။ ချစ်ချစ်လဲ မောင့်ကို သားလေးတစ်ယောက် မွေးပေးချင် လိုက်တာ။ ဒီလိုပြောရင် ချစ်ချစ်ကို အထင်သေးမည် စိုး၏။

 

“အကြီးကောင်က ဒုတိယတန်း ရောက်နေပြီ၊ ဒီကောင်ကြီးက စာသိပ်တော်တယ်၊ အမြဲတမ်း ပထမချည်း ရတယ်၊ အငယ်ကတော့ ခပ်ပေပေပဲ၊ ငယ်လဲ ငယ်ပါသေးတယ်လေ၊ အခုမှ သုံးနှစ်ပဲ ရှိသေးတာ။ ရှေ့နှစ်ဆို မူကြို ထားရတော့မယ်”

 

မောင်သည် ချစ်ချစ်ကို မေ့သွားဟန် တူလေသည်။ သားတွေ အကြောင်းကို အားပါးတရ ပြောနေသော မောင့်ကိုကြည့်ကာ အမှန်ပင် ဝမ်းနည်းမိ၏။

 

“မောင်”

 

ချစ်ချစ်က တုန်ယင်စွာ ခေါ်လိုက်မိသည်။

 

မောင်သည် အိပ်မက်မှ လန့်နိုးလာသူလို ချစ်ချစ်ကို ထိတ်ထိတ်ပျပျာ ကြည့်၏။

 

“ပြန်ကြရအောင်ကွယ်”

 

ချစ်ချစ် အသံလေး တိမ်ဝင်သွား လေသည်။ တစ်မုဟုတ်ချင်း လိုပင် မောင့်မျက်နှာ ညှိုးရော် သွားခဲ့သည်။

 

“နောက်ဆိုရင်လေ ချစ်ချစ်တို့ မတွေ့ဘဲ နေကြရင် ကောင်းမယ် ထင်ပါရဲ့”

 

အပျော်ဆုံးနေ့မှာ နောက်ဆုံး စကားကို ဆိုမိသည့် အတွက် ချစ်ချစ် ကြေကွဲမိသည်။

 

“မောင့်ကို ခွင့်လွှတ်ပါ ချစ်ချစ်ရယ်”

 

ချစ်ချစ်က မျက်တောင်ကို တွင်တွင်ခတ်ရင်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြမိသည်။ မျက်ရည်ပွင့်များသည် မျက်တောင်ကော့များ ကြားမှ တိုးထွက် ခုန်ဆင်း သွားကြလေသည်။

 

ကန်ရေပြင်ကို ဖြတ်သန်း တိုက်ခတ်လာသော လေညင်းသည်ပင် ရာသီဥတု၏ အပူရှိန်ကြောင့် ငွေ့ငွေ့မျှ နွေးနေလေ၏။

 

* * *

 

ညောင်ဦး ဖလိုက်ကို ပျံသန်းရတိုင်း မောင့်ကို သတိရမိသည်။ မောင် ထိုင်သွားသည့် နေရာလေးကို ကြည့်ပြီး မောင့်ကို မြင်ယောင်လာ ပြန်၏။ ဝမ်းသာ ဝမ်းနည်း ဖြစ်မိရ ပြန်သည်။ ဒီတစ်ခါ မောင့်ကို ပြန်တွေ့ရရင်တော့ “ချစ်ချစ်တို့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ချစ်ကြရအောင်” ဟု ပြောလိုက်တော့မည်။ မောင့်ကို ချစ်ချစ် မခွဲနိုင်။ မောင်နှင့် သွားလာ နေထိုင်ရတိုင်း ချစ်ချစ် ပျော်သည်။ အတွေးဖြင့်ပင် ကြည်နူးမိ လေသည်။

 

တကယ်တော့ မောင်လည်း ချစ်ချစ်ကို မခွဲနိုင်ပါဘူး။ လခထုတ်တဲ့ နေ့က လေဆိပ်ကို လာကြိုတယ် မဟုတ်လားကွယ်။ ချစ်ချစ်ရင်မှာ သိမ့်သိမ့်ခါအောင် ကြည်နူးရ လေသည်။ နှစ်ယောက်စလုံး စိတ်ညစ်စရာ စကားများကို မဆိုမိကြ။ စိတ်ညစ်စရာ အဖြစ်များကို မေ့ထားမိသည်။ မောင် အရက်တွေ ဖိသောက် နေသည်ကိုတော့ မနှစ်မြို့ပေမင့် ကြည့်နေရသည်။ ချစ်ချစ်ဆီတွင် မောင် လွတ်လွတ်လပ်လပ် နေစေ့ချင်သည်။ ထို့ကြောင့်လည်း မောင့်အလိုကို လိုက်မိပြန်သည်။ ဘာပဲဖြစ်ဖြစ် သည်တစ်ခါတော့ မောင် ချစ်ချစ်ကို ခွဲထား ခဲ့တော့မည် မဟုတ်။ မျက်ရည်ကြား ဝမ်းသာမိ ပြန်လေသည်။

 

ပျော်ရွှင်ဖွယ်ရာ ရက်များကိုပင် သောက မုန်တိုင်းသည် လာရောက် တိုက်ခတ်လာ၏။ အမှန်တရားကို မျက်ကွယ်ပြု၍ မည်သည့် အရာသည် ကြာရှည်ရပ်တည် နိုင်မည်နည်း။ ချစ်ချစ်တို့ ကိုယ်တိုင်ကလည်း လက်ရှိ ဘဝကို မေ့လျော့၍ သတိလက်လွတ် နေမိသည်။

 

စည်ကားသော ဗိုလ်ချုပ်ဈေး၏ အလယ်ဗဟို လမ်းမတွင် ချစ်ချစ်နှင့် ယှဉ်တွဲ လျှောက်နေသော မောင့်ခြေလှမ်းများ ရုတ်တရက် ရပ်တန့် သွားလေသည်။ ချစ်ချစ် ကိုယ်တိုင်ကလည်း လန့်ဖျပ်ကာ မောင့်လက်ကို လက်တွဲဖြုတ် လိုက်သည်။ မောင့် လက်မောင်း အစုံကို ပိုင်စိုးပိုင်နင်း ဆုပ်ကိုင် ဟန့်တားလိုက်သော မိန်းမငယ်၏ မျက်လုံး အစုံသည် စက္ကန့်ပိုင်းအတွင်း အရာအားလုံးကို အရည်ပျော် သွားနိုင်စွမ်း ရှိသည်ဟု ထင်ရလေသည်။

 

“ဒါက ဘယ်လိုလဲ”

 

တုန်ယင် မာကြောစွာ ထွက်လာသော စကားသံများ မဆုံးမီ ချစ်ချစ် ရှေ့ကို သွက်သွက် လှမ်းခဲ့မိ၏။ စူးစမ်းရှုပ်ချသော မျက်လုံးပေါင်း သောင်းခြောက်ထောင်၏ ဒဏ်မှ တတ်နိုင်သမျှ အမြန်ဆုံး ရုန်းထွက်နိုင်ရန် အသော့နှင် လာခဲ့မိ၏။

 

ရောင်းပန်းလှအောင် ချိတ်ဆွဲထားသော အလှအပ ပစ္စည်းလေးများ ပိုးဖဲ ကတ္တီပါများ၊ ရွှေငွေ ရတနာများ၊ မျက်လုံးများ၊ မော်တော်ကားများ၊ သက်ရှိသက်မဲ့ အရာ အားလုံးသည် ချစ်ချစ်ကို ကြည့်ကာ ဟားတိုက်ရယ်မော ကြကုန်၏။ ကောင်းကင်ပြင်သည် ချစ်ချစ် ခြေဖဝါးအောက်သို့ ရောက်ကာ မဟာ ပထဝီ မြေကြီးသည် ဦးခေါင်းထက်ဝယ် သွက်သွက်လည်အောင် ယိမ်းထိုး နေသည်တကား။

 

* * *

 

အပင်ပန်းရဆုံး၊ အမောရဆုံး နေ့တွင်မှ မောင့်ဆီမှ အစိမ်းကားဆုံး၊ အရက်စက်ဆုံး စာကလေး တစ်စောင်ကို ဖတ်လိုက်ရ လေသည်။ ဗွီအိုင်ပီ ဖလိုက်ခေါ် အရေးကြီးသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးကို ပို့ပြီး ပြန်အလာ အမော ဖြေမည်ဟု စားပွဲတွင် ထိုင်ကာမှ မောင့် စာအိတ်ကလေးကို မြင်ရလေသည်။ ရင်တုန်ပန်းတုန် ရှိလိုက်ပါဘိ။

 

“လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ အရုပ်ကလေးကို လေယာဉ် ပေါ်မှာပဲ ပြန်ထားခဲ့ပါပြီ” တဲ့။

 

ရက်စက်လိုက်တာ။ ချစ်ချစ် မောင့်ရုံးကို ဖုန်းဆက်မိ လိုက်သေး၏။ “ဟုတ်ကဲ့ ပြောပါ ခင်ဗျာ၊ ကျွန်တော်ပါ ခင်ဗျာ” ဟူသော စိမ်းကားသည့် မောင့် အသံများကို ကြားရပြန်သည်။ ချစ်ချစ်စိတ်က အလိုလို သိပါသည်။ မောင်သည် တစ်စုံတစ်ခုသော အကြောင်းအရာက တိုက်တွန်း၍သာ ဤသို့ ပြုမူနေရခြင်း ဖြစ်မည်။ မောင့်သဘော မောင့်ဆန္ဒနှင့်တော့ မဖြစ်နိုင်။ မောင် ချစ်ချစ်ကို သည်မျှ ရက်စက်မည်ဟု မထင်ပါချေ။ အခြေအနေ အရပ်ရပ် အေးဆေး တည်ငြိမ်သွားလျှင် မောင် ချစ်ချစ်ဆီ ပြန်လာမည် သာတည်း။ သည်တစ်ခါ ပြန်တွေ့ကြလျှင် တစ်လောကလုံး မမြင်နိုင်သည့် နေရာတွင် သွားရောက် ပုန်းအောင်း နေကြမည်။ တကယ်တော့လည်း ချစ်ချစ်တို့ နှစ်ယောက်သည် လောကအပြင်ကို ရောက်နေ ကြပေပြီ။

 

ကံတရားတို့သည် ချစ်ချစ်တို့ နှစ်ယောက်ကို ဒဏ်ခတ်ပြီ ထင်၏။ မြေပြင်ပေါ်သို့ တစ်ခါ ပြန်ဆင်းရတိုင်း မောင့် သတင်းကို စုံစမ်းသော်လည်း အချည်းနှီး ဖြစ်ရလေသည်။ မောင် ရုံးက အလုပ်ထွက် သွားပြီတဲ့။ လောက တစ်ဖက်စွန်းတွင် ချစ်ချစ်ကို ထားကာ ကိုယ်လွတ်ရုန်း သွားလေပြီလား။

 

စွန့်စားမှုနှင့် ဝါသနာတွင် စိတ်ကို မြှုပ်နှံပစ် လိုက်သည်။ ဖော်ကာ လေယာဉ်သစ်မှ သင်တန်းသူများတွင် အထူးချွန်ဆုံး ကြိုးစားလိုက်သည်။ ယခုတော့ ကမ္ဘာ့မြေပြင်ကို ခြေဆန့်၍ မောင်နှင့်ဝေးရာ သွားခွင့်ရမည်။ ချစ်ချစ် မိခင်သည် ဘာကြောင့်များ ချစ်ချစ်ကို တစ်ပြည်တစ်ရွာမှာ မမွေးဖွားခဲ့ပါလိမ့်။ မောင်နှင့် တွေ့ဆုံ၍ စိတ်သောက ဗျာပါဒကို ခံစားရယူ နိုင်စေရန် သည်မြေပေါ်တွင် ထားခဲ့ လေရော့သလား၊ မည်သို့ဆိုစေ မိမိ မွေးဖွားသန့်စင်ရာ အမိမြေကို ချစ်ချစ် မြတ်နိုးပါ၏။ သို့သော် မည်သူသည် ချစ်ချစ်ကို ကြင်နာခွင့်လွှတ် ပါမည်နည်း။

 

စိမ်းလန်း စိုပြည်သော မိခင်မြေသည် ချစ်ချစ်၏ မိုက်မဲမှုအတွက် ခွင့်လွှတ်ခြင်းငှါ မထိုက်ဟု ယူဆပါလျှင် ဆုံးစမရှိသော ကောင်းကင်ပြင် တွင်သာ ချစ်ချစ် ပျော်မွေ့ပါမည်။ တစ်ခါတစ်ရံ လာရောက် နားခိုခြင်းအတွက် ခွင့်လွှတ်ပါလေတော့။

 

တစ်စုံတစ်ခုသော နေရာမှ မောင်သည် ချစ်ချစ်အပေါ် သံယောဇဉ် မကင်းသော စိတ်ဖြင့် ငံ့လင့်စောင့်စား နေမည် ဆိုပါလျှင် ချစ်ချစ်အတွက် လောကတွင် အသက်ရှင် နေရခြင်းသည် ပြီးပြည့်စုံသည့် အဖြစ်သို့ ရောက်ရှိ ချေပြီတည်း။

 

(၂)

 

ပြဿနာကို အတူတကွ ရင်မဆိုင်ဘဲ ပြဿနာ ကြားမှ ရုန်းထွက် သွားခြင်းသည် ယောက်ျားကောင်း တစ်ယောက်၏ အပြုအမူ မဟုတ်ဟု မြလေး ယုံကြည်၏။ မြလေးတို့ မိန်းမသားများသည် ယောက်ျား တစ်ယောက်ကို အားကိုးချစ်ဖြင့် ချစ်၏။ လေးစားစိတ်ဖြင့် ကြည်ညို၏။ ယုံကြည်စိတ်ဖြင့် လက်တွဲ၏။

 

ပြန်လည် စဉ်းစားစေချင်သည်။ အချစ်ကို ရယူပိုင်ဆိုင်ခြင်း အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်လော့ဟု ယောက်ျားတို့ကို စေ့ဆော် တိုက်တွန်းသော စိတ်ကို မည်သူက သင်ကြားပေးလေ သနည်း။ ထို့ပြင် ရယူပိုင်ဆိုင် ပြီးသော အချစ်ကို ဥပေက္ခာ ပြုရန် မည်သူက လမ်းမှားသို့ ပို့ဆောင်လေ သနည်း။ မည်သူမပြု မိမိမှုသာ ဖြစ်ပေမည်။ မြလေး၏ အချစ်ကို တောင်းဆိုစဉ်က မောင့်တွင်လည်း အများတကာ ယောက်ျားများနှယ် သစ္စာတရားကို ဦးထိပ် ပန်ဆင်လျက် ရှိနေခဲ့လေသည်။ အတူတကွ လက်တွဲကြစို့ ဆိုသည့် အခါတွင်လည်း မောင်သည် ခြင်္သေ့မင်းလို ရဲရင့်ခဲ့ပေသည်။ ယခုမှ ပြဿနာ အရပ်ရပ်ကို အကြောင်းပြကာ စိတ်ချမ်းသာမှုကို ရှာဖွေရပါသည်ဟု ဆိုလာရခြင်းသည် ရိုးသားသော အပြုအမူ တစ်ရပ်ဟု လက်မခံနိုင်။ ဖောက်ပြန် ယိမ်းယိုင်မှု အဖြစ်သာ စွပ်စွဲလို၏။

 

ပြဿနာသည် ယခုမှ အိမ်ပေါ်သို့ တက်လာသည် မဟုတ်။ မောင်နှင့် မြလေးတို့ လက်ထပ်စကပင် အတူပါလာခဲ့ခြင်း ဖြစ်လေသည်။ ပြဿနာသည် မြလေးတို့၏ ခန်းဝင်ပစ္စည်းပင် ဖြစ်လေသည်။

 

မောင် ပြောသည့်အတိုင်း ဇီဇာကျယ်သော အဒေါ်အပျိုကြီး နှစ်ဦးသည် မြလေး ဘဝတွင် အဆစ် ပါလာခဲ့ကြ၏။ သူတို့၏ အုပ်ထိန်း ပဲ့ပြင်မှု အောက်တွင် မြလေး ကြီးပြင်းခဲ့ရသည်။ မြလေးဘဝတွင် တတ်သင့် တတ်အပ်သော ခေတ်ပညာကို တတ်မြောက်ခဲ့ရပြီး လုပ်သင့် လုပ်အပ်သော အလုပ်တစ်ခုကို ရခဲ့ခြင်းသည်လည်း ၄င်းတို့၏ ကျေးဇူးပင် ဖြစ်၏။ တစ်အိုးတစ်အိမ် ထူထောင်သည့် ဘဝတွင်မှ ဘုရားပြီးမှ ငြမ်းဖျက် ဆိုသလို ဖျက်ချထားခဲ့၍ မဖြစ်၊ မြလေးဘဝတွင် သူတို့ကို ချန်ထားခဲ့၍ မရ။ မောင်ကပင် “ဒါကတော့ ဟုတ်တာပေါ့ မြလေးရဲ့၊ မှန်တာပေါ့။ မြလေး ဆုံးဖြတ်တာ တရားပါတယ်” ဟု အတိအလင်း သဘောတူခဲ့သည် မဟုတ်လား။

 

ပြီးတော့ မြလေးတို့ နှစ်ယောက် ရုန်းကန်လှုပ်ရှား နေရသော အိမ်ထောင်တွင် သူတို့လည်း တစ်တပ်တစ်အား ပါဝင် ကျားကန် ပေးနေရသည်။ မောင့်ဘက်မှလည်း ကျောထောက်နောက်ခံ မရှိ၊ မြလေးမှာလည်း တရား အားထုတ်နေသော မိခင်အိုကြီးသာ ရှိတော့သည်။ မြလေးတို့ တစ်အိုးတစ်အိမ် ထူထောင် ရခြင်းသည်ပင် စင်စစ် အဒေါ် အပျိုကြီးများ၏ အိမ်ထောင်တွင် ကပ်ပါးအဖြစ် ဝင်ရောက် ခိုတွယ်ရခြင်း ဖြစ်လေသည်။ မြလေး၏ အမွေပစ္စည်း အဖြစ် တစ်စိတ်တစ်ဒေသ ပါဝင်သည်ဟု ဆိုနိုင်သော်လည်း ဖေဖေ မရှိစဉ်မှစ၍ အိမ်၏ အတွင်းပစ္စည်း အပြင်ပစ္စည်း အတော်များများသည် လွင့်ပါးဆုံးရှုံးခဲ့ပြီး ဖြစ်၏။ မြလေး၏ ပညာသင် စရိတ်သည်ပင် အဒေါ်များ၏ အိတ်ထဲမှ ခုန်ထွက် ဖြည့်ဆည်းခဲ့ ရသည်။ သည်တော့လည်း မြလေးတို့ ခွဲထွက်ကြစို့ ဆိုလျှင် သားနှစ်ယောက်၏ တာဝန်ကိုပင် မည်သို့ ထမ်းဆောင်ရမည် မသိ။ တစ်အိုး တစ်အိမ်ကိုသာ အစမှ ပြန်လည် မတ်ထူရလျှင် လူ့ဘဝကို အလယ်မှ စရသည်သို့ ရှိချေမည်။

 

မည်သို့ပင် စိတ်ဆင်းရဲစရာ ကြုံရသည် ဆိုပေမင့် နံနက်လင်းလျှင် ကော်ဖီ ပေါင်မုန့် အသင့်ရှိ နေတတ်၏။ အစားကြီးသော သားနှစ်ယောက်သည် မုန့်ကို စိတ်ကြိုက် အလုအယက် စားကာ အသင့်ပြင် ပေးထားသော လွယ်အိတ်ကို ကောက်ကိုင်လျက် ကားပေါ် ခုန်တက် သွားနိုင်၏။ မောင်နှင့် မြလေးတို့ နှစ်ယောက်ပင်လျှင် အေးအေးဆေးဆေး ရေမိုးချိုးကာ ရုံးချိန်အမီ ထမင်းအသင့် ယူသွားနိုင်၏။

 

မငတ်ဖူးသော သူသည် မုန့်တစ်ဖဲ့၏ တန်ဖိုးကိုလည်း သိမည် မဟုတ်၊ ကျန်းမာ သန်စွမ်းသူသည် ဖျားနာသူ၏ ဝေဒနာကို စာနာနိုင်မည် မဟုတ်၊ မိမိ အိမ်ပြန်ရောက်မှ ပါလာသော နေ့တွက် လုပ်အားခကို ဆီးယူကာ ဆန်ပြေးဝယ်ပြီး ထမင်းချက်ရမည့် မိသားစုအတွက် ကားခြေနင်းကို ခိုကာ အချိန်မီ အိမ်ပြန်ရသော လူ၏ အဖြစ်မျိုး မောင်ကြုံဖူးမည် မဟုတ်။ ထို့ကြောင့်လည်း ဆာလာပါလျက် ထမင်း အဆင်သင့် ဖြစ်နေသည်ကို မောင် မကျေနပ်နိုင်။ ဝက်သား ကြိုက်ပါလျက် ငါးနှင့် ပုဇွန်ချည်း စားနေရသော အဖြစ်ကို လူဖြစ်ရှုံးသည်ဟု မောင်က ထင်ပေမည်။

 

“လင်မယားချင်းတောင် လွတ်လွတ်လပ်လပ် မနေရဘူးကွာ၊ အနေကျုံ့ လိုက်တာ”

 

မောင်က မကြာခဏ ညည်းလေသည်။

 

ယောက်ျားတို့ အယုအယ ကြိုက်တာ၊ အလှအပ မြတ်နိုးတတ်တာကို မြလေး သိပါသည်။ သို့သော်လည်း “ညည်းတို့ နေတာ ထိုင်တာကလဲ မျက်စိရှက် လိုက်တာ” ဟု အပြောခံရမည် ကိုလည်း မြလေး စိုး၏။

ပြီးတော့ ကလေးတွေကို ဆုံးမရာတွင် မြလေးတို့ အိမ်တွင် အတိုက်အခံ ဖြစ်နေတတ် လေသည်။

 

“ဆိုးမှာပေါ့၊ ကလေးတွေကို ဖျက်ဆီး နေတာကိုး”

 

မောင့်ဘက်မှ အပြစ်တင်သော စကား။

 

“မကျေနပ်ရင် ဆင်းသွားကြပေါ့၊ ကလေးတွေတော့ စောင်းမရိုက်နဲ့၊ တို့မြေးတွေ တို့ တာဝန်ယူတယ်”

 

အခြေအနေသည် အမြဲလို တင်းမာနေသည်။

 

* * *

 

လင်မယား နှစ်ယောက်တို့တွင်သာ ဖြစ်တတ် နားလည်တတ်သော ပြဿနာ များကို လင်နှင့်မယား မဟုတ်သူများက နားမလည်တတ် ခွင့်မလွှတ်တတ်၍လည်း ပြဿနာ ဖြစ်တတ်ပြန် လေသည်။ ဘာမဟုတ်သည့် ကိစ္စကလေး ဆိုပေမယ့် ယိုးမယ်ဖွဲ့ကာ အခြေအတင် ပြုတတ်သည့် သဘော၊ ပြီးတော့လည်း ပြီးပြီးပျောက်ပျောက် ဖြစ်ကာ အပြုံးမပျက်၊ ကြည်နူးမပျက် နေထိုင်ကြသည့် သဘောကို ဒေါ်ကြီးတို့ နားမလည်နိုင်ကြ။ ထို့ကြောင့်လည်း တိုးတိုးတိတ်တိတ် ဖြစ်သည်ကိုပင် ကြားဖြစ်အောင် ကြားကာ အကျယ်အကျယ် လုပ်ပစ်တတ်ကြ လေသည်။

 

“ဘာလဲ၊ ညည်းက ညည်းယောက်ျား ပြောတာ ခံနေရသလား၊ ကိုယ့်ထမင်း ကိုယ်စားနိုင်ရက်သားနဲ့ ပြန်ပြောပါလားအေ၊ မပေါင်းချင် နေပေ့စေပေါ့၊ သာတောင် အေးသေး”

 

ယောက်ျား တစ်ယောက်ကို ထမင်းရှာကျွေးစေဖို့ ယူထားရမည်ဟု အထင်ရောက်တတ်သော အပျိုကြီးများပီပီ မာနစကားဖြင့်လည်း သွေးထိုး ပေးတတ်ပြန်၏။

 

“ဟေ့ မင်းအဒေါ်တွေကို ပြောလိုက်၊ ယောက်ျားဆိုတာ လှေကားသုံးထစ် ဆင်းရင် လူပျို ပြန်ဖြစ်တယ်လို့၊ ဒီလိုမိန်းမမျိုး နောက်ထပ် ဘယ်လောက် ယူမလဲ ရတယ်၊ လက်ဖျောက် တစ်ခါတီးရင် တန်းစီ နေတာပဲ”

 

မောင်ကလည်း အားကျမခံ မဆိုသင့်သည့် စကားများကို ဆိုလေသည်။

 

“အမယ် တော်ပါ၊ မောင်က မောင်စွံမှန်း သိပါတယ်။ မြလေးလဲ ရုပ်မကျသေးပါဘူး၊ မောင့်လို ယောက်ျားမျိုးလောက်တော့ ဘယ်မှာရှာရှာ ရပါတယ်”

 

“ဪ မင်းက ငါ့ကို အသုံးမကျတဲ့ ယောက်ျားလို့ ဆိုလိုသလား၊ မင်းကလဲ မင်းအဒေါ်တွေရဲ့ လေသံအတိုင်း ပေါ့လေ”

 

ဤသို့လျှင် ပြဿနာသည် မကြီးမကျယ်သင့်ပဲ ကြီးကျယ် လာရလေသည်။

 

နောက်ဆုံးတော့ မောင်လည်း အိမ်မခင်တတ်သော ယောက်ျားတစ်ယောက် အဖြစ် အိမ်ကို ပြန်ချင်သည့် အချိန်မှ ပြန်၍ ရောက်ချင်သည့် အချိန်မှ ရောက်လာတော့၏။ ရောက်လာ ပြန်တော့လည်း မောင်သည် အသောက်အစားကလေး ဖက်၍ လာတတ်ပြီ ဖြစ်လေသည်။ ထိုအခါ ပြဿနာမီးသည် ပို၍ တောက်လောင်ပြန် လေသည်။

 

“ဟင်း အဝီစိ ချိုးကပ်မယ့် ကောင်၊ နေ့ရှိသရွေ့ အရက်လေး တမြမြနဲ့ ဒီကောင် မူးလာရင် တံခါးမဖွင့်ပေးနဲ့”

 

လောကီအမှုကိစ္စ နည်းပါးသူများပီပီ တရားကိုဖက်ကာ အသက် ရှည်သူများမို့လည်း မောင့် အပြုအမူကို ခါးခါးသီးသီး ရှုတ်ချကြပြန် လေသည်။

 

“ဘာတရားလဲ၊ ဘယ်နေရာမှာများ တရားရှိသလဲ ပြောစမ်းပါဦး၊ တရားရှိရင် ရိပ်သာ သွားနေကြပါလား၊ ခုတော့ ငါ့အိမ် ငါ့မြေဟဲ့ ဆိုပြီး အတ္တစွဲလိုစွဲ၊ ငါ့ပစ္စည်း ငါ့ဥစ္စာ ဆိုပြီး မာန်မာန တက်လိုတက်နဲ့ ရယ်စရာ ကောင်းလိုက်တာ ထွီ”

 

အရည်ကလေး ဝင်လာပြီ ဆိုတော့ မောင့်နှုတ်ကလည်း သွက်ပါဘိ။ အိုးခွက် ပန်းကန်များကို ဆောင့်လိုက်သည့် အသံသည် သောသောညံအောင် ထွက်လာလေ၏။

 

“ဟဲ့ မိမြလေးရဲ့၊ တစ်သက်လုံး သူများခေါင်းပေါ် စင်္ကြံလျှောက် လာခဲ့တာ၊ ခုမှ နင့်ကြောင့် အစော်ကား ခံရတယ်တဲ့၊ နင့်ယောက်ျားကို ရွှေထွက်သမို့ ပေါင်းနေရ သလားဟဲ့”

 

ပစ္စည်းဥစ္စာ ပြည့်ဝ ချမ်းသာပါလျက် စိတ်နှလုံး အေးချမ်းမှု သည်ကား လှမ်းကွာလွန်း လေစွ။

 

* * *

 

“ဒီမှာ မြလေး၊ မြလေးရဲ့ တိုက်တွေ မြေတွေ ကားတွေကို မက်မောနေတယ် ဆိုရင် မြလေး နေရစ်ပေတော့၊ မောင်တော့ ဒီလို ယောက်ျားတန်မယ့် အစော်ကားခံပြီး မနေနိုင်တော့ဘူး”

 

“နေပါဦး မောင်ရယ်၊ မြလေးလဲ စဉ်းစား နေပါတယ်၊ သားတို့ စာမေးပွဲ ပြီးတဲ့အခါ တစ်မျိုးတစ်ဖုံ စီစဉ်ကြတာပေါ့၊ ခဏလေးတော့ သည်းခံပါဦးနော်”

 

သားနှစ်ယောက် ကသီလင်တ ဖြစ်မည့် အရေးကို တွေးကာ မြလေး တုံ့နှေး နေမိ၏။ မောင်နှင့် မြလေးတို့၏ နှစ်ယောက်ဝင်ငွေဖြင့် အိမ်တစ်ဆောင် မီးတစ်ပြောင် ထူထောင်ကြရန် သတ္တိနည်းနေ လေသည်။ မောင့်လခသည် မောင့် အသုံးစရိတ်နှင့်ပင် ကာမိရုံရှိ၏။ မောင်က ချွေတာ၍ မြလေးလက်ကို ဝကွက်အပ်လျှင်ကော။

စဉ်းစား ချင့်ချိန်ရသည့် ဇောဖြင့် မောနေလေသည်။

 

“ညည်း ကြပ်ကြပ် စဉ်းစား၊ ညည်းယောက်ျားက အရက်ကလေး တမြမြနဲ့ ခုတောင် ငါတို့ ရှိနေလို့ ညည်းကို ကိုယ်ထိလက်ရောက် မစော်ကားဝံ့တာ၊ ညည်း အားကိုးရင် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်သွားကြည့် ပါလား၊ လူမွေးတောင် ပြောင်မှာ မဟုတ်ဘူး။ ညည်း သားလေးတွေကော ခုလို နေနိုင်ပါ့မလား၊ ဟင်း ခဲယဉ်းသားပဲ၊ ဒီအိမ်နဲ့ မြေဟာ ညည်းအဖေနဲ့ ငါတို့ ဒိုးတူပေါင်ဖက် စီးပွါးရှာလို့ ကျန်ခဲ့တာတွေ၊ သူစိမ်း ကောင်းစားအောင်တော့ ထုခွဲမပေးနိုင်ဘူး ဒါပဲ”

 

မြလေး အတွေးဖြင့် ချာချာလည်ရပြန် လေသည်။ မြလေးကိုယ်တိုင် ကလည်း ရွှေပေါ်မြတင် သက်သောင့်သက်သာ နေလာခဲ့ရ၍ သတ္တိက နည်းသည်။ ပြီးတော့ ဒေါ်ကြီး ဒေါ်လေးတို့သည် ဖေဖေ မရှိသည်မှ စ၍ မြလေးကို ဖူးဖူးမှုတ်ကာ အလိုလိုက် အကြိုက်ဆောင် ထားခဲ့သည်မှာလည်း မြလေး အသိ။ မောင်နှင့် လက်ထပ်မည် ဆိုတော့ အဒေါ် နှစ်ယောက်သည် ဖေဖေ ဆုံးစဉ်ကလိုပင် ဝမ်းနည်းပက်လက် ငိုကြွေးကြလေ၏။ သူတို့ သဘောတူသည့် သူနှင့် ယူပါမည့် အကြောင်းလည်း ဖျောင်းဖျ ပြောဆိုကြ လေသည်။ သည်တုန်းကတော့ မြလေး ခေါင်းကို တွင်တွင်ခါ၍ ငြင်းခဲ့၏။

 

မောင့်ဘက်က ဆိုလျှင်လည်း အိမ်အဝင် မျက်နှာပန်း မလှခဲ့။ မောင်သည် တစ်ကောင်ကြွက်။ ကိုယ့်ဒူးကိုယ်ချွန် သမား၊ မောင့်အတွက် လခမှန်မှန်ရသော အလုပ်တစ်ခုက လွဲ၍ ဘာမျှပါမလာခဲ့။ အစပထမတွင် မလိုလား မနှစ်သက်မှုကို ဖုံးဖိထားခဲ့သော်လည်း ကြာလေလေ အိမ်တွင်းတိုက်ပွဲက ပြင်းထန်လေလေ။

 

တွေဝေငေးငိုင် နေဆဲမှာပင် ပြဿနာသည် အထွတ်အထိပ်သို့ ရောက်လာ လေသည်။ မောင်အပြန်ကို တံခါးစောင့်ဖွင့် ပေးနေကျ ဖြစ်ပါလျက် သားနှစ်ယောက်ကို သိပ်ရင်း အိပ်ပျော်သွားခဲ့၏။

ဆူညံနေသော အသံများကြောင့် လန့်နိုးလာချိန်တွင် မောင်သည် ရဲရဲနီသော မျက်လုံးအစုံဖြင့် သံတံခါးကို ကိုင်ကာ တဝုန်းဝုန်း မြည်အောင် ဆွဲလှုပ် နေလေသည်။

 

“မြလေး၊ မြလေး မောင်ခေါ်နေတာ မကြားဘူးလား၊ ဘာလဲ မင်းကပါ ငါ့ကို တံခါးဖွင့် မပေးတော့ဘူးလား၊ အိမ်ကြီးရှင်တွေ ဆိုပြီး သိပ် လူပါးဝတယ်ပေါ့ ဟုတ်လား၊ ဟေ့ သားနှစ်ယောက် ရှိလို့ ပြန်လာတာကွ၊ မင်းတို့မိန်းမတွေ တစ်ယောက်မှ သောက်ဂရုမစိုက်ဘူးကွ”

 

“ဒီမှာ မောင်မြင့်ဦး၊ ဒါဟာ အလေနတောတွေ နေတဲ့ရပ်ကွက် မဟုတ်ဘူး၊ ပတ်ဝန်းကျင်ကို အားနာဦးကွယ့်၊ လူဆိုတာ ဂုဏ်သိက္ခာနဲ့ နေတာ၊ ကျက်သရေမဲ့ အော်ဟစ်မနေနဲ့”

 

“အို နားမလည်ဘူး၊ အော်မယ်ဗျာ၊ အော်မယ်”

 

“ဟေ့ အရက်သမား၊ ငါ့အိမ်ရိပ် မနင်းရဘူး”

 

အပြင်းထန်ဆုံး ထိုးနက်ချက်များဖြင့် ပြဿနာသည် အမြင့်မားဆုံး ရောက်လာချေ၏။ နောက်နေ့ နံနက်မှစ၍ မောင် ထွက်သွားသည်မှာ သုံးရက်တာမျှ ကြာသွားလေသည်။ မောင့်ရုံးကို ရောက်မှ စာလေးတစ်စောင် ဖတ်ရ၏။

 

မြလေး၊

မောင် ပုဂံ ညောင်ဦးဘက် ခဏထွက် သွားတယ်၊ ပြန်လာရင် မောင်တို့ကိစ္စ ပြတ်ပြတ်သားသား ဆွေးနွေးကြရအောင်၊ မြလေး အဆင်သင့် ရှိပါစေ။

မောင်

 

* * *

ဘုရားရိပ်၊ ကျောင်းရိပ်သည် အေးမြလှပါ၏။ မေမေသည် သောက ဗျာပါဒဖြင့် ရောက်လာသော မြလေးကို တရားဖြင့်ပင် ယှဉ်၍ဆုံးမ၏။

 

“လောဘမီးကို ငြှိမ်းပေတော့ သမီးရယ်၊ ကိုယ့်လင် ကိုယ့်သားနဲ့ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ပေါ့၊ အင်း မရွှေတို့၊ မငွေတို့ကလဲ ခုထိ ပစ္စည်းမာန တက်ကြတုန်းပဲနော်”

 

ယခုမှပင် မေမေသည် ယောက်မများနှင့် အတူမနေဘဲ ဘုရားရိပ်ကို စောစောစီးစီး ခိုလှုံခဲ့သည့် အဖြစ်ကို နားလည်မိတော့၏။ သားသမီး သံယောဇဉ်၊ လင်သံယောဇဉ်သာ မရှိလျှင် အဘယ်မျှ အေးချမ်း လေမည်နည်း။ လောက၏ ဒုက္ခ သုက္ခကို ခံစား နားလည်စေရန် သမီးငယ်ကို လူ့ဘောင်တွင်းဝယ် ထားခဲ့သည် ထင်၏။ ယခုတော့ သားနှစ်ယောက်ကို ခင်တွယ်သည့်စိတ်၊ လင်သားကို ချစ်ခင်သည့်စိတ်ဖြင့် မြလေးတစ်ယောက် လူ့ဘဝကို ရုန်းကန်ရပေဦးမည်။

 

တကယ်တမ်း အရာအားလုံးကို စွန့်လွှတ်၍ အိမ်ပေါ်မှ ဆင်းတော့မည် ဆိုတော့လည်း ဒေါ်ကြီး ဒေါ်လေးတို့သည် မျက်ရည်လည်ရွဲ ဖြစ်ကြပြန် လေသည်။ မောင် ပြောသလိုပင် မြေးနှင့် တူမတည်းဟူသော အတ္တသံယောဇဉ်များဖြင့် မခွဲနိုင် မခွါရက် ဖြစ်ကြပြန်လေ၏။

 

“စဉ်းစားပါဦး မြလေးရယ်၊ ငါတို့ မြေးလေးတွေ ဆင်းရဲပါ့မယ်။ ညည်းတို့မှာ ဘယ်မလဲ အိမ်၊ ကဲ ဒီတော့ ဒီလိုလုပ်၊ မောင်မြင့်ဦးလဲ ယောက်ျားမာန ရှိရင် တစ်အိုးတစ်အိမ် ဖြစ်အောင် ကြိုးစားချည်၊ အားလုံး အဆင်ပြေတော့ လာခေါ်လှည့်”

 

သည်သို့နှင့်ပင် ပိုနေမြဲ ကျားနေမြဲ အခြေသို့ ရောက်ကြရပြန် ပေသည်။ မောင်သည် အသောက်အစားကို လျှော့၍ မယားနှင့် သားများကို ခွဲထုတ်နိုင်ရေး အတွက် လုံးပန်း နေရသည်။

 

* * *

အစကနဦးတွင် မောင်တစ်ယောက် အပြုအမူ အနေအထိုင် ပြောင်းလဲ သွားခြင်းနှင့် ပတ်သက်၍ မည်သို့မျှ သံသယ မဖြစ်မိ၊ တစ်စုံတစ်ခု အတွက် အားယူကြံဆ နေရ၍သာ မြလေး အပေါ်တွင် အလေးတယူရှိမှု လျော့ပါး ရပေသည်ဟု မြလေး တွေးထင်မိ၏။ အရက်ကို လျှော့သောက်သည့်တိုင် အိမ်ကိုမူ အပြန် နောက်ကျတတ်၏။ တစ်ခါတစ်ရံ စောစီးစွာပင် အပြင်သို့ ထွက်သွားတတ်သည်။ ရုံးသို့ပင် ရောက်သည်လား၊ မရောက်သည်လား မသိ။ ဤသည်မှာလည်း တတ်နိုင်သမျှ အိမ်သားများနှင့် မျက်နှာချင်း မဆိုင်မိစေရန် ရှောင်နေခြင်းဟု မြလေး တွေး၏။ သို့သော် မြလေးတို့ ရှေ့ရေးအတွက် အလေးအနက် ဆွေးနွေးလာမည့် နေ့ကို စောင့်နေသည့်တိုင် မောင့်နှုတ်မှ ချိုသည် ခါးသည်ဟူ၍ ထွက်မလာတော့ပါချေ။

 

ပတ်ဝန်းကျင်မှ လူ့သတင်း လူချင်းဆောင်ကာ မောင့်အဖြစ်ကို ကြားရသည့်အခါ မြလေး နားကိုပင် မယုံလောက်အောင် အံ့ဩခဲ့ရ လေသည်။

 

မောင်နှင့် မျက်နှာချင်း ဆိုင်နိုင်အောင် စောင့်ဆိုင်း၍ သံသယကို ချေဖျက်နိုင်ရန် ထုချေလွှာ တောင်းခဲ့မိသည်။ သို့သော် မောင်သည် ငြင်းဆိုချက် တစ်စုံတစ်ရာကို မပေးပါ။ အားလုံးကို ခေါင်းညိတ် ဝန်ခံနေသည့် မောင့်ကိုကြည့်ကာ မြလေး ရင်ထုမနာ ဖြစ်မိရလေသည်။

 

“ဘယ်လိုလဲ မောင်၊ မောင်က အားလုံး အမှန်တွေချည်း ဝန်ခံတယ် မြလေး ဘာလုပ်ရမလဲ၊ ဒေါ်ကြီးတို့ သိရင်ကော ဘာပြောကြမလဲ”

 

“သူတို့က မောင့်ကို ဘယ်တုန်းက အကောင်းပြော ခဲ့ကြလို့လဲ။ မောင် အခုလို ဖြစ်ရတာလဲ သူတို့ ပယောဂ မကင်းဘူး၊ အိမ်မှာ ပြဿနာတွေ ရှုပ်လွန်းလို့ စိတ်ချမ်းသာရာ ရှာမိတာပါ”

 

“အိုး ဒီလို ရောမချပါနဲ့ မောင်ရယ်၊ ပြဿနာရှိရင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာ ရမှာပေါ့၊ မောင့်လိုသာ ပြဿနာက လွတ်အောင် စိတ်ချမ်းသာစရာ ရှာရမယ်ဆိုရင် မြလေးတို့ မိန်းမတွေကော”

 

“ဟေ့ မင်းဘာမှ မပြောနဲ့၊ မောင်ဟာ ယောက်ျား၊ ယောက်ျားနဲ့ ယှဉ်ပြီး မပြောနဲ့”

 

“ဪ ယောက်ျားဆိုတော့ ဘာလုပ်လုပ် တင့်တယ်တယ်ပေါ့။ ဟုတ်လား၊ မောင်တို့ ယောက်ျားတွေဟာ ငါ ယောက်ျားပဲ ဆိုတာကို အခွင့်အရေး ယူပြီး ဖောက်ပြန် နေကြတာပေါ့”

 

“ဒီမှာ မြလေး၊ မောင် မြလေး အပေါ်မှာ ဘာများ ဝတ္တရား ပျက်သလဲ။ မောင် မြလေးကိုလဲ မပစ်ဘူး၊ မပစ်နိုင်ဘူး၊ သားတွေ အပေါ်မှာလဲ မောင် သံယောဇဉ် မပြတ်ဘူး၊ အိမ်မှာ အဆင်မပြေလို့ စိတ်ထွေထွေနဲ့ ဖြစ်မိတာပါ မြလေးရယ်”

 

ဘာပဲဖြစ်ဖြစ် ပြဿနာကို အတူတကွ ရင်မဆိုင်ဘဲ ပြဿနာမှ ရုန်းထွက်ကာ တစ်ယောက်တည်း လွတ်မြောက်ရာ ရှာခြင်းသည် အိမ်ထောင်သည် ယောက်ျားကောင်း တစ်ယောက်၏ အပြုအမူ မဟုတ်ဟု မြလေး ယုံကြည်၏။ ပြီးတော့ မောင်တို့ ယောက်ျားများတွင် ကိုယ်ချင်းစာတရား မရှိ။ ကိုယ်ချင်းစာတရား ထားရန်လည်း မလိုအပ်ဟု ယူဆနေသည်မှာ အဆိုးဆုံးတည်း။ မိန်းမတို့သည် မည်သည့် နည်းနှင့်မျှ ဖောက်ပြန်ခွင့် မရှိ။ ဤသည်ကိုပင် ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ဖြင့် ကိုးကားပြဆိုကာ မဟာယောက်ျားကြီး ဝါဒကို ဆုပ်ကိုင်ကြ လေသည်။

 

မြလေးတို့ကလည်း ပြောချင်၏။ မိန်းမတို့တွင် စောင့်စည်းအပ်သော အကျင့်သိက္ခာ ရှိသကဲ့သို့ပင် ယောက်ျားတို့တွင်လည်း တန်ဖိုးထားအပ်သော ဂုဏ်သိက္ခာ မရှိပါပြီလော။ ငါယောက်ျားဟု ထင်တိုင်းကြဲ တတ်ကြသည်ကို ပြစ်တင်ရှုတ်ချမည့် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများ မရှိပါပြီလော။

 

ဖြစ်ပြီးခဲ့သမျှ ပြဿနာ အားလုံးသည် အလွန်အမင်း သေးနုပ်သိမ်ငယ် သွားကုန်ကြ လေသည်။ မိန်းမတစ်ယောက် အတွက် လင်သားရဲ့ မေတ္တာကို လက်လွတ် ဆုံးရှုံးရခြင်းသည် တစ်လောကလုံးတွင် အကြီးမားဆုံးသော မဟာဒုက္ခကြီးပင် ဖြစ်လိမ့်ထင်၏။

မောင်ကတော့ ဆင်ခြေဆင်လက်ကို ခိုင်လုံစွာပင် ပေးဆဲ ဖြစ်လေသည်။

 

“မောင့်ကို ခွင့်လွှတ်ပါ မြလေးရယ်၊ မောင် မြလေးကိုပဲ ချစ်ပါတယ်။ မြလေးအပေါ် ထားတဲ့ မေတ္တာ လျော့မသွားပါဘူး”

 

“ဒီလိုဆိုတော့ ဟိုမိန်းကလေးကို မောင် မချစ်ဘူးပေါ့၊ ဒီလိုလား”

 

“ပြောပြီးပြီကော၊ မောင် မြလေးကိုပဲ ချစ်တာပါ၊ အိမ်မှာ စိတ်ညစ်စရာ ကြုံတုန်းမို့ စိတ်ဖြေရာ ရှာကြံရင်း ဖြစ်သွားရတာပါ၊ ဒီအတွက်တော့ မောင်တို့ အိမ်ထောင်ရေးကို အပျက်မခံ ပါရစေနဲ့”

 

တစ်ဖက်မှ မိန်းကလေး ကြားလျှင်တော့ မည်သို့ ရှိချေမည် မသိ။ မြလေး စိတ်ကမူ ကောင်းစွာ မကျေနပ်သေး။ ယောက်ျား တစ်ယောက်ကို အဘယ်မိန်းမသည် မျှဝေ၍ ချစ်နိုင်ပါသလဲ။ ယောက်ျားကောင်း မောင်းမတစ်ထောင်ဟူသော ဆောင်ပုဒ်ဖြင့် ခွင့်လွှတ် နားလည်တတ်သော မိန်းမမျိုး ရှိပါလျှင် ထိုမိန်းမကို မြလေးက အသည်းနှလုံး မရှိသော မိန်းမအဖြစ် မော်ကွန်းထိုး လို၏။ မြလေးတွင် ထိုမျှ သဘောထားကြီးသော အသည်းနှလုံး မရှိပေ။

 

“ပြီးခဲ့တာတွေ ကိုတော့ ခွင့်မလွှတ် ချင်ပေမယ့် ခွင့်လွှတ် ရတော့မှာပဲ။ နောင်ကို မဆက်သွယ် ပါဘူးလို့ မြလေးကို ကတိပေးပါ မောင်ရယ်”

 

မောင်သည် ခေါင်းကို သွက်သွက်ညိတ်ပြ လေသည်။ သို့သော် မြလေး၏ ရင်တွင် မည်သည့် သောကမီးနှင့် မတူသော အပူမီးသည် အရှိန်တညီးညီး တောက်လောင်ခဲ့ရ ချေပြီတည်း။

 

* * *

 

မိန်းမ စာဆိုများသည် အဘယ်ကြောင့် ယောက်ျားသားတို့၏ အချစ်ကို မျှော်ကိုး တောင့်တသော ကဗျာ လင်္ကာများကို ဖွဲ့ဆိုသီကြွေး ခဲ့ရပါသလဲ။ မိန်းမသားတို့ အဖို့တွင် ယောက်ျားတို့၏ အချစ်ရေးထက် အရေးကြီးသော အရာသည် မရှိပြီလော။

ဘာကြောင့်များ မိမိတို့ဘဝကို မိန်းမတို့အပေါ် အထင်သေး နှိမ်ချတတ်သော၊ ပစ်ပယ် စိမ်းကားတတ်သော၊ အရာမသွင်းချင်သော ယောက်ျားများထံတွင် အပ်နှံလုပ်ကြွေး ကြရပါသနည်း။

 

မိန်းမတို့၏ တန်းတူ အခွင့်အရေး တောင်းဆိုမှုများသည် ယောက်ျားသားများ၏ ရှေ့မှောက်တွင် ထမင်းပွဲများ၊ သားချော့တေးများ၊ အလှအပ တန်ဆာများ အဖြစ် ပြောင်းလဲဝပ်ဆင်း သွားကြလေသည်။ လူမှုရေးရာ တိုက်ပွဲများတွင်သာ မိန်းမတို့ အောင်ပွဲဆင် နိုင်မည်၊ နှလုံးသားရေးရာ တွင်တော့ မည်သည့်အခါမှ အောင်ပွဲဆင် နိုင်မည်မသိ။ ယောက်ျားသားမို့ ဘာမဆို တင့်တယ်သည် ဟူသော ဝါဒကို ဒိုင်းသဖွယ် ကာဆီးထားသမျှ မိန်းမတို့၏ လေးမြား လက်နက်တို့သည့် ပျော့ညွတ် ကောက်ကွေးကာ ခြေတော်ရင်းတွင်သာ ခစားကြရ ပေတော့မည် ထင်၏။

 

မိမိကိုသာ တကယ်ချစ်တာပါ ဆိုသော်လည်း တစ်ဖက်သားနှင့် ကြည်ဖြူလက်တွဲ နေခြင်းကို မည်သည့် နည်းနှင့်မျှ မြလေး ခွင့်မလွှတ်နိုင်။ ယောက်ျားဘက်ကမို့ အရှုံးမရှိဟု ဆိုခြင်းကိုလည်း မြလေး လက်မခံနိုင်။ ကိုယ့်ချစ်သူကို တစ်ပါးသူက ချစ်ကြည် ရွှင်မြူးနေသည် ဆိုလျှင်ပင် အရှုံးတကာ့ အရှုံးဟု မြလေး တွက်ဆ၏။

 

ထို့ကြောင့်လည်း မောင့်နောက်ကို အရိပ်ပမာ လိုက်ပါ စုံစမ်းမိ၏။ လက်လှမ်းမီသမျှ အပေါင်းအသင်းများ ကိုလည်း မောင့်သတင်းကို ပါးစေ၏။ မြလေး အဖြစ်က စုံနံ့သာမြိုင်မှာ ရှာပုံဖွင့်ရသည့် လင်တရူးမသဖွယ် ဖြစ်ရချေပြီ။

မောင့်အပေါ် အပြစ်မြင်တတ်သော ဒေါ်ကြီး ဒေါ်လေးတို့သည် သည်ပွဲတွင် မျက်ခြည်ပြတ် သွားလေသည်။ အပူရုပ်ကို ဟန်လုပ် ဖုံးနေသော မြလေးကို ကြည့်ကာ “သိပ်လဲ သောကရောက် မနေပါနဲ့အေ၊ ညည်းတို့ချည်း နေဖို့ မတတ်နိုင်ရင်လဲ ဒီမှာပဲ နေပေါ့၊ တစ်နေ့ကျ ညည်းတို့ပစ္စည်း ပါပဲ။ ခုလဲ မောင်မြင့်ဦးက အရင်လို မဟုတ်တော့ပါဘူး” ဟု ဖျောင်းဖျ ကြလေသည်။ တကယ်တမ်း “မောင် အရင်လို မဟုတ်သည့် အဖြစ်” ကို ဒေါ်ကြီးတို့ မသိ။ မြလေး ရင်ဝယ် နေဆယ်စင်းနှယ် ပူရသည့် အဖြစ်ကို မြလေးသည် ကြိတ်မှိတ် ခံရလေသည်။

 

သူ့ကို ဂရုစိုက်နေမှန်း သိ၍ မောင့် ခြေလှမ်းများသည် မူမှန်လာကြ ပြန်လေသည်။ တစ်ခါတစ်ရံ မြလေးက အစိုးရိမ်ပိုကာ စူးစမ်းမိသည်ကို မောင်သိလျှင် ပြုံး၍ ရယ်၍ ရွှင်မပျက် ပြောသေး၏။

 

“မြလေးကလဲ မောင် မဆက်သွယ်တော့ ပါဘူးလို့ ပြောပြီးမှပဲ”

 

သို့သော် အပူသည်မ မမြလေးသည် ဘုရားကိုပင် လောကီတွင်းသို့ ပင့်ဆောင်ကာ ဦးတိုက် လျှောက်ထားမိ၏။

 

“ဘုရား တပည့်တော်မသည် သည်လင် သည်သားနှင့် စိတ်ချမ်းသာစွာ အိုအောင် မင်းအောင် ပေါင်းရပါစေ ဘုရား”

 

* * *

 

မြလေး စိတ်ဆင်းရဲမှာ စိုးလို့ဟူ၍ ထိန်ချန် ထားကြသော သတင်းအစအန များသည် ပေါက်ကွဲ ပျံ့လွင့် လာကြပြန် လေသည်။

 

“မြလေးလူတော့ ဆေးမိနေပြီ ထင်ပါရဲ့ကွယ်၊ ခုဆိုရင် သူတို့က ပြောင်ပြောင်တင်းတင်းပဲ ဆရာ၊ တန်တော့ ကိုယ်ထင်တာ သူတို့ ညားနေကြပြီလား မသိဘူး”

အကျိုးကို လို၍ ပြောသည်လား၊ အကျိုးမဲ့သည်ကို မြင်၍ ပြောသည်လား မြလေး မခွဲခြားတော့။ တစ်လောကလုံးရှိ လူအားလုံးကိုပင် အားကိုးအားထား ပြုရတော့မည်သို့ ရှိချေလေသည်။ မောင် ရုံးမှ ခွင့် ခဏခဏ ယူသည်ကိုလည်း သိရ၏။ မောင်တို့ သွားတတ် လာတတ်သည့် နေရာများကိုပင် မျက်စိနှင့် တပ်အပ်မြင်သူက ပြောပြလေပြီ။ မောင်ကမူ ဟန်မပျက်။ အချိန်တန်လျှင် အိမ်ပြန်လာဆဲ ဒေါ်ကြီး ဒေါ်လေးတို့ကိုလည်း ကလန်ကဆန် မပြုဘဲ တည်ငြိမ် အေးဆေးစွာ အခန်းထဲ ဝင်ခဲ့စမြဲ။ “ကိုယ့်ဘက်က ဘာမှ ဆူဆူပူပူ မလုပ်နဲ့၊ ကိုယ်လဲ မိန်းမပဲ၊ ကိုယ့်ဘက်ပါအောင် ပြန်ဆွဲ” ဟူသော ဩဝါဒများ ကိုလည်း ဟုတ်လိမ့်နိုးနိုး ထင်ကာ မောင့်ကို စကားမာမာပင် မပြောဝံ့။ ဟုတ်သည် မှန်သည်၊ ဓာတ်ရိုက် ဓာတ်ဆင် ကောင်းသည်ဟူသော ဗေဒဝိဇ္ဇာ အကျော်အမော်တို့ နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့ရပြီ။ မောင်သည်ကား လေကလေး တမြမြချွန်ကာ ဣနြေ္ဒကောင်း၍ နေလေ၏။

 

သို့သော် မောင့်ကို မတွေ့ချင် မြင်ပါလျက်သား ရင်ဆိုင် တိုးခဲ့ရသည့် အဖြစ်ကို မေ့နိုင်စရာပင် မရှိ။ အကြားနှင့်ပင် ရင်တသိမ့်သိမ့် တုန်အောင် နာကျည်းပူဆွေး ခဲ့ရပါလျက် မျက်စိနှင့် မြင်ရသည်ကို အဘယ်သို့လျှင် မတုန်လှုပ်ပဲ နေနိုင်ပါမည်နည်း။ တစ်လောကလုံးသည် ကျွမ်းထိုးမှောက်ခုံ ဖြစ်ကာ အရာရာသည် မောင်မှတစ်ပါး မှုန်ဝါးပျောက်ကွယ် သွားလေသည်။

 

မည်သို့ ပြုမူလိုက်သည်ကိုပင် သတိမထားမိ။ မောင့်လက်မောင်း အစုံကို ဆုပ်ကိုင်မိမှ “ဒါက ဘယ်လိုလဲ” ဟု အစီအစဉ်မရှိ နှုတ်မှ ထွက်သွားမိသည်။ မောင်သည် တစ်ဖက်လူကို လက်တွဲဖြုတ်ခဲ့ကာ မြလေးကို အထိတ်တလန့် ရင်ဆိုင်လိုက် လေသည်။

“ဟို အဲ မြလေးကလဲ ဈေးလယ်ခေါင်ကြီးမှာ၊ လာလာ ဒီဘက်က ပြန်ကြမယ်”

 

မောင့် အမူအရာကတော့ အကယ်ဒမီ ရှုံးလောက်ပါရဲ့။

 

ဟို မိန်းကလေးကမူ မြေကြီးနှင့် ဖဝါးပင် ထိပါတော့၏လား မသိ။ အပြေးတစ်ပိုင်း ထွက်ခွါ ပျောက်ကွယ် သွားသည်။ မြလေး ရင်ကမူ တုန်နေ ခုန်နေဆဲ။ မောင် ဆွဲခေါ်ရာ နောက်သို့ လိုက်ပါ လာရပေမယ့် ခြေလှမ်းများကို ခိုင်ခိုင်လှမ်း၍ မရ။ အသည်းနှလုံးကို ဆွဲနှုတ် ခံလိုက်ရ သည်သို့သာ ရှိချေသည်။

 

“မောင် သိပ်ရက်စက်တယ်၊ မောင့်စကားကို မြလေး ယုံခဲ့တာ မှားတာပဲ၊ မထူးတော့ပါဘူး မောင်ရယ် မြလေးတို့ လမ်းခွဲကြတာပဲ အေးပါတယ်။ ဒီအတိုင်းတော့ မြလေး မနေနိုင်ဘူး၊ စိတ်ဆင်းရဲတယ်”

 

လမ်းခွဲစကားကို ဆိုသူကပင် မောင့်ရင်ခွင်တွင် ချုံးချ၍ ငိုကြွေးမိ၏။ ယခုတော့ မောင်သည် ကတိစကား တစ်လုံးကိုပင် ရဲရဲပေးပြန်ပါ လေပြီ။

 

“ဟောဒီမှာကြည့် မောင် ရေးတဲ့စာ၊ မြလေးကိုယ်တိုင် သွားထည့်ပေတော့”

 

“ဟင့်အင်း ဟင့်အင်း မယုံဘူး၊ စာထည့် လိုက်ပေမယ့် မောင်တို့ချင်း အချိန်မရွေး ဆက်သွယ်လို့ ရတာပဲ”

 

“မဆက်သွယ်ပါဘူး မြလေးရယ်၊ မယုံရင်လေ မောင် ရုံးကခွင့် ယူထားမယ်၊ ခရီးထွက်မလား၊ မောင်တို့ မော်လမြိုင်ကို သွားကြမယ်”

 

တဒင်္ဂအားဖြင့်တော့ ယုံစားလိုက်မိ ပြန်လေသည်။ “မော်လမြိုင် သွားရင် လေယာဉ်နဲ့တော့ မသွားချင်ဘူး၊ ကျပ်ချင် ကျပ်ပစေ၊ ရထားနဲ့ပဲ သွားမယ်”

 

“မြလေးကလဲကွာ”

 

မိန်းမတို့၏ မျက်ရည်သည် ခန်းခြောက် လွယ်လွန်းလေစွ။

 

* * *

 

ကိုယ့်ပစ္စည်းကို ကိုယ်ပြန်လည် ရယူခြင်းကိုပင် ကြီးစွာသော လာဘ်ကြီး တစ်ခုကဲ့သို့ ကြည်နူး ပြုံးပျော်ခြင်း ဖြစ်ရပြန် လေသည်။

 

သို့သော် လူ့ခန္ဓာကိုယ်ကိုသာ ချုပ်ကိုင် တားဆီးခြင်းငှါ စွမ်းနိုင်လျက် စိတ်အစဉ်ကို မည်သူသည် လိုက်လံစုစည်း နိုင်ပါမည်နည်း။ မိသားစုနှင့် အတူ ပျော်ရွှင် ကြည်နူးဟန်နှင့် မောင်တစ်ယောက် ဟန်ဆောင်မည်မျှ ကောင်းစေကာမူ မောင့်မျက်လုံးများ၏ အနက်အရှိုင်းကို မှန်းဆရ ခက်လှ၏။ မောင့်အတွေး မောင့်ရင်တွင်းသို့ အခြားတစ်ပါးသော မိန်းမသည် မည်မျှ ကျယ်ပြန့်စွာ ထိုးထွင်းဝင်ရောက် နေမည်ကို မသိနိုင်ချေ။

 

ယောက်ျားတို့သည်ကား ဟန်ဆောင်ကောင်း၏။ အမြော်အမြင်လည်း ကြီးပေ၏။ သို့မို့ကြောင့်လည်း တစ်စုံတစ်ခုသော အကြောင်းအရာမျှဖြင့် သားသမီး သံယောဇဉ်၊ ဇနီး သံယောဇဉ်ကို ဖြတ်မပစ်ကြ။ မိုက်မဲသူတို့သာလျှင် အိမ်ထောင်ကို နှစ်ခါပြုသည်ဟု မောင်တို့ ဆိုစမှတ် ပြုကြ၏။ သူတို့၏ တွေးခေါ် မြော်မြင်ချက်ကား မှန်ကန်သည်ဟု ဆိုနိုင်သည်နှင့်အမျှ ကြောက်မက်ဖွယ်လည်း ကောင်းလှပေ၏။

 

သို့သော် မိန်းမတို့၏ သေးနုတ် သိမ်ဖျင်းသည်ဟု သတ်မှတ်သော ဉာဏ်ပရိယာယ် သည်ပင် ၄င်းတို့၏ သဘောတရားရေးရာ မှတ်ကျောက်များကို အမီ မလိုက်နိုင်ပါချေ။ ပြဿနာတွင်းမှ ရုန်းထွက်ကာ ပြဿနာသစ် တစ်ရပ်ကို ပွါးစေခဲ့သည် မှန်ပါလျက် ပြဿနာကို ကျင်လည်စွာပင် ကိုင်တွယ်တတ် ချေသည်။

မောင်တစ်ယောက် ဇနီးနှင့် သားများကို ချွေးသိပ်ကာ စိတ်အပန်းဖြေရာ နောက်ကို နောက်တစ်ခေါက် ပြန်မကျော့ဘူးဟု မည်သို့လျှင် ယုံစားရပါနည်း။ မိန်းမဉာဏ်နှင့်ပင် တတ်သမျှ မှတ်သမျှ ကြိုးပမ်း တားဆီးခဲ့သည် မှန်သော်လည်း တစ်ဖက်မှ မိန်းကလေး သည်လည်း မောင့်ကို အရူးအမူး စွဲလမ်းတသ နေသူမို့ မျှော်လင့် နေဦးမည်သာ။ တစ်ချိန်တစ်ခါက မောင့်ကို မိန်းမတွေ ကျလောက်တဲ့ ရုပ်မျိုးဟု ချီးကျူး အမွှန်းတင်မိ ခဲ့သည်ကိုပင် နောင်တရ နေလေသည်။ မောင်သည် မိန်းမတို့၏ သော့ချက်ကို သိနေပြီတည်း။ မိန်းမတို့သည် ယောက်ျားများလောက် အတွေးအခေါ် မရှိဟူသော သဘောတရားကို မောင် ကောင်းစွာ ကြေညက် နေလေပြီ။

 

ရုပ်ရည်ကို အားကိုးကာ အချစ်ကို ဖမ်းစားတတ်သော မိန်းမတို့ကို အကျင့်ပျက် မိန်းမဟု လူ့စည်းကမ်းက သတ်မှတ်ပါလျက် မိန်းမတို့၏ ပျော့ညံ့ချက်ကို ကိုင်၍ အချစ်ကို ရောင်းစားတတ်သော ယောက်ျားတို့ကိုမူ လူ့လောကကြီးသည် ဥပေက္ခာ ပြုထားလေ၏။ ကြည်ဖြူခွင့်လွှတ် ထားလေ၏။

 

မည်သို့ပင်ဖြစ်စေ ယဉ်ကျေးမှု အစဉ်အလာ အရ အိမ်ထောင် တစ်ခုကို မပျက်ပြယ် စေလိုသော ဆန္ဒတွင်မူ မောင်ရော မြလေးပါ တူညီစွာ ထားရှိမိကြ၏။ ထို့ကြောင့်လည်း သားနှစ်ယောက်၏ အနာဂတ်နှင့်အတူ မြလေးတို့ အိမ်ထောင်ရေးသည် ခရီးဆက်ရ ပေဦးမည်။

 

ကျိုက္ခမီ သောင်ကမ်းမှ ပင်လယ်လှိုင်း များသည် မောင့်ဆီမှ စိတ်တေလေကို ဆောင်ယူကာ အပြောကျယ်သော ပင်လယ်တွင်းသို့ ပို့ပေး နေလေသည်။ ကမ်းပါးကို ရိုက်ခတ်လာသော လှိုင်းများနှင့်အတူ မောင့်ကို ပြန်လည် ခေါ်ယူမိ၏။

 

မောင့် စိတ်၊ မောင့် အပြုအမူ၊ မောင့် ယုံကြည်ချက်တွေ မပြတ်သား သေးသမျှ မြလေး မောရချေဦးမည်။ မောင့်အချစ်နှင့် ခန္ဓာကိုယ်ပါ အတူတကွ ပြန်လည်ရယူ ပိုင်ဆိုင်ရေးအတွက် မြလေး ကြိုးစားရဦးမည်။

 

သားနှစ်ယောက်၏ အနာဂတ်တွင် မိဘမေတ္တာ စုံလင် ပြည့်ဝစွာဖြင့် သာတောင့်သာယာ ရှိမည် ဆိုပါလျှင် မြလေး၏ အလိုဆန္ဒ အားလုံး ပြည့်စုံချေပြီ တကား။

 

* * *

(၃)

 

တစ်ခါတစ်ရံ တစ်စုံတစ်ယောက်၏ ဖောက်ပြန် တွေဝေမှုသည် အခြား တစ်ယောက် မကသော လူများကို သောက ဗျာပါဒဖြင့် လောင်မြိုက် ပူဆွေးစေ၏။

 

မိုးမိုး(အင်းလျား)