မြွေကြီးရွှေဘုတ်နှင့် ကျွန်တော်

မြွေကြီးရွှေဘုတ်နှင့် ကျွန်တော်
(၁)
စိတ်ကသာ ရှိနေသော်လည်း ကိုယ်ခန္ဓာက အသက်အရွယ်ကလေးကြောင့် မလိုက်နိုင်တော့သလို မျက်စိအမြင်အားနှင့် စိတ်တည်ငြိမ်မှုတို့က လျော့ရဲလာသည်။
လေ့ကျင့်မှုကလည်း ကျဲပါးခဲ့သဖြင့် လက်မှန်း (လက်ဆ) တို့က သိပ်မတည့်ချင်။
လျှောက်လှမ်းခဲ့ရသော ခရီးတို့ကလည်း ဝေးလံလှသလို သည်တောင်မကြီးဆီသို့ အရလုတက်နိုင်ပါမှ ဟိုမှာဘက်ရှိ ရိုးမတောကြီးနှင့် ဆက်စပ်နေသော တောင်ခြေမြေပြင်တွင် သားကောင်များကို ပစ်ခတ် ရရှိမှာမို့ တက်ရောက်လာခဲ့ကြခြင်းပင်။
တောင်နှုတ်ခမ်း၊ လူသွားလမ်းမှ တက်ရောက်ခဲ့ကြသည်မို့ လမ်းသာသော်လည်း ပင်ပန်းမောဟိုက်သည့်ဒဏ်ကိုတော့ အလူးအလိမ့် ခံရသည်။
တောင်မကြီးပေါ် ရောက်ရှိကြတော့ တစ်ပြန့်တစ်ပြောနှင့် အောက်ခြေမြေပြင်တွင် သစ်ရိုင်းတောကြီးကို လှမ်း၍ မြင်တွေ့နေရသည်က အတိုင်းသား။
တောင်ကမ်းပါးယံထိပ်မှ တောင်ခြေ မြေနိမ့်ပိုင်းကို လှမ်းကြည့်လိုက်တော့ မြက်ခင်းပြင်ပေါ်တွင် သားကောင်တချို့ကို အေးဆေးစွာပင် မြက်နုများကို ခေါင်းငုံ့စားနေကြသည်ကို တွေ့မြင်လိုက်ကြရပေသည်။
ရွာခံမုဆိုး ထွန်းတင်က အပေါ်စီးမှ လှမ်းပစ်ခတ်ရန် သတိပေးနေသဖြင့် တောင်ထိပ်အထက်စီးဆီမှ မြေပြင်ပေါ်ရှိ သားကောင်များကို ပစ်ခတ်နိုင်ရန် ဗိုက်ကပ် ဝမ်းလျားမှောက်လျက် အောက်ခြေ သားကောင် များရှိရာဆီသို့ ကိုင်ဆောင်ထားသော ဒသမ (၁၃. ၁၃) ဝင်ချက်စတာရိုင်ဖယ်နှင့် သားကောင်များကို လိုက်လံချိန်ရွယ်နေသော်လည်း အမောတို့က မပြေနိုင်သေး၊ ချိန်သားမကိုက်သဖြင့် ချိန်လို့က မရသေး။
သေနတ်ကို ဘေးသို့ အသာချလျက် မြေပြင်တွင် ပက်လက်လှန်ကာ ဝင်သက်ထွက်သက်ကို ပုံမှန်အနေအထားသို့ ရောက်ရှိသွားစေရန် အမောဖြေရင်း စောင့်စားနေလိုက်မိပေသည်။
ထွန်းတင်က ကျွန်တော့်ဘေးတွင် ထိုင်လျက်မှ ကျွန်တော့်ကို ငုံ့ကြည့်ရင်း သက်ပြင်းမောတို့ကို ရှိုက်ထုတ်ကာ အတော်ပင် စိတ်ပျက်သွားပုံ ရနေသည်။
ခုန်နေသော ရင်အစုံ အနည်းငယ် ငြိမ်သွားတော့မှ သေနတ်ကို ကောက်ယူလိုက်ပြီး အောက်ခြေမြေပြင်ရှိ သားကောင်များကို ကြည့်လိုက်ရာ နီညိုရောင်အမွေးများနှင့် ဦးချိုချထားသည့် ကြီးမားသည့် ဆတ်ကြီးတစ်ကောင်၊ ဆတ်မတစ်ကောင်နှင့် ယိုင်နဲ့စွာ နောက်မှလိုက်နေသော ဆတ်သားပေါက်ကလေးတို့ မိသားစုအုပ်ပင်။ သားပေါက်ကလေးမှာ အလွန်ဆုံးရှိပါမှ ရက်သားကလေးပင်။
ဦးချိုချထားသဖြင့် နောက်ထပ် ထွက်နေသော ဦးချိုက တစ်မိုက်ခန့်။ မက်လောက်စရာမို့ ဆတ်ဖိုကြီးကို ရှေ့ချိန်သီး၊ နောက်ချိန်ခွက်တို့ တစ်တန်းတည်းအရောက် လက်ညှိုးက သေနတ်၏ မောင်းခလုတ် ထရေကာ (Tracker) ကို ဆွဲညှစ်တော့မည် လုပ်နေရင်းမှ နောက်က ယိုင်နဲ့စွာနှင့် လိုက်နေသော ဆတ်ပေါက်ကလေးကြောင့် ပစ်ခတ်ရန် ချီတုံချတုံဖြစ်နေစဉ်အတွင်း ဆတ်အုပ်မိသားစုနောက် မြက်ခင်းပြင်အဆုံး တောစအတွင်းမှ အဝါတွင် အနက် အစက်အစက် အကွက်ကြီးများ ရောပြွမ်းထားသော တွားသွားသတ္တဝါကြီးတစ်ကောင်က ‘ဗျော’ ခနဲ အရှိန်အဟုန်ပြင်းစွာနှင့် တိုးထွက်လာကာ ဆတ်အုပ်ရှိရာဆီသို့ ဦးတည်တိုးထွက်လာသည်ကို အပေါ်စီးမှ လှမ်းမြင်လိုက်ရသလို ဆတ်ကြီးနှစ်ကောင်က ထိုအသံကြီးကြောင့် အထိတ်တလန့်နှင့် အသံကြားလိုက်ရာဆီသို့ သမင်လည်ပြန် လှည့်ကြည့်လိုက်ရင်း နေရာမှ ရုတ်ခြည်းထွက်ပြေးသွားကြပေတော့သည်။
ချည့်နဲ့စွာနှင့် နောက်မှလိုက်ပါရသော ဆတ်ပေါက်ကလေးကား ကြီးမားသော အကောင်ရှည်ကြီးမှ လှမ်းယူထိုးဟပ် ရစ်ပတ်နေသဖြင့် ငယ်သံငယ်ရင်းပါအောင် အသံနက်ကလေးနှင့် အော်ဟစ်နေသံကို အတိုင်းသား ကြားနေရပေတော့သည်။
“ဟာ … မြွေကြီးရွှေဘုတ်ပါလား။ မပစ်လိုက်နဲ့ … မပစ်နဲ့”
ရွာခံမုဆိုး ထွန်းတင် နှုတ်ဖျားမှ တအံ့တသြ ထွက်ပေါ်လာသံနှင့်အတူ ပစ်လိုက်မှာကို စိုးရိမ်စိတ်ကြောင့် တားဆီးလိုက်သံက ပေါ်ထွက်လာပေသည်။
မြွေကြီးမှာ ဆတ်ပေါက်ကလေးကို ကိုက်ထားရာမှ ရစ်ပတ်လိမ်ညှစ် ဆွဲဆန့်လိုက်သည့်အတွက် ရှည်မျောမျောဖြစ်သွားသည့်သဏ္ဌာန်ကို သူ၏ ပါးစပ်ကြီးအတွင်းမှ ချွဲသလိပ်များကို ဆတ်ကလေးကိုယ်ပေါ် အန်ထုတ်လိုက်၍ ဦးခေါင်းပိုင်းမှ စတင်မျိုနေသည်ကို အံ့သြဖွယ် တွေ့မြင်လိုက်ရပေတော့သည်။
မြွေကြီးကား ဆတ်ကောင်ငယ်လေးကို ခေါင်းပိုင်းမှ စတင်ကာ တဖြည်းဖြည်း မျိုနေသည်ကို တွေ့လိုက်ရသလို ရုတ်တရက် ထိတ်လန့် ကြောက်ရွံ့စွာ ထွက်ပြေးသွားကြသော မိခင်၊ ဖခင် ဆတ်မောင်နှံမှာ ပြေးလွှားနေရင်းမှ သူတို့၏သားငယ်ကို ကိုက်ခဲသတ်ဖြတ် မျိုနေသော မြွေကြီးကို တုံ့ခနဲ ရပ်တန့်လိုက်ကြပြီး နောက်သို့ပြန်လှည့်ကာ ရှေ့လက်နှစ်ဖက်ကိုထောင်၍ ပတတ်ရပ်လိုက်ကြရင်း မြွေကြီး၏ ဦးခေါင်းနှင့် လည်တိုင်တို့ကို ထိုးစိုက်ခုတ်ချလိုက်ရင်း ဆင့်ကာဆင့်ကာ ခုန်ပေါက် နင်းခြေ ကလဲ့စားချေနေသည်ကို အံ့သြထိတ်လန့်ဖွယ်ရာ တွေ့မြင်နေလိုက်ရပေတော့သည်။
မြွေကြီးမှာ စပါးကြီးမြွေမို့ ဆတ်ကောင်ငယ်ကလေးကို မျိုထားသဖြင့် မလှုပ်ရှားနိုင်တော့သည့်ကြားမှ ဆတ်မောင်နှံ၏ ခွာစုံပစ်လျက် ခုန်ပေါက်နင်းခြေ တိုက်ခိုက်နေမှုကို အလူးအလိမ့် ခံစားနေရင်းမှ သူ၏ ခန္ဓာကိုယ်ကြီးကို မူလဝင်ရောက်လာရာ တောချုံကြီးဆီ လျှပ်တစ်ပြက် ဆန့်ထုတ်လိုက်ရင်း လျင်မြန်စွာတိုးဝင်သွားနေသည့်နောက်သို့ ဆတ်မောင်နှံတို့က ဆက်လက်တိုက်ခိုက်ဖို့အတွက် ပြေးလိုက်သွားကြပေတော့သည်။
(၂)
ရေသိုးကျေးရွာ. . .။
ရှမ်းရွာကလေး တစ်ရွာဖြစ်ပြီး ရန်ကုန်မှ တိုက်ကြီးမရောက်မီ မြောင်းတကာကိုကျော်၍ ဂျိုးဖြူကန်ဘေးရှိ ရွာကလေးတစ်ရွာပင်။ (တိုက်ကြီးနောက်ကျောဆီ)
ရေသိုးရွာကလေးကား မြွေဟောက်တောင်ခြေရင်းတွင်ရှိသော ရွာကလေးပင်။ ရှမ်းလူမျိုးများ အခြေချ နေထိုင်ကြသည်။ အဓိကလုပ်ငန်းမှာ သစ္စာပန်း စိုက်ပျိုးရောင်းချခြင်း၊ သံပရာနှင့် ကီလိုမာလကာ
ခြံများကြောင့် နာမည်ကြီးသော ရွာကလေး။
ပဲခူးရိုးမတောကြီးနှင့် နီးကပ်သည်မို့ အမဲလိုက်ခြင်းလုပ်ငန်းဖြင့် အသက်မွေးကြသူများလည်း ရှိကြသည်။
ချေသေတစ်ကောင်ကို လည်ပင်းတွင် ကြိုးကွင်းစွပ်လျက် သစ်ကိုင်းတွင်ချိတ်ဆွဲကာ အရေချဖို့ စိုင်းပြင်းနေသော ဉာဏ်ကျယ်ကို ဘကြီးကောင်းက လှမ်းပြောလိုက်သည်။
“ငဉာဏ်. . . ချေသည်းခြေကို လွှင့်မပစ်နဲ့ ။ ငါ ဖျားချင်သလို ဖြစ်နေလို့ အရက်နဲ့ စိမ်သောက်ဖို့ ငါ့ကိုပေး”
“ဟုတ်ကဲ့ အဘကောင်း”
ဉာဏ်ကျယ် အဖြေကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် နေရာတကာ စွာကျယ်ကျယ်နှင့် လူလည်အင်မတန်လုပ်တတ်သော အငယ်ဆုံးမုဆိုးလေးကို ဝါရင့်မုဆိုးက ပညာပေးတော့မည်မှန်းကို ကျွန်တော် ကြိုသိနေသောကြောင့်ပင်။
ချေကို အရေချပြီး ဝမ်းတွင်းသားများကို ဖောက်ထုတ်၍ “ချေးခါး” ထုတ်ဖို့ စီစဉ်သူက စီစဉ်နေသလို ဉာဏ်ကျယ်က ဝမ်းတွင်းသားများထဲမှ ချေသည်းခြေကို ရှာဖွေနေသည်ကို ဘကြီးကောင်းက အဖန်ရည်သောက်ရင်း ပြုံးပြုံးကြီးနှင့် ကြည့်နေသည်ကို မြင်နေရသည်။
ချွေးတလုံးလုံးဖြင့် သည်းခြေ ရှာမတွေ့သော ဉာဏ်ကျယ့်ထံမှ. ..
“သည်းခြေရှာလို့မတွေ့ဘူး အဘရဲ့။ ပေါက်များသွားသလား မသိဘူး”
“မင်း ချေသည်းခြေကို ဘယ်မှာရှာနေတာလဲ”
“နှလုံးနားမှာ သည်းခြေရှိမယ်လေ။ ဒါကြောင့် နှလုံးသားနား ရှာတာပေါ့”
“မင်း ရူးနေသလား။ ချေ သည်းခြေက နေ့ဘက်မှာဆိုရင် ခွာကြားထဲမှာ နေတာ။ ဒါကြောင့် ရှေ့လက်နှစ်ဖက်နဲ့ နောက်ခွာကြားတွေမှာ ပြန်ရှာစမ်း။ မုဆိုးတဲ့ကွာ. . . သောက်သုံးက လုံးဝမကျဘူး”
“ဟုတ်ကဲ့အဘ. . . ဟုတ်ကဲ့”
ဉာဏ်ကျယ်ကား ချေသည်းခြေကို ရှေ့လက်နှင့် နောက်ခွာကြားတို့များကြားတွင် ထပ်၍ရှာနေပြန်သည်ကို ကြည့်နေရင်းမှ ရယ်ချင်လွန်းသဖြင့် သူတို့အနီးမှ ထွက်ရန်ပြင်လိုက်စဉ်
“အဘကောင်းပြောတဲ့ ခွာကြားထဲမှာလည်း ရှာလို့မတွေ့ပြန်ဘူး အဘရဲ့”
“အေး. . . သေသေချာချာ ထပ်ရှာစမ်းပါဦး။ တဆေးနဲ့ သုံးမလို့ပါ ဆိုနေမှ”
ဉာဏ်ကျယ်ကား ခြေထောက်နှင့် လက်များကို အဆစ်မှ ဖြတ်လိုက်ကာ ဓားနှင့်ပင် လှီးဖြတ်ရှာဖွေနေသည်ကို တွေ့လိုက်ရသဖြင့် ကျွန်တော် ရယ်မောချလိုက်ပေတော့သည်။
ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေသော ဉာဏ်ကျယ်ကို အဘကောင်းက. . .
“ဒီအဖွဲ့မှာ မင်း အသက်အငယ်ဆုံး။ ပြောလိုက်ရင်လည်း လေကြီးမိုးကြီးပဲ။ ဘယ်သူ့ကိုဖြစ်ဖြစ် မင်း အလျှော့ပေးတာ တစ်ခု မတွေ့ရဘူး။ မရှိတာကို အရှာခိုင်းလိုက်တာ မင်း ရှာနေကတည်းက မင်းအရည်အချင်းကို မင်း သိဖို့ကောင်းတယ်။ မှတ်ထား. . . နောင် လူကြီးတွေကို ဘယ်တော့မှ မစော်ကားနဲ့။ ချေ ဆိုတာ သည်းခြေ မရှိဘူးကွ”
အဘကောင်းကား ဉာဏ်ကျယ်၏ နောက်ပြောင်ကျီစယ်မှုဒဏ်ကို ခံရသည်မှာ များနေပြီမို့ ပညာသားပါပါ အချက်ကျကျနှင့် ပညာပေးလိုက်သည်ကို ဉာဏ်ကျယ် သဘောပေါက်သွားသဖြင့် စကားသံ မထွက်တော့။
အာလူးက. . .
“အဘကောင်းကို ကျေးဇူးတင်ပါတယ်။ ခုမှပဲ ချေမှာ သည်းခြေမရှိတာ သိရတော့တယ်။ သတိကို မထားခဲ့မိဘူး”
ဟု ကျေးဇူးတင်စကား ပြောနေစဉ် ကျွန်တော်က. . .
“ကဲ… ကိုစောအေး၊ အောင်စိုးနဲ့ ထွန်းတင်တို့၊ ငါ ဒီရွာကို နှစ်ခေါက် သုံးခေါက် ရောက်ခဲ့ဖူးပေမယ့် မြွေကြီးရွှေဘုတ်အကြောင်း မသိခဲ့ဘူး။ မင်းတို့သိသလောက် ပြောပြပါဦး”
ကျွန်တော်တို့အဖွဲ့ ဝိုင်းဟားတိုက်နေကြရင်းမှ ရွာခံမုဆိုးများကို မေးမြန်းလိုက်မိသည်။
သူတို့အုပ်စုတွင် ကိုစောအေးက အသက်ကြီးသူမို့ တွေးတွေးဆဆနှင့် ပြောပုံက. . .
“ဒီလိုဗျ … ဒီလို။ မြွေကြီးရွှေဘုတ်ဆိုတာ ကျွန်တော့်အဘိုး လူပျိုဘဝကတည်းကဆိုတော့ ခုဆိုရင် နှစ်ပေါင်းတစ်ရာကျော်ပြီပေါ့။
အတိုချုပ်ပြောရရင် ရွာမှာ အပျိုကြီးမရွှေတုတ်ဆိုတာ ရှိတယ်။ သူ့မှာ မိဘဆွေမျိုးလည်း မရှိကြဘူး။ တစ်ကိုယ်တည်း သစ္စာပန်းစိုက်ရင်း အခင်းထဲမှာ မြွေပေါက်ကလေးကိုတွေ့တော့ သနားလို့ အိမ်မှာ နို့တိုက် မွေးထားခဲ့တယ်။
တစ်နေ့တော့ အိပ်မက်ထဲမှာ မြွေကလေးက သူ့ကို စောင့်ရှောက်မွေးမြူထားတဲ့အတွက် ကျေးဇူးပြန်ဆပ်ပါရစေလို့ပြောပြီး လန့်နိုးသွားတယ်။ အဲဒီနောက်ပိုင်း ပန်းခင်းက တအားဖြစ်လာလို့ ပိုက်ဆံ အတော်ရလိုက်တယ်။
မရွှေတုတ်က ဘာသာရေးသမားမို့ အိပ်မက်တစ် ခါ ပေးပြန်တယ်။ မြွေလေးက ခေါင်းရင်းခြံထောင့် သရက်ပင်ကြီးအောက်မှာ ပစ္စည်းတူးယူပါလို့ မက်ပြန်တယ်။ အိပ်မက်ပေးတဲ့အတိုင်း တူးလိုက်တော့ အိုးနဲ့ထည့်ထားတဲ့ ရွှေငွေတော်တော်များများ ရလိုက်ပြန်တယ်။
မြွေလေးက အရွယ်ရောက်လာပြီမို့ သူဘယ်သွားသွား ခေါ်သွားတယ်။ လှူတယ်။ ကျောင်းဆောက်တယ်။ ဆင်းရဲသူတွေကို ပံ့ပိုးတယ်။ ဘုရား တည်တယ်။
ရွာက လူတွေက မြွေလေးကို မရွှေဘုတ်လို့ ခေါ်ကြတယ်။ စပါးကြီးမြွေမလေးကိုဗျ”
ကိုစောအေးက ပြောရင်း အဖန်ရည်ကို မော့သောက်လိုက်သည်။ ပြီးမှ. . .
“သူ့သခင်က မရွှေတုတ်ဆိုတော့ သူ့ကို မရွှေဘုတ်လို့ ခေါ် ရင်းက အမည်တွင်သွားတာပါပဲ။ ဒီလိုနဲ့ မရွှေတုတ်နဲ့ မရွှေဘုတ်ဟာ ဘုရားသွား၊ ကျောင်းတက်၊ အလှူအတန်းလုပ်ရင်းက တဖြည်းဖြည်း ကြီးပြင်းလာကြတာပေါ့။
တစ်နေ့တော့ ရွာထဲမှာ မရွှေတုတ်တို့ အသွားအလာ မရှိကြလို့ ဘာများဖြစ်ကြသလဲဆိုပြီး အိမ်ကိုသွားကြည့်တော့ အိမ်ရှေ့ခန်း ဘုရားစင်အောက်မှာ မရွှေတုတ် သေနေတဲ့အလောင်းနဲ့ သူ့အနီး မှာ ခွေခွေကြီးနဲ့ ငြိမ်ပြီးနေတဲ့ ရွှေဘုတ်ကို တွေ့လိုက်ရတယ်။
ရွာသားတွေ ရောက်လာကြတော့ ခွေနေတဲ့ ရွှေဘုတ်က ခေါင်းထောင်ထလိုက်ပြီး အိမ်နောက်ဖေးပေါက်က လျှောဆင်းသွားလိုက်တာ ခုထိ အိမ်ပြန်မလာတော့တာပါပဲ။
ပိုပြီး ထူးဆန်းတဲ့အချက်က မရွှေတုတ်ရဲ့အလောင်းကို လူတွေက ပြုပြင်ထားတဲ့ပုံစံမျိုးအတိုင်း သနပ်ခါးလိမ်း၊ ပိတ်ဖြူလွှမ်းထားပြီး ပန်းတွေနဲ့ ဖြန့်ကျဲထားတဲ့ ရှုချင်စဖွယ်အသွင်မျိုးနဲ့ မြင်လိုက်ကြရတာပါပဲ။
ရွာသားတွေက မရွှေတုတ် အလောင်းကို မြေချပြီးတဲ့နောက်ပိုင်း မြွေကြီးရွှေဘုတ်ကို မြွေဟောက်တောင်ဝန်းကျင်မှာ တစ်ခါတစ်ခါ တွေ့ရတာ ခုထိပဲ။ လူတွေကိုတော့ အန္တရာယ်မပေးဘူး။
ပြီးခဲ့တဲ့ သုံးလလောက်က တောတိုးတဲ့ ကလေးတွေပြောတော့ ချေတစ်ကောင်မျိုနေတာကြားလို့ သွားကြည့်ကြတော့ မတွေ့ပါဘူး။ ရွှေဘုတ်ဂူထဲ ဝင်သွားတယ် ထင်ပါရဲ
“ရွှေဘုတ်ဂူက ဘယ်အနားမှာလဲ”
‘“မြွေဟောက်တောင်ခြေမှာပဲ”
“ဘာလို့ ရွှေဘုတ်ဂူရယ်လို့ ခေါ်ကြတာလဲ”
“မြွေကြီးရွှေဘုတ်နေတဲ့ ဂူကြီးမို့ ခေါ်ကြတယ်နဲ့ တူတာပဲ”
ကျွန်တော်နှင့် ဘကြီးကောင်းတို့က ညဘက် မီးထိုးပြီးတော မလည်ကြသူများမို့ ညစာကို စားလိုက်ပြီး အိပ်ရာထက်တွင် နေရာယူလိုက်ကြသလို ဉာဏ်ကျယ်၊ မွန်၊ အာလူးနှင့် ကုလားကြီးသန်းညွန့်တို့ သုံးဖွဲ့ သေနတ်များကိုယ်စီနှင့် တောလည်ထွက်သွားကြပေသည်။
(၃)
ရေသိုးရွာကလေးကား မြွေဟောက်တောင်ခြေရင်းတွင် တည်ရှိသော ရွာကလေးတစ်ရွာဖြစ်သည်။ ပဲခူးရိုးမတောကြီးအတွင်းပိုင်း မဟုတ်သော်လည်း ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးရှိ ရွာကလေးပင်ဖြစ် စေကာမူ ပေါက်ရောက်အပင်တို့က ပျဉ်းကတိုး၊ ပျဉ်းမ၊ ကျွန်း၊ ကညင်၊ ယမနေ၊ သစ်ယာ၊ အင်တို့နှင့် ဝါးမျိုးစုံတို့က ပါဝင်ပေါက်ရောက်နေကြသဖြင့် အောက်ခြေကို နေပြောက်မထိုးသလို အဖိုးတန်သစ်များ ပေါက်ရောက်ရာ သစ်တောကြီးပင်။
ထိုတောကြီးအတွင်း သစ်ရိပ်ဝါးရိပ် စိမ့်ကြီးမြိုင်ကြီးများ ပေါများသဖြင့် သားငှက်များ ပေါသလို မုဆိုးများအဖို့ ဟင်းစားမပြတ်သောနေရာမျိုးပင်။
သစ်ပင်ကြီးများထက်ဆီတွင် သစ်ခွ၊ ယင်းမာ၊ သရဖီ၊ ရင်ခတ်နှင့် ပျဉ်းမ စသည့် တောပန်းတို့က ရာသီအလိုက် ဆင့်ကာဆင့်ကာ ဖူးပွင့်အလှချင်းပြိုင်နေကြသလို သားကောင်များလည်း ပေါများသည်။
မျောက်၊ ရစ်၊ ကြက်၊ ယောင်းရင်း၊ အောင်းလောင်း၊ ငှက်ငနွား၊ ယုန်၊ ကြောင်၊ ဖြူ၊ ပွေး၊ ဖွတ်၊ ပတတ်နှင့် သင်းခွေချပ်တို့ ပေါများသဖြင့် ဟင်းစားမပြတ်သလို ကျားရဲပေါသည့် တောကြီးမို့လည်း အဖော်မပါ မပါ တစ်ဦးတည်း မသွားလာရဲကြ။
ဆောင်းရာသီ၏ ပြာသိုလပေမို့ ချမ်းအေးလွန်းရကား ကျွန်တော် အချမ်းကို ဂရုမထားနိုင်ဘဲ သေနတ်ကို ပစ်ခတ်တော့ရန် အသင့်ကိုင်တွယ်ရင်း လျှောက်လှမ်းနေမိသည်။
ချမ်းအေးမှုကား အသည်းစိမ့် ခိုက်ခိုက်တုန်တမျှ၊
ပြာသိုလ၏ ကျားတို့၏ မိတ်ဆော့ချိန်။
သစ်ပင်ကြီးတို့ထက်မှ တဖျောက်ဖျောက် ကြွေ ကျနေသော နှင်းစက်တို့ကြောင့် မြေသင်းနံ့တို့ကို အထိုက်အလျောက် ရနေသည်။ သည်ရနံ့ကိုပဲ တရှိုက်မက်မက်နှင့် ရှူရှိုက်လိုက်ရင်း ကြွကြကလေးပင် လျှောက်လှမ်းနေမိလိုက်ပေသည်။
တစ်တောင်ကိုကျော်ပြီး တစ်ကုန်းကိုဆင်းတော့မည်အလုပ် ရှေ့တူရှု အောက်ခြေလူသွားလမ်းလယ်တွင် သားကောင်ကြီးတစ်ကောင်နှင့် အမှတ်မထင် ထိပ်တိုက်ရင်ဆိုင်တိုးလိုက်ကြရပေသည်။
အမှတ်မထင် တွေ့မြင်လိုက်ရသော ရှေ့တူရူမှ မြင်ကွင်းကြောင့် သွားလက်စခြေလှမ်းတို့ကို တုံ့ခနဲ ရပ်ပစ်လိုက်သလို မုဆိုးထိုင် ထိုင်ရင်း ပစ်ခတ်တော့ရန်အတွက် သေနတ်ဖြင့် ထိုးချိန်လိုက်သလို ဟင်းမျိုးကြီးကလည်း အမှတ်မထင် တွေ့မြင်လိုက်ရသော ကျွန်တော့်ကြောင့် နောက်ကျောဆီသို့ ကျွမ်း ပစ်လိုက်ကာ မြေပြင်တွင် ဗိုက်ရှပ်ဝပ်စင်း၍ သူ၏အမြီးကို မြေပြင်တွင် တဖတ်ဖတ်ရိုက်ခတ်ရင်း ပါးစပ်ကြီးအတွင်းမှ အစွယ်ကြီးများထုတ်ကာ ကျွန်တော့် လှုပ်ရှားမှုကို ငံ့လင့်နေသည်။
ဖြစ်တောင့်ဖြစ်ခဲရှိလှသော ရင်ဆိုင်ပွဲမို့ သေနတ်နှင့်ချိန်ရွယ်ပြီး ဒူးထောက်ထိုင်ထားရင်းမှ ဝပ်စင်းထားသော်လည်း ခေါင်းကြီးကိုထောင်လျက် ကျွန်တော့်ကို မမှိတ်မသုန် ပါးစပ်ကြီးကိုဖြဲ ၊ အစွယ်ကြီးများအဖွေးသား၊ လျှာကြီးကိုထုတ်၊ အနက်တစ်ကန့် အဝါတစ်ကန့်နှင့် နားရွက်ဝိုင်းဝိုင်း တိုတိုလေးကို ပိုင်ဆိုင်ထားသော ဟင်းကောင်ကြီး၏ မှေးစင်းထားသော မျက်လုံးနှစ်လုံး အကြားသို့ ပစ်မှတ်ထားကာ ရှေ့ချိန်သီး နောက်ချိန်ခွက်တို့ တစ်တန်းတည်းအရောက် ပစ်ခလုတ်ကို ဆွဲညှစ်တော့မည်အလုပ် …
“ဟိုက် … ဗုဒ္ဓေါ”
ပစ်မှတ်ဆီတွင် တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် နှုတ်ဖျားမှပင် အာမေဍိတ်သံတို့ ထွက်ပေါ်သွားမိပေတော့သည်။
အမြင်များ မှားလေသလားအထင်နှင့် အကြိမ်ကြိမ် ထပ်မံကြည့်သော်လည်း မြင်ကွင်း မပြောင်းလဲ၊ မရွေ့လျားသည့် ပုံစံအတိုင်းပင်။
ကျွန်တော့်အမြင်တွင် ကျွန်တော်ပစ်ခတ်တော့မည့် ကျားကြီးနေရာတွင် နတ်ပန်းရေးဆွဲထားသော အလှမျိုးကို ပိုင်ဆိုင်ထားသည့် မိန်းမချောလေးတစ်ဦးအသွင်။
နက်မှောင်ရှည်လျားသည့် ဆံကေသာများက စည်းနှောင်မထားသဖြင့် လေပြည်သုတ်ဖြူးမှုတို့နှင့်အတူ လွတ်လပ်စွာ လူးလွန့်လှုပ်ခတ်နေသည်။
မျက်ခုံး၊ မျက်လုံး၊ နှာတံနှင့် နှုတ်ခမ်းတို့မှာ အပြစ်ဆိုဖွယ်ရာ မရှိ၊ ပကတိ လှပနေသည့်အပြင် မျက်လုံးအစုံက ညှို့ဓာတ်အပြည့်နှင့် အရည်လဲ့နေသလို အင်ကြင်းပန်းတို့က ဆံကေသာထက်ဝယ် အဝေသား။
ပြုံးစစ မျက်နှာပေးဖြင့် ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်နေသည့် မျက်နှာကလေး။
သေနတ်၏ ပစ်ခလုတ်ကို ဆွဲမဖြုတ်တော့ဘဲ ကျွန်တော့် အတွေးတို့က …
ဩော်. . . တောထဲတောင်ထဲမှာ နေ့သစ်တစ်နေ့ကို လှပခြင်းများနှင့် စတင်ရပေဦးတော့မည်ရယ်လားဟု သေနတ်ကို ချိန်ရွယ်ထားရင်း စဉ်းစားနေလိုက်စဉ် မိန်းမပျိုက ကျွန်တော့်ရှေ့တိုင် တိုးကပ်လာပြီး …
“မြို့က တောလည်လာတဲ့ ဧည့်သည်မဟုတ်လား။ ကျွန်မ ရွှေဘုတ်ပါ။ ကျွန်မကို ရှင် သိချင်မှ သိမယ်။ မနေ့ကတော့ ကျွန်မကို ရှင် မြင်လိုက်မှာပါ”
ပြောလိုက်သည်ကို တအံ့တသြနှင့် ကျွန်တော်ကြားလိုက်ရသည်မို့. . .
“ဗျာ. . . မနေ့က မင်းကို ငါ တွေ့လိုက်ရတယ်. . . ဟုတ်လား”
ကျွန်တော်က သူမကို တအံ့တသြနှင့် ပြန်မေးလိုက်တော့
“ဟုတ်တယ်။ မနေ့က ရှင်နဲ့ လူတစ်ယောက် တောင်ထိပ်ဆီက ဆတ်တွေ ပစ်တော့မယ်လုပ်တုန်း ကျွန်မ ရောက်လာလို့ မပစ်လိုက်ရတာလေ”
ကျွန်တော်နှင့် ရွာခံမုဆိုး တင်စိုးတို့ မနေ့ကအဖြစ်အပျက်ကို ရုပ်ရှင်ပိတ်ကားပေါ်တွင် ကြည့်နေရသလို ပြန်လည်မြင်ယောင်နေမိသည်။
“မြွေကြီးရွှေဘုတ်ဆိုတာ. . .”
“ဟုတ်တယ်လေ။ မြွေအဖြစ်နဲ့ မြင်ရတော့ မြွေကြီးရွှေဘုတ်ပေါ့။ ခု လူအဖြစ်နဲ့ မြင်တော့ မရွှေဘုတ်ပေါ့”
ယဉ်စစနှင့် နွမ်းလျစွာပြောနေရင်းမှ ဆက်၍. . .
“ရှင် ယုံမလားတော့ မသိဘူး။ ကျွန်မ အဓိဋ္ဌာန်ဝင်ပြီး သီလဆောက်တည်ထားခဲ့တာ ကြာခဲ့ပါပြီလေ။ ခု အဓိဋ္ဌာန်ရက်ပြည့်ခါနီး ဗိုက်ဆာလွန်းလို့ အစာရှာထွက်ရင်းက ရှင်နဲ့ တိုးခဲ့ရတာပါ။ ငါ့ဝမ်းပူဆာ မနေသာလို့ အဓိဋ္ဌာန်ပျက်ခံလိုက်ရတာမို့ အသက်ပါ ပေးဆပ်လိုက်ရပါတယ်။ ရှင်ပစ်တော့မယ့် ဆတ်ကို ကျွန်မကြောင့် မပစ်လိုက်ရတော့တာမို့ အစားပြန်ပေးပါ့မယ်။ မိုးလင်းရင် ကျွန်မနေတဲ့ ဂူကိုသွားပြီး ကျွန်မခန္ဓာကိုယ်ကို မြေမြှုပ်သဂြိုဟ်ပေးပါ။ နောက်. . . အမျှအတန်းလည်း ကျွန်မကို ပို့ပေးပါရှင်”
“ဗျာ. . . အမျှအတန်း ဝေပေးရမယ်။ ဘာကြောင့်တုံး။ မရွှေဘုတ်က ဘာဖြစ်လို့တုံး”
“အင်းလေ. . . ဖြစ်ချင်တော့ မနေ့က ဗိုက်ဆာလွန်းလို့ အစာထွက်ရှာတော့ ဆတ်ပေါက်ကလေးတစ်ကောင်ကို အရအမိဖမ်းစားလိုက်မိတာ သူ့အဖေနဲ့အမေ ဆတ်ကြီးတွေက သူတို့သားကလေးအတွက် ကျွန်မအသက်ကို ပြန်နုတ်ယူသွားကြတယ်လေ”
“ဗျာ… ခင်ဗျားအသက်ကို ပြန်နုတ်ယူသွားကြတယ်။ ဟုတ်လား”
“ဟုတ်တယ်. . . ဟုတ်ပါတယ်”
သူမ၏ စကားတို့ကြောင့် ကျွန်တော်ငိုင်တွေတွေ ဖြစ်နေစဉ်အတွင်း . . .
“ဒိုင်း … ဒိုင်း”
သေနတ်သံများက တောင်ခြေဘက်ဆီမှ တော်လဲသံမျိုးနှင့် ဆက်တိုက် ဆင့်ကာဆင့်ကာ ပေါ်ထွက်လာသံများတို့ကြောင့် ဖျတ်ခနဲ အိပ်ရာမှ လန့်နိုးသွားပေတော့သည်။
ဪ. . ယုံရခက်၊ မယုံရခက်နှင့် ဘယ်သဘောမျိုးကို ဆောင်နေသော အိပ်မက်မျိုးမှန်းကို အထပ်ထပ် အပြန်ပြန် စဉ်းစားလိုက်ရင်း အနီးတွင် ယှဉ်အိပ်နေသော ဘကြီးကောင်းနှင့် အစ်ကိုကြီးဦးသိန်းလွင်တို့ကို နှိုး၍ အိပ်မက်အကြောင်းကို ပြောပြနေလိုက်မိပေသည်။
(၄)
အရုဏ်ကျင်း မိုးလင်းကြက်တွန်သံများကိုပင် ကြားနေရပေပြီ။
ညမီးထိုး အမဲပစ်ကြသော အဖွဲ့သားတို့ မရှေးမနှောင်း ပြန်လည်ရောက်ရှိလာကြသော အဖွဲ့သားတွေထဲမှ ဉာဏ်ကျယ့်အသံက စွာကျယ်ကျယ်နှင့် ထွက်လာသည်။
“အဘကောင်းရာ. . . ဆတ်အဖိုကြီးနဲ့ အမကြီး နှစ်ကောင် လမ်းလယ်ခေါင်မှာ ကန့်လန့်ဖြတ်ပြီး ဘေးတိုက်ကြီးခံနေတာ တစ်ကောင်ကို နှစ်ချက်စီနဲ့ နှစ်ကောင်စလုံး တစ်နေရာတည်းမှာ ပစ်လိုက်ရတယ်။ မလဲဘူးဗျာ။
တောင်မကြီးအခြေကို ဆင်းသွားတယ်။ သွေးစက်ခံလိုက်သွားတာ သွေးစက်ပျောက်သွားလို့ လှည့်ပြန်ခဲ့ရတယ်။ မိုးလင်းရင် ခွေးတွေနဲ့ ထပ်လိုက်ကြရအောင်”
သုံးဖွဲ့ခွဲပြီး ညဘက်တောလည်ကြသည်မို့ ရရှိလာကြသည့် သားကောင်များက မနည်းလှ။ ဒရယ်နှစ်ကောင်၊ ချေသုံးကောင်၊ ကြောင်မြင်းတစ်ကောင်နှင့် ဖြူနှစ်ကောင်။
နောက်. . . တစ်နေရာတည်းတွင် ပစ်ခတ်လိုက်ရသော ဆတ်နှစ်ကောင် မပါသေး။
ဆက်မအိပ်ကြတော့ဘဲ နံနက်စာကို ရေနွေးကြမ်း၊ ထမင်းကြမ်းနှင့် ချေသားချက်တို့နှင့် အဆာပြေစားလိုက်ကြရင်း ပစ်လိုက်ရသော ဆတ်တို့နောက်သို့ ခွေးများကိုခေါ်၍ လိုက်သွားကြပေတော့သည်။
တောင်မကြီးအထက်ဆီမှ ထွက်ပေါ်လာသော နေခြည်နုနုတို့သည် တစ်စတစ်စ ရင့်ရော်လာသလို ရွက်ဖားဝေဝေတို့ဖြင့် ဝေစည်နေသော ရိုးမတောကြီးကို မြူနှင်းများအကြား မြင်ရစပြုနေပေပြီ။
လေပြည်တစ်သုတ် ပက်ဖျန်းလိုက်လိုက်မှုတို့ကြောင့် သစ်ရိုင်းပင်ကြီးများထက် ငွားငွားစွင့်စွင့် ပွင့်ဖူးနေကြသော သစ်ခွပန်းရနံ့တို့က ကလူကျီစယ်နေသလို ရှိနေသည်။
ကျေးငှက်သံတို့ တစာစာနှင့်မို့ သာယာနေသလို ညင်းညင်းညံ့ညံ့ ပန်းရနံ့တို့ကို တမက်တမော ရှူရှိုက်လိုက်ရင်းမှ ညက မက်ခဲ့ပြီးသော အိပ်မက်တို့ကို ပြန်လည်စဉ်းစားနေလိုက်မိသည်။
ဘကြီးကောင်းကို ပြောပြထားပြီး တိုင်ပင်ညှိနှိုင်းထားခဲ့ပြီမို့ တော်ပေသေးသည်။ လူငယ်များကိုတော့ ပြောပြချိန်မရသေး၍ မသိရှိကြသေး။ နားထဲတွင် စွဲစွဲလမ်းလမ်းဖြစ်နေသော စကားတို့က. . .
‘“ရှင် ပစ်တော့မယ့် ဆတ်ကို ကျွန်မကြောင့် မပစ်လိုက်ရတော့တာမို့ အလျော်ပြန်ပေးပါ့မယ်။ ကျွန်မနေတဲ့ ဂူဆီကို အရောက်သွားပြီး ကျွန်မရဲ့ ခန္ဓာကိုယ်ကို သဂြိုဟ်ပေးပါ။ အမျှအတန်းလည်း ပို့ပေးပါ” တဲ့။
ကုန်းတန်းခင်ကြောကလေးမှ အောက်ခြေကို ဆင်းကြတော့မည်အလုပ် ခေါ်ယူလာခဲ့သော အမဲလိုက်ခွေးများက တဝုတ်ဝုတ်ဟောင်ရင်း လျှိုအတွင်းသို့ ပြေးဆင်းသွားကြပေတော့သည်။
ခပ်ဝေးဝေး တစ်နေရာဆီမှ သားကောင်များကို တွေ့မြင်သဖြင့် သုံးကောင်စလုံး ဝိုင်းပတ်၍ စုပေါင်းဟောင်နေသံမျိုးကို ကြားလိုက်ကြရကာ ခွေးများဟောင်သံ ကြားလိုက်ရာဆီသို့ သေနတ်များကို အသင့်ပစ်ခတ်ကြတော့ရန် အသွင်မျိုးနှင့် ပြေးဆင်းသွားလိုက်ကြပေတော့သည်။
ခွေးများ ဝိုင်းပတ်ဟောင်နေကြသော နေရာကို လှမ်းကြည့်လိုက်တော့ ကျွန်တော်နှင့် ဘကြီးကောင်းတို့ပါ မယုံကြည်နိုင်စရာ မြင်ကွင်းကို တွေ့လိုက်ကြရသဖြင့် တအံ့တသြ ဖြစ်သွားကြပေတော့သည်။
မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရသော မြင်ကွင်းကား လုံးပတ်ပေါင်လုံးသာသာခန့်ရှိ စပါးကြီးမြွေတစ်ကောင်က သူ၏ ခန္ဓာကိုယ်ကြီးကို ရစ်ခွေလျက် ဦးခေါင်းနှင့် လည်ပင်းဆီတို့တွင် အပေါက်ကြီးများဖြစ်နေသော ဒဏ်ရာမျိုးတို့နှင့် အသက်ပျောက်နေသော လူတစ်ရပ်နီးပါး မြွေသေပုံကြီးနှင့် သူ့အနီးတွင် ဘေးတိုက်လဲကျ သေဆုံးနေကြပြီဖြစ်သော ဆတ်ဖားကြီးတို့ နှစ်ကောင်၏ မြင်ကွင်းများကြောင့်ပင်။
ဆတ်ဖိုကြီးကား ဦးချိုချထားသဖြင့် ဆတ်ချိုနုမှာ တစ်မိုက် အရွယ်တုံးတိတိ။
“ဘိုလေး. . . မနေ့က တွေ့လိုက်ကြရတဲ့ ဆတ်ဖိုနဲ့ ဆတ်မ မဟုတ်လား”
ရွာခံ ထွန်းတင်က မနေ့က ကျွန်တော်နှင့်အတူ လိုက်ခဲ့သူမို့ အထိုက်အလျောက် သိထားပြီး မေးလာသည်။ ခေါင်းညိတ်ပြလိုက်ရင်း ဝန်ခံလိုက်မိပေသည်။
ကျွန်တော်ကား အဖြစ်အပျက်တို့အပေါ် ဘာကစ၍ ပြောရမှန်းကိုပင် မသိရလောက်အောင် ဖြစ်သွားသည်။
အဘကောင်း ရှိနေသဖြင့် သူကောင်းသလို စီစဉ်ပေမည်။
(၅)
ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်ကို လူငယ်များအား အဘကောင်းက ရှင်းပြလိုက်သဖြင့် အားလုံး တအံ့တသြနှင့် စုတ်တသပ်သပ် ဖြစ်နေ၏။
မြွေကြီးရွှေဘုတ် မြေမြှုပ်ခြင်းလုပ်ငန်း ပြီးသည့်နောက် ဆတ်နှစ်ကောင်လုံး ရောင်းလို့ရသည့်ငွေဖြင့် ပင့်သံဃာငါးပါးအား ပင့်ဖိတ်၍ ရေစက်ချ အမျှပေးဝေလိုက်ကြပေတော့သည်။
“မြွေကြီးရွှေဘုတ် (သို့မဟုတ်) မရွှေဘုတ်ရေ. . .။ ရောက်ရာဘဝကနေ ကောင်းရာသုဂတိတို့ လားပါစေ”
ဟု ဆုတောင်းရင်း အမျှပေးဝေ လိုက်ရုံမှတစ်ပါး။ ။
– ပြီး –
စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ