မြွေသိုက်နန်းရှင် သခင်မ(စ/ဆုံး)
————————
”ဂျိန်းး ဂျလိန်းး ဝေါ ဝေါ ”
ကောင်းကင်ပြင်တွင် မိုးကထစ်ချုန်းရွာလျက်။ လျှပ်စီးလက်သံ မိုးခြိမ်းသံများက အသဲငယ်တတ်သူအဖို့ ထိတ်လန့်ဖွယ်ရာ။ ထိုအချိန်တွင် သော်ကမြိုင်စံအိမ်အတွင်းမှ ကုန်သည်ကြီးဦးစိတ္တတစ်ယောက်မှာတော့
”မင်း မင်း ဘယ်သူလဲ ထွက်သွား ထွက်သွား အားးအားးးးးးး ”
ဦးစိတ္တတစ်ယောက် အိပ်မက်ကနေထိတ်လန့်တကြားလန့်နိုးလာတော့ သူ့တကိုယ်လုံး ချွေးသီးချွေးပေါက်များ စိုရွဲလျက်။ ထစ်ချုန်းရွာလျက်ရှိသော မိုးသံနှင့်အပြ်ိုင် ရင်အစုံမှာလည်း တဒိုင်းဒိုင်းခုန်လျက်ပင်။ အိပ်မက် ဟုတ်တယ် ဒီအိပ်မက် ခုတလော သူညတိုင်း ဒီအိပ်မက်ကိုမက်နေတတ်သည်မှာ တိတိကျကျဆိုရပါလျှင် ပတ္တမြားလက်စွပ်တစ်ကွင်း သူ့လက်ထဲရောက်ရှိလာစဉ်အချိန်ကထဲကပင်ဖြစ်ပေသည်။
အိပ်မက်ထဲတွင် မိန်းမပျိုတစ်ဦးက မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့်သူ့ကို စူးစူးရဲရဲစိုက်ကြည့်ရင်း သူ့ထံတွင်ရှိသော ပတ္တမြားလက်စွပ်ကို မူလနေရာဖြစ်သော မဟာမြိုင်တောအတွင်းမှ စေတီပျက်အနားတွင် ပြန်လည်လာရောက်ထားပေးရန် ပြောကြားလေ့ရှိသည်။ သူကြည့်နေရင်းမှာပင် မိန်းမပျိုမှ မြွေအကြီးကြီးတစ်ကောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားကာ အမှောင်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။ လက်စွပ်။ မိန်းမပျိုပြောသည့် ထိုပတ္တမြားလက်စွပ်သူ့ထံရောက်ရှိလာသည်မှာတော့ ………
တစ်ရက်-
ကုန်သည်တစ်ဦးဖြစ်သည့် ဦးစိတ္တတစ်ယောက် သူ၏တပည့်တစ်ချို့နှင့်အတူ အလုပ်ကိစ္စဖြင့် မဟာမြိုင်တောအတွင်းသို့ ဖြတ်အလာ တစ်နေရာအရောက်မှာတော့ …
” ဟာ ရှေ့မှာလူတစ်ယောက်လဲနေပါလား ဘာဖြစ်တာလဲ ကြည့်ကြစမ်းဟေ့ ”
” ဟာ ဒီလူပိုးထိထားတယ် ကုန်သည်ကြီး သူ့တကိုယ်လုံးအဆိပ်တွေပြန့်နေပြီ မျှော်လင့်ချက်မရှိလောက်တော့ဘူး ”
”ဟေ့လူ ဟေ့လူ သတိထားပါဦး ဟေ့လူ ”
ဦးစိတ္တတစ်ယောက် မြွေဆိပ်ဖြင့် မိန်းမူးနေသော ထိုသူအား အသာလှုပ်ကာခေါ်မိတော့
”အင်းး ဟင်းး မြွေ မြွေသိုက် မြွေသိုက် ဒါ ဒါ ထားး ထားး ”
မြွေဆိပ်ဖြင့်သေအံ့မူးမူးဖြစ်နေသော ထိုသူမှ စကားတစ်ချို့ကို ဗလုံးဗထွေးပြောကြားရင်း ဦးစိတ္တလက်ထဲသို့ တစ်စုံတစ်ရာကို အတင်းထိုးပေးကာ အသက်ပျောက်သွားလေတော့သည်။ ထိုသူပေးခဲ့သော အရာကို ကြည့်မိတော့
”ဟင် ပတ္တမြားလက်စွပ် ပတ္တမြားလက်စွပ်ပါလား ”
ဦးစိတ္တတစ်ယောက် ရင်အစုံဒိုင်းခနဲပင်မြည်ဟီးသွားမတတ် အလွန်ပင် အံ့သြပျော်ရွှင်သွားခဲ့ရသည်။ ကုန်သည်တစ်ဦးဖြစ်သည့်အတွက် သူ့လက်ထဲမှ ပတ္တမြားလက်စွပ်၏ အရည်အသွေးကိုမြင်ယုံမျှဖြင့် ထိုလက်စွပ်၏တန်ဖိုးကို သူခန့်မှန်းလို့ရသည်မဟုတ်ပါလား။
”အင်းး အလွန်အရည်သွေးကောင်းပြီး တန်ကြေးရှိမယ့် လက်စွပ်ပဲ။ ဒါနဲ့ ဟိုလူပြောသွားသည့် မြွေသိုက် ဆိုတာ ဘာပါလိမ့်။ ဒီလက်စွပ်ကရော မြွေသိုက်နဲ့ ဘယ်လိုများပက်သက်နေတာလဲ။ အို ဒီလူ သေအံ့မူးမူးနဲ့လျောက်ပြောသွားတာတွေကို ငါဘာမှရှည်ရှည်ဝေးဝေး တွေးနေစရာမှမလိုတာ။ ဒါငါနဲ့ထိုက်လို့ ငါရတာ ဟုတ်တယ် ငါနဲ့ထိုက်လို့ငါရတာ ဒါငါ့ပစ္စည်းပဲ ”
ဦးစိတ္တတစ်ယောက် လောဘဇောကပ်ကာ ဘာမှရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ တန်ဖိုးထိုက်တန်လွန်းသော ပတ္တမြားလက်စွပ်ကို သူ့အိတ်ထဲသို့ သေချာဂရုတစိုက်ထည့်ကာ ခရီးဆက်လက်ထွက်ခွာလာခဲ့လေတော့သည်။ တရွေ့ရွေ့ထွက်ခွာသွားသော ကုန်သည်ကြီး ဦးစိတ္တတို့လူစုအား တစ်နေရာမှနေ၍ စူးရှပြောင်လက်သော မျက်ဝန်းတစ်စုံက စိုက်ကြည့်နေခဲ့သည်ကိုတော့ သူတို့တွေမသိခဲ့ပါချေ။
ထိုနေ့မှစ၍ ညဘက်ရောက်တိုင်း မိန်းမပျိုတစ်ဖြစ်လဲ မြွေကြီးတစ်ကောင်က ဦးစိတ္တထံသို့ ညစဉ်ရောက်လာကာ ထိုပတ္တမြားလက်စွပ်အား မူလနေရာသို့ပြန်ထားခိုင်းလေ့ရှိသည်။ သို့သော် ပတ္တမြားလက်စွပ်အပေါ် လောဘဇောတက်နေသော ဦးစိတ္တအတွက်တော့ ထိုလက်စွပ်ကို ပြန်ထားပေးရန် ယောင်လို့မျှပင် စိတ်ကူးမရှိခဲ့ပါချေ။ အိပ်ပျက်ညတွေများလာတော့ ဦးစိတ္တတစ်ယောက် ကျန်းမာရေးထိခိုက်လာရသည်။ ထို့အပြင် ခုတလောပိုင်းမှာ ညဘက်ရောက်တိုင်း သူ့အိမ်ပတ်ဝန်းကျင်တဝိုက်မှာ မြွေတွန်သံများ ကြားတတ်လေ့ရှိသဖြင့် အိမ်အပြင်သို့ပင်မထွက်ရဲလောက်အောင်လည်း ဖြစ်နေပေတော့သည်။
ကြာတော့ အိပ်ပျက်ညတွေများလာသော ဦးစိတ္တတစ်ယောက် အားပျက်ကာ မိသားစုသဖွယ်ဖြစ်နေသော သမားတော်ကို အိမ်သို့ပင့်ကာပင် ဆေးကုသရလေတော့သည်။ သမားတော်ကြီးက ရောဂါစဖြစ်ရသည့်အကြောင်းရင်းကို မေးမြန်းလာတော့ ဦးစိတ္တတစ်ယောက် မိသားစုဝင်သဖွယ် ဖြစ်နေသော သမားတော်ကြီးကို ပတ္တမြားလက်စွပ်စ၍ ရှိလာခဲ့သည်မှ အစပြုပြီး ယခုလက်ရှိ ကြုံတွေ့နေရသည့် အဖြစ်အပျက်များကို ပြောပြလိုက်သည်မှာတော့ ……
” ဟာ ဒီအတွက်တော့ ဘာမှမပူပါနဲ့ ကုန်သည်ကြီးရဲ့ မောင်ရင်ပြောသလိုဆို ဒါ မြွေတွေနဲ့တခုခုဆက်စပ်နေမယ်ဆိုတာ သေချာတယ်။ ကျုပ်မိတ်ဆွေထဲမှာ ဒီလိုကိစ္စမျိုးတွေကို အထူးကျွမ်းကျင်တဲ့ သူတစ်ယောက်ရှိတယ်ကွဲ့။ သူက အရောင်းအဝယ်လည်း အနည်းငယ်လုပ်တယ်ဆိုတော့ ဒီလိုလုပ်ပါလားကွဲ့။ ကျုပ်မိတ်ဆွေကို ဒီအကြောင်းတွေ ဖွင့်ပြောပြပြီး သူ့ဘက်ကလည်း ဒီကိစ္စကို စိတ်ဝင်စားခဲ့မယ်ဆိုရင် မောင်ရင့်ကို စိတ်ဒုက္ခပေးနေတဲ့ အဲ့ဒီလက်စွပ်ကို သူ့ကို သင့်တော်တဲ့စျေးနဲ့ ရောင်းလိုက်ပါလား။ နောက်ပိုင်းအဲ့လက်စွပ်နဲ့ပက်သက်နဲ့ ကိစ္စကို သူကြည့်ရှင်းလိမ့်မယ်ပေါ့။ အဲ့ဒါဆို သူလည်း အဲ့လက်စွပ်အကြောင်းလေ့လာခွင့်ရမယ် မောင်ရင်လည်း စိတ်ဒုက္ခရောက်နေတဲ့ အဖြစ်က ကင်းဝေးသွားမယ် ကဲ မကောင်းဘူးလား ”
” ကောင်းပါပြီ သမားတော်ကြီးရယ်။ အဲ့ဒါဆိုလည်းကျုပ်ကို သူနဲ့သာအမြန်တွေ့ပေးပါတော့ဗျာ ”
×××………×××………×××………
” ကဲ မောင်ရင် ဒါကျုပ်ပြောတဲ့ ကျုပ်မိတ်ဆွေ ဦးဒိဗ္ဗပဲ။ သူက အဲ့လို ထူးဆန်းတဲ့ အဖြစ်အပျက်တွေ သိုက်နဲ့ပက်သက်တဲ့ ကိစ္စတွေမှာ အထူးကျွမ်းကျင်တယ်ကွဲ့။ ကျုပ်သူ့ကို မောင်ရင့်အကြောင်းပြောပြလိုက်တော့ သူကလည်း အတော့်ကိုစိတ်ဝင်စားပြီး အဲ့လက်စွပ်ကို ဝယ်ချင်တယ်ဆိုတဲ့အကြောင်း ပြောလာတဲ့အတွက် ခုလိုမောင်ရင်နဲ့ တွေ့ဆုံပေးရတာပဲ ”
”ဟုတ်ပါတယ် ။ ကျုပ်ဒီလက်စွပ်ကို တန်ရာတန်ကြေးပေးပြီးဝယ်ပါ့မယ်။ မိတ်ဆွေဘက်ကသာ ကျုပ်သိချင်တာလေးတွေ နည်းနည်းလောက်ပြောပြပေးပါ မိတ်ဆွေ ”
×××………… ×××……… ××××…
မဟာမြိုင်ရွာ
ထိုရွာထဲသို့ အထုတ်အပိုးကိုယ်စီလွယ်လျက် လူသုံးဦးဝင်ရောက်လာကြသည်။ ထို့နောက် မေးမြန်းကာ ရွာလူကြီးအိမ်သို့ သွားရောက်ပြီး ခေတ္တခနတည်းခိုရန်ခွင့်တောင်းကြလေတော့သည်။
” ကျုပ်နာမည် ဦးဒိဗ္ဗပါ။ ကျုပ်က နယ်လှည့်ဆေးကုရင်း ဆေးမြစ်ရှာနေတဲ့သူတစ်ဦးပေါ့ဗျာ။ ခုရွာလူကြီးဆီကို ရောက်လာရတဲ့အကြောင်းကတော့ ဒီ မဟာမြိုင်တောအတွင်းမှာ ကျုပ်တို့လိုချင်တဲ့ ရှားပါး ဆေးမြစ်တွေရှိမလားလို့ ရှာဖွေချင်လို့ရောက်လာတာပါပဲ။ ၇ ရက်သားသမီးအသက်တွေကို ကယ်တင်ဖို့အတွက် အကျိုးများစေမယ့်လုပ်ရပ်ဖြစ်တဲ့အတွက် ရွာလူကြီး အနေနဲ့ ခွင့်ပြုပေးဖို့ရယ်နဲ့ ကျုပ်တို့ကို ခေတ္တခနတည်းခိုခွင့်ပြုပေးပါလို့ ခုလို လာတောင်းဆိုရတာပဲဗျာ ”
” အော် ဆေးဆရာတွေပဲ ရပါတယ်ခင်ဗျာ ကျုပ်အိမ်မှာလွတ်လွတ်လပ်လပ် တည်းခိုနိုင်ပါတယ် ။ဒါပေမယ့် မိတ်ဆွေတို့ကို တစ်ခုတော့မှာချင်ပါတယ်။ တောထဲကိုသွားပြီး ဆေးမြစ်ရှာတဲ့အခါမှာ တောအတွင်းပိုင်းထိ မသွားမိစေဖို့ အထူးသတိပြုစေလိုပါတယ်။ တခြားကြောင့်တော့ မဟုတ်ဘူးဗျ ။ တောအတွင်းပိုင်းက အရမ်းကိုတောနက်သလို မြွေဆိုးလည်းသိပ်ပေါတယ်။ နောက်ပြီး တောအတွင်းပိုင်းမှာ စေတီပျက်တစ်ဆူရှိတယ်။ အဲ့စေတီနားက သိပ်ကိုနယ်ကြမ်းတယ်ဗျ။ တစ်ခါတစ်ရံ လပြည့် လကွယ်ညမျိုးတွေမှာ မြွေတွန်သံတွေနဲ့အတူ မိန်းမပျိုတစ်ယောက် သီချင်းဆိုနေတဲ့အသံကို တောထဲကို ထင်းခုတ်သွားရင်း မျက်စိလည်လမ်းမှားဖူးတဲ့ လူတစ်ချို့ကြားရလေ့ရှိတယ်တဲ့ဗျ။ ဒါကြောင့် မိတ်ဆွေတို့ကို ကျုပ်က တောအတွင်းပိုင်းထိမသွားဖို့ စေတနာနဲ့တားမြစ်ရတာပါပဲဗျာ ”
” ကောင်းပါပြီဗျာ ခုလိုစေတနာနဲ့အသိပေးတဲ့အတွက် ကျုပ်တို့ကလည်း ရွာလူကြီးကို အထူးပဲကျေးဇူးတင်ပါတယ် ”
နောက်တစ်နေ့မနက်
မဟာမြိုင်တောအတွင်းမှာတော့ ဆေးဆရာအယောင်ဆောင် ဦးဒိဗ္ဗနဲ့တပည့်နှစ်ယောက် တစ်စုံတခုကို ပြောဆိုဆွေးနွေးနေကြလေသည်။
” တကယ်ကို ရေကန်အသင့်ကြာအသင့်ပဲဟေ့။ ဒီပုံအတိုင်းဆို ငါကြားဖူးတဲ့ မြွေသိုက်ဆိုတာ ဒီဟာပဲဖြစ်မှာသေချာတယ်ကွ ”
” မြွေသိုက်ဆိုတော့ မြွေတွေလည်းအများကြီးရှိနေမှာပေါ့နော်ဆရာကြီး။ ဒါနဲ့ ဒီသိုက်က ဥစ္စာပစ္စည်းအတော်ရှိသတဲ့လား ဆရာကြီးရဲ့ ”
”အင်း ပြောရမယ်ဆိုရင်တော့ ဒီသိုက်ဟာ ဘုရားသိုက်တစ်ခုလို့လည်းဆိုလို့ရတယ်ကွဲ့။ နောင်ပွင့်မယ့်ဘုရားရှင်ကို ရည်မှန်းပြီးလှူဒါန်းထားတဲ့ ရတနာပစ္စည်းတော်တော်များများ ဒီသိုက်မှာရှိတယ်။ အဲ့ဒီရတနာပစ္စည်းတွေကို ဒီမြွေသိုက်က စောင့်ရှောက်ထိန်းသိမ်းပေးရတာပဲ။ ဒီ သိုက်နန်းနဲ့ မြွေသိုက်ကို အုပ်ချုပ်ထိန်းသိမ်းတဲ့သူကတော့ မြွေဘုရင်မပဲကွ။ ငါတို့ဒီသိုက်ကိုသာတူးလို့အောင်မြင်ပြီဆိုရင် ငါ့တို့တစ်သက်မဟုတ်ဘူး ဆယ်သက် ဆယ်သက်စားမကုန်အောင် ချမ်းသာပြီကွ ဟားးဟားးဟားး ”
ထိုနေ့ည ဦးဒိဗ္ဗ၏ အိပ်မက်ထဲတွင် တကိုယ်လုံးအနက်ရောင်အကြေးခွံများပါသော ဝတ်စုံကိုဝတ်ဆင်လျက် ဦးခေါင်းထက်တွင် မြွေတစ်ကောင်ပါးပျဉ်းထောင်နေသည့်ဟန်ပုံဖော်ထားသော သရဖူကိုဆောင်းထားသည့် အလွန်ချောမောလှပသော မိန်းမပျိုတစ်ဦး မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်သူထံသို့ ကြည့်ရင်း သူတို့ယခုကြံစည်စိတ်ကူးနေသော လုပ်ရပ်များကို ရပ်တန်းကရပ်ရန်နှင့် မရပ်ဘဲရှေ့ဆက်တိုးမည်ဆိုပါက ဒုက္ခရောက်စေရမည်ဆိုသည့်အကြောင်း လက်ညှိုးငေါက်ငေါက်ထိုး၍ ကြိမ်းဝါးပြောဆိုသွားလေသည်။ သို့ပေမယ့် လောဘဇောတက်နေသည့် ဦးဒိဗ္ဗတစ်ယောက် အတွက်ကတော့ဖြင့် သိုက်နန်းရှင် မြွေဘုရင်မ၏ သတိပေးစကားများမှာအချည်းနှီးသာပင်။
” ကဲ ငါ့တပည့်တို့သေသေချာချာနားထောင်ကြ။ အခုလာမယ့်လပြည့်နေ့ညဟာ ငါတို့အတွက် အချိန်အခါကောင်းပဲ။အဲ့ဒီတော့ ငါတို့တွေအဲ့နေ့ညမှာ ဒီမြွေသိုက်ကို တူးကြရမယ်။ သာမာန်သိုက်တွေလို ဥစ္စာစောင့်တွေ သိုက်စောင့်ဘီလူးတွေ စောင့်တာမဟုတ်ဘဲ မြွေတွေထောင်သောင်းချီပြီးစောင့်ရှောက်တဲ့ သိုက်ဖြစ်တဲ့အတွက် ငါတို့ပိုပြီးသတိထားရမယ်ကွယ့်။ မင်းတို့အထူးသတိပြုရမှာက သိုက်နန်းကိုတူးဖော်ဖို့ အစီအရင်တွေလုပ်နေစဉ်မှာ လုံးဝ လုံးဝ စည်းပေါက်သွားလို့မဖြစ်ဘူး အဲ့အချက်ကို မင်းတို့တွေအထူးဂရုစိုက်ကြရမယ် ကြားလား”
”ကြားပါတယ်ဆရာကြီး စိတ်ချပါ။ ကျုပ်တို့တွေ အောင်မြင်အောင် အထူးဂရုစိုက်ပြီး လုပ်ဆောင်ပါ့မယ် ”
”အိမ်းး ကောင်းသဟေ့ မြွေသိုက်နန်းရှင်မရေ သင်စောင့်ရှောက်ထိန်းသိမ်းနေရတဲ့ ရတနာတွေကို ယူဆောင်ဖို့ ကျုပ်တို့လာပြီဟေ့ ဟားးဟားးဟားး ”
ဘုရားပစ္စည်းအဆိပ်သီးမှန်းသိပေမယ့် အသိခေါက်ခက်အဝင်နက်ကာ လောဘအမှောင်ဖုံးလွှမ်းနေသော ဆေးဆရာအယောင်ဆောင် သိုက်ဆရာတဖြစ်လဲ ဦးဒိဗ္ဗနှင့် မြွေသိုက်နန်းရှင် သခင်မတို့၏ အားပြိုင်မှုများ လပြည့်ညတွင် မည်သို့မည်ပုံ အသက်ဝင်လာမည်နည်း ဆိုသည်ကိုတော့ ………
လပြည့်ည…
လပြည့်ညဖြစ်သည့်အတွက် ကောင်းကင်ယံတွင်ပြည့်ပြည့်ဝဝသာနေသော လမင်းကြီး၏ အလင်းရောင်က ကမ္ဘာမြေတစ်ခုလုံး လွှမ်းခြုံထားလျက်။ မဟာမြိုင်တောအတွင်းရှိ ရှေးဟောင်းစေတီပျက်တစ်ဆူအနီးမှာတော့ ဦးဒိဗ္ဗတို့လူစုမှာ ကန်တော့ပွဲများ ဆေးဖယောင်းတိုင်များထွန်းလျက် အစီအရင်များပြုလုပ်ကာ မြွေသိုက်ကိုတူးဖော်ရန်အတွက် ပြင်ဆင်နေကြလေသည်။
အားလုံးပြင်ဆင်ပြီးချိန်တွင်တော့ ဦးဒိဗ္ဗမှနေ၍ တစ်စုံတစ်ခုကိုပါးစပ်မှ တတွတ်တွတ်ရွတ်ဆိုရင်း သူ့လက်ထဲရှိတောင်ဝှေးဖြင့် မြေပြင်ထက်တွင် ပတ်ပတ်လည်စည်းဝ်ိုင်း ဝိုင်းကာထားလိုက်လေသည်။ ထို့နောက် သူ့တပည့်နှစ်ယောက်ကိုပါ စည်းဝိုင်းအတွင်း အတူဝင်စေကာ
”ကဲ တပည့်တို့ ခုချိန်ကစပြီး ကျုပ် ဒီသိုက်နန်းကိုတူးဖော်န်ိုင်ဖို့အတွက် ဂါထာမန္တန်တွေကို ရွတ်ဆိုတော့မယ်။ မင်းတို့အထူးသတိထားရမှာက ကျုပ်ဂါထာမန္တန်တွေကို ရွတ်ဖတ်နေတဲ့အချိန်အတွင်းမှာ အနှောက်အယှက်အဖျက်အဆီးတွေအများကြီး ကြုံရလိမ့်မယ်ကွဲ့။ ဒါပေမယ့် ဘာမှကြောက်စရာမလိုဘူး။ဟောဒီမှာ အင်းချပ် နှစ်ချပ်။ မင်းတို့ကို အန္တရာယ်ပေးဖို့ကြိုးစားလာရင် ဒီအင်းချပ်တွေနဲ့သာ ပစ်ပေါက်လိုက် သူတို့လွင့်စင်သွားလိမ့်မယ်။ အေး ဒါပေမယ့် အထူးမှာကြားလိုတာက ကျုပ်ဂါထာရွတ်မပြီးမချင်း မင်းတို့ဒီစည်းဝိုင်းအပြင်ကို ဘာအကြောင်းကြောင့်မှမထွက်မိပါစေနဲ့။ နောက်ပြီး ဆေးဖယောင်းတိုင်ငါးတိုင် ဘယ်နည်းနဲ့မှ မငြိမ်းပါစေနဲ့ တကယ်လို့ တစ်တိုင်လောက်ငြိမ်းသွားမယ်ဆိုရင်တောင် ချက်ခြင်းပြန်ထွန်းပါ။ အဓ်ိက ကတော့ ဒီဖယောင်းတိုင်ငါးတိုင်လုံး တပြိုင်နက်ထဲ ငြိမ်းမသွားစေဖို့နဲ့ မင်းတို့တွေ ဒီစည်းဝ်ိုင်းထဲကနေ အပြင်ကို လုံးဝလုံးဝ မထွက်မိစေဖို့ပါပဲ။ ဒီအချက်တွေကို ဖောက်ဖျက်မိလို့ စည်းပေါက်သွားခဲ့ရင် ကျုပ်တို့အတွက်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် အထူးသတိထားကြပါ တပည့်တို့ ”
”စိတ်ချပါဆရာကြီး ကျွန်တော်တို့အထူးသတိထားလိုက်နာပါ့မယ် ”
တပည့်များကိုမှာကြားပြီးသည်နှင့် ဦးဒိဗ္ဗတစ်ယောက်စည်ဝ်ိုင်းထဲတွင် တင်ပလ္လင်ခွေကာထိုင်ချလိုက်ရင်း မျက်စိစုံမှိတ်လျက် ပါးစပ်မှလည်း ဂါထာ မန္တန်များကိုတတွတ်တွတ်နှင့် ရွတ်ဆိုလေတော့သည်။ ဦးဒိဗ္ဗနှုတ်မှ ဂါထာများရွတ်ဆိုပြီး မကြာမီအချိန်မှာပင်
”ရွှီ ရွှီ ” ” ရွှီ ”
ပတ်ဝန်းကျင်တွင်မြွေတွန်သံများအဆက်မပြတ်ထွက်ပေါ်လာလေတော့သည်။ ဦးဒိဗ္ဗတပည့်နှစ်ယောက်မှာ ထွက်ပေါ်လာသော မြွေတွန်သံများကြောင့် ပတ်ဝန်းကျင်ကို အထိတ်အလန့် ကျီးကန်းတောင်မှောက်ဖြင့် လိုက်လံကြည့်ရှု့ကြပေမယ့် အခုထက်ထိမြွေတစ်ကောင်၏ အရိပ်အယောင်မျှပင်မတွေ့ရချေ။ ကြည့်နေစဉ်မှာပဲ ပတ်ဝန်းကျင်ရှိ သစ်ပင်များကြားမှာ ရိပ်ခနဲ ရိပ်ခနဲဖြတ်ပြေးသွားသည့် အရိပ်မည်းများကို တွေ့လိုက်ကြရလေသည်။ ထိုအရိပ်များမှာမည်သည့်အရာများဖြစ်သနည်း။ သူတို့ ထိုအရိပ်များကို စူးစိုက်ကာကြည့်နေမိတုန်းမှာပဲ အရိပ်များ၏ ပုံသဏ္ဌာန်က တဖြည်းဖြည်းပီပြင်လာလေတော့သည်။
”ဟာ မြွေ မြွေတွေ မြွေတွေပါလား ”
”မြွေတွေ မြွေတွေအများကြီးပဲ ”
ဟုတ်ပေသည်။ သူတို့တွေ့လိုက်ရသည်မှာကား သစ်ပင်များပေါ်တွင် လူးကာလွန့်ကာဖြင့် ကူးလူးနေကြသည့် အရောင်စုံ အရွယ်စုံမြွေများ။ မြွေပွေး မြွေဟောက် ငန်းတော်ကြား မြွေစိမ်းမြီးခြောက် လင်းမြွေ စပါးကြီး စပါးအုံးစသည့်မြွေအမျိုးအစားများအပြင် သူတို့အမည်ခွဲခြားရန်ပင်ခက်ခဲလှသော အရွယ်စုံ အရောင်စုံမြွေများ။ ကြည့်နေရင်းမှပင် မြွေများမှာတဖြည်းဖြည်းများသထက် များလာပြီး သစ်ပင်များထက်မှ ဆင်းသက်၍ သူတို့စည်းဝိုင်းရှိရာသို့ တရွေ့ရွေ့တိုးလာကြလေသည်။
မြွေအစုအဝေးကြီးမှာ တဖြည်းဖြည်းများပြားလာလိုက်သည်မှာ မြေပြင်ကိုပင်မမြင်ရတော့လောက်အောင်ပင်။ အချင်းချင်း ပြွတ်သိပ်လိမ်ယှက်ကာ တရွှီရွှီတွန်သံများဖြင့် တရွေ့ရွေ့နှင့် သူတို့ရှိရာသို့တိုးလာသည်မှာ ကြက်သီးထဖွယ် ကြောက်မက်ဖွယ်ရာအတိပင်။ သူတို့တစ်သက်နဲ့တကိုယ် ဒီလောက်များသော မြွေအုပ်ကြီးကို မမြင်ဖူးကြသော ဦးဒိဗ္ဗ၏တပည့်နှစ်ယောက်မှာတော့ ကြောက်ဒူးတုန်ကာ ချွေးသီးချွေးပေါက်များကျလျက် မျက်စိမျက်နှာပျက်နေကြချေလေပြီ။
” ဟာ ဟေ့ ဟေ့ကောင် မြွေ မြွေတွေလာနေကြပြီ ဘယ် ဘယ်လိုလုပ်မလဲ ”
” ဟာ အင်း အင်းချပ် ငါ့တို့ဆီမှာ ဆရာကြီးပေးထားတဲ့ အင်းချပ်ရှိတာပဲ ။ အဲ့တာနဲ့ပစ် ပစ်လေကွာ ”
ဦးဒိဗ္ဗ၏ တပည့်တစ်ယောက်မှာ အင်းချပ်တစ်ချပ်ကို မြွေအုပ်ကြီးကြားသို့ပစ်ပေါက်လိုက်ရာတွင်မှာတော့
”ဝုန်းး ”
ဝုန်းခနဲမြည်ဟီးသံနှင့်အတူ မီးခိုးလုံးများထွက်ပေါ်လာပြီး ခုနတရွေ့ရွေ့နှင့် တိုးကပ်လာကြသော မြွေအုပ်ကြီးမှာ တဖြည်းဖြည်းဖြင့် နောက်သို့တရွေ့ရွေ့ပြန်လည်ဆုတ်ခွာသွားကြရင်း တောအုပ်အတွင်း သစ်ပင်များကြားတွင် ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။
မြွေများပျောက်ကွယ်သွားပြီးမကြာမီမှာပဲ အမှောင်ထဲမှ နီရဲကာစူးရှပြောင်လက်နေသည့် မျက်ဝန်းနှစ်စုံကို သူတို့တွေ့လိုက်ကြရသည်။ အရောင်တဖိတ်ဖိတ်ပင်ထွက်မတတ် ပြောင်လက်တောက်ပနေသော ထိုမျက်ဝန်းများကို သူတို့တွေ စိုက်ကြည့်နေစဉ်မှာပဲ ထိုမျက်ဝန်းပိုင်ရှင်များက တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာကြလေသည်။
”ဟင် ” ”ဟာ ”
သူတို့တွေ့လိုက်ရသည်မှာကား အနက်ရောင်အကြေးခွံများဖြင့်ပြောင်လက်နေသည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အလွန်ချောမောလှပသော အမ်ျုးသမီးတစ်ဦး။ ဦးခေါင်းထက်တွင်လည်း မြွေတစ်ကောင် ပါးပျဉ်းထောင်နေသည့်ဟန် သရဖူကိုဆောင်းလျက်။ချောမောလှပသောမျက်နှာလေးဖြင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် မိန်းမပျို၏ မျက်ဝန်းတို့မှာ ဒေါသအရှိန်ဖြင့် စူးရဲတောက်ပကာ အရောင်တဖျတ်ဖျတ်လတ်လျက်။
မိန်းမပျို၏နံဘေးတွင်တော့ ဦးခေါင်းထိပ်တွင် ဘုကြီးတစ်ခုပါသော အနက်ရောင်ပြောင်လက်နေသည့် အလွန်တရာကြီးမားလှသော မြွေဟောက်ကြီးတစ်ကောင်။မြွေကြီး၏မျက်ဝန်းအစုံတို့မှာလည်း မီးထတောက်တော့မတတ်ပင်နီရဲပြောင်လက်ကာ ပါးစပ်အတွင်းမှ ပြူတစ် ပြူတစ်ထွက်နေသော လျှာနီနီကြီးမှာလည်း ကြောက်တတ်သူများအဖို့ မူးမေ့လဲကျမတတ် ကြက်သီးထဖွယ်အတိပင်။
”ဟေ့ကောင် အင်းချပ် အင်းချပ်ကျန်သေးတယ်မလား ပစ် ပစ်လေကွာ”
ဦးဒိဗ္ဗ၏ တပည့်များ မိန်းမပျိုနှင့်မြွေကြီးကို ကြည့်ရင်း ကြက်သေသေနေရာမှ တစ်ဦးကအသိဝင်လာပြီး သတိပေးသောအခါမှပင် လက်ထဲမှ အင်းချပ်ဖြင့် မိန်းမပျိုနှင့်မြွေကြီးရှိရာသို့ပစ်ပေါက်လိုက်လေတော့သည်။ ထိုအချိန်မှာပဲ
”ဝေါ ဝေါ ဝရော ”
”ဂျိန်းး ဂျလိန်းးးး ဒိန်းး ”
ရုတ်တရက်ချက်ခြင်းပင်လေပြင်းမုန်တိုင်းများကျလာကာ ကောင်းကင်တခွင်တွင်လည်း လျှပ်စီးများပျိုးပျိုးပြက်ပြက်လက်ကာ မိုးခြိမ်းသံများဆူညံစွာထွက်ပေါ်လာလေတော့သည်။ လေပြင်းများကျလာသည်နှင့်တပြိုင်နက်ထဲ စောစောက ဂါထာမန္တန်များကိုရွတ်ဆိုနေသည့် ဦးဒိဗ္ဗတစ်ယောက် ဂါထာမန္တန်များကိုရွတ်ဆိုခြင်းမှ ခနရပ်တန့်လိုက်ပြီးနောက် မျက်စိမျက်နှာပျက်စွာဖြင့်ပင်
”ဟေ့ကောင်တွေ ပတ်ဝန်းကျင်အဖျက်တွေဝင်လာပြီ။ ဖယောင်းတိုင်တွေ တပြိုင်ထဲမငြိမ်းသွားစေဖို့ သတိထားကြဟေ့ ဒီဖယောင်းတိုင်တွေ မငြိမ်းသ၍ စည်းမပေါက်သရွေ့ သူတို့ ငါတို့တွေကို ဘာမှလုပ်လို့မရဘူးကွ။ ဒါကြောင့် စည်းမပေါက်စေဖို့သာ အထူးဂရုစိုက်ကြဟေ့ ”
”ဝေါ ဝေါ ”
လေပြင်းမုန်တိုင်းတိုက်ခတ်မှု့ကြောင့် ဦးဒိဗ္ဗနှင့်တပည့်နှစ်ဦးမှာ အစီအရင်ဖြင့်ပြုလုပ်ထားသော ဆေးဖယောင်းတိုင်များအားလုံး တပြိုင်ထဲငြိမ်းမသွားစေရန် အထူးသတိထားစောင့်ကြည့်နေရလေတော့သည်။ အစီအရင်ဖြင့်ပြုလုပ်ထားသော ဖယောင်းတိုင်များမို့လားပင်မသိ။ ဒီလောက်လေပြင်းတိုက်ခတ်နေသည့်ကြားထဲမှပင် အလွယ်တကူငြိမ်းမသွားပါချေ။
ဦးဒိဗ္ဗနှင့်တပည့်များ စောင့်ကြည့်နေတုန်းမှာပဲ ဖယောင်းတိုင်တစ်တိုင်က ဟုတ်ခနဲဆို ငြိမ်းသွားလေတော့သည်။
”ဟာ တစ်တိုင်ငြိမ်းသွားပြီ အမြန်ပြန်ထွန်းဟေ့။ အဓိက က ငါးတိုင်လုံးတပြိုင်ထဲမငြိမ်းစေဖို့ပဲ။ ကဲ ကဲ မြန်မြန်ထွန်းကြ ”
ဖယောင်းတိုင်များမှာ တစ်တိုင်ချင်းစီငြိမ်းသွားလိုက် ဦးဒိဗ္ဗ၏ တပည့်များကပြန်ထွန်းညှိုလိုက်နှင့် ဖြစ်နေစဉ်မှာပဲ သူတို့တွေမထင်မှတ်ထားသည့်အရာတစ်ခုဖြစ်လာလေတော့သည်။
”ဝေါ ဝေါ ဂျိန်းး ဂလိန်း ဒိန်း ”
ထိုအဖြစ်အပျက်ကတော့ လေပြင်းများတိုက်ခတ်နေရင်းမှပင် အချိန်အခါမဟုတ်ဘဲ မိုးများသည်းထန်စွာရွာသွန်းလိုက်ခြင်းပင်။ မိုးရွာချလိုက်တာကြောင့် ဦးဒိဗ္ဗတို့လူစုမှာ ဖယောင်းတိုင်မီးများ တပြိုင်ထဲ မငြိမ်းစေရန် ဘယ်လိုမှပင်မကာကွယ်နိုင်တော့ပဲ ဖယောင်တိုင်ငါးတိုင်လုံး တပြိုင်ထဲငြိမ်းသွားလေတော့သည်။
ဖယောင်းတိုင်များငြိမ်းသွားသည်နှင့် တပြိုင်နက်ထဲ စူးရဲသောမျက်ဝန်းများဖြင့် စည်းဝိုင်းအပြင်ဘက်မှရပ်ကြည့်နေသော မြွေသိုက်နန်းရှင် သခင်မ၏ အားပါးတရရယ်မောလိုက်သံက ထွက်ပေါ်လာလေတော့သည်။
” ဟားး ဟားးဟားး နင်တို့ဘာတတ်နိုင်သေးလဲဟင်။ ခုတော့ စည်းတစ်ခုပေါက်သွားပြီမလား။ လောဘသားကောင်တွေ နင်တို့အသက်ကို လျော်ကြေးပြန်ပေးရမယ်ဟေ့ ဟားးဟားးဟားး ”
သခင်မ၏ ရယ်သံအဆုံးမှာပဲ တောအတွင်းမှနေ၍ မြွေတွန်သံ ဒေါသတကြီး နှာမှုတ်သံများထပ်မံ၍ဆူညံစွာထွက်ပေါ်လာပြန်လေတော့သည်။
” ရွှီ ရွှီ ဖူးးး ဖရူးးး ” ” ရွှီ ရွှီ ”
ဖယောင်းတိုင်မီးငြိမ်းသွားသည်ကတကြောင်း မြွေတွန်သံများနှင့် မြွေသိုက်နန်းရှင်သခင်မ၏ ဟားတိုက် ရယ်မောလိုက်သံများကြောင့်တကြောင်း ဦးဒိဗ္ဗ၏ တပည့်နှစ်ယောက်မှာ အကြောက်လွန်ကာ စည်းဝိုင်းအတွင်းမှမထွက်မိစေရန် သူတို့ဆရာမှာကြားထားသည်များကို မေ့လျော့ပြီး ကိုယ်လွတ်ရုန်းကာ ထွက်ပြေးကြလေသည်မှာတော့
” ဟာ ဟေ့ကောင်တွေ ဟေ့ကောင်တွေ မပြေးကြနဲ့လေ ဟာ ဒုက္ခပါပဲ ”
”ဟားးဟားး ဟားးစည်းပေါက်ပြီ စည်းပေါက်ပြီဟေ့ ငါတို့အလှည့်ရောက်လာပြီ ဒီလောဘသားတွေကို ဒဏ်ခတ်ကြဟေ့ ဟားးဟားးဟားး ”
” ရွှီ ရွှီ ” ” ဖူးး ဖရူး ”
”ဂျိန်းး ဂျလိန်းး ဝေါ ဝေါ ”
ဟားတိုက်ရယ်မောသံ မိုးသံ လေသံ မြွေတွန်သံများကြားတွင် ဦးဒိဗ္ဗတို့လူစုကြောက်လန့်တကြားဖြင့် ကစဉ့်ကလျားပြေးလွှားရင်း အကြောက်လွန်ကာ ခလုတ်တိုက်လဲကျသွားကြလေသည်။ လဲကျသွားကြသော ဦးဒိဗ္ဗနှင့် တပည့်များအပေါ်သို့ သစ်ပင်များထက်မှနေ၍သော်လည်းကောင်း မြေပြင်ထက်မှသော်လည်းကောင်း မြွေအကောင်ပေါင်းများစွာက တက်ရောက်ဖုံးလွှမ်းသွားကာ ပါးပျဉ်းများထောင်လျက် ဒေါသတကြီးဖြင့် အချက်ပေါင်းများစွာ ပေါက်သတ်နေကြသော မြင်ကွင်းမှာတော့ တော်ယုံအသဲငယ်သူအဖို့ နေရာမှာပင် ရူးသွပ်သွားစေနိုင်လောက်ပေသည်။
အချိန်အနည်းငယ်ခန့်အကြာမှာတော့ မိုးသံ လေသံများလည်းတဖြည်းဖြည်းစဲသွားကာ မြွေများမှာလည်း တရွေ့ရွေ့နှင့် အသီးသီးပြန်လည်ထွက်ခွာသွားကြလေတော့သည်။ မြွေအထွေးလိုက် အပြုံလိုက်ကြီးစဲသွားသည့်နောက်တွင်မှာတော့ တကိုယ်လုံံး မြွေစွယ်ရာ ဗရပွနှင့် အဆိပ်တက်ကာအသက်ပျောက်နေပြီဖြစ်သော ဦးဒိဗ္ဗနှင့် တပည့်နှစ်ဦး၏ ပြာနှမ်းနေသော အသက်မဲ့ခန္ဓာများသာ ကျန်ရှိခဲ့လေတော့သည်။
နောက်တစ်နေ့မနက်အရောက်မှာတော့ ညက အချိန်အခါမဟုတ်ဘဲ ထူးထူးဆန်းဆန်း လေပြင်းမုန်တိုင်းများကျကာ မိုးသည်းထန်စွာရွာသံ တောလုံးကျွတ်မျှပင် ထိတ်လန့်ဖွယ် မြွေတွန်သံများကြောင့် ရွာဦးကျောင်းဆရာတော်ဦးဆောင်ကာ ရွာလူကြီးနှင့် ရွာသားတစ်သိုက် မဟာမြိုင်တောအတွင်းသို့ ဝင်ရောက်ကာ ရှာဖွေ ကြည့်ရှု့လိုက်ကြသည်မှာတော့ စေတီပျက်လေးနှင့် မလှမ်းမကမ်းတွင် တစစီပြန့်ကြဲနေသော ဆေးဖယောင်းတိုင်များ အုန်းပွဲ ဌက်ပျောပွဲများ တခြားအစီအရင်များနှင့်တကွ တကိုယ်လုံး ပြာနှမ်းကာ မြွေဆိပ်တက်ပြီးသေဆုံးနေကြသော ဦးဒိဗ္ဗနှင့် တပည့်နှစ်ဦးတို့၏ အလောင်းများကို တွေ့လိုက်ကြရလေတော့သည်။
ထိုအခါမှပင် ဦးဒိဗ္ဗတို့၏သရုပ်အမှန်ကို ရွာသားများသိလိုက်ကြရလေတော့သည်။ ထို့နောက် ဆရာတော်၏ အမိန့်နှင့် ရွာလူကြီး၏ ညွှန်ကြားချက်များအတိုင်း ဦးဒိဗ္ဗတို့၏အသက်မဲ့ ခန္ဓာများကို သင်္ဂြိုလ်ရန်အတွက် ရွာသားများမှ ထိုသက်မဲ့ခန္ဓာများကို ရွာပြင်သင်္ချိုင်းရှိရာသို့ သယ်ဆောင်ကာ တရွေ့ရွေ့ထွက်ခွာသွားကြလေတော့သည်။ ထိုအချိန်တွင် ဆရာတော်၏ မျက်ဝန်းထဲတွင်တော့ စေတီပျက်လေး၏ အရှေ့တွင်ပုဆစ်တုပ်ကာထိုင်လျက် လက်အုပ်ချီကာ မိမိထံသို့ရည်မှန်းကာ ဦးချလျက်ရှိသည့် မိန်းမပျိုတစ်ဦး၏ ပုံရိပ်ကိုတွေ့မြင်လိုက်ရပေသည်။
ထိုမိန်းမပ်ျုကိုကား ဆရာတော်ဘုရားမှလွဲ၍ ရွာလူကြီးနှင့်တကွ တခြားရွာသားများမှာတော့ မတွေ့မြင်နိုင်ကြပါချေ။ ထို မိန်းမပျိုလေးမှာကား မြွေမင်းသမီးတဖြစ်လဲ မြွေသိုက်နန်းရှင် သခင်မဖြစ်ကြောင်းကိုတော့ အထူးပင်ပြောစရာမလိုတော့လေပြီ။
အော် ဘုရားပစ္စည်းအဆိပ်သီး စားနည်းအလွန်ခက်ပေသည်တကား ……။
ချစ်ခြင်းများစွာဖြင့်
#အမ်နိုင်း (oasis)
လျို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း ၊အတွဲ၂၁ အမှတ်၈ ၊မေလ