” မြွေ၀င်စားမလေးကြည်ပြာ ” (စ/ဆုံး)
=============================°°°
ဝေါ ဘရော ဗြောင်း
လေပြင်းတိုက်သံနှင့်အတူ သစ်ကိုင်းကျိုးကျသံများက တစ်ပြိုင်ထဲ ထွက်လာ၏။
မိချိုတစ်ယောက် အိပ်နေရာမှ ဘယ်ညာလူးလွန့်ရင်း ဘုရားစာကို တီးတိုးရွတ်ဆိုနေမိလေသည်။
လေပြင်းများက တဝေါဝေါတိုက်ခတ်မှုကြောင့်အိမ်က တစ်ခါတစ်ရံ သိမ့်ခနဲပင် ခါသွား၏။
“ဘုရား ဘုရား မုန်တိုင်းများ ရှိတာလားမသိဘူး၊ ကိုညွန့်မောင်ကလည်း ဒီညမှ ပြန်မလာဘူး ၊ ငါတစ်ယောက်တည်း ”
မိချိုတစ်ဦးတည်း အားငယ်စွာ ရေရွတ်ရင်း အိပ်ပျော်အောင် ကြိုးစားလိုက်၏။
“ဒေါက် ဒေါက် ဒေါက် ”
“ဟင် ဘယ်သူပါလိမ့် ညကြီးမင်းကြီး ၊ ခြံတံခါးလဲ သော့ခတ်ထားရဲ့ သားနဲ့ ”
မိချိုအိမ်မှုံစုံမွှားဖြင့် အိမ်တံခါးမကြီးအား ဖွင့်ကြည့်လိုက်ရာ
အသားဖြူဖြူသွယ်သွယ်နှင့် မိန်းခလေးတစ်ဦးရပ်နေသည်ကို တွေ့လိုက်ရ၏။
သူမ၏ ဦးခေါင်းမှ သွေးများ စီးကျနေသည်မို့
” ဟယ်မိန်းခလေး ၊ ဒဏ်ရာတွေနဲ့ပါလား ၊ ဘာဖြစ်လာတာလဲ ”
“ကျမ ဒုက္ခရောက်လာလို့ပါ ၊ ကျွန်မ အမေ့ဆီမှာ နေပါရစေနော် ကျွန်မကို နေခွင့်ပေးပါရှင်”
” သနားစရာပါလား ငါလည်းတစ်ယောက်တည်း အဖော်မဲ့နေတာနဲ့ အတော်ပဲ ၊ နင်နေချင်ရင် နေပါ”
“ကျေးဇူးပါ အမေရယ်”
ထိုမိန်းခလေးက သူမအား၀မ်းသာအားရ ဖက်တွယ်လိုက်ရာ သူမကလည်း ထိုမိန်းခလေးအားပြန်လည်ဖက်တွယ်လိုက်ရာ ကြမ်းရှသော အထိအတွေ့ကြောင့် ကြည့်လိုက်ရာ သူမလည်ပင်းတွင် တွယ်ရစ်နေသော မြွေတစ်ကောင်ကြောင့်
” အမလေး မြွေ၊ မြွေကြီး ကယ်ကြပါဦး ”
“မိချို …မိန်းမ ..ထ …ထ ဘာတွေ ယောင်အော်နေတာလဲ ၊ မိုးလင်းနေပြီဟ”
“ဟင် ကိုညွန့်မောင် ရှင် အလုပ်က ပြန်လာပြီလား”
“အေးဟ၊ ညက အလုပ်လုပ်ရတာ ပင်ပန်းတော့ အိပ်ချင်လှပြီ၊ နင့်အတွက် လမ်းထိပ်က ဒေါ်ကြည်မုန့်ဟင်းခါး ၀ယ်လာတယ် ၊ တိုင်မှာချိတ်ထားတာ ထစားလိုက်ဦး ”
” အင်းပါ ရှင်လဲ ပင်ပန်းလာတော့ အိပ်တော့ ”
သူမ၏ အမျိုးသားက အထပ်သားစက်ရုံတွင် အလုပ်လုပ်သူတစ်ဦးဖြစ်၏။
ထိုစက်ရုံတွင် အလုပ်သမားများအား နေ့ဆိုင်း၊ ညဆိုင်း ဟူ၍ ခွဲထား၏။
တစ်ပတ်လျှင်တစ်ခါ အဆိုင်းပြောင်းလုပ်ကြရလေရာ ယခုတစ်ပတ်တွင် ကိုညွန့်မောင်က ညဆိုင်းအလှည့်ကျခြင်းဖြစ်သည်။
မိချိုလည်း အိမ်ရှေ့တံခါးမကြီးအား တွန်းဖွင့်လိုက်စဉ်
” ဟာ တံခါးနောက်က ဘာကြီးပါလိမ့် ”
သူမက တံခါးရွက်အား အဆုံးထိဖွင့်မရသည်မို့ တံခါးနောက်ဘက်အား ကြည့်လိုက်ရာ
” ဟာ…မြွေ… အမလေး မြွေသေကြီးပါလား …ကိုညွန့်မောင် … လာပါအုံး … ဒီမှာမြွေ… မြွေသေကြီးတော့ ”
” ဟင် ဟုတ်ပါရဲ့ … ဟာ .. မြွေဟောက်ကြီးကွ သူ့ခေါင်းက ဒဏ်ရာကြီးနဲ့ အရိုက်ခံထားရလို့ သေသွားတာ နေမှာ ”
ကိုညွန့်မောင်က ပြောပြောဆိုဆိုဖြင့် တံမြက်စည်းရိုးဖြင့် မြွေသေအား ကော်ယူကာ အမှိုက်အိတ်ထဲ ထည့်လိုက်၏။
“ကိုညွန့်မောင် တိုက်ဆိုင်တာလားမသိဘူး၊ ကျုပ်လင်းခါနီး အိမ်မက်မက်တယ် ” ဟုအစချီက သူမ၏ အိမ်မက်အား ပြောပြလိုက်၏။
“အင်း …မသိပါဘူးကွာ ၊ စိတ်ထဲမထားပါနဲ့ ၊ ကဲ စားပြီးသောက်ပြီးရင် အမှိုက်အိတ်ကို သွားပစ်လိုက်ဦး ၊ ငါအရမ်းအိပ်ချင်နေပြီ ၊ အိပ်လိုက်အုံးမယ် ”
” အင်းပါ ၊ အိပ်တော့ ”
သူမလည်း မျက်နှာသစ်ကာ မနက်စာအဖြစ် မုန့်ဟင်းခါးအား စားလိုက်၏။
ထို့နောက် မြွေသေထည့်ထားသော အမှိုက်အိပ်အား အမှိုက်ပုံတွင်ပစ်ကာ ပြန်လာတော့သည်။
သို့သော် သူမအိမ်မက်ထဲမှ မိန်းခလေးအား မျက်စိထဲ၌မြင်ယောင်လာရင်း
” အတော်လှတဲ့ မိန်းခလေးပဲ..သနားပါတယ် ” ဟု တစ်ကိုယ်တည်း ရေရွတ်မိလေသည်။
” ဟဲ့ မိချိုရေ မိချို ”
” ဘာလဲဟ အသံပြဲကြီးနဲ့…မိအေးရ …တိုးတိုးပြောပါ ကိုညွန့်မောင် ညဆိုင်းအလုပ်ဆင်းရလို့ ခုမှ အိပ်ရတာ ”
” အေးပါဟဲ့ ငါမသိလို့ပါ .. သတင်းထူး ဟဲ့ သတင်းထူး ”
” ဘာသတင်းထူးလဲ ”
“ညက နဂါးရုံဘုရား ဌာပနာ အဖောက်ခံရတာတဲ့ ဟေ့ ၊ အာ့ကြောင့်နေမှာ ၊ လေပြင်းတွေ ညက အရမ်းတိုက်တာ ၊ ဘုရားပစ္စည်းကို ယူရဲကြတယ် ၊ ငရဲကျမှာ မကြောက်ဘူးလား မသိဘူး ”
” ဟုတ်ပ တစ်ဘ၀စံတွေ လေ ၊ သူတို့က ”
“ခိုးတဲ့သူ မိပြီလား ”
“ဘယ်မိမလဲ ၊ သူတို့က ဌာပနာ မဖောက်ခင် သဲတစ်ဆုပ်ချပြီး သဲမှုန်လောက်ဘ၀ ငရဲမှာခံမယ်လို့ သစ္စာဆိုပြီးခိုးတာတဲ့ ၊ အဲ့လို ခိုးရင် သူတို့ကို မမိဘူး ဆိုပဲ ”
” ဟယ်အံ့ဩပ မိအေးရယ် ၊ မကြောက်မရွံ သူတို့မို့ ”
” ဟုတ်ပါတယ်ဆို၊ ကဲ ငါလည်းပြန်လိုက်အုံးမယ်၊ နင်လဲ လုပ်စရာရှိတာလုပ် ”
“အေး အေး ငါလည်းအခု ဈေးသွားမလို့၊ ကိုညွန့်မောင်ကြိုက်တဲ့ ငါးပိကောင်ချက်နဲ့ ချဉ်ရည်ဟင်းလေး ချက်ပေးမလို့လေ ”
ကိုညွန့်မောင်နှင့် မိချိုတို့ အိမ်ထောင်သက် တစ်နှစ်ကျော်လာပြီဖြစ်သော်လည်း ယခုထိ သားသမီးမရှိသေးပေ။
သူတို့လင်မယား အိမ်ထောင်စကျစဉ်ကတည်းက ဆေးထိုး၊ ဆေးသောက်ကာကွယ်ခြင်းမပြုပဲ ကလေးယူရန်ဆုံးဖြတ်ထားသော်လည်း ယခုချိန်ထိ သားသမီး မရသေးချေ။
မိချိုထက် သူမ၏ ယောက်ျားက သာ၍ပင် ကလေးလိုချင်သေးသည်။သူက ကလေးအလွန်ချစ်တတ်သူတစ်ဦးလည်းဖြစ်၏။
မိချို အိပ်မက်ကြောင့် အိပ်နေရာမှ လန့်နိုးလာ၏။
ယခုတလော မြွေများအား မကြာခဏ အိမ်မက် မက်သလို အိမ်အနီးအနား၌လည်း အမျိုးအမည်မသိ မြွေများအား တွေ့ရတတ်သေး၏။
ယခင်က မက်ဖူးသော မိန်းမပျိုလေးကိုမူ နောက်ထပ် ထပ်မက်ခြင်း မရှိတော့ပါချေ။
” အော့ ဝေါ့ ”
“ဟင်မိချို နေမကောင်းဘူးလား ၊ အစာမကြေဘူးလား ”
” မသိဘူး ကိုညွန့်မောင် ၊ ရင်တွေတလှပ်လှပ်ခါပြီး ခေါင်းတွေကလည်းမူး ၊ အန်ကလည်း အန်ချင်နဲ့ နေရထိုင်ရခက်လိုက်တာ ”
” မဟုတ်မှလွဲရော မိန်းမ ၊ မင်းကိုယ်၀န်ရှိနေတာလား ”
” ထိုအခါမှ မိချိုလည်း စဉ်းစားရင်း ဟုတ်မယ်ထင်တယ် .. ဟိုဟာ မပေါ်တာ နှစ်လကြော်ပြီ ”
” ဟေ .. ဟုတ်လား .. လာ .. တို့တွေ ဆေးခန်းသွားပြကြည့်ရအောင် .. သေချာရင်တော့လားကွာ .. ဟေးဟေး .. ညွန့်မောင်ကလေးအဖေ ဖြစ်ရချည်သေးရဲ့ ”
ဆေးခန်းက အပြန် မိချိုတို့လင်မယားနှစ်ယောက် ပြုံးပျော်နေကြလေသည်။
မိချိုက သူမဗိုက်ကလေးအား မသိမသာကိုင်ကာ ချစ်စဖွယ်ကလေးငယ်မျက်နှာလေးအား မှန်းဆရင်း ကြည်နူးစွာ ပြုံးနေလေ၏။
အချိန်ရာသီစက်၀န်း တစ်ပတ်နီးပါး လည်ပတ်ပြီးသောအခါ
” မွေးပြီဟေ့ မွေးပြီ ညွန့်မောင်ရေ နင့်မိန်းမ သမီးလေးမွေးတယ် .. ကလေးက ဖြူဖွေးနေတာပဲ ခေါင်းမှာလည်း အမှတ်နဲ့ဟေ့ ”
” ဟင် ဟုတ်လား မိချိုရော ကျန်းမာရဲ့လား ဒေါ်မြ ”
” အမလေး ကျန်းမာပါ့တော် နင်တို့အိမ်နားမှာ မြွေတွန်သံတွေ အရမ်းပဲဟဲ့ .. ကလေးရဲ့ အဆက်အနွယ်တွေလား မသိဘူး .. သတိတော့ထားဟေ့ .. အကောင်ရှည်တွေက အဆိပ်ရှိသတ္တဝါတွေဆိုတော့ ”
အူဝဲ အူဝဲ အူဝဲ
” သမီးလေး .. ဖေဖေ ရှိတယ်လေ ငိုနဲ့ .. အို့ အို့ အို့ ”
” ပေးစမ်းပါတော် သမီးက နို့ဆာနေတာနေမှာ.. တကတည်း ကလေးကိုလက်က မချဘူး .. သူအလုပ်သွားရင် ကလေးက လက်ကချမရဘူး .. ရှင့်သမီးက လက်ကြိုက်နေပြီ သိရဲ့လား ”
” မိချိုရယ် နင့်မှာ ဘာအလုပ်မှမရှိဘူး .. ဒီသမီးလေး ထိန်းဖို့ အလုပ်ပဲ ရှိတာ .. ထမင်း၊ ဟင်းဆိုတာကလည်း ငါအကုန်ချက်ပေးခဲ့တာ ၊ သမီးက ချီတာကြိုက်ရင် တစ်နေကုန်သာချီထား ၊ ကလေးကို မငိုစေနဲ့ ”
“အမလေးတော် တကတည်း ၊ အဖြစ်သည်းနေလိုက်တာ ၊ အာ့လောက်ဖြစ်နေရင် သွားလေရာခေါ်သွားပါလား ”
” ခေါ်မရလို့ပေါ့ ၊ ခေါ်ရလို့ကတော့ မင်းတောင်ပြောစရာ မလိုဘူး ”
လင်မယားနှစ်ယောက် သမီးဖြစ်သူအတွက်ဖြင့် မကြာခဏ စကားများကြရ၏။
ကိုညွန့်မောင်၏ သမီးအပေါ် အချစ်ကဲပုံက မိချိုပင် အမြင်ကပ်ရသည်အထိ သဲသဲလှုပ်ဖြစ်နေသောကြောင့်ဖြစ်သည်။
” သမီးလေး ကြည်ပြာရေ ၊ ဖေဖေ့ အသဲလေးလာပါဦး ”
” ဟုတ်ပေဂျီး ”
မိချို၏ သမီးလေးကြည်ပြာပင် တစ်နှစ်ကျော်အရွယ်သို့ ရောက်ကာ စကားပြောတတ်နေလေပြီ။
“ကြည်ပြာလေးရေ ဘာလုပ်နေလဲဟေ့ ”
” ဆော့နေတာမေမေ”
အေးအေး ကောင်းကောင်းဆော့ ၊ မေမေဟင်းချက်လိုက်ဦးမယ်။
“ခစ် ခစ် ခစ်”
သမီးဖြစ်သူ သဘောကျစွာ ရယ်သံကြောင့် မိချို သမီးဖြစ်သူအား ကြည့်လိုက်ရာ
” အမယ်လေး ”
မြင်လိုက်ရသောမြင်ကွင်းကြောင့် မိချိုအလန့်တကြားအော်ကာ မျက်စိများပင် ပြာဝေသွား၏။
ကြည်ပြာရှေ့တွင် မြွေဟောက်ကြီးတစ်ကောင်က ပါးပျဉ်းထောင်ကာ ဘယ်ညာယိမ်းထိုးနေသည်ကို ကြည်ပြာက သဘောကျစွာ ရယ်မောနေသောကြောင့်ဖြစ်၏။
မိချိုက တံမြက်စည်းဖြင့် ယူကာ ကြမ်းအား တဘုန်းဘုန်းရိုက်ကာ ခြောက်လှန့်လိုက်ရာ မြွေသည်လည်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ဖက်သို့ ထွက်သွား၏။
ထိုအခါမှ မိချိုက ကြည်ပြာလေးထံပြေးကာ
” အမယ်လေး ၊ အမေ့သမီးလေး ကံကောင်းလို့ မသေတာ ”
ကြည်ပြာက သူမမိခင်အား နားမလည်စွာ ကြည့်နေ၏။
ထို့နောက်သူမမျက်လုံးများက မြွေကြီးထွက်သွားရာဘက်သို့ ငေးရီစွာ ကြည့်နေလေသည်။
” မေမေ ”
” ဘာလဲသမီး ”
“သမီးကို သူခိုးလေးယောက်က ဝိုင်းရိုက်ကြတာ”
” ဟင် ဘယ်လို .. သမီးဘာတွေ ပြောနေတာလဲ ”
ကြည်ပြာက သူမမိခင်မေးသည်ကို ထပ်မဖြေတော့ဘဲ ခြံထဲရှိ ပိတောက်ပင်ကြီးကိုသာ ငေးမောနေလေသည်။
“ကိုညွန့်မောင် ၊ သမီးက လူ၀င်စားများလားမသိဘူး ”
” ဟေ ဟုတ်လား သမီးက ဘာပြောလို့လဲ ”
” နေ့လည်က သမီးလေးပြောတာ၊ သူ့ကို သူခိုးလေးယောက်က ဝိုင်းရိုက်တယ်လို့ ရုတ်တရက်ပြောလာတာ ၊ ထပ်မေးတော့ မဖြေတော့ဘူး ၊ ဟိုရက်ကလည်း သမီးရှေ့မှာ မြွေဟောက်ကြီး ပါးပျဉ်းထောင်ပြီး ယိမ်းထိုးနေတာ ၊ သမီးက မြွေကိုကြည့်ပြီး တခစ်ခစ် ရယ်နေတာ၊ ကျွန်မအိမ်မက်ထဲကလို သမီးက မြွေဘ၀က လာတာများလား မသိဘူး ”
” အင်း မပြောတတ်ဘူး ၊ ဒါပေမဲ့ ဂရုတော့စိုက်ကွာ၊ ငါလည်း သမီးဘေးမှာ မြွေတွေကို မကြာခဏ တွေ့ရတယ် ၊ ငါတို့ကိုတော့ သူတို့ အန္တရာယ်မပေးကြဘူး ၊ ဂရုတော့ စိုက်မှရမယ် အဆိပ်ပြင်း သတ္တဝါတွေဆိုတော့ ”
“အင်းပါ ၊ သမီးက ထူးခြားတာတော့ အမှန်ပဲ ၊ အခြားကလေးတွေလို ငိုတာ ရယ်တာတွေလဲ သိပ်မရှိဘူး ၊ တစ်ခါတစ်လေ ငြိမ်နေလို့များ သွားကြည့်ရင် အိမ်ပေါက်၀ကနေ အပြင်ကို ငေးပြီး ကြည့်နေတာ ၊ လူကြီးတစ်ယောက်တွေးငေးနေသလိုပုံစံနဲ့ ”
ညွန့်မောင်က ခေါင်းညိမ့်လိုက်ပြီး
” ဒါတော့အမှန်ပဲ ”
ကြည်ပြာလေး ငါးနှစ်အရွယ်သို့ ရောက်သောအခါ
“ကိုညွန့်မောင် ၊ ဗျို့ ကိုညွန့်မောင် ”
” ဟာ မောင်ဇော်ပါလား ၊ လာလေကွာ မင်းပျောက်နေတာတောင် ကြာပေါ့ ၊ ဘယ်သွားနေတာလဲ ၊ မင်းကိုကြည့်ရတာ အတော်အဆင်ပြေနေပုံ ရတယ် ”
“မြို့တက်ပြီး အလုပ်လုပ်နေတာလေ ”
ထိုသူ အိမ်ထဲ၀င်လာချိန်တွင် ကြည်ပြာက ထိုလူအား စူးရဲစွာ ကြည့်ကာ “တောက်” တစ်ချက်ခေါက်လိုက်၏။
ကြည်ပြာ၏ အပြုအမူကြောင့် သူမ၏ ဖခင်ရော မိခင်ပါ အံ့ဩသွားကြ၏။
မောင်ဇော်က ကြည်ပြာ၏ အကြည့်စူးစူးကြောင့် လန့်သွားကာ သူမအကြည့်အားရင်မဆိုင်ရဲတော့ပဲ မျက်နှာအား တစ်ဖက်သို့ လွှဲလိုက်၏။
ထိုစဉ်ကြည်ပြာက မောင်ဇော်အား လက်ညှိုးငေါက်ငေါက်ထိုးကာ
” နင်သူခိုး၊ နင်သူခိုးပဲ ၊ နင်ဘုရားပစ္စည်းခိုးတာ ၊ နင်တို့ကို စောင့်နေတာကြာပြီ ”
” ဟာ သမီးလေး ဘာပြောနေတာလဲ ၊ သူ့ကိုနင်လို့ မပြောရဘူး ၊ သူကဖေဖေ့သူငယ်ချင်းပါ ”
” သူကသူခိုး၊ နဂါးရုံဘုရား ထာပဌာဖောက်တာ သူတို့ ”
မောင်ဇော် အကြီးအကျယ်မျက်နှာပျက်ကာ တုန်လှုပ်လျက်
” ကိုညွန့်မောင် .. ကျုပ်.. ကျုပ်ပြန်တော့မယ် ၊ နောက်မှလာလည်မယ် ”
ထိုသို့ပြောကာ ကသုတ်ကရက်ဖြင့် သူတို့အိမ်မှ မပြေးရုံ တစ်မယ် ထပြန်သွားလေသည်။
” သမီး ၊ မောင်ဇော်က အဖေတို့ ရပ်ကွက်က နဂါးရုံဘုရား ဌာပနာ ဖောက်တာ တစ်ကယ်လား ”
“ကြည်ပြာက ခေါင်းညိမ့်ပြပြီး အဲ့ဒီညမှာ သူတို့က သမီးကို ရိုက်သတ်ကြတာ၊ သမီးက ဘုရားမှာနေတာ၊ သမီးလည်း သေခါနီး မေမေ့ဆီနေဖို့ ခွင့်တောင်းတာ ၊ သမီး ဟိုနေရာမှာသေခဲ့တာ ”
” ဟာ ”
“ဟင်”
လွန်ခဲ့သော နှစ်အနည်းက တံခါးကြားတွင် ခေါင်းးကဒဏ်ရာဖြင့် သေနေသော မြွေဟောက်တစ်ကောင်အား ပြန်မြင်ယောင်မိကြရင်း အလွန်စိတ်မကောင်းဖြစ်မိသွားကြ၏။
” ကိုညွန့်မောင် ကျုပ်တို့ ဥက္ကဌ ကို အကျိုးအကြောင်းပြောထားမှထင်တယ် ၊ သူသာ သူခိုးအစစ်အမှန်ဆို ကျုပ်တို့ သိရက်နဲ့ မပြောရင် မကောင်းဘူး ”
” အေ ငါ အခုပဲ ဥက္ကဌ အိမ်သွားပြောလိုက်မယ် ”
” သေချာရဲ့ လားကိုညွန့်မောင် ၊ ကျုပ်တို့မှာက ဘာသက်သေ အထောက်အထားမှ မရှိတော့ ခက်သား ”
” ယုံတာ မယုံတာ ခင်ဗျားသဘောပဲ ၊ ကျုပ်က ကျုပ်သမီး ပြောတာသိရတဲ့အတိုင်း ပြောပြတာ”
ကိုညွန့်မောင် ဥက္ကဌ အိမ်မှထွက်လာသည်ကို လူတစ်ယောက်က သစ်ပင်အကွယ်မှ ချောင်းကြည့်နေသည်ကို ညွန့်မောင် သတိမထားမိပါချေ။
” ဘာ.. မောင်ဇော် .. အဲ့ဒီကလေးက အဲ့လိုပြောတာဟုတ်လား ”
” ဟုတ်တယ် ဆရာဖိုးလုံး ၊ ကျုပ်တို့ ဘယ့်နှယ့် လုပ်ကြမလဲ ၊ ညွန့်မောင်ဆိုတဲ့ ကောင်က ဥက္ကဌ အိမ်သွားတာလဲ ကျုပ်ကိုယ်တိုင်မြင်ခဲ့တာ ”
” ဟာကွာ တောက် ၊အစဆွဲထုတ်လိုက်ရင် ကျုပ်တို့ အကုန်ဂိမှာ ၊ ကျုပ်တို့လုပ်ထားတာတွေက မနည်းဘူး ”
” မင်းပါးစပ်ပိတ်ထားစမ်း ..ဟို ကလေးမက အဓိကပဲ .. သူ့ကို ရှင်းလိုက်ရင် ပွဲပြီးပြီ ၊ မင်းကို သိသွားပေမဲ့ ဘာသက်သေမှ မရှိပဲ ဖမ်းမရဘူး ၊ မင်းလဲ ထိုင်းဖက် ခဏ သွားနေလို့ ရတာပဲ ”
” ကလေးမကို သတ်မလို့လား ဆရာ”
” ဟာ မတော်တဆ သေတဲ့ပုံစံလုပ်ရမှာပေါ့ ”
“ညွန့်မောင်တို့ အထပ်သားစက်ရုံမှာ မင်းသူငယ်ခိင်းရှိတယ်မို့လား ၊ သူညဆိုင်း ဘယ်နေ့ဆင်းလဲ စုံစမ်းလိုက်”
” ဟုတ် အာစိ ”
လူမိုက်တစ်စုက ကြည်ပြာလေးအား ဒုက္ခပေးရန်ကြံစည်နေကြလေပြီ။
” အာစိ ညွန့်မောင်က နက်ဖြန်ညဆိုင်းဆင်းရမယ့် အလှည့်ပဲ ၊ ပြီးတော့ ညွန့်မောင်သမီးက မြွေ၀င်စားဖြစ်နိုင်တယ်လို့ လက်သည်ဒေါ်မြဆီက စုံစမ်းခဲ့တယ် ”
” ဒါဆို နဂါးရုံဘုရား ဖောက်တဲ့ညက ငါတို့သတ်လိုက်တဲ့ မြွေက ညွန်မောင်သမီးပေါ့ ၊ ဟား ဟား ဟား နှစ်ဘ၀ သတ်ပေးရမှာပေါ့ ”
” မိန်းမ အိမ်ကိုတံခါးသေချာပိတ်၊ သမီးကို ဂရုစိုက်နော် ”
” အင်းပါ စိတ်ချပါ ၊ မနက်ကျရင် လမ်းထိပ်က ဒေါ်ကြည်မုန့်ဟင်းခါး၀ယ်လာပေးဦး ”
” အေးပါဟ ”
ညွန့်မောင် ညနေစောင်းအချိန် အိမ်မှထွက်ခွာသွားသည်အား ချောင်းမြောင်း ကြည့်ရှုနေသူနှစ်ဦးရှိသည်ကို မည်သူမှ သတိမထားမိကြပါချေ။
” ဝေါ ဂျိမ်း ဂျလိမ်း ”
“ဟူး မိုးရောလေရော ကောင်းချက် ၊ ဘယ်တုန်းကတည်းက ရွာချင်နေမှန်းမသိဘူး ”
ကြည်ပြာလေးက အိပ်ပျော်နေပြီဖြစ်သောကြောင့် မိချိုလည်း ကြည်ပြာလေးဘေးမှ ၀င်အိပ်လိုက်ရာ မကြာမီ အိပ်ပျော်သွားလေသည်။
အမှောင်ယံ လွှမ်းခြုံမှုအား ကြီးစိုးကာ လူတစ်စုက မိချိုတို့ အိမ်ဝိုင်းတံခါးအား ကျော်၀င်လာကြလေသည်။
ထို့နောက် သစ်ပင်များထံ ချည်းကပ်လိုက်ကြကာ အိမ်၏ အခြေအနေအား စောင့်ကြည့်နေစဉ်
ရွှီ ရွှိ ရွှီ
မြွေတွန်သံများ အဆက်မပြတ်ထွက်ပေါ်လာလေသည်။
သို့သော် မိုးသံလေသံများဖြင့် ဖုံးလွှမ်းနေသဖြင့် ထိုအသံအား ထိုသူများမှ သတိမမူမိပါချေ။
မြွေသံများကြောင့် ကြည်ပြာ အိပ်နေရာမှ နိုးလာကာ သူမမိခင်အား ကြည့်လိုက်ရာ မိခင်ဖြစ်သူမှာ နှစ်ခြိုက်စွာ အိပ်မောကျလျှက်ရှိလေသည်။
သူမ တံခါးဘေးမှ ခွေးရှည်ခုံအား ယူကာ တံခါး၏ အပေါ်ကန့်လန့်အား ဖွင့်လိုက်၏။
ဂျောက် .. ကျွီ
” ဟာ.. အတော်ပဲ .. ကလေးမ လေးထွက်လာပြီ ”
အိမ်ရှေ့မှ မီးအလင်းရောင်ကြောင့် ကြည်ပြာထွက်လာသည်အားတွေ့ကြရသဖြင့် ထိုလူစုမှာ ၀မ်းသာသွားကြ၏။
ကြည်ပြာက အိမ်ရှေ့တွင်ရပ်ကာ ထိုလူစုရှိရာ သစ်ပင်များဆီသို့ လက်ညှိုးထိုးလိုက်ရာ
” ဟာ အာ့ကလေး ဘာလုပ်တာလဲ ”
ထိုစဉ် ဘယ်ကမှန်းမသိ ပေါ်လာသော မြွေများက ထိုလူစုအား ပေါက်ချလိုက်ရာ
” ဟာ မြွေတွေ အား သေပါပြီ .. ပြေးကြ ပြေးကြ ”
သူတို့ ထိုအိမ်ဝိုင်းတံခါး ပေါ်မှ ကျော်ခွပြေးကြရနောက် မြွေများက အညှိုးတကြီးဖြင့် လိုက်ကာ ပေါက်ကြ၏။
“မောင်း.. ကား..ကိုမောင်း .. ဟာ ငါ့မျက်စိတွေ ပြာလာပြီ ဘာကိုမှ မမြင်တော့ဘူး ဆေးရုံကိုမောင်း ”
“ကျွီ ဒုန်း ”
ထိုကားက နဂါးရုံ ဘုရားရှေ့ရှိ ညောင်ပင်ကြီးအား အရှိန်ပြင်းစွာ ၀င်တိုက်လိုက်၏။
” မိချိုရေ.. သမီးကြည်ပြာရေ ”
” တိုးတိုး.. ကိုညွန့်မောင် .. သမီးက အိပ်နေတုန်း ”
” ဟင်ဟုတ်လား .. သမီးက အိပ်နေတုန်းလား .. ခါတိုင်းက သမီးက အစောကြီး နိုးနေတာပါ ”
“သူလည်း မိုးအေးလို့ အိပ်ကောင်းတာနေမှာ”
ညွန့်မောင် အိပ်နေသော ကြည်ပြာလေး၏ နဖူးအား ကြင်နာစွာ နမ်းခြိုက်လိုက်ပြီး
“မိန်းမ လာအုံး ၊ ပြောစရာရှိလို့”
” နေဦး မျက်နှာသစ်လိုက်အုံးမယ် ”
” နောက်မှသစ် ၊ငါပြန်လာတော့ နဂါးရုံဘုရားရှေ့မှာ သစ်ပင်နဲ့ ကားနဲ့ ၀င်တိုက်ထားတာ ကားကရစရာကိုမရှိဘူး ၊ ကားပေါ်က လူတွေလဲ အကုန်သေကြတာ ၊ ငါလဲ ရပ်ပြီူစပ်စုတာ ၊ သေတဲ့သူတွေ အကုန်လုံးက ပြာနှမ်းလို့ ၊ သေတဲ့ အထဲမှာ မောင်ဇော်တောင်ပါသေး ”
” ဟင်ဟုတ်လား ၊ ကားတိုက်သေတာ ဘာလို့ ပြာနှမ်းနေတာလဲ ”
” အဲ့ဒါတော့ ငါမသိဘူး ၊ ရဲတွေကတော့ အဆိပ်ရှိတဲ့ သတ္တဝါ ကိုက်ပြီးသေကြတာ နေမှာလို့ ပြောနေကြတယ် ၊ သေတဲ့ သူတွေရဲ့ လက်တွေ ၊ ခြေထောက်တွေမှာ မြွေစွယ်ရာ လို အပေါက်နှစ်ပေါက် တွေ့တယ်ပြောနေကြတယ် ”
” ဟင်ဟုတ်လား ၊ ထူးဆန်းပ ၊ ခဏနေ မိအေးလာမှ သေချာမေးကြည့်ဦးမယ် ၊ မိစပ်စုကတော့ အကုန်သိမှာ ”
မိခင်နှင့် ဖခင်ဖြစ်သူပြောနေကြသော စကားများကြောင့် ကြည်ပြာလေးက အိပ်ရာထဲမှ နှစ်ခြိုက်စွာ ပြုံးလိုက်လေသတည်း။
ပြီး။။
လေးစားစွာဖြင့်
စာရေးသူ နန်းကြာညို
#crd