ရထားပေါ်ကမိသားစု

ရထားပေါ်ကမိသားစု (စဆုံး)

 

(၁)

 

“ဘော် . . ဘော်”

 

နောက်ဆုံးမြို့ပတ်ရထားကြီးက ဥသြရှည်ကြီးကိုဆွဲပြီးနောက် ဘူတာအတွင်းသို့ဝင်ခဲ့သည်။ ယခုရပ်သည့်ဘူတာမှာ မင်္ဂလာဒုံဈေးဘူတာဖြစ်သည်။ ကျောက်ရေတွင်းမှထွက်လာသော နောက်ဆုံးရထားမှာ အင်းစိန်ဘူတာသို့ ညအိပ်ရန်အတွက် နောက်ဆုံးအကြိမ်ထွက်ခဲ့ခြင်းဖြစ်သည်။ အချိန်မှာ ညကိုးနာရီခန့်ဖြစ်သည်။ နောက်ဆုံးရထားဖြစ်တော့ ထုံးစံအတိုင်း လူသိပ်မပါတော့။ အချို့တွဲများက ဗလာတွဲများဖြစ်နေသည်။ မိန်းကလေးများနှင့် အချို့လူများမှာတော့ လုံခြုံရေးအတွက် ရဲပါသော နောက်ဆုံးရထားတွဲတွင် သွားရောက်စီးနင်းကြလေ့ရှိသည်။

 

ဦးအောင်မြင့်က ရထားဝန်ထမ်းဖြစ်သည်။ လက်မှတ်စစ်ဆေးရသည့်အလုပ်ကိုလုပ်ကိုင်သည်။ များသောအားဖြင့် နောက်ဆုံးရထားထွက်ပြီးပါက ဘူတာများပိတ်ကြလေ့ရှိရာ နောက်ဆုံးရထားစီးသူများအချို့သည် လက်မှတ်ဝယ်လေ့မရှိကြပေ။ ယခုလဲ မင်္ဂလာဒုံဈေးဘူတာတွင် ရထားရပ်လိုက်ပြီး လူသုံးလေးယောက်ခန့် တက်လာသည်ကိုမြင်ရသည်မို့ လက်မှတ်စစ်ရန်အတွက် ရထားခေါင်းတွဲမှနေ၍ တစ်တွဲခြင်း ကူးလာခဲ့ပြီး လတ်မှတ်များကိုလိုက်စစ်ရသည်။ နောက်ဆုံးရထားမို့ လူရှင်းနေကာ အချို့တွဲများတွင် လူ သုံးလေးယောက်ခန့်သာ ပါပြီး အများစုမှာ သူငယ်ချင်းများ အသိမိတ်ဆွေများဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေကြသည်။

 

တစ်တွဲခြင်းလက်မှတ်စစ်ရင်း ငါးတွဲမြောက်တွဲပေါ်သို့ ရောက်သည့်အခါတွင် ထိုတွဲတွင် လူတစ်ယောက်မှ မရှိပေ။ ဦးအောင်မြင့်လဲ လေကလေးတချွန်ချွန်နှင့် တွဲအတိုင်းဆက်လျှောက်လာခဲ့သည်။ ခြောက်တွဲမြောက်ကိုကူးမည်အလုပ်တွင် စိတ်ထဲအနောက်သို့လှည့်ကြည့်ချင်လာသဖြင့် အမှတ်မထင်လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ထိုတွဲ၏ တစ်ဖက်စွန်းတွင် မိသားစုတစ်စုထိုင်နေသည်ကိုတွေ့ရသည်။ ဦးအောင်မြင့်လဲ စိတ်ထဲထူးဆန်းသွားသည်။

 

“ငါခုနက အဲ့ဒီအနားကနေဖြတ်လျှောက်လာတာပဲ သူတို့ကိုငါမတွေ့ပါဘူး”

 

သာမန်လူဆို တစ်ခုခုကို စဉ်းစားမိမည်ဖြစ်သော်လည်း ဦးမောင်မြင့်က ကရင်လဲဖြစ်သည်၊ သရဲတစ္ဆေစသည်တို့ကို အယုံအကြည်လဲမရှိ၊ ကြောက်လဲမကြောက်တတ်သည်မို့ ထိုမိသားစုထံသို့ လက်မှတ်စစ်ရန်အတွက်လာခဲ့သည်။

 

ထိုမိသားစုတွင် အဖေဖြစ်သူက လေးထောင့်မျက်မှန်ကို ဇီးရောင်ပြေးလေးပါသည့်မျက်မှန်တပ်ထားပြီး စပို့ရှပ်အစင်းတစ်ထည်နှင့် အောက်ကလုံခြည်တစ်ထည်ကိုဝတ်ဆင်ထားသည်။ အဝတ်အစားတွေက ခပ်မှိုင်းမှိုင်းဖြစ်သည်။ အမေဖြစ်မည်ဟု ယူဆရသော မိန်းမက အနည်းငယ်ဝဖိုင့်ပြီး ပန်းပွင့်များပါသည့် လက်ပြတ်အကျီနှင့် ထဘီဝတ်ဆင်ထားသည်။ သူတို့၏ သားကလေးမှာတော့ အသက် ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် ဝန်းကျင်ဖြစ်မည်ထင်ရပြီး ဘောင်းဘီတိုကလေးနှင့် စပို့ရှပ်တစ်ထည်ကိုဝတ်ဆင်ထားကာ သမီးဖြစ်သူကတော့ ဆယ်နှစ်အရွယ်ခန့်ဖြစ်ကာ အဝါရောင်လိုလို အဖြူရောင်လိုလိုဂါဝန်ကိုဝတ်ဆင်ထားသည်။ တစ်မိသားစုလုံးဝတ်စားထားသည့်အဝတ်အစားများသည် ဟောင်းနွမ်းနေပြီး သူတို့က လက်ဆွဲခြင်းတွေ၊ ဖျာတွေနှင့် ထမင်းချိုင့်တွေကိုလဲ ကိုင်ထားသည်ကိုကြည့်ချင်းဖြင့် တစ်နေရာရာမှ ပြန်လာကြပုံရသည်။

 

ပို၍ထူးဆန်းသည်မှာ သူတို့ဝတ်ထားသည့် အဝတ်အစားများ၏ ဒီဇိုင်းဖြစ်သည်။ ထိုသို့မျက်မှန်၊ ထိုသို့အဝတ်အစားများမှာ ဦးအောင်မြင့်တို့ ငယ်ငယ်က ခေတ်စားခဲ့သည့် ၁၉၉၀ ဝန်းကျင်ခန့်က အဝတ်အစားများဖြစ်သည်။

 

(၂)

 

ဦးအောင်မြင့်လဲထိုမိသားစုအနီးသို့ လျှောက်လာခဲ့သည်။ ထိုစဉ် သူ၏ အကျီအိတ်ကပ်အတွင်းတွင်ထည့်ထားသည့် ဘောပင်မှာ အောက်သို့ပြုတ်ကျသွားသည်။ ဘောပင်ချိတ်ရန် ကွင်းကလေးများပါသည့်အကျီဖြစ်သော်လည်း ဘောပင်ပြုတ်ကျသွားသည်ကတော့ ထူးဆန်းနေသည်။ ဦးအောင်မြင့်လဲ ဘောပင်ကို ကုန်းကောက်လိုက်ပြီး အကျီအိတ်ထဲသေချာပြန်ထည့်လိုက်ကာ ထိုမိသားစုကိုကြည့်လိုက်တော့ တစ်ယောက်မှမရှိတော့ပေ။

 

“ဟာ ဘယ်ရောက်သွားတာလဲဟ”

 

ရထားကြီးက တရွေ့ရွေ့ခုတ်မောင်းနေဆဲဖြစ်ရာ ရထားပေါ်မှ ခုန်ဆင်းသွားသည်လဲ မဖြစ်နိုင်။ ခုန်ဆင်းရအောင်ကလဲ ယောက်ျားသားမဟုတ်ဘဲ မိသားစုလိုက်ကြီးဖြစ်နေပြန်သည်။ ထိုတော့မှ ဦးအောင်မြင့်က သရဲတစ္ဆေများလားဆိုပြီး အနည်းငယ်ကြောက်စိတ်ဝင်လာသည်။ ထို့ကြောင့် ခြောက်တွဲမြောက်သို့သွားရန် ပြန်လှည့်လိုက်စဉ်

 

“အောင်မယ်လေး ဘုရားသခင်”

 

ထိုမိသားစုက ခြောက်တွဲမြောက်သို့သွားမည့် လမ်းအဆုံး ထိုင်ခုံနေရာတွင် ထိုင်နေကြလေသည်။ သူ့ကိုလဲ တွေ့ဟန်မတူ၊ အချင်းချင်းစကားပြောဆိုနေကြသည်။ ကလေးငယ်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကျီစယ်ရင်း ရယ်မောနေကြသည်။ သရဲလား၊ နာနာဘာဝလားတော့ ဦးအောင်မြင့်သိလိုက်ပြီဖြစ်ရာ ရှေ့သွားရနိုးနိုး၊ နောက်ဆုတ်ရနိုးနိုးဖြစ်နေပြီ။

 

ကျိုက္ကလဲ့ဘူတာသို့မရောက်မီ ကားလမ်းဂုံးကျော်တံတားတစ်ခုရှိသည်။ ရထားက ထိုတံတားအောက်မှ ဖြတ်သွားရသည်။ အခုလဲ သူတို့ရထားကြီးက ထိုဂုံးတံတားကိုဖြတ်သန်းသွားရာတွင် ပတ်ဝန်းကျင်မှာမှောင်ကျသွားတော့သည်။ ရထားပေါ်တွင် ထွန်းထားသည့် မီးချောင်းများမှာလဲ တဖြတ်ဖြတ်နှင့် ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည်။ ဦးအောင်မြင့်ကတော့ ထိုနေရာမှ တလှမ်းမှမခွာရသေးဘဲ ကြောင်ပြီးရပ်နေသည်။

 

သို့သော်ထူးဆန်းသည်။ မီးတချက်ဖြတ်ကနဲပြတ်သွားတိုင်း ထိုမိသားစုက သူနှင့်နီးလာခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ကလဲ အမှောင်ကျနေရာ မီးချောင်းတစ်ချက် တစ်စက္ကန်ပင်မရှိအောင် ပိတ်သွားတိုင်း ရထားပေါ်တွင် လုံးဝမှောင်ကျသွားပြီး ပြန်လင်းလာသည့်အခါတွင် ထိုမိသားစုက သူနှင့် တဖြေးဖြေးနီးကပ်လာသည်။ ဖြစ်စဉ်မှာ ခဏကလေးဖြစ်သော်လည်း အချိန်အကြာကြီးဟု ဦးအောင်မြင့်စိတ်ထဲ ထင်နေရသည်။ မီးချောင်းဆယ်ခါခန့် မှိုတ်လိုက်လင်းလိုက်ဖြစ်ပြီးသည့်အခါ ထိုမိသားစုက သူ့အနားဆယ်ပေအကွာခန့်ရောက်နေပြီဖြစ်ရာ ဦးအောင်မြင့်လဲဘာမှမပြောနိုင်တော့ဘဲ ကြက်သေသေနေသည်။

 

ဂုံးတံတားအောက်ကိုဖြတ်ပြီးသည့်အချိန်တွင် ရထားက ပြန်လည်လင်းချင်းသွားပြီး မီးလဲမှိတ်လိုက်လင်းလိုက်မဖြစ်တော့။ သို့သော်ထိုမိသားစုက ထိုင်နေသေးသည်။ ထိုအခါ ထိုမိသားစု၏ အဖေဖြစ်သူယောက်ျားက သူ့အားလှည့်ကြည့်ပြီး မျက်လုံးများက သူ့ကို စူးစိုက်ပြီးကြည့်လိုက်တော့သည်။ ဦးအောင်မြင့်ဘဝတွင် တစ်ခါမှမကြုံဖူးသော ကြက်သီးတွေထလာသည်။ သူ့တစ်ကိုယ်လုံးရှိ လက်မွှေးများ၊ ခေါင်းမွှေးများ အားလုံး ဖြောင့်ဖြောင့်တန်းတန်းကြီး ထောင်တက်နေသလိုခံစားရပြီး တစ်ကိုယ်လုံးလဲ ကျောရိုးထဲမှစ၍ အေးစက်လာကာ တစ်ချက်တစ်ချက်တွင် တုန်တက်သွားသည်။

 

(၃)

 

ဦးအောင်မြင့်က ပြေးဖို့သတိရလိုက်ပြီမို့ လှည့်ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း စိတ်သွားတိုင်း ကိုယ်ကမပါပေ။ သူ့ကိုယ်လုံးကို သူထိန်းချုပ်၍ မရနိုင်ဖြစ်သွားသည်။ စိတ်က ပြေးချင်နေပေမယ့် ကိုယ်လုံးကြီးက လှုပ်မရဘဲ ရပ်တန့်နေသည်။ ထိုယောက်ျားကို သူ့ကိုမြင်သည့်အခါတွင် ပြုံးပြလိုက်သည်။ သို့သော် သူ့ပါးစပ်ထဲတွင် သွားတစ်ချောင်းမှ မပါပေ။ မည်းမည်းကြီးသာမြင်ရသည်။ ပါးစပ်ကြီးမှာလဲ ပြဲလန်နေသည်။ ထိုယောက်ျားကြီးပြုံးပြလိုက်တော့ ကျန်သည့် အမျိုးသမီးနှင့် ကလေးတွေကလဲ သူ့ကိုလှည့်ကြည့်ပြီး ပြုံးပြကြသည်။ ထိုအပြုံးသည် ချစ်ခင်နှစ်လိုဖွယ် တစ်စက်မှမရှိ အလွန်ကြောက်စရာကောင်းသည့် အပြုံးများဖြစ်သည်။ ထိုသူများပါးစပ်ထဲမှာလဲ ဘာမှမပါဘဲ အနက်ရောင်ပြောင်ကြီးသာမြင်နေရသည့်အခါ ကိုအောင်မြင့်တစ်ယောက် ဘောင်းဘီအတွင်းသို့ ဆီးများပါချမိလိုက်တော့သည်။

 

ဦးအောင်မြင့် ဆီးသွားသည်ကို ကလေးနှစ်ယောက်ကမြင်တော့ ရယ်မောကြသည်။ သူတို့ရယ်သံမှာ သာမန်ရယ်သံမျိုးမဟုတ်ဘဲ အသံသေးသေးကလေးတွေနှင့် ခရာမှုတ်သလို တစီစီမြည်သည့်အသံများဖြင့် ရယ်မောကြခြင်းဖြစ်သည်။ ဦးအောင်မြင့် မလှုပ်မယှက်နိုင်သည်ကို သူတို့က သဘောကျနေကြသည်။ မကြာခင် ကောင်လေးက သူ့ခေါင်းကို အနောက်သို့လှည့်ပြီး တစ်ပတ်လှည့်ပြလိုက်ပြန်သည်။ ကလေးမလေးကလဲ မတ်တပ်ရပ်နေရင်း သူ့လက်များရှည်ထွက်လာကာ ရထားကြမ်းပြင်နှင့်ထိသွားသည်။ ထိုလက်ကြီးကို နောက်လက်တစ်ဖက်က ကောက်ကိုင်လိုက်တော့ ရှည်ထွက်သွားသည့်လက်ကြီးမှာ မုန့်စိမ်းပေါင်းလို တုန်တုန်နှင့် ပြောင်ပြောင်ချော်ချော်ကြီးဖြစ်နေပြန်သည်။ ဦးအောင်မြင့်က မျက်လုံးများမှိတ်ရန်ကြိုးစားသော်လည်း မျက်ခွံများမှာ ပိတ်မရပေ။

 

“ဘော် . . ဘူ”

 

ရထားက ဥသြဆွဲလိုက်ပြီးနောက် ကျိုက္ကလဲ့ဘူတာသို့ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ထိုအခါ ထိုမိသားစုက မတ်တပ်ရပ်လိုက်ကြပြီးနောက် ရထားကြမ်းပြင်ပေါ်သို့ တဖြည်းဖြည်းနစ်ဝင်သွားကာ ပျောက်သွားကြတော့သည်။ နောက်ဆုံးလဲ သူ့ကိုပြုံးပြခဲ့ကြသေးသည်။ ခဏကြာတော့မှ သူလဲ သတိပြန်ကပ်လာသည်။ လှုပ်ရှား၍လဲရလာတော့သည်။ ထိုအခါတွင်တော့ ရထားနောက်ဆုံးတွဲသို့ အားကုန်သုံးပြီး ပြေးလာခဲ့လိုက်သည်။ ဘောင်းဘီအတွင်း ဆီးများထွက်ထားသည့် ဦးအောင်မြင့်ကို နောက်ဆုံးတွဲမှလူတွေတွေ့တော့ ထူးဆန်းလျှက်ရှိသည်။ ဦးအောင်မြင့်လဲ လူများကိုမြင်တော့မှ ထိုင်ခုံတစ်ခုတွင် ထိုင်ချလိုက်ပြီးနောက် ခွေကျသွားတော့သည်။

 

“မင်းဟာက အဆန်းပဲကွ”

 

ဦးအောင်မြင့်ဖျားနေသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်သဖြင့် ဝန်ထမ်းအိမ်ရာထဲမှ လုပ်ဖော်ကိုင်ဖက်များက သတင်းလာမေးကြသည်။ ဦးအောင်မြင့်လဲ ဖြစ်ကြောင်းကုန်စင်ကို လာသမျှလူကိုသာ ပြောပြနေရသည်။ သရဲတစ္ဆေမကြောက်တတ်သည့် ဦးအောင်မြင့်မှာ အိမ်ထဲနေရင်း ညဘက်ရောက်လျှင် အလိုလိုထိတ်လန့်နေမိသည်။ ယခုလဲ အလုပ်မှပြန်လာသည့် လုပ်ဖော်ကိုင်ဖက်တစ်ချို့က သူ့အား သတင်းဝင်မေးနေကြခြင်းဖြစ်သည်။

 

“ဆန်းတာမှတအားဆန်းဗျာ၊ ကျုပ်ဖြင့် အခုထိယုံတောင်မယုံနိုင်ဘူး”

 

“အင်း၊ အဲဒီမိသားစုနဲ့ ပက်သက်လို့ကတော့ အရင်ကလဲ ဝန်ထမ်းတွေကြားထဲ၊ ခရီးသည်တွေကြားထဲမှာ ဇတ်လမ်းလေးတွေ ရှိကြတယ်ကွ”

 

“ဟုတ်လား၊ ဒါဆို ဘကြီးသိရင်ပြောပြပါဦး”

 

“အေး၊ ငါသိသလောက်ကတော့ ၁၉၉၀ ကျော်နှစ်တစ်နှစ်ကပဲထင်တယ်၊ ဗဟိုနိုင်ငံရေး ရထားလမ်းကူးတံတားမှာ ပဲခူးကိုပျော်ပွဲစားထွက်လာတဲ့ မိသားစုတစ်စု ဟိုင်းလတ်ကားမှောက်ပြီး တစ်မိသားစုလုံးသေခဲ့ကြတယ်လို့တော့ ကြားဖူးတယ်၊ နောက်ပြီး အဲဒီမိသားစုကလဲ မကျွတ်မလွတ်ဘူးထင်ပါရဲ့ကွာ တစ်ခါတစ်ခါ မြင်ရလေ့ရှိတယ်”

 

“ဒါဆိုဟုတ်မယ်ဘကြီး၊ ကျွန်တော်မြင်ခဲ့တာလဲ အဲဒီလိုမျိုးပဲ၊ သူတို့က အထုပ်တွေ၊ အပိုးတွေနဲ့ ဝတ်ကောင်းစားလှဝတ်ထားတဲ့ပုံစံမျိုးပဲ၊ နောက်ပြီး အကျီတွေကလဲ ရှေးကျနေပါတယ်လို့ ထင်နေတာ၊ ဒါကြောင့်ကိုး”

 

“အဲဒီရထားလမ်းဂုံးကျော်တံတားက အမြဲမတော်တဆဖြစ်တယ်၊ ကားမှောက်ရင်မှောက်တယ်၊ မဟုတ်ရင်လဲ လူတိုက်မိတယ်၊ နောက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဂုံးတံတားပေါ်ကနေ အောက်ကိုကျသွားတဲ့ ကားတွေတောင်ရှိတယ်ကွ၊ တို့ဝန်ထမ်းတွေထဲလဲ ကြုံတဲ့သူတွေရှိတယ်၊ ဒါပေမယ့် မင်းလောက်တော့ အနီးကပ်မကြုံဖူးဘူးပေါ့၊ မသင်္ကာဘူးဆိုတာနဲ့ လှည့်ပြေးတာပဲတဲ့ ငါ့လူရေ”

 

ဘကြီးက ပြောရင်း ရယ်မောနေသည်။

 

“မင်းက သေးထွက်တာပဲတော်သေးတာ၊ တချို့ဆို အလုပ်ကထွက်တဲ့သူတောင်ရှိတယ်တဲ့”

 

“ဟုတ်လား ကျွန်တော်လဲမကြားမိပါလား”

 

“အေးဖြစ်တာတော့ ကြာပြီကွ၊ မင်းသိချင်ရင် ငါပြောပြမယ်”

 

(၄)

၂၀၀၈ ခုနှစ်ခန့်ကဖြစ်သည်။ ဦးသက် က ဘူတာတွင်တာဝန်ကျသည့်ဝန်ထမ်းဖြစ်သည်။ သူတာဝန်ကျတာကလဲ ကျိုက္ကလဲ့ဘူတာတွင်ဖြစ်သည်။ ရုံတွင် လက်မှတ်ရောင်းသည့်အခါလဲ ကူရောင်းပေးရတတ်သည်။

 

ထိုညက ဆောင်းတစ်ညဖြစ်သည်။ ရာသီဥတုက ဆောင်းလယ် ဒီဇင်ဘာမို့ အေးစက်နေသည်။ နောက်ဆုံးရထားဖြတ်သန်းတော့မည်ဖြစ်သဖြင့် ဘူတာရုံကိုတော့ မပိတ်ရသေးပေ၊ ရထားစီးမည့်သူများလဲ မရှိသဖြင့် ခွေးလေခွေးလွင့်များက ရထားဘူတာရှိ ခုံတန်းကလေးများတွင် အိပ်ဖို့နေရာယူနေကြသည်။ ထိုစဉ် မိသားစုတစ်စုက ဘူတာစင်္ကြန်လမ်းအတိုင်း တဖြည်းဖြည်းလျှောက်လာသည်ကို လှမ်းမြင်ရသည်။ အချိန်ကလဲ နှောင်းနေပြီး ဘူတာစင်္ကြန်လမ်းမှာလဲ မီးအလင်းရောင်မရှိသလို ရထားလမ်းဘေးတွင်လဲ ချုံပင်များအုပ်စိုးနေသည်မို့ မှောင်မည်းနေသည့်ကြားက ထိုမိသားစု ဘယ်လိုကြောင့် ထိုနေရာမှ လမ်းလျှောက်လာသလဲဆိုတာကို ဦးသက်က စဉ်းစားနေမိသည်။

 

တီဗွီတွင် မြဝတီလိုင်းကိုဖွင့်ထားပြီး ၈နာရီသတင်းကမပြီးသေးပေ။ ထိုမိသားစုအနီးရောက်လာတော့မှ အထုပ်အပိုးတွေနှင့်တွေ့ရသည့်အတွက် ဘုရားဖူးပြီးပြန်လာသည့် မိသားစုဖြစ်လောက်မည်ဟု စိတ်ထဲယူဆလိုက်သည်။ ထိုအနီးတွင် ကျိုက္ကလဲ့ဘုရားနှင့် ရထားလမ်းဘေးတွင် မာန်ပြေရန်ပြေဘုရားလဲရှိသဖြင့် ဘုရားမှပြန်လာခြင်းဖြစ်မည်ဟု ယူဆလိုက်ရခြင်းဖြစ်သည်။ သူတို့အနီးရောက်လာတော့ ခုံများပေါ်တွင် လဲလျှောင်းနေကြသည့် ခွေးများက သူတို့မိသားစုအားစိုက်ကြည့်ကာ ထိုးဟောင်ကြသည်။ အချို့ခွေးများက အသံရှည်ကြီးဆွဲကာ ဆွဲဆွဲငင်ငင်အူလိုက်ကြသည်။ ဦးသက်လဲ ထိုခွေးများကို လှန့်ထုတ်လိုက်သည့်အခါ ခွေးများက ကုပ်ချောင်းချောင်းနှင့် စင်္ကြန်လမ်းအတိုင်းထွက်ပြေးသွားကြသည်။

 

မကြာခင်ထိုမိသားစုမှာ ဘူတာရှိ ခုံရှည်ကလေးတွင် ဝင်ထိုင်လိုက်ကြသည်။ အချင်းချင်းလဲ စကားတွေပြောနေကြပြီးနောက် ကလေးများကလဲ အချင်းချင်းစနောက်နေကြသည်။ ဦးသက်က လက်မှတ်ရောင်းသည့် အပေါက်ကလေးမှ သူတို့ကိုကြည့်လိုက်သည်။ သူတို့က ဦးသက်နှင့် ပေနှစ်ဆယ်ခန့်ဝေးသည့် ထိုင်ခုံကလေးတွင် ထိုင်နေကြလျှက် သူ့ကိုကျောပေးကာ စကားပြောနေကြသည်။

 

“အဟင်း . . . ရထားလာတော့မယ်၊ လတ်မှတ်မဝယ်ဘူးလား”

 

ဦးသက်က ထိုသို့အသံပေးလိုက်ပြီးနောက် လက်မှတ်ဖြတ်ပိုင်းလေးအပေါ် တံဆိပ်တုံးငုံ့ပြီးထုနေစဉ်တွင် လက်တစ်ဖက်က ရထားလတ်မှတ်ရောင်းသည့် အပေါက်ကလေးမှဝင်လာကာ စားပွဲပေါ်ရောက်လာပြီး ဟိုစမ်းသည်စမ်းလုပ်နေသည်။ ဦးသက်လဲ အံ့သြသွားပြီးမော့ကြည့်လိုက်တော့မှ ထိုလက်ဖြူဖြူကြီးက သူ့စာရေးကိရိယာများကို ဟိုဆွဲဒီဆွဲလုပ်နေတော့သည်။ လက်ကြီးမှာလဲ မြွေကြီးတစ်ကောင်ကဲ့သို့ ပိန်ပိန်ရှည်ရှည်ကြီးဖြစ်ကာ ထိုလက်ကြီးက ပေနှစ်ဆယ်အဝေးတွင်ထိုင်နေသည့် မိသားစုရှိ မိန်းမဖြစ်သူ၏ လက်ကြီးဖြစ်ကြောင်းကိုတွေ့လိုက်ရသည်။

 

“အောင်မယ်လေး”

 

ဦးသက်အော်လိုက်ပြီးနောက် လက်ထဲက ပစ္စည်းတွေအကုန်ပစ်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထိုအခါတွင် ခုံတန်းကလေးတွင် ထိုင်နေသည့် မိန်းမဖြစ်သူက သူ့အားကျောပေးလျှက် ခေါင်းကိုလှည့်ကြည့်သည်ကိုတွေ့လိုက်ရသည်။ ကျောပေးလျှက်သား နောက်စေ့တွင် မျက်နှာကြီးဖြစ်နေသည်ကို သိလိုက်ရသဖြင့် လူမဟုတ်မှန်းသိပြီး ဦးသက်လဲ ဘူတာရုံထဲဝင်ပြေးကာ ပုန်းနေမိတော့သည်။

 

“ကြောက်ဖို့ကောင်းလိုက်တာနော်၊ ဒါနဲ့သူက အဲဒါနဲ့အလုပ်ထွက်သွားရောလား”

 

ဦးအောင်မြင့်က စောင်ခြုံထဲမှနေ၍လှမ်းမေးလိုက်သည်။ သူ့လက်များတွင်လဲ ကြက်သီးမွှေးညှင်းများထနေသည်ကိုတွေ့ရသည်။ တစ်ခါတစ်ခါ လိုင်းခန်းရှေ့သံဇကာတံခါးအပြင်ကို ကြောက်ကြောက်လန့်လန့်နှင့် လှမ်းကြည့်တတ်သေးသည်။

 

“ဒီလောက်နဲ့တော့ ပြေးမလားကွ၊ နောက်တစ်ခါ ထပ်တွေ့ပြန်ရော”

 

“ပြောပါဦးဘကြီးရယ်”

 

“တော်ပါအောင်မြင့်ရယ် မင်းကြောက်နေပါဦးမယ်”

 

“ဟာ ကျွန်တော်သိချင်လို့ပါ”

 

“အေးလေ၊ နောက်တစ်ခါကတော့ နောက်လူတစ်ယောက်ပါ ပါတယ်ဟေ့”

 

ထိုညက မိုးညကြီးဖြစ်နေပြန်သည်။ မိုးသည်းသည်းနှင့်လေတွေထန်နေသောကြောင့် လူပြတ်နေသည့် ဘူတာရုံကလေးမှာ အလွန်ထိတ်လန့်ဖွယ်ဖြစ်နေသည်။ ဦးသက်က ထိုအဖြစ်ကြုံပြီးကတည်းက ညပိုင်းတစ်ယောက်တည်း ဘူတာမစောင့်တော့။ လိုင်းခန်းထဲမှ သူနှင့်ဆွေမျိုးမကင်းတော်သည့် အရက်သမားတစ်ယောက်ကို အရက်တိုက်ရင်း ခေါ်ထားဖြစ်သည်။ ထိုကောင်လေးကလဲ လက်ရဲဇက်ရဲဖြစ်ပြီး သရဲမကြောက်တတ်သည့်အတွက် ဦးသက် စိတ်သက်သာရာရမိနေသည်။ ထိုအဖြစ်က ခြောက်လခန့်ကြာပြီမို့ ဦးသက်တစ်ယောက် စိတ်ထဲသိပ်မထားတော့ပေ။

 

“မိုးကလည်း သည်းလိုက်တာကွာ၊ တီဗွီကြည့်တာတောင် ဘာမှမကြားရဘူး”

 

ဦးသက်လဲ ညည်းညူလိုက်မိသည်။ မိုးစက်ကျသံများက ဆူညံနေပြီး ဘူတာရုံကလေးက မီးတွေလင်းနေသော်လည်း ခြောက်ခြားဖွယ်ကျောင်းနေသည်။ ခွေးလေခွေးလွင့်တွေကတော့ မိုးလုံသည့် ခုံတန်းကလေးများပေါ်တွင် ခွေကာအိပ်စက်နေကြသည်။

 

“ဘော် . . ဘူ”

 

ရထားကြီးက ဘူတာအတွင်းသို့ ဆိုက်ကပ်လာသည်ဖြစ်ရာ ဦးသက်လဲ သက်ပြင်းချလိုက်ပြီး အလံကလေးကိုင်ကာ ဘူတာအပြင်ထွက်ခဲ့သည်။ အဖော်ရအောင် ဟိုကောင်လေးကိုပါ အတူတူခေါ်လာခဲ့သည်။ စက်ခေါင်းမောင်းနှင့် အသိတွေဖြစ်သည်မို့ နှုတ်ဆက်ပြီးနောက် ဘူတာထဲသို့ပြန်လှည့်ဝင်ရန်လုပ်လိုက်သည်။ ထိုစဉ် ရထားပေါ်မှ မိသားစုတစ်စုဆင်းလာသည်ကိုတွေ့ရသည်။ ထိုမိသားစုက ရထားပေါ်မှ လမ်းလျှောက်ဆင်းလာခြင်းမဟုတ်ဘဲ ခြေထောက်တွေမလှုပ်ဘဲ လူတွေချည်းရွေ့လာသည်ကို သိလိုက်သည်နှင့် ဦးသက် သွေးပျက်သွားပြီဖြစ်သည်။

 

“ဟေ့ကောင် ဟိုမှာ ဟိုမှာ”

 

သူနှင့်အတူတူပါလာသည့်ကောင်လေးကို ပြောသော်လည်း ထိုကောင်လေးမှာ အရုပ်ကြီးတစ်ရုပ်ကိုငြိမ်သက်ကာ တစ်နေရာသို့ရပ်ကြည့်နေလေသည်။ ဦးသက်လဲ ထိုကောင်လေးကို လှုပ်နိုးနေမိသည်။

 

“ဟေ့ကောင် . . ဟေ့ကောင်”

 

သို့သော်လည်း ထိုကောင်လေးမှာ မျက်လုံးပွင့်လျှက်သားနှင့် ကျောက်ရုပ်ကြီးလိုဖြစ်နေသည်။ ဦးသက် လှုပ်နှိုးရင်း စိတ်မရှည်တော့ဘဲ ထိုကောင်လေးကို ပါးတွေ နားတွေရိုက်သော်လည်း လုံးဝအသိစိတ်မကပ်ပေ။ ဦးသက်လဲ ကြောက်ကြောက်နှင့် ထွက်ပြေးရန်လုပ်လိုက်တော့ သူ့ခြေထောက်တွေက မြေကြီးနှင့်ကပ်နေသလိုဖြစ်နေသည်။ ခြေထောက်တွေ ကြွ၍မရ၊ မ၍မရတော့။ ထိုတော့မှ ပတ်ဝန်းကျင်ကိုသေချာကြည့်မိသည်။ စက္ကန့်ပိုင်းမျှ ဘူတာတွင်ရပ်သော ရထားကြီးမှာ အခုထိပြန်မထွက်သေးသလို တတောက်တောက်ကျနေသည့် တံစက်မြိတ်မှရေများသည်လည်း ရပ်တန့်နေသည်။ ထိုအခါ သူ့နောက်မှ တရွေ့ရွေ့ဖြတ်လျှောက်လာသည့် ထိုမိသားစု၏ အသံကိုကြားလိုက်ရသည်။ ထိုမိသားစုမှာ ခြေထောက်များမလှုပ်ဘဲ အရုပ်ကြီးများကို ရွှေ့သကဲ့သို့ ရွေ့လျားနေပြီး သူ့ဘေးမှဖြတ်သွားကြသည်။ သူ့ကိုကျော်သွားသည့်အခါတွင်တော့ ပထမတစ်ခါလို ကျောပေးလျှက်သား ခေါင်းတွေကိုချည်း လှည့်ပြီးကြည့်ကာ ဆက်လျှောက်သွားနေသည်။ ထိုတော့မှ သေချာကြည့်မိလိုက်တော့ ထိုသူများ ခြေဖဝါးတွေမှာလဲ ပြောင်းပြန်ကြီးတွေဖြစ်နေကာ ဖနောင့်က အရှေ့ဘက်တွင်ရှိပြီး ခြေချောင်းတွေက အနောက်တွင်ဖြစ်နေသည်။

 

သူ့ကိုကြည့်သည့်အကြည့်များမှာလဲ မျက်နှာသေကြီးများနှင့်ဖြစ်နေကြသည်။ ထိုမိသားစုက စင်္ကြန်လမ်းအတိုင်း ဂုံးကျော်တံတားဆီသို့လျှောက်သွားရင်း ပျောက်ကွယ်သွားသည်။ ထိုတော့မှ မိုးရေစက်များကျသံကိုကြားလိုက်ရသလို ရထားကြီး၏ ဥသြသံကိုလဲ ဆူညံစွာကြားလိုက်ရသည်။

 

“မင်း . . မင်း မြင်လိုက်လား”

 

“ဟာ. . . ဦးလေးကလဲ ဘာကိုမြင်လိုက်ရမှာလဲ”

 

“သရဲမိသားစုလေကွာ၊ ငါတို့ဘေးကနေဖြတ်သွားတာ”

 

ကောင်လေးက အလွယ်ရယ်ရသည့် ပြက်လုံးတစ်ခုကဲ့သို့ သူ့ကိုကြည့်ကာ ရယ်မောနေသည်။

 

“ဦးလေး ဘာဖြစ်နေတာလဲ၊ အခုလေးတင်ဘဲ စက်ခေါင်းမောင်းကို ဦးလေးနှုတ်ဆက်ပြီး ဘူတာထဲပြန်လှည့်ဝင်မလို့ မဟုတ်ဘူးလား”

 

ဦးသက် ဘာမှမပြောတတ်တော့။ တစ်ကိုယ်လုံးလဲ တုန်ယင်နေပြီး ခြေလှမ်းကိုမနည်းလှမ်းကာ ဘူတာအတွင်းသို့ဝင်လိုက်မိသည်။ သို့သော် ဟိုကောင်လေးက ပါးတွေကိုပွတ်နေရင်း

 

“ဘာဖြစ်လို့လဲမသိဘူး၊ ကျွန်တော့်ပါးတွေ နာနေတာပဲ”

 

ိုထိုသို့ရေရွတ်လိုက်သည်။ ထိုပါးနာသည်မှာ တခြားတော့မဟုတ်၊ ဦးသက် ရိုက်ပြီး နှိုးထားခြင်းဖြစ်သည်။

 

“တော်တော်ကြောက်ဖို့ကောင်းတာပဲဗျာ၊ ကျုပ်တောင် သူတို့မျက်လုံးတွေ၊ သူတို့အပြုံးတွေ ပြန်မြင်ယောင်လာသလိုပဲ”

 

“အေးကွ၊ အဲဒါနဲ့ ဦးသက်လဲ အလုပ်ကထွက်ပြီး ရွာပြန်သွားတယ်၊ ရွာမှာ မိန်းမရသွားတော့ အဲ့ဒီမှာပဲ အခြေချဖြစ်တော့တယ်ကွ”

 

“ဒါနဲ့ ကျွန်တော်မသိလို့မေးချင်တာက သရဲတွေက အဲဒီလို အချိန်ကိုရပ်ထားလို့ရလား”

 

“မဖြစ်နိုင်ဘူးတော့မဟုတ်ဘူးကွ၊ သရဲတစ္ဆေတွေဆိုတာ နှစ်တွေကြာလာတဲ့အခါမှာ ထူးဆန်းတဲ့အစွမ်းလေးတွေ ရလာတတ်ကြတယ်၊ ဒါကြောင့်မို့ မင်းလဲထွက်ပြေးလို့မရခဲ့တာမဟုတ်လား”

 

“ဟုတ်ပါရဲ့ဗျာ၊ သူတို့က အန္တရာယ်မပေးဘူးဆိုပေမယ့် သူတို့ကိုမြင်တော့ ကြောက်သားဗျ၊ ကျုပ်လို သရဲမကြောက်တတ်၊ အယုံအကြည်မရှိတတ်တဲ့သူတောင်မှ လိပ်ပြာလွင့်မတတ်ဖြစ်ခဲ့တာပဲ”

 

“အေးပေါ့ကွာ၊ သူတို့မိသားစုလဲ သနားဖို့ကောင်းပါတယ်ကွာ၊ သူတို့ ဝဋ်ကြွေးမကုန်မချင်းတော့ အဲဒီနားမှာ အဲဒီလိုပဲ သွားလာနေကြဦးမှာပဲ၊ ကံနိမ့်တဲ့သူတွေနဲ့ ဆုံတွေ့နေဦးမှာပဲပေါ့ကွာ”

 

ဘကြီးပြောသည့်စကားကိုကြားလိုက်ရပြီးနောက် ဦးအောင်မြင့်လဲ ခေါင်းညိတ်လိုက်ကာ အမှတ်မထင် အိမ်အပြင်ဘက်သို့လှမ်းကြည့်မိသည်။ အိမ်အပြင်ဘက်ရှိ သရက်ပင်ကြီးမှာ လေတိုက်သောကြောင့် သရဲကြီးတစ်ကောင် ကနေသလိုထင်ရကာ လခြမ်းကွေးလေးမှာလဲ သရဲအပြုံးကဲ့သို့ ကြောက်စရာကောင်းနေတော့လေသည်။

 

ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းအား အစဉ်လေးစားလျှက်

#အဂ္ဂဇော် #သရဲ #horror

 

#Credit