*ရိုးချောင်းနံဘေးက ပုံပြင်တစ်ပုဒ်*📖📖📖 (စဆုံး)
*******************************
(၁)
ရန်ကုန်နွေက ခြစ်ခြစ်တောက်ပူပြင်းလှသည်။ သို့သော်လည်း ထိုမျှပူပြင်းသည့်နေရောင်ကို လသာနေသည်ဟုထင်မှတ်နေသည့်အလား ကလေးတစ်သိုက်က နေပူထဲတွင်ပြေးလွှားနေကြသည်။ ထိုကလေးများမှာ စုတ်ပြတ်ပေရေနေသည့် အဝတ်အစားများကိုဝတ်စားထားကြပြီး ကျောကုန်းပေါ်တွင်လည်း ဆာလာအိတ်များကိုလွယ်သိုင်းလာကြသည်။ လက်ထဲတွင်တုတ်ချောင်းများကိုင်ထားပြီး ရထားလမ်းအတိုင်းပြေးလာကြရင်း လမ်းဘေးနားတွင်ကျနေသည့် ရေသန့်ဘူးခွံများ၊ အချိုရည်ဘူးခွံများအား သူ့ထက်ငါအလုအယက် အပြိုင်ကောက်နေကြသည်။
ရထားလမ်းအတိုင်း ပြေးလာကြသည့် ကလေးတစ်သိုက်ထဲတွင် အကြီးဆုံးမှာ အသက်ဆယ့်သုံးနှစ်အရွယ်ခန့်ရှိသည့် မိချောဆိုသည့်မိန်းကလေးဖြစ်သည်။ သူ့ထက်အနည်းငယ်ငယ်သူကတော့ ငတိဆိုသည့်ကောင်လေးပင်ဖြစ်သည်။ ငတိမှာ အသက်ဆယ့်တစ်နှစ်နီးပါးဖြစ်သည်။ ငတိုဆိုသည့်နာမည်အတိုင်း ထိုကောင်လေး၏ ညာဖက်လက်ရှိ လက်ချောင်းကလေးများမှာ တုံးတိကလေးပြတ်နေသည့်အတွက် ငတိဟုခေါ်ကြခြင်းဖြစ်သည်။ အသက်ဆယ်နှစ်ပြည့်နေသော်လည်း အရပ်သုံးပေခန့်သာရှိသည့် အသားမည်းမည်းကောင်ကလေးတစ်ယောက်ကိုတော့ အောင်ပုဟုခေါ်ကြသည်။ အသက်ရှစ်နှစ်နီးပါးရှိသည့် မိန်းကလေးအမွှာနှစ်ယောက်မှာတော့ ငယ်စဉ်ကတည်းက အာပြဲပြီး ယခုကြီးလာသည့်အထိ စွာကျယ်စွာကျယ်နှင့် ပြောတတ်သည်မို့ ထိုမိန်းကလေးနှစ်ယောက်ကို စွာကျယ်ညီနောင်ဟုခေါ်ကြလေသည်။ ငလေးကတော့ အသက်ခုနစ်နှစ်ခန့်ဖြစ်ပြီး နားလေးနေသဖြင့် အတော်ကျယ်ကျယ်အော်ပြောမှ ကြားရတတ်သည်။ သူတို့ကလေးတစ်သိုက်တွင် အငယ်ဆုံးကလေးကတော့ မိချောခါးတစ်ခွင်ကာချီထားသည့် ပုံပုံကလေးဖြစ်ပြီး အသက်တစ်နှစ်ခွဲကျော်သာရှိသေး၏။
သူတို့ကလေးတစ်သိုက်တွင် မိချောနှင့်ပုံပုံက ညီအမတော်စပ်သည်မှလွဲ၍ ကျန်သူများအားလုံးမှာ သူစိမ်းများပင်ဖြစ်ကြသည်။ မိချောတို့မှာ လှိုင်မြစ်နံဘေး ကျုူးကျော်တဲကလေးများတွင်နေထိုင်ကြသည်။ ခင်ရာဆွေမျိုးဟူသည့်စကားအတိုင်း ကျူးကျော်တဲအတွင်းနေထိုင်သည့် ကလေးများအချင်းချင်း ခင်မင်သွားကြရာမှ ဆွေမျိုးများ မောင်နှမအရင်းအခြာများကဲ့သို့ တစ်ဦးနှင့်တစ်ဦးခင်မင်ကြသည်။ မိချောနှင့် ကလေးတစ်သိုက် ရထားလမ်းတွင်ပြေးလွှားနေကြသည်မှာ အကြောင်းမဲ့မဟုတ်ပေ၊ အိမ်၏ဝင်ငွေကို တစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ရန်အတွက် ပလုံးကောက်နေကြခြင်းဖြစ်သည်။
ပလုံးကောက်သည်ဟုဆိုသော်လည်း ဘူးခွံများသာကောက်သည်မဟုတ်၊ ပလတ်စတစ်အကျိုးအပဲ့များလည်းကောက်ကြသည်။ ထို့အပြင် သံတိုသံစများ၊ ကြေးနန်းကြိုးခွေများသာမက ရောင်းစား၍ရသည့် ပစ္စည်းမှန်သမျှကို ကောက်ကြလေသည်။ ထိုကလေးတစ်သိုက်ကို ထိန်းသိမ်းသူကတော့ အသက်အကြီးဆုံး မိချောပင်ဖြစ်သည်။
“ဟဲ့အောင်ပု၊ ဟိုးရထားလမ်းဘေးနားက ချုံပုတ်ထဲမှာ ဘီယာဘူးခွံလားမသိဘူးဟ”
မိချောက ကလေးကိုလက်တစ်ဖက်က ခါးတစ်ခွင်ချီထားကာ လက်တစ်ဖက်မှ တုတ်တစ်ချောင်းကိုင်လျှင် အောင်ပုကိုထိုးပြလိုက်သဖြင့် အောင်ပုက ထိုနေရာသို့ပြေးသွားကြည့်လိုက်လေသည်။ အောင်ပုက ချုံပုတ်ကိုဖြဲပြီး အသာကြည့်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းခါလိုက်လေသည်။
“ဘယ်ကလာ ဘီယာဘူးရမှာလဲ အမမိချောရာ၊ မိုင်လိုပလတ်စတစ်အခွံကြီးဗျ”
“အေးလေ၊ ငါလည်းအစိမ်းလေးမြင်တော့ ဘီယာဘူးလို့ထင်လိုက်တာပေါ့ဟဲ့”
သို့နှင့် ပလုံးများကောက်လာကြရင်း နေ့လည်နေပူလာပြီဖြစ်သဖြင့် မိချောချီထားသည့် ပုံပုံကလေးက တအားဟစ်ငိုလေတော့သည်။ ထိုအခါမှ ရထားလမ်းဘေးရှိ သစ်ပင်ရိပ်တစ်နေရာတွင်ထိုင်နားလိုက်ကြသည်။
“အမမိချော၊ ဗိုက်ဆာတယ်ဗျာ၊ ထမင်းစားရအောင်”
မိချောက မိုးပေါ်သို့တစ်ချက်မော့ရင်း နေကိုကြည့်လိုက်ကာ
“အေး၊ နေ့လည်ဆယ့်နှစ်နာရီထိုးလောက်ပြီထင်တယ်၊ ဒါဆိုရင်လည်း စားတာပေါ့”
ကလေးများက အရိပ်အောက်တွင်ထိုင်လိုက်ကြကာ အိမ်မှယူလာခဲ့ကြသည့် ထမင်းထုပ်များကိုထုတ်ယူလိုက်ကြသည်။ ထမင်းထုပ်များဆိုသော်လည်း ပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးသယ်ယူလာကြခြင်းဖြစ်သည်။ မိချောက ပိန်လိန်နေသည့် ရေဘူးတစ်ဘူးကိုဖွင့်လိုက်ပြီးနောက် အတွင်းမှဝါကျင့်ကျင့်ရေများဖြင့် လက်ဆေးရန်ပြင်သည်။
“ဟေ့ကောင်တွေ၊ ထမင်းစားမယ်ဆိုရက် လက်ဆေးရမယ်”
ထိုအခါ မိချော၏၏ လက်အောက်မှနေ၍ အခြားသူများက ထမင်းစားမည့်ညာဘက်လက်များကို ဝိုင်းဝန်းစီတန်းကာထပ်လိုက်ကြသည်။ လူစုံသည့်အခါမှ မိချောက သူ့လက်အပေါ်သို့ ရေသန့်ဘူးအတွင်းမှ ရေများကိုလောင်းထည့်လိုက်လေသည်။ မိချောလက်ဆေး၍ ကျလာသည့်ရေများဖြင့် ကျန်သူများကလည်း လက်များကိုပွတ်ဆေးကြသည်။ ထိုအခါ ထမင်းစားရန်လက်ဆေးခြင်းအစီအစဉ်ပြီးဆုံးသွားပြီဖြစ်ရာ ထမင်းထုပ်များကိုဖြေလိုက်တော့သည်။
ထမင်းထုပ်များထဲတွင် ဟင်းဟူ၍သပ်သပ်မပါပေ၊ ပဲပြုတ်လက်တစ်ဆုပ်ခန့်ပါလျှင်ပင် ဟင်းကောင်းသည်ဟုယူဆရသည်။ များသောအားဖြင့် ငါးပိထောင်း၊ ငါးပိရည်ဆမ်းကိုသာ ဟင်းလုပ်စားကြရသည်။ ထမင်းများမှာ မာကြောကြမ်းတမ်းလှသည့် ဆန်ကြမ်းများဖြစ်သည်။ စွာကျယ်ညီနောင်မှာ သူတို့ယူလာခဲ့သည့် ထမင်းကြမ်းတုံးကြီးကိုနမ်းကြည့်နေကြသည်။
“ထမင်းတွေက ကောင်းသေးရဲ့လားမသိဘူး”
မိချောက ထမင်းတုံးအားလက်နှင့်စမ်းလိုက်သောအခါ အပေါ်ယံသားများက အနည်းငယ်ချွဲကျိနေပြီဖြစ်သည်။
“ကောင်းပါတယ်ဟာ၊ ဘာမှမဖြစ်ဘူး၊ စားသာစား”
မိချောလည်း လွယ်အိတ်အစုတ်ကလေးအတွင်းမှ ရှူးရှဲလက်ဖက်ထုပ်ကလေးနှစ်ထုပ်အား ဖောက်လိုက်ပြီးနောက် ဟင်းမပါသည့်ကလေးများ၏ ကြွပ်ကြွပ်အိတ်ထဲသို့ အနည်းငယ်လိုက်ထည့်ပေးလိုက်သည်။ ထို့နောက် ကျန်သည့်လက်ဖက်များကို သူထည့်ယူလာခဲ့သည့် ထမင်းထုပ်ထဲသို့ထည့်လိုက်ကာ နှံနေအောင်နယ်ဖတ်ပြီး စားသောက်လိုက်တော့လေသည်။ ချီပိုးထားသည့် တစ်နှစ်ခွဲအရွယ် ပုံပုံကလေးကိုလည်း ထိုထမင်းပင်ခွံ့ရသည်။ ပုံပုံကလေးမှာလည်း လက်ဖက်ချဉ်စပ်ဖြင့် တရှူးရှူးတရှဲရှဲအသံမြည်ကာ ထမင်းစားရရှာသည်။ မြိန်ရာဟင်းကောင်းဟူသည့်စကားအတိုင်း ဟင်းမယ်မယ်ရရ မပါဘဲ လက်ဖက်ထုပ်နှင့်ပင် ကလေးတစ်သိုက် ခေါင်းမဖော်တမ်းစားကြလေသည်။
“ဟဲ့ ငတိ၊ နင်မနက်က ကောက်လာခဲ့တဲ့ ရေသန့်ဘူးထုတ်လိုက်စမ်း”
ငတိက သူ့အိတ်ထဲမှ ရေသန့်ဘူးတစ်ဘူးထုတ်လိုက်လေသည်။ မိချောက ရေတစ်ဝက်ခန့်ကျန်သေးသည့် ရေသန့်ဘူးအားကြည့်လိုက်ပြီး
“ဘယ်လိုလူကများ ရေသန့်တစ်ဝက်ကျော်ကျန်တာတောင်မှ ဘူးကိုလွှင့်ပစ်လိုက်သလဲမသိဘူး၊ မနှမြောဘူးလားမသိဘူးနော်”
ငတိကပြုံးလျှက်
“အို၊ အမမိချောကလည်း သူတို့လွင့်ပစ်သွားလို့ ကျုပ်တို့သောက်ရတာကိုများ နှမြောနေသေးတယ်၊ ကျုပ်ဖြင့် နောက်ဆို မသောက်ရသေးတဲ့ ရေသန့်ပါကင်ဘူးတို့၊ အအေးဘူးတို့ လွှင့်ပစ်ပါစေဆိုပြီး ဆုတောင်းနေတာဗျ”
“အပိုတွေပြောမနေနဲ့ငတိရာ၊ ကဲ ငါတို့အားလုံး တစ်ယောက်တစ်ငုံပဲသောက်ရမယ်နော်၊ ပိုသောက်တဲ့လူ ငါ့ရဲ့တုတ်စာမိမယ်မှတ်”
မိချောက ပြောရင်းဆိုရင်း တုတ်တောင်ပြလိုက်သေးသည်။ ထို့နောက် ရေသန့်တစ်ငုံသောက်လိုက်သည်။ ကလေးများကိုလည်း တစ်ယောက်တစ်ငုံစီတိုက်၏၊ နားလေးသည့် ငလေးက လက်ခုပ်လက်ဝါးတီးရင်း
“ရေတွေက ချိုလိုက်တာဗျာ၊ နောက်ပြီးတော့ အုန်းသီးအနံ့လို အနံ့ရသေးတယ်၊ မြို့ထဲက လူတွေသောက်တဲ့ရေကျတော့လည်း ကျွန်တော်တို့သောက်တဲ့ရေလိုမဟုတ်ဘူးဗျနော်၊ ကြည်ပြီး မွှေးနေတာပဲ”
မိချောက ရေသန့်ဘူးခွံကို ငတိအိတ်ထဲသို့ပြန်ထည့်လိုက်ကာ
“ကဲ စားပြီးသောက်ပြီးရင်လည်း အလုပ်ဆက်လုပ်ကြစို့၊ ဒီနေ့မနက်ခင်းက လမ်းသာလျှောက်လိုက်ရတယ်၊ ဘာမှသိပ်မရသေးဘူး၊ အရနည်းရင် ညနေကျပိုက်ဆံခွဲတာနည်းမယ်၊ ဒီအခါ နင်တို့အမေတွေက ငါကပိုယူတယ်ဆိုပြီး ပြောဆိုခံနေရအုံးမယ်၊ ကဲထ၊ သွားကြစို့”
ကလေးများမှာ မနက်မိုးမလင်းခင်ကတည်း လမ်းလျှောက်လာခဲ့ရပြီး ယခုထမင်းစားပြီး ဗိုက်အင့်သွားပြီဖြစ်သဖြင့် မျက်ခွံများလေးနေကြသည်။ စွာကျယ်ညီနောင်ဆိုသည့် မိန်းကလေးနှစ်ယောက်မှာမူ ပြောနေရင်းဖြင့်ပင် သစ်ပင်ရိပ်အောက် မြေပြောင်ပြောင်တွင် ကွေးကွေးကလေး အိပ်ပျော်နေပြီဖြစ်သည်။
“ဟာ၊ ဒီဟာမလေးတွေကတော့ အိပ်နေရှာပြီ၊ ငါတုတ်နဲ့ရိုက်ထည့်လိုက်ရ”
ထိုအခါ ငတိက မတ်တပ်ရပ်ပြီး မိချောတုတ်ကိုဖမ်းဆုတ်လိုက်သည်။
“မလုပ်ပါနဲ့ အမမိချောရာ၊ ညက သူတို့အဖေနဲ့အမေ ညသန်းခေါင်ကြီးရန်ထဖြစ်တယ်မဟုတ်လား၊ သူတို့ညီအမလည်း ကြောက်ကြောက်နဲ့မအိပ်ရဘူးပြောတယ်၊ ခဏလောက်တော့ အိပ်ပါစေ အမမိချောရာ”
“အေးလေ၊ နှိုးလည်း မနိုးမယ့်အတူတူ အိပ်ခိုင်းတာပဲကောင်းတယ်၊ ကဲ အိပ်ချင်တဲ့လူတွေအိပ်ကျ၊ တစ်နာရီလောက်နေရင် ငါနှိုးမယ်၊ ဟုတ်ပြီလား”
အခြားကလေးများလည်း ပျော်ရွှင်သွားကြပြီးနောက် သစ်ပင်အောက်မြေပြင်ကိုပင် ဖဲမွှေ့ယာရွှေကော်ဇောအလား သဘောထားကာ တုံးလုံးပက်လက်ဖြင့် အိပ်စက်လိုက်ကြလေသည်။
(၂)
“ဘူ . . . ဘော်”
ရထားကြီးတစ်စီးက ဥသြသံရှည်ဆွဲကာ သူတို့အနီးမှဖြတ်သန်းသွားလေသည်။ ထိုတော့မှ မိချောတစ်ယောက် ဖြတ်ခနဲလန့်နိုးသွားတော့သည်။ ရထားကြီးကိုငေါင်တောင်တောင်ဖြင့်ငေးကြည့်နေမိရင်း
“ဟင်၊ ဒီရထားက ဟိုဘက်ကနေလာတဲ့ အစုန်ရထားပဲ၊ ဒီရထားလာတဲ့အချိန်ဆိုရင် ဟာ . . . ညနေသုံးနာရီကျော်ပြီပေါ့”
မှေးခနဲအိပ်ပျော်သွားသည့် မိချောလည်း ကမန်းကတမ်းထလိုက်တော့သည်။ ကျန်သည့်ကလေးများက မြေပြင်တွင်အိပ်ပျော်နေကြဆဲဖြစ်သည်။
“ဟဲ့ငတိတို့၊ အောင်ပုတို့ ထကြတော့ဟဲ့ သုံးနာရီကျော်နေပြီ”
မိချောနှိုးလိုက်တော့မှ ကလေးများက ကောက်ကာငင်ကာ ထလိုက်ကြကာ အထုပ်အသီးအသီးဆွဲလျှက် လုပ်ငန်းပြန်စရန်အတွက် ထွက်လာခဲ့တော့သည်။
ညနေငါးနာရီထိုးတော့မည်။ ရထားလမ်းတစ်လျှောက် ပလုံးကောက်ရသည်မှာ သိပ်ရသေးပေ၊ ထိုအတိုင်းဆိုလျှင် ညနေတစ်ယောက်ငါးရာပင် ဝေစုရဖို့မသေချာလှ၊ မိချောလည်း ခေါင်းကိုတဗြင်းဗြင်းကုပ်နေတော့သည်။
“ဒုက္ခပဲဟာ၊ အဲဒါနင်တို့ကြောင့််ဟ၊ နင်တို့အိပ်ပုပ်ကြိးလို့ ငါတို့အခု ဘာမှမရသေးဘူးမဟုတ်လား”
မိချောက ကလေးတွေကိုသာလှိမ့်ဆူတော့သည်။ ကလေးများလည်း မျက်နှာမကောင်းပေ၊ ထိုအခိုက် ငတိနှင့််အောင်ပုက မိချောအနားသို့ကပ်လာသည်။
“ပလုံးတွေအများကြီးရမယ့်နေရာကို ကျုပ်သိတယ်အမမိချော”
ငတိကထပြောသည်။
“ဟုတ်တယ်အမ၊ ကျွန်တော်လည်း တစ်ခါလိုက်ဖူးတယ်၊ အဲဒီမှာ တစ်နာရီလောက်ကောက်တာ ကျွန်တော်တို့ နေ့တစ်ပိုင်းကောက်သလောက် ရတယ်ဗျ”
မိချောလည်းပျော်ရွှင်သွားကာ
“ဟဲ့ အဲဒါဘယ်နားလဲ”
“ကုလားကြီးဂုန်းအောက်ဘက်က ချောင်းရိုးကြီးလေ အမရဲ့”
မိချောမျက်နှာကိုစူပုတ်လိုက်သည်။
“အဲဒီချောင်းရိုးက အကျယ်ကြီးပဲဟ၊ ငါကလည်း ရေကူးတတ်တာမှမဟုတ်တာ”
ထိုအခါ ငတိက သူ့လက်ချောင်းတိုကလေးများဖြင့် သူ့ရင်ဘတ်သူပုတ်ပြရင်း
“ကျုပ်ရေကူးတတ်ပါတယ်အမရာ၊ အရင်တစ်ခါကဆို ကျုပ်ကရေကူး အောင်ပုက ကမ်းစပ်ကနေ ပလုံးတွေဆွဲနဲ့ တော်တော်များများရလိုက်တယ်ဗျ”
“ပြီးတော့ ချောင်းကမ်းစပ်မှာလည်း ပုလုံးတွေတင်ကျန်နေတာအများကြီးပဲဗျ၊ အဲဒါလိုက်ကောက်ရင်တောင် အတော်ရတယ်”
နောက်ဆုံးကြံရာမရတော့သဖြင့် မိချောတို့လူတစ်သိုက် ငတိပြောသည့် ချောင်းရိုးကြီးဆီသို့လာခဲ့ကြသည်။ ထိုချောင်းမှာအတော်အတန်ကျယ်သည်။ ချောင်းအပေါ်ဘက်တွင်ကားလမ်းရှိပြီး ထိုကားလမ်းပေါ်ရှိ ချောင်းကူးတံတားအနီးတွင် ကုလားကြီးဟု အမည်တပ်ထားသည့် ကွမ်းယာဆိုင်တစ်ဆိုင်ရှိလေရာမိချောတို့ကလေးများက ထိုချောင်းကူးတံတားကို ကုလားကြီးဂုန်းဟုသာ ခေါ်ကြသည်။
ချောင်းဆိုသော်လည်း လှိုင်မြစ်အတွင်းသို့စီးဝင်သည့် မြစ်လက်တက်တစ်ခုဖြစ်သည်။ ချောင်းနံဘေးနားသို့ဆင်းခဲ့သည့်အခါ ငတိပြောသည့်အတိုင်းပင် ချောင်းနံဘေးတွင် ပုလင်းခွံများ၊ ရေသန့်ဘူးများတင်ကျန်နေကြသဖြင့် ကလေးများက အလုအယက်ကောက်ကြလေသည်။ ချောင်းရေစပ်စပ် မြက်ပင်မျိုးစုံများကြားတွင် သဘာဝအလျှောက်ပေါက်နေသည့် ကန်စွန်းပင်များကိုလည်းတွေ့ရလေရာ မိချောတစ်ယောက်ပျော်ရွှင်သွားမိသည်။
“ကန်စွန်းတွေဟ၊ ငါတော့ ကန်စွန်းရွက်ရသလောက်ခူးလိုက်အုံးမယ်၊ နင်တို့ပလုံးဆက်ကောက်”
ပေါင်လယ်ခန့်ရှိသည့် ရေထဲသို့ မိချောတစ်ယောက်ဆင်းကာ ကန်စွန်းရွက်များခူးသည်။ ပုံပုံကလေးအား ကမ်းစပ်အနီးရှိ သစ်ပင်တစ်ပင်အောက်တွင် ချထားခဲ့ရာ ပုံပုံကလေးကလည်း သူ့ဖာသာသူထိုင်ဆော့နေလေသည်။ ငတိနှင့်အောင်ပုမှာ ကမ်းစပ်တွင်ထိုင်လျှက် ချောင်းအတွင်းမြောနေသည့် ဒိုက်ပုံဒိုက်ဖတ်များနှင့် အမှိုက်မျိုးစံုံတို့ကိုငေးကြည့်နေလေသည်။
“တကယ့်ပလုံးတွေက အဲဒီအမှိုက်အိတ်တွေထဲမှာပါနေတတ်တာကွ အောင်ပုရာ”
“ဟုတ်တယ်ငတိ၊ ဟိုတစ်ခါမင်းနဲ့ငါနဲ့ အဲဒီအိတ်တွေဆယ်ကြတယ်မဟုတ်လား”
“အေးကွာ၊ အခုလည်း ငါတို့နေ့တွက်ကိုက်အောင်လို့ ဆင်းဆယ်ကြမယ်”
အောင်ပုက ကြောက်လန့်တကြားဖြင့်
“ရေနက်တယ်ကွ၊ ငါတော့မဆင်းရဲဘူး”
“မင်းကြောက်ရင် ကမ်းစပ်နားကနေပေါ့အောင်ပုရာ၊ ငါက ဧရာဝတီသားကွ၊ မွေးကတည်းက ရေကူးလာတဲ့ကောင်၊ ဒီတော့ ရေထဲမြောလာတဲ့အမှိုက်ထုပ်တွေကို ငါဆင်းဆယ်မယ်ကွာ၊ မင်းကတော့ ကမ်းစပ်ကနေပြီးတော့ အထုပ်တွေကို ကမ်းပေါ်ဆွဲတင်ပြီး ရောင်းလို့ရတဲ့ ပစ္စည်းရှာပေါ့ကွာ”
ငတိက ပြောပြောဆိုဆိုနှင့် အင်္ကျီချွတ်လိုက်ကာ ရေထဲသို့ခုန်ဆင်းသွားတော့သည်။ အောင်ပုလည်း ရေစပ်တွင်ဆောင့်နေလေသည်။ ငတိကချောင်းအလယ်ခန့်သို့ရောက်သွားသည့်အခါ ရေစီးနှင့်မြောလာသည့် အပြာရောင်အမှိုက်ထုပ်ကြီးတစ်ထုပ်အား လက်ဖြင့်ဆွဲယူလိုက်ကာ ရေပြန်ကူးခတ်လာခဲ့သည်။ ငတိကိုတွေ့သဖြင့် အောင်ပုကလည်း ရင်ညွှန့်ရောက်သည်အထိ ရေထဲဆင်းကာ အမှိုက်အိပ်ကိုဆွဲယူသည်။ သူငယ်ချင်းနှစ်ယောက် ကမ်းပေါ်ပြန်တက်လာပြီး အမှိုက်အိတ်ကြီးအား ခွဲကြည့်လိုက်သည့်အခါ အတွင်းတွင် အအေးဘူးခွံများသုံးခုနှင့် ဘီယာဘူးခွံငါးခုခန့်ကိုတွေ့လိုက်ရသည်။
“ဟာ၊ ဒီအတိုင်း သုံးလေးထုပ်လောက်သာရလိုက်စမ်းပါကွာ၊ ငါတို့တော့ နေ့တွက်ကိုက်ပြီကွ”
အောင်ပုက ချောင်းအတွင်းကြည့်လိုက်ပြီး
“ငတိရေ၊ ဟိုမှာ တစ်အိတ်ထပ်ပြီးမြောလာသကွ”
ငတိလည်း အောင်ပုပြသည့်အထုပ်အားကြည့်ပြီးနောက် ရေထဲသို့ခုန်ဆင်းသွားလေသည်။ ရေပွက်သည့်အကြားသဖြင့် မိချောတစ်ယောက် ကန်စွန်းရွက်ခူးနေရင်း အောင်ပုတို့ကိုလှမ်းကြည့်လိုက်သည်။ ထို့နောက် ချောင်းအလယ်ဆီသို့ကူးခတ်သွားသည့် ငတိအားတွေ့လိုက်ရလေသည်။
“အောင်ပု နင်တို့ဘာလုပ်တာလဲ”
“ဟိုးမှာ အမှိုက်ထုပ်တွေမြောလာတယ်အမမိချော”
“ဟာ၊ မလုပ်ပါနဲ့ ပြန်ခေါ်စမ်း၊ ငတိကိုပြန်ခေါ်စမ်း”
မိချောနှင့်အောင်ပုမှာ ကမ်းစပ်မှနေ၍ ရေထဲကူးခတ်နေသည့် ငတိအားပြန်ခေါ်ကြလေသည်။
“ငတိရေ၊ ပြန်လာခဲ့ဟ၊ နင်ရေနစ်နေမယ် ပြန်လာခဲ့”
ငတိမှာ ရေကူးခတ်နေရင်း အသံကြားသဖြင့် အနောက်သို့ကြည့်လိုက်ရာ သူ့အားလက်ယပ်ခေါ်နေသည့် အောင်ပုနှင့်မိချောကိုတွေ့လိုက်ရသည်။ သို့သော်လည်း ချောင်းအလယ်နားရောက်နေသဖြင့်မထူးတော့ပေ၊ ဒီအထိရောက်အောင်ကူးခတ်ခဲ့ပြီးတော့မှ ချောင်းစပ်သို့ လက်ချဉ်းဗလာပြန်ရမည်မှာ မတန်ဟု ယူဆလိုက်မိသည်။ ချောင်းလယ်တွင်မြောပါလာသည့် အမှိုက်အိပ်တစ်အိပ်နှစ်အိပ်ဆွဲပြီးမှ ပြန်တော့မည်ဟုဆုံးဖြတ်လိုက်ကာ ဆက်လက်ကူးခတ်လာခဲ့သည်။
ရေလယ်ခေါင်တွင် မြောလာသည်မှာ အပြာရောင်အမှိုက်အိပ်ကြိး သုံးအိပ်ဖြစ်လေသည်။ အမှိုက်အိပ်ကြီးများမှာ အတော်ကြီးမားလှသည်ဖြစ်ရာ ငတိလည်းပျော်ရွှင်သွားပြီး သူ၏ဘက်ဖယ်လက်ဖြင့် အမှိုက်အိတ်ထိပ်ပိုင်းကိုဆွဲကိုင်လိုက်လေသည်။ ရေတွင်နစ်နေသည့်အမှိုက်အိတ်ကြီးမှာ အလေးချိန်ကများလှသည်။ ငတိလည်း သူ၏ညာဘက်လက်တိုကလေးများကိုအားပြုကာ ပြန်လည်ကူးခတ်နေလေသည်။ ငတိငယ်စဉ်အခါ ရွာတွင်နေသည့်အချိန်တွင် အိမ်တွင်ရှိသည့် ကွမ်းညှပ်ကြီးအားဆော့ကစားရင်း ညှပ်လိုက်ရာမှ ညာဘက်လက်ချောင်းများမှာ ပြတ်ပါသွားပြီး တုံးတိကလေးဖြစ်နေရခြင်းဖြစ်သည်။
ငတိတစ်ယောက်ခြေစုံယက်၍ လက်ဖြင့်ပါယက်ကာ ကူးခတ်သော်လည်း လေးလံလှသည့်အမှိုက်အိတ်ကြီးမှာ သူ့အနောက်ပါမလာဘဲ သူသာ အမှိုက်အိတ်ကြီးနှင့်အတူ ရေစီးအတိုင်းမြောပါနေမိသည်။ ငတိလည်း အားသွန်ခွန်စိုက်ကူးခတ်နေသည့်အချိန်တွင် သူ့ခြေထောက်တွင်ဆစ်ခနဲနာကျင်သွားလေသည်။ ခြေထောက်ကြွက်တက်သွားမှန်းသိလိုက်သော်လည်း ငတိမလှုပ်ရှားနိုင်ပေ၊ ကမ်းသို့ရောက်ရေးအတွက်သာ ကူးခတ်နေမိသည်။
ငတိအဖြစ်ကို မိချောတို့လှမ်းမြင်လိုက်သည်။ မိချောမှာခုန်ပေါက်ရင်း
“ငတိရေ၊ နင့်လက်ထဲက အိတ်ကြီးကို လွှတ်လိုက်တော့ဟေ့”
အောင်ပုကလည်း
“ဟုတ်တယ်ငတိ၊ အမြန်ပြန်ကူးလာခဲ့စမ်းပါကွ”
သို့သော်လည်းငတိတစ်ယောက် ရေစီးနှင့်မြောပါသွားလေပြီး ခပ်လှမ်းလှမ်းရောက်သည့်အခါ ရေအောက်သို့နစ်မြုပ်သွားလေတော့သည်။ မိချောမှာ ငတိအား အသံကုန်ဟစ်ကာ အော်ခေါ်နေမိသည်။
“ငတိ၊ ငတိ နင်ဘယ်မှာလဲ”
ကလေးတစ်သိုက်မှာ ငတိအားအော်ဟစ်ရှာဖွေကြသော်လည်း ငတိတစ်ယောက် ရေအောက်နစ်သွားရာမှ ပြန်ပေါ်မလာတော့ပေ။
(၃)
“အဲဒါနင့်ကြောင့်မိချောရဲ့၊ ငါ့သားလေး သေရတာနင့်ကြောင့်”
ကျုးကျော်ရပ်ကွက်အတွင်း ငတိအမေတစ်ယောက် ငိုချင်းချကာ မိချောအား ကိုင်ဆောင့်နေတော့သည်။ မိချောလည်း ငူငူကြီးထိုင်လျှက် ငိုနေမိသည်။ ချောင်းအတွင်းပျောက်ကွယ်သွားသည့်ငတိအား သုံးရက်ကြာသည်အထိ ပြန်မတွေ့ကြပေ၊ လေးရက်မြောက်နေ့တွင်တော့ မြစ်အောက်ဘက် သမ္ဗာန်ဆိပ်သို့ဆင်းသည့် တံတားကလေးအောက်တွင် ငတိ၏ရုပ်အလောင်းက ငြိနေလေသည်။
အလွန်ဆင်းရဲသူများဖြစ်သည်မို့ ငတိ၏ရုပ်အလောင်းအား ကယ်ဆယ်ရေးအဖွဲ့မှဆယ်ယူလိုက်ကာ နာရေးကူညီမှုအသင်းတစ်ခုမှ အကုန်အကျခံကာ သဂြိုဟ်ပေးလိုက်သဖြင့် ငတိ၏နာရေးမှာ ရိုးရိုးရှင်းရှင်းနှင့်ပြီးဆုံးသွားလေတော့သည်။
ထုံးစံအတိုင်း မိချောတစ်ယောက် ကလေးတစ်သိုက်နှင့် ပလုံးကောက်နေလေသည်။ ညနေပင်စောင်းနေပြီဖြစ်သည်။ မိချောလည်း ကန်စွန်းရွက်ခူးမည်ဟုကြံလိုက်ကာ ချောင်းအတွင်းသို့ဆင်းလိုက်သည်။ ချောင်းအတွင်းကန်စွန်းပင်များမှာ အလွန်သန်မာထွားကျိုင်းလှသည်မို့ မိချောတစ်ယောက် ပျော်ရွှင်စွာခူးနေမိသည်။
“အမမိချော”
ထိုစဉ်ချောက်ကပ်အက်ကွဲသည့်အသံကြီးဖြင့် ခေါ်သံကြားလိုက်ရလေသည်။ မိချောလည်း အနောက်သို့လှည့်ကြည့်လိုက်ရာ ငတိမှာရေထဲတွင်ခေါင်းကလေးဖော်လျှက် သူ့အားလှမ်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။
“ဟင်၊ ငတိ၊ ငတိပါလား”
ငတိမှာရေးကူးလျှက်တဖြည်းဖြည်းနီးလာခဲ့ရာ နောက်ဆုံးမိချောနှင့်လက်တစ်ကမ်းအကွာနေရာသို့ရောက်လာခဲ့သည်။ ငတိ၏မျက်လုံးတစ်ဖက်မှာကျွတ်ထွက်နေပြီး တစ်ကိုယ်လုံးတွင်လည်း ရေမှော်ပင်များ၊ ဒိုက်ဖတ်၊ ရွံ့နွံများနှင့်ပေကျံလျှက်ရှိသည်။ နှုတ်ခမ်းသားများမှာလည်းမရှိတော့ဘဲ သွားများမှာအတိုင်းသားပေါ်နေရာ ငတိမျက်နှာကြီးမှာကြောက်စရာကောင်းလှသည်။
“အမမိချော၊ အမမိချော၊ ကျုပ်ရေထဲမှာချမ်းတယ်၊ ကျုပ်ကိုခေါ်ပါဗျာ”
“ငတိ၊ နင်ကသေပြီးသားလေ၊ နင်နဲ့ငါနဲ့ ဘဝမတူတော့ဘူးဟ”
ငတိက တဖြည်းဖြည်းအရှေ့တိုးလာလေသည်။ မိချောတစ်ယောက်ထွက်ပြေးချင်သော်လည်း ခြေထောက်များကတောင့်နေကာ ထွက်ပြေး၍မရတော့ပေ၊ အနားသို့ကပ်လာသည်နှင့် ငတိအနီးမှအလွန်နံစော်လှသည့် ပုပ်စော်တစ်ခုရလိုက်သည်။ ငတိက မိချောအားအတင်းအကြပ်ဖက်လိုက်ပြီးနောက် မိချောကို ချောင်းအတွင်းသို့ဆွဲချသွားတော့လေသည်။
“အား၊ အောင်မယ်လေး”
မိချောတစ်ယောက် လန့်ပြီးအော်လိုက်သည့်အခါ မနက်မိုးလင်းနေချေပြီ၊ မိချောတစ်ကိုယ်လုံး ချွေးများဖြင့်ရွှဲစိုနေမိသည်။ မကြာခင် မိချောလည်း အိပ်ရာမှထလိုက်ကာ ညီမအငယ်ဆုံးပုံပုံအား ချီပိုလိုက်ကာ ပလုံးကောက်ရန်အတွက် ထွက်လာခဲ့တော့သည်။ အိမ်နီးနားချင်းများဖြစ်သည့် အောင်ပုတို့အိမ်ဆီသို့ထွက်လာခဲ့သည်။
“အောင်ပုရေ ပလုံးကောက်ထွက်ရအောင်ဟေ့”
ထိုအခါ အောင်ပုက အိမ်ထဲမှထွက်လာကာ
“ကျွန်တော် အမမိချောနဲ့မလိုက်တော့ဘူး”
“အောင်မာ၊ အရင်ကတော့ လိုက်နေကျမဟုတ်လား၊ ဘာလဲ နင်နေလို့မကောင်းဘူးလား”
အောင်ပုမှာ ညိုးငယ်သောမျက်နှာထားနှင့်
“အမေက မလိုက်ခိုင်းတာ၊ အမနဲ့လိုက်သွားတာကို စိတ်မချလို့တဲ့”
မိချောစိတ်ထဲဝမ်းနည်းပြီး သိမ်ငယ်သွားလေသည်။ ခေါင်းကိုအသာညိတ်လျှက်
“အေးပါ၊ နင်မလိုက်တော့လဲ ကောင်းတာပေါ့၊ ငါကတော့ ကျန်တဲ့လူတွေကိုသွားခေါ်လိုက်အုံးမယ်”
အောင်ပုမခံမရပ်နိုင်ဖြစ်စေရန်အတွက် မိချောကပြောဆိုလိုက်ခြင်းဖြစ်သော်လည်း အောင်ပုက မိချောကိုကြည့်ကာ
“ကျန်တဲ့လူတွေလည်း လိုက်မှာမဟုတ်ဘူး”
ထိုသို့ပြောလျှက် အိမ်ထဲပြန်ဝင်သွားလေသည်။ မိချောလည်း တခြားသူများထံသို့ထွက်လာခဲ့သော်လည်း အောင်ပုပြောသည့်စကားအတိုင်း မည်သူမျှမိချောနှင့်မလိုက်တော့ပေ။ ငတိသေဆုံးရသည်မှာလည်း မိချောတာဝန်မကင်းဟု ကျူးကျော်ရပ်ကွက်အတွင်းမှလူများက ယူဆကြသဖြင့် မည်သူမျှ မိချောနှင့်မလိုက်တော့ခြင်းဖြစ်သည်။ မိချောတစ်ယောက် ကျူးကျော်ရပ်ကွက် အိမ်ကြိုအိမ်ကြားမှထွက်လာရင်း ကားလမ်းမသို့ရောက်သည့်အခါ တစ်ယောက်တည်းအော်ရယ်မိလိုက်လေသည်။
“ဟား၊ ဟား နင်တို့မလိုက်တော့ပိုတောင်ကောင်းတာပေ့ါ၊ ငါတစ်ယောက်တည်း ပလုံးတွေအများကြီးကောက်မယ်၊ နင်တို့ကိုခွဲပေးစရာမလိုတော့ဘူးပေါ့ဟာ၊ ဟား၊ ဟား”
ရယ်မောကာစိတ်ဖြေလိုက်သော်လည်း မိချောခြေလှမ်းများတုန့်နှေးနေလေသည်။ ရထားလမ်းအတိုင်းတစ်ယောက်တည်းလျှောက်ခဲ့ရင်း လမ်းမှာတွေ့သည့်ပလုံးများကို ကောက်ယူခဲ့တော့သည်။ သို့သော် နေ့လည်ပင်မရောက်သေး မိချောတစ်ယောက် ခြေကုန်လက်ပမ်းကျလာခဲ့သည်။ ယမန်နေ့များက ကလေးတစ်အုပ်နှင့်အတူ မမောနိုင်မပန်းနိုင် လျှောက်သွားခဲ့သော်လည်း ယနေ့တွင်တော့ နေကပူလွန်းနေသလိုခံစားရပြီး ခရီးလည်းသိပ်မတွင်တော့ပေ၊ သို့နှင့် ဘူတာရုံသို့ရောက်သည့်အခါ မိချောတစ်ယောက် ဘူတာစင်္ကြံတွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။ မိချောချီပိုးလာသည့် ညီမကလေး ပုံပုံမှာလည်း အော်ဟစ်ငိုကြွေးလေသည်။
“ပြန်မယ်၊ ပြန်မယ်၊ မသွားတော့ဘူး”
ပုံပုံမှာ အသက်တစ်နှစ်ခွဲကျော်သော်လည်း စကားကောင်းကောင်းမပြောတတ်သေးပေ၊ နေ့လည်ထမင်းစားသည့်အခါတွင်လည်း သိပ်စားမဝင်သဖြင့် ထမင်းဆက်မစားတော့ဘဲ ထမင်းထုပ်အားသိမ်းလာခဲ့သည်။ မိချောတစ်ယောက်ရထားလမ်းအတိုင်းဆက်မလျှောက်ချင်တော့သဖြင့် ကားလမ်းမနံဘေးသို့တက်လာခဲ့ရာ မကြာမီတွင် ကုလားကြီးဂုန်းဟုခေါ်သည့် ချောင်းကူးတံတားကလေးအနီးသို့ရောက်လာခဲ့သည်။ ထိုချောင်းကူးတံတားကလေးကိုမြင်တော့မှ မိချောထိတ်လန့်တုန်လှုပ်သွားသည်။ ယနေ့မနက်ခင်းက မက်ခဲ့သည့် အိပ်မက်ကိုပြန်လည်သတိရသွားမိခြင်းဖြစ်သည်။
ချောင်းကူးတံတားအပေါ်မှလျှောက်ရင်း ချောင်းရေပြင်ကိုငေးကြည့်နေမိသည်။ ထိုအခါ ချောင်းကမ်းဘေးတစ်နေရာတွင် ပုလင်းအခွံများကျနေသည်ကိုလှမ်းတွေ့လိုက်ရသဖြင့် စိတ်ထဲပျော်ရွှင်မိသွားသည်။ ပုလင်းအခွံများဆင်းကောက်မည်ဟု အကြံရလိုက်သော်လည်း ငတိအကြောင်းပြန်တွေးမိကာ ဝမ်းနည်းသွားသည်၊ မိချော ချောင်းကူးတံတားကလေးပေါ်တွင်ရပ်ကာ ချောင်းအောက်ကိုဆင်းမဆင်း စိတ်ထဲလွန်ဆွဲနေမိသည်။
“အို၊ ဆင်းကောက်မယ်ဟာ၊ ဒီနေ့ငါပိုက်ဆံအများကြီးရတာသိရင် ဟိုကောင်တွေ နောက်နေ့ငါနဲ့လိုက်လာကြမှာပဲ၊ အိပ်မက်က အိပ်မက်ပဲ၊ တကယ်တော့ ငတိက သေသွားပြီမဟုတ်လား”
မိချောလည်း စိတ်ကိုတင်းလိုက်ကာ ချောင်းကမ်းစပ်ဆီသို့ဆင်းလာခဲ့သည်။ ချုံပင်များကိုဖြတ်ကျော်ပြီးတစ်နေရာအရောက်တွင်တော့ ပုလင်းခွံများ၊ ဘူးခွံများကို လူတစ်ဦးတစ်ယောက်စီထပ်ထားသကဲ့သို့ အထပ်လိုက်ကလေးဖြစ်နေသည်ကိုတွေ့ရသည်။ မိချောလည်း ထိုပုလင်းများကို အိတ်အတွင်းသို့ ကောက်ထည့်လိုက်ရာ သူကိုင်ဆောင်လာသည့် ပီနံံအိတ်ပင် ပြည့်လုနီးပါးဖြစ်သွားတော့သည်။
“ဘယ်သူစုထားပေးသလဲတော့မသိဘူး၊ စုထားပေးတဲ့လူရေ ကျေးဇူးတင်ပါတယ်”
မိချောရေရွတ်လိုက်ပြီးနောက် ကားလမ်းမပေါ်ပြန်တက်မည်ဟုတွေးလိုက်မိသည်။ ထိုစဉ် ပုံပုံကလေးမှာ တဟီးဟီးတဟားဟားနှင့် ရယ်မောနေလေသည်။
“အမယ်၊ ငါ့ညီမက အမကြီးပုလင်းတွေရတော့ ပျော်နေတယ်ပေါ့လေ”
ခါးတစ်ခွင်ချီထားသည့်ကလေးမှာ ချောင်းထဲသို့လက်ညှိုးထိုးပြရင်း
“ငတိ . . . ငတိ”
မိချောခေါင်းမွှေးများပင်ထောင်သွားသည်။ ပုံပုံအားစိုက်ကြည့်ရင်း
“ပုံပုံ နင်ဘာတွေပြောနေတာလဲ”
“ငတိဟိုမှာ . . . ငတိဟိုမှာ”
မိချောလည်း အမှတ်မထင်အနောက်သို့လှည့်ကြည့်မိလိုက်လေသည်။
“အောင်မယ်လေး၊ ငတိ . . .ငတိ”
ချောင်းကမ်းစပ်ဒူးလောက်ခန့်နက်သည့်ရေပြင်တွင် ငတိက မတ်တပ်ရပ်နေလေသည်။ သို့သော် ငတိမှာ သူမြင်တွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်မဟုတ်ပေ၊ ငတိအပေါ်ပိုင်းတွင် အဝတ်အစားမပါပေ၊ အောက်ပိုင်းတွင်တော့ သူဝတ်ဆင်လေ့ရှိသည့် ဘောလုံးဘောင်းဘီအစုတ်အပြဲကိုဝတ်ဆင်ထားလေသည်။ တစ်ကိုယ်လုံးလည်း ရေတွေရွှဲရွှဲစိုနေသည်။
“ငတိ၊ နင်၊ နင်သရဲဖြစ်နေတာလား”
ငတိက ခေါင်းခါရင်း
“ကျုပ်ဒီနားမှာပဲ တစ်ချိန်လုံးရေကူးနေတာ အမမိချောရဲ့၊ အမမိချောများလာမလားဆိုပြီး စောင့်နေတာကြာပြီဗျ”
မိချောမှာ လိပ်ပြာလွင့်စင်မတတ်ကြောက်ရွံ့နေသည်။
“ဒါဆို၊ ဒါဆို ဒီပလုံးတွေက နင်ကောက်ထားတာပေါ့”
“အဟုတ်ပေါ့ အမမိချောရာ၊ အမမိချောလာရင်ပေးမယ်ဆိုပြီး ကျုပ်စုပေးထားတာဗျ၊ ဒါတောင်မှ အမမိချောမလာဘူးထင်လို့ ကျုပ်ဆက်မစုတော့ လွတ်သွားတာတွေအများကြီးဗျ”
မိချောမှာ ဘာမှပြန်မပြောဖြစ်တော့ပေ၊ ထိုစဉ် ငတိမှာ မိချောအနီးသို့တဖြည်းဖြည်းတိုးကပ်လာလေရာ မိချောတစ်ကိုယ်လုံး ကြက်သီးများထသွားလေသည်။ ထွက်ပြေးဖို့ကြိုးစားသော်လည်း ကြောက်လွန်းလှသဖြင့် ဒူးများတဆတ်ဆတ်တုန်နေကာ မပြေးလွှားနိုင်တော့ပေ။
“ငတိ၊ နင်ငါ့ကိုရေထဲဆွဲချမလို့ လာတာမဟုတ်လား”
“ဟာဗျာ၊ မဟုတ်ပါဘူးအမမိချောရ၊ ရေထဲမဆင်းပါနဲ့ ရေထဲမှာအေးတယ်ဗျ”
“ဒါဆို နင်ဘာလို့အရှေ့တိုးလာတာလဲ”
“ကျုပ်ထမင်းဆာတယ်အမမိချောရာ၊ ကျုပ်ကိုထမင်းလေးဘာလေးပါရင် ကျွေးစမ်းပါဗျ”
မိချောက ထိုတော့မှ လွယ်အိတ်အတွင်းထည့်ထားသည့် ထမင်းထုပ်အားသတိရပြီး
“အေး၊ ထမင်းဆာရင် ငါ့မှာထမင်းကျန်သေးတယ်၊ ဟင်းကတော့ သိတဲ့အတိုင်းပေါ့ဟာ၊ နင်စားမလား”
ငတိကခေါင်းညိတ်ပြသည့်အတွက် မိချောက ထမင်းထုပ်ကိုထုတ်ယူလိုက်ပြီး ကမ်းစပ်တစ်နေရာတွင်ချကာ ဖြန့်ခင်းပေးလိုက်သည်။ ငတိက ထမင်းထုပ်အနီးသို့လာကာ သူ့လက်များဖြင့်အားရပါးရကြုံးစားလေတော့သည်။ ငတိကိုကြည့်ရသည်မှာ ခုနစ်ရက်ခုနစ်လီ ထမင်းငတ်နေသူနှင့်တူလေသည်။ မိချောချပေးသည့်ထမင်းထုပ်အား ငတိကခဏလေးနှင့် ပြောင်စင်နေအောင်စားလိုက်တော့သည်။
“ကဲ ငတိ၊ ငါ၊ ငါပြန်တော့မယ်”
“နောက်နေ့လည်း ဒီကိုလာပါအုံးလား အမမိချောရာ၊ ကျုပ်ချောင်းထဲမြောလာတဲ့ ပုလင်းတွေ၊ ပလုံးတွေကောက်ပြီး ဟောဟိုအနားက ချုံပင်အောက်မှာ စုထားပေးမယ်”
“အေးအေး၊ ကောင်းသားပဲ”
“အမမိချောက ကျုပ်ကိုထမင်းတော့ကျွေးပေါ့ဗျာ”
မိချောလည်းခေါင်းညိတ်ကာ ငတိကိုပင်နှုတ်မဆက်တော့ဘဲ ကားလမ်းမဆီသို့ ဒယိမ်းဒယိုင်ဖြင့်ပြေးတက်သွားတော့သည်။ ထိုချောင်းကူးတံတားကလေးနှင့် ခပ်လှမ်းလှမ်းသို့ရောက်သည့်အခါမှသာ အမောဖြေနိုင်၏။
ထို့နေ့က မိချောနေ့တွက်ကိုက်သည်ဟုဆိုရမည်ဖြစ်သည်။ ဈေးကြီးသည့် ပုလင်းခွံများရရှိခဲ့သည့်အတွက်ကြောင့် ငွေတစ်သောင်းနီးပါးရလာခဲ့၏။ မိချောက ငွေတစ်ထောင်အားဖွက်လိုက်ပြိးနောက် ကျန်သည့်ငွေများကို အိမ်ပြန်ရောက်သည့်အခါ မိခင်ဖြစ်သူအား အပ်လိုက်လေတော့သည်။ မိချောအမေမှာ ဗိုက်ကြီးနှင့်ဖြစ်ပြီး အလုပ်မလုပ်နိုင်ပေ၊ မိချောအဖေကတော့ နီးရာရပ်ကွက်များတွင် ကြုံရာကျပန်းလိုက်လံလုပ်ကိုင်သူဖြစ်သည်။ မိချောကိုးထောင်ပေးသည့်အခါ သူ့အမေက အလွန်အံ့သြနေလေသည်။
“မိချော၊ နင်ဒီနေ့ငွေတွေအများကြီးရလာတာပါလား”
“ဟုတ်တယ်အမေ၊ ဒီနားက ကလေးတွေဘယ်သူ့ကိုမှ ခေါ်မရတော့ ကိုယ်ကောက်တာကိုယ်ရတာပေါ့အမေရဲ့”
မိချောအမေမှာ ပျော်ရွှင်လျှက်
“ကောင်းတာပေါ့သမီးရယ်၊ ဒါဆို ဒီညတော့ သမီးအကြိုက် ပဲကတ္တီပါပြုတ်ဝယ်ပြီး သုပ်ကျွေးမယ်၊ သမီးစားမယ်မဟုတ်လား”
မိချောက ခေါင်းညိတ်လျှက်
“စားချင်တာပေါ့အမေရာ၊ ဟိုတစ်ခါ ပဲကတ္တီပါပြုတ်စားတာ တစ်လလောက်ကြာခဲ့ပြီမဟုတ်လား”
“ကဲ အမေသွားဝယ်မယ်၊ သမီးက ခြေလက်ဆေးထားလိုက်၊ ပြီးတော့ မောင်လေးညီမလေးတွေကိုလည်း လက်တွေခြေတွေဆေးခိုင်းထားလိုက်နော်”
မိချောအမေက ပိုက်ဆံယူပြီးထွက်ခွာသွားသည့်အခါ မိချောကသက်ပြင်းတစ်ချက်ချပြီး ကလေးများကိုအော်ခေါ်လိုက်လေသည်။ မိချောတို့မိသားစုတွင် မိချောအပါအဝင် ကလေးရှစ်ယောက်ရှိသည်။ မိချောမှာ အကြီးဆုံးဖြစ်ပြီး အငယ်ဆုံးကလေးက အမေ့ဗိုက်ထဲတွင် မမွေးသေးပေ၊ အိမ်မှာနေလျှင် ထိုကလေးများအား ထိန်းနေရမည်စိုးသဖြင့် မိချောက ပုံပုံကလေးကို ခေါ်ကာ ပလုံးလိုက်ကောက်နေခြင်းဖြစ်သည်။ သူ့အောက်ကလေးများမှာ ဘုစုခရုအရွယ်သာရှိသေးသည်။ ထိုကလေးများအားလုံးမှာ မိချောနှင့် ဖအေမတူ မအေကွဲတော်စပ်ကြသည်။ ယခုအမေယူထားသည့် ယောက်ျားမှာ မိချော၏ အဖေအရင်းမဟုတ်ဘဲ ပထွေးသာဖြစ်သည်။
ညနေတော့ မိချောတို့ပဲကတ္တီပါပြုတ်သုပ်နှင့် ထမင်းစားကြသည်။ ပထွေးဖြစ်သူကလည်း အိမ်ဦးခန်းတစ်နေရာတွင် ပုလင်းထောင်၍ ကောင်းနေချေပြီ၊ အရက်တစ်လုံးချပြီး ပဲကတ္တီပါပြုတ်သုပ်တစ်ခွက်နှင့်အတူ ငါးခြောက်ဖုတ်များကိုပါ အမြည်းအဖြစ်စားရင်း အရက်သောက်နေလေ၏။ ထို့နောက် မိချောကိုကြည့်ကာ လျှာလေးအာလေးနှင့်
“မိချော၊ ညည်းဒီနေ့ ကိုးထောင်တောင်ရခဲ့တယ်ဆိုဟ၊ ကောင်းတယ်၊ ကောင်းတယ်၊ ညည်းပလုံးကောက်တဲ့ငွေက ငါ့နေ့တွက်ခထက်တောင်များနေပါလား၊ နင်ဒီအတိုင်းသာ ဆက်ကောက်နိုင်တယ်ဆိုရင် ငါအလုပ်ထွက်လုပ်စရာတောင် မလိုတော့ဘူး၊ ဟား ဟား”
ပထွေးစကားဘယ်လိုဆိုချင်သည်မှန်း အကင်းပါးသည့် မိချောကသိလိုက်လေသည်။ မိချောက သူမွေးထားသည့် သားသမီးအရင်းမဟုတ်သဖြင့် ခိုင်းစားချင်ပုံရသည်။ ထိုညတော့ မိချောတစ်ယောက် မောင်နှမများနှင့်အတူတူ အိပ်စက်နေမိသည်။ ပေါက်ပြဲနေသည့်် တဲအမိုးအားကြည့်ရင်း ချောင်းထဲတွင်ကျန်နေခဲ့သည့် ငတိအားသတိရနေမိသည်။
(၄)
နောက်တစ်နေ့ ပလုံးကောက်ရန်ထွက်လာသည့်အခါ မည်သူမှ မလိုက်ကြပေ၊ မိချောလည်း ရထားလမ်းဘက် ခြေဦးလှည့်မနေတော့ဘဲ ချောင်းကမ်းစပ်ဆီသို့သာ အပြေးလာမိသည်။ ငတိပြောထားသည့် ချုံပင်အုပ်အုပ်နားအရောက်တွင် ပုလင်းများစီထားသည်ကိုတွေ့လိုက်ရလေသည်။
“ဟယ်၊ ပုလင်းတွေအများကြီးပါလား”
မိချောက ပုလင်းများကိုအိတ်ထဲကောက်ထည့်နေစဉ် ငတိတစ်ယောက်ရေထဲမှတက်လာကာ ပြုံးဖြီးဖြီးနှင့်ထိုင်နေလေသည်။ ငတိမြင်တော့မှ မိချောသတိရသွားတော့သည်။
“ငတိ၊ နင်ထမင်းစားပြီးပြီလား”
“ဘယ်စားရအုံးမှာလဲ အမမိချောရ၊ ကျုပ်အမကိုစောင့်နေတာဗျ”
မိချောက မနေ့ကဖယ်ထားသည့် ငွေတစ်ထောင်ဖြင့် ထမင်းဆိုင်မှ ဝယ်လာသည့် ထမင်းထုပ်ကိုထုတ်ယူလိုက်သည်။ ထို့နောက် ချဉ်စပ်လက်ဖက်ထုပ်ကလေးတစ်ထုပ်အား ဖောက်လိုက်ကာ ထိုထမင်းပေါ်တွင် ဆမ်းပေးလိုက်လေသည်။ ငတိက လက်ပင်မဆေးတော့ဘဲ ထမင်းထုပ်ကိုအားရပါးရ နှိုက်စားတော့သည်။ ငတိထမင်းစားပြီးသည့်အခါ မိချောနှင့်အတူတူ ချောင်းကမ်းဘေး၊ ချုံပုတ်အနီးတွင်ထိုင်နေမိကြသည်။
“ငတိ၊ နင်အချိန်ပြည့် ချောင်းထဲမှာပဲ နေရတာလား”
“ဟုတ်တယ်၊ ကျုပ်ရေထဲမှာပဲနေတာ၊ တစ်ညလုံးရေကူးပြီးတော့ အမအတွက် ပုလင်းခွံတွေ၊ ပလုံးခွံတွေစုပေးထားတာဗျ”
“ကျေးဇူးတင်ပါတယ် ငတိရာ၊ မနေ့က တစ်သောင်းတောင်ရတယ်ဟ”
ငတိမှာမျက်လုံးပြူးသွားပြီး
“တစ်သောင်းတောင်လား”
“အေး၊ ဒီနေ့ဒါထက်ပိုရမယ်ထင်တယ်”
ငတိအနားသို့ကပ်လာသည့်အချိန်တွင် ဒိုက်စော်၊ ရွံ့စော်ကဲ့သို့ နံစော်လှသည့်အနံ့ကြီးတစ်ခုအားရရှိလေသည်။ ငတိမှာ မိချောကို အန္တရာယ်မပြုသော်လည်း မိချောကတော့ ငတိအားကြောက်လန့်နေမိသည်။ ငတိက သူချောင်းရိုးုထဲတွင်နေထိုင်ရင်း တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို မိချောအား အားပါးတရပြောပြလေသည်။
“ဟိုးနား ချောင်းဘေးက သစ်ပင်ကြီးကိုတွေ့လားအမမိချော၊ အဲဒီသစ်ပင်ကြီးမှာ အဘိုးကြီးတစ်ယောက်နေတယ်၊ အဲဒီအဘိုးကြီးက ကျုပ်ကိုသူ့အိမ်မှာလာနေပါဆိုပြီး ခေါ်တာနဲ့ တစ်နေ့ကသွားလိုက်တယ်”
“ဟယ်၊ သူက သစ်ပင်ပေါ်မှာဘယ်လိုအိမ်ဆောက်ထားတာလဲမသိဘူးနော်”
“သူ့အိမ်က အထဲမှာအကျယ်ကြီးပဲဗျ၊ သူ့မှာ အစေအပါးတွေလည်းရှိသေးတယ်ဗျ၊ ထမင်းစားချိန်ဆိုရင် သူစားတဲ့အစာက တော်တော်မွှေးတာပဲဗျာ၊ သူစားပြီးရင်တော့ သူ့အစေအပါးတွေကို ထမင်းတွေကျွေးတယ်ဗျ”
မိချောက မဲ့လိုက်ကာ
“နင့်ကိုရော မကျွေးဘူးလား”
“မကျွေးဘူးတဲ့ဗျာ၊ သူပြောတာက သူ့အစေအပါးဖြစ်မှ ထမင်းကျွေးလို့ရမှာတဲ့၊ ကျုပ်လည်းဆာဆာနဲ့သူများစားတာပဲ ကြည့်ရတာပေါ့ အမိမိချောရဲ့၊ ပြန်ခါနီးကျတော့ သူကပြောတယ်၊ ကျုပ်ကိုချစ်လို့ သူ့အိမ်မှာ လာနေပါလားတဲ့၊ ထမင်းလည်းကျွေးမယ်၊ အလုပ်ကတော့ တံမြက်လှည်းတာဘာညာတော့ ကူလုပ်ပေးပေါ့တဲ့”
“ကောင်းတာပေါ့ဟ၊ ဒါဆိုနင်အဲဒီမှာ သွားနေေပေါ့”
ငတိက ခေါင်းခါပြီးနောက်
“ကျုပ်အဲဒီမှာမနေချင်ဘူးဗျ၊ အဲဒီအဘိုးကြီးတို့အိမ်က ခုလိုနေ့ဘက်ဆိုရင် ပျောက်သွားတာ၊ ညဘက်မှ ပြန်ပေါ်လာရောဗျ၊ နေ့ဘက်ပျောက်သွားရင်တော့ မဟန်ဘူးလေဗျာ၊ အမမိချောနဲ့ကျုပ်နဲ့ မတွေ့ရဘဲ နေမှာပေါ့ဗျ”
“အေးနော်၊ ဒါလည်းဟုတ်သား”
“ညဘက်ကျရင် ဒီချောင်းရိုးကြီးအတိုင်း လှေကြီးနဲ့လာကြတဲ့ လူတွေလည်းရှိသေးသဗျ၊ ဒီလူတွေကျတော့ ဇာတ်ထဲကမင်းသားမင်းသမီးတွေလိုဝတ်ထားကြတာ၊ လှေကြီးကလည်း အရောင်တွေထွက်လို့ရယ်ဗျ”
မိချောက မျက်လုံးများအရောင်လက်သွားပြီး
“ဟယ်၊ နင်သူတို့နဲ့သွားမနေဘူးလား၊ သူတို့က ပိုပြီးချမ်းသာတဲ့ပုံပဲ”
ငတိက ခေါင်းခါရင်း
“မနေချင်ပါဘူးဗျာ၊ သူတို့လှေကြီးက ချောင်းရိုးအတိုင်းဆင်းသွားပြီး ဟောဟိုမြစ်ထဲရောက်သွားရင် ရေဝဲကြီးတစ်ခုထဲကိုနစ်သွားတာဗျ၊ လှေပေါ်ပါလာတဲ့လူတွေအကုန်လုံးလည်း အော်ဟစ်ပြီးတော့ သေကုန်ကြတာပဲ၊ ညတိုင်း အဲဒီလှေကြီးက ထွက်ထွက်လာပြီး မြစ်ထဲနစ်နစ်သေတာဗျ”
“ထူးဆန်းလိုက်တာနော်၊ ဒါနဲ့ ငတိ၊ ရေထဲမှာနေရတဲ့ဘဝနဲ့ ငါတို့ကျူးကျော်တဲတွေမှာ နေရတဲ့ဘ၀ ဘယ်ဘဝက ပိုကောင်းသလဲဟင်”
ငတိက အတော်ကြာအောင်စဉ်းစားနေပြီးနောက်
“ကျုပ်ကတော့ အခုလိုရေထဲမှာနေရတဲ့ဘဝကို နေပျော်သဗျ၊ ကိုယ်လုပ်ချင်တာလုပ်လို့ရတယ်၊ ရေအောက်မှာဘယ်လောက်နေနေအသက်ရှူမကြပ်ဘူးဗျ၊ မကောင်းတာတစ်ခုကတော့ ဒီချောင်းရိုးထဲကနေ တက်လို့မရတာတစ်ခုပဲ”
“ဟင်၊ ဒါဆို နင်ကုန်းပေါ်တက်မရဘူးပေါ့”
“ဟုတ်တယ်၊ ဟောဟိုကမ်းစပ်နားကိုကျော်ရင် ကျုပ်ဆက်လိုက်လို့မရတော့ဘူးအမမိချော၊ ကျုပ်အရှေ့မှာ အုတ်တံတိုင်းကြီးခံနေသလိုဖြစ်ပြီး အရှေ့ကိုဆက်တက်လို့မရတော့ဘူးဗျ”
မိချောလည်း သက်ပြင်းတစ်ချက်ချလိုက်လေသည်။
“အမကျုပ်နဲ့လိုက်နေမလား”
ငတိပြောသည့်အခါ မိချောမျက်လုံးပြူးသွားသည်။
“ချောင်းထဲမှာနေရတာ ဘယ်လောက်ကောင်းတယ်ဆိုတာ အမကိုပြချင်လို့ပါ”
“တော်ပါ ငတိရာ၊ ငါမနေချင်သေးဘူး၊ ငါ့အိမ်ကိုငါလွမ်းတယ်ဟ”
ငတိမျက်နှာက ညှိုးကျသွားပြီး
“ကျုပ်လည်း အိမ်ကိုလွမ်းတာပါပဲဗျာ၊ ဒါပေမယ့် အိမ်ကိုတော့မပြန်ချင်ဘူးဗျ”
“အေး၊ နင်မပြန်ချင်လည်းနေပါ၊ ငါတော့ အခုပုလင်းတွေသွားရောင်းလိုက်အုံးမယ်၊ နင်ငါ့အတွက် ပုလင်းများများစုပေးထားနော်၊ သံဘူးရရင်လည်းကောင်းတာပဲ၊ ငါနင့်ကို ထမင်းကျွေးပါ့မယ်”
“တကယ်လား အမမိချော”
“အေးပါ၊ နင်ဘာစားချင်သလဲသာပြော”
ငတိပါးစပ်တွင် သွားရေများစီးကျလာကာ
“ကျုပ် အမဲသားစားချင်တယ်”
“ဟဲ့ အမဲသားဟင်းက ဈေးကြီးတယ်၊ နင်များများရှာနိုင်တဲ့နေ့မှ ငါဝယ်ကျွေးမယ်”
ငတိက ခေါင်းညိတ်ကာ
“မပူနဲ့တော့ အမမိချောရေ၊ ကျုပ်အများကြီးစုထားပေးမယ်”
မိချောလည်း အိတ်ကိုလွယ်ကာပြန်တက်လာခဲ့သည်။ ထိုနေ့က မိချောနှစ်ခေါက်သယ်ရောင်းရသည်။ စုစုပေါင်း တစ်သောင်းခွဲခန့်ရလေသည်။ အမေ့ကိုရှစ်ထောင်အပ်ပြီး ကျန်သည့်ငွေများကိုဖယ်ထားစုထားသည်။ နေ့စဉ်နေ့တိုင်း ငတိက ပုလင်းများစုထားပေးသည်မို့ မိချောဝင်ငွေမှန်နေတော့သည်။ စုထားသည့်ငွေများ များပြားလာသည့်အခါတွင် မိန်းကလေးပီပီ အလှပြင်ပစ္စည်းများ၊ အဝတ်အစားများဝယ်ယူဝတ်ဆင်သောကြောင့် မိချောတစ်ယောက် အနည်းငယ်ကြည့်ကောင်းလာလေသည်။
တစ်ရက်တွင်တော့ မိချောတစ်ယောက် ချောင်းအတွင်းဆင်းလာခဲ့လေသည်။ ချောင်းဘေးတွင် စုပုံထားသည့် ပုလင်းခွံများကိုကောက်နေရင်းမှ အနားတွင်လူရိပ်တွေ့လိုက်သဖြင့် မော့ကြည့်လိုက်မိသည်။ ထိုအခါ ရုပ်ရည်ခပ်ကြမ်းကြမ်းယောက်ျားနှစ်ယောက်က သူ့အနီးသို့တိုးကပ်လာလေသည်။
“ရှင်၊ ရှင်တို့ကဘယ်သူတွေလဲ”
ထိုလူနှစ်ယောက်မှာ ပြီတီတီဖြင့်ပြုံးလျှက်
“မကြောက်ပါနဲ့အလှလေးရာ၊ မင်းကိုချစ်လို့ အကိုကြီးတို့လိုက်လာတာပါကွ”
မိချောလည်း ကိုယ့်အန္တရာယ်ကိုယ်သိမြင်လိုက်ပြီဖြစ်သည်။
“ရှင်တို့အရှေ့တိုးမလာနဲ့နော်၊ အရှေ့တိုးလာရင် ကျွန်မအော်လိုက်မှာ”
“ဟား၊ ဟား အော်တော့လည်းအော်ပေါ့ကွ၊ ဟောဒီမှာဓါး၊ တွေ့လား၊ မင်းအသံတစ်ချက်ထွက်လိုက်တာနဲ့ ဟောဒီဓါးက မင်းလည်မြိုကိုဖောက်သွားမယ်မှတ်”
ထိုလူနှစ်ဦးအနက်တစ်ဦးက ကိုးလက်မခန့်ရှည်သည့် ဓါးမြောင်တစ်ချောင်းထုတ်လိုက်ကာ မိချောအားခြိမ်းခြောက်တော့သည်၊ မိချောရောက်နေသည့်နေရာမှာ လူပါးသည့်နေရာဖြစ်ပြီး ကားလမ်းမနှင့်လည်းအနည်းငယ်လှမ်းနေသဖြင့် အကူအညီရနိုင်ဖို့ရာ လမ်းမမြင်တော့ပေ၊ မိချောစဉ်းစားနေစဉ်မှာပင် လူတစ်ဦးက မိချောအားအတင်းဝင်ဆွဲလေတော့သည်။
“ကယ်ပါအုံး၊ ငတိ ငါ့ကိုကယ်ပါအုံး”
လူနှစ်ဦးအနက်တစ်ဦးမှာ ပုံပုံကလေးအားပစ်ချလိုက်ပြီး မိချောကို ချောင်းကူးတံတားအောက်ဘက်သို့ဆွဲခေါ်သွားလေသည်။
“ငတိ၊ ငါ့ကိုကယ်ပါအုံးဟာ”
ထိုလူက ပြုံးဖြီးဖြီးနှင့်
“ဘာငတိလည်း၊ ဒီနေရာမှာ အကိုကြီးတို့ကလွဲပြီး ဘယ်သူမှမရှိဘူး အချောလေးရဲ့ ဟင်းဟင်း”
မိချောလည်း အားချင်းမမျှသည်မို့ မရုန်းသာတော့ဘဲ ထိုလူဆွဲရာအနောက်သို့လိုက်လာမိသည်။ ကျန်သည့်လူတစ်ဦးကလည်း မိချော၏လည်ပင်းကို ဓါးဖြင့်တရွယ်ရွယ်လုပ်နေသည်။ ချောင်းကူးတံတားအောက်နားအရောက်တွင်တော့ ဓါးကိုင်ထားသည့်လူမှာ ချော်လဲကျသွားလေသည်။ မိချောက ထိုလူအားကြည့်လိုက်မိစဉ် ထိုလူ၏ ခြေထောက်နှစ်ဖက်ကို ငတိကဖမ်းဆွဲထားသည်ကိုမြင်ရသည်။
“ဟေ့ကောင်စိုးကြီး၊ မင်းကလဲ ချော်လဲနေရသေးတယ်လို့ကွာ”
စိုးကြီးဆိုသူက မတ်တပ်ရပ်ဖို့ပြင်သော်လည်း ခြေထောက်လှုပ်မရတော့ပေ၊ ထို့အပြင် ချောင်းအတွင်းသို့ နောက်ပြန်ကြီးတရွတ်ဆွဲကာ လျှောကျသွားသည်ကိုမြင်ရသည်။ စိုးကြီးဆိုသူမှာ အလန့်တကြားဖြင့် အော်ဟစ်နေလေသည်။
“ဟေ့ကောင်တိုးကြီး၊ ငါ့ကိုကယ်ပါအုံး၊ ငါ့ကိုကယ်ပါအုံး”
စိုးကြီးအော်နေစဉ်မှာပင် ချောင်းရေအတွင်းသို့နစ်မြုပ်သွားပြီးလေတော့သည်။ တိုးကြီးဆိုသူလည်း မိချောကိုတွန်းလှဲလိုက်ပြီးနောက် သူ့လူကိုသူပြေးဆွဲရတော့သည်၊ တိုးကြီးရေစပ်သို့ဆင်းလိုက်သည့်အချိန်မှာပင် သူပါရေထဲသို့ လျှောကျသွားလေတော့သည်။ ဒူးလောက်ခန့်သာရှိသည့် ချောင်းရေစပ်တွင် တိုးကြီးနှင့်စိုးကြီးတို့နှစ်ယောက် အသည်းအသန်ရုန်းကန်ကာ ကူးခတ်နေကြလေသည်။ သူတို့တစ်ကိုယ်လုံးတွင်လည်း ရွံ့နွံများဖြင့် ပေကျံနေတော့သည်။ တိုးကြီးက ရေစပ်မှပြေးတက်လာပြီး ကမ်းပေါ်မရောက်ခင်မှာပင် အနောက်မှတစ်ယောက်ယောက်ဆောင့်ဆွဲသလိုခံစားလိုက်ရကာ ရေထဲသို့ပြန်လည်လျှောကျသွားပြန်သည်။ တစ်ခါစိုးကြီးလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ မိချောကတော့ ထိုလူနှစ်ယောက်အဖြစ်ကို လက်ညှိုးထိုးကာ ခွက်ထိုးခွက်လန်ရယ်မောနေမိသည်။ စိုးကြီးနှင့်တိုးကြီးမှာ တစ်ကိုယ်လုံးရွံ့ဗွက်များပေကျံကာ လူရုပ်ပင်မပေါ်တော့ပေ။
“ကြောက်ပြီလား၊ ရှင်တို့က ကျွန်မကိုဘာမှတ်လို့ ရာရာစစလာပြီးစိန်ခေါ်တာလဲ”
ထို့နောက်ငတိအားကြည့်လိုက်ကာ
“ငတိရေ၊ တော်ပြီနော်၊ တော်ကြာဒီလူတွေ သေသွားအုံးမယ်”
ငတိကလွှွတ်ပေးလိုက်သည့်အခါမှ စိုးကြီးနှင့်တိုးကြီးမှာ ကမ်းပေါ်ပြေးတက်ကာ သွေးရူးသွေးတန်းနှင့်် အော်ဟစ်ထွက်ပြေးသွားကြလေတော့သည်။ မိချောနှင့် ငတိတို့မှာ ခွက်ထိုးခွက်လန်ရယ်မောရင်းကျန်နေရစ်ခဲ့လေတော့သည်။
“တော်တယ်ငတိ၊ မင်းကိုမနက်ဖြန်ကျတော့ အမဲသားနှပ်နဲ့ရှယ်ကျွေးမယ်ဟေ့၊ ဟားဟား”
(၅)
အချိန်က တဖြည်းဖြည်းနှင့်ကုန်မှန်းမသိကုန်လာခဲ့သည်။ မိချောအမေလည်း ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်လာခဲ့လေပြီ၊ သို့သော် ပထွေးနှင့်အမေတို့ ခေါင်းချင်းဆိုင်နေကြသည်ကို မိချောသတိထားမိသည်။ အမေ့အားမေးကြည့်သည့်အခါ ယခုကလေးမှာ တည်နေရာပုံသဏ္ဍာန်မမှန်သဖြင့် အရပ်လက်သည်နှင့်မွှေးမရဘဲ ခွဲမွေးမှရမည်ဟုဆိုလေသည်။ ပထွေးဖြစ်သူကတော့ ငွေကြေးမတတ်နိုင်သည်မို့ ရသလောက်လက်သည်နှင့်ပင် မွေးစေချင်သည်။ သို့သော် တစ်ခုခုအမှားအယွင်းဖြစ်လျှင် အသက်ဆုံးရသူက အမေဖြစ်သည်မို့ မိချောကတော့ သူ့တွင်ရှိစုမဲ့စုငွေများစိုက်ထုတ်ကာ သူများထံမှချေးငှားပြီး ဆေးရုံတက်မွေးခိုင်းလိုက်လေသည်။
အမေက မနက်ဖြန်မွေးတော့မည်မို့ ယနေ့ကတည်းက ဆေးရုံသို့ရောက်သွားပြီဖြစ်သည်။ ပထွေးကတော့ ထိုကိစ္စကိုသိပ်ပြီးကျေနပ်ပုံမရပေ၊ အိမ်မှာလည်း ကလေးဘုစုခရုနှင့်မို့ မိချောတစ်ယောက် ဆေးရုံသို့လိုက်မသွားနိုင်ဘဲ အိမ်တွင်သာကလေးကြည့်ရင်း ကျန်နေခဲ့ရသည်။
“အမေဘေးကင်းပါစေ၊ ဘာမှမဖြစ်ပါစေနဲ့”
မိချောကြိတ်ပြီးဆုတောင်းနေမိသည်။ ညကိုးနာရီခန့်ရှိသည့်အခါ ကလေးများအားလုံးအိပ်ပျော်သွားကြပြီဖြစ်သည်။ မိချောကတော့ အိပ်မပျော်နိုင်သေးပေ၊ ထိုစဉ် ပထွေးဖြစ်သူက အရက်မူးကာအိမ်ပြန်လာသည်။
“အောင်မာ၊ ငါက ညည်းကိုကလေးဆိုပြီး သနားနေတာ၊ နင်က ပိုက်ဆံတွေရှာဖွေပြီးတော့ စုထားနိုင်တယ်ပေါ့ ဟုတ်လားမိချော”
“ဟုတ်တယ်၊ အဲဒီပိုက်ဆံတွေက ကျွန်မ မစားရက်မသောက်ရင် စုထားတဲ့ပိုက်ဆံတွေရှင့်”
“သြော်၊ နင်က ပိုက်ဆံရှိတာတောင်မှ ငါ့ကိုမပေးဘဲနဲ့ စုထားတယ်ပေါ့မိချော၊ ဒီမှာ နင့်ကိုတစ်သက်လုံးငါလုပ်ကျွေးလာခဲ့တာပါ၊ ပေးချင်းပေး နင်ငါ့ကိုပေးရမှာပေါ့”
“ရှင်တော်တော်ဦးနှောက်မရှိတဲ့လူပဲ၊ ဒီငွေကို ကျွန်မသာမပေးဘူးဆိုရင် ကျွန်မအမေသေမှာရှင့်၊ ရှင်လည်း မီးဖွားစရိတ်၊ ဆေးရုံစရိတ်မပေးနိုင်ဘဲနဲ့ ကျွန်မပေးတဲ့ငွေကို လိုက်ပြီးတွန့်တိုမနေစမ်းပါနဲ့”
မိချောက ပထွေးဖြစ်သူကို လက်ညှိုးငေါက်ငေါက်ထိုးသည်မို့ ပထွေးက အလွန်ဒေါသထွက်နေလေသည်။ သို့သော် မိချောပါးစပ်ကိုကြောက်သဖြင့် ဘာမှထပ်မပြောတော့ဘဲ အရက်သောက်ရင်း မှိန်းနေတော့သည်။ မိချောလည်း အိပ်ရာထဲသို့ပြန်ဝင်လာခဲ့သည်။
ရန်ကုန်မိုးက အစိုးမရသည်မှာ အမှန်ဖြစ်သည်။ ထိုညက မိုးသည်းသည်းမည်းမည်းရွာလေတော့သည်။ ကံကောင်းသည်မှာ မိချောစုထားသည့်ပိုက်ဆံကလေးနှင့် အိမ်ခေါင်မိုးအပေါ် တာလပတ်စအုပ်နိုင်ခဲ့၍ မိုးမယိုခြင်းဖြစ်သည်။ မိချောလည်း မိုးအေးအေးနှင့်အိပ်ကောင်းနေစဉ် မိမိကိုယ်ပေါ်သို့ လေးလံသည့်အရာတစ်ခုက ဖိလာသည့်အတွက် လန့်နိုးသွားသည်။ မိချောအော်ရန်ကြိုးစားစဉ်မှာပင် မိချောပါးစပ်များကို လက်ချောင်းများက အတင်းအကြပ်အုပ်ကိုင်ပိတ်ထားသည်။ မိချောကြောက်လန့်တကြားနှင့်ကြည့်လိုက်သည့်အခါ မိမိကိုယ်ပေါ်တက်လာသူမှာ မိမိအမုန်းဆုံး ပထွေးဖြစ်နေလေသည်။ အရက်စော်များကလည်း နံစောလျှက်ရှိသည်။
မိချောရုန်းကန်သည့်အခါ ပထွေးဖြစ်သူက ပိုမိုတင်းကြပ်စွာဖြင့် ဖမ်းချုပ်ထားရင်း
“ဟား၊ ဟား မင်းအမေမရှိတဲ့ညတော့ မင်းပဲငါ့ကို အဖော်ပြုပေးပေါ့ မိချောရာ”
မိချောအတင်းရုန်းကန်ကာ အော်ဟစ်ရန်ကြိုးစားသည်။
“အော်စမ်းပါ၊ မိုးသံလေနဲ့ကြောင့်ရော၊ မိုးအေးအေးနဲ့ရောမို့လို့ ဘယ်သူမှနိုးမှာမဟုတ်ဘူးကွ၊ ဟား၊ ဟား”
မိချောအတင်းအကြပ်ရုန်းကန်လှုပ်ရှားသော်လည်း မိချောက ကလေးတစ်ယောက်သာသာအားရှိသည်မို့ ပထွေးဖြစ်သူ ယောက်ျားအားကိုမရုန်းကန်နိုင်တော့ဘဲ ပထွေးပြုသမျှ နုခဲ့ရလေတော့သည်။ မိချောတစ်ယောက် ပထွေးအလစ်ကိုစောင့်နေရင်း ခဏကြာသည့်အခါ ပထွေးဖြစ်သူ ချုပ်ကိုင်ထားသည့်လက်မှာ အားပျော့သွားသည်ကိုသတိထားမိသည်နှင့် မိချောသူ့လက်များကိုရုန်းကန်လိုက်ပြီး အနီးပတ်ဝန်းကျင်သို့စမ်းကြည့်ရာ ပုလင်းတစ်လုံးထောင်ထားသည်ကိုစမ်းမိသဖြင့် ထိုပုလင်းနှင့်် ပထွေး၏ ဦးခေါင်းနောက်စေ့အား ရိုက်ချထည့်လိုက်တော့သည်။ ပထွေးဖြစ်သူမှာ ဒေါသထွက်သွားကာ ကုန်းထလိုက်စဉ် မိချောလည်း အလျှင်အမြန်ကုန်းထပြီး အိမ်ထဲမှထွက်ပြေးခဲ့တော့သည်။
မိုးရွာနေသည့် ကားလမ်းမတစ်လျှောက် မိချောတစ်ယောက် ပြေးလွှားနေမိသည်။ ညသန်းခေါင်အချိန်မို့ ကားလမ်းမတွင်လူသူတစ်ဦးတစ်ယောက်မှ မရှိတော့ပေ၊ မိချောတစ်ယောက်ပြေးလွှားနေရင်း ချောင်းကူးတံတားကလေးဆီသို့ရောက်မှန်းမသိ ရောက်လာခဲ့တော့သည်။
ချောင်းကူးတံတားကလေးအပေါ်တက်လိုက်စဉ်တွင် ရေထဲမှ ငတိက သူ့အားလှမ်းခေါ်လေသည်။
“အမမိချော၊ အမမိချော”
မိချောလည်း ငတိကိုလှမ်းကြည့်ကာ ကမ်းစပ်သို့ပြေးဆင်းလာခဲ့သည်။
“ငတိ၊ ငတိ”
ငတိကိုတွေ့သည့်အခါ ဘာရယ်မဟုတ်ဘဲ ငတိအားပွေ့ဖက်ထားမိလိုက်သည်။ ငတိကိုယ်နံ့က ဗွက်စော်နံနေသော်လည်း မိချောမရွံရှာတော့ပေ။
“အမမိချော၊ ငိုနေတာလား”
ငတိကမေးသည့်အခါ မိချောက ငတိကိုဖက်ထားရင်း ခေါင်းညိတ်ပြလိုက်သည်။
“အမဘာတွေဖြစ်လာတာလဲ”
“ငတိရေ၊ မင်းချောင်းထဲမှာနေရတဲ့ဘဝက သိပ်ကောင်းတယ်ဆို”
“ဟုတ်တယ်အမ”
“တိုးကျူးကျော်တဲကလေးတွေဆီမှာ နေရတာထက်ပိုကောင်းတယ်ဆို”
“ဟုတ်တယ်”
“ငါ့လို ပထွေးနဲ့နေရတာထက် အဆပေါင်းများစွာပိုကောင်းမှာပေါ့နော်၊ တစ်နေကုန်တစ်နေခမ်း ပလုံးကောက်ရင်း ကလေးထိန်းရတဲ့ဘဝထက် ပိုကောင်းမှာပေါ့နော်၊ အားရင်ကလေးတွေတပြွတ်ပြွတ်မွေးပြီးတော့ ကိုယ့်သားသမီးကိုယ် ဂရုမစိုက်နိုင်တဲ့ အမေနဲ့အတူတူနေရတာထက်တော့ ပိုကောင်းမှာပေါ့နော်၊ ပြီးတော့ ကိုယ့်ကို လူတွေလို့တန်ဖိုးမထားတတ်တဲ့ လူတွေနဲ့အတူတူ နေရတာထက် ပိုကောင်းမှာပေါ့နော် ငတိ”
“အမဘာဖြစ်နေတာလဲ၊ ကျုပ်တို့ရေထဲမှာတော့ အမပြောတဲ့အရာတွေ မရှိဘူးဗျ”
“ဒါဆို ငါ့ကိုခေါ်သွားစမ်းပါ ငတိရာ”
“ဗျာ”
ငတိက ဗျာတစ်လုံးကိုခပ်လေးလေးထူးလိုက်လေသည်။
“မင်းပြောတဲ့ ရေထဲကဘဝမှာငါနေချင်တယ်၊ ကုန်းပေါ်ကဘဝကို ငါမနေချင်တော့ဘူး၊ ကုန်းပေါ်မှာငါဆက်မနေချင်တော့ဘူး၊ မင်းနဲ့အတူတူ ရေထဲမှာလွတ်လွတ်လပ်လပ်ကူးခတ်မယ်၊ သွားချင်တဲ့နေရာသွားမယ်၊ ပြီးတော့ မတွေ့ကြုံဖူးသေးတဲ့ အတွေ့အကြုံတွေ ခံစားချင်တယ်၊ အဓိကကတော့ မင်းတို့ရေအောက်မှာ ပထွေးဆိုတဲ့လူတွေ မရှိဘူးမဟုတ်လား”
ငတိက မိချော၏လက်များကိုဆုပ်ကိုင်ထားရင်း
“အမလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဟိုအဘိုးကြီးဆီမှာသွားနေကြမယ်ဗျ၊ သူ့အိမ်ကလည်းအကြီးကြီးပဲ၊ စားစရာတွေဆိုရင်လည်း တော်တော်မွှေးတာဗျ”
မိချောက ခေါင်းညိတ်လိုက်ရင်း
“လိုက်မယ်၊ ငတိ၊ ငါလိုက်ခဲ့မယ်၊ ငါ့အိမ်ကိုငါမပြန်ရရင်ပြီးရော ဘယ်ကိုပဲဖြစ်ဖြစ် ငါလိုက်ခဲ့မယ် ငတိ”
ငတိက ပြုံးရင်း
“ပျော်လိုက်တာ အမမိချောရာ၊ ကဲ အမကျုပ်နဲ့လိုက်မယ်ဆိုရင် မျက်လုံးကိုမှိတ်ထား၊ ပြီးတော့ အသက်ရှူကိုအောင့်ထားလိုက်တော့၊ နှာခေါင်းထဲရေတွေဝင်ရင် သိပ်ခံရခက်တာပဲ အမရ”
မိချောက ခေါင်းညိတ်လိုက်ပြီးနောက် အသက်ကိုအောင့်လိုက်ကာ မျက်လုံးများကိုပိတ်ထားလိုက်လေသည်။ ထိုအခါ ငတိက မိချော၏လက်ကိုဆွဲကာ မိုးရွာသဖြင့် ရေပြည့်နေသည့် ချောင်းကြီးအတွင်းသို့ ဆွဲချသွားလေတော့သည်။
“မိချောရေ၊ ဟေ့ မိချော”
မိုးစင်စင်လင်းပြီဖြစ်သည်။ မိချောပျောက်သွားသဖြင့် ကျူးကျော်တဲတွင် နေထိုင်သူများက မိချောအားလိုက်လံရှာဖွေကြသည်။ အောင်ပု၊ စွာကျယ်ညီနောင်နှင့် ငလေးတို့လည်းပါဝင်ကြသည်။
“မိချောဘယ်သွားတတ်သလဲကွ”
“အမမိချောက ငတိသေထားတဲ့ ချောင်းဘေးနားမှာ သွားသွားထိုင်နေတတ်တယ်ဗျ”
“ဟေ၊ ဒါဆို အဲဒိကိုလိုက်ရှာကြစို့ကွာ”
အိမ်နီးနားချင်းများနှင့် ကျူးကျော်တဲတွင်နေထိုင်ကြသည့် လူကြီးများက ချောင်းကလေးဆီသို့ပြေးလာကာ ရှာဖွေကြလေသည်။ ချောင်းမှာ ညကသည်းထန်စွာရွာထားသည့်မိုးကြောင်း ရေများပြည့်လျှံ့နေလေသည်။ လူကြီးများနှင့် ကလေးများမှာ ချောင်းရိုးအတိုင်းလိုက်လံရှာဖွေကြရင်း တစ်နေရာရောက်သည့်အခါ အောင်ပုက သစ်ပင်ကြီးတစ်ပင်အောက်သို့ လက်ညှိုးထိုးပြကာ
“ဟိုမှာ၊ ဟိုသစ်ပင်အောက်မှာ အမမိချောပါလား”
အောင်ပုပြသည့်နေရာသို့ လူကြီးများအားလုံးအပြေးအလွှားရောက်သွားကြသည်။ ထိုအခါ လူနှစ်ဖက်ခန့်ရှိပြီး အလွန်ကြီးမားလှသည့် သစ်ပင်ကြီးတစ်ပင်အောက်တွင် မိချောတစ်ယောက် ပက်လက်အနေအထားဖြင့်လဲကျနေသည်။ မိချော၏အသားများမှာဆွတ်ဆွတ်ဖြူနေကာ ရေဝနေသဖြင့် ပွယောင်းယောင်းဖြစ်နေလေသည်။ လူကြီးအချို့က မိချောအားစမ်းသပ်ကြည့်ကာ ခေါင်းခါလိုက်ကြသည်။ မိချောမှာတော့ မျက်လွှာနှစ်ဖက်ကိုချထားကာ ခပ်ပြုံးပြုံးဖြင့်လောကကြီးကို ပြုံးရယ်ပြနေသည့်အလား ငြိမ်သက်နေလေတော့သည်။
ပြီးပါပြီ။
#အဂ္ဂဇော်အားလေးစားလျက်