ရေအေးကန်နံဘေးက ရွာပျက်ကြီး ( စ/ဆုံး)
—————————————-
ကလောမြို့နဲ့ အတော့်ကို လှမ်းလှမ်းဆီက တောင်တန်းတွေကြားမှာ ရေအေးကန်ဆိုတဲ့နေရာရှိတယ်။
ဒီနေရာကနေ ကလောတစ်မြို့လုံးဆီနီးပါးကို ရေပေးဖြန့်ဝေတာ။ ရေပေးဝေရေးစနစ်ကတော့ ဗြိတိသျှတွေ လက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ စနစ်တွေ။
ကလောမြို့ဆိုတာက မြန်မာပြည်ကို ဗြိတိသျှတို့ စတင်သိမ်းပိုက်ပြီး မကြာခင်မှာ သူတို့စိုးရရဲ့ ဒုတိယအကြီးဆုံး ရုံးအခြေစိုက်ရာမြို့အဖြစ် အသုံးပြုခဲ့တယ်။
မြို့ရဲ့ အဓိကကျလွန်းတဲ့ ရေပေးဝေရေးစနစ်ကိုလည်း ရေအေးကန်ဆိုတဲ့ သဘာ၀ ရေကန်ကြီးကနေ အကောင်းဆုံးနည်းစနစ်တွေ အသုံးပြုပြီး မြို့ကို ဖြန့်ဝေခဲ့တယ်။
ရေအေးကန်နားမှာတော့ တောတောင်တွေ ထူထပ်လှတယ်။
တောတောင်တွေထူထပ်လှသလို အဲ့ဒီ့နားတဝုိက်ကလည်း နေရာကြမ်းတယ်လို့ နာမည်ကြီးတယ်။ ကျတ်ကုန်းလိုနေရာမျိုးပေါ့။
အဲ့ဒီ့နေရာနဲ့ ပက်သက်ပြီးတော့ သိချင်တယ်ဆိုရင်တော့…။
အတိတ်ကာလကို ပြန်ဖော်ပြီး ပြောရရင် ဒုတိယကမ္ဘာစစ်ကာလဆီက အဖြစ်အပျက်တစ်ခုကြောင့်ရယ်လို့ ပြောရပေမယ်။
******
ဒုတိယကမ္ဘာစစ် မတိုင်မီက ရေအေးကန်နံဘေးမှာ ပလောင်ရွာလေးတစ်ရွာရှိခဲ့တယ်။
သူတို့က ရှေ့ရှေ့က ဖြစ်ခဲ့၊ ကြုံတွေ့ခဲ့တဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် နေရာတွေ ရွှေ့ပြောင်းကြပြီး ဒီရေအေးကန်နံဘေးကို ရောက်လာကြတာ။
ကန်နံဘေးရောက်တော့ သူတို့ရွာတည်ခဲ့ကြတယ်။ စစ်ဘေးရှောင်ကြတဲ့သူတွေဆိုတော့ အိမ်ခြေနဲ့ လူဦးရေ သိပ်မများဘူး။ အိမ်ခြေက စုစုပေါင်းမှ ၁၅ အိမ်၀န်းကျင်လောက်ပဲရှိတယ်။
တစ်ရွာလုံးဟာ စား၀တ်နေရေးအတွက် အမဲလိုက်ခြင်းနဲ့ စိုက်ပျိုးခြင်းကို စုပေါင်းရိုင်းပင်းပြီး လုပ်ဆောင်ကြလေတယ်။
ရရှိလာတဲ့ အသီးအပွင့်တွေ၊ အကျိုးမြတ်တွေကိုတော့ တစ်ရွာလုံး အညီအမျှ ဝေမျှစားသုံးကြတယ်။
******
” အယ်နု…ရေ…အယ်နု”
” ဝေး…အယ်ဗွီး ပြောလေ”
“ငါတို့ ဒီနေ့ အားတယ်၊ တောမလိုက်ဖြစ်ဘူး။ အဲ့ဒါကြောင့် နင်တို့တောင်ယာကို ငါတို့ လိုက်ကူပေးမယ်”
ရေခံမြေခံကောင်း၊ အချင်းချင်း ရိုင်းပင်းကူညီကြတတ်လေတော့ တောင်ယာတွေကဖြစ်ထွန်းလှတယ်။
သူတို့တတွေ တောင်ယာအတွက် ရေအေးကန်ကို အားကိုးကြရတယ်။
စိုက်ခင်းအတော်များများကလည်း ရေအေးကန်နံဘေးမှာပဲ စိုက်ထားကြတာ။
ပြီးတော့ သောက်ရေအတွက် ရေအေးကန်ကိုပဲ အသုံးပြုကြတယ်။ ရေအေးကန်ကြီးက သူတို့အတွက် တကယ့်ကို အကျိုးပြုထားတယ်။
ဒါကြောင့်လည်း သူတို့က နွေလည်းမလျော့၊ မိုးလည်းမလျှံတဲ့ ရေအေးကန်ကြီးကို နတ်ရေကန်ကြီးရယ်လို့တောင် သတ်မှတ်ထားကြတယ်။
ဒါပေမယ့် သူတို့မသိသေးတဲ့ အကြောင်းရှိနေတယ်။
အဲ့ဒါကတော့…။
လပြည့်၊ လကွယ်ညတွေမှာဆို ရေအေးကန်ထဲက ကြီးမားတဲ့ ရေပွက်ကြီးတွေ၊ ကန်ရေပြင်ထဲမှာ လူးလာခေါက်တုန့်သွားလာနေကြတဲ့ သတ္တဝါကြီးတွေရှိနေတယ်ဆိုတာကိုပါပဲ။
******
တစ်ခုသော နံနက်စောစောမှာတော့…။
” အို…ငါ့ယာခင်းတွေ ဘာဖြစ်တာပါလိမ့်…”
ယာခင်းဆီ အလုပ်ဆင်းတဲ့ မော့်ထီးတစ်ယောက် သူ့ယာခင်းရဲ့ ဖြစ်ပုံကို မြင်ပြီး အံ့အားတသင့်နဲ့ ရေရွတ်မိလိုက်ပါတယ်။
ယာခင်းတစ်ခုလုံးက တစ်စုံတစ်ရာက နင်းချေဖျက်ဆီးသွားသလိုမျိုး အပင်တွေပြားချပ်လို့ မွစာကျဲနေလေတယ်။
” နင့်ယာခင်းကို တောကောင်တွေလာနင်းသွားတာလား…”
ယာနီးနားချင်း အိုပ်နုံက ပြောတယ်။
” တောကောင်နင်းရင် ခြေရာနဲ့ သူတို့ရဲ့ မစင်တွေကျန်ရစ်မှာပေါ့၊ ခုက ဘာမှမတွေ့ဘူးလေ…”
မော့်ထီးပြောတာ မှန်ပါတယ်။ ယာခင်းတစ်ခုလုံး အပင်တွေသာ ပြားချပ်လို့ပျက်စီးနေတာ။ ခြေရာခြေခင်းတို့ ထင်ကျန်ရစ်ခြင်းက မရှိ။
” ဒါဖြင့်…ဘာကောင်ဖြစ်မတုန်း…”
” အဲ့ဒါတာ့ ငါလည်းမပြောတတ်ဘူး…ဒီညတော့ စောင့်ကြည့်မှထင်တယ်…”
” အေး…ငါလည်း လာကူမယ်။ အယ်ဗွီးကိုလည်းပြောမယ်။ ကျန်တဲ့သူတွေကိုလည်း ပြောမယ်…”
******
ညက တိတ်ဆိတ်နေတယ်။
တောရိပ်တောင်ရိပ်ကြောင့် အရာရာက မှောင်မိုက်လို့…။
” အယ်ဗွီး…သူ လာပါ့မလား”
” ဒါတော့ ငါလည်း မသိလေ၊ အေး…လာတယ်ဆိုရင်တော့ ငါ့ရဲ့ ဆိပ်ရည်လူးမြှားက အဲ့ဒီ့အကောင်ကို သေအောင်သတ်နိုင်မှာပါ…”
အယ်ဗွီးက မုဆိုးဆိုတော့ မာန်ကြီးစွာနဲ့ မော့်ထီးကို ပြောတယ်။
” အင်း…ဘာကောင်ဖြစ်မလဲ ငါတော့သိချင်လှပြီ”
သူတို့ရွာကနေ ယာခင်းကို လာစောင့်နေကြတာ ယောက်ျားသားဆယ်ယောက်တိတိ။
အားလုံးက ယာခင်းနဲ့ သိပ်မလှမ်းမကမ်းဆီက ကုန်းလေးတစ်ခုကို ကွယ်ရင်းနဲ့ ရှိနေကြတာ။
အားလုံးစကားကို တီးတိုးပြောနေကြရင်းနဲ့ စောင့်ခဲ့ကြရာက အချိန်အတော်ကလေးလင့်လာခဲ့တယ်။
” ဟေ့…ကန်ဘက်က အသံကြားသလိုပဲ…”
မုဆိုးဖြစ်တဲ့ အယ်ဗွီးက နားပါးလွန်တယ်။ ကန်ဘက်က အသံသဲ့သဲ့ကို သူကြားနိုင်တယ်။
သူပြောတာ့ ကျန်သူတွေလည်း နားထောင်ကြတယ်။ အသံက မြေပြင်ဆီမှာ တရွတ်ဆွဲပြီး ထွက်နေတဲ့အသံ။
ဆက်ပြီး နားစွင့်နေကြည့်တော့ အသံက တဖြေးဖြေးကျယ်လာတယ်။ သေချာပြီ၊ ဒါ… သူတို့ရှိရာဘက်ဆီကို လာနေတာ။
” နင်တို့…မီးတုတ်တွေ အဆင်သင့်လုပ်ထား၊ သူလာတာနဲ့ မီးတုတ်တွေကို ရှို့ပြီး ယာခင်းထဲကို လှမ်းပစ်ကြ…။ ငါက အလင်းရောင်ရတာနဲ့ သူ့ကို မြှားနဲ့ ပစ်မယ်…”
အယ်ဗွီးက ပြောတော့ ကျန်တဲ့သူတွေလိုက်ပြီး လုပ်ဆောင်လိုက်ကြတယ်။
အယ်ဗွီးကိုယ်တိုင်လည်း မြှားကျင်းထဲမှာ ဆပ်လူးမြှားတံထည့်ပြီး ဒူးလေးကို ညှို့တင်ထားပြီးပြီ။
” ဖရော…ဖရော…ဖရော…”
အသံက နီးလာပြီး ယာခင်းဆီကို ရောက်လာခဲ့ပြီ။ ယာခင်းထဲမှာ လူးလူးလွန့်လွန့်ဖြစ်နေတဲ့ သတ္တဝါကိုလည်း မသဲမကွဲနဲ့ မြင်ကြရပြီ။
အားလုံးက အယ်ဗွီးရဲ့ အမိန့်ကို နားထောင်နေကြတယ်။
” ရပြီ…ပစ်တော့…”
အားလုံး မီးတုတ်တွေကို မီးရှို့ပြီး ယာခင်းဆီကို ပစ်လိုက်ကြတယ်။
” ဟာ…မြွေကြီးတွေပါလား…”
မီးအလင်းရောင်အောက်မှာ ပေါင်လုံးသာသာလောက်ရှိမယ့် မြွေကြီးနှစ်ကောင်၊ တစ်ကောင်နဲ့ တစ်ကောင် လိမ်ကျစ်လို့ မိတ်လိုက်နေကြတာ။
အယ်ဗွီးက ပုန်းကွယ်ရာကနေ သွက်လက်စွာနဲ့ ပြေးထွက်သွားတယ်။
ပြီးတော့ မီးရောင်ကို ကြောင်အမ်းပြီး ကြည့်နေကြတဲ့ မြွေကြီးတွေဆီကို သူ့လက်ထဲက ဒူးလေးကို ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်တယ်။
” ဝှစ်…ဖောက်…”
မြှားတံက မြွေကြီးတစ်ကောင်ရဲ့ လည်မြိုဆီကို…။
ကျန်တစ်ကောင်က အခြေအနေကို ရိပ်စားမိပြီး ပြေးဖို့ကြိုးပမ်းတယ်။
အယ်ဗွီးကလည်း အခြေအနေကို ရိပ်စားမိတာမို့ ဒူးလေးကို မောင်း အမြန်တင်တယ်။ ပြီးတော့…ပစ်ခတ်လိုက်တယ်။
ဒါပေမယ့် မထိဘူး။
ပြေးထွက်သွားတဲ့ မြွေကြီးက ကံကောင်းတယ်လို့ပဲပြောရတော့မယ်။
အစကတော့ အယ်ဗွီးတို့ မြွေကြီးကို ဆက်လိုက်ဖို့ ပြင်ကြပေမယ့် နောက်တော့…တစ်ကောင်ရထားပြီမို့ မလိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။
သိပ်မကြာခင်မှာတော့ ထွက်ပြေးသွားတဲ့ မြွေကြီးက ရေအေးကန်ထဲကို ဆင်းပြေးသွားတဲ့ ရေသံကို သူတို့ကြားလိုက်ကြရပါတော့တယ်။
******
” တုံ…တုံ…တုံ…”
” ဟေ့…ဟေ့…ဟေ့…”
ရွာကလေးထဲမှာ မီးပုံကြီးဖို့လို့ ရွာသားတွေ ပျော်ရွှင်စွာနဲ့ ကခုန်နေကြပါတယ်။
မော့်ထီးတို့ ယာခင်းဆီက မြွေကြီးကို ရလာခဲ့ကြတော့ အသားတွေကို ကင်လှော်ချက်ပြုတ်စားကြဖို့ ပြင်ဆင်ကြရင်း အားလုံးက ပျော်ရွှင်နေကြတယ်။
မြွေကြီးကတော့ တစ်ခဏအတွင်းမှာပဲ အသားတုံးကြီးတွေအဖြစ် ခုတ်ထစ်ပိုင်းတစ်ခံထားရပြီး မီးဖိုထက်မှာ တံစို့သီထိုးလို့ ကင်ထားကြလေပြီ။
” အယ်ဗွီးက ငါတို့အတွက်တော့ တကယ့်ကို သူရဲကောင်းပါပဲ…”
အားလုံးက သူတို့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောပြပြီး အယ်ဗွီးကို ချီးမွမ်းနေကြတယ်။
တချို့ကလည်း လွတ်သွားတဲ့ မြွေကြီးအကြောင်းကို မစားရ၊ ၀’ခမန်းပြောနေကြတယ်။
အယ်ဗွီးကလည်း သူ့ရဲ့ စွန့်စားမှုနဲ့အတူ ရွာအတွက်ကိုလည်း လုံလောက်တဲ့ အသားရိက္ခာရှာပေးနိုင်တယ်ဆိုတော့ အလွန်ကိုပဲ ၀မ်းသာဂုဏ်ယူနေတယ်လေ။
” သောက်ကြဟေ့…စားကြ…”
အားလုံး ပျော်ပျော်ပါးပါးနဲ့ကိုပဲ မြွေသားကို မြိန်ရေယှက်ရေ စားသောက်နေကြပါတော့တယ်။
မြွေသားကို မစားမသောက်သူရယ်ဆိုလို့ အဲ့ဒီ့အချိန်မှာ ကလေးမွေးထားတာ မကြာသေးတဲ့ အိုပ်နုံရဲ့ ဇနီးသည် အို့ဂျာနဲ့ သူ့ရဲ့ မွေးကင်းစ ကလေးငယ် ရယ်သာ ရှိတယ်။
အချိန်တွေက တဖြေးဖြေးနက်လာတော့ မီးပုံပွဲကို သိမ်းကြဖို့ လုပ်ကြတယ်။
စားမကုန်သေးတဲ့ အသားတွေကိုတော့ နောက်တစ်နေ့မှာ ချက်စားကြဖို့ ခွဲတမ်းချပေးလိုက်ကြတယ်။
နောက်တော့…အားလုံး ကိုယ်စီကိုယ်ငှ ကိုယ့်နေအိမ်တွေဆီကို ပြန်ကုန်ကြတော့တယ်။
******
နံနက်စောစောအချိန်။
” အား…..”
အိုပ်နုံရဲ့ ဇနီးဖြစ်သူ အိုဂျာရဲ့ အော်သံ။
အိပ်ရာထဲမှာ အိုပ်နုံတစ်ယောက် တစ်ကိုယ်လုံးပြာနှမ်းလို့ သေနေတယ်။
အို့ဂျာဟာ ကြောက်အားလန့်အားနဲ့ ဘေးအိမ်တွေကို အကူအညီတောင်းဖို့ အိမ်ပေါ်ကနေ ပြေးဆင်းလိုက်တယ်။
ရွာက ခြောက်ကပ်တိတ်ဆိတ်လို့။ တစ်ရွာလုံး လူသံကော ခွေးသံပါ မကြားရဘူး။
အို့ဂျာ ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး နီးစပ်ရာအိမ်ဆီကို ပြေးတက်လို့ ကြည့်လိုက်တယ်။
” ဟင်…”
ထိုအိမ်ရှိ လူများမှာလည်း အိုပ်နုံလိုမျိုးပဲ သေဆုံးနေကြတယ်။
နောက်ထပ်…နောက်ထပ် အိမ်တွေဆီကို လိုက်ကြည့်ပြန်တော့…။
တစ်ရွာလုံး ပြာနှမ်းလို့ အဆိပ်သင့်သလို လက္ခဏာတွေနဲ့ သေဆုံးနေကြတယ်။
အိုဂျာ ထူပူနေတဲ့ကြားက တွေးကြည့်မိတယ်။ သူတို့တွေ မြွေသားကို စားလို့ သေတာလား၊ လွတ်သွားတဲ့ မြွေကြီးနဲ့ အပေါင်းအပါတွေကပဲ သူတို့ကို လာသတ်သွားတာလား။ အဖြေက တိတိကျကျမရှိပါဘူး။
လတ်တလောမှာ အသေချာဆုံးအနေနဲ့ ရှိနေတာကတော့ တစ်ရွာလုံးမှာ အသက်ရှင်ကျန်ရစ်သူရယ်ဆိုလို့ ညတုန်းက မြွေသားကို မစားခဲ့တဲ့ သူနဲ့ သူရဲ့ကလေးငယ်တို့ရယ်သာရှိတော့တယ်။
အဲ့ဒီ့နောက်မှာတော့ အို့ဂျာတစ်ယောက် ၀မ်းနည်းပက်လက်ဖြစ်ရပြီး ငိုကြွေးပါတယ်။
အချိန်အတော်ကြာ ငိုကြွေးပြီးချိန်မှာတော့ သူဟာ ရွာကို သွန့်ခွာဖို့ဆုံးဖြတ်လိုက်ပြီး အ၀တ်အစားတချို့နဲ့ အသုံးလိုအပ်မယ့်အရာတစ်ချို့ကို ထုပ်ပိုး ယူဆောင်လိုက်တယ်။
နောက်တော့ ကလေးငယ်ကို ပုဆိုးနဲ့ ထုပ်သင်ချီပိုးလို့ ရွာကလေးကို ကျောခိုင်း၊ စွန့်ခွာခဲ့ပါတော့တယ်။
ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးခဲ့တဲ့ နောက်မှာတော့…။
အယ်ဗွီးတို့ ပလောင်ရွာပျက်ဟာ အခြောက်အလှန့်ကြမ်းတဲ့ ကျတ်ကုန်းကြီးအဖြစ် နာမည်ကြီးခဲ့ပါတော့တယ်။
******
အဖြစ်အပျက်ကတော့ ကြာခဲ့ပါပြီ။ သို့သော်…
လက်ရှိအချိန်အထိလည်း ထိုနေရာဆီကို ရောက်သွားခဲ့ပါက သူတို့အသုံးပြုခဲ့တဲ့ လူ့အသုံးအဆောင်၊ အိုးခွက်ပန်းကန်တို့ကို မြင်တွေ့နိုင်ဦးမယ့်အပြင် ညရေးညတာများမှာလည်း ထိုနေရာဆီက လူသံသူသံများ၊ မီးပုံပွဲကျင်းပနေတဲ့ လူသူအရိပ်အယောင်များကို မြင်တွေ့နေရဆဲဖြစ်ပါတယ်။
ပြီးပါပြီ။
ဒီစာမူ ကုန်ကြမ်းကို ပေးခဲ့ပါသော ကိုပိုင် ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏🙏
နောင်ရိုး( ဆေးတပ်)