ရွာသူကလဲ့စား

*ရွာသူ ကလဲ့စား*📖📖📖

****************

သိန်းတန် တစ်တစ်ယောက် အပျော်လွန်၍ ခြေဖဝါး နှင့်မြေကြီးက လွှတ်ချင်နေသည်။ သူပျော်မည်ဆိုကလည်း ပျော်သင့်၏။ သိန်းတန် ကား အသက် ၂၅ ၀န်းကျင် အမျိုးသား တစ်ယောက်ဖြစ်၏။ အသား ခပ်လတ်လတ် အရပ်ကထောင်ထောင် မောင်းမောင်း။ ရုပ်ရည်မှာ အချောကြီး မဟုတ်သော်လည်း ယောကျာ်း တစ်ယောက်၏ ကြည့်ကောင်းသော မျက်နှာထားရှိ၏။ မိဘများကလည်း လယ်ဧက မြောက်များစွာ ပိုင်ဆိုင်မှုရှိသလို ပစ္စည်းဂုဏ်မောက် ငွေဂုဏ်မောက်တတ်သည့် လူစားမဟုတ်တော့ ရွာထဲကလူများက သူ့အား ချစ်ခင်လေးစားကြပြန်သည်။

ယခုလည်း ပျော်စရာ ရင်ခုန်စရာ ကိစ္စလေး တစ်ခု အပြီးမှာတော့ သူ၏ သူငယ်ချင်းများ ရှိရာ မငွေခင် အရက်ဆိုင်သို့ သူလာနေခြင်းဖြစ်၏။ အရက်သမားလုံးလုံးမဟုတ်သော်လည်း ယောကျာ်း တို့သဘာ၀ အတိုင်း ဆေးဖြစ်ဝါးဖြစ်အနည်းငယ်တော့သောက်တတ်သည်။ ယနေ့ကား သူနှင့် ရွာကွမ်းတောင်ကိုင် မိန်းမချောလေး သောင်းရီ တို့အတွက် မင်္ဂလာရှိသော နေ့လေးဟုဆိုရ‌လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သိန်းတန် ၏ မိဘများက သောင်းရီ တို့ မိဘများနှင့် သားရေးသမီးရေး ကိစ္စ ဆွေးနွေးရာမှာ အရာရာလွယ်ကူ အဆင်ပြေခဲ့သောကြောင့်ဖြစ်၏။

သိန်းတန် မှာ မည်သည့်ကိစ္စတွင်မဆို ထူးချွန်သော်ငြားလည်း အချစ်ရေးကိစ္စတွင်တော့ ဒူလွန်းလှသည်။ ယခုလည်း သောင်းရီလေး အား မေတ္တာ ရှိနေသည်ကို ဖွင့်မပြော အသိမပေးဘဲ ရုတ်တရက် လူကြီးစုံရာ အုန်းပွဲ ငှက်ပျောပွဲ နှင့် သွားရောက်ကြောင်းလှမ်းခဲ့သည်။ သိန်းတန် ဖွင့်မပြောပေမယ့် သူ ‌သောင်းရီအား မေတ္တာရှိနေသည်ကို တစ်ရွာလုံး/ ကလေးအစ ခွေးအဆုံးသိသည်။ သောင်းရီ ကိုယ်တိုင်လည်း သိ၏။ သောင်းရီ လည်း သိန်းတန်အား မေတ္တာမျှနေခဲ့ သလို မိန်းမသား ဖြစ်သည်မို့ သူမ ဖက်က မစနိုင်ခဲ့ ။ ယခုမှာတော့ သိန်းတန် က လူကြီး စုံရာနှင့်လာရောက် ကြောင်းလှမ်းသည် မို့ လိုလိုလားလားပင် ခေါင်းငြိမ့်ခဲ့သည်။
တစ်ဖန် စေ့စပ်ကြောင်းလှမ်းတာ အောင်မြင် ပြီမို့ မင်္ဂလာရက်မြတ်ကိုပါ တစ်ခါတည်း သတ်မှတ်နိုင်ခဲ့ပြန်သည်။ ထိုထက် ပျော်စရာကောင်းသည်ကား အဘယ်မှာ ရှိမည်နည်း။ ထို့ကြောင့်လည်း သိန်းတန် အပျော်ကြီး ပျော်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။

မငွေခင် ၏ ရွာအရက်ဆိုင်လေးကို ရောက်တော့ ဘခက် နှင့် ထွန်းဦး ကို ‌သိန်းတန် အရန်သင့်တွေ့လိုက်ရ၏။

“ဟ … သိန်းတန် ပါလား … လာလေကွာ ”

ဘခက် က စခေါ်လိုက်သည်။

“အေး … သူငယ်ချင်း … မင်းတို့ကတော့ အချိန်မှန်ပဲနော် … ဟဲဟဲ ”

“အေ့လေကွာ … တို့မှာ ဒီက လွဲ ဘယ်သွားစရာရှိလို့တုန်း … ဒါနဲ့ နေစမ်းပါအုံး … မင်းကို ဟိုးဝေးဝေးတည်းက လှမ်းကြည့်နေတာ … အခုထိ မျက်နှာပိုး ကိုမသေဘူး … မင်းဘာဖြစ်လာတာလဲ သိန်းတန် ”

ထွန်းဦးက ပန်းကန်ပြားလေးထဲတွင် ထည့်ထားသော မြေပဲလှော်ကို ကောက်ဝါးလိုက်ရင်း မေးလိုက်သည်။

“ဟဲဟဲ … ဒါကတော့ကွာ … ဟိုလေ … ဟိုဟာ”

“ဟာ … ဟိုဟာ တွေ ဒီဟာတွေ လုပ်မနေနဲ့ … ပြောစရာရှိတာ မြန်မြန်ပြော … ဘာလဲ မဟုတ်မှလွဲရော မင်း သောင်းရီလေး ဆီက အဖြေရလာတာလား ”

ထွန်းဦး ထိုသို့ ဒဲ့ကြီး‌မေးချ လိုက်တော့ သိန်းတန် အနေရခက်သွားသည်။ ဘခက် မှာတော့ သိန်းတန် အားကြည့်ပြီး သဘောကျလို့ ။

“အဖြေရရုံတင် ဘယ်ကမလဲ … လူကြီးချင်း စကားပြောပြီးလို့ … နေ့ကောင်းရက်သာပါ တစ်ခါတည်းရွေး လာခဲ့ပြီကွ ”

“‌ဟေ … မင်းဟာကလည်း ဗြုန်းစားကြီးပါလား … မင်း မေတ္တာရှိနေတာတောင် သောင်းရီကို ဖွင့်ပြောရသေးတာ မဟုတ်ဘူးလေ ”

ဘခက် ၀င်ထောက်တော့ သိန်းတန်လည်း

“အေး … ငါကံကောင်းတယ်ပဲ ဆိုရမာပေါ့ … သောင်းရီလေးကလည်း ငါ့ကို မေတ္တာရှိပါတယ်ဆို တော့ တခါတည်း မင်္ဂလာရက်ပါ … သတ်မှတ်ဖြစ်သွားတာ ”

ဟူ၍ ပြောလိုက်လေတော့၏။ ထွန်းဦးမှာတော့ ကိုယ့် သူငယ်ချင်း စွံတော့မည်ကို အားရသဘောကျနေဟန်ရှိ၏။

“အေးကွာ … လူကြည့်တော့ မခုတ်တတ်တဲ့ကြောင်လိုလို … ဘာလိုလိုနဲ့ ခုတော့ ဒင်းက တခါတည်း အိမ်အပါခေါ်ပြီဆိုတော့ တော်ရုံ အရည်အချင်းမဟုတ်ဘူး … ဟုတ်တယ်မလား … ဘခက်”

“ဟုတ်ပ … ဟုတ်ပ … ဒါနဲ့ မင်းတို့က ဘယ်တော့လောက် ဆောင်ကြမာလဲ … သိန်းတန် ”

“ဒီလကုန် … နောက်လဆန်း ထဲမှာ သူငယ်ချင်း … ငါ့ မင်္ဂလာဆောင် ကိုတော့ မင်းတို့တွေ ဆက်ဆက် လာရမယ်နော် ”

“စိတ်ချစမ်းပါ … ရောက်အောင်လာခဲ့မယ် … ကိုယ့်ကောင်ကြီးနဲ့ ရွာက အလှလေး တို့ပွဲကို လက်အလွတ်ခံလို့ရမလား … အခုတော့ အားရပါးရ သောက်ကွာ မင်းရဲ့ လူပျိုဘ၀က ဒီလ နောက်ဆုံးဆိုတော့လေ … ”

ထွန်းဦး ထိုသို့ပြောလိုက်သည်ကို ဘခက် က သဘောမကျဟန်ဖြင့်

“ဟာ … ဒီကောင်ထွန်းဦး … ဘာတွေ လျှောက်ပြောနေတာလဲ …. မင်္ဂလာယူတော့မယ် လူတစ်ယောက်ကို အဲ့လို နောက်ဆုံး ဆိုတဲ့ စကားတွေက မပြောကောင်းဘူးကွ … ” ဆိုပြီး

ပြောလိုက်တော့ ထွန်းဦးလည်း သိန်းတန် အား အားတုံ့အားနာဟန်ဖြင့် ကြည့်ရင်း

“ငါမသိလို့ပြောလိုက်မိတာပါ … ငါ့ကိုစိတ်မဆိုးနဲ့နော် သိန်းတန် ” ဟူ၍ပြောလိုက်လေ၏။

“ရပါတယ်ကွာ … ကဲကဲ ဒီနေ့တော့ ကျသလောက်ငါရှင်းမယ် … မင်းတို့ သောက်နိုင်သလောက်သောက်ကြ ”

“ဟာ … မဟုတ်တာ … ငါပဲ တိုက်ပါရစေ … မင်းကလည်း … သူစိမ်းတွေမှ မဟုတ်တာ သူငယ်ချင်းတွေပဲ …. နောက်နေ့ကြုံတော့ မင်းတိုက်ပေါ့ကွာ …”

“အေးပါ … ဘခက် ရာ …အေးပါ”

ဘခက် က သူတိုက်မည်ဟု အတင်းပြောသဖြင့် သိန်းတန် လည်း အလျော့ပေးလိုက်တော့သည်။ ဘခက်က ပျော်ပျော်နေတတ်ပေမယ့် ဒါဆိုဒါလုပ်ရမှ ကျေနပ်သူဖြစ်သည်။ ထိုညနေလေးကိုတော့ သူတို့ သူငယ်ချင်းသုံးယောက် မငွေခင်အရက်ဆိုင် ကလေးမှာပဲ ပျော်ပျော်ပါးပါး စားသောက်ကြရင်း အချိန်ဖြုန်းလိုက်ကြတော့သည်။

+++++++++++

“တောက် … ကိုင်းဟာ … ကိုင်းဟာ ”

ဘခက် တစ်ယောက် မူးမူးနှင့် အိမ်တိုင်ကို သုံးလေးချက်ဆင့်ထိုးလိုက်သည်။ သူတစ်စုံတစ်ရာကို မကျေနပ်သည်ကား မျက်နှာပေါ်တွင်အထင်းသား ပေါ်လွင်လို့ ။

“လုပ်ထားအုံးပေါ့ သိန်းတန်ရာ”

မှန်ပေသည် ဘခက်တစ်ယောက် ရည်းစားလူလု အူနုကျွဲခတ် ဆိုသလို ပေါက်ကွဲချင်တိုင်း ပေါက်ကွဲနေပါတော့သည်။ သိန်းတန်ကဲ့သို့ပင် ဘခက်သည်လည်း သောင်းရီအား တစ်ဖက်သတ်မေတ္တာရှိနေခဲ့ သူမဟုတ်ပါလား ။ ယခု သိန်းတန် နှုတ်မှ ‌ကိုယ်တိုင် သောင်းရီ နှင့် လက်ထပ်တော့မည် ဆိုသော သတင်းကိုကြားတော့ ဘခက်အသည်းတွေ အကြွေကြီးကြွေ ရတော့သည်။ သိန်းတန် ဤမျှလောက် ခရီးရောက်သွားမည်ဟုလည်း သူမထင်ထားခဲ့။ သောင်းရီလေး သည်လည်း သိန်းတန်အား မေတ္တာရှိလိမ့်မည်ဟု သူ မထင်ထားခဲ့သောကြောင့်ပင်။ ယခုမှာတော့ သူအထင်နှင့် အမြင်က တက်တက်စင်အောင်လွဲရချေပြီ။ သူ သောင်းရီ အား လက်လွှတ်ဆုံးရှုံးရပေတော့မည်။

“တောက် … နေနှင့်အုံးပေါ့ သိန်းတန်ရာ … မင်းတစ်နေ့တော့ ဘခက် အကြောင်း ကောင်းကောင်းသိစေရမယ် ”

ဟူ၍ ကြိမ်းဝါးလိုက်ရုံမှအပ ဘာမျှမတတ်နိုင်တော့ချေ။

++++++++++

( ၂ )

ရွာလယ်ဓာတ်စက်ကြီးမှာ ဖွင့်ထားတဲ့ မင်္ဂလာမောင်နှံ သီချင်းသံကြီးက ဟိန်းလို့ထွက်ပေါ်နေသည်။ သူတို့သား သူတို့သမီး လေးတွေမှာတော့ ပြုံးလို့ရွှင်လို့။ ယနေ့ကား သိန်းတန် နှင့် ရွာက ကွမ်းတောင်ကိုင် အပျိုချောလေး သောင်းရီတို့ရဲ့ မင်္ဂလာပွဲဖြစ်သည်။ အကျွေးအမွေးကလည်း အလျှံပယ် ပြင်ဆင်ပေးထား၏။ ထမင်းရည် ချောင်းစီး တစ်ရွာလုံးမီးခိုးတိတ် ထိုမင်္ဂလာပွဲလေးကို တက်ရောက်ကြသည်မို့ လူစည်ကားချက်ကတော့ ပြောစရာပင် လိုမည်မထင်။

ဘခက် အတွက်တော့ ထိုမင်္ဂလာဆောင်မှ သီချင်းသံကြားလိုက်တိုင်း အသည်းတွေ တဆတ်ဆတ်နာလို့ မဆုံး ။ ထို့ကြောင့်လည်း ဘခက်တစ်ယောက် သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်သူ သိန်းတန်၏ မင်္ဂလာပွဲသို့ပင် မသွားနိုင်။ အိမ်မှာသာနေပြီး အရက်ကိုသာ လူမှန်းသူမှန်းမသိ သောက်လို့နေချေသည်။ သူသွားခဲ့ပါမူ သူ့စိတ်ကိုသူ မထိန်းနိုင် မှန်းသိသည်။ ထို့ကြောင့်လည်း စိတ်ကိုထိန်း အံကိုတင်းတင်းကြိတ်ရင်း အရက်ကိုသာ မျက်စိမှိတ်သောက်နေသည်။

“သိန်းတန် … သိန်းတန် … မင်းကတော့ အပျော်ကြီး ပျော်နှင့်အုံးပေါ့ကွာ … တောက် ”

“ခွမ်း ….”

ဒေါသကြောင့် သောက်လက်စ အရက်ပုလင်းကိုပင် အိမ်ရှေ့ ပိန္နဲပင်ကြီးဆီသို့ ပစ်ခွဲလိုက်ကာ ပုဆိုးကို ပြင်၀တ်ရင်း အိမ်ထဲမှ ထွက်ခဲ့လိုက်ပါတော့သည်။

သိန်းတန် နှင့် သောင်းရီ တို့မှာတော့ အလှဆုံးပြင်ဆင်ပြီး လာသမျှ ဧည့်ပုရိသတ်များကို လိုက်လံ ဧည့်ခံလို့။ သူတို့ နှစ်ဦးသား မျက်နှာတွင်လည်း ကြည်နူးရိပ်ကလေးများက ကိုယ်စီ တွဲလဲခိုနေ၏။

“ဟာ … ဦးတင်လှ သားအဖပါလား …. လာလာ … ဟေး မြင့်နိုင်ရေ … ဦးတင်လှ တို့သားအဖ အတွက် ထမင်းပွဲလေး ပြင်ပေးပါအုံးဟ ”

“ရပါတယ်ဗျာ … ဖြေးဖြေးလုပ်ပါ ”

“အမသောင်းရီက … သတို့သမီး ၀တ်စုံလေးနဲ့ အရမ်းကျက်သရေရှိတာပဲနော် … သာယာတဲ့ မိသားစု ဘ၀လေးကိုပိုင်ဆိုင်ပါစေရှင် ”

ဦးတင်လှ၏ သမီး မြနွယ်က ထိုသို့ ဆုတောင်းပေးပြန်တော့ သောင်းရီ ၏ မျက်နှာကလေး ရှက်သွေးကြွယ်ကာ သိသိသာသာနီမြန်းသွားရပြန်သည်။ သိန်းတန် မှာလည်း အသစ်စက်စက် ဇနီးလေးကို တစိမ့်စိမ့်ကြည့်ရင်း ပျော်မဆုံး ။

“ကဲ … ကဲ … လာဗျာ … ဟိုမှာ ထမင်းပွဲ အဆင်သင့်ဖြစ်ပီ … ”

စသဖြင့် ချီးမွမ်းသူချီးမွမ်း အားကျသူက အားကျ နှင့် သူတို့ မင်္ဂလာပွဲလေးက အလိုလိုနေရင်း ခမ်းနား လို့နေသည်။ ထမင်းပွဲဟင်းပွဲများကလည်း ရွာထဲက အချက်အပြုတ် အကျော်အမော်များကို သုံးထားသည်မို့ စားကြသူအပေါင်းကလည်း စိတ်ချမ်းသာကြသည်။

“မတိုးရေ … ဒီဝိုင်းကို အချဉ်ရည်ဟင်းလေး ဖြည့်ပါအုံး”

“မောင်ဝိုင်း … ဒီဖက်က လိုက်ပွဲ ”

“ဘာလချောင်လေးပါ … ယူခဲ့ဟေ့”

“လာပြီး … အရီးရေ … လာပြီဗျို့ ”

ထိုသို့ အသံများနှင့်အတူ ဇွန်းသံပန်းကန်သံများကလည်း စည်းဝါးကျကျ ထွက်ပေါ်နေပြန်သေးသည်။ လက်ဖွဲ့လက်ခံသည့် အပျိုချော တို့ကလည်း စာရင်းရေးရသည်ကို လက်မလည်။ နှစ်နာရီ နီးပါးကြာသည့်တိုင် လူက နည်းနည်းမှ မပြတ်သည်မို့ လိုက်ဧည့်ခံနေရသည့် သိန်းတန် နှင့် သောင်းရီတို့ပင် ချွေးပြန်ချင်နေပြီ။ စည်လိုက်သည့်ဖြစ်ချင်း။ ခနကြာတော့ သိန်းတန်၏ သူငယ်ချင်း ထွန်းဦး ရောက်လာပါတော့သည်။

“ဟော … ထွန်းဦး … လာလေကွာ … လာလာ ”

ထွန်းဦးမှာတော့ လက်ဖွဲ့အထုပ်ဖောင်းဖောင်းလေးကို ကိုင်လို့။

“မင်းတစ်ယောက်တည်းလားကွ ”

သိန်းတန်ထိုသို့မေးလိုက်တော့

“အေး … သူငယ်ချင်း … ငါတစ်ယောက်တည်း ” ဆိုပြီးပြန်ဖြေလေသည်။ သိန်းတန်က အနောက် မင်္ဂလာ မဏ္ဍပ်အပြင်ဖက်ကိုပင် တစ်ချက်မျှ မျှော်ကြည့်ရင်း

“ဘခက်ကော … ပါမလာဘူးလားကွ ”

“ငါ… သွားခေါ်ပါသေးတယ် … ဒီကောင် သူ့အိမ်မှာလဲ မရှိဘူး … အဲ့ဒါနဲ့ တစ်ယောက်တည်းပဲ လာခဲ့လိုက်တာ … ဒီကောင် အတော်စိမ်းကားတယ်ကွာ … ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ရဲ့ … မင်္ဂလာဆောငိတောင် မလာရဘူးလို့ ”

ထွန်းဦးက မကျေမချမ်းပြောလိုက်တော့ သိန်းတန် လည်းစိတ်မကောင်းဖြစ်သွားမိသည်။

“ဒီကောင် မအားလို့နေမာပါ … ထွန်းဦးရာ … လာလာ … မင်းလည်းဆာနေရောပေါ့ … ဦးတင်လှ တို့ ဝိုင်းမှာပဲ ထိုင်လိုက်တော့ ”

“အေအေး … သူငယ်ချင်း … ဂုဏ်ယူပါတယ်ကွာ ”

မင်္ဂလာပွဲကြီးမှာ မနက်ဆယ်နာရီတည်းက စပြီး နေ့လည် နှစ်နာရီကျော်မှ လူအတော်ကျဲသွားတော့သည်။ ထိုအခါမှသာ သိန်းတန်တို့ အသစ်စက်စက် ဇနီးမောင်နှံလည်း ကောင်းကောင်းထိုင်ရသည်။ သုံးနာရီထိုးလုတော့ ပန်းကန်ဆေးသူကဆေး သန့်ရှင်းရေးလုပ်သူကလုပ် ပူစီပေါင်းတောင်းသည့် ‌ကလေးများက တောင်း နှင့် မင်္ဂလာပွဲကို အောင်မြင်စွာ နိဂုံးချုပ်နိုင်ခဲ့ကြသည်။ သို့တိုင်အောင် ဘခက်မှာတော့ ထိုမင်္ဂလာပွဲသို့ရောက်မလာခဲ့ပေ။

++++++++++

“ကဲ … ညက အောင်ပွဲ အတွက် သောက်ကွာ … တပည့်တို့ … ချီးယားစ် ”

အောင်ဒင် ဆိုသော လူတစ်ယောက် သူ၏ တပည့်များနှင့် ဝိုင်းဖွဲ့ကာ အရက်သောက်နေလေ၏။

“ညက … ဆရာအောင်ဒင် ရဲ့ လက်စကို ဟိုလူကြီး အတော်ကြောက်သွားပုံရတယ် … ”

“ဟုတ်တယ်ဆရာရေ … ဘာမှတောင် မလုပ်ရသေးဘူး …ဆရာအောင်ဒင် ဓားနောင့်နဲ့ရွယ်လိုက်တော့ ပုဆိုးထဲ ကျင်ကြီးကျင်ငယ်တွေ ထွက်ကုန်တာ ကျုပ်တောင် အန်ချင်စိတ် မနည်းထိန်းလိုက်ရတယ်”

” ဟား … ဟား … ဟား … ထွီး … အဲ့လောက်ကြောက်တတ်လို့လည်း … ဒီဘိုးတော် မိန်းမမရတာပေါ့ တပည့်တို့ရာ ”

မှန်ပေသည်။ အောင်ဒင် တို့ဆရာတပည့်တွေ့ မနေ့ညက တစ်ဖက်ရွာနေ လူပျိုသိုး သူဌေးကြီး ဦးသတ္တိ အိမ်သို့ ဓားမြသွားတိုက်လာခြင်းဖြစ်သည်။ အောင်ဒင်ကား ဓားပြတစ်ယောက်ဖြစ်သည်။ သားသတ်သမားလည်း ဖြစ်သူမို့ လက်ရဲဇက်ရဲလည်းရှိလှသည်။ ရွာထဲ ကျွဲပေါ်နွားပေါ်သည်များတွင်လည်း အောင်ဒင် လက်ဖြင့် လွှတ်သည်ကား ခပ်ရှားရှား ။ လူကမကောင်းမှု ဒုစရိုက်တွင် ကျင်လည်နေသူမို့ ရုပ်ရည် ပုံပန်းသဏ္ဍာန်သည်လည်း အကျည်းတန်လှသည်။ ဗိုက်က ခပ်ပူပူ အသားကလည်း မီးသွေးတုံးလို မဲနက်လို့။ ငွေမျိုးမျိုးမြက်မြတ်ရမည်ဆိုပါကရရာ အကုန်လုပ်သည်။

ထိုသို့ငရဲသွားမည့် ဒေ၀ဒတ်လို လူမျိုးကို ဆရာတင်နေကြသည့် လက်သစ် အဇာသသတ်များရှိနေသည်ကလည်း အံ့ဩစရာပင်။ အဘယ်ကြောင့်ဆိုသော် ငွေအရချောင်သည် အရက်အလကားသောက်ရသောကြောင့်သာဖြစ်ပေလိမ့်မည်။ ထိုစဉ် သူတို့ အရက်ဝိုင်းဆီသို့ လူတစ်ယောက်က ချဉ်းကပ်လာလေ၏။ အောင်ဒင်လည်း ခြေသံကြားရာကိုကြည့်လိုက်တော့

“အော် … ဘယ်သူများလည်း မှတ်တယ် … ဘခက်ပါလား … မလာစဖူးအလာ ထူးတယ်ဆိုတော့ အကြောင်းတစ်ခုခု ရှိလို့နဲ့တူတယ် ”

“ဟုတ်ပဗျာ ကိုအောင်ဒင်ကတော့ ချက်ဆို နားခွက်က မီးတောက်တာပဲ… လာရင်းကိစွကတော့ ကျုပ် … အကူအညီ တစ်ခုလောက်တောင်းချင်လို့ … ခင်များတို့အတွက်လည်း နည်းနည်းမှ မနစ်နာစေရပါဘူး ”

“ဆိုစမ်းပါအုံး ”

ထိုအခါ ဘခက်လည်းအောင်ဒင် နားရွက် အနားတိုးကာ ပါးစပ်ကို လက်ဝါးဖြင့်ကာရင်း တစ်စုံတစ်ခုကိုပြောလိုက်လေတော့၏။ ပြောပြီးသွားတော့ အောင်ဒင်လည်း မျက်မှောင်ကို ကျုတ်ကာ

“မင်းပြောတာကတော့ … ငါကူညီလို့ရပါတယ် … နေစမ်းပါအုံး … မင်းက သိန်းတန် ဆိုတဲ့ကောင်ကို ဘာလို့သေစေချင်ရတာတုန်း ”

“ဟာ … တိုးတိုးပြောစမ်းပါ ကိုအောင်ဒင်ရာ … သူများတွေကြားသွားကုန်မှဖြင့် … ဘာလို့သေစေချင်တာလဲဆိုတော့ … ဒီကောင် သိန်းတန် ကျုပ် အသည်းနှလုံး သောင်းရီလေးကို လုသွားလို့ပဲ ”

“ဟ … သိန်းတန် တို့က ဒီကနေ့ပဲ မင်္ဂလာဆောင်ကြပြီမဟုတ်လား … မင်းစောစောတည်းက လုပ်ရင် ရနေတာပဲကို ”

“မသိဘူးဗျာ … ကျုပ် ဒါလုပ်ဖို့ကို အချိန်အတော်ယူ စဉ်းစားလိုက်ရတယ် … အဲ့တော့ ခင်များကူညီမှာလား … မကူညီဘူးလား … ဒါပဲပြောဗျာ ”

ထိုအခါ လူဆိုးအောင်ဒင်လည်း တဒင်္ဂ ငြိမ်သက်သွားတော့သည်။

“နေစမ်းပါအုံး … ဒီကောင့်ကို အပြတ်ရှင်းပြီးရင် ငါတို့ အကျိုးအမြတ်က ”

“ကျုပ် စရံသုံးသိန်း အရင်ပေးမယ် … အစစအရာရာပြီးသွားရင်တော့ … နောက်ထပ် ခုနစ်သိန်းထပ်ပေးမယ် … ဘယ်နှယ့်လဲ … ကိုအောင်ဒင် ”

ငွေဆယ်သိန်း ဆိုသည့်အသံကြားလိုက်တော့ အောင်ဒင် တို့ဆရာ တပည့်တွေ မျက်နှာများ၀င်းလက်သွားလေတော့သည်။ ခုခေတ်ခုအခါအရ ငွေဆယ်သိန်းဆိုသည်ကား နည်းနည်းနောနော ပမာဏ မဟုတ်ပေ။ ထို့ကြောင့်လည်း အောင်ဒင် တို့ အုပ်စုတွေ ဘခက်၏ ကမ်းလှမ်းမှုကို လွယ်လွယ်ကူကူပင် လက်ခံလိုက်ကြလေတော့၏။

++++++++++

( ၃ )

ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက်ကတော့ ပျော်လို့ ရွှင်လို့ ။ နှစ်ယောက်တည်း ကမ္ဘာတစ်ခုကို တည်ဆောက်ထားကြသည့်အလား တစ်ယောက်ရှိနေမှ တစ်ယောက်ကပြည့်စုံနေသလို။ ယခုလည်း သိန်းတန် နှင့် သောင်းရီ တို့ အိမ်ထောင် တစ်ခုကိုတည်ဆောက်ခဲ့ကြသည်မှာ ရက်သတ္တပတ် သို့ပင်ရှိလို့လာချေပြီ။ ရွာရဲ့ ချောင်ကျကျနေရာလေးမှာ ရှိတဲ့ ဘိုးဘွားပိုင် လယ်ဧကလေးတွင် လင်မယားနှစ်ယောက်တည်း တစ်ပိုင် တစ်နိုင် သီးပင်စားပင်များကို စိုက်ပျိုး ရင်း အသက်မွေး၀မ်းကျောင်းကြပြန်သည်။ ဤမျှ ပျော်စရာကောင်းလှသော သူတို့ ဘ၀လေးထဲ ကြမ္မာလေရိုင်းက ခပ်ကြမ်းကြမ်း၀င်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ တစ်ခါတစ်ရံ ချစ်ကြသောသူများအကြား ခွဲခွာခြင်းတစ်ခုက မဖိတ်ခေါ်ပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်သည်။

ခါတိုင်းလို နေ့များတွင်တော့ သိန်းတန် အလုပ်မပြီးမချင်း သောင်းရီက စောင့်သည်။ ပြီးမှသာ အိမ်သို့ အတူတူပြန်တတ်ကြသော်လည်း ယနေ့မှာတော့ သိန်းတန် အလုပ်ကိုလက်စသတ်ရင်း အချိန်ကလင့်မှန်းမသိလင့်သွားခဲ့ရသည်။ ပတ်၀န်းကျင်ကို အမှောင်ထုက စတင်ဖုံးလွှမ်းလာချေပြီ။ သိန်းတန်မှာတော့ သူ၏ နွားများကို သိမ်းလို့ပေနေ၏။ သောင်းရီလည်း ညစာထမင်းအိုးတည်မည်ဟု ဆိုကာ အိမ်သို့အရင်ပြန်သွားနှင့်ပြီဖြစ်သည်။

ထိုအချိန်မှာပင် အမှောင်ရိပ်ထဲမှ လူသုံးလေးယောက်ခန့်က သိန်းတန် နွားသိမ်းနေရာဆီသို့ တရွေ့ရွေ့လျှောက်လာလေ၏။ ထိုသူများကား သားကောင်ကို ချောင်းနေသည့်မုဆိုးများနှယ်။ နောက်ကျောဖက်ဆီမှ ခြေသံများကြောင့် သိန်းတန် လှည့်ကြည့်လိုက်သည်။ သူဦးစွာ မြင်လိုက်ရသည်ကား ငယ်သူချင်းဖြစ်သူ ဘခက်။

“ဟာ … ဘခက်ပါလား … ညကြီးမင်းကြီး ဘာကိစ္စရှိလို့လဲ ”

ထိုအခါ ဘခက်က နှုတ်ခမ်းကို အပေါ်ပင့်ကာ ပြုံးလိုက်ရင်း

“မင်းကို … သတိရလို့ဆိုပါတော့ကွာ … ဟဲဟဲ ”

“မင်းငါ့ မင်္ဂလာဆောင်ကိုလည်းမလာဘူး … တော်တော် စိမ်းကားတဲ့ကောင်ကွာ ”

သိန်းတန်က ထိုသို့သဘောရိုးဖြင့် ပြောလိုက်သော်လည်း ဘခက်အတွက်တော့ အရှိုက်တည့်တည့်ကို ပြေးကန်လိုက်သလို ခံစားလိုက်ရ၏။ ထိုအခါ ဘခက်နှင့်အတူ ပါလာသော အောင်ဒင် က

“ဟာ … လေကြောရှည်မနေနဲ့ ဘခက် … လုပ်စရာရှိတာ လုပ်” ဆိုပြီးပြောရင်း ခါးကြားထဲက အသွား အရိုးပေါင်း ရှစ်လက်မခန့်ရှိသော ဓားမြောင်ကို ဆွဲထုတ်လိုက်လေတော့သည်။ သိန်းတန်လည်း လက်ရှိဖြစ်နေသော အချင်းအရာများကို ရိပ်စားမိသွားလေတော့သည်။

“ဘ … ဘခက် … မင်း … မင်းဒါဘာလုပ်တာလဲ”

“ဟား … ဟား … မင်းမသိသေးဘူးလား … သိန်းတန်ရ … မင်းဆိုတဲ့ကောင်ကလေ … သေခါနီး အချိန်ထိတောင်မှ … ဝေးတုန်း အ တုန်းပဲကွ … မင်း သိပ်မှားတယ် … ငါ့ဆီက သောင်းရီလေးကို လုတည်းက မင်းအမှားကြီးမှားတာပဲ … အဲ့တော့ မင်းမရှိမှအေးမှာ ”

ဘခက်၏ စကားကိုကြားတော့ သိန်းတန်လည်း ညာဝိုက်လက်သီးဖြင့် ဘခက်၏ မျက်နှာကို ထိုးလိုက်တော့သည်။

“ခွပ် …”

“ဖောင်း ….”

ဘခက်လည်း အနောက်သို့ အနည်းငယ်ယိုင်ပြီး ဟန်ချက်ပျက်သွားလေတော့သည်။ သိန်းတန်မှာတော့ အခြေနေကို အခွင့်ကောင်းယူကာ ပြေးမည်ကြံသော်လည်း အောင်ဒင်၏ တပည့်နှစ်ယောက်က သူ့အားပြေးလုံးလေတော့သည်။ နှစ်ယောက်တစ်ယောက်လုံးထွေးသတ်ပုတ်ကြရာမှာ သိန်းတန် အရေးနိမ့်လို့နေချေသည်။ အတန်ငယ် သူတစ်ပြန်ငါတစ်ပြန် တိုက်ခိုက်ပြီးနောက်မှာတော့ သိန်းတန် ခြေအားလက်အားများ ပျော့ခွေလာပြီ။ လူလည်း မောဟိုက်လာကာ ခြေထောက်ပင် ကောင်းကောင်းမထောက်နိုင်တော့ ။

ထိုအခါ အောင်ဒင်က သိန်းတန်၏ အနောက်ထက်မှနေ၍ လက်နှစ်ဖက်ကို နောက်ပြန်ချုပ်လိုက်တော့သည်။ ဘခက်လည်း အလျင်အမြန်ပင် စောစောက အောင်ဒင်၏ ဓားမြောင်ဖြင့် သိန်းတန်အား ၀င်ထိုးလိုက်တော့၏။

“ရော့ကွာ …. ဒါက ငါ့အချစ်ကို လုတဲ့အတွက် … ကိုင်း သေစမ်း … သေစမ်း ”

ဘခက်၏ ဓားချက်များကို သိန်းတန်မရှောင်နိုင်ခဲ့။ ၀မ်းဗိုက်ရင်ဘက်များမှ စူးခနဲ စူးခနဲ နာကျင်မှုများကို သူခံစားရပြီးနောက် မြေကြီးပေါ် ဒူးထောက်ကျသွားတော့သည်။ အမြင်တွေ ဝေဝါးလာခဲ့ပြီ။ ပတ်၀န်းကျင်ကလည်း အစောကထက်ပင် ပို၍ မည်းနက်လာသလို ။ နာကျင်မှုတို့နှင့်အတူ သွေးအိုင်ထဲတွင် သူအားတင်းထားရင်း အသံစိုစိုလေး တစ်ခုကို သူနောက်ဆုံးကြားလိုက်ရသည်။

“ဟင် … အကို … အကိုသိန်းတန် ”

သောင်းရီ၏ စိုးရိမ်တကြီး ခေါ်သံလေး။ သူမျက်စိ နှစ်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်တော့ သူ့ထံပြေးလာနေသော သောင်းရီ ကို သူတွေ့လိုက်သည်။ ထို့ကြောင့် ပါးစပ်မှ ” သောင်း … သောင်းရီ … မလာနဲ့ ” ဟု တီးတိုးရေရွတ်ရင်း ငြိမ်ကျသွားလေပါတော့၏။

မှန်ပေသည်။ အချိန်အတော်ကြာသည့်တိုင် လင်ဖြစ်သူ အိမ်ပြန်ရောက်မလာသည်မို့ သောင်းရီ လိုက်လာခဲ့ခြင်းဖြစ်သည်။ လယ်တောလေးကိုရောက်တော့ သောင်းရီ ထင်ထားသလို သိန်းတန်အား သူ့အား ပြုံးရွှင်လျက် စောင့်မနေခဲ့ပါ။ သောင်းရီလည်း သိန်းတန် လဲကျနေရာ အလောင်းအနီးပြေးလာရင်း

“အကို … အကိုသိန်းတန် … သတိထားပါအုံး …အကို ”

သောင်းရီ ငိုသံစွက်နေသည်။ ဘခက်တို့ အုပ်စုလည်း ထင်မထားသော အဖြစ်အပျက်ကြောင့် ကြက်သေသေနေ၏။ သူတို့၏ အကြံအစည်မှာသိန်းတန်အား သတ်ပြီး အလောင်းဖျောက်ပစ်ရန်သာ ဖြစ်သည်။ ယခု သောင်းရီက သူတို့ကို တွေ့သွားတော့ အစီအစဉ်တွေ အားလုံးတက်တက်စင်အောင် လွဲလေတော့၏။

“ဘခက် … နင် … နင်တို့ ဒါ ဘာလုပ်တာလဲ ”

သောင်းရီလည်း မျက်လုံးအစုံက ရဲရဲနီကာ ဘခက်အားစိမ်းစိမ်းကြီးကြည့်ရင်း မေးလိုက်သည်။ ဘခက်မှာတော့ အရူးသဖွယ်

“ငါ … ငါ … နင့်ကို ချစ်လို့ …”

“အောက်တန်းစား … နင် ဒီလိုလုပ်လို့ ငါ့အချစ်ကို ရမယ်ထင်နေလား …”

“သောင်းရီ … စိတ်ကိုထိန်းပြီး … ငါပြောတာ နားထောင်ပေးစမ်းပါ … ငါ နင့်ကို စိတ်ချမ်းသာအောင်ထားပေးပါ့မယ် … ငါ … ငါတို့ မြို့ပေါ်တက်ပြီးနေကြရအောင်လေ ”

“မလိုက်ဘူး … နင့်ကိုယူမယ့်အစား … ခွေးကိုပဲ အမြီးဖြတ်ပြီးလင်တော်လိုက်မယ် ”

အောင်ဒင်တို့ ဆရာတပည့်တွေလည်း စိတ်မရှည်ဟန်ဖြင့်

“ဟေ့ကောင်ဘခက် … ဒီကောင်မကိုပါ တခါတည်း အပြတ်ရှင်းလိုက်မယ်ကွာ … မဟုတ်ရင် ငါတို့ပါ ကြိုးစင်တက်နေရမယ် ”

အောင်ဒင် ထိုသို့ပြောလာတော့ ဘခက်က ခေါင်းကို အသာရမ်းလိုက်တော့သည်။

“မဖြစ်ဘူး … ကိုအောင်ဒင် … သောင်းရီလည်း သိသွားပြီဆိုတော့ … ကျုပ်တို့ ဒီရွာမှာ ဆက်နေလို့ မရတော့ဘူး … ကျုပ်နဲ့သောင်းရီ မြို့တက်နေမယ် … သိန်းတန် အလောင်းကိုတော့ ခင်များတို့ပဲကြည့်ရှင်းလိုက် ”

ဘခက်လည်း ထိုသို့ပြောလိုက်တော့ အောင်ဒင် တို့လည်း သိန်းတန်အလောင်းအား ခြုံထူသော နေရာအတွင်းသွားပစ်လိုက်ကြသည်။ ပြီးနောက် သောင်းရီအား ကြိုးဖြင့် တုပ်ခဲ့ပြီး ထိုရွာကလေးမှ တိတ်တဆိတ်ထွက်ခဲ့လိုက်ကြတော့သည်။ အတန်ကြာအောင် သွားကြပြီးနောက် သောင်းရီ လည်း တစ်စုံတစ်ခုကို စဉ်းစားလိုက်သည်။

“ကိုသိန်းတန် မရှိဘဲ … ငါမနေချင်ဘူး … ဘခက်လို လူစားမျိုးကိုလည်း ငါမပေါင်းသင်းနိုင်‌ဘူး … အဲ့ဒီတော့ ငါလွှတ်အောင်ပြေးမှရမယ်… ”

ဟုစိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်ရင်း

“ကိုဘခက် …”

“သောင်းရီ … ပြောလေ … ဘာလဲ ”

“သောင်းရီကို တကယ်ချစ်ရင် … ခုချည်ထားတဲ့ ကြိုးတွေဖြေပေးပါလား … သောင်းရီလက်တွေ အရမ်းနာနေပြီ … ဘယ်မှထွက်မပြေးပါဘူး … ကိုဘခက်နဲ့ပဲ လိုက်ခဲ့ပါ့မယ် ”

ဆိုပြီး လေသံကို အတတ်နိုင်ဆုံး ပျော့ကာ ပြောလိုက်တော့သည်။ ထိုအခါဘခက်လည်း သောင်းရီ လိမ်ညာ နေမှာ မဟုတ်ဘူးဟုထင်ကာ တုပ်နှောင်ထားသော ကြိုးများကိုဖြေပေးလိုက်၏။ ကြိုးများအားလုံး ဖြည်ပြီးချိန်မှာတော့ သောင်းရီလည်း ခြေဦးတည့်ရာကို တဟုန်ထိုးပြေးလေတော့သည်။

“သောင်းရီ … သောင်းရီ … ”

“ဟာ … ဟိုကောင်မ ပြေးပြီ ”

“ညိုကြီး လိုက်ဟ …”

အောင်ဒင်မှာ လူက ခပ်ဖိုင့်ဖိုင့်ကြီးမို့ ပြေးမလိုက်နိုင်။ ညအမှောင်ကြီးထဲ မှန်းကာရမ်းကာ ပြေးနေသော သောင်းရီ အဖို့ လမ်းဆုံးရောက်တော့ ချောက်နက်ကြီး တစ်ခု ။ ဆက်ပြေးစရာလမ်းလည်းမရှိတော့သလို ။အနောက်ပြန်ဆုတ်ပါကလည်း လူယုတ်မာတို့လက်ထဲ သက်ဆင်းရတော့မည်။ သူရွေးချယ်ရခက်နေချေပြီ ။ နောက်ဆုံးမှာတော့ ဘခက်တို့ လူစုဖက်လှည့်ကာ နီရဲသော မျက်လုံးအစုံဖြင့် အံကိုတင်းတင်းကြိတ်ရင်း

“ဘခက် … နင်တို့ တတွေ တနေ့ငါ့အကြောင်းကောင်းကောင်း သိစေရမယ် … ငါ့လက်နဲ့ နင်တို့သေစေရမယ်ဟဲ့ ”

ဟု ကြောက်စရာကောင်းလောက်အောင်ကျုံးဝါးလိုက်ရင်း ပါးပြင်ပေါ်ကျလာမျက်ရည်စများကို လက်ဖြင့်သုတ်ကာ ‌ခပ်တိုးတိုးလေး ရေရွတ်လိုက်တော့သည်။

“ကိုသိန်းတန် … ရှင့်နောက် ကျွန်မ လိုက်လာခဲ့ပြီ”

ပြီးနောက် ထိုချောက်နက်ကြီးထဲ ရဲရဲတင်းတင်းပင် ခုန်ဆင်းချသွားသည်ကို ဘခက်တို့ အတိုင်းသား မြင်လိုက်ကြရပါတော့၏။

“ဟာ …”

“သောင်းရီ … ”

ဘခက်တို့ ချောက်ကမ်းပါး လေးမှလှမ်းကြည့်တော့ အောက်တွင် သေဆံုးနေသော သောင်းရီအား သူတို့ တွေ့လိုက်ကြရသည်။

အခုတော့ ဘခက်လည်း ဖွတ်မရ ဓားဆုံး သည့်အဖြစ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားရချေပြီ။ သိန်းတန် သေရုံသာမက ယခု သောင်းရီ လေးနှင်ပါ သူ သေခွဲခွဲလိုက်ရပြီ။ အောင်ဒင် တို့အုပ်စုလည်း ခေါင်းတခါခါ နှင့်

“ကဲ … ဘခက် … ငါတို့လည်း တတ်နိုင်သလောက် လုပ်ပေးခဲ့ပြီပဲ … ကျန်တာကတော့ မင်းအပိုင်းပေါ့”

ဘခက်လည်း မျက်ရည်များစို့နေချေပြီ။

“အဲ့တော့ … ကျန်တဲ့ ငွေခုနစ်သိန်းကို မင်း ဆက်ဆက်လာပေးပါ … အောင်ဒင် အကြောင်းမင်းသိပါတယ် ”

“ဟုတ် … ကျုပ်ဆက်ဆက်လာပေးပါ့မယ် … ခုတော့ သောင်းရီလည်း သေပြီဆိုတော့ … ကျုပ် ရွာကိုပဲ ဟန်မပျက်ပြန်သွားနေလိုက်မယ် … ကျန်တဲ့ ငွေကိုတော့ ကျုပ် နောက်လေးငါးရက်နေရင် လာပေးမယ်”

ထိုသို့ပြောပြီး အောင်ဒင် တို့ လူမိုက်အုပ်စုနှင့် လမ်းခွဲလိုက်သည်။ ဘခက်လည်း ဟန်မပျက်ပင် ရွာထဲသို့ တိတ်တဆိတ်ပြန်၀င်လာခဲ့တော့၏။ ရွာထဲရောက်တော့ လူတွေစုရုံးစုရုံးနှင့် တစ်ခုခုကို ဝိုင်းအုံကြည့်နေကြ၏။ ထို့ကြောင့် ဘခက်လည်း ထိုလူအုပ်ထဲ ရောယောင်ကာ၀င်ကြည့်လိုက်တော့ သစ်သား ခေါင်းထဲတွင် ဓားဒဏ်ရာများဖြင့် သေနေသော သိန်းတန် အလောင်းကို တွေ့လိုက်ရလေတော့၏။

+++++++++

“ဟာ …. သိန်းတန် … သူငယ်ချင်း ”

ဘခက်လည်း အသံဩကြီးဖြင့် သိန်းတန်အလောင်းရှိရာ အခေါင်းကြီးနား ပြေးသွားလိုက်တော့သည်။ ပြီးနောက် အခေါင်းထဲမှ သိန်းတန်အလောင်းကြီးကိုဖက်ကာ

“သူငယ်ချင်း … မင်း … မင်းကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်သွားတာလဲ …. တောက် … လုပ်ရက်ကြပါပေ့ကွာ … ဘယ်လိုဖြစ်ကြတာလဲဗျာ ကျုပ်ကို ပြောကြပါအုံး ”

ထိုအခါ ရွာသားတစ်ယောက်က

“ငါတို့လည်း … သောင်းရီတို့မိဘတွေ လာပြောလို့ လိုက်ရှာတာ … သိန်းတန် အလောင်းပဲတွေ့ခဲ့တယ် … သောင်းရီကတော့ သေလားရှင်လားမသိဘူး အစအနပျောက်နေတယ် ”

“ကျုပ်သူငယ်ချင်းက … လူရိုးလူအေးကြီးဗျ … သိန်းတန်ရေ သူငယ်ချင်း … မင်းလိုလူကောင်းတွေကို ကံတရားက ခုလို ပဲရက်စက်တတ်တာလားကွာ …မတရားဘူးကွာ မတရားဘူးကွာ ”

ဘခက် မြေကြီးကို လက်သီးဖြင့် ထုကာထုကာ အော်ဟစ်ပစ်လိုက်သည်။

ဘခက်၏ ရုပ်ရှင်မင်းသားစတိုင် သရုပ်ဆောင်ချက်များကြောင့် ဝိုင်းကြည့်နေသူများပင် သတိမထားကြသည့်အပြင် ဝိုင်းသနားကြပြန်သည်။ ဘခက်မှာ တော့ မထွက်သည့် မျက်ရည်များကို အတင်းညှစ်ကာ လှလှပပကြီး အယုံသွင်းနိုင်ခဲ့ပါတော့၏။

+++++++++++

( ၄ )

သိန်းတန်၏ အလောင်းကိုတော့ ၎င်းတို့နေအိမ်တွက်ပင် မဏ္ဍပ်ထိုးကာ စင်ဆောက်ပေးထားလိုက်သည်။ မသာအိမ်တို့ ထုံးစံအတိုင်း ညဖက်တွင်တော့ ဖဲဝိုင်း များဖြင့် စည်ကားလို့နေသည်။ အောက်လင်းမီးများကလည်း ထိန်ထိန်လင်းအောင် ထွန်းထားသေးသည်။ ဖဲရိုက်သူက ရိုက် အရက်သောက်သူက သောက် အလပ ဿလပ ပြောသူက ပြောနှင့် ညဆယ့်တစ်နာရီထိုးသည့်အချိန်သို့ပင် ရောက်လာခဲ့တော့သည်။ မသာအိမ်လာသူများထဲတွင်တော့ ဘခက်မပါပေ။ ထွန်းဦးမှာတော့ သိန်းတန် အလောင်းထည့်ရာ အခေါင်းကြီးနားသွားကာ

“သိန်းတန် … မင်းကို ဘယ်သူသတ်တာလဲ ..”

ဟူ၍ ပြောလိုက်စဉ်မှာပဲ အောက်လင်းမီးများက ရုတ်တရက် ပိတ်သွားလေတော့သည်။

“ဟာ …”

“အမလေး … ဗုဒ္ဓေါ ”

မီးများ ပိတ်သွားနှင့် တစ်ပြိုက်နက် ရွာထဲက ခွေးများကလည်း သိန်းတန်တို့ အိမ်ဖက်ကို ဦးတည်ကာ ဆွဲဆွဲငင်ငင်အူကြ၏။ အချို့က ထိုးကာ ထိုးကာ ဟောင်ကြသည်။ မသာအိမ်မှာတော့ မီးပိတ်သွားသည်မို့ ကျွတ်ကျွတ်ညံနေလေသည်။ ထိုစဉ်မှာပင် ရွာသားတစ်ယောက်က

“ဟာ …. သရဲ … သရဲဗျို့ ”

ဆိုပြီး အိမ်ခြံ၀န်းရှေ့ကို လက်ညှိုးထိုးကာ အော်လေတော့သည်။ ထိုင်နေသူများကလည်း ထိုလူ လက်ညှိုးထိုးပြရာကိုကြည့်လိုက်တော့ သူတို့ရှိရာဆီကို ခြေထောက်နှင့် မြေကြီး မထိဘဲ ရွေ့လာနေသော မိန်းမတစ်ယောက် ။ ခန္ဓာကိုယ်တစ်ခုလုံးက ရုပ်ပျက်ဆင်းပျက် တွန့်လိမ်ကြေခေါက်နေကာ သွေးစက်များကလည်း မြေကြီးပေါ် တတောက်တောက်ကျလို့။ စောစောက ဆူညံနေသော လူများကလည်း ထိုအခြင်းအရာကိုမြင်ကာ ထပြေးကြတော့သည်။ မသာအိမ်တွင် နောက်ဆုံး ကျန်နေခဲ့သူက သိန်းတန်၏ သူငယ်ချင်း ထွန်းဦးပင်။

စောစောက မိန်းမလည်း တရွေ့ရွေ့လွင့်မျောရင်းမှ သိန်းတန်၏ အခေါင်းနားရောက်လာ‌ေလ၏။ ထွန်းဦးလည်း ထိုလွင့်မျောလာသော မိန်းမအား စေ့စေ့ကြည့်လိုက်တော့ သောင်းရီ ဖြစ်နေသည်ကို သိလိုက်ရလေတော့၏။

“ဟင် … သောင်းရီပါလား … နင်ဘာဖြစ်လာတာလဲ … သိန်းတန် ကိုဘယ်သူသတ်သွားတာလဲ”

ထိုအခါ သောင်းရီလည်း လှိုဏ်သံပေါက်နေသာ အသံဖြင့်

” ကျွန်မတို့ကို ဘခက်သတ်တာ … ဘခက်သတ်တာ”

“ဟေ … ဘခက်တာဟုတ်လား … ဒါဆို နင် နင်လည်း သေပြီပေါ့ ”

“ဟုတ်တယ် … ကိုထွန်းဦး …”

“ငါ … ငါဘာကူညီရမလဲ … အမှုမှန် ပေါ်အောင်လုပ်ပြီး သူတို့ အပြစ်သူတို့ ခံရအောင် ငါလုပ်ပေးမယ် သောင်းရီ ”

ထွန်းဦး ထိုသို့ပြောလိုက်တော့ သောင်းရီ ခေါင်းကို တွင်တွင်ယမ်းရင်း

“မဟုတ်ဘူး … ကျွန်မ လက်နဲ့သတ်ရမှ ကျေနပ်မယ် … ကျွန်မလက်နဲ့ သူတို့ကိုသတ်မယ်”

“နင် … က လူမှမဟုတ်တော့တာ … သူတို့ကို ဘယ်လိုသတ်မှာလဲ …”

“ကိုထွန်းဦး … ကျွန်မကို ကူညီပါ … ”

“အေး … ငါကူညီမယ် … ”

ထွန်းဦး ထိုသို့ ကတိပေးလိုက်တော့ သောင်းရီလည်း ဖြတ်ခနဲပျောက်သွားကာ စောစောက ပိတ်နေသော အောက်လင်းမီးများ ပြန်လင်းလာပါတော့သည်။ ထိုအခါမှ ရွာသူရွာသားများလည်း စိုးရိမ်တကြီးဖြင့် ထွန်းဦးထံ ပြေးလာလေကြတော့သည်။

“ထွန်းဦး … ထွန်းဦး … မင်းဘာဖြစ်သွားသေးလဲ”

ထွန်းဦးမှာတော့ အိပ်မက်က လန့်နိုးလာသည့် လူတစ်ယောက်အလား

“ဗျာ … ကျုပ် ကျုပ်ဘာဖြစ်သွားလို့လဲ ”

“မသိဘူးလေ … စောစောက သရဲမ မင်းနား လာနေတာ တွေ့လို့ ”

“ဘာမှမဖြစ်ပါဘူးဗျာ … ကျုပ်အဆင်ပြေပါတယ်”

လို့ ပြောပြီး ထိုမသာအိမ်မှ ထွက်သွားလိုက်တော့သည်။ ကျန်ရစ်ခဲ့သူများကတော့ ဒီကောင် ဘာဖြစ်သွားတာပါလိမ့်ဟူသော အတွေးကိုယ်စီဖြင့် ပဟေဠိဖြစ်ကာ ကျန်ရစ်ခဲ့ပါလေတော့သတည်း။

++++++++

သိန်းတန် မြေချသည့်နေ့တိုင်အောင် သောင်းရီ၏ အစအနကိုပင် မည်သူမျှ မတွေ့ကြရ။ သို့သော် ထူးဆန်းမှု တစ်ခုကိုတော့ အသုဘ လိုက်ပါပို့ဆောင်သူများက နဖူးတွေ့ဒူးတွေ့ကြုံလိုက်ကြရသည်။

သိန်းတန် အခေါင်းအား မြေကျွင်းထဲချသည့် အချိန်မှာဖြစ်သည်။ မိန်းမတစ်ယောက်၏ ငိုညည်းသံကြီးက သင်္ချိုင်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ အပုပ်နံ့များကလည်း လှိုင်လှိုင်ထလာကာ အသုဘ လိုက်ပါ ပို့ဆောင်သူ အချို့ပင် ကြက်သီးဖြန်းဖြန်း ထကြရသည်။ အခေါင်းမြေဖို့ပြီးသည့်တိုင် အောင် ထိုငိုသံကြီးမှာ ပျောက်မသွား။ သူတို့အားလုံး ပြန်သွားသည့်အချိန်မှ စောစောက မိန်းမ၏တစ်စုံတစ်ရာ ကိုကျေနပ်သွားသည့်အလား ဟက်ဟက်ပက်ပက်ရယ်မောသံကြီးကို ကြက်သီးထဖွယ်ကြားလိုက်ကြရပါတော့၏။

ထွန်းဦးမှာတော့ အသုဘပို့ပြီးပြန်ရောက်သည်နှင့် ၎င်း၏ ငှက်ကြီးတောင်ဓားကို ညနေစောင်းသည်အထိ ထိုင်ကာ တရှပ်ရှပ်သွေးနေ၏။ ထိုနေ့မှာပင် ရွာလူကြီး၏ သတင်းပေးမှုကြောင့် မြို့က ထောက်လှမ်းရေး နှစ်ယောက်သည်လည်း ထိုရွာကို ရောက်လာခဲ့၏။

++++++++

ညနေစောင်းတော့ ဘခက်တစ်ယောက် အောင်ဒင်တို့အား ပေးရန်ကျန်ငွေ ငွေခုနစ်သိန်းကို လွယ်အိတ်ထဲထည့်ကာ အိမ်ရှေ့ကိုထွက်လာခဲ့သည်။ ခြံထဲတွင် သူ့အားစောင့်နေသော လူတစ်ယောက်အား ရုတ်တရက်တွေ့လိုက်ရတော့ လိပ်ပြာ မလုံသူပီပီ ရင်ထဲထိတ်သွားလေတော့၏။ သူ့အားစောင့်နေသောသူမှာ အခြားသူမဟုတ်။ ဌက်ကြီးတောင် ဓားကိုလွယ်ထားသော ထွန်းဦး ။ ထိုအခါမှ ဘခက်လည်း သက်ပြင်းကို ချကာ

“ထွန်းဦးပါလား ”

“မင်းဘယ်သွားမလို့လဲ … ဘခက် ”

“ငါ …ဟို …ဟိုဖက်ရွာကို ခနသွားမလို့ …”

“ငါကော လိုက်ခဲ့မယ်လေ ”

ထွန်းဦးက သူပါလိုက်ခဲ့မည်ဟုပြောသဖြင့် ဘခက် စိတ်အနည်းငယ်ရှုပ်သွားလေသည်။ ရွာထဲတွင် သတင်းထောက် နှစ်ယောက် ရောက်နေပြီ ဆိုသော သတင်းလည်း သူကြားပြီးဖြစ်သည်။ အကယ်၍ ထွန်းဦးသာ သူတို့အကြောင်း ဖော်ကောင် လုပ်လိုက်ပါက အကုန် ကိုယ်ကျိုးနည်းပေတော့မည်။ ထို့ကြောင့် ထွန်းဦး အားသူမခေါ်သွားလိုပေ။ သို့သော်လည်း ဟိုရောက်မှသာ အကြောင်းပြချက်ပေးကာ ရှောင်ထွက်လိုက်မည်ဟု ဘခက်တွေးရင်း

“အေးလေ … မင်းလိုက်ချင်သပ ဆိုလည်း လိုက်ခဲ့ပေါ့ကွာ ”

ဟုပြောရင်း နှစ်ယောက်အတူ ရွာထဲကထွက်ခဲ့လိုက်ကြတော့သည်။ တစ်လမ်းလုံး ထွန်းဦးမှာ စကား ကောင်းကောင်းမပြော နှုတ်ဆိတ်လျက်သာ သူ့ဘေးက လိုက်ပါလာခဲ့သည်။

“ထွန်းဦး … မင်း ဓားကြီးက ဘာလုပ်ဖို့ယူလာတာလဲကွ ”

“အော် … ဓားလား … အရှုပ်တွေကို ရှင်းပစ်ဖို့ပေါ့ကွာ ”

ထွန်းဦးက ရုပ်တည်ကြီးဖြင့် ထိုသို့ပြောလိုက်တော့ ဘခက်လည်း အနည်းငယ်ရှိန်သွားတော့သည်။

“ဘာအရှုပ်တွေလဲကွ ”

“တောလမ်းဆိုတော့ … မြွေပါးကင်းပါးကပေါတယ်လေ … နောက်ပြီး လူဆိုးသူခိုးတွေကလည်းပေါတော့ လိုရမယ်ရ ယူလာတာပါ ”

“အော် … အေး … မင်းပြောတာလဲ ဟုတ်တာပဲ ”

သူတို့ နှစ်ယောက် အတန်ကြာအောင် လျှောက်ခဲ့ပြီးနောက် သိန်းတန် အသတ်ခံရခဲ့သည့် နေရာသို့ ရောက်လာခဲ့ကြတော့သည်။ ဘခက်မှာတော့ တောင်ကြည့် မြောက်ကြည့်ကြည့်ကာ တစ်စုံတစ်ရာကို စိုးရိမ်နေဟန်တူသည်။ ထိုအခါ ထွန်းဦးက

“ဘာလဲ … ဘခက် … တစ်ခုခုကို သတိရနေလို့လား”

“ဟမ် … မင်း …မင်းဘာပြောတာလဲ ”

“ဟား … ဟား …ဟား ”

ချက်ချင်းဆိုသလိုပင် ထွန်းဦး၏ ရယ်သံကြီးမှာ မိန်းမ တစ်ယောက်၏ ရယ်သံကြီးအဖြစ်ကြားလိုက်ရတော့ ဘခက် ခေါင်းမွေးများထောင်တက်သွားတော့သည်။

“ဘခက် … နင် ငါ့ကို မှတ်မိလား နင်သတ်လို့သေသွားတဲ့ သိန်းတန်ရဲ့ မယား သောင်းရီလေ …. နင်မှတ်မိမာပါ …. ဟားဟား ဟား ”

“မ … မဟုတ်ဘူး … နင် … နင်က သေပြီလေ ”

“လူကသေသွားပေမယ့် … သွေးကြွေးဆပ်ဖို့ အခု ငါပြန်လာပြီ ”

သောင်းရီ ဝိညာဉ်၀င်စီးနေသော ထွန်းဦးလည်း ကျောတွင် အသင့်လွယ်ထားသော ဌက်ကြီးတောင် ဓားကို ဆွဲထုတ်လိုက်တော့သည်။ ထိုအခါ ဘခက်က ထွက်ပြေးမည်အပြု ဘခက်၏ ခြေထောက်ကို ဓားဖြင့် လှမ်းခုတ်လိုက်လေတော့သည်။

“အား ….”

ဘခက် ထွက်မပြေးနိုင်တော့ပါ ။ ဒူးခေါင်းအဆစ်နားက တစ်၀က်ခန့်ပြတ်ရှသွားပြီး နေရာမှာပင် လဲကျသွားတော့သည်။

“သောင်းရီ … မလုပ်ပါနဲ့ … ငါ … ငါတောင်းပန်ပါတယ် … ”

“နင့်အလှည့်ကျတော့ … သိပ်ကြောက်နေတယ်ပေါ့လေ … ကိုသိန်းတန် ကိုရက်ရက်စက်စက်သတ်တုန်းက နင် ဒီလို တွေးခဲ့သလား ”

“ငါနောင်တ ရနေပါပီ … ငါ့ … ငါ့ကို မသတ်ပါနဲ့”

ဘခက်တစ်ယောက် သွေးပျက်ခြောက်ချားစွာဖြင့် တောင်းပန်သည့်တိုင် သောင်းရီမှာတော့ ဓားကြိးကို ၀င့်ရင်း ဘခက်အနားတိုးလာလိုက်သည်။

“ငရဲကို သွားလိုက်တော့ … လူယုတ်မာ … ကိုင်း ကိုင်း ”

ဘခက်၏ ရင်၀သို့ ဓားချက်များကခပ်ကြမ်းကြမ်း ၀င်ရောက်လာတော့သည်။ သောင်းရီမှာတော့ ဘခက်၏ ခန္ဓာကိုယ်ကြီးအား ခွကာ ဓားဖြင့်အားရပါးရ ထိုးကောင်းဆဲ ။ မကြာပေ ဘခက်တစ်ယောက် တစ်ချက်နှစ်ချက်မျှ အကြောဆွဲရင်း ငြိမ်သက်သွားခဲ့ပါတော့၏။ လူမိုက်တစ်ယောက်၏ ဇာတ်သိမ်းကား အဘယ်သို့မျှ လှပနိုင်မည်မဟုတ်။

အောင်ဒင် တစ်ယောက် အရက်မူးပြီး အိပ်မောကျလို့နေချေပြီ ။ တပည့်များဖြစ်သူ ညိုကြီး နှင့် သံချောင်းမှာလည်း ထွေကာ ငိုက်မြည်းလို့နေကြ၏။ ထိုအချိန်မှာပင် လူတစ်ယောက်က အောင်ဒင် အိပ်နေရာအနီးသို့ ခြေသံလုံလုံဖြင့် ချဉ်းကပ်လာပြီး အောင်ဒင်၏ လည်ပင်းကို ဓားဖြင့် လှီးချပစ်လိုက်တော့သည်။

အောင်ဒင်လည်း နာကျင်မှုကြောင့် နိုးလာငါးရံ့ပျာလူးသလို ဖျတ်ဖျတ်လူးပြီး ငြိမ်ကျသွားလေတော့၏။ အထဲမှ အသံကြားရတော့ ညိုကြီး နှင့် သံချောင်းလည်း ၎င်းတို့ ဆရာရှိရာ ပြေးလာကြ၏။ သူတို့ရောက်လာသည်နှင့် တစ်ပြိုင်နက် အသင့်စောင့်နေသော သောင်းရီက ဌက်ကြီးတောင် ဓားဖြင့် ညိုကြီး၏ ငယ်ထိပ်တည့်တည့်ကို ခုတ်ချပစ်လိုက်တော့သည်။ သွေးများ ‌ဖြာကနဲ ထွက်လာသည်ကို မြင်တော့ သံချောင်းလည်း အထိတ်တလန့်ဖြင့် ထွက်ပြေးရန်ပြင်လေတော့သည်။ သို့သော် အချိန်မမှီတော့ နောက်ထပ် ဓားချက်က သံချောင်း၏ လည်ပင်းဆီသို့ တန်းတန်းကြီးကျလာကာ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားလေတော့သည်။ ထိုအခါမှ သောင်းရီ၀င်စီးနေသော ထွန်းဦးလည်း နေရာမှာပင် ပျော့ခွေပစ်လဲသွားပါလေတော့၏။ ရွာသူ ကလဲ့စား ကား ဤတွင် တာ၀န်ကျေချေပြီ။

+++++++++

( ၅ )

မနက်မိုးသောက်ချိန်ရောက်တော့ ထွန်းဦးတစ်ယောက် ခေါင်းထဲက ရီဝေနောက်ကျိစွာဖြင့် နိုးလာတော့သည်။ သူမျက်စိ နှစ်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့အားဝိုင်းအုံကြည့်နေကြသည့် လူများကို ဦးစွာတွေ့လိုက်ရ၏။ ထိုလူများက သူ့အား စူးစမ်းသလိုကြည့်နေကြ၏။ ထိုလူများထဲတွင် မြို့ကထောက်လှမ်းရေး နှစ်ယောက်လည်း ပါ‌ေလသည်။ ထိုထဲမှ တစ်ယောက်က

“ကိုထွန်းဦး … ခင်များကို လေးလောင်းပြိုင် လူသတ်မှု နဲ့ ဖမ်းလိုက်ပြီ ”

ထိုသို့ပြောလိုက်တော့ ထွန်းဦးလည်း ပျာယာခတ်သွားကာ လဲနေရာမှ ကုန်းရုန်းထလိုက်တော့သည်။ သူ့အား လက်ထိပ်ခတ်ထားနှင့်ကြပြီ။

“ဗျာ … လေး … လေးလောင်းပြိုင်လူသတ်မှု … ဟုတ်လား ”

“ဟုတ်တယ် …. ညက ခင်များ ဘခက် နဲ့ အောင်ဒင် တို့ သုံးယောက်ကို သတ်လိုက်တာ … ဟောဒီမှာ ခင်များသုံးထားတဲ့ လက်နက် ”

ဌက်ကြီးတောင်ဓားကိုထုတ်ပြလေ၏။ ထွန်းဦးလည်း သူကိုယ်တိုင် ဘာဖြစ်နေသည်ကို မသိ။

“ဆရာတို့ … လူမှားနေပြီထင်တယ် … ကျုပ် … ကျုပ်မသတ်ဘူးဗျ ”

သို့သော် သက်သေပစ္စည်းများနှင့်အတူ လက်ပူးလက်ကြပ်မိနေပြီ မို့ မည်သူမျှမကယ်နိုင်ပါ။ ထွန်းဦး ၀တ်ဆင်ထားသော အင်္ကျီပုဆိုးပါမကျန် သွေးများက စွန်းထင်းလို့။ ထိုစဉ်မှာပင် စောစောကကြည့်နေသော လူအုပ်ထဲမှ အမျိုးသမီး တစ်ယောက်၏ အသံထွက်ပေါ်လာလေတော့သည်။

“သူတို့ကို ..ငါသတ်တာ ”

“ဟမ် …”

“ဟေ …”

စသဖြင့် လူအုပ်ကြီးထဲမှ အသံများဆူလာလေတော့သည်။ အသံပိုင်ရှင် မိန်းကလေးမှာလည်း တဆတ်ဆတ်တုန်ယင်ကာ ဇက်ကြီးစောင်း ဆံပင်ကြီး ဖွာလန်ကျဲဖြင့် ထောက်လှမ်းရေး နှစ်ယောက်ထံ ချဉ်းကပ်လာလေ၏။ ထိုမိန်းကလေးအား ထွန်းဦးလည်းမသိပေ။ ‌ဘခက်တို့ ရွာကလည်းမဟုတ်။

“ထွန်းဦး အပြစ်မရှိဘူး …. ဘခက်တို့ကို ငါသတ်တာ ”

ဆိုပြီး အသံဩကြီးဖြင့် ပြောလေ၏။

“နင်က … ဘယ်သူလဲ ”

“ငါ့နာမည် …သောင်းရီ … ”

“သောင်းရီ …. ဟုတ်လား … ကိုသိန်းတန် ဇနီး မသောင်းရီက … ကိုသိန်းတန် သေတဲ့နေ့တည်းက ပျောက်နေတာ … ဒီမှာ မိန်းကလေး … အခုလူသတ်မှုက ကစားစရာမဟုတ်ဘူးနော် ”

“သောင်းရီဆိုတာငါပဲ …. ဘခက်တို့ ရက်ရက်စက်စက် သတ်ခဲ့လို့ ငါလက်စားပြန်ချေတာ … နင်တို့မယုံရင် … ရွာပြင်က ထုံး စေတီ အနားကိုသွား … အဲ့နားက ချောက်ထဲမှာ ငါ့အလောင်းရှိတယ် …. ထွန်းဦးမှာ အပြစ်မရှိဘူး ”

ဟုဆိုကာ ထိုမိန်းကလေးလည်း ခွေကျသွားလေတော့သည်။ ထောက်လှမ်းရေးနှစ်ယောက်မှာလည်း မယုံတစ်၀က် ယုံတစ်၀က်ဖြင့် ရွာပြင် ထုံးစေတီအနားက ချောက်ကမ်းပါးဆီသွားခဲ့ကြသည်။ ထူးဆန်းစွာဖြင့် ချောက်ကမ်းပါးအောက်၌ အသက်ဝိညာဉ်ကင်းမဲ့နေသည့် သောင်းရီ အလောင်းကို ပုံပန်းမပျက်တွေ့လိုက်ကြရ၏။ အလောင်းမှာ ဆယ်ရက်ကျော်ကြာနေပြီ ဖြစ်သော်လည်း အနံ့ မထွက် မပုပ်မသိုးသေးသည်ကလည်း အံ့ဖွယ်တစ်ရပ်ပင်။

ထောက်လှမ်းရေးနှစ်ယောက်မှာတော့ ခေတ်ပညာတတ်များပီပီ ထို သဘာ၀လွန် ကိစ္စများကို လက်မခံဘဲ ထွန်းဦးအား မြို့ဂါတ်သို့ ခေါ်သွားရန် ပြင်ဆင်ကြပါတော့သည်။ ထိုထဲမှ တစ်ယောက်က

“ကိုမင်းနောင် … ထွန်းဦး မလိမ်ဘူးလို့တော့ ကျုပ်ထင်တာပဲ …. တကယ်လည်း သူ ပုံက အပြစ်ကင်းတဲ့ပုံပါ ”

“ဒါတော့ … ဒါပေါ့ ကိုစိန်မြင့်ရယ် … ဒါပေမယ့် သက်သေ တွေ နဲ့ လက်ပူးလက်ကြပ်မိထားတော့ … ပြန်လွှတ်ပေးရအောင်လည်း အခက်သားဗျ …. ခက်တာက ခုဟာက ပေါ့သေးသေး အမှုမဟုတ်ဘူး … လေးလောင်းပြိုင် လူသတ်မှုဗျ ”

“အေးဗျာ … ရွာလူကြီးကိုယ်တိုင်က အာမခံပေးနေတော့ ကျုပ်လည်း မျက်နှာပူတယ် … ဒါပေမယ့် ကိုမင်းနောင် ပြောနေကြ ဥပဒေအတိုင်းသွားရမာပဲလေ”

ရွာထဲတွင်တော့ သောင်းရီ၏ အလောင်းအား ချောက်ထဲမှ သယ်ယူခဲ့ပြီးနောက် သိန်းတန်၏ အုတ်ဂူနံဘေးတွင်သာ ကောင်းစွာ မြုပ်နှံပေးလိုက်ကြသည်။ မနက်ရောက်တော့ ထောက်လှမ်းရေး နှစ်ယောက်က ထွန်းဦးအား ကားဖြင့် မြို့ဂါတ်ကို ခေါ်သွားကြပြီ။ ထူးဆန်းမှုကလည်း ဆက်တိုက်ဆိုသလို ထွန်းဦး ပါသည့် ကားမှာ ရွာက ထွက်သည်နှင့် သုံးကြိမ်တိတိ ဘီးပေါက်‌လေတော့သည်။ ဘီးဖာပြီးသည့်တိုင် ကားမှာ တစ်လက်မ မှ မရွေ့။ ‌ကိုမင်းနောင် နှင့် ကိုမြင့်စိန် လည်း ဇောချွေးပြန်ကြရတော့သည်။ ထိုသို့သော အဖြစ်ကိုလည်း သူတို့ တစ်ခါမျှနမကြုံဖူး။ ထို့ကြောင့် ယနေ့တော့ သူတို့ မြိုပေါ်တက်မည့် အစီအစဉ်ဖြတ်ကာ တစ်ရက်နောက်ဆုတ်လိုက်ကြရတော့၏။

ညရောက်တော့ ကိုမင်းနောင် ကိုယ်တိုင် အိပ်မက်ဆန်းတစ်ခုကို မြင်မက်ခဲ့သည်။ အိပ်မက်ထဲတွင် သွေးစွန်းနေသောအ၀တ်များကို ၀တ်ထားသည့် မိန်းမ တစ်ယောက် ။ ထွန်းဦးအား မြို့ဂါတ်သို့ ခေါ်သွားရန် မလိုကြောင်း အကယ်၍ ပြောသည့်အတိုင်း မလုပ်ပါက သူတို့ပါ ဒုက္ခလှလှတွေ့မည်ဖြစ်ကြောင်း လာရောက်သတိပေးသွားလေ၏။ သို့တိုင်အောင် ကိုမင်းနောင်မှာ လက်မလျော့ဘဲ ထွန်းဦးအား အကြိမ်ကြိမ် မြိုပေါ်ခေါ်ရန်ကြိုးစားသေးသည်။ သို့သော်လည်း တစ်ကြိမ်တစ်ခါမျှ မအောင်မြင်ဘဲ သုံးရက်သာ ကြာသွားလေတော့သည်။ သို့တစ်ဖန် မင်းနောင်၏ ပါတနာ ကိုမြင့်စိန်မှာပါ အနာကြီးရောဂါများပေါက်လာပြီး အိပ်ရာထဲလဲခဲ့ရတော့သည်။

ရွာထဲက သမားတော်များနှင့် ကုသသော်လည်း အခြေအနေမှာ ပိုဆိုးလာပြီး “မလာနဲ့ … မလာနဲ့ ” ဟုသာ ယောင်ယမ်းအော်ဟစ်နေရတော့သည်။ ဤသည်လည်း ရွာသူ သောင်းရီ၏ လက်ချက်လား။

+++++++++

ညက မှောင်မိုက်လွန်းအားကြီးသည်။ မင်းနောင်လည်း စီးကရက်တစ်လိပ်ကို ထုတ်ဖွာရင်း ကွပ်ပျစ်ကလေးပေါ်လေညင်းခံနေသည်။ ထိုစဉ် သူနေထိုင်ရာ ခြံ၀င်းကလေးသို့ မိန်းမ တစ်ယောက်၀င်လာ၏ ။

“ဟင် … နင် … သောင်းရီ ”

“ဟုတ်တယ် …. ”

“နင် … ငါ့သူငယ်ချင်း မြင့်စိန်ကို ဘာလုပ်လိုက်တာလဲ ”

“ငါပြောတဲ့ အတိုင်းမလုပ်လို့ ပညာပေးလိုက်တာ… နောက်တစ်ခါနင့်အလှည့်ပဲ ”

“ငါတို့ ထွန်းဦးကို အမှုက လွတ်အောင်လုပ်ပေးရင် … မြင့်စိန် သက်သာလာမာလား ”

“ငါအာမခံတယ် ”

“ဒါဆိုကောင်းပြီ … ငါတို့ ထွန်းဦးနှင့် ဒီအမှု မသက်‌ဆိုင်ကြောင်း အစီရင်ခံစာရေးပြီး ပို့ပေးလိုက်မယ် … ”

“ကောင်းပြီ … နင်တို့ကတိတည်ပါစေ … မနက်ဖြန် … မြင့်စိန်ကို ရေနွေးနွေးနဲ့ ချိုးပေးလိုက် သက်သာသွားလိမ်မယ်”

ဟူ၍ပြောကာ နေရာမှာပင်ပျောက်ကွယ်သွားလေတော့သည်။ မင်းနောင်လည်း အိပ်ပျော်နေရာမှ ဆတ်ခနဲနိုးလာလေတော့သည်။ လက်ပတ်နာရီလေးကိုကြည့်လိုက်တော့ ညသန်းခေါင်ကျော်နေချေပြီ။ သူလည်း ဆက်အိပ်မပျော်တော့သည်မို့ ၎င်း၏ လက်ဆွဲအိတ်ထဲမှ ဖိုင်တစ်ခုကို ယူကာ အစီရင်ခံစာရေးလိုက်တော့သည်။

လူသတ်မှုတွင်တော့ ထွန်းဦးကို မထည့်တော့။ ဘခက်က လူမိုက်ဌားကာ သိန်းတန်တို့ ဇနီးမောင်နှံအား သတ်ခဲ့ကြောင်း ။ သို့တစ်ဖန် အောင်ဒင် တို့ကိုလည်း ကျန်ငွေ ခုနစ်သိန်းမပေးချင်၍ အချင်းများရာက အချင်းချင်းသတ်ဖြတ်ကြသည်ဟုသာ ရေးလိုက်တော့သည်။ ထို့ကြောင့် ထွန်းဦးလည်း ထိုအမှုမှ ကွင်းလုံးကျွတ်လွတ်ခဲ့ရပါလေတော့သတည်း …..

+++++++++

နောက်နေ့မှာတော့ ထောက်လှမ်းရေး မင်းနောင် တစ်ယောက် သူ၏ အိပ်မက်ထဲကအတိုင်း မြင့်စိန်အား ရေနွေးနွေ့ဖြင့် ဆေးကြောပေးရာ ထိုအနာကြီး ရောဂါများ အနာရွတ်ပါမကျန် ပျောက်ချင်းမလှပျောက်သွားတော့သည်။ ထိုအခါမှ မင်းနောင် လည်း ထိုသဘာ၀လွန် ကိစ္စကြီးကို လက်ခံလိုက်ရ၏။ နောက်နေ့မှာတော့ သူနှင့် မြင့်စိန်လည်း ရွာလူကြီးအား နှုတ်ဆက်ကာ မြို့သို့ အဆင်ပြေချောမွေ့စွာပြန်သွားလိုက်ကြပါတော့၏။

ကိုသိန်းတန်၏ အုတ်ဂူဘေးတွင်တော့ အုတ်ဂူ အသစ်စက်စက်ကလေး တစ်လုံးကရောက်လို့နေချေပြီ။ ထိုအုတ်ဂူ အသစ်ကလေးပေါ်တွင် ကမ္ဗည်းထိုးထားသည်ကား မသောင်းရီ ( ၁၉ ) နှစ် ဆိုသော စာလုံးနက်နက်ကလေး ။

သို့တစ်ဖန် အုတ်ဂူလေးများအနီးတွင်တော့ အတောင်လေးများ ပုတ်ခတ်ပုတ်ခတ်လှုပ်ကာ ကျီစယ်ဆော့ကစားနေသော လိပ်ပြာကလေး နှစ်ကောင် ……………

( ပြီးပါပြီ )

ဆက်လက်ကြိုးစားပါအုံးမည်

စာရေးသူ =သူရေးအားလေးစားလျက်