လမ်းတစ်ဝက်တစ္ဆေ

လမ်းတစ်ဝက် တစ္ဆေ (စ/ဆုံး)

———————————-

ကျွန်ုပ်တို့ နေထိုင်ရာ ဤလူ့လောကကြီးတွင် ဖြစ်၏။ ထိုလူ့လောကကြီးထဲတွင်ပင် ကျွန်ုပ်တို့လူသား တွေ သတ်မှတ်ထားသော အရာ နှစ်ခု အကြောင်းကို ဦးစွာ ပြောပြလိုပေသည်။ ထိုအရာနှစ်ခုကား မြင်အပ်သော အရာ နှင့် မမြင်အပ်သောအရာ ဟူ၍ပင်။ မြင်အပ်သော အရာများသည်ကား ထွေထွေထူးထူးပြောပြ နေရန် ပင်မလို မျက်စိဖြင့် မြင်နေတွေ့နေရသော အရာများ သည်မြင်အပ်သော ကြောင့်မြင်တွေ့နေရခြင်းဖြစ်လေ ၏။ သို့သော် မမြင်အပ်သော အရာများကို ပြောရ မည်ဆိုရင်ဖြင့်တော့ မျက်စိဖြင့် မမြင်တွေ့နိုင်သော အရာ မမြင်နိုင်သော အရာများသည် မမြင်အပ်သော အရာများပင်။ ထိုမမြင်အပ်သော အရာများထဲမှ ကျွန်ုပ် တို့လူသားတွေ စိတ်ဝင်စားသော အရာတစ်ခုလည်း ရှိလေ၏။ ထိုအရာကား အခြားတော့ မဟုတ် သာမန် လူတို့ မျက်စိဖြင့် မမြင်နိုင်သော နာနာဘာဝ အမှောင့် ပယောဂသားများပင်ဖြစ်လေပါတော့၏။

နာနာဘာဝ တစ္ဆေ သရဲ ဖုတ် အစရှိသဖြင့် အပါယ်ဘုံ သား ပရလောကသားများကို လူသားတိုင်း မနှစ်မြို့ကြ သလိုကြောက်ရွံကြလေ၏။ ထိုတစ္ဆေသရဲ များ၏ အမှတ် မထင် ခြောက်လှန့်မှုများကြောင့် ဒုက္ခရောက် ကြရသော လူများသည်လည်း လောကတွင် ဒုနှင့်ဒေးပင်။ ကျွန်ုပ်တို့ သာမန်မျက်စိဖြင့် မမြင်နိုင်နိုင်သော ထို နာနာဘာဝ များသည် နေရာမျိုးစုံဒေသ မျိုးစုံတွင် ကျင်လည်ကျက်စားနေလိမ့်မည်မှာ အမှန်ပင်။ ကျွန်ုပ်တို့ မမြင်အပ်သောကြောင့်သာ မမြင်နိုင်သော်လည်း စာဖတ်သူ သင့်အနီးတွင်လည်းကောင်း ထိုအပါယ်ဘုံသား များရှိကောင်းရှိနေမည်မှာ မလွဲပင်။ လူသားတွေသည် တစ္ဆေသရဲဟု အလွယ်ပင် ခေါ်ဝေါ်သုံးနှုန်းနေကြသော်လည်း ထိုတစ္ဆေ နှင့် သရဲအကြားမှ ကွဲလွဲချက်လေး အချို့လည်း ရှိပေသည်။ ဦးစွာဖြင့် ပြောရမည် ဆိုသော် သရဲ ကို အင်္ဂလိပ်လို ပြောမည် ဆိုပါက ( Ghost ) ဟုအဓိပ္ပာယ်ရ၏။ ထိုသရဲများသည် လူသားများကို ထိခြင်းကိုင်နိုင်ခြင်း များမပြုလုပ်နိုင်။ တချို့တချို့သော ဝတ္ထုများ ဇာတ်လမ်းများထဲတွင် ဂုတ်ချိုးသတ်သည် ဟူ၍ ဖတ်ဖူးကောင်းဖတ်ဖူးပေလိမ့် မည်။ ထိုအရာသည် သရဲမဟုတ်ပေ။ သရဲများသည် လူသားတို့အား ကိုယ်ထိလက်ရောက် ဒုက္ခမပေးနိုင် ကြပေ။ သရဲများ၏ တန်ခိုးသဒ္ဓိများမှာတော့ လူသား များအား ကိုယ်ယောင်ပြ ခြောက်လှန့်ခြင်း ကိုယ်ယောင်ပြကာ အမျှ တောင်းခြင်း အစရှိသည်တို့ကိုသာ လုပ်ဆောင်နိုင်လေ၏။

သို့သော် တစ္ဆေဆိုသည်က ထိုသို့ မဟုတ်ပေ။ တစ္ဆေ အား အင်္ဂလိပ်လို ( Devil ) ဟုခေါ်ဝေါ်သုံးနှုန်းကြ၏။ ထိုတစ္ဆေများကတော့ ( Ghost ) ဟုခေါ်သည့် သရဲများနှင့် ဆန့်ကျင်ဘက်ပင်။ ၄င်းတို့ကား အရာဝတ္ထုများကို တွန်းနိုင် ရွေ့နိုင်ကြသလို လူသားများကို လည်းကိုယ်ထိလက်ရောက် ဒုက္ခပေးနိုင်ကြလေ၏။ ဥပမာအားဖြင့် ဆိုရသော် ကားမောင်းနေစဉ် ကားစတီယာရင် ကိုဆွဲလှည့်ခြင်းများ ရေကူးနေစဉ် ရေထဲမှ ခြေထောက်ဆွဲခြင်းများ အိပ်ရာပေါ်မှ ဆွဲချခြင်းများ စသည် တို့ကို လုပ်ဆောင်နိုင်သော ပရလောကသားများသည် တစ္ဆေများပင်ဖြစ်လေ၏။ ဤသို့ဆိုလျှင် တစ္ဆေများသည် သရဲများထက် လွန်စွာမှပင် ကြောက်ဖို့ ကောင်းလှ ပေ၏။ လူသားများကို အသက်ဆုံးရှုံးနိုင်သည် အထိ ဒုက္ခပေးနိုင်သော အရာများသည် တစ္ဆေပင်ဖြစ်လေ၏။ ထို့ကြောင့် သရဲခြောက်ခံရခြင်းနှင့် တစ္ဆေခြောက်ခံ ရခြင်း၏ ကွဲလွဲမှု ကို စာဖတ်သူတို့လည်း အနည်းငယ် နားလည်သဘောပေါက်ကြလိမ့်မည်ဟု မျှော်လင့်ရပါ သည်။

( ၂ )

( လမ်းတစ်ဝက်မှာ ခြောက်တဲ့ သရဲ )

အချိန်ကာလ အားဖြင့်တော့ လွန်ခဲ့သော နှစ်ပေါင်း ဆယ့်ငါးနှစ် ၂၀၀၅ ခုနှစ်ခန့်လောက်က ဖြစ်ပေလိမ့် မည်။ ယနေ့ ခေတ်လို လမ်းပန်းဆက်သွယ်ရေး များ ကသိပ်မကောင်းမွန်လှသော်လည်း တစ်နေရာမှ တစ်နေရာ တစ်မြို့မှ တစ်မြို့သို့ သွားလာဖို့ရန်အတွက်တော့ ကားကြီးကားငယ် အသွယ်သွယ် စသဖြင့် လွယ်လင့် တကူရှိသည်ကိုတော့ ကျေးဇူးတင်ရပေမည်။ နမ္မတူ မြို့မှ လားရှိုးသို့ သွားမည် ဆိုလျှင် မှန်လုံ ကားကြီးများ ဖြင့် သွားကြရသည်။ ယနေ့လို မော်တော်ဆိုင်ကယ် များလည်းမပေါသေးပေ။

”ဘယ်နှယ့်လည်းဗျ ……… ဟိုနေ့က …… ဆန်နီ ကားဆရာ ……… ကိုသောင်းမြ သရဲ အခြောက်ခံ …… လိုက်ရတယ်ဆိုပဲ”

”ဟုတ်လား ……… ကျုပ်တော့ မကြားမိဘူးပဲဗျ”

”အေ့လေ ……… ခင်များက …… ဘယ်သိမလဲ …… ဒါနဲ့ ခင်များကော …… အဆင်ပြေလား”

”ဒီလိုပါပဲဗျာ ……… တစ်ခေါက်သွားလိုက်…… ပြန်လာရင် ……… အုံနာကြေးလေးပေးပြီး ပိုတာလေး သုံးစွဲရတာပဲ”

လက်ဖက်ရည် ဆိုင်တစ်ဆိုင် တွင် ထိုင်ကာ ကိုကောင်းမြတ် နှင့် ကိုမြသာ စကားများ ပြောဖြစ်နေကြလေ၏။ သူတို့နှစ်ယောက်လုံးမှာ ကားသမားများဖြစ်ကြ၏။ သို့ သော်မတူညီသော အချက်မှာတော့ ကိုကောင်းမြတ် သည် လားရှိုးမှ သိန္နီ တစ်ဖန် သိန္နီမှ လားရှိုး ခရီးရှည်ဆွဲစားနေသော ကားဆရာ တစ်ဦးဖြစ်လေ၏။ ကိုမြသာမှာတော့ မြို့တွင်းအမြန်ယာဉ်ငယ်လေးသာ မောင်းစားနေသူ တစ်ဦးပင်။

”အေ့ဗျာ ……… ကျုပ်လည်း အတူပါပဲ …… တနေကုန် ရှာလိုက် ……… ညနေကျ အုံနာကြေးလေး ပေးပြီး ပိုတာလေးသုံးစွဲရတာပါပဲ ……… ဒါပေမယ့် ခင်များတို့ကျတော့ ပိုတွက်ချေကိုက်မပေါ့ …… ဟမ် ကိုကောင်းမြတ်”

”ဒီလိုလည်းပုံသေမရှိဘူးဗျ ……… ရတဲ့ ခါလည်း ရသပေါ့ ……… ဒါနဲ့ နေစမ်းပါအုံး …… စောစောက ကိုသောင်းမြ သရဲခြောက်ခံရတယ် ဆိုတဲ့ …… အကြောင်းလေး ဆက်စမ်းပါအုံး”

ကိုကောင်းမြတ်ကပင် စောစောက အကြောင်းလေး ကိုပြန်လည် အစဖော်လိုက်လေတော့၏။

”ဒီလိုဗ် …… ”

ညက အတော်နက်လို့နေချေပြီ ။ ခရီးသည် ပို့ပြီး နောက်ကျနေသည်မို့ ကိုသောင်းမြတစ်ယောက် အိမ်ကို ပြန်ချင်စိတ်တွေက လောကြီးနေလေ၏။ အိမ်က မိန်းမ ကဒီချိန်ထိ ပေါ်မလာနိုင်သေးသော သူ့အား စိတ်ပူနေ တော့မည်ကိုလည်းသူသိ၏။ ယခုမှာတော့ သူနေထိုင် ရာ ရပ်ကွက်ကလေးနှင့် သိပ်မဝေးလှသော လားရှိုးကြီး ဟုခေါ်သည့် နေရာ တစ်ခုကို သူရောက်နေချေပြီ။ ယခုမှာတော့ အားလုံးလက်စသိမ်းပြီးကာ ပြန်ရန်သာ ကျန်တော့သည်။ အချိန်ကား ည ကိုးနာရီပင်ကျော်လု တော့မည်။ ကိုသောင်းမြလေး အိမ်သို့ အမြန်ပြန်ရောက် ရန် အလို့ဌာ ကားလီဗာလေးကို ခပ်သော့သော့ နင်း၍ မောင်းလာခဲ့သည်မှာ လားရှိုးကြီးစျေးကို ကျော်လို့ လာခဲ့ချေပြီ။ ထိုခေတ် ထိုအခါက မော်တော်ဆိုင်ကယ်များ လည်းမရှိသလောက်ရှားပါးသေးသည်မို့ ညကိုးနာရီ ဆိုသော အချိန်သည်ကား လမ်းမပေါ်တွင် လူများမရှိ တော့ချေ။ အရေးအကြောင်းမရှိလျှင် ထိုအချိန်ကြီး မည်သူမျှ အိမ်ထဲက မထွက်သော ကာလ တစ်ခုလည်း ဖြစ်လေ၏။

ကိုသောင်းမြ၏ ဆန်နီ ကားငယ်လေးမှ ကားမီးရောင် ကတော့ ရှေ့ကိုက်တစ်ဆယ်လောက်ကို ကောင်းကောင်း လင်းလို့နေလေ၏။ လမ်းမပေါ်၌လည်း ကိုသောင်းမြ၏ ကားငယ်လေးမှ အပ အရာရာသည် တိတ်ဆိတ် ခြောက်သွေ့လွန်းလှပေ၏။ မကြာပေ သူလည်းကား လေးကို ဟိုချိုးဒီကွေ့ မောင်းနှင်လာရင်းမှ သူ့ကားမီ ရောင်အောက် ခြေဆယ်လှမ်းခန့်တွင် ညောင်ပင်ကြီး တစ်ပင် ပေါ်လာလေတော့၏။ ထိုညောင်ပင်ကြီးမှာ လမ်း ညာဘက်ဘေးတွင် အလေ့ကျ ပေါက်နေသော ညောင်ပင်ကြီးလည်းဖြစ်သလို ဘယ်နှစ်ခုနှစ်တည်းက ပေါက်နေမှန်းမသိ။ အပင်ကြီးမှာ ပေနှစ်ဆယ် ကျော်ခန့် ပင် ရှိပေလောက်မည်။ ထီးထီးကြီးရှိလို့။ ဒီလမ်းမှ မပြန် လျှင်လည်း သူအိမ်ပြန် ဒီထက်နောက်ကျ ရုံသာ ရှိပေ တော့မည်။ ထို့ကြောင့်လည်း ဖြတ်လမ်းဖြစ်သည့် ထို လမ်းသွယ်လေးကို ရွေးကာ ကိုသောင်းမြ ကားကို ခပ်သွက်သွက်ကလေး မောင်းနှင်လာခဲ့ခြင်းလည်း ဖြစ် လေ၏။ ကားအင်ဂျင်သံလေးမှ အပ ကိုသောင်းမြ ကြားနေရသော အသံကား ခြောက်ကပ်ကပ် နိုင်လွန်း လှပေ၏။ မကြာပေ ညောင်ပင်ကြီး အောက်သို့ သူ့ကား လေးဆိုက်ဆိုက်မြိုက်မြိုက်ရောက်လို့ သွားခဲ့ချေ ပြီ။ သစ်ပင်၏ အအေးဓာတ်ကြောင့်ပဲလား ဘာကြောင့် လားတော့မသိ။ ထိုညောင်ပင်ကြီးအောက် သို့ရောက်လျှင် ရောက်ချင်းပဲ ကိုသောင်းမြ၏ ကျောထဲ စိမ်းခနဲ နေအောင်အေးသွားလေတော့၏။

ထိုမျှနှင့် မကသေးပေ။ ” ဝုန်း ” ဆိုသော ကားနောက်ခန်းဆီမှ အသံတစ်သံနှင့်အတူ ကိုသောင်းမြ၏ ဆန်နီ ကားငယ်လေးမှာ အိခနဲ သိမ့်သိမ့်တုန်သွားလေ တော့၏။ အပေါ်က ပြုတ်ကျလာသည်နှင့်တော့မတူ ကားအနောက်ကနေ၍ ဝုန်း ခနဲ တစ်စုံတစ်ယောက်က ခုန်တက်လိုက်သလို ခံစားမှု ကို ကိုသောင်းမြ ချက်ချင်း ခံစားလိုက်ရလေတော့၏။ ထို့ကြောင့်လည်း ကားနောက်ကြည့်မှန်လေးမှ တစ်ဆင့် ကားအနောက်ခန်း ကိုကြည့်လိုက်ရာမှာတော့

”အမလေး ……… ဘုရား ……… ဘုရား”

သူ့ကားနောက်တွင် ပါလာသော တစ္ဆေကြီးမှာ နည်းနည်း နှောနှော အကောင်ကြီး မဟုတ်ပေ။ ခန္ဓာကိုယ်ကြီး မှာ မည်မျှပင်ကြီးသနည်းဆို ၄င်း၏ ကားအနောက်ခန်း တစ်ခုလုံးပြည့်ကျပ်လို့ပင်နေလေ၏။ ထို တစ္ဆေကြီး ၏ ပုံစံကိုတစ်ဖန်ကြည့်ပြန်ရာတွင်လည်း တစ်ကိုယ်လုံး အမွေးရှည်ကြီးများဖြင့် ဖုံးလွှမ်းကာ ဟင်းရည်သောက် ပန်းကန်လုံးလောက်ရှိသည့် မျက်လုံးရဲကြီးများ ဖြင့် ကိုသောင်းမြ အားစိမ်းစိမ်းကြီးကြည့်လို့နေလေပါတော့ ၏။

”အမလေး …… ကယ်ကြပါအုံး ……… ကယ်ကြပါအုံဗျို့”

ကိုသောင်းမြလည်း မြင်လိုက်ရသော အရာကြီးကြောင့် သွေးပျက်ချောက်ချားသွားကာ ပါးစပ်မှ ဆောက်တည် ရာမရ အော်ဟစ်ရင်း ကားလီဗာ ကိုညာခြေဖဝါးဖြင့် တအားဖိကာ နင်းလေတော့၏။

”ဝေါ ……… ဝေါ”

စတီယာရင်ကိုင်ထားသော ကိုသောင်းမြ၏ လက်အစုံ မှာလည်း တဆတ်ဆတ်တုန်ယင်လို့နေလေ၏။ ကား နောက်ကြည့်မှန်မှ တစ်ဆင့်ကြည့်ပြန်ရာတွင်လည်း စောစောက တစ္ဆေကြီးမှာ ရှိလို့နေတုန်းပင်။ ကိုသောင်းမြ လည်းကြံရာမရသည့် အဆုံး ခြံတခါးဖွင့်ထားသော ခြံကြီးတစ်ခြံထဲသို့ ကားကို တရကြမ်း ထိုးဝင်ပစ်လိုက်လေ ပါတော့၏။

”ဟာ ……… ဟေ့လူ ……… သတိထား …… သတိထား ……… တိုက်မိတော့မယ်”

ထိုခြံထဲမှ အသက်နှစ်ဆယ်ကျော် ဝန်းကျင် လူငယ်လေး နှစ်ယောက်ခန့်က ပြေးလာတော့မှ ကိုသောင်းမြ လည်း ကားဘရိတ်ကို စွတ်အုပ်ချလိုက်လေတော့၏။

”ငါ့ …… ငါ့ ……… ငါ့ကိုသရဲလိုကျလာလို့”

”ဗျာ ……… ဘယ်မလဲ ……… ဘယ်မလဲ”

”ကား …… ကား နောက်ခန်းထဲမှာ”

ကိုသောင်းမြပြောလိုက်တော့ စောစောကလူငယ် နှစ်ယောက်လည်း လက်နှိပ်ဓာတ်မီးများယူကာ ကားနောက် ခန်းကို ရှာဖွေကြလေတော့၏။

”ဟေ့လူ ……… မရှိပါဘူးဗျ”

”ဟေ့ …… ကောင်လေးတွေ ဘာဖြစ်ကြတာလဲ”

”မသိဘူး …… ဦးလေး ……… သူ့ကို သရဲ လိုက် လို့ လို့ပြောတာပဲ”

ထိုအခါ ခြံပိုင်ရှင်ဖြစ်ဟန်တူသော အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်က ကိုသောင်းမြ ဆီသို့လာကာ

”ဘယ်လိုဖြစ်တာလဲ ……… ကိုယ့်လူ …… ညကြီး မိုးချုပ်မှ …… ခင်များနှယ့်”

”ဒီ …… ဒီ လိုပါဗျ ……… ကျုပ် …… ကျုပ် ကားပေါ်ကို တစ္ဆေ တစ္ဆေ ကြီးတစ်ကောင် ခုန်တက် လာလို့”

”ဟေ ……… ဘယ်နားကလဲ ……… ”

”ဟို …… ဟို နားက ညောင်ပင်ကြီးနားမှာ”

ကိုသောင်းမြ ထိုသို့ပြောလိုက်မှ ထိုလူကြီးလည်း မျက် လုံးပြူးသွားလေတော့၏။

”ကဲကဲ …… ကိုယ့်လူ ကားပေါ်က ဆင်း…… ခင်များနှယ့် ……… အဲ့ညောင်ပင်ကြီးက သရဲအခြောက် ကြမ်းတယ် …… တော်သေးတာပေါ့ ………ခင်များ တော်တော်ကံကောင်းနေလို့ ……… ကောင်လေး တွေ ပရိတ်ရေ နဲ့ တရော် ကင်ပွန်းတွေ ယူခဲ့”

ထိုလူကြီးလည်း စောစောက ကောင်လေးနှစ်ယောက် အားထိုသို့ပြောလိုက်လေတော့၏။

”ရော့ …… ရော့ ခင်များလည်း ပရိတ်ရေလေး ဘာလေး သောက်လိုက်အုံး ”

”ကျေး …… ကျေး ဇူးတင်ပါတယ်ဗျာ”

ကိုသောင်းမြ အလွန်ပင်ကံကောင်းခဲ့လေသည်။ ထိုလူ ကြီး၏ ခြံကြီးကား အခြားတော့ မဟုတ်ပေ။ ကားရေ ဆေးဆီလိုက် လုပ်သော နေရာ တစ်နေရာဖြစ်လေ၏။ ထို့ကြောင့်လည်း ယခုလို ညအချိန်ထိ လာရောက်သည့် ဧည့်သည်များကို ဝန်ဆောင်မှု ပေးရန် ဖွင့်ထားခြင်း ဖြစ်သလို ထိုသို့ ခြံတံခါးကြီး ဖွင့်ထားခြင်းက ကိုသောင်းမြ အတွက် အသက်ဘေးက သီသီလေး လွတ်ခဲ့ ခြင်း ဟုလည်းဆိုရပေတော့မည်။ စောစောကကောင်လေး နှစ်ယောက်မှာတော့ တရော်ကင်ပွန်းများဖြင့် ၄င်း၏ ကားပတ်ပတ်လည်ကို လိုက်လံပတ်ဖြန်းလို့နေကြလေ ၏။ ပရိတ်ရေလေး အနည်းငယ်သောက်လိုက်မှသာ ကိုသောင်းမြလည်း လူနှင့်စိတ်နှင့် ပြန်ကပ်ပြီး အနည်း ငယ်ပြန်လည်တည်ငြိမ်လာလေပါတော့၏။ ထိုအခါမှ စောစောက ခြံပိုင်ရှင်လူကြီးက

”ခင်များတော်တော်ကံကောင်းတယ် ……… ကိုယ့်လူ ခါတိုင်းဆို ……… ကျုပ်တို့လည်း ဒီချိန် သိမ်း ပြီ ခုတော့ ……… ခင်များစိတ်ချ လက်ချ ပြန်လို့ရပါ ပြီ ကျုပ်ကောင်လေးတွေ …… ခင်များကားကို သေချာ တရော်တွေဘာတွေပက်ပေးထားတယ် ……… ဒါပေမယ့် တစ်ခုတော့သတိပေးပါရစေ …… နောက်ဆို အဖော်မပါဘဲ အဲ့ညောင်ပင်ကြီးအောက်ကနေ …… ယောင်လို့တောင် ကားဖြတ်မမောင်းမိစေနဲ့ …… ခင်များမှ မဟုတ်ဘူး …… ကားသမားတော်တော် များများလည်း အဲ့ညောင်ပင် တစ္ဆေကြီးခြောက်တာ ခံကြ ရဖူးတယ် ……… နောက်တော့ သတိထားပေါ့”

”ဟုတ် …… ဟုတ်ကဲ့ပါဗျာ”

တစ်အောင့်လောက်ကြာတော့ ကိုသောင်းမြလည်း ထို လူကြီးနှင့် ကောင်လေးများကို နှုတ်ဆက်ကာ ထိုခြံကြီး ထဲမောင်းထွက်ခဲ့လိုက်ပြီး အိမ်ကိုကောင်းစွာ ပြန်ရောက် ခဲ့ပါတော့၏။ သို့သော် ထိုတစ္ဆေကြီးခြောက် လှန့် လိုက်သည့်အရှိန်ဖြင့် ကိုသောင်းမြမှာတော့ အဖျားကြီး ကာ အိပ်ရာထဲ လဲလို့သွားပါလေတော့၏။

”ဖြစ်ပုံကတော့ …… ဒီလိုပဲ ……… ကိုကောင်းမြတ် ရေ ……… ”

ဟူ၍ ကိုမြသာ ကပြောရင်း ရေနွေးဓာတ်ဗူးထဲမှ ရေနွေး ကိုဌဲ့ကာ တဖူးဖူးမှုတ်နေလေတော့၏။

”အေ့ဗျာ ……… ခင်များပြောပုံအရ ဆို …… ကြောက်စရာကြီးပဲဗျ ”

”ဒါပေါ့ဗျ …… ကျုပ်တို့ ကားသမား လောက ကတော့ ဒါတွေကြုံရတာ …… အဆန်းလို့တောင် မဟုတ် တော့ဘူးထင်တာပဲ”

”ဆန်းတာပေါ့ဗျ ……… ကျုပ်က …… တခါမှ မှ ဒါမျိုးတွေ မကြုံဖူးတာ ”

”အေ့ပေါ့ ……… ခင်များကံမြင့်နေတဲ့ ချိန်မို့နေမယ် ……… ခင်များက ဟိုင်းဝေးမောင်းတဲ့ သူဆို တော့ ပိုလို့တောင် သတိထားရအုံးမယ်”

ကိုမြသာက ထိုသို့ပြောလေ၏။ ကိုကောင်းမြတ်လည်း ၄င်းပြောသည်ကို လက်ခံကြောင်း ခေါင်းကို တဆတ်ဆတ် ငြိမ့်နေလေတော့၏။

”ကျုပ်သာ …… ကိုသောင်းမြကြီးနေရာ ဆို မတွေးဝံ့ စရာပဲ ကိုကောင်းမြတ်ရေ”

”ဘာလဲ ……… ခင်များက ကြောက်လို့လား ကိုမြသာ”

”အဲ့လို နဖူးတွေ့ …… ဒူးတွေ့ကြုံလာရင်တော့ မကြောက်ဘဲ …… ရှိပါ့မလားဗျ”

”ဟဲဟဲ …… ဒီတစ်ခုတော့ ကျုပ်သာ သွားပြီ …… ကျုပ်က အခြောက်မခံရဖူးလို့လား မသိဘူ …… သိပ်တော့ မကြောက်ဘူးရယ်ဗျ”

”အေ့ပါဗျာ …… အေ့ပါ …… ကြုံလာရင် ကြို ကာကွယ်ရအောင် သံဗုဒ္ဓေ လေးဘာလေးကျက်ထားအုံး ……… တော်နေကြာ သံဗုဒ္ဓေ အစမေ့လို့ ခင်များ ရွာ လည်နေအုံးမယ် ……… ဟားဟား ဟား”

”ဟားဟား …… ခင်များက တကယ်နောက်တဲ့ လူပဲသံဗုဒ္ဓေတော့ ကျုပ်အလွတ်ရပါတယ်ဗျ ”

ဤသို့နှင့်ပင် ကိုကောင်းမြတ်နှင့် ကိုမြသာ တို့စကား ဝိုင်း လေးကား ရယ်စရာများဖြင့် အဆုံးသတ်လိုက်လေ ကြတော့၏။ နောက်နှစ်ရက်လောက်အထိ ကိုကောင်းမြတ် တစ်ယောက် ကိုမြသာ အား မတွေ့ဖြစ်တော့ပေ။ သူလည်းအလုပ်များနေသည်ထင်။ ကိုကောင်းမြတ် ကတော့ အမှန်ပင် အလုပ်များလို့နေလေ၏။ ယခု လည်း သူသိန္နီက ထမင်းဆိုင်လေး ထမင်းစားသောက်ပြီး စီးကရက် တစ်လိပ်ကို အရသာခံကာ ဖွာရှိုက်နေလေ၏။ တခြားကားများကတော့ လားရှိုးသို့ပြန်သွား ချေပြီ။ သူလည်း ကုန်ဖြစ်ဖြစ် လူဖြစ်ဖြစ်ရှာကာ ပြန်မည် ဟုတွေးနေစဉ်မှာပဲ

”ကား …… ကားဆရာလား”

အသံကြားရာဆီသို့ ကိုကောင်းမြတ် ကြည့်လိုက်တော့ ရှမ်းဘောင်းဘီနှင့် အပေါ် က ရိုးရိုးစပို့ရှပ် အဖြူရောင် ဝတ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရလေ၏။

”ဟုတ် …… ဟုတ်ပါတယ်”

”ကျုပ် …… ကျုပ်အမေ နေမကောင်းလို့ …… ဒီကဆေးရုံတွေက မရဘူးတဲ့ …… လားရှိုးပို့ရမယ် လို့ပြောတယ် ……… အဲ့ဒါ ကားအားလား ကားဆရာ”

ထိုအမျိုးသား ကား ရှမ်းလူမျိုးတစ်ယောက် ဖြစ်ဟန် တူလေ၏။ မြန်မာစကားကို ဝဲတဲတဲ လေသံဖြင့်ပြော နေပုံအရ ကိုကောင်းမြတ်လည်း ခန့်မှန်းနိုင်လေ၏။

”ရပါတယ် ……… ဒါပေမယ့် …… ကျွန်တော် ခရီးသည် စောင့်အုံးမှာနော် ”

”မစောင့်ပါနဲ့ဗျာ ……… လိုချင်သလောက်ပေးပါ့ မယ် ကျုပ်အမေ အရေးကြီးလို့ပါ ”

ပျာယာခတ်နေသော ထိုလူအားကြည့်ကာ ကိုကောင်းမြတ် လည်း

”တစ်သောင်းတော့ ပေးဗျာ ……… ရမလား”

”ရတယ် …… ရတယ် …… ”

”ဒါဆိုကားပေါ်တက် ……… ”

ကိုကောင်းမြတ်လည်း ထိုလူအား ကားပေါ်တင်ကာ ၄င်းတို့ နေထိုင်ရာ အိမ်ဆီသို့မောင်းနှင် သွားလိုက် တော့သည်။ တအောင့်လောက်မောင်းနှင်ပြီးနောက်မှာ တော့ ထိုလူ့အိမ်သို့ရောက်ခဲ့လေတော့သည်။ အိမ် အောက်တွင် အထုပ်အပိုးအချို့နှင့် လူငါးယောက်ခန့် က အသင့်စောင့်နေလေ၏။ မိန်းကလေးငယ် နှစ်ယောက် နှင့် ယောကျာ်း နှစ်ယောက် နောက်ပြီး အသက် ငါးနှစ်သာသာ ရှိသော ကလေးတစ်ယောက်လည်း ပါလေ၏။

”အစ်ကို …… ခနနော် …… အမေ့ကို သွားခေါ်လိုက်အုံးမယ်”

ထိုလူလည်း ကိုကောင်းမြတ်အား ထိုသို့ပြောရင်း အိမ်ထဲသို့ အခြားကောင်လေး နှစ်ယောက် နှင့်ပြေးဝင် သွားလေတော့၏။ ပြန်ထွက်လာတော့ အသက် ၇၀ နည်းပါးရှိသော အဖွားကြီးတစ်ယောက်ကို ပွေ့ကာ ထွက်လာကြလေ၏။

”ရပြီ …… အစ်ကို …… လားရှိုးဆေးရုံကြီး”

ထိုလူလည်း အောက်က လူများကို သူတို့ ရှမ်းဘာသာ စကားဖြင့် ပြောကာ ကားပေါ်တက်ခိုင်းလေတော့၏။ ပြီးနောက် လူများစုံပြီမို့ ကိုကောင်းမြတ်လည်း ကား ကိုမောင်းထွက်ခဲ့လိုက်ပါတော့၏။ ကားလာဌားသော သူမှာတော့ အရှေ့တွင် သူနှင့် အတူထိုင်လေ၏။ ကိုကောင်းမြတ်၏ ကားလေးမှာ ယနေ့ စူပါကာစတန် ကားလေးများလို ဟိုတုန်းကတော့ ပေါင်မုန့်ကား ဟု ခေါ်သော ကားလေးပင်ဖြစ်လေ၏။ ထိုကားလေးဖြင့် ပင် သီန္နီ လားရှိုး ခရီးစဉ်ကို သူပြေးဆွဲလေ၏။ သူ့နံ ဘေးတွင်ထိုင်နေသော ထိုလူမှာ ဘေးက ပြတင်းပေါက် ကို ဆွဲဖွင့်လေ၏။

”တော်တော်ကြပ်တယ်နော် ”

”ဟုတ်တယ်ဗျ …… တံခါးတိုင်း ကြပ်နေတာ …… ကျုပ်လည်း မအားသေးတာနဲ့ ……… ဝပ်ရှော့ မပို့နိုင် သေးလို့ …… ဒါနဲ့ ခင်များ အမေက ဘာဖြစ်တာ လဲ ……… ”

”နှလုံးသွေးကြော ပိတ်နေတာ …… အသက်ရှူ မရဖြစ်နေလို့ အဲ့ဒါ ……… လားရှိုးဆေးရုံပို့မှရမယ် ဆို လို့”

”အဆင်ပြေသွားမှာပါ ……… ”

”ဟုတ်ကဲ့ ……… ရော့ အစ်ကို ပတ်ဆံ ‘

ထိုလူလည်း ၄င်း၏ ရှမ်းလွယ်အိတ်ထဲမှ ငါးရာတန် လေးများလိပ်ထားသော အလိပ် ကလေးကို ထုတ်ပေး လေ၏။

”ရပါတယ်ဗျ ……… ဟိုရောက်မှပေးပါ”

ကိုကောင်းမြတ်လည်း အရေးကြီး လူနာပါလာသည် မို့ ကားလေးကို ခပ်သွက်သွက်မောင်းခဲ့ပေးလိုက်ရာမှ ည နေလေးနာရီခွဲလောက်အချိန်ရောက်တော့ လားရှိုး ဆေးရုံကြီးရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့လေ တော့သည်။ ဆေးရုံကြီးရှေ့ကား ရပ်ပေးလိုက်သည် နှင့် တစ်ပြိုင်နက် ကားပေါ်က လူတွေလည်း ဝရုန်းသုန်းကား ဆင်းကာ ထိုအဖွားကြီးအား ပွေ့ချီပြီး အရေးပေါ် ဆောင်ဆီ ပြေးလေတော့သည်။

”ဟာ …… ဟေ့ …… ဟေ့ ပိုက်ဆံ”

စောစောက လူမှာ ပိုက်ဆံထုတ်ပေးဖို့ မေ့သွားလေ၏။ ထို့ကြောင့် သူလှမ်းအသံပြုလိုက်သော်လည်း ထိုလူမှာ သူ့အမေဇော နှင့် နောက်သို့ လှည့်မကြည့်နိုင်ဘဲ ဆေးရုံကြီးထဲ ပြေးဝင်သွားလေတော့၏။ ကိုကောင်းမြတ် လည်း အသက်ငင်နေသော အဖွားကြီး ကတစ်ဖက် နှင့် ဗျာများနေသော ထိုလူ့အား လူမှုရေးအရကြောင့် ပိုက်ဆံ လိုက်မတောင်းတော့ဘဲ ဆေးရုံပေါက်တွင် သာ ကားရပ်ရင်းစောင့်နေလိုက်တော့သည်။ နာရီဝက်ခန့် ကြာတော့ စောစော ကလူလည်း ပြန်ထွက်လာလေ၏။ ထိုလူ၏ မျက်နှာမကောင်းလှ ။ သူတို့အမေ အခြေနေ မကောင်းဟန်တူလေသည်။

”ကားဆရာ …… အမေက အခြေနေမကောင်း တော့ ဘူး ……… ကျုပ်တို့ သိန္နီကိုပဲ ပြန်ခေါ်သွားချင်တယ် …… ဒီမှာ သေသွားရင် အလောင်းကို ပြန်ရတော့ မှာ မဟုတ်ဘူး”

”ဗျာ …… အဲ့တော့”

”အဲ့ဒီတော့ ……… အမေ့ကို အိမ်ပြန်သယ်သွား ချင်တယ် ……… ကားခ နောက်ထပ် နှစ်သောင်းနဲ့ သုံးသောင်းပေးပါ့မယ်ဗျာ”

ထိုလူ၏ ပြောစကားကြောင့် သူလည်း ခနမျှ နှုတ်ဆိတ် သွားလေတော့၏။ သုံးသောင်းဆိုသည်ကား ထိုခေတ် ထိုကာလက နည်းနည်း နှောနှော ပမာဏ မဟုတ် ရွှေ တစ်ကျပ်သားမှ လေးသောင်းကျော် ငါးသောင်း ဝန်းကျင်သာရှိသော အချိန်လည်းဖြစ်လေ၏။

”ခင်များတို့အမေ …… ဆုံးတော့ …… မဆုံးသေး ပါဘူးနော် ”

”မဆုံး …… သေးပါဘူးဗျာ ……… ကူညီပါ …… အခြေနေက သိပ်မကောင်းတော့ဘူး”

”ကဲဗျာ ……… မထူးတော့ဘူး ……… သွားကြ တာပေါ့”

ဤသို့ဖြင့် ကိုကောင်းမြတ်လည်း သဘောတူလိုက်ကာ ထိုလူမမာ အဖွားကြီးမိသားစု နှင့်ပင် သိန္နီ ခရီးကို တစ်ခေါက်ပြန်သွားရချေတော့မည်။ ဟိုကနေ တန်းပြန်လာ မည်ဆိုပါက ဒီကို ည ရှစ်နာရီ ခွဲခန့်လောက် ရောက်မည် ဖြစ်ကြောင်း သူကြိုတင်မှန်းဆထားမိပြီးဖြစ် ၏။ ထို့ကြောင့်လည်း ထိုမိသားစုနှင့်ပင် ကိုကောင်းမြတ် တစ်ယောက် သိန္နီ သို့ တစ်ကျော့ပြန်မောင်းခဲ့လေ ပါတော့၏။ အဖွားကြီးမှာတော့ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်လို့နေချေပြီ။ ကားဌားသော လူမှာလည်း ကားမထွက်ခင်တည်းက သူ့အားငွေသုံးသောင်း ကိုတခါတည်း ပေးချေလို့ထားလေ၏။ သူလည်း စိတ်ကောင်း ပေ ။ ကားနောက်ကြည့်မှန် မှတစ်ဆင့်မြင်နေရသော အဖွားကြီးမှာ တော်တော် အခြေနေမကောင်းတော့ မှန်းသူလည်း သိလေ၏။ ခြောက်နာရီ ထိုးခါနီး လောက်ရောက်တော့ သူတို့တွေ သိန္နီမြို့လေး နှင့် နီးလို့ လာချေပြီ။ စောစောက အသက်ငင်နေသော အဖွားကြီး မှာတော့ ရုတ်တရက် ငြိမ်လို့သွားသည်ကို မည်သူမျှ မသိလိုက်သလို ကားဆရာ ကိုကောင်းမြတ် ကိုယ်တိုင် လည်းမသိလိုက်ပေ။ မကြာပေ သူတို့နေထိုင်ရာ အိမ်လေးဆီသို့ရောက်ခဲ့ ချေပြီ။ ပြီးနောက် ထိုအဖွားကြီး အား ပွေ့ချီကာ ချလိုက်ကြပြီး သူတို့ ဘာသာ စကားများ ဖြင့် ဘာတွေ ပြောနေကြမှန်းမသိ ။ ကိုကောင်းမြတ် မှာတော့ နားမလည်ပေ။ ထူးဆန်းသည်ကား သူ့ကား တွင်ပါလာသော ငါးနှစ်အရွယ်ကောင်လေး မှာ တော့ လူကြီးတွေ ပြောစကားကြောင့် ဝါးခနဲ ထငိုလေ တော၏။

( ၃ )

ထိုထဲမှ မိန်းကလေး တစ်ယောက်က ကလေးအား မငို ဖို့ သူတို့ဘာသာစကားဖြင့်ပြောကာ ချော့ပြီး အိမ်ထဲ ခေါ်သွားလေတော့၏။ ထိုအဖွားကြီး အသက်ကော ရှိသေးရဲ့လား ဟူ၍ တော့ ကိုကောင်းမြတ်လည်း ဇဝေဇဝါ ဖြစ်မိ၏။ သို့သော် ကားခ လည်းပေးပြီးသွားပြီ ဖြစ်သည် မို့ ဘာမှဆက်မပြောတော့ဘဲ ထိုကားလာဌားသည့် လူအား နှုတ်ဆက်ကာ ပြန်ခဲ့လိုက်တော့သည်။

”ကျေးဇူးတင်ပါတယ်ဗျာ ……… တကယ်ကျေးဇူး တင်ပါတယ်”

”ရပါတယ်ဗျာ …… ခုလိုကူညီရတာကိုပဲ ဝမ်းသာ ပါပြီ”

”ကားဆရာ …… မှောင်တောင် မှောင်နေပြီ …… ဒီည ဒီမှာပဲ နားသွားပါတော့လား”

ထိုလူက ညမိုးချုပ်နေပြီမို့ မပြန်ဖို့တားလေ၏။ သို့သော် အိမ်တွင် မိန်းမ နှင့်ကလေးက ကျန်ခဲ့သေးသည် မို့ ကိုကောင်းမြတ် တစ်ယောက် မပြန်၍ မဖြစ်ပေ။

”နေပါစေဗျာ ……… ကျုပ်လည်း သိပ်မိုးမချုပ်ခင် ပြန်လိုက်အုံးမယ်”

”ဟုတ် …… ဟုတ်ကဲ့ပါ”

ထိုလူလည်း သူ့ကားနောက်မှ တဖြေးဖြေး ဝေးကာ ဝေးကာ ကျန်ရစ်ခဲ့ပါတော့၏။ ည ခုနစ်နာရီပင်ထိုးနေချေ ပြီ။ ဆောင်းရာသီသို့ ဝင်စပြုနေပြီမို့ ညခုနစ်နာရီ ဆိုသော အချိန်သည်ကား အမှောင်ထု တို့စတင်ကြီးစိုးလို့ လာချေပြီ။ ကိုကောင်းမြတ်လည်း ကားလေးကို ခပ်သွက်သွက်မောင်းနှင်လာခဲ့သည်မှာ မည်မျှပင် ကြာသွား ပြီ မသိ။ ကားမှ ဒစ်ဂျစ်တယ်နာရီလေးကို တစ်ချက် ကြည့်လိုက်တော့ ညရှစ်နာရီပင် ခွဲတော့မည်။ သိန္နီမြို့လေး ကတော့ ဟိုးမိုင်တိုင်များနှင့် အဝေးမှာ ကျန်ခဲ့ လို့နေချေပြီ။ ကားလမ်းပေါ်မှာတော့ သူ၏ ပေါင်မုန့် ကားငယ်လေးနှင့်အတူ ကားမီးရောင်လေးမှ အပ ကျန်သော အရာအားလုံးမှာ သက်မဲ့များသဖွယ် ငြိမ်သက် လို့နေလေ၏။ သူလည်း ကားထဲက မီးလုံးလေးကို ဖွင့် ကာအေးအေးလူလူပင် မောင်းနှင်ရင်းလာခဲ့ပါတော့၏။ သို့သော် တစ်နေရာ အရောက်မှာတော့

”ချုပ် ……… ချုပ် …… ချုပ်”

သူ၏ ပေါင်မုန့်ကားလေး ရုတ်တရက် စက်သေသွားလေ တော့၏။

ဇာတ်သိမ်းပိုင်း ဆက်ရန်

သူရေး