လမ်းမတော်ဖိုးတုတ်

လမ်းမတော်ဖိုးတုတ်(စ/ဆုံး)

————————–

 ထိုခေတ်အခါ၌ ရန်ကုန်မြို့၏ညဘုရင်ကို ကျွန်တော်သည် ဘာနုရာဇာဒေါင်းစကြာ၏ မမြင်ကွယ်ရာတွင် ဖူးမြင်ခဲ့ရလေသည်။ ထိုညသူ၏ ညီလာခံသဘင်မှာ သင်္ကန်း၀တ်(ရဟန်း သံဃာဟုမဆိုပါ။) နှစ်ဦးနှင့် အရက်သောက်နေခြင်းပင်ဖြစ်ပါသည်။

 ၁၉၄၀ ခုနှစ်က ကျွန်တော်သူငယ်ချင်း ‘အပါ’။ (ဒီကောင်ယခုပင်ရှိပါသည်။)

ထိုသက္ကရာဇ်တွင် တရံရောအခါ၌ ဒီကောင်မြာတပွေကို ဂေါ်လေရာ ပက်လက်လန်ကျခဲ့သည် နှင့် အချစ်မြေပြင် ခြေတင်စ လူငယ်တို့၏ထုံးစံအတိုင်း အပြင်းအထန် စိတ်နှလုံးထိခိုက်တော့သည်ဟူသတည်း။

 “ဟေ့ သူငယ်ချင်းရ။ ငါတော့ အကြီးအကျယ်စိတ်ညစ်ပြီကွ”

 ကျွန်တော်က ဒီပွဲမျိုးကြုံခဲ့ဖူးပေါင်းများပြီဖြစ်၍

 “အေး ငါသိသားပဲကွ”

 “ရှေးလူကြီးသူမတွေကတော့ ‘ရည်းစားလူလု အူနုကျွဲခတ်’ လို့ပြောကြတယ်။ ခု ငါ့ရင်ခေါင်းထဲမှာ ဖြစ်နေတာကတော့ ဝါဆိုဖယောင်းတိုင်ကြီးတခုထွန်းထားသလို ပူရှိန်းနေပြီး ဖားတကောင်အရှင်လတ်လတ် လွှတ်ထားသလိုပဲ တဒိန်းဒိန်းခုန်နေတယ်ကွ”

 “အေးပေါ့ကွာ။ တကျောင်း တဂါထာ တရွာတပုဒ်ဆန်းဆိုတာလို တဦးနဲ့တဦး ခံစားမှု ဥပမာပြုပုံချင်းမတူကြဘူးပေါ့ကွာ။ ငါတုန်းက ငရန့်တကောင် ပြာလူးပြီး ရင်ခေါင်းထဲ လွှတ်ထားသလို အောက်မေ့ခဲ့ရတယ်ကွ”

 “ကဲ ဒီတော့ ဒီငရန့်လိုအကောင်၊ ဖားလိုအကောင် ဒို့ရင်ခေါင်းထဲ ၀င်ခုန်နေတာကို ဘယ့်နှယ်လုပ်ရမလဲ”

 ကျွန်တော်တို့ လူပျိုပေါက် စိတ်ကူးအတိုင်း

 “အရက်နဲ့ လောင်းသတ်တာပေါ့ကွာ”

 “အေး ဟုတ်ပီ”

 “နို့ပြီး လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်ဆိုတာလို မြာမျော မြာနဲ့လိုက်ရတယ်ကွ”

 “ဟာ ဒါ အေး မင်းဟာ ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် လိုက်ဖို့မြာက ဘယ်မလဲ”

 “ထာ၀ရအဖို့တော့ မဟုတ်ဘူးပေါ့ကွာ။ တခဏအတွက်မှာဖြင့် ယူနီဗာဆယ်တို့ စထရင်းတို့ အွန်လောက်တို့၊ နမ်းရွန်းတို့၊ ဟောင်ကောင်တို့မှာ မြာနဲ့အရက်ကစားပွဲနဲ့တွဲနေတယ် မဟုတ်လား”

 “အောရိုက်၊ အောရိုက်၊ ဘဲရီးဂွတ်အိုင်ဒီယာ။ ဘတ်။ အဲဒီဟော်တယ်တွေသွားဖို့ မန်းနီးက”

 “ဟာ ဒါတော့ မင်းကိစ္စ မင်းကြံမှပေါ့ကွ။ ငါ့ထီစာရေးမလေးတုန်းက င့ါရွှေကြယ်သီး ပေါင်ရတယ် မဟုတ်လားလို့”

 ဤနေရာ၌ ထိုခေတ်က ‘ထီစာရေးမ’ ဆိုသည့်အကြောင်းခေတ္တ ဖြတ်ပြောချင်ပါသည်။ ထိုခေတ်က ထီဆိုင်တို့သည် ယခုခေတ်လို အောင်ဆုပန်၊ ကန်တော်ကြီး၊ ကန်တော်ကလေး စသည့်နာမည်တွေတပ်၍ နေရာတကာ အနှံ့အပြားဖွင့်ကာ လူသူမရွေး ရောင်းချကြသည်မဟုတ်။ ထီဆိုင်ကို သိမ်ကြီးစျေးလို၊ စကော့စျေးလို အကွက်အကွင်းကျကျမှာ လှလှပပကြီး ပြင်ဆင်၍ မိန်းကလေးချောချောလှလှတွေမှ ရောင်းချကြသည်။

 ယခုခေတ်လို ဘယ်ဆိုင် ဘယ်လောက် အပေါက်များသည်ဟု သတင်းစာတွေထဲမှာ ထည့်ပြီး မကြော်ငြာကြ။ မိန်းကလေးလှလှကိုသာ ဘမ်းပြထားကြသည်။ အနှီမိန်းကလေးတို့က လခလည်းရ၏။ ရောင်းရသော ထီစာရွက်ပေါ်မှာ ကော်မရှင်လည်းရသည်။ ထို့ကြောင့် ထိုမိန်းကလေးတို့သည် ထီလက်မှတ်များများရောင်းရအောင် မြူဆွယ်တတ်ကြသည်။ ထိကပါး ရိကပါး အပြောခံကြသည်။

 ယခုခေတ်တွင် မိန်းမချောလေးတွေ ရုပ်ရှင် မင်းသမီးလုပ်ချင်ကြသကဲ့သို့ ထိုခေတ်က မိန်းမလှလေးတွေ ထီစာရေးမ လုပ်ကြသည်။ ထိုခေတ်က ဂေါ်ကာလသားတို့သည် သိမ်ကြီးစျေးထီရုံတန်းနှင့် စကော့စျေး အလယ်ပေါက်၀ နာရီစင်အောက်က ထီစာရေးမလေးလှပုံကို သတိရကြပေဦးမည်။ ထိုခေတ်က ထီစာရေးမ ဂေါ်ရပုံလည်း လွယ်လှသည် မဟုတ်ပါ။ တခါ စကားပြောချင်လျှင် ထီတစောင်ထိုး၊ ငွေနှစ်ကျပ်ကုန်ရပါ၏။

 ကျွန်တော်သည် မိုက်မဲစွာ ငွေနှစ်ကျပ်စီ အလီလီကုန်ခြင်းဖြင့် သိမ်ကြီးစျေး ထီရုံမှ ကောင်မလေးတစ်ယောက်နှင့် ရည်ငံမိသည်ဆိုကြပါစို့။ သူ့နာမည်က ဘေဘီ။ တရုတ်ကပြားမလေး။ လိပ်စာက ၁၀၈၊ ရွှေတောင်တန်း(အဟုတ်အမှန်ကို ထုတ်ပြန်လို့ရေးပါ၏။ မရွှေချော ယခုရှိပါသော် ငါးဆယ်ကျော် အဒေါ်ကြီး။) သူနှင့် ကျွန်တော်သည် စာပေးစာယူဖြစ်ကြပြီး တယ်မကြာလှ။ သူထီဆိုင်သို့ မလာတော့သဖြင့် သူနှင့်နှစ်ယောက်အတူ တွဲထိုင်လေ့ရှိသော မိန်းကလေးကို မေးကြည့်တော့ “ဘေဘီက ရှင့်ကိုချစ်သွားရှာတယ်။ ဒါပေမယ့် သူက ဒီထီဆိုင်ရှင် တရုတ်ရဲ့ မယားငယ်ပဲ” ဟုသိရသည်၌ ကျွန်တော်အသဲကွဲတဲ့သဘောပေါ့ ခင်ဗျာ။ ခုန အပါ့ကို ကျွတ်တော် ပြောသလို မြာမျော မြာနဲ့လိုက်ဆိုတဲ့အတိုင်း ရွှေကြယ်သီးကို ပေါင်ပြီးစာတွေ့မက ငါတွေ့ရသော ဟော်တယ်များသို့ကျွန်တော် သွားခဲ့သည်။ ဤနည်းလမ်းကို ကျွန်တော်က ညွှန်ပြခြင်းရာ အပါသည် ခေတ္တမျှ ဆိတ်ငြိမ်နေပြီးနောက် ရုတ်တရက်ပြောင်လက်သွားသော မျက်နှာနှင့်

 “အဲ၊ ဟုတ်ပြီ ဟုတ်ပြီ။ ဒီနေရာမှာ ငါ့မေမေကို ငါထိုင်ပြီးရှိခိုးချင်တယ်ကွ”

 “ဘာလဲ။ မင်းမေမေက ထိုင်ပြီးရှိခိုးတာနဲ့ ပိုက်ဆံပေတယ်လား။ ဒီလိုဆို ငါပါလိုက်ခိုးမယ်”

 “အို၊ နိုး။ ဒီလိုမဟုတ်ဘူး။ ငါ့မေမေကို ငါထိုင်ပြီး ရှိခိုးချင်စိတ်ပေါ်တာက ငါ့မေမေရဲ့ မေ့တတ်တဲ့အတွက်ကွ”

 “အို ငါ့လခွီးတဲ့။ မေ့တတ်တဲ့အတွက်ကိုသာ ထိုင်ရှိခိုးရမယ်ဆိုရင်ဖွတ်တွေ ပဒတ်တွေ ဘုရားဖြစ်ကုန်ရောပေါ့ကွ”

  သူသည် စိတ်ပျက်ဟန်နှင့် ခေါင်းကိုရမ်းလိုက်ကာ

 “တယ်၊ ဒီကောင်နားဝေးရန်ကော။ ငါပြောတာက ငါ့မေမေ မေ့တတ်တဲ့အတွက် ငါ ပိုက်ဆံရပေါက် ဖြစ်လာတာမို့ ငါပြောတာကွ။ ငါ့မေမေ မေ့တတ်တာက ဘယ်လိုလဲသိလား။ ပိုက်ဆံသေတ္တာဖွင့်ပြီး သော့မပိတ်ပဲ ထားတတ်တယ်။ ရေချိုးခါနီး နားတောင်းတို့၊ လက်စွပ်တို့ကို ချွတ်ပြီးဘယ်နေရာမှာထားမှန်းမသိပဲ ဖြစ်တတ်တယ်။ ဒါကြောင့် သူ့ပစ္စည်းတွေတခုခု ပျောက်ရင်ဘယ်သူ့မှ မစွပ်စွဲဝံ့ဘူး။ သူအထားမှားတာပဲ၊ တချိန်ချိန်ပြန်တွေ့မှာပဲလို့ ထင်နေတတ်တယ်ကွ။ ဘယ်သူမှလဲမယူတော့ဒီလိုပဲ ပြန်ပြန်တွေ့နေကျကိုကွ”

 သို့သော် အပါ့အမေ ဒေါ်ဖွားရွှေ၏ စိန်လက်စွပ်တကွင်းသည် မကြာမီအတွင်း၌ ထာ၀စဉ်ပျောက်ဆုံးသော အဖြစ်သို့ရောက်ရှိသွားလေသတည်း။

 ထိုလက်စွပ်ကို ၃၅ ကျပ်နှင့်ပေါင်၍ ၃၅ကျပ် ၁၅ပဲ ရှိနေသာ အပါနှင့်ကျွန်တော်သည် ရန်ကုန်မြို့ထဲသို့လာခဲ့ကြကာ အပါက

 “ဒီငွေမကုန်မချင်း ဟော်တယ်စေ့အောင်တက်မယ်ကွ။ အခုဘယ်ဟော်တယ်စသွားမလဲ”

 ထိုခေတ်က ငွေအစိတ်သုံးဆယ်သည် မနည်းပါချေ။ ထိုစဉ်၌ ကျွန်တော်တို့သည် (ဟော်တယ်စျေး) တကျပ်တပဲတန် တီတံဆိပ်ဘီယာတလုံးစီမျှ သောက်လိုက်လျှင်ပင် မူးယစ်သောစည်းစိမ် ခံစားရသော သမယဖြစ်ပါ၏။

 ကျွန်တော်က “ခင်ခင့်ဆီကို ပထမ သွားမယ်ကွ”

 ထိုစဉ်ကာလ၌ ‘ခင်ခင်’ ဆိုလျှင် ယူနီဗာဆယ်ဟော်တယ်ဖြစ်ကြောင်း ဤမှာဘက်၌ ကျင်လည်ကြကုန်သော သူကောင်းသားတို့ သိကြပါကုန်၏။ ခင်ခင်သည် ယူနီဗာဆယ်၏ အလှဘုရင်မ။

 “နောက်ပြီးတော့ အကင့်ဆီသွားမယ်ကွ”

 ကျွန်တော်က စကားဆက်၏။ အကင်သည် တရုတ်ကပြားမ၊ ၀၀ကစ်ကစ်ကလေး။ စထရင်းဟော်တယ်၏ စတားဖြစ်၏။ ၄င်းစထရင်းမှာ ယခုစထရင်းမဟုတ်။ ‘ချိုင်းနိစ်စထရင်း ဟော်တယ်’ ဟု အင်္ဂလိပ်လိုရေးထား၏။ ယခုလက်ရှိ စထရင်းဟော်တယ်ကား ထိုခေတ်က ဥရောပသားများအတွက် သက်သက်သာဖြစ်၏။

 “ကလင် လင်။ အံ့စယ်လာလယ်။”

 ယူနီဗာဆယ်ဟော်တယ်တွင် အပေါက်ဖက်ကို မျက်နှာပြုထိုင်နေသော ငွေသိမ်းစာရင်းကိုင်တရုတ်၏ အသံသည် သူ့လက်က ပထမနှိပ်လိုက်သော ခေါင်းလောင်းသံနှင့်အတူ ပေါ်လာသည်၌ အခန်းထိန်းမှူးမိန်းမ ထွက်လာကာ ကျွန်တော်တို့အား လွပ်လပ်သောအခန်းတခုသို့ ပို့လေသည်။

 “ကဲ၊ ဘာသုံးဆောင်ကြမလဲ ပြော”

 အပါသည် ထိုမိန်းမ၏ ပါးကိုတချက်နမ်းလိုက်ပြီး

 “တီနှစ်လုံးရယ်၊ ဘဲကင်ရယ်၊ ခင်ခင်ရယ်၊ သုံးခုအတူလွှတ်လိုက်ပါ”

 “ကျွန်တော့အဖို့တော့ မြနဲ့ကပ်စတန်စီးကရက်”

 ဤစဉ်ကာလ ကျွန်တော်သောက်သည်မှာ သုံးပဲပေးရသော ကပ်စတန် စီးကရက်။ မြက ဤဟော်တယ်မှာ ကျွန်တော့အဆက်။

 မြသည် ခင်ခင်လောက်တော့ မနိပ်ချေ။ သို့သော် သဘောသကာယကောင်း၏။ ကျွန်တော့ထက် နှစ်နှစ်မျှကြီး၏။ ကျွန်တော့အား မောင်လေး ဟုခေါ်၍ အမြူအချော့ကောင်း၏။

 ‘ဟော မမမြ’

 သူ၏တပွေ့တပိုက်ကိုယ်ကြီးကို ကျွန်တော်က ဆီး၍ ပွေ့လိုက်လေသည်။ အပါကား သူ့ခင်ခင်မလာသေး၍ မကျေနပ်။

 “ဘယ်မလဲဗျ၊ ခင်ခင်”

 မြသည်ကျွန်တော့ပါးကို တချက်ပြန်မွှေးလိုက်ပြီး

 “နေပါဦးကွယ်။ လာပါလိမ့်မယ်။ ပြောခဲ့ပါတယ်”

 “ကျွန်တော်မှန်းသိရဲ့လား”

 “သူမြင်လိုက်ပါတယ်”

 ခင်ခင်မှာ ဤဟော်တယ်တွင် လူကြိုက်အများဆုံးဖြစ်၍ သူ့ခများလေးမှာ တဒုက္ခ။ အခန်းတိုင်လိုလို လျှောက်ပြီးဖျော်ဖြေရသည်။ သူမလာ၍ ဆူကြပူကြသူများ၊ သူ့အတွက်နှင့် ရန်ဖြစ်ကြသူများ။

 ကျွန်တော်တို့သည် ထိုညတွင် ဤဟော်တယ်၌ ရန်မဖြစ်ခဲ့ရပါပေ။ စထရင်းက အကင် အတွက်လည်း ကတောက်ကဆမျှ မများခဲ့ရ။ အွန်လောက်က လှမေအတွက်လည်း မီးသေခဲ့ပါသည်။ သို့သော် နောက်ပိတ်ဆုံး နမ်းရွန်းဟော်တယ်ကျခါမှ သောက်ကျိုးနဲ ဘာမဟုတ်သည့် ငနဲမ တယောက်အတွက်နှင့်။

 အချိန်က သန်းခေါင်ယံနီးနေပြီ။ ဤဟော်တယ်တွေမှာ ည၁၂နာရီတွင်ပိတ်ရသည်။ ၁၁နာရီခွဲလျှင် ဧည့်စဲရသည်။ နောက်ထပ်မလာရ။ ကျန်လူများကိုပြန်ဖို့ တရုတ်တွေက လိုက်ပြီး ၀မ်နင်ပေးရသည်။ ထိုအချိန်၌ ဧည့်ခံသော မိန်းကလေးများလည်း နည်းသွားလေပြီ။ အကြောင်းမှာ အချို့လည်း ဧည့်ခံရင်း စျေးတည့်သွားသည်နှင့်အော်ဒါ လိုက်ကုန်ကြ၏။ ဟော်တယ်အပေါ်ထပ် အိပ်ခန်းများကို တက်ကုန်ကြ၏။

 ယင်းအချိန်မှာ ကျွန်တော်တို့အခန်းနှင့်မျက်နှာချင်းဆိုင် အခန်းနှစ်ခုအတွက်ပင် ငနဲမ တစ်ကောင်သာရှိတော့၏။ ဒါကို ဟိုဘက်ဒီဘက်လုကြလေသည်။

 “ဟေ့ ကြူကြူ။ ခေါ်နေတာ မကြားဖူးလား”

 အပါသည် ၀မ်းခေါင်းသံပါအောင် ကုန်း၍ အော်လိုက်ရာ တဖက်ခန်းမှ ယောက်ျားသံ တခုက

 “ဟေ့ ကြားတယ်။ မလာဘူးကွ”

 ယင်း၌ အတော်မူးနေပြီဖြစ်သော ကျွန်တော့လက်ထဲက ဖန်ခွက်က သူတို့အခန်းထဲသို့ ဂလွမ်ကနဲ ကျသွားလေသည်။

 သူတို့အခန်းထဲမှ ဝုန်းခနဲ ထသံများနှင့်အတူ

 “တယ် လူပါး၀လိုက်ပါလား။ သတ္တိရှိလာအပြင်ထွက်ခဲ့”

 ကျွန်တော်တို့သည် ပုလင်းများကိုင်၍ အပြင်ထွက်ကြကာ

 “အသင့်ပဲ ကျုပ်တို့က နှစ်ယောက်ဗျ”

 “ငါတို့လဲ နှစ်ယောက်ပဲ”

 “အိုကေ၊ ကမ်းမောက်”

 အမူးသမား သူရဲကောင်းကြီးများ အပြင်တွင်မျက်နှာချင်းဆိုင်မိကြ၍ လက်များပြင်လိုက်စဉ်မှာပင် သူတို့ဘက်က တယောက်သူသည် ရုတ်တရက် လက်ကာ၍ “ဟိုး ဟိုး ခဏနေကြပါအုံး ခဏနေကြပါအုံး” ဟုဆိုပြီး အပါ့မျက်နှာကိုကြည့်၍

 “မင်း စုံထောက် ဦးချန်ထွန်းသား မဟုတ်လား”

 ကျွန်တော်တို့က အသက်၂၀လောက်၊ သူတို့က ၃၀မျှဖြစ်ကြသည်။ အပါက တင်းမာသော မျက်နှာနှင့်

 “ဟုတ်ပါတယ် ဒါ ဘာဖြစ်သလဲ”

 ထိုသူ၏မျက်နှာသည် ခဏအတွင်း စိတ်မာန်လျှော့သွားကာ

 “အမယ်လေး၊ အသိမြန်ပေလို့ဘဲ၊ မှားကြတော့မလို့။ ကဲကဲ ဒို့ကပဲ လျော့ပါတယ်ကွာ။ လာကြ လာကြ ဒို့အခန်းကို။ ငါက မင်းတို့ကို ပြုစုစမ်းပါရစေ”

 ကျွန်တော်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီးနောက် အပါက

 “နေပါအုံး ခင်ဗျားက ကျွန်တော်တို့နဲ့ ဆွေမျိုးမို့လား”

 ထိုသူသည် ၀မ်းသာအားရမျက်နှာနှင့်

 “အောင်မယ်လေး ဆွေမျိုးလောက် ဘယ်ကမလဲကွာ။ မင်းအဖေက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ။ လာ လာ အေးအေးဆေးဆေး ပြောကြတာပေါ့။ မင်းတို့ အခန်းက ဘီလ် ငါ့တာ၀န်ထားလိုက်ပါ”

 မကြာမီ ကျွန်တော်တို့ သူတို့အခန်းက စားပွဲတွင် ထိုင်မိကြလေသည်။ သူတို့သည် ဂျော်နီဝါးကားကို သောက်နေကြ၏။ ကျွန်တော်တို့ ဝီစကီမသောက်ချင်ကြောင်း ပြောသည်နှင့် ဘီယာနှင့် ခိုကင်နှစ်ကောင်မှာပေး၏။

 သူတို့သည် သက္ကလပ်နက်ပြာရောင် မြန်မာအပေါ်အင်္ကျီများကို ၀တ်ထားကြသည်။ ညဥ့်အချိန်ဖြစ်ရုံမက ဟော်တယ်ခန်းထဲတွင်ပင်ဖြစ်လျက် သက္ကလပ်ဦးထုပ် နှုတ်ခမ်းပြန့်ကြီးကို ခေါင်းပေါ်က မချကြချေ။

 တယောက်သူက “ငါ့ကို နောက်တွေ့ရင် သေသေချာချာ မှတ်ထားကွ” ထိုသူသည် သူ့မျက်နှာကို ထင်ရှားအောင် ဦးထုပ်ချွတ်ပြလိုက်ပြီး “ဟောဒီခေါင်းမှာလဲ ထိပ်မွေးပြောင်နေတယ်။ ငါ့နာမယ်က မောင်အုန်းတဲ့။ မင်းဖေဖေ ကောင်းကောင်းသိတာပေါ့ကွာ။ စက်ဆန်းက လူသတ်မှုတုန်းက မင်းအဖေင့ါကို ကယ်တာပေါ့ကွာ။ ငါသတ်မှန်း သူသိတာနဲ့ ဒီအမှုကို သူတာ၀န် မယူတော့ဘူး။ တခြား အမှုလိုက်တယောက်ကို လွဲပေးလိုက်တယ်။ ငါက လူသတ်သမားပေမယ့် ကျေးဇူးတော့ အင်မတန် သိတတ်ပါတယ်ကွာ။ မင်းဖေဖေက ငါငွေပေးတာလဲ မယူဘူး။ ကဲ သောက်ကြကွာ။ မင်းတို့ လိုချင်တာလဲပြော။ ရန်ကုန်မြို့ကို ဒီအချိန်မှာ ဒို့ပိုင်တယ်ကွ”

 အမူးသမားတို့၏ လေလုံးထွားခြင်းကို ယုံကြည်စရာလော။ လူအင်္ဂါရုပ်မှာ ပုတိုက်တိုက်၊ တိုတိုတုတ်တုတ်။ မျက်ခွံထူခြင်း၊ အသားထူပွပွနေခြင်းမှတပါး အခြားထူးခြားသော လက္ခဏာ မရှိပေ။ သူ့အဖော်မှာလည်း ထိုနည်းနှင်နှင်ပင်။

 “ဒီအချိန်မှာ ရန်ကုန်မြို့ကို ဒို့ပိုင်တယ်၊ လိုချင်တာပြော” ဆိုသော စကား၌ ကျွန်တော်တို့သည် ဘာမျှထူးထူးခြားခြား ဆန္ဒပြမနေဘဲ လူပျိုပေါက်တို့၏ အာသီသအတိုင်း ယခုသောက်နေချိန်၌ မြာတယောက်စီ ဖက်ထားချင်ကြကြောင်း ပြောသည်နှင့် အခုန ကြူကြူ့အပြင် နောက်တယောက်ကိုပါ ချက်ချင်းရောက်လာစေပါသည်။ နာမည်က အဆွီ တဲ့ တရုတ်ကပြားမလေး။

 အဆွီသည် အတော်နိပ်၏။ ကြူကြူထက် အများကြီးသာ၏။ ထို့ကြောင့် အပါက သုံးဆောင်ပါ၏။ ခုညမှာတော့ သူ့ပွဲပေကိုးခင်ဗျာ့။

 အဆွီသည် ရုပ်ချော၍ တရုတ်သွေးပါခြင်းကြောင့် မာနကြီး၍ စိတ်တိုသည်။ ဒါအတွက်ပင် ကျွန်တော်တို့ သူ့ကို ကျေးဇူးတင်ရပေမည်။ အဘယ်ကြောင့်ဆိုလျှင် သူ့အတွက်ပင် ကျွန်တော်တို့သည် ထိုည၌ ရန်ကုန်မြို့၏ ညဘုရင်ကို ဖူးမြော်ခွင့်ရခဲ့ပေသည်။

 အကြောင်းသော်ကား တစထက် တစ အမူးပို၍ပို၍ လာခဲ့သော အပါသည် ဘယ်ထိအောင်များ လက်ကမြင်းလိုက်သည်မသိ၊ အဆွီသည် ရုတ်တရက်ထအော်ကာ ကြမ်းတမ်းသော စကားလုံးများနှင့် ဆဲရေးလိုက်လေ၏။

 ဤတွင် “ဒီအချိန် ရန်ကုန်မြို့ ဒို့ပိုင်သည်” ဆိုသော လူမိုက်ကိုအုန်းဆိုသူသည် သူ့အသက်သခင် ကျေးဇူးရှင်၏သား သူ့ဧည့်သည်အတွက် ကျွတ်ကျွတ်ဆူအောင် ဒေါသထွက်ကာ အဆွီ့ ပါးကို ဖြန်းကနဲလှမ်းချလိုက်လေသည်။ ဤမျှနှင့် အားမရသေး။ “နင်ငါ့ရှေ့မှာ ငါ့ဧည့်သည်ကို ဒီလိုဆဲရေးရသလား” ဟု ဆိုပြီး သူ့အပေါ်အင်္ကျီထဲမှ အသွားတပေမျှရှိသော ဓားမြှောင်ကြီးထုတ်ကာ အဆွီ၏ လက်မောင်းကို ဖမ်းလိမ်လိုက်သည်၌ သူငယ်မသည် ဆတ်ဆတ်တုန်လျက်။

 “အောင်မယ်လေး အကိုကြီးရယ် ကျွန်မ အမှတ်တမဲ့ သတိလစ်သွားလို့ပါ။ ချမ်းသာပေးတော်မူပါ အကိုကြီးရယ်။ ရှိကြီးခိုးပါရဲ့”

 ဤမှ ကိုအုန်းသည် အဆွီ၏လက်ကို လွှတ်လိုက်ပြီး “ဟင်း ငါဘယ်သူလဲဆိုတာ နင့်ကို ပြသွားရအုံးမယ်”ဟုဆိုကာ ဓားမြှောင့်အနှောင့်နှင့် စားပွဲဖျောင်းကနဲခုတ်လိုက်သည်။ စားပွဲပေါ်က ခင်းထားသောမှန် အစိတ်စိတ်ကွဲသွားလေသည်။ ယင်း၌ ရန်ကုန်မြို့ တရုတ်တန်းတွင် လူများကိုပင် အပျောက်ရှင်းလေ့ရှိသော တရုတ်များအကြောင်း ကြားဘူးနေသော ကျွန်တော်တို့မှာ မူးတာကလေးတွေပင် ဘယ်ရောက်ကုန်သည်မသိ၊ ရင်တထိတ်ထိတ် ခုန်နေပါတော့သည်။ မင်းတို့က လေးယောက်ထဲ။ ဟော်တယ်တခုလုံး တရုတ်တွေက အများကြီး။

 သို့သော် တရုတ် သုံးလေးယောက် ဗြုန်းဗြုန်းဒိုင်းဒိုင်း ပြေးလာသောအခါ၌ ကိုအုန်းမျက်နှာသည် အေးအေး ဣန္ဒြေ ရလှစွာနှင့် တရုတ်တယောက်၏နာမည်ကို ခေါ်လိုက်ပြီး

 “ဟိုဘက်ခန်းနဲ့ ဒီဘက်ခန်းက စားပွဲမှာ ကျသမျှ တွက်ချင်တွက် မတွက်ချင်နေ၊ ငါမပေးဘူး”

 ထိုတရုတ်သည် ပြူးပြူးပျာပျာနှင့်

 “ဟာ ကိစ္စမရှိပါဘူးဆရာ”

 “နို့ပြီးတော့ မင်းတို့ ဟော်တယ်က ကောင်မတွေကိုလဲ ဘယ်လိုလူ ဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ထားအုံး”

 “ကောင်းပါပြီ ဆရာ”

 “အေး ငါဒါပြောချင်လို့ ဒီစားပွဲက မှန်ကို ဓားနှောင့်နဲ့ထုပြီး မင်းတို့ကို ခေါ်လိုက်တာ။ ကဲ ငါတို့ သွားတော့မယ်”

 သူက ရှေ့က ဆင်း၍ ကျွန်တော်တို့က နောက်ကလိုက်သည်၌ ကျွန်တော့မှာ ကျောချမ်း၍ပင်နေပါတော့သည်။ ဒီလူ ဘာကြောင့်များ ဒါလောက် ဗိုလ်ကျရပါလိမ့်။ တကယ့်လူပါဘဲ။ သို့သော် ဤမျှနှင့် ကျွန်တော် သူ့ကို ချီးမွမ်းမိသည်မှာ စောလှပါသေးသည်။ နောက်ဆက်တွဲတွေ ရှိပါသေးသည်။ ကြည့်ပါဦး။ (ဤနေရာ၌ စာဖတ်သူအား မှာထားပါရစေ။ သည်အကြောင်းသည် လုပ်ဇာတ်မဟုတ်ပါ။ ကျွန်တော့ကိုယ်တွေ့ဖြစ်ပါသည်။ ထိုလူ့နာမည် အမှန်ပင် ကိုအုန်းဖြစ်ပါသည်။)

 ဟောတယ်အောက် ရောက်သည်၌ တက္ကစီ ကားတစင်းကို တွေ့၍ ကိုအုန်းက ကားဟွန်းကို ဆက်ကာဆက်ကာ နှိပ်လေရာ ဟော်တယ် သုံးထပ်ပေါ်မှ တံခါးတခုပွင့်လာပြီး “ကားမအားဘူးဗျ” ဆို၍ တံခါးပြန်ပိတ်သွား၏။

 ဤတွင် ကိုအုန်းသည်

 “အောင်မယ် ငါ့များ မအားဘူး ပြောရသလား။ ဒီကောင်ဘယ်သူများပါလိမ့်” ဟု ပြောလျက် သူ့လက်နှင့် ဖျစ်ထားသော (ထိုခေတ်၌) ဟွန်းက ရော်ဘာလုံးကို ဖလတ်ခနဲ ဆွဲယူလိုက်ကာ ဓားမြှောင်နှင့် ဇွတ်ကနဲ ထိုးလိုက်ပြီး

 “ဒီကောင်ကို ခုညဘဲ ဆုံးမရမယ်၊ လာသွားကြစို့”

 ပေ ၅၀ ထ်ိပ် တက္ကစီတစင်း ရောက်သည်၌ ကိုအုန်းအား ‘ဆရာ ဆရာ’ နှင့် ကားဒရိုင်ဘာတွေ ဝိုင်းလာကြလျက်

 “ဆရာ ဘာအလိုရှိသလဲ။ ဘာကိစ္စရှိသလဲဆရာ”

 “သွား။ ဟို ဟော်တယ်အောက်က တက္ကစီကား ဘယ်သူမောင်းသလဲဆိုတာ သွားကြည့်စမ်း”

 ဒရိုက်ဘာတယောက် သုတ်သုတ် သုတ်သုတ်နှင့် ပြေးသွားပြီး ပြန်ရောက်လာကာ

 “ဘတင်ရယ်ဆရာ”

 “အေး ဒီကောင်ကို ခုညနှစ်နာရီ ငါ့ဆီလာရမယ် ပြောလိုက်”

 “ကောင်းပါပြီ ဆရာ”

 “အေး နောက်ပီး” ကိုအုန်းသည် ကျွန်တော်နှင့် အပါကို လှည့်ကြည့်ကာ “မင်းတို့ ခုည အိမ်မပြန်ကြပါနဲ့တော့ကွာ။ ငါ့တို့ဆီမှာဘဲ အိပ်ပါ” ဟု ပြောပြီး လူတယောက်ကို လက်ညှိုးထိုး၍ “ဟေ့ ထွန်းညွှန့်”

 ထိုသူသည် အလွန်သွက်လက် ဖျတ်လတ်စွာနှင့် ရှေ့သို့တိုး၍ ခြေစုံရပ်ကာ

 “ဆရာ”

 “ဒီ နမ်းရွန်းက ကြူကြူနဲ့ အဆွီကို နာရီ၀က်အတွင်း ငါတို့ အခန်းပို့ထားလိုက် သိလား”

 “ကောင်းပါပြီ ဆရာ”

 ထို့နောက် လူတယောက်ဘက်သို့ လှည့်ပြန်ကာ

 “ဟေ့ ဘတုတ်”

 “ဆရာ”

 မီးလင်းနေသည့် ညဉ့်လုံးပေါက် ဆိုင်တခုကို ညွှန်ပြ၍

 “ဟို အကြုတ်ဆိုင်သွားစမ်း။ ကြက်ဥအလုံး ၄၀ ဟဖ်ဘွိုင်လုပ်ပြီး ငါ့ဆီပို့ခိုင်း။ နို့ပြီး ဆားငန်သီးတထုပ်လဲ ယူခဲ့လို့ ပြောလိုက်”

 “ကောင်းပါပြီဆရာ”

 “ကဲ ဒို့သွားမယ် ကားတစီး”

 တခဏအတွင်း၌ ကားတစီး ကျွန်တော်တို့ အနီး ရောက်လာကာ တံခါးဖွင့်ပြီး ဖြစ်နေသည်။

 ကားသည် ပေ ၅၀ ထိပ်မှ ဒါလဟိုဇီလမ်းအတိုင်း မောင်းခဲ့၍ လမ်းမတော်ကို ချိုးသည်။ ထိုနောက် ကျုံးကြီး လမ်းအနောက်ဖက်သို့ မောင်းခဲ့ကာ ဝိုင်အမ်ဘီအေ အသင်းတိုက်အနီးရောက်သည်၌ ကိုအုန်းမှာ ရုတ်တရက် ရေးကြီးသုတ်ပျာ အသံ ဖြစ်လာလျက်

 “ဟေ့ ရပ်တော့ကွ။ ဒီမှာဘဲ ဒို့ဆင်းမယ်”

 ရန်ကုန်မှာ ဒီလောက် ဗိုလ်ကျနေသော ကိုအုန်း၏နောက်မှ ကျွန်တော်တို့က ရင်မောက်၍လျှောက်ခဲ့ကြပါသည်။ သို့သော် ကျွန်တော်တို့ အံ့သြရသည်ကား ယခုအချိန်၌ ကိုအုန်းမှာ တမူပြောင်း၍နေချေပြီ။ မီးထိန်ထိန်လင်းနေသော တရုတ်လက်ဖက်ရည်ဆိုင်ရှေ့တွင် သင်္ကန်း၀တ်နှစ်ဦးနှင့် လူကြီးတယောက် အရက်သောက်နေသော စားပွဲအနီးသို့ ရောက်သည်၌ ပေ ၅၀ ထိပ်က လူတသိုက်ရှေ့ ဘုရင်ဖြစ်ခဲ့သော ကိုအုန်းသည် ယခုယုန်လေးလိုကျုံ့ကျုံ့ဖြစ်လျက် ကျွန်တော်တို့ကိုပါ တိုးတိုးတိတ်တိတ်နေကြရန် အမူအရာပြပြီး ကုန်းကုန်းကလေး လျှောက်သွားကြရသည်။ မနီးမဝေးရှိ အခြားစားပွဲတခုရောက်မှ ကျွန်တော်တို့ လူသိုက် ဆိတ်ငြိမ်စွာ ထိုင်ကြရသည်။

 ဘယ့်နှယ်တုံး ကိုယ်တို့လူ။ ခြင်္သေ့ကနေပြီး ယုန်ကလေး ဖြစ်သွားရတာ။

 ကိုအုန်းသည် အရက်သောက်နေသော သင်္ကန်း၀တ်နှစ်ဦးကိုပင် ရိုသေသလော၊ သို့မဟုတ် ကတုံးဆံတောက်နှင့် အသက် ၅၀ ခန့် လူကြီးကိုပင် ကြောက်ရွံ့လေသလော။

 ထိုလူကြီးကို မီးရောင်တခြမ်းနှင့် အမှောင်ဘက်ကနေ၍ ဘေးတိုက် ကျွန်တော်မြင်ရသည်။ ပေါ်လွင်သော နှာတံ၊ ခိုင်ခံ့သောမေးရိုး၊ ပိရိသော နှုတ်ခမ်းများရှိသည်။ သူ့ကိုယ်မှာ စွပ်ကျယ်၀တ်ထားသည်။ ကိုယ်လုံးကိုယ်ထည် ထွားသည်။

 ကျွန်တော်တို့ ယခုထိုင်နေရသည်မှာ ဆယ့်ငါးမိနစ်မျှ ကျော်ပါပြီ။ ကိုအုန်း၏ အမူအရာကြောင့် ဘယ်သူကမှ ဘာမှ မပြော။ ပျင်းလှပါပြီ။ ထို့ပြင် ကျွန်တော်တို့မှာ ကိုအုန်း အမိန့်ထုတ်ခဲ့သော ကြူကြူ၊ အဆွီနှင့် ကြက်ဥ ဟဖ်ဘွိုင်တို့ကို တမ်းတမိ၍ သူ့ကို လက်တို့ပြီး

 “ကိုအုန်း ဒီမှာ ဘာလုပ်နေတာလဲ။ သွားကြပါစို့ဗျာ”

 “အို နေအုံးကွ။ ဆရာကြီးက ဘာပြောမယ် မသိသေးဘူး” ဟုဆို၍ ထိုလူကြီးကို မေးငေါ့ပြပါသည်။

 ကျွန်တော်က

 “ဒီလူကြီးက ဘယ်သူမို့လဲ”

 “မင်း သူ့နာမည် မကြားဖူးဘူးလား”

 ကျွန်တော် ချက်ချင်း သတိရ၍

 “လမ်းမတော် ဖိုးတုတ်ဆိုတာလား”

 ကိုအုန်းသည် သူ့နှုတ်ခမ်းကို လက်ညှိုးကာလိုက်ကာ

 “ရှုး တိုးတိုး”

 နောက် ဆယ်မိနစ်လောက်ကြာမ ထိုလူကြီးက ကိုအုန်းကို လှမ်းကြည့်၍ “မောင်အုန်း”

 ကိုအုန်း စွေ့ကနဲ ရပ်လိုက်ကာ “ဆရာကြီး”

 “ခုည ဘာများအကြောင်းထူးသေးလဲဟေ့”

 “မထူးပါဘူး ဆရာကြီး”

 “အေး ဒါဖြင့် သွားတော့”ဟု အမိန့်ပေးလိုက်ပါမှ ကျွန်တော်တို့သည် ကြူကြူ အဆွီတို့နှင့် ပျော်ပါးရန် ဝိုင်အမ်ဘီအေအသင်းတိုက်သို့ ယွန်းခဲ့ကြရပါတော့၏။

==========

သော်တာဆွေ – ကျွန်တော့်ဘ၀ဇာတ်ကြောင်း

#youthsShouldReadMore

#ysreadmore

နောက်အပိုင်းများ – To Let, လူတန်းစားများ, ခက်သည်ကမြင်းပွဲ, စာနယ်ဇင်း, ကလောင်သစ်ဖြစ်ရပုံ