*လူစားလဲသည့်နေရာ*📖📖📖
*****************************
စ/ဆုံး
အခန်း (၁)
ဤဇာတ်လမ်းသည် လွန်ခဲ့သောလအနည်းငယ်က အမှန်တစ်ကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးဖွဲ့ထားပါသည်။
အညာမြေ၏ မနက်ခင်းထွက်ခါစနေရောင်ခြည်သည် အရှိန်ပြင်းပြင်းဖြင့် အစပြုနေလေသည်။
” ဟဲ့ သား…မနက်စာစားသွားအုံးလေ “
” တော်ပြီ ၊ အပြင်မှာပဲစားတော့မယ် အမေ “
ဆိုင်ကယ်စက်နိုးကာထွက်သွားသော သားဖြစ်သူအားကြည့်ကာ ဒေါ်သီတာတစ်ယောက် သက်မရှည်ကြီးအားချလိုက်မိသည်။
နိုင်ငံရေးအခြေအနေမကောင်းသည်မို့ သားအားအပြင်မသွားစေလိုသော်လည်း တားမရ။
တစ်နေ့ကပင်ဆန္ဒပြလူငယ်အများအပြား သေဆုံးကြရသည်မို့ သားအတွက်စိုးရိမ်မိသည်မှာလည်း မဆန်းပေ။
ဝေယံသည် ဒေါ်သီတာ၏ တစ်ဦးတည်းသောသားဖြစ်သည့်အလျှောက် အလိုလိုက်ကာ အချစ်ပိုခဲ့ရသည်။
ဝေယံ၏ဇာတိက ထိုမြို့လေးနှင့်မနီးမဝေး၌ ရှိသော ကျေးလက်ဒေသလေးတစ်ခု။
ဝေယံအရွယ်ရောက်လာသောအခါ မြို့၌နေချင်သည်ဟု ပူဆာသဖြင့် ထိုမြို့ရှိ အိမ်လေးတစ်လုံးအား၀ယ်ယူကာ သားအမိနှစ်ဦးနေထိုင်ကြ၏။
ဝေယံ၏ဖခင်မှာမူ ရွာ၌သာ လယ်ဧကများစွာကို ဦးစီးလုပ်ကိုင်လျက်ရှိပြီး တစ်ခါတစ်ရံ၌သာ မြို့သို့ရောက်လာတတ်၏။မြို့သို့ရောက်ပြီးလျှင်လည်း ကြာရှည်စွာနေလေ့မရှိပဲ ရွာသို့သာ ပြန်သွားလေ့ရှိ၏။
တက္ကသိုလ်ကျောင်းသားကြီးဝေယံအား မိဘနှစ်ပါးလုံးမှ ငုံထားမတတ်ချစ်ကြသည်မို့ ဝေယံကလည်း မိဘများအပေါ်၌ ခပ်ဆိုးဆိုး ပြုမူတတ်၏။
ဝေယံ၏ အချစ်ဆုံးသူငယ်ချင်းအမည်မှာ ကျော်စွာဖြစ်ကာ သူတို့နှစ်ဦးသည် မခွဲအတူချစ်ခင်ကြသူများဖြစ်ကြသည်။
” တီ တီ “
” ဟာ ဝေယံ၊ လာလေကွာ”
” မင်းကလဲ မနက်တိုင်းငါလာမှ အိပ်ယာက ထလာတယ်၊ တစ်ခါတစ်လေလေးများ စောစောထပါအုံးလား “
” ဟီး ညက နောက်ကျမှ အိပ်ယာ၀င်ဖြစ်လို့ပါကွာ “
” ပြောလိုက်ရင်ဒီလိုချည်းပဲ၊ တော်ပြီကွာ နက်ဖြန်ကစပြီး မင်းကိုဘယ်တော့မှလာမနိုးတော့ဘူး၊ မင်းအိမ်ကိုလည်း မလာတော့ဘူး “
” ဟာကွာ မင်းကလည်းစိတ်မဆိုးပါနဲ့ကွာ ၊ မင်းခု ဂိမ်းဆိုင်သွားမလို့လား ၊ နေဦးငါ အ၀တ်လဲလိုက်အုံးမယ်”
ဝေယံ၏ မျက်နှာမှာ ခါတိုင်းနှင့်မတူ၊ သုန်မှုန်နေ၏။
” ဒီကောင်စောစောစီးစီး သူ့မာမီနဲ့ကွိုင်တက်လာတာလားမသိဘူး “
ကျော်စွာက တီးတိုးညည်းညူရင်း ဝေယံ၏ဆိုင်ကယ်နောက်သို့ ခွထိုင်လိုက်၏။
ဝေယံ၏ စကိုးဖီးဆိုင်ကယ်လေးသည် ခေါက်ဆွဲဆိုင်ရှေ့၌ ရပ်လိုက်၏။
ထိုစဉ် ဝေယံ၏ဖုန်းက မြည်လာသောကြောင့်
” ဟလို …ပြောအဖေ ဘာများလဲ “
“…….”
” ဟာဗျာ အဖေတို့က အဲ့ဒါတွေခက်တာပဲ ၊ ကျုပ်ကို ကလေးများထင်နေလား ၊ ကျုပ်က ဂိမ်းဆော့နေရင် ဘယ်ဖုန်းမှမကိုင်တာ အဖေလဲသိသားနဲ့၊ ခုကျုပ်ဂိမ်းဆိုင်သွားတော့မှာ ၊ ဖုန်းထပ်မခေါ်တော့နဲ့ ဒါပဲ “
” ဟာ ဝေယံ၊ မင်းအဖေကို ဘယ်လိုပြောလိုက်တာလဲ၊ ဘိုးတော်က မင်းကို အဲလောက်ချစ်နေတာ”
” ကျွတ်… စိတ်ရှုပ်တယ်ကွာ၊ ဘာတွေမှန်းမသိဘူးကွာ၊ မိုးလင်းကတည်းက စိတ်တွေရှုပ်ထွေးနေတာ “
” ကဲပါကွာ ခေါက်ဆွဲစားပြီးရင် ဂိမ်းဆိုင်သွားရအောင်၊ မင်းစိတ်ပြေလက်ပျောက် ဖြစ်တာပေါ့”
သူငယ်ချင်းဖြစ်သူ၏မျက်နှာအားကြည့်ကာ ကျော်စွာသက်ပြင်းချမိ၏။
သူ့စိတ်ထဲ၌လည်း ဝေယံအားကြည့်ရသည်မှာ တစ်မျိုးဖြစ်နေ၏။
ခါတိုင်းက ရယ်မောပျော်ရွှင်စနောက်ကာ ပျော်ပျော်နေတတ်သည့်သူငယ်ချင်းက စောစောစီးစီး စိတ်မကြည်မသာဖြစ်နေသည်မို့ သူလည်းစိတ်ထဲမွန်းကြပ်လာသလိုခံစားလိုက်ရ၏။
ဂိမ်းဆိုင်တွင်နှစ်ဦးသားထိုင်နေရင်း အချိန်မည်မျှကြာသွားသည်မသိ
ဝေယံ၏ ဖုန်းမှာ…မြည်လာ၏။
” ကျော်စွာ ငါ့ဖုန်းကိုင်လိုက်စမ်းပါ ၊ ဒီမှာဂိမ်းဆော့ရတာ အာရုံနောက်တယ်”
“အေးပါကွာ …ဟလို ….ဟုတ်အန်တီ….သားတို့က ဂိမ်းဆိုင်မှာပါ “
တစ်ဖက်မှ ဖုန်းချသွား၏။
” ငါ့ဘွားတော်မို့လား ဖုန်းဆက်တာ “
” ဟုတ်တယ် ဘယ်မှာလဲမေးနေတာ “
” တွေ့တယ်မို့လား၊ ငါ့ကိုကလေးလိုလိုက်ချုပ်ချယ်နေတာ ၊
ငါ….ဖုန်းတောင်ကိုင်ချင်စိတ်မရှိတော့ဘူး၊
ငါ့ဖုန်းက passwordဖြုတ်လိုက်ကွာ၊ ငါအိမ်ကို ဖုန်းပြန်ပေးလိုက်တော့မယ်၊ ဖုန်းရှိနေရင်တစ်ချိန်လုံးဆက်နေမှာ “
သူလည်း ဝေယံ၏ဖုန်းအား passwordဖြုတ်ပေးလိုက်ပြီး စိတ်ညစ်ညူးလာသည်မို့ ဂိမ်းဆိုင်အပြင်ဘက်သို့ထွက်ကာ ဆေးလိပ်ဖြူတစ်လိပ်အားမီးညှိကာ ဖွာရှိုက်လိုက်လျှက် ဂိမ်းဆိုင်အပြင်ဘက်ရှိခုံပေါ်တွင် ထိုင်နေလိုက်၏။
မကြာမီ ဆိုင်ရှေ့သို့ကားတစ်စီးထိုးရပ်လာကာ ဝေယံ၏မိခင်ဖြစ်သူက ကားပေါ်မှဆင်းလာပြီး
” သားရေ ဝေယံရော “
” ဆိုင်ထဲမှာအန်တီ”
ဝေယံမိခင်မှာဆိုင်ထဲ၀င်သွားပြီး မကြာမီပြန်ထွက်လာကာ
” မင်းသူငယ်ချင်းတော့ ဘာတွေမကျေနပ်နေတာလဲမသိဘူး၊ အန်တီ့ကို သူ့ဖုန်းပေးလာတယ်၊ အန်တီက ထမင်းစားရအောင်သူ့ကိုလာခေါ်တာ၊ ခဏနေရင် သူ့ကိုထမင်းပြန်စားခိုင်းလိုက်နော်၊ သူက အစာအိမ်သိပ်မကောင်းတော့ အစာပုံမှန်စားမှ ရောဂါထပ်မဖြစ်မှာ “
” ဟုတ်အန်တီ…စိတ်ချလက်ချပြန်ပါ ၊ သူ့ကို ခဏနေလွှတ်လိုက်ပါ့မယ်”
” ခုတစ်ခါထဲလိုက်ခဲ့ဖို့ လာခေါ်တာကို မလိုက်ဘူးလေသူက၊ ကဲသားရေ အန်တီသွားမယ်နော် “
” ဟုတ်ကဲ့အန်တီ “
ဝေယံမိခင်၏ ကားလေးထွက်ခွာသွားပြီးနောက် သူက သောက်လက်စ ဆေးလိပ်အား နင်းချေပြီးနောက် ဂိမ်းဆိုင်ထဲပြန်၀င်လိုက်သည်။
” ကျော်စွာ ၊ ဂိမ်းကိုမင်းဆက်ဆော့လိုက်၊ ငါအိမ်ခဏပြန်လိုက်ဦးမယ်”
” ငါရောလိုက်ခဲ့မယ်လေ ဝေယံ”
” မလိုက်နဲ့တော့ ၊ ငါက ခဏပဲကြာမှာ ၊ ပြန်လာခဲ့မှာ “
ခါတိုင်း၌ မခွဲအတူ အမြဲတွဲနေသောသူငယ်ချင်းက သူ့အားမလိုက်ရန်ပြောလိုက်သောအခါ သူ၀မ်းနည်းမိ၏။
” အင်းပါသူငယ်ချင်းရာ ၊မင်းမလိုက်နဲ့ဆိုလည်း မလိုက်ပါဘူးကွာ “
” မင်းကို မလိုက်စေချင်လို့ပါကွာ၊ နောင်များငါမရှိရင်လည်း နေတတ်သွားတာပေါ့ကွာ ဟဲ ဟဲ “
ပြောင်စပ်စပ်နှင့်ထွက်သွားစော ဝေယံအားကြည့်ကာ သူ့ရင်ထဲ၌ အမည်မသိဝေဒနာတစ်မျိုးအားခံစားလိုက်ရ၏။သူလည်းစိတ်မပါတစ်ပါ နှင့် ဂိမ်းအားဆော့နေ၏။
ဝေယံ၏ စကိုးဖီးဆိုင်ကယ်လေးသည် ဂိမ်းဆိုင်မှထွက်ပြီးနောက် လမ်းမကြီးအတိုင်းမောင်းနှင်လာရာ တစ်နေရာအရောက်၌ ဆိုင်ကယ်လက်ကိုင်အား တစ်စုံတစ်ယောက်က ဆွဲလှည့်လိုက်သကဲ့သို့ဖြစ်ကာ
” ကျွီ…ဖောင်း ….အား “
သူ၏ ဦးခေါင်းမှာ လမ်းဘေးရှိ ပလက်ဖောင်းနှင့် အရှိန်ပြင်းစွာရိုက်မိသောကြောင့် ပူထူသွားကာ မျက်လုံးမှာလည်း အမှောင်တိကျသွားလေသည်။
” ဟာ ကောင်လေးတစ်ယောက် ဆိုင်ကယ်မှောက်တာ …ပလက်ဖောင်းနဲ့ ခေါင်းနဲ့ရိုက်မိတာ သေပြီနေမှာ”
” ဟာ ခေါင်းက သွေးတွေချည်း ၊ အမယ်လေး ကြည့်ရက်စရာတောင်မရှိဘူး “
” ပီးပေါ် ၊ ပီးပေါ် “
လူနာတင်ကားသံများဆူညံစွာထွက်ပေါ်လာသည်။
” ကောင်လေးတစ်ယောက် စကိုးဖီးဆိုင်ကယ်အနက်နဲ့ ဂျင်းအင်္ကျီ၀တ်ထားတာ ဆိုင်ကယ်မှောက်လို့တဲ့ “
ဂိမ်းဆိုင်ထဲ၀င်လာသော လူတစ်ဦး၏စကားကြောင့်
” ဟာ အဲ့ဒါ ငါ့သူငယ်များလား၊ ညီလေး အစ်ကို့ကို အဲ့ဒီနေရာလိုက်ပို့စမ်းပါ မြန်မြန်”
” ဟုတ်အစ်ကို “
ထိုနေရာသို့ ရောက်လျှင် လူအုပ်များကြားတိုး၀င် ကြည့်လိုက်ရာ
” ဟာ ဝေယံ ၊ သူငယ်ချင်း ၊ ဒါကျွန်တော့သူငယ်ချင်းပါဗျာ၊ အမယ်လေး သေပြီလားမသိဘူး၊ ဝေယံ သူငယ်ချင်း ထပါဦး၊ အီး ဟီး ဟီး လုပ်ကြပါဦးဗျာ “
ကျော်စွာ၏ အော်သံက အနီး၀န်းကျင်ထိ ပဲ့တင်ထပ်သွားလေသည်။
“သူ့ကို ဘယ်သူတိုက်တာလဲ ၊ ဆိုင်ကယ်လား ၊ ကားလား “
သူ့အမေးကြောင့်ရပ်ကြည့်နေသောသူများထဲမှ မိန်းမကြီးတစ်ဦးက
” ဘယ်သူနဲ့မှ မတိုက်ဘူးခလေး၊ သူတို့နှစ်ယောက် ဆိုင်ကယ်စီးသွားရင်း ဆိုင်ကယ်လဲတာ၊ စီးသွားတုန်းက နှစ်ယောက် ၊ သူ့နောက်မှာ အင်္ကျီအနီနဲ့ လူတစ်ယောက်ပါသေးတယ်၊ ဆိုင်ကယ်မှောက်တော့ သူ့တစ်ယောက်ထဲပဲတွေ့ရတာ၊ အင်္ကျီအနီနဲ့ လူက ဘယ်ရောက်သွားမှန်းမသိဘူး၊ ကြောက်လို့ပဲထပြေးသွားတာလားမသိဘူး “
” ဗျာနှစ်ယောက်ဟုတ်လား ၊ ကျွန်တော့သူငယ်ချင်းက တစ်ယောက်ထဲဆိုင်ကယ်မောင်းသွားတာပါ “
သူလည်း အံ့ဩမိ၏။ ဝေယံနောက်က မည်သူများလိုက်ခဲ့လေသနည်း။
Xxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၂)
“တူ တူ တူ “
” ဟလို အန်တီ ၊ ဝေယံဆိုင်ကယ်မှောက်လို့ အခြေအနေမကောင်းဘူး၊ ခေါင်းထိသွားတယ်၊ ခုချက်ချင်း ဆေးရုံကိုလာခဲ့ပါ ၊ ကျွန်တော်မပါဘူး၊ သူ့တစ်ယောက်ထဲ အိမ်ပြန်မယ်ဆိုပြီး ပြန်သွားရင်း မှောက်တာ …ဟုတ်စိတ်ချ…သားရှိနေပါတယ်”
ဝေယံမိခင်ထံသို့အကြောင်းကြားပြီးနောက် သူငယ်ချင်းဖြစ်သူအားကြည့်ကာ မျက်ရည်များက အတားအဆီးမရှိကျလာလေသည်။
ဆေးရုံသို့ရောက်သောအခါ
” ဗျာ ဆုံးပြီဟုတ်လား “
ဝေယံမိခင်မှာကမျောကသောဖြင့် ဆေးရုံအတွင်းပြေး၀င်လာကား
” ကျော်စွာ သားသူငယ်ချင်းရော”
” ဝေယံ….သူ …သူ ဆုံးပြီတဲ့ဗျာ “
” မဖြစ်နိုင်ဘူး ကျွန်မသားလေးမသေရဘူး၊ အစောတုန်းကပဲ သူနဲ့စကားပြောနေသေးတာ ၊ သားရေ သား…အမေ့သားလေး …အမလေး အမေတို့ကို ထားခဲ့ပြီလားသားရဲ့ ….ဒီမှာသားသူငယ်ချင်း ကျော်စွာလဲ ရှိနေတယ်လေ၊ ထကြည့်ပါဦးသားရယ် ၊ အမယ်လေး အဖြစ်ဆိုးလိုက်တာ…သေမင်းရယ် ဘာလို့ကျွန်မသားလေးကိုခေါ်ရတာလဲ ၊ ခလေးက သိပ်ငယ်သေးတာလေ….သူ့ ကိုပျော်ပျော်နေခွင့်ပေးပါဦး ၊ အမယ်လေး ရက်စက်လိုက်တာ “
” အန်တီ၊ အန်တီသတိထားပါဦး “
ငိုနေရင်း မေ့လဲသွားသော ဝေယံမိခင်အား မနည်းပင် သတိပြန်လည်အောင်ကြိုးစားခဲ့ရသည်။
ဝေယံ၏ ဖခင်ဖြစ်သူမှာလည်း ယောက်ျားကြီးတန်မဲ့ဖြင့် သားဖြစ်သူအလောင်းအားကြည့်လိုက် ၊ စကားတတွတ်တွတ်ပြောရင်း ငိုလိုက်ဖြင့် မြင်ရသူအဖို့ မျက်ရည်ပင်ကျရသည့် ၀မ်းနည်းဖွယ်အလွန်ကောင်းသည့် မြင်ကွင်းပင်ဖြစ်၏။
“ဝေယံရာ၊ ငါဘယ်လိုဖြေရမှာလဲ ၊ မင်းမရှိတဲ့နေ့ရက်တွေ ငါတစ်ယောက်ထဲဘယ်လို ဖြတ်သန်းရမှာလဲ ၊ ငါမင်းကို မခွဲနိုင်ဘူး၊ မင်းကို အရမ်းချစ်တယ် “
“ကဲ မီးသင်္ဂြိုဟ်စက်ထဲထည့်တော့မယ်”
သူငယ်ချင်းဖြစ်သူအားနောက်ဆုံးကြည့်ကာ အခေါင်းအားမသိမသာသုံးချက်ပုတ်လိုက်ပြီး
” မင်းလည်းငါ့ကိုတစ်ကယ်ချစ်ရင် ငါ့အိမ်လိုက်ခဲ့၊ ငါတို့အရင်လို အတူတူ ပျော်ပျော်နေကြမယ် သားရီးရာ “
ဝေယံ၏ အလောင်းအား မီးသင်္ဂြိုဟ်ရာအခန်းထဲသို့ ယူဆောင်သွားကြလေပြီ။
” ဂျိမ်း ….ဂျလိမ်း “
မီးသင်္ဂြိုဟ်စက်ခန်း၏ အခန်းတံခါးပိတ်သံကြီးက ကျက်သရေမဲ့စွာ ထွက်ပေါ်လာ၏။
အချိန်မဟုတ် အခါမဟုတ် ကောင်းကင်တွင်မိုးသားတိမ်လိပ်များက မှိုင်းညို့နေ၏။
” ဟာ မိုးဖွဲတွေကျလာပြီ”
” အသုဘ လိုက်ပို့သူများက ကားပေါ်သို့တက်ကြကာ အချို့ကားများပင် ပြန်လည်ထွက်ခွာသွားလေပြီ”
ကျော်စွာ၏ နှာခေါင်း၀၌ သွေးညှီနံ့များက တိုး၀င်လာကာ ကြက်သည်းများပင်ထလာ၏။
” ဝေယံ…သူငယ်ချင်းလာ …ပြန်ရအောင်ကွာ “
သူ့ဆိုင်ကယ်ပေါ် တစ်ဦးတစ်ယောက်တက်ထိုင်သကဲ့သို့ ဆိုင်ကယ်က အိကျသွား၏။
ကျော်စွာဆိုင်ကယ်မောင်းရင်း နားထဲမှ အသံအချို့အားကြားလိုက်ရသလိုပင်။
ထိုအသံသည် သီချင်းတစ်ပုဒ်ညည်းညူသံကဲ့သို့သောအသံမျိုး။
ဝေယံဆိုနေကျ သီးချင်း။
သီချင်းနာမည်က လေးဖြူ၏ အမဲလိုက်အက ။
လေတိုးသံကိုပဲ သီချင်းသံအဖြစ်အထင်မှားမိလေသလား၊ တစ်ကယ်ပင် ဝေယံက သီဆိုနေသည်လားမပြောတတ်။
ကျော်စွာ၏ မျက်၀န်းထဲ၌တွင်ကား မျက်ရည်များက ဆိုင်ကယ်မောင်းနှင်ရင်း အတားအဆီးမဲ့စွာစီး ကျနေသည်ကတော့ အမှန်ပင် ။
အူ …..ဝူ….. ဝူး …..
ညအချိန်၌ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြီးက ခြောက်ခြားဖွယ်ထွက်ပေါ်လာလေသည်။
” ရှပ် ရှပ် ရှပ် “
ကျော်စွာအိပ်နေရင်းမှ ခြေသံအချို့အားကြားနေရ၏။
မျက်လုံးအား….အားယူကာဖွင့်ကြည့်လိုက်လျှင် သူ့အားကျောပေးကာ ရေသန့်ဘူးအလွတ်ထဲ သေးပေါက်နေသော ညီဖြစ်သူအားတွေ့လိုက်ရ၏။
ဒီကောင် ညစ်စုတ်တာ၊ ရေသန့်ဘူးထဲသေးပေါက်တယ်၊ မနက်မှတွေ့မယ် ဟုတွေးရင်းပြန်အိပ်လိုက်၏။
သူ့လက်အားဘေးဘက် ဆန့်တန်းလိုက်ရာ
ညီဖြစ်သူ အောင်လေးမှာအိပ်ပျော်၍ ဟောက်ပင်ဟောက်နေသေး၏။
သူတို့အခန်း၌ ညီအစ်ကိုနှစ်ဦးသာအိပ်နေကြသော်လည်း ယခုမူ သေးထပေါက်သူလူတစ်ဦးက ပိုနေသည်မို့
သူအမြန်ထကာ ညီဖြစ်သူအားကြည့်ကာ
” ဒါကငါ့ညီအစစ်ပါ ၊ အစောတုန်းကသေးပေါက်တာက ဘယ်သူပါလိမ့်”
အူ ဝူ ဝူး….
” အရေးထဲခွေးတွေကလဲ အူတာ…ဟင် သွေးနံ့တွေက တစ်ခန်းလုံးပါလား …ဝေ ….ဝေယံနေမှာ…သူငယ်ချင်း ငါ့ကို မခြောက်နဲ့နော် …ငါက မင်းကို ချစ်လို့ခေါ်လာတာ …ငါ့မိသားစုကို မနှောင့်ယှက်ပါနဲ့ကွာ “
ညက အတွေးများဖြင့်အိပ်မပျော်သောကြောင့် ကျော်စွာတစ်ယောက် မနက်လင်းခါနီးအချိန်မှသာ ပြန်လည်အိပ်ပျော်သွား၏။
” ဘုန်း ဘုန်း ထ ထ ကျော်စွာ မနက်လင်းပြီဟ “
“အင်း အင်းပါကွာ “
သူလည်း အိပ်ချင်မူးတူးဖြင့် ထကာနာရီကြည့်လိုက်သောအခါ မနက်ခြောက်နာရီခွဲ ပင်ရှိသေး၏။
” အစ်ကိုရာ ဘာလို့တဘုန်းဘုန်း ပုတ်နေတာလဲ သားအိပ်နေသေးတာကို “
အောင်လေးက သူ့အားမကျေမချမ်းရွတ်ကာ စောင်အားခေါင်းမြီးခြုံလိုက်၏။
” ငါမှ မပုတ်တာ၊ ငါလဲပုတ်သံကြောင့်နိုးလာတာကွ “
ထိုအခါ ခေါင်းမြီးခြံထားသော သူ့၏ ညီဖြစ်သူမှာ
” ဟင် ဟုတ်လား၊ ဒါ ဒါ ဆို အစ်ကို့သူငယ်ချင်း ဝေယံနေမှာ၊ သူက မနက်တိုင်းအစ်ကို့ကို လာနိုးနေကျပဲ …အမယ်လေး အမေရေ သားကြောက်တယ်ဗျ “
သူ၏ညီဖြစ်သူမှာ ငယ်သံပါအောင်အော်ကာ မိခင်ဖြစ်သူရှိရာ အခန်းသို့ပြေးလေသည်။
” ဟဲ့ ကျော်စွာ ၊ ကလေးကို ဘာလို့ အစောကြီးစနေတာလဲ ၊ မနေ့ညကလဲ မင်း အတော်နဲ့မအိပ်ဘူး၊ မီးဖိုထဲမှာ ညဘက်ကြီး ဘာတွေမွှေနှောက် ရှာဖွေစားသောက်နေလဲမသိဘူး “
” ဟင် .. ညက ငါလဲမီးဖိုထဲမ၀င်ပါဘူး…ဘုရားရေ …ဝေယံနေမှာ ဟုတ်တယ် ဒီကောင်က ညဘက် မုန့်တွေဘာတွေ ထစားတဲ့အကျင့်ရှိတယ် …ဒုက္ခပဲ ….သူငယ်ချင်းကို ချစ်တဲ့စိတ်တစ်ခုနဲ့ခေါ်လာတာ ခုတော့ ဒုက္ခပေးသလိုဖြစ်နေပြီ ဟူး ငါဘယ်လိုလုပ်ရပါ့ “
သူအပြင်သွားသည့်အခါ၌ ဆိုင်ကယ်ပေါ်တွင်
ဝေယံ၏ ဝိညာဉ်က သူသွားရာနေရာတိုင်း၌ လိုက်နေသည်ဟုခံစားရ၏။
Xxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃) ဇာတ်သိမ်း
” ဟာ ဒေါ်လေး ဘယ်တုန်းက ရောက်တာလဲ …”
အမေ၏ ညီမဖြစ်သူက အိမ်သို့အလည်ရောက်နေသည်မို့ ကျော်စွာက လှမ်းနှုတ်ဆက်လိုက်၏။
” ဟဲ့ ငကျော် နင့်သူငယ်ချင်းကို အိမ်ထဲခေါ်လိုက်လေ “
” ဗျာ “
” ဟင် ညီမလေး နင်က ဘယ်သူ့ကိုပြောနေတာလဲ ၊ ပြန်လာတာ ငါ့သားတစ်ယောက်ထဲပါ “
” ဟယ် မကြီးကလည်း မမြင်ဘူးလား ၊ ဟိုမှာ ငကျော်ဆိုင်ကယ်နဲ့လိုက်လာတာ သူ့သူငယ်ချင်းမို့လား ၊ ဂျင်းအင်္ကျီနဲ့ “
” ဟဲ့ ဟဲ့ ငါ့ဆီကိုပြေးလာပြီ ….”
” ဘုန်း “
သူ၏ အဒေါ်ဖြစ်သူမှာ အော်နေရင်း တစ်ဦးတစ်ယောက် ၀င်တိုက်သကဲ့သို့ ဖင်ထိုင်ရက်လဲကျသွားကာ
အသားများတဆတ်ဆတ်တုန်လာပြီး
” အား ကျွတ် ကျွတ် ကျော်စွာသူငယ်ချင်း ငါပါ သားရီးရာ အီး ဟီး ဟီး “
” ဟာ အမေ အဒေါ့်ဆီ ဝေယံ၀င်ပူးနေပြီ “
“ဟယ် ဟုတ်ပ …ကိုမြင့်ကျော်ရေ လာပါဦး ဒီမှာ ညီမလေးဆီ ဝေယံ၀င်ပူးနေလို့ “
” သူငယ်ချင်းဝေယံရာ ဘယ်လိုဖြစ်ရတာလဲကွာ ငါမယုံဘူး “
” အား ခေါင်းတွေနာလိုက်တာ ….ငါ ..ငါ လူစားလဲခံလိုက်ရတာ….ငါဆိုင်ကယ်မောင်းလာတုန်း အင်္ကျီနီနဲ့ လူတစ်ယောက် ငါ့ရှေ့မှာရုတ်တရက်ပေါ်လာပြီး ငါ့ဆိုင်ကယ်ကို ဆွဲမှောက်လိုက်တာ….ငါက မိဘကိုစိတ်ဆင်းရဲအောင်အမြဲလုပ်တော့ ကံနိမ့်ပြီး ပွဲချင်းပြီးသေတာ….ခုမင်းက အတူလိုက်နေဖို့ခေါ်လို့ ငါ့မှာ မင်းဆီလိုက်ရ …ငါသေတဲ့နေရာမှာ စောင့်ရနဲ့ ပြေးလွှားနေရတယ် အီး ဟီး ဟီး “
” ဟင် ကျော်စွာ မင်းက မင်းသူငယ်ချင်းကို အတူလိုက်နေဖို့ ခေါ်လာတာလား မိုက်လိုက်တာကွာ တောက် “
ဖခင်ဖြစ်သူက စိတ်ဆိုးကာ ကျော်စွာအားဆွဲထိုးဟန်ပြုစဉ်
” ဘယ်လိုဖြစ်နေကြတာလဲ သူ့ဝိညာဉ်မထွက်ခင် ဘာဖြစ်ချင်လဲမေးကြပါ “
မိခင်စကားကြောင့် အဒေါ်ဖြစ်သူအားကြည့်ကာ ဖခင်ဖြစ်သူမှ
” သားလေးဝေယံ ၊ သားဘာဖြစ်ချင်လဲပြောပါ ၊ သားကို ဦးရဲ့ သားလိုချစ်လို့ သားဖြစ်ချင်တာ အကုန်လုပ်ပေးမယ် ‘”
” ကျော်စွာ …မင်းကငါ့ကို… မခွဲအတူနေမယ်ဆိုပြီးခေါ်လာတော့ မင်းသွားလေရာ ငါလိုက်နေရတယ် …မင်း ရဟန်း၀တ်ပေးပါ….မင်းရဟန်း၀တ်တဲ့ကုသိုလ်ကိုကြည့်ပြီး ငါသာဓု ခေါ်ပါရစေ၊ ဒါမှ ဟိုနေရာမှာ ငါမစောင့်ရမှာ “
” စိတ်ချသူငယ်ချင်း ငါမင်းသာဓု ခေါ်နိုင်အောင် ရဟန်းခံမယ်ကွာ “
ကျော်စွာမျက်ရည်များကျလျှက်ကတိအထပ်ထပ်ပေးလေသည်။
“ကျေးဇူးပါကွာ သူငယ်ချင်းရာ”
ထိုသို့ပြောပြီး အဒေါ်ဖြစ်သူက ငြိမ်သက်သွားသည်မို့
” ညီမ… ညီမလေး “
” ဟင် မကြီး ၊ ဟိုကလေး ကျွန်မကို ၀င်တိုက်တာ ကျမတောင်လဲကျသွားတယ် “
” အေး…ငါ့ညီမ.. လာ..ထ ဘာမှမဖြစ်တော့ဘူးနော် ၊ ခဏ အနားယူလိုက်၊ ရောက်ခါစ ခရီးပန်းလို့လဲ ဖြစ်မှာပါ “
ကျော်စွာမိခင်က အဒေါ်ဖြစ်သူအား တွဲထူကာ အခန်းထဲ၀င်သွားလေသည်။
ကျော်စွာနှင့် ဖခင်ဖြစ်သူဦးကျော်မြင့်တို့သည် ဘုန်းကြီးကျောင်းတစ်ခု၌ ရဟန်းခံကြလေသည်။
ထိုရဟန်းခံပွဲသို့ ဝေယံ၏ မိဘများလည်း လာရောက်ကြကာ ဝေယံဖခင်ကိုယ်တိုင်ပင် ရဟန်းပြုလိုစိတ်များဖြစ်ပေါ်ကာ ရဟန်း၀တ်လေ၏။
ထို့နောက် ရေစက်သွန်းချကာ အမျှပေးဝေကြ၏။
အမျှဝေသံများအပြီး၌ ဘုန်းကြီးကျောင်းရှိ သစ်ပင်ပေါ်၌ နားနေကြသော ငှက်များက အလန့်တကြား ထပျံကြလေသည်။
” အဖေ အဖေ “
” ဟင် သား …အဖေ့သားလေး “
” အဖေသားကိုခွင့်လွှတ်ပါ ၊ အသက်ရှင်စဉ်က အဖေတို့ကို စိတ်ဆင်းရဲအောင်လုပ်မိလို့ အသေဆိုးနဲ့သေရပြီး ပြိတ္တာဘုံဘ၀ရောက်ခဲ့ရတယ်၊ ခုတော့ သားဘ၀သစ်တစ်ခုဆီကိုသွားရတော့မယ်၊ အဖေနဲ့အမေ တရားဘာ၀နာပွားများကြပါ “
” သား..သားလေး ဝေယံ ၊ အဖေ့ကို ထားမသွားပါနဲ့ကွာ “
” အရှင်ဘုရား …ဘာတွေယောင်နေတာလဲဘုရား ”
” ဟင် သား သားလေးဝေယံရော “
” အရှင်ဘုရား စိတ်ထိန်းပါဦးဘုရား “
” ဩ ကိုယ်တော်အိမ်မက်မက်နေတာပါလား ၊ ကိုယ်တော့သားတော့ ဘ၀သစ်ကိုသွားတော့မယ်လို့ လာနှုတ်ဆက်သွားရှာလေရဲ့ “
ဦးဇင်းက ဝေ့တက်လာသောမျက်ရည်များအား သင်္ကန်းစဖြင့်သုတ်ကာ ပြုံးနေလေ၏။
မကြာမီ…. ဝေယံသေဆုံးခဲ့သောနေရာ၌ ဆိုင်ကယ်နှင့်ကားတိုက်ကာ ဆိုင်ကယ်မောင်းသည့် သူမှာ ပွဲချင်းပြီးသေဆုံးသွားသည်ဟူသောသတင်းအား ကြားလိုက်ရလေသည်။
ဝေယံတစ်ယောက် သူငယ်ချင်းဖြစ်သူ၏ အလှူ၌သာဓုခေါ်ဆိုပြီး ကျွတ်လွတ်သော်လည်း လူစားသော ထိုနေရာကမူ ကံဆိုးသူများ၏ အသက်အား ခြွေနေကြဆဲ…..သေဆုံးကြမြဲပင် ဖြစ်လေတော့သတည်း။
လေးစားလျက်
စာရေးသူ နန်းကြာညို