လူဝင်စားဘမောင်(စ/ဆုံး)
——————————
ဆရာမလေး မြမြ သည် တောင်ပေါ်ဒေသတစ်ခုမှ ခင်ပွန်းဖြစ်သူ ၏ ဇာတိဖြစ်သော အညာဒေသ တစ်ခုသို့ လိုက်ပါ ပြောင်းရွှေ့လာလေသည်။
မြမြသည် အလယ်တန်းပြရာထူးဖြင့် အညာဒေသ…. ကျေး ရွာကြီးတစ်ရွာရှိ အလက( ခွဲ) ကျောင်းလေးတွင် တာဝန်ထမ်းဆောင်ရ လေတော့သည်။
မြမြတာဝန်ကျရာ ကျောင်းသည် အဋ္ဌမတန်း အထိ ကလေးများ စာသင်ကြား ကြလေရာ… အလယ်တန်းပြ သုံးဦး… မူလတန်းပြ ငါးဦး.. နှင့် ကျောင်းအုပ်အပါအဝင် စုစုပေါင်း ဝန်ထမ်းကိုးဦးသာ ရှိကြ သောကြောင့် ထိုကျောင်းလေး တွင် တာဝန်ကျသော ဝန်ထမ်းအားလုံးတို့သည်.. နားချိန်မရှိ တစ်နေကုန် အတန်းဝင်ကာ စာသင်ကြားကြရလေသည်။
မြမြက အလယ်တန်း တွင်ဘာသာရပ်အချို့နှင့် စတုတ္ထတန်းတွင် အင်္ဂလိပ် စာ ဘာသာအား သင်ကြားရလေသည်။
စတုတ္ထ တန်းသည် နောက်ဆုံးစာ မေးပွဲတွင် အမှတ်တစ်ရာဖိုး ဖြေကြရသောကြောင့် အင်္ဂလိပ် စာ အတွက် အသင်အပြ ပိုင်နိုင်သော မြမြက စတုတ္ထတန်း ကလေးများအား အင်္ဂလိပ် စာ ဘာသာရပ် ကို သင်ကြားပေးရလေသည်။
ကလေးများ သည် အများအားဖြင့် အင်္ဂလိပ် စာ ဘာသာရပ်တွင် အားနည်းတတ်ကြသည် မဟုတ်လား။
မြမြက စတုတ္ထတန်း ကလေးများ အခန်းသို့ စာဝင်သင်တိုင်း ကျောင်းသင်ခန်းစာများသာ မက ကလေးများ ၏ စည်းကမ်းပိုင်း… ယဥ်ကျေးမှု အပိုင်းကိုလည်း ဂရုစိုက်ကာ သင်ကြားပေးလေသည်။
ထိုကျောင်းတွင် ဝန်ထမ်းအင်အား နည်းလှသည်မို့ ဝန်ထမ်းတစ်ဦးဦး ခွင့်ဖြင့် ပျက်ကွက်လျှင် အတန်းတစ်တန်း၌ ဆရာတစ်ဦးလွတ်နေတတ်လေသည်။
တစ်နေ့ မြမြ တစ်ယောက် စတုတ္ထတန်း သို့ အတန်းဝင်ချိန်တွင် ရှေ့တစ်ချိန် ဝင်ရမည့် ဝန်ထမ်းတစ်ဦး သည် ကျောင်းမလာသဖြင့် ကလေးများ ဆော့ကစားနေကြပြီး မြမြ အချိန်ရောက်မှ ငြိမ်သက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုနေ့က ကျောင်းအုပ်ကလည်း မြ်ို့ ပေါ် အစည်းအဝေး သွားနေရသဖြင့် ကျောင်း၌ မရ်ှိချေ။
“သား.တို့သမီးတို့… ရှေ့က အတန်း အချိန်ဝင်မယ့် ဆရာမက နေမကောင်းလို့ ကျောင်းမလာတာ.. ဘာလို့ အတန်းထဲ ဆရာမရှိချိန် ဆူညံနေရတာလဲ…အခြားစာသင်ခန်းတွေအတွက် အနှောင့်အယှက် ဖြစ်စေတယ်….
နောက်ရက် စာသင်ချိန်မှာ ဆရာတွေ ခွင့်ယူလို့ အတန်းမဝင်နိုင်ရင်.. အတန်းခေါင်းဆောင် က ဆရာမဆီ မှာ စာကြည့်တိုက် သော့လာယူပြီး.. ဗဟုသုတ ရမယ့် စာအုပ်တွေကို အတန်းလူဦးရေ နဲ့ အုပ်ရေ ကိုက်ပြီး လာထုတ်ပါ.. အားလပ်ချိန်ကို အကျိုးရှိစေမယ့် စာအုပ်တွေ ဖတ်တဲ့ အလေ့အထလုပ်ကြပါ…”
မြမြ၏ စကား ဆုံးသော အခါ ကလေးများက တစ်ဦးမျက်နှာ တစ်ဦး ကြည့်ကာ အသားဖြူဖြူ ဝဝတုတ်တုတ် ကလေးတစ်ဦးက.. ထိုင်ရာမှ မတ်တပ်ရပ်ကာ
” ဆရာမ ကျွန်တော်တို့ အခန်းမှာ.. အတန်းခေါင်းဆောင် မရှိသေးဘူး…”
” အို.. ဟုတ်လား…ခုမှ ကျောင်းက စဖွင့် တာ တစ်ပတ်ကျော်ပဲ ရှိသေးတာ ဆိုတော့ သားတို့အတန်းပိုင် ဆရာမက အတန်းခေါင်းဆောင် မရွေး ရသေးတာ နေမှာ..
. အဲ့တော့ ဆရာမကပဲ အတန်းခေါင်ဆောင် တစ်ဦး ရွေးပေးမယ်… ဘယ်သူလုပ်ချင်သလဲ အတန်းခေါင်းဆောင်…
အတန်းခေါင်းဆောင် ဆိုတာ အတန်းအတွက် အစစ.. အရာရာ သူများထက် လုပ်နိုင်သူ.. ဆရာမရှိချိန် အတန်းကို နိုင်အောင် ထိန်းနိုင်သူ ဖြစ်ရမယ်… ကဲ ဘယ်သူအတန်းခေါင်းဆောင် လုပ်မလဲ…”
မြမြ ပြောသော်လည်း ကလေးများက တုတ်တုတ်မျှ မလှုပ်ကြ….
တစ်ဦးမျက်နှာ တစ်ဦး ကြည့် ကာ ငြိမ်သက်နေကြလေသည်။
မြမြက မိမိသည် ဆရာမ အသစ်မို့ ကလေးများ ရှိန်နေသည်ဟု ထင်မိလေသည်။
မြမြကလည်း…
” ကဲဒါဆို သားတို့သမီး တို့က မပြောတော့.. ဆရာမကပဲ အတန်းခေါင်ဆောင် ရွေးလိုက်မယ်..
ယာယီအတန်းခေါင်းဆောင်ပေါ့…
သားတို့ရဲ့ အတန်းပိုင်ဆရာမ ကျောင်းပြန်တက်ရင်တော့ သားတို့ဆရာမက အတည် အတန်းခေါင်းဆောင် ကို ရွေးပါလိမ့်မယ်… ”
ကလေးများက မြမြ၏ ပြောစကား ကိုစိတ်ဝင်စားကာ တစ်ခန်းလုံး ငြိမ်သက်နေလေသည်။
“အစောတုန်းက ဆရာမကို ထပြောတဲ့ ဝဝတုတ်တုတ် အသားဖြူဖြူ လေးနဲ့ သားက ယာယီ အတန်းခေါင်းဆောင် လုပ်မလား ..”
မြမြ၏ စကား အဆုံး ကလေးများက ထိုကလေးအား ကြည့်ကာ သဘောကျစွာ အားရပါးရ ရယ်မောကြလေတော့သည်။
မြမြလဲ မျက်မှောင် ကုတ်လျှက် တစ်တန်းလုံး ကလေးများအား ကြည့်လိုက်ပြီး…
စားပွဲ ခုံအား လက်ဖြင့် ပုတ်ကာ
” အားလုံး ငြိမ်ကြစမ်း… ဆရာမပြောတာ ဘာရယ်စရာ ပါလို့လဲ.. ရယ်စရာ ပါရင် ဆရာမကိုလဲ ပြောပါဦး… ဆရာမလဲ ရယ်ချင်လို့…”
ထိုအခါ တွင် အသားဖြူဖြူ ဝတုတ်တုတ် နှင့် ကလေးက စပ်ဖြီးဖြီးမျက်နှာဖြင့် မတ်တပ်ရပ်ကာ လက်ကလေး ပိုက်လိုက်ပြီး
” ဆရာမ… တစ်ကယ်တော့ ကျွန်တော်က မိန်းခလေးပါ… ယောက်ျား လေး မဟုတ်ပါဘူး.. ကျွန်တော့ကို သားလို့ ပြောလိုက်လို့ ကျတော့် သူငယ်ချင်းတွေက ရယ်ကြတာပါ…”
” ဟင် ဟုတ်လား… ဒါဆိုသမီးလေးပေါ့… ဆရာမက သမီးကို ယောက်ျားလေး မှတ်နေတာကွယ်… sorry နော် သမီး”
အညာ ကျေးရွာလေး ရှိ ကလေးများ၏ ဖြူစင်ရိုးသားမှု အရင်းခံလေး ဖြင့် ချစ်စရာ ကောင်းပုံလေးအား မြမြ ကြည့်ရင်း ကျေနပ်မိလေသည်။
မြို့ပေါ်မှာဆို ကလေးများက တစ်ဦးနှင့် တစ်ဦး ရင်းနှီးကျွမ်းဝင်ခြင်း သိပ် မရှိကြပေ…
ယခုကဲ့သို့ တစ်ခန်းလုံးက ..ကလေးတစ်ဦးတစ်ယောက်အား ကြည့်ကာ ဝိုင်းရယ်လျှင်..ခံရသည့် ကလေး ဘက်မှ တော်ရုံ အားငယ်သွားမည်မှာ အမှန်ပင်…
သို့သော် ထိုအသားဖြူဖြူ ဝတုတ်တုတ် ကလေးလေးကား သူ့အားရယ်သည်ကို သဘောပင် ကျနေသေးလေသည်။
ဤရွာက ကလေးများ၏ တစ်ဦးနှင့် တစ်ဦးရင်းနှီးကျွမ်းဝင်ခြင်း ကား ချစ်စရာပင် ကောင်းလှသေးသည်။
ထိုစဥ်အခြား ကလေး တစ်ဦးမှ အတန်းခေါင်းဆောင် လုပ်လိုသည်ဟု အဆိုပြုသဖြင့် ထိုကလေးအား ယာယီ အတန်းခေါင်းဆောင် ခန့်ကာ မြမြက ထိုကလေးအား အနည်းငယ် မှာကြားပြီးနောက်… စာသင်မှု အား ဆက်လက် လုပ်ဆောင် လိုက်လေသည်။
မြမြလည်း စာသင်ချိန်ပြီးသွားသော အခါ ယောက်ကျား လေးဟု ထင်မိသော ကလေး အား ခေါ်လိုက်ရာ…
“ဟေ့ကောင်…ဘမောင် မင်းကို ဆရာမ ခေါ်နေတယ်” ဟု အတန်းရှေ့ မှကလေး က ထိုကလေး အား လှမ်းခေါ် လိုက်ရာ
” ဟင် သူ့နာမည်က ဘမောင်လား..”
” မဟုတ်ဘူး ဆရာမ.. သူနာမည်က သူဇာ… အရင်ဘဝက နာမည်က ဘမောင်လေ…သူက ဘမောင် သေလို့ ဝင်စားတာ… သားတို့က သူ့ကို ဘမောင်ပဲ ခေါ်ကြတာ.. ”
“ဟင်…ဟုတ်သလား…..ဩ အေးအေး”
” သား..ဘမောင်..အဲ ဟုတ်ပေါင်… သမီးသူဇာ… နေ့လည် ထမင်းစားကျောင်း ဆင်းပြီး အားတဲ့ အချိန်.. ဆရာမဆီ လာခဲ့ ဦးနော်… ဆရာမ သမီး ကို မေးစရာလေး ရှိလို့…”
” ဟုတ်ဆရာမ.. သား လာခဲ့ ပါ့မယ်…”
“အေးပါကွယ်”
All the class! Please stand up!
” Goodbye class”
” Goodbye teacher ”
Ok! Sitdown.
အတန်းထဲက ကလေး များအား နှုတ်ဆက် လိုက်ပြီး မြမြလည်း အခြား အတန်းတစ်ခုသို့ ထပ်မံဝင်ရပြန်လေသည်။
” ဒေါင်…ဒေါင်….ဒေါင်”
နေ့လည် ထမင်းစား နားချိန်မို့ ကလေးများ အိမ်သို့ အပြေးပြန်ကြလေသည်။
အချို့ကလေးများက ထမင်းစား ပြီးကြ၍..ကန္တာရ ပင်ကြီး အောက်တွင် လည်းကောင်း… လက်ပံပင်ကြီး အောက်တွင်လည်း ကောင်း ဆော့ကစား နေကြလေသည်။
“ဆရာမ..သားရောက်ပါပြီ”
“သြ.. အေးပါ လာ သမီး လာထိုင် ”
” ဆရာမ သားကို.. သမီးလို့ မခေါ်ပဲ … သား.. ဒါမှမဟုတ် ဘမောင် … လို့ ခေါ်လည်း ရပါတယ်… ကျတော့ စိတ်ထဲ မှ သမီးလို့ ခေါ်တာ ကြီးက တစ်မျိုးကြီး မို့ပါ… ”
” ရပါတယ် သားရယ်… သားသဘောပါပဲ… ဆရာမ သားကို သိချင်တာလေး ရှိလို့ မေးချင်တာလေး မေး ရအောင် ခေါ်လိုက်တာ…သားရဲ့ အရင်ဘဝ က ဘမောင် အကြောင်းလေး ကို အကုန်မှတ်မိနေတာလား… သားအဆင်ပြေမှ ပြောနော်… ဆရာမက သားဘဝ ကို စိတ်ဝင်စား လို့ မေးတာ… သားပြောလို့ အဆင်ပြေမှ ပြောနော် ”
” ဟာ ပြေတာပေါ့ ဆရာမရယ်… ဒီတစ်ရွာလုံး သားအကြောင်း သိကြတယ်… ဘယ်သူ့မေးမေး သားအကြောင်း ဖြေနိုင် ကြသူတွေ ချည်း ပဲ ”
“ဆရာမ သိချင်ရင် အရင်ဘဝ က ဘမောင် အကြောင်းနဲ့ ဘာလို့ ဘမောင် သေရတယ် ဆိုတာ ပြောပြပါ့ မယ်.. ဒီလိုဆရာမရဲ့”
………………..အခန်း (၂)…………………………..
ကျွန်ုပ်၏ အမည်ကား ဘမောင်…. နေတာက အညာဒေသ ရှိ ရွာကြီးတစ်ရွာတွင်ဖြစ်သည်။
ကျွန်ုပ်နေထိုင်ရာ ရွာကြီးကား သဲမြေအမျိုးအစားဖြစ်သဖြင့် စိုက်ပျိုးရေး ကောင်းစွာ မဖြစ်ထွန်းပေ။
ရွာအရှေ့ဘက်တွင် ကုန်းဟု ခေါ်သော သီးနှံစိုက်ခင်းများကိုတော့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြလေသည်။
ရွာ၌ လယ်စိုက်ရန် ရေမရရှိသော်လည်း ရွာ၏ အနောက်တောင်ဘက်တွင် ဆည်တစ်ခုမှ ရေရရှိသောကြောင့် အချို့ လယ်ရှိသူများက စပါးစိုက်ပျိုးကြလေသည်။
ကျွန်ုပ်တို့ ရွာသည် အိမ်ခြေ တစ်ထောင်နီးပါးမျှ ရှိသော ရွာကြီး ဖြစ်သဖြင့် ရွာကြီး တစ်ရွာဟု ပင် ဆိုရပေမည်။
မိုးကာလ အချိန်တွင် လမ်းများက ရွှံနွံများ ထူလှသောကြောင့် မိုးအခါတွင် သွားလာရေးအတွက် အများအားဖြင့် ရွာမှ လူများက နွားလှည်းများကို သာ အသုံးပြုကြရလေသည်။
ကျွန်ုပ်တို့ရွာတွင် လျှပ်စစ်မီး မရရှိသေးပေ။
ကျွန်ုပ်တွင် မွေးချင်းညီအစ်ကိုနှစ်ယောက်သာ ရှိ၍ ကျွန်ုပ်၏ အစ်ကို ဖြစ်သူကား ဘအောင်ဟု အမည်တွင်လေသည်။
ကျွန်ုပ်၏ အလုပ်ကား နွားကျောင်းသော အလုပ်ပင်။
” ဘမောင်ရေ… ဒီနေ့ အိမ်က နွားမလေး ကို အကျောင်း ထည့်ဦးမယ်ဟေ့… ”
“ရတယ်ဗျို့ ဒေါ်ကြီး … ကျုပ်နဲ့ စိတ်ချ… စာကျက်ကောင်းကို အကျောင်းလွှတ်မှာဗျ… ကိုရင် ဘဆောင်တို့ ထန်းတော အနောက်ဘက်က မူးရေ စီးကြောင်းဘေးမှာ မြက်ခင်းတွေ စိမ်းစိုလို့… နဲနဲတော့ ဝေးပေမဲ့.. နွားတွေ အတွက်တော့ အစာ ဝသဗျို့… ကျုပ် ညနေစောင်းမှ ပြန်လာမှာ”
နွားကျောင်းသော အလုပ်ကား လွယ်မည် တော့ မထင်ကြလေနှင့်။
နွားကျောင်းရန်အတွက် မြက်ခင်းနုများ ရှိရာ အရပ်ကို ရှာဖွေရသည်….မိမိကျောင်းသော နွားများ..သူများစိုက်ထားသော သီးနှံစိုက်ခင်းများအား ဝင်မစားရန် ထိန်းကျောင်းရသည်…
သူများသီးနှံများဝင်စားမိ၍ အခင်းရှင်မှ အလျှော်တောင်း လျှင် နွားကျောင်းသူမှ စိုက်လျှော်ရသည်…နွားအုပ်တစ်အုပ်နှင့် တစ်အုပ်တွေ့လျှင် နွားချင်း ဝှေ့ခတ်တတ်ကြသဖြင့် ထိန်းသိမ်းရသေးသည်….
ထို့ပြင် မိမိကျောင်းသော နွားများထဲ၌ အချို့နွားထီးများက အခြား နွားအုပ်ထဲမှ နွားမ များထံ လိုက်ပါသွားတတ်သည့် အဖြစ်မျိုးလည်း ရှိတတ်ပေရာ နွားအုပ်တစ်အုပ်နှင့် တစ်အုပ်တွေ့လျှင် သေချာ စောင့်ကြည့်ရလေသည်။
” ဘမောင်ရေ…ဘမောင်… ”
” ဗျာ ဘိုးလေးအောင်…”
” ဒီလာဦး ကွ”
” ဟုတ်ကဲ့ ”
” ထိုင်ဦး..ဘမောင်ရေ…မနေ့က ငါ နွားစျေးက နွားထီး တစ်ကောင် ဝယ်ခဲ့တယ်….အိမ်ကနွား ငနီက ခြေထောက်မှာ ညှောင့် စူးထားတော့ ဒီနှစ် လယ်ထွန်ဖို့ ရုန်းနိုင်မှာ မဟုတ်ဘူးလေ.. ဒါကြောင့် ငါ နောက်ထပ် တစ်ကောင် ထပ်ဝယ် လာတာ… အင်း… ဒါပေမဲ့ ”
” ဒါပေမဲ့ ဘာဖြစ်လဲ ဆက်ပြောလေ ဘိုးလေး”
ဘိုးလေးအောင် က သက်ပြင်းတစ်ချက် ချရင်း.. ဖက်ကြမ်းဆေးလိပ်အား ကောက်ဖွာလိုက်ရင်း
” ခုဝယ်လာတဲ့ ကောင်က တစ်ရွာက ငါ့မိတ်ဆွေ ရဲ့ နွားကွ… သူတို့ကလည်း ငွေက အရေးပေါ် လိုနေတာ လေ.. မနေ့က နွားစျေးမှာ တွေ့တော့. ငါ့မိတ်ဆွေကလည်း သူ့နွားလေး ဝယ်ပေးပါ လို့ ဆိုရှာတာ…ဒါပေမဲ့ ဒီကောင်က သိပ်ပြီး ဉာဏ် မကောင်း လှဘူးတဲ့ကွ… သူ့အရင် ရွာမှာ လူတစ်ယောက်ကို ဝှေ့ ဘူးတယ်တဲ့ ကွ… သခင်စကားလဲ သိပ်နားမထောင်ဘူး တဲ့..သူက လူရင်းမို့ သေချာ ပြောရောင်းတာ ဘမောင်ရေ… နွားကတော့ လှတော့လှသား..”
ဘိုးလေး အောင်စကား ဆုံးတော့ ဘမောင်လည်း တင်းကုတ်ထဲ မှ ထိုနွားအား သွားရောက် ကြည့်ရှုရာ နွားက အနက်နှင့် အဖြူကွက် ဖြစ်ကာ ဒေါင်ကတော့ အတော်မြင့် လေသည်။
ဘမောင် ထိုနွား အနီး ရောက်သော် နွားက တစ်ရှုးရှုး ဖြင့် နှာမှုတ်ကာ နေသည်မို့ ဘမောင်လဲ ဘိုးလေး ရှိရာသို့ ပြန်လျှောက်လာလေသည်။
” ဒီကောင်က လွယ်တော့ မလွယ်ဘူး ဗျ… လူတောင် အနားကပ်မခံဘူး ဘိုးလေးအောင် ရေ”
“ဟုတ်ပကွ.. ငါလဲ နက်ဖြန် ဒီကောင်ကို မင်းနဲ့ အကျောင်း ထည့် လွှတ်ချင်တာ.. ငါကျောင်းခ နှစ်ဆပေးမယ် ဘမောင်… မင်းသေချာ ထိန်းပေးကွာ…”
” ရပါတယ် ဘိုးလေး အောင်..ကျုပ်သေချာ ကြည့် ထိန်းပါ့မယ်”
” အေပါကွာ ဘမောင်ရာ..ကျေးဇူးပါ ”
အညာမြေ၏ နွေဦးနံက်ခင်း နေသည် စထွက်လာကတည်းက အပူရှိန် ပြင်းလှပေသည်။
နွေပူပူ လေရူးတသုန်သုန် ဖြင့် ထန်းပင်များ ကြား ဥဩငှက်များက လွမ်းတေးဖွဲ့ သီဆိုနေကြပေ ပြီ။
ဘမောင်လို နွားကျောင်းသား တစ်ယောက် အတွက် အညာဒေသ အလှအပလည်း မခံစားနိုင်… နွေပူပူ တွင် ခမောက်ဆောင်းကာ ဒေါ်မ ဖက်ကြမ်းဆေးလိပ်လေး ဖွာလျှက် အိမ်စေ့ နွားများ ကို တုတ်တစ်ချောင်းဖြင့် အော်ငေါက် ထိန်းကျောင်းရင်း နွားကျောင်းနေကျ စားကျက်ရှိရာ သို့ ဦးတည် လိုက်သည်။
သို့သော် ဘိုးလှအောင်၏ နွား ငနက် ကြောင့် ခါတိုင်း နေ့များ ကဲ့ သို့ ခရီးက သိပ်မတွင်လှ…
တစ်လမ်းလုံး တုတ်ဖြင့် ရိုက်ကာ အော်ဟစ်နေရလေသည်။
ဘမောင် ညနေ ခင်း နွားသိမ်းပြန်လာချိန်တွင် အတော်လေး ပင်ပန်း နေလေသည်။
ငနက်က မပြန်လိုပဲ ပေကပ်ကပ် လုပ်နေသော ကြောင့် မနည်း ပင် မောင်းရလေသည်။
ငနက်က ဘမောင်အား ကျေနပ်ပုံ မရ…
ဘမောင်အား ကြည့်ကာ ခွာယက်လျှက် ဝှေ့မည့် ဟန်ပင် ပြင်နေသေးသည်။
ရွာ၏ အနောက်ဘက် အဝင် လမ်းသို့ ရောက် သောအခါ နွားလှည်း ဖြင့် ထင်းသယ် ကာ ပြန်လာသော စံဘ တို့ လှည်း ဖြင့် ဆုံလေတော့သည်။
စံဘ လှည်း မှ နွားထီး အား ဘမောင် နွားအုပ်ထဲ မှ ငနက် က ပြေးဝှေ့ လေတော့သည်။
စံဘကည်း… ဟာ..ဘမောင် လုပ်ဟ… ရိုက်ဟ…
ဆွဲဟ… ဟု အလန့်တကြား အော်လေတော့သည်။
ဘမောင်လည်း… ရုတ်တရက်မို့ ကြောင်သွားကာ…သတိဝင်လာပြီး ငနက်၏ နဖား ကြိုးအား ပြေးဆွဲကာ.. တုတ်ဖြင့် အရိုက်… ငနက်လည်း ဘမောင် ဘက် ပြန်လှည့် ကာ သူ၏ ချွန်မြနေသော ဂြိုဟ် ကြီးဖြင့် ဘမောင်အား ခတ်လေတော့သည်။
စံဘလည်း လှည်း ပေါ်မှ ခုန်ဆင်း ကာ
” လာကြဦး ဗျို့… ဘမောင် နွားခတ် ခံရလို့ လာကြပါဗျို့… ”
စံဘ ၏ အော်သံ ကြောင့် ရွာမှ လူများ ပြေးလာကြလေသည်။
” ဟာ… ”
“ဟင်..”
” ဟာကွာ… ဘမောင်ရာ”
ရောက်လာသော လူများ က အထိတ်တလန့် ဖြင့် အော်ကြလေသည်။
သူတ်ို့ တွေ့လိုက်ရသော မြင်ကွင်းကား…
ဘမောင်၏ ဦးခေါင်း ညာဘက် အခြမ်းမှာ ပေါက်ထွက်ကာ သွေးများက မြင်မကောင်းအောင် စီးကျနေလေသည်။
ငနက်ကတော့ လုပ်ချင်ရာ လုပ်ပြီး ကျေနပ်သွား ဟန်ဖြင့် ဘမောင်၏ အလောင်းဘေး တွင် မြက်များပင် စားနေလိုက်သေးသည်။ငနက်၏ ဂြိုဟ် နှင့် ဦးခေါင်း တွင်မူ ဘမောင်၏ သွေး များနှင့် အသားစ အချို့ ကပ်နေလေသည်။
ဘမောင်၏ အစ်ကို ဖြစ်သူ ဘအောင်ကား ညီဖြစ်သူ သတင်းကြောင့် အပြေး ရောက်လာကာ ညီဖြစ်သူ ဘမောင်အား ဆွဲ ပွေ့ကာ…
” ညီလေးရာ အဖြစ်ဆိုးလှချည်လား… ညီလေး ထပါဦး… ထပါ ကွာ …. တောက်.. ဟိုနွား… ငါ့ညီကို သေအောင် ခတ်တယ်…. ဒင်းကို သတ်မယ်… သတ်ပြစ်မယ်….”
” ဟာ … စိတ်ထိန်း… ဘအောင်… စိတ်ထိန်းပါကွာ… ”
လူများကလဲ ဘအောင်အား ဝိုင်းပြီး ထိန်းကြရလေသည်။
ထို အဖြစ်အပျက် များ ဖြစ်ပြီး မကြာမီ….
ဘိုးလေး အောင်သည်.. သူ၏ နွား ငနက်အား ရသလောက် စျေးဖြင့် ရောင်းချကာ ရောင်းရငွေ အားလုံးအား ဘမောင်အား ရည်စူးကာ အလှူပြုပေးလေသည်။
အူ…ဝူး….အူး….
ညနေ မှောင်ရီသန်းချိန်တွင် ရွာအနောက် ဘက် စာသင်ကျောင်း ဘက်၌ ခွေး များ ဆွဲဆွဲ ငင်ငင် အူကြလေသည်။
” ကိုရင် ဘဖြူ… ကျုပ်ကြောက်တယ် တော့… ခွေး တွေကလည်း အူတာ”
” မင်းပါးစပ်ကို ပိတ်ထား… ဒီမှာ ထင်းတွေက လေးရတဲ့ ကြားထဲ”
ထင်းခွေပြန်လာကြရင်း အနီးရွာရှိ အမျိုးအိမ်တွင် ခရီး တစ်ထောက် နားကာ စားသောက်ပြီး မှ ပြန်လာသော ဘဖြူတို့ လင်မယား သည် ဘမောင်သေဆုံးရာနှင့် မနီးမဝေး စာသင်ကျောင်းရှေ့ ရှိ တမာပင် ကြီး အောက် အရောက်…
အပင်ပေါ်မှ အကိုင်းများ လှုပ်ခတ်နေသော ကြောင့် မော့ ကြည့်လိုက်ရာ
ဦးခေါင်း တခြမ်းတွင် သွေးများ စီးကျလျှက် အကိုင်းများ ကြားတွင် တွဲလောင်းကျကာ ခိုစီးကာ ရီပြနေသော ဘမောင်အား တွေ့လိုက်ကြရာ
” အမလေး… ဘမောင်…. သရဲကြီး တော့… ” ဟု ဆိုကာ ဘဖြူမိန်းမလဲ ရွက်လာသော ထင်းစီးအား ပစ်ချကာ ရွာထဲသို့ အသံကုန် အော်ဟစ်လျှက် ပြေးလေတော့သည်။
ဘဖြူက အရက်လေးကလည်း သောက်လာသည်မို့…ထင်းစီးကြီး ပြစ်ချကာ..
” ဟေ့ကောင်… ဘမောင်သရဲ… ငါ့ကို ခြောက်ရဲ တယ်ပေါ့… မင်းကများ… နွားကျောင်းသားက မလောက်လေး မလောက်စားနဲ့… လာခဲ့… ငါ-ိုးမ… ဒီထင်းခုတ်တဲ့ ဓားနဲ့ မင်းခေါင်းကို ထပ်ဖြတ်ပြစ်မယ်”
ဘဖြူ ၏ စကားသံ အဆုံး… တမာပင်ပေါ်မှ… ဘမောင်က ဝုန်းခနဲ့ ခုန်ဆင်းကာ တုတ်တစ်ချောင်း ဖြင့် ဘဖြူအား ရိုက်လေတော့သည်။
“ဟားဟား… ဟား… ငါ့ကိုများ နွားကျောင်းသား…ဆိုပြီး ဆဲတယ်…ကိုင်းကွာ…ဟီး.. ဟီး..ဟီး…”
အက်ကွဲ တုန်ရင်နေသော အသံဩ ကြီးဖြင့် ဆိုကာ သူ့လက်ထဲ၌ ဘယ်ကမှန်း မသိ ရောက်လာသော တုတ်ကြီး ဖြင့် ဘဖြူအား အဆက်မပြတ်ရိုက်လေရာ….
” အမလေး ကြောက်ပါပြီ ဘမောင်ရဲ့… ငါ့ကို ခွင့်လွှတ်ပါ… နောက်မဆဲတော့ ပါဘူး…” ဟုဆိုကာ သဲမြေပေါ်တွင် လူးလှိမ့်နေလေသည်။
ရွာထဲ မှ လူများကလည်း…ဘဖြူမိန်းမ အော်ပြေးလာသောကြောင့်.. အကျိုးအကြောင်းမေးကာ.. သူမအား ပြုစု ကြပြီး… ရွာသား အချို့က ဘဖြူ ကျန်ခဲ့သည် ဆိုသောကြောင့် ဘဖြူအား စိတ်မချဖြစ်ကာ လာကြည့် ကြရင်း… ဘဖြူတစ်ယောက် မြေပေါ်တွင် လူးလှိမ့် နေသည်ကို တွေ့ကြရလေတော့သည်။
ဘဖြူသည် အသက်အရွယ်အား ဖြင့် ဘမောင်၏ အစ်ကို ဘအောင်နှင့် အသက်ရွယ်တူ ဖြစ်ကာ.. အရက်မူးလာလျှင် နှုတ်အလွန်ကြမ်းပြီး.. တစ်ရွာလုံးအား ပြဿနာ ရှာတတ်သူ တစ်ဦး ဖြစ်သည်။
ဘဖြူကို လာကြည့်သူများထဲ တွင် ဘအောင်လည်း ပါဝင်သည်မို့ ဘအောင်က ငိုသံကြီးဖြင့်
” ဘမောင်လား…ညီလေးလား…တော်ပါတော့ ကွာ… အစ်ကိုတောင်းပန်ပါတယ်… ဘဖြူကို မရိုက်ပါတော့နဲ့ကွာ”
ဘအောင် စကား ဆုံးသွားသော အခါ ဘဖြူက တမာပင်ကြီး အား မျက်လုံးပြူးကြီးဖြင့် ကြည့်ကာ
” ဟာ ဘမောင်.. တုတ်တစ်ချောင်းနဲ့ တမာပင်ပေါ် ဇောက်ထိုး တက်သွားပြီ…. အမလေး… ပြေးကြဟ…ပြေးကြ… သရဲ…သရဲ ”
ဟု ဆိုကာ အလန့်တကြား ထပြေးသောကြောင့် ဘဖြူအား ရွာသားများက ဝိုင်းဝန်း ထိန်းချုပ်ကာ ရွာ ဘုန်းကြီး ကျောင်းသို့ ခေါ်ဆောင် ခဲ့ကြလေသည်။
ဘဖြူ၏ ကိုယ်တွင် တုတ်ဖြင့် အရိုက်ခံထားရသော အချိုးရာကြီး များက ထင်ကျန်လျှက်
ဘဖြူ၏ ကယောင်ကတန်း ပြောနေမှုကြောင့် ရွာဘုန်းကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော်က ပရိတ်ရေများ တိုက်ကာ ပရိတ်ကြိုးအား လက်မှာ ချည်ပေးလိုက်ပြီး မှ ဘဖြူမှာ ငြိမ်သက်သွားပြီး ယောက်ျား ကြီး တန်မဲ့ ကြူကြူပါ အောင် ငိုလေတော့သည်။
ဘမောင်..အား စိန်ခေါ်မိသူ…နှုတ်ကြမ်း ဘဖြူကား… ထိုနေ့ ထိုအချိန်မှ စ၍ မည်သူ့ကိုမျှ.. မဆဲရဲတော့ ဘဲ.. အရက်အားလဲ… မည်သည့် အခါမျှ မသောက်တော့ပေ။
………………….အခန်း (၃) ဇာတ်သိမ်း………………..
အူ…ဝူး…အူးးးး
ရွာရှိ ဘုန်းကြီးကျောင်းထဲမှ ခွေးတစ်အုပ်က ဆွဲဆွဲငင်ငင် အူလိုက်လေသည်။
” ဆရာတော်ဘုရား….. ဆရာတော်ဘုရား”
” ဟေ…ညဘက်ကြီး ဘယ်သူလဲဟ”
ဆရာတော်လည်း အခန်းထဲမှ ထွက်ကာ ကျောင်းရှေ့ရှိ.. တံခါးမ ကြီးအား ဖွင့် ကြည့်လိုက်ရာ
ကျောင်းရှေ့ရှိ.. ဧကရာဇ် ပင်၏ အရိပ်အောက်တွင် တုတ်တစ်ချောင်း ဖြင့် မတ်တပ် ရပ်နေသော လူတစ်ဦး ကို တွေ့လိုက်ရလေသည်။
ဆရာတော်လည်း ထိုသူအား ကြည့်ကာ
” မင်းက ဘယ်သူလဲ”
” အရှင်ဘုရား…ဘမောင်ပါ”
” ဟင်… ဘမောင်.. မင်းက သေသွားပြီပဲ… ခုငါ့ကျောင်းထဲ ဘာလာလုပ်တာလဲ”
” ကျုပ် ကျွတ်ချင်လှပါပြီ ဘုရား… ကျုပ်ကို တမာပင်ပေါ်က အဘိုးကြီးက..မင်း ကျွတ်တော့မှာ… သွား..သွား… ဆရာတော်ဆီ အမြန်သွားလျှောက်ချေ….အချိန်ရှိတုန်း..” ဆိုပြီး လွှတ်လိုက်လို့ ပါ ဘုရား…
” အေ..ပြော ….ဘယ်လို ကူညီပေးရမလဲ”
” ဘိုးလေးအောင်ကို ပြောပေးပါ ဘုရား… သဘက်ခါ ကျုပ်အတွက် ရည်စူးပြီး ကုသိုလ်ပြု အမျှဝေပေးပါ… တရားနာခါနီး…စာသင် ကျောင်းရှေ့က တမာပင်မှာ.. ဘမောင်ရေ…လို့ သုံးကြိမ်ခေါ်ပြီး သစ်ပင်ရဲ့ ပင်စည်ကို လက်နဲ့ သုံးချက် ပုတ်ပြီး ခေါ်ပေးပါ… ပြီးတော့ တမာတစ်ခက် ခူးပြီး လိုက်ခဲ့ လို့ ခေါ်ပေးပါ… လို့ ပြောပေးပါ.. ဘုရား…ပြီးတော့ တပည့်တော် နာမည်ကိုခေါ်ပြီး ဆရာတော် တရားဟောပေးပါ ဘုရား ”
” အေ…အေး… ငါမင်းပြောသလို့ ဒကာကြီး ဘိုးလေး အောင်ကို ပြောပေးမယ်… ဒါပေမဲ့ ဒီကြားထဲ ဘယ်သူ့ကို မှ မခြောက်လှန့် မနှောင့် ယှက်နဲ့တော့ ဘမောင် ”
” စိတ်ချပါဘုရား… ဒါဆို တပည့်တော် သွားပါတော့မယ်ဘုရား”
ထိုသို့ပြောပြီးနောက် ဘမောင်၏ မထင်မရှား အရိပ်ကြီးသည် ရွာအနောက်ဘက် လမ်းမကြီးဘက် တရိပ်ရိပ်သွားကာ ပျောက်ကွယ်သွားလေသည်။
နောက်ရက်တွင် ဘိုးလေးအောင်အား ဆရာတော်မှ ခေါ်ယူကာ ဘမောင် မှာကြားသမျှ ပြောလေရာ
” ဝမ်းသာလိုက်တာ ဘုရား…ဘမောင်သေရတာ.. တပည့်တော် အပြစ်မကင်းသလို ခံစားနေရပြီး တစ်ရက်မှ အိပ်မပျော်ဘူးဘုရား…. ဘမောင်လေးကို လည်း အရမ်းသနား လို့ပါဘုရား… စိတ်ချပါဘုရား… တပည့်တော် ကျေကျေနပ်နပ်ကြီး ဘမောင်အတွက် အလှူပြု အမျှပေးဝေပါ့မယ်ဘုရား”
” အိမ်း… ကောင်းလေစွ…ကောင်းလေစွ…သာဓုသာဓုသာဓုပါ ဒကာကြီး”
မကြာမီ.. ဘမောင်အား ရည်စူးကာ သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစု အား ကပ်လှူလျှက် ရွာလုံးကျွတ် မီးခိုးတိတ် စတုဒီသာ အဟာရ ကျွေးသည့် အလှူပွဲကြီးသည် ထိုရွာလေးတွင် စည်ကားလှလေသည်။
ပြီးနောက် ..ကွယ်လွန်သူ ဘမောင်အား ရည်စူးကာ အမျှဝေသံကြီးသည်.. ရွာ၏ ဘုန်းကြီးကျောင်းဝန်းထဲမှ ကျယ်လောင်စွာ ပထွက်ပေါ်..လာလေတော့သည်။
” အားလုံး ကြားကြားသမျှ…ကုသိုလ်..အမျှ..အမျှ…အမျှ…
ယူတော်မူကြပါ ကုန်သော်….သာဓုသာဓုသာဓု”
ထိုသို့ သုံးကြိမ်သုံးခါ အမျှဝေသော အသံကြီး အဆုံးတွင် ရွာ၏ စာသင်ကျောင်းရှေ့ရှိ တမာပင်မှ အကိုင်းကြီး တစ်ကိုင်းသည်.. ခုတ်သူမရှိ.. လေမတိုက်ပါပဲ… ဖြောင်းကနဲ အသံမြည်ကာ ကျိုးကျသွားလေတော့သည်။
ဘိုးလေးအောင် ၏ သမီးမမြတ်နွယ်…သည် အခြားတစ်နယ်တွင် စက်ချုပ်သင်နေပြီး ရွာသို့ ပြန်လာစဥ် ရွာသူကြီး၏ တူဖြစ်သူ နှင့် အိမ်ထောင်ကျလေတော့သည်။
တစ်ည မြတ်နွယ် အိပ်ပျော် နေစဥ်
” မြတ်နွယ်..မြတ်နွယ်ရေ”
” ဟင် ဘယ်သူပါလိမ့်.. ဒီအသံကြားဖူးသလိုပဲ…”
” ငါပါဟ.. နင့်သူငယ်ချင်း ဘမောင်လေ”
” ဟင်..ဘမောင်… နင်..နင်က.. နွား ….ခတ်လို့ သေပြီမဟုတ်လား…”
” အင်းလေ…ဒါပေမဲ့ ငါက ရုပ်ပျက်ဆင်းပျက် မဟုတ်ပါဘူးဟ… ငါ့ကိုသေချာကြည့်”
” အေးနော် နင်က အသားတွေတောင်ဖြူပြီး ဝလာသေးတယ်”
” အင်း.. ငါနင်တို့နဲ့ နေချင်လို့… နင်တို့လည်း နှစ်ယောက်တည်း ဆိုတော့ ပျင်းနေမှာပဲ… ငါလာနေရင်… နင်လဲ အဖော် ရတာပေါ့… .. ငါနင်တို့ဆီ..နေမယ်နော်”
” အေးလေ နင် နေချင်သပ ဆိုရင်တော့ နေပေါ့.. ဒါပေမဲ့ ငါ့ယောက်ျား က သဝန်တိုတတ်တယ်… နင်ကယောက်ျားလေးဆိုတော့ ..ဖြစ်ပါ့မလား..”
” ငါက မိန်းခလေး အဖြစ်နဲ့ လာနေမှာပါ… နင်နေခွင့်ပြုနော်”
” အေးလေ..ဒါဆိုလဲ ပြီးရောဟာ…နင်နေချင်ရင် နေပေါ့”
မမြတ်နွယ်နှင့် ဘမောင်ကား ကျောင်းနေဖက် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်လေသောကြောင့်
မြတ်နွယ်က ဘမောင်က နေချင်သည် ဆိုသော အခါ သူငယ်ချင်းသံယောဇဥ်ကြောင့် လက်ခံလိုက်မိလေသည်။
မြတ်နွယ် အိပ်မက်က လန့်နိုးလာသော အခါ…မျက်နှာပင် မသစ်သေးပဲ.. ဖခင်ဖြစ်သူ အိမ်သို့ အပြေးသွားကာ.. ဖခင်အား အိပ်မက်အကြောင်း ပြောပြလေရာ
” ဟေ ဟုတ်လား…ဒါဆို ဘမောင်က…ငါ့မြေးအဖြစ် ငါတို့ဆီ ပြန်လာတော့ မယ်ပေါ့… အဟေ့ ဟေ့… ကောင်းတာပေါ့ကွာ”
လမှနှစ်ပြောင်း ရာသီစက်ဝန်း တစ်ခု နီးပါး ကုန်ဆုံး ပြီးသောအခါ
” အူဝဲ…အူဝဲ.. အူဝဲ ”
“အဖေရေ…မြတ်နွယ် သမီးလေး မွေး တယ်ဗျို့…. ကျွန်တော်လဲ အဖေ ဖြစ်ပြီဗျ…”
” ဟေ.. ဟုတ်လား…ငါ့မြေးမလေး ငါ့ဆီကို ခေါ်လာပြပါဦး….မတင်နွဲ့…ဟေ့ မတင်နွဲ့.. မိန်းမရေ ငါ့မြေး ကိုငါ့ဆီ မြန်မြန်ခေါ်လာပါဟ”
“လာပါပြီတော်… တကတည်း..ဖြစ်နေလိုက်တာ… ရော့… တော့်မြေး”
ဘိုးလေးအောင် သည် အနှီးထုတ်ထဲမှ နီတာရဲလေးနှင့် သူ၏ မြေးမလေးအား ကြည့်လိုက်ရာညာဖက် ဦးခေါင်းတွင် အမှတ်တစ်ခု ပါရှိသည် ကို တွေ့ လိုက်ရလေသည်။
ထိုအမှတ်သည်ကား အရင်ဘဝတွင် နွားခတ်ခံထားရသော ဘမောင်၏ ဦးခေါင်းမှ ဒဏ်ရာ နှင့် ထပ်တူကျနေသည်မို့…
“ဟာ..တစ်ကယ်ပဲ.. ဘမောင်ပါလားကွ… လူလေး ဘမောင်ရေ.. အဘ မင်းကို သေချာ ပြုစု ပါ့မယ်ကွယ်… မင်းအရင်ဘဝက ငါ့ကြောင့် အသေဆိုးနဲ့ သေသလို..ဘယ်တော့မှ မဖြစ်စေရပါဘူး..လူလေးရေ…..”
ဘိုးလေးအောင်၏ တိုးတိတ်လှသော နှုတ်ထွက်စကားအားလူဝင်စားလေး …ဘမောင်က နားလည်သယောင်ဖြင့် ဘိုးလေး အောင်အား ငြိမ်သက်စွာ စိုက်ကြည့်နေလေသည်။
မြတ်နွယ်၏ သမီးလေး သူဇာသည် စကားပြောတတ်စအရွယ်တွင် သူ့ အရင်ဘဝ အကြောင်းများ အား သတိတရ ပြောတတ်လေသည်။
” အစ်ကို ဘအောင် ဘယ်လဲဗျို့”
“ဟဲ့.. သမီး… ဦးကြီး ဘအောင် လို့ခေါ်ပါဆို ”
” ကျုပ်အစ်ကို မို့ အစ်ကိုခေါ်တာပါ အမေရ”
“ရပါတယ် မြတ်နွယ်ရေ ငါ့ညီလေး ကြိုက်သလို ခေါ်ပါစေ”
” ကိုကြီး ရေသွားခပ်မို့ ဘမောင်ရေ ”
သူဇာလေး တစ်ယောက်ပင် ယခုအခါ စတုတ္ထတန်း ကျောင်းသူ အရွယ်လေး ပင် ရောက်နေပြီဖြစ်သော်လည်း ဘဝဟောင်းကို မမေ့ပဲ ယောက်ျားလေး တစ်ဦး ပုံစံကဲ့သို့သာ နေထိုင်ပြီး သူ့ကိုယ်သူ ဘမောင် ဟုသာ သုံးနှုန်းတတ်လေသည်။
ထိုရွာလေးတွင်ပင်ကြီးပြင်း…ထိုရွာလေးတွင်ပင်..သေဆုံးကာ… ထိုရွာလေး ၌ ပင် လူဝင်စား ပြန်ဖြစ်နေသော ဘမောင် တစ်ဖြစ်လဲ မသူဇာလေး ၏ ဘဝ ဇာတ်လမ်းသည် ထိုရွာက လူတွေအတွက် မဆန်းကြယ်လှသော်လည်း… တောင်ပေါ်သူ.. မြေပြန့်ဒေသ ရောက် ဆရာမလေး မြမြ အတွက်မူကား အလွန်ဆန်းကျယ်သော ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်လေတော့ သတည်း။
လေးစားစွာဖြင့်
စာရေးသူ Nan Kyarnyo