လူသားစားငါး

လူသားစားငါး(စ/ဆုံး)

(၁)

မင်းလွင်တောင်တန်းကြီးပေါ်တွင်မြူထူများရစ်ဆိုင်းနေပြီဖြစ်သည်။ ထူထပ်နက်ရှိုင်းလှသည့် သစ်တောကြီးများက မင်းလွင်တောင်တန်းကြီးအပေါ်တွင် အစိမ်းရောင်မြကမ္ဗလာထူထူထဲထဲကြီးကို လွှမ်းခြုံထားသည့်နှယ် စိမ်းမြနေလေသည်။ ဥတုရာသီ တောကိုမှီ၏ ဆိုသည့် စကားရှိသည့်အတိုင်း တောတောင်ထူထပ်သည့် မင်းလွင်တောင်တန်းကြီးပေါ်တွင်တော့ မိုးအမြဲမှန်လေ့ရှိသည်။ မိုးဥတုတွင် မုတ်သုန်မိုးကြောင့် မိုးပိုမိုရွာတတ်သလို မိုးလွတ်ပြီးသည့်ကာလများတွင်လည်း လစဉ်လတိုင်း မိုးရွာလေ့ရှိသည်။ ထိုမိုးရေများကြောင့်ပင် သစ်ပင်များမှာလည်း ရေကိုလုံလောက်စွာရရှိကာ ဆယ့်နှစ်ရာသီပတ်လုံး ရှင်သန်ကြီးထွား ဖူးပွင့်နိုင်ကြသလို၊ တောင်ပေါ်မှစီးဆင်းလာသည့် စမ်းချောင်းကလေးများမှာလည်း တစ်နှစ်ပတ်လုံးရေပြတ်သည်ဟူ၍မရှိဘဲ အမြဲရှင်သန် စီးဆင်းနေလေ့ရှိသည်။

ထိုမှ နက်ရှိုးထူထပ်လှပြီး သားကောင်များ၊ သဘာဝသစ်ဥသစ်ဖုများ ပေါများသည့် မင်းလွင်တောင်တန်းကြီးကိုအခြေပြုကာ ကော့ကဒုံရွာကလေးက တည်ရှိနေလေသည်။ ရွာသူရွာသားထက်ဝက်ခန့်မှာ စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်ကြပြီး ကျန်သည့်ရွာသူရွာသားများမှာတော့ တောကိုအမှီပြု၍ သစ်တောထွက်ပစ္စည်းများထုတ်လုပ်ရောင်းချခြင်းဖြင့် အသက်မွေးကြသည်။ တောအုပ်အတွင်း မှိုရှာ၊ မျှစ်ရှာကြသူများ၊ တောအတွင်းပေါက်ရောက်နေသည့် ဆေးဖက်ဝင်သစ်ပင်နွယ်ပင်၊ သစ်ဥသစ်ဖုများနှင့် ဈေးကောင်းရသည့် သစ်ခွရိုင်းများကို ရှာဖွေကာ အသက်မွေးရောင်းချသူများ အများအပြားရှိသည်။ သို့သော်လည်း ကော့ကဒုံရွာတွင် မုဆိုးအလုပ်နှင့်အသက်မွှေးသူမှာ ဒီးဒီးဟုခေါ်သည့်် မုဆိုးတစ်ယောက်သာရှိလေသည်။

ယနေ့ ဒီးဒီးလည်း သေနတ်ထမ်းကာ တောအုပ်အတွင်းသို့ဝင်လာခဲ့သည်။ ကော့ကဒုံရွာမှ တောအုပ်အတွင်းသို့ဝင်ခဲ့ရာ တောစပ်တွင်ပေါက်နေသည့် အလွန်ကြီးမားသည့် ညောင်ပင်ကြီးအောက်သို့ရောက်လာခဲ့ပြန်သည်။ ညောင်ပင်ကြီးမှာ သက်တမ်းအတော်ရင့်နေပြီဖြစ်ပြီး ညောင်ပင်ကြီး၏ ပင်စည်မှထွက်နေသည့် ပါးပျဉ်းများပင်လျှက် အချပ်လိုက်အချပ်လိုက် တည်ရှိနေတာကာ လူကြီးတစ်ယောက် ကောင်းကောင်းဝင်ဆံ့နေလေတော့သည်။ ဒီးဒီးက ထိုညောင်ပင်ကြီး၏ ပင်စည်ကိုလက်ဖြင့်ထိလိုက်ပြီးနောက် မျက်လုံးကိုအသာမှိတ်လိုက်သည်။

“အပါးရေ၊ ဒီနေ့လည်း သားကောင်ကြီးကြီးရအောင် လုပ်ပေးနော်အပါး”

ထိုသို့ရေရွတ်ပြီးနောက် တောအုပ်အတွင်းသို့ တိုးဝင်လာခဲ့သည်။

မကြာမီအချိန်တွင် ကောင်းကင်ပေါ်တွင် တိမ်စိုင်တိမ်လိပ်များဖုံးအုပ်လာပြီးနောက် မိုးကတဖြောက်ဖြောက်ရွာသွန်းလာလေသည်။ ဒီးဒီးလည်း တောအုပ်အတွင်းသွားလာရင်း တောတိုးသံသဲ့သဲ့ကိုကြားလိုက်ရသဖြင့် မျက်စိကိုမှိတ်လိုက်ကာ အသံကိုသေချာနားစိုက်ထောင်လိုက်လေသည်။ ရေစီးသံကြားနေရသည့် စမ်းချောင်းကလေးတစ်ခုအတွင်း ရေပွက်သံတဗွမ်းဗွမ်းကိုကြားလိုက်ရသည့်အခါမှ မျက်လုံးအစုံကိုပြန်ဖွင့်လိုက်လေတော့သည်။

“သားကောင်တစ်ကောင်ကောင်များ ခောင်းထဲဆင်းပြီး ရေဆော့နေသလားပဲ”

ထိုသို့တွေးလိုက်ကာ သေနတ်ကိုကျည်စစ်လိုက်ပြီး စမ်းချောင်းဘက်သို့ ဆက်တိုးလာခဲ့သည်။

စမ်းချောင်းနှင့်တဖြည်းဖြည်းနီးလာသည့်အခါ ပေါင်ထိအောင်ရှည်လျားလှသည့် မြက်ရိုင်းတောကြီးအတွင်းဝပ်ချလိုက်ကာ သေနတ်တွင်တပ်ဆင်ထားသည့် အဝေးကြည့်မှန်ပြောင်းဖြင့် စမ်းချောင်းအတွင်းသို့ အသာလှမ်းကြည့်မိလိုက်လေသည်။ အဝေးကြည့်မှန်ပြောင်းကို ပိုမိုမြင်သာအောင် တဖြည်းဖြည်းဆွဲကြည့်လိုက်လေရာ စမ်းချောင်းအတွင်းမြင်တွေ့နေရသည်မှာ သားကောင်မဟုတ်ဘဲ ကရင်ပုဆိုးအကွက်သာဖြစ်သဖြင့် ဒီးဒီးက သက်ပြင်းချလိုက်သည်။

“လတ်စသတ်တော့လူတွေပဲ”

ဒီးဒီးမှာ ထိုနေရာမှ ကုန်းထလိုက်ပြီး သေနတ်ကိုထမ်းကာ စမ်းချောင်းအနီးသို့လာခဲ့လေသည်။ တဖြည်းဖြည်းနီးလာသည့်အခါတွင် စကားပြောဆိုသံများကိုပါ ကြားရလေသည်။ အနားရောက်သွားသည့်အခါမှ သူတို့ရွာသားနှစ်ဦးဖြစ်နေသည်ကိုတွေ့ရသည်။ ရွာသားနှစ်ဦးမှာ ချောင်းအတွင်းကုန်းကုန်းကွကွနှင့် ပုစွန်စမ်းနေကြပုံရသည်။ ချောင်းအတွင်းရှိသည့်် သဘာဝကျောက်တုံး ကျောက်ဆောင်များအောက်တွင် ပုစွန်များက ခိုအောင်းနေတတ်လေရာ ထိုကျောက်တုံးများကိုစမ်းရင်း ပုစွန်နှိုက်ကြလေ့ရှိသည်မှာ ထုံးစံပင်ဖြစ်သည်။

“ဘယ်သူများလဲလို့ အယ်ထော်တို့ပါလားကွ၊ စောစောစီးစီး တောထဲရောက်နေကြပြီလား”

အယ်ထော်မှာ အသက်ဆယ့်ငါးနှစ်ခန့်ရှိသည့်ကောင်လေးဖြစ်သည်။ သူနှင့်အတူ စောဘောဆိုသည့် လူငယ်ကလေးလည်း ပါလေသည်။ စောဘောမှာ နာမည်အတိုင်းပင် ၀၀ဖိုင့်ဖိုင့်နှင့်ဖြစ်သည်။

“ဟုတ်တယ် ကိုဒီးဒီး၊ ဒီနေ့ပုစွန်စားချင်တာနဲ့ ချောင်းထဲပုစွန်ရှိမလားဆိုပြီးလာနှိုက်တာဗျ”

အယ်ထော်က ပလိုင်းအတွင်းမှ ပုစွန်များကိုပြလိုက်သည်။ ပုစွန်မှာ လက်တစ်ဆုပ်စာခန့်သာရှိသေးသည်။ ဒီးဒီးက ပုစွန်များကိုကြည့်ရင်း ရယ်မောကာ

“ဟား၊ ဟား အယ်ထော်ရာ မင်းပုစွန်က စောဘောတစ်လုပ်စာပဲရသေးတာပါလားကွ၊ ဒီနေရာမှာကျောက်တုံးနည်းတယ်ကွ၊ ချောင်းရေစီးကလည်းသန်တော့ ပုစွန်သိပ်မရှိလောက်ဘူး၊ မင်းတို့ များများစားစားရချင်ရင်တော့ ချောင်းရိုးအတိုင်း အထက်ဘက်ကိုဆန်တက်သွားလိုက်ရင် ကျောက်အိုင်ကလေးတွေရှိတယ်ကွ၊ အဲဒီနေရာမှာတော့ ရေစီးကလည်းညင်သာပြီး ကျောက်တုံးကျောက်ခဲပေါလို့ တစ်အိုင်နှစ်အိုင်လောက်ဆိုရင် မင်းတို့ပလိုင်းပြည့်လောက်မှာပေါ့ကွ”

အယ်ထော်နှင့် စောဘောတို့လည်းပျော်ရွှင်သွားကြကာ

“ကျေးဇူးတင်ပါတယ်၊ ကိုဒီးဒီး”

ဟုပြောဆိုပြီးနောက် ချောင်းရိုးအတိုင်းဆန်တက်သွားကြလေတော့သည်။ ဒီးဒီးလည်း လူငယ်ကလေးနှစ်ယောက်၏ နောက်ကျောကိုကြည့်နေလိုက်ရင်း အတန်ကြာတော့မှ ခြေလက်ဆေးကြောကာ တောအုပ်ထဲသို့ တစ်ခေါက်ပြန်ဝင်ခဲ့တော့လေသည်။

(၂)

တောင်စောင်းကလေးအတိုင်း ဆက်တက်လာရင်း မကြာခင် တောတိုးသံများကိုကြားရပြန်သည်နှင့် ထိုနေရာကိုမှန်း၍လိုက်လာခဲ့ရာ မကြာမီတွင် သမင်တစ်အုပ်ကိုတွေ့လိုက်ရသည်။ ရွှေသမင်များမဟုတ်ဘဲ တောကြီးသမင်များဖြစ်သည်။ တောသမင်များမှာ အရောင်အသွေးမွဲခြောက်ခြောက်ရှိကာ သမင်ဖိုများမှာ အနက်ရောင်အမွှေးကြမ်းကြီးများရှိတတ်သဖြင့် အချို့ကသမင်နက်ဟုလည်းခေါ်ဝေါ်ကြသည်။ သမင်နက်များ၏ ဦးချိုမှာ ရွှေသမင်များကဲ့သို့ အရှေ့သို့ငေါထွက်သည်မဟုတ်ဘဲ နံဘေးသို့ဖြန့်ကားကာ တက်မများဖြင့်ခွဲတက်သွားသဖြင့် အလွန်လှပလေသည်။ ဒီးဒီးမှာ သမင်အုပ်ကိုကြည့်ရင်း ဦးချိုကောင်းသည့် သမင်ဖိုအား လိုက်လံရှာဖွေနေမိသည်။ သမင်များတွင် သမင်ဖိုသာ ဦးချိုထွက်တတ်ပြီး သမင်မများမှာ ဦးချိုပါသည်ဆိုရုံလောက်သာ တုံးတိကလေးပါတတ်သည်။ သမင်အုပ်တစ်အုပ်တွင် ဦးဆောင်သူ သမင်ဖိုကြီးရှိတတ်ပြီး ကျန်သည့်သမင်ဖိုနှင့် သမင်မများမှာ ၎င်း၏ဦးဆောင်မှုအနောက်ကို လိုက်လံသွားလာတတ်ကြသည်။ သို့ရာတွင်လည်း ဦးဆောင်သူ သမင်ဖိုကြီးမှာ အခြားသမင်ဖိုတစ်ကောင် အရွယ်ရောက်ကာကြီးပြင်းလာသည်နှင့် ထိုသမင်ဖိုနှင့်ရန်ပြုအားပြိုင်ကာ ရှုံးနိမ့်သူက သမင်အုပ်မှခွဲထွက်ရစမြဲဖြစ်သည်။

သမင်ချိုတွင်ရှိသည့် အတက်များကိုသေချာလေ့လာကြည့်ပြီး သမင်တစ်ကောင်၏ အသက်နှင့် အရွယ်ရောက်မရောက်ကို သိနိုင်လေသည်။ သမင်အုပ်အတွင်းမှ အခြားသမင်များမှာ မြက်နုများကို အငမ်းမရစားသောက်နေကြသော်လည်း သမင်ဖိုကြီးမှာတော့ ကုန်းကမူတစ်ခုအပေါ်တွင်ရပ်တန့်နေကာ ပတ်ဝန်းကျင်ကိုနားစွင့်လျှက် သတိကြီးကြီးနှင့်စောင့်ကြပ်နေလေသည်။ ဒီးဒီးလည်း သမင်ဖိုကြီးကို သေနတ်ဖြင့်ထိုးချိန်လိုက်သော်လည်း ပစ်ခတ်လိုစိတ်မရှိပေ။

“လှလိုက်တဲ့ကောင်ကြီးကွာ၊ ဒါပေမယ့် ဒီနေ့တော့ မင်းကိုမပစ်သေးဘူးကွ”

သို့နှင့် ဒီးဒီးမှာ အခြားသမင်ဖို အရွယ်လတ်လတ်တစ်ကောင်အား ချိန်ရွယ်လိုက်လေတော့သည်။ ထို့နောက် သမင်အုပ်ကြားနိုင်စေရန်အတွက် အသံပေးကာ လေချွန်လိုက်တော့သည်။ မြက်စားနေသည့်သမင်များမှာ ဒီးဒီးရှိရာသို့ ခေါင်းထောင်ကြည့်ကြပြီးနောက် အန္တရာယ်မှန်းသိလိုက်သဖြင့် ပြေးလွှားရန်ကြံရွယ်လိုက်ကြစဉ်

“လာစမ်း၊ တစ်ကောင်”

ဒီးဒီးက ရေရွတ်လျှက် အသက်အောင့်ကာ သေနတ်မောင်းခလုပ်ကို လက်ဖြင့်ဆွဲညှစ်ချလိုက်လေတော့သည်။

“ဒိုင်း”

ကျယ်လောင်သည့်သေနတ်သံက တောင်ကြားတစ်ခွင် ပဲ့တင်ထပ်သွားလေသည်။ သမင်များလည်း ခြေဦးတည့်ရာသို့ အလျှင်အမြန်ပြေးလွှားသွားကြတော့သည်။ ဒီးဒီးချိန်ရွယ်ပစ်ခတ်လိုက်သည့် သမင်ဖိုမှာ ပြေးလွှားရန်ထအခုန်တွင် ကျည်ဆန်က လည်ပင်းကိုဖောက်ဝင်သွားပြီး အရှေ့သို့ ဂျွမ်းနှစ်ပတ်ခန့်ထိုးကျသွားကာ မြေပြင်တွင်ဘေးစောင်းလဲကျလျှက် ခြေထောက်များကိုလူးလွန့်နေလေသည်။ ဒီးဒီးလည်းထိုနေရာသို့ အလျှင်အမြန်ပြေးသွားကာ သမင်ဖိုကိုကြည့်လိုက်လေ၏။

သမင်ဖိုမှာ ဒီးဒီးအားနက်မှောင်ကြည်လဲ့နေသည့် မျက်လုံးများကို ပြူးကျယ်လျှက်ကြည့်နေလေသည်။ လည်ပင်းရှိကျည်ဖောက်ရာမှ သွေးများက ဒရဟောစီးကျနေလေရာ ဒီးဒီးက ခါးမှအမဲလိုက်ဓါးမြှောင်ကိုထုတ်လိုက်ပြီးနောက် သမင်ဖို၏ လက်ပြင်ကြားထဲသို့ ခပ်သာသာကလေးထိုးထည့်လိုက်တော့သည်။ ထိုတော့မှ သမင်ဖိုမှာ ငြိမ်သက်သွားပြီး နောက်ဆုံးထွက်သက်ကို ဟင်းခနဲချလိုက်ကာ သေဆုံးသွားလေသည်။ ဒီးဒီးက လုပ်ရိုးလုပ်စဉ်အတိုင်း သမင်ဖို၏ နားရွက်ထိပ်ဖျားများ၊ ခွာနှင့် အမြီးတိုကလေးအား ဓါးမြောင်ဖြင့်ဖြတ်ထုတ်လိုက်သည်။ ထို့နောက် ထိုအစိတ်အပိုင်းများအား ဖက်ရွက်တစ်ရွက်အတွင်းထည့်ကာ တောပိုင်တောင်ပိုင်များအား ပသမှုပြုပြီးနောက် သမင်ဖိုအားထမ်းခဲ့ရင်း အိမ်သို့ဦးတည်ကာ ခပ်သွက်သွက်လျှောက်လှမ်းလာခဲ့သည်။

“ကယ်၊ ကယ်ကြပါ”

သမင်ထမ်းပြန်လာစဉ် လူအော်သံကြားသဖြင့်နားစွင့်နေမိလိုက်သည်။ အော်သံမှာ တောင်ကုန်းနှစ်ခုအကြား တောင်ချိုင့်ကြားမှ အော်သံတက်လာခြင်းဖြစ်သည်။ အသံကိုနားထောင်လိုက်သည့်အခါ အစောပိုင်းက တွေ့ဆုံခဲ့သည့် အယ်ထော်၏အသံဖြစ်မည်ဟု မှန်းဆသိလိုက်ပြီးနောက် ဒီးဒီးလည်းထိုနေရာသို့ အပြေးဆင်းလာခဲ့တော့သည်။

ထင်သည့်အတိုင်းပင် လူကြီးခါးဝက်ခန့်ရှိသည့် ရေအိုင်ကလေးတစ်ခုအတွင်း စောဘောနှင့် အယ်ထော်တို့နှစ်ယောက်မှာ အော်ဟစ်နေကြလေသည်။ စောဘောမှာ ရေအိုင်အတွင်းပင်ရှိနေကာ အယ်ထော်မှာတော့ ကမ်းစပ်တွင်ဖြစ်ပြီး ရေထဲသို့တုတ်တစ်ချောင်းဖြင့် တဗြန်းဗြန်းရိုက်ခတ်လျှက်ရှိသည်။

“စောဘောရေ၊ မြန်မြန်လာစမ်းပါကွ”

၀၀ဖိုင့်ဖိုင့်နှင့် စောဘောမှ ရေထဲတွင်လမ်းလျှောက်နေရင်း ပါးစပ်က နာကျင်စွာအော်ဟစ်နေလေသည်။ ဒီးဒီးလည်းအထိုအဖြစ်ကိုမြင်လိုက်သည့်အခါ စမ်းချောင်းအစပ်တွင် သမင်ဖိုကိုပစ်ချလိုက်ပြီးနောက် စောဘောအနီးသို့ပြေးလာခဲ့သည်။

“စောဘော ဘာဖြစ်တာလဲကွ”

ထိုအခါ အယ်ထော်က

“ကိုဒီးဒီး ရေထဲမဆင်းနဲ့၊ ရေထဲမဆင်းနဲ့ဗျ”

ထိုအခိုက်မှာပင် ကြည်လင်နေသည့် ရေအောက်တွင် အဝါရောင်ငါးအုပ်ကြီးတစ်အုပ်မှာ အလျှင်အမြန်ပြေးထွက်သွားသည်ကိုမြင်လိုက်ရသည်။ ဒီးဒီးလည်း ခါးလယ်ခန့်နစ်သည့်ရေကို အလျှင်အမြန်ကူးဖြတ်လိုက်ပြီးနောက် စောဘောအားပြေးဆွဲတော့သည်။ စောဘော၏ ပုခုံးအားလက်ဖြင့်ဆွဲပြီးနောက် စောဘောကိုချောင်းကမ်းပါးဆီသို့ ဆွဲခေါ်လာခဲ့သည်။ ရေထဲတွင်တော့ သွေးတွေနီရဲလျှက်ရှိနေသည်။ ကမ်းစပ်အနီးရောက်သည့်အခါ အယ်ထော်ကလည်း စောဘော၏ပုခုံးတစ်ဖက်အား ဝင်ဆွဲပြန်သည်။ သို့နှင့် နှစ်ဦးသား စောဘောကိုကုန်းပေါ်သို့ဆွဲတင်လိုက်ကြသည်။

“ဟင်၊ ဒါ၊ ဒါတွေကဘာဖြစ်တာလဲ”

စောဘော၏ ခြေထောက်ကိုကြည့်ရင်း ဒီးဒီးတစ်ယောက် ရေရွတ်လိုက်မိသည်။ စောဘော၏ ပေါင်သားများ၊ ခြေသလုံးသားများတွင် အချိုင့်အကွက်များဖြစ်နေကာ အသားတစ်များထွက်လျှက်ရှိသည်။ ညို့သကျည်းနေရာတွင်တော့ အရိုးဖြူဖြူပင်ပေါ်နေကာ ထိုအကွက်များမှာ သွေးများက စီးကျနေလျှက်ရှိသည်။

“မင်းတို့ဘာဖြစ်ကြတာလဲ အယ်ထော်”

“မသိပါဘူးဗျာ၊ ကျုပ်တို့လည်း ပုစွန်စမ်းရင်း ချောင်းရိုးအတိုင်းတက်လာကြတာဗျ၊ ဒီအနားကိုရောက်တော့ ငါးအုပ်တစ်အုပ်က ကျုပ်ဆီပြေးလာတယ်ဗျ၊ ကျုပ်ခြေထောက်ကလည်း စပ်ဖျဉ်းဖျဉ်းဖြစ်လာတာနဲ့ ကမ်းဆီကိုအမြန်ပြေးတက်လိုက်တာပဲဗျာ၊ ဒါပေမယ့် ရေထဲမှာကျန်နေခဲ့တော့ စောဘောကအတော့ အခု ကိုဒီးဒီးမြင်တဲ့အတိုင်းပါပဲဗျာ”

အယ်ထော်စကားကိုနားထောင်ရင်း ဒီးဒီးတစ်ယောက် စောဘောခြေထောက်မှ ဒဏ်ရာများကို လေ့လာအကဲခတ်မိသည်။ အသားတစ်များမှာ သခွားသီးခြစ်၊ သင်္ဘောသီးခြစ်နှင့် အခြစ်ခံထားရသကဲ့သို့ ပြတ်ရှကြေမွနေသည်ကိုတွေ့လိုက်ရသည်။ စောဘောမှာတော့ နာကျင်စွာအော်ဟစ်နေလျှက်ရှိသည်။

“အယ်ထော်ရေ၊ ဒီအတိုင်းထားလို့မဖြစ်ဘူးဟ၊ သူ့ဒဏ်ရာကို တစ်ခုခုကုသပေးမှဖြစ်မယ်၊ မင်းဒီမှာ ခဏနေခဲ့”

ဒီးဒီးက တောအုပ်အတွင်းသို့ပြေးဝင်သွားပြီး သစ်ပင်တချို့ကိုရှာဖွေကာ ခူးယူလိုက်သည်။ ထို့နောက် သစ်ပင်ကြီးတစ်ပင်မှ သစ်ခေါက်များကိုဓါးဖြင့်ထစ်လိုက်လေရာ သစ်စေးဖြူဖြူတစ်ချို့က သစ်ခေါက်မှစိမ့်ထွက်လာလေသည်။ ထိုပျစ်ချွဲချွဲအစေးများကို တုတ်တစ်ခုနှင့်ထိုးကော်ယူလာခဲ့ကာ စောဘောဆီသို့ အလျှင်အမြန် ပြန်ပြေးလာခဲ့သည်။

“ရော့ အယ်ထော်ရေ ဒီအရွက်တွေကိုဝါးစမ်းကွာ”

နနွင်းရွက်ကဲ့သို့ အရွက်ဖားဖားကြီးများကို အယ်ထော်ထံသို့ပေးလိုက်ရာ အယ်ထော်မှာ ထိုအရွက်များကိုဝါးလေတော့သည်။

“အား၊ အရွက်တွေက ပူတယ်၊ စပ်တယ်ဗျ”

“ဝါးထားစမ်းပါကွာ၊ ဒီအရွက်က ဒဏ်ရာတွေအတွက်ကောင်းတယ်ကွ”

အယ်ထော်ဝါးပြီးသား ဝါးဖတ်များအား စောဘော၏ခြေထောက်ရှိဒဏ်ရာများတွင် သိပ်ထည့်ပေးလိုက်သည်။ ထို့နောက် ဖက်ရွက်တစ်ခုကို ကန်တော့ထိုးလိုက်ပြီးနောက် စမ်းချောင်းရေအနည်းငယ်ခပ်လိုက်ကာ သစ်စေးများကို ရေနှင့်ဖျော်ထည့်လိုက်ပြီး စောဘော၏ပါးစပ်အတွင်းသို့ ထိုအရည်များကိုလောင်းထည့်လိုက်လေသည်။ ငါးမိနစ်ခန့်ကြာသည့်အခါ အော်ဟစ်နေသည့်စောဘောမှာ အသံတိတ်သွားပြီး မှိန်းကျသွားလေသည်။

“ကဲ အယ်ထော်ရေ၊ ရွာကလူတွေပြေးခေါ်စမ်းကွာ၊ စောဘောကို ငါတို့ထမ်းပြီးသယ်မှရမယ်ဟေ့”

အယ်ထော်လည်း ရွာသို့အလျှင်အမြန်ပြေးတော့သည်။ ထိုတော့မှ ဒီးဒီးက ချောင်းကမ်းစပ်တွင် ပစ်ချထားခဲ့သည့် သမင်ဖိုကိုသတိရသွားပြီးနောက် ချောင်းကျဉ်းသည့်နေရာမှ ချောင်းကိုအလျှင်ဖြတ်ကူးကာ သမင်ဖိုအားပြေးကောက်ယူလိုက်လေသည်။

“ဟာ၊ သွားပြီ”

သမင်ဖိုကြီးမှာ ရေထဲတွင်ကိုယ်တစ်ပိုင်းခန့်နစ်နေလေရာ ရေထဲကျနေသည့် ကိုယ်ပိုင်းမှာ စုတ်ပြတ်သပ်နေပြီး အသားတစ်များထွက်နေကာ အချို့နေရာတွင်အရိုးပြိုင်းပြိုင်းသာကျန်တော့သည်။ ဒီးဒီးလည်း သမင်ဖိုအားထိုင်ကြည့်လိုက်ရင်း တစ်ခုခုကိုတွေးနေမိသည်။

“ဧကန္တ ဒီချောင်းထဲမှာ အပါးပြောဖူးတဲ့ ငါးဘောလောတွေများရှိနေပြီလားမသိဘူး”

(၂)

“ငါးဘောလောတဲ့လား”

ဒီးဒီးအိမ်တွင် လူများစုံနေပြီဖြစ်သည်။ ဒီးဒီးက သမင်ဖိုကြီး၏ ကျန်သည့်အပိုင်းများကို ခုတ်ထစ်ကာ အသားဖျက်နေချိန်တွင် စပ်စုသောရွာသားအချို့က ဒီးဒီးထံလာရောက်၍ မေးမြန်းနေကြခြင်းဖြစ်သည်။ စောဘောကိုတော့ ရွာသားများက ဂွန်ဒေါင်းဟုခေါ်ကြသည့် ထော်လာဂျီနှင့်တင်ကာ ကျုံဒွန်းဆေးရုံသို့ ပို့ဆောင်သွားကြပြီးဖြစ်သည်။

“ဒီငါးက အသားစားငါးဗျ၊ အဲဒီငါးတွေက သွေးအရသာကိုသိပ်ကြိုက်တယ်ဆိုပဲဗျာ၊ ချောင်းအောက်မှာ သွေးနံ့ရတယ်ဆိုရင်တောင် ဟိုးချောင်းအထက်ကနေအနံ့ခံရသတဲ့ဗျ”

“ထူးဆန်းတယ်ဗျာ၊ သွေးနံ့သိတယ်ဆိုတော့ ငါးမန်းတွေလိုမျိုးပေါ့နော်”

“အဟုတ်ပေါ့ဗျာ”

ဒီးဒီးက သမင်သားမှ အကြောအရွတ်များကို ဓါးထက်ထက်နှင့်ဖြတ်ထုတ်နေလိုက်သည်။ ထိုအခါရွာသားတစ်ယောက်က

“နေစမ်းပါအုံးဗျ၊ ဒီငါးကို ဘာလို့ငါဘောလောလို့ခေါ်တာလဲ”

“အပါးပြောဖူးတာကတော့ ဒီငါးပုံစံက ခပ်ပြားပြားပဲတဲ့ဗျ၊ ဒါပေမယ့်် သူတို့ကိုအန္တရာယ်ပြုလာပြီဆိုရင်တော့ ဘောလုံးများလို ပွဖောင်းတက်လာပြီး ရေပေါ်မှာ ဘောလောပေါ်တတ်ကြတယ်တဲ့ဗျာ၊ အဲဒီလိုဘောလုံးပုံစံမျိုးနဲ့ ရေပေါ်မှာလှိမ့်ဆင်းသွားရင် သိပ်မြန်တယ်ဆိုပဲဗျ”

“ထူးဆန်းပါပေ့ဗျာ၊ ဒါဖြင့်ရင် ကျုပ်ထားဝယ်ဘက်က အမျိုးတွေဆီသွားတုန်းက မြင်ခဲ့ဖူးတဲ့ ငါးပူတင်းနဲ့များ တူနေမလားမသိဘူးဗျ၊ ငါးပူတင်းလည်း အဲဒီလိုဘောလုံးပုံစံဖြစ်သွားတတ်သဗျ၊ တစ်ကိုယ်လုံးလည်းအစူးတွေပါတယ်၊ ပြီးတော့ လူတွေကိုလည်း တွတ်တယ်ဆိုပဲဗျ၊ ဒါဖြင့်ရင် အခု ဒီးဒီးပြောတဲ့ ငါးဘောလောက ငါးပူတင်းနဲ့များ တူနေမလားပဲနော်”

ပင်လယ်အကြောင်း အနည်းငယ်ကြားဖူးနားဝရှိသည့်် လူတစ်ဦးက ဝင်ပြောရာ ဒီးဒီးက ခေါင်းညိတ်မိလိုက်သည်။

“ဟုတ်ချင်ဟုတ်မှာပေါ့ဗျာ၊ ခုနက ပြောတာကိုဆက်ပြောရရင် ဒီကောင်တွေက သွေးကြိုက်တယ်ဆိုတော့ သွေးဆိုတာ သွေးနွေးသတ္တဝါတွေဆီမှာပဲရှိတယ်မဟုတ်လားဗျ၊ ဒီတော့ ဒီငါးတွေက တခြားကုန်းသတ္တဝါတွေ ရေထဲဆင်းတဲ့အချိန် အဲဒီသတ္တဝါကို ကိုက်ဖြတ်ပြီးတော့ သူ့သွေးကိုဖောက်သောက်ပြီး သူတို့အသားကိုစားကြသတဲ့ဗျာ၊ ဒီကောင်တွေရဲ့သွားတွေဟာဆိုရင်လည်း ဓါးသွားလို ပါးပါးလှစ်လှစ်ကလေးတွေနဲ့ ချွန်ထက်နေတာပဲတဲ့ဗျာ၊ အသားကိုကိုက်ဖြတ်တဲ့အခါမှာ လျှင်လျှင်မြန်မြန်ဖြတ်နိုင်တယ်ဆိုပဲ”

“ဒါနဲ့ ဒီငါးက မင်းလွင်တောင်တန်းပေါ်မှာရှိခဲ့ဖူးလို့လား”

“ကျုပ်အပါးတောင်မှ ဒီငါးတွေနဲ့ တစ်ခါတွေ့ဖူးသဗျ၊ သူ့ပေါင်မှာတောင် အနာအကွက်ကြီးတစ်ခုရှိတယ်ဗျ၊ ဟင်းသောက်ဇွန်းလောက်ရှိပြီး နည်းနည်းလည်းချိုင့်နေသဗျ၊ သူပြောတာကတော့ အဲဒီဒဏ်ရာက ခုနကပြောတဲ့ ငါးဘောလောတွေနဲ့တွေ့လို့ရခဲ့တာတဲ့၊ ဒီအတိုင်းဆိုရင် ဒီငါးတွေက တောင်တန်းပေါ်တစ်နေရာမှာ ပေါက်ပွားနေထိုင်တတ်တယ်ထင်ပါ့ဗျာ၊ အခုတော့ မျက်စိလည်လမ်းမှားပြီး စမ်းချောင်းထဲကိုရောက်လာတယ်ထင်တာပဲ”

“ကျုပ်တို့တော့ ကြောက်လာပြီဗျာ၊ ဒါဆိုနောက်တစ်ခါ တောထဲသွားရင် စမ်းချောင်းဘက်ကို ခြေဦးမလှည့်တော့ဘူးဗျို့”

“ချောင်းရေက ကြည်သားပဲဗျ၊ သွားရင်းလာရင်း ဂရုစိုက်ကြပေါ့ဗျာ”

ဒီးဒီးကရွာသားများကို သမင်သားတစ်ချို့လှီးဖြတ်ပေးလိုက်ပြီးနောက် နှစ်ပိဿခန့်ရှိသည့် သမင်သားတွဲကြီးကို ရွာသားတစ်ယောက်အားပေးရင်း

“ရော့ဗျာ၊ ဟောဒီသမင်သားကိုတော့ ရွာထိပ်နားက အတီးဖြူကိုပေးလိုက်စမ်းပါဗျာ၊ သူကတစ်ကိုယ်လုံး သမင်ဖြူတွေပေါက်နေတာမဟုတ်လားဗျ၊ ကျုပ်ကြားဖူးတာကတော့ သမင်နက်သားစားရင် သမင်ဖြူပျောက်တယ်လို့ ကြားဖူးလို့ ခင်ဗျားတို့ယူသွားပေးလိုက်စမ်းပါ”

သမင်နက်အသားမှာ အမဲသားများကဲ့သို့နီမြန်းသော်လည်း ပိုမိုနက်မှောင်ကာ ညှိုမောင်းသည့်အတွက် အနက်ရောင်တမျှနက်မှောင်လှသည်။ ငါးမဲလုံးအသားနှင့်ပင် ဆင်တူပြန်သည်။

ညနေရောက်သည့်အခါ ရွာလူကြီး ဦးမြဖီးနှင့် ရွာသားတစ်ချို့သည် ဒီးဒီးအိမ်သို့ရောက်လာခဲ့ကြသည်။ ဒီးဒီးလည်း ညနေအချိန်အခါရောက်သည်မို့ သမင်သားအားခပ်စပ်စပ်ချက်ထားသည့်ဟင်းကိုမြည်းကာ ချက်အရက်တစ်လုံးဖြင့် စည်းစိမ်ခံနေချိန် အချိန်ကောင်းပင်ဖြစ်သည်။

“ဒီးဒီးရေ၊ ကောင်းနေပြီလားကွ”

“ဟာ အတီးမြဖီးပါလား၊ လာကြပါ၊ လာကြပါ”

ဒီးဒီးက လူကြီးများရောက်လာသဖြင့် အဂါရဝဖြစ်မည်စိုးရိမ်ကာ သူ့အရှေ့တွင်ထောင်ထားသည့် ချက်အရက်ပုလင်းအား အသာယူလိုက်ကာ တိုင်နောက်တစ်နေရာတွင်အသာထောင်ထားလိုက်လေသည်။ ရွာလူကြီးနှင့်် ရွာသားသုံးဦးတို့မှာ ဒီးဒီးအနီးတွင်ထိုင်ချလိုက်လေသည်။

“ဆိုပါအုံး အတီးရာ၊ ကျုပ်အိမ်ကိုတကူးတကလာပုံထောက်တော့ ဘာတောကောင်လိုချင်လို့လဲဗျ”

“တောကောင်လိုချင်လို့လာတာမဟုတ်ဘူးကွ၊ ဒီတစ်ခါတော့ မင်းပြောဖူးတဲ့အသားစားငါးကြောင့်လာခဲ့တာ”

ဒီးဒီးကပြုံးလိုက်ပြီး

“အသားစားငါးကြောင့် မနက်ကပဲ စောဘောတစ်ယောက် ဆေးရုံရောက်သွားတာကို ပြောချင်တာမဟုတ်လား အတီးမြဖီးရ”

“စောဘောဆေးရုံရောက်တာ တစ်ရွာလုံးသိပြီးသားပါ၊ ဒီညနေပဲ နော်မူဆေးတစ်ယောက် အသားစားငါးကိုက်ခံရပြန်ပကွ”

“ဘယ်လိုဖြစ်တာလဲဗျာ၊ နော်မူဆေးက တောထဲများသွားလို့လား”

“တောထဲတော့မသွားပါဘူးကွာ၊ တို့ရွာအပြင်က ပတ်စီးတဲ့ချောင်းထဲမှာ ငါးမြုံးထောင်ထားတာကို သွားဖော်သတဲ့ကွ၊ အဲဒီအချိန်မှာ သူ့ခြေထောက်နားကို အဝါရောင်ငါးတစ်အုပ်ရောက်လာသတဲ့၊ ပြီးတော့ စပ်ဖျဉ်းဖျဉ်းဖြစ်လာလို့ ကြည့်လိုက်တော့ ခြေထောက်က အသားတစ်ပါသွားသတဲ့ကွာ၊ အခုတော့ အိမ်ကိုရောက်နေပြီကွ၊ ကံကောင်းတာက ဒဏ်ရာကနည်းနည်းပါးပါးလောက်ပဲ ရသွားပေလို့သာပေါ့”

ဒီးဒီးလည်း အံ့သြလျှက်

“ဟာ၊ ဒါဆိုရင် ရွာပြင်နားအထိကို ဒီကောင်တွေရောက်လာပြီဆိုတော့ ရှေ့လျှောက်မလွယ်ဘူးဗျို့”

“အဲဒါပြောတာပဲ ဒီးဒီးရာ၊ သူ့ဖာသူ တောထဲက စမ်းချောင်းမှာနေကြတာက သိပ်အန္တရာယ်မဟုတ်ပေမယ့် အခုလိုလူနဲ့နီးတဲ့ ရွာနားရောက်လာတာတော့ တို့အတွက်အန္တရာယ်ရှိတယ်ကွ၊ ဒါကြောင့် မင်းများတစ်ခုခုလုပ်နိုင်မလားလို့”

“ကျုပ်လည်း အခုမှကိုယ်တွေ့ကြုံဖူးတာဗျ”

ဦးမြဖီးက ခေါင်းခါလိုက်ကာ

“နေ့လည်က မင်းပြောတော့ မင်းအပါးလည်း ဒီငါးတွေနဲ့တွေ့ဖူးတယ်ဆိုကွာ”

“ဒါတော့ဟုတ်ပါတယ်၊ အပါးတစ်ခါ အဲဒီငါးတွေပေါ်လာလို့ ရှင်းပစ်ရဖူးတယ်တဲ့ဗျ”

“ဒါဆိုရင် မင်းရောရှင်းပစ်လို့မဖြစ်နိုင်ဘူးလား”

ဒီးဒီးက သူ့အရှေ့တွင်ချထားသည့် လက်ကျန်ခွက်အားကောက်မော့လိုက်ပြီး တစ်ချက်ပြုံးလိုက်ကာ

“ရေထဲကငါးပဲဗျာ၊ ကျုပ်တို့လူတွေက ဘာလို့ကြောက်နေရမှာလဲဗျ၊ ဟား၊ ဟား”

ဒီးဒီးပြုံးလိုက်သည့်အတွက် ဒီးဒီးထံတွင် နည်းလမ်းတစ်ခုရှိမည်ဟု ရွာလူကြီးများက ထင်မှတ်သွားကြကာ ခေါင်းညိတ်လိုက်ကြတော့သည်။

(၃)

နောက်တစ်နေ့မနက်တွင်တော့ ဒီးဒီးအိမ်ရှေ့တွင် ရွာသားအချို့က စုဝေးနေကြလေသည်။ ဒီးဒီးလည်း ထိုလူများကိုကြည့်ပြီး

“ကဲ ခင်ဗျားတို့အဆင်သင့်ဖြစ်ပြီလား”

“ဖြစ်ပါပြီ”

“ဒါနဲ့ ကျုပ်မှာထားတဲ့ ခွေးတစ်ကောင်ရော၊ ရလာပြီလား”

ရွာသားတစ်ဦးက ခွေးတစ်ကောင်အား ခြင်းကြားထဲထည့်ကာ ပိုက်ထားသည်ကိုတွေ့ရသည်။ သို့နှင့် ပစ္စည်းစုံလင်ပြီဖြစ်ရာ ဒီးဒီးတို့လူတစ်သိုက် ရွာပြင်ချောင်းဆီသို့ ချီတက်လာခဲ့သည်။ သို့သော်လည်း ချောင်းတစ်လျှောက် အသားစားငါးများ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ၊ သို့နှင့်တောအုပ်အတွင်းသို့ ခရီးဆက်လာခဲ့ကြသည်။

စမ်းချောင်းအထက်ပိုင်းတစ်နေရာအရောက်တွင်တော့ ဒီးဒီးကရပ်တန့်လိုက်သည်။

“ဒီကောင်တွေကို ဒီနားမှာ မျှားခေါ်မယ်ဗျာ၊ အရင်ဆုံးတော့ တောထဲတက်ပြီး ဟုမ်းနွယ်ပင်သွားရှာကြမယ်ဗျ၊ ခင်ဗျားတို့ ဟုမ်းနွယ်ပင်သိကြလား”

ရွာသားများအနက် သိသူနည်းလေရာ ဒီးဒီးကပင်ဦးဆောင်၍ တောတိုးခဲ့လေသည်။ အရိပ်ကောင်းသည့် တောအုပ်တစ်နေရာအရောက်တွင် သစ်ပင်ကြီးများအပေါ်မှ နွယ်ပင်များက ရစ်ဖွဲ့အုံဆင်းကာ ပေါက်ရောက်နေကြလေသည်။ ထိုနွယ်ပင်များထဲမှ အခေါက်ထူကာ လူကြီးလက်မောင်းလုံးခန့်ရှိသည့် နွယ်ပင်ကြီးတစ်ပင်ကို ဒီးဒီးကကိုင်ကြည့်လိုက်ပြီးနောက် ထိုနွယ်ပင်၏ အခေါက်ကိုဓါးဖြင့်ခြစ်ကာ ခွာယူလိုက်သည်။

“ကဲ ခင်ဗျားတို့လုပ်ရမှာက ဒီလိုအခေါက်တွေကို များများသာရှာလာကြဗျာ၊ ပလိုင်းတစ်လုံးလောက်ရရင် တော်လောက်ပြီ”

သို့နှင့် ရွာသားများမှာ ထိုဟုမ်းနွယ်ပင်၏ အခေါက်များကိုလိုက်လံရှာဖွေကြတော့သည်။ ပလိုင်းတစ်လုံးခန့်ရသည့်အခါ ဒီးဒီးတို့အဖွဲ့ တောအတွင်းမှပြန်ဆင်းလာကြရင်း ချောင်းကမ်းစပ်နံဘေးသို့ ဆင်းလာခဲ့ကြသည်။ ချောင်းဘေးတစ်နေရာရှိကျောက်တုံးကြီးများအပေါ်သို့ရောက်သည့်အခါ ထိုဟုမ်းနွယ်ပင်အခေါက်များကို ကျောက်တုံးများဖြင့်ထုချေလျှက် ကြိတ်ဖတ်သဖွယ်ဖြစ်အောင် ထုချေကြသည်။ ရွာသားတစ်ဦးက လက်ဆေးရန်အတွက် ချောင်းရေနှင့်ထိလိုက်သည့်အချိန်တွင် အဝါရောင်တောက်တောက်အဆင်းရှိသည့် ငါးအုပ်ကြီးက ချောင်းအတွင်းကူးခတ်ကာ ဆန်တက်လာလေသည်။

“ဟေ့လူ၊ အနောက်ဆုတ်”

ထိုလူလည်း အလန့်တကြားနှင့် အနောက်သို့ဆုတ်လိုက်လေရာ ငါးအုပ်ကြီးမှာ ထိုလူရပ်နေသည့်် ကမ်းစပ်နေရာအထိကူးခတ်လာပြီး ရေမျက်နှာပြင်အပေါ်အထိ ခုန်ပေါက်ကာ သားကောင်ကိုရှာဖွေနေကြလေသည်။

“တွေ့လားဗျ၊ လူနံ့ရလို့တက်လာကြတာ၊ ဒီကောင်တွေဘယ်လောက်ဆာနေသလဲဆိုရင် ရေထဲကနေတောင်ခုန်ပြီး တက်နေကြတာ ကြည့်စမ်းပါအုံးဗျာ”

ငါးအုပ်မှာ တဗွမ်းဗွမ်းခုန်လျှက် ဆူပွက်ထနေလေသည်။ ထိုအခါ ဒီးဒီးက သူတို့အသင့်ယူလာခဲ့သည့် ခွေးကိုထုတ်ယူလိုက်ကာ ခွေးအားဖမ်းချုပ်ထားစေပြီး ခြေထောက်ကျောများကိုဖြတ်ထုတ်ပစ်လိုက်တော့သည်။

“ကဲ ခွေးလေးရေ၊ အများကောင်းဖို့အတွက် မင်းကိုပဲစတေးရတော့မယ်”

ထိုသို့ရေရွတ်လိုက်ပြီး ခွေးကောင်အား စမ်းချောင်းအတွင်းသို့ပစ်ချလိုက်တော့သည်။ အကြောဖြတ်ထားသဖြင့် ခွေးမှာကောင်းကောင်းရေမကူးနိုင်ပေ၊ ထို့အတူ ဖြတ်ထားသည့် ဒဏ်ရာမှ သွေးများစီးကျလာသည်မို့ ချောင်းရေအတွင်း သွေးရောင်ဖြင့်ရဲရဲနီသွားလေသည်။ ထိုအခါ အသားစားငါးအုပ်ကြီးမှာ ချက်ချင်းပင် ထိုခွေးကောင်ဆီသို့ လျှင်မြန်စွာကူးခတ်လာပြီး ခွေးကောင်အားဝိုင်းဝန်းကိုက်ဖြတ်စားသောက်ကြတော့သည်။ ခွေးအောင်မှာ တအိုင်အိုင်နှင့်အော်ဟစ်ရင်း ရုန်းကန်နေလေ၏။

“ကဲ အချိန်မရှိဘူး၊ ဒီငါးတွေ ခွေးကိုအာရုံစိုက်နေတဲ့အချိန် ကျုပ်တို့က ချောင်းအထက်ပိုင်းကိုသွားပြီး ဒီထုထောင်းထားတဲ့ နွယ်ပင်အခေါက်တွေကို ရေနဲ့ဖျော်ကြမယ်”

ခွေးအသားကိုအလုအယက်ကိုက်စားနေသည့် ငါးများ၏ အထက်ဘက် ခပ်လှမ်းလှမ်းသို့တက်သွားလိုက်ပြီးနောက် ဒီးဒီးက ချောင်းရေထဲသို့ခုန်ဆင်းလိုက်ကာ ထောင်းထားသည့်နွယ်ဖတ်များကို ချောင်းရေအတွင်းစိမ်ကာ အဝတ်လျှော်သကဲ့သို့ ဖွပ်ရိုက်နေလိုက်သည်။ ထိုအခါ ဖြူဖြူစေးစေးအရည်များသည် ချောင်းရေစီးအတိုင်း အောက်ဘက်သို့မျှောပါသွားကြပြီး ချောင်းရေပြင်တစ်ခွင်လုံးကို ဖုံးအုပ်သွားလေသည်။ ခွေးကောင်ငယ်မှာ မျက်စိရှေ့တွင်ပင် ငြိမ်သက်သွားလျှက် အရိုးပြိုင်းပြိုင်းကျသွားသည်ကို ရွာသားများက အံ့အားသင့်စွာဖြင့် ငေးကြည့်နေမိသည်။ ထိုစဉ် ခွေးအသားကုန်သွားသဖြင့် ချောင်းအထက်တွင်လှုပ်ရှားနေသည့် ဒီးဒီးကို ငါးများကအာရုံစိုက်မိသွားသည်။ သို့နှင့် ဒီးဒီးထံသို့ အုပ်စုလိုက်ကူးခတ်လာလေတော့သည်။

“ဒီးဒီး မင်းဆီကိုကူးလာနေပြီ”

ရွာသားများက ဒီးဒီးအားလှမ်းအော်ကြသည်။ ဒီးဒီးကတော့ ချောင်းရေထဲတွင်စိမ်လျှက်သာရှိနေသေးသည်။ ဝါဝါအဆင်းနှင့် ငါးအုပ်ကြီးမှာ ဒီးဒီးအားကိုက်ဖြတ်ရန် တစ်ခဲနက်ကူးခတ်လာသည်ကို ဒီးဒီးလည်းမြင်တွေ့လိုက်ရသည်။ သို့သော်လည်း ရေထဲမှမတက်သေးဘဲ လက်အတွင်းမှ ကြိတ်ဖတ်များကိုသာ ချောင်းရေအတွင်းသို့ အဝတ်ညှစ်ချသလို ညှစ်ချနေလေသည်။

“လာစမ်းပါ၊ မင်းတို့လာစမ်းပါ၊ မင်းတို့ငါ့ဆီကိုလာခဲ့ကြစမ်းပါ”

ထိုသို့ရေရွတ်ရင်း လက်ထဲမှလည်း အားကုန်ညှစ်ချနေပြန်သည်။ ငါးများမှာ ကူးခတ်လာရင်း ဒီးဒီးနှင့်လက်တစ်ကမ်းအကွာလောက်တွင် ရုတ်ခြည်းရပ်တန့်သွားကြသည်။ ထို့နောက် ထိုငါးများမှာ ရေပေါ်သို့ပက်လက်အနေအထားဖြင့် တဖြုတ်ဖြုတ်ပေါ်လာကြလေသည်။

“ဟာ၊ ထူးဆန်းလိုက်တာ”

ရွာသားများက ရေရွတ်လိုက်ကြသည်။ သူတို့ကြည့်နေစဉ်အချိန်မှာပင် ငါးအုပ်ကြီးတစ်ခုလုံးမှာ ရေပေါ်တွင်ပေါလောပေါ်ကုန်ကြတော့သည်။

“ခင်ဗျားတို့ဘာလုပ်နေတာလဲ၊ ဒီငါးတွေကိုဆင်းဖမ်းပြီးတော့ ကုန်းပေါ်တင်ပြီး တစ်ကောင်မကျန်သတ်ပစ်လိုက်ကြ”

ဒီးဒီးက အော်ဟစ်လိုက်သော်လည်း ရွာသားများက မဆင်းရဲကြပေ။

“လုပ်စမ်းပါဗျ၊ ဟုမ်းပင်အဆိပ်ကြောင့် ဒီငါးတွေ ခဏမေ့သွားကြတာဗျ၊ မသေသေးဘူး၊ အဆိပ်ပြယ်သွားရင် ဒီငါးတွေပြန်နိုးလာကြလိမ့်မယ်”

ထိုတော့မှ ရွာသားများက ရေထဲသို့ဆင်းလိုက်ကြကာ ပေါလောပေါ်နေသည့် ငါးများကိုဖမ်းဆယ်ယူကာ ခြင်းတောင်းများ၊ ပလိုင်းများအတွင်းသို့ ထည့်လိုက်ကြလေသည်။ ငါးအုပ်မှာ အကောင်ငါးဆယ်ခန့်ပင်ရှိသည်။ ရရှိလာသည့် ငါးများကိုကုန်းပေါ်သို့သယ်ယူခဲ့ကြသည်။ ရွာသားတစ်ယောက်က ဒီးဒီး၏ နောက်ကျောကိုလက်ညှိုးထိုးရင်း

“ဒီးဒီး ခင်ဗျားကျောကုန်းမှာ . . .”

ဒီးဒီးလည်းကျောကုန်းအားလက်ဖြင့်စမ်းကြည့််သည့်အခါ သူ့လက်ပြင်နေရာတွင် အဝါရောင်ငါးတစ်ကောင်က တွယ်ညှိနေသည်ကိုစမ်းမိလိုက်သည်။ ထိုငါးအားလက်ဖြင့်ဆုပ်ကိုင်ပြီး အတင်းဆွဲခွာလိုက်တော့မှ ငါးကောင်မှာလက်ထဲတွင်ပါလာတော့သည်။ ထိုငါးကောင်မှာ ဒီးဒီးလက်အတွင်းလှုပ်ရမ်းနေသေးသည်။ ငါး၏သွားများမှာ သင်တုန်းဓါးများကဲ့သို့ ချွန်ထက်နေကာ ဒီးဒီး၏သွေးများဖြင့် ရဲရဲနီနေလေသည်။ ဒီးဒီးက ထိုငါးကောင်အား မြေပေါ်သို့ပစ်ချလိုက်ကာ ဖနောင့်နင့် ပေါက်သတ်လိုက်တော့သည်။

“ခင်ဗျားတို့ဘာလုပ်နေတာလဲ၊ ခင်ဗျားတို့သယ်ထားတဲ့ ငါးတွေကိုလည်း အကုန်သတ်ကြ”

ထိုအခါမှ ရွာသားများမှာ ပလိုင်းများကိုမြေပေါ်သို့ သွန်မှောက်ချလိုက်ပြီး ထိုငါးများကိုရိုက်နှက်သတ်ဖြတ်ကြလေတော့သည်။

“အသားစားတဲ့ငါးတွေမို့လို့လားတော့မသိဘူး၊ ငါးအသားက ဆူလိုက်ဖြိုးလိုက်တာဗျာ၊ ဒီငါးတွေကင်စားရင် သိပ်အရသာရှိမယ့်ပုံပဲ”

ရွာသားများမှာ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်။ ရွာသားအချို့က ထိုငါးများအားတောအုပ်အတွင်း ဒီအတိုင်းပစ်ထားခဲ့သော်လည်း အချို့ရွာသားများကမူ ငါးအချို့ကိုမြက်ထုံးနှင့်ချည်ကာ ဆွဲယူလာခဲ့သည်။

“လူသားစားတဲ့ငါး၊ အခုတော့ဘာတတ်နိုင်သေးလဲကွ၊ မင်းတို့ကို ငါတို့ပြန်စားမယ်”

“ဟုတ်ပါ့၊ ဒီငါးကိုကင်ပြီး အရက်နဲ့မြည်းလိုက်ရလို့ကတော့ ရှယ်ပဲနေမှာဗျ”

“ချိုလည်းတော်တော်ချိုမှာ”

ရွာသားများက တစ်ယောက်တစ်ပေါက်ပြောဆိုကြရင်း ရွာထဲသို့ပြန်ဝင်လာခဲ့ကြလေသည်။

(၄)

“ဒီးဒီး၊ ဒီးဒီး ထပါအုံး”

နောက်တစ်နေ့မနက်အစောပိုင်းတွင် အိပ်ကောင်းနေသည့် ဒီးဒီးအား ဆယ်ဖောမှလှုပ်နှိုးနေသဖြင့် ဒီးဒီးလည်းအိပ်ရာမှထလိုက်သည်။

“ဘာဖြစ်လို့လဲ အမဆယ်ဖောရ၊ ဒီနေ့ကျုပ် တောမတက်ဘူးူ”

“နင်တောတက်တာ မတက်တာအရေးမကြီးဘူး ရွာထဲကလူသုံးယောက်သေလို့တဲ့ဟ”

ဒီးဒီးလည်းငုတ်တုတ်ကောက်ထိုင်လိုက်ပြီးနောက်

“ဘယ်လိုဖြစ်တာလဲ၊ ဘယ်သူသေတာလဲဗျ”

“ဒါတော့ငါလည်းမသိဘူး၊ သေတဲ့လူတွေက ပြာနှမ်းပြီးသေနေကြတာတဲ့၊ အခု ဒီလူတွေကို မြှုပ်နှံဖို့ပြင်ဆင်နေကြတယ်”

ဒီးဒီးလည်းအိမ်ပေါ်မှအမြန်ပြေးဆင်းလာခဲ့တော့သည်။

ရွာလယ်သို့ရောက်သည့်အခါ သေဆုံးသွားကြသည့်သူများအား ဝါးကပ်များတွင်တင်ထားကြသည်။ ထိုလူသုံးဦး၏မျက်နှာများမှာ ပြာနှမ်းနေကာ ပါးစပ်အတွင်းမှလည်း အမြှုပ်အချို့ထွက်နေသည်ကိုတွေ့ရလေသည်။ ထိုသူများကိုသေချာကြည့်လိုက်သည့်အခါမှ မနေ့က အသားစားငါးများကိုနှိမ်နင်းရာတွင် လိုက်ပါခဲ့သူများဖြစ်နေသည်ကိုတွေ့ရသည်။

“ဒီ၊ ဒီလူတွေ အဆိပ်မိသေတာပဲဗျ”

ဦးမြဖီးက ခေါင်းညိတ်လိုက်ပြီး

“ဟုတ်တာပေါ့ကွာ၊ သူ့အိမ်သားတွေပြောတောတော့ မနေ့က အသားစားငါးတွေယူလာပြီးတော့ ကင်ရင်း အတူတူစားသောက်ကြတယ်ဆိုပဲ၊ ညနက်တဲ့အထိစားသောက်ပြီး သီချင်းတွေဘာတွေဆိုနေသေးတယ်တဲ့၊ အခုမနက်သွားကြည့်တော့မှ သုံးယောက်စလုံးသေနေကြတာပဲ”

ရွာသားများက ထိုသေဆုံးသူများကို မြေမြှုပ်ရန်ပြင်ဆင်နေကြလေသည်။ ဒီးဒီးလည်းသူ့ကျောကုန်းရှိ ငါးကိုက်ထားသည့် ဒဏ်ရာကြီးကိုစမ်းကြည့်ရင်း

“အင်း၊ ဒီငါးက အသက်ရှင်နေတုန်းလည်း လူတွေကိုဒုက္ခပေးပြီး၊၊ သေသွားပြန်တော့လည်း ဒုက္ခပေးသေးတာပါလား”

ဟုရေရွတ်လိုက်က သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်။

အပိုင်း (၁၅) တွင် ဆက်လက်ဖတ်ရှုပါ။
#အဂ္ဂဇော် #