“လောဘကြီးတဲ့ မြွေဆရာ”(စ/ဆုံး)

 

 

 

 

 

 

 

 

 

“လောဘကြီးတဲ့ မြွေဆရာ”(စ/ဆုံး)

 

 

 

 

—————————-

 

 

 

 

ညရဲ့ အမှောင်ထုက အရာအားလုံးကို ပိန်းပိတ်နေပြီး လောကတခွင်ကို တိတ်ဆိတ်ငြိမ်သက်နေစေတယ်။

 

 

 

 

အဲ့ဒီအချိန် ဓိသာကုန်းရွာရဲ့ သုသာန်ဆီမှာတော့ ခပ်အုပ်အုပ် မီးအလင်းရောင်က မစို့မပို့ဖြန့်ကျက်ထားနေရဲ့။

 

 

 

 

မီးရောင်ကို ထွက်ပေါ်ရာ နေရာဆီမှာတော့ လူသုံးယောက်ရှိနေပြီး နှစ်ယောက်က ပေါက်တူးကိုယ်စီနဲ့ မြေပုံတစ်ခုကို တူးဖော်နေတယ်။

 

 

 

 

ကျန်တစ်ဦးကတော့ မြွေတစ်ကောင်ကို လည်ပင်းရစ်ပတ်ထားစေပြီး မျက်လုံးတွေမှတ်လို့ တင်ပုလ္လင်ခွေထိုင်နေလေရဲ့။ သူ့အရှေ့မှာတော့ ဖယောင်းတိုင်သုံးတင်ထွန်းထားတဲ့ မြွေပချုပ်တစ်ခု။

 

 

 

 

” ဆရာ…အခေါင်းတော့ ပေါ်ပြီ…”

 

 

 

 

တပည့်ဖြစ်သူ အောင်စိုးရဲ့ စကားကြောင့် မြွေဆရာတင်အုန်းရဲ့ ခန္ဓာကိုယ် ဆတ်ခနဲတွန့်သွားတယ်။

 

 

 

 

ပြီးတော့ နေရာကနေ ထလာပြီး မြေစာတွေအကြားဆီက လျော့တိလျော့ရဲသစ်သားတွေနဲ့ ပြုလုပ်ထားတဲ့ အခေါင်းဆီကို လှမ်းသွားခဲ့တယ်။

 

 

 

 

” ငဦး…အခေါင်းဖုံးကို ဖွင့်ချေစမ်း…”

 

 

 

 

ပေါက်ပြားအနှောင့်နဲ့ ဒုန်းခနဲ ရိုက်သံအဆုံး အခေါင်းပုံးက တစဆီ ကျိုးပျက်သွားခဲ့ရဲ့။

 

 

 

 

” ဟေ့ကောင် ဖြေးဖြေး လုပ်ပါဟ။ အထဲက အလောင်းကို ထိသွားလို့ အစီအရင်ပျက်နေဦးမယ်…”

 

 

 

 

အောင်စိုးက ငဦးကို လှမ်းငေါက်တာ။ ငဦးက ပြန်ပြောမယ်လုပ်တော့ မြွေဆရာတင်အုန်းက နှစ်ယောက်စလုံးကို တိတ်နေကြဖို့ လက်ကာပြလိုက်တာမို့ ငြိမ်သွားကြရဲ့။

 

 

 

 

အခေါင်းရဲ့ အထဲမှာတော့ သေတာရက်ပိုင်းသာရှိသေးတာမို့ ဖူးရောင်ကားနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ အလောင်းကြီးက ထင်းခနဲ။

 

 

 

 

“နာမည်တွေဘာတွေ မှန်ရဲ့လား။ တစ်ချက်စစ်ကြည့်စမ်း…”

 

 

 

 

” ထွန်းယုံ အသက် ၂၅ နှစ်…”

 

 

 

 

ငဦးက အခေါင်းနံဘေးက စာတန်းကို မီးတုတ်နဲ့ ကပ်ကြည့်ပြီး ဖတ်ပြတာ။

 

 

 

 

” အင်း…ဒါဆိုရင်တော့ မှန်တယ်။ ပြောရရင် ဒီကောင်က စနေသား၊ အသက်က ၂၅ နှစ်ပြည့်တဲ့ရက် စနေနေ့မှာသေ၊ အသက်ရဲ့ ကိန်းနှစ်ခု ပေါင်းရင် ၇ ဂဏန်း၊ မွေးရက်က မြန်မာလ ၇ ခုမြောက်ဖြစ်တဲ့ သတင်းကျွတ်လဆန်း ၇ ရက်၊ မွေးချိန်က မြန်မာနာရီနဲ့ နံနက် ၇ နာရီ။ အခုသေတဲ့ သချိုင်းက ဓိသာကုန်း စနေနံဦးဆောင်တယ်…”

 

 

 

 

” သူ့မှာ ၇ ဂဏန်းတွေကြည့်ပဲနော် ဆရာ…”

 

 

 

 

အောင်စိုးက တအံ့တသြနဲ့ ၀င်ပြောတာ။ မြွေဆရာတင်အုန်းက…။

 

 

 

 

” အေး…ဟုတ်တယ်။ မင်းတို့သိအောင် အလွယ်ပြောပြရရင်တော့ ၇ ဂဏန်းဟာ နဂါးသက်စီးတယ်။ ပြီးတော့ ဒီကောင်က သေတာကလည်း မြွေကိုက်လို့ သေတာ။ ဒီလိုမျိုး မွေးဖွားချိန်ကနေ သေဆုံးချိန်ထိ ၇ ဂဏန်းနဲ့ ၇ ဂဏန်းနဲ့ဆုံးတဲ့ကောင်မျိုးက တစ်ခေတ်မှာတစ်ယောက် အတော့်ကိုရှားတာကလား။ ဟင်း…ဟင်း…အခု တွေ့နေရတယ်ဆိုတာကတော့ မင်းတို့ငါတို့ သူဋ္ဌေးဖြစ်ဖို့ ဇာတာပါလာတာမို့လို့ရယ် မှတ်ဟေ့…”

 

 

 

 

” ဘယ်လိုကြောင့်များလဲ ဆရာကြီးရ။ ကျုပ်တို့ကို ရှင်းပြပါဦးလား…”

 

 

 

 

မြွေဆရာတင်အုန်းက ဟိတ်ဟန်လုပ်လိုက်ပြီး…။

 

 

 

 

” အခု ငါတို့ ဒီအကောင့်အလောင်းကို ပြန်ဖော်တာ ဘုဇဂိန္ဒလို့ခေါ်တဲ့ အာယုဝဒ္ဓန အစီအရင်လုပ်ဖို့ကွ။ အလွယ်ပြောရရင်တော့ မြွေနဂါးမင်းဓာတ်ကို အသက်သွင်းခြင်းပေါ့ကွာ…”

 

 

 

 

” ဟင်…အဲ့ဒါ အသက်သွင်းပြီးရင် ဘာတွေဖြစ်လာမှာလဲ…”

 

 

 

 

” ဟ…ဘာတွေဖြစ်ရမှာလဲ မြွေတွေနဲ့ပက်သက်ပြီး စေလိုရာစေ၊ အဆိပ်တွေနဲ့ ပက်သက်ပြီး ဖြေလိုရာဖြေပေါ့…”

 

 

 

 

” ဟား…ဒါဖြင့် တယ်စွမ်းတာပဲ…”

 

 

 

 

ငဦးရော အောင်စိုးဆီကပါ ပြိုင်တူတစ်သံထဲ ထွက်လာတာ။ ပြီးတဲ့အခါ ငဦးက…

 

 

 

 

” ဒါနဲ့ဆရာ ဒီလိုလူကို ဒီလိုအစီအရင် လုပ်လို့ရတာ ဆရာက ဘယ်လိုသိလဲ…”

 

 

 

 

” သိတာပေါ့ကွ။ ဒီအကြောင်းအရာက ငါ့ဆရာ မကွယ်လွန်ခင် ငါ့ဆီ ဆင့်ပါးခဲ့တဲ့ မြွေအချုပ် ၇ ပါးကျမ်းဆီက နောက်ဆုံး ၇ ခုမြောက် အဆင်အ့မြင့်ဆုံးထိန်းချုပ်ခြင်းပညာအခန်းမှာပါတာ…”

 

 

 

 

” အားပါးပါး…တကယ်ပါပဲလား…”

 

 

 

 

ငဥိးထံက ချီးမွမ်းစကားသံ။ မြွေဆရာတင်အုန်းက မော်ကြွားဟန်နဲ့…။

 

 

 

 

” အေး…ဟုတ်တယ်။ ဒီကျမ်းက တစ်လောကလုံးမှာ တစ်အုပ်သာရှိတယ်။ အခုရက်က ၇ နံထပ်စီးတဲ့ စနေနေ့၊ ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ဒီလို နဂါးသက်စီးနေတဲ့ လူမျိုးနဲ့ ဒီလိုအခါတွေရက်တွေ ဆုံချိန်မှာ အခွင့်အရေးလက်လွတ်ရမှာစိုးလို့ ဒီကောင့်ကို အစီအရင်မြွေနဲ့ ကိုက်ခံရအောင် အစောကတည်းက ငါကိုယ်တိုင် အကွက်ကျကျ စီမံထားခဲ့တာ…”

 

 

 

 

အောင်စိုးရော ငဦးပါ ယခုမှ အဖြစ်အသနစ်ကို ကျေကျေလည်လည်နားလည်ကြရသလို…။

 

 

 

 

” ဟင်း…ဟင်း…အခု ဒီအစီအမံသာ အနှောက်အယှက်ကင်းကင်းနဲ့ အောင်မြင်ခဲ့ပြီဆိုရင် တင်အုန်းဆိုတာ ဒီနယ်တကြောတင်မက၊ အိုကွာ…ကုန်ုကုန်ပြောမယ် မြွေတွေကို စေပြီး တင်အုန်းတို့ စီးပွားတွေ အများကြီး ရှာလို့ရပြီ။ ဒါကြောင့် အစီအရင်အောင်ဖို့လိုတယ်…”

 

 

 

 

” ဟင်…ဆရာက အခုလည်း မြွေတွေကို နိုင်နေတာပဲမလား…”

 

 

 

 

အောင်စိုးဆီက စောဒက…။

 

 

 

 

” အာကွာ မင်းတို့နဲ့လည်း ခက်ရတယ်။ အခု ငါမြွေတွေကို နိုင်နင်းနေတယ်ဆိုတာ မြွေအလ္လမယ်ဆရာ ထိန်းချုပ်နိုင်တာလောက်ပဲရှိတာ။ စေလိုရာစေလို့မရဘူး။ ကဲကွာ…ပြောနေတာ ကြာတယ်။ ဟေ့…အောင်စိုး မင်းက ငါ ကြိုပြီးစီရင်နှင့်ထားတဲ့ မြွေပချုပ်ကို သွားယူချေ…”

 

 

 

 

အောင်စိုးက နဂိုအစီအမံပြုထားရာ နေရာဆီက မြွေပချုပ်ကို သွားယူချိန် မြွေဆရာတင်အုန်းက ထွန်းယုံရဲ့ အလောင်းပေါ်ကို ဆေးအမှုန်တချို့ ဖြူးချနေလေတယ်။

 

 

 

 

အောင်စိုးရောက်လာချိန်မှတော့ မြွေဆရာတင်အုန်းက ပချုပ်ကို ယူလိုက်ပြီး…။

 

 

 

 

” မင်းတို့နှစ်ယောက် သူ့ရဲ့ ပါးစပ်ကို သေချာဖြဲထားချေကွာ…”

 

 

 

 

အောင်စိုးနဲ့ ငဦးတို့ ရွံတွန့်တွန့မျက်နှာပေးတွေနဲ့ အလောင်းရဲ့ ပါးစပ်ကို ဝိုင်းဟဖြဲလိုက်ကြတယ်။

 

 

 

 

အဲ့ဒီအခိုက်မှာပဲ မြွေဆရာတင်အုန်းဆီက မန်းမှုတ်ရေရွတ်သံတချို့ထွက်ပေါ်လာပြီး ပချုပ်ထဲက မြွေတစ်ကောင်ကို ထုတ်ယူလို့ အလောင်းရဲ့ ဟထားတဲ့ ပါးစပ်ထဲကို ခေါင်းတည်ပြီး ထည့်လိုက်တော့တာ။

 

 

 

 

မြွေကလည်း တွင်းလို့ထင်မိတယ်ထင်ရဲ့။ အထဲကို ၀င်သွားတာများ လျောခနဲ။

 

 

 

 

တစ်ကောင်ပြီးတော့ နောက်တစ်ကောင်။ အားလုံးပေါင်း အသွင်မျိုးစုံနဲ့ မြွေခုနှစ်ကောင်ကို အလောင်းရဲ့ ပါးစပ်ထဲကို ထည့်လိုက်ကြတယ်။

 

 

 

 

မြွေတွေထည့်ပြီးတာနဲ့ မြွေဆရာတင်အုန်းက အလောင်းရဲ့ ပါးစပ်ကို အ၀တ်မည်းတစ်ခုအုပ်၊ တစ်ဖန် နဖူးကို သူ့လက်နဲ့ အုပ်ကိုင်ပြီး ပါးစပ်က အသံကျယ်ကျယ်နဲ့ ဂါထာလိုလို မန္တာန်လိုလိုကို ရွတ်ဆိုတော့တာ။

 

 

 

 

” အူး…ဝူး…ဝူး…”

 

 

 

 

သုသာန်အစပ်က ခွေးအူသံတွေ စီခနဲထွက်ပေါ်လာတယ်။ တစ်ထပ်ထဲမှာပဲ အပင်ကြီးတွေဆီက အိပ်တန်း၀င် ကျီးတို့ကလည်း ဝေါခနဲ လန့်ဖျပ်ပြီး ထပျံကုန်ကြရဲ့။

 

 

 

 

အဖြစ်အပျက်က ကျောချမ်းစရာ။ ငဦးနဲ့ အောင်စိုးတို့ခမျာ ဒူးတုန်လက်တုန်နဲ့။ ကြောက်စိတ်ကြောင့် ဇောချွေးတို့ကလည်း အရွှဲသား။

 

 

 

 

မြွေဆရာတင်အုန်းကတော့ ဘာကိုမှညဂရုမစိုက်ဘဲ သူလုပ်စရာရှိတာကိုသာ လုပ်နေတယ်။

 

 

 

 

မကြာဘူး။ ဂါထာ ခုနှစ်အုပ်အုပ်မိချိန်မှာတော့…။

 

 

 

 

” အူး…”

 

 

 

 

အလောင်းကောင်ဆီက ဝုန်းခနဲ တစ်ချက် လူးလွန့်ပြီး အော်သံကြီးကလည်း ထွက်ပေါ်လာခဲ့ရဲ့။ ပြီးတော့ ၀မ်းဗိုက်နေရာက ဖောင်းကြွဖောင်းကြွဖြစ်လာပြီး ဟိုတိုးလိုက်၊ ဒီရွှေ့လိုက်နဲ့ ဖြစ်လာတာ။

 

 

 

 

ငဦးနဲ့ အောင်စိုးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြတယ်။ နှစ်ယောက်စလုံး မျက်နှာတို့က သွေးဆုပ်ပြီး ဖြူလျော်နေကြပြီ။

 

 

 

 

မြွေဆရာတင်အုန်းကတော့ သူလုပ်စရာရှိတာကို ဆက်လုပ်ရင်း…။

 

 

 

 

” ထုတ်စမ်း…ထုတ်စမ်း…”

 

 

 

 

မြွေဆရာတင်အုန်းက အလောင်းရဲ့ ရင်ဘတ်ကို လက်နဲ့တဖုန်းဖုန်းပုတ်ပြီး အမိန့်ပေးနေတာ။

 

 

 

 

” ဖျစ်…ဖျစ်…ဖျစ်…”

 

 

 

 

အလောင်းရဲ့ ဗိုက်ထဲက အလုံးကြီးက ရင်ဘတ်နေရာကို ရွေ့လျားလာတယ်။ ပြီးတော့ လည်ချောင်းဆီကနေ ပါးစပ်ဆီကို…။

 

 

 

 

မြွေဆရာတင်အုန်းရဲ့လက်က အလောင်းကောင်ရဲ့ ပါးစပ်အပေါ်မှာ အသင့်ပြင်ထားလိုက်တယ်။ မကြာဘူး။ အလုံးကြီးက ဖောင်းခနဲ အထွက်၊ အလောင်းရဲ့ပါးစပ်မှာ ကြိုတင်အုပ်ထားတဲ့ အ၀တ်စဆီကို အလုံးက တိုး၀င်တော့တာ။

 

 

 

 

မြွေဆရာတင်အုန်းရဲ့ အသင့်ပြင်ထားတဲ့လက်ကလည်း အလျင်အမြန်ပဲ အဲ့ဒီအလုံးကြီးကို ဖျတ်ခနဲ ဖမ်းယူလိုက်တယ်။ ပြီးတော့ အ၀တ်စထဲကနေ အမြန်ဆုံး ထုတ်ယူပြီး သူ့ပါးစပ်ထဲကို ပစ်ထည့် မျိုချလိုက်လေရဲ့။

 

 

 

 

” ဟား…ဟား…ဟား…အောင်ပြီကွ အောင်ပြီ…ဟား…ဟား…ဟား…”

 

 

 

 

မြွေဆရာတင်အုန်းရဲ့ ဘုဇဂိန္ဒ အစီအမံကတော့ အောင်မြင်သွားခဲ့ပါပြီ။

 

 

 

 

******

 

 

 

 

အဲ့ဒီကနေ တစ်နှစ်ခန့်ကြာပြီးချိန်။

 

 

 

 

မြန်မာပြည် အထက်ပိုင်း ပိတောက်ကုန်း ရွာဆီ၌…။

 

 

 

 

” သူကြီး…သူကြီး…”

 

 

 

 

သူကြီးအိမ်ဆီကို ရွာသားတစ်ယောက် အပြေးလာနေရင်း အော်ခေါ်တာ။

 

 

 

 

” ဟေ့…ဘယ်သူလဲကွ…”

 

 

 

 

” ကျုပ် ငတောရယ်ဗျ…”

 

 

 

 

” ဪ…အေး…လာပြီ လာပြီ။.ခဏထိုင်ချေဦး…”

 

 

 

 

သူကြီးဖြစ်သူ ဆင်းလာတာကို စိတ်မရှည်သလို စောင့်ရင်း ငတောတစ်ယောက် ဖင်တကြွကြွ။

 

 

 

 

” ဟေ့ကောင်…ဂနာမငြိမ်လိုက်တာ ဘာဖြစ်နေတာလဲ…”

 

 

 

 

ငတောက မျက်စိမျက်နှာမကောင်းစွာနဲ့ပဲ…။

 

 

 

 

” သူကြီး…ဟို…ကျုပ် ဒီမနက် မြက်ရိတ်သွားတော့ဗျာ။ ဟို ရွာထိပ်မှာ လူသုံးယောက် တွေ့တယ်ဗျ…”

 

 

 

 

ငတောရဲ့ စကားက လိုရင်းကို မရောက်တော့ သူကြီး နားလည်မှု လွဲသွားတယ်။

 

 

 

 

” ဟ…မင်းသာကလည်း လူသုံးယောက် တွေ့တာများ အဆန်းလုပ်လို့…”

 

 

 

 

” ဟာ…သူကြီးကလည်း ကျုပ်ပြောတာ သေချာနားထောင်ပါဦး…”

 

 

 

 

” အေးကွာ…ပြောပြော…”

 

 

 

 

” ဒီလိုဗျ…အဲ့ဒီ့လူတွေထဲက တစ်ယောက်က မြွေတစ်ကောင်ကို လည်ပင်မှာ ပတ်ထားလို့ဗျ။ ကြည့်ရတာ အောက်လမ်းဆရာလိုလို ဘာလိုလိုနဲ့။ ကျန်တဲ့သူတွေကတော့ သူ့တပည့်တွေနေမယ်။ အဲ့ဒါ သူတို့က ကျုပ်ဆီကို ရောက်လာပြီး မင်းက ဒီရွာကလားဆိုတော့ ကျုပ်က ဟုတ်တယ်ပေါ့…။ အဲ့ဒီ့မှာ အောက်လမ်းဆရာလို လူက မင်းက ဒီရွာကဆိုရင် မင်းရွာသားတွေကို သွားပြောချေကွာ။ တစ်ရွာလုံးမြွေနဲ့ တိုက်တာ မခံချင်ရင် သဘက်ခါကျ ဒီအချိန် ဒီနေရာမှာ မင်းရွာက ငါတို့ဆီကို ငွေသုံးသိန္းလာပေးချေတဲ့…”

 

 

 

 

” ဟ…ဒီကောင်တွေ တင်စီးလှချည်လား…”

 

 

 

 

သူကြီးရဲ့ မျက်နှာထားက ရုတ်ခြည်း တင်းမာသွားတယ်။ ခေတ်ကာလအရ ငွေသုံးသိန္းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ။

 

 

 

 

” ဟုတ်တယ် သူကြီးရ။ ပြီးတော့သူက ကျုပ်ရှေ့မှာတင် မြွေတွေခေါ်ပြသေးတယ်။ အားလားလား တောခြုံအုံကြားက မြွေတွေ ထွက်လာတာများ မနည်းမနောပဲ…”

 

 

 

 

” အင်း…”

 

 

 

 

” သူကထပ်ပြောသေးတယ်ဗျ။ မင်းတို့ ငါဘာလုပ်နိုင်တယ်ဆိုတာ ယုံကြည်သွားအောင်လို့တဲ့ နေ့ဆွမ်းစားချိန်မှာ မင်းတို့ရွာက လူတစ်ယောက် မြွေသင့်ပြီး သေမယ်။ ပြီးရင် ညနေတစ်ယောက် ထပ်သေမယ်။ တစ်ရက်ထဲ မြွေကိုက်လို့ နှစ်လောင်းသေမယ်။ နောက်တစ်နေ့ မနက်အာရုံတက်မှာ နောက်တစ်ယောက်သေမယ်။ ဒါမှ မင်းတို့ ယုံမှာ၊ ငါ ဆက်ဆက် ငါလုပ်ပြမယ်တဲ့…”

 

 

 

 

” ဟာ…”

 

 

 

 

သူကြီးဖြစ်သူ မျက်လုံးပြူးသွားတယ်။ ရုတ်တရက် စိတ်ထဲမှာလည်း ငတောပြောတာတွေက ဖြစ်နိုင်ချေမရှိဘူးလို့ ထင်ခဲ့မိရဲ့။ သို့ပေမယ့် အလိုက်အထိုက်ပဲ…

 

 

 

 

” အေး…ဟုတ်ပြီ။ ဒီကိစ္စကို ငါ ကြည့်ပြီး စီစဉ်လိုက်မယ်။ မင်းလည်း လုပ်စရာရှိတာ သွားလုပ်တော့…”

 

 

 

 

သူကြီးရဲ့ မယုံကြည်စိတ်က နာရီပိုင်းလောက်သာ ခံခဲ့တယ်။

 

 

 

 

ဆွမ်းစားချိန်လည်းရောက်ကော…။

 

 

 

 

” သူကြီး…သူကြီး ငတော မြွေကိုက်ခံရလို့ ဆုံးပြီဗျ…”

 

 

 

 

” ဟာ…”

 

 

 

 

ကာလသားတစ်ယောက်ရဲ့ သတင်းလာပေးမှု။ သူကြီးခမျာ ပါးစပ်အဟောင်းသားနဲ့။

 

 

 

 

မနက်ကမှ ငတော သူ့ကို အောက်လမ်းဆရာအမှာဆင့်တဲ့အကြောင်းနဲ့ လူတစ်ယောက် မြွေသင့်ပြီးသေမယ် လာပြောသွားတာ။ အခု မြွေသင့်သူက သူကိုယ်တိုင်ဖြစ်သွားခဲ့တယ်။ အခြေအနေက တိုက်ဆိုင်မှုတစ်ခုလို့ ယူဆမရတော့ဘူး။ သူကြီး တွေးရင်းနဲ့ ဇောချွေးတွေပျံရပြီ။

 

 

 

 

” မှတ်ကြီး မောင်းထုချေကွာ။ ရွာမှာ အရေးပေါ်ကိစ္စဖြစ်နေပြီ…”

 

 

 

 

မှတ်ကြီးက ဘုမသိဘမသိနဲ့ မောင်းတက်ထုတယ်။

 

 

 

 

တအောင့်ကြာတော့ ရွာသူရွာသားတွေ ရေးကြီးသုတ်ပြာနဲ့ သူကြီးအိမ်ဆီကို စုဝေးလာကြတယ်။

 

 

 

 

” အေး…အားလုံးပဲ ရွာမှာ အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်နေပြီ။ တို့ ရွာအပြင်မှာ အောက်လမ်းဆရာတစ်ယောက် ရောက်နေတယ်။ သူက ရွာအနေနဲ့ ငွေသုံးသိန္းပေးရင်ပေး မပေးရင် တစ်ရွာလုံးကို မြွေနဲ့ တိုက်သတ်မယ်ပြောတယ်…”

 

 

 

 

ရွာသားတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။ တစ်ချို့က မကျေမနပ် ရေရွတ်စံတွေနဲ့။ သူကြီးက…

 

 

 

 

” အေး…မင်းတို့ ယုံတာ မယုံတာ အရေးမကြီးဘူး။ ဒီလူတွေနဲ့ ဆုံခဲ့တာ ငတော။ ဒါတွေကို ငတောလာပြောသွားတာ။ တို့ရွာက မယုံမှာစိုးလို့ ဆွမ်းစားချိန်မှာ မြွေကိုက်လို့ တစ်ယောက်သေမယ်။ ညနေစောင်းမှာ တစ်ယောက် ထပ်သေမယ်။ နောက် အာရုံတက်မှာ တစ်ယောက်ထပ်သေမယ်။ ဒါပြီးရင်တော့ သဘက်ခါမနက်မှာ ငွေမပေးလာရင် တစ်ရွာလုံး အလှည့်တဲ့။ အေး…အခု ငတောသေသွားပြီ။ နောက်ဘယ်သူဖြစ်မလဲ မသိဘူး။ မင်းတို့ မယုံကြသူတွေက ဖြစ်လာ၊ မဖြစ်လာစောင့်ကြည့်။ အေး…ယုံတဲ့သူတွေက စွမ်းနိုင်သလောက်ထည့်၀င်ကြ။ လူမသေ ငွေမရှား။ ငွေက ပြန်ရှာလို့ရတယ်။ အသက်ကတော့…”

 

 

 

 

သူကြီးက စကားကို မဆက်တော့။ ရွာသူရွာသားတချို့ မျက်နှာမသာမယာနဲ့ စိုးရိမ်ပူပန်နေကြတဲ့ဟန်။

 

 

 

 

ဒီကြားထဲမှာ တချို့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့စိတ်နဲ့ မယုံကြည်သူတို့ကလည်း အများသား။

 

 

 

 

ဒါပေမယ့် ညနေစောင်းချိန် ရွာက မိန်းမပျိုတွေ ရေခပ်ဆင်းရင်း မိဇွန်ဆိုတဲ့ မိန်းကလေးတစ်ယောက် မြွေကိုက်ခံရချိန်မှာတော့ ရွာသူရွာသားအားလုံး တညီတညွတ်ထဲ ယုံကြည်ခဲ့ကြပြီလေ။

 

 

 

 

ဒါကြောင့်ပဲ ညတွင်းချင်းကို အိမ်တွေဆီက ငွေတွေ လိုက်ကောက်ခံကြတော့တာ။

 

 

 

 

*****

 

 

 

 

” အီး…ဟီး…ဟီး…”

 

 

 

 

မနက်မိုးလင်းရုံရှိသေး ရွာအလယ်ပိုင်း မိနှောင်းတို့အိမ်က ကျယ်ကျယ်လောင်လောင် ငိုသံ။

 

 

 

 

အဖြစ်သနစ်က မိနှောင်းတစ်ယောက် ဆွမ်းဝေယျ၀စ္စချက်ပြုတ်ပြီး သားဖြစ်သူချက်စူလေး နိုးချိန်တန်လို့ မနိုးတာနဲ့ သွားကြည့်တော့ ကလေးက မြွေဆိပ်သင့်ပြီး တစ်ကိုယ်လုံး ပြာနှမ်းလို့သေနေပြီ။

 

 

 

 

ရွာသူရွာသားတွေ မိနှောင်းအိမ်ကို စုဝြေပီးရောက်ရှိလာကြတယ်။ ကလေးရဲ့အဖေ ဆင်ကြီးကတော့ သားဖြစ်သူအတွက် မခံမရပ်နိုင်၊ တောက်တခတ်ခတ်နဲ့…။

 

 

 

 

” ငွေတွေလည်း စုနေပါပြီကွာ။ ဘာကြောင့်များ ဘာမှမသိသေးတဲ့ ကလေးကို ထပ်ပြီးသေရပြန်တာလဲ…”

 

 

 

 

မချိမခံသာ ရေရွတ်သံတွေ။ စိုးရွံ့မှုတွေကလည်း အားလုံးရဲ့မျက်နှာမှာ ထင်းလို့။

 

 

 

 

” မဟုတ်သေးပါဘူးကွာ။ ဒီရွာမှာ သေစရာလူတွေတစ်ပုံကြီးကို ဘာလို့ ငါ့သားမှ ရွေးသေရတာလဲ…”

 

 

 

 

ဆင်ကြီးရဲ့ ရေရွတ်သံက လူသားမှန်စွာ အတ္တဆန်လှသည်။

 

 

 

 

” ဆင်ကြီးရာ မင်းစကားကြီးကလည်းကွာ…”

 

 

 

 

မနေနိုင် မထိုင်နိုင် အယူသီးသူတစ်ယောက်က ပြောတာ။

 

 

 

 

” ဘာဖြစ်လဲကွာ မင်းက မကျေနပ်တာလား…”

 

 

 

 

ရန်ပွဲဖြစ်တော့မယ့် ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် ဝုိင်း၀န်းပြီး ဖျန်ဖြေကြရတယ်။

 

 

 

 

” စိတ်ထိန်းကြပါကွာ…ဒီအချိန်က တို့ရွာသားတွေ အချင်းများနေကြရမယ့် အချိန်မဟုတ်ဘူး။ ဒီပြဿနာရဲ့အစက ဟိုအောက်လမ်း လူယုတ်မာကောင်တွေကြောင့်၊ မင်းတို့ ရှင်းရင်းရှင်း ဒင်းတို့ကို သွားရှင်းရမှာ…”

 

 

 

 

” ဟုတ်တယ် ဒင်းတို့ကို ငါသတ်မယ်…”

 

 

 

 

ဆင်ကြီးရဲ့ ဒေါသက စိတ်မထိန်းနိုင်ပြီ။ အိမ်ပေါ်တက် ဓားကိုပြေးဆွဲတော့တယ်။

 

 

 

 

အဲ့ဒီ့အခိုက်မှာပဲ ထူးထူးဆန်းဆန်းနဲ့ကို ရွာတစ်ရွာလုံး နေရာအနှံ့ဆီက မြွေတွန်သံတွေ အများအပြားထွက်ပေါ်လာတော့တာ။

 

 

 

 

လူတွေအားလုံး အထိတ်တလန့်ဖြစ်ကုန်ကြတယ်။

 

 

 

 

ဒေါသထွက်နေတဲ့ ဆင်ကြီးတောင် ကြက်သေသေလို့…။

 

 

 

 

******

 

 

 

 

ရွာအပြင် တောအုပ်ဆီမှာ မြွေဆရာတင်အုန်းတို့ ဆရာတပည့်တွေ ထိုင်နေကြတယ်။

 

 

 

 

” ဆရာ…အရင်တုန်းက တခြားရွာတွေမှာဆိုရင် ကလန်ကဆန်လုပ်မှ တစ်လောင်းလောက်ပဲ တိုက်တာ။ ပြီးတော့ ငွေစုချိန်ကလည်း အနည်းဆုံး သုံးလေးရက်ပေးထားခဲ့တယ်။ ဘာကြောင့် အခုကျမှ အလောတကြီးဖြစ်နေရတာလဲလို့…”

 

 

 

 

ငဦးက မေးတာ။ အောင်စိုးကလည်း စိတ်၀င်တစား။ မြွေဆရာတင်အုန်းက…။

 

 

 

 

” အင်းကွာ ပြောရရင်တော့ အစီအမံအောင်ပြီးကတည်းက ငါလည်း မြွေဝိဇ္ဇာဘွဲ့အမည်ခံပြီး ဒီနည်းနဲ့ ငွေရှာလာခဲ့တာ အတော်လည်း စုမိနေပြီ။ အရင်ကတော့ ငွေကိုပဲ မက်ခဲ့တာနဲ့ မိသားစုကို ခွဲခဲ့တာ။ အခု ငွေတွေလည်း မရှိမရှားဖြစ်နေပြီ။ ဒီတစ်ရွာပြီးရင်တော့ ငါတို့ အပြန်လမ်းကို လှည့်တော့မယ်။ အိမ်ကို လွမ်းလာတာနဲ့ ငါစိတ်တွေ ဆောလျင်နေရတာ။ ဒါမှ ငွေမြန်မြန်ရပြီး မြန်မြန်ပြန်ရမှာ…”

 

 

 

 

ငဦးကော အောင်စိုးပါ မျက်နှာညှိုးကုန်ကြတယ်။ သူတို့ဆရာပြောမှပဲ သူတို့လည်း အိမ်ကို လွမ်းသလိုလိုဖြစ်လာရတာ။

 

 

 

 

” ဆရာပြောမှပဲ ကျုပ်တို့လည်း အိမ်ကို သတိရမိတော့တယ်…”

 

 

 

 

” ဟုတ်ပါ့ ဆရာရယ်။ ကျုပ်လည်း ငွေရချင်ဇောနဲ့သာ မိန်းမကို သူ့မိဘအိမ်ပို့ပြီး ထွက်လာခဲ့တာ။ အင်း…အခု အချိန်များဆို နောက်လင်တောင် ရနေပြီလား မသိဘူး…ဟီး…ဟီး…”

 

 

 

 

အောင်စိုးက ရွှတ်နောက်နောက်၀င်ပြေတာ။ မြွေဆရာတင်အုန်းက

 

 

 

 

” ဟေ့ကောင် မဦးမချွတ်တွေ လျှောက်ပြောမနေနဲ့။ အခုလောလောဆယ်တော့ မင်းတို့နှစ်ယောက် အလုပ်ကိုပဲ အာရုံစိုက်ထား။ ဒီမနက်တောင် ဟိုကောင်တွေ ရွာထဲမှာ ရုန်းရင်းဆန်ခတ်နဲ့ ပွဲပျက်နေကြတယ်။ ငါ မြွေတွေနဲ့ ခြောက်ထားလို့ ငြိမ်တော့ငြိမ်ကုန်ကြပြီ။ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ ဒီကောင်တွေ ရှေ့ရှေ့က ထုံးစံအတိုင်း ငွေလာပေးတဲ့အခါ လူအုပ်နဲ့ လာချင်လာမှာ။ ဒါကြောင့် ဒီည ပြင်ဆင်စရာရှိတာတွေ ကြိုပြင်ဆင်ရမယ်…”

 

 

 

 

“ဟုတ်ကဲ့ ဆရာ…ကျုပ်တို့ လုပ်ရိုးလုပ်စဉ်တွေကို အခုပဲ ပြင်ဆင်ထားလိုက်မယ်…”

 

 

 

 

အောင်စိုးနဲ့ ငဦးတို့ ဆရာဖြစ်သူအနုားက ထသွားကြတယ်။

 

 

 

 

တပည့်တွေ သွားကုန်တာနဲ့ မြွေဆရာတင်အုန်းကတော့ တင်ပုလ္လင်ခွေထိုင်ပြီး မျက်၀န်းအစုံကို မှိတ်လို့ ပါးစပ်က တစ်စုံတစ်ရာကို တတွတ်တွတ်နဲ့ ရေရွတ်ရင်း ရှိနေတော့တာ။

 

 

 

 

*******

 

 

 

 

ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ ခရီးဆက်ကြရင်း ပိတောက်ကုန်းရွာအနားဆီကို ရောက်လာခဲ့ကြတယ်။

 

 

 

 

” ရွာထဲမှာ မကောင်းတာ တစ်ခုခုဖြစ်နေပြီ။ ဘာအကြောင်းလဲဆိုတာ မကြာခင် သိရလိမ့်မယ်။ တို့ ဒီသုသာန်အနားမှာ ခဏနားကြရင်း စောင့်ကြည့်ကြတာပေါ့…”

 

 

 

 

မကြာဘူး…။

 

 

 

 

ရွာထဲဆီက နာရေးပို့လာတဲ့ လူတန်းကြီးတစ်ခု ထွက်လာတယ်။

 

 

 

 

လိုက်ပို့ကြသူတို့မှာ မျက်နှာတွေက ညှိုးရော်နေကြရဲ့။

 

 

 

 

” တစ်ရွာလုံး သေဘေးသောကဆီကို ဆိုက်ရောက်နေကြရတာပဲ…”

 

 

 

 

ဦးသိဒ္ဒိရဲ့ ညည်းတွားသံကြောင့် ဒိုးညီနောင်တို့က…

 

 

 

 

” ဘယ်လိုကြောင့်များလဲ ဘဘ…”

 

 

 

 

” အင်း…ပြောရရင်တော့ ဘာအကြောင်းရယ် ဘဘ အတိအကျမသိသေးဘူး။ ပုံဟန်ကို ကြည့်ရတာကတော့ ဒီကိစ္စမှာ အမှောင့်ပယောဂတစ်ခုခုပါ၀င်နေတာပဲ။ အကြောင်းစုံကိုတော့ သူတို့ ပြန်ထွက်လာမှပဲ ဘဘတို့ မေးကြည့်ကြတာပေါ့…”

 

 

 

 

” ဟုတ်ကဲ့…”

 

 

 

 

သုံးဦးသား သုသာန်ထဲဆီကို အကဲခတ်ကြည့်နေမိကြတယ်။

 

 

 

 

” မြန်မြန်လုပ်ကြဟေ့။ နောက်ထပ် ငတောကို သဂြိုဟ်ဖို့လုပ်ကြရဦးမှာ…”

 

 

 

 

နာရေးချနေတဲ့သူတွေ အလောတကောဖြစ်နေကြတယ်။ မနက်အစောတုန်းက နောက်မှသေတဲ့အလောင်းကို အရင်သဂြိုဟ်ရိုးထံစံအရ ကလေးအလောင်းကို မြေချခဲ့ပြီးပြီ။

 

 

 

 

အခုက ရေခပ်သွားတုန်း မြွေကိုက်ခံရတဲ့ မိဇွန်ရဲ့ အလောင်း။ တအောင့်ကြာရင်တော့ အရင်ဆုံးသေခဲ့သူ ငတောအလောင်းကို သဂြိုဟ်ဖို့ လုပ်ကြရမှာ။

 

 

 

 

အချိန်အနည်းငယ်ကြာတော့ သုသာန်ထဲက နာရေးပို့သူတို့ ပြန်ထွက်လာခဲ့ကြပြီး ရွာဘက်ကို သွားကုန်ကြပြီ။

 

 

 

 

သုသာန်ထဲမှာတော့ မြေဖို့တာကို လက်စသတ်နေတဲ့ လူတချို့တော့ကျန်ရစ်ခဲ့သေးတယ်။

 

 

 

 

“ကဲ…လူတော့ရှင်းပြီ။ ဘဘတို့ အကြောင်းစုံကို သွားပြီး မေးစမ်းကြည့်ရအောင်…”

 

 

 

 

သုံးဦးသား သုသာန်ထဲဆီကို လှမ်း၀င်ခဲ့ကြပြီး မြေဖို့နေကြတဲ့သူတွေဆီကို လှမ်းခဲ့ကြတယ်။

 

 

 

 

” ဒီက ပုဂ္ဂိုဟ်က ဘာအတွက်နဲ့ ဆုံးတာလဲ…”

 

 

 

 

ကြည်လင်ပြီး သြဇာလွှမ်းနေတဲ့ ဦးသိဒ္ဒိရဲ့ အသံကြောင့် မြေဖို့သူတွေ မော့ကြည့်လာကြတယ်။ ယောဂီ၀တ်ဆင်ထားတဲ့ ကလေးနှစ်ယောက်နဲ့ လူကြီးကို မြင်တော့ သူတို့စိတ်ထဲ အားအင်တွေ ရှိသွားကြရသလိုပဲ။

 

 

 

 

” ဒီက ဆရာကြီးက ဘယ်သူဆိုတာတော့ ကျုပ်တို့မသိဘူး။ ဒါပေမယ့် ဆရာကြီးက သိချင်တယ်ဆိုရင်တော့ဖြင့် အကြောင်းစုံကို ပြောပြလို့ရပါတယ်။ မနေ့တုန်းက ကျုပ်တို့ရွာဆီကို အောက်လမ်းကောင်တစ်ကောင်နဲ့ သူ့တပည့်တွေ ရောက်လာကြတယ်။ ပြီးတော့ ရွာကနေ သူတို့ကို ငွေသုံးသိန္းပေးရမယ်။ မပေးရင် တစ်ရွာလုံးကို မြွေနဲ့တိုက် သတ်မယ်ဆိုပြောပြီး ရွာကလူတွေ သူတို့ကို မလွန်ဆန်ရဲအောင် နေ့လည်တစ်လောင်း၊ ညနေတစ်လောင်းနဲ့ အခုမနက်အာရုံတက်မှာတစ်လောင်း မြွေနဲ့ တိုက်သတ်ပစ်တာ။ တစ်လောင်းကတော့ မြှုပ်ပြီးပြီ။ အခု ဒီအလောင်းက မနေ့က ညနေပိုင်းမှာ သေတဲ့ ကလေးမရဲ့ အလောင်းပဲ။ မကြာခင် ရွာထဲက နောက်တစ်လောင်း လာချကြလိမ့်ဦးမယ်…”

 

 

 

 

” အင်း…အတော့်ကို ဆိုးသွမ်းတဲ့လူပဲ။ ကိုယ့်ရဲ့လောဘ၊ ကိုယ့်ရဲ့ အတ္တကြောင့် သူတစ်ပါးအသက်တွေများစွာကို ခြိမ်းခြောက်ဖျက်ဆီးဖို့ ကာယကံမြောက်ကို ကျူးလွန်နေတော့တာပဲ…”

 

 

 

 

ဦးသိဒ္ဒိ ရေရွတ်တယ်။ ဒိုးညီနောင်တို့ကတော့ ရွာသားတွေအတွက် အတော့်ကို စိတ်မကောင်းဖြစ်သွားကြရတယ်။

 

 

 

 

” ဟုတ်ပါ့ဆရာကြီးရာ။ ဒီလူတွေ သိပ်မိုက်ရ်ိုင်းတယ်ဗျာ တောက်…”

 

 

 

 

အခြားသူတစ်ဦးက ကျိတ်မနိုင်ခဲမရနဲ့ တောက်ခတ်ရေရွတ်လိုက်တာ။ ဦးသိဒ္ဒိက…

 

 

 

 

” ကဲပါ…စိတ်အားမငယ်ကြပါနဲ့။ အခု မောင်တို့ရွာက ကိစ္စက ဆရာကြီးတို့နဲ့ ဖြေရှင်း ကြုံကြိုက်လာပြီဆိုတော့ ဒီရွာနဲ့ ရွာသူရွာသားအားလုံး ဘာအန္တရာယ်မှ ထပ်မကြုံရအောင် ဆရာကြီး တာ၀န်ယူပေးမယ်။ ပြီးတော့ ဒီအောက်လမ်းနဲ့ သူ့လူတွေကိုလည်း ဆရာကြီး နောင်ကြဉ်အောင် ဆုံးမချေချွတ်ပေးမယ်။ ကဲ…ကဲ…အခုကစပြီး ဘာမှစိတ်မပူကြနဲ့တော့…”

 

 

 

 

ဦးသိဒ္ဒိဆီက စကားကြောင့် ရွာသားတို့ ရဲ့ မျက်နှာတွေ ၀င်းပသွားကြတယ်။

 

 

 

 

” ဆ…ဆရာကြီး တကယ်ပြောတာလား…”

 

 

 

 

ဦးသိဒ္ဒိက တည်တည်ကြည်ကြည်နဲ့ ခေါင်းကို ထပ်ညိတ်ပြလိုက်တယ်။

 

 

 

 

ဒီအခါမှာ မြေဖို့နေကြသူ ရွာသားတို့ခမျာ ၀မ်းသာအားရနဲ့ ဖြစ်ကုန်ကြတော့တာ။

 

 

 

 

အဲ့ဒီနောက်တော့ ရွာသားတစ်ယောက်က ဦးဆောင်ပြီး ဦးသိဒ္ဒိတို့သုံးယောက်ကို ရွာထဲဆီကို ခေါ်ဆောင်သွားကြတယ်။

 

 

 

 

သူတို့ ရွာအခြေဆီကို ခြေချလိုက်တာနဲ့ ရွာထဲက မြွေတွန်သံတွေက ဆိုးဆိုးရွားရွားထွက်ပေါ်လာခဲ့ရဲ့။

 

 

 

 

ဒီအေုခအနေကြောင့် ဦးသိဒ္ဒိက ရွာတစ်ခွင်ကို တစ်ချက်ဝေ့၀ိုက်ကြည့်ပြီး မန္တာန်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုလိုက်လေတာ။

 

 

 

 

အံ့သြစရာပါပဲ ဆိုးဆိုးရွားရွားထွက်ပေါ်နေတဲ့ မြွေတွန်သံတွေက ချက်ချင်းကို ဆိတ်သုဉ်းသွားတော့တာကလား။

 

 

 

 

******

 

 

 

 

ညက တိတ်ဆိတ်ငြိမ်သက်နေတယ်။

 

 

 

 

မြွေဆရာတင်အုန်းတို့ အခြေပြုရာ တောအုပ်ဆီကို ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ လှမ်းလာနေကြတယ်။

 

 

 

 

အနားကို နီးလာတာနဲ့အမျှ မြွေတွန်သံတွေက ဆိုးဆိုးရွားရွားကို ကြားလာရတော့တာ။

 

 

 

 

” ဘဘ မြွေတွန်သံတွေ တအားဆိုးလာတယ်နော်…”

 

 

 

 

” အင်း…ဟုတ်တယ် လူလေးတို့ရဲ့။ ဒါပေမယ့် ဘာမှာတော့စိတ်မပူပါနဲ့။ မေတ္တာသာ နိုင်နိုင်ပို့ထား၊ ခန္ဓသုတ်ကို အာဂုဏ်ဆောင်ကြချေ။ မြွေဆိုတဲ့ သတ္တဝါက မေတ္တာတရားကို ကောင်းကောင်းသိတတ်ကြတယ်…”

 

 

 

 

” ဟုတ်ကဲ့ ဘဘ…”

 

 

 

 

ဒိုးညီနောင်တို့လည်း မြွေတွေဆီကို မေတ္တာပို့သပြီး ခန္ဓသုတ်တော်ကို ခပ်တိုးတိုး အာဂုဏ်ဆောင်ကြတယ်။ ချက်ချင်းဆိုသလိုပဲ မြွေတွန်သံတို့ တိုးတိတ်သွားခဲ့ရဲ့။

 

 

 

 

” ဟိုရှေ့ကဟာ ဒီရွာကို နှောက်ထားတဲ့ အောက်လမ်းဆရာနဲ့ သူ့တပည့်တွေပဲ…”

 

 

 

 

သစ်ပင်တစ်ပင်အောက်မှာ တင်ပုလ္လယှက်ပြီး ငြိမ်ငြိမ်သက်သက်ထိုင်နေတဲ့ လူတစ်ယောက်နဲ့ သူ့ရဲ့ နံဘေးမှာ လှဲအိပ်နေကြတဲ့ လူနှစ်ယောက်။

 

 

 

 

” သူ့ခန္ဓာဆီမှာ ဘာထူးခြားမှုရှိနေသလဲဆိုတာ လူလေးတို့ စိတ်ညွှတ်ပြီး ကြည့်ကြည့်ချေ…”

 

 

 

 

ဒိုးညီနောင်တို့ မျက်၀န်းအစုံကို မှိတ်ပြီး ထိုင်နေသူကို စိတ်ညွှတ်လို့ အာရုံခံကြည့်လိုက်ကြတယ်။

 

 

 

 

” ဟာ…သူ့ခန္ဓာကိုယ်ပေါ်မှာ မြွေမည်းမည်းကြီးတစ်ကောင် ရစ်သိုင်းပြီး ပါးပြင်းမိုးပေးထားတယ်…”

 

 

 

 

” ဟုတ်ပါ့…မျက်လုံးကြီးတွေကလည်း.နီရဲတောက်နေတာပဲ…”

 

 

 

 

ဒိုးညီနောင်တို့ဆီက အပြိုင်ပြောလာကြတာ။ ဦးသိဒ္ဒိက သဘောကျပြီး ခေါင်းကို ညိတ်တယ်။

 

 

 

 

” ဟုတ်တယ် လူလေးတို့ရဲ့။ ဒီလူက မြွေနဲ့ ပက်သက်တဲ့ အောက်လမ်းအစီအရင်တစ်ခုကို အောင်ထားတာ။ သူ့၀မ်းဆီမှာ အစီအရင်ရဲ့ အချုပ်ရှိနေတယ်။ ဒီဟာရှိနေသရွေ့ မြွေတွေက သူ့ရဲ့ သြဇာကို နာခံကြရလိမ့်မယ်…”

 

 

 

 

” ဟား…အတော်ကြောက်ဖို့ကောင်းတဲ့ အစီအရင်ပါလား…”

 

 

 

 

” အင်း…ဟုတ်တယ်။ ဒါပေမယ့် မေတ္တာဆိုတာ ထားတတ်ရင် ထက်မြက်တယ်။ သစ္စာဆိုတာကလည်း မှန်ကန်ရင် ထူးမြတ်တယ်။ ဒါကြောင့် ဘိုးတို့ ဒီအရေးမှာ မေတ္တာတရားနဲ့ သစ္စာတရားကို အကြောင်းပြုပြီး ရင်ဆိုင်ကြရလိမ့်မယ်။ သူတို့ဘက်ကတော့ ကံကြွေးရှိရင် ရှိသလောက် တန်ပြန်ပေးဆပ်ကြရမှာပေါ့…”

 

 

 

 

” ဟုတ်ကဲ့ ဘဘ…”

 

 

 

 

သူတို့ ရှေ့ဆက်တိုးလာကြတယ်။ အနားရောက်လုရောက်ခင်မှာတော့ ထိုင်နေတဲ့ မြွေဆရာတင်အုန်းက မျက်စိအစုံဖွင့်လာခဲ့ပြီး…။

 

 

 

 

” ဟေ့…ဘယ်သူတွေလဲ။ သေချင်လို့ ဒီနေရာကို ရောက်လာကြတာလား…”

 

 

 

 

အသံက အောင်မြင်ထည်ဝါလွန်းလှတယ်။ ဒီအသံကြောင့်ပဲညအိပ်နေကြတဲ့ အောင်စိုးတို့လည်း လန့်နိုးလာခဲ့ကြပြီး သူ့ဆရာနံဘေးမှာ ရံထားကြကုန်ရဲ့။

 

 

 

 

ဦးသိဒ္ဒိက…။

 

 

 

 

” သေချင်တယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေတယ်ဆိုတာဟာ ကျွန်ုပ်တို့လို ကောင်းမှုပြုထားသူအဖို့ မွန်မြတ်လွန်းတဲ့ အရာတစ်ခုပါပဲ မောင်ရင်။ အဲ…မောင်ရင်တို့လို မကောင်းမှုပြုထားသူအတွက်ကတော့ အပါယ်လားဖို့ တံခါးဖွင့်လိုက်ခြင်းနဲ့ တူပေလိမ့်မပေါ့…”

 

 

 

 

ဦးသိဒ္ဒိရဲ့ စကားက တစ်ဖက်က မြွေဆရာတင်အုန်းကို ရှူးရှူးရှားရှားဖြစ်သွားစေတယ်။ ပြီးတော့ ဒေါသတကြီးနဲ့…။

 

 

 

 

” ဒီလောက်တောင် ကိုယ်ရည်သွေးပြီး သေရွာလားချင်တယ်ဆိုမှတော့ ကျုပ်ကလည်း ပါရမီဖြည့်ပေးရတာပေါ့…”

 

 

 

 

မြွေဆရာတင်အုန်းက ပြောပြီးတာနဲ့ လေချွန်သံတစ်ချက်ကို ပြုလိုက်တယ်။

 

 

 

 

” ရွှီ…ရွှီ…ရှီး…”

 

 

 

 

တွန်သံပေါင်းစုံကိုပြုရင်း အမျိုးပေါင်းများစွာသော မြွေတို့ သစ်ပင်ထက်၊ အမှိုက်သရိုက်တို့နဲ့ မြက်ခင်းတွေအကြားဆီက တိုးထွက်လာကြပြီး ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဆီကို ပြေး၀င်လာကြတယ်။

 

 

 

 

ဦးသိဒ္ဒိကတော့ မြွေတွေကို ဝေ့၀ိုက်ကြည့်လိုက်ပြီး…။

 

 

 

 

” မောင်ရင် တတ်နိုင်တာ ဒါပဲလား။ ဟင်း…ဟင်း ကျွန်ုပ် ဘာလုပ်နိုင်လဲဆိုတာကိုလည်း တစ်ချက်ကြည့်လိုက်ပါဦး…”

 

 

 

 

ဦးသိဒ္ဒိက ပြောပြီးတာနဲ့ ခန္ဓသုတ်တော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ မြွေမင်းကြီးလေးကို မေတ္တာပို့တဲ့အပိုဒ်ကို ‘သြောင်း’ခံလို့ မန္တရား အဖြစ်ရွတ်ဆိုလိုက်တယ်။

 

 

 

 

ရုတ်ခြည်းပါပဲ။

 

 

 

 

မာန်စွယ်ငေါငေါနဲ့ ပြေး၀င်လာကြတဲ့ မြွေတွေအားလုံး မာန်လျော့လို့ နီးစပ်ရာ တောတွေ ခြုံတွေအကြားကို ၀င်ရောက်ပြီး ပျောက်ကွယ်သွားကြလေတယ်။

 

 

 

 

” ဪ…ခင်ဗျားက နယ်နယ်ရရတော့ မဟုတ်ဘူးဘဲ။ ဟင်း…ဟင်း…ဒါဖြင့်လည်း ကျုပ်ရဲ့ အစွမ်းကို ထပ်ကြည့်လိုက်…”

 

 

 

 

မြွေဆရာတင်အုန်းက ကြုံးဝါးပြီး သူ့လက်ကို ဦးသိဒ္ဒိတို့ရှိရာဆီ ထိုးညွှန်လိုက်တယ်ဆိုရင်ပဲ သူ့အပေါ်ကို မိုးအုပ်ထားတဲ့ အစီအရင် မြွေမည်းမည်းကြီးက တဟုန်ုထိုး ပြေးထွက်လာတော့တာ။

 

 

 

 

ဦးသိဒ္ဒိက အပေါ်ကအတိုင်းပဲ ခန္ဓာသုတ်တော်ရဲ့ အနှစ်ချုပ်ကို ‘ဥုံ’ခံလို့ မန္တာန်အဖြစ်ရွတ်ဆိုလိုက်တယ်။ ပြီးတော့ တိုး၀င်လာတဲ့ မြွေမည်းမည်းကြီးကို စူးစိုက်ကြည့်နေလိုက်တယ်။

 

 

 

 

” ဖုန်း…ဖျစ်…ဖျစ်…ဝုန်း…”

 

 

 

 

ဦးသိဒ္ဒိနဲ့ လက်တစ်ကမ်းအကွာကို ရောက်တာနဲ့ မြွေမည်းကြီးခမျာ တစ်စစီကို ကြေကွဲပျက်စီးသွားတော့တာ။

 

 

 

 

” အွတ်…”

 

 

 

 

မြွေကြီးပျက်စီးပျောက်ကွယ်သွားတာနဲ့ မြွေဆရာတင်အုန်းတစ်ယောက် မချိမဆန့်အော်ပြီး သွေးပွက်ပွက်အန်လို့ လဲပြိုကျသွားခဲ့တယ်။

 

 

 

 

” ဟာ…ဆ…ဆရာ…”

 

 

 

 

တပည့်နှစ်ယောက်က အတင်းလှုပ်နှိုးကြပေမယ့်လည်း မြွေဆရာတင်အုန်းတစ်ယောက် သေဆုံးခဲ့ရပြီမို့ ပြန်လည်ပြီး နိုးထမလာနိုင်တော့ပါဘူး။

 

 

 

 

အဲ့ဒီအခိုက်အတန်မှာပဲ သေဆုံးနေပြီဖြစ်တဲ့ မြွေဆရာတင်အုန်းရဲ့ ၀မ်းဗိုက်နေရာက ဖောင်းကြွလာခဲ့ပြီး ရုတ်တရက် ဖောင်ခးနဲ အော်မြည်ပြီး ပေါက်ထွက်သွားခဲ့တယ်။

 

 

 

 

ပြီးတော့ အထဲကနေ မြွေတွေတိုးထွက်လာခဲ့ပြီး နံဘေးဆီက အောင်စိုးနဲ့ ငဦးတို့ကို ကိုက်ခဲကုန်ကြတော့တယ်။

 

 

 

 

” အင်း…ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်၊ ကြမ္မာငင်ရာ လားကြပေတော့ ငမိုက်သားတို့…”

 

 

 

 

ဦးသိဒ္ဒိက ခပ်ညည်းရေရွတ်တယ်။ နောက်တော့ ဒိုးညီနောင်တို့ကို ခေါ်ပြီး ခြေလှမ်းတွေက နေရာကနေ ဝေးရာဆီကို တရွေ့ရွေ့နဲ့…။

 

 

 

 

*******

 

 

 

 

နောက်တစ်နေ့ မနက်ရောက်ချိန်…။

 

 

 

 

ပိတောက်ကုန်းရွာသားတို့ ရွာအပြင်တောစပ်ဆီမှာ အောက်လမ်းဆရာနဲ့ သူ့တပည်တွေလို့ ယူဆရတဲ့ လူစိမ်းသုံးယောက်ကို ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြတာကို တွေးကြရတယ်။

 

 

 

 

တွေ့တွေ့ချင်း တချို့ဆို ဒေါသမထိန်းနိုင်ကြဘဲ အလောင်းတွေကို ပြေးလို့ ကန်ကျောက်နင်းချေကြသေးတာ။

 

 

 

 

အဲ့ဒီ့အချိန်မှာ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ဟိမ၀န္တာဆီကို ဥိးတည်လှမ်းလျှောက်ကြရင်းဖြင့်…။

 

 

 

 

ဒီအဖြစ်အပျက်တွေ ပြီးခဲ့ပြီးနောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ ကျောက်တော်ဆိုတဲ့ ရွာဆီကို ရောက်ခဲ့ကြပြီး အဲ့ဒီရွာမှာ ကြုံကြိုက်နေကြရတဲ့ ထူးဆန်းအံ့သြဖွယ်ကောင်းလွန်းလှတဲ့ အခက်အခဲတစ် ်ခုကို ဖြေရှင်းပေးဖို့ ကြုံလာခဲ့ပါတယ်။

 

 

 

 

ဒီအကြောင်းကိုတော့ ” တမ္ပဒီပမြို့ဟောင်းက အကျဉ်းသားများ” ဆိုတဲ့ စာမူမှာဆက်လက်ဖတ်ရှုပေးကြပါရန်…။

 

 

 

 

ပြီးပါပြီ။

 

 

 

 

နောင်ရိုး(ဆေးတပ်)