ဝက်ပြိတ္တာနှင့်တစ်ညတာ

ဝက်ပြိတ္တာနှင့်တစ်ညတာ(စ/ဆုံး)
——————————-

ကျွန်ုပ်သည် ပဲခူးတိုင်း သာယာ၀တီခရိုင် စစ်ကွင်းမြို့နယ် ညောင်ကုန်းရွာတွင် အိမ်ထောင်ရပ်သားကျနေသော အစ်မဖြစ်သူ သားဦးမီးဖွားတာကြောင့် ရောက်နေစဥ်အခါက ဖြစ်ပါတယ်။ (မြို့နယ်နှင့် ရွာအမည်အား ပြောပြပေးသူ၏ စကားအတိုင်း လွှဲပြောင်းရေးသားထားသည်။)

” ဆရာ …”

တုံးတိတိ ခေါ်လိုက်တဲ့အသံကြောင့် ကျွန်ုပ်ကို ခေါ်သည်မထင်သဖြင့် လှည့်မကြည့်ခဲ့။ ခေါ်သူက မကြားဖူးအထင်နဲ့

” ဆရာ မောင်လူလှ ”
နာမည်တပ်ခေါ်လာသဖြင့် ကျွန်ုပ်လန့်သွားမိသည်။ ဆက်ကနဲ လှည့်ကြည့်တော့ အသက်၃၅အရွယ် အကိုတစ်ယောက် ဖြစ်နေတယ်။

” ဟိုလေ အကို စိတ်မရှိပါနဲ့။ ကျနော့်ကို သိလို့လားဗျ”
” ပြီးတော့ ကျနော်က ဘာကောင်မှ မဟုတ်လို့ အဲ့လိုကြီး မခေါ်ပါနဲ့လား ”

” ဟာ ဆရာကလည်း ဆရာက စာရေးဆရာမဟုတ်ဘူးလား ကျနော်က စာဖတ်ပရိသတ်တစ်ယောက်ပါ။ ဆရာ စာတွေ မရေးတော့လည်း ကျနော်က မှတ်မိပါတယ်။ ဆရာ့ အကောင့်ဖရန့်ထဲမှာ ကိုဇော်ဆိုတာ ကျနော်ပဲလေ ဆရာရဲ့ ”

ဗုဒ္ဓေါ ရှက်လို့ မခေါ်ခိုင်းမိကာမှ ဆရာတွေချည်း မိုးမွှန်အောင်ခေါ်ပြီး ရှင်းပြနေလေတော့ ကျွန်ုပ်ကပင် မနည်းတားယူခဲ့ရသည်။

” ဆရာ့ရဲ့ဗလနဲ့ပုံတွေ မြင်ဖူးလို့ အပြင်မှလည်း ဒီရုပ်ပါလားလို့ သတိထားမိတာပါ ”

” ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ ”

” ဆရာရယ် စာတွေ အမြဲရေးပါဗျာ။ အားပေးသူ တစ်ယောက်ရှိနေရင်တောင် လေးစားသမှုနဲ့ ရေးပေးပါဗျာ။ ”

” ဟုတ်ကဲ့ အကို ကျေးဇူးလဲတင်ပါတယ် ရေးနိုင်အောင်လဲ ကြိုးစားပါ့မယ် ”

ကိုယ့်ရဲ့ ပေါပေါပဲပဲ တရာဖိုးသုံးပုဒ်စာတွေကို အမှန်အကန်အားပေးသူနဲ့ အပြင်မှာဆုံရတော့ ကျွန်ုပ်လဲ ပြောမပြတတ်အောင် ပျော်မိပါတယ်။

” ဆရာနဲ့တွေ့တုန်း ကျနော့်ကိုယ်တွေ့လေးတစ်ခု ပြောပြချင်လို့ပါ ”

” ဟာ သိပ်ရတာပေါ့ အကိုရယ် ကျနော်က ယောင် လည်လည်ဖြစ်နေတာ ကြာပြီဆိုတော့ အကိုပြောပြတဲ့ အကြောင်းလေးနဲ့ စရေးမယ်ဗျာ။ ”

” အခုကြုံတုန်း အိမ်လိုက်လည်ပါဦးဆရာ ကျနော်တို့ရွာမှာတော့ လက်ဖက်ရည်ဆိုင်တွေ ဘာတွေမရှိတော့ အားတော့နာတယ်။ ”

” ဒီမှာပဲ ပြောလို့ မရဘူးလားအကိုရာ ”

” လာပါဆရာရယ် ”

ဇွတ်ကို ဆွဲခေါ်သွားတော့ ကျနော်လဲ ရယ်ကျဲကျဲနဲ့ပဲ ပါသွားခဲ့ပါတယ်။

&&&&&&

ကျွန်တော့်ဇာတိက စစ်ကွင်းမြို့ကဗျ။ ညောင်ကုန်းရွာသူနဲ့ အိမ်ထောင်ကျတော့ ဒီရွာမှာပဲ ဒိုးတူပေါင်ဖက် ကြုံရာကျဘမ်း လုပ်ကိုင်စားနေတာပေါ့။ အသက်၂၅နှစ်နဲ့ အိမ်ထောင်ကျပေမယ့် ကျနော့်ယောက်ဖတွေက သူငယ်ချင်းပေါင်း ပေါင်းကျတာပေါ့
ဗျာ။

ဆောင်းပေါက်ပြီဆိုရင် ကျွန်တော်အခုနေတဲ့ ညောင်ကုန်းရွာမှာ တောင်ပေါ်ကို လှည်းတွေနဲ့တက်ပြီး အိမ်တိုင်တို့ ခြံစည်း ရိုးတိုင်တို့လုပ်ဖို့ ကိုယ့်အဖွဲ့နဲ့ကို သွားကြရတယ်။

တစ်နေ့မှာ အဲ့လိုပဲ ထင်းခုတ်ပြီးပြန်အလာ အတူပါလာတဲ့ ကျနော့်ယောက်ဖတွေက ဘယ်ကဆင်းဝယ်လာမှန်းမသိတဲ့ အရက်နှစ်လုံးကို သုံးယောက်သား သောက်လာဖြစ်တယ်။

မနက်ကတည်းက တောင်ပေါ်ကနေ တောက်လျှောက် လှည်းမောင်းလာရတာလေ။ လှည်းကပဲ နှေးသလား လူတွေကပဲ မူးသလား မသိ ၊ နေ၀င်ပြီးလို့ လတောင် ခပ်ရေးရေး သာနေပြီ။

ဘာပဲပြောပြော ခန့်မှန်းခြေအရ နောက်နှစ်ရွာဆိုရင် ကျွန်တော်တို့ရွာ ရောက်ပြီလေ။ ဒီတော့ လှည်းခဏရပ်ပြီး နွားသိပ်ချစ်တဲ့ ယောက်ဖတွေက သူတို့နွားတွေကို အနားပေးတယ်။ ပြီးတော့ နှစ်ယောက်သား သေးပေါက်ချင်တယ်ဆိုပြီး မူးမူးရူးရူးနဲ့ လှည်းလမ်းဟိုဘက်က ကန်သင်းဘောင်ဘက် ထွက်သွားကြလေရဲ့ဗျာ။

ဒီလမ်းဒီခရီးဆိုတာ ကျွန်တော်တို့အတွက် အခေါက်ပေါင်း မရေမတွက်နိုင်အောင် သွားလာဖူးနေတာမို့ ရိုးနေပြီလို့ ပြောရပါမယ်။ ပြဿနာက ယောက်ဖနှစ်ယောက် လှည်းရှိရာကို တော်တော်နဲ့ပြန်ရောက်မလာသေးလို့ ကျွန်တော်လည်း ချာလည်ချာလည်နဲ့ လိုက်သွားကြည့်ခဲ့တယ်။

ဟိုရောက်တော့ သကောင့်သားနှစ်ကောင်ကို လမ်းဘေးမှာ လှဲနေတာဗျ။ ကျွန်တော်ပဲ မျက်စိမှားတာလား မူးပဲမူးနေတာလားတော့ မသိတော့ပါဘူးဗျာ။ ကျွန်တော့်ယောက်ဖနှစ်ကောင်ရဲ့ ကိုယ်ပေါ်မှာ
​အမည်းရောင် အမွှေးအမျှင်တွေဖုံးနေတဲ့ လူလိုလိုမျောက်လိုလို ကောင်ကြီးက ဂုတ်ကိုခွနင်းထားတာ ဗျို့။ သြော် ဒါကြောင့် ဒီကောင်တွေ မထနိုင်တာပဲလို့ ကျွန်တော် တွေးမိသွားတယ်လေ။

” ဟိတ် ဒီမှာ ”

မည်းမည်းကောင်ကြီးက သူ့ခေါင်းကိုစုံလည်လှည့်လာတော့ ကျနော်လဲလန့်သွားတာပေါ့။ ဒါပေမဲ့ အကိုကြီးအဖအရာဆိုတဲ့စိတ်နဲ့ အားပြန်တင်းပြီး

” ဟေ့လူ ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ညီတွေကို ခင်ဗျား အနိုင်မကျင့်နဲ့လေ ”
” မူးနေတဲ့လူကို အနိုင်ယူတာ သိပ်ဂုဏ်ယူနေလား ”

ထူးဆန်းတယ်ဗျ။ အဲ့ကောင်ကြီးကလေ ဘာမှပြန်မပြောပဲ ကျွန်တော့်ကို စိမ်းစိမ်းကြီးကြည့်ပြီး ပျောက်သွားတယ်။ အဲ့ဒီတော့မှ ကျွန်တော်လည်း ကြောက်ရကောင်းမှန်းသိလာပြီး ယောက်ဖနှစ်ကောင်ကို အတင်းတွဲခေါ် လှည်းဆီကို ပြန်ခေါ်လာခဲ့လိုက်ရတယ်။

သောက်ထားသည့်အရှိန်တွေတောင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားပြီး ချွေးစေးတွေတောင် ထွက်လာခဲ့တာဗျို့။ နှမပေးယောက်ဖနှစ်ယောက်ကတော့ လှည်းပေါ်ပြန်ရောက်တာနဲ့ “တစ်ရှူးရှူး´´အိပ်ပျော်ကုန်ကြတယ်။ သြော် သူတို့မှ ဘာမှမသိလိုက်တာပဲလို့ တွေးပြီး ကျွန်တော်လည်း အိပ်ပျော်အောင် ကြိုးစားအိပ်ပစ်လိုက်တယ်။

မနက်လင်းတော့ ညကဖြစ်ခဲ့တဲ့နေရာကို မယောင်မလည် သွားကြည့်တော့ အခေါင်းအပျက်ကြီးတစ်ခုရှိနေတာ တွေ့ရတယ်။ အဖြစ်အပျက်အားလုံးကို ခြုံကြည့်တော့ ကျွန်တော် သဘောပေါက်သွားတယ်။ လက်စသတ်တော့ အခေါင်းစွဲတစ္ဆေနဲ့မှ ဒဲ့သွားတွေ့ခဲ့ရတာကိုးဗျ။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူးဗျာ။ နောက်တစ်ကြိမ် ကြုံရတဲ့အဖြစ်ကမှ တကယ့်ကို ကြက်သီးထစရာပါ။အခုတောင် ပြန်မြင်လာသလိုပဲ ဟား ဟား ဟား ။ ကျွန်တော့်ယောက်ဖနှစ်ယောက်ထဲက အငယ်ကောင်လေးမှာ မေတ္တာမျှနေတဲ့ မိန်းခလေးတစ်ယောက်ရှိပါတယ်။

ကောင်မလေးက ရွာနောက်ဖက်က ဘုန်းကြီးကျောင်းနဲ့ ကပ်လျှက်ခြံမှာ နေတယ်။ သူတို့ ညဘက်ချိန်းတွေ့တဲ့အခါ ယောက်ဖအငယ်က ကျွန်တော့်ကို အရက်နဲ့မျှားပြီး အဖော်ခေါ်လေ့ရှိတယ်။ အဖြစ်အပျက်ကတော့ အဲ့ဒီလို ချိန်းတွေ့ရင်း ကြုံရဆုံရတာပေါ့ဗျာ။

***&&&&***

နေ၀င်သွားပြီဆိုတော့ ကျေးလက်တောရွာတွေမှာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလေးတွေက ကွက်တိကွက်ကြား လင်းလာကြပြီ။ သက်ကြီးခေါင်းချချိန်ရောက်တော့ ယောက်ဖငယ်က ခလေးသိပ်နေတဲ့ ကျွန်တော့်ကို လာခေါ်တယ်။

ဇနီးဖြစ်သူ သူတို့အမကလည်း လိုက်သွားဆိုတဲ့ သဘောနဲ့ မေးငေါ့ပြတာကြောင့် ကျွန်တော် လိုက်သွားခဲ့ပါတယ်။ တစ်ရွာလုံး တိတ်ဆိက်နေချိန်ဆိုတော့ ရည်းစားသနာထားသူတို့အတွက် ချိန်းတွေ့ဖို့
ဂွင်ကောင်းပေါ့ဗျာ မဟုတ်ဘူးလား။

” ရွှီး!!!!!!!…” ” ဗြန်း!!!! ”

သူတို့ဟာနဲ့ သူတ်ို့ကတော့ ဟုတ်နေကြပါရော။ တစ်ယောက်က အပြင်ကနေ လေချွန်ခေါ်တော့ အိမ်ထဲကတစ်ယောက်က ထမင်းအိုးအဖုံး လက်ကလွတ်ကျသံနဲ့ အချက်ပေးတယ်။ ကလေးတွေများ တယ်လဲဆန်းကြတာပဲဗျာ။

သူတို့တွေအီစီကလီလုပ်နေချိန်မှာ ကျနော်ကတော့ အရက်တစ်လုံးကို ဇိမ်နဲ့သောက်ရင်း လရောင်အောက်မှာမြင်နေရတဲ့ ဘုန်းကြီးကျောင်းဘက်ကို အကြည့်ရောက်သွားတယ်။

ကျောင်းရဲ့ အနောက်ဖက်မှာ နတ်စင်ကုန်း(နတ်စင်သေးသေးလေးတွေ အများကြီးနဲ့ ညောင်ပင်ကြီး) ရှိတယ်။ နှစ်စဥ် ရိုးရာတင် ကန္နားပေးနေတဲ့နေရာဆိုလည်း မမှားပါဘူး။

နတ်စင်ကုန်းရဲ့ ဘေးမှာ ခြုံတွေ အုပ်နေတဲ့ ရေမြောင်းတစ်ခု ရှိတယ်။ အဲ့ဒီမြောင်းနေရာကို ကြည့်နေရင်း ခြုံတွေကြားထဲကနေ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ထွက်လာတဲ့ မည်းမည်းအကောင်တစ်ကောင်ကို လရောင်ခပ်မှိန်မှိန်အောက်မှာ မပီမသမြင်လိုက်ရတယ်။

အစကတော့ ဘယ်သူအိမ်က ၀က်သိုးကြီး လွတ်နေပါလိမ့်ပေါ့။ ငနဲက မတ်တပ်ကြီးထရပ်လိုက် နတ်စင်တွေပေါ်မှာ ရှိတဲ့ စားစရာတစ်ချို့ကို ယူစားလိုက်လုပ်တော့မှ ဘာကြောင့်လဲမသိ ကျနော်လည်း ကြက်သီးတွေ တဖြန်းဖြန်း ထလာပါလေရော။

ကျွန်တော်ထိုင်နေတဲ့နေရာနဲ့ နတ်စင်ကုန်းနေရာကြားမှာ ၀တ္တကမြေမှန်းသိအောင် အုတ်တံတိုင်း ခတ်ထားတာမလို့ မဲမဲကောင်ကြီးက ကျနော့်ကို သတိထားမိပုံမရဘူး။ ကျနော်ကတော့ သေသေချာချာကို မြင်နေရတာဗျ။

ကျွန်တော်ကြည့်နေတာကို သိသွားတယ် ထင်ပါရဲ့ဗျာ။ မတ်တပ်ကြီးရပ်နေရင်းက ဒီဘက်ကို လှည့်လာတယ်။ အကောင်ကြီးက ကြည့်လေ ပိုကြီးလာလေဖြစ်လာလို့ ကျွန်တော်လဲ ခေါင်းနပမ်းတွေ ကြီးလာတာပေါ့။ ကျွန်တော်ဖတ်ဖူးတဲ့ ပရစာပေတွေရုပ်ရှင်တွေထဲကလိုတော့ ဖျက်ကနဲ့ ရှေ့ကို ရောက်မလာပေ
မယ့် သူစိုက်ကြည့်နေတာကို မရဲတရဲပြန်ကြည့်ရင်း အရက်တစ်လုံး ဘယ်လိုကုန်သွားမှန်းတောင် မသိတော့ပါဘူးဗျာ။

အဲ့ဒီအချိန်မှ တစ်ချိန်လုံး မေ့နေခဲ့တဲ့ အရက်သမားလက်စွဲသံဗုဒ္ဓေဂါထာတော်ကြီးကို စိတ်ထဲကနေ အထစ်ထစ်အငေါ့ငေါ့နဲ့ ရွတ်လိုက်မိတယ်။ အရက်သမားပါးစပ်က ထွက်လာတဲ့ ဘုရားစာဆိုပေမယ့် နှစ်ခေါက်မြောက်ရွတ်ပြီး သူ့ကိုပြန်အကြည့်မှာ သူက အကောင်ကြီးကြီးကနေ ပြန်သေးသွားပြီ။

ကျွန်တော်လည်း ကြောက်စိတ်နည်းနည်းလျော့သွားတာပေါ့။ အဲ့ဒီကောင်ကြီး မူလအရွယ်ပြန်ရောက်သွားချိန်မှာ ဒင်းက နားကိုပိတ်ပြီး ၀ူး၀ူး၀ါး၀ါးနဲ့ အော်​နေတယ်ဗျ။ ကြည့်ရတာရပ်ခိုင်းနေတာဖြစ်မယ်။

ဒါပေမယ့် ကျွန်တော် မရပ်ခဲ့ပါဘူး။ အော်သံကြီးကလည်း ၀က်တွေ အသက်ငင်ခါနီးအချိန် ကြောက်လန့်တကြား အော်ဟစ်လိုက်တဲ့ အသံမျိုးကြီးပါပဲဗျာ။
အသံကိုက ကြောက်စရာကြီးမလို့ ဘုရားစာကိုပဲ ခေါင်းငုံ့ရွတ်နေလိုက်တယ်။
အဲ့ဒီအချိန်မှာ ကျွန်တော့်ပခုံးပေါ်ကို ခပ်နွေးနွေးအရာတစ်ခု လာထိတာကြောင့် ” အောင်မလေး အမေရဲ့ ” လို့တောင် အော်မိပါသေးတယ်။

ယောက်ဖအငယ်က သူတို့ချိန်းတွေ့ပြီးပြန်အလာမှာ ကျွန်တော့်ကို ခေါင်းကြီးငုံ့ပြီး မူးမူးနဲ့ အိပ်ပျော်နေတယ်ထင်ပြီး လှုပ်နှိုးလိုက်ခြင်းပါတဲ့ ဟား ဟား ဟား။ လမ်းမှာပြန်လာတော့ သူကပြောသေးတယ်။ ငါ—မအကို အရက်ကို ငါ့အတွက်တောင်မချန်ထားဘူးတဲ့။

ဘ၀မှာဗျာ အကြွေးရှင်နဲ့ မိန်းမပြီးရင် တစ်စိမ်းတွေရဲ့ စိုက်ကြည့်တာ ခံရဖူးပါသလား မေးလာရင် ဒီလို သရဲတစ္ဆေအကြောင်းလေးတော့ ပြောပြလိုက်ချင်ပါရဲ့။ ။

============()()()()()=================

၂၀၁၈ခုနှစ်က စာဖတ်သူကိုဇော်ပြောပြတဲ့အတိုင်း ​အဆင်ပြေအောင်ပြန်ရေးထားတာပါ။ ကျန်းမာကြပါစေ

…လေးစားစွာနဲ့….
မောင်လူလှ – ကညင်မြေ