ဝါးရုံတောကသရဲကြီး

ဝါးရုံတောက သရဲကြီး(စ/ဆုံး)

————————-

“အနောက်တောင်ဆီက …ရွာမည်ဟန်ပြင်

မိုးသက်လေနှင့် …မုန်တိုင်းပင့်လျှင် …စစ်မျက်နှာဖွင့်

တိမ်ခိုးလွင့်ကာနှင်…”

 

ဦးအောင်ကြီးက သီးချင်းဆိုလေ့ သိပ်မရှိလှ။

တစ်လကြာ၍ တစ်ခါကြားရဖို့ ခဲယဉ်းသည်။

မည်သည့်သီချင်းမှလည်း အစအဆုံးမရပါပေ။

ရာသီအခါသမယက ဦးအောင်ကြီးခွင်ထဲ

ရောက်လာပြီဖြစ်၍ အူရွှင်တာဖြစ်လိမ့်မည်။

 

ရာသီက ဆောင်းဦးပေါက်။

 

ဆိုလိုသည့်သီချင်းက “မိုးသက်လေနှင်” စိတ်ထဲပေါ်လိုက်သည့်

အတိုင်း ဆိုလိုက်ခြင်းဖြစ်သည်။ ရာသီနှင့်ကတော့ တခြားစီ။

 

အချိန်က ည ၉ နာရီကျော်ပြီ။ ဦးအောင်ကြီး ငှက်ရိုက်ရန်

ထွက်လာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်က ငှက်များငိုက်သည့်

အချိန်၊ ရိုက်ရန် အကောင်းဆုံးအချိန်ဖြစ်၏။

ကျောချင်းကပ်ရွာနှစ်ရွာ၏ အလယ်တွင် ရိုးချောင်းကြီးရှိသည်။

 

ထိုရိုးချောင်းကို ရောက်အောင် သွားရမည်ဖြစ်၏။

ရမှန်းမသိကြသေး၍ ရွာနီး ချုပ်စပ်က မည်သူမှမထွက်ကြသေး။

ဦးအောင်ကြီးက စွန့်ဦးထွက်လာခြင်းဖြစ်သည်။

 

ငှက်ဆိုသည်က အခြားငှက်များမဟုတ်။ ရေကြက်ဟု

ခေါ်သော “ဗုံတုတ်” ၊ ပါးဖြူ” ၊ “ရိုးနီ” ဟူသည့်ငှက်များ

ဖြစ်သည်။ ထိုရေကြက်ခေါ်သည့် ငှက်များက ယခုကဲ့သို့

ရာသီမှ ရိုးချောင်းဗျိုက်တောများ၊ စပါးခင်းများဆီ စ၍

ရောက်လာတတ်ကြ၏။

 

စပါးရိတ်ချိန်ပြီးသော နွေအခါတွင် ချုံများထူထပ်သော

ချောင်းများ ၊ မြောင်းများတွင် ပြောင်းရွေ့နေထိုင်လေ့ရှိသည်။

မိုးရာသီရောက်ချိန်တွင် ဘယ်ဆီဘယ်ဝယ်ပြောင်းသွားသည်မသိ။

အစအနပင် မမြင်ရတော့ပေ။

 

ဦးအောင်ကြီး အတွေးများဖြင့် လျှောက်လာရာ

ရိုးချောင်းနှင့် မနီးမဝေးက ဝါးရုံတောနား ရောက်လာ၏။

ရွာနှစ်ရွာဆက်သွယ်ထားသော လမ်းတာဘေးတွင်

ညို့ညို့မှိုင်းမှိုင်း ဝါးရုံတော ရှိသည်။ ဟိုး…လွန်ခဲ့သော

နှစ်ပေါင်းများစွာကတည်းက လယ်ရှင်များက နယ်ခြား

စိုက်ပျိုးထားသော ဝါးပင်မှ ရှင်သန်ပွားများလာကာ

ဝါးရုံတောကြီး ဖြစ်လာခြင်းပင်။ ယခု စိုက်ခဲ့သူများလည်း

မရှိတော့။

 

“ကျီ ကျီ…ကျိ …ကျိ …ဖပ်…ဖပ် …ဖပ်”

 

အသံများနှင့်အတူ ဦးအောင်ကြီး ကျောထဲ

စိမ့်ကနဲ ဖြစ်သွား၏ ။ လက်ထဲက ငါးတောင့်ထိုး

(ဓါတ်ခဲငါးလုံးထည့်ပေးသုံးရသော)ဓါတ်မီးနှင့်

အသံလာရာ ထိုးကြည့်လိုက်၏။

 

မည်သည့်အရိပ်အယောင်မျှ မတွေ့ရ။ လေလည်

မတိုက်ပါဘဲ ဝါးပင်အချို့က ကွေးကျလာလိုက်၊

ပြန်မတ်သွားလိုက်ဖြစ်နေ၏။

 

တစ်ဦးတစ်ယောက်က ခိုစီးညွှတ်ပြနေသယောင်ရှိသည်။

ဦးအောင်ကြီး သေချာရပ်ပြီး ကြည့်နေသည်။

သိပ်လည်း မဝေး။ ဓါတ်မီးကလည်း အားကောင်းလွန်း၍

ဝါးရွက်တစ်ရွက်ချင်းစီကိုပင် မြင်ရသော အခြေအနေရှိ၏။

သို့ပေမဲ့ …ဘာမှမမြင်ရ။

 

ဘာမှမရှိပါဘဲ ဝါးပင်များက ငြိမ့်ခနဲ ညွှတ်ကာ

အသံများ ထွက်နေခြင်းဖြစ်သည်။

 

ဦးအောင်ကြီး ကြည့်နေရင်း ကြက်သီးဖျန်းကနဲ ထသည်။

ခေါင်းလည်း ပွကနဲ ဖြစ်သွား၏။

 

သရဲခြောက်ပြီဟု ဦးအောင်ကြီး သိလိုက်သည်။

သို့ပေမဲ့ …ကြောက်စိတ်လုံးလုံးမရှိ။ ဝမ်းစာရေးအတွက်

ကွင်းကြိုကွင်းကြား၊ ချောင်းကြိုချောင်းကြား ရှာစားနေရသူဖြစ်၍

ထိုအဖြစ်မျိုးက အဆန်းမဟုတ်တော့ပေ။

 

“ကိုင်း…ငါ့ကို ခြောက်နေလည်း မောရုံရှိမယ်ဟေ့။

ငါက မကြောက်တတ်ဘူးဟ။ မင်းတို့လည်း လုပ်ချင်ရာလုပ်ကြ။

ငါလည်း ငါ့အလုပ် ငါသွားလုပ်တော့မယ်။ မင်းတို့ကို

ငါ မနှောင့်ယှက်ဘူး ။ ငါ့ကိုလည်း မနှောင့်ယှက်ကြနဲ့တော့…။

ကဲ…ငါ သွားပြီဟေ့”

 

ဦးအောင်ကြီး ပြောပြီးသည်နှင့် ရိုးချောင်းရှိရာ

ဆက်လျှောက်လာခဲ့သည်။ ရိုးချောင်းဆီ ဖြတ်ဆင်းလာသည်အထိ

အသံက ကြားနေဆဲ ။ တစ်ချက်လှမ်းကြည့်သောအခါ

ဝါးပင်တွေက ငြိမ့်ကနဲ့ ငြိမ့်ကနဲ ဖြစ်နေဆဲပင်။

 

ဦးအောင်ကြီး ထွေထွေထူးထူးစဉ်းစားမနေတော့။

ခေါင်းထဲလည်း ထည့်မထားတော့ပေ။

 

လွယ်ထားသော ပလိုင်းကို ပြင်ပြီး ငှက်များရှိနိုင်မည့်နေရာ

မှန်းဆ၍ ခြေဖွနင်းကာ လျှောက်လာခဲ့တော့သည်။

 

XXXX

 

အလွန်အားကောင်းလှသော ဦးအောင်ကြီး၏ ဓါတ်မီး

အလင်းကြောင့် အိပ်ငိုက်နေသော ငှက်များ ဆက်ကနဲ

နိုးသွား၏။ သို့ပေမဲ့ ဓါတ်မီးအလင်းက စူး၍ မျက်စိဖွင့်မရ။

 

မျက်စိကို မှိတ်ကာ ဦးအောင်ကြီး ပြုသမျှ နုကြရတော့သည်။

ငှက်များမှာ ဦးအောင်ကြီး၏ ဝါးစိမ်းတုတ်အောက်တွင်

ကားကနဲ …ကားကနဲ အသက်ပေးနေကြရ၏။

 

သူတစ်ပါး၏ အိပ်ချိန်၊ အနားယူချိန်ကို အခွင့်ကောင်းယူ၍

အသက်နုတ်နေရခြင်းကို ဦးအောင်ကြီး စာနာခံစားနေချိန်

မရပေ။ စာနာစိတ်နှင့်လည်း တွေးမနေနိုင်။

 

တွေးနေသည်က တစ်ကောင်ဆိုလျှင် အလေးချိ်န်

ဘယ်လောက်ရှိမည်။ ထိုသည်ကိုသာ ဦးအောင်ကြီး

တွေး၍ စိတ်ထဲပျော်နေသည်။

 

ဦးအောင်ကြီးမိသားစုက လယ်ယာဥယျာဉ်များများစားစားမရှိ။

သူတစ်ပါးစိတ်နှင့် ကိုယ့်ကိုယ်လုပ်ရသော အငှားအလုပ်လည်း

မလုပ်လို။ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ်လုပ်ရသော ငါးရှာ၊

ပုဇွန်ရှာ ၊ ဖားရိုက်၊ ငှက်ရိုက်အလုပ်ဖြင့်သာ အသက်မွေးဝမ်းကြောင်း

လုပ်လာခဲ့သည်။

 

လူပျိုဘဝကတည်းက ယခုအသက် (၄၀)စွန်းလာသည်

အထိပင်။ သည်အလုပ်ဖြင့်သာ ငွေရှာ၍ သားဖြစ်သူ

စိုးနောင်ကို မြို့ကျောင်းတွင် ထားပေးနိုင်ခဲ့သည်။

 

စိုးနောင်ပင် တက္ကသိုလ်ဝင်တန်း ရောက်နေပြီ။

 

အချိန်ကာလ စောသေးသည်ထင်၍ အခြားငှက်ရိုက်သူများ

မည်သူမျှ မထွက်ကြသေး။ ဝါးရုံတောက သရဲခြောက်သည်ဆိုသော

သတင်းကြောင့် မထွက်ကြခြင်းလည်း ဖြစ်လိမ့်မည်။

 

ဦးအောင်ကြီးကတော့ ကြောက်တတ်သူမဟုတ်။

သရဲခြောက်ခံရသောကိစ္စမျိုး ဦးအောင်ကြီးအတွက်

အဆန်းလည်း မဟုတ်။

 

ဝါးရုံတောက သရဲအကြောင်းက လူပြောများလှပြီ။

အရှေ့ရွာ၊ အနောက်ရွာရှိ လူများက

ဝါးရုံတောဘက် တတ်နိုင်သမျှ ရှောင်ကြသည်။

မတတ်သာ၍ သွားရမည်ဆိုပါက မိုးမချုပ်မီသာ

သွားကြ၏။ လေးငါးယောက် အဖော်နှင့်သာ

သွားကြသည်။ ဦးအောင်ကြီးက ထိုကိစ္စမျိုး

ခေါင်းထဲ ထည့်လေ့ မရှိ။

 

သူ့ဝမ်းစာရေးအတွက် ဆိုပါမူ မည်သည့်နေရာမဆို

သွားဝံ့သူသာဖြစ်သည်။ ယခုလည်း မည်သူမှ

ငှက်ရိုက်မထွက်ကြ။ အကယ်၍ ထွက်ပါကလည်း

ဝါးရုံတောဘက်ကို ရှောင်ကြပေလိမ့်မည်။

 

ဦးအောင်ကြီးက သည်အလုပ်အပေါ် သူ့ရက်နှင့်သူ

တွက်တတ်သည်။ မည့်သည်ရက်၊ မည်သည့်နေရာတွင်

အလုပ်ဖြစ်နိုင်သည်ကို သိသည်။

 

အလုပ်အပေါ်အာရုံစိုက်သူဖြစ်၍ ကျွမ်းကျင်အဆင့်တွင်

ရှိနေခြင်းပင်။ စွန့်ဦးသူဟု ဆိုရချေမည်။ နံနက် ဦးအောင်ကြီး

ငှက်တွေ့ရသည့်သတင်း ကြားလေမှ အခြားသူများ

ထွက်ကြပေလိမ့်မည်။

 

ဦးအောင်ကြီး သူအတွေးနှင့်သူ ပျော်နေ၏။

ငှက်မျိုးစုံ အကောင်ရေ တော်တော်များများ ရနေပြီ။

ဘယ်နှကောင်ဟု စိတ်နှင့်မှန်းကြည့်ပေမယ့်

ရေရေရာရာ မမှတ်မိတော့ပေ။

 

ပလိုင်းကို မ၍ ဆကြည့်၏။

 

ကျေနပ်စွာ ပြုံးလိုက်သည်။ သားဖြစ်သူ

ပေးထားသော နာရီလေးကို ပတ်ထားသည်ဖြစ်၍

နာရီကို ကြည့်လိုက်၏။ နာရီက ည (၁ )နာရီကို

ညွှန်ပြနေသည်။

 

“အိုး …သန်းခေါင်တောင် ကျော်ပါရော့လား”

 

တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။

လမ်းတာကြီးပေါ် ရောက်လာတော့ စိတ်ထဲ ကြည်နူးကျေနပ်သလို

ဖြစ်သွား၏။ ပလိုင်းထဲက ငှက်များကို ရောင်းပါက

မိသားစုအတွက် နှစ်ရက် သုံးရက်စာတော့ မပူရတော့။

နောက်ညများ ထွက်၍ ထိုမျှရပါလျှင် မြို့ကျောင်းတက်နေသော

သားအတွက် ရည်မှန်းထားသော ငွေကြေး မကြာမီရတော့သည်။

 

“အနောက်တောင်ဆီက …ရွာမည်ဟုန်ပြင် …မိုးသက်လေနှင့်

လေနှင့် …”

 

ဦးအောင်ကြီး ကြည်ကြည်နူးနူး ထဆိုလိုက်သော

သီချင်းသံက ရုတ်တရက် ရပ်သွားရ၏။ ရှေ့ဆက်ဆိုမရတော့။

ခြေလှမ်းများလည်း တုန့်ကနဲ ရပ်သွားရသည်။

မရပ်၍လည်း မဖြစ်တော့ပေ။

 

ဝါးရုံတော တည့်တည့်အရောက် ဆင်နှစ်ကောင်စာမျှ

ခန္ဓာကိုယ်ကြီးဖြင့် မည်းမည်းအကောင်ကြီးက

လမ်းပေါ် ပိတ်ရပ်နေ၏။ အရပ်မြင့်ကြီးကလည်း

အတောင် (၂၀)ခန့် ရှိမည်။ မျက်နှာကိုတော့

သဲသဲကွဲကွဲ မမြင်ရပေ။

 

ဦးအောင်ကြီး ကြက်သီးဖျန်းကနဲ ထကာ ခေါင်းလည်း

ပွကနဲ ကြီးသွားသလို ခံစားရသည်။ တစ်ကြိမ်တစ်ခါမျှ

မဖြစ်ဖူးသော ကြောက်စိတ်ကြောင့်ထင်သည်။စိတ်ထဲ

အားငယ်သလို ဖြစ်လာ၏။ ထိုအကောင်ကြီးကို

ကျော်၍ မည်သို့ သွားရပါ့ဟု ရုတ်တရက် စဉ်းစားလိုက်သည်။

 

“ငါသည် …ဘယ်သူ့အပေါ်မှာမှ မေတ္တာမပျက်ပါ။

အနှောင့်အယှက်လည်း မပေးခဲ့ပါဘူး။

ဒါကြောင့် ငါ့လမ်း ငါသွားမယ့်လမ်းက ဖယ်ရှားပေးပါ”

 

စိတ်ကို သတိနှင့် တင်းကာ ပါးစပ်က

တဖွဖွပြောနေခြင်းပင်။ မည်းမည်းအကောင်ကြီးကတော့

နည်းနည်းမှမလှုပ်။ ဦးအောင်ကြီး အတော်စိတ်ညစ်သွား၏

ရုတ်တရက် ပေါ်လာသော အတွေးကြောင့် ဘေးက

ဆင်းလျှောက် ကွေ့ရှောင်သွားမည်ဟု စိတ်ကူးဖြင့်

လမ်းဘေး လယ်ကွင်းထဲ ဆင်းလိုက်သည်။

 

“ဟင်…”

 

အကောင်ကြီးက ရှေ့တည့်တည့်ရောက်ကာ ပိတ်နေပြန်သည်။

ကြောက်စိတ်များက တိုး၍ တိုး၍ တိုးလာ၏။

ကပျာကယာ လမ်းတာပေါ် ပြေးတက်ကာ

ရွာဘက်ဦးတည်၍ ခြေကုန်သုတ်ပြေးလိုက်တော့သည်။

 

နောက်ဘက်ကို လှည့်မကြည့်တော့။

ဘာမှန်း ညာမှန်းမသဲကွဲသော ဗလုံးဗထွေးအသံကြီးတော့

နားထဲ ကြားနေရသည်။ ပြေးရင်း ရွာရောက်၍

ခြံထဲဝင်ခါနီးတွင် နောက်ကိုတစ်ချက် ပြန်ကြည့်လိုက်၏။

 

ဝူးဝူးဝါးဝါး အသံကြီးဖြင့် တရွေ့ရွေ့လိုက်လာနေသည်ကို

တွေ့ရလေသည်။ အလွန်အမင်း ကြောက်လာသည့်

စိတ်ကြောင့် ထူးထူးထွေထွေစဉ်းစားမနေတော့။

 

သစ်ပင်ရိပ်များကြောင့် မှောင်နေသည့်ကြားက

အိမ်ရှိရာမှန်း၍ ပြေးလာခဲ့သည်။ ပါးစပ်မှလည်း

ဇနီး ဖြစ်သူ၏နာမည် အသံကုန်အော်ခေါ်ရင်း …

 

XXXX

 

“ဖြစ်မှဖြစ်ရလေ …ဦးလေးအောင်ကြီးရာ…။

မနေ့က သွားမယ်ဆိုကတည်းက ကျနော် ပြောသားပဲ။

ဟိုရက်က ကျနော် အခြေခံရပါတယ်ဆိုတာကို…။

ဦးလေးအောင်ကြီးက အယုံအကြည်မရှိကို

အကြောက်အရွံမှမရှိတာကိုး…”

 

ကိုချို၏ ဂရုဏာဒေါသအပြစ်တင်စကားကို

ဦးအောင်ကြီးက ငြိမ်၍ နားထောင်နေ၏။

ညက အိမ်ပေါက်ဝလည်းရောက် သတိလစ်သွားသည်ကို

ပြန်စဉ်းစားနေသည်။ ထိုမျှသာ စဉ်းစား၍ရသည်။

 

ကျန်တာက ဘာမှမသိတော့ ။သတိလစ်သွားပြီးနောက်

ဇနီးဖြစ်သူက ဘေးအိမ်များက လူများကို အကူအညီ

တောင်းကာ ပယောဂဆရာကို အပြေးပင့်ခေါ်ရ၏။

 

ည (၁)နာရီကျော်ကတည်းက မနက်(၇)နာရီမှ သတိရတော့သည်။

 

ထိုကား ဇနီးဖြစ်သူနှင့် ကိုချိုတို့ ပြန်ပြော၍ သိရခြင်းဖြစ်သည်။

ယခု ဦးအောင်ကြီး ပုံမှန်နီးပါး နေကောင်းနေပေပြီ။

ဆေးမှူး ဆိုစကားအရတော့ နှလုံးခုန်မှန်ဖို့ လိုသေးသည်ဟု

ဆိုသည်။

 

“အေးကွာ…ငချိုရာ…မင်းအပြစ်တင်လည်း ခံရတော့မှာပဲ။

ငါလည်း အခုလိုမျိုးကြီး တစ်ခါမှ မကြုံခဲ့ဖူးပါဘူး”

 

ဦးအောင်ကြီးက ပြောပြီး ထလိုက်လိုက်သည်။

အနောက်ရွာ၊ အရှေ့ရွာက လူအချို့လည်း

သတင်းမေးရောက်နေကြ၏။အထူးသဖြင့်တော့

ဆွေမျိုးအချိုနှင့် ငှက်ရိုက်ထွက်လေ့ရှိသူများဖြစ်သည်။

 

“ဘကြီးအောင် …မကြောက်စဖူး ကြောက်တတ်သွားတာကို

အံ့သြနေမိတာ။ ဒါပေမဲ့ တစ်ခုတော့ လေးစားပါတယ်။

လူက ကြောက်လန့်ပြီး လက်နှိပ်ဓါတ်မီးတွေ ဘာတွေတော့

ပြန်မပါခဲ့ပေမယ့် ငှက်ထည့်ထားတဲ့ ပလိုင်းကိုတော့

လွှတ်မချပစ်ခဲ့ဘူး”

 

ခြေရင်းအိမ်က မောင်စိုးစကားကြောင့် ဦးအောင်ကြီးက

ပြုံးသည်။ ကိုချိုက သဘောကျစွာရယ်သည်။

 

“အဲဒါတော့ ဟုတ်တယ်ဟေ့၊ ငါရောက်လာတဲ့

အပေါက်ဝမှာ လူက သတိမရတော့ဘူး။

အဲ…ဒါပေမဲ့ လက်တစ်ဖက်က ပလိုင်းကို

ဖတ်ထားပြီး တစ်ဖက်က ပလိုင်းကြိုးကို

အသေဆုပ်ထားတာ မနည်းကို ဖြေယူရတယ်”

 

“ဟုတ်ပါ့တော်…”

 

ကိုချို့စကားကို ဦးအောင်ကြီး၏ ဇနီးက ထောက်ခံပေး၏။

 

“ကျနော်တော့ ဒီလိုစဉ်းစားထားတယ်။ ကိုအောင်ကြီးရ။

မနက်က ရောက်…ရောက်ချင်းက ဒီကလူတွေနဲ့လည်း

တိုင်ပင်ပြီးပြီဗျ”

 

အနောက်ရွာက ဦးအုန်းစကားကြောင့် ဦးအောင်ကြီးက

‘ဘာများလဲ’ဟူသော ဟန်ဖြင့် နားစွင့်နေသည်

 

“ဒီဝါးရုံတောသရဲက ဆိုးသထက် ဆိုးလာပြီ …

ကိုအောင်ကြီးရ။ဟိုတလောက ကျနော့်သား

အကြီးကောင်ကို ခြောက်လိုက်တာများ (၇)ရက်လောက်ကို

ဖျားသွားတာ။ ဒီတော့ ဒီဝါးရုံတောကို ထားလို့

မဖြစ်တော့ဘူးဗျ”

 

” ဟုတ်တယ် …ဦးလေးအောင်ကြီး။ ကျတော်လည်း

အခြောက်ခံရဖူးတယ်။ အဲဒီတုန်းကတည်းက ဒီဝါးရုံတောသရဲကို

ရှင်းချင်နေတာ။ မလုပ်ရဲလို့သာ…”

 

ရွာအဖျားက ကိုမြကြီးကလည်း ဝင်ပြောနေခြင်းဖြစ်သည်

မည်သို့ပြုလုပ်ကြမည်ကိုတော့ မပြောကြသေး၍ ဦးအောင်ကြီး

သိချင်နေမိသည်။

 

“ဒီလိုဗျ…ကိုအောင်ကြီးရ။ အခု ညနေစောင်းမှာ

ဒီက လူတွေကောပေါ့ ။ ဝါးရုံတောထဲ ကောက်ရိုးထည့်ပြီး

မီးရှုံ့ပစ်မယ်ဗျာ…”

 

” ဟာ …အဲဒီလိုကြီးတော့ မလုပ်ပါနဲ့ မောင်အုံးရာ”

 

“မလုပ်လို့ မဖြစ်ဘူး .…ဦးလေးအောင်ကြီးရ။

ကျနော်တို့တွေက ကွင်းထဲကျင်းထဲမှာ ရှာဖွေ

စားသောက်နေရတာလေ။ ဒီဝါးရုံတောရှိရင်

ဒီသရဲ ရှိနေဦးမှာပဲ ။ ဒီထက် ပိုဆိုးလာရင်

နေ့ဘက်ပါ မထွက်ရဲ မသွားရဲ ဖြစ်လာခဲ့ရင်

ဘယ်လိုလုပ်မတုန်း”

 

“ဟုတ်တယ် …ကျနော်တို့ လယ်စပ်မှာဆိုတော့

မကြာခင် ကောက်က ရိတ်ရတော့မှာ။ ဒီအတိုင်းဆို

ကျနော် သွားမရိတ်ရဲတော့ဘူး”

 

“ဟုတ်တယ် …ဘကြီးအောင် ။ ဦးလေးအုန်းပြောသလို

ရှင်းလိုက်မှ အေးမှာ”

 

တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်ဖြစ်၍

ဦးအောင်ကြီး အတော်ပင် စဉ်းစားရ ခက်သွားတော့သည်။

 

“ခဏနေကြစမ်းပါဦးကွာ၊ တခြားနည်းလမ်း ငါစဉ်းစားပါဦးမယ်။

အကောင်ကြီးက နည်းတာကြီးမဟုတ်ဘူးနော် ။

အကြီးကြီးကွ။တော်ကြာ မြွေမသေ တုတ်ကျိုး ဖြစ်နေမှ

ခက်မယ်။ နည်းလမ်းတစ်ခုခု ထပ်စဉ်းစားကြတာပေါ့ကွာ…”

 

ဦးအောင်ကြီး စကားကြောင့် ခေတ္တခဏ ငြိမ်သက်စဉ်းစား

နေကြလေသည်။

 

“မောင်အုန်း …တစ်ရက်တော့ စောင့်ကွာ၊ မနက်ကျတော့မှ

ရွာဦးကျောင်းဆရာတော်ကို အကြောင်းစုံပြောပြီး

ဘယ်လိုသင့်တယ်ဆိုတာ အကြံဥာဏ်ယူမယ်ကွာ။

ဆရာတော်က လောကီလောကုတ် နှံ့စပ်တော့

အကြံဥာဏ်ကောင်းတွေ ပေးနိုင်မှာပါ။ အကြမ်းနည်းကြီး

ငါမသုံးချင်တော့ဘူးကွာ…။ ပေါ့စေချင်ကာမှ

ဆေးကြောင့် ပိုလေးရင် အားလုံးဒုက္ခရောက်ကုန်မယ်။

တစ်ရက်တော့ ဆိုင်းကြကွာ…”

 

ဦးအောင်ကြီး၏ စကားကို မလွန်ဆန်ချင်ကြ၍

ငြိမ်နေကြရပေမယ့် မျက်နှာပေါ်တွင်တော့

ကျေနပ်ဟန် မရှိကြ။

 

“ငါ့ စိတ်ကို ငါလည်း အံ့သြမိပါရဲ့ကွာ…။

ဟိုးတုန်းကလိုဆို မင်းတို့နဲ့ တစ်သဘောတည်းဖြစ်မှာပါ။

အခု ငါ …အဲဒီလိုတွေ မလုပ်ချင်တော့ဘူးကွာ။

အနုနည်းနဲ့ လုပ်ကြတာပေါ့ကွာ”

 

ဦးအောင်ကြီးစကားအဆုံး တစ်ယောက်ပြီး

တစ်ယောက် ထပြန်ကုန်ကြတော့သည်။

 

XXXXX

 

ဦးအောင်ကြီး လက်က နာရီကို ကြည့်ရာ မနက် (၇)နာရီကျော်ပြီ။

ဇနီးဖြစ်သူကို မတွေ့၍ ခေါ်ကြ၏။ ပြန်ထူးသံ မကြားရ။

မနက်စာ စီစဉ်ရန် ရွာထဲ စျေးသွား သွား ဖြစ်မည်ဟု

တွေးလိုက်သည်။

 

“ကိုအောင်ကြီးရေ…ဗျို့ ကိုအောင်ကြီး”

 

“ဝေ့ …ဘယ်သူလဲ …လာလေကွာ”

 

အိမ်ရှေ့ခြံဝမှ ခေါ်ရင်း ဝင်လာသူက ဦးအုန်း။

ဦးအောင်ကြီးက ပြန်ထူးရင်း အိမ်ပေါ်က

ဆင်းကာ အိမ်ရှေ့ ကွပ်ပျစ်ဆီ လျှောက်လာလိုက်သည်။

 

“ဟား …မောင်အုန်း။ စောစောစီးစီးပါလားကွ။

ကဲ…လာကွာ …ထိုင်”

 

ဦးအုန်းက ဘာမှမပြောသေးဘဲ ကွပ်ပျစ်ပေါ်

ဝင်ထိုင်လိုက်၏။ မျက်နှာက မျက်နှာကြောများ

တင်းနေဟန် ရှိသည်။

 

“ကဲ…ကိုအောင်ကြီး ခင်ဗျားစီစဉ်မှာဆိုလည်း

မြန်မြန်စီစဉ်တော့ဗျာ။ ကျုပ် သည်းမခံနိုင်တော့ဘူး”

 

“ဟေ …ဘာလဲကွ ။ ပြောပါဦး”

 

“ဘာရမလဲဗျ။ ဝါးရုံတောက သရဲပေါ့။

မနေ့ညနေ ကျုပ် ဒီကပြန်သွားကတည်းက

လိုက်လာတာ ဖြစ်မှာပေါ့။ အဲဒီ ဝါးရုံတောနားကတည်းက

ကျောထဲ တစိမ့်စိမ့်နဲ့ ကျက်သီးတဖျန်းဖျန်း။

ဟား …ညက ကောင်းကောင်းမအိပ်ရဘူးဗျာ။

အိမ်ပတ်လည်မှာ ဟိုနား တဖျောဖျော

ဒီနားတဖျောဖျောနဲ့ ခွေးတွေဟောင်နဲ့

ဆူနေတာပဲဗျာ။ တော်တော်ညဉ့်နက်တော့

ကျုပ်လည်း ဒေါသထွက်ထွက် သားရေခွ(လေးခွ)နဲ့

ထွက်ပစ်မှ နည်းနည်းငြိမ်သွားတာဗျာ”

 

ဦးအုန်း စကားဆုံးသောအခါ ဦးအောင်ကြီး သက်ပြင်း

ချလေသည်။

 

“အေးကွာ…မောင်အုန်းရာ။ တစ်သက်နဲ့ တစ်ကိုယ်

ဒီအဖြစ်မျိုး မကြုံဖူးပါဘူး ။ ဘာလဲတော့ မသိဘူးကွာ။

ထူးတော့ ထူးဆန်းတယ်။ ညက ဒီကိုလည်း ရောက်လာသေးတယ်။

နောက်ဖေးက ငှက်ပျောတောမှာ ဗြောင်းဆန်နေတာပဲ။

ငါလည်း ကောင်းကောင်းမအိပ်ရပါဘူးကွာ…”

 

“ဟော …ဦးလေးအုန်းလည်း ရောက်နေတာကိုး။

အတော်ပဲဗျာ။ ညက ကိစ္စ ပြောရဦးမယ်”

 

ဦးအောင်ကြီးနှင့် ဦးအုန်းစကားပြောနေကြစဉ်

ရွာဖျားက ကိုမြကြီး ဝင်လာပြီး ပြောလိုက်ခြင်းပင်။

 

“အေး …ဟုတ်တယ်ကွ မြကြီး။ ဘာလဲ မင်းဆီလည်း

ဝါးရုံတောက သရဲကြီး ရောက်လာတဲ့အကြောင်းလား…”

 

“အစစ်ပေါ့ …ဦးလေးအုန်းရာ၊ အမှန်ပဲဗျာ။

ခွေးတစီစီနဲ့ စိတ်ကိုညစ်ရော”

 

“စိတ်လည်း ညစ်တယ်။ ဒေါသလည်း ဖြစ်တယ်ဗျာ”

 

အရှေ့ရွာက အဖွဲ့တွေပါ ရောက်လာပြီး

ဝင်ပြောလိုက်ခြင်းဖြစ်သည်။

 

“ကဲ…ထိုင်ကြပါဦးကွာ။ အေးအေးဆေးဆေးတိုင်ပင်ပြီး

တစ်ခုခု လုပ်ကြတာပေါ့”

 

“ဦးလေးအောင်ကြီးစကားကို မလွန်ဆန်ချင်လို့သာ။

ကျနော်တို့ သဘောအတိုင်းသာဆို မနေ့က ညနေကတည်းက

ဝါးပင်တွေ ခုတ်လှဲ။ ကောက်ရိုးထည့်ပြီး မီးတိုက်လိုက်ချင်တာ”

 

မောင်စိုးစကားကြောင့် ဦးအောင်ကြီး သက်ပြင်းချကာ

ခေါင်းခါလိုက်သည်။

 

“ဟူး …မင်းတို့က အဲဒီလိုလုပ်ရင် အမှားကြီးမှားမှာပေါ့ကွာ။

ဒါကြောင့်လည်း မနေ့က ကတည်းက ငါတားတာပေါ့။

မောင်အုန်းရော မင်းတို့အားလုံး စဉ်းစားကြည့်လေကွာ။

မင်းတို့ ငါတို့ မနေ့က တိုင်ပင်ကြတာပဲ ရှိသေးတယ်။

တကယ်မလုပ်ကြသေးဘူးနော်။ ဟော …ညက

တိုင်ပင်ကြတဲ့ သူတွေ အားလုံးဆီ သူရောက်လာပြီး

ဟိုးအရင်ရက်တွေက ညဘက်ဝါးရုံတောနား

ရောက်သူကိုပဲခြောက်တာ။ အခု တိုင်ပင်ကြသူတွေရဲ့

အိမ်ထိ ရောက်လာတယ်ဆို စဉ်းစာကြပေါ့ကွာ။

ငါ့စကား ဘယ်လိုတွေ တုံ့ပြန်လာမလဲ

စဉ်းစားကြည့်တော့…”

 

ဦးအောင်ကြီး စကားကြောင့် အားလုံးငြိမ်သက်စဉ်းစား

နေကြ၏။ ခဏကြာမှ…

 

“အင်း …ဟုတ်တော့ ဟုတ်သားပဲ။ ငါတို့တွေက

ဒေါသတွေထွက်ပြီး ကိုအောင်ကြီးပြောသလို

မစဉ်းစားမိဘူး။ အင်း …ဒါမျိုး ကြုံလည်း

မကြုံဖူးတော့ ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူးကွာ”

 

“မပူပါနဲ့ မောင်အုန်းရာ။ ငါ မနေ့ ကတည်းက

ပြောသားပဲ။ ဆရာတော်ဆီ အကြံဥာဏ်ကောင်းတွေ

မိန့်နိုင်မှာပါ ခဏစောင့်ကြ။ ငါ့မိန်းမ ပြန်လာတာနဲ့

ကျောင်းကို သွားကြတာပေါ့။ လိုက်ချင်တဲ့သူတွေလည်း

လိုက်ခဲ့ကြပေါ့ကွာ”

 

ဦးအောင်ကြီး၏ စကားအဆုံး ဦးအောင်ကြီး၏ဇနီး

ပြန်ရောက်လာ၏။

 

“ကျောင်းကို သွားစရာမလိုတော့ပါဘူးရှင့်။

နောက်မှာ မောင်ချိုနှင့် ဆရာတော် ပါလာပြီ။

ကျမနဲ့ မောင်ချို တိုင်ပင်ပြီး ပင့်လာတာပါ”

 

ဆရာတော် ကြွလာတာကြောင့် ထိုင်ရာက ထသူထ။

နေရာက ဖယ်သူဖယ် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ကုန်ကြ၏။

 

” ဟေ့ …အိမ်ပေါ်တက် ဖျာခင်း ဖျာခင်း”

 

ဦးအောင်ကြီး စကားကြောင့် ဆရာတော်က

တားလိုကျ၏။

 

“နေ…နေ…ဒကာအောင်ကြီး ဖျာခင်းမယ်ဆိုလည်း

ဒီကွပ်ပျစ်မှာပဲခင်း …”

 

ဦးအောင်ကြီး၏ ဇနီးက သင်ဖြူးဖျာလေးတက်ယူပြီး

ကွပ်ပျစ်ပေါ်တွင် ခင်းပေးလိုက်၏။ ဆရာတော်နှင့်

ကိုရင်နှစ်ပါးက ဖျာပေါ်တွင် ထိုင်လိုက်သည်။

လူများက ကွပ်ပျစ်ရှေ့ မြေပြင်တွင် ထိုင်၍

ဦးချကန်တော့ကြလေ၏။

 

“အိမ်း …ဒကာအောင်ကြီးရဲ့ အဖြစ်အပျက်ကို

ဘုန်းကြီး ကြားပြီးပြီ။ ဒကာ မောင်ချို ပြောပြချက်အရ

ပိုပြီး ပြည့်ပြည့်စုံစုံ သိရပြီဖြစ်တယ်။ ဒီတော့ လွဲမှားတဲ့

လုပ်ရပ်တွေနဲ့ အကြမ်းမဖက်ကြဖို့ ဘုန်းကြီးက

ပြောချင်တယ်။ တကယ်တော့ ဒကာ ဒါယိကာမနဲ့

ဘုန်းကြီးတို့ အပါအဝင် ဒကာကြီးတို့ပြောတဲ့

“ဝါးရုံတောသရဲကြီးဆိုတာလည်း အားလုံးက

သုံးဆယ့်တစ်ဘုံသားတွေပါပဲ။ ဒါကြောင့် သုံးဆယ့်တစ်ဘုံသား

အချင်းချင်း မေတ္တာထားကြရပါမယ်။ ဒီတော့

“ဝါးရုံတောသရဲကြီး”နဲ့ သုံးဆယ့်တစ်ဘုံသား

အားလုံးကို မေတ္တာပို့ကြရအောင်။ ပြီးရင်

မေတ္တာသုတ်နဲ့တကွ ပရိတ်တော်တွေကို ရွတ်ဖတ်ပါမယ်”

 

ဆရာတော်က ထိုမျှမိန့်ပြီး

 

” ကိုင်း…ဝါးရုံတောက

သရဲကြီးနဲ့တကွ ငါတို့တွေ ပို့သသော မေတ္တာကို

ခံယူပါ။ ငါတို့ရွတ်ဖတ်မယ့် ပရိတ်တရားကို

နားယူကြပါ”

 

ဟု ဆိုကာ သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော

ဝေနေယျ သုခိတာဒုက္ခိတ အပေါင်းကို မေတ္တာပို့လေ၏

 

ပြီး မင်္ဂလာသုတ်အစရှိသော ပရိတ်ကြီးသုတ်တော်များကို

ရွတ်ဖတ်လေသည်။

 

“ကိုင်း…ဒကာ ဒါယိကာမတို့ရဲ့ ကိုယ်စိတ်အတွင်းက

ကြောက်စိတ်တွေ၊ ဒေါသစိတ်တွေကို ဖယ်ရှားပစ်ကြတော့။

ဘုန်းကြီး သုံးသပ်ကြည့်တာပေါ့လေ။ ဒကာတို့ကို

ကြောက်အောင် လန့်အောင် တမင်ခြောက်တာ မဖြစ်နိုင်ဘူး။

သူတို့က သူက အဲ…ဝါးရုံတောက သရဲကြီးကပေါ့လေ။

ဒကာတို့ကို တစ်ခုခုပြောချင်နေတာဖြစ်မှာပါ။

ဒါ …ဘုန်းကြီးရဲ့ အတွေ့အကြုံ အရ ပြောတာ။

 

ဒီတော့ သဘာဝဘဝချင်းက မတူလေတော့ ဒကာတို့က

ခြောက်တယ်လို့ ထင်တာပေါ့။ အငတ်ငတ် အပြတ်ပြတ်နဲ့

စားချင် သောက်ချင်လို့ ခြောက်လှန့်လုယက်စားတာမျိုးလည်း

မရှိဘူးဆိုတော့ သူ့ကျွတ်ချင် လွတ်ချင်လို့ အမျှအတန်း

လိုချင်လို့ အသိပေးနေတာပဲ ဖြစ်မှာပါ။

 

ဒကာတို့လည်း စဉ်းစာကြည့်ပေါ့။

ဒကာတို့ ဒါယိကာမတို့ကို ဘုန်းကြီးက ဗဟုသတ

အနေနဲ့ ပြောပြရဦးမယ် ။ ဟိုတုန်းက

မင်းကွန်းအလယ်တောရ ဆရာတော်က

စာချိုးလေးနဲ့ မေးတယ်ဗျ…”

‘ပြောကြချင်

လောကတွင် တစ္ဆေရှိသတဲ့

အဆွေ သိငဲ့လား

သိပါချင်

ရှိပါလျှင် တစ္ဆေဆိုတဲ့

သည်ပုဂ္ဂိုလ်ကောင်သရုပ်ကို

ကျမ်းအုပ်လို့ကြား’

 

အဲဒီလို မေးတော်မူတယ်တဲ့။

ဒီတော့ မန်လည်ဆရာတော်ဘုရားကြီးက …

 

‘ပြောပြချင်

လောကတွင် တစ္ဆေရှိသည်ဟု

နှံ့သိကျော်ကြား

မျိုးထူးထွေ

သည်တစ္ဆေရှိသည်မဟုတ်ပါဘူး

မြေဖုတ်ကို တစ္ဆေ ပြောကြတယ်

လောက လူများ”

 

လို့ ဖြေတော်မူပါတယ်

 

ဒီတော့ ဘုန်းကြီးပြောချင်တာက ဒကာတို့

ပြောနေကြသလို တစ္ဆေ သရဲ ဆိုတာ သီးခြား

မရှိပါဘူး ။ တိုတို ပြောရရင်တော့ အယူအလွဲတွေကြောင့်

မကျွတ်မလွတ်တဲ့ မြေဖုတ်ဘဝကို ရောက်နေကြတာလို့

လွယ်လွယ်မှတ်ပေါ့၊ သူတို့တွေ ကျွတ်လွတ်နိုင်တဲ့

အနေအထားရောက်တဲ့အခါ လူတွေဆီက

ကောင်းမှုကုသိုလ်ရဲ့ အမျှအတန်းကို

လိုချင်တတ်ကြတယ်လေ။

 

ကိုင်း …ဘုန်းကြီး တိုတိုပဲ ပြောတော့မယ်။

ဒကာ ဒါယိကာမတို့ စုပေါင်းစုဆောင်းပြီး

လှူဖွယ်ဝတ္ထုနဲ့ လှူဒါန်းပြီး ဝါးရုံတောက

သရဲကြီးနဲ့တကွ သုံးဆယ့်တစ်ဘုံအားလုံးကို

အမျှအတန်း ပေးဝေပါလို့ ဘုန်းကြီးက

တိုက်တွန်းပြောကြားလိုပါတယ်။

 

ဒကာတို့ အခု ကြုံတွေ့နေရတဲ့ ပြဿနာကို

ဒီနည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးပဲ

ဒကာတို့။ ကဲ …လုပ်နိုင်ကြမလား”

 

“လုပ်နိုင်ပါတယ် …ဘုရား”

 

ဆရာတော်၏ အမေးကို လုပ်နိုင်ကြောင်း

ပြိုင်တူဖြေကြလေသည်။

 

“ကောင်းပြီလေ …ဒီတော့ ဒကာအောင်ကြီးက

ဦးဆောင်ပြီး အမြန်ဆုံး လုပ်ဖို့ စီစဉ်ကြပေတော့။

ကိုင်း …ဘုန်းကြီး ကျောင်းပြန်ကြွတော့မယ်”

 

ထိုမျှ မိန့်ပြီး ဆရာတော် ပြန်ကြွသွားလေသည်။

 

ဦးအောင်ကြီး ဦးဆောင်၍ ကောင်းမှုဒါန အလှူပေး

လုပ်ကြရန် တိုင်ပင်ကြရတော့သည်။ ဝါးရုံတောက

သရဲကြီးလည်း ကုသိုလ်အမျှရ၍ ကောင်းရာ ဘုံဘဝ

ရောက်ပေလိမ့်မည်။

 

ကောင်းမှုပေးသူလည်း ကောင်းကျိုးရကြမည်ကို

ယုံကြည်လက်ခံကြ၏။ တညီတညွတ်တည်း

သဘောတူ စီစဉ်ကြတော့သည်။

 

ထို့ကြောင့် နောက်နေ့တွင် ဦးအောင်ကြီး အိမ်မှာပင်

နေ့ဆွမ်းနှင့် တကွ ဒါကမ္မဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်း

ကြမည်ဟု အတည်ပြု ဆုံးဖြတ်လိုက်ကြသည်။

တတ်နိုင်သူများက တတ်နိုင်သည့်အလျှောက်

မတတ်နိုင်သူများက အဆင်ပြေသလောက်

ငွေကြေးထည့်ကာ စုပေါင်းပြုလုပ်ကြမည်။

 

ချက်ချင်းငွေစုကောက်ခံ၍ လိုအပ်သည်များ ဝယ်ကြတော့သည်။

သို့နှင့်ပင် တစ်နေ့ကုန်၍ တမိုးချုပ်သွားခဲ့၏။

ကိစ္စအားလုံး စီမံပြီးသောအခါ အလျှိုလျှိုအသီးသီး

ပြန်ကုန်ကြသည်။ နံနက်စောစောမှ ဆွမ်းချက်ရန်

ပြင်လာကြမည် ဖြစ်သည်။

 

အချိန်က တရွေ့ရွေ့ ညဉ့်နက်လာ၏။

 

ဦးအောင်ကြီး၏ ဇနီးက ဘယ်လူးညာလှမ့်ကာ

အိပ်ပျော်ခြင်းမရှိသေး။ ကြောက်ရွံ့စိုးထိတ်မှုကြောင့်

ဖြစ်သည်။

 

ဆရာတော်က စိတ်အေးကြရန် မှာထားပေမယ့်

စိတ်က လုံးလုံးလျားလျား မအေးနိုင်သေးပေ။

 

ဦးအောင်ကြီးလည်း အိပ်မပျော်ဘဲ ရှိနေ၏။

ဇနီးဖြစ်သူနှင့် အတွေးချင်း ထပ်တူ ကျလိမ့်မည်တော့

မဟုတ်။ ဖတ်မှတ်ခဲ့ဖူးသော စာပေများက ဦးအောင်ကြီး

အသိကို နှိုးဆွနေချေပြီ။

 

ဝါးရုံတောက သရဲကြီး အကြောင်းကို တွေးနေ၏။

ပြီး မိမိဘဝ မိမိကိုယ်ကိုယ် သုံးသပ်၏။

 

မိမိအကြောင်းများကို တွေးနေမိသည်။

 

“ဂလုံ…”

 

“ဂလွမ်…”

 

“ဗုတ်…”

 

“ဟာ …ဗုဒ္ဓေါ”

 

“ဘုရား …ကယ်တော်မူပါ”

 

မီးဖိုဘက်က အသံများကြောင့် ဦးအောင်ကြီး

အတွေးပြတ်ကာ အလန့်တကြား ငုတ်တုတ်ထိုင်မိလျက်သား

ဖြစ်သွား၏။ ဦးအောင်ကြီး၏ ဇနီးလည်း အထိတ်အလန့်

ဘုရားတကာ စောင်ကို ခေါင်းမြီးဆွဲခြုံလိုက်လေသည်။

 

ဦးအောင်ကြီး ငါးတောင့်ထိုး ဓါတ်မီးကို ဆက်ကနဲ

ယူကာ မီးဖိုဘက် ထိုးကြည့်လိုက်၏။

 

ခြေရင်းအိမ်က ကြောင်ဝါကြီးက ကြွက်ကလေးတစ်ကောင်

ကိုက်ချီထားတာ မြင်လိုက်ရ၏။

 

ဦးအောင်ကြီး သက်ပြင်းချလိုက်သည်။

 

“ဟဲ့ …မိန်းမ ဘာမှမဟုတ်ပါဘူးဟ။

ခြေရင်းက ရွှေဝါကြီး ကြွက်ခုတ်တာပါဟ”

 

ဦးအောင်ကြီး စကားကြားမှ ဇနီးဖြစ်သူက

စောင်ခေါင်းမြီးခြုံက ခွာလိုက်တော့သည်။

မည်သို့ပင်ဆိုတော့ သည်ညအဖို့ ဦးအောင်ကြီး

အိပ်ပျော်မည် မဟုတ်တော့ပါပေ။

 

တစ်သက်မှတစ်ခါဆိုသကဲ့သို့ ထူးထူးဆန်းဆန်း

ကြုံခဲ့ရသော “ဝါးရုံတောက သရဲကြီး”အကြောင်းကိုလည်း

မေ့နိုင်တော့မည် မဟုတ်တော့ …။

 

ပြီးပါပြီ

 

Credit

 

မူရင်းရေးသူ ဆရာ မော်ကျွန်းရဲခိုင်

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခအချစ် (ရွှေပေါက်ကံ)

 

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ