ဝိညာဉ်စုတ်တဲ့ နတ်

ဝိညာဉ်စုတ်တဲ့ နတ်(စ-ဆုံး)
ရေးသားသူ…တာတေ
ကဆုန်လမှာ ကြဲတဲ့ နှမ်းတွေက ဝါဆို ဝါခေါင်မှာ နှုတ်ရတာ
ပေါ့ဗျာ။ ပြီးရင် နှမ်းပြန်စိုက်ရတာပေါ့။ ပြီးခဲ့တဲ့ တပေါင်းလ က
ကျုပ်တို့ရွာ ရွှေတောင်ကုန်း ဘုရားပွဲမှာ ပုံသွင်းတဲ့အထဲမှာ
မျက်လှည့်ပွဲလည်း ပါတယ် ဗျ။ မျက်လှည့်ဆရာရဲ့ နံမည်က
“ပဉ္စလက် ဆရာညို ” တဲ့ဗျ။ရုံဝင်ပေါက်မှာ အနောက်တိုင်း
ဝတ်စုံကို စမတ်ကျကျဝတ်ထားတဲ့ ဆရာညိုရဲ့ ပုံကြီးတွေ
ချိတ်လို့ပေါ့ဗျာ။ ဆိုင်းဘုတ်ကြီးတွေမှာ
“ပဉ္စလက် ဆရာညို မျက်လှည့် ” ဆိုတဲ့ ရောင်စုံစာလုံးကြီးက
လည်း ပရိသတ် ကို တော်တော်ဆွဲဆောင်နိုင်တယ်ဗျ။ ပြကွက်
ပေါင်းကို မရေတွက် နိုင်အောင်ပြတဲ့ ဆရာကြီး။ မျက်လှည့်ကို
မိုးလင်းထိ ပြနိုင်တယ်ဆိုတာ စဉ်းစားကြည့်ဗျာ။
မျက်လှည့်တာ ပြောတာဗျ မြွေအလမ္ပာယ် လည်း ပြသေးတာ။
မြွေတွေကို လှလှပပ ကခိုင်းနိုင်တဲ့ လူတွေပါဗျာ။
မြွေအလမ္ပာယ် ပြတာတော့ ဆရာညို မဟုတ်ဘူးဗျ။ တခြား
ဆရာတစ်ယောက်ဗျ။
ကျုပ်တို့ ရွာသားတွေဆိုတာဗျာ တပေါင်းလက ပြသွားတဲ့
မျက်လှည့်အကြောင်းကို အခုထိကို ပြောလို့မပြီး နိုင်အောင်
ကျန်ခဲ့တာဗျ။ လာမဲ့နှစ် ဘုရားပွဲမှာ ပဉ္စလက်ဆရာညို
မျက်လှည့် နှစ်ညထည့်ပေးဖို့ တောင်းဆိုနေကြလေရဲ့ဗျာ။
ဆရာညိုရဲ့ ပြကွက်တော်တော်များများက မှော်ပညာတွေဗျ။
ကျုပ်ကတော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ မှော်ပညာကို မျက်လှည့်
ပညာဖြစ်အောင် ပြောင်းပြီးပြသွားတဲ့ ပဉ္စလက်ဆရာညို ကို
ကျုပ်လည်း ချီးကျူးတယ်ဗျာ။ ဆရာညိုရဲ့ ပျက်ကွက်တွေကို
ကျုပ်လည်းကြိုက်တာပဲဗျ။ ကျုပ်အကြိုက်ဆုံး ပြကွက်တွေကို
ပြောပြရဦး မယ်။ ဆရာညို ဇာတ်ဆင်ရှေ့ကို
ထွက်လာကတည်းက
“ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ၊ ရွှီး ၊ ရွှီး ”
ရုံပြည့်ရုံလျှံ အားပေးကြတဲ့ ပရိသတ် ကြီးက ဆရာညိုကို
လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြတာ။ ဆူညံသွားတော့တာဗျို့။
ဆရာညိုက လက်ထဲမှာ လမ်းလျောက် တုတ်ကောက်
တစ်ချောင်းကို ကိုင်လို့ဗျ။ သက္ကလပ်ဦးထုပ် အနက်ဆောင်း
ထားတယ် ။ လမ်းလျောက်တုတ်ကို လက်ထဲမှာ ဟန်ပါပါ
လွှဲရင်း ဟန်ပါပါ ထွက်လာတဲ့ ဆရာညိုက ခေါင်းမှာဆောင်း
ထားတဲ့ ဦးထုပ်ကို ချွတ်ပြီး ပရိသတ် ကိုဦးညွှတ်နှုတ်ဆက်
လိုက်တယ်။ ဆိုင်းဝိုင်းကလည်း ဆရာညိုရဲ့ အမူအရာနဲ့ လိုက်
တဲ့ တီးလုံးကို တီးလို့ပေါ့ဗျာ။ဆရာညိုကလည်း ဇာတ်စင်ရဲ့
ရှေ့တည့်တည့်ကို တစ်ကြိမ် ၊ ဇာတ်စင် ရဲ့ ဘယ်ဘက်အခြမ်း
က ပရိသတ် ကို တစ်ကြိမ် ညာဘက်အခြမ်းက ပရိသတ် ကို
တစ်ကြိမ် သုံးကြိမ်တိတိ ဦးညွှတ်ပြ်ီး နှုတ်ဆက်တယ်ဗျ။
ပြီးတာနဲ့ ဆရာညိုက နောက်ကို ခြေတစ်လှမ်းဆုတ်တယ်။
ပြီးတော့ နောက်တစ်လှမ်းထပ်ဆုတ်တယ်။
“ဟ….ဒါဘယ်လိုဖြစ်တာတုံး ”
“ဟာ…မြွေကြီး မြွေကြီး ၊ တုတ်ကောက် က မြွေကြီး ဖြစ်သွား
ပြီဟ ”
ပထမပြောလိုက်တဲ့ “ဟ…ဒါဘယ်လိုဖြစ်တာတုံး ” ဆိုတာ
ဆရာညို ပြောတာဗျ။ မိုက်ထဲက ထွက်လာတဲ့အသံ။
ဒုတိယ “ဟာ…မြွေကြီး မြွေကြီး ၊ တုတ်ကောက် က
မြွေကြီး ဖြစ်သွားပြီဟ ” ဆိုတာက ပရိသတ် ရဲ့အသံဗျ။
ဟုတ်ပါ့ဗျာ…ဆရာညို လက်ထဲမှာ ဟန်ပါပါကိုင်လာတဲ့
တုတ်ကောက်က ချက်ချင်းကို မြွေဖြစ်သွားတာဗျို့။ ဆရာညို
ကလည်းကြောက်လန့်သွားတဲ့ ပုံနဲ့ ဇာတ်ခုံပေါ်မှာ လုပ်ပြတယ်
လက်ထဲကမြွေကို ဇာတ်စင် ရဲ့ ကြမ်းပြင်ပေါ်မှာ ပစ်ချတယ်။
မြွေက ပါးပြင်းကြီး ထထောင်လို့ဗျာ။ လူတွေဆိုတာ ဆူညံ
သွားတာပဲဗျာ။ ဒီအချိန်မှာ ဘင်ထုသံနဲ့ လင်ကွင်းတီးသံက
စီးချက်မှန်မှန် တီးပေးနေတာဗျ။ ဆရာညိုက မြွေကို လက်ဝါး
ထောင်ပြပြီး ညှို့သလိုလို လုပ်တယ်။ မြွေက ပါးပြင်းထောင်
နေရာကနေ တဖြည်းဖြည်း ပါးပြင်း ပျောက်သွား တယ်။
ခေါင်းကို ကြမ်းပြင်မှာ ချပြီး ဆန့်ဆန့်ကြီး လုပ်ထားတယ်ဗျ။
ဆရာညိုက မြွေနားကို ကပ်သွားပြီး လက်နဲ့သပ်သလို
လုပ်ပြီး ဆတ်ကနဲ ကောက်ကိုင်လိုက်တယ်။ မြွေမဟုတ်တော့
ဘူးဗျို့။ တုတ်ကောက်ဖြစ်နေပြီဗျို့။ သူထွက်လာတုန်းက ကိုင်
လာတဲ့ သစ်သားတုတ်ပြောင်ပြောင် လေးအတိုင်းပဲဗျ။
“ဟားဟား ဟားဟား လန့်လိုက်တာဗျာ။ တုတ်ကောက်ကနေ
ချက်ချင်းကြီး မြွေထဖြစ်ရတယ်လို့ ဟား ၊ ဟား ၊ ဟား ”
“ရွှီး ၊ ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ၊ ရွီး ”
ပွဲကြည့်ပရိတ်သတ်က သဘောတွေကျပြီး လက်ခုပ်တွေတီး
တော့တာပေါ့ဗျာ။ ကျုပ်ကြိုက်တဲ့ နောက်ပြကွက်တစ်ခုက
ယုန်ပြကွက်ဗျ။ ကျုပ်တကယ်ကို အံ့သြ တာပါဗျာ။ ယုန်ဖြူ
ကြီးဗျ။ အကောင်တော်တော်ကြီးသား ။ ထိုင်လိုက်ရင်
တစ်ပေကျော်ကျော် လောက်ရှိမယ်။ဆရာညိုရဲ့ တပည့်က
ပြပွဲကို အဆင့်သင့်ပြင်ပေးတာဗျ၊။ စားပွဲခုံလေးတစ်ခုံပေါ်မှာ
ယုံဖြူတစ်ကောင်ကို တင်ထားပြီး ဘေးမှာ ဖန်ပုလင်း တစ်လုံး
လည်း ချထားပေးတယ်။ ပုလင်းက ခင်ဗျားတို့ ကျုပ်တို့ အိမ်မှာ
ဆီထည့်တဲ့ ပုလင်းမျိုးဗျ။ ငှက်ပျောဖူး ပုလင်းလို့ခေါ်တယ်ဗျ။
ဆရာညိုက သူ့အင်္ကျီ အိတ်ထဲက ပုဝါတစ်ထည်ကို ထုတ်
လိုက်တယ်။ ခေါက်ထားတဲ့ ပုဝါကို ခါပြီး ဖြန့်လိုက်တယ်။ပုဝါ
ကအနက်ရောင်ဗျ။ ဖြန့်လိုက်တော့ ပုဝါက တော်တော်လေး
ကြီးသားဗျ။ နှစ်ပေပတ်လည်လောက်ရှိမယ်။
“ရွှေပွဲလာ ပရိသတ် ကြီးများ အထူးစိတ်ဝင်စားမဲ့ ပြကွက်တစ်
ခုပါ။ဒါကို မှော်အတတ်နဲ့ ပြရမှာပါ။ ပဉ္စလက် မှော်လို့ ခေါ်တဲ့
အတတ်ဗျ”
ဆရာညိုကတော့ မျက်လှည့်ဆရာတို့ရဲ့ ထုံးစံအတိုင်း စကား
တွေကို သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ အများကြီးပြောတာပေါ့ဗျာ။
ဆရာညို စကားပြောနေတုန်းမှာ နောက်ကနေ ဘင်သံနဲ့
လင်ကွင်းသံကလည်း စီးချက်လိုက်ပေးနေတာဗျ။ လူတွေရဲ့
အာရုံကို အပြည့်ဖမ်းစား နိုင်တာပေါ့ဗျာ။
ဆရာညိုက စကားပြောလို့ ပြီးတော့မှ စားပွဲပေါ်မှ ယုန်ဖြူကြီး
ကို …..
“ဖေ့သားကြီး ထိုင်လိုက်တော့ဟေ့”
လို့ပြောလိုက်တာနဲ့ စားပွဲပေါ်က ယုန်ဖြူကြီးက ငေါက်ကနဲ ထ
ထိုင်တာဗျ။ လူစကားကို သေသေချာချာ နားလည်တဲ့ ကောင်
ပါဗျာ။ လက်လေးနှစ်ဖက်ကို ကွေးကွေးလေးလုပ်ပြီး ငြိမ်ထိုင်
နေတာဗျ။။
ဆရာညိုက ပါးစပ်ကနေ ပရိသတ် စိတ်ဝင်စားအောင် စကား
တွေပြောပြီး လက်မှာကိုင်ထားတဲ့ ပုဝါအနက်နဲ့ ယုန်ကို
အုပ်လိုက်တယ်။
ခဏလေးပဲဗျ။ ပြ်ီးတာနဲ့ ပုဝါကို ပြန်ဖွင့်လိုက်တယ်။
“ဟာ”
ကြည့်နေတဲ့သူတွေ ထအော်ကြတာဗျ။ အော်တဲ့အထဲမှာ
တာတေလည်းပါတာပေါ့ဗျာ။ ယုန်က သေးသွားတာဗျ။
ကျုပ်စိတ်ထင်တော့ အရွယ်အစားက တစ်ဝက်လောက်ကို
ငယ်သွားတာဗျ။ ဆရာညိုက ထိုင်လျက်လေးရှိနေတဲ့ ယုန်ဖြူ
လေးက်ိုနောက်တစ်ခါ ပုဝါအနက်နဲ့ ထပ်အုပ်လိုက်တယ်။
ပြီးတော့ ဖွင့် လိုက်တယ်။
“ဟာ”
ဟုတ်ပါ့ဗျာ….ပရိသတ် အော်မယ်ဆိုလည်း အော်စရာပဲဗျာ။
ယုန်ကထပ်သေးသွားပြန်ပြီဗျ။ ကျုပ်စိတ်ထင် ပူးကလေး
တစ်ကောင်လောက်ပဲ ရှိတော့တယ်ဗျို့။
နောက်တစ်ခါ ထပ်အုပ်ပြီး ဖွင့်လိုက်တယ်။
“ဟာ”
ယုန်ဖြူလေးက ပုဝါတစ်ခါအုပ်ရင် တစ်ခါထပ်သေးသွားတာ
ကြွက်တစ်ကောင်လောက်ပဲ ကျန်တော့တယ်ဗျို့။
ထပ်အုပ်ပြန်ပြီ။ ဆရာညိုက ကြွက်ဖြူ လေးတစ်ကောင်
လောက်ရှိတဲ့ ယုန်လေးကို ပုဝါနဲ့ထပ်အုပ်တယ်။ဖွင့်လိုက်ပြန်
ပြီ။
“ဟာ….လက်သန်းလောက်ပဲ ရှိတော့တယ်ဟေ့ ”
“ယုန်မရှိတော့ဘူးဟ ၊ လုံးဝပျောက်သွားပြီ ”
နည်းနည်းဝေးတဲ့သူက ယုန်ကိုမမြင်တော့ ပျောက်သွားပြီ
ထင်ပြီး ပြောနေတာဗျို့။ တစ်ယောက် တစ်ပေါက် နဲ့ ကျုပ်တို့
အညာသား တွေ ဝိုင်းအော်နေကြတာပေါ့ဗျာ ။
ဆရာညိုကလည်း ဒါကို ကြားမှာပေါ့ဗျာ။လက်သန်းလောက်ပဲ
ကျန်တော့ တဲ့ ယုန်ကို ယူပြီး သူ့ရဲ့ ဘယ်ဘက်လက်ဝါး
ပေါ်မှာ တင်လိုက်တယ်။ယုန်ဖြူကြီးကတော့ သူသေးသွားတာ
သိမှသိရဲ့လားမသိဘူးဗျ။ ထိုင်နေတုန်းပဲ ။ ဆရာညိုက
ဇာတ်စင် ရှေ့ကလူတွေကို လိုက်ပြတယ်။ပြီးတာနဲ့ စားပွဲ
အပေါ်မှာတင်ထားတဲ့ ဖန်ပုလင်း အဖြူကို ကောက်ကိုင်လိုက်
တယ်။မျက်လှည့်ဆရာပီပီ ပါးစပ်ကတော့မနားတမ်းပြော
နေတာပေါ့ဗျာ။ဒါကလည်း ပရိသတ် ကို ဖမ်စားတဲ့ နည်း
တစ်မျိုးပေါ့ဗျာ။လက်သန်းလောက်ပဲရှိတော့တဲ့ ယုန်ဖြူလေးကို
နားရွက်နှစ်ဖက်က ကိုင်ပြီး ပုလင်းထဲကို ထည့်လိုက်တယ်။
ယုန်ဖြူလေးက ပုလင်းထဲမှာ ချောင်ချောင်ချိချိပဲဗျ။ လျှောက်သွား
နေတယ်။ဆရာညိုရဲ့ တပည့်က ငှက်ပျောဖူးပုလင်းကို ကိုင်ပြီး
ဇာတ်စင်ပေါ်က ဆင်းလာတယ်။ပွဲကြည့်ပရိသတ် ကြားမှာ
နှံ့အောင်လိုက်ပြတယ်။
“ဟာ….ဟုတ်ပါ့ကွာ ယုန်သေးသေးလေးဖြစ်သွားတာကွာ
ဟား ၊ ဟား ၊ ဟား”
ကျုပ်တို့အညာသားတွေ လွှတ်သဘောကျတာပေါ့ဗျာ။ပွဲခင်းထဲ
မှာ နှံံ့အောင်ပြပြီးတော့မှ ဆရာညိုတပည့်ကဇာတ်စင်ပေါ်
ပြန်တက်လာတယ်။ ဆရာညိုက ပုလင်းကိုလှဲချလိုက်ပြီး ယုန်
ဖြူလေးကို အပြင်ထွက်ခိုင်းတယ်။ယုန်ဖြူလေးက ပုလင်းလည်
တိုင်ထဲကနေ ဝမ်းလျားထိုးပြီး ထွက်လာတယ်။ဒီယုန်ကတော့
ဆရာညို ပြောသမျှကို အကုန်နားလည်နေတော့တာဗျို့။
ဆရာညိုက လက်သန်းလောက်ရှိတဲ့ ယုန်ဖြူလေးကို စားပွဲ
ပေါ်မှာ တင်ပြီး
“ကဲဟေ့ ဖေ့သားလေး စောစောက ထိုင်သလိုထိုင်လိုက်
ပေတော့ ”
ယုန်ဖြူလေး က ငုတ်တုတ်လေးထိုင်လိုက်တယ်။ဆရာညိုက
ပါးစပ်ကနေ မန္တန်လိုလို ဂါထာလိုလိုတွေ ရွတ်နေတယ်ဗျ။
ရွတ်တာကလည်း မြန်မာစကားနဲ့ မဟုတ်ဘူးဗျ။ဘာ ဘာသာ
စကားနဲ့ရွတ်မှန်းမသိဘူး။အဲ့ဒီလို ရွတ်ရင်းကနေ
သူ့ရဲ့ပုဝါအနက်ကို ယုန်လေးကို အုပ်လိုက်တယ်။ဒီတစ်ခါ
တော့ပုဝါကို ခဏခဏ မဖွင့်ဘူးဗျ။ မန္တန်ကိုပဲ ဆက်ရွတ်နေ
တယ်။
“ဟော….ကြီးလာပြီဟေ့ ၊ ကြီးလာပြီ”
ပွဲကြည့်ပရိတ်သတ်က ဝိုင်းအော်ကြတာဗျ။ဟုတ်ပါ့ဗျာ။
ယုန်သေးသေးလေးကို အုပ်ထားတဲ့ ပုဝါက တဖြေးဖြေးကြွ
တက်လာပြီး မြင့်လာတာလေဗျာ။ခဏနေတော့ ဆရာညိုက
ရွတ်တာဖတ်တာတွေ ရပ်လိုက်ပြီး ဘင်နဲ့ လင်ကွင်းကို
ခပ်ကြမ်းကြမ်းတီးခိုင်းတယ်ဗျ။ပြီးတော့မှ ဟန်ပါပါနဲ့ပုဝါအနက်
ကိုဖွင့်လိုက်တာ။
“ဟာ…” “ယုန်မဟုတ်ဘူး ဟ” “သိန်းငှက်ကြီးဟ”
“လဒ ကြီးပါကွာ ” “လဒ မဟုတ်ပါဘူးကွ ငှက်ကြီးဒုန်းစပ်ပါ”
ဟုတ်ပါ့ဗျာ အားလုံးက နဂိုအရွယ်ပြန်ရောက်နေပေမဲ့
ယုန်ဖြူကြီးကို ကြည့်ဖို့စောင့်နေကြတာဗျ။ဖွင့်လိုက်တော့မှ
ယုန်မဟုတ်ပဲ ငှက်ဖြစ်နေတော့ တော်တော်ကို အံ့သြ ကုန်ကြ
တာပေါ့ဗျာ။ ဒီမှာတင် ဆရာညိုက သူ့တပည့်တွေကို ခေါ်ပြီး
ပရိသတ် ကြားအောင် မိုက်နဲ့ မေးတော့တာဗျို့။
“ဟေ့ကောင်တွေ မင်းတို့ လုပ်ရမဲ့ အလုပ်တွေ သေသေချာချာ
လုပ်ကြရဲ့လား ”
“လုပ်ပါတယ် ဆရာကြီး ”
“ကိုးမြို့ရှင် ၊ နယ်တော်ရှင် ၊ ရွာတော်ရှင် ၊ မြောက်ဘက်
ရှင်မ ၊ အနောက်ဘက် ရှင်မနဲ့ မဖဲဝါပါ မကျန်အောင် တင်ကြ
မြှောက်ကြရဲ့ လား ၊ ပွဲတွေ ပေးကြရဲ့လား။ မဖဲဝါက အမဲသား
ဟင်းကြိုက်တယ်လို့ ငါပြောထားတယ်မို့လား သေသေချာချာ
ကျွေးရဲ့လား ”
“အားလုံးလုပ်ပါတယ် ဆရာကြီး”
“အေး…မင်းတို့ကသာ လုပ်တယ်ပြောနေတာ။ဒီမှာ ကမောက်
ကမတွေဖြစ်ကုန်ပြီလေ။ ယုန်အကြီးကြီးကို ယုန်အသေးလေး
ဖြစ်အောင်လုပ်ပြီး ပုလင်းထဲသွင်းတယ်။ပြီးတော့ ယုန်ကို
ပုလင်းထဲက ပြန်ထွက်ခိုင်းပြီး နဂိုအရွယ်ရောက်အောင်လုပ်
တယ်။အခုပြန်ဖွင့်လိုက်တော့ ယုန်မဟုတ်တော့ပဲ
စွန်တစ်ကောင် ဖြစ်နေတယ် ။ စွန်ဆိုတာ ကောင်းကင်မှာ
ဝဲတဲ့သတ္တဝါကွ ၊ ဘယ်လိုလုပ်ပြီး ဒီစားပွဲပေါ်ရောက်နေတာတုံး
ကဲ…ဟောဒီပရိသတ်ကြီးထဲမှာ ပညာသယ်တွေ ပါနေရင်
လည်း ကျုပ်မေတ္တာရပ်ခံပါတယ်။ မနှောင့်ယှက်ကြပါနဲ့ဗျာ။
ကျုပ်တို့က တတ်တဲ့ပညာလေးနဲ့ အခုလို မျက်လှည့်၊
လက်လှည့်၊ ပဉ္စလက်ဆိုတာလေးတွေကို ပြသပြီး
တဝမ်းတစ်ခါး ၊ စားရသောက်ရတာပါ။ ပျော်တတ်လို့ နောက်
တာ ပြောင်တာဆိုရင် ကျုပ်က ခွင့်လွှတ် ပါတယ်။ပညာကို
ပြန်ပြီးသိမ်းပေးပါဗျာ။ ကဲ….ဟိုကောင်တွေ မင်းတို့သွား
ကြတော့ ”
ဆရာညိုက ပြောလိုက်တော့ ကန့်လန်ကာ နောက်ကိုဝင်
သွားကြတယ်ဗျ။ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ တပည့်
တစ်ယောက်ပဲ ကျန်တော့တယ်ဗျို့။ ဆရာညိုက သူရဲ့ပုဝါ
အမည်းကြီးနဲ့ စွန်ကြီးကို အုပ်လိုက်တယ်။ ပြီးတော့ မန္တန်တွေ
ရွတ်ပြနေရောဗျို့။ ခဏနေတော့ ဆရာညိုက ဟန်ပါပါ နဲ့ပုဝါကို
ဖွင့်ပြန်ရောဗျို့။
“ဟာ..” “မျောက်ကြီးကွ ဘယ်လိုဖြစ်တာတုံးဟ”
“တို့ရွာမှာတော့ ပညာသယ်မရှိပါဘူး ”
“ရွာသူနှောင့်တာနေမှာပေါ့ဟ”
ကျုပ်တို့ အညာသားတွေ တစ်ယောက်တစ်ပေါက်ဖြစ်ကုန်ရော
ဗျို့။ ကျုပ်ကတော့ ဆရာညိုရဲ့ ပညာကို မချီးမွမ်းဘဲမနေနိုင်ဘူး
ဗျို့၊။
ဆရာညိုက အံ့သြ ဟန်နဲ့ မျောက်ကို ကြည့်နေတယ်။
“ရွှေပွဲလာ ပရိသတ် ကြီးတို့၊ ခဗျားတို့ မြင်တဲ့အတိုင်းပဲဗျာ။
ကျုပ်ကိုတော့ ရွာသူနှောင့်ပြီဗျို့။ ခဗျားတို့ ကြားတဲ့အတိုင်းပဲ
လေ။ကျုပ်လည်း မေတ္တာရပ်ခံတာပဲဗျာ။ဘယ်လိုမှ ပြောလို့
မရတော့ပါဘူးဗျာ။ဒီတော့လည်း ကျုပ်ကဆိုင်ရာ ပိုင်ရာနဲ့လုပ်ရတော့မှာပေါ့ဗျာ”….
“ကဲ….တပည့်မောင်စိန် ကိုးမြိုရှင်ပွဲ သွားယူခဲ့ကွယ်”
ဘေးမှာ ရပ်နေတဲ့ ဆရာညိုရဲ့ တပည့် မောင်စိန်ဆိုသူက
ဇာတ်စင်နောက်ကို ခပ်သုတ်သုတ် ပြေးဝင်သွားပြီး
ခပ်သုတ်သုတ် ပြန်ထွက်လာတယ်။မောင်စိန်က ကန်တော့ပွဲ
တစ်လုံး ပွေ့လာပြီး ဆရာညိုကို ပေးတယ်။
“မင်းခေါင်းပေါ်မှာ ရွက်ထား မောင်စိန် ”
မောင်စိန်က ကိုးမြို့ရှင် ပွဲကို ခေါင်းမှာရွက်ထားလိုက်တယ်။
“ကိုးမြို့ ၊ ကိုးဓား၊ ကိုးတံခါး အပိုင်ရပါတဲ့ ကိုးမြို့ရှင် ဗျာ။
ကျန်ုပ် ပဉ္စလက်ဆရာညိုကို ရွာသူနှောင့်နေပါပြီ။ ကိုးမြို့ရှင်
ကိုယ်တိုင် ခုချက်ချင်း ကြွလာပြီး ရှင်းပေးပါ ခဗျာ”
ဆိုင်းဝိုင်းက နတ်ဆိုင်းကို မြိုင်နေအောင် တီးပေးတယ်ဗျို့။
အဲ့ဒီလို ပြေယဆိုပြီးတော့ ဆရာညိုက သူ့ရဲ့ပုဝါအနက်နဲ့
ဟိုကုတ် ဒီကုတ် လုပ်နေတဲ့ မျောက်ကို အုပ်လိုက်တယ်။
မျောက်ကတော့ ပုဝါအနက်ကြီးအုပ်လျက်နဲ့ လှုပ်လှုပ် လှုပ်လှုပ်
နေတာဗျို့။ နောက်က ဘင်နဲ့ လင်ကွင်းကလည်းခပ်ကြမ်းကြမ်း
ထုတော့တာဗျို့။ ဆရာညိုကလည်း မန္တန်တွေ ရွတ်တော့
တာပေါ့ဗျာ။ခဏနေတော့ ဆရာညိုက ပုဝါအနက်ကို ဖွင့်ဖို့
ဟန်ပါပါနဲ့ ကိုင်လိုက်တယ်။ပွဲကြည့် ပရိသတ် ကအသက်
တောင် မရှူတော့ဘူးဗျို့။ အားလုံးမျက်တောင်မခတ်ပဲကို ကြည့်
နေကြတာဗျ။
ဒီအထဲမှာ ကျုပ်လည်းပါတာပေါ့ဗျာ။
“ဟေ့ကောင်တွေ ရှေ့က ထိုင်ကြည့်လေ၊ ဒူးမထောက်နဲ့
နောက်ကလူတွေ မမြင်ရတော့ဘူးကွ ”
ဒူးထထောက်တဲ့ လူကထောက် ၊ အော်တဲ့လူကအော်နဲ့
ပွဲခင်းထဲမှာ ကျွတ်စီကျွတ်စီ ဖြစ်ကုန်တာပေါ့ဗျာ။
ဒီအချိန်မှာ ဆရာညိုက ပုဝါကိုဟန်ပါပါနဲ့ ဖွင့်လိုက်ရောဗျို့။
“ဟာ….ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ပွဲခင်းကြီးတစ်ခုလုံးလက်ခုပ်တီးကြတာ ဆူညံသွားရောဗျို့။
သဘောကျလွန်းလို့ လက်ခုပ် တဖြောင်းဖြောင်း တီးလိုက်
ရောဗျို့။
စောစောက ယုန်ဖြူကြီးဗျာ ငုတ်တုတ်ကြီးထိုင်လို့ ။ ဒီတော့
မှ ဆရာညိုက ပရိသတ် ကိုရယ်ပြီးလက်ဝှေ့ပြတယ်။
“မလွယ်ဘူးဗျာ…ခဗျားတို့ နယ်တွေကိုတော့ ကျုပ်တော်တော်
လန့်သွားတာအမှန်ပါပဲ။ ဘယ် နှယ့်ဗျာ။ကျုပ်သားကြီး
မောင်ဖြူ ပျောက်သွား ပြီး စွန်ဖြစ်လိုဖြစ် ၊ မျောက်ဖြစ်လိုဖြစ်နဲ့
ကျုပ်ဖြင့် မန္တန်တွေ ရွတ်လိုက်ရတာ ချွေးတွေကိုပြန်လို့”
ဆရာညိုကပြောရင်းနဲ့ ယုန်ဖြူကြီးကိုပွေ့လိုက်တယ်။
“ကဲ…ဖေ့သားမောင်ဖြူရေ ၊ ပရိသတ် ကြီးကို ဦးညွတ်ပြီး
နှုတ်ဆက်ကြစို့ကွာ ”
ဆရာညိုက ယုန်ဖြူ ကြီးကို ဘယ်လက်နဲ့ ပွေ့ပြီး ပရိသတ် ကြီး
ကို ဦးညွှတ်တယ်။ယုန်ဖြူကြီးကလည်း ဆရာညို ဦးညွှတ်သလို
ဦးညွှတ်တယ်ဗျ။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ကျုပ်တို့ အညာသားတွေကတော့ သဘောကျပြီဆိုရင်
ဟန်မဆောင်တော့ဘူးဗျ။လက်ခုပ်တဖြောင်းဖြောင်း တီးပြီး
တော့ ကိုဂုဏ်ပြုကြတာဗျို့။
ကျုပ်ဘေးကပါလာတဲ့ ကျောက်ခဲနဲ့သံမဏိက
ကျုပ်ကိုလက်ကုတ်ပြီး မေးရောဗျို့။
“ကိုကြီးတာတေ စောစောက ပဉ္စလက်ဆရာညိုကို ရွာသူ
နှောင့်ယှက်တာဟုတ်လားဗျ ။ ဒါဆိုရင် ကျုပ်တို့ရွာမှာ
ပညာသည်ရှိနေလို့ပေါ့ဗျ ”
“ဟာ မဟုတ်ပါဘူးကွာ၊ ဆရာညိုက လူတွေ ပိုပြီးစိတ်ဝင်စား
အောင် လုပ်ပြတာပါကွာ၊ဘယ်သူမှမနှောင့်ယှက်ပါဘူး”
“သြော်….ဒီလိုလား”
ဒီတော့မှ ကျောက်ခဲနဲ့သံမဏိ က ရယ်နေတော့တာဗျို့။
“ဆရာညို ဆိုတဲ့လူကတော်တော် တော်တာပဲနော်”
“အေးပေါ့ ကျောက်ခဲရ ၊ ဒါ့ကြောင့်ဆရာညို ဘယ်နယ်မှာပြပြ
ရုံပြည့်တာပေါ့ကွ၊ ပဉ္စလက် ဆရာညို ဆိုတဲ့နံမည်ကို
မသိတဲ့လူရှိတာမှမဟုတ်တာ”
အဲ့ဒီ့ ပြကွက်ပြီးတောနောက်ထပ်ပြတဲ့ ပြကွက်တွေကလည်း
ကြည့်တဲ့သူတိုင်း “ဟာ ကနဲ ၊ ဟင် ကနဲ ” ဖြစ်ရတာချည်းပါ
ပဲဗျာ။နောက်ဆုံးပြကွက်ကတော့မိုးလင်းကာနီးမှ ပြတာဗျ။
ဆရာညိုက စားပွဲခုံပေါ်မှာ တင်ပလ္လင်ခွေပြီး ထိုင်တယ်။
ပြီးတော့ လေထဲကို မြောက်တက်လာတယ်။ကျုပ်စိတ်ထင်
လေထဲကို တစ်ထွာလောက်မြောက်တက်သွားတယ်ဗျ။သူ့
တပည့် နှစ်ယောက်က ဆရာညိုထိုင်တဲ့ စားပွဲကို ဆွဲထုတ်
ယူလိုက်ကြတယ်။ဆရာညိုကလေထဲမှာ တင်ပလ္လင်ခွေ ပြီး
ထိုင်ရက်သားဗျ။ဒီပြကွက်ကို မပြခင် ဆရာညိုကပရိသတ်
ငါးယောက်ကို စင်ပေါ်တက်ခဲ့မို့ ခေါ်တယ်ဗျ။ကျုပ်က ရှေ့ဆုံး
ကတက်တယ်။ကျုပ်နောက်ကလည်း တခြားလူတွေလိုက်လာ
တယ်။သူ့ပြကွက်ကို ကျုပ်တို့ ကြိုက်သလောက်စစ်ဆေးနိူင်
တယ်လို့ကြိုပြောသေးတယ်ဗျ။
“ဟုတ်ပါ့ဗျာ…ဘာကြိုးနဲ့မှ ဆွဲထားတာ မရှိပါဘူး။လေထဲမှာကို
တကယ်ထိုင်နေတာပါ။လူတွေအားလုံးယုံကြည်အောင်
ဆရာညိုက ထိုင်ရက်သားကနေ တစ်ထွာလောက်ထပ်မြင့်
လိုက်တယ်။ပြကွက်ပြီးတော့မှ သူ့တပည့်နှစ်ယောက်က
အောက်မှာ စားပွဲ ခုံ ပြန်ခံပေးလိုက်တယ်။ဆရာညိုက ပြန်
နှိမ့်ဆင်းလာပြီး စားပွဲ ပေါ်မှာ ပြန်ထိုင်တယ်။
နောက်တနေ့ရောက်တော့ တစ်ရွာလုံး ဗျာ ဆရာညိုအကြောင်း
ကိုပဲ ထမင်းမေ့ ဟင်းမေ့ ပြောနေကြတော့တာဗျို့။ နောက်နှစ်
ဘုရားပွဲမှာ ဆရာညိုမျက်လှည့်ကိုပါထပ်ငှါးဖို့ စာချုပ်ကြိုပြီး ချုပ်
ဖို့ ရွှေတောင်ကုန်း ဘုရားပွဲဖြစ်မြောက်ရေး ကော်မီတီကို
ဝိုင်းပြောကြတာပေါ့ဗျာ။
ဘုရားပွဲကော်မီတီကလည်း စိတ်ချပါ။ဆရာညိုမျက်လှည့် ပါစေ
ရမယ်ဆိုပြီး ကတိပေးကြတာပေါ့ဗျာ။
ဒီနေ့တော့အဘရော ကျုပ်ပါ ယာထဲမှာ ပေါင်းနုတ်ကြရလို့
ပင်ပန်းနေကြတာဗျ။မနက်အစောကြီး ယာထဲဆင်းပြ်ီး ညနေ
စောင်းမှ အလုပ်သိမ်းကြရတာ။ ဒါတောင် ရွာထဲက
ပေါင်းနုတ်လိုက်မဲ့သူတွေကို အကုန်ခေါ်ပြီး နုတ်ရတာ။ဒီနေ့
အပြီးသတ်သွားပါပြီ။
ထမင်းစားပြိ်းတာနဲ့ ကျုပ်က နဂါးဆေးပေါ့လိပ်လေးကို
ဖွာတယ်။ခုံတန်းလျားပေါ်မှာ အညောင်းဆန့် ရင်း
နားနေတာပေါ့ဗျာ။
“ကိုကြီးတာတေ ကိုကြီးတာတေ ကျုပ်ပါဗျ သံခဲပါ ”
ကျုပ်ယှဉ်ထဲမှာ ဒုန်းကနဲ ဖြစ်သွားတယ်။ ခဗျားကတော့
သိမယ်မထင်ဘူး။ သံခဲဆိုတာ လှယဉ်ရဲ့ မောင်လေဗျာ။
လှယဉ်မှာ မောင်နှမနှစ်ယောက်ရှိတယ်။သံခဲနဲ့ ကျောက်ဒိုး
တဲ့ သံခဲကအကြီးကောင်။လူပျိုကြီးဖားဖားဖြစ်နေပြီဗျ။
လှယဉ်ကိုတော့ ခဗျားမှတ်မိမှာပါ။ ကျုပ်ရည်းစားလေ။
“ကဝေပျိုရဲ့အချစ်”မှာ ကျုပ်ရေးပြခဲ့ဖူးပါတယ်။ကျုပ်နဲ့ လှယဉ်
အကြောင်းလေဗျာ။
“ဟင် သံခဲ မိုးတောင်ချုပ်နေပြီ။လာ လာ အိမ်ပေါ်တက်ခဲ့”
သံခဲကကိုရင် ဝတ်ပြီးမှ အရပ်ကြီးရှည်လာတာဗျ။သံခဲက
ကျုပ်ဘေးမှာ ဝင်ထိုင်တယ်။အဘနဲ့ အမေက မှန်အိမ်က
အလင်းရောင်လေးနဲ့ ကြည့်တယ်။သံခဲကိုဘယ်သူမှန်းသိပုံ
မရဘူးဗျ။
“အဘ ဒါအဘသူငယ်ချင်း ဘိုးအောင်စိန်ရဲ့ သားသံခဲလေဗျာ”
“ဟေ…ဒါအောင်စိန်သားလား။ဟာ..သံခဲလာစမ်း ဒီကို။
ဘိုးက မင်းကို လုံးလုံး မမှတ်မိဘူးကွ။မင်းကလည်း အရပ်ကြီး
ရှည်လာလိုက်တာ။မိုးထိုးတော့မတတ်ပဲ။
သံခဲက အဘနဲ့အမေအရှေ့မှာ သွားပြ်ီးထိုင်တယ်။
“မင်းအဘနဲ့ ငါနဲ့ ဟိုတနေ့ကတောင် တွေ့သေးတယ်။တွေ့ရင်
လည်း ငယ်ငယ်ကအကြောင်းတွေ ပြောပြီး ရယ်ကြရတာ
အမောပဲဟေ့။နို့ မင်းကိုကြီးတာတေဆီ အလည်လာတာလား”
“အလည်သက်သက်တော့ မဟုတ်ဘူးဘိုးရဲ့ ၊ ကိစ္စ နည်းနည်း
ရှိလို့ ဗျ ”
“သြော်….ကဲ ပြောကြ ပြောကြ ”
သံခဲက ကျုပ်ထိုင်တဲ့ ခုံတန်းလျားမှာ ပြန်ထိုင်တယ်။
“ကဲ သံခဲပြော ကိစ္စ ဆိုတာ ဘာကိစ္စ တုံး”
“ဒီလိုဗျ ကိုကြီးတာတေရဲ့။ကျုပ်တို့ ဘန့်ဘွေးကုန်းက
ဘိုးတက်ခါးကို ကိုကြီးတာတေ သိတယ်မို့လား”
“ဟာ…သိတာပေါ့ကွ၊ တရုတ်ဟုတ်စိန်ရဲ့ဝိုင်းကြီးနဲ့အိမ်ကြီး
ကို ဝယ်လိုက်တယ်ဆိုတဲ့ ဘိုးတက်ခါးကို ပြောတာမို့လား”
“ဟုတ်တယ် ဟုတ်တယ် ”
“ဘိုးတက်ခါး မိန်းမ အရီးမယ်ထုံက မနှစ်ကမှ ဆုံးသွားတာဗျ။
သူတို့အိမ်မှာ ဘိုးတက်ခါးရယ်၊ သူ့သားကိုကြီးကျော်ခေါင်နဲ့
သူ့မိန်းမ မစိန်းရင်ရယ်၊ဘိုးတက်ခါးရဲ့ သားအငယ်
ကိုကျော်မောင်ရယ်၊ဘိုးတက်ခါးရဲ့ သမီးကျုပ်နဲ့ ရွယ်တူ
ခင်သိန်းနွယ်ရယ် အားလုံး ငါးယောက်နေကြတာဗျ။ကိုကြီး
ကျော်ခေါင်နဲ့အစ်မ မစိန်းရင်တို့ကလည်း သားသမီးမမွေးကြ
ဘူး ”
“အေး ပြောပါဦးကွ ”
“အဲ့ဒါ လွန်ခဲ့တဲ့ သုံးရက်က အကောင်းကြီးကနေ တစ်အိမ်
သားလုံးရူးသွားကြလို့ဗျ။အဲ့ တစ်အိမ်သားလုံးဆိုပေမဲ့ အစ်မ
မစိန်းရင် မပါဘူးဗျ ။မစိန်းရင်က ဘာမှမဖြစ်ဘူး။
သူတစ်ယောက်ပဲ အကောင်းကျန်နေတာ”
“ဟာ”
“ဟဲ့ ဘယ်လိုဖြစ်ကြတာတုံး ၊ အရီးဖြင့် ဒါမျိုးတစ်ခါမှမကြား
ဖူးပါဘူးသံခဲရယ် ”
“ဟုတ်တယ်ဗျ အရီးရဲ့၊ကျုပ်တို့ရွာမှာလည်း လူတိုင်းအံ့သြနေ
ကြတာ။တချို့ကလည်း ရိုးရာကိုင်တာလို့ ပြောနေကြတာ”
“အေး…ဟုတ်နိုင်တယ်ဟဲ့ ၊ကိုတက်ခါးနဲ့ သူ့သားသမီးတွေ
ချည်း ဖြစ်ကြတာဆိုတော့ ရိုးရာဖြစ်နိုင်တယ်။ချွေးမက
ဘာမှမဖြစ် ဘူး မို့လား”
အမေကလည်း သူထင်မြင်တာတွေ ပြောတာပေါ့ဗျာ။
အဘကတော့ ခေါင်းလေးတညိတ်ညိတ်လုပ်ပြီးတော့
မှ ပြောတာဗျို့။
“ရိုးရာချည်းပဲ ပြောမနေနဲ့ဦးဟဲ့ ငွေစိန်ရဲ့။လူပြုစားတာလည်း
ဖြစ်ချင်ဖြစ်နေမှာ”
ကျုပ်က သံခဲကို မသိမသာ အကဲခတ်ပြီးမေးလိုက်တယ်။
“နေပါဦး သံခဲရဲ့ ၊မင်းငါ့ကို ဒီအကြောင်းလာပြောတာ
ဘန့်ဘွေးကုန်းတစ်ယောက်ယောက်ပြောခိုင်းတာလား”
“ဟာ…မဟုတ်ဘူးဗျ ။ကျုပ်ဘာသာလာပြီးမေးစမ်းကြည့်တာ
ပါဗျာ ”
“မင်းနဲ့ ဘိုးတက်ခါးသားကျော်မောင်နဲ့ ရင်းနှီး တယ်ထင်တယ်”
“မဟုတ်ဘူး ကိုကြီးတာတေ ၊ ကျုပ်အမှန်တိုင်း ပြောပြမယ်။
ကိုကြီးတာတေ က ကျုပ်ရဲ့ မတော်လိုက်ရတဲ့ ယောက်ဖပဲဗျာ။
ဒီလိုဗျ ဘိုးတက်ခါးသမီး ခင်သိန်းနွယ်နဲ့ ကျုပ်နဲ့က သမီး
ရည်းစားဖြစ်နေတာ ကြာပြီဗျ။ အခု ကျုပ်ရည်းစားပါ ရူးသွား
လို့ဗျ ကိုကြီးတာတေရ ”
“သြော်…ဒီလိုလား ၊ငါလည်း ဒီအဖြစ်မျိုး တစ်ခါမှ မကြား
ဖူးဘူး။ဒီတော့ဒီလိုလုပ် ။ ဒီတစ်ရက် နှစ်ရက်အတွင်း
ဘာဖြစ်တယ်ဆိုတာ ကိုကြီးတာတေ သိအောင်လုပ်လိုက်
မယ်။ကဲ မိုးချုပ်ပြီ။ ငါလိုက်ပို့မယ် သံခဲ ”
“ဟာ…မလိုက်နဲ့ မလိုက်နဲ့ ၊ ကျုပ်ဘာသာကျုပ် ပြန်ဝံ့ပါတယ်”
သံခဲက ပြောပြောဆိုဆို နဲ့ ပြန်သွားရောဗျို့။အဘတို့ အမေတို့
နဲ့ ကျုပ်တို့ဒီအကြောင်းကို ဆက်ပြောဖြစ်ကြတယ်။ရုတ်တရက်
ကြီး တစ်အိမ်လုံး ရူးသွားတာမျိုး အဘတို့ အမေတို့တောင်
မကြား ဖူးဘူးတဲ့ ။
“တာတေ ရေ….တာတေ ငါသိန်းဇော်ပါ ”
“ဟာ လာပြန်ပြီဟ ၊ ဘန့်ဘွေးကုန်းသားတစ်ယောက်”
“သိန်းဇော် လာလေ တက်ခဲ့ ”
“ဟဲ့ သိန်းဇော် နင်တို့နှမ်းတွေ ဘယ်နှယ့်တုန်း၊ ကောင်းလား ”
“ကောင်းတယ် အရီးရ ။ အပင်တွေ တော်တော်တက်တယ်”
“အေးအေး ပေါင်းလိုက်ပြီးပြီလား ”
“မနေ့တနေ့ကပဲ ပြီးသွားတာဗျ”
ကျုပ်က သိန်းဇော် ကိုကြည့်ပြီးတော့မေးလိုက်တယ်။
“မင်းနဲ့ သံခဲနဲ့ လမ်းမှာတွေ့သေးလား”
“ဘယ်သံခဲလဲ လှယဉ်မောင်လား ”
“အေးလေ ၊ သံခဲ အခုပဲ ပြန်သွားတာ ”
“မတွေ့ဘူးကွ ၊ ငါကညနေတည်းက ရောက်နေတာ။
မြောက်ပိုင်းက ဘိုးမင်းဒင်ဆီ ဝင်နေလို့ကွ။မင်းရဲ့ မတော်
လိုက်ရတဲ့ ယောက်ဖလေးလာသွားပြီဆိုတော့ တို့ရွာက
သတင်းတွေ မင်းကြားပြီးရောပေါ့။ သံခဲကလည်း သူ့ရည်းစား
ခင်သိန်းနွယ်အတွက် မစားနိုင် မသောက်နိုင်ကိုဖြစ်နေတာ
ကြ ”
“ဟဲ့ သိန်းဇော် ကိုတက်ခါးကြီးတို့လည်း ဘယ်လိုဖြစ်ကြတာ
တုံး ၊ စိတ်မကောင်းစရာဟယ်”
“ဟုတ်တယ် အရီးရေ ၊ အခုရွာထဲက လူတွေ သွားပြီး
စောင့်နေကြရတာ။ဘာကိုမှ မမှတ်တော့အောင်ရူးသွား
ကြတာဗျ။ရူးသမှ သွက်သွက်ကို လည်ရောဗျာ”
“နေပါဦးဟဲ့…သူတို့မိသားစုအချင်းချင်းရော မှတ်မိကြလား”
“ဘယ်ကသာ မှတ်မိမှာတုံးအရီးရယ်။ဖအေကိုသားတွေ
မသိ။ သားတွေကိုလည်း ဖအေက မသိဘူးဗျ။ခင်သိန်းနွယ်
ကိုတော့ သူ့အကိုဝမ်းကွဲတွေ လာပြီးစောင့်နေကြတယ်။
ဒါပေမဲ့ သိပ်ကြမ်းကြမ်းတမ်းတမ်းတွေ မဟုတ်လို့ တော်
သေးတာပေါ့ဗျာ”
“မင်းလည်း ဒီကိစ္စနဲ့ လာတာပဲမို့လား ”
ကျုပ်က သိန်းဇော် ကိုမေးလိုက်တော့ သိန်းဇော် ကသောက်
နေတဲ့ ဆေးလိပ်လေးဘေးချပြီး ပြောလိုက်တယ်။
“အေး ဟုတ်တယ် တာတေ။ဒါပေမဲ့ မင်းဆီမလာခင်
ဘိုးမင်းဒင်ဆီ အရင်သွားတွေ့တာက ဘိုးမင်းဒင်နဲ့ဘိုးတက်ခါး
ကငယ်သူငယ်ချင်းတွေကွ ။ တစ်ယောက်အကြောင်း
တစ်ယောက် အကုန်သိကြတာ။ဒါ့ကြောင့် ငါကဝင်တွေ့ပြီး
အကျိုးအကြောင်း သိရအောင်မေးတာ”
“အေး ကောင်းတာပေါ့ကွ သိန်းဇော်ရ ၊ နို့ ဘိုးမင်းဒင်ဆီက
ဘိုးတက်ခါးအကြောင်း ပက်သက်ပြီး ထူးထူးခြားခြား ဘာ
ပြောလိုက်တုံး ”
“ဘိုးတက်ခါးကတော့ ထူးထူးခြားခြား ဘာမှပြောစရာမရှိပါ
ဘူး။ ဘိုးတက်ခါးက အေးအေးဆေးဆေးနေတဲ့သူပဲလေကွာ။
ဒါပေမဲ့ ဘိုးမင်းဒင်ပြောတဲ့အထဲမှာ ဘိုးတက်ခါးရဲ့ အဘိုးက
ဘိုးစံဖြူတဲ့ကွ။ အထက်လမ်းလား အောက်လမ်းလားတော့
မသိဘူးတဲ့ ။ တော်တော်ကိုစွမ်းတာတဲ့ကွ။ သူလာတာနဲ့
အနီးအနားက မြွေဆိုးမှန်သမျှထွက်ပြေးကြတာဆိုပဲ။စုန်းတွေ
ကဝေတွေဆိုတာ ဘိုးစံဖြူကိုကြောက်ကြတာပြားပြားဝပ်နေ
ဆိုပဲ။ ၃၇မင်းနတ်ကိုတောင် ခေါ်ပြီးခိုင်းနိုင်တာတဲ့ဟေ့
နတ်ဆိုးတွေ နတ်မိစ္ဆာတွေဆိုရင် ဘိုးစံဖြူကိုကြောက်လို့
ပုန်းနေရတာဆိုပဲ ။ အဘိုးကြီးက မေတ္တာသမားလူနုမဟုတ်
ဘူးတဲ့။တော်တော်ကြမ်းတာဆိုပဲ။ ပြောမရရင် သရဲတစ္ဆေ
ကဝေ စုန်း မပြောနဲ့ နတ်မိစ္ဆာကိုတောင် သစ်ပင်မှာ ကြိုးတုတ်
ပြီးရိုက်တာဆိုပဲ ”
“ဟာ…ဒီလောက်တောင်ပဲလား သိန်းဇော် ရ။ နေပါဦး
ဒီအကြောင်းတွေကို ဘိုးမင်းဒင်ပြောပြတာလား။ သူကဒါတွေ
ကို ဘယ်လိုသိတုံး ”
“ဘိုးတက်ခါးရဲ့ အဖေ ဦးပုရှိတုန်းက ဘိုးမင်းဒင် က
ဘိုးတက်ခါးတို့အိမ်မှာ ဝင်ထွက်သွားလာပြီး စားသောက်နေ
တာဆိုတော့ ဦးပုကြီးမသေခင်က သူ့အဖေအကြောင်းပြော
ပြတာတဲ့ကွ ”
“သြေ်ာ ….တော်တော်စွမ်းတဲ့အဖိုးကြီးပဲနော်”
“အေး အခုငါလာတာက ရွာကလူကြီးတွေက ဘိုးတက်ခါးတို့
မိသားစုကိစ္စကို အစွမ်းထက်ထက် ဆရာပင့်ဖို့ တာတေနဲ့
တိုင်ပင်ပါဆိုလို့ ငါလာတာကွ တာတေရ”
“အေး ဟုတ်ပြီ သိန်းဇော် ဒါလည်းရပ်ဆွေရပ်မျိုး ကိစ္စပဲကွာ။
မင်းတို့ငါတို့ လုပ်ကြရမှာပေါ့၊ငါအမြန်ဆုံးအကြောင်းသိအောင်
လုပ်လိုက်ပါ့မယ်။ ထူးတာနဲ့ ဘန့်ဘွေးကုန်းကို ငါလာပါ့မယ်”
သိန်းဇော်ပြန်သွားတော့ ကိုးနာရီထိုးပြီဗျ၊ ကျုပ်တို့လည်း
အိပ်ရာ ဝင်ကြတယ်။တစ်နေ့လုံး ယာထဲမှာ လုပ်ခဲ့ကြတော့
အဘရော ကျုပ်ရော အိပ်ချင်နေကြပြီဗျာ။ကျုပ် မဖဲဝါရဲ့ ကိုယ်ခွဲ
ရုပ်ကလေးကို ယူပြီး မဖဲဝါကို အိမ်မက်ပေးပါလို့ပင့်ဖိတ်
လိုက်တယ်။မဖဲဝါက မိုးလင်းခါနီးမှာကျုပ်ကို အိမ်မက်ပေး
တယ်။ ခါတိုင်းလို ဆယ့်နှစ်ရာသီ ပင်ကြီးအောက်မှာပဲဗျ…
“ဟဲ့….တာတေ နင်နောက်ကျသွားပြီ။ ဒါပေမဲ့ ကျန်နေတဲ့
လူတော့ မှီမှာပေါ့လေ။တက်ခါးရဲ့ အဖိုး စံဖြူဆိုတဲ့လူက
နတ်မှော်အောင်ထားတဲ့ မှော်ဝိဇ္ဇာကြီးဟဲ့။ ငါတို့တတွေအားလုံး
သူ့ကို ကြောက်ကြရတာ။နတ်မစ္ဆာကိုဖမ်းပြီး ပုလင်းထဲထည့်
တယ်။ ပြီးတော့ မြစ်ထဲကနေ ပင်လယ် ထဲရောက်စေလို့
အဓိဌာန် လုပ်ပြီးမျှောလိုက်တာ အဲ့ဒီပုလင်းဟာ ပင်လယ်
ထဲမှာ အနှစ်တစ်ရာလောက်မျောနေပြီးတော့မှ ဗမာပြည်ဘက်
ကိုရောက်လာပြီး ကမ်းခြေမှာတင်တယ်။လူငယ်လေး
တစ်ယောက်က ပုလင်းကိုကောက်ယူပြီး အဖုံးဖွင့်ကြည့်တယ်
ဒီမှာတင် နတ်မိစ္ဆာလွတ်သွားပြီး အဲ့ဒီလူငယ်ကို သတိလစ်
အောင်လုပ်လိုက်တယ်။ပြီးတော့ အနှစ်တစ်ရာလုံးလုံး
ဝိညာဉ် ငတ်နေတဲ့ နတ်မိစ္ဆာက ကောင်လေးရဲ့ ဝိညာဉ် ကို
စုပ်ယူခဲ့တယ်။သူက ဝိညာဉ် တစ်ခါစုပ်ရင် ဆယ်နှစ်အသက်
ရှည်တယ်။အဲ့ဒီဝိညာဉ်စုပ်တဲ့ နတ်မိစ္ဆာက သူ့ကို ပင်လယ်ထဲ
မျှောခဲ့တဲ့ မှော်ဝိဇ္ဇာစံဖြူကိုရှာတယ်။ဒါပေမဲ့ စံဖြူမရှိတော့ဘူး။
သူ့သားငပုတောင်မရှိတော့ဘူး။သူ့မြေးတက်ခါးဆိုတာ
ရှိသေးတယ်ဆိုတာသိတာနဲ့ တပြိုင်နက် ချက်ချင်းလိုက်လာပြီး
စံဖြူအစား တက်ခါးတို့မိသားစုကို လက်စားချေတော့တာဟေ့။
နင်နောက်ကျသွားပြီ။ တက်ခါးနဲ့သူ့သားကို နတ်မိစ္ဆာ
ဝိညာဉ် စုတ်သွားပြီဟဲ့။ သူ့ကို တော်ရုံဆရာတော့ နိုင်မှာ
မဟုတ်ဘူး တာတေ ”
ဒါပဲဗျာ….ဒါပဲပြောပြီး မဖဲဝါပျောက်သွားတယ်။
“တာတေ ၊ဟဲ့ တာတေ ထဦးဟဲ့။ ဒီမှာသိန်းဇော်ရောက်နေလို့”
ကျုပ် ကပျာကယာ ထလိုက်တယ်။ပြီးတော့သိန်းဇော်ကို
မေးလိုက်တယ်။
“သိန်းဇော် ဘိုးတက်ခါးသေပြီမို့လား ”
“အေး…မင်းဘယ်လိုသိနေတာတုံး တာတေ”
“ဘယ်သူ ပါသွားသေးတုံး”
“ကျော်မောင်ပါသေသွားတာကွ။နှစ်ယောက်စလုံးပါးစပ်ကြီး
တွေ အကျယ်ကြီးဟပြီး သေသွားတာကွ။ခေါင်းကြိ်းတွေက
မော့မော့ ကြီးတွေဖြစ်နေတာ ”
“အဲ့ဒါ ဝိညာဉ် စောင့်နတ် လက်ချက်ကွ။ ဘိုးတက်ခါးတို့
ဝိညာဉ် တွေ စုတ်သွားတာ ”
“ဟေ…ဘာပြောတယ် တာတေ။ ဝိညာဉ် စုတ်နတ်ဟုတ်လား”
“အေး ဟုတ်တယ်ကွ။လူ့ဝိညာဉ်ကို ပါးစပ်ကနေ စုတ်ယူသွား
တာ ။ဒါနဲ့ မင်းဒီအကြောင်း လာပြောတာလား သိန်းဇော်”
“မဟုတ်ဘူးကွ။ ဒါတင်မဟုတ်ဘူး။ ငါတို့ဘန့်ဘွေးကုန်း
ဆရာတော်ကျောင်းမှာ ဘိုးတော်ကြီးတစ်ယောက်ရောက်နေ
တယ်ကွ။ အဲ့ဒါဆရာတော်က ငါ့ကိုခေါ်ခိုင်းပြီး မိန့်တာဟေ့။
တာတေကိုအမြန်သွားခေါ်ခဲ့ဆိုလို့ ငါလာတာ။ ဘိုးတက်ခါး
သေတဲ့ သတင်းလည်းပြောရင်းပေါ့ကွာ”
“ဟေ…ဘယ်က ဘိုးတော်တုံးကွ သိန်းဇော်။ ဘိုးလူပေလား”
“ဟာ..ဘိုးလူပေကို ငါသိတာပေါ့ ကွ။ အခုဘိုးတော်ကြီးကို
ငါမမြင်ဘူးလို့ ”
ကျုပ်ချက်ချင်း လိုက်ရတော့တာပေါ့ဗျာ။ ဘန့်ဘွေးကုန်း
ဆရာတော်ကျောင်းကို ကျုပ်နဲ့ သိန်းဇော်ရောက်တော့
ဘုရားခန်းမှာ ထိုင်နေတဲ့ ဘိုးတော်ကြီးက ကျုပ်ကိုပြုံးပြတယ်။
“ဟာ…အဘိုး ၊ အဘိုး ကြွလာတယ် ဟုတ်လား”
“အေးကွဲ့ မောင်တာတေရဲ့။ကိစ္စက တော်တော်ကို အရေးကြီး
နေတာ လူကလေးရဲ့။အဘိုးမလာလို့ မဖြစ်ဘူး။ ဒါတောင်
အဘိုး အရောက်နောက်ကျလို့ တက်ခါးနဲ့ သူ့သားပါသွားရှာပြီ”
အခုကျုပ်တို့ပြောနေတာ အဖေရှင်ဗျ။ “ရွှေဂူရှင်မ”မှာ
ကျုပ်ကိုသိုက်ထဲ ပြန်ဝင်ခိုင်းတဲ့ အဘိုးဆရာကြီးလေဗျာ။
အဘိုး ဆရာကြီးရောက်လာတာကျုပ်ဖြင့် အံ့သြ လိုက်တာဗျာ။
“မောင်တာတေ မှာ ဆေးဝါးအစုံပါရဲ့လား”
“ပါပါတယ် အဘိုး ၊ အဘိုး ဘယ်ဆေးကိုမေးတာတုံးဗျ”
“မျက်ကွင်းဆေးလေ၊ မင်းကို မောင်ပွားတပည့် ရှမ်းဆရာပေး
ထားတာလေ”
“ဟာ…ပါတယ်အဘိုး”
“အေး အဲ့ဒါထုတ်ပြီး ကွင်းထားလိုက်။ ဒိဗ္ဗစက္ခု ရော ၊
ဒိဗ္ဗသောတရော ရအောင် အဘိုး လုပ်ပေးမယ်။ ရော့ ဟောဒီ
ချည်မန်းကွင်းကို ယူထား။ အဘိုးက စွပ်လိုက်ဆိုရင် ဘာမှ
မကြောက်နဲ့ ပြေးပြီးသာစွပ်လိုက်ကြားလား။ မောင်တာတေ
ဒီအကောင် မှင်တက်မိနေအောင် အဘိုးလုပ်လုပ်ထားမှာ”
“ဟုတ်ကဲ့ အဘိုး”
“အဘိုး ပွဲတွေ ပြင်ပြီးပါပြီဘုရား”
ဘန့်ဘွေးကုန်း သားတွေ အပေါ်ထပ်မှာ ပွဲပြင်နေကြတာဗျ။
“ကဲ…ဒါဆိုရင် ကျောင်းပေါ်ထပ်ကို တက်ကြစို့ဟေ့။ဒီအကောင်
ကို မြန်မြန်မနိုင်နှင်းနိုင်ရင် မင်းတို့တစ်ရွာလုံးတောင် ကုန်သွား
နိုင်တယ်။ဒီကောင်က စံဖြူ့ ဆွေစဉ်မျိုးဆက် အကုန်လုံး
ဝိညာဉ်စုတ်မယ့်ကောင်ကွဲ့”
ဟင် အဘိုးဆရာကြီး ဒီကိစ္စကြွလာတာကိုး ။ နတ်မိစ္ဆာကို
နှိမ်နင်းဖို့ ကြွလာတာဗျ။ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။
အဘိုးပြောနေတာကို ဆရာတော်ရော၊ဘန့်ဘွေးကုန်းသား
ရော နားလည်ပုံ မရဘူးဗျ။ ကျုပ်ကတော့ မဖဲဝါ ညက
အိမ်မက်ထဲမှာ ပြောသွားလို့ သိနေပြီပေါ့ဗျာ။ ဒီလူတွေကတော့
နတ်မိစ္ဆာဆိုတာလည်း မသိကြဘူးပေါ့။ ဝိညာဉ်စုတ်တယ်
ဆိုတာလည်း မသိကြဘူးပေါ့။ ဝိညာဉ် စုတ်တယ်ဆိုတာလည်း
မသိ။ စံဖြူဆိုတာလည်း ဘယ်သူမှန်းမသိကြဘူးပေါ့ဗျာ။
ကျောင်းကြီးအပေါ်ထပ်ကိုရောက်တော့ ဘုရားခန်းမှာ
ပွဲတွေပြင်ထားတာဗျ။ ဖယောင်းတိုင် အမွှေးတိုင် အပြည့်ထွန်း
လို့ဗျ။
“မောင်တာတေရော ဒီကိစ္စကို သိသလားကွဲ့”
“သိပါတယ်အဘိုး။ ဦးတက်ခါးရဲ့အဘိုး ၊ ဦးစံဖြူက
နတ်မိစ္ဆာကို ပုလင်းထဲသွင်းပြီး ရေမျှောခဲ့ရာက စတာပါ
အဘိုး ”
“ဟာ…တယ်ဟုတ်တဲ့ လူပေပဲကွယ်”
“မဖဲဝါ ပြောပြတာပါ အဘိုး ”
“သြော်…အေးအေး ဟုတ်ပြီ။ မောင်တာတေက သိချင်တာ
လေးရှိရင် သူ့ကိုမေးရတာပေါ့ဟုတ်လား”
“ဟုတ်ပါတယ် အဘိုး”
“အခု နတ်မိစ္ဆာ ကို အဘိုးခေါ်ပြီး အမိန့်ချတော့မှာကွဲ့ ။ဒါပေမဲ့
ဒီကောင်က နတ်မိစ္ဆာ ဆိုတော့ အင်မတန်ဆိုးတာ ၊အဘိုးတို့
ကလည်း သူ့ကို ခြေလွန်လက်လွန် ဖြစ်အောင်မလုပ်ချင်ကြ
ဘူးကွဲ့ ။ ဒါပေမဲ့ အမိန့်မနာခံရင်လည်း ငရဲရောက်အောင်
ပို့ရမှာပေါ့ကွယ်”
ဘန့်ဘွေးကုန်း သားတွေကျောင်းမှာ ပြည့်နေကြပြီဗျို့။
တစ်ယောက်စကား တစ်ယောက်နားပေါ့ဗျာ။
“ကဲ…အားလုံး ဝေးဝေးမှာ သွားနေကြ။ အန္တရာယ်များတယ်”
အဘိုးဆရာကြီးက ပြောလိုက်တော့ ဘန့်ဘွေးကုန်း သားတွေ
ကျောင်းကြီးရဲ့ နံရံမှာသွားကပ်ပြီး ထိုင်နေကြရောဗျ။
“ကဲ မောင်တာတေ ၊ အဘိုးပေးထားတဲ့ ချည်မန်းကွင်းကို
အဆင်သင့်ပြင်ထားပေတော့ ကွဲ့ ”
“ဟုတ်ကဲ့ အဘိုး ”
“ဟောဒီ့ ဇမ္ဗူ တစ်ခွင်မှာ အဖေရှင်အမိန့်ပြန်လိုက်မယ်၊အားလုံး
ကြားသိကြစေ။ သမုဒ္ဒရာ ထဲမျောနေရာက ပြန်ရောက်လာတဲ့
ဝိညာဉ်စုတ် နတ်မိစ္ဆာ ကောင် ၊ သင်ရှိရာအရပ်ကနေ ငါ့ဆီ
ချက်ချင်း ရောက်ရှိစေရမယ်။အထက်ပုဂ္ဂိုလ်ကြီးများရဲ့
အမိန့်တော် ”
“ဝုန်း”
ဟာ…အမိန့်ဆုံးတာနဲ့ရောက်လာတာဗျို့။ အဘိုးဆရာကြီးရဲ့
အမိန့်ပြင်းချက်ဗျာ။အောင်မယ်လေး။ နတ်မိစ္ဆာ ရဲ့ ခေါင်းက
ဆံပင် ကဆုတ်ဖွားကြီးဗျ။ခေါင်းမှာ ရှပ်ပန်းထည်အနီကို
ဘောင်းစနှစ်ဖက်ချပြီး ပေါင်းထားတာ။မျက်လုံးကြီးကလည်း
ပြူးထွက်နေတာဗျို့။ လူတွေကို လိုက် ကြည့်နေတယ်။ ပြီးတော့
အဖေရှင်ကို သေသေချာချာ ကြည့်နေတယ်။ တင်ပလ္လင်ချိတ်
ထိုင်နေတာဗျ။အရိုအသေလည်းမပြုဘူး။
“ကျုပ် ရာဇဝင်ကြွေးကို ကျုပ်ဆပ်နေတာ။ ခဗျားတို့ဝင်မရှုပ်
ကြပါနဲ့။ကျုပ်ကတော့ ဘယ်သူ့ကိုမှ ကြောက်မဲ့သူမဟုတ်
ဘူးနော်”
“မောင်တာတေ စွပ်လိုက်တော့”
ကျုပ်ထိုင်နေရာကနေ လှစ်ခနဲ ပြေးပြီးလက်ထဲကချည်မန်းကွင်း
ကို နတ်မိစ္ဆာ ရဲ့ခေါင်းကနေ စွပ်ချလိုက်တယ်။
“တောက်”
နတ်မိစ္ဆာ က နောက်ကပြေးဝင်ပြီး ချည်မန်းကွင်းစွပ်လိုက်တဲ့
ကျုပ်ကို ဆတ်ကနဲ လှည့်ကြည့်ပြီးတောက်တစ်ချက်ခေါက်
တယ်။ ကျုပ်က ချည်မန်းကွင်းစွပ်ပြီးတာနဲ့ နောက်ကိုတစ်လံ
လောက် ပြန်ဆုတ်ပြီးနေပြီလေဗျာ။
ချည်မန်းကွင်းက စွမ်းလိုက်ပါဘိဗျာ။စောစောက ဒေါသပုန်
ထနေတဲ့ နတ်မိစ္ဆာ တစမခါတည်းကို ငြိမ်သွားရောဗျို့။
“သင့်ကို အထက်ပုဂ္ဂိုလ်ကြီးတွေက ဟိမဝန္တာမှာ သွားပြီး
ဒဏ်ထမ်းရမယ်လို့ အမိန့်ရှိလိုက်တယ်။သင် ဒီအမိန့်ကို
နာခံသလား ။ ဝိညာဉ် စုတ်တဲ့ လူသတ်သမားမိစ္ဆာကောင်”
“ဟေ့ကောင် တွေ မင်းတို့ အထက်တွေ အောက်တွေ ငါ့လာ
မပြောနဲ့ ။ ငါက ဘယ်သူ့အမိန့်ကိုမှ နာခံတဲ့ကောင်မဟုတ်
ဘူး။ မင်းတို့နိုင်ရင် ငါ့ကိုကြိုက်သလိုလုပ်လိုက်။ အမိန့်နာခံ
မလားလို့ လာမမေးနဲ့ ”
ကျုပ်တော့ အံ့သြတာပဲဗျာ။ အဖေရှင်လို ပုဂ္ဂိုလ် ကြီးကိုဆောင်
ပမာမခန့်ပြောရဲတဲ့ နတ်မိစ္ဆာ ကြီးဗျာ။ အဖေရှင်က အချိန်ဆွဲ
မနေဘူးဗျာ။ ထိုင်ရာက ဆတ်ကနဲ ထပြီး သူ့လက်ဝါးနဲ့
နတ်မိစ္ဆာ ခေါင်းကိုရိုက်ချလိုက်တယ်။
“ဝုန်း”
“အား”
နတ်မိစ္ဆာ ရဲ့ ငယ်သံပါအောင် အော်တဲ့အသံကြီးကို ကြားလိုက်
ရတယ်ဗျို့၊ ကျုပ်က မျက်ကွင်းဆေးကွင်းထားတဲ့ အပြင်
အဘိုးဆရာကြီးက ဒိဗ္ဗသောတ လို့ဆိုတဲ့ အကြားအာရုံကိုပါ
ဖွင့်ပေးထားတာဗျ။
“မောင်တာတေ အဘိုးအိတ်ထဲက အစိမ်းရောင်ပုလင်း
သွားယူ ”
ကျုပ်က အဘိုးဆရာကြီးချထားတဲ့ လွယ်အိတ်ထဲက
အစိမ်းရောင် ပုလင်းကို ပြေးယူလိုက်တယ်။
“အဖုံးဖွင့်လိုက်”
ကျုပ်က အဖုံးဖွင့်လိုက်တယ်။ဒီအချိန်မှာ အဘိုးဆရာကြီးရိုက်
လိုက်တဲ့ နတ်မိစ္ဆာ က တဖြေးဖြေး သေးသေးသွားလိုက်တာ
နောက်ဆုံး လက်မအရွယ်လောက်လေးပဲ ရှိတော့တာဗျ။
အဘိုးက နတ်မိစ္ဆာကိုဂုတ်ကဆွဲပြီး ပုလင်းအစိမ်းထဲကို
ထည့်လိုက်တယ်။ကျုပ်စွပ်ထားတဲ့ ချည်မန်းကွင်းက ကြမ်းပြင်
မှာ အခွေလိုက်လေးဗျ။
“မောင်တာတေ ချည်မန်းကွင်းသိမ်းလိုက်။ အဘိုးအိတ်ထဲ
သွားထည့်ထားချေကွဲ့ ”
ကျုပ်က ချည်မန်းကွင်းသိမ်းပေးလိုက်တယ်။
“မောင်တာတေ ရော့ ဟောဒီ့ပုလင်းကို ကိုင်ခဲ့ ၊ ဘာမှ
မကြောက်နဲ့ ဒီအကောင် လူတွေကို ဒုက္ခ မပေးနိုင်တော့ပါ
ဘူးကွဲ့့။လာ အဘိုးနောက်က လိုက်ခဲ့ ”
ကျုပ်တို့ ရွာပြင်ရောက်တော့ အဘိုးက မြေကြီးပေါ် မှာ
စည်းဝိုင်းတစ်ခု ဝိုင်းလိုက်တယ်။
“မောင်တာတေ အဘိုးက ပစ်ဆိုရင် အဲ့ဒီပုလင်းကို ပစ်ထည့်
လိုက် ကြားလား”
ဘန့်ဘွေးကုန်း တစ်ရွာလုံးကျုပ်တို့နောက် ခပ်လှမ်းလှမ်း ကနေ
ကြည့်နေတာဗျ။ လူတွေမနည်းဘူး။ အဘိုးဆရာကြီးက
မန္တန်တွေရွတ်တယ်။
“ဝုန်း”
ဟာ….မီးတောက်ကြီးဗျာ မြေကြီးထဲက ထွက်လာတာဗျို့။
ပူလိုက်တာမှဗျာ။ဘယ်လိုပူမှန်းမသိဘူးဗျ။
“မောင်တာတေ ငရဲတံခါး ပွင့်သွားပြီ။ အဲ့ဒီ မီးတောက်ထဲကို
မင်းလက်ထဲက ပုလင်းပစ်ထည့်လိုက်”
ကျုပ်ကရှေ့နည်းနည်းတိုးပြီး မီးတောက်ထဲကို ပုလင်းအစိမ်း
ကြီး ပစ်ထည့်လိုက်တယ်။
“ဝုန်း ၊ ဝီ ၊ဝီ ၊ ဝီ ”
ဟာ….မီးတောက်ထဲက ပုလင်းကို လှမ်းဖမ်းလိုက်သလိုပဲ
ဗျ။ ပုလင်းကိုပိုက်ပြီး မြေကြီးထဲကို ပြန်ဝင်သွားတယ်ဗျို့။
မီးတောက်ကြီး မြေကြီးထဲဆင်းသွားတဲ့အသံက
“ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ဆိုပြီးမြည်သွားတာဗျ။ကျုပ်စိတ်ထင်တော့ အနက်ကြီးကို
ဆင်းသွားတယ်လို့ ထင်တာပဲဗျ
“ကဲ…မောင်တာတေ ဘုရားမသိ၊ တရားမသိ၊ မြင့်မြတ်သူကို
လည်းမသိတဲ့ နတ်မိစ္ဆာ ကောင်တော့ မဟာအဝီစိငရဲကို
ပို့လိုက်ရပြီကွဲ့ ၊ ကဲ ရွာထဲဝင်ကြစို့”
ကျုပ်တို့ ရွာထဲရောက်တော့ဦးတက်ခါးရဲ့ သားအကြီး
ကိုကျော်ခေါင်နဲ့ဦးတက်ခါးသမီး ခင်သိန်းနွယ်တို့နှစ်ယောက်
စလုံးအကောင်းပကတိ ဖြစ်နေကြပီဗျ။
ဆရာတော်ကျောင်းကိုလိုက်လာကြပြီး အဘိုးဆရာကြီးကို
ကန်တော့ကြတယ်။ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။ဦးတက်ခါး
နဲ့ ကျော်မောင်ကို မမှီလိုက်တာတော့ ကျုပ်တော်တော်ကို
စိတ်မကောင်းဖြစ်မိတယ်ဗျာ။အဲ့ဒီ့ညမှာပဲ အဘိုးဆရာကြီး
ပြန်ကြွသွားတယ်။ကျုပ်လည်း ထနောင်းကုန်း ကို
ပြန်
လာ
ခဲ့
တာ
ပေါ့
ဗျာ….
ပြီးပါပြီ။