“သင်္ချိုင်းလမ်းကသရဲကြီး”_(စ/ဆုံး)
(ဖြစ်ရပ်မှန်)
================
သင်္ချိုင်းဆိုလျင် မည်သူမဆိုညဘက်
သွားလာရမည်ဆိုပါက မကြောက်တဲ့သူ
မရှိသလောက်အောင်ကို
လူတွေကြောက်တတ်ကြလေသည်။
မဖြစ်မနေထိုလမ်းမှသွားရမည်ဆိုလျင်လည်း
ကျောမလုံသောခံစားချက်ကတော့
ရှိကြမှမလွဲပေ။
အချိန်ကား ည၈နာရီခန့် မြို့ နယ်လေးတစ်ခု၌
ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တစ်ခုကို
ပြောပြပါရစေ။
ဦးထိုက်တန်နှင့်ကိုကြည်မောင်တို့
သားအဖ၂ယောက်ကြုံတွေ့ခဲ့ရသော
အဖြစ်အပျက်တစ်ခုပင်
“ဟဲလို အေဖလား”
“အေး ဟုတ်တယ်လေ သားဘာဖြစ်လို့လည်း”
“အဖေသားကိုဆိုင်ကယ်နဲ့လာကြိုပါလား
ဒီမှာသားဆိုင်ကယ်က ဘာဖြစ်မှန်းမသိလို့”
“သားက အခုဘယ်မှာလဲ”
“အခု သားက တော်ဝင်သူ လက်ဖက်ရည်ဆိုင်နားမှာ အဖေ”
“သြော် အဖေသိတဲ့ဆိုင်ပဲ မင်းအဲ့ဒီကနေ
စောင့်နေလိုက် အဖေ အခုပဲထွက်လာခဲ့မယ်”
“ဟုတ်ကဲ့ အဖေ”
ကိုကြည်မောင်တစ်ယောက် အလုပ်မှအိမ်အပြန်
ဆိုင်ကယ်ပျက်နေသဖြင့် ဖခင်ဖြစ်သူဦးထိုက်တန်အား ဖုန်းဆက်ပြီး
လာခေါ်ခိုင်းခြင်းဖြစ်သည်။
“ကိုထိုက်တန် ဒီအချိန်ကြီးဘယ်လဲ
ဆိုင်ကယ်စက်တွေဘာတွေနှိုးလို့ ”
“မင့်သား လမ်းမှာဆိုင်ကယ်ပျက်နေလို့
အဖေလာခေါ်လှည့်ပါဆိုလို့
သွားခေါ်မလို့ မမြင့်မေရ ”
“ဒါဆိုလည်း ဖြည်းဖြည်းစီးခဲ့ကြအုံး”
“အေးပါ ”
“ဝူး ဝူး ဝေါ”
ဦးထိုက်တန်လည်း ဆိုင်ကယ်အား မောင်းကာ
သားဖြစ်သူအားသွားရောက်ခေါ်ရတော့သည်။
ဦးထိုက်တန်တို့အိမ်က မြို့ ပေါ်သွားချင်ရင် သင်္ချိုင်းလမ်းအားဖြတ်၍သွားလာရလေသည်။
တောမြို့ နယ်ဆိုတော့ လမ်းမီးကကောင်းစွာ
မရပေ၊မီးရှိသည့်လမ်းဘေးဓါတ်တိုင်ကလည်း
တစ်နေရာနှင့်တစ်နေရာ လွန်စွာဝေးလှပေသည်။
ဦးထိုက်တန်လည်း သားဖြစ်သူအား
သွားကြိုရမည့်ဇောကြောင့် ဆိုင်ကယ်အား
အရှိန်တင်ကာမောင်းနှင်ခဲ့လေသည်။
တစ်ခါမှညဘက်ယခုလိုအချိန် အပြင်ထွက်ဖူး
ထွက်စမရှိသည့်အတွက် အနည်းငယ်တော့
စိတ်ကမလုံမလဲဖြစ်မိသည်။
ဦးထိုက်တန်အတွက် ပိုဆိုးစေတာက
သင်္ချိုင်းလမ်းအားဖြတ်ရမည်ကို
ကြိုသိနေသည့်အတွက် ကြောက်စိတ်ဝင်လာ
ခဲ့မိသည်။
“အို…ငါယောက်ျားပဲ ဘာတွေတွေးကြောက်နေမှာလဲ
ဘာပဲလာလာတုံးတိုက်တိုက်
ကျားကိုက်ကိုက်ပေါ့ကွာ”
ကိုယ့်စိတ်ကိုအားပေးရင်း သင်္ချိုင်းလမ်းအား
တစ်ယောက်တည်းဖြတ်ကျော်လာခဲ့သည်။
ထိုအချိန် ညခွေးတစ်ကောင်၏ဆွဲဆွဲငင်ငင်
အူလိုက်သည့်အသံအားကြားလိုက်ရသည်။
“အူ ဝူ ဝူး ဝူ ”
“တောက် အရေးထဲသောက်ခွေးက
ထအူနေသေးတယ် သင်္ချိုင်းဧရိယာကလည်း
ကျယ်လိုက်တာ ဆုံးမဆုံးနိုင်ဘူး”
ဆိုင်ကယ်အား အရှိန်ထပ်မြှင့်လိုက်လေသည်။
သင်္ချိုင်းလမ်းအားကျော်လွန်သွားမှ
ဦးထိုက်တန် အနည်းငယ်စိတ်ထဲပေါ့ပါး
သွားရလေသည်။
သားဖြစ်သူရှိသည့် တော်ဝင်သူ ကဖေးဆိုင်နား
မကြာမီဦးထိုက်တန် ရောက်လာခဲ့လေသည်။
“အဖေ သားဒီမှာ”
ကိုကြည်မောင်က ဖခင်ဖြစ်သူအား
လက်ဖက်ရည်ဆိုင်ထဲမှ လက်ပြလိုက်ပြီး
ကိုကြည်မောင်လည်း ဆိုင်ထဲမှထွက်လာ
လေသည်။
“အဖေလာကြိုလို့သာရယ် နို့ မဟုတ်ရင်
မလွယ်ဘူး”
“ဒါနဲ့ သားမင်းဆိုင်ကယ်ကဘယ်လိုလုပ်မှာလဲ”
“သား ဆိုင်ကယ်ကို ဒီဆိုင်မှာပဲအပ်ထားခဲ့တယ်
အဖေ”
“စိတ်ချရလို့လား သားရယ်”
“ဘာမှမဖြစ်ပါဘူး အဖေရ ဒီဆိုင်ပိုင်ရှင်နဲ့
သားနဲ့ရင်းနီးကြပါတယ် သူတို့သေချာ
သိမ်းထားလိုက်မယ်တဲ့လေ ”
“ဒါဖြင့်လည်း တက်ကွာ ပြန်ကြရအောင်
မိုးကတအားချုပ်နေပြီ”
“ဟုတ်အဖေ ”
ကိုကြည်မောင်လည်း ဆိုင်ကယ်အား
တင်ပါးလွှဲထိုင်လိုက် လိုက်သည်။
ဦးထိုက်တန်လည်း ဆိုင်ကယ်အား
မောင်းနှင်ခဲ့လေသည်။
ဆိုင်ကယ်ပေါ်ရောက်တော့ ဦးထိုက်တန်က
သားဖြစ်သူအားမေးလေသည်။
“သား မင်းတို့အလုပ်က ဒီကနေ့
နောက်ကျလှချေလားကွ”
“ဟုတ်တယ် အဖေ ဒီကနေ့ အလုပ်က
လာအပ်သူတွေကျနေလို့နောက်ကျနေတာ”
“သြော် ဘာစားခဲ့ပြီလဲ သား”
“တော်ဝင်သူဆိုင်ကနေ အသုပ်နဲ့လက်ဖက်ရည်
တစ်ခွက်တော့သောက်ခဲ့တယ်”
ထို့နောက် သားအဖ၂ယောက်
စကားမပြောဖြစ်ပဲ ဆိုင်ကယ်စီးလာခဲ့ကြသည်။
မကြာမှီ အိမ်ကိုသွားရမည့်လမ်းမှာ
ကြားခံဖြစ်နေသော သင်္ချိုင်းလမ်းအား
ရောက်လာခဲ့ကြလေသည်။
လမ်းကြီးတစ်ခုလုံး သူတို့သားအဖစီးလာသော
ဆိုင်ကယ်သံသာ အတိုင်းသားကြားနေရလေသည်။
ဦးထိုက်တန်နှင့်ကိုကြည်မောင်တို့သားအဖ
၂ယောက်
သူတို့မသိစိတ်ကခိုင်းစေမှုကြောင့်
မျက်လုံးတွေက သင်္ချိုင်းထဲသို့
မကြည့်ရမနေနိုင်ဖြစ်နေသည့်အတွက်
သားအဖ၂ယောက်စလုံး
သင်္ချိုင်းထဲလှမ်းကြည့်လိုက်ကြလေသည်။
ဘာမှထူးခြားမှုတော့မရှိ ပကတိ
ငြိမ်သက်နေပေသည်။
ဦးထိုက်တန်လည်း သင်္ချိုင်းထဲသို့
ကြည့်နေရာမှမျက်နှာလွှဲလိုက်ကာ
ရှေ့တည့်တည့်သို့ ပြန်ကြည့်ခိုက်
“အုံး ”
“ဟင်…”
သူတို့ဆိုင်ကယ်မီးရောင်ရှေ့တည့်တည့်သို့
ကျလာသော လူသေကောင်ထည့်သည့်
အခေါင်းပုံးကြီး တစ်ခုအားမြင်လိုက်ရပေသည်။
ဦးထိုက်တန် ဆိုင်ကယ်အား အရှိန်လျှော့ကာ
မြေကြီးပေါ်ခြေချ၍ရပ်လိုက်သည်။
နောက်မှလိုက်လာသော သားဖြစ်သူက
“အဖေ ဘာဖြစ်လို့လည်းဗျ”
“သား ”
ဦးထိုက်တန်၏အသံမှာတုန်တုန်ရင်ရင်
ဖြစ်နေသည်ကို ကိုကြည်မောင်
သတိထားလိုက်မိသည်။
“အဖေ ဘာဖြစ်လို့လည်း ”
“ရှေ့ ရှေ့ မှာကြည့်လိုက်”
ကိုကြည်မောင်လည်း ဖခင်ဖြစ်သူ၏
ပုခုံးကျော်ကာရှေ့သို့ကြည့်လိုက်လေသည်။
“ဟာ…အ အ အခေါင်းပုံးကြီးပဲ အဖေ”
“ဟုတ် ဟုတ်တယ် သား”
“ကျွီ ကျွီ ဘုံး”
အခေါင်းပုံးကြီးက တကျွီကျွီမြည်လာပြီး
အခေါင်းပုံးကြီးပွင့်လာလေသည်။
အခေါင်းကြီးထဲမှ လက်ကြီးတစ်ဖက်က
ဦးစွာထွက်လာသည်ကို မြင်လိုက်ရပေသည်။
ထို့နောက် အခေါင်းထဲမှ အလောင်းကောင်ကြီးက
ထထိုင်လာလေသည်။
“ဗု ဗုဒ္ဓေါ”
ဦးထိုက်တန် ပါးစပ်မှအံ့သြလွန်း၍
အသံပင်ထွက်သွားရလေသည်။
“အဖေ အဖေ မောင်းတော့မောင်း”
“သြော် အေး အေး ”
ကိုကြည်မောင်သတိပေးလိုက်မှဦးထိုက်တန်
သတိဝင်လာကာ ဆိုင်ကယ်အား အရှိန်တင်ကာ
မောင်းလိုက်လေသည်။
အခေါင်းထဲမှအလောင်းကောင်ကြီးက
သူတို့သွားမည့်လမ်းအား ပိတ်ထားသလို
ဖြစ်နေလေသည်။
“အဖေ အလောင်းကောင်ကြီး ထွက်မလာခင်
မြန်မြန်မောင်း”
“ဝူး ဝူး ”
အဖြစ်အပျက်က အသည်းယားစရာကောင်းလှပေသည်။
အခေါင်းပုံးကြီးနံဘေးမှဆိုင်ကယ်အား
အရှိန်ပြင်းစွာဖြတ်မောင်းလိုက်ရပေသည်။
ထိုစဉ် အခေါင်းပုံးထဲမှ အလောင်းကောင်ကြီးက
လက်ကြီးနှစ်ဖက်ဖြင့် ခြေထောက်အား
လှမ်းဆွဲလိုက်လေသည်။
ကိုကြည်မောင်၏ဘယ်ခြေထောက်အား
ဆွဲထားသည့်အတွက် ကိုကြည်မောင်လည်း
ငယ်သံပါအောင်အော်ကာ ထိုအလောင်းကောင်ကြီး၏ လက်အားညာခြေတစ်ဖက်ဖြင့်ဆောင့်
ကန်လိုက်မှ
အလောင်းကောင်ကြီး၏လက်မှ လွတ်သွား
ခဲ့လေသည်။
“အဖေမြန်မြန်လေးမောင်းပေးပါဗျာ”
“အဖေလည်း မောင်းနေတာပဲကွာ”
ကိုကြည်မောင်နောက်သို့လှည့်ကြည့်လိုက်တော့
အခေါင်းပုံးကြီးအား ခါးစောင်းတင်ပြီး
ကိုကြည်မောင်တို့သားအဖအား
အလောင်းကောင်ကြီးက စိုက်ကြည့်နေလေသည်။
နောက်ကလိုက်မလာသည်ကို
ကျေးဇူးတင်ရမလိုပင်။
မကြာခင် သားအဖ၂ယောက်အိမ်သို့
ဝရုန်းသုန်းကားပြန်ရောက်လာခဲ့ကြသည်။
“အမေ တံခါးဖွင့်ပါဦး အမေ”
“မမြင့်မေ မြန်မြန်လာပါဟ”
ဦးထိုက်တန်နှင့်ကိုကြည်မောင်က
ခြံတံခါးလာဖွင့်ရန် အသည်းအသန်အော်ခေါ်
နေကြလေသည်။
“ဟဲ့ဟဲ့ ဒီသားအဖတွေ ဘာဖြစ်လာကြတာလည်း”
“နောက်မှပြောမယ် အမေ တံခါးသာ
မြန်မြန်ဖွင့်ပေးပါ ”
“အေးအေး”
ဒေါ်မြင့်မေလည်း ခြံတံခါးအား ကပျာကယာ
ဖြင့်ဖွင့်လိုက်လေသည်။
ဦးထိုက်တန်လည်း ဆိုင်ကယ်အား အိမ်ထဲ
အတင်းတွန်းပြီးဝင်လိုက်လေသည်။
ဒေါ်မြင့်မေကတော့ ဦးထိုက်တန်တို့သားအဖ
၏ထိတ်လန့်နေသော မျက်နှာတွေကြောင့်
စိုးရိမ်သွားရလေသည်။
“မမြင့်မေ ရေ ရေ ခပ်ပေးစမ်းပါကွာ”
“အင်းအင်း ခဏလေး”
ဒေါ်မြင့်မေလည်း ရေအိုးစင်မှ ရေ၂ခွက်အား
အပြေးအလွှားခပ်ကာ သားအဖ၂ယောက်အား
တိုက်လိုက်လေသည်။
“ဂလု ဂလု ”
“အား…ဟူး ”
ဦးထိုက်တန်တို့သားအဖ၂ယောက်
ယခုမှအမောပြေသွားကြဟန်ရှိပေသည်။
ခဏခန့်ကြာမှ ဒေါ်မြင့်မေက ဆက်မေးလိုက်သည်။
“ရှင်တို့သားအဖ ဘာဖြစ်လာကြတာလဲတော်
ကျုပ်ရှင်တို့သားအဖကိုမြင်ရတာ
မထိတ်သာမလန့်သာ ရှိလိုက်တာ”
“ပြောပါ့မယ် မမြင့်မေရာ ငါတို့
ကြောက်လွန်းလို့ မပြောနိုင်သေးတာပါ
အခုမှအမောပြေသွားတာဟ”
“ဟုတ်တယ်အမေရေ ကံကောင်းလို့
သားတို့သားအဖကို အမေမြင်ရတာ
နို့ မဟုတ်ရင် သရဲကုတ်လို့သေနေလောက်
ပြီဗျ”
“သရဲကုတ်လို့ ဟုတ်လား”
“ဟုတ်ပါ့ ဟုတ်ပါ့ ဖြစ်ပုံကဒီလို မမြင့်မေရေ”
ဦးထိုက်တန်လည်း သူတို့သားအဖကြုံတွေ
လာခဲ့ရပုံများကို တစ်လုံးမကျန်ပြောပြ
လိုက်လေသည်။
နားထောင်နေသည့် ဒေါ်မြင့်မေလည်း
ပါးစပ်အဟောင်းသားဖြစ်နေရလေသည်။
“ရှင်တို့သားအဖအစား ကျုပ်ကြောက်လိုက်တာတော်
အောင်မယ်လေး ပြောရင်းကြက်သီးတောင်ထတယ်”
“ဟုတ်တယ် ငါ့တစ်သက်နဲ့တစ်ကိုယ်
ပထမဆုံးသရဲခြောက်ခံရတာပဲ
တော်သေးတယ် ကြောက်ချီးပါ ပုဆိုးထဲပါမချမိလို့”
“တော်ပြီ တော်ပြီ နောက်ဆို ဘောစိကို
ပြောထားရမယ် အလုပ်ကို နောက်ကျပြီး
မသိမ်းခိုင်းဖို့ မဟုတ်ရင် သရဲခြောက်ခံရလို့
သေမယ့်ကိန်းဆိုက်နေပြီ”
“သားအဖ နှစ်ယောက် ထမင်းစားလိုက်ကြအုံး
အမေအဆင်သင့်လုပ်ထားတယ်”
“မစားတော့ဘူးအမေရေ စားလို့လည်း
ဝင်မှမဟုတ်ဘူးဗျို့ ”
“ဟုတ်တယ် ငါလည်းမစားတော့ဘူး
ညဆာမှထစားတော့မယ်ဟေ့”
“ဒါဆိုလည်း သားအဖ၂ယောက်လုံး
ဘုရားလေးရှိခိုးပြီးအိပ်ကြဦး”
“ဟုတ်အမေ ”
“အေးပါ ”
ဦးထိုက်တန်နှင့်ကိုကြည်မောင်လည်း
အိမ်ပေါ်တက်ကာ ဘုရားကန်တော့ပြီး
အိပ်လိုက်ကြသည်။
ဦးထိုက်တန်နှင့်ကိုကြည်မောင်တို့
သားအဖ ယခုအဖြစ်အပျက်အား
ဘယ်သောအခါမှ မေ့ပျောက်နိုင်မည်
မဟုတ်တော့ပေ။
ပြီးပါပြီ
#စာရေးသူ =အောင်ဓူဝံ
လေးစားစွာဖြင့်
#အသစ်တင်တိုင်းဖတ်ရှုနိုင်အောင်PageကိုLike&Shareလုပ်ပေးထားပါအူံးနော်