” သင်္ချိုင်းဟောင်းမှ ကလေးဝိညာဉ် ” (စ/ဆုံး)

” သင်္ချိုင်းဟောင်းမှ ကလေးဝိညာဉ် ” (စ/ဆုံး)

==============================

အခန်း(၁)

ကျုပ်နာမည်က ဇင်ထွန်းလင်း ၊ အိမ်နာမည်က ဖိုးသား။
ကျုပ်က တောင်ကြီးသားတစ်ယောက်ပါ။
ကျုပ်နေတဲ့ရပ်ကွက်က တောင်ကြီးမှာ နာမည်ကြီးတဲ့ရပ်ကွက်။

တောင်ကြီးမြို့အ၀င် အနောက်မြို့ပတ်လမ်းရဲ့ အနောက်ဘက်က ညောင်ဖြူစခန်းရပ်ကွက်။

ညောင်ဖြူစခန်းရပ်ကွက်မှာ နေထိုင်ကြသူ အများစုက ပအိုဝ်းတိုင်းရင်းသား‌တွေပေါ့။
ညောင်ဖြူစခန်းရပ်ကွက်ပြီးရင် ရတနာသီရိ၊ ချမ်းမြသာစည်၊ ရွှေတောင်၊ စိန်ပန်းရပ်ကွက်ဆိုပြီး မြောက်ကနေတောင်ဘက် အစဉ်လိုက်ရှိကြတယ် ။

တောင်ကြီးမြို့မှာ ရတနာလေးမျိုးဆိုပြီး ရတနာသီရိကစ စိန်ပန်းအထိ အဲ့ဒီရပ်ကွက်လေးခုက နာမည်ကြီးတယ်။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီရပ်ကွက်တွေမှာ နေထိုင်သူအများစုဟာ လက်လုပ်လက်စား သာမန်လူတန်းစားတွေများပြီး စည်းလုံးမှုလဲ ရှိကြလို့ပေါ့ဗျာ။
တော်ရုံ လူ‌ဆို ရပ်ကွက်ထဲ၀င် မဟုတ်တာလုပ်လို့ကတော့ ရပ်ကွက်ထဲက လူတွေနဲ့တင် ပွဲပြီးတယ် ဆိုတာမျိုး။

ကျုပ်ကစိန်ပန်းသားဗျ။ ဒါကြောင့်လဲ ဇကမသေးဘူး၊ ကြောက်တတ်တဲ့သွေးပါရင် ဖောက်ပစ်လိုက်မယ်ဆိုတဲ့ လူစားမျိုးထဲကပေါ့။
ကျုပ်က အင်းသားလူမျိုး။ဒါကြောင့်နာမည်ရှေ့မှာ အယ် ထည့်ပြီးခေါ်ကြတယ်။ အဆိုတော် အယ်နှောင်းတို့ တေးရေးဆရာ အယ်ဖြူတို့ဆိုတာက အင်းသားလူမျိုးတွေပေါ့။

ကျုပ်တို့ရပ်ကွက်နဲ့ကပ်လျက် မှာ သင်္ချိုင်းရှိတယ်ဗျ၊သင်္ချိုင်းကမြို့မရပ်ကွက်ထဲမှာမို့ ‘မြို့မသင်္ချိုင်း’ ရယ်လို့ ခေါ်ဆိုကြပေမဲ့ ကျုပ်တို့ရပ်ကွက်နဲ့နယ်နိမိတ်အစပ်မို့ ကျုပ်ကဖြင့် သင်္ချိုင်းကို ကျုပ်တို့ရပ်ကွက်ထဲကသင်္ချိုင်းလို့ပဲထင်ခဲ့တာဗျ။

ကျုပ်တို့ငယ်တုန်းကတော့ အုတ်ဂူဆိုတာ ‌ကျုပ်တို့ အပျင်းပြေဆော့တဲ့နေရာလို့တောင် ထင်ထားခဲ့တာ။
ဒါကြောင့် သရဲတစ္ဆေဆိုတာ ဂျိုနဲ့လားလို့ မေးရတဲ့အထိ ကြောက်ရကောင်းမှန်းမသိခဲ့ဘူး။
သင်္ချိုင်းဆိုတာ ကြောက်စရာကောင်းတဲ့နေရာလို့ကို မထင်ခဲ့တာ။သရဲတစ္ဆေရှိတယ်ဆိုတဲ့စကားကိုလဲ ကျုပ်က မယုံခဲ့ဘူး။

ကျုပ်တို့တက်ခဲ့တဲ့ မူလတန်းကျောင်းလေးက သင်္ချိုင်းအနောက်ကပ်လျက်ဆိုတော့ ကျောင်းဆင်းရင် သင်္ချိုင်းထဲ၀င် ၊ အုတ်ဂူတွေကြား တူတူပုန်းတန်းဆော့ကြသေးတာ။
ဆရာမတွေက တားလဲ ခဏပဲ၊ အားတာနဲ့ သင်္ချိုင်းထဲ ၀င်ဆော့ကြတာပဲ။
ကျုပ်တို့စာသင်ကျောင်းရဲ့ အနောက်ဘက်မှာတော့ ဘုန်းကြီးကျောင်းရှိတယ်။
ကျုပ်တို့ မူလတန်းတက်နေတုန်းမှာပဲ မြို့မရပ်ကွက်ထဲသင်္ချိုင်းအပါအ၀င် အခြားသင်္ချိုင်းတွေကို ဖျက်ပြီး ဟိုး မြို့အစွန်တစ်နေရာမှာ တိုင်းရင်းသားသုဿန်ဆိုပြီး သင်္ချိုင်းအသစ် တည်တယ်။ ပြီးတော့ သင်္ချိုင်းဟောင်းမှန်သမျှ အကုန်ဖျက်လိုက်ကြတယ်။

သင်္ချိုင်းရွှေ့တော့လဲ ပွဲတစ်လုံးပဲ၊ သွားကြည့်ကြတာ၊ အဲ့အချိန်ကျုပ်က အတော့်ကို ငယ်သေးတော့ သိပ်တော့မမှတ်မိဘူး။
နောက်.. အလည်လွန်နေတဲ့ ဝိညာဉ်တွေကျန်ခဲ့လို့ဆိုပြီး ကျောင်းထိုင်ဘုန်းကြီးကို အိမ်မက်ပေးလို့ ကျန်ခဲ့တဲ့ဝိညာဉ်တွေကို ကားနဲ့သီးသန့် ပြန်လိုက်ပို့ပေးရတဲ့အဖြစ်မျိုးလဲ ရှိခဲ့တယ်ပေါ့ဗျာ။

မြို့မသင်္ချိုင်းကို ဖျက်ပြီး အဲ့ဒီမြေနေရာမှာ အစိုးရအဆောက်အဦးကြီး ဆောက်လိုက်ကြတယ်။
အဲ့ဒီအဆောက်အဦးဆောက်တဲ့အလုပ်သမားတွေထဲမှာ ကျုပ်တို့ရပ်ကွက်ထဲက လူတွေပါတယ်။
အဲ့ဒီအဆောက်အဦးဆောက်ရင်း သရဲခြောက်ခံရတယ်လို့ပြောလာကြတယ်။

ဘယ်လိုတွေအခြောက်ခံရလဲဆိုတာ မသိပေမဲ့ အားလုံးတညီတညွတ်ထဲ ထွက်ဆိုကြတာကတော့ သင်္ချိုင်းဟောင်းမြေနေရာမို့ သရဲခြောက်တယ်ဆိုတာပဲ ။

အဲ့အချိန်က ကျုပ်က ငယ်သေးတာမို့ သေချာတော့မမေးမိခဲ့ဘူးဗျ။
သင်္ချိုင်းဟောင်းမြေနေရာတွေမှာ ပရလောကသားတွေ ရှိနေတတ်တယ်ဆိုတာ လူတိုင်းနီးပါးလက်ခံကြတာတော့ မှတ်မိ‌နေသေးတယ်။

ကျုပ်အဖေက လက်သမားဆရာဗျ။ ပရိဘောကလုပ်ရာမှာ လက်ရာအတော်လေး သေသပ်တော့ အပ်သူများတယ်။
အဖေက သူ့ရဲ့ ပညာအမွေကို ကျုပ်ကိုပေးချင်တယ်လို့ တဖွဖွပြောခဲ့ဖူးတယ်။
ခက်တာက ကျုပ်ကလဲ လက်သမားအလုပ်ကိုလုံး၀ စိတ်မ၀င်စားတာပဲ။

ကျုပ်လူပျိုပေါက် ရှစ်တန်းအရွယ်ရောက်တော့ ပညာရေးကိုလုံး၀ စိတ်မ၀င်စားတော့တာမို့ ကျောင်းထွက်လိုက်တယ်။
အပြင်လောကကိုရောက်တော့ လူငယ်သဘာ၀ပီပီ အပေါင်းအသင်းတွေနဲ့ဆုံရင် သောက်တတ်စားတတ်လာတယ်။

ဝေလေလေ ဖြစ်နေတဲ့ ကျုပ်ကို အဖေက သူ့လုပ်ငန်းမှာ ကူစေချင်တယ်။
ကျုပ်ကလဲ စိတ်မ၀င်စားရင် ဘယ်သူဘာပြောပြော အရေးမလုပ်ဘူး။
ကျုပ်က မောင်နှမတွေထဲမှာ အငယ်ဆုံးမို့ အစ်မတွေကလဲ ကျုပ်ကိုဆို ချစ်ကြတယ်၊ အဖေက ကျုပ်ကို ဆူရင် အမေရော အမတွေရော ရှေ့ဆီးနောက်ကာပေါ့။
ဒီတော့ ကျုပ်ကလဲ ပိုဆိုးတာပေါ့ဗျာ။
ဒါကြောင့် ကြာတော့ အဖေနဲ့ကျုပ်က သိပ်မတည့်တော့ဘူး။

ကျုပ်စိတ်၀င်စားတာက ဆောက်လုပ်ရေးလုပ်ငန်း။ နားလည်လွယ်အောင်ပြောရရင် ပန်းရံလုပ်ငန်းကို ကျုပ်စိတ်၀င်စားတယ်။
ကျုပ်ဦးလေးကလဲ ပန်းရံဆရာလေ။
ဒါကြောင့် ကျုပ်က ဦးလေးဆီမှာပညာသင်ယူပြီး အလုပ်လုပ်နေတာပေါ့။
တစ်နေ့ အလုပ်ကနေ ကျုပ်ပြန်လာပြီး မောမောနဲ့ ‌‌အိမ်ရှေ့ခန်းမှာ ထိုင်နေတုန်း
အဖေက ကျုပ်ကို အကဲခတ်သလိုကြည့်‌ရင်း

” ဟေ့ကောင် အယ်ဖိုးသား”

” ဗျာ အဖေ ”

” မင်းလက်တွေ မင်းအ၀တ်အစားတွေကြည့်စမ်း၊ စုတ်ပြတ်သတ်နေတာပဲ၊ ငါ့ရဲ့လုပ်ငန်းကိုသာ မင်းစိတ်၀င်စားရင် ဒီလ်ုပင်ပန်းမနေဘူး၊ ခု ငါ့ကို အိမ်ဆောက်ဖို့ပုတ်ပြတ် အပ်တယ်၊ ငါ့၀င်ငွေနဲ့ တစ်မိသားစုလုံး စားလောက်တဲ့အပြင် မင်းအစ်မတွေကို ရွှေပါ ဆင်ပေးနိုင်သေးတယ် ၊ မင်းစိတ်၀င်စားတဲ့လုပ်ငန်းက လက်တွေကလဲထုံးပေါက်၊ အ၀တ်အစားတွေကလဲ စုတ်ပြတ်သတ်နေတာ၊ အေးလေ မင်းမှ ငါ့လုပ်ငန်းစိတ်မ၀င်စားပဲ…မင်းထိုက်နဲ့မင်းကံပေါ့ ”

” ကျုပ်တို့ ပန်းရံလုပ်ငန်းလဲ ပုတ်ပြတ်အပ်ရင် အဖေ့လုပ်ငန်းထက်တောင်မြတ်သေး ၊ ကျုပ်က သစ်သားကိုင်ရတဲ့အလုပ်ကို စိတ်မ၀င်စားဘူး ၊ ကျုပ်အခုပညာသင်နေတုန်းမို့ ပင်ပန်းတာပါ ၊အချိန်တစ်ခုရောက်ရင် ကျုပ်လုပ်ငန်းလဲ အဖေ့လုပ်ငန်းထက် ၀င်ငွေရလာမှာပါဗျာ ၊ ခုက သစ်သားအိမ်တွေ ဆောက်သူသိပ်မရှိတော့အဖေရ၊ နောက်ဆို အဖေတို့ရဲ့လုပ်ငန်းတွေ က ပရိဘောဂလုပ်ငန်းလောက်ပဲ ကျန်တော့မှာ ”

” အင်းပေါ့လေ ၊ မင်းကမှ ငါ့လုပ်ငန်းကို အထင်မကြီးတာ၊ မင်းစိတ်၀င်စားတဲ့အလုပ်သာ အောင်မြင်အောင်လုပ်ပြ၊ ငါစောင့်ကြည့်နေမယ် ဟုတ်ပြီလား ”

” စိတ်ချ၊ ကျုပ်ကလဲ ကြိုးစားပြရတာပေါ့ ”

ဒီလိုနဲ့ ကျုပ်နဲ့ကျုပ်အဖေကြားမှာ ဆက်ဆံရေးက ပိုပြီးတင်းမာသွားတာပေါ့ဗျာ ။

Xxxxxxxxxxxxxxxxxxxx

အခန်း (၂)

ဘာလိုလိုနဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲကြီးတောင် ရောက်လာပြီ။
ကျုပ်တို့ တောင်ကြီးသား တွေဆိုတာ သိတဲ့အတိုင်းပဲ၊ ည မီးပုံးပျံပြိုင်ပွဲ၀င်အလုံးတွေကုန်မှ အိမ်ပြန်ကြတာ၊ အထူးသဖြင့် ကျုပ်တို့က ညမီးကျည်အလုံးတွေကို သိပ်စိတ်၀င်စားကြတာဗျ။

မီးကျည်အလုံးတွေက အန္တရာယ်လဲများတယ်၊ ကြည့်ရတာကလဲ အရသာရှိတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲ‌က တစ်နိုင်ငံလုံး အသိအမှတ်ပြုပွဲမို့ အနယ်နယ်အရပ်ရပ်က လူတွေလဲ လာကြတယ်။
ကြက်ပျံမကျ စည်ကားတဲ့ပွဲပေါ့။

အိမ်ရှင်နဲ့ဧည့်သည်က သိသာတယ်။

တောင်ကြီးသူ တောင်ကြီးသားတွေက ညမီးကျည်မီးပုံးပျံ လွှတ်တော့မယ်ဆို လေကြောင်းကို ကြည့်ကြတယ် ။
လေတိုက်တဲ့အရပ်ကို ရှောင်ကြတာပေါ့။ ဥပမာ၊ မြောက်လေတိုက်နေရင် တောင်အရပ်ကနေပွဲမကြည့်ဘူး။ဘာလို့လဲဆိုတော့ တောင်အရပ်က မီးပုံးပျံဦးတည်သွားမဲ့ အရပ်မို့ပဲ။
မြောက်လေတိုက်နေရင် မီးပုံးပျံလွှတ်မဲ့နေရာရဲ့ မြောက်ဘက်က ပွဲကြည့်တာ။
ဒါမှလဲ မီးကျည်အလုံးအောက် ကိုယ်က မရောက်မှာ။

မဟုတ်လို့ကတော့ ပြေးဖို့သာပြင်။
အချို့အလုံးတွေကျ မီးပုံးပျံ ခေါင်ပွင့်ထွက်ပြီး ပွဲခင်းထဲ မီးကျည်အကွင်းလိုက်ပြုတ်ကျပြီး ဝုန်းတော့တာ။
မီးသတ်ကားကတော့ရှိပါရဲ့၊ လူအုပ်ကြီးကလဲ ကစဉ့်ကလျား ပြေးဟယ်လွှားဟယ်နဲ့ မီးသတ်ကားကလဲ လောင်တဲ့နေရာဆီ အတော်နဲ့မရောက်တတ်ဘူး ။

ခုလဲ ကျုပ်တို့အဖွဲ့တွေ ပွဲခင်းထဲ ရောက်နေကြပြီ၊ ဒီညက ဓာတ်ခဲ မီးအလှည့်၊ ဓာတ်ခဲမီးက နာမည်ကြီး၊ ဒါကြောင့် ကျုပ်တို့လဲ စောင့်နေကြတာပေါ့ဗျာ ။
အချိန်ကလဲ ည သန်းခေါင်ကျော်ပြီ။
ရာသီဥတုကလဲအေးတော့ ကျုပ်တို့တစ်ဖွဲ့လုံးလဲ မီးပုံးပျံကွင်းထဲ ဆာလာအိတ်လေးခင်းထိုင်ရင်း ကောက်ညှင်းကျည်တောက်အခွံလေးတွေစုပြီး မီးလေးဖို၊ သောက်ကြစားကြနဲ့ အတော်လေးလဲ ရေချိန်ကိုက်နေကြပြီ။

ကျုပ်တို့အဖွဲ့ထဲက ငထွန်းဆိုတဲ့ကောင်က သရဲဆို သေအောင်ကြောက်တာ။
သူကြိုက်နေတဲ့ကောင်မလေးက အဝေရာမီးပုံးပျံကွင်းရဲ့ တောင်ဘက်မှာရှိတဲ့ ကံကြီးရပ်ကွက်ထဲက ပအိုဝ်းမလေး။
နာမည်က နန်းခမ်း။

ငစိန်ဆိုတဲ့ကောင်ကလဲ သူများကိုချောက်ချရမှ စား၀င်အိပ်ပျော်တဲ့ကောင်။
ငစိန်နဲ့ နန်းခမ်းက တစ်ရပ်ကွက်တည်းသား၊ အမျိုးတောင်တော်သေးတယ်။

ငစိန်က ကျုပ်တို့ကို လက်တို့၊မျက်စိမှိတ်ပြပြီး …

” ဟျောင့် ငထွန်း ”

” ဘာလဲ ငစိန်”

” ငါ့ကို နန်းခမ်းက ညနေက မှာလိုက်တာ ခုမှသတိရတယ် ”

နန်းခမ်းဆိုတဲ့အသံကြားတာနဲ့ ဟိုကောင်ငထွန်းလဲ မျက်လုံးတွေလင်းလက်ပြီး အမူးတောင်ပြေသွားတဲ့ပုံပဲ။

” ဟင် ဘာလဲ ငစိန်၊ သူ… သူ ဘာပြောလိုက်တာလဲ ”

” ဩ ဒီည အဖြေလိုချင်ရင် သူ့သူငယ်ချင်း နန်းဘိအိမ်နားကိုလာခဲ့တဲ့၊ အိမ်နားမှာ အပင်အကြီးကြီးရှိတယ်တဲ့၊ အဲ့အောက်ရောက်ရင် လက်ခေါက်မှုတ်လိုက် သူထွက်လာခဲ့မယ်တဲ့၊ သူဒီည နန်းဘိတို့နဲ့ပွဲအတူလည်ပြီး နန်းဘိအိမ်မှာ အိပ်မှာတဲ့ ”

” ဟာ တစ်ကယ်… တစ်ကယ်လား…ငါ ငါ ၀မ်းသာလိုက်တာ၊ နန်းဘိအိမ်က ဘယ်နားမှာလဲ ”

” ဟာ ဒါတော့မပူနဲ့ ၊ ငါလိုက်ပို့မှာပေါ့၊ အပင်ကြီးထိတော့ ငါမပို့ဘူးနော် ၊ တော်ကြ နန်းခမ်းက ငါ့ကိုတွေ့ရင် ရှက်သွားမှာစိုးလို့ ”

” အေးပါကွာ ရပါတယ် ၊ ပျော်လိုက်တာကွာ အဟီး ဟီး ”

ငထွန်းကတော့ အပျော်လွန်ပြီး သွားကြီးကို ဖြီးနေတာပဲ။
ဓာတ်ခဲမီးလွှတ်တာတောင် ဒီကောင်အာရုံမလာတော့ဘူး။ပွဲအမြန်ပြီးဖို့ ကြိတ်ပြီးဆုတောင်းနေပုံပဲ ။

မီးပုံးပျံပြိုင်ပွဲ၀င်အလုံးတွေပြီးသွားတော့ မနက်သုံးနာရီလောက်ရှိပြီ။ ဒီည ကျုပ်တို့တွေ ငစိန်တို့အိမ်မှာ အိပ်ကြမှာ။
ငထွန်းက ရှေ့ကနေ ကော့တော့ ကော့တော့နဲ့။ ကျုပ်တို့ကိုတောင် မြန်မြန်လာဖို့ခေါ်နေတာ။
အချစ်မွန်ပြီး အေးလို့အေးမှန်းတောင် မသိဘူးထင်ရဲ့။

ကျုပ်တို့ကတော့ အေးလွန်းလို့ ဂုတ်ပုထားရတာ ပုခုံးတွေတောင် တွန့်လို့။

‌‌” ငစိန်…နန်းဘိအိမ်ဘက် မရောက်သေးဘူးလား ၊ ဒီဘက်က အိမ်ခြေတောင် သိပ်မရှိတော့ဘူး”

” ဟိုရှေ့ဆိုရောက်ပြီ”

” အဲ့ဘက်က သင်္ချိုင်းမဟုတ်လား ”

တစ်ယောက်က ၀င်ပြောတော့ ငစိန်က သူ့လက်ညှိုးကို နှုတ်ခမ်းနားကပ်ပြပြီး၊သဘောကတော့ တိတ်တိတ်နေဆိုတဲ့အထှာ။

” ဘာ သင်္ချိုင်းဟုတ်လား ၊ ငါ ငါ သရဲကြောက်တယ်နော် ငစိန် ”

” ငါက နန်းခမ်းပြောတဲ့အတိုင်းပြန်ပြောပြတယ်၊ နန်းဘိအိမ်ဘက် မင်းကို ခေါ်ပြပေးတယ်၊ ဒါမှ မင်းမယုံလဲ ငါ့အိမ်ဆီပဲ ပြန်ကြရအောင်”

” ဟာ ငစိန်ရာ ၊ ငါက စတာပါကွ၊ မင်းကို‌ယုံပါတယ် ယောက်ဖရာ ဟီးးး”

” ယုံရင်လဲ ပါးစပ်ပိတ်ထား ဟုတ်ပြီလား ”

” အေးပါကွာ ”

မကြာဘူး၊ လမ်းအနောက်ဘက်က ခြုံတွေကြားထဲမှာ လမ်းသွယ်လေးတစ်ခုကို ငစိန်က လက်ညှိုးထိုးပြပြီး ….

” အဲလမ်းကြားထဲ ၀င်သွား ၊ ခြေလှမ်းသံုးဆယ်လောက်နေရာကြရင် သစ်ပင်အကြီးကြီးရှိတယ်၊ အဲ့အောက်ရောက်ရင် လက်ခေါက်မှုတ်လိုက်၊ ငါတို့က ဒီကပဲ ဆေးလိပ်သောက်ရင်း စောင့်မယ် ”

” အေးပါကွာ ”

လပြည့်ခါနီးမို့ လရဲ့အလင်းရောင်နဲ့ ပတ်၀န်းကျင်ကိုသဲသဲကွဲကွဲမြင်နေရတယ်။

ငထွန်းလဲ သီချင်းလေးညည်းရင်း အတော်လေးရောက်တော့ အုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးကိုတွေ့လိုက်ရတယ်။
သူလဲ စိတ်ထဲမသိုးမသန့်ဖြစ်လာတာမို့ ပတ်၀န်းကျင်ကို ဝေ့ဝိုက်ကြည့်မိတော့ အုတ်ဂူတွေ၊ မြေပုံတွေ။

” ဟင် ”

ရင်ထဲက ပျော်နေတာလေးတွေပျောက်ပြီး ရုတ်ချည်းပဲ ကြောက်စိတ်က ငယ်ထိပ်ရောက်သွားပြီး ခြေထောက်နှစ်ဘက်က အားအင်မဲ့ပြီး ယိုင်ခွေတော့မလို ခံစားလိုက်ရတယ်

” ဝှစ် ဝှစ် ဝှစ် ”

” သူရပ်နေတဲ့ သစ်ပင်ကြီးအပေါ်က တဝှစ်ဝှစ်နဲ့ မြည်သံကြောင့် သူ အပေါ်ကို မော့ကြည့်လိုက်တော့

” အမယ်လေး မီးလုံးတွေ ၊ မီးလုံးကြီးတွေ ၊ ကယ်ကြပါအုံး”

ငယ်သံပါအောင်အော်ပြီး လာလမ်းအတိုင်းပြန်လှည့်ပြေးတာ ဖိနပ်တောင်မပါတော့ဘူး။

အဲ့နောက် ကျုပ်တို့အုပ်စုကိုလဲ မြင်ရော ငထွန်းတစ်‌ယောက် သတိပါလစ်သွားတာ မနဲနှာနှပ်ယူရတယ်။
ငစိန်အဖေဆို သူ့သားကို ထိုးမယ်ကြိတ်မယ်နဲ့၊ ညဘက်ကြီး သူများသားသမီးကို သင်္ချိုင်းထဲ ခေါ်သွားရမလားဆိုပြီး၊ ငထွန်းခဗျာ ငါးရက်လောက်ဖျားပြီး နှုတ်က ကယောင်ကတမ်းတွေ အော်လို့ အထက်လမ်းဆရာတွေတောင်ပင့်ပြီး ကုယူရတာ ပုံမှန်ပြန်ဖြစ်ဖို့ လနဲ့ချီ ကြာခဲ့တယ်။

အဲ့ဒီနှစ်က ကျုပ်တို့တစ်ဖွဲ့လုံး နောက်ရက်တွေကစ ပွဲလည်ခွင့် အပိတ်ခံလိုက်ရတယ်။
မခံရ နေရိုးလား။
ငထွန်းမိဘတွေက ကျုပ်တို့အကုန်လုံးရဲ့မိဘတွေကို ပတ်တိုင်တာလေ ။
ကျုပ်တို့မိဘတွေလဲ ကျုပ်တို့ကြောင့် ကန်တော့ပန်းဆင်လိုက်ရတာကိုးး။
နောက်မှပြန်ပြောပြတာက အဲ့ဒီညက သစ်ပင်ပေါ်မှာ မီးလုံးကြီးနှစ်လုံးက အထက်အောက် ပျံနေရင်း သူ့ဆီနိမ့်ဆင်းလာတာတဲ့။
သူလဲ အရမ်းလန့်သွားပြီး အဲ့‌နောက်ပိုင်း သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းတောင်မသိတော့ဘူးတဲ့။

Xxxxxxxxxxxxxxxxxxxxxxxx

အခန်း(၃)

ကျုပ်ရဲ့ဦးလေးနောက် အလုပ်လိုက်လုပ်ရင်း ပညာလဲ အတော်လေး တတ်လာခဲ့ပြီ။

ခင်ဗျားတို့သိတဲ့အတိုင်း ကျုပ်က ပညာလေးလဲ စုံလာပြီဆိုတော့ ကျုပ်အဖေကိုလဲ ကြွားချင်တာပေါ့။
အဓိကကတော့ ကျုပ်အဖေလို ပုတ်ပြတ် ရတဲ့အလုပ်လုပ်ချင်တယ်။

တစ်နေ့ ကျုပ်တို့အလုပ်လုပ်နေတဲ့ထဲက ပန်းရံဆရာ ကိုအောင်မြင့်က ကျုပ်ကိုစကားဆိုလာတယ်။

” ဟျောင့် အယ်ဖိုးသား ”

” ပြောလေ ကိုအောင်မြင့် ”

” မင်းကိုငါ ပြောစရာရှိတယ်”

” အင်း ပြောလေ ”

” ငါ့ကို သူများအပ်ထားတဲ့ ပုတ်ပြတ်လုပ်ငန်းတစ်ခုရှိတယ်၊ မင်းစိတ်၀င်စားလား”

” ဟာ စိတ်၀င်စားတာပေါ့ ”

” အင်း မင်းခရီးတော့ထွက်ရမယ်၊ ရတဲ့အမြတ်ရဲ့ သုံးပုံတစ်ပုံ မင်းကိုပေးမယ်၊ မင်းက အစအဆုံး ကြီးကြပ်ပေးရုံပဲ၊ မင်းနဲ့အတူ လူငါးယောက် ထည့်ပေးလိုက်မယ် ”

” ဟာ ကြိုက်ပြီ ၊ ဒါနဲ့ ဘယ်ဘက်ကို ခရီးထွက်ရမှာလဲ ”

” လွိုင်ကော်ဘက် ”

” ရတယ်လေ …ဒါနဲ့ ခင်ဗျားကရော မလိုက်ဘူးလား”

” ငါက ဒီမှာဦးစီးရမှာ၊ ဒီအဆောက်အဦးကလဲ တစ်လအတွင်း အပြီးလုပ်ပေးရမှာ မင်းသိသားနဲ့၊ ဒါကြောင့် ငါမင်းကို လွှတ်တာပေါ့ ”

” ဟုတ်ပြီဗျာ လုပ်ရုံပဲ ”

ကျုပ်လဲ ပုတ်ပြတ်လုပ်ငန်းလုပ်ချင်တာနဲ့အတော်ပဲမို့ အားရ၀မ်းသာ လက်ခံလိုက်တယ်။
ကျုပ်အဖေကို အရမ်းကြွားချင်နေလို့ပေါ့ဗျာ။
ကျုပ်တစ်ခု သတိလွတ်သွားတာက ကျုပ်လက်ခံထားတဲ့အလုပ်က ဘာအဆောက်အဦးကို ဆောက်ပေးရမလဲဆိုတာ မမေးမိလိုက်ဘူး။
တစ်ကယ်လို့ မေးမိခဲ့ရင် ကျုပ် ဒီအလုပ်ကို လက်ခံချင်မှ လက်ခံဖြစ်မှာ။

နောက်ရက်တော့ ကျုပ်ဦးဆောင်ပြီး ခြောက်ယောက်သား ခရီးထွက်လာခဲ့ကြတယ်။
ကျုပ်တို့အလုပ်လုပ်ရမယ့်ရွာက လွိုင်ကော်မရောက်မီ ကယန်းလူမျိုးတွေ အများစုနေထိုင်တဲ့ရွာတစ်‌ရွာပေါ့။
အဲ့ဒီရွာမှာ အများစုက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတယ်။
ကျုပ်တို့လဲ အဲ့ဒီရွာရောက်တော့ ရွာသူကြီးအိမ်မှာတည်းကြတယ်ပေါ့ဗျာ။

နောက်ရက် အလုပ်နေရာပြမယ်ဆိုပြီး ဘယ်နေရာကို ခေါ်သွားတယ်မှတ်လဲ။
သင်္ချိုင်းကို ခေါ်သွားတာဗျ။
ကျုပ်တို့လုပ်ရမှာက မီးသဂြိုလ်ဖို့ အုတ်ကန်ပုံစံ၊ အောက်က ခုံအမြင့်နဲ့လုပ်ပေးဖို့ရယ် ။အဲ့ဒီနေရာမှာ ဇရပ်ပုံစံဆောက်ပေးဖို့ပေါ့ဗျာ။
ကျုပ်လဲ အတော်လေး စိတ်ကသိကအောက် ဖြစ်ရတာပေါ့။
ကိုယ့်ရဲထိပ်ဆုံး ပုတ်ပြတ်လက်ခံရတဲ့လုပ်ငန်းက သင်္ချိုင်းကုန်းမှာကြီး ။

ကျုပ်ကလွဲပြီးကျန်တဲ့သူက ဟန်မပျက်ဘူး။ သူတို့က ကျုပ်ထက်အသက်လဲကြီးကြတယ် ။အဲ့လိုဟာ‌တွေ ဆောက်တဲ့ အတွေ့အကြုံလဲရှိကြတယ်။သူတို့က အလုပ်အကြောင်းကြိုသိထားကြတယ်။

ကျုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် နမော်နမဲ့နိုင်တာကို စိတ်အတိုဆုံးပဲ။

အဲ့ဒီကစ နောက်ပိုင်း အလုပ်လာအပ်ရင် သေချာမေးပြီးတော့မှ လက်ခံတော့တာ။
ထိပ်ဆုံးအလုပ်က သင်္ချိုင်းထဲလုပ်ရလို့လားမသိဘူး နောက်ပိုင်း အလုပ်တွေလဲ သင်္ချိုင်းနဲ့ စပ်ဆက်နေတတ်တယ်။
ဒါကနောက်မှထပ်ပြောမယ် ။
လောလောဆယ် အဲ့ဒီနေရာမှာ လုပ်လို့ ကြုံရတဲ့ အတွေ့အကြုံလေးအရင်ပြောပြအုံးမယ်။

ကျုပ်တို့လုပ်ငန်းခွင်ထဲ မနက်ရှစ်နာရီလောက်သွား၊ ညနေ ငါးနာရီလောက်ပြန်ပေါ့။
တစ်နေ့တစ်နေ့ မြေပုံတွေ အုတ်ဂူတွေကို မြင်နေရတာ တရားတောင်ပေါက်တော့မယ်။

ကျုပ်တို့အဖွဲ့ထဲမှာ ဖိုးမောင်နဲ့ ဖိုးအောင်ဆိုပြီး ညီအစ်ကိုနှစ်ယောက်ပါတယ်။
သူတို့က ညီအစ်ကို၀မ်းကွဲတွေ။
အသက်က သုံးဆယ့်ငါးနှစ်လောက်ရှိကြပြီ။

ဖိုးမောင်မှာ အဆောင်တစ်ခုပါတယ်။
ခါးမှာချည်ထားတာ။
သူက အဆောင်တွေ၊ လက်ဖွဲ့တွေ၊ ပီယဆေးတွေ အင်မတန်မှ စိတ်၀င်စားတဲ့သူ။
သူတို့ညီအစ်ကိုနှစ်ယောက်က တီးတိုးတီးတိုးနဲ့ သဖန်းပိုးထိုးနေကြတာ။
ကျုပ်ကလဲ ကိုယ်နဲ့မဆိုင်တော့ ဖာသိဖာသာပဲ နေတာပေါ့။

ဖိုးမောင်မှာ မိန်းမရှိတယ်။
ဖိုးအောင်က လူပျို။

ဒါပေမဲ့ ဖိုးမောင်က ဖိုးအောင်ထက် ပီယဆေးဆိုတာကြီးကို အလွန်အမင်းစိတ်၀င်စားတာ။
အားနေရင် ပီယဆေး အကြောင်းပဲ ပြောနေတတ်တာ။

ကျုပ်လုပ်ငန်းလေးက အဆင်ပြေပါတယ်။
သင်္ချိုင်းမှာဆိုပေမဲ့ ဘာအနှောင့်အယှက်မှ မရှိခဲ့ဘူးဗျ။
ပြန်ဖို့ သုံးလေးရက် အလို… ရွာက အပျိုမလေး တစ်ယောက် ပိုးထိပြီးဆုံးသွားတယ်။

သူ့ကိုမြေမြှုပ်တော့ ဖိုးမောင်နဲ့ ဖိုးအောင်က သွားစပ်စုကြသေးတာ။
ကျုပ်လဲ ကိုယ့်အလုပ်သာကိုယ်လုပ်ဖို့၊ သူများကိစ္စတွေ ၀င်မစပ်စုဖို့ ပြောရတာပေါ့။
ဒီအဖွဲ့မှာ ကျုပ်က တာ၀န်အရှိဆုံးမို့လား။

ပြီးတော့ ကျုပ် ဒီလုပ်ငန်းကို ပြီးစေချင်လှပြီ။
ပြီးခါနီးမို့ ပိုပြီးအားစိုက်လုပ်နေချိန် သူတို့က အလုပ်ကိုအာရုံမစိုက်ပဲ ဟိုစပ်စု ဒီစပ်စုနဲ့ မို့ ပြောရတာ။

အဲ့လိုနဲ့ တစ်လလောက်အကြာမှာ ကျုပ်လုပ်ငန်းလေးဟာ ဘာအနှောင့်အယှက်မှ မရှိပဲ ပြီးစီးသွားတယ်။
ကျုပ်တော့ နက်ဖြန်ပြန်ရတော့မယ်ဆိုပြီး၀မ်းသာနေတယ်။

အဲ့ဒီညနေစောင်း စကားစမြည်ပြောနေကြတုန်း ဖိုးမောင်နဲ့ဖိုးအောင်ကထွက်သွားကြတာ ညစာစားချိန်ထိ ပြန်မရောက်လာဘူး။
ဩ …ကျုပ်လဲ သူတို့နှစ်ယောက်.. ရွာထဲမှာ သောက်စားနေကြတယ်မှတ်တာပေါ့။

အဲ့အချိန်မှာပဲ

” လုပ်ကြပါအုံး လုပ်ကြပါအုံး ဖိုးမောင် ဖိုးမောင် ကျန်ခဲ့ပြီ၊ သေပြီလားမသိဘူး”

ဖိုးအောင်တစ်ယောက် ငယ်သံပါအောင်အော်ပြီး ၀င်လာတော့ ကျုပ်တို့လဲ လန့်သွားကြတာပေါ့။

” ဟင် ဖိုးမောင်ဘာဖြစ်လို့လဲ …ဘယ်မှာကျန်ခဲ့လို့လဲ ”

” ဟို ဟို ….”

ဖိုးအောင်တစ်ယောက် ပြူးပြူးပြာပြာနဲ့ ကတုန်ကရင်တွေ ဖြစ်နေတာကြောင့်
ယပ်ခပ်သူကခပ်၊ ရေတိုက်သူကတိုက်ပေါ့။ တစ်အောင့်‌ေလာက်အကြာမှ

” ကျုပ်နဲ့ ဖိုးမောင်… ပီယဆေးဖော်မို့ သင်္ချိုင်းထဲသွားခဲ့ကြတယ်။ ဟိုတစ်နေ့က သေသွားတဲ့ကောင်မလေးရဲ့ အုတ်ဂူဘေးမှာ ဖိုးမောင်ပြောတဲ့အချိန်ရောက်ဖို့ ထိုင်စောင့်နေကြတာ။
အဲ့အချိန်လဲရောက်ရော ဖိုးမောင်ဆီက အမယ်လေးဗျလို့ အော်သံကြီးကြားပြီး ရုတ်တရက်လဲကျသွားတာကို မြင်လိုက်ရတယ်။
ကျုပ်လဲ လန့်လွန်းလို့ပြေးတာ… ကျုပ်နောက်ကို ပြေးလိုက်လာတဲ့ခြေသံတွေကြားနေရတယ်။
ရွဲထဲ၀င်ရောက်မှ ခြေသံတွေက ပါမလာတော့တာ ”

” ဟေ ဒါဆိုမဖြစ်ဘူး ၊ဖိုးမောင်ကို အမြန်သွားခေါ်မှရမယ် ၊ လာကိုဖိုးသား ခင်ဗျားက သူတို့ရဲ့အုပ်ချုပ်သူဆိုတော့ သင်္ချိုင်းထဲက ဆိုင်ရာပိုင်ရာတွေကို တောင်းပန်လိုက် ”

ကျုပ်တို့ သင်္ချိုင်းထဲရောက်တော့ တစ်နေ့က ပိုးထိပြီး သေသွားတဲ့ ကောင်မလေးရဲ့ အုတ်ဂူဘေးမှာ ပါးစပ်က အမြှုပ်တွေထွက်ပြီး ခွေခွေလေး လဲကျနေတဲ့ ကိုဖိုးမောင်ကို တွေ့လိုက်ရတယ်။

အခန်း(၄)

ကျုပ်လဲ သင်္ချိုင်းစောင့်မဖဲဝါနဲ့တကွ ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်များခဗျား သူတို့နှစ်ယောက်ကိုယ်စား ..အမှားများကျူးလွန်မိပါက …တောင်းပန်တယ်..ဆိုပြီး တတ်သလောက် မှတ်သလောက် ပြောရတာပေါ့။
‌အဲ့အချိန်မှာ လေမတိုက်ပါပဲ သင်္ချိုင်းဇရပ်ခေါင်မိုးက ဂျိမ်းခနဲ အသံကြီးမြည်သွားတာဗျ။
ကျုပ်တို့လဲ ကိုမောင်ကို သင်္ချိုင်းကနေ ပြန်ခေါ်လာခဲ့ကြတယ်။

ကျုပ်က ငယ်ကတည်းက ကျောင်းစာသာ စိတ်မ၀င်စားတာ ။စာဖတ်တာတော့ အတော်လေး ဝါသနာပါတယ်။
အထူးသဖြင့် ဂမ္ဘီရဇာတ်လမ်း၊ ပရလောက ဇာတ်လမ်းမျိုး သိပ်ကြိုက်တာ။
ဒါကြောင့် သိသလောက်တတ်သလောက် ရွတ်ဖတ်ပြီး ကိုမောင်ကိုနှာနှပ်တော့ နာရီ၀က်လောက်အကြာမှာ သတိပြန်လည်လာတယ်။

” အား ကျွတ်ကျွတ် နာလိုက်တာ ”

သူသတိရလာတာနဲ့ သူ့ဂုတ်ကြီးကိုကိုင်ပြီး နာတယ်ဆိုပြီးညည်းတွားနေတာ။ ကျန်တာမေးမရဘူး။
ဒါနဲ့ကျုပ်တို့လဲ သူ့ဂုတ်ကို လှန်ကြည့်လိုက်တော့

” ဟင် ”

“ဟာ”

ကျုပ်တို့အကုန်လုံးလဲ လန့်သွားကြတာပေါ့။
သူ့လည်ဂုတ်မှာ လက်ဝါးရာကြီးဗျ။

ကြည့်ရတာ သူ့ကို မမြင်ရတဲ့ပရလောကသားက ဇာတ်ပိုးကို ရိုက်လိုက်ပုံပဲ။
သူ့ကိုတော့ ဘာမှမေးမရဘူး။ လူကကြောင်တောင်တောင်ကို ဖြစ်နေတာ။

နောက်ရက်မနက်တော့ တောင်ကြီးတက်မဲ့ကားနဲ့ ကျုပ်တို့တစ်ဖွဲ့လုံး လိုက်လာခဲ့ကြတယ်။
ကျုပ်တို့တွေ တောင်ကြီးပြန်ရောက်တော့ အိမ်တန်းပြန်ကြတာပေါ့။
ကိုမောင်တို့ ညီအစ်ကိုက အေးသာယာကမို့ သူတို့ကတော့ တောင်ကြီးရောက်ပြီး အေးသာယာကားကို တစ်ဆင့် ထပ်စီးကြရသေးတယ်။
လမ်းမှာ ကိုမောင်ကို သေချာဂရုစိုက်ဖို့ သူ့ညီ ကိုအောင်ကို မှာရတာပေါ့ဗျာ။

ဟိုရောက်တော့ လက်ဝါးရာက မရှိတော့ဘူးတဲ့။ဒါပေမဲ့ သူ့ဂုတ်က ပိုပြီးကိုက်ခဲလာတယ်။
အဲ့ဒါနဲ့ သူတို့ညီအစ်ကိုလဲ တောင်ကြီးကို ပြန်တက်လာကြပြီး စဝ်စံထွန်းဆေးရုံမှာလာပြကြတယ်။
ဆရာ၀န်နဲ့ ကိုမောင်မိန်းမကိုတော့ အဖြစ်မှန်ကို မပြောပဲ ထိန်ချန်ထားခဲ့ကြတယ်။
ဆရာ၀န်က ဒဏ်ရာရှာမရတော့ အက်ထရာဆောင်းရိုက်ခိုင်းတယ်လေ။
အဲ့ဒီအက်ထရာဆောင်းမှာ လက်ချောင်းသုံးချောင်း ရာကြီးပါလာတယ်တဲ့။
လက်‌ချောင်းက ငါးချောင်းမဟုတ်ဘူးနော်။ သုံးချောင်းထဲ။

အဲ့ဒီတော့မှ ဆရာ၀န်ကလဲ ရိပ်မိသွားတယ်ထင်တယ် ။‌ကိုမောင်ကို အကျိုးအကြောင်းမေးတော့ သင်္ချိုင်းမှာဇရပ်သွားဆောက်ရင်းက ဒီဒဏ်ရာ ရလာတာလို့ပြောတော့ ဆရာ၀န်က အထက်လမ်းဆရာတွေဘာတွေနဲ့ ကုဖို့အကြံပေးတယ်။

ဒီလိုသဘာ၀လွန်ဖြစ်ရပ်တွေက အင်္ဂလိပ်ဆေးဆရာ၀န်နဲ့ ကုလို့မရဘူးဆိုတာ ပြောပြီး ဒီလိုထူးထူးဆန်းဆန်းတွေက ပရလောကနဲ့ ဆက်စပ်တဲ့လူနာတွေမှာ တွေ့ရတတ်တယ်လို့လဲ ရှင်းပြသတဲ့။
ကိုမောင်လဲ မနော်စိတ္တုပ္ပါဒ်ဂိုဏ်းက ဆရာတစ်ယောက်နဲ့ ကုပြီး အတော်လေးကြာမှ ဂုတ်က နာကျင်တဲ့ဝေဒနာက သက်သာရာ ရခဲ့ရှာတယ်။

နောက်ကြုံလို့ အဲ့ဒီညက အဖြစ်အပျက်ကို သေချာပြန်မေးတော့မှ ဇာတ်ရည်လည်တော့တာ။

အဖြစ်က ဒီလိုဗျ။

ကိုမောင်က ဂမ္ဘီရကို စိတ်၀င်စားသူတစ်ယောက်မို့ အဲ့လိုပညာရပ်နဲ့ပက်သက်လာရင် စပ်စုတတ်တယ်။
သူအထူးစိတ်၀င်စားတာ ပီယဆေး။

သူက အောက်လမ်း ဆရာတစ်ယောက်ဆီကနေ ၊ သရဲမွေးနည်းနဲ့ ပီယဆေး ဖော်နည်းကို မေမြန်းခဲ့တယ်။

ပြီးတော့ သူ့ညီ…အောင်ကို… ကိုအကျိုးအကြောင်းပြောပြပြီး သရဲမွေးချင်လို့ ကူပေးပါလို့ အကူအညီတောင်းသတဲ့။
ကိုအောင်ကလဲ ကူညီဖို့သဘောတူလိုက်တယ်။ဘာကြောင့်လဲဆို ကိုမောင်က သူ့အစ်ကိုလဲဖြစ် သူ့ကို ပန်းရံပညာသင်ပေးတဲ့ဆရာလဲ ဖြစ်နေတာကြောင့်ပဲ။

မီးသင်္ဂြိုလ်ဖို့ အုတ်ကန်ငယ်ဆောက်ရင်း အားလပ်ချိန်လေးတွေမှာ နှစ်ယောက်သား သရဲခေါ်ခဲ့ကြသတဲ့။
အဲ့လိုနေ့တိုင်းသွားခေါ်ကြပေမဲ့ ကိုမောင်ရဲ့သရဲခေါ်နည်းကပဲ မှားလေသလားမသိ။ ထူးခြားမှုရှိမလာဘူး။

ပီယဆေးဖော်ဖို့ အစိမ်းသေအပျိုစင်ရဲ့ဝိညာဉ်ကို သူ့ခါးမှာချိတ်ထားတဲ့အဆောင်ထဲ ၀င်အောင်သွင်းနိုင်ရင် ပီယအောင်ပြီဆိုပဲ။

တစ်ရက်တော့ အပျိုစင်မိန်းခလေးတစ်ယောက် ပိုးထိလို့ဆုံးသွားတော့ သရဲမွေးတာ မအောင်ပေမဲ့ ပီယအဆောင်တော့ အောင်မြင်အောင်လုပ်မယ်ဆိုပြီး ကောင်မလေးရဲ့ အုတ်ဂူကို သေချာလေ့လာမှတ်သားထားခဲ့ကြတယ်။

အလုပ်တွေပြီးသွားတဲ့‌ရက် ညဘက်ရောက်တော့ ‌နှစ်ယောက်သား ကောင်မလေးရဲ့ အုတ်ဂူဆီကို ရောက်လာခဲ့ကြတယ်။
သတ်မှတ်ထားတဲ့အချိန် ရောက်အောင်စောင့်နေခဲ့ကြတယ်။ အစီအရင်စမယ်လဲကြံရော ကိုမောင်ရဲ့ဇက်ပိုးကြီး ဖျောင်းခနဲမြည်အောင်အရိုက်ခံရလိုက်ရပြီးသူလဲ နာကျင်လွန်းလို့ လဲကျသွားတယ်။နောက်ပိုင်းအဖြစ်အပျက်တွေ ဘာကိုမှမသိတော့ဘူး။သူသတိပြန်ရတော့ အေးသာယာက သူ့အိမ်ကိုပြန်ရောက်နေပြီ။

ဒါက ကိုမောင်ပြန်ပြောပြတဲ့အကြောင်းအရာပေါ့ဗျာ။
ကျုပ်အထင်ပြောရရင် သင်္ချိုင်း‌အစောင့်တွေက မကြိုက်လို့ ပညာပေးလိုက်ပုံပဲ။
ကိုအောင်လဲ အပြေးမြန်လို့လား ကံမြင့်နေလို့လားမသိ အန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့ရတယ်။

ဒါဟာ ကျုပ်ရဲ့ ပထမဆုံးပုတ်ပြတ်လုပ်ငန်းလေးရဲ့ အတွေ့အကြုံတစ်ခုပေါ့ဗျာ။
သရဲတစ္ဆေတွေကိုမယုံတဲ့ကျုပ်အတွက်တော့ သင်ခန်းစာတစ်ခုပေါ့။

Xxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၅)

လူအတော်များများဟာ သင်္ချိုင်းဟောင်း‌မြေနေရာတွေမှာ ပရလောကသားတွေရှိကြတယ်လို့ ယုံကြည်ကြတယ်ဆိုတာ ကျုပ်ပြောခဲ့ဖူးတယ်နော်။

ဒါပေမဲ့ ကျုပ်ကိုယ်တိုင်ကြုံတွေ့ရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။

တစ်ကယ်တန်း ကြုံတွေ့လာရတော့ လိပ်ပြာလွင့်မတတ် ကြောက်စရာကောင်းမှန်းသိခဲ့ရတယ်။
ဒီအဖြစ်အပျက်က လောလောလတ်လတ် ကြုံတွေ့နေရတဲ့အဖြစ်အပျက်လို့ပဲ ဆိုရမယ်။

ဒီလိုဗျ….ခင်ဗျားတို့သိကြတဲ့အတိုင်း ကျုပ်ဟာ ပန်းရံဆရာတစ်ယောက်ပေါ့။
ကိုဗစ်ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီး ကျုပ်တို့နိုင်ငံကို ကူးစက်လာတော့ ကျုပ်တို့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာလဲ ရပ်ဆိုင်းသွားခဲ့တယ်။
ကပ်ရောဂါဖြစ်ပြီးနောက် နိုင်ငံရေးအခြေအနေကြောင့် အလုပ်အကိုင်တွေ ရှားပါးလာတယ်။
ဒါကြောင့် ကျုပ်တို့အိမ်ရဲ့စီးပွားရေးကလဲ ကြပ်တည်းလာခဲ့တယ်။
ဒါတောင်ကျုပ်က အိမ်ထောင်မရှိလို့ဗျ။
မိန်းမနဲ့ကလေးသာရှိမယ်ဆို မလွယ်လောက်ဘူး။

တစ်နေ့တော့ ကျုပ်မိတ်ဆွေတစ်ယောက်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ပါ၀င်ဖို့ ကမ်းလှမ်းလာခဲ့တယ်။

ဒီတစ်ခါတော့ ကျုပ်က ဘာအဆောက်အဦးဆောက်ရမလဲဆိုပြီး မေးတာပေါ့။
သိတယ်မို့လား အရင်တစ်ခါက ကျုပ် ခံခဲ့ရပြီး‌ပြီလေ။
အရင်က အသက်နှစ်ဆယ်လောက်က မစူးစမ်းမိလို့ ကြုံရတဲ့ အဖြစ်အပျက်အချို့ဟာ ကျုပ်အခုအသက်သုံးဆယ်ရောက်တဲ့အထိ မနေ့တစ်နေ့ကလို မြင်ယောင်ခံစားနေရတုန်း။

ဩ အဲ့ဒီတုန်းက ကျုပ်တို့ရဲ့ ဇာတ်ကောင် ကိုမောင်တစ်ယောက်ကတော့ တတိယကိုဗစ်လှိုင်းမှာ ကွယ်လွန်သွားခဲ့ရှာပါပြီ။
သူ့ညီ ကိုအောင်ကတော့ သာသနာ့ဘောင်မှာ ပျော်မွေ့နေပါပြီ။

ကျုပ်လဲ ဘာအဆောက်အဦးအတွက်လဲ မေးတော့ အပန်းဖြေစခန်းတစ်ခုအတွက်တဲ့။
အဲ့ဒီအပန်းဖြေစခန်းမှာ အဆောက်အဦးအကြီးကြီးပါမယ် ရေကန်တွေပါမယ်ပေါ့ဗျာ။
ဒါနဲ့ကျုပ်လဲ အလုပ်ကိုလက်ခံလိုက်တယ်။

အလုပ်ရဲ့တည်နေရာက တောင်းကြီးနဲ့ဟိုပုံးကြားမှာရှိတဲ့ ပအိုဝ်းရွာလေးတစ်ရွာမှာ။တောင်းကြီး-ဟိုပုံးလမ်းမကြီးကနေ အဲ့ဒီရွာထဲကို တစ်မိုင်ကျော်လောက်ထပ်၀င်ရတယ်။

ကျုပ်လဲ အလုပ်ကိုလက်ခံလိုက်တယ်။
ဆိုင်ကယ်နဲ့သွားလို့ အဆင်ပြေတဲ့ရွာလေးပေါ့။

အဲ့ဒီရွာက ရွာငယ်လေး၊ အတော်လေးလဲ ခေါင်တယ်လို့ပြောရမယ်။
ဘာလို့များ ဒီလိုရွာမှာ ဒီလိုအဆောက်အဦးဆောက်ဖို့ စိတ်ကူးရမှန်းတွေးမရဘူး။

ပိုက်ဆံရှိရင် လက်ညှိုးညွှန်ရာရေဖြစ်တဲ့ခေတ်မှာ သူဌေးတစ်ဦးက သူစိတ်ချမ်းသာသလိုလုပ်တာနေမှာပေါ့ဗျာ။
ကျုပ်တို့ရောက်တော့ အဲ့ဒီ အဆောက်အဦးဆောက်မဲ့ခြံကြီးက မြေလွတ်မြေရိုင်းကြီးဗျ။

ကျုပ်တို့အဖွဲ့က ဆယ်ယောက်။
‌အားလုံးက ယောက်ျားလေးတွေချည်းပဲ။
ဒီတော့ ကျုပ်တို့နေဖို့ ယာယီတဲထိုးရတယ်။
အဲ့ဒီမှာပဲ နေပြီး အလုပ်လုပ်ကြရမယ်လေ။
ဆိုင်ကယ်နဲ့နေ့တိုင်းအသွားအပြန်လုပ်ဖို့က ဆီဖိုးနဲ့ ကိုယ်ကတောင်စိုက်ရအုံးမယ်မို့လား။
ဒါကြောင့် အားလုံးက အဲ့ဒီမှာပဲ နေဖို့ ဆုံးဖြစ်လိုက်ကြတယ် ။

လုပ်ငန်းက ကြာမှာမို့ ‌‌ကျုပ်တို့ရဲ့ ယာယီတန်းလျားလေးဘေးမှာ သီးပင်စားပင်အချို့စိုက်ထားလိုက်တယ်။ ခြုံနွယ်တွေကို ရှင်းပြီး အဆောက်အဦးကို စတင်ဆောက်လုပ်ကြတာပေါ့ဗျာ။

” ကိုဖိုးသား ကိုဖိုးသား ”

” ဟင် ဘာလဲ ကျော်စွာ ”

“ခြံဝိုင်းထဲမှာ လူရိပ်တွေ့တယ် ၊ သူခိုးတွေလားမသိဘူး”

” ဟင် ဟုတ်လား ၊ ဘယ်နေရာမှာလဲ သွားကြည့်ရအောင် ..ပေသီးကိုပါနိုးလိုက်”

” ဟုတ်”

ကျုပ်တို့လဲ နေရာအနှံ့ ဓာတ်မီးနဲ့ ထိုးကြည့်ကြပေမဲ့ ခွေးတစ်ကောင် ကြောင်တမြီးမှ မတွေ့ဘူး။

” မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လား ကျော်စွာရာ ”

” ကျုပ်ကလိမ်ရဲပါ့မလား ၊ မိသားစုလိုလို ဘာလိုလို ကလေးတစ်ယောက်ပါ ပါတယ်မှတ်တာ ”

” မင်းဟာကလဲ သူခိုးဆို ကလေးပါ ပါပါ့မလား ၊စဉ်းစားလေ၊ မင်းအမြင်မှားတာနေမှာ ”

” မမှားပါဘူး ”

” ဝါးးး ”
ပေသီးက တစ်ချက်သန်းဝေလိုက်ပြီး

“အိပ်လို့ရပြီမို့လားကိုဖိုးသား ၊ အိပ်ရေးပျက်လိုက်တာ ”

” အေးအိပ်အိပ်၊ သတိဝီရိယနဲ့အိပ်ကြပေါ့ ”

” ဟုတ် ကိုဖိုးသား”

ပေသီးက ပြောပြီးမကြာဘူး ….သူ့ဆီကဟောက်သံ ပြန်ထွက်လာတယ်။

” ကိုဖိုးသား ”

” ဟေ ‌ဘာလဲ ကျော်စွာ ”

” ကျုပ်ပြောသင့်မပြောသင့်စဉ်းစားနေတာ ”

” ပြောစရာရှိတာပြောလေ ကျော်စွာ ”

” ကျုပ်အထင် ဒီနေရာက သရဲခြောက်တယ်ထင်တယ် ”

” ဟေ”

ကျော်စွာစကားကြောင့် ကျုပ်လဲ အတော်အံ့ဩသွားတယ်။

” မင်းက ဘာတွေ့လို့လဲ ကျော်စွာ ”

“ကျုပ်ဗိုက်နာလာလို့ ‌အိမ်သာသွားနေတုန်း ငှက်တစ်ကောင်ရဲ့ စူးစူးဝါးဝါး အော်သံကိုကြားလိုက်ရတယ်… ကျုပ်လဲ ကြက်သည်းတွေထလာပြီး တစ်ယောက်ယောက်က ကျုပ်ကိုစိုက်ကြည့်နေသလိုခံစားရလို့ ရေအိမ်ထဲမှာထိုင်နေရင်း ဂုံနီအိတ်ကာထားတာလေးကို လှပ်ပြီး အပြင်ဘက်ကိုကြည့်လိုက်တော့ ဟိုသစ်ပင်ကြီးအောက်ကနေ မိန်းမတစ်‌ယောက် ယောက်ျားတစ်ယောက် ကလေးတစ်ယောက် သုံးယောက်သား ကျုပ်ကိုရပ်ကြည့်နေတာဗျာ။
သစ်ပင်အရိပ်ကြောင့် မျက်နှာတွေကိုတော့ သဲသဲကွဲကွဲမမြင်ရဘူး ၊ ကျုပ်လဲ လန့်လို့ ကိစ္စအမြန်ရှင်းပြီး တန်းလျားဆီအမြန်ပြေးလာခဲ့တာ။ ကျုပ်တန်းလျားထဲ ရောက်ပြီး လှည့်ကြည့်တော့ သူတို့က ကျုပ်ကိုကြည့်နေတုန်းပဲ ၊ ဒါကြောင့် ခင်ဗျားကို ကျုပ်နိုးရတာပဲ ”

“ခင်ဗျား အမြင်မှားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့… ကဲ ဘုရား၀တ်ပြုပြီး အိပ်လိုက်ဗျာ ”

” ဟုတ်ကဲ့ ”

ကျော်စွာက ကျုပ်မယုံတာကို သိပ်ကျေနပ်ပုံမရပေမဲ့ နောက်ထပ်တော့ ဘာမှမပြောဘူး။
အဲ့လိုနဲ့ အဲ့ဒီလူရိပ်တွေကိုတွေ့တယ်လို့ တစ်ယောက်စနှစ်ယောက်စ ပြောလာကြတယ်။
ဒါပေမဲ့ လူဆိုတာကလဲ အခက်သားဗျ။
ကိုယ်တိုင်မှမကြုံရင် ကိုဗစ်ဆိုတဲ့ရောဂါတောင် ရှိတယ်လို့ထင်ကြတာမဟုတ်ဘူးမို့လား။
ဒီတော့ ဘယ်သူဘာပြောပြော ကျုပ်ကတော့ အေးဆေးပေါ့ဗျာ။
ကျုပ်တို့ရဲ့ အဆောက်အဦး အကြမ်းထည်ပြီးသွားတော့ အလုပ်သမားတွေက အဲ့ဒီအဆောက်အဦးထဲ ပြောင်းနေကြပြီး တန်းလျားကိုတော့ ဖျက်လိုက်ကြတယ်။

အဆောက်အဦးအချောသပ်ကိုတော့ အခြားတစ်ဖွဲ့က ဆက်လုပ်မှာဖြစ်ပြီး ကျုပ်တို့အဖွဲ့က ရေကန်ဆက်လုပ်ရမယ်ပေါ့ ။
ရေကန်လုပ်မယ့်နေရာမှာ ရေမဲပင်အကြီးကြီးတစ်ပင်နဲ့ အခြားအပင်တွေလဲ ရှိတယ်။
အဲ့ဒီအပင်တွေကိုရှင်းဖို့ အလုပ်သမားတွေ ရောက်လာကြတယ်။အလုပ်သမားသုံးယောက်ပေါ့။
ရေမဲပင်ကြီးကို စခုတ်တော့ ငှက်တစ်ကောင်ရဲ့ စူးစူးဝါးဝါး အော်သံကြားရတယ်။

သစ်ပင်ခုတ်ရင်း တစ်ယောက်က အပင်ပေါ်က ပြုတ်ကျတယ်။သူပြောတာတော့ သူ့ကို နောက်ကနေတစ်ယောက်ယောက်တွန်းချတာတဲ့။
အဲ့တစ်ယောက်က ဆက်မခုတ်ရဲလို့ပြန်သွားတယ်။
ကျန်နှစ်‌ယောက်ကတော့ ဆက်ပြီးခုတ်ကြတယ်။
သစ်ပင်ခုတ်ပြီးနောက်သိပ်မကြာဘူး တစ်ယောက်က ဆိုင်ကယ်မှောက်တယ်။
တစ်ယောက်က ရူးကိုသွားတာ။
ဘာလို့ရူးသွားလဲဆိုတာ မသိရဘူး။
အချို့က အရက်ကြောင် ကြောင်သွားတာလို့လဲ ပြောကြတယ်။
အဖြစ်မှန်ကိုတော့ သူကိုယ်တိုင်ပဲ သိမှာပေါ့ဗျာ ။

Xxxxxxxxxxxxxxxxxxxxxxxx

အခန်း(၆)

တစ်ည ကျုပ်အိပ်နေတုန်း ကျုပ်နားထဲမှာ အော်ဟစ်သံတွေကြားနေရတယ်။ ကျုပ်လဲ အသံကြားရဘက်ကိုကြည့်တော့ အခန်း၀မှာ လူသုံးယောက်ဗျ။
သူတို့ဟာ ကိုပ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး မကျေမချမ်းအော်ပြောနေတာ။
ပြောတာကလဲ သုံး‌ယောက်လုံး တစ်လေသံထဲ။
ခင်ဗျားတို့စဉ်းစားကြည့်လေ စကားသံတစ်ခုထဲကို အသံသုံးသံနဲ့ အော်ပြောနေတာ ဘယ်လောက်ထိ လန့်စရာကောင်းလဲ။
ခက်တာက သူတို့က ပအိုဝ်းလိုပြောနေကြတာ။
ကျုပ်ကလဲ ပအိုဝ်းစကားမတတ်တော့ သူတို့ပြောတာ တစ်လုံးမှ နားမလည်ဘူး။
ယောက်ျားလေးနဲ့မိန်းကလေးက အသက်နှစ်ဆယ်အရွယ်ခန့်ဖြစ်ပြီး ကလေးက ဆယ်နှစ်အရွယ်ယောက်ျားလေးဗျ။

ကြာတော့ ကျုပ်နားတွေကွဲထွက်မတတ်ဖြစ်လာတာပေါ့။

” တော်တော့ ၊ တော်ကြတော့၊ ဆက်မပြောကြနဲ့တော့ ”

“ကိုဖိုးသား ကိုဖိုးသား ဘာဖြစ်တာလဲ ”

” အင်း ဟင်း ငါ ….ငါ …အိမ်မက်ဆိုးတွေမက်နေလို့ ”

ကျော်စွာအမေးကိုဖြေရင်း ကျုပ်လဲ နဖူးကချွေးတွေကိုသုတ်လိုက်တယ်။

” ဘာလဲ ကိုဖိုးသား၊ ဘယ်လိုအိမ်မက်လဲ ၊ ဟိုသုံးယောက် ပအိုဝ်းလိုအကျယ်ကြီး တစ်လေသံထဲလာပြောတာလား ”

” ဟင် မင်းက သိနေတာလား”

” သိဆိုကျုပ်လဲ အဲ့ဒီအိမ်မက်မျိုးမက်တယ်လေ ၊ ဘာတွေပြောမှန်းလဲမသိဘူး၊ တစ်လုံးမှလဲ နားမလည်ဘူး ”

ကျုပ်တို့က ပအိုဝ်းလူမျိုးမဟုတ်တော့ သူတို့ပြောတာတွေ တစ်လုံးမှနားမလည်ကြဘူး။
ခက်တာက ကျုပ်တို့အဖွဲ့ထဲမှာ ပအိုဝ်းတစ်ယောက်မှမပါတာပဲ။

” အေးကွာ ဒီနေရာမှာ ရှိနေတဲ့ ပရလောကသားတွေနေ‌မှာ …ငါတို့ဘာလုပ်ရင် ကောင်းမလဲ ”

” သူဌေးကို အကျိုးအကြောင်းပြောပြီး ဘုန်းကြီးပင့်ပြီး ပရိတ်တရားနာလိုက်ရင်ကောင်းမယ်ထင်တယ် ကိုဖိုးသား”

ကျုပ်တို့အဖွဲ့ကတော့ ရေမဲပင်ကြီးခုတ်ပြီးနောက်ပိုင်း အိမ်မက်ဆိုးတွေမက်ကြလို့ အတော်လေး လန့်လာကြတယ်။ဒါကြောင့် သူ‌ဌေးကိုအကျိုးအကြောင်းပြောပြီး အဲ့ခြံဝိုင်းထဲ ဘုန်းကြီးပင့်ပြီး ပရိတ်တရားနာကြတယ် ။
ဘုန်းကြီးက ပအိုဝ်းလိုရော ဗမာလိုရောဟော‌သေချာဟောပြီး ပရိတ်တရား ချီးမြှင့်ပေးတယ်။
ကျုပ်တို့လဲသာဓုခေါ်ပြီး အမျှပေးဝေလိုက်ကြတယ် ။

လကွယ်ညမို့ ပတ်၀န်းကျင်တစ်ခုလုံး ပိန်းပိတ်အောင်မှောင်နေတယ်။

” ဂီး ဂစ် ဂစ် ”

ကျုပ်တို့နေတဲ့အဆောက်အဦးနားမှာ ငှက်တစ်ကောင်က စူးစူးဝါးဝါးအော်ပြီး ဖြတ်ပျံသွားတယ်။

ကျုပ်လဲ တစ်ယောက်ယောက်က လာနိုးသလို ရုတ်တရက်လန့်နိုးသွားတယ်။

နေရင်းထိုင်ရင်းကြက်သည်းတွေထလာတာမို့ စောင်ကိုခေါင်းမြီးခြုံပြီး အိပ်လိုက်တယ်။

” ဝူး အစ် အစ် အစ် ”

တစ်ယောက်ယောက်ဆီက ခပ်အုပ်အုပ်အသံတစ်ခုထွက်လာတာမို့ ကျုပ်လဲ အိပ်နေတဲ့သူတွေဘက် ဓာတ်မီးထိုးကြည့်လိုက်တော့ ကလေးတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်မိတယ်။
အဲ့ဒီကလေးက အရင်တစ်ခါ အိပ်မက်ထဲက ကလေးမှန်းကျုပ်သိလိုက်တယ်။
ကျုပ်ကြည့်နေရင်း အဲ့ကလေးက ရုတ်တရက်ပျောက်သွားတယ်။

” အစ် အစ် ”

တစ်ယောက်က အိပ်နေရင်း ရုန်းကန်နေတာမို့ ကျုပ်လဲ အဲ့ဒီလူဆီအမြန်ပြေးသွားလိုက်တယ်။
အဲ့ဒီလူက အစောတုန်းက ကလေးကိုတွေ့တဲ့နေရာနားမှာ အိပ်နေသူ။

” ဟာ ဟေ့ကောင် ပေသီး …တစ် အစ် အစ်နဲ့ ဘာဖြစ်တာလဲ ထ ထ ”

” ဟင် ကိုဖိုးသား ဟိုကလေး …ဟိုကလေးရော ”

ပေသီးတစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီး မျက်နှာက အရမ်းကြောက်လို့ ဖြူဖတ်ဖြူရော်တောင် ဖြစ်နေတယ်။

” ဘယ်ကလေးမှ မရှိပါဘူးပေသီးရ ”

” အီး ဟီး ဟီး ကျုပ်ကြောက်တယ်၊ အဲ့ဒီကောင်လေးက ကျုပ်ကိုလည်ပင်းညှစ်ပြီး ရေထဲနှစ်သတ်တယ် ၊ ကျုပ် ကျုပ် အသက်ရှုကြပ်ပြီးသေတော့မလို့ ၊ ခင်ဗျားသာ လာမနိုးရင် ကျုပ်သေလောက်ပြီ ..တော်ပြီ ကျုပ်မနေရဲတော့ဘူး ၊ မိုးလင်းတာနဲ့ပြန်တော့မယ် ”

ကျုပ်တို့ဘယ်လိုပဲ တားပါစေ ပေသီးတစ်‌ယောက် မိုးလင်းတာနဲ့ သူ့အထုတ်သူဆွဲပြီး ပြန်သွားတော့တယ်။
ခင်ဗျားတို့လဲ ထင်မှာပေါ့ဗျာ ကလေးတစ်ယောက်ကို အိမ်မက်လေး မက်တာနဲ့ အထုတ်ဆွဲပြီးပြန်ရအောင် ကြောက်တတ်လိုက်တာလို့ ။

အဲ့ဒီအိမ်မက်ကို ကိုယ်တိုင်မမက်ဖူးရင် ခင်ဗျားတို့တွေးသလိုပဲ ကျုပ်လဲ တွေးထင်ခဲ့မိတယ်။
ငှက်အော်တဲ့ညဆို တစ်ယောက်မဟုတ် တစ်ယောက် အိမ်မက်ဆိုးမက်တယ်။
အဲ့ဒီလို အိမ်မက်ဆိုးမက်ပြီးရင် တော်ရုံ လူဆို လန့်ပြီးပြန်ပြေးကြတာ ခုဆို ပေသီးအပါအ၀င် ပြန်ပြေးတဲ့အလုပ်သမားလေးယောက်ရှိပြီ။

ကျန်တဲ့သူတွေလဲ ငှက်အော်သံကြားရင် လန့်နေကြပြီ။
ဒီတစ်ခါ အိမ်မက်ဆိုးက ဘယ်သူ့မက်မယ့်အလှည့်လဲဆိုပြီး ကြောက်နေကြပြီ။

နောက်တစ်ခုက ကျုပ်ပစ္စည်းတွေကို ကျုပ်က စီစီရီရီထားတတတ်တယ်။ကျုပ်အိပ်ယာဘေးမှာ ကျုပ်ဖတ်နေကျ စာအုပ်သံုးလေးအုပ်ရယ်၊ ဖုန်းပါဝါဘဏ်လေးရယ်၊ ဆေးလိပ်ဘူး၊ မီးခြစ် ဒါလေးတွေပဲရှိတာပါ ။
ကျုပ်တို့ ရေကန်လုပ်ပြီး ပြန်လာရင် ကျုပ်ရဲ့ပစ္စည်းတွေက အမြဲပြန့်ကျဲနေတာဗျ။
ကျုပ်ဘယ်လောက်ပဲ စီထားပါစေ ပြန်လာရင် စာအုပ်တွေက ဟိုတစ်အုပ်ဒီတစ်အုပ် ၊ ဆေးလိပ်ဘူးထဲ မီးခြစ်ထည့်ထား ခဲ့ပေမဲ့ ပြန်လာရင် ဆေးလိပ်ဘူးက သပ်သပ် ၊ မီးခြစ်က သပ်သပ် အဲ့လိုတွေ ဖြစ်နေတာဗျ။
အစပိုင်တော့ ကျုပ်အတော်စိတ်ဆိုးတယ်။
နောက်တော့လဲ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲ စိတ်ထဲသိပ်မထားဖြစ်တော့ဘူး။

” ဂီး ဂစ် ဂစ် ”

ညငှက်တစ်ကောင်က စူးစူးဝါးဝါးအော်ပြီး ကျုပ်တို့နေတဲ့အဆောင်ပေါ်က ဖြတ်ပျံသွားတယ်။

ကျုပ်လဲ လန့်သွားတယ်။
ဒီတစ်ခါ အိမ်မက်ဆိုးမက်မယ့်သူဟာ ကျုပ်အလှည့်လို့ အလိုလိုခံစားမိပေမဲ့ လူက လှုပ်မရဘူး။

အဲ့ဒီအချိန်မှာ ကလေးတစ်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံကြီးကို ကြားလိုက်ရတယ်။
အဲ့ဒီအသံက ကျုပ်တို့ဆောက်နေတဲ့ ရေကန်ဘက်က အသံပဲ။
ကျုပ်လဲ အဲ့ဒီအသံကြားတဲ့နေရာကို အပြေးအလွှားသွားကြည့်တော့ ရေကန်ထိပ်နားမှာ ရှမ်း၀တ်စုံ၀တ်ထားတဲ့ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ရပ်နေတယ်။
သူက ကျုပ်ကို ပြုံးပြီးကြည့်နေတယ်။
သူ့မျက်နှာက ပြုံးရာကနေ တည်သွားပြီး ရက်စက်မယ့်အရိပ်အယောင်တွေ့နေရတယ်။
သူကျုပ်ကို တစ်ခုခုလုပ်တော့မယ့်ပုံပဲ။
ကျုပ်ကလဲ သူ့ဆီတရွေ့ရွေ့သွားနေတာဗျ။
အမှန်က ကျုပ်သူ့ဆီလုံး၀မသွားချင်ဘူး။
ကျုပ်စိတ်က ကျုပ်နေတဲ့အဆောင်ဘက်ကို ပြန်ပြေးသွားချင်နေတာ။

ဒါပေမဲ့ ကျုပ်ခြေထောက်တွေက သူ့ဆီကိုလှမ်းနေမိတာ။
အဲ့အချိန်မှာပဲ သူက ကျုပ်နားမလည်တဲ့စကားနဲ့ ကျုပ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောနေတာ။
သူနဲ့အရင်က အတူတူတွေ့ရတဲ့ ဟိုနှစ်ယောက်ကိုတော့ မတွေ့တော့ဘူး။
ကျုပ်တို့ရဲ့ အမျှဝေမှုကိုရလို့ ဟိုနှစ်ယောက်က ကျွတ်လွတ်သွားကြလို့ အဲ့ကလေးက ကျုပ်တို့ကို စိတ်ဆိုးနေပုံပဲ။
သူက ပြောရင်းပြောရင်း ဒေါသပိုထွက်လာတယ်။
ကျုပ်ကလဲ သူ့နဲ့တဖြည်းဖြည်းပိုနီးလာတယ်။

သူ့အနီးလဲရောက်ရော သူ့ဇက်ကြီးက ရုတ်တရက်ကျိုးသွားပြီး မျက်နှာအစောင်းလိုက်ကြီးနဲ့ ကျုပ်ကိုကြည့်ပြီး အေးစက်စက်ပြုံးပြနေတယ်။
ကျုပ်က တော်ရုံကြောက်တတ်တဲ့သူမဟုတ်ပေမဲ့ သူ့ကို ဒီလို အနီးကပ်ကြီးမြင်နေရတာ လိပ်ပြာလွင့်မတတ်ထိတ်လန့်နေမိတယ်။
သူက ရုတ်တရက် ကျုပ်ပေါ်ကို ခုန်တက်လာတော့ ကျုပ်ရောသူရော ရေကန်ထဲပြုတ်ကျသွားတယ်။

အမှန်က အဲ့ဒီကန်ကကျုပ်တို့ဆောက်နေတုန်း၊ ရေမရှိဘူး။
ဒါပေမဲ့ ဘယ်ကနေ ရေတွေရောက်နေမှန်းမသိဘူး ။အဲ့ကလေးက ကျုပ်ကို ရေနှစ်သတ်တာဗျ။
ရေထဲကနေ သူ့ခေါင်းကြီးစောင်းပြီးပြုံးနေတဲ့ မျက်နှာကြီးကို အနီးကပ်မြင်နေရတာရော၊ ရေမွန်းတာရောကြောင့် သေသာ သေလိုက်ချင်တယ်တော့တယ်။
ဘယ်လိုမှရုန်းမရတော့ ကျုပ်စိတ်လျော့လိုက်တယ်။

” ကိုဖိုးသား ကိုဖိုးသား ”

” အွတ် အဟွတ် ဟွတ် ”

” အဆင်ပြေရဲ့လား ”

” အင်း ငါ ငါ အိမ်မက်ဆိုးတွေမက်နေတာကျော်စွာ၊ အတော်လေး ကြောက်စရာကောင်းတယ်၊ ဒါကြောင့် ပေသီးတို့ ပြန်ပြေးကြတာ ”

” ဟင် ဟုတ်လား ၊ ဟိုသုံးယောက်က မကျွတ်သေးဘူးလား ”

ကျုပ်လဲ သူ့အမေးကိုမဖြေနိုင်သေးပဲ ပဝါနဲ့ မျက်နှာကချွေးတွေကို သုတ်ပြီး ရေသန့်ဘူးထဲက ရေကိုသောက်ချလိုက်တယ်။
ကျုပ်ခုထိ အသက်ရှုကြပ်နေတုန်းပဲ။
တစ်ကယ်လို့ ကျုပ်ကိုသာ ကျော်စွာလာမနိုးရင် ရေမွန်းပြီး ‌အသက်ရှုကြပ် သေနေလောက်ပြီ။

” သုံးယောက်မဟုတ်ဘူး ကောင်လေးတစ်ယောက်ထဲကျန်တယ်၊ ဟိုနှစ်ယောက်က အမျှရလို့ကျွတ်သွားကြပြီထင်တယ်၊ ဟိုနှစ်ယောက်ကကျွတ်ပြီး သူတစ်ယောက်တည်းကျန်ခဲ့လို့ကျုပ်တို့ကို မကျေနပ်တာ‌နေမှာ ”

” ဟင် ဟုတ်လား ဒါဆိုကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ”

“နေပါအုံးကွာ နောက်ရက်မှ ငါ ဒီနေရာအကြောင်းစုံစမ်းလိုက်အုံးမယ် ၊ ခုတော့ အချိန်စောသေးတယ် ပြန်အိပ်ကြအုံးစို့ ”

” ဟုတ်ကဲ့ ကိုဖိုးသား ”

တစ်ကယ်တန်းတော့ ကျုပ်ပြန်အိပ်မရတော့ဘူး။ဟိုကလေးမျက်နှာကြီးပဲ မျက်လုံးထဲ မြင်နေတာလေ။
မိုးအမြန်လင်းဖို့ပဲ ဆုတောင်းနေမိတယ်။
ထိတ်လန့်ဖွယ်ရာ ညတစ်ညက အချိန်တွေ ကုန်ခဲလွန်းတယ်ဗျာ။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၇)

မနက်လင်းတော့ ကျော်စွာနဲ့ကျုပ် ရွာထဲထွက်လာခဲ့တယ်။
ကျုပ်တို့မြေကွက်ရဲ့ရာဇ၀င်ကို သိချင်လို့ဗျ။
ခက်တာက အဲ့ဒီရွာကလူတွေက ဗမာစကားကို ရည်ရည်လည်လည် မပြောတတ်ကြဘူး။
ကျုပ်တို့မေးတော့ အားလုံးက ခေါင်းခါပြီး မသိဘူး၊ မိုးဘောင်ပဲ သိမယ်လို့ပြောတယ်။

မိုးဘောင်ဆိုတာ ဒီရွာမှာ အသက်အကြီးဆုံးအဖွားအိုပါ။

ကျုပ်တို့လဲ မိုးဘောင်ရဲ့အိမ်ဘက်ကို ရောက်လာကြတယ်။
မိုးဘောင်က သူ့အိမ်ရှေ့မှာ ဖက်ကြမ်းဆေးလိပ်ကြီးထိုင်ဖွာနေတာ။
ကျုပ်တို့ကိုမြင်တော့ ပအိုဝ်းလိုနဲ့ လှမ်းပြောတယ်။

ကျုပ်တို့က နားမလည်တော့ အူကြောင်ကြောင်ဖြစ်နေတာပေါ့။

နောက်တော့ ဆယ့်ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်အိမ်ထဲက ထွက်လာပြီး

” ဘာလာလုပ်တာလဲ အစ်ကိုတို့ ”

အဲ့ဒီကောင်လေးဆီက ဗမာစကားသံကြားရတော့ ကျုပ်တို့တွေ အတော်လေး၀မ်းသာသွားတယ်။

” မိုးဘောင်ဆီမှာ သိချင်တာလေးရှိလို့လာမေးတာပါ ”

ကောင်လေးက မိုးဘောင်ရဲ့မြစ်‌‌တဲ့။မိုးဘောင်ရဲ့ မြေးကမွေးတဲ့ကလေးပေါ့။
မိုးဘောင်နဲ့ကျုပ်တို့ကို ကောင်လေးက စကားပြန်လုပ်ပေးတာ။
သူဘာသာပြန်ပေးတဲ့အတိုင်းအဆင်ပြေအောင်ပြောရရင်

” မင်းတို့ ဟိုခြံမှာ အိမ်ဆောက်နေတဲ့ဗမာကလေးတွေထင်တယ်၊ လာကြလေ အိမ်ထဲ၀င်ကြ”

” ဟုတ်အဖွား”

” ပြော ငါ့ဆီက ဘာသိချင်တာလဲ ”

” ကျွန်တော်တို့ အဲ့ဒီခြံကြီးမှာ အဆောက်အဦးဆောက်နေတဲ့ အလုပ်သမားတွေပါ၊ ခုက အဲ့ဒီမှာ သရဲခြောက်ခံရလို့ အဲ့ဒီနေရာအကြောင်းများ သိခွင့်ရမလား ”

” မင်းတို့ဟိုနေ့က ဘုန်းကြီးပင့်ပြီးပရိတ်ရွတ်ကြသေးတယ်မို့လား ”

” ဟုတ်ကဲ့”

” အဲ့လိုလုပ်ပြီးရင်လဲ သရဲက ခြောက်သေးတာလား ”

” ဟုတ်ကဲ့ အရင်က သရဲသုံးယောက်ခြောက်တာပါ၊ ပရိတ်ရွတ်ပြီးတော့ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ဝိညာဉ်ကိုပဲတွေ့ရတယ်၊ အဲ့ကလေးက ခုဆိုပိုပြီးဆိုးလာတယ် ၊ လူရဲ့အသက်ကိုပါ အန္တရာယ်ပြုလာပြီ၊ သူ့ကြောင့် အလုပ်သမားလေးယောက်ပြန်ပြေးပြီ အဖွား ”

မိုးဘောင်က သူတို့ပြောတာကို ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ပြီး
“အဲ့ဒီနေရာက အရင်တုန်းက ကလေး သင်္ချိုင်းပဲ ”

” ဗျာ ကလေးသင်္ချိုင်းဟုတ်လား၊ ဒီရွာမှာ ကလေးသင်္ချိုင်း သပ်သပ်ရှိတယ်ပေါ့”

” ဟုတ်တယ် ရှိခဲ့တယ် ၊ ကလေးသင်္ချိုင်းဟောင်းနေရာမှာ အဆောက်အဦးမဆောက်သင့်ဘူး၊ အရင်က အဲ့ဒီသင်္ချိုင်းက ရေမဲပင်ကြီးဘေးမှာ ဆယ်နှစ်အရွယ်ကောင်လေးကို မြှုပ်ထားဖူးတယ်၊ နောက်ပိုင်းအခြောက်အလှန့်တွေကြမ်းလို့ အဲ့ဒီနေရာကို လူတွေရှောင်ကွင်းသွားကြရင်း သင်္ချိုင်းပျက်နေရာ ဖြစ်သွားခဲ့တာ ၊ မင်းတို့ကို ဒီထပ်ငါ ပိုပြီးဘာမှမပြောပြနိုင်ဘူး၊ပြန်ကြတော့”

မိုးဘောင်ဆီက ကျုပ်တို့ဘာမှထပ်မေးလို့မရတော့တဲ့အတွက် ကျုပ်တို့လဲ ပြန်ခဲ့ကြတယ်။
ကျုပ်ဆောက်လက်စရေကန်ကြီးကိုကြည့်ပြီး အတော်လန့်လာတယ်။
ကျုပ်အိမ်မက်ကို ပြန်မြင်ယောင်ပြီး အလုပ်တောင်ဆက်မလုပ်ချင်တော့ဘူး။

(7.11.2022)ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့က ကျုပ်… တောင်ကြီးပြန်လာပြီး သူဌေးနဲ့ သေချာဆွေးနွေးဖြစ်တယ်။

အဲ့ဒီနေရာဟာ ကလေးသင်္ချိုင်းဟောင်းနေရာဖြစ်ကြောင်းနဲ့ မကျွတ်မလွတ်သေးတဲ့ ကလေးဝိညာဉ်က ခြောက်လှန့်နေကြောင်း၊
ရေမဲပင်ကိုခုတ်မိရာက ခြောက်လှန့်မှုတွေအတော်လေး ကြမ်းလာကြောင်းနဲ့ ရေမဲပင်နေရာက အခု ရေကူးကန်ဆောက်နေတဲ့နေရာဖြစ်ကြောင်း။
တစ်ကယ်လို့ အဲ့ဒီရေကူးကန်သာ နောင်တစ်ချိန်အသုံးပြုဖြစ်ရင် အန္တရာယ်ရှိလာနိုင်ကြောင်း ဆွေးနွေးခဲ့တယ်။

လပြည့်ပြီး လုပ်ငန်းခွင်ပြန်၀င်တော့ ပြန်သွားတဲ့ အလုပ်သမားလေးယောက်နေရာမှာ နောက်ထပ်အလုပ်သမားအသစ်လေးယောက် ထပ်ရောက်လာတယ်။

ကျုပ်တို့တွေ ဘုန်းကြီးထပ်ပင့်ပြီး ကလေးအတွက် အလှူပြု အမျှဝေပေးပေမဲ့ ပိုပြီးဆိုးလာတာပဲရှိတယ်။

ဒါကြောင့်သူဌေးက အဆောက်အဦးမှာ လက်စသပ်စရာလုပ်ငန်းလေးတွေ လက်စသပ်ပြီးရင် ဒီလကုန်တာနဲ့ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုလုံးကို အပြီးရပ်နားလိုက်တော့မှာဖြစ်ကြောင်း ပြောလာခဲ့တယ်။

အပန်းဖြေစခန်းဆောက်မယ့်စီမံကိန်းကြီးဟာ ကလေးသင်္ချိုင်းဟောင်းနေရာဖြစ်ပြီး ကလေးဝိညာဉ်ကြောင့် ရပ်နားလိုက်ရတော့မယ်။
အရင်က သူများတွေ ယုံကြည်ကြသလိုပဲ သင်္ချိုင်းဟောင်းနေရာမို့ မကျွတ်မလွတ်တဲ့ ပရလောကသားတွေရှိတယ်ဆိုတာကို ကျုပ်ကိုယ်တိုင်လက်ခံလိုက်ရပါပြီ။

အခု ခင်ဗျားတို့ ဒီစာမူကိုဖတ်နေတဲ့အချိန်ထိ ကလေးသင်္ချိုင်းဟောင်းမြေမှာ ညတိုင်း ငှက်တစ်‌ေကာင်ရဲ့ စူးစူးဝါးဝါးအော်သံတွေကြားပြီး အိမ်မက်ဆိုးတွေ မက်နေကြတုန်းပဲ။

ကျုပ်လဲ ဒီလကုန်ရင် အိမ်မက်ဆိုးမက်တဲ့ ဒုက္ခက လွတ်မြောက်တော့မှာမို့ ပြန်ရမယ့်ရက်ကို ရေတွက်ရင်း…

လေးစားလျက်
စာရေးသူ-  နန်းကြာညို

#crd