သန္ဓေယုတ်သူ မိရင်(စ/ဆုံး)
————————-
” စား ”
“ဝူး ဝူး ဝူး”
“ငါ …..တယ်၊ မျိုစမ်း မျိုစမ်း”
“ဖရူး ဖရူး ဖရူး”
အတင်းထိုးသိပ်ထည့်တော့ သီးကုန်ရော။ ထမင်းတွေကို လေနဲ့မှုတ်လိုက်သလိုဖြစ်ကာ ကြမ်းပေါ်ပြန့်ကျဲသွားလို့ အရိုက်ခံရပြန်တယ်။
“အုံး အုံး အဖွားကြီး အတော်ယုတ်ကန်းနော်သိလား
ငါ့ကိုမနားရအောင်အရမ်းလုပ်
ကဲ ကဲ”
ထမင်းဇလုံနဲ့ ခေါင်းကိုထုပြန်တယ်။ ၀ဋ်ကြွေးပါပဲ။
ဒေါမြတင် တစ်ယောက် နာကျင်၀မ်းနည်းစွာ တွေးနေမိတယ်။ မိရင်ဒီလိုလုပ်လာတာ
တစ်လပြည့်တော့မယ်။
ဒေါ်မြတင် စိတ်ဆင်းရဲလွန်းလို့ ရောဂါက ကောင်းမလာတော့တာ။
အတိတ်ဘ၀ကဆိုရင်တော့မပြောတတ်၊ ခုဘ၀မှာတော့
လူတစ်ဖက်သားကို နိုင့်ထက်စီးနင်းလုပ်ဖို့မပြောနဲ့။
ကိုယ်ကသာနှိမ့်ချ အောက်ကျို့ခဲ့သလို အားလုံးကို ကူညီထောက်ပံ့ပေးခဲ့တာချည်းပါပဲ။
ခု သူ့ကိုနှိပ်စက်နေတဲ့ မိရင်ဆိုရင် သူ့ရဲ့တူမနှစ်၀မ်းကွဲလေ။ ငယ်စဉ်တောင်ကျေးကတည်းက မိဘများပိုးထိဆုံးသွားကြလို့ ကောက်မွေးထားခဲ့သူ။
သူ့မွေးတုန်းက ဆယ်နှစ်အရွယ်။ ခုဆို သူ့အသက်ပဲ သုံးဆယ်ကျော်ခဲ့ပြီ။ စာသင်ပေးလဲ စိတ်မ၀င်စား။ အချုပ်အလုပ်သင်ပေးလဲ
တတ်အောင်မသင်။ လယ်ထဲလဲမလိုက်ချင်။ မိဘမဲ့လေးအပြင် ကူဖော်လောင်ဖက်လေး အနည်းအကျဉ်းတော့ရသားရယ်လို့ ဖြေတွေးတွေးကာ လက်ခံထိန်းကျောင်းထားခဲ့တာ ကြာလှပေါ့။
ဒေါ်မြတင်မှာ သားတစ်ယောက်ရှိပါရဲ့။ မြို့ကြီးမှာ အရာရှိကြီး။ အရာသာရှိတာ ။
ရိုးသားသူမို့ ငွေကြေးကမပြည့်စုံ။
သားလက်ထပ်တုန်းက လက်ဖွဲ့အဖြစ် လယ်ရောင်းပြီးရတဲ့ငွေနဲ့ မြို့သစ်လေးမှာ ဆယ်ပေမြေကွက်တစ်ကွက် ၀ယ်ပေးလိုက်တယ်။ သူတို့လုပ်အားခနဲ့ တစ်ထပ်တိုက်လေးတစ်လုံးတော့ ဆောက်နိုင်သေးလို့ တော်ပါသေးရဲ့။
သူ့မိန်းမလဲ သူ့လက်အောက်ကစာရေးမလေး။ သားသမီးကသုံးယောက် ။ ကျောင်းစားရိတ်။ စားစရိတ်ကြီးတဲ့ မြို့ကြီးမှာ ၀န်ထမ်းလစာလေးနဲ့
လူငါးယောက်တာ၀န်မလွယ်ပါဘူး။
အမေကို အတူလာနေဖို့
သားရောချွေးမလေးရော ခေါ်တာတောင် ဒီမရူးမနှမ်းတူမကို စိတ်မချတာနဲ့ လိုက်မနေခဲ့ဘူး။
သူတို့အိမ်ကျဉ်းကျဉ်းလေးမှာ နေရမှာကို အသက်ရှူကျပ်တာလဲပါတယ်။
ဒေါ်မြခင်မှာ လယ်ရောင်းရငွေတွေ အစိုးရဘဏ်ထဲထည့်ထားတာရှိပါတယ်။
ရွှေတိုရွှေစလေးလဲ ရှိတာပေါ့လေ။
အိုစာမပူရပါဘူး။ သားတို့ကိုတချို့တ၀က် ခွဲပေးတာတောင် မယူကြဘူး။
ချွေးမကအစ ငြင်းတယ်။
“အမေ့မကျန်းရေးမမာရေးသုံးဖို့ ဘဏ်မှာသာအပ်ထားပါအမေရယ်၊ သမီးတို့က ရကုန်၀န်ထမ်းတွေမို့ သုံးတဲ့ထဲပါသွားရင် အမေမကျန်းမာတဲ့အခါ ကုစရာမရှိ ဖြစ်လိမ့်မယ်နော် အမေ”
အင်မတန် လိမ္မာတဲ့ချွေးမရလို့ ဒေါမြတင်ပီတိဖြစ်ရပါတယ်။
ဒါကြောင့် ချွေးမလေး ကလေးမွေးတိုင်း သွားပြုစုပေးခဲ့တာ မြေးသုံးယောက်လုံးဆိုပါတော့။
ဒေါ်မြတင် မြို့ပေါ်သွားနေချိန်ဆို သူ့တူမဟာ အပျော်ကိုလွန်ရော။ အပေါင်းအသင်းတရုန်းရုန်းနဲ့ ။ ပြန်လာတဲ့နေ့ အမောဆို့တဲ့နေ့ပဲ။ တအိမ်လုံးဖွ။ ပွယောင်း ။ အမှိုက်ပုံဖြစ်နေရော။
ဆူလဲ ဆူဆူပဲ။ အကျင့်ယုတ်က သန္ဓေ ဗီဇမှာ တံဆိပ်နှိပ်ထားသလို ထင်ရှားနေသူအဖို့ ပတ်၀န်းကျင်ကပြုပြင်ပေးလဲ မရသလို။
ပစ်လိုက်ဖို့ကလဲ
ဒေါ်မြတင်ကလွဲရင် ဘယ်သူမှ သူ့ကိုကျွေးမွေးမည့်သူမရှိ။
သူကိုယ်တိုင်လဲ သံယောဇဉ်ဖြစ်နေပြီမို့ ဆက်မွေးခဲ့ရတော့တာပါပဲ။ ဒီသုံးဆယ်ကျော်အရွယ်ကြီးကိုပေါ့။
(၂)
” မိရင် ”
“ရှင် အစ်ကိုလေး”
” မေမေ့ကိုဂရုစိုက် ကြားလား
လိုအပ်တာရှိရင် ငါ့ကိုဖုန်းဆက်၊ သေချာဂရုစိုက်နော် ညီမလေး”
“စိတ်ချပါကိုလေးရဲ့၊ မေမေတင်ကို မိရင်သေချာဂရုစိုက်မှာပါ၊ ကိုယ့်အမေပဲဟာ”
သားကြီးပြုံးသွားတယ်။
သူ့ညီမအပြောကလဲ ကျလောက်စရာကိုး။
“အေး အေး ၊ ကိုလေးပြန်မယ်နော်၊ စိတ်ချမယ်ငါ့ညီမလေး’
“စိတ်ချပါဆို”
သားကြီးပြန်သွားတော့ အလိုလို၀မ်းနည်းလာပြန်တယ်။
လွန်ခဲ့တဲ့ ခြောက်လလောက်ကပေါ့။
အသက်ခြောက်ဆယ်ကျော် သန်တုန်းမြန်တုန်း။
စိတ်သွားတဲ့ကိုယ်ပါချိန် မာန်တက်နေခဲ့သမျှ ဘာမဆိုအကုန်စား။ ဗြုန်းဆိုလေဖြတ်မှ အော် ငါ့ခန္ဓာ ငါမပိုင်ပါလားလို့ သံဝေဂရပါတော့တယ်။
သားကို မိရင်က ဖုန်းဆက်တဲ့အခါ သားက ရန်ကုန်ကိုချက်ချင်းခေါ်လာဖို့ ပြောလို့
ရွာကတူတယောက်ရဲ့ကားနဲ့
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်သွားခဲ့တယ်။
မိရင်အကူအညီရလို့ အရမ်းကိုကျေးဇူးတင်ကြတာပါလေ။ သူ့ကြောင့်အသက်ရှင်ရတယ်ဆိုပြီး သူကလဲတဟီးဟီးရယ်ပြီး ဂုဏ်ယူမဆုံး။
ဆေးရုံအချိန်မီရောက်လို့
လိုအပ်တဲ့ဆေးဝါးကုသမှုကြောင့် သက်သာလာခဲ့၊ အသက်မသေခဲ့ပေမဲ့
ခြေထောက်က လမ်းလျှောက်လို့မရ။ စကားကမပီ။ လက်တွေက လိုသလိုလှုပ်ရှားလို့မရ။ အကြီးစားလေဖြတ်သွားခဲ့တာကိုးလေ။
သားအိမ်မှာ ချွေးမလေးကအစ ပြုစုကြပေမဲ့ ကျဉ်းကျပ်တဲ့မြို့ပြမှာ
သူမနေနိုင်။ အိမ်ကကျဉ်း။
ကလေးတွေကဆော့။ ဆူညံသံကို သူမကြားချင်။ ပြီး… ရုံးတစ်ဖက်နဲ့ သားနဲ့ချွေးမခမျာ သူ့အတွက် ၀န်ထုပ်၀န်ပိုးအပြင် သူ့ကိုပြုစုဖို့ ခေါ်လာတဲ့မိရင်အတွက်ပါ စားအိုးကကြီး။
ဒီတော့ သူ့အိမ်ကိုပဲပြန်နေချင်လာပါတယ်။ စကားကသိပ်မပီသေးပေမဲ့ ဗလုံးဗထွေးတော့ ပြောလို့ရနေပြီလေ။ သုံးလလောက် ကြာခဲ့ပြီပဲ။
” အမေသက်သာလာပါပြီ
ရွာကအိမ်မှာပဲ မိရင်နဲ့လေ့ကျင့်ခန်းလုပ်လိုက်ပါ့မယ်
လေကောင်းလေသန့်လေး ရှူရတာပေါ့ကွယ်”
ရောက်စက မိရင်တယောက် သေချာပြုစုပါတယ်။
ဆေးအချိန်ဆေး။ လေဖြတ်လူနာနဲ့ တည့်မဲ့စားစရာ၊ ပြီးတော့ အချိန်နဲ့လိမ်းရမဲ့ဆေးတွေကို သူကိုယ်တိုင်လိမ်းပေးသေးတာ။
သားတို့ကလဲ တစ်လကို နှစ်ခါလောက်တော့ လာကြတယ်။ ချွေးမလေးလဲ လိုက်လာတဲ့ခါ လိုက်လာတယ်။
မိရင်ပြုစုတာကြည့်ပြီး
ကျေနပ်ကြတာပေါ့။
“မေမေတင် သမီးကိုမထားခဲ့ရဘူးနော်၊ ကျန်းမာနေမှဖြစ်မှာ”
မိရင်က အဲဒီလိုလည်း ငိုမဲ့မဲ့နဲ့ပြောတတ်သေးရဲ့။ ပိုသနားပိုချစ်အောင်လုပ်တတ်သူလေး။
ဟိုလက သူ့အစ်ကိုကို မိရင်အတွက် ဖုန်းသိန်းကျော်တန်လေးတစ်လုံး ၀ယ်လာခိုင်းလိုက်တယ်။
သူ့ကိုဆုချတဲ့သဘောပေါ့။
မိရင်ပူဆာနေတာလဲ ပါတယ်လေ။ ဒေါမြတင်မှာက ခလုတ်ဖုန်းစုတ်လေးပဲရှိတော့ ခုပေါ်နေတဲ့ ဖွဘုတ်ဆိုတာကြီးကြည့်မရလို့တဲ့။ ၀ယ်ပေးဖို့ပူဆာတယ်။
သူ့ခမျာ လူနာပြုစုရ အိမ်အလုပ်လုပ်ရ ပင်ပန်းရှာတယ်လို့ ဂရုဏာသက်မိတာနဲ့ ၀ယ်ပေးလိုက်တာ ငါးပါးကိုမှောက်ရော။
ဖုန်းရကတည်းက မိရင်မူပြောင်းလာတယ်။
ညဖက်မအိပ်ပဲ ဖုန်းကြည့်။
ဘယ်သူတွေနဲ့ပြောမှန်းမသိ စကားတွေပြော။
ဒေါမြတင်ကို ဂရုမစိုက်
တော့ဘူး။ စားချိန် ဆေးတိုက် ဆေးလူးချိန် မမှန်တော့ဘူး။ ဖုန်းနဲ့မျက်နှာမကွာစတမ်း။
ဒေါမြတင်က ဆီး၀မ်းကို
သူ့အကူမပါပဲ
ဘာသာမသွားနိုင်သေးသူ။
ခု အဲလိုအချိန်ဆို ငြိုငြင်တယ်။
ဆောင့်တယ်၊ အောင့်တယ်။
“တချိန်လုံးမနားရဘူး
သူ့အလုပ်ချည်းပဲ
ကောင်းပဲမကောင်းနိုင်ဘူး ဟွန့်”
မကြားတကြားပြောရာက
ပေါ်တင်ပြောလာတယ်။
သားတို့သိရင် စိတ်မကောင်းမှာစိုးလို့ မပြောခဲ့ဘူး။
အော် သူ့ခမျာ ငါ့အတွက်
ပင်ပန်းရှာလို့ပြောတာ ပြောပါစေ လို့အောင့်ခံပါတယ်။
ရေချိုးတာကအစ ရေနွေးမတည်ပေးတော့ပဲ ရေစိမ်းနဲ့ပဲချိုးပေးတယ်။ ချမ်းလိုက်တာ။
မပီကလာနဲ့ ဝူးဝူးဝါးဝါးပြောရတယ်။
“ငါ့ကိုရေနွေးတည်ပေးပါမိရင်ရယ် ငါ အေးလွန်းလို့ပါ”
” တိတ်စမ်း
ကုလားထိုင်ပေါ်ကနေ ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေးနဲ့
ဇိမ်ခတ်မနေနဲ့ ကိုယ့်ဟာကိုယ်ထလုပ်ပါလား”
“နင် ဘာတွေဖြစ်နေတာလဲ မိရင်”
လေသမားမို့ ၀မ်းနည်းမျက်ရည်ကျကာ စကားကပိုမပီချင်တော့။ စိတ်ဆင်းရဲတော့
ခုတလော ပိုလေးလာတယ်။
ဒီလထဲမှာကို မိရင်ပိုဆိုးလာခဲ့တာ။ ကိုယ်ထိလက်ရောက်ပါ လုပ်လာခဲ့ပြီလေ။
သားနဲ့ ချွေးမဖုန်းဆက်ရင်လဲ အရင်လို ဖုန်းကိုလာမပေးဘဲ သူပဲပြောတယ်။
“အမေတင် လား
အမလေး နေကောင်းမှကောင်း
သူ အိပ်နေတာအစ်ကိုလေးရဲ့
နှိုးပေးရမလား”
ဒေါ်မြတင်ကို နံဘေးမှာထားပြီးလိမ်တယ်။ သူ့ကိုဒေါသထွက်သလို ၀မ်းကနည်းတော့ စိတ်ထိခိုက်ရတာနဲ့
ဒေါမြတင် အိပ်ရာမှာပဲ လှဲနေမိတော့တယ်။ ဒေါမြတင်ဖုန်းကိုလဲ အနားမှာထားမပေးပဲ အပြင်ကိုယူသွားတယ်။
ဖုန်းဆက်တိုင်မှာ ကြောက်တယ်ထင်ပါရဲ့။
” ရော့ စား၊ ခုထိ ကိုယ့်ဟာကိုယ်ကောက်မစားတတ်သေးဘူး၊ လူကိုပဲအားကိုးနေတာ”
အကြမ်းပတမ်းဆွဲထူပြီး
ထမင်းအတင်းခွံ့တယ်။
ဒေါမြတင် ပါးစပ်ကိုစေ့ထားတော့ ခေါင်းကိုခေါက်တယ်။
ဆူဆဲတယ်။ ဖုန်းသံလဲကြားရော ထမင်းပန်းကန်ပစ်ချပြီး
ဖုန်းသွားပြောရော။ အတိုင်းသားကြားနေရတာကတော့ …
“အယ် ကိုကိုကလဲ
ခနလေးနောက် ကျတာကိုများ”
…….
“အင်း ပေါ့
အဲဒီအဖွားကြီးကို ထမင်းကျွေးနေရတာလေ”
……
” စိတ်ချ သူနဲ့မတည့်တဲ့ ဘဲသားထည့်ပြီး ဆန်ပြုတ်ပြုတ်ကျွေးတာ….
………
“ဟိဟိ ဒါမှ သူမြန်မြန်ကြွရင် ဒီအိမ်ကြီးကို သူ့သားဆီကတောင်းပြီး ကိုကိုနဲ့နေမယ်လေ”
…….
“ဟုတ်ပါရဲ့ကိုကိုရယ်
သူ့အလုပ်ချည်းပဲ တနေကုန်၊
ချစ်မှာ မနားရဘူး
ကိုကိုနဲ့ဖုန်းပြောချိန်တောင်မရှိဘူး”
…….
“အင်းပါ
ညနေလာခဲ့လေ ချစ်လက်ရာဘဲသားဟင်းကို စပယ်ရှယ်ကျွေးမယ် သိလား”
ဘုရား ဘုရား၊ ဒီကောင်မလေး ငါ့ကိုတစက်မှ မခန့်တော့ပါလား။ လုပ်ချင်ရာလုပ်နေတော့တာပဲကိုး။
ငါနဲ့မတည့်တဲ့ ဘဲသားကိုထည့်ပြုတ်ထားတဲ့ထမင်း ငါ့ကိုကျွေးနေတာတဲ့။
မိုက်လိုက်တာမိရင်ရယ်။
သူစိမ်းက်ိုပါ အိမ်ခေါ်နေတော့ မခက်လား။
သားကြီးဆီ ဖုန်းဆက်ဦးမှ။
အပြင်ဖက်စားပွဲပေါ်က အထိုင်ဖုန်းဆီ ရောက်ဖို့ ဝှီးချဲကို အားနဲ့တွန်းရတယ်။ ချွေးသီးချွေးပေါက်ကျအောင် အားထုတ်ရတယ်။
ခုတလော စိတ်မချမ်းသာရလို့
ပို အားနည်းလာပုံပဲ။ ခြေလက်ကိုမသယ်ချင်ဘူး။
သားကြီးကို လာခေါ်ဖို့ပြောတော့မယ်။ မိရင်နဲ့နေရင် သူ့အသက်ရှည်မယ်မထင်ဘူး။
ဖုန်းခွက်ကိုင်ဖို့ လက်ကို မ,နေတုန်း မိရင်တွေ့သွားခဲ့ပြီ။
” မေမေတင် အဲတာဘာလုပ်မလို့လဲ
အံမာ ဖုန်းတောင်ဆက်တော့မယ်ပေါ့
ဒီလောက် နေကောင်းနေတာများ ဟန်ဆောင်နေသေးတယ်”
“ဘာလဲ
အစ်ကိုလေးကို မိရင်မကောင်းကြောင်း တိုင်မလို့လား
တိုင်လေ မကြောက်သေးဘူး
ဒီမှာတွေ့လား
မေမေတင့် သေတ္တာသော့
မိရင်ဆီမှာ”
ဟင်…
ဆန်ထည့်တဲ့ပုတ်တွေအောက်မှာ ဖွက်ထားတဲ့သော့ ဒင်းရသွားပြီပေါ့ ကြည့်စမ်း။
“ဗြန်ပေးနော် မီးရိန်
ငါ့ သော့ ဗြန်ပေး”
“ဟား ဟား ဟား
ဂျကားတောင်အပီပဲနဲ့ သော့ဘာလုပ်မလို့လဲ ကလေးရဲ့”
ကြည့်စမ်း ကျေးဇူးကန်းမလေး။ ဒေါသပိုထွက်လာလေ
ခေါင်းကထိုးကိုက်ကာ စကားလေးလာလေ။
“ရော့ သော့၊ မိရင်မလိုတော့ဘူး ဒီသော့ကို၊ ဒီမှာ ခနနေ မိရင်ကို ကိုကိုလာခေါ်တော့မှာ သိလားမေမေတင်၊
မေမေတင့်ဆီမှာ ထမင်းစားကျွန်ခံလာတာ နှစ်နှစ်ဆယ်ကျော်ပြီ၊ ဒီရွှေလောက်ကတော့ မိရင်ကိုပေးသင့်တာပေါ့ မေမေတင်ရဲ့ ဟင်း ဟင်း ဟင်း”
ဒေါ်မြတင်ပျိုရွယ်တုန်းက ၀တ်ခဲ့တဲ့ နှစ်ကျပ်သားသံကြိုးတစ်ကုံး။ ကျောက်နီလက်စွပ်နှစ်ကွင်း။ ကြံဆစ်လက်ကောက် တစ်မတ်သားလေးကွင်းနဲ့ ဥဿဖယား နားဒေါင်းတစ်ရံထည့်ထားတဲ့အထုပ်လေးကို မိရင်ကလက်မှာကိုင်ထားတယ်။
“မိရင် ဂျေးဂျူးကန်းမ ”
“ဒီလောက် ချေးသေးကအစ
လုပ်ပေးနေတာတောင် ဒါလေးတွေကို မသထာဘူးလားဟင်မေမေတင်”
“မေမေတင့်သားကို ဘဏ်ကငွေကိုပေးလိုက်ပေါ့၊ ဒါလေးတော့ မိရင်ကိုပေးသင့်တာပေါ့
သူတို့က ဘာလုပ်ပေးလို့လဲ
မိရင်ပဲ အကုန်လုပ်ပေးနေရတဲ့ဟာကို၊ ချေးအစသေးအဆုံး
ဒါတောင်မသထာဘူးဟုတ်လား”
နားရွက်ကိုလာလိမ်ပြန်တယ်။ နာလွန်းလို့ မျက်ရည်ကျရတယ်။
မိုက်လုံးကြီးတဲ့မိရင်။ ဖုန်းထဲက အကောင်တစ်ကောင်နဲ့ပေါင်းပြီး မိုက်လုံးကြီးနေတာကိုး။ ဘယ်က ကလေကချေမှန်းမသိ။
အော် မိရင်။ ငါမသေခင် နင့်ကိုပေးဖို့တွေးထားပေမဲ့ ခုနင်နဲ့ဒါတွေ မတန်တော့ဘူး။ စေတနာ မမှန်။ ရလိုမှုနဲ့ ဟန်ဆောင်နေခဲ့တာကို
ငါသိရပြီလေ။
မျက်ရည်တွေစီးကျလာခဲ့တယ်။ ပစ္စည်းမနမျောပါဘူး။
ငါမွေးတဲ့မျောက် ပြန်ခြောက်ခံနေရတာကို ရင်နာတာ။
“ဒီနေ့ကစပြီး ကိုယ့်ဟာကိုယ်လုပ်တော့ ကြားလား
မိရင်လဲ ယောက်ကျားနောက်
လိုက်တော့မှာ”
“…. … ရော့ စား၊ ဟဲ့ ပါးစပ်ဟလေ ဟ အင့်”
ဘဲသားဆန်ပြုတ် ငါမစားဘူး။ ပါးစပ်ကိုတင်းတင်းစေ့ထားလိုက်တယ်။
အတင်း ဇွန်းကို ပါးစပ်ထဲလာထည့်တော့ ချော်ပြီပေါ့ ။သွားဖုံးကိုထိကာ ပေါက်သွားတယ်။
” စား …ခုစားစမ်း”
“ဝူး ဝူး ဝူး”
” ငါ တယ်၊ မျိုစမ်း မျိုစမ်း”
“ဖရူး ဖရူး ဖရူး”
အတင်းထိုးသိပ်ထည့်တဲ့အတွက် သီးကုန်ရော။ ထမင်းများကို လေနဲ့မှုတ်လိုက်သလိုဖြစ်ကာ ကြမ်းပေါ်ပြန့်ကျဲသွားလို့ အရိုက်ခံရပြန်တယ်။
” အုံး အုံး အဖွားကြီး အတော် ယုတ်ကန်းနော်သိလား…
ငါ့ကိုမနားရအောင်အရမ်းလုပ်
ကဲ ကဲ”
ထမင်းဇလုံနဲ့ ခေါင်းကိုထုပြန်တယ်။ ၀ဋ်ကြွေးပါပဲ။
ဒေါမြတင် တစ်ယောက် နာကျင်၀မ်းနည်းစွာ တွေးနေမိတယ်။
၀မ်းနည်းလို့ မျက်ရည်တွေ
နှပ်တွေစီးကျလာခဲ့ပါတော့တယ်။ သားကြီးရေ မေမေ့ကို လာခေါ်ပါ။
“မိရင်ရေ …”
ဟော သားကြီးအသံ။
သူ့ရင်ထဲကအသံကို သားကြီးကြားသွားပြီထင်ပါရဲ့။
နံရံပေါ်ကြည့်လိုက်တော့
ပြက္ခဒိန်မှာ တနင်္လာရက်ကိုမြင်ရတယ်။ ဒီနေ့ရုံးဖွင့်ရက်ကြီး။ ငါ့သားဘာများဖြစ်လို့ပါလိမ့်။ စိတ်ပူရပြန်တယ်။
မိရင်ဟာ ဒေါ်မြတင်ပါးပေါ်ကမျက်ရည်နဲ့ နှပ်တွေကို ကြင်ကြင်နာနာသုတ်နေသလိုဟန်ဆောင်ရင်း အံကြိတ်ပြောနေတယ်။ လက်တဖက်ကလဲ ပေါင်ကို ဆိတ်ထားတာ အရမ်းနာ။
“အဖွားကြီး
ဟန်မပျက်နေ ငါ့အကြောင်းတိုင်လို့ကတော့ သူတို့ပြန်တာနဲ့ သိရမယ်မှတ်”
သားကြီးနဲ့သူ့မိန်းမတို့၀င်လာကြပြီ။
” အော် ပြန်မထူးပါဘူးမှတ်တာ ငါ့ညီမက အခန်းထဲမှာ အမေ့ကိုပြုစုနေရတာကိုး သာဓုပါကွယ်”
” ဟုတ်တယ်ကိုလေးရေ
မေတင်က ကလေးလိုဖြစ်နေပြီလေ သူ့နားက ခွာလို့ကိုမရဘူး၊
ကြည့်ပါလား
ကလေးကျနေတာပဲ ကိုလေးတို့လာသံကြားလို့ ငိုနေတာနဲ့ မျက်ရည်တွေနှပ်တွေ ကျလာရော၊ သုတ်ပေးနေရတာလေ ဟင်း ဟင်း ဟင်း”
ချွေးမလေးက စားစရာထုတ်တွေကို မိရင်လက်ထဲအပ်တယ်။
“အဲဒီမှာ အမေ့အတွက် အသီးအနှံတွေနဲ့ insureဗူး။
သိမ်းလိုက်ဦးမိရင်၊ နင့်အတွက်လဲ မုန့်တွေပါတယ်
နင်ခနနား၊ ငါတို့က ရုံးကိစ္စနဲ့လာရင်း ၀င်လာတာမို့ ခနနေပြန်မှာ၊ အမေနဲ့ခနနေဦးမယ်”
အဖွားကြီးနားမှာ သူတို့ကိုထားခဲ့လို့ဖြစ်မတဲ့လား။ သူ့ရွှေထုတ်ယူထားတာကို တိုင်တော့မှာပေါ့။
“ရပါတယ်မမ
မိရင်က အသားကျနေပါပြီ
မေတင့်အလုပ်ဆို ကိုယ်တိုင်လုပ်ရမှ”
အဲဒီအချိန်မှာပဲ…
” ဘယ်မှာနေနေ ဘာတွေလုပ်လုပ် မင်းလေးသတိရတော့ ဒီနာမည်လေးပဲ ပြန်ခေါ်ဦး
သိပ်ချစ်ခဲ့ဖူးတဲ့ကောင်မလေးအကြောင်းမမေ့နဲ့နော်
အရေးထဲ ဖုန်းသံကအကျယ်ကြီးထအော်တယ်။
ဖုန်း ringtone အသံကြီးကို မကြိုက်လို့ထင်ပါရဲ့။ ချွေးမလေးက မိရင်ကို ခပ်တင်းတင်းလိုက်ကြည့်နေပြီး အပြင်ထွက်သွားတယ်။
မိရင်ဟာ မလုံမလဲနဲ့ ဖုန်းသွားပြောနေတယ်။
ကိုလေးမိန်းမက သူဖုန်းပြောနေတဲ့အနီးမှာရှိနေကာ
သူ့ကိုအကဲခတ်နေတာ သူမသိဘူး။ မိရင်ဖုန်းပြောနေတဲ့နံရံတဖက်မှာ ရှိနေခဲ့တာကိုး။
” အော် ကိုကိုကလဲ
ခု သူ့သားတွေပြန်မှ ၀င်လာခဲ့ပါဆို၊ ခနလေးပါ သူတို့ပြန်ကြမှာ ခြံပြင်မှာ ခနပုန်းနေလိုက်နော်
နော် လို့”
မိရင်ဖုန်းပြောပြီး
လှည့်ကြည့်လိုက်တော့ အဖွားကြီးကို သူ့သားကထမင်းဆက်ခွံ့နေတယ်။
အဖွားကြီးက ခေါင်းခါကာ ပါးစပ်ကိုစေ့ပြီး
ငိုပဲငိုနေရော။
“ပေး ကိုလေး ပေး ၊မေတင်ကခုတလော ရာသီဥတုအေးလို့လားမသိဘူး၊ ထမင်းမစားချင်ဘူး အရမ်းဂျီတိုက်တာကိုလေးရဲ့”
” ထမင်းမစားချင်တဲ့နေ့ဆို
Insure လေးတိုက်လိုက် ၊အုတ်ဂျုံလေးကျိုကျွေးလိုက် လုပ်ပေးနော်မိရင်၊ အုပ်ဂျုံထပ်၀ယ်လာတယ် အိတ်ထဲမှာ”
“ဟုတ် မမ”
ယောင်းမက ပြန်၀င်လာပြီးပြောတယ်။
ဟွန့်၊ ပါးစပ်ကပြောတတ်ပါ့။ သူမလုပ်ရတိုင်း။ လေက လူတိုင်းလွှတ်တတ်တယ်ယောင်းမရေ့ လို့စိတ်ထဲကပြောပြီး
မိရင်အပြုံးတို့မပျက်ပါ။
ယောင်းမ အိမ်ခန်းအပြင်ပြန်ထွက်သွားတော့…ကိုလေးက မေတင့်စောင်တို့ကိုခေါက်ပေးနေတဲ့အချိန်..
ထမင်းဇွန်းကိုကိုင်ကာ အဖွားကြီးကို မျက်လုံးပြူးကြည့်ရင်း …တိုးတိုးလေး ကျိတ်မာန်လိုက်တယ်။
“စား နော်၊ ဂဂျီဂဂျောင်မကျနဲ့ ဟင်း …. အကြောင်းသိသွားမယ်၊ ထွေးထုတ်ရင် နာမယ်မှတ်”
ဒေါ်မြတင်ဟာ မဟချင်ပဲပါးစပ်ဟပေးလ်ိုက်ရရှာတယ်။
ဒါကိုသားတော်မောင်က သူကျွေးတာကျမစား၊ သူ့ညီမကျွေးမှစားတယ်ရယ်လို့ ကြည်နူးနေရှာတယ်လေ။
“မိရင်ရယ်
ကိုလေးတို့ကိုယ်စား အမေ့ကိုပြုစုပေးလို့ အရမ်းကျေးဇူးတင်ပါတယ် ငါ့ညီမရယ်”
“ရပါတယ်ကိုလေးရယ်
ပြောစရာလား၊ မိရင်က ကိုယ့်အမေရင်းလို့ကိုသတ်မှတ်ထားတာပါနော်”
မိန်းမယုတ်လေး။ နင်တော့ ဗလောင်းဗလဲနဲ့ ငရဲကြီးဦးမယ်မိရင်။
သားတို့ကို တပါတည်းခေါ်သွားဖို့ ပြောပြချင်ပေမဲ့ မိရင်ကအလွတ်မပေး သလို၊ အလုပ်ကိစ္စနဲ့လာသူတွေကို ဒုက္ခမပေးချင်တာကြောင့် ငြိမ်နေလိုက်ရတယ်။
(၃)
“ကဲ ငါတို့ပြန်မယ်မိရင်”
“ဟုတ်ကဲ့ ကိုလေး”
” မိရင် အမေ့ကိုသီးမွှေးလေးကျွေးလိုက်ဦးနော်”
“ဟုတ်ကဲ့ပါမမ”
“အမေ သားတို့သွားတော့ မယ်နော်”
” သမီးတို့ ကြားရက်မှာပိတ်ရက်ရှိတယ်အမေ၊ အိမ်မှာတလှည့်လိုက်နေပါဦးနော်၊ လာခေါ်မယ်နော်အမေ”
“အိမ်း အိမ်း မြန်မြန် မြန်မြန်”
နေက မှောင်ကာစပြုနေပြီ။
သားနဲ့ချွေးမ ဆင်းသွားတော့
မိရင်တစခန်းထ ရော။
သီးမွှေးတလုံးအခွံနွှာပြီး ပါးစပ်ထဲ အတင်းထိုးထည့်တယ်။ ထွေးထုတ်လိုက်တော့
ခေါင်းခေါက်ပြန်ရော။
“မိုက်ရိုင်းတဲ့အဖွားကြီး
ကဲ ကဲ၊ မစားရင်နေ
ငါပဲစားမယ် ”
ငှက်ပျောသီးများကို တစ်ထိုင်ထဲနဲ့ သုံးလုံးလောက် စားရင်း သူ့ကောင်လေးကို အိမ်လာဖို့ ဖုန်းခေါ်နေတော့တယ်။
ဒေါ်မြတင်ဟာ စိတ်လှုပ်ရှားလွန်းလို့ တုန်ရီလာရာက ဆီးမထိန်းနိုင်တော့ပဲ စီးကျလာခဲ့တယ်။
“ဟော ဧည့်သည်လာပါမယ်ဆိုမှ မိန်းမယုတ်ကြီး
သေးတွေပေါက်ချတယ်ဟုတ်လား ကဲ ကဲ”
ထမင်းဇလုံကိုကောက်ပြီး
ထုခံရပြန်တယ်။
” မိရင်”
” ရှင်”
ယောင်းမက မပြန်ပဲဘာလာလုပ်ပြန်တာလဲ။ မိရင်လုပ်တာ မြင်များသွားပလား အကဲခတ်လိုက်တော့ မြင်ဟန်မတူဘူး။ တော်ပါသေးရဲ့။
“ငါ လက်ကိုင်အိတ်ကျန်ခဲ့လို့ အခန်းထဲမှာ
” အော် ဟုတ် ဟုတ် ”
ယောင်းမရှေ့မှာမို့ ကြမ်းပေါ်ကသေးတွေကို ငုံ့သုတ်ပေးပြီး သေးစို၀တ်တွေကို ယောင်းမအကူအညီနဲ့
လဲလှယ်ပေးလိုက်တယ်။
“အမေ နေကောင်းအောင်နေနော်၊ သမီးသွားမယ်”
(၄)
“ဟင်းဟင်းဟင်း
ချွေးမလိမ္မာလေး ခေါ်မသွားလို့ ငိုနေတယ်ပေါ့ဟုတ်လား
မေမေတင်ခမျာ တိုင်ချင်တာလဲ မတိုင်လိုက်ရဘူး
သနားပါတယ်၊ အသက်ကကြီး ရောဂါလဲရနေပြီ မြန်မြန်ကြွသင့်ပြီ သိလား မေမေတင်
ဘဲသားဆန်ပြုတ် ကောင်းတယ်မဟုတ်လား၊ ထပ်ကျွေးဦးမှာ သိလား”
ငှက်ပျောသီးကိုဖြုတ်ပြီး
ထပ်စားရင်း မထေ့တထေ့ပြောနေတဲ့အမိုက်မ။
မူးဝေသွားပုံရတယ်။ ဒူးထောက်ကျသွားရော။
သားကြီး၀င်လာပြီး
ခေါင်းကိုရိုက်ထည့်လိုက်တာကိုး။
ချွေးမက ဖုန်းကို ဒေါ်မြတင်ဒူးအောက်ပိုင်းမှာ ခြုံထားတဲ့ စောင်ခေါက်ထဲက ထုတ်လိုက်တယ်။
“ဒီမှာ တွေ့လား
မိန်းမယုတ် ..
ငါပြန်၀င်လာတာ နင့်ကို မသင်္ကာလို့ပဲ၊ နင့်အမေ့ကို အံကြိတ်မျက်လုံးကြီးပြူးပြီး ကြည့်နေတာ မြင်ကတည်းက မသင်္ကာဘူး၊ နင့်ကောင်နဲ့စကားပြောနေတာလဲ ငါအကုန်ကြားတယ်၊ ဒါ့ကြောင့်
ငါ့ဖုန်းကမက်ဆင်ဂျာမှာ
ဗွီကောဖွင့်ထားပြီး အမေ့စောင်ခေါက်ထဲ လာထည့်ထားခဲ့တာ၊ နင့်က်ိုလေးမက်ဆင်ဂျာနဲ့ ဂျွိုင်းထားခဲ့တာမို့ သူ့ဖုန်းကနေ နင်ပြောသမျှ အကုန်ကြားနေရတယ်လေ”
“ကျေးဇူးကန်းမ
ကျေးဇူးတရားမသိတဲ့ကောင်မ၊ ငါ့အမေကို နင်က အမြန်သေအောင်ဘဲသားဆန်ပြုတ်ကျွေးတယ်ပေါ့ဟုတ်လား
ရော့ နင်စား .…စားစမ်း”
သားကြီးဟာ ဒေါသမထိန်းနိုင်ပုံနဲ့
ဆန်ပြုတ်တွေကို မိရင်ခေါင်း
ပေါ်သွန်ချကာ ပါးကိုဘယ်ပြန်ညာပြန်ရိုက်တယ်။
“ရော့ သန္ဓေယုတ်မ စား နင်ပဲစား”
ငှက်ပျောသီးအလုံးလိုက်ကိုပါ ပါးစပ်ထဲထိုးထည့်တော့ မိရင်ဆိုတာ ရုပ်ပျက်ဆင်းပျက်ပေါ့။
“အမေလာ သမီးသန့်ရှင်းရေးလုပ်ပေးမယ်”
” သ သမီး မိရင် မိရင်ဆီမှာ အမေ့ရွှေထုပ်”
ဒီစကားပြောဖို့ မနည်းကြိုးစားရတယ်။သားကြီးက သူ့ကိုနှင်ထုတ်နေပြီလေ။ သူကရွှေထုပ်ယူပြီး အပြင်မှာစောင့်နေတဲ့ သူ့ကောင်နဲ့ထွက်ပြေးရင် ဆုံးပြီပေါ့။
“ညီမလေးမှားပါတယ်ကိုလေးရယ် တောင်းပန်ပါတယ်နော်”
“သွား နင်..ခုထွက်သွား ငါနင့်ကို လုပ်မိတော့မှာ အမြန်သွား”
” ဟုတ် ဟုတ်ကဲ့”
မိရင်ပေါ့ပါးစွာနဲ့ အိမ်ပြင်ကို ပြေးထွက်လိုက်တယ်ဆိုရင် အပေါက်၀မှာ ယောင်းမကပိတ်ရပ်ထားတယ်။
“နင့်ဆီက အမေ့ရွှေထုတ်ပေးပြီးမှ ထွက်ရမယ်”
“ဘာ ရွှေထုတ်ဟုတ်လား”
“ဟုတ်တယ်အစ်ကို အမေ့သေတ္တာသော့ ရအောင်ရှာပြီး
သူယူထားတာ၊ သူ့ကောင်ကအပြင်မှာစောင့်နေတာတဲ့
အတူထွက်ပြေးမလို့လေ”
“ကြည့်စမ်း သူယုတ်မာမ
ကဲ….”
လွှဲရိုက်လိုက်ပြန်တော့ ပုံကျသွားလေရဲ့။ ဒီတော့မှ ရင်ဘတ်ထဲ ဝှက်ထားတဲ့ ရွှေထုပ်ကို ထုတ်ပေးတယ်။
သားကြီးဟာ သူ့အမေကို ရက်ရက်စက်စက်ပြုမူတာ
မြင်လိုက်ရလို့ ဒေါသကမပြယ်နိုင်။ မိရင်ခမျာ လိမ့်နေအောင်အရိုက်ခံနေရတယ်။
“တော်ပြီ မရိုက်နဲ့တော့
ဥက္ကဌကိုသာဖုန်းဆက်လိုက်ပါအစ်ကို၊ လက်လွန်သွားရင် ကိုယ့်အပြစ်ပြန်ဖြစ်နေဦးမယ်”
မိရင်တယောက်ကြောက်ပြီး ခြေသလုံးဖက်တောင်းပန်လဲ ဒေါမြတင် လှည့်မကြည့်တော့ပါ။ ရပ်ကျေးဥက္ကဌက နယ်မြေရဲကိုပါခေါ်လာပြီး
မိရင်ကိုခေါ်သွားတော့တယ်။
ဒါ့အပြင် ခြံဝမှာယောင်လည်လည်လုပ်နေတဲ့
သူ့ကောင်ပိုင်းလုံးကိုပါ ဖမ်းသွားကြတယ်။
ကျေးဇူးရှင်ကို ကျေးဇူးစွပ်တတ်တဲ့မိရင်လို ဗီဇမကောင်းသူများအဖို့ လောကငရဲလို့ခေါ်ရမဲ့ အချုပ်ခန်းကစောင့်ကြိုလို့နေပါတယ်။
စေတနာမကောင်းသူ မိရင်တယောက်
သူ့အပြစ်ကြွေးကို သူကျေအောင်ဆပ်ပါလေတော့။
ချစ်တဲ့, #တင်မိမိအောင်
၉.၂.၂၀၂၄
၃:၅၆pm