သရဏဂုံရွတ်ဖတ်ခြင်း၏အကျိုးကျေးဇူး (စ/ဆုံး)
———————————————
ဗာရာဏသီပြည်အနီးမှ တောအုပ်ကြီး
တစ်ခုအတွင်းတွင် ဦးသက္ကနှင့် မောင်ဝဏ္ဏ
တို့ ဆင်းရဲသား သားအဖမှာ
ထင်းများ ခုတ်ထွင်နေကြသည်။ သူတို့ သားဖမှာ ဗာရာဏသီမြို့ထဲတွင် နေထိုင်ပြီး မနက်ပိုင်းတွင် တောထဲမှ
ထင်းများကို ခုတ်ယူကာ ညနေပိုင်းတွင်
ဗာရာဏသီမြို့ထဲသို့ နွားလှည်းဖြင့် သယ်ယူပြီး ရောင်းချလေသည်။
မောင်ဝဏ္ဏလေးမှာ အသက်(၅)နှစ်မျှသာ
ရှိသေးသော်လဲ ဘုရား တရားအလွန်ကြည်ညိုပြီး သရဏဂုံကို အမြဲရွတ်ဆို
နေလေ့ရှိသည်။ လိမ္မာသော ကလေး
ဖြစ်သဖြင့် ဖခင်ကြီးဦးသက္ကကို ထင်းများ
ကူသယ်ပေးခြင်း ရောင်းချပေးခြင်းဖြင့်
တတ်နိုင်သမျှ ကူညီလုပ်ကိုင်ပေးနေလေသည်။
ယခုလဲ လှည်းဆွဲသော နွားနှစ်ကောင်ကို တောစပ်ရှိ စားကျက်တွင် လွှတ်ထားခဲ့ပြီး တောထဲသို့ဝင်၍ ထင်းများကို ရှာဖွေခုတ်ထစ်နေကြလေသည်။
နေ့လယ်ခင်းတွင် အိမ်မှ ထုတ်ယူလာသော ထမင်းထုပ်ကလေးကို ဖြည်၍
သားဖနှစ်ယောက် စားသောက်ကြ
ပြီး ခဏနားကြကာ ညနေပိုင်းတွင်
ထင်းများကို ထပ်မံ၍ ခုတ်ယူကြသည်။
“သားရေ မောင်ဝဏ္ဏ နေလဲစောင်းပြီ
ထင်းတွေလဲ အတော်ရနေပြီ လှည်းပေါ်တင်ပြီး မြို့ထဲဝင်ရောင်းကြစို့ တော်ကြာ
မြို့တံခါး ပိတ်သွားရင် ခက်နေမယ် သား
ဒီကစောင့်နေ အဖေ နွားတွေနဲ့ လှည်းနဲ့ သွားယူလိုက်ဦးမယ်”
“ဟုတ်ကဲ့ အဖေ”
ဦးသက္ကလဲ မောင်ဝဏ္ဏကို ထင်းပုံအနားတွင် ထားခဲ့ပြီး နွားများလွှတ်ကျောင်းထား
သော တောစပ်သို့ ထွက်လာခဲ့သည်။ တောစပ်သို့ ရောက်သောအခါ ဦးသက္က
မျက်လုံးပြူးသွားရလေသည်။ သူလွှတ်ကျောင်းထားသည့် လှည်းဆွဲသော နွားနှစ်ကောင်မှာ စားကျက်ထဲတွင် မရှိတော့ပေ။
“ဟင် ငါ့နွားနှစ်ကောင် ဘယ်ရောက်သွားပါလိမ့်”
ဦးသက္က တစ်ယောက်ထဲ ရေရွတ်ညီးတွားရင်း အနီးအနားသို့ လိုက်လံရှာဖွေကြည့်သော်လဲ အရိပ်အယောင်မျှပင် မတွေ့ရ။
“အနီးအနားမှာလဲ မတွေ့ဘူး အိမ်ကိုပဲ
ပြန်သွားကြလား မသိဘူး အိမ်ကို အမြန်
သွားကြည့်မှ တော်ကြာ မြို့တံခါးပိတ်သွားရင် တောထဲမှာ အိပ်နေရလိမ့်မယ်”
ဦးသက္ကလဲ အိမ်သို့ အမြန်ပြန်လာခဲ့ပြန်ခဲ့သည်။ အိမ်မှာလဲ နွားများကို မတွေ့ရ။
ထို့ကြောင့် အနီးအနားမှ အိမ်များသို့
လိုက်လံမေးမြန်း ရှာဖွေလေသည်။ သို့သော်လဲ နွားများကို ရှာမတွေ့။ ထို့ကြောင့်ဦးသက္ကမှာ စိတ်ပျက်လက်ပျက်
ဖြစ်သွားပြီး
“ဟူး နွားတွေလဲ ရှာမတွေ့ဘူး မြို့တံခါးကလဲ ပိတ်တော့မယ် ငါ့သားလေးကို အမြန်
သွားခေါ်မှပါလေ မနက်ဖြန်ကျမှ နွားတွေ
ရှာပြီး ထင်းတွေသွားသယ်တော့မယ်”
ဦးသက္ကလဲ မောင်ဝဏ္ဏဆီသို့ အမြန်ပြန်သွားလေသည်။ သို့သော် သူ မြို့တံခါး
သို့ရောက်သောအခါတွင် မြို့တံခါးမှာ
ပိတ်သွားလေပြီ။ ဦးသက္ကမှာ သားဖြစ်သူ
မောင်ဝဏ္ဏအတွက် စိုးရိမ်သွားပြီး တံခါးမှူးဆီသို့ တောင်းပန်၍ ပြောဆိုသော်လဲ တံခါးမှူးက မင်းပြစ် မင်းဒဏ်သင့်မည်ကို ကြောက်သဖြင့် ဖွင့်မပေးချေ။ ထို့ကြောင့်
ဦးသက္ကမှာ မည်သို့မျှ မတတ်နိုင်ပဲ မြို့ထဲ
မှာသာ အိပ်ရလေတော့သည်။ ဦးသက္ကမှာ
တစ်ညလုံး အိပ်၍မပျော်နိုင်ပဲ သားဖြစ်သူ
မောင်ဝဏ္ဏလေးအတွက် စိုးရိမ်ပူပန်နေမိလေသည်။
********
မောင်ဝဏ္ဏလေးမှာ ထင်းပုံအနားတွင်
ထိုင်လျှက်မှ ဖခင်ပြန်အလာကို စောင့်မျှော်နေသည်မှာ တစ်ဖြည်းဖြည်းနှင့် နေဝင်ချိန်ပင် နီးလာချေပြီ။ ဖခင်ဦးသက္ကမှာ ပြန်ရောက်မလာသေး။ ဗိုက်ကလဲ ဆာလှချေပြီ။ တစ်ဖြည်းဖြည်းနှင့် မိုးစုန်းစုန်းချုပ်သွားလေပြီ။
”ဗုဒ်ဓသရဏံ ဂစ်ဆာမိ ဓမ်မံသရဏံ ဂစ်ဆာမိ
သံဃံသရဏံ ဂစ်ဆာမိ”
မောင်ဝဏ္ဏလေးမှာ ကြောက်ကြောက်နှင့် သရဏဂုံကို ရွတ်ဆို၍နေမိလေသည်။ ထိုသို့ဖြင့် ညာဥ့်နက်၍ပင် လာခဲ့ပြီ။
ဦးသက္ကမှာ ရောက်မလာသေး။
မောင်ဝဏ္ဏလေးမှာ ကြောက်လဲကြောက်
ဗိုက်ကဆာဆာဖြင့် ထင်းပုံအနီးတွင်
ဖခင်ဦးသက္ကကို စောင့်မျှော်နေရာမှ
သရဏဂုံရွတ်ဆိုရင်း အိပ်ပျော်သွားလေတော့သည်။
*****
ညသည် တိတ်ဆိတ်လျှက်ရှိသည်။
တောအုပ်ကို အပိုင်စားရထားသော ဘီလူးကြီးတစ်ကောင်မှာ အစာရှာထွက်လာရင်းမှ ထင်းပုံအနားတွင် အိပ်ပျော်နေရှာသော မောင်ဝဏ္ဏလေးကို တွေ့မြင်သွားလေရာ
”ဟယ် ငါ့ရဲ့ ပိုင်နက်တောအုပ်အတွင်းမှာ
လာပြီး အိပ်မောကျနေတဲ့ မနုဿလူသား
ကလေးငယ်လေးပါလား ငါ့ရဲ့ အစာဖြစ်ရပြီပေါ့”
ဟု ကြုံးဝါးပြီး မောင်ဝဏ္ဏလေးကို ခြေထောက်မှ ဆွဲယူလိုက်လေသည်။
မောင်ဝဏ္ဏလေးမှာ ဘီလူးကြီးမှ ခြေထောက်ကို ဆွဲကိုင်လိုက်သဖြင့် ပါးစပ်မှ ယောင်၍
‘ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ’
ဟု ရွတ်ဆိုလိုက်လေရာ
”အောင်မလေး ပူလိုက်တာ အားး”
မောင်ဝဏ္ဏလေး၏ ခြေထောက်ကို ဆွဲကိုင်
လိုက်သော ဘီလူးကြီးမှာ မီးကျီးခဲ ကို
ကိုင်လိုက်ရသည့်အလား ပူလောင်သွားသဖြင့် အလန့်တစ်ကြား လွှတ်လိုက်မိသည်။ ဘီလူးကြီးမှာ ဒေါသထွက်သွားပြီး နောက်ထပ်တစ်ခါ ထပ်မံ၍ ဆွဲလိုက်ပြန်ရာ
“ဓမ်မံ သရဏံ ဂစ်ဆာမိ”
“အားးးး ပူလိုကျတာ”
မောင်ဝဏ္ဏလေးက ရွတ်ဆိုလိုက်ပြန်ရာ
ဘီလူးကြီးမှာ ပူလောင်သွားပြန်သဖြင့်
အော်ဟစ်၍ လွှတ်လိုက်ရပြန်လေသည်။
“တယ် ဒီလောက်ဖြစ်လှတာ ငါ့အကြောင်း
သိစေရမယ် လာလေရော့ဟယ်”
ဘီလူးကြီးမှာ ဒေါသထွက်လာပြီး ထပ်မံ၍ ဆွဲယူလိုက်ပြန်သော်လဲ မောင်ဝဏ္ဏလေးမှ
“သံဃံ သရဏံ ဂစ်ဆာမိ”
ဟု ယောင်၍ရွတ်ဆိုလိုက်ပြန်ရာ
ပူလောင်သွားပြန်သဖြင့်
“အောင်မလေးး ပူလိုက်တာ အားးး”
အော်ဟစ်၍ လွှတ်လိုက်ရပြန်လေသည်။
ထိုအချိန်တွင် တာဝတိံသာ နတ်ပြည်မှ
သိကြားမင်းထိုင်သည့် ဗန္ဓုကမ္ဗလာ
မြကျောက်ဖျာမှာ တင်းမာလာသည့်
အတွက် သိကြားမင်းမှာ
“အလို ငါ၏ ဗန္ဓုကမ္ဗလာမြကျောက်ဖျာ
တင်းမာလာပါပကော လူတို့ပြည်ရွာမှာ
ဘယ်လိုအကြောင်းကိစ္စတွေများ ဖြစ်ပေါ်
နေပါလိမ့်”
နတ်မျက်စိဖြင့် ကြည့်ရှုလေရာ မောင်ဝဏ္ဏ
လေးနှင့် ဘီလူးကြီးတို့ကို တွေ့မြင်လိုက်ရ
သဖြင့် ချက်ချင်းပင် ဆင်းသက်လာပြီး
“ဟဲ့ မိုက်မဲလှတဲ့ ဘီးလူးမိုက် ဘုရားတရားကြည်ညိုပြီး သရဏဂုံကို အမြဲရွတ်ဆို
နေတဲ့ ကလေးငယ်ကို ဖမ်းစားဖို့ ကြံနေရသလား နောက်ထပ် ဒီကလေးငယ်ကို ထပ်ပြီး ဒုက္ခပေးဦးမယ်ဆိုရင် သင့်ရဲ့ခေါင်းကို ရှစ်စိတ်ကွဲအောင် မိုးကြိုးလက်နက်နဲ့ ပစ်ရလိမ့်မယ်”
သိကြားမင်း၏ ကြိမ်းမောင်းပြောဆိုသော
စကားကြောင့် ဘီလူးကြီးမှာ ကြောက်လန့်သွားပြီး
“ခွင့်လွှတ်ပေးပါ အရှင်သိကြားမင်း
ဒီကလေးငယ်ကို ထပ်ပြီး မပြစ်မှားရဲတော့ပါဘူး ”
“ကောင်းပြီ သရဏဂုံကို အမြဲရွတ်ဆိုနေလေ့ရှိတဲ့ သူတော်ကောင်းကို ဖမ်းစားဖို့
ကြံစည်တဲ့ အပြစ်အတွက် အသင်ဘီလူး
ကလေးငယ်ကို ကူညီစောင့်ရှောက်ပေးရမယ် ကလေးငယ်မှာ ဆာလောင်မွတ်သိပ်နေရှာတယ် ဒါကြောင့် ဗာရာဏသီမင်းကြီးရဲ့ပွဲတော်အုပ်ကို ယူဆောင်၍ ကျွေးမွေးပေတော့”
“မှန်လှပါ အရှင်သိကြားမင်း”
ဘီလူးကြီးလဲ သိကြားမင်း၏ စကားကြောင့် ကမ္မသိဒ္ဓိတန်ခိုးဖြင့်
နန်းတော်တွင်းသို့ ဝင်၍ ဗာရာဏသီမင်းကြီး၏ စားတော်အုပ်ကို
ယူဆောင်လာပြီး မောင်ဝဏ္ဏလေးအား
နှိုး၍ ကျွေးမွေးလေသည်။ မောင်ဝဏ္ဏလေးမှာ အိပ်ချင်မူးတူးနှင့် ဖခင်မှ ကျွေးသည်အထင်ဖြင့် စားလေပြီး ပြန်၍
အိပ်လိုက်လေတော့သည်။
***********
နောက်တစ်နေ့ နံနက်မိုးလင်း၍ မြို့တံခါး
ဖွင့်သည်နှင့် ဦးသက္ကမှာ မောင်ဝဏ္ဏလေး
ဆီသို့ အမြန်သွားလေသည်။ ထင်းပုံအနားတွင် အိပ်ပျော်နေသော မောင်ဝဏ္ဏလေးကို
တွေ့လိုက်ရသဖြင့် စိတ်အေးသွားပြီး
“ငါ့သားလေး အန္တရာယ်ကင်းလို့
တော်သေးတယ် သူ အိပ်ပျော်နေရှာတာ
ငါနွားတွေကိုအရင်ရှာပြီးမှပဲ နှိုးတော့မယ်”
ဦးသက္ကလဲ နွားနှစ်ကောင်ကို လိုက်ရှာလေရာ မနေ့က လွှတ်ကျောင်းထားသည့် စားကျက်တွင်ပင် တွေ့ရှိလေသည်။
“ငါ့နွားတွေ ပြန်တွေ့လို့ တော်သေးတယ်
မနေ့က တောအုပ်ထဲ ဝင်နေတာဖြစ်မယ်”
ဟု တွေးပြီး နွားများကိုဆွဲကာ လှည်းတွင်
တပ်ပြီး ထင်းပုံရှိရာသို့ မောင်းသွားလိုက်သည်။
“သားရေ မောင်ဝဏ္ဏ ထတော့လေကွယ်
နေတောင် အတော်မြင့်နေပြီ”
မောင်ဝဏ္ဏလေးမှာ ဖခင်၏ လှုပ်နှိုးမှုကြောင့် နိုးလာပြီး
“ဟင် အဖေ နွားတွေ တွေ့လာပြီလား ညက
အဖေကျွေးတဲ့ ထမင်းက အရမ်းစားလို့
ကောင်းတာပဲ”
“ဟင် ညက အဖေမြို့တံခါးပိတ်သွားလို့
မြို့ထဲမှာ အိပ်နေရတာ အဖေဘာမှ
မကျွေးပါဘူး သားရယ်”
“ဟင် ဒါဆို သားကိုညက ထမင်းတွေ
လာကျွေးသွားတာ ဘယ်သူလဲ”
“သား ဗိုက်ဆာဆာနဲ့ အိပ်ပျော်သွားလို့
အိမ်မက် မက်နေတာ နေမှာပါသားရယ်
ဒီတောကြီးမျက်မည်းထဲမှာ ဘယ်သူက
သားကို ထမင်းလာကျွေးမှာလဲ”
“သားအိမ်မက် မက်တာမဟုတ်ဖူး အဖေရ
ဟို အုပ်ကြီးနဲ့ လာကျွေးသွားတာ”
မောင်ဝဏ္ဏလေးက ထင်းပုံဘေးမှ ဘုရင့်စားတော်ရွှေခွက်ကြီးကို လက်ညှိုးထိုး၍
ပြလေရာ ဦးသက္က မျက်လုံးများပြူးကြယ်
သွားရလေသည်။
“ဟင် ဒါ ဒါ ဒါက ရွှေခွက်ကြီးပဲ ဘယ်သူ့
ရွှေခွက်ကြီးလဲ မသိဘူး ပိုင်ရှင်တွေ့ရင်
ပြန်ပေးရမယ်”
ဆင်းရဲသော်လဲ ရိုးသားသော ဦးသက္ကမှာ ဘုရင့်စားတော်ရွှေခွက်ကြီးမှန်း မသိရှာပဲ ပိုင်ရှင်ကို ပြန်ပေးရန် စိတ်ကူးထားလေသည်။
“ကဲ ကဲ တို့သားဖ ထင်းတွေ လှည်းပေါ်
တင်ပြီး မြို့ထဲသွား ရောင်းကြစို့”
“ဟုတ်ကဲ့ အဖေ”
ဦးသက္ကနှင့် မောင်ဝဏ္ဏလေးတို့ သားဖမှာ
ရွှေခွက်ကြီးကို ထင်းများနဲ့အတူ
လှည်းပေါ်သို့ တင်ကြပြီး
ဗာရာဏသီမြို့ဆီသို့ နွားလှည်းဖြင့် ပြန်လာခဲ့ကြလေသည်။
*********
ဗာရာဏသီ တစ်တိုင်းပြည်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ အကြောင်းမှာ နန်းတော် အတွင်းမှ ဗာရာဏသီမင်းကြီး၏ စားတော်အုပ် ပျောက်ဆုံးသွားသောကြောင့် ဖြစ်သည်။ မင်းကြီး၏အမိန့်ကြောင့် မင်းမှုထမ်းများက မြို့တွင်းနှင့် မြို့အဝင်အထွက် တံခါးများကို ပိတ်ဆို့၍ ရှာဖွေနေကြသည်။
ထိုအချိန်တွင် ဦးသက္ကနှင့် မောင်ဝဏ္ဏတို့
သားဖ၏ နွားလှည်းမှာ မြို့တံခါးနားသို့ ရောက်ရှိလာလေသည်။
“ဟေ့ ဟိုလှည်းသမား ရပ်စမ်း”
ခပ်မာမာအော်ပြောလိုက်သော တံခါးမှူး၏ စကားကြောင့် ဦးသက္က လှည်းကို
ရပ်လိုက်ပြီး
“ဘာအကြောင်းကိစ္စ ရှိလို့လဲ တံခါးမှူး”
“မင်းကြီးရဲ့ စားတော်အုပ် ပျောက်သွားလို့
ရှာနေတာ မောင်မင်းရဲ့ လှည်းကိုလဲ ရှာဖွေ
စစ်ဆေးရမယ် ဟေ့ မင်းချင်းတို့ ဒီလှည်းကို ရှာကြစမ်း”
တံခါးမှူး၏ အမိန့်ကြောင့် မင်းမှုထမ်းများမှာ ဦးသက္ကတို့၏ လှည်းကို ရှာဖွေကြလေသည်။
“ဟာ ဒီမှာတွေ့ပြီဟေ့ ဘုရင့်စားတော်အုပ်
ခိုးတဲ့ သူခိုးသားဖကို မိပြီ”
တင်းစည်းများကြားမှ ရွှေခွက်ကြီးကို မင်းမှုထမ်းတစ်ယောက်မှ တွေ့မြင်သွားပြီး အော်ဟစ်ပြောဆိုလိုက်ရာ တံခါးမှူးနှင့် မင်းမှုထမ်းများ ဝိုင်း၍ လာကြပြီး
ဦးသက္ကနှင့် မောင်ဝဏ္ဏလေးတို့ သားဖအား ဖမ်းဆီးလိုက်ကြလေသည်။
“ကျွန်တော်တို့ သားဖ ဒီရွှေခွက်ကြီးကို
ခိုးယူလာတာ မဟုတ်ပါဘူးခင်ဗျာ
ဘုရင့် စားတော်အုပ်မှန်းလဲ မသိပါဘူး
ညက ကျွန်တော့ သားလေးကို လူတစ်ယောက်က အဲ့ဒီရွှေခွက်ကြီးနဲ့ စားစရာတွေ လာကျွေးသွားတာပါ အခုလဲ ပိုင်ရှင်တွေ့ရင် ပြန်ပေးမလို့ လှည်းပေါ်တင်ယူလာတာပါ”
မောင်ဝဏ္ဏလေးကလဲ
“ကျွန်တော်တို့ သားဖ သူခိုးတွေမဟုတ်ပါဘူးခင်ဗျာ”
“တိတ်စမ်း ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ် မိနေတာတောင် ဗြောင်
ငြင်းချင်နေသေးတယ် သင်တို့ မင်းကြီးရဲ့ ရှေ့တော်မှောက်ကို လိုက်ခဲ့ကြပေတော့”
တံခါးမှူးနှင့် မင်းမှုထမ်းများသည် ဦးသက္ကနှင့် မောင်ဝဏ္ဏတို့သားဖအား ကြိုးများဖြင့်
တုတ်နှောင်၍ ဗာရာဏသီမင်းကြီး၏
ရှေ့တော်မှောက်သို့ ခေါ်ဆောင်သွားကြလေသည်။ လူအများကလဲ လိုက်ပါကြည့်
ရှုကြလေသည်။
မင်းကြီး၏ ရှေ့တော်မှောက်သို့ ရောက်သောအခါ
“အရှင်မင်းကြီးရဲ့ စားတော်အုပ်ကို ခိုးတဲ့
သူခိုးသားဖကို မိလာပါပြီဘုရား သူတို့သားဖရဲ့ လှည်းပေါ်မှာ စားတော်အုပ်ကို
လက်ပူးလက်ကြပ်မိခဲ့တာပါဘုရား”
တံခါးမှုး၏ လျှေက်တင်ချက်ကြောင့်
ဗာရာဏသီမင်းကြီးမှာ အမျက်ထွက်သွားပြီး
“တယ် ရာရာစစ ငါကိုယ်တော်ရဲ့ စားတော်အုပ်ကိုမှ ခိုးယူဝံ့တဲ့ သူခိုးသားဖကို လမ်းလေးခွမှာ ခေါင်းဖြတ်၍ သတ်စေ”
မင်းကြီး၏ အမိန့်တော်ကြောင့် ဦးသက္ကမှာ
လွန်စွာ ထိတ်လန့်သွားသော်လဲ
မောင်ဝဏ္ဏလေးမှာ ထိတ်လန့်တုန်လှုပ်ခြင်း
မရှိပဲ
“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ သားဖက
ဤရွှေခွက်ကြီးကို အရှင်မင်းကြီးရဲ့
စားတော်အုပ်မှန်းလဲ မသိပါ ခိုးယူလာခြင်းလဲ မဟုတ်ပါဘုရား”
“ဒီလိုဆိုရင် သင်တို့သားဖရဲ့ လှည်းပေါ်ကို
ဘာကြောင့် ရောက်နေရတာလဲ လျှောက်တင်စမ်း”
မင်းကြီး၏ မေးမြန်းမှုကြောင့် မောင်ဝဏ္ဏလေးမှ ဖခင် နွားပျောက်၍ ရှာရင်း
ပြန်မလာပဲ ကြောက်ကြောက်နှင့် တောထဲတွင် တစ်ယောက်ထဲ အိပ်ရပုံ အိပ်ပျော်နေစဉ် လူတစ်ယောက်မှ နှိုး၍ စားတော်အုပ်နှင့် ထမင်းလာကျွေးရာ ဖခင်မှ ကျွေးသည်
အမှတ်ဖြင့် စား၍ ပြန်အိပ်ပျော်သွားရာမှ
မနက်မိုးလင်း၍ ဖခင်ရောက်လာမှ ညက
ထမင်းလာကျွေးသူသည် သူ၏ဖခင် မဟုတ်မှန်း သိရသဖြင့် ပိုင်ရှင်တွေ့က
ပြန်ပေးနိုင်ရန် လှည်းပေါ်သို့ တင်လာခဲ့ပုံများကို မင်းကြီးအား လျှောက်တင်လိုက်လေသည်။ဦးသက္ကမှလဲ
“မှန်လှပါ အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့
သားလေး လျှောက်တင်တာတွေဟာ
အမှန်တွေပါဘုရား”
“သင်တို့ သူခိုးသားဖ ပြောတဲ့စကားတွေကို
ငါကိုယ်တော်မြတ် ဘယ်လိုယုံကြည်ရမလဲ
သင်တို့သားဖ သေရမည်ကို ကြောက်လန့်၍ လိမ်လည်ပြောဆိုနေတာ
မဟုတ်လား”
“မှန်လှပါ အရှင်မင်းကြီး ယုံကြည်တော်မမူ
ဘူးဆိုလျှင် ကျွန်တော်မျိုး သစ္စာဆိုပြပါမယ် ကျွန်ုပ်တို့ သားဖသည် ဤရွှေခွက်ကို
ခိုးယူခဲ့ခြင်း မရှိပါ ယခု မင်းကြီးကို လျှောက်တင်သော စကားများမှာလဲ
အမှန်ပင် ဖြစ်ပါသည် ဤမှန်သော သစ္စာ
စကားကြောင့် သမ္မာဒေဝ နတ်ကောင်း
နတ်မြတ်များ ကျွန်ုပ်တို့သားဖအား ကူညီ
စောင့်ရှောက်ကြပါစေသား”
မောင်ဝဏ္ဏလေး သစ္စာဆိုပြီးသော ခဏ၌
ကောင်းကင်ယံမှ နတ်တို့သနင်း သိကြားမင်းကြီးမှာ ကိုယ်ထင်ရှားပြပြီး
” မင်းကြီး ယခုကလေးငယ် အသင်မင်းကြီးကို လျှောက်တင်နေတာတွေသည်
အားလုံး အမှန်တွေချည်းပါပဲ သရဏဂုံကို
အမြဲရွတ်ဆိုနေတဲ့ ကလေးငယ်ကို
ဖမ်းစားဖို့ ကြံတဲ့ ဘီလူးမိုက်ကို ဒဏ်ခတ်တဲ့ အနေနဲ့ရော သရဏဂုံကို အမြဲရွတ်ဆိုနေတဲ့ ကလေးငယ်ကိုလဲ ချီးမြှောက်ချင်လို့ရော အသင်မင်းကြီးရဲ့ ပွဲတော်အုပ်ကို ယူဆောင်ပြီး ကျွေးမွေးခိုင်းခဲ့တာ ဖြစ်ပေတယ် ဒီသားဖမှာ အပြစ်မရှိပါဘူးမင်းကြီး”
သိကြားမင်းကိုယ်တိုင် ကိုယ်ထင်ရှားပြ၍
ပြောဆိုသောကြောင့် ဗာရာဏသီမင်းကြီး
နှင့် တိုင်းသူပြည်သားများမှာ အံ့ဩဘနန်း
ဖြစ်ကြရလေသည်။
“အလို အံဖွယ်သူရဲ တယ်လဲထူးဆန်းပေစွ
သရဏဂုံကို အမြဲရွတ်ဆိုပွားများရင် ဘီလူးရန်က ကင်းလွတ်ခဲ့တဲ့အပြင် နတ်တို့သနင်း သိကြားမင်းကိုယ်တိုင် စောင့်ရှောက်ပေးရတာပါလား
ငါကိုယ်တော်လဲ ယနေ့မှစ၍ သရဏဂုံကို
အမြဲမပြတ် ရွတ်ဖတ်ပူဇော်တော့မယ်
တိုင်းသူပြည်သားများလဲ မောင်ဝဏ္ဏလေးကို အတုယူပြီး သရဏဂုံကို ရွတ်ဖတ်ကြပေတော့ မောင်ဝဏ္ဏလေးတို့ သားဖကို အသပြာတစ်ထောင် ဆုချီးမြှင့်စေ”
ဗာရာဏသီမင်းကြီးလဲ သိကြားမင်းရဲ့
ပြောစကားကြောင့် မောင်ဝဏ္ဏလေးတို့
သားဖမှာ အပြစ်မရှိကြောင်းကို သိသွားပြီး
အပြစ်မှ လွတ်စေကာ သရဏဂုံကို အမြဲ
ရွတ်ဆိုနေလေ့ရှိသော မောင်ဝဏ္ဏလေးကို
အသပြာတစ်ထောင်ကို ဆုအဖြစ် ချီးမြှင့်
လိုက်လေသည်။
“သာဓု သာဓု သာဓု”
သိကြားမင်းလဲ သာဓု သုံးကြိမ်ခေါ်၍ နတ်ပြည်သို့ ပြန်သွားလေတော့သည်။
မောင်၀ဏ္ဏလေးတို့ သားဖမှာ ဗာရာဏသီမင်းကြီး ချီးမြှင့်သော အသပြာတစ်ထောင်ဖြင့် အလှူဒါနများပြုလုပ်၍ အေးချမ်းပျော်ရွှင်စွာဖြင့် နေသွားကြလေတော့သည်။
***********
ကျွန်တော်ငယ်စဉ်က အဖိုးပြောပြခဲ့သော ပုံပြင်လေးကို တတ်စွမ်းသမျှ ရေးဖွဲ့ပါသည်။
ကိုဖြိုး(ကျိုက်လတ်)
credit.