“သရဲကြီးနှင့် နပန်းပွဲ”(စ/ဆုံး)

“သရဲကြီးနှင့် နပန်းပွဲ”(စ/ဆုံး)

——————————————

သည်အကြောင်းအရာလေးက ဖြစ်ရပ်မှန်တစ်ခုပါ.. ကာလကတော့ ကြာပါပြီ.. ဒါလေးကို ပြန်လည်အသက်သွင်းပြီး တင်ဆက်လိုက်ပါတယ်..

***** *****

ည အကာလတစ်ခု။ လရောင်တောက်နေပေမဲ့ အရိပ်ကျရာမှာ အမှောင်ရိပ်က မင်းမူနေလေသည်။ ရာသီကား ဆောင်းရာသီဖြစ်လေတော့ အအေးဓာတ်က ကြီးစိုးလျက် ချမ်းအေးလှပေ၏။

အချိန်ကား ည ၉ နာရီခန့် ဖြစ်ပေမည်။ သပြေတောရွာလေးကား ထိုညချမ်းမှာ တိတ်ဆိတ်လျက်ပင်။ ရွာအပြင် သင်္ချိုင်းဆီမှ တစ်ချက်တစ်ချက် ဆွဲဆွဲငင်ငင် အူလိုက်သည့် ခွေးအူသံတချို့ကလည်း ကြားရသူအဖို့ ကျောချမ်းစရာကောင်းလှ၏။

ထိုအချိန်တွင်တော့ ရွာသို့ဝင်ရောက်လာသည့် သူကား မောင်အေးပင် ဖြစ်တော့သည်။ မောင်အေးမှာ သပြေတော ရွာသားတစ်ယောက်။ ဆိုးမိုက်တာမျိုး မဟုတ်ပေမဲ့ ပေပေတေတေ နေတတ်သည်။ ဘယ်အရာမဆို လက်တွေကျကျလည်း လုပ်ဆောင်တတ်သည်။ မဟုတ်မခံစိတ် ရှိပြီး စိတ်ဆတ်တတ်၏။ သူကား လူကောင်ထွားထွားနှင့် စိတ်ကြမ်းလူကြမ်း တစ်ယောက်ပင်။

သည်ကနေ့မှာတော့ တခြားရွာရှိ အသိများနှင့် အရက်ဝိုင်းဖွဲ့ပြီး ပြန်လာခြင်းပင်။ ညနက်နေပေမဲ့ မပြန်ဖို့ကို တားမရပေ။ ဇွတ်တရွတ်နိုင်စွာ ပြန်လာခဲ့တော့သည်။ လူကလည်း ခပ်ထွေထွေနှင့် ဆိုလေတော့ ကြောက်ရမှန်းလည်း မသိတော့။ သည်တော့လည်း သူ၏မိတ်ဆွေများက မပြောသာသောကြောင့် လွှတ်ထားရပေတော့၏။

သပြေတောရွာ အဝင်မှာတော့ သင်္ချိုင်းတစ်ခုရှိလေ၏။ မြေပုံမို့မို့၊ အုတ်ဂူဖြူဖြူ၊ အုတ်ဂူညစ်ညစ် အကျိုးအပဲ့အပျက်အစီးများနှင့် စိတ်ခြောက်ခြားဖွယ်ရာ ကောင်းလှပေသည်။ တော်ရုံအသည်းငယ်သူ ဆိုလျှင်တော့ သည်အချိန်မျိုးမှာ တစ်ယောက်ထဲ မလာဝံ့ပေ။ မောင်အေးကတော့ စိတ်ကြမ်းလူကြမ်းလည်းဖြစ်၊ အရက်ကလည်း မူးမူးနှင့်ဆိုတော့ သင်္ချိုင်းကို ဖြတ်၍ လျှောက်လာခဲ့တော့သည်။

လရောင်ရနေသည့်အတွက် မြင်ကွင်းမှာ အရမ်းကြီးတော့ မှောင်မနေခဲ့ပေ။ မောင်အေးလည်း ရဲဆေးတင်သည့် အနေဖြင့် လက်ထဲမှ ဆေးပေါ့လိပ်အတိုကို မီးခြစ်ဖြင့် မီးညှိလိုက်လေပြီး ဆေးလိပ်မီးကို ရဲခနဲနေအောင် ဖွာလိုက်သည်။ ပါးစပ်မှလည်း ရရာသီချင်းများကို အော်ဆိုရင်း လျောက်လာခဲ့သည်။ သင်္ချိုင်းအလယ် တစ်နေရာအရောက်မှာတော့ အသံတစ်ခုက နားထဲတိုးဝင်လာခဲ့သည်။

မောင်အေးလည်း သူကြားလိုက်ရသည့် အသံကား..

“ဟေ့လူ.. ဆေးလိပ်မီး တစ်တို့လောက်”

ထိုသို့ အသံကြောင့် မောင်အေးလည်း ဟိုကြည့်ဒီကြည့် လိုက်ကြည့်လိုက်လေတော့ ဘယ်သူ့ကိုမှ မတွေ့ရ။ သည်တော့လည်း အသံကျယ်ကျယ်ဖြင့်..

“ဘယ်သူလည်းဟေ့..”

ဟု​ ပြန်လည်ကာ မေးခွန်းထုတ်လိုက်မိသည်။ သည်အချိန်ထိ သူ့မှာကား ကြောက်စိတ်တို့ ရှိမနေခဲ့ပေ။ လူတစ်ယောက်ပဲဟူ၍ တွေးထင်ထားလိုက်သည်။ မောင်အေး၏ အသံကြောင့် အနီးရှိ အမှောင်ရိပ်ထဲမှ လူပုံဏ္ဍာန် မည်းမည်းပုံရိပ် တစ်ခုက ရောက်လာခဲ့လေသည်။ မောင်အေးစိတ်ထဲမှာတော့ ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားပေမဲ့ ပြန်လည်အားတင်းလိုက်သည်။ ထိုသူက လရောင်ထဲမှာမနေပဲ အမှောင်ရိပ်ထဲမှ နေ၍ ပြန်လည်ပြောလိုက်၏။

“ကျုပ် ဆေးလိပ်သောက်ချင်လို့ မီးတစ်တို့လောက်”

“ဪ.. ဒါများဗျာ.. ကဲ ရော့ ကျုပ်ဆေးလိပ်မီးနဲ့ လာတို့”

ထိုအခါ ထိုသူက အမှောင်ရိပ်ထဲမှနေ၍ လက်တစ်ဖက်ကို ကမ်းလိုက်သည်။ မောင်အေးလည်း သူ၏ ဆေးလိပ်ကို လှမ်းပေးရင်း အကဲခတ်လိုက်မိ၏။ သည်လူက ဘာကြောင့် ဒီနေရာကို ရောက်နေရသလည်းဟုလည်း တွေးနေမိသည်။ သို့ပေမဲ့ သူ့လို သွားလာနေသည် လူတစ်ယောက်လို့ပဲ ထင်မိလိုက်တော့၏။ ထိုသူက မောင်အေး၏ ဆေးလိပ်မီးကို ယူတို့လိုက်လေပြီး မောင်အေးအား ဆေးလိပ်ကို ပြန်လည်ပေးရင်း မေးခွန်းထုတ်လိုက်သည်။

“ဒါထက် ခင်ဗျားက ဘယ်ကနေပြန်လာတာလည်း”

“ကျုပ်က ဟိုဖက်ရွာကပြန်လာတာပါ.. ခင်ဗျားကရော ဒီမှာ ဘာလုပ်နေတာလည်း မှောင်မှောင်မဲမဲထဲမှာ မကြောက်ဘူးလား”

ဒီတော့ အမှောင်ရိပ်ထဲမှသူက အသံအက်အက်ကြီးဖြင့် ရီမောလိုက်လေပြီး”

“မကြောက်ပါဘူး.. ကျုပ်က နပန်းလုံးချင်လို့ စောင့်နေတာဗျ”

ဒီတော့ မောင်အေးလည်း အံ့ဩသွားလျက်..

“ဗျာ နပန်းလုံးမလို့ဟုတ်လား.. ဘယ်သူနဲ့လည်း”

“ဟေ့လူ.. ခင်ဗျားစိတ်ဝင်စားလား.. ကျုပ်နဲ့ခင်ဗျားနဲ့ နပန်းလုံးမယ် ဘယ်လိုလည်း”

ဒီလို စိန်ခေါ်သံကြောင့် မောင်အေးလည်း သွေးဆူသွားမိ၏။ ထို့ကြောင့်လည်း အချိန်မဆိုင်းပဲ ပြန်လည်ပြောလိုက်တော့သည်။

“ဟား.. ဟား.. ရတာပေါ့ဗျာ.. ကျုပ်ကလည်း ဒီလိုစိန်ခေါ်တာမျိုးကို စောင့်နေတာကြာပေါ့”

“ကဲ.. လာဗျာ စလိုက်ရအောင်”

*****

ထိုသို့ ပြောဆိုပြီးသည်နှင့် ထိုသူက အမှောင်ထဲမှ ထွက်လာတော့သည်။ သည်တော့မှ မောင်အေးမြင်လိုက်ရသည်က အသားမဲမဲ လူ​ကောင်ထွားထွားနှင့်ပင်။ မျက်နှာပေါက်ကတော့ အတန်ငယ်ဆိုးဝါးလေ၏။ မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲနှင့် ကြောက်စရာရုပ်သွင်ရှိလေသည်။ သို့ပေမဲ့ မောင်အေးလည်း ကျန်တာမတွေးအားပဲ စိန်ခေါ်တဲ့အတိုင်း နပန်းလုံးဖို့ပင် တွေးမိလိုက်တော့သည်။

ထို့နောက် အပြန်အလှန် အကွက်ချောင်းရင်း တစ်ယောက်နှင့်တစ်ယောက် ချုပ်ကိုင်ကာ အားစမ်းကြတော့၏။ တတောင်နှင့်တိုက်လိုက် ဒူးဖြင့်တိုက်လိုက်၊ နပန်းလုံးလိုက် စသည်ဖြင့် ကြာလာတော့ မောင်အေးတစ်ယောက် မောဟိုက်လာတော့သည်။ ထိုသူကို ထိုးမိလျှင်တော့ ဖွဲအိပ်ကိုထိုးသလို အရာမထင်ပေ။ ထိုသူထိုးချက်တွေကြောင့် သူ့မျက်နှာမှာတော့ ဖူးယောင်လာလေပြီ။ ရင်ဘတ်တစ်ခုလုံးလည်း ဖားဖိုလို နိမ့်လိုက် မြင့်လိုက်ဖြင့် မောဟိုက်နေချေသည်။ ထိုသူမှာတော့ မောနေသည့်ပုံစံမျိုး မတွေ့ရပေ။ ထိုအခါ မောင်အေးလည်း တဖြေးဖြေးနှင့် ထိုသူကို မယုံတော့ပေ။

စိတ်ထဲမှာလည်း တွေးမိလိုက်သည်ကား ဒါလူတော့မဟုတ်နိုင်တော့။ ထိုသူနဲ့တွေ့သည်က သင်္ချိုင်းကုန်း။ ထို့အပြင် မျက်နှာကလည်း ကြောက်စရာမျက်နှာမျိုး။ သူ့လို ခပ်ဆိုးဆိုးလူ၏ ထိုးချက်တွေတောင်မှ မမောမပန်းပဲ အေးအေးဆေးဆေးနှင့် ဆိုတော့ မောင်အေးလည်း ဆက်မထိုးဝံ့တော့ပေ။ သို့နှင့် ခနတဖြုတ်နားကြရင်း ထွက်ပြေးဖို့အတွက် လမ်းစရှာနေမိတော့သည်။ ထိုသူကလည်း သူ့ကို မျက်ခြေပြတ်မခံ။ အလစ်မပေးပဲ စောင့်ကြည့်နေသည်ဟုလည်း ထင်လိုက်မိတော့သည်။ မောင်အေးလည်း တွေးရင်း ကြက်သီးတွေထလျက် ကျောချမ်းလာမိတော့သည်။ ထိုသူက အမှောင်ထဲမှ သူ့ကိုကြည့်နေသည့်ပုံစံကား အလစ်မပေးပဲ ချောင်းနေသလိုလည်း မောင်အေးတစ်ယောက် သိနေလေ၏။ ထိုသူကို ကြည့်နေရင်း မဲမဲအကောင်ကြီးတစ်ကောင် အမှောင်ရိပ်ထဲမှ ထိုင်ကြည့်နေသလိုလည်း ခံစားလိုက်ရတော့သည်။

မောင်အေးလည်း အလစ်ကိုချောင်းရင်း ဘာလုပ်ရမှန်းလည်း မတွေးတတ်တော့ပေ။ ထို့နောက်မှာတော့ ဖြစ်ချင်ရာဖြစ်ဟု သဘောထားလိုက်ကာ ထိုသူရဲ့ အလစ်မှာတော့ သင်္ချိုင်းထဲကနေ အလျှင်အမြန်ပင် ပြေးထွက်ခဲ့တော့သည်။ ထိုအခါ သူ့အနောက်မှ အသံနက်ကြီးဖြင့်..

“ဟေး.. မပြေးနဲ့”

ဟု အော်ဟစ်ကာ တဖုန်းဖုန်းနှင့် ပြေးလိုက်သံကိုလည်း ကြားလိုက်ရတော့သည်။ မောင်အေးလည်း နောက်လှည့်မကြည့်ရဲတော့ပေ။ အသားတွေလည်း တဆက်ဆက်တုန်ကာ ကြက်သီးမွှေးညှင်းများလည်း ထလျက် အသားကုန်ပင် ရွာဆီရောက်အောင် ပြေးခဲ့ရတော့၏။ အနောက်မှလည်း ပြေးလိုက်သံ တဖုန်းဖုန်းက ထပ်ချပ်မခွာ ကြားနေရတော့သည်။ ပြေးရင်းနှင့် ရွာထဲသို့ရောက်လာလေတော့ ဆက်လိုက်သံလည်း မကြားရတော့ပေ။ အနောက်မှာလည်း ဘာကိုမှ မတွေ့ရပေတော့။ ဒီတော့မှ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကာ အမောဖြေရတော့သည်။

အခုလို ဆောင်းညကြီးမှာ သူ့တစ်ကိုယ်လုံး ချွေးတွေရွဲနစ်နေလေသည်။ အမောပြေသည်နှင့် အိမ်ကိုပင် တန်းပြန်တော့၏။ ထိုညမှတော့ သူလည်း ကြောက်စိတ်ကြောင့် တော်တော်နှင့် အိပ်မပျော်နိုင်ရှာပေ။ အိမ်ရှိလူများမှာတော့ အိပ်ပျော်နေ၍ မောင်အေး၏ ဖြစ်စဥ်ကိုမသိရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ခနအကြာမှာတော့ မောင်အေးလည်း တဖြေးဖြေးနှင့် အိပ်ပျော်သွားခဲ့ရတော့သည်။

*****

“ဟေ့ကောင်.. ထစမ်း.. ဟိတ်.. ထ.. ထ..”

နားထဲမှာ အက်ကွဲကွဲ အသံကြီးကြောင့် မောင်အေးလည်း လူးလွန့်ကာ နိုးထလာခဲ့ရ၏။ ထိုအခါ သူ၏ အရှေ့မှာ တွေ့လိုက်ရသည်က သူနှင့် ထိုးသတ်ခဲ့သည့် လူကြီးဖြစ်သည်။ ထိုလူကြီးမှာ ယခုတော့ ပို၍ပင် ကြောက်စရာကောင်းနေတော့သည်။ မျက်လုံးနှစ်လုံးက ပြူးထွက်နေပြီး ပါးစပ်ဖြဲလိုက်သည့်အခါ သွားချွန်ချွန်တွေကိုပါ တွေ့နေရ၏။ ခန္ဓာကိုယ်ကြီးမှာလည်း ပိုမိုကြီးမားသယောင် ဖြစ်နေပြီး အသားမှာ မဲတူးနေကာ ကြောက်စရာရုပ်သွင်ကြီးပင်။ မောင်အေးလည်း ဒီအခါမှာတော့ စိတ်ထဲမှာ အတော်ပင် ကြောက်ရွံ့သွားခဲ့ရတော့သည်။

“ဟာ.. ကျုပ်.. ကျုပ်ထပ်မထိုးနိုင်တော့ဘူး.. ကျုပ်တော်တော်ပင်ပန်းနေပြီ”

“မရဘူးကွာ.. ငါနဲ့ ထပ်ထိုးရမယ်.. မထိုးလို့မရဘူး”

မောင်အေးလည်း အကြောက်အကန် ငြင်းဆိုနေပေမဲ့ ထိုလူကြီးက အသည်းအသန်ပင် ထိုးသတ်ဖို့ပြောနေတော့သည်။ နောက်ဆုံးမှာတော့ ထိုလူကြီးက မောင်အေး၏ ကိုယ်ပေါ်သို့ ခွတက်ကာ နပန်းဝင်လုံးလေတော့သည်။ ထိုအခါ မောင်အေးလည်း အားရှိသ၍ ရုန်းကန်ကာ ပြန်လည် ထိုးသတ်ရတော့လေ၏။ သို့ပေမဲ့ ထိုအကောင်ကြီးက တဖြေးဖြေးနှင့် ကြီးမားလာကာ အမွှေးအမြှင်တွေ ထွက်လာသည်ကို ထိတ်လန့်ဖွယ်ပင် တွေ့လိုက်ရတော့သည်။

မောင်အေးလည်း ထိုသို့ တွေ့လိုက်ရသည်ကြောင့် ခေါင်းတွေကြီးလာသလို ခံစားလိုက်ရပြီး ကျောချမ်းလာမိတော့သည်။ စိတ်ထဲမှာလည်း ထိတ်လန့်နေပြီး ဘယ်လိုရှောင်မှန်းပင် မသိတော့ပေ။ အားရှိသမျှ ရုန်းကန်ကား ထိုးသတ်နေပေမဲ့ ထိုအကောင်ကြီးကို မည်သို့မျှ မနိုင်တော့ပေ။ ချွေးဒီးဒီးကျကာ မောဟိုက်နေတော့၏။

ထိုစဥ်မှာပင် မောင်အေး၏ ဖခင်ဖြစ်သူမှာ တရေးနိုးလာ၍ မောင်အေးအခန်းထဲက ဝူးဝူးဝါးဝါး အော်သံတွေကြောင့် အပြေးသွားကြည့်မိလေတော့ မောင်အေး၏ ကိုယ်ပေါ်မှာ မဲမဲအကောင်ကြီးတစ်ကောင် ကိုတွေ့လိုက်ရပြီး အံ့ဩတကြီးဖြစ်သွားကာ ခေါင်းရင်းထောင့်ရှိ စိတ်ပုတီးကို ယူကာ ထိုအကောင်ကြီးကို စွပ်ချလိုက်တော့သည်။ ထိုအခါမှာတော့ အကောင်ကြီးလည်း အသံနက်ကြီးဖြင့် အားခနဲ တစ်ချက်အော်ကာ ပျောက်ကွယ်သွားတော့လေသည်။ မောင်အေးလည်း ထိုအခါမှပင် သက်ပြင်းချနိုင်တော့သည်။

ထို့နောက် အိမ်ရှိလူတွေကို သူကြုံတွေ့ခဲ့ရပုံအား စီကာပတ်ကုံး ပြောပြမိတော့သည်။ ဒီတော့ ကြားရသူတွေလည်း ရင်ဘတ်ကိုဖိကာ ဘုရားပင် တမိတော့လေသည်။ မောင်အေးကိုလည်း နောက်နောင် ထိုသို့မဖြစ်ဖို့လည်း ဝိုင်းဝန်းပြောပြကြပြီး ပရိတ်ရေတိုက်ကာ စိတ်ပုတီး ဆွဲပေးထားလိုက်တော့၏။ မနက်လင်းလေတော့ ရွာဘုန်းကြီးကျောင်းဆရာတော်ထံမှ လက်ဖွဲ့ကြိုးကို တောင်းကာ သူ၏လက်မောင်းတွင် ချည်ပေးထားလိုက်တော့၏။ မောင်အေးကိုယ်တိုင်မှာလည်း ထိုနေရာတွေသို့ အချိန်မတော် တစ်ယောက်ထဲ မသွားလာဝံ့တော့ပေ။ ထိုအဖြစ်အပျက်ကတော့ သူ၏ တစ်သက်တွင် စိတ်ခြောက်ခြားဖွယ် ဖြစ်ရပ်တစ်ခုပင် ဖြစ်ခဲ့ရတော့သည်။

***** *****
.. ပြီးပါပြီ ..

ရေးသားသူ-လင်းစက်ရာ

#crd