သရဲနှင့်တွေ့တဲ့ ကိုအေးထွန်း(စ/ဆုံး)
—————————
မိုးညက မှောင်မည်းပြီး ချောက်ချားစရာကောင်းနေတယ်။ ကျတ်ကုန်းမြေတစ်ခွင်တစ်ပြင်လုံး ဖားမျိုးပေါင်းများစွာရဲ့ အော်သံတွေနဲ့ ဆူဆူညံနေတယ်။
မိုးလေးကလည်း တဖွဲဖွဲရွာနေတယ်။
တစ်ချက်တစ်ချက် လင်းလက်သွားတဲ့ လျှပ်စီးကြောင်းရဲ့ အလင်းရောင်အောက်မှာ လူလိုလို ၊ အရိပ်လိုလို အရာတွေကို မြင်နေရသလိုပဲ။
ဒါက ကျတ်ကုန်းမြေထဲရောက်လာတဲ့လူတိုင်း မြင်တတ် ၊ ထင်တတ်တဲ့အရာပါ။
တကယ်မြင်ရတာလား ၊ ကျတ်ကုန်းမြေဆိုတဲ့အစွဲကြောင့် စိတ်ထဲက ထင့်တာလားဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကိုအေးထွန်းကတော့ ငါးကိုင်းထောက်ကိရိယာတွေတစ်ဖက် ၊ ဓာတ်မီးတစ်ဖက်နဲ့ ကျတ်ကုန်းမြေထဲ ဝင်လာခဲ့ပါပြီ။
သူ ဘာကိုမှ မကြောက်တတ် ၊ မလန့်တတ်သူလို့ ပြောရင် ရတယ်။
လယ်မဲ့ ၊ ယာမဲ့ ၊ ကျဘမ်းလုပ်ကိုင်စားသူဖြစ်တဲ့အတွက် ကြောက်စိတ် လန့်စိတ်မရှိတာလည်း ဖြစ်နိုင်တယ်။
ဦးညိုကန်ပေါင်ပေါ်ရောက်တော့ ကိုအေးထွန်းရပ်လိုက်တယ်။
ကိုင်းတန်တွေကို ပြင်ဆင်တယ်။ တီဘူးထဲက တီတွေကိုထုတ်ပြီး ငါးမျှားချိတ်မှာတပ်တယ်။ ပြီးတော့ ကန်စပ်မှာ နေရာအနှံ့လိုက်ပြီး ထိုးစိုက်တယ်။ ငါးမျှားချိတ်မမြင်ဘဲ ငါးစာသာမြင်တဲ့ကောင်တွေ ခဏနေရင် အစာလာဟပ်လိမ့်မယ်။ အဲဒီတော့မှ သူက အသာဆင်းဖြုတ်ရုံပဲ။
ပါလာတဲ့ကိုင်းထောက်တံတွေ အားလုံးကုန်အောင် ထိုးစိုက်ပြီးတော့ ကိုအေးထွန်း နည်းနည်းမောသွားပြီ။
ကန်ပေါင်ပေါ်က သရက်ပင်အောက်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
မိုးမစိုအောင် ဂရုတစိုက် ထုပ်လာတဲ့ဆေးလိပ်နဲ့ ဂတ်မီးခြစ်ကိုထုတ် မီးညှိဖွာရှိုက်နေတယ်။
သူကသာ အကြောက်မရှိ ၊ အလန့်မရှိ အေးအေးဆေးဆေး ငါးကိုင်းထောက်နေတာ။
ဦးညိုကန်ဆိုတာကလည်း သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ကန်ပဲ။
တော်တော်လေးကြာတော့ အမောပြေသွားတယ်။
သူကန်စပ်ဆင်းပြီး ထောင်ထားတဲ့ငါးကိုင်းတွေကို ကြည့်တယ်။
မိနေတဲ့ကိုင်းက ငါးတွေကိုဖြုတ်ပြီး ငါးစာအသစ်တပ်တယ်။
အဲဒီအချိန်မှာပဲ ဗွမ်းခနဲ ၊ ဗွမ်းခနဲ ငါးပွက်တဲ့အသံလိုလို ကြားရတယ်။
ရုတ်တရက်တော့ ” နှစ်ချို့ငါးရံ့ကြီးများလား ” လို့ သူထင်လိုက်သေးတယ်။
အသံကြားတဲ့ဘက်ကို ဓာတ်မီးနဲ့ လှမ်းထိုးကြည့်တယ်။ ဒါပေမယ့် ဘာမှမတွေ့ရဘူး။
သူကျောထဲက စိမ့်သွားတယ်။
“,သရဲများ ခြောက်တာလား ”
အဲဒီအတွေးကြောင့် ကြက်သီးမွှေးညှင်းတွေပါ ထသွားတယ်။
ခဏနေတော့ စောစောကလို ငါးပွက်တဲ့အသံမျိုး ထပ်ကြားရပြန်တယ်။
သူဓာတ်မီးနဲ့ လှမ်းထိုးကြည့်ပြန်တယ်။ ဒီတစ်ခါတော့ သူတစ်စုံတစ်ယောက်ကို တွေ့လိုက်တယ်။
အဲဒီတစ်စုံတစ်ယောက်က ဒူးလောက်အနက်ရှိတဲ့ ရေစပ်မှာ မတ်တတ်ရပ်ပြီး သူ့ဘက်လှည့်နေတယ်။
ကိုအေးထွန်းက အဲဒီလူကိုပဲ ဓာတ်မီးနဲ့ မလွတ်တမ်း ထိုးနေမိတယ်။
ဓာတ်မီးရောင်အောက်မှာ သျှောင်းထုံးကြီးနဲ့ အသက် ၆၀ လောက် လူကြီးတစ်ယောက်ကို တွေ့နေရတယ်။
လူကြီးက သူ့ထက်အရပ်နည်းနည်းပဲ မြင့်လိမ့်မယ်။ ကိုယ်လုံးကိုယ်ထည်ကလည်း ပိန်ပိန်သွယ်သွယ်နဲ့ ၊ အင်္ကျီဝတ်မထားဘူး ၊ ပုဆိုးကို ခါးတောင်းကျိုက်ထားတယ်။
သူ့ပေါင်နှစ်ဖက်စလုံးက ထိုးကွင်းတွေကို မြင်နေရတယ်။
အဲဒီလူကြီးက ခါးနှစ်ဖက်ကို လက်ထောက်ပြီး စိမ်းစိမ်းဝါးဝါးကြီးကြည့်လို့ …။
ပြီးတော့ ကိုအေးထွန်းကို လှမ်းအော်လိုက်တယ်။
” ဟိတ်ကောင် ”
အဲဒီအချိန်မှာ တဖွဲဖွဲရွာနေတဲ့မိုးက တိခနဲရပ်သွားတယ်။
ကိုအေးထွန်း ဘာမှ ပြန်မပြောမိဘူး။ လူကြီးကို ကြည့်နေမိတယ်။
လူကြီး ဒေါသထွက်သွားပုံရတယ်။
” ဟိတ်ကောင်သူခိုး ” လို့ ထပ်အော်တယ်။
ဒီတော့ ကိုအေးထွန်း လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
” ဘာသူခိုးလဲဗ် ”
” ကျုပ် ဘယ်သူ့ပစ္စည်းမှ မခိုးဘူး ”
လူကြီးကလည်း ပြန်အော်တယ်။
” ဒီကန်က ငါ့ကန်ကွ ၊ ဒီငါးတွေကို ငါပိုင်တယ် ”
” ဒါဦးညိုကန်ဗျ ၊ ခင်ဗျားကန်မဟုတ်ဘူး ”
” ဟိတ်ကောင် လာခဲ့စမ်း ၊ မင်းလာခဲ့စမ်း ”
လူကြီးပုံစံက ဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့ပုံစံ။
ကိုအေးထွန်း ဝုန်းခနဲ ထလိုက်တယ်။ လူကြီး ရပ်နေတဲ့မြေစပ်ကို ပြေးဆင်းတယ်။
လူကြီးကလည်း သူ့ကိုရန်လုပ်ဖို့ အသင့်စောင့်နေတယ်။
အနီးရောက်တာနဲ့ ကိုအေးထွန်း လူကြီးလည်ပင်းကို ဖက်ပြီး လှဲချလိုက်တယ်။
လူကြီးကလည်း သူ့လည်ပင်းကိုအမိအရဖက်ပြီး ပြန်လှဲတယ်။ နှစ်ယောက်စလုံး ရေထဲလဲကျသွားတယ်။
တစ်ယောက်ကိုတစ်ယောက် အနိုင်ရအောင် သတ်ပုတ်ရင်း ရေထဲမှာ လုံးထွေးနေကြတယ်။
သတ်ပုတ်ရင်း ကိုအေးထွန်းလူကြီးရဲ့လည်မျိုကို လက်နှစ်ဖက်နဲ့ ညှစ်မိသွားတယ်။
လူကြီးကလည်း ကိုအေးထွန်းရဲ့လည်ပင်းကို အတင်းဖျစ်ထားတယ်။
အဲဒီအချိန်မှာပဲ လူကြီးဆီက အသံထွက်လာတယ်။
” ဟိတ်ကောင် တော်တော့ကွာ ၊ ငါမောနေပြီ ”
ကိုအေးထွန်း သူ့လက်တွေကို ဖြည်လိုက်တယ်။
လူကြီးကလည်း ကိုအေးထွန်းလည်ပင်းကို ဖျစ်ထားတဲ့ သူ့လက်တွေကို ဖယ်လိုက်တယ်။
ကိုအေးထွန်း လူကြီးကိုဘာမှမပြောဘဲ ကန်ပေါင်ပေါ် ပြန်တက်လာတယ်။
စောစောက သရက်ပင်အောက်မှာထိုင်တယ်။ ခဏနေတော့ လူကြီးလိုက်လာတယ်။ ကိုအေးထွန်း ဘေးမှာ ဝင်ထိုင်တယ်။
” မင်းတော်တော်အားကောင်းတာပဲ နောင်လည်းလာချင်လာခဲ့။ ဒီနေ့လည်းငါးတွေ အများကြီးပေးလိုက်မယ်။ ကဲ ငါလည်းပြန်တော့မယ်ဟေ့ ” လို့ ပြောပြီး ကိုအေးထွန်းဘေးကနေ ထသွားတယ်။
လေးငါးလှမ်းပဲလှမ်းရသေးတယ် ကိုအေးထွန်း မျက်စိရှေ့မှာပဲ ဖျတ်ခနဲ ပျောက်သွားတယ်။
အခြေအနေကို ရိပ်စားမိတဲ့ ကိုအေးထွန်းလည်း ငါးထောင်ထားတဲ့ကိုင်းတွေကို အမြန်လိုက်နှုတ်ပြီး အိမ်ပြန်ပြေးခဲ့ရတယ်။
ငါးမျှားချိတ်မှာ မိတဲ့ငါးတွေကိုတောင် အိမ်ရောက်မှ ဖြုတ်ရတယ်။
ငါးတွေအများကြီး ပေးလိုက်မယ်ဆိုတဲ့ လူကြီးပြောသလိုပဲ အံ့သြလောက်အောင် ငါးတွေရတယ်။
ပုံမှန် ငါးရံ့ ၊ ငါးခူ ၊ ငါးဇင်ရိုင်း အကောင်သေးတွေ ၂၀ သား ၊ ၂၅ ကျပ်သားလောက်ပဲ ရတဲ့နေရာက နှစ်ချို့ငါးရံ့ကြီးတွေ ငါးခူကြီးတွေ ၂ ပိဿာ ၅၀ ၊ ၃ ပိဿာလောက်ရတယ်လို့ ကိုအေးထွန်းက ပြောပြပါတယ်။
အဲဒီလို ဦးညိုကန်ဆိုတာ ဗိုလ်တဲရပ်ကွက်ရဲ့အနောက်ဘက် မလှမ်းမကမ်းမှာရှိပါတယ်။ သရဲ ၊ တစ္ဆေခြောက်တယ်လို့လဲ နာမည်ကြီးပါတယ်။
စာရေးသူ ကိုအေးထွန်းကို မေးကြည့်မိပါတယ်။
” အဲဒီလူကြီးက အနီးအပါးရပ်ကွက်တွေ ၊ ရွာတွေက လူတစ်ယောက်များ ဖြစ်နေမလား ”
” မဟုတ်ဘူး ဆရာရဲ့ ၊ ကျွန်တော် ဒီမှာနေလာတာ အနှစ် ၂၀ လောက်ရှိပြီ။ သူ့လို လူမျိုးမပြောနဲ့ ၊ သျှောင်ထုံးပါတဲ့လူ ၊ ထိုးကွင်းရှိတဲ့လူတောင် တစ်ယောက်မှ မတွေ့ဖူးဘူး ”
” ဒါဆိုရင် အဲဒီလူကြီးနဲ့ နပန်းလုံးရတာနဲ့ လူတစ်ယောက်နဲ့ နပန်းလုံးရတာ ကွာခြားမှုရှိလား ”
” ဟုတ်တယ်ဗျ ၊ သူများတွေပြောတာကြားဖူးတယ်။ သရဲနဲ့ နပန်းလုံးရင် ရာဘာရုပ်ကြီးနဲ့ နပန်းလုံးရသလိုပဲ။
လက်သီးနဲ့ထိုးရင်လည်း ဖွဲအိတ်ကြီးကို ထိုးရသလိုပဲတဲ့။ ကျွန်တော်တွေ့တဲ့လူကြီးကတော့ နာနာဘာဝက လူအသွင်ယူထားတာကြောင့် ပကတိလူတစ်ယောက်အတိုင်းပါပဲ။
ပြန်သွားတော့လည်း ကျွန်တော့်မျက်စိရှေ့မှာတင် ဖျတ်ခနဲ ပျောက်သွားတာ။ သရဲမှ သရဲအစစ်ပါ ”
” နောက်ရော အဲဒီလူကြီးနှင့် ထပ်တွေ့သေးလား ”
” သုံးခါလောက်ထပ်တွေ့သေးတယ်။ တွေ့တိုင်းလည်း သျှောင်ထုံးနဲ့ ၊ အင်္ကျီကျွတ် ၊ ပုဆိုးခါးတောင်းကျိုက်နဲ့ ထိုးကွင်းမင်ကြောင်တွေနဲ့ပဲ။
ကျွန်တော့်ကိုမြင်ပေမယ့် ဘာစကားမှမပြောဘူး။ သူ့လမ်း သူဆက်သွားတယ်။ နောက်ဆုံးအကြိမ်တွေ့တုန်းကတော့ သူတစ်ယောက်တည်း မဟုတ်ဘူးဗျ ၊ အဖော်နှစ်ယောက်ပါ ပါတယ်။
ထူးခြားတာက သူတို့သုံးယောက်စလုံး သျှောင်ထုံးတွေနဲ့ချည်းပဲ ၊ အင်္ကျီကျွတ် ၊ ပုဆိုးခါးတောင်းကျိုက်ထားတယ်။
ပြီးတော့ သုံးယောက်စလုံး ထိုးကွင်းမင်ကြောင်တွေနဲ့ချည်းပဲဗျ။ အဲဒီနောက်ပိုင်း ကျွန်တော်ကျတ်ကုန်းမြေထဲ မသွားလို့ ဒီလူကြီးတွေနဲ့ ထပ်မတွေ့ရတော့ဘူး ”
ကိုအေးထွန်းက ကျတ်ကုန်းမြေမှာ သူဆုံတွေ့ခဲ့တဲ့ နာနာဘာဝလူကြီးအကြောင်း အဆုံးသတ်လိုက်ပါတယ်။
ဒီကျတ်ကုန်းမြေမှာ တစ္ဆေသရဲ ၊ ပြိတ္တာတွေ ကျတ်တွေ အများအပြား နေထိုင်ကြတဲ့အကြောင်း စာရေးသူကြားဖူးပါတယ်။
ကျတ်ကုန်းမြေထဲဝင်လာသူတွေကို နည်းအမျိုးမျိုးနဲ့ ခြောက်လှန့်တာ ၊ အကောင်အထည်ပြတာတွေ လုပ်တတ်တယ်လို့ သိရပါတယ်။
ထူးခြားတာတစ်ခုကတော့ နာနာဘာဝတွေက လူနဲ့နပန်းလုံးတဲ့အချက်ပါ။
စာရေးသူ ရေးသားထုတ်ဝေခဲ့တဲ့ ဆွဲကြိုးချကုန်းကတစ္ဆေ စာအုပ်မှာလည်း ကိုယ်တွေ့ကြုံသူတစ်ဦး ပြောပြလို့ အလားတူအကြောင်းအရာမျိုး ရေးသားတင်ပြခဲ့ပါတယ်။
စာမူရဲ့ခေါင်းစဉ်က ” နပန်းသရဲ ” ပါ။
ကျတ်ကုန်းမြေလယ်ထဲမှာ လူငှားသွားလုပ်သူတစ်ဦး နာနာဘာဝကောင်ရဲ့ နှောင့်ယှက်တာကိုခံရတဲ့ အဖြစ်အပျက်ပါ။
ညမှောင်တာနဲ့ နာနာဘာဝကောင်ရောက်လာပြီး စိန်ခေါ်တယ်။ လူနဲ့ နပန်းလုံးတယ်။ မောမှရပ်တယ်။
နေ့စဉ်နေ့တိုင်း ရောက်လာပြီး နပန်းလုံးတဲ့နာနာဘာဝကောင်ကို လူကစိတ်မရှည်တော့ဘူး။
တစ်ညမှာ လူက နာနာဘာဝကောင်ကို ဓားနဲ့လိုက်ခုတ်တယ်။ ဒီတော့မှ နပန်းလုံးတဲ့ကိစ္စ နိဂုံးချုပ်သွားတယ်လို့ ကိုယ်တွေ့ကြုံသူက ပြောပါတယ်။
တစ်ခါ ” သိုက်ဆက်သော်သော်လွင်စာအုပ်ထဲမှာလည်း သရဲတစ္ဆေက နပန်းလုံးတဲ့အကြောင်းရေးသားခဲ့ပါတယ်။ ၂၆ နှစ်ကြာမှ နာနာဘာဝက လွတ်မြောက်သူ ” စာမူထဲမှာပါ။
ကိုယ်တွေ့ကြုံသူ ၃ ဦး ပြောပြတဲ့အဖြစ်အပျက်သုံးခုကို စာရေးသူ နှိုင်းယှဉ်ဝေဖန်မိပါတယ်။
တစ္ဆေသရဲတွေရဲ့ ပြုကျင့်လေ့ရှိတဲ့ သဘာဝထဲမှာ အပုပ်နံ့ပေးတာ ၊ အကောင်အထည်ပြတာအပြင် လူနဲ့နပန်းလုံးတတ်တဲ့ အမူအကျင့်တစ်ခုလည်း ရှိလိမ့်မယ်လို့ ထင်မိပါတယ်။
ဒီတစ်ခါ ကြုံရတဲ့အဖြစ်က သရဲခြောက်တယ်လို့ ပြောရမလား။
သေသူရဲ့ဝိညာဉ် ကိုယ်ထင်ပြတယ်လို့ပြောရမလား။ တစ်ခုခုတော့ တစ်ခုခုပဲ။
ဖြစ်ပုံက ဒီလိုပါ။
ကျွန်တော်တို့ရပ်ကွက်ထဲမှာ တင့်ဆွေဆိုတဲ့ လူတစ်ယောက် ရှိတယ်။
တစ်နေ့ ဆိုင်ကယ်အက်ဆီဒင့်ဖြစ်ပြီး တင့်ဆွေသေသွားတယ်။
ရပ်ရွာထုံးစံအတိုင်း တင့်ဆွေအလောင်းမြေကျဖို့ အားလုံး ဝိုင်းလုပ်ကြရတယ်။ အဲဒီအထဲမှာ ကျွန်တော်လည်း ရှေ့ဆုံးကပေါ့။
ရဲမှုခင်းနဲ့ဆိုင်တဲ့ကိစ္စဆိုတော့ အလောင်းဆေးရုံပို့တာ ၊ ဆေးရုံကနေ အိမ်ကိုပြန်သယ်တာ ၊ ရေလုံတိုက်တယ်ခေါ်တဲ့ အလောင်းကို ရေချိုးပေးတာ ၊ အလောင်းစင်ပြင်တာအားလုံး ကျွန်တော်ဦးဆောင်ပြီးလုပ်တယ်။
နာရေးမဏ္ဍပ်နဲ့ စားပွဲကုလားထိုင်ကိစ္စကိုတော့ ဦးဌေးမောင်တို့ ၊ ဦးတင်သန်းတို့ သာရေးနာရေးအသင်းက တာဝန်ယူတယ်။
ပြောရဦးမယ် ရုတ်တရက်သေတဲ့ အစိမ်းသေမို့လားမသိဘူး။ တင့်ဆွေကလည်း ခြောက်လိုက်တာ ဗြောင်းဆန်နေတာပဲ တစ်ရပ်ကွက်လုံးကို မအိပ်ရဘူး။
ညညဆို ခွေးတစီစီနဲ့ ရပ်ကွက်နှံ့အောင် လျှောက်သွားနေတယ်။ ညဘက်လျှောက်သွားနေတဲ့သူ ၊ အသုဘအိမ်ကို သွားတဲ့ လာတဲ့သူမှန်သမျှ တင့်ဆွေခြောက်တာခံရတယ်။
ညဘက်အမှောင်ကြီးထဲမှာ နောက်ကနေ ပုခုံးပုတ်ခံရတဲ့သူခံရ ၊ ကျောပုတ်ခံရတဲ့သူခံရ။ တစ်ချို့ကျတော့လည်း ရေနဲ့ ပက်တာခံရတယ်။
ခင်မင်ရင်းနှီးသူတွေရဲ့အိမ် ညီအစ်ကိုမောင်နှမအိမ်သွားပြီး အိမ်ထရံကို တဘုံးဘုံးပုတ်တယ်။ အိမ်ကို သိမ့်ခနဲ သိမ့်ခနဲ ခါရမ်းသွားအောင် လှုပ်တယ်။
မနက်လင်းတာနဲ့ ညကတင့်ဆွေလာပြီး အိုးတွေခွက်တွေ လှန်တယ် ၊ စောင်တွေလာဆွဲတယ် ၊ အိမ်ထရံကိုပုတ်တယ်။ လာလှုပ်တယ်နဲ့ ပြောကြဆိုကြတဲ့ စကားတွေ တစ်ရပ်ကွက်လုံး ညံနေတယ်။
ကျွန်တော်လည်း ဝေယာဝိစ္စ ဝိုင်းကူလုပ်ရင်း အိမ်တောင် မပြန်ဖြစ်ဘူး။ နေ့ရောညရော အသုဘအိမ်မှာပဲ အချိန်ကုန်နေတယ်။
တစ်ရပ်ကွက်လုံး ဗြောင်းဆန်အောင် တင့်ဆွေခြောက်နေပေမယ့် ကျွန်တော့်ကိုတော့ တစ်ခါပဲခြောက်တယ်။
တစ်ညမှာ …
အိမ်ပေါ်က ရှိုးဝိုင်းကို အကောက် ကောက်ပေးနေရင်း အပေါ့သွားချင်လို့ အိမ်အောက်ဆင်းခဲ့တယ်။
ခြေရင်းဘက်ကပတ်ပြီး အမှောင်ရိပ်ကျတဲ့ အုန်းပင်ခြေရင်းမှာ ထိုင်လိုက်တယ်။
မှန်တာပြောရရင် သရဲအရမ်းကြောက်တယ် ၊ လူပြောများလွန်းလို့ ထင်ပါရဲ့ ကြောက်စိတ်တွေ ကျွန်တော်တစ်ကိုယ်လုံး ဖုံးလွှမ်းနေတယ်။
မအောင့်နိုင်တော့လို့သာ အိမ်အောက်ဆင်းရတာ ၊ ဘယ်အချိန် ဘယ်လိုခြောက်လိမ့်မလဲဆိုတာ တွေးရင်းလန့်နေတယ်။
ကြောက်ကြောက်နဲ့ အပေါ့ထိုင်သွားတယ်။ မြန်မြန်သွားပြီး မြန်မြန်ထတယ်။
အိမ်ပေါ်အမြန်တက်ပြေးဖို့ ဟန်ပြင်နေတုန်းမှာပဲ ကျွန်တော်ပခုံးကို ဖန်းခနဲရိုက်တာ ခံလိုက်ရတယ်။
ကျွန်တော်တစ်ကိုယ်လုံး တုန်လှုပ်သွားတယ်။ ကြောက်လွန်းလို့ ခေါင်းနပန်းတွေတောင် ကြီးသွားတယ်။
ကျွန်တော် လှည့်တောင်မကြည့်မိဘူး။ လှေကားကနေ တဒုန်းဒုန်းမြည်အောင် အိမ်ပေါ်ပြေးတက်သွားခဲ့တယ်။
အဲ့ဒီအဖြစ်က တင့်ဆွေရဲ့အလောင်းကို မသင်္ဂြိုဟ်မီညက ကြုံခဲ့တဲ့အဖြစ်ပါ။
ဒီလိုနဲ့ အသုဘ ခုနစ်ရက်လည်တဲ့နေ့ကိုရောက်လာတယ်။ ကျွန်တော်တို့ ကညွတ်ကွင်းမြို့မှာ ထုံးစံတစ်ခုရှိတယ်။
သေတာ ငါးရက်ပြည့်ရင် ရက်လည်ဆွမ်းသွတ်လေ့ရှိတဲ့ထုံးစံပဲ။
တင့်ဆွေအသုဘမှာလည်း ငါးရက်ပြည့်တဲ့နေ့မှာ ရက်လည်ဆွမ်းသွပ်ပြီးပြီ ၊ နာရေးမဏ္ဍပ်လည်း ဖျက်ပြီးပြီ ၊ စားပွဲတွေ ကုလားထိုင်တွေလည်း ပြန်ပို့ပြီးပြီ။
ဆိုရရင် အိမ်ရှေ့မှာ ရှင်းလင်းနေပြီ။
အိမ်အပေါ်မှာပဲ အသုဘအိမ်စောင့် ပိုကာဝိုင်းလေးတစ်ဝိုင်းပဲ ရှိနေတယ်။
ကျွန်တော်ကတော့ အိမ်ကိုမပြန်ရသေးဘူး။ အသုဘအိမ်မှာပဲ ရှိနေသေးတယ်။
ည(၁၁)နာရီလောက်မှာ ပိုကာဝိုင်းထဲက တစ်ယောက်က ဘီယာသွားဝယ်ပေးဖို့ အကူအညီတောင်းတယ်။
ဘီယာဖိုးပိုက်ဆံယူပြီး ကျွန်တော်အောက်ဆင်းလာခဲ့တယ်။ အဲဒီမှာ ကျွန်တော်တင့်ဆွေကို တွေ့လိုက်ရတာပဲ။
အိမ်ရှေ့ခြံအပြင်ဘက် မန်ကျည်းပင်ကိုမှီပြီး တင့်ဆွေ ရပ်နေတာကို တွေ့ရတယ်။
လူ့ဘဝက သေလွန်ပြီး ဘဝသစ်ကို ကူးပြောင်းသွားတဲ့သူ …။
ဘယ်လိုလုပ်ပြီး ဘဝဟောင်းက လူပုံသဏ္ဌာန်အတိုင်း အကောင်အထည် ပြနိုင်ရတာလဲ။
ကျွန်တော် ဥာဏ်တစ်ထွာတစ်မိုက်နဲ့ ဘယ်လိုမှ စဉ်းစားလို့မရဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မြင်နေရတာကတော့ တင့်ဆွေမှ တင့်ဆွေအစစ်ပါ။
အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်းနဲ့။
အင်္ကျီမဝတ်ဘဲ ၊ ဒူးဖုံးရုံဘောင်းဘီတိုနဲ့ …။
သူမသေခင်တုန်းက မြင်နေကျ တွေ့နေကျအတိုင်းပဲ။
တင့်ဆွေဟာ အိမ်ပေါ်ကိုငေးကြည့်နေတယ်။ နာနာဘာဝတစ်ယောက်အနေနဲ့ အိမ်ပေါ်တက်ခွင့်မရတာများလား ၊ ကျွန်တော်စဉ်းစားမိတယ်။
တင့်ဆွေကိုကြည့်ပြီး ကျွန်တော်သနားလာတယ်။ ဝမ်းနည်းပြီး ဆို့နင့်လာတယ်။
” တင့်ဆွေ မင်းမသေသင့်ဘဲနဲ့ သေရတယ်ကွာ ၊ ငါဝမ်းနည်းလို့မဆုံးဘူး ”
ပြောနေရင်းက ကျွန်တော် ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ ရှိုက်ကြီးတငင် ငိုချလိုက်မိတယ်။
ကျွန်တော့်ငိုသံကြောင့် ဘာဖြစ်တာလဲလို့ လှမ်းမေးတယ်။
ကျွန်တော်တင့်ဆွေကိုလက်ညှိုးထိုးပြတယ်။
” ဒီမှာ တင့်ဆွေရပ်နေတယ်ကွာ ၊ ငါသနားလို့ ငိုမိတာပါ ”
ကျွန်တော် အိမ်ပေါ်ပြန်တက်လာခဲ့တယ်။ တင့်ဆွေကို သူ့မိန်းမကလည်း မြင်ပုံရတယ်။
” ကိုတင့်ဆွေ ကျွန်မတို့မိသားစုကို ရက်ရက်စက်စက်ထားခဲ့ပြီးမှ ဘာကြောင့် ပြန်လာကြည့်ရတာလဲ ” လို့ ပြောပြီး တဟီးဟီး အော်ငိုနေတယ်။
တင့်ဆွေလည်း ညိုးငယ်တဲ့မျက်နှာထားနဲ့ ကြည့်နေရင်းကနေ လမ်းမကြီးအတိုင်း မြောက်ဘက်ကို ထွက်သွားတာတွေ့ရတယ်။
ခဏနေတော့ မြောက်ပိုင်းတစ်ပိုင်းလုံး ခွေးအူသံ ၊ ခွေးဟောင်သံတွေ ဆူညံအောင်ကြားရတော့တာပဲ။
ဒီဖြစ်စဉ်မှာ ဝိညာဉ်ဘဝရောက်သွားတဲ့ တင့်ဆွေရဲ့ရုပ်သွင်ကို ကျွန်တော်မြင်ရတယ်။ သူ့မိန်းမလည်း မြင်ရတယ်လို့ပြောတယ်။
ဘာကြောင့်လဲတော့မသိဘူး ၊ တခြား ဘယ်သူ တစ်စုံတစ်ယောက်မှ မမြင်ရဘူးလို့ ပြောကြပါတယ်။
တင့်ဆွေရဲ့ဇနီးဖြစ်သူ အမှန်တကယ်မြင်တာ ၊ တွေ့တာ ဟုတ် မဟုတ် ကျွန်တော်မသိနိုင်ပေမယ့်…
သေလွန်ပြီးတဲ့ တင့်ဆွေရဲ့ဘဝသစ်ကဝိညာဉ်ကို ကျွန်တော် အမှန်တကယ်မြင်လိုက် ၊ တွေ့လိုက်ရခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
စာရေးသူ ယခုတင်ပြခဲ့တဲ့ဖြစ်ရပ်တွေက …
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ၊ ဖြူးမြို့နယ် ၊ ကညွတ်ကွင်းမြို့ ၊ ဗိုလ်တဲရပ် ၊ ကွက်သစ်ဝိုင်းမှာနေထိုင်တဲ့ ကိုအေးထွန်း(အမည်ရင်း)ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်တွေပါ။
လက်ခံယုံကြည်ရန် ခက်ခဲသူဖြစ်စေ …
စာရေးသူ တင်ပြတာထက်ပိုပြီး အသေးစိတ်သိရှိလိုသူဖြစ်စေ။
ကိုအေးထွန်းနဲ့ ကိုယ်တိုင်တွေ့ဆုံမေးမြန်းနိုင်ပါကြောင်း။
မူရင်း ဆရာ #မောင်မှိုင်းညို့(ချောင်းဦး)